Thursday, October 20, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၈)

ဆာရာ သည် စကတ်ကို ပေါင်လယခန့်အထိမပြီး မီးပုံရှေ့တွင် ထိုင်နေသည်။ မီးဖိုပေါ်ရှိခွက်ထဲ မှ ရေနွေး ဆူ လာမည့် အချိန်ကို စောင့်လင့်နေသည်။
သူမမော့ကြည့်လိုက်ရာ မီးရောင်အစပ်လောက်တွင် လိုသာမတ်တတ်ရပ်နေသည်ကို တွေ့ရ သည်။ လိုသာ အား စိုက်ကြည့်နေသော သူမမျက်လုံးအစုံမှ မျက်ရည်များ စီကျလာရာ မီးရောင် တွင် မျက်ရည် စက် များ တောက်ပနေသည်။
''ရှင်ပြန်မလာတော့ဘူးလို့ ကျွန်မထင်နေတာ၊ ရှင်တို့သွားကြပြီလို့ ကျွန်မထင်နေတာ''
ဆာရာ က လေသံယဲ့ယံ့ဖြင့် ပြောလိုက်သည်။

လိုသာက ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် ဆာရာနှင့် မျက်နှာချင်းဆိုင် မီးပုံတစ်ဘက်တွင် ၀င်ထိုင်ပြီး သူ့ လက်ထဲ တွင် ကိုင်ထားသော တာရပတ်အလိပ်ကို ဖြေလိုက်သည်။ ထို့နောက် ဆေးပုခင်းတစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုဆေးမှာ ချိန်ဘာလိန်၏ နာမည်ကျော် ၀မ်းပိတ် ဆေးကြီးဖြစ်သည်။ ပုလင်းထဲမှ ဆေး ကို ဇွန်းတစ်ဇွန်း အပြည့်ထည့်လိုက်ပြီး သတ္တုမတ်ခွန်ထဲ သို့ ဆေးကိုလောင်းထည့်လိုက်သည်။ ထို့နောက် ရေနွေးနှင့်ရောစပ် မွှေနှောက်လိုက်သည်။
''ငါ့ ကို ၀ိုင်းကူဦး''
လိုသာက ဆာရာကို ပြောလိုက်ပြီး လဲလျောင်းနေသော အငယ်ဆုံးကလေးကို ထိုင်လျက် အနေအထား ဖြစ်အောင် ဆွဲထူကြသည်။ သူ့ကိုယ်မှာ အရိုးပေါ် အရေတင်ရုံသာရှိတော့ရာ ပေါ့ပေါ့လေးဖြစ်နေသည်။ မျှော့်လင့်စ ရာ မရှိတော့။

''ဒီကလေး တော့ မနက်ကျယင် သေမှာပဲ''
ဟု လိုသာစိတ်ထဲက ပြောလိုက်သည်။ သို့သော် ကလေးနှုတ်ခမ်းကို မတ်ခွတ်တေ့ပြီး လိုသာ ဆေးတိုက် လိုက်သည်။ ကလေးသည် လိုသာမှန်းသလောက်ပင် မခံ။ အရုဏ်မတက်မီမှာပင် သေဆုံးသွားသည်။
သူ့ထက်အကြီးလေးမှာ နောက်တစ်နေ့ မွန်းတက်ချိန်ထိခံပြီမှ သေသွားပြန်သည်။ လိုသာသည် ကလေး နှစ်ယောက်၏ အလောင်းကို ညစ်ပေစွန်းထင်းနေသော စောင်ဖြင့် ပတ်ပြီး လက်ဖြင့် ပွေ့ကာ စခန်းအစွန်ရှိ စုပေါင်းမြှုပ်နှံရာ တွင်းကြီးဆီသို့ သယ်ယူသွားသည်။ အခြားအလောင်း များနှင့်အတူ မြှုပ်နှံလိုက်သည်။
ဆာရာ အမေ ကမူ အသက်လုတိုက်ပွဲ နွဲနေသေးသည် အားတင်းထားဆဲရှိသည်။

''ဒီမိန်းမ ဒီဘ၀မှာ ဘာများ မက်မောစရာရှိလို့ အသက်ရှင်နေချင်ပါလိမ့်'' ဟု လိုသာ တွေးမိ သည်။
နေ၀င်ပြီး မကြာမီပင် ထိုမိန်းမ ငေါက်ခနဲ ထထိုင်သည်။ ထို့နောက် ပီပီသသကြီး ပြောလိုက် သည်။
''ဆာရာ… မင်းဘယ်မှာလဲ… ကလေးတွေရော''
ထိုသို့ ပြောပြီး နောက်ပြန်လဲကျသွားသည်။ အသက်ရှူ တဖြည်းဖြည်း လျော့ကာ နောက်ဆုံးရပ် သွား သည်။ ဖုတ်လိုက်ဖုတ်လိုက် ရင်ဘတ်က ငြိမ်သွားသည်။ မျက်နှာတွင် လုံးဝ သွေးမရှိတော့ ဘဲ ဖယောင်း တောင့် လိုပင် ဖြူဖွေးနေသည်။

ထိုအမျိုးသမီး ဖြစ်အင်ကို ကြည့်ပြီး လိုသာသည် သားသမီးချင်း ကိုယ်ချင်းစာကာ  ''အင်း… သားသမီး ဇော အများကြီးမောရပါလား'' ဟု စိတ်ထဲက ရေရွတ်လိုက်မိသည်။
လိုသာက အမျိုးသမီးအလောင်းကို မြှုပ်နှံမည့်ကျင်းသို့ ယူသွားသောအခါ ဆာရာက ဘေးမှ လိုက်ပါ သွားသည်။ ကျင်းကြီးထဲ၌ စီတန်းထားသော အလောင်းများ၏ တစ်ဘက်စွန်းတွင် သူမ အလောင်း ကို ချထားခဲ့ပြီး လိုသာ နှင့် ဆာရာ တို့ တဲဘက် သို့ ပြန်လျှောက်လာသည်။
 လိုသာ က ဆေးပစ္စည်းများသိမ်း၍ ကင်းဘတ်အလိပ် ပြန်ထုပ်နေသည်ကို ဆာရာက စောင့် ကြည့် နေသည်။ သူမ၏ သေးငယ်ဖြူဖွေးသော မျက်နှာကလေးမှာ ခိုကိုရာမဲ့ အားငယ်နေ သည်။ လိုသာသည် ပစ္စည်း များ သိမ်းပြီးနောက် ထွက်သွားသည်။ လေးငါးခြောက်လှမ်းခန့် ရောက်သောအခါ နောက်သို့ လှမ်းကြည့် လိုက်သည်။ ဆာရာသည် ရပ်လျက်ပင် တုန်တုန်ယင် ယင်ဖြစ်နေသည်။ အရုပ်ကြိုးပြတ် ပုံကျတော့ မလို ဖြစ်နေသည်။

''ကဲ…. မင်း ငါနဲ့လိုက်ခဲ့ ပေတော့''
လိုသာက သက်ပြင်းချပြီးပြောလိုက်သည်။ ဆာရာ က ပြေးလာပြီး သူ့လက်မောင်းကို ကိုင်ကာ စိတ် သက်သာရာ ရသွားသော အသွင်ဖြင့် တိုးတိုးလေးပြန်ပြောသည်။
''ကျွန်မ အတွက် ဦးလေးအပန်မကြီးစေရပါဘူး၊ ကျွန်မဦးလေးကို ၀ိုင်းကူပါမယ်၊ ကျွန်မ အချက် အပြုတ် လျှော်ဖွပ် တတ်ပါတယ်၊ အစုတ်အပြဲ ချုပ်တတ်ပါတယ်၊ ကျွန်မအတွက် ၀န်မလေး စေရ ပါဘူးရှင်''
''ဒီကောင်မလေး ကို ခင်ဗျားဘယ်လိုလုပ်မလဲ၊ သူ့ကို ကျွန်တော်တို့နဲ့ထားလို့ ဘယ်ဖြစ်နိုင်မလဲ၊ ဒီအရွယ် မလောက်လေး မလောက်စားလေး''
ဟင်းဒရစ် က လိုသာအား ပြောလိုက်သည်။

''ငါ သူ့ကို စခန်းမှာ မထားခဲ့ချင်လို့ ခေါ်လာတာ၊ သေမင်းတမန် စခန်းကြီးမှာ ထားခဲ့လို့ ဘယ်ဖြစ်မလဲကွ''
လိုသာ က သူ့ဘက်မှ ကာကွယ် ပြောလိုက်သည်။
''ဒါဖြင့် ဘယ်လို ဆက်လုပ်မလဲ''
လိုသာ နှင့် ဟင်းဒရစ် သည် ကလေးနှစ်ယောက်အား တောင်အောက် လျှိုကြားစခန်းတွင် ထားခဲပြီး ကျောက်တောင် ပေါ်သို့ တက်လာကာ တိုင်ပင်နေကြခြင်း ဖြစ်သည်။ မင်းဖရက်နှင့် ဆာရာက စခန်း ဘေးရှိ စမ်းချောင်းလေးတွင် ငါးဖမ်းနေကြသည်။

''ဒီကောင်မလေးကိစ္စ ဘယ်လိုလုပ်ရမလဲဆိုတာ ငါဆုံးဖြတ်မှာပါ''
''မြန်မြန်ဆုံးဖြတ်ယင် ကောင်းမယ်၊ နေ့ရက်တွေကို အလကား ဟသဖြုန်းနေယင် ကျွန်တော် တို့ သွားမယ့် မြောက်ဘက် က ရေထွက်တွေ ခန်းခြောက်သွားလိမ့်မယ်၊ အခုထိ မြင်းတွေလဲ မရသေးဘူး''
''ငါ့မှာ  အစ်မ၀မ်းကွဲ တစ်ယောက်ရှိပါတယ်''
''ကျွန်တော်လဲ မသိပါလားဗျာ''
''ငါ့အမျိုးတွေ အားလုံးလိုလို သုံ့ပန်းစခန်းမှာ သေကုန်ကြတယ်လေ၊ ဒါပေမယ့် ငါ့အစ်မ၀မ်းကွဲ ထရူဒီ တစ်ယောက် တော့ ရှင်ကျန်းနေခဲ့တယ်''
''သူက ဘယ်မှာနေသလဲ''

''ငါတို့ မြောက်ဘက်ကိုသွားမယ့် လမ်းပေါ်မှာပဲနေတယ်။ ကောင်မလေးကို ငါ့အစ်မဆီမှာ ၀င်ထားခဲ့မယ်၊ တို့အတွက် အချိန်လဲ အထူးမကုန်တော့ဘူးပေါ့ကွာ''
''ကျွန်မ မသွားချင်ဘူး၊ ရှင့်အဒေါ်ကိုလဲ ကျွန်မမသိဘူး၊ ကျွန်မဒီမှာပဲ ရှင်နဲ့အတူတူ နေချင် တယ်''
ဆာရာ က ခပ်တိုးတိုး ပြောလိုက်သည်။
''ရှူး…. တိုးတိုး၊ မင်းအသံကြားလို့ ဖေဖေနဲ့ ဟင်းဒရစ် နိုးသွားလိမ့်မယ်''
မင်းဖရက် က ဆာရာ့ကို သတိပေးလိုက်သည်။

မင်းဖရက်က ဆာရာဘက် တိုးကပ်သွားပြီး သူမပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။
မီးပုံမှာ မီးငြိမ်းသွားပြီး လထွက်စပြုချေပြီ။ သဲကန္တာရထဲ၌ ကြယ်ရောင်များသာ လင်းလက်နေ သည်။ မဟူရာ ကောင်းကင်ပြင်ကြီး ၌ ကြယ်ရောင်ကလေးများက စိန်ပွင့်ကလေးများ သဖွယ် လင်းလက် နေသည်။ ဆာရာက သူမပါးစပ်ကို မင်းဖရက်နားရွက်နား သို့ကပ်၍ နှစ်ကိုယ်ကြား ရုံလေး ဆက် ပြောသည်။

''ကျွန်မမှာ မိတ်ဆွေဆိုလို့ ရှင်တစ်တည်းပဲ ရှိပါတယ်၊ ကျွန်မကို စာရေး စာဖတ် ဘယ်သူသင် ပေးမှာလဲ''
ဆာရာ စကားကြောင့် မင်းဖရက် ၀မ်းနည်းသွားသည်။ ကိုယ်ချင်းစာမိသွားရသည်။ ဆာရာလိုပင် ယခင်က သူ၌ သက်တူရွယ်တူ မိတ်ဆွေမရှိခဲ့၊ ကျေင်မတက်ဖူးခဲ့၊ မြို့တွင်မနေဖူး ခဲ့ သူဘ၀ တစ်လျှောက်လုံး လူကြီး များ နှင့် သာ အတူနေခဲ့ရသည်။ သူ့အဖေရယ်၊ ဟင်းဒရစ် ရယ်၊ လမ်းဖောက်စခန်းမှ အလုပ်ကြမ်း သမား ရယ်၊ ငါးဖမ်းစက်လှေမှ အလုပ်အမားများရယ်၊ ထိုယောက်ျားသားများနှင့်သာ ကျင်လည်ခဲ့ရသည်။ မိန်းကလေး တစ်ဦး တစ်ယောက် နှင့်မျှ အနီးကပ်  ထိတွေ့ဆက်ဆံခဲ့ရခြင်း မရှိခဲ့။

မင်းဖရက်အဖို့ ဆာရာ သည် ပထမဆုံးသော မိန်းကလေးအဖေါ် ဖြစ်သည်။ ဆာရာ၏ ပိန်လှီ အားနည်းမှု၊ အေးတိ အေးစက် နိုင်မှု တို့ကို မင်းဖရက်အားမလိုအာူးမရ ဖြစ်သော်လည်း ဆာရာ က မင်းဖရက်အား ရယ်အောင် ရွှင်အောင် လုပ်နိုင်ခဲ့သည်။ ဆာရာ၏ ချိုမြညှင်းပျောင်းသော စကားသံကို မင်းဖရက် နားစွဲ ခဲ့သည်။ န၀င်ပီယံ ဖြစ်ကာ ကြည်နူးသာယာခဲ့ရသည်။
ယခု စောင်တစ်ထည် တည်း အတူခြုံပြီး အိပ်နေရသောအခါ နူညံ့ပျော့ပျောင်းသော အထိအ တွေ့များကို ခံစား နေရသည်။

အိုကာတင်ဂျာသို့ လာရသော လမ်းသည် ရှည်လျားပြီး ကြမ်းတမ်းလှသည်။ ယခု သူတို့ခရီး ထွက် လာသည်မှာ ငါးရက်ရှိပြီ။ မနက်စောစောပိုင်းနှင့်ညနေပိုင်းများတွင်သာ ခရီးသွားကြ သည်။ နေ့ခင်းပိုင်း များတွင် လူကြီးများက သစ်ပင်ရိပ်အောက်၌ နားနေကြသည်။ သူတို့က အခြားသစ်ပင်ရိပ်အောက် သွားကာ စကားပြောခြင်း၊ စာသင်ခြင်းများ ပြုလုပ်ကြသည်။ သူတို့ နှစ်ဦးစလုံးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ နာ နေကြသူများ ဖြစ်သည်။
မင်းဖရက် အဖို့ ဆာရာအား နှစ်သိမ့် ချော့မော့စရာ စကားလုံးရှာမရဘဲ ဖြစ်နေသည်။ ဆာရာက သူ့ ဘက်ကို တိုးကပ်လာသည်။ သူမ၏ ကိုယ်ငွေ့နွေးလေးက မင်းဖရပ်ကို ထိတွေ့ကူစက် သွားစေသည်။ မင်းဖရက် က ဆာရာ့ပခုံး ကို ပြန်ဖက်ထားလိုက်သည်။

''ငါမင်းဆီကိုပြန်လာခဲ့မှာပါ''
မင်းဖရက်က မရည်ရွယ်ဘဲ ပြောလိုက်သည်။
''ကတိပေးစမ်းပါ….. ကျွန်မကို ပြန်လာပြီး ခေါ်ပါ့မယ်လိုပ ကတိပေးစမ်းပါရှင်''
နားရွက် ကို ပါးစပ်ဖြင့် ပွတ်ရင်း ပြောလိုက်သည်။
''မင်းဆီပြန်လာမယ်ဆိုတာ ရဲရဲကြီး ကတိပေးပါတယ်''
''ဘယ်တော့ ပြန်လာမှာလဲ''
ဆာရာ က မေးသည်။

''ငါတို့ လုပ်စရာကိုင်စရာတွေ ရှိသေးတယ်''
မင်းဖရက်က ဖြေလိုက်သည်။ မင်းဖရက်သည် သူ့အဖေနှင့် ဟင်းဒရစ်၏ အစီအစဉ်ကို အသေးစိတ် မသိသော်လည်း အရေးကြီးသော လုပ်ငန်းတစ်ခု လုပ်လိမ့်မည်၊ ထိုအလုပ်သည် အန္တရာယ်များမည်ကိုမူ မင်ဖရက် သိနေသည်။
''အရေးကြီးတဲ့ ကိစ္စလုပ်ရမှာ၊ ဘာအလုပ်ဆိုတာတော့ မင်းကိုငါပြောလို့ မဖြစ်ဘူး၊ အဲဒီကိစ္စ ပြီးယင် ငါတို့ မင်ကိုပြန် လာခေါ်မယ်''
မင်းဖရက် စကားကြောင့် ဆာရာ ကျေနပ်သွားပုံရသည်။ သူမ သက်ပြင်းချလိုက်သည်။ အိပ်ချင်မူးထူး ဖြစ်လာပြီး သူမကိုယ်ခန္ဓာလေးက ပျော့ခွေလာကာ အသံလည်း တိုးညှင်း လာသည်။

''ရှင်ဟာ ကျွန်မသူငယ်ချင်းပါ၊ မဟုတ်ဘူးလာ မာနီ''
''ဟုတ်ပါတယ်၊ ငါဟာမင်းရဲ့ သူငယ်ချင်းပါ''
''ကျွန်မရဲ့ အခင်မင်းဆုံး သူငယ်ချင်း မဟုတ်လား''
''ဟုတ်ပါတယ်၊ ငါမင်းရဲ့ အခင်မင်ရဆုံး သူငယ်ချင်းပါ''
ဆာရာ သက်ပြင်းမောလေး ထပ်ချလိုက်ပြီး အိပ်ပျော်သွားသည်။ ဆာရာ့ ဆံပင်လေးကို မင်းဖရက်က ဖွဖွလေး ပွတ်သပ်ပေးသည်။ မင်းဖရက် စိတ်ထဲ၌ ငိုချင်သလို ဖြစ်လာသည်။ သို့ သော် ငိုလျှင် မိန်းမဆန် လွန်းသဖြင့် မငိုမိအောင် ကြိတ်မှိတ်အားတင်းလိုက်သည်။

နောက်တစ်နေ့ညနေတွင် ဖုန်ထူသော လွင်ပြင်တစ်ခု၌ သူတို့ ခရီးဆက်နေရသည်။ ကုန်းမြင့်တစ်ခုပေါ်သို့ ရောက်သော အခါ လိုသာက ကလေးနှစ်ယောက်အား အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ အိုးကာဟင်ဂျာ နယ်စပ်မြို့ကလေးမှ အိမ်ကလေးများ၏ အမိုးသွပ် ပြားများသည် နေရောင်တွင် တစ်ပြောင်ပြောင် တလက်လက်မြင်ရသည်။ အိမ်များအလယ် တွင် ဘုရားရှိခိုးကျောင်း အမြင့်ကြီးကို ထီးထီး မားမား တွေ့ရသည်။
''နေ၀င်ပြီးလောက်မှ တို့ အဲဒဒိကို ရောက်လိမ့်မယ်''
လိုသာက ပြောလိုက်သည်။ ပခုံးပေါ်မှ အထုပ်ကို ဘယ်ညာပြောင်လိုက်ပြီး နောက် ဆာရာ အား လှည့်ကြည့်ကာ ပြောလိုက်ပြန်သည်။

''မင်းနေခဲ့ရမယ့်အိမ်က အိမ်ရှင်မရဲ့နာမည်က ထရူဒိဘိုင်အာမင်တဲ့၊ သူက ဘာသာရေး ကိုင်းရှိုင်းပြီး သနားကြင်နာ တတ်တဲ့သူပဲ''
လိုသာနှင့် သူ့ အစ်မ၀မ်းကွဲတို့မှာ သဘာဝချင်း မတူကြပေ။ တစ်ဦးနှင့် တစ်ဦး မတွေ့ကြသည် မှာလည်း ၁၃ နှစ် ရှိပြီ။ လိုသာက ဆက်ပြောသည်။
''သူက အိုကာဟင်ဂျာမြို့မှာရှိတဲ့ ဒတ်ခ်ျပြုပြင် ပြောင်းလဲရေး ဘုရားရှိခိုးကျောင်းက သင်းအုပ် ဆရာနဲ့ အိမ်ထောင် ကျနေတာ၊ အဲဒီလူကလဲ ဘာသာရေးကိုင်းရှိုင်းတဲ့လူငယ် တစ်ယောက် ပဲ ၊ သူတို့မှာ မင်းအရွယ် ကလေးတွေလဲရှိတယ်၊ သူတို့နဲ့ နေရတာ မင်းပျော်မှာပါ''
''အဲဒီ သင်းအုပ်ဆရာ က ကျွန်မကို မာနီလိုပဲ စာသင်ပေးမှာလား''

''သင်ပေးမှာပေါ့၊ သူ့ကလေးတွေကိုလဲ သူပဲ စာသင်ပေးနေတာဆိုတော့ သူတို့လိုပဲ မင်းကို သင်ပေး မှာပေါ့''
''မာနီက ဘာဖြစ်လို့ ကျွန်မနဲ့ မနေခဲ့တာလဲ''
''မာနီ က ငါတို့နဲ့ လိုက်ရဦးမှာ''
''ကျွန်မ ရော ဦးလေးတို့နဲ့အတူတူ လိုက်လို့မရဘူးလား''
''ဟင့်အင်း….. လိုက်လို့မဖြစ်ဘူး၊ မင်းဒီမှာ နေခဲ့ရလိမ့်မယ်''

မြို့အ၀င်ရေလှောင်ကန်ရောက်သောအခါ ဆာရာအား ခြေလက်ဆေးကြေ၍ သန့်ရှင်းရေး လုပ်ခိုင်းသည်။
''ကျွန်မ အဆင်သင့်ဖြစ်ပြီ''
''ကဲ….. ဒါဖြင့်လာ၊ သွားမယ်၊ မာနီက ဟင်းဒရစ်နဲ့ ဒီမှာစောင့်နေ''
''ကျွန်တော် ဖေဖေနဲ့လိုက်ခဲ့ပါရစေ၊ ဖေဖေ၊ အိမ်အ၀င်ခြံပေါက်ဝအထိပဲ လိုက်မှာပါ၊ ဆာရာကို နှုတ်ဆက် ချင်လို့ပါ။'''
''ကောင်းပြီလေ…. ဒါပေမယ့် မင်းပါးစပ်ကို ပိတ်ထားပြီး ငြိမ်ငြိမ်လေး နေရမယ်နော်''ှ

လိုသာက ကလေးနှစ်ယောက်ကိုခေါ်ပြီး လမ်းကလေးအတိုင်းဆင်းသွားသည်။ အိမ်ကလေး များ၏ အစွန်ဆုံး တွင် အိမ်ကြီးတစ်လုံး၏ နောက်ဖေးဘက်အ၀င်အ၀ခြံပေါက်တံခါးသို့ရောက်သွားသည်။ ထို အိမ်ခြံဝင်း သည် ဘုရားရှိခိုးကျောင်း ခြံဝင်းနှင့်ဆက်နေသည်။
အိမ်နောက်ဖေးအခန်းတွင် မီးလင်းနေသည်။ လိုသာကနောက်ဖေးဘက်ခြံဝင်းတံခါးကိုဖွင့်ပြီး မီးဖိုခန်းဆီသို့ လမ်းကလေးအတိုင်းဝင်သွားသောအခါ အိမ်ထမှနေ၍ ဓမ္မတေးသံက သူတို့ဆီသို့လွင့်ပျံလာသည်။ သူတို့မီး ဖိုတံခါးဝ သို့ ရောက်သောအခါ အထဲတွင် စားပွဲရှည်ကြီး၌ မိသားစုများ ၀ိုင်းထိုင်တေးဆိုနေသည်ကိုတွေ့ရ သည်။
လိုတာက မီးဖိုခန်းတံခါး ကို ခေါက်လိုက်သောအခါ အတွင်းမှ ဓမ္မတေးသံတဖြည်းဖြည်းတိုးသွားသည်။ စားပွဲ ထိပ်မှ လူတစ်ယောက် တံခါးဝသို့ထလာသည်။ အနက်ရောင်ဝတ်စုံကို ၀တ်ထားသည်။ ဆံပင်မှာ မည်းနက် ထူထပ်ပြီး ကုပ်ပိုးအထိ ရှည်ဝဲနေသည်။

" ဘယ်သူလဲ "
ထိုသူက မေးလာသည်။ တံခါးကို ဆွဲဖွင့်ပြီးအပြင်သို့ ချောင်းကြည့်လာသည်။ မဟာနဖူးကျယ်ကြီးက ပညာရှိ ပုံပေါ်နေသည်။
" မင်းပါလား "
သူက လိုသာကိုမှတ်မိသွားသည်။ သို့သော် မနှုတ်ဆက်ဘဲ နောက်ဘက်ပြန်လှည့်ကြည့်ပြီး ပြောလိုက် သည်။
" မိန်းမရေ ... မင့်မောင် ဘုရားမရှိ၊ တရားမရှိတဲ့လူရမ်းကားတောကြီးမျက်မည်းထဲကပေါ်လာတယ်ဟေ့"
စားပွဲ တစ်ဘက်ထိပ် မှအမျိုးသမီးက မတ်တတ်ရပ်လိုက်သည်။ စားပွဲတွင်ထိုင်နေသော ကလေးများအား ငြိမ် ငြိမ်နေရန်အချက်ပြလိုက်သည်။ ထိုအမျိုးသမီးသည် အသက် ၄၀ ကျော်ခန့်ရှိပြီး သူယောက်ျား နီးပါး အရပ် ရှည်သည်။ သူမက ခါးထောက်လိုက်ပြီး တံခါးဝရှိသူ့ယောက်ျားနားသို့ လျှောက်လာသည်။

" မင်း ဘာကိစ္စရှိလို့လာတာလဲ လိုသာဒီရေး၊ ဒီအိမ်ဟာဘုရားတရားနဲ့နေတဲ့ ခရစ်ယာန်မိသားစုရဲ့အိမ်၊ မင်း လို ဘုရားမရှိ၊ တရားမရှိ လူ့ပေါက်ပန်းစာမျိုးနဲ့ ပတ်သက်စရာ ဘာအကြောင်းမှမရှိဘူး"
သူမ က မေးပြောပြောလိုက်သည်။
" ဟဲလို ... ထရူဒီ၊ မတွေ့ကြတာ နှစ်အတော်ကြာပြီနော်၊ အစ်မကြည့်ရတာ ကျန်းကျန်းမာမာ ပျော်ပျော် ရွှင် ရွှင်ပါပဲလား "
လိုသာ က ဆာရာ ကို မီးရောင်ရှိရာရှေ့ဘက်သို့ ဆွဲခေါ်ယူလိုက်ရင်း သူ့အစ်မကိုပြောလိုက်သည်။
" ဘုရားသခင် ရဲ့ စောင့်မကြည့်ရှုမှုမကြောင့်ပေါ့ဟ "
" ကျွန်တော် အခုလာတာလဲ အစ်မတို့ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ပေးနိုင်ဖိုပလာတာပါ၊ ဒီကလေး က မိဘမဲ့ကလေးပါ၊ အားကိုးရာမဲ့ နေသူကလေးပါ၊ နေစရာထိုင်စရာမရှိတဲ့ကလေးပါ၊ ဒီကလေး ကို ခေါ်ထားပါ ထရူဒီ၊ ဘုရားသခင်က အစ်မကို ကောင်းချီးပေးပါလိမ့်မယ်"

လိုသာက ဆာရာ ကိုရှေ့သို့တွန်းပို့လိုက်ရင်း ပြောလိုက်သည်။
" ဒီကလေး ဟာ မင်းနဲ့နောက်ထပ် ... "
လိုသာ့ အစ်မ သည် စကားကို တစ်ဝက်တပျက်ဖြင့်ရပ်ကာ နောက်ဘက်မီးဖိုထဲသို့လှည့်ပြီး စားပွဲတွင် ထိုင်ကာ အာရုံစိုက်နေကြသော သမီးနှစ်ယောက်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် လိုသာ ကိုပြန်ကြည့်ကာ အသံကိုနှိမ့်ပြီး ပြောလိုက်သည်။
" မင်းရဲ့နောက်ထပ် ... အလေလိုက် လို့ ရထားတဲ့ကလေးလား "
" မဟုတ်ပါဘူး အစ်မရာ၊ ဒီကလေးမိသားစု တစ်ခုလုံးတိုက်ဖွိုက်ရောဂါနဲ့ သေသွားကြလို့ ခိုကိုးရာမဲ့ ကျန်ရစ် နေသူကလေးပါ "

လိုသာ့စကား မှားသွားသည်။ တိုက်ဖွိုက်ရောဂါစကားကြားလိုက်ရသဖြင့် သူ့အစ်မသည် ကလေးမကလေး အနား မှ နောက်ဆုတ်သွားသည်။
" တိုက်ဖွိုက်ဖြစ်ခဲ့တာ လေးငါးပတ်ရှိပါပြီ၊ ဒီကလေးမလေးမှာ ဘာရောဂါမှမရှိတော့ါဘူး၊ ရောဂါကင်း ပါတယ်"
ထရူဒီ အဖို့ အနည်းငယ် စိတ်သက်သာရာရသလို ရှိသွားရာ လိုသာကဆက်ပြောသည်။
" ကျွန်တော် လဲ ခရီးသွားရဦးမှာမို့ သူ့ကိုခေါ်သွားလို့ မဖြစ်နိုင်ဘူး၊ သူ့ကိုထိန်းသိမ်းထားဖို့ အမျိုးသမီးတစ် ယောက် လိုနေတယ်"
" တို့ဆီမှာလဲ စားတဲ့ပါးစပ်ပေါက်တွေက များနေတယ် "
ထရူဒီ စကားမဆုံးခင်မှာပင် သူ့ခင်ပွန်းဝင်ပြောသည်။

" လာ ... ကလေး လာ ဒီကို၊ မင်းနာမည်ကဘယ်သူလဲ "
သူက ခေါ်သဖြင့် လိုသာက ဆာရာကို သူ့ထ့တွန်းပို့လိုက်သည်။
" ကျွန်မနာမည် ဆာရာဘတ်စတာ ပါ ဆရာကြီး "
" မင်း ဟာ အာဖရိကဖွား လူဖြူသွေးစစ်စစ်ဟုတ်ရဲ့လား "
" ဟုတ်တယ် "
"သေသွား တဲ့ မင်းအမေနဲ့အဖေဟာ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ခဲ့သလား "
ဆာရာ က ခေါင်းညိတ်ပြသည်။

" မင်း ဘုရားသခင်ကိုကော ယုံကြည်ကိုးကွယ်ရဲ့လား "
" ဟုတ်ကဲ့ဆရာကြီး၊ ကျွန်မအမေ က ကျွန်မကို ဘုရားရှိခိုးသင်ပေးထားပါတယ်"
ဆာရာ က ခပ်တိုးတိုးပြောလိုက်သည်။
" ကဲ ... ဒီလိုဆိုယင် ကလေးကို ငါတို့ လက်မခံလို့ မဖြစ်တော့ဘူး၊ ခေါ်ထားလိုက်ပါမိန်းမရယ်၊ ဘုရားသခင် က ကြည့်နေမှာမဟုတ်ဘူး" သင်းအုပ်ဆရာကြီးက သူ့မိန်းမအားပြောလိုက်သည်။
ထရူဒီ က သက်ပြင်းချလိုက်ပြီး ဆာရာ့လက်ကို လှမ်းဆွဲကာခေါ်လိုက်သည်။

" ပိန်လိုက်တာလွန်ပါရော၊ ပေရေညစ်ပတ်နေတာကလဲ နာမားကလေးတွေ ကျနေတာပဲ "
" လိုသာဒီလာရေး၊ မင်းဘုရားမှန်းတရားမှန်းသိပြီး လမ်းမှန်ပေါ်မလျှောက်နိုင်သေးဘူးလားကွာ"
သင်းအုပ်ဆရာ က ဂိတ်ဝမှလူရိပ်ကို လက်ညိုးထိုးပြရင်း မေးလိုက်သည်။
" အခြေအနေ က လှုပ်ရှားနေတုန်းပဲပေါ့နောင်ကြီးရာ "
လိုသာက နောက်ပြန်ဆုတ်လိုက်သည်။ ယောက်ဖဖြစ်သူက လိုသာနောက်၌ ရပ်နေသောသူအား လက်ညိုး ထိုးပြပြီး မေးလိုက်ပြန်သည်။

" သူကဘယ်သူလဲ "
" ကျွန်တော့် သား မင်းဖရက်ပါ "
သင်းအုပ်ဆရာက ရှေ့တိုးလာပြီး မင်းဖရက်အား အသေအချာကြည့်သည်။ မင်းဖရက်ကလည်း သူ့ကိုပြန် ကြည့် သည်။
" မင်း ငါ့ကိုကြောက်လား "
" မကြောက်ပါဘူး၊ ကြောက်စရာအကြောင်းမရှိပါဘူး "
" မင်း ကို ဘယ်သူသမ္မာကျမ်းစာ သင်ပေးသလဲ "
" ကျွန်တော့် အဖေက သင်ပေးပါတယ် ဆရာကြီး "
" ဒါဖြင့် မင်းကို ဘုရားသခင် စောင်မကြည့်ရှုလိမ့်မယ် "
သင်းအုပ်ဆရာသည် မင်းဖရက်ဘက်မှ လိုသာဘက်လှည့်ပြီး ပြောပြန်သည်။

" မင်း ကောင်မလေးကိုထားခဲ့မယ့်အစား ဒီကောင်လေးကို ထားခဲ့ဖို့ကောင်းတာ၊ သူက ရုပ်ချောတယ်၊ ဘုရားသခင် ရဲ့အလိုတော်ကျ တရားဟောဆရာလုပ်ဖို့ သူလိုရုပ်ရည်သန့်ပြန့်တဲ့လူတွေလိုနေတယ်"
"ကျွန်တော် သူ့ကိုထားခဲ့လို့မဖြစ်ဘူး "
ထိုအခါ သင်းအုပ်ဆရာကြီးသည် မင်းဖရက်ကိုလှည့်ကြည့်ပြီးပြောလိုက်သည်။
" ဒီမှာလူကလေး ... မင်းနဲ့ငါပြန်ဆုံတွေ့ဖို့ ဘုရားသခင်က ဖန်ဆင်းပါလိမ့်မယ်၊ မင်းအဖေကို ခြင်္သေ့ ဆွဲသွား ရင်ဖြစ်စေ၊ ရေနစ်သေသွားရင်ဖြစ်စေ၊ အိုကွာ ... တစ်နည်းနည်းနဲ့ ဘုရားသခင်က အပြစ်ပေး လိုက်ရင်ပေါ့ ကွာ ... မင်း ဒီလိုပြန်လာခဲ့ပါ၊ ငါပြောတာကြားသလား လူလေး၊ ငါ့အတွက် မင်းလိုအပ် နေတယ်၊ ငါ့နာမည် သရွန်ဘိုင်အာမင်း၊ ဘုရားသခင်ရဲ့သားတော်၊ ဒီအိမ်ကိုမင်းပြန်လာခဲ့ပါ "
" ကျွန်တော် ဆာရာ့ ကိုလာတွေ့ပါဦးမယ်၊ သူ့ကို ကတိပေးထားပြီးသားပါ "

ဆက်ရန်
.

No comments: