Sunday, October 16, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၁)

ပဲပြုတ်နဲ့ နံပြား စားချင်တယ်

ရွှေတောင်ကြားလမ်း အောက်လမ်း။
ဝှီးခနဲ ဟီးနိုးကားရပ်သံကြားရသည်။
ရုံးရုံးနှင့် သင်္ကန်းရုံသံများ ကြားရသည်။
ပြီး ကြေးစည်သံ တလွင်လွင် ကြားရသည်။
ဒါ ဝေဠုဝန်ကျောင်းတိုက် ရဟန်းသံဃာတော်များ ဆွမ်းခံကြွရောက်ချိန်။ အချိန်ကိုမှတ်ရလျှင် နံနက် ၅ နာရီ မိနစ် ၃၀။
ဝေဠုကျောင်းတိုက် ရဟန်းသံဃာများသည် ရွှေတောင်တန်းလမ်းအောက်မှ တစ်လမ်းဝင်တစ်လမ်း ထွက် လမ်းမတော် အနောက်ပိုင်းတစ်ခွင် ဆွမ်းခံကြွကြသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ။ မှတ်မိသလောက် ပြောရလျှင် စာရေးသူငယ်စဉ်ကပင် ယခု အသက်အရွယ်တော် ခြောက်ဆယ်စွန်းခဲ့လေပြီ မို့ နှစ်ပေါင်း မနည်းပြီ ဟုဆိုချင်သည်။ သိမီသူများ မှတ်တမ်းတင်သင့်ပါသည်။

သံဃာများ ဆွမ်းခံကြွပြီး မကြာမီမှာ ပဲပြုတ်ဟု အော်သံကြားရပါသည်။ ပဲပြုတ်အော်သံကား ပဲကို အသံရှည် ဆွဲပြီး ပြုတ်ကိုမှ တိုတိုကျယ်ကျယ်ဆိုသည်။ သုံးကြိမ်ခန့် ဆက်တိုက်အော်ပါသည်။ ဒါဆို ခြောက်နာရီထိုးပြီဟု သိရသည်။ အတန်ကြာသော် ပဲပြုတ်အော်သံထပ်ကြားရပြန်သည်။ သည် အော်သံ ကား စောစောက အော်သံနှင့်မတူ။ အသံတစ်ဆက်တည်း တိုတိုတုတ်တုတ်၊ ပထမ အော် သူနည်း အတိုင်း နှစ်ခါ သုံးခါ အော်ပါသည်။

ဒါက ခြောက်နာရီခွဲပြီဆိုသည့် အမှတ်အသား။
၇ နာရီထိုးချိန်၌ ပဲပြုတ်အော်သံ နောက်ထပ်ကြားရပြန်သည်။ အော်သံမှာ တိုတောင်းပြီး မြန်လွန်း လို့ ဘာ အော်မှန်း တောင် မသိလိုက်ကြ။ ကြားနေကျမို့ ဒါလည်း ပဲပြုတ်ဟု နားလည်ရပေသည်။
ပဲပြုတ်အော်သံကို အကြောင်းပြုပြီး ကျွန်တော်၌ အမှတ်ရစရာတစ်ခုရှိနေ၏။ ပဲပြုတ်အော်သံကို ကြားရတိုင်း သူ့ကို သတိရစေပါသည်။ အထူးသဖြင့် ယခုလို ဇူလိုင်လရောက်ပြီဆိုလျှင် ပို၍သတိရ မိသည်။ ကျွန်တော်ကိုယ်နှိုက်ကလည်း ပဲပြုတ်ကြိုက်သူမို့ အထူးမှတ်စရာမလိုပေ။ ပဲပြုတ်ကြိုက်သူ ကို သတိရသည်မှာ သဘာဝကျသည် မဟုတ်ပါလား။ ထိုသူကား...။
(၂)

ငယ်မည် မောင်ထိန်လင်း။
ရေနံချောင်း ဦးသောဘိတ ကျောင်းထွက်၊
နောင်  ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရောက်သောအခါ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင် ဆန်းပါတဲ့။
ငရဲခွေးကြီးလွတ်နေပြီ... ဆောင်းပါးရေးသူ အမည်ကို မဖော်ထုတ်၍၊ စာနယ်ဇင်းကျင့်ဝတ်အရ ဖော် ထုတ်ခွင့် ထုံးစံမရှိဟု ငြင်းဆို၍ ကျောင်းမှနှင်ထုတ်ခံရသည်။

အမေ ဒေါ်စုဆီ စာရေးပုံက
ကျောင်းပိတ်ရက် အိမ်မပြန်ပါ။
ငွေပို့ပေးပါ။
အမေ့သားတွေလို ဝန်ထမ်းမလုပ်ပါတဲ့။

ကိုယ့်ကို ကိုဋ္ဌေးမြိုင်(ဒဂုန်တာရာ)က အရိုင်းတဲ့။
ကိုယ် ဒီလောက် မရိုင်းပါဘူး။
ကိုဗဟိန်းကို ကဗျာလို့ ရေးမယ့်အစား Romance လို့ရေးရင် ကောင်းမယ်။
ဆုငွေ ငါးကျပ် ထုတ်ခံရသည်။
အလယ်ပစ္စယံ မြန်မာအဘိဓာန်ပြုစုရေးဌာန။
ကိုအောင်ဆန်း အလည်ရောက်သွားပြီး ဆရာယောစားပွဲပေါ် တက်ပျဉ်လွှဲထိုင်သည် ဆို၏။

"ကိုယ့်အတွက် ဘာပြဿနာမျှမရှိဘူး။
ဘေးကမြင်ရင် မကောင်းဘူး"ဟု ဆရာယောပြောရာ စားပွဲပေါ် တင်ပျဉ်လွှဲထိုင်ရာမှ ချက်ချင်းဆင်း ပြီး ကုလားထိုင်၌ ထိုင်သည်ဆို၏။
"ဝပ်ထရိန်း ဝပ်ထရိန်း"ဟု ပါးစပ်ကအော်လျက် ခုံတန်းရှည်မှာ လဲလျောင်းနေသူအား
"အောင်ဆန်းကြီး၊ ဘာများဖြစ်တာလဲ"ဟု ဆရာယောမေးရာ
"ကျုပ်တို့ နွားဖြစ်ကုန်ပြီ၊ နွားဖြစ်ကုန်ပြီ"ဟု ပြောသတဲ့။

ဆရာယောက ဦးအောင်ဆန်းကို အောင်ဆန်းကြီးဟု ခေါ်ပါသတဲ့၊ ပြောလိုသည်မှာ ဂျပန်ခေါ်တာ မှားကြောင်း...။
"ဤသို့လျှင် ကျွန်ုပ်တို့သည် ဖက်ဆစ်ဝါဒကို လိုလားနှစ်သက်ခြင်းမရှိပါဘဲလျက် ကျွန်ုပ်တို့၏ အရင်း ရှင် ပေါက်စ လူတန်းစားဥာဉ် နှင့် အတွေးအခေါ် ညံ့ဖျင်းမှုကြောင့် ဂျပန်တို့ကို ဖိတ်ခေါ်ခဲ့မိကြခြင်းဖြစ် သည်။"
"ချစ်ခင် မှာလား၊ ကြင်မှာလား ခင်ခင်ရယ်
ချစ်သဲနွယ်
အဟုတ်ကိုချစ်တော့မယ်
ခင်ရယ် ကြင်မယ်... "

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ရောက်သောအခါကို အောင်ဆန်းသည် ဂေါက်ဂေါက်ဂေါက်နှင့် တစ်ဖက်မှ လျှောက်လာသော စန္ဒယားအပါးတွင် လက်ထောက်ရပ်လျက်
"ဟေ့ ရပ်ကြ၊ ခုလို အချိန်မျိုးမှာ ရဲစိတ် ရဲမာန်တက်စေမဲ့ ရဲတင်းသံကိုသာ ဆိုရမယ်ဗျ၊ ဒီ ချစ်မယ် ကြင်မယ် သီချင်းမျိုး မဟန်ဘူး"။
Politics is the refuge of a scoundrel. "နိုင်ငံရေးဆိုတာ လူတေ လူညစ်တစ်ယောက်ရဲ့ ခိုလှုံရာ ဖြစ်တယ်"

လူကြီးမင်း မှားနေပြီ။ ခု လူကြီးလူကောင်းတွေနေတဲ့ ဒီနေရာကို ဘယ်လိုခေါ်ပါသလဲ၊ ဂျင်မခါနာ ကလပ် မဟုတ်လား။ ခွေးတွေနေတယ်ဆိုရင် ခွေးအိမ်လို့ခေါ်ရမှာပေါ့။
တစ်ခါက ဂျင်မခါနာကလပ်မှာ လော့ဒ်မောင့်ဘက်တန်က နိုင်ငံရေးသမားတွေကို ပုတ်ခတ်ပြောဆို ရာ ဗိုလ်ချုပ် က ချက်ချင်းပင် အင်္ဂလိပ်လို မဟုတ်ကြောင်း ပြောဆိုချေပခဲ့လေသည်။

ငါ့ခေါင်းသည်
သွေးချင်းနီမောင်းလျက်
သို့သော် ဦးခေါင်းကားမညွှတ်။

အနှစ်သက်ဆုံး အင်္ဂလိပ်ကဗျာကို မြန်မာဘာသာပြန်ခဲ့၏။

သေနတ်ပြောင်းဝမှာ အာဏာထွက်သည်ဟူသော လက်နက်အားကိုး မိစ္ဆာအယူအဆကို ဦးထိပ်ပန် ဆင်သော ဂဠုန်ဦးစော၏အာဏာရူးမှုကြောင့် လွတ်လပ်ရေးမုခ်ဦး၌ အသက်စတေးခံခဲ့ရသည် မဟုတ် ပါလား။ ဝမ်းနည်း ကြေကွဲဖွယ်ပါပေ။ အကြမ်းဖက်ဝါဒီတွေ ကျဆုံးပါစေ။
ဂျူဗလီခန်းမ ၌ ဝမ်းနည်းကြေကွဲခြင်း အခမ်းအနား။ အမေသည် ညီမငယ်ကို ခါးထစ်ခွင်လျက် တစ်ဖက်က ကျွန်တော့် ကို လက်ဆွဲကာ ဂျူဗလီခန်းမဆောင်သို့ အဝင်တွင် ညီမငယ်က အမေ ကြောက်တယ်၊ ကြောက်တယ်ဟု အော်သဖြင့် ခန်းမဝထဲရောက်ပြီးခါမှ ပြန်ထွက်ခဲ့ရသည်အဖြစ်။ မှန်ခေါင်းထဲ၌ လဲလျောင်း နေရှာသော ဗိုလ်ချုပ်၏မျက်နှာနှင့် ကိုယ်ခန္ဓာတို့မှာ ကျည်ဆံရာရေးရေး မှတ်မိနေသည်။ ထိုစဉ်အရွယ်က ကိုးနှစ်သားခန့်။
(၃)

ပဲပြုတ်ဟု အော်သံကြားတိုင်း ကျွန်တော်အဖို့ အမှတ်ရစရာ တစ်ခုရှိနေ၏။ ပဲပြုတ်ဟုအော်သံကို ကြားတိုင်း သူ့ကို သတိရမိနေ၏။ အထူးသဖြင့် ဇူလိုင်လရောက်ပြီဆိုလျှင် ပို၍သတိရမိသည်။ ကျွန် တော် ကိုယ်နှိုက်ကလည်း ပဲပြုတ်ကြိုက်သူမို့ အထူးမှတ်နေစရာမလိုပေ။ ပဲပြုတ်ကြိုက်သူကို သတိရ ရသည်မှာ သဘာဝကျသည်ဟု ခေါ်နိုင်သည်မဟုတ်ပါလော။
ထိုပဲပြုတ်ကြိုက်သူကား။

နိုင်ငံတော်၏မမေ့နိုင်သော ပုဂ္ဂိုလ်ကျော်ပါတည်း။
ထိုပုဂ္ဂိုလ်ကျော် က သူ့ဇနီးဆီ စာစီ သတဲ့
"ကြည်ရေ...
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"

မောင်ကြည်မွန်
.

No comments: