၉၆ နှစ်ပြည့် မွေးနေ့သို့ ဂါရဝလက်ဆောင်
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိဆဲဖြစ်ပါက ၁၃၊ ဖေဖေါ်ဝါရီ ၂၀၁၁ ရက်နေ့တွင် အသက် ၉၆ နှစ်ပြည့် အဘ ဦးအောင်ဆန်း အဖြစ် သူ၏ဇရာရုပ်သွင်ကို မြင်ရပေမည်။
သို့သော် စာရေးဆရာဘဝကို ခုံမင်မြတ်နိုးပြီး စာဂေရးဆရာဘဝဖြင့် ရှင်သန်နေထိုင်လိုသည့် ဦး အောင်ဆန်း သည် အသက် ၃၂ နှစ် အရွယ်ကောင်းစဉ် သူ့အိမ်မက်၌ပက် ယောင်ရမ်းငိုကြွေးခဲ့ရ သော မြန်မာပြည် လွတ်လပ်ရေး ကိုမျှ မမြင်လိုက်ရဘဲ လူ့ဘဝကို ကျောခိုင်းသွားရရှာပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်ရေးခဲ့သော စာများအကြောင်း ပြည်တွင်း၊ ပြည်ပ နှစ်ဌာန စလုံး၌ ယနေ့တိုင် ရေးနေကြဆဲ၊ ထုတ်ဝေနေကြဆဲဖြစ်ပါသည်။ လွတ်လပ်သောနိုင်ငံသူတစ်ဦးဘဝ ဖြင့် နေထိုင် ခွင့် ဖန်တီးပေးခဲ့သော အဘဦးအောင်ဆန်းကို ကျေးဇူးတုံ့ပြန်သောအားဖြင့် အသက် ၉၆ နှစ်ပြည့် မွေးနေ့သို့ ဤစာစုဖြင့် ဂါရဝပြုအပ်ပါသည်။
ခင်နှင်းဦး
ကျမ်းကိုးစာရင်း
၁။ မောင်မောင်ဦး၊ ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ၊ စာအုပ်စာတမ်းများ၊ ဝတ္ထုဆောင်းပါးများ အညွှန်း၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (ဇွန် ၁၉၆၉)။
၂။ မြဟန်။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသန ဌာန၊ ၁၉၉၇။
၃။ တိုက်စိုး။ စာရေးစားပွဲပေါ်က ပုံရိပ်များ၊ ရန်ကုန်၊ စာအုပ်ဈေး။ ၂၀၀၅။
၎။ ထွန်းလှ၊ ဗိုလ်(တက္ကသိုလ်နေဝင်း)၊ ဗိုလ်ချုပ်အောင်ဆန်း (ဗမာ့လွတ်လပ်ရေး ဗိသုကာ)၊ ရန်ကုန်၊ သမာမိတ္တ၊ ၁၉၅၅။
၅။ ဗိုလ်မှူးကြီးဘို။ "ဗိုလ်ချုပ်နှင့် စာပေ"၊ အိုးဝေမဂ္ဂဇင်း။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်အလောင်းနှင့် ကျွန်တော်
မြန်မာ့လွတ်လပ်ရေးသက်တမ်း ၆၁ နှစ်ရှိပြီဖြစ်လျှင် အာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်တန်း ကွယ်လွန်ခဲ့သည်မှာ ၆၂ နှစ်ရှိခဲ့ပေပြီ။ ဒုတိယကမ္ဘာစစ်ကြီးက ဖက်ဆစ်စနစ် နှင့် နယ်ချဲ့စနစ် ကို အလဲထိုးလိုက်သည်ဟု ဆိုရပေမည်။
စစ်ကြီးအပြီးတွင် ဖက်ဆစ်ဝါဒ လုံးဝကျဆုံးသွားခဲ့ရသလို နယ်ချဲ့လက်အောက်ရှိ ကိုလိုနီနိုင်ငံ အများအပြား မှာလည်း လွတ်လပ်ရေးရခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ မှာ တစ်နှစ်စီ သာခြားပြီး မရှေးမနှောင်း လွတ်မြောက်လာကြခြင်း ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ သည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သလို ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ သည်လည်း ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ရလာခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်က လည်း ကူမင်တန်အုပ်ချုပ်မှုကို တော်လှန်၍ တရုတ်ပြည်သူ့သမ္မတနိုင်င် ထူထောင်ကာ လွတ်မြောက် လာခဲ့ လေသည်။
အိမ်နီးချင်းသုံးနိုင်ငံ သည် ကံတူအကျိုးပေးများဖြစ်ကြသည်။
အထူးသဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ၏ လွတ်လပ်ရေးဗိသုကာများမှာ အဖြစ်ဆိုးခြင်းတူညီကြသည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးဗိသု ကာ၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ် ကြံသတ်ဖြတ်ခြင်းခံရသလို အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဓီမှာလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရလေသည်။ အိန္ဒိယမှ လုပ်ကြံမှုတွင် ဂန္ဓီ တစ်ဦးတည်းသေဆုံးခဲ့သော်လည်း မြန်မာပြည်တွင် ကြုံခဲ့ရသော လုပ်ကြံမှု သည်ကား ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် မြန်မာအစိုးရတစ်ဖွဲ့လုံး သတ်ဖြတ်ခံခဲ့ရသည်။ အာဇာနည် ၉ ဦး တိတိ လုပ် ကြံခံရခြင်းဖြစ်သည်။ ထိုရက်စက်မှုကြီးကို နှစ်ပေါင်း ၆၃ နှစ်ကြာသည့်အတိုင် မြန်မာပြည်သူ များက မမေ့နိုင်ကြပေ။
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရသည့် အချိန်က ကျွန်တော်သည် ကလေး သာ ရှိပါသည်။ သို့သော် ထိုအဖြစ်ကို မနေ့တစ်နေ့ကလို မှတ်မိနေသည်။ ဗိုလ်ချုပ်အောင်ဆန်းအ ပေါ် ပြည်သူတို့၏ ကြည်ညိုလေးစားမှု ချစ်ခင်မြတ်နိုးမှုကိုလည်း အမှတ်ရနေပါသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံရပြီးနောက်နေ့ ဇူလိုင်လ ၂၁-၂၂ ရက်နေ့လောက်တွင် အာဇာနည်ခေါင်းဆောင် ၉ ဦး၏ အလောင်း များကို ကျွန်တော်ကြည်ရှု အလေးပြုခဲ့ရပုံကို မှတ်မိနေပါသည်။
ကျွန်တော်အမေသည် ရွှေတောင်တန်းလမ်းရှိ ဗဟိုသမ၀ါယမဆိုင်မှနေ ဆီသွားထုတ်လေ့ရှိပါ သည်။ အမေ ဆီသွားဝယ်သည့်အခါ ကျွန်တော့်အစ်ကိုဖြစ်ဖြစ်၊ ကျွန်တော်ဖြစ်ဖြစ် အဖော်လိုက်လေ့ ရှိပါသည်။ ကျွန်တော်သည် ၆ နှစ် ၇ နှစ်အရွယ်လောက်သာရှိသေးပြီး ကျောင်းကောင်းကောင်း မနေရသေးပါ။ ဘုန်းကြီးကျောင်းတွင် မင်္ဂလသုတ်သင်နေချိန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဆို သည်ကိုလည်း ကောင်းကောင်း မသိ၊ ခေါင်းဆောင်ကြီးများဆိုသည်ကိုလည်း နားမလည်သေးပါ။ ထိုနေ့မနက် ထမင်း စားပြီးသည်နှင့် အမေက ကျွန်တော့်ကိုခေါ်ပြီး ရန်ကုန်မြို့တွင်းသို့ ရထားဖြင့် လာခဲ့ကြသည်။ တစ်လမ်းလုံး အမေက စကားကောင်းကောင်းမပြောပေ။ မျက်နှာလည်းပျက်နေပါ သည်။ အမေက သွားနေကျ ရွှေတောင်တန်း သို့မသွားဘဲ ဘုရားဘမ်းဘူတာတွင် ဆင်းကာ ရွှေတိဂုံ ဘုရားလမ်းအတိုင်း လာခဲ့ပါသည်။
"အမေ ဘယ်သွားမလို့လဲ"
"ဂျူဗလီဟော သွားမလို့"
ဟုသာ အမေက ဖြေသည်။ ဂျူဗလီဟောကို ကျွန်တော်မရောက်ဖူးပါ။ အမေ့မျက်နှာ သုန်မှုန်နေသ ဖြင့် ဘာသွားလုပ်မလို့လဲဟု ကျွန်တော်မမေးရဲပါ။ ဘူတာမှ လျှောက်လာကြရာ အတန်ငယ်သွားမိ လျှင် ဂျူဗလီဟောဘက်သွားနေသော လူအုပ်ကြီးကို ကျွန်တော်တွေ့ရသည်။ ထိုလူအုပ်ကြီးနှင့်အ တူ ကျွန်တော်တို့သားအမိ လျှောက်လာခဲ့ကြသည်။ လူတိုင်း၏မျက်နှာများမှာ ညှိုးနွမ်းပြီး ကြေကွဲ နေကြပုံရသည်။ တစ်ယောက်ကိုတစ်ယောက် စကားလည်းကောင်းကောင်း မပြောကြပေ။ ဂျူဗလီ ဟော (ယခု တပ်မတော် စစ်သမိုင်းပြတိုက်)ရှေ့သို့ရောက်သည့်အခါတွင် တန်းစီနေသော လူတန်း အရှည်ကြီးကို တွေ့လိုက် ရသည်။ ထိုလူတန်းကြီးသည် ဂျူဗလီဟောရှေ့ ဝင်ပေါက်မှနေ နှစ် ယောက်တစ်တွဲ ငြိမ်သက် စွာဖြင့် ခန်းမထဲဝင်နေကြသည်။
ကျွန်တော်တို့လည်း ထိုလူတန်းထဲဝင်ရောက်တန်းစီကာ ခန်းမထဲ ဝင်ခဲ့ကြလေသည်။ ခန်းမရှေ့ စင် ပေါ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အလောင်းများထည့်ထားသော အခေါင်းများတန်းစီ ချ ထားသည်။ ခန်းမထဲ လူပြည့်သည်နှင့် စောင့်ကြပ်နေသော ပြည်သူ့ရဲဘော် ဗိုလ်တစ်ယောက်က လူ ထုကြီး ကို ငြိမ်သက်စွာနေရန် အော်ပြောလိုက်သည်။ နောက်
"အားလုံး ငြိမ်၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု"
ဟု အမိန့် ပေးလိုက်သည် လူထုပရိသတ်ကြီးမှာလည်း တစ်မိနစ်ခန့် ဦးညွှတ်အလေးပြုကြသည်။
ဂျူ ဗလီဟော အဝင်ပေါက်ကြီးဘေးတစ်ဖက် တစ်ချက်နှင့် အထွက်ပေါက်များ၊ အလောင်းများ၏ ဘေး ပတ်လည် များတွင် ကာကီယူနီဖောင်းဝတ်ပြီး ကက်ဦးထုပ်ဆောင်းထားသည့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ ဝင်များ စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရလေသည်။ အလေးပြုပြီးသော လူထုကြီးသည် အာဇာ နည်များ၏ အလောင်းများကို တန်းစီပြီး၊ ကြည့်ရှုဂါရဝပြုကြသည်။ အခေါင်းများကို ခေါင်းအထိသာ လှစ်ဟ ဖော်ပြထားသည်။ လူတန်းကြီးသည် တစ်ယောက်ချင်းတန်းစီလျက် ဝမ်းနည်းကြေကွဲစွာဖြင့် အလောင်းများကို ကြည့်ရှုသွားကြလေသည်။ ထိုသို့ကြည့်ရင်း ယောက်ျား၊ မိန်းမ၊ လူတိုင်းလိုလို တရှုပ်ရှုပ် ငိုကြွေးသွားကြ၏။ တချို့မှာ ချုံးပွဲချငိုကြွေးကြသည်။ အမေသည်လည်း ဝမ်းပမ်းတနည်း ငိုကြွေး ကြသူ များတွင် ပါဝင်လေသည်။
ဤကဲ့သို့ အမေငိုကြွေးသည်ကို တစ်ခါမျှ ကျွန်တော် မတွေ့ဖူးပါ။ ဦးညွှတ်အလေးပြုနေကတည်းက တရှုပ်ရှုပ် နှင့် အမေငိုနေသည်။ အလောင်းများကို တန်းစီကြည့်ရှုချိန်တွင် အမေသည် အသံထွက်ပြီး ငိုသည်။ အသံကျယ်သွားမှာစိုး၍ ပါးစပ်ကိုပိတ်ပြီး ငိုနေသည်။ အမေငိုသဖြင့် ကျွန်တော်လည်း မျက်ရည်ကျလာပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်ကိုလည်း ကျွန်တော် ကောင်းကောင်းမသိ ပါ။ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းကိုလည်း ကျွန်တော် မသိပါ။ သို့သော် ကျွန် တော် ချစ်ခင် မြတ်နိုး သည့် ကျွန်တော့်အမေ ငိုကြွေးနေသဖြင့် ကျွန်တော်လိုက်ပြီး ငိုကြွေးခြင်း ဖြစ် ပါသည်။
အမေ ၏ အငိုမှာ ရပ်မသွားပေ။
ဂျူဗလီဟောဘေး ပလက်ဖောင်းပေါ်အရောက်တွင် အမေသည် ထိုင်ချလိုက်ပြီး အသံထွက်ကာ ချုံးပွဲကျ ငိုကြွေးပါတော့သည်။ လူအများအပြားသည် အမေ့လိုပင် ပလက်ဖောင်းပေါ်၌ ငိုကြွေးနေကြသည်။ ယောက်ျားကြီး များက အံကြိတ်ကာ တက်တစ်ခေါက် ခေါက်ဖြင့် လက်သီးများကို တင်းတင်း ဆုပ်ထား ကြသည်။ သူတို့ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေသလို သူတို့မျက်လုံးများမှာ ကြေကွဲခြင်း၊ ဒေါသ ဖြစ်ခြင်း၊ ယူကျုံးမရဖြစ်ခြင်းတို့ဖြင့် ရော ယှက်နေပေသည်။ အမေ့ဘေးတွင် ထိုင်ပြီး ဝမ်းနည်း ပူဆွေး နေသည့် လူများကို တစဟ်ယောက် ချင်း ကျွန်တော် လိုက်ကြည့်နေမိသည်။ အတော်လေးကြာမှ အမ အငိုတိတ်ပြီး ရှိုက်နေချိန်တွင် ကျွန်တော်က "အမေ၊ ဘာဖြစ်လို့ ငိုတာလဲဟင်" "ဗိုလ်ချုပ်အောင်ဆန်း တို့ လုပ်ကြံခံလိုက်ရပြီ သားရဲ့"
"လုပ်ကြံခံရတယ်ဆိုတာ ဘာလဲအမေ"
"အသတ်ခံရတာပေါ့ သားရယ်၊ မသမာသူတွေက ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတ်ပစ် လိုက်ကြပြီလေ၊ တိုင်းပြည်တော့ ရေတိမ်နစ်ပြီပေါ့"
အမေသည် ပြောရင်းဆိုရင်း မျက်ရည်များ စီးကျလာပြန်သည်။
အမေ နောက်တစ်ကြိမ်ငိုမည်စိုး၍ ကျွန်တော် မမေးတော့ပေ။ အမေသည် ကျွန်တော့်ပခုံးကို တင်းကျပ်စွာ ဖက်ထားသည်။ ကျွန်တော် က အမေ့လက်ကိုဆွဲပြီး အမေ့မျက်နှာကို စိတ်မကောင်းကြီးစွာ ကြည့်နေမိပါသည်။ အမေ ဘာ ကြောင့် ဒီလောက်ငိုနေပါလိမ့်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူကလည်း ဘယ်လို လူပါလိမ့်၊ ယခု ငိုနေ ကြသူ၊ ဒေါသဖြစ်နေကြသူများကလည်း ဘာကြောင့်များ ဒီလောက်ခံစားနေရပါလိမ့်ဟု ကျွန်တော် တွေးနေမိသည်။ ကျွန်တော်၏ကဘေးဘဝ ခေါင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုလူပါ လိမ့်ဟူသော အတွေးနှင့် စူးစမ်းမှုသည် လွန်ခဲ့သော ၆၂ နှစ်က စတင်ပြီး ဝင်ရောက်လာခဲ့ပါသည်။
ဗိုလ်ချုပ်အပေါ် လူထုကြီး၏ချစ်ခင်မြတ်နိုးမှုကိုလည်း ထိုအချိန်က အံ့မခန်း ကျွန်တော် မြင်တွေ့ခဲ့ရ ပါသည်။ ကလေးဖြစ်၍ ထိုအချိန်က ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းမသိခဲ့သော်လည်း အမေ နှင့် လူထုကြီး ၏ ချစ်ခင်လေးစားမှု ဝမ်းနည်းကြေကွဲမှုကို တွေ့ရသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော် နားလည်ခဲ့ပါသည်။ နောင် အသက်ကြီးလာ၊ စာဖတ်လာသည့်အခါ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲအကြောင်း သိလာရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် များ၏ စွန့်လွှတ် အနစ်နာ ခံမှုကိုလည်း သိရှိလာခဲ့ပါသည်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ နယ်ချဲ့ဆန့် ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင်ခေါင်းဆောင်များအကြောင်းကိုလည်း သိရှိလာပါ သည်။
ဗိုလ်ချုပ်အောင်ဆန်းအပြင် ရဲဘော်သုံးကျိပ်၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ၊ သခင်နု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစသော နိုင်ငံရေးခေါင်းဆောင်များအကြောင်းကို လည်း ကြားသိ လာခဲ့ ရပါသည်။ ကျွန်တော့်မှာ ဗိုလ်ချုပ်အောင်ဆန်းကို အသက်ထင်ရှားစဉ်က မတွေ့ခဲ့ဖူးသော်လည်း ကွယ်လွန်ပြီး ရက်ပိုင်းလောက်တွင် သူ၏ရုပ်အလောင်းကို မြင်တွေ့ဂါရဝပြု လိုက်ရပါသည်။ ထိုကဲ့သို့ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ရုပ်အ လောင်းများကို ဂါရဝပြုလိုက်ရသဖြင့် ယခု ထက်တိုင် ကျွန်တော် ဂုဏ်ယူလျက်ရှိပါတော့သည်။
လွန်ခဲ့သော ၆၃ နှစ်က ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်အလောင်းကို တွေ့မြင်ဂါရဝပြုခဲ့ရပုံ အကြောင်း ပြန်ပြောင်း တွေးရင်း ဆရာဇော်ဂျီ၏ "သခင်အောင်ဆန်းတရား"ဆိုသည့် ကဗျာကို သတိရမိပါသည်။
သခင်အောင်ဆန်းတရား
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား၊ ဟောမည်နည်း။
ဆန်း၏သတ္တိ
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သားသိစေချင်လှ၏။
သူ့အစွမ်းအား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောက်မြိုက်၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘဝ၊ မုတလုံလောက်
ခံမြို့ဆောက်၏။
ထို့နောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။
(လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆))
ထက်မြက်
.
No comments:
Post a Comment