Wednesday, October 19, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၇)

အခန်း(၈)

စင်တိန်ရထားတွဲ ရပ်ထားသောနေရာ၏ အောက်ဘက်ရထား လမ်းဘေး တစ်မိုင်ခန့်အကွာ တွင် ဖျင်တဲ တစ်လုံး ရှေ့ မီးပုံဘေး၌ လူနှစ်ယောက် ထိုင်နေသည်။ သူတို့နှစ်ယောက်သည် ပြောင်းဆန်ပြုတ် သောက်ရင်း မြင်းအကြောင်း ဆွေးနွေးနေကြသည်။
သူတို့၏ အစီအစဉ် တစ်ရပ်လုံးသည် မြင်းများပေါ်တွင် မူတည်နေသည်။ အနည်းဆုံး မြင်း ၁၅ ကောင်ခန့် လိုပြီး သန်စွမ်းကျန်းမာ၍ သဲကန္တာရဒဏ် ခံနိုင်သော မြင်းများဖြစ်သည်။
''ငါတွေး နေတဲ့လူက ငါရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ'' လိုသာက ပြောလိုက်သည်။

''ကမ္ဘာပေါ်မှာ ဘယ်လိုအခင်ဆုံး မိတ်ဆွေပဲဖြစ်ဖြစ် မြင်းကောင်းကောင်း ၁၅ ကောင်ကိုတော့ အလကား ငှားမှာ မဟုတ်ဘူး၊ မြင်း ၁၅ ကောင်ထက် နည်းလို့လဲ ခင်ဗျားအစီအစဉ်က လုပ်ရမှာ မဟုတ်ဘူး၊ ပေါင်ငွေ ၁၀၀ နဲ့ မြင်း၁၅ ကောင် ၀ယ်လို့ရမှာ မဟုတ်ဘူး''
ဟင်ဒရစ် က ပြောပြန်သည်။
''မြင်းကိစ္စ ခဏအသာထားလိုက်စမ်းပါဦး၊ လက်ဆင့်ကမ်း သယ်ယူမယ့် လူတွေကိစ္စ ဆွေးနွေး ကြ ရ အောင်''
လိုသာ က ပြောပြန်သည်။

''လူရဖို့က မြင်းရဖို့ထက် လွယ်ပါတယ်၊ ကျွန်တော်တို့နဲ့ ၀ိုင်းဟော့စ်ပင်မှာ တွေ့ဖို့ ကျွန်တော့်လူ တွေဆီကို သတင်း ပို့ ထားပြီးပါပြီဗျ''
ထိုအချိန်တွင်ပင် အမှောင်ထုထဲမှ မင်းဖရက် ထွက်ပေါ်လာသဖြင့် သူတို့နှစ်ယောက်လုံး မော့်ကြည့် လိုက် ကြသည်။ မင်းဖရက်၏ ပြူးပြူး ပျာပျာ အမူအရာကို မြင်ရသောအခါ လိုသာ သည် မှတ်စုစာအုပ်ကို အိတ်ထဲ ထိုးထည့် လိုက်ပြီး  ကမန်းကတန်း မတ်တတ်ထလိုက်သည်။
''ဖေဖေ…. အခုချက်ချင်းလိုက်ခဲ့စမ်းးပါဦး''
''ဘာဖြစ်လို့လဲ မာနီ''

''ဆာရာအမေ နဲ့ ကလေးတွေ တော်တော် နေမကောင်းဖြစ်နေတယ်၊ ဖေဖေလိုက်လာလိမ့်မယ် လို့ သူတို့ကို ကျွန်တော်ပြောခဲ့တယ်''
လိုသာသည် ဒဏ်ရာအနာတရပျောက်အောင် အဖျားအနာပျောက်အောင် ကုသပေးနိုင်သူ အဖြစ် ဒုက္ခသည် စခန်း ၌ နာမည်ကြီး နေသည်။

ဆရာတို့ မိသားစုသည် စခန်းအလယ်ကောင်လောက်၌ စုတ်ပြတ်နေသော တာရပတ်တဲဖြင့် နေရရှာသည်။ ဆာရာမိခင် နှင့် ကလေးနှစ်ယောက်သည် ပေရေနေသော စောင်တစ်ထည်ကို ခြုံထားကြသည်။ ဆာရာ့ မိခင်သည် အသက်အရွယ်အားဖြင့် သုံဆယ်ထက်ကြီး ပုံမပေါ်သော် လည်း ငတ်မွတ်ခေါင်းပါးမှုနှင့် ပင်ပန်းမှု ဒဏ်ကြောင့် အဘွားကြီးအိုပုံ ပေါက်နေသည်။
 ဆာရာသည် မိခင်ဘေးတွင် ဒူးထောက်ထိုင်ပြီး စိုထိုင်နေသော အ၀တ်အစုတ်တစ်စဖြင့် မိခင် မျက်နှာမှ ချွေးများကို သုတ်ပေးနေသည်။ လူနာသည် ခေါင်းကို ဘယ် ညာ ယမ်းပြီး ကယောင် ကတမ်းတွေ ပြောနေ သည်။

လိုသာသည် လူနာ၏တစ်ဘက်ဘေး၌ ဒူထောက် ၀င်ထိုင်လိုက်ပြီး ကောင်မလေးနှင့် မျက်နှာ ချင်းဆိုင်ကာ မေး လိုက်သည်။
''မင်းအဖေ ဘယ်သွားလဲဆရာ၊ သူ ဒီမှာရှိဖို့ကောင်းတယ်''
''သတ္တုတွင်း တွေမှာ အလုပ်ရှာဖို့ အဝေးကြီးကို သွားတယ်''
ကောင်မလေးက ခပ်တိုးတိုး ပြန်ပြောသည်။

''ဘယ်တုန်းက သွားတာလဲ''
ကြာပြီ၊ ဒါပေမယ့် ကျွန်မတို့ဆီကို ပိုက်ဆံပို့မယ်၊ အိမ်ကောင်းကောင်းနဲ့ နေရမယ်လို့ပြော သွား…''
''မင်း အမေ နေမကောင်းနေတာ ဘယ်လောက်ကြာပြီလဲ''
''မနေ့ည ကတည်းကပဲ''
ကောင်မလေးက မအေ့နဖူကို အ၀တ်စုတ်နှင့် သုတ်ရန် ကြိုးစားရာ မိခင်က လက်ဖြင့် ချည့်နဲ့ စွာ တွန်းဖယ် လိုက်သည်။
''ကလေးတွေကရော ဘယ်တုန်းက နေမကောင်းတာလဲ''
လိုသာ က ကလေးနှစ်ယောက်၏ ဖောရောင်နေသော မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။

''ဒီနေ့မနက်ကပဲ''
လိုသာ က သူတို့ခြုံထားသောစောင်ကို ခွာလိုက်သည်။ ညစ်ပတ်ပေရေပြီး အနံ့ဆိုးများ ထောင်း ခနဲ ထ လာသည်။
''ကျွန်မ သုတ်သင်သန့်ရှင်းပေးပါတယ်၊ ဒါပေမယ့် အညစ်အကြေးတွေ ပြန်ထွက်လာပြီး ပြန်ညစ်ပတ် လာတာပါပဲ ဘာလုပ်ရမယ်ဆိုတာတောင် မသိတော့ပါဘူး''
လိုသာက နေမကောင်းပြီးမှိန်းနေသော မိန်းကလေး၏ အင်္ကျီကို လှန်ကြည့်လိုက်သည်။ အာဟာရ ချို့တဲ့ သဖြင့် ဗိုက်ပူနံကားလေး ဖြစ်နေသည်။ အသားအရေက သွေးမရှိတော့သလို ဖြူဖွေးနေသည်။ လိုသာ သည် လက်ကိုဇတ်ခနဲ ပြန်ရုပ်သိမ်းလိုက်သည်။

''မင်းဖရက်၊ မင်း ဒီနေမကောင်းတဲ့လူ တစ်ယောက်ယောက်ကိုများ ထိမိကိုင်မိသေးသလား'']
''ကိုင်မိတယ် ဖေဖေ၊ ဆာရာ သူတို့ကို သန့်ရှင်းရေးလုပ်ပေးတုန်းက ကျွန်တော် ၀ိုင်းကူပေးခဲ့ တယ်''
''ဒါဖြင့် မင်းအခု ဟင်းဒရစ်ဆီ ချက်ချင်းပြန်သွား၊ တို့ဒီစခန်းက ချက်ချင်းခွာတော့မယ်လို့ သူ့ကို ပြော၊ တို့ ဒီက ထွက်သွားရမယ်''
''ဘာ…. ဘယ်လို ဖေဖေ''
''ငါပြောသလို လုပ်စမ်းကွာ…. လျှာမရှည်စမ်းနဲ့''
လိုသာ ဒေါသတကြီး ပြောလိုက်သည်။ မင်းဖရက် မှောင်ရိပ်ထဲသို့ ၀င်ရောက် ပျောက်ကွယ် သွားသော အခါ လိုသာသည် ဆာရာထံသို့ ပြန်သွားသည်။

''မင်းတို့ ရေကိုကျိုချက်ပြီး သောက်ရဲ့လား''
''ဟင့်အင်း၊ မကျိုဘူး၊ ဒီအတိုင်း သောက်တယ်''
ဆင်းရဲသား ဒုက္ခသည် စခန်း၌ ရေကို အစိမ်းအတိုင်း သောက်သည်မှာ တကယ်တော့ မဆန်း ပါချေ။

''ဘာဖြစ်တာလဲဦးလေး၊ သူတို့ ဘာဖြစ်တာလဲရှင်''
''အူရောင်ရောဂါ၊ တိုက်ဖွိုက်ရောဂါ ဖြစ်နေတာ''
''အခြေအနေ ဆိုးသလား''
ဆာရာက အားကိုရာမဲ့လေသံဖြင့် မေးလိုက်သည်။ လိုသာက သူနှင့်မျက်နှာချင်းမဆိုင်ဘဲ ရော ဂါ သည်းနေသော ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြန်သည်။ ငမ်းဖော ၀မ်းရောင်ပါဖြစ်ပြီး အားပြတ် နေသည်။ အချိန်နှောင်းခဲ့ပြီ။ ကလေးနှစ်ယောက်က မျှော်လင့်ချက် လုံးဝမရှိတော့။ မိခင်ကတော့ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးသည်။ သို့သော် သိပ်အားနည်းနေသည်။

''အခြေအနေကတော့ အတော့်ကို ဆိုးနေပြီ''
တိုက်ဖွိုက်ရောဂါသည် စခန်းတစ်ခုလုံး နွေ လယ်တောမီးလို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပေ လိမ့်မည်။ ယခုတောင် မင်းဖရက်ကို ကူးစက်ကောင်း ကူးစက်နေရော့မည်။ ထိုအတွေး ၀င်လောသောအခါ လိုသာ ဇက်ခနဲ ထ လိုက်ပြီး နံစော်နေသော ဖျာပေါ်မှ ခွာလိုက်သည်။
''ကျွန်မ ဘာလုပ်ပေးရမလဲရှင်''
ဆာရာက အသနားခံသည်။

''သူတို့ကို ရေနွေးများများတိုက်''
လိုသာ နောက်သို့ ဆုတ်လိုက်ပြန်သည်။ သူသည် စစ်အတွင်းက အင်္ဂလိပ်တို့၏ သုံ့ပန်းစခန်း၌ တိုက်ဖွိုက် ဖြစ်ဖူးသည်။ သုံ့ပန်းစခန်း၌ တိုက်ဖွိုက်ဖြစ်ပြီး သေသူများသည် စစ်မြေပြင်၌ သေသူများထက် ကြောက်စရာကောင်းအောင် များပြားလှသည်။ မင်းဖရက်ကို ဤနေရာမှ ဝေးရာသို့ ခေါ်သွားရပေမည်။
''တိုက်ဖွိုက်ရောဂါ ပျောက်ဆေး ဦးလေးမှာ ရှိသလား၊ ကျွန်မအမေနဲ့မောင်လေး ညီမလေးတွေ ကို ကယ်ပါဦး ရှင် ကျွန်မကို ဆေးရှိယင်ပေးပါ''
ဆာရာက လိုသာ နောက်မှလိုက်လာရင်း မျက်ရည်အသွယ်သွယ်ဖြင့် တောင်းပန်သည်။ လိုသာက ဆာရာ အား ''သူတို့အတွက် ဆေးမမီတော့ဘူး၊ ဘာမှလဲ လုပ်လို့မရနိုင်တော့ဘူး၊ သူတို့ ဘုရားသခင် လက်ထဲ ရောက် သွားကြပြီ'' ဟုသာ ပြောလိုက်ချင်သည်။

သို့သော် သူ ပြောမထွက်ရက်။ သူ့သားအတွက် သူ့အဖို့ အရေးအကြီးဆုံးဖြစ်သည်။ ဆာရာ နောက်မှ လိုက်ပြီး သူ့ လက်မောင်းကို ဆွဲကာ တဲဘက်သို့ပြန်ခေါ်နေသည်။
''ကျွန်မကို ကူညီပါဦး ဦးလေးရယ်… သူတို့နေကောင်းအောင် ကယ်ပါဦးရှင်''
ကောင်မလေးက သူ့ကို ကိုင်ထားသောလက်မှာ ပူနွေးနေသည်။ လိုသာ ရောဂါကူးစက်မည်ကို စိုးရိမ် သွားသည်။
''မင်း ဒီမှာနေခဲ့ဦး၊ သူတို့ကို ရေနွေးများများ တိုက်ထား၊ ငါ ဆေးသွားယူလိုက်ဦးမယ်''
လိုသာ က နှစ်သိမ့်ဖျောင်းဖျလိုက်သည်။

''ဘယ်တော့ ပြန်လာမှာလဲဟင်''
လိုသာက ကောင်မလေး ဆုပ်ကိုင်ထားသော လက်ကို ဖြေလိုက်သည်။
''ရေနွေးတိုက်ထားနော်''
ထက်မံမှာကြားပြီး လိုသာ တစ်ဘက်သို့ ချာခနဲ လှည့်ထွက်သွားသည်။
''ကျေးဇူးပါပဲ၊ ဘုရားသခင် ရှင့်ကို စောင့်မပါစေ၊ ဦးလေးဟာ သနားကြင်နာတတ်တဲ့ လူတစ် ယောက်ပါ''
လိုသာ ဘာမှ ပြန်မပြောတော့၊ နောက်သို့ပင် လှည့်မကြည့်တော့။ လမ်းတွင် အခြားတဲများမှ ရောဂါသည် များ၏ ငြီးတွားနေသံကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ရသည်။
ဆ၀ပ်ဟင်းဒရစ်က သူ့ကို ထိုင်စောင့်နေသည်။ အထုပ်အပိုးကို ပခုံးတွင် လွယ်ထားပြီး သဲကို ခြေထောက်ဖြင့် ယက်ကာ မီးဖိုမှ မီးများကို ငြိမ်းနေသည်။ မင်းဖရက်က သစ်ပင် တစ်ပင် အောက်တွင် ထိုင်နေည်။

''စခန်းတစ်ခုလုံး တိုက်ဖွိုက်ဖြစ်နေကြပြီ''
လိုသာက ပြောလိုက်သည်။ တောရိုင်တိရစ္ဆာန်များကို လုံးဝမကြောက်သော ဟင်းဒရစ်သည် တိုက်ဖွိုက် ကိုတော့ တကယ်ကြောက်သည်။
''လာ…. မင်းဖရက်၊ တို့သွားကြမယ်''
မင်းဖရက်က ထိုင်ရာမှ ထရင်းမေးလိုက်သည်။
''ဘယ်ကိုသွားမှာလဲ ဖေဖေ''
''ဒီနေရာက အဝေးကို… ဒီမြို့နဲ့ဝေးတဲ့နေရာကို၊ ဒီကူးစက်ရောဂါနဲ့ ဝေးတဲ့နေရာကို သွားမယ်''
''ဆာရာကိုရော''
မင်းဖရက် က ခေါင်းငုံ့ပြီးမေးလိုက်သည်။ ခေါင်းမာလိုသည့် အရိပ်လက္ခာဏာကို လိုသာတွေ့ လိုက်သည်။

''သူက တို့နဲ့ဘာမှ မဆိုင်ပါဘူး၊ တို့လဲဘာမှ လုပ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး''
''ဒါဖြင့် သူ့ အမေနဲ့ကလေးတွေလို သူလဲသေမှာပဲပေါ့၊ သူ သေလိမ့်မယ်ဟုတ်လား''
မင်းဖရက်က ဖခင်ကို ထိုင်ရာမှ မထဘဲ မော့ကြည့်ရင်း မေးလိုက်ပြန်သည်။
''ထစမ်းကွာ…. သွားတော့မယ်''
လိုသာက ဒေါသနှင့် အမိန့်ပေးသံဖြင့် ပြောလိုက်သည်။ ဟင်းဒရစ်က မင်းဖရက်ကို လက်ဖြင့် ဆွဲထူ လိုက် သည်။

''လာ… မာနီ၊ မင်း အဖေစကားကို နားထောင်စမ်း''
ဟင်းဒရစ်က မင်းဖရက်ကို လက်ဖြင့်ဆွဲပြီး လိုသာနောက်မှ လိုက်သွားသည်။ မီးရထားလမ်းကို ဖြတ်ကျော်ပြီး တစ်ဘက်သို့ကူးလိုက်သည်။ မင်းဖရက်လည်း ငြင်ငြင်သာသာ လိုက်ပါလာ သည်။ တစ်နာရီ ခန့် အတွင်းမှာပင် သူတို့ ပင်မလမ်းကြောင်းကြီးပေါ် သို့ရောက်သွားသည်။ ဟို အဝေး၌ သငြိမ့်ငြိမ့် စီးဆင်း နေသော ဘော်ငွေရောင်မြစ်ပြင်ကြီးကို လှမ်းမြင်ရသည်။ လိုသာက အသွား ရပ်လိုက် သည်။
''အခု ကျွန်တော်တို့ မြင်းတွေကိစ္စသွာမလား''
ဟင်ဒရစ်က မေးလိုက်သည်။

''သွားမယ်၊ ဒါပေမယ့် ဒါက ဒုတိယအဆင့်''
လိုသာက သူတို့လာခဲ့သော လမ်းဘက်သို့ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကျန်နှစ် ယောက်လည်း ဘာမှမပြောဘဲ သူကြည့်ရာဘက်သို့ ပြန်ကြည့်ကြသည်။
''မင်းဖရက်ကို သူတို့အနားမှာ ထားလို့ ပထမဆုံးခေါ်လာရတာ၊ ဒုတိယအဆင်ကကော  တို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စပြီးလုပ်ရမယ်၊ မြင်းတွေရဖို့လိုတယ်''
လိုသာသည် ဟင်းဒရစ်ပခုံးပေါ် မှ အိတ်ကိုလှမ်းယူပြီး အောက်သို့ချလိုက်သည်။ အိတ်ကိုဆွဲ ဖွင့်ပြီး သူ၏ တာရပတ်ဖြင့် စည်းထားသော ပစ္စည်းထုပ်ကို နှိုက်ယူလိုက်သည်။ ထိုအထုပ်ထဲ တွင် ခွဲစိတ်ကိရိယာများနှင့် ဆေးများ ပါရှိသည်။

''မင်း မာနီကို ခေါ်သွားပြီး ဂါမတ်စ်မြစ်ရဲ့ တောင်ကြားလေးထဲက ငါ့ကိုစောင့်နေ၊ ယူဆာကိုက နေ တို့ချီတက်လာတုန်းက စခန်းချခဲ့တဲ့နေရာပေါ့ မင်းမှတ်မိတယ် မဟုတ်လား''
''ခင်ဗျားမလာခင် ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ''
''သူတို့သေတဲ့ အထိတော့ စောင့်ရမယ်''
လိုသာက ထိုင်ရာမှ ပြန်ထလိုက်ပြီး မင်းဖရက်ကို စိုက်ကြည့်ကာပြောလိုက်သည်။

''မင်း ဟင်းဒရစ် စကားကို နားထောင်နော်''
''ကျွန်တော်ဖေဖေနဲ့ မလိုက်ရဘူးလား''
လိုသာဘာမှ ပြန်မဖြေ။ လာလမ်းအတိုင်း လရောင်အောက်တွင် ပြန်လျှောက်သွားသည်။ ဟင်းဒရစ်က အထုပ်အပိုး ပြန်ပြင်ပြီး မင်းဖရက်ကို ခေါ်ကာ ရှေ့သို့ ဆက်လျှောက်တော့သည်။

ဆက်ရန်
.

No comments: