Sunday, October 9, 2011

မောင်တင်ဆင့် ၏ တိမ်လို နွဲ့ပါလို့ အိမ်ဆိုတဲ့ထောင်မှာ

တိမ်လို နွဲ့ပါလို့ အိမ်ဆိုတဲ့ထောင်မှာ
စာရေးသူ - မောင်တင်ဆင့်

 " ဆရာဇော် ဗျာ၊ စားသောက်ဆိုင်မှာ တစ်အားမူးနေလို မနည်း တပည့်တွေခေါ်ပြီး အိမ်ကို တွဲ ပို့လိုက် ရတယ် " ဟု ဆရာကိုသက်မြင့် က ပြောတော့ ကျွန်တော်မှာ အံ့သြနေရသည်။ ဆရာဇော် မှာ အင်္ဂလိပ်စာ ပြသော ကျူရှင်ဆရာဖြစ်သည် ။ ကျွန်တော်တို့ နှင့် အောင်မြင် ဂုဏ်ထူးကျူရှင်မှာ အတူတူ တွဲခဲ့သည်။ ဆရာ ကိုသက်မြင့် က အောင်မြင် ဂုဏ်ထူးကျူရှင် တည်ထောင်သူ ဖောင်ဒါ ၊ သချာင်္ဆရာ ၊ ကျွန်တော်က ဘိုင်အို ပြသည်။

ဆရာဇော်မှာ ကျွန်သိထားရသလောက် အရက်ကြိုက်သူုမဟုတ် ။ တစ်ခါတစ်ရံ ဆရာ တွေ စုမိပြီး ဘီယာ လေး ဘာလေး သောက်ရင်တောင် တစ်ခွက်ထက် ပိုသောက်နိုင်သူမဟုတ်ဘူး မျက်နှာညိုညိုမှာ အပြုံး ချိုချို ရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်လျှင်သူက ပိုက်ဆံအမြဲရှင်းသည်။ ရှင်း ရမှ ကျေနပ်သည်။ တကယ့် လူအေး၊ စည်းကမ်းလည်ရှိသည် ။ ရှိမဆို ဌာနတစ်ခုမှာ သူကအရာ ရှိလေးလည်း လုပ်ခဲ့သည် ။ သူမှာဇနီး ချောချောလေး ရှိသည် ။ သူ့ထက် ၁ဝ နှစ်လောက်ငယ် သည် ။ သမီးတစ်ယောက် မူကြို အရွယ်ရှိသည်။

 "ဆရာသိန်းနိုင် လို ကြွက်တွင်းက အမူးလွန်တယ်ဆို ကျွန်တော်မအံ့သြပါဘူး။ ခုတော့ ဆရာရယ်၊ ဘီယာ ကို ဆော်ဒါရောတတ်ချင်တဲ့ လူမှန်မသိအောင် မူးတယ်ဆိုတော့..."
"အဲဒါ ပြောတာ့ပေါ့ ဆရာ။ ကျွန်တော်တပည့်တစ်ယောက်လာပြောလို သိရတာ။ ဒါနဲ့ ချက်ချင်း လိုက်သွား ရတယ်..."
 "  ဘယ်လိုဖြစ်တာလဲ ဆရာ..."
 "  ကြည့်ရတာ သူဇနီး အိမ်ကထွက်သွားပုံပဲ။ " လှမင်းသူ " ရက်စက် တယ်ဗျာ ချည့် တတွတ်တွတ် ပြောနေတာ ။ သူ့အိမ်ရောက်တော့ သှူ့ဇနီးမရှိတော့ဘူး။ယောက္ခနဲ ခယ်မ လေးတွေပဲရှိတာ ။ ဒါတောင် ယောက်ဖ က သူကဘာညာ ပြောချင်ဆိုချင်သေးတယ်။ ဘာ မှမပြောနဲ့ သူကိုသိပ်ထားလိုက်၊ အမူးပြေမှ ပြောကြ ဆိုကြပါလို တောင်းပန်ထားရတယ် "ဆရာဇော် အိမ်ထောင်ရေး သိပ်အဆင် မပြေဘူး ဆိုတာ ကျွန်တော် ကြားထားရသည်။သူက ဇနီး ၏မိသားစု တစ်ခုလုံး အိမ်ပေါ်ခေါတင်ကျွေးထားရသည်။ ယောက္ခမ ၊ခယ်မ သုံယောက်၊ ယောက်ဖ စသည့်တစ်ပုံတစ်ပင်။ အိမ်က ယောက္ခမ အိမ်လည်း မဟုတ်။ ဆရာဇော် အမေအိမ်။ ဒါကတော့ သူ ကျေနပ်လို ပခုံးထမ်းနေတာ ဘာမှပြဿနာ မရှိဘူး။

" ပြဿနာက သူဇနီး နဲ့ သူနဲ့ တော်တော်စကားများခဲ့ပုံပဲ။ သူဇနီးကလည်း  သူမိသား စုကို အထိခံချင်ပုံ မရဘူး။ ကျွန်တော်အထင် ယောက်ဖ ဒါမှမဟုတ်ခယ်မကိစ္စနဲ့ စကားများ ကြသလား မသိပါဘူး။ သေချာ တာကတော့ စကားများ ပြီး အိမ်ပေါ်ကဆင်သွား၊ အဲ အိမ်က ထွက်သွာပုံပဲ။

" ဆရာသိန်နိုင်ဆို မိန်မနှစ်ယောက်ဘာပြဿနာမှ မရှိဘူး။ အဲဒီလိုပဲဗျာ မိသားစုကြီး စုပေါင်းနေပြီဆို ပြဿနာ က တစ်ခုမဟုတ်တစ်ခုရှိမှာပဲ။ ဆရာဇော် ကြည့်ပြီး မိန်မယူရမှာတောင် ကြောင်တယ်ဗျာ " 
 " ဒါကြောင့် ဆရာလူပျိုကြီး ဖြစ်နေတာ။ ဘဝဆိုတာ ပြဿနာလေး အနည်း နဲ့ အများရှိမှ နေပျော် တာဗျ ဆရာမျိုး ရဲ့ မဟုတ်ဘူးလား"
"ကျွန်တော်တော့ မိန်းမ ယူရင် မိသားစုနည်တာကိုပဲယူမယ်။ ဥပမာ တစ်ဦးတည်း သောသမီးဆို ပိုတောင် ကောင်းတယ်။ ဘွဲတစ်ခု ရထားရမယ်၊ ဖုန်း ရှိရမယ်၊ အင်း ကားလေး တစ်စီး လောက်လည်း..."
" ဟားဟား  ဒါကြောင့် ဆရာလူပျို ကြီးဖြစ်နေတာကိုး "

သိုနှင် ဆရာဇော် နှင့်မတွေတာ နှစ်ပတ်ခန့် ကြာသွားသည်။နှစ်ပတ်အတွင် ဆရာဇော် တစ်ရက်ပဲ စာ လာ သင်သည် ဟုကြားရသည်။ တစ်ပတ်မှာကျွန်တော်တို့က အနည်လေး ကျူရှင်တစ်ခုကို ၂ရက်ဝင်ပေး ရတယ်။မြို့နယ်တွင်ရော မြိုံနယ်ကျော်တွေရော ၊ လှည်ပတ်သင်ရ သည်နှင်ကျွန်တော်တို့လည်း နားရ အားရ တယ် မရှိလှ။ နာမည်ကလေး ရသေ လုပ်များလေ။ ခက်တာက အလုပ်များမှလည်း ဒီခေတ်မှာ လူတန်းလေး စေ့ရုံနေနိုင်ပါသည်။ ဒါတောင်ကား မဝယ်နိုင်သေး။ တကယ်မြို့ တွင်းကဆရာကြီး တွေတော့ ကားလေး ဘာလေးစီးနိုင်ကြသည်။ ပညာရေး ဝန်ဆောင်မူ လုပ်ငန်းကလည်း ရုန်းကြကန်ကြ ရသည်သာ။

တစ်ရက်တွင် ကျွန်တော်တို အောင်မြင်ဂုဏ်ထူးကျူရှင်လမ်းထိပ်က လက်ဖက်ရည် ဆိုင်တွင်  ဆရာ သိန်းနိုင် ၊ ဆရာသက်မြင့် တို့ နှင့် အတူ ဆရာဇော်ကို တွေရသည်။ ဆရာဇော်မျက်နှာ က ချောင်ကျ သွားသည် ပြီး  နွမ်းဖတ်ဖတ်ဖြစ်နေသည် ထင်၏ ။ ကျွန်တော်က လက်ဖက်ရည် ဆိုင်ဝင်သွားပြီးနောက် ဆရာဇော်ကို တွေ့သော အခါ ဆရာ မတွေတာတောင် ကြာပြီနော် နည်းနည်းပိန်သွားသလားလို  ပြောမိတော့ ဆရာ သိန်းနိုင် က မျက်နှာရိပ်မျက်နှာကဲနှင် ဘာမှမမေးဖို့ မပြောဖို ဟန့်တားသည်။ ကျွန်တော်လည်း ကိုယ်ရှိန် သပ်ခါ လက်ဖက်ရည်တစ်ခွက် မှာလိုက်ရသည်။ သည်တော့မှ

" ဟုတ်တယ် ဆရာမျိုးရေ ... ကျွန်တော်လည်း ဒီရက်တွေမှာ မ စီးခံနေရလို့..."
" ဗျာ...မီးလောင်ခံသလိုပဲ..."
ကျွန်တော်က ဆရာဇော် ကို ရယ်စရာမောစရာအဖြစ် ကျီစယ်ခြင်းသာဖြစ်သည်။သိုတိုင် ဆရာဇော်က မရယ်ပါ။
" ဟုတ်တယ် ဆရာရယ် မီးလောင်တယ်။ရင်ဘတ်ထဲမှာ မီးလောင်နေတယ်...."
ဆရာမြင့်က ဆရာဇော်မမြင်အော် နူတ်ခမ်းကို လက်ဖြင့်ပိတ်ပြပြီး ဘာမှမပြောဖို့ ကျွန်တော် ကို တား ပြန်သည်။ ကျွန်တော်လည်းပြုံးရာမှ မျက်နှာကို တည်မိသွားသည်။ ခဏနေတော့ ကျွန်တော်တို့ လူစုခွဲ လိုက် သည်။ဆရာဇော် ခေါင်းငိုက်စိုက် ချကာ ပြန်သွားတာကို စိတ်မသက် မသာနှင့် တွေ့လိုက်ရသည်။

နောက်ရက် ကျွန်တော်ကလေးတွေစာပြအပြီးမှာ ဆရာသက်မြင့် နှင့် နှစ်ယောက်တည်း လက်ဖက်ရည် ဆိုင် မှာ ထိုင်ဖြစ်သည်။ကျွန်တော် အချိန်ပြီးတော့ ဆရာဦးအောင်မြင့် က ကျောင်း သားတွေကို မြန်မာစာ သင်ရင်း ကျန်ရစ်သည်။" ကောင်းပြီ မင်းတို့ အာဇာနည်နေ့ကို သိလား။ သိပါတယ်ဆရာ။အာဇာနည်နေ့ ဘယ်နေ့ က ဘယ်နေ့လဲ။ အာဇာနည် ရဲ့ သီချင်းဆိုတဲ့ နေ့ကို ပြော တာမဟုတ်ဘူးနော် " ကလေးတွေ၏ ဝါးကနဲ ရယ်သံကို ကျွန်တော်တို့ လမ်းလျှေက်ရင်း ကြား ရသည်။
လက်ဖက်ရည် ဆိုင်ထိုင်ပြီး လက်ဖက်ရည်မှာပြီးတော့ ဆရာသကမြင့်က ဆရာဇော် အကြောင်းကို စတင် ပြောပြသည်။

" ဆရာဇော် အကြောင်း အခုမု ကျွန်တော်လည်း လိမ့်ပတ် လည်တော့တယ်ဆရာ။ သူ့ ရပ်ကွက်မှာ ကျွန်တော့် မိတ်ဆွေ ရာအိမ်မှုး တစ်ယောက်ရှိသည်။ သူပြောတာက..."
"ငါ ဒီအိမ်ကို ရောင်းတော့မယ်၊ မင်းတို့အကြွး ဘယ်လောယ်လောက်တောင်ရှိလဲ အဲဒီအကြွေးကို အမေ ဆပ် ပေးမယ်..."
" အမေ...အမေ  ဘာပြောတာလဲ... ကျွန်တော်တို့"

ဒီကနေ့ အမေက အိမ်ကိုခဏ လှည့်ဝင်လာခဲ့ဦးဆို၍ ကိုဇော် ရုံးကအပြန် အမေ့အိမ် ၀င်ခဲ့ခြင်းဖြစ်သည်။း အမေ့အိမ် နှင့် သူ့အိမ်မှာ တစ်မြို့နယ်တည်းဆိုသော်လည်း ရပ်ကွက်ချင်းက ခြားသည်။ သူ လှမင်းသူ နှင့် ရခါစက အမေတို့ အိမ်မှပဲ လင်မယားနှစ်ယောက် နေခဲ့ကြသေး သည်။ ကိုဇော်မှာလည်း နှမတွေရှိသည်။ အမေက ကျောင်းဆရာမ အဖေကလည်း အရာထမ်း၊ အိမ်မှာက အိပ်ချိန်စားချိန် အလုပ်ချိန် စည်းကမ်းနှင့်ဖြစ်သည်။ သည်တွင် လှမင်းသူ မနေနိုင်ပါဘူး ဖြစ်သည်။ လွတ်လပ်မှု မရှိ ပျော်ရွှင်မှု မရှိ။ လင်ရယ် မယားရယ် ပူးပူးကပ်ကပ် အချိန်ပြည့် နေလို့မ ရ။ ယောက္ခမမျက်နှာ၊ ယောက်မတွေ အခြေအနေ ကြည့်နေ ရသတဲ့။ စိတ်ညစ်သတဲ့။ သည်တုန်းက လှမင်းသူ ကလည်း စည်ပင်မှာ ရုံးစာရေးမလေး လုပ်တုန်း ဖြစ်သည်။ ကိုဇော့်မိဘ တွေကလည်း ခပ်အေးအေးသမားတွေ လှမင်းသူ အနေအထိုင်ကို သိပ်ကြိုက်လှ တာမဟုတ်။

 သို့နှင့် အမေ၀ယ်ထားခဲ့သော ယခုမြေကွက်ကအိမ်မှာ လူငှားတွေဆင်းတော့ သူတို့ လင်မယားကို သွားရောက် နေခွင့်ပြုသည်။ အိုးခွဲပေးသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း၊ လေးငါး ခြောက်နှစ် ဟုတ် နေသည်။ တစ်ရက်မှာတော့ ဇနီးကပြောသည်။ သည်တည်းကအိမ်မှာ တစ်စ တစ်စ ရှုပ်ထွေး လာ တော့သည်။ သူတို့မှာ သမီးလေးတစ်ယောက်လည်း ရှိနေပြီဆိုတော့ အဘွား ဒေါ်လေး၊ ဦးလေးတွေ နှင့် သိုက်သိုက် ၀န်းဝန်း ရှိလာတာကတော မဆိုးဘူး လို့ပဲထင်သည်။ ဇနီး အပြောကလည်း ငြင်းဖို့မလွယ်။

"မြို့သစ်က အမေတို့ခြံလေးရောင်းလိုက်ရတယ် အစ်ကို၊ ပေါင်ထားတာ ဆုံးမှာစိုးလို့ ရောင်းလိုက်ရတာ။ လောလောဆယ် ညီမတို့နဲ့ လာနေပါရစေတဲ့။ ဒီမှာဆိုတော့ မြင့်မြင့်လည်း ကျောင်းတက်ရတာ အဆင်ပြေမယ်"
ခယ်မလေး တစ်ယောက်က ဒဂုံတက္ကသိုလ်မှာ ပထမနှစ်။ ယောက်ဖကတော့ စက်မှုဇုန် မှာ အလုပ် လုပ်သည်။ ယောက္ခမကြီးက မုဆိုးမ။ ခယ်မလေးတစ်ယောက်က အလယ်တန်း ကျောင်းသူပဲရှိသေးသည်။ သူ နည်းနည်းတော့ ဦးနှောက် စားသွားသည်။ သို့သော် ဘယ်လိုမှ မတတ်နိုင်။

"သမီးအတွက်လည်း အဆင်ပြေတာပေါ့။ ညီမလည်း အလုပ်မထွက်ရသေးဘူး။ ရှေ့နှစ်ဆို သမီးက ကျောင်း တက် ရတော့မှာ"
"ညီမအမေ က အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ နောက်ထပ်အိမ် ထပ်မ၀ယ်ဘူးလား"
"အမလေး အစ်ကိုရယ်... အကြွေးဆပ်ရတာ လောက်တောင်မလောက်ချင်ဘူး"

"ဒီလိုဆိုတော့ ဆရာဇော်လည်း မပြောသာဘူးပေါ့။ တိုတိုပြောကြပါစို့ရဲ့။ အဲဒီမိန်းမ ဘက်က မိသားစုတွေ ရောက်ပြီး နောက်ပိုင်း၊ ဆရာဇော် ရတာရော သူ့ဇနီးဝင်ငွေပါ မလောက်င တော့ဘူး။ အိုးခွဲထားတာ မှန်ပေမယ့် အမေ၊ မောင်၊ ညီမတွေနဲ့ တစ်အိမ်တည်းနေတာဆိုတော့ လေ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုသလိုပေါ့။ မရှိဘးဆိုပေး၊ ခယ်မကျောင်းစရိတ် လိုတယ်ဆိုပေး၊ ဒီတော့ ဆရာဇော်လည်း အလုပ်တဖက် နဲ့ ကျူရှင်တွေ တစ်ခုပြီးတစ်ခုဝင်၊ စာ သင်ရှာရဖွေရတော့တာပေါ့။ ဒါလည်း ဆရာဇော် က လူအေး စေတနာ လည်း ကောင်းတော့ ပြဿနာ မဟုတ်သေးဘူး။ ပြဿနာက.... "
ဆရာဇော် ယောက္ခမကြီး က နှစ်လုံး၊ သုံးလုံးဝါသနာအိုး။

အဲဒီ လောင်းကစား ကြောင့် လည်း မြို့သစ်က အိမ်နှင့်ခြံ ဆုံးရှုံးခဲ့ရတာဖြစ်သည်။ ကိုဇော် အိမ် ရောက်လာတော့ အဲသည်ရောဂါ က လှမင်းသူကို ကူးစက်သွားသည်။ သည်တွင် လှမင်းသူ ရုံးမှာလည်း အကြွေးတွေ ပိလာသည်။ သို့နှင့် ပြဿနာရှိလာပြီး အလုပ်ထွက်လိုက်ရသည်။ ဒါလည်း မဆင်ခြင်နိုင်။ လောင်းကစား ခရီးက မရပ်တန့်။ သို့နှင့် ဆရာဇော်သိတော့ ကြွေး ၁၅ သိန်းရှိနေပြီတဲ့။ ဒီတင် လှမင်းသူ နှင့် ယောက္ခမက ကိုဇော်တို့ ယခုလက်ရှိနေသော အိမ်ကို ပေါင်နှံဖို့လုပ်သည်ဟု ဆိုသည်။ ရောင်းဖို့ ပင်ကြံစည်ကြ သတဲ့။ ဒါကို ကိုဇော့်အမေက အချိန်မနှောင်းမီ သိသွားသည်။ သို့နှင့် သည် အိမ်ကို အမေ က ရောင်းလိုက်သည်။ ကိုဇော့်ဇနီး အကြွေး ၁၅သိန်းကိုလည်း ဆပ်ပေးသည့်အပြင် အိမ်ငှားနေဖို့ စရန်ငွေ နှင့် ငွေကြေးအချို့ပါ ပေးလိုက်သည်။ သည်တွင် ပြဿနာပြီးဆုံးသွားပြီလို့ ထင်ရ၍ ကိုဇော်စိတ်ချမ်းသာမယ် ရှိသေး ပြဿနာတွေ ကမပြီးဆုံးပါ။

"ဆရာဇော်က တော်ရုံတန်ရုံ မိန်းမကို အပြစ်မြင်တာ မဟုတ်ဘူးဆရာ။ သူ့မိန်းမကို လည်း သူက အတော်ချစ်ရှာတာ။ ဒါကြောင့် မိန်းမဆိုးသမျှ သူခွင့်လွှတ်နိုင်တာပေါ့။ မိဘအိမ်ကို မပြောမဆို ရောင်းဖို့ ပေါင်ဖို့ လုပ်တာတောင် အပြစ်မြင်တာမဟုတ်ဘူး။ ခုဟာက အတော်ဆိုး တယ်။ သူ့ ဆရာဆိုတဲ့ ဂုဏ်သိက္ခာ ပါ ထိခိုက်လာတယ်"
"ဘယ်လို ဆိုတာလဲဆရာရဲ့၊ ဆရာ့ဟာက ကိုရီးယားဇာတ်လမ်းတွဲလို ဇာတ်မနာ နာ အောင် ဇာတ်မရှုပ် ရှုပ်အောင် အချိုးအကွေ့တွေက များလှပါလား"
"ဆရာဇော့် အိမ်တွင်းရေး ပြဿနာက စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဆရာမျိုးရဲ့။ ဒါက တကယ့် ရီးယဲလ်စတိုရီ ပါ။ ဖြစ်ပုံက တစ်ရက် ဆရာဇော်ရှိတုန်း ဈေးထဲက အကြွေးရှင် တချို့ လိုက်လာတာနဲ့ ကြုံရတယ်... "

"လှမင်းသူ ရှိသလားဆရာ"
"မရှိဘူး၊ အပြင်သွားနေတယ်၊ ဘာကိစ္စများလဲဗျာ"

ဆရာကိုတော့ အားနာပါတယ်။ လှမင်းသူ ကျွန်မဆီက အထည်ငါးသောင်းဖိုး ယူထား တာ သုံးလ ရှိပြီ ဆရာ၊ ခုထိ တစ်ပြားမှ လာမဆပ်သေးဘူး။ ဟောဒီ မတင်တင်ဆီကလည်း ငွေ ၅ သိန်း ချေး ထားတာ၊ ပထမတော့ အတိုးလေးသွင်းပြီး နောက်တော့ မလာတော့ဘူးတဲ့။ တင်တင့်ဆီက သူထားတာ ဘယ်လောက် ကြာပြီလဲ ဆရာ့ကိုပြောပြလိုက်လေ... "
ဆရာဇော် ခေါင်းနပန်းကြီးသွားသည်။ ထိုအမျိုးသမီးများကို ပြေရာပြေကြောင်းပြော ကာ တောင်းပန် လွှတ်လိုက်ရသည်။ ယောက္ခမကြီးကတော့ နောက်ဖေးချောင်ကမထွက်။ ယောက္ခမကိုလည်း ဘာမှမပြောချင်။ ခက်တာက သူ့ဇနီးအသိဥာဏ်မဲ့မှုက ကမ်းကုန်နေပြီ။ ဒါတင်မဟုတ် ရပ်ကွက်ထဲက ကုန်စုံဆိုင်လေး တွေမှာပင် အကြေမကင်း။ ဆရာဇော် သိလာရတာက ဈေးထဲရပ်ကွက်ထဲ ဇနီးလှည့်ပတ် ယူထားသော အကြွေးတွေမှာ သိန်း ၆၀ လောက်ရှိသတဲ့။

"မင်း ဘယ်လိုလုပ်တာလဲ လှမင်းသူရယ်၊ ငါ ရပ်ကွက်ထဲ ဘယ်လိုမျက်နှာပြရ မလဲ။ ငါတော့ တကယ်ပဲ ရူး ချင်တယ်"
"အို... တော်လည်း ဘောလုံးပွဲ မလောင်းဘူးလား"
"ဘာ....မင်း ဒီအကြွေးတွေက နှစ်လုံးသုံးလုံး ထိုးပစ်တာပေါ့လေ၊ ဟုတ်လား လှမင်းသူ။ မင်းလည်း ပညာတတ်ပဲ၊ ဒါလောက် အသိဥာဏ်နည်းရသလား။ မိုက်မဲရသလား၊ ခုဆို ရပ်ကွက်ထဲမှာ ငါ့ဂုဏ်သိက္ခာ တစ်ပြားမှ မရှိတော့ဘူး။ ငါက မင်းမိသားစုတစ်စုလုံးကို တင်ကျွေး ထားတဲ့ ကျေးဇူးတောင် မထောက် ဘူးလား"
"ရှင် အဲလိုစကားမပြောနဲ့၊ ရှင် မေမေတို့ လာနေတာကို ဘယ်တုန်းတည်းက မကျေနပ် နေတာလဲ။ မိန်းမလို မိန်းမရ အလကားလူ... "

ကိုဇော် လက်ပါခဲ့ပြီ။ ယောက္ခမနှင့် ယောက်ဖကလည်း လှမင်းသူဘက်က မခံမရပ်နိုင် ကြ။ ပေါက်ကွဲမှုက ပြင်းထန်သွားသည်။ ဆရာဇော် ရှက်လွန်းလို့ ငိုကျွေးမိသည်။ ဇနီးက အိမ်ပေါ်မှ ဆင်းသွားသည်။ ယောက္ခမ မိသားစုကတော့ ကုပ်နှင့်ကော်ထုတ်ရမည့် အစားထဲက ဖြစ်မည်။ သူ့အိမ်ကမခွာသေး။
"ဇာတ်လမ်း က ဒါပဲဆရာမျိုး။ ဆရာဇော်က တော်ရုံတန်ရုံကို ဖြေရှင်းနိုင်တဲ့လူပါ။ စိတ်ဓာတ်လည်း ခိုင်တယ်။ ဒီ သပွတ်အူအဖြစ်ကတော့ ဆရာဇော်လည်း ရူးမတတ်ဘဲ။ ဘာလုပ် ရမှန်း သူလည်း လောလော ဆယ် သိပုံမရသေးဘူး။ ဆရာမျိုးသာဆို ဘယ်လိုဖြေရှင်းမလဲဗျာ"

ကျွန်တော် ဘာမှ ပြန်မပြောမိ။ ကားလမ်းမပေါ်ကိုသုာ ငေးနေမိသည်။ ကျွန်တော်ဆို ဘယ်လိုဖြေရှင်းမလဲ လောကီ ကို စွန့်ကာ ဘုန်းကြီးဝတ်သွားမလား။ ဒါလည်းမဟုတ်သေး။ ဇနီးကို ကွာရှင်းလိုက်မလား၊ ဒါကလည်း သမီး ကို ငဲ့ရဦးမည်။ ယောက္ခမ မိသားစုကို အိမ်ပေါ်ကနှင်ချ။ ဒါဆိုလည်းဇနီးနှင့် ပြေလည်မှု မရရှိနိုင်။ ကိုယ့်ကိုယ်ကိုယ် သတ်သေရမလား။ ဒါကတော့ အမိုက်မဲဆုံးအလုပ်ဖြစ်သည်။ သည်ပြဿနာ တွေကို လျစ်လျူရှုပစ်ပြီး ဘာသိဘာသာ နေလိုက်မလား။ သူ့ ပြဿနာသူရှင်း။ ဒါဆို တရားတပေါင်ကိစ္စ တွေ ၀င်လာမည်။ ယခုပင် ဆရာဇော့်ဇနီးကို ကြွေးရှင်တွေက ဖိုးတွမ်တီးနှင့် တရား မစွဲဘူး မပြောနိုင်။ ကျွန်တော် ဆရာဇော်နေရာက ၀င်ပြီး စဉ်းစားကြည့်တာနှင့်ပင် ရူးချင်မိသည်။
ကဲ..... စာဖတ်သူ ခင်ဗျားဆို ဘယ်လိုလုပ်မလဲ..........

ပြီးပါပြီ
 
မဟေသီ အောက်တိုဘာ ၂ဝ၁၁
.

9 comments:

Anonymous said...

အင်း.......
ဖတ်ကောင်းကောင်းနဲ့ဖတ်လာလိုက်တာ
ဆရာ ဇော် ဘယ်လိုဖြေရှင်းမလဲလို့ပေါ့
နောက်တော့မှ စာဖတ်သူကို ပြန်မေးသွားတယ်။

တကယ်တမ်းကျတော့ ချစ်တာနဲ့ အလိုလိုက်တာ
တခြားစီ လို့မြင်မိတယ်ဗျာ ကိုယ့်အိမ် ရောက်လာသော
ယောက္ခမ ခယ်မ ယောက်ဖ ဆိုတာတွေလည်း ကိုယ့်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိသင့်တယ် ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကိုယ် သူတို့မှ လမ်းမှန်အောင် မလျှောက်နိုင်လို့ ကိုယ့်အရိပ်အောက်ကို ရောက်လာခဲ့တာပဲ မဟုတ်လား။

ဆရာဇော့် မှာပဲ အပြစ်ရှိပါတယ် ဘယ်လို လုပ်သင့်လည်းဆိုရင်တော့ မိန်းမ ကိုဖြောင်းဖျပါ မရဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိပြီး ဖြစ်တဲ့အတွက်
အသည်း ကွဲခံကာ ကွာရှင်းလိုက်ပါ။

Anonymous said...
This comment has been removed by the author.
Unknown said...

ပြတ်ပြတ်သားသားဖြေရှင်းသင့်တယ်။ အခုချိန်မှာ မိန်းမကို သေချာပြောဆိုလို့မရရင် ကွာပစ်လိုက်။ ဒီလိုမှမဟုတ်ရင် ဒီဝဲသြဃထဲက လွတ်နိုင်မှာမဟုတ်ဘူး။ မိန်းမကလည်း မိုက်တာကိုး..။

သိုးထိန်း said...

ကိုယ့်ခြေပေါ် ကိုယ်ရပ်ကြစေချင်တယ်။ အမျိုးတော်တာ အကြောင်းပြပြီး သူတစ်ပါးလုပ်စာ အားမနာလျှာမကျိုး ထိုင်စားမယ်ဆိုတဲ့စိတ်ကြီး မိဘတွေကိုယ်တိုင်က ရိုက်သွင်းထားတာမကောင်းဘူး။
ဆင်းရဲတဲ့အမျိုးဆို လမ်းတွေ့တောင် မမြင်ယောင်ဆောင်တယ်, ချမ်းသာတဲ့အမျိုးဆို အတင်းလိုက် ဆွေမျိုးစပ်တယ်ဆိုတာက မရှက်တတ်တဲ့လူတွေမှာ အကျင့်လို ဖြစ်နေပြီ။

ကျွန်တော်တော့ ရွှေရှိမှ မျိုးတော်လာတဲ့ အမျိုးဆို မောင်နမအရင်းလဲ လှည့်ကိုမကြည့်ဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ဝတ္ထုတိုလေး လာဖတ်တာ
နှစ်လုံး သုံးလုံး ဘောလုံးကြောင့် ပညာလဲတတ်၊ ချမ်းလဲချမ်းသာပါရက်နဲ့ နောက်ဆုံးမှာ ဘဝပျက်တဲ့ထိ မွဲသွားရတဲ့သူတွေ တွေ့ဖူးတယ်
နောက် ညီမတို့ဘက်မှာတော့ စုကြေးကြောင့် ဖြစ်ရတာတွေရှိတယ်
စုကြေးပေါက်ပြီး ငွေထုတ်ပြီးထွက်ပြေးကြတယ်
ကျန်တဲ့ လတွေအများကြီးအတွက် ငွေမထည့်ကြတော့ဘူး
ဒီလိုနဲ့ ဒိုင်လုပ်တဲ့သူတွေက စိုက်လျော်ရင်း အိမ်ပါ ထိုးအပ်လိုက်ရတာတွေ အများကြီးဘဲ
ညီမတော့အဲဒါတွေကိုကြောက်လွန်းလို့ နှစ်လုံး သုံးလုံး တစ်လုံး ဘာတစ်ခုမှကို မထိုးဖို့ ဆုံးဖြတ်ထားတယ်
ထီတောင် မထိုးပါ။

မေဓာဝီ said...

အစောကြီးကတည်းက ကွာသင့်နေတာ :)

မြသွေးနီ said...

သဘောင်္သားအရာရှိတစ်ယောက်ရဲ့ မိန်းမယ ယောကျာ်းက တင့်တောင်းတင့်တယ် နေနိုင်အောင် ထားထားတယ်။ သူက ချဲထိုးတယ်။ ဖုန်းနဲ့ ချဲနံပတ် တစ်ခါတင်ရင် ပါးစပ်လေးနဲ့ သောင်းဂဏန်း၊ သိန်းဂဏန်းအကွက်တွေ ထိုးတယ်။ အဲ့ဒီကနေ အကြွေးသိန်းရာချီလာတယ်။ နောက်ဆုံး လူမမယ်ကလေးနှစ်ယောက်ကို အမေအိမ်ပို့ထားပြီး သူက ဆွဲကြိုးချ အဆုံးစီရင်သွားတယ်။ ယောကျာ်းခမျာလည်း ရင်ကွဲရတော့တာပေါ့။ ဘယ်အရာမဆို အလွန်အကျူးမကောင်းပါဘူး။ မိန်းကလေးတွေ လောင်းကစား ၀ါသနာပါတာကတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ မိသားစုနဲ့ ဒီလို ၀ါသနာကို လဲယူရတာ မတန်ဘူး၊ မဖြစ်လည်း မဖြစ်သင့်ဘူး။

Anonymous said...

ကိုယ့်အိမ်ပေါ်တက်စားနေတဲ့ ယောက်ဖတွေ ယောက္ခမတွေကို ကိုယ်ကပြန်ကြောက်နေရတာတော့ ဆရာဇော် မှားတာပေါ့. နှင်ချလိုက်ရမှာ။ ကွာလိုက်ရင် ကလေး အမေတစ်ကွဲအဖေတစ်ကွဲဖြစ်မယ်ဆိုတော့ မကွာရင်ကော မိန်းမ ဖိုးတွမ်တီးနဲ့ ထောင်ကျရင် ကလေးသိက္ခာမကျဘူးတဲ့လား။

blackroze said...

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး
တော်တော်လည်းဆိုးတဲ့ မိန်းမ
ဆုပ်လည်းစူး စားလည်းရူး..
ဆိုတာမျိုးကြီးပါလားနော်