ယမကာညနေခင်း (၂)
အသက်ကြီး၍ ပင်စင်ယူခါနီး မှ သင်တန်းတက်နေရသည့် အယ်ဒီတာကြီး နှင့် တပ်မတော်မှ ပင်စင်နာ အရာရှိကြီး တစ်ဦး တို့ ထုံးစံအတိုင်း စနေနေ့ညနေဆိုလျှင် ဂလက်စ်မော့ကြရန် ရောက်လာကြ စမြဲ ဖြစ်သည်။
လာကြဗျို့ လာကြ။ ဟိုနေ့က လက်ကျန်ကလေးရှင်းလိုက်ကြရအောင်။ ခင်ဗျားတို့ကို စောင့်နေတယ် ။
ခင်ဗျားတို့ကို စောင့်နေတယ် ဆိုတော့ ကျွန်တော်တို့ မလာရင် ခင်ဗျားက မသောက်တော့ဘူးလား။
သော်။ ။အဖော်မရှိ ရင်တော့ မသောက်ဖြစ်တာများပါတယ်။ ယမကာဆိုတာ ဥာဏ်ရည်ချင်း အဆင့်ညီ တဲ့ အပေါင်းအဖော်များ နဲ့ တစိမ့်စိမ့်သောက်ရမှ အရသာထူးတာမျိုး မဟုတ်လား။ တစ်ယောက်တည်း သောက်ရ တာတော့ ခြောက်ကပ်ကပ်နိုင်လွန်း လို့ မသောက်ဖြစ်ပါဘူး။ ကျွန်တော်ထင်ပါတယ်။ တစ်နှစ် မှာ ရက်ပေါင်းတစ်ရာလောက်ကတော့ မသောက်ဖြစ်ပါဘူး။

အယ်။ ။သတင်းထူးကလေးများ ဆွေးနွေးချင်တယ်ခင်ဗျာ။ ဆွေးနွေးရင်း ဂလက်စ်မော့ ကြတာပေါ့။
သော်။ ။သတင်းဆွေးနွေးချင်ရင်တော့ ရပါတယ်။ ဒါပေမဲ့ ဆွေးနွေးရမှာကတော့ စိတ်မကောင်း စရာ သတင်းတွေဗျ။ ဆိုကြပါစို့၊ ညောင်ဦးမြို့အနီးမှာ ပျက်ကျသွားတဲ့လေယာဉ်ကိစ္စနဲ့ တိုင်းလုံးကျော် နစ်မြုပ် တဲ့ ကိစ္စ။
ပင်။ ။ဟုတ်ပါ့ဗျာ၊ ဒီအဖြစ်မျိုးကတော့ တစ်တိုင်းပြည်လုံး ယူကျုံးမရ ဝမ်းနည်းကြရတဲ့ ကိစ္စပေပဲဗျ။
သော်။ ။ဝမ်းနည်းနေကျရုံနဲ့လည်း မပြီးသေးဘူးခင်ဗျ။ မတော်တဆဖြစ်ပွားမှုတွေ ကြုံကြိုက် တိုင်း ကျွန်တော် တို့က ဒီပေါ်မှာသင်ခန်းစာယူနိုင်ကြရမယ်။ ဒီလိုမတော်တဆ ဖြစ်ပွားမှု တွေနောက်ထပ်တစ်ခါ မပေါ်ပေါက် ရအောင် ဘယ်လိုအစီအစဉ်တေချမယ်၊ ဘယ်လိုကြိုတင် ကာကွယ်မှုတွေလုပ်ရမယ်၊ ဘယ်သူတွေ မှာတာဝန်ရှိတယ်၊ ဘယ်သူတွေမှာဖြင့် အရေးယူ သင့်တယ်၊ ဘယ်သူတွေကိုဖြင့် ချီးကျူး ဂုဏ်ပြု ရမယ် ဆိုတာမျိုးတွေကို အတိအကျသိရမှ သေသွားတဲ့ လူတွေအပေါ်မှာ တစ်ပိုင်းတစ်စ တာဝန် ကျေရာကျမယ်။ အရင်နှစ်များဆီက သံတွဲမြို့အနီးမှာ အိတ်က်စ် ဝိုင်အေဒီအမ်ဆို တဲ့ ဖော်ကာ တစ်စင်း ပင်လယ် ထဲ ပျက်ကျခဲ့ဖူး တယ်။
ကျွန်တော်တို့ဆီမှာ လေကြောင်းနှင့်ရေကြောင်း ကယ်ဆယ်ရေးတပ်ဖွဲ့(Air Sea Resue Squad) ဖွဲ့စည်း ထားရှိ သင့်ပြီ လို့ ကျွန်တော် လုပ်သားပြည်သူနေ့စဉ် သတင်းစာမှာ ရေးသား တင်ပြခဲ့ဖူးပါတယ်။ နောက်ပြီး အဲဒီမှာ လေယာဉ်မယ် တင်တင်လှိုင်ဟာ ခရီးသည် တွေလွတ် မြောင်သည်အထိ တာဝန် ကျေပွန်စွာ အမှုထမ်းဆောင်ရင်း သေဆုံးသွား ခဲ့ရရှာတဲ့ အတွက် သူ့ကို ချီးကျူးဂုဏ်ပြုသင့်တယ်။ ဆုတံဆိပ် ချီးမြှင့်သင့်တယ်လို့ ကျွန်တော်ရေးသား ခဲ့ပါတယ်။ ကိုယ့်တာဝန်ကိုယ် အတိုင်းထက်အလွန် ကျေပွန် ခဲ့ရင်၊ ကိုယ့်အသက်ကို ပဓာနမထားဘဲနဲ့ အများအသက်ကိုကယ်နိုင်ခဲ့ရင် နေရာတကာမှာ ဂုဏ်ပြု ချီးကျူး သင့်ပါတယ်။
အယ်။ ။ဒီကိစ္စမှာတော့ သတ္တိရှင်ကိုရွေးဖို့မလွယ်ဘူးခင်ဗျ။ လေယာဉ်ပျံကိစ္စဟာ ဗြုန်းစားကြီး ဖြစ်လိုက်တာ ဆိုတော့ ဘာမှလုပ်ကိုင်ဆောင်ရွက်ချိန် ရလိုက်မှာမဟုတ်ပါဘူး။
ပင်။ ။ဟုတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ် ဆိုတာတော့ စုံစမ်းရေး အဖွဲ့က စုံစမ်းထုတ်ဖော်ဖို့ လိုပါတယ်။ ရှရုပြည်က အဏုမြူ ဓာတ် ပေါင်းဖိုပေါက်ကွဲတဲ့ကိစ္စမှာ တာဝန် ရှိသူတွေကို အရေးယူခဲ့တယ်မဟုတ်လား။
သော်။ ။ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရင် ဖြစ်ပြီးတာတွေအပေါ်မှာ သုံးသပ်ချက်ပြုပြီး၊ နောက်ထပ် အလားတူ ကိစ္စမျိုး မဖြစ်ပွားရလေအောင် ပြုလုပ်ကြဖို့က အဓိကပါ။ ခုဟာက ဟိုပုံးမြို့အနီး မဲနယ် တောင်မှာ လေယာဉ်ပျက်ကျတဲ့ကိစ္စ ခံစားမှုဒဏ်ရာကမှ မကျက်သေးဘူး၊ လေးလအတွင်းမှာ နောက်ထပ် တစ်စင်း ပျက်ကျတယ်ဆိုတော့ သိပ်ကို ခံစားချက်ပြင်းထန် လွန်းအားကြီးရပါတယ်။ ကျွန်တော်တော့ ဒီနှစ် စာပေဟောပြောပွဲ ခရီးစဉ်မှာ လေယာဉ်ခရီးဆို ခပ်လန့်လန့်ပဲဗျ။
ပင်။ ။ခင်ဗျား ကလည်း သတ္တိကြောင်ရန်ကောဗျာ၊ လေယာဉ်ခရီး မသွားမဖြစ်တဲ့လူတွေ လည်း ကိုယ်ချင်း စာပါဦး။ သဘောင်္ကကော ဘာထူးသေးလို့လဲ။
သော်။ ။သဘောင်္ကမှ အနည်းဆုံး အသက်ရှင်ဖို့ ကြိုးပမ်းခွင့်ရှိသေးတယ်ဗျ။ တိုင်းလုံးကျော် နစ်မြုပ်တဲ့ ကိစ္စမှာ လူတစ်ရာကျော်အသက်ရှင် ကျန်နေခဲ့သေးတယ် မဟုတ်လား။ လေယာဉ်ပျံ က ဖြစ်လိုက်ရင် စင်းလုံးကျွတ် လိုချည်းပဲ။
ပင်။ ။တိုင်းလုံးကျော်နစ်မြုပ်မှုမှာ သေသူဘယ်လောက်ရှိသလဲ။
အယ်။ ။အို ခင်ဗျားကလည်း ဘယ်သူကအတိအကျသိလို့ ဘယ်သူကထုတ်ပြန်ကြေညာမှာ တဲ့လဲ။ သဘောင်္လက်မှတ် ရောင်းထားတာ နဲ့ က တစ်ခြားစီပါ။ လူပိုတွေ၊ဝန်ပိုတွေက အများကြီးဆိုပဲ။
သော်။ ။တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စကတော့ ဝမ်းနည်းစရာအကောင်းဆုံးပဲ။ ကမ်းနဲ့ကလည်း မနီးမဝေး၊ ရေတပ်စခန်း နဲ့ ကလည်း နီးနီးလေးမို့ ဒါလောက်အသက်ရှင်ကျန်တာ တော်သေး တာပေါ့။
တိုးအေး နစ်မြုပ် တဲ့ ကိစ္စတုန်းကလည်း လူတွေအတုံးအရှုံး သေခဲ့ကြရပြီ။ တချို့သော ကိစ္စတွေမှာ သက်ဆိုင်ရာ တာဝန်ခံသူတွေ ရဲ့ ရာဇဝတ်မှုထိုက်စေသည့် ပေါ့ဆမှု(Criminal Negligence) ဖြစ်ခဲ့လို့ရှိရင် ဒီတာဝန် ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ ကောင်းပါ တယ်။ ဒါမှမဟုတ် မမျှော်မှန်းနိုင်တဲ့ အကြောင်းအရာ တစ်ရပ်ကြောင့် နစ်မြုပ်ရ တယ်ဆို ရင်လည်း တရားနဲ့ပဲ ဖြေဖို့ထားလိုက်ပါ။ တစ်ခုခုတော့ ပြတ်ပြတ် သားသား သိသင့်ပါတယ်။
ပင်။ ။နေပါဦးဗျ။ နိုင်ငံခြားမှာကော ဒီလိုအဖြစ်ဆိုးများ ဖြစ်ပွားခဲ့ရင် ဘယ်လိုဆောင်ရွတ် လေ့ရှိကြ သလဲ။
သော်။ ။နိုင်ငံခြားမှာလည်း ဒီလိုအဖြစ်မျိုးမကြာခဏ ကြုံတွေ့ခဲ့ကြတာပါပဲ။ လေယာဉ်ပျက်၊ သဘောင်္နစ်၊ မီးရထားမှောက်...စသည်ဖြင့်ပေါ့ဗျာ။ သူတို့ဆီမှာ ဖြစ်ဖြစ်ချင်း ပဏမစစ် ဆေးကြားနားမှု (PRELIMINARY HEARING)ပြုကြပါတယ်။နောက်တာဝန်ရှိတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့ကို တရားခွင်မှာ စွဲချက် တင်ပြီး စစ်ဆေးစေပါတယ်။ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးတဲ့ရုံးတံခါးဖွင့် (OPEN COURT) စစ်ဆေးခြင်းပါ။ အများပြည်သူအသက်နဲ့ ပတ်သက် လာရင် တံခါးပိတ်စစ်ဆေးမှုမျိုး မပြုကြပါဘူး။ နောက်ပြီး အာမခံကြေး၊ လျော်ကြေး ကိစ္စတွေကိုလည်း ဒီလိုပဲဆုံးဖြတ်ကြပါတယ်။ တတ်နိုင် သမျှ အချောင်သက်သက်မဲ့ မနစ်နာ စေဖို့ ကြိုးစားနှစ်သိမ့်လေ့ရှိပါတယ်။ ဗြဟ္မစိုရ်တရားဆိုတာ ဒီလိုလုပ်ရပ် တွေနဲ့ မှတ်ကျောက် တင်ကြည့်နိုင်ပါတယ်။
အယ်။ ။လေယာဉ်ပျံကတော့ ထိုင်ခုံနဲ့ခရီးသည်ကို အတိအကျတွက်လို့ရတယ်။ သဘောင်္က တော့ စည်းကမ်း မရှိ တင်ကြတာပဲလား။
သော်။ ။တကယ်ကတော့ ကိုယ်တင်ချင်သလို တင်လို့ရတာမဟုတ်ပါဘူး။ ခရီးသည်တင် သဘောင်္ တွေမှာ လူဦးရေကန့်သတ်ျချက်စည်းကမ်းတွေ ခရီးသည်တိုင်းအတွက် ထိုင်ခုံ သို့မဟုတ် အိပ်စင်တွေ အသက်ကယ် ပစ္စည်းတွေ အလုံအလောက်ပါရှိမှသာ ခရီးသည်တင် ဆောင်ခွင့်ရပါတယ်။ ကိုယ်တင်ချင် သလို ခရီးသည်တွေကို တင်လို့မှ မရတဲ့ဥစ္စာ။
ပင်။ ။ဟောဗျာ။ ကျွန်တော်တို့ တွေ့နေရတာကတော့ ကုန်တွေကလည်း အပြည့်အသိပ်၊ ဝမ်းခေါင်း ထဲမှာရော၊ ကုန်းပတ်ထက်မှာရော၊ ခရီးသည်တွေကလည်း အထက်ကုန်းပတ်၊ အောက်ကုန်းပတ်မှာ နေရာ တိုင်း မှာ တိုးသိပ်လို့ တင်းကျမ်း။ အိမ်သာသွားချင်တာတောင် မနည်းတို့ဝှေ့ကျော်လွှားပြီး ဒုက္ခကြီးစွာ နဲ့ သွားရတာ ပါလား။
သော်။ ။အဲဒါ ကိုလိုနီအမွေဆိုးတွေပေါ့ဗျာ။ အင်္ဂလိပ်လုပ်သွားခဲ့တာလေ။ သူတို့အင်္ဂလန်မှာ ဘယ် ဒီလို စီးလို့ရပါ့မလဲ။ ခရီးတင်သဘောင်္ပြေးဆွဲမယ်ဆိုရင် စီးနင်းမယ့်ခရီးသည်တိုင်းအတွက် ခရီးတိုဆိုရင် ထိုင်ခုံ နေရာ ထားပေးနိုင်သလောက်သာ တင်ရတယ်။ ညအိပ်ခရီးဆိုရင် အိပ်ခန်းအိပ်စင်ရှိသလောက်သာ တင်ဆောင်ခွင့် ရှိတယ်။ အသက်ကယ်သော၊ အသက်ကယ် အကျီင်္၊ အသက်ကယ်ဖောင်၊ အသက်ကယ် လှေ၊ သဘောင်္သားနဲ့ ခရီးသည်များအတွက် အလုံအလောက်ပါရှိရမယ်။ စည်းကမ်း သာ ဒီလိုရှိတယ်။ ကုန်ချိန် ကိုလည်း ဒီလိုပဲ အကန့်အသတ်ရှိတယ်။
အယ်။ ။နို့ ကျွန်တော်တို့ဆီကျတော့ ဘာကြောင့်စည်းကမ်းမရှိ တင်နေကြတာလဲ။
သော်။ ။ကိုလိုနီအမွေဆိုးလို့ ပြောခဲ့ပါပြီကော။ သဘောင်္တစ်စီးထက်မှာ အိပ်စရာနေရာမရှိ၊ ထိုင်စရာ နေရာမရ၊ ကုန်းပတ်ထက်မှာပဲ ဖျာကလေး၊ အခင်းကလေး ခင်းပြီး လူတွေကို ခြေနင်းဖတ်ပေါ်မှာ ကျွဲနွား တိရစ္ဆာန် တွေလို တင်တဲ့သဘောင်္လူတင် စနစ်ကို စူးအက်အရှေ့ ဘက် ပေါ်လစီ(EAST OF SUEZ POLICY) လို့ ခေါ်တယ်။
ကမ္ဘာ့အရှေ့ဖျားကို ကိုလိုနီနယ်ချဲ့အတူ ရောက်လာတဲ့ အရှင်းရှင် သဘောင်္ကုမ္ပဏီကြီးတွေက ကမ္ဘာ့ အရှေ့ အလယ်ပိုင်း နဲ့ အရှေ့ဖျားမှာ အိန္ဒိယ၊ တရုတ်၊ မလေးရှားစတဲ့ ခရီးသွားတွေတစ်ပြုံကြီးဆီက ပိုက်ဆံကို လိုချင်တော့ သဘောင်္ပေါ်မှာ ကျွဲနွားတိရစ္ဆာန်တင်သလို တင်ချင်ကြတယ်။ ဒါပေမဲ့ သဘောင်္ ကုမ္ပဏီဖြစ်တဲ့ လွိုက်ကုမ္ပဏီက ခွင့်မပြုခဲ့ဘူး နောက်မှ အထူးအာမခံကြေးပေးပြီး အေး မင်းတို့ခရီးသည် တွေကို တိရစ္ဆာန်စနစ် နဲ့ တင်ချင်ရင်တော့ စူးအက်တူးမြောင်းရဲ့ အရှေ့ဖျားဒေသတွေမှာ တင်ပေတော့လို့ ကန့်သတ်ချက် နဲ့ ခွင့်ပြုလိုက်တဲ့ စနစ်ပဲဖြစ်တယ်။ အဲဒါကို ကျုပ်တို့အရှေ့တိုင်းသားများက ဟုတ်လှပြီ အောက်မေ့ပြီး ကုန်းပတ်ထက် မှာ ဖျာတစ်ချပ်စာ တစ်နေ ရာစာရရင်ပဲ ကတ္တီပါကောဇောခင်း၊ ကျောက်ကာချိုင့် နဲ့ ထမင်းပါစားပြီး စတိုင်တင်း ခဲ့ကြ တာပေါ့။ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်မှန်း မသိခဲ့ကြ တဲ့ လူတွေဖြစ်ခဲ့ရတယ်။
ပင်။ ။ဟာဗျာ...အသည်းနာစရာကောင်းလိုက်တာ။ ကျုပ်တို့ကလည်း ဘာဖြစ်လို့ဖြစ်မှန်း မသိခဲ့ကြ ပါဘူး။ သူတို့ကိုတောင်ကျေးဇူးတင်ခဲ့ကြပြီး သူတို့ပေးတဲ့ပုံစံအတိုင်း လိုက်ပုံတူကူပြီး ခရီးထွက်နေရတာပဲ ဟုတ်လှပြီ အောက်မေ့နေတာ။
သော်။ ။အဲ...အင်္ဂလိပ်က ကျုပ်တို့အရှေ့တိုင်းသားတွေကို ကုန်းပတ်ထက်မှာ ကျွဲနွဲတင်သလို တင်ခဲ့ပေမဲ့ သူတို့ ရဲ့ ဧရာဝတိဖလော်တီလာ ကုမ္ပဏီ ဟာ အိမ်သာ က အစ သန့်ရှင်းမှုတော့ အပြည့်ထားခဲ့တယ်ဗျာ။ အင်္ဂလိပ် ဆီ က အကျင့်ကောင်း ကိုတော့ ရအောင်မယူနိုင်ခဲ့ကြဘူး။
အယ်။ ။ဟုတ်တယ်ဗျာ၊ သဘောင်္အိမ်သာ၊ ရထားအိမ်သာတွေကဖြင့် ညစ်ပတ်တဲ့နေရာမှာ လက်ကျန် မရှိ တော့ပါဘူး။
ပင်။ ။ရထားအိမ်သာတွင်ပဲလား အဲဒါတွေကမှ တော်သေးတာပေါ့။ စည်ပင်သာယာက ဈေးအိမ်သာ ဆိုတာမျိုး ကဖြင့် ခြေချလို့မရအောင် ညစ်ပတ်လှပါသဗျား။
သော်။ ။ အဲသည် အိမ်သာကိစ္စပေါ့ဗျ။ ကျုပ်က အခုလိုယမကာဝိုင်းမှာ အမှတ်မထင် ရယ်စရာ ပြောလိုက်တာ၊ မောင်သစ် က မြတ်လေး မဂ္ဂဇင်းမှာ သွားရေးလို့ ဒုက္ခများ သွားပါပြီ ကော။
အယ်။ ။ဘယ်လိုလဲဗျာ၊ လင်းစမ်းပါဦး။
သော်။ ။ဒီလိုဗျာ၊ ယမကာဝိုင်းမှာ မောင်သစ်ကပြောတယ်။ သူတလောဆီက ထိုင်းနိုင်ငံအနှံ့ ခြေဆန့်ခဲ့ သတဲ့။ အဲသည်မှာ မြို့ကြီးပြကြီးမပြောနဲ့ ထိုင်းနိုင်ငံကျေးရွာကလေးများအထိ အိမ်သာမှန်ရင် ရေဆွဲ အိမ်သာ၊ ရေလောင်းအိမ်သာ ချည်းပဲတဲ့။ ညအိမ်အဝေးပြေးဟီးနိုး ကားကြီးတွေပေါ်မှာတောင် အိမ်သာ ပါတယ်။ အိမ်သာကရေမွှေး နံလေးသင်းနေတယ်၊ ဂီတသံလေးလည်း ညင်ညင်သာသာကြားနေရတယ်တဲ့။
ပင်။ ။အင်း...ကျုပ်တို့ဆီကနဲ့များ ကွာပါဘိခြင်း။
သော်။ ။အဲဒါကြောင့် ပြောတာပေါ့ဗျာ။ အဲဒီမှာ ကျုပ်ကဝင်ပြောတယ်။ ကျုပ်တို့မြန်မာတွေမှာ အိမ်သာ ယဉ်ကျေးမှု ဘယ်တုန်းကမှ ရှိခဲ့ဟန်မတူဘူး။ အိမ်သာကို ကျန်းမာသန့်ရှင်း ရေးနေရာထက် ရွံ့စရာ၊ အော့နှလုံး နာစရာနေရာလို့ ခုထက်ထိ ယူဆနေကြသေးတယ်။ ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ ဇလား အိမ်သာတွေ၊ နယ်မှာကျင်းအိမ်သာတွေ၊ ကျေးရွာတွေမှာ တောထိုင်ဓလေ့တွေကို ယနေ့ထိ မဖျောက် နိုင်ကြသေးဘူး။ သန့်ရှင်း ရေးလုပ်တဲ့ နေရာမှာလည်း အလွယ်တကူတုတ်ခနောင်းလောက်နဲ့ပဲ ကိစ္စပြီး နေကြတယ်။ ကုန်ကုန်ပြောရရင် မြန်မာရှင်ဘုရင်တောင် မှ အိမ်သာသုံးစက္ကူနဲ့ သန့်ရှင်းရေး လုပ်မသွားခဲ့ဘူး။ ရေလည်းမသုံးဘူး ထင်ပါတယ်။ မန္တလေးနန်းတော် မှာ အိမ်သာဆိုတာကို ကျုပ်တော့မ မြင်ခဲ့ ဖူးဘူး။(ဘယ်မြင်ဖူးပါ့မလဲ၊ ကျုပ်သိတတ်တဲ့အရွယ် မှာ မီးလောင်ပြာကျသွားခဲ့ပြီကိုး။) မိလ္လာ သန့်ရှင်းရေး ဝက် (ဝက်တော်) ကို မွေးထားခဲ့ပုံရတယ်လို့ ပြောမိတယ်။
ပင်။ ။ယမကာဝိုင်းမှာလား။
သော်။ ။ဟုတ်တယ်၊ မိတ္ထီလာတပ်ထဲက ယမာကဝိုင်းမှာ။ အဲသလို ယမကာဝိုင်းမှာ ပြောတဲ့စကားကို မောင်သစ် က တောစကားတောပျောက် မထားဘဲ တလေးတစား နဲ့ မြတ်လေး မဂ္ဂဇင်းမှာသွားရေးတော့ စာဖတ် ပရိသတ် က သူ့ကို ဝိုင်းကောကြပေါ့ ။တကယ်ဆို ရေးချင်ရင် ရွှေဘုံနိဒါန်းလေး၊ ရွှေကိုင်းသားရဲ့ စာအုပ် ကလေး ဖတ်ကြည့်ပါဦးလား။
အယ်။ ။အတော်ဆိုးတဲ့လူပဲဗျာ။ ရေးစရာရှားသလားလို့။
သော်။ ။မဟုတ်ဘူးဗျ။ သူက အိမ်သာကို အတော်အရေးထားလေးစားတဲ့လူ။ သူတစ်ချိန်က တောတွင်းမှာ ရှိစဉ် သူတို့ဆရာကြီးများ ပြေးရင်းလွှားရင်းတောင် အိမ်သာကို တစ်ယိုစာတူးပြီး သွားရတဲ့ အချိန်မှာ ဆရာကြီး အတွက် သီးသန့်ယိုကျင်း၊ ဗဟိုကော်မတီဝင်းများအတွက် သီးသန့်ယိုကျင်း၊ အခြား အဆင့်များ အတွက် သီးသန့်ယိုကျင်း၊ သတ်မှတ်ယိုခဲ့ကြလို့ အိမ်သာဗျူရိုကရေစီဆိုပြီး စာတမ်းတစ်စောင် ရေးတင်ခဲ့ သေးတယ်။
ပင်။ ။တယ်လည်း စာတမ်းပြုစုချင်တဲ့သူပါပဲလား။ အဲသလို စာတမ်းတင်တော့ဘယ် လိုဖြစ်သလဲ။
သော်။ ။ဘာဖြစ်ရမလဲ။ သူ့ကို တောထဲကနေ မြို့ကိုပြန်ပြီး ပင့်ကန်ထည့်လိုက်တပေါ့။ ဒါနဲ့သူ မြို့ပေါ် ပြန်ရောက် လာပြီး အိမ်သာသုတေသနဆက်လုပ်နေတာပဲ။ စာပေဟောပြောပွဲသွားရ မှာလည်း ကျွန်တော်တို့ တည်းခိုရမဲ့နေရာ အိမ်သာကောင်းရဲ့လားလို့ အရင်မေးပြီး စိတ်ချရမှ သွားဟောတယ်။ ဒီနေရာ မှာတော့ သူနဲ့ကျုပ်က သဘောတူတယ်။ စာပေဟောပြောပွဲဖိတ်တဲ့ မြို့နယ်လူတွေ စားရ သောက်ရတာ ဘာမှအရေးမကြီးပါဘူး။ ဖြစ်သလိုစားလို့ရပါတယ်။ မြို့ခံပုဂ္ဂိုလ်တွေကလည်း စေတနာ အပြည့်နဲ့ အကောင်းတွေချည်း ကျွေးကြမှာကို ယုံကြည် ပါတယ်။ လုံးဝသံသယမဖြစ်ပါဘူး။ ယမကာ ကတော့ ရှာလို့၊ ဖွေလို့ ဝယ်လို့ ရသမျှ ပေါ့ဗျာ။ အင် ချင်လည်း အင်မှာပေါ့။ အဲ အိမ်သာကိစ္စတော့ ကျွန်တော် တို့က အလေးထား စဉ်းစားရ ပါတယ်။
အယ်။ ။အဲဒီတော့ နယ်မသွားနဲ့ပေါ့ဗျာ။ မဟောနဲ့ပေါ့ဗျာ။
သော်။ ။အင်း... ခင်ဗျားပြောသလိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ ရန်ကုန်နေပြီး ပရိယေသန ဝမ်းစာကလေး ရှာဖွေယက်ကန် စားနေရတာကို တစ်နှစ်မှာ တစ်လနှစ်လလောက် နယ်လှည့် ခရီးသွားရတာ နဲ့ပဲ အပန်းဖြေရပါတယ်။ ခရီးသွားရတာ အဆင်ပြေလွန်းလို့ပါ။ ဟောချင် ပြောချင် လွန်းလှ လို့တော့ မဟုတ်ပါဘူး။ ဒီနေ့မြန်မာပြည်မှာ ကိုယ့်ဘာသာကိုယ် ခရီးသွားရတာ စိတ်ညစ်စရာ ကောင်းလှ သဗျာ။
ပင်။ ။စာပေတာဝန်နဲ့ မြို့ခံအစီအစဉ်နဲ့ သွားတော့ အဆင်ပြေတာပေါ့။

သော်။ ။ဒါပေါ့ဗျာ။ အဆင်ပြေတဲ့ ဟိုဘက်လွန်နေလို့ ကိုယ့်ကိုယ်ကိုတောင် ဟုတ်လားချည် လားလို့ အောက်မေ့ ယူရတယ်။ တစ်ခါက ကား နဲ့ တစ်နေ့လုံးခရီးသွားရတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ တံတား တွေမှာ တခြားကားတွေ တန်းစီရပ်ပြီး စစ်ဆေးခံရတယ်။ ခရီးသည်တွေ ဆင်းပြေးရတယ်။
အယ်။ ။ခင်ဗျား တို့ စာရေးဆရာတွေကော ဆင်းကြရသလား။
သော်။ ။ဝေလာဝေး၊ ကားမောင်းတဲ့ ဒရိုင်ဘာက ခေါင်းပြူထွက်ပြီး ချောကား လို့ အော်ပြော ခဲ့တယ်။ သွားစေပဲ ရပ်တောင်မပေးရဘူး။
ပင်။ ။ကဲ...ပုလင်းလည်းပြောင်နေပြီ။ ထပ်လိုချင်သေးဗျာ။ ချောဆွဲလို့ ရနိုင်ပါဦးမလား။
သော်။ ။အဲဒါတော့ မရနိုင်ဘူးဗျ။ ချော နဲ့ အိမ်ပြန်နိုင်ရင်တော့ ပြန်ကြပေဦးတော့ဗျို့။ ပုလင်းတော့ ချော သွားပြီပဲ။
ဆက်ရန်
.
ဆက်ရန်
.
2 comments:
ဖတ်လို့ကောင်းနေတုန်း မကြီးကလဲ ဆန့်တငန့်ငန့်နဲ့း(
ရုပ်ရှင်ကောင်းတုန်းမီးပျက်သလိုပဲး(
ဟီးဟီး နီးရာဓားကိုကြောက်ရတော့ အားလုံးက ကိုလိုနီအမွေဆိုးကြောင့်ပေါ့
ဒီကိုလိုနီအမွေဆိုးက တော်တော်ကြောက်စရာကောင်းတယ်
Post a Comment