အလံဖြူ
ကြူးနှစ်
ကြူးနှစ်
တက္ကစီကားက ကျယ်ဝန်းသော်လည်း ဗြုတ်ထ ကြမ်းထော်နေသည့် လမ်းမကြီးပေါ်မှ ဘယ်ဘက်သို့ ချိုးကွေ့ လိုက်သည်နှင့် ချောမွတ်ညီညာသောလမ်းပေါ်ဆီမှ အထိအတွေ့ ရုတ်ခြည်း ပြောင်းလဲသွားသော ပိုမို အေးမြ လန်းဆန်းသည့် လေထုတို့ ကြောင့် ကိုအေးသောင် ၏ အာရုံတွေနိုးကြားကြည်လင် လာကြသည်။ လမ်းဘေးမြင်ကွင်းကလည်း သစ်လွင်ပြေင်းလဲသွား၏ ခေတ်မီ တိုးတက် သည့် လုံး ချင်း တိုက်တာ အိမ်ရာများ၊ ဖွံ့ဖြိုးဝေဆာစ သစ်ပင်ပန်မန်များဖြင့် နေခြည်ထဲမှ ၀င်းပနေကြသည့် သပ်ရပ် လှပသော ခြံဝင်းများ ၊လမ်းငယ်ပေါ်မှာ တိတ်ဆိတ်စွာ ဖြတ်သန်းရွေ့ လျားလာကြသည့် လက် လက် တောက် ကားငယ်များ။
ကိုအေးသောင် အဖို့ ကမ္ဘာသစ်တစ်ခုထဲ တိုးဝင်လိုက်ရသလိုမျိုး ရက်တလှိုက်လှိုက် ဖိုသွာသည်။ အိုး ရန်ကုန် ဟာ အတော်ကြီး ပြောင်လဲ သွားပါကလား။ ဟိုတုန်းက ရန်ကုန်နဲ့ တခြားစီပါလား။ အိုး တိုက်အိမ် လှလှ ကလေးတွေ ၀င်းခြံလှလှကလေးတွေနဲ့ နေရာမျိုး ကိုင်းငါ့တစ်သက်မှာတစ်ခါမျှ မရောက်ဖူး ခဲ့ပါ ကလား။ သြော် ဗီဒီယိုထဲ မတော့ ကြည့်ဖူးပါရဲ့။ ဒါပေမဲ့ အခုလို မြင်ရတွေ့ရတာနဲ့ ဗီဒီယို ထဲကနဲ့ တခြားစီ။ ဘကြီး ဟောဒါ ကျွန်တော်နေတဲ့ သီးသန့်မြို့သစ်ပဲ။ မြို့တည်လို့ ပြီးသွားတာ သုံးနှစ်ပဲ ရှိသေးတယ်။ သူ့ဘေးမှာ ထိုင်နေသော ကျော်သန်းဝင်း (ငယ်မည်ငတွတ်) က ပြောလိုက်စဉ် ကိုအေးသောင် စိတ်လှုပ်ရှားမှုကြောင့် ငေးကြောင်ကြောင်။
စက္ကန့်အနည်းငယ် ကြာမှ ကိုအေးသောင် အားယူပြီး ဆေးရောင်မတူပေမယ့်ပုံစံတူတိုက် တွေဆိုတော့ ကြည့်ရတာ အဆန်းသားကွ ကစားစရာ အရုပ်ကလေးတွေနဲ့တောင် တူနေသေး။ တန်ဖိုးကလည်း နည်းမည် မဟုတ်ဘူး ဟု လေးလေးပင်ပင်ပြောသည်။ သူစိတ်ထင် တိုက်တစ်လုံး၏ တန်ဖိုးမှာ ကုဋေချီ၍ တန်နေ ပေလိမ့်မည်။ ရွာမှာဆောက်တဲ့ နှစ်ထပ်အိမ်တွေတောင် ငွေသိန်းရာချီပြီး ကုန်သမှုတ်လား။ သူ့ဈေးနဲ့ သူ တန်ကြေးပေါ့ ဘကြီးရာ တန်ဖိုးဈေးနှုန်းကို မေးမည်ကြံပြီးကာမှ သိရတော့ကော ဘာအကျိုး ရှိမှာလဲဟု တွေးကာ ကိုအေးသောင် နှုတ်ခမ်းစေ့ထားလိုက်၏။ ကျော်သန်းဝင်းကလည်း စကားမစပ် တော့ဘဲ `` ဘင်ဆန့်နဲ့ဟက် `` စီးကရက်ကိုသာ ရှိုက်ဖွာနေ သည်။
တက္ကစီကား ခရီးသည်တင်ခန်းထဲမှာ ယှဉ်တွဲ၍ ထိုင်နေကြသော ကိုအေးသောင် ၏ ကြမ်းတမ်းညိုမွဲသော ရုပ်သွင်ပြင် နှင့် ကျော်သန်းဝင်း၏ သန့်ပြန့်စိုပြည်သော ရုပ်သွင်တို့မှာအကွာကြီး ကွာလျက်ရှိသည်။ စင်စစ် သူတို့ သွေးသားတော်စပ်ခြင်းမရှိ။ ဆွေမျိုးတမျှ ရင်းနှီးသော ရွာ့ဆွေရွာ့မျိုးသား သာဖြစ်သည်။ ကိုအေးသောင် က အသက်(၆၀) နီးပါး အရွယ် ညိုတိုတို ပိန်ကိုင်းကိုင်း ကျော်သန်းဝင်းက အသက်(၃၀) တစ်ဝိုက် ဖြူဖြူတောင့်တောင့် ကိုအေးသောင်က ဘ၀ပျက် တောသူဌေးဂိုက်။
ကျော်သန်းဝင်း က ရန်ကုန်ရေပေါ်ဆီ လူ့ အလွှာက စီးပွားရေးအောင်မြင်နေသူ။ လူရည်လည်ပုံစံ။ လူရည်သန့် ဒီဇိုင်း။ ဘကြီးရေ ရောက်င်္ပြီ ဒါကျွန်တော်တိုက်ပဲ သူ့ပေါင်တစ်ဖက်ကို ကျော်သန်းဝင်းက အသာပုတ် လိုက်မှ သူ့ကိုယ်သူ အခြားတစ်ပါးသော ဘုံဌာနတစ်ခုသို့ရောက်နေ သယောင်ယောင် ခံစားေ၀၀ါး နေခဲ့သည့် ကိုအေးသောင် ``အန်`` ဟုမြည်တမ်းရင်း လက်တွေ့ အဖြစ်အနေထားသို့ ပြန် ရောက် လာ၏။ သြော် ငတွတ်တို့ တိုက်ကလည်း လမ်းမှာတွေ့ခဲ့တဲ့ နှစ်ထပ်တိုက်မျိုးပါလား။ ပေါ်တီကို အောက် မှ ၀င်လက်သော သံဘာဂျာတံခါး ပွင့်လာပြီး ၁၄/၅နှစ်အရွယ်ဆံတိုနှင့် ကောင်မလေး တစ်ယောက် ထွက်လာသည်။
ကောင်မလေး က ပစ္စည်း ပစ္စယတွေ သယ်ပေးဖို့ မျက်လုံးပြူးပြူးတွေနှင့်စူးစမ်းသည်။ တောဧည့်သည် ကြီး ကိုအေးသောင် မှာ မည်သည့်ဝန်စည်စလယ်မျှ မပါ။ အပိုဝတ်စုံ (၂) စုံထည့် လာသော အပေါစား ပလတ်စတစ်ဘေးလွယ်အိတ်အဟောင်း တစ်လုံးသာ ပါရှိသည်။ ကောင်မလေးက ကိုအေးသောင်ကို အကဲခတ်ပြီး အံ့သြမှုနှင့် အလိုမကျ ခြင်းတို့ ရောယှက်နေသော မျက်နှာကို လွှဲလိုက်သည်။ ``ဘာမှ သယ်စရာ မပါဘူး မိခိုင် ကော်ဖီနှစ်ခွက်သာ အမြန်ဖျော်လာ နင့်မမဖုန်းဆက်သေးလား။ တက္ကစီဒရိုင်ဘာ ကို ပိုက်ဆံရှင်းရင်း ကျော်သန်းဝင်း က ကောင်းမလေးကို တရစပ် စကားလှမ်းပြောသည်။ ကိုအေးသောင် မှာ ကားပေါ်မှ ဆင်းခဲ့ပြီးနောက် တောင်ကြည့်မြောက်ကြည့်နှင့် ကျီးကန်းတောင်းမှောက် ဖြစ်နေသည်။
သိန်းထောင်ချီပြီး တန်းတယ်ဆိုတာ ငတွတ်တို့ တိုက်မျိုး ဖြစ်မှာပဲ။ အင်း ကံတရား ကံတရား ကျော်သန်းဝင်း က ``နင့်မမ``ဟုသုံးနှုန်း ရည်ညွှန်းလိုက်သူမှာ ကျော်သန်းဝင်းထက် နှစ်(၂၀)ခန့် အသက် ပိုကြီးသော ကျော်သန်းဝင်း၏ဇနီး ပဲဖြစ်ပေသည်။ ထိုမိန်းမကြီးနှင့် အိမ်ထောင်ကျ ပြီးနောက် ကျော်သန်းဝင်း က ရွာသို့ တစ်နှစ်တစ်ခါ ဆွေပြမျိုးပြ လာတက်သဖြင့် ထိုမိန်မကြီးကို တွေ့ဖူးသည်။ တွေ့ဖူး မြင်ဖူး ရုံ ပါပဲ။ အကျည်းတန် လိုက်တဲ့ရုပ်။ မြန်မာလူမျိုးစစ်စ်လည်းမဟုတ်။ သားကြီး သမီးကြီးတွေ တစ်ပြုံ တစ်မကြီး ရှိတဲ့ မုဆိုးမ။
ဒါပေတည့် ကျောက်မျက် အရောင်းအ၀ယ်၊ ကားအရောင်းအ၀ယ်မှာတော့ ဘုရင်မတဲ့။ သူက ကျော်သန်းဝင်း လို လူပျိုနုနုထွတ်ထွတ် ကိုငွေနဲ့ ပေါက် ပြီး ယူနိုင်သလို ကျော်သန်းဝင်းကလည်း ကိုယ့် အမေ အရွယ်လောက်ကိုခေါင်းခါက်ပြီး ရွေးယူသလို ယူပြီး မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းလို့။ အဝေးပြေး ကားဂိတ်မှာ ကျော်သန်းဝင်းက သူ့ကို လာကြိုတော့ ကျော်သန်ဝင်းတို့၏ သိန်းထောင်ကျော် တန် ကားကြီးစီးရမည်ဟု ကိုအေးသောင် မျှော် လင့်ထားခဲ့သည်။ မျှော်လင့်ချက်မပြည့်။ အိမ်က ကားကြီးကို ``ရီရီ`` (နာမည်ရင်း ဒေါ်ရီရီမြင့်) ကိုယ်တိုင် မောင်း၍ အသုံးပြုနေကြောင်း ကျော်သန်းဝင်း က ပြောပြခဲ့သည်။
ဧည့်ခန်းမှာ ထိုင်မိသည်နှင့် မိနစ် အနည်းငယ်အတွင်း ကိုအေးသောင် ရှေ့သို့ကော်ဖီရနံ့ သင်းသင်းနှင့် မြင်ရုံနှင့် သွားရည်ကျစရာ မုန့်မျိုးစုံ လင်ပန်းကြီး ရောက်လာသည်။ ဘကြီးအစာပြေ စားထားပါ။နောက် (၁)နာရီ လောက် နေမှ ထမင်းစားကြတာပေါ့။ ခုမှ မနက်(၁၀) နာရီပဲရှိပါသေးတယ်။ အေး..အေး ဟု ဆိုရင်း ကိုအေးသောင် ယောင်မှားပြီး အသက်ရှု အောင့်ထားမိလိုက်၏။ မွှေးသင်းလှသော ပြည်ပ သွင်းကုန် ကော်ဖီစစ်စစ် ရနံ့ မှာ ကိုအေးသောင်၏ ၈န္ဓာရုံမှာ အထာမကျ။ နွာတင်းကုပ်ထဲအ၀င် ရှူလိုက် ရသော လက်လက်ဆတ် ဆတ် နွားချီး နံ့လိုမွှန်ရှရှ ညှီဟောက်ဟောက် ဖြစ်နေ၏။ လင်ပန်းထဲရှိ ကိတ်ခြောက် တွေ၊ ဒိုးနပ်တွေ အီကလဲတွေ၊ ပေါင်မုန့်ကြက်ဥကြော်တွေဆီမှ သွားရည်ယိုစရာ ရနံ့ထူး မှာလည်း ကိုအေးသောင်၏ နှာဝတွင်း မမြင်ရသော ဆူးငယ်ကလေးတွေ တိုဝှေ့ထိပါးနေကြသည့်နှယ် ယားကျိကျိ နှင့် မွန်းလှောင် နေသည်။ အင်းငတွတ်သောင်တဲ့ စီးကရက်အနံ့ ကတော့ အမွှေးသား။ ပြီးမှ တစ်လိပ် လောက် တောင်းသောက်ကြည့်ဦးမှ။
``ကဲ``ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်။ ဘကြီးကော်ဖီသောက်၊ မုန့် စား ဘာမှ အားမနာနဲ့။ ကိုယ်တူ ကိုယ်သား အိမ်လိုသာ သဘောထားပါ။ လွတ်လွတ်လပ်လပ် နေရတယ်။ ကျော်သန်းဝင်းက ရင်ထဲ အသည်းထဲမှ ထိုးထွက်လာသော ပျူငှာယဉ်ကျေးသည့် အသံ အမူအရာတို့ ဖြင့် ပြောပြီး နေရာမှ ထ သွားသည်။ ကိုအေးသောင်က ကျော်သန်းဝင်း၏ ကျောပြင်ကို လှမ်းငေးသည်။ အင်း..ကြည့်ကြစမ်းပါဦး ငယ်ငယ် ကတည်းက ဆစ်ပင်ချောင်းရွာမှာ ကျွဲကျောင်း နွားကျောင်းဘ၀နဲ့ နေခဲ့တဲ့ ငတွတ်ဆိုရင် ယုံနိုင်ကြ မတဲ့လား။ ကိုအေးသောင်ကလွန်ခဲ့သော အနှစ်(၂၀) ခန့်က ငတွတ်(ခေါ်) ကျော်သန်းဝင်း၏ ရုပ်ရည် ကို လက်ရှိရုပ် သွင်နှင့် ပင်ပန်းခက်ခဲစွာ ကြိုးပမ်းဆက်စပ်ရင်း မူးဝေ လာ သလိုလို ခံစားရသည်။
ကိုအေးသောင် သည် အငွေ့သေစ ကော်ဖီတစ်ငုံသောက်မျိုကြည့်၏။ ဘာအရ သာမျှမရှိ။ အဆာပြေပြီး စား ကောင်းမည်ဟု ထင်မှတ်သော မုန့်တချို့ကို တို့ကနန်း၊ ဆိတ်ကနန်း ဖဲ့စားကြည့်ပြန်သည်။ လေကို ဝါးစားသည့် နည်းတူ ဟာတိဟာတာ အာမထိ လျှာမထိ။ သူ့တစ်သက်မှာ တစ်ကြိမ်မျှ မစားဖူးသော မုန့် တွေကို စားခွင့်ကြုံသော်ငြား ရသာရုံ ဖောက်ပြန်နေသဖြင့် ကိုအေးသောင် သူ့ကိုယ်သူ နားမလည် နိုင်တော့ဘဲ ယောင်ချာချာ နှင့် နေမထိ ထိုင်မသာဖြစ်လာသည်။ ကျော်သန်းဝင်းခေါ်ရာ လိုက်လာ မိတာ မှားပြီလား မသိ။ ရွာမှာ အေးအေးဆေးဆေးနေပြီး လက်ဖက်ရည်ကြမ်းကလေး ထိုင်သောက်နေတာကမှ အသက်ရှူ ဝဦးမည်။ ယခုတော့ ခမ်းနားထည်ဝါသည့် တိုက်ကြီးထဲမှာ အသက်ရှူကျပ်သလိုလို ခံစားနေရ သည်။
ကိုအေးသောင် ထိုင်ရမှ ထလိုက်ပြီး ဧည့်ခန်းဆောင်ထဲမှာ ဟိုငေးသည်မော လျှောက်ကြည့်သည်။ ခေါင်းရင်းဘက် အခြမ်းသို့ရောက်သည်။ ဖိတ်ဖိတ်လက် ပရိဘော ကတွေ၊ ပြိုးပြက်ပြက်ပြက္ခဒိန်တွေ၊ ဝင်းဝင်းတောက် ခေတ်ပေါ်ပန်းချီကားတွေကို ကြည့်ရင်း ကိုအေးသောင်း တစ်ရိပ်ရိပ်မူးဝေလာ၏။ ဒင်း (သင်း) တို့ ဟာက အိမ်ကို အိမ်နဲ့တူအောင်မှ မထားကြပဲကိုး။ဗြုတ်စဗြင်းတောင်းတွေနဲ့ မျက်စိထဲကို ရှုပ် နေတော့ တာပဲ။
တစ်နေရာအရောက်မှာတော့ ကိုအေးသောင် မှာ ရုတ်ခြည်း အပြုစားခံလိုက်ရသ လို မလှုပ်မယှက် မတ်မတ်ကြီး ရပ်မိလျက်သားဖြစ်သွား၏။ မျက်လုံးပြူးကြီးတွေက နံရံကိုမော့ကြည့်ကြလျက်...
နံရံအမြင့် (၁၀) ပေခန့်မှာ သုံးပေ၊ လေးပေခွဲအရွယ်။ ရွှေရောင်ဘောင်(ပေါင်) ကျပ်၊ မှန်အကြည်ကပ် ဧရာမ ပုံတူ၊ ခဲရေးပန်းချီပုံကြီး နှစ်ပုံကိုအခြားနံရံကပ်တွေနှင့် မရောစေဘဲ တသီးတသန့် ပြောင်လက် သန့်ရှင်း သော အနေအထားဖြင့် ချိတ်ဆွဲထား၏ ပုံတူရှင်များကား အသက်(၅၀)ကျော် တစ်ဝိုက် အရွယ် ယောကျာ်းကြီး တစ်ဦးနှင့် သူနှင့် ရွယ်တူမိန်းမကြီးတစ်ဦး၏ ကိုယ်တစ်ပိုင်းပုံများ ဖြစ်ကြ သည်။ ပုံတူ ပန်းချီဆရာ ၏ ခဲရေးပညာစွမ်းက ပေါ်လွင်ထင်ရှားပါသည်။ ရုတ်တရက်ကြည့်လျှင် ဓာတ်ပုံ ရိုက်ထား သလား ဟု ထင်မှတ်စရာဖြစ်သည်။
ပုံတူရှင်တွေကို မော့ကြည့်ရင်း ကိုအေးသောင် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် ရင် တဒိတ်ဒိတ် ခုန်ရာက ခြေဖျားလက်ဖျားတွေ ရုတ်ခြည်းအေးစက် လာကြသည်။ သူ့ကိုယ်သူ အသက်ရှူ နေသလား၊ အသက်ရှူအောင့်ထားမိသလားလည်း မခွဲခြားနိုင်တော့။
ကိုဥာဏ်ရှိန် နဲ့ မကျင်မှီ တို့ ပုံကြီးတွေပါလား။ ကျော်သန်းဝင်းရဲ့ မိဘတွေ၊ တစ်ခါမှ မဝတ်ကောင်းစားလှနဲ့ တောက်တောက်ပပ မမြင်ခဲ့ရဖူးတဲ့ လင်မယား ဒီပုံတွေထဲမှာ သားသားနားနား ဖြစ်လို့ပါကလား။ ကိုဥာဏ်ရှိန် ကလည်း တိုက်ပုံအကျီင်္နဲ့ ဘာနဲ့၊ မကျင်မှီကလည်း နားကပ်တွေ၊ ခြုံပဝါတွေနဲ့ကြည့်စမ်း။ ကိုအေးသောင် က ပုံတူပန်းချီကားကြီး နှစ်ချပ်ကို ငေးမောကြည့်ရင်း ပုံတူရှင်တွေနှင့် အကြည့်ချင်းဆုံကာ ရှက်သလိုလို၊ ကြောက်သလိုလို ဖြစ်လာပြီး မျက်လွှာချလိုက်မိ၏။ ဘာပြုလို့ ဒင်း(သင်း) တို့ကို ကြောက်ရမှာလဲ။
"ဘကြီး ကျွန်တော့်မိဘတွေကိုတော့ မှတ်မိမှာပေါ့နော်"
ရုတ်တရက် သူ့နောက်ကျောဘက်ကနေ ကျော်သန်းဝင်း၏ အေးစက်စက်အသံပေါ် ထွက်လာသဖြင့် ကိုအေးသောင်းမှာ နဂိုကမှ ထိတ်လန့်ချောက်ချားနေရသည့်အထဲ တစ္ဆေအခြောက်ခံရသည့်နှယ် ထခုန် မိမတက် တုန်ယင်သွားသည်။ သို့သော် လူကြီးပီပီ ဆည်ထားရ၏။
"ဘာ...ဘာလို့ မမှတ်မိရမှာလဲ မောင်ငတွတ်ရာ။ ဆွေလိုမျိုးလို နေလာခဲ့ကြတဲ့ တစ်ရွာတည်းသား၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တွေပဲ။ ဓာတ်ပုံကြီးတွေတွေ့ တာနဲ့ ဥာဏ်ရှိန်နဲ့ ကျင်မှီမှန်း တန်းသိတာပေါ့ကွာ။ သူတို့ကို ဘယ်မေ့နိုင်ပါ့မလဲ။
ကိုအေးသောင် က ကြိုးစားပမ်းစား မာယာသာထေယျ စကားတွေပြောနေစဉ် ကျော်သန်းဝင်းက ယဲ့ယဲ့မျှ ပြုံးနေ၏။ "သူတို့ရှေ့ဆင့်နောက်ဆင့် ဆုံးကြတော့ ကျွန်တော်နိုင်ငံခြားမှာလဲ ရှိသေးတယ်။ ကျွန်တော် နိုင်ငံရောက်ပြီး (၂) နှစ်အကြာမှာ အဖေဆုံးတယ်။ နောက်နှစ်ကျတော့ အမေဆုံးတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် နိုင်ငံခြားကို ထွက်နိုင်အောင် စီစဉ်ပေးခဲ့တဲ့ ဘကြီးအေးသောင် ရဲ့ ကျေးဇူးကိုလည်း ကျွန်တော် က ဘယ်မေ့နိုင်ပါ့မလဲဗျာ"
"အဲ... အဲဒီကိစ္စထား ထားလိုက်စမ်းပါကွာ" ဟု အသံအစ်အစ်ဖြင့် ပြောရင်းကိုအေးသောင် က နောက်သို့ ပြန်လှည့် လာသည်။ ရေမိုးချိုး အဝတ်လဲပြီး ရေမွှေးတွေ၊ ချွေးနံ့ပျောက်ဆေးတွေ ဆွတ်ဖျန်းထားသည့် ကျော်သန်းဝင်း ၏ ကိုယ်နံ့မှာ ကိုအေးသောင် ၏ နှာဝ၌ လူသေကောင်အပုပ်ရည်နံ့ပမာ အော်ဂလီ ဆန်စရာ ဖြစ်နေ၏။
"တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ ရှေးလူကြီးစကား အထင်အရှားရှိတာပဲ ဘကြီးရာ။ ဘကြီးရဲ့ ကျေးဇူး တရားကို ဘယ်မေ့လို့ရပါ့မလဲ။ ကျွန်တော်တို့ လယ် (၆) ဧကကို ဘယ်သူမှ အပေါင်မခံချင်တဲ့အချိန်မှာ ဘကြီးက အပေါင်ခံခဲ့တယ်။ အဲဒီငွေနဲ့ ကျွန်တော် နိုင်ငံခြားထွက်ရတာ။ တစ်ခုတော့ရှိတာပေါ့ ကျွန်တော့်အဖေနဲ့ ကျွန်တော့်ညီလေးတို့က တော့ သူများဆီမှာသီးစား၊ စာရင်းငှားဝင်လုပ်ကြရတယ်" ဟု ကိုအေးသောင် မှာ သိစိတ်အထားအသို ကမောက်ကမ ဖြစ်ကာ "ကံတရား...ကံတရား"ဟု ရေရွှတ် ညည်းတွား မိလျက်သား ဖြစ်သွား၏။
"ကိုယ်ပိုင်လယ်မှာ လုပ်ရတာနဲ့ သူများအခိုင်းခံ၊ သူတစ်ပါးလယ်မှာ လယ်ကူလုပ် ရတာ မတူနိုင်ဘူးဆိုတာ ဘကြီးသိပါတယ်။ နိုင်ငံခြားမှာ (၂)နှစ်ကြာတဲ့အထိ ကျွန်တော့်အလုပ်က အဆင်မပြေတော့ ဘကြီး လက်ထဲက လယ်ကို မရွေးနိုင်မကဘူး၊ အတိုးတောင် မှန်မှန် မသတ်နိုင်ခဲ့ဘူးလေ။ ဒီလိုနဲ့ ကျွန်တော်တို့ လယ်ကလေး ကို ဘကြီး အပိုင်ရသွားခဲ့တာပဲ မဟုတ်လား။ တရားမျှတပါတယ်။ အဖေတို့မှာ အကြွေးကို အဲသလို လယ်ထိုးဆပ်ရုံကလွဲလို့ တခြားနည်းမှ မရှိကြတော့တာ။ ဘကြီးပြောသလို ကံတရာ... ကံတရား ဟား ဟား ဟား ဟား
ကျော်သန်းဝင်းက ကောက်ကာငင်ကာ ထရပ်လိုက်သဖြင့် ကိုအေးသောင် လန့်ဖြန့်တုန်လှုပ်သွားပြန်သည်။
"ဒါတွေ ပြောမနေပါတော့နဲ့ကွာ"
"အဲသလိုနဲ့ပဲ အဖေ အလုပ်ဒဏ်တွေပိ၊ အာဟာရချို့တဲ့၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ အဆုတ်အအေးပတ်ပြီး သေခဲ့ရတာပဲဘကြီး။ ဒါတွေ ဘကြီးအသိပါ။ ကျွန်တော်တို့ တစ်ဆွေလုံးတစ်မျိုးလုံးလည်းသိကြပါတယ်။ အဖေ့ကိုသတ်လိုက်တဲ့ လက်သည် တရားခံအစစ်ဟာ... "
ကျော်သန်းဝင်းက စကားပြော "တန့်" ထားလိုက်စဉ် ကိုအေးသောင်မှာ ခြေတွေမခိုင်တော့သလို ဒယိမ်း ဒယိုင် ဖြစ်လာသောကြောင့် နီးရာ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရသည်။ သူ အသက်ရှူ မဝ တော့ချေ။ ဒီကောင် ဒီအကြောင်း တွေ ဘာလို့ပြောနေရပါလိမ့်။ ငါ့မျက်လုံးက ရေတိမ်ရောဂါကို ကုပေးမယ်လို့ ပြောပြီး ငါ့ကို ရန်ကုန်က သူ့အိမ်ခေါ်လာပြီးမှ ချေး(ခြေး) ခြောက် ရေနှူး နေတာ ဘာသဘော လဲ၊ တော်တော်ခက် တဲ့ ငတွတ်ပါလား။
ကျော်သန်းဝင်းက ကိုအေးသောင် နှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်ပြီး ကိုအေးသောင်ကို တည့်တည့် စူးစူးကြည့်သည်။ ကျော်သန်းဝင်း ပြုံးနေပုံက အသည်းယား စရာကောင်း၏။ ဓားထက်ထက် ကိုင်ဆွဲ ထားသော သားသတ်သမား၏အပြုံး။
"အဖေ့ကို သတ်လိုက်တဲ့ လက်သည်တရားခံအစစ်ဟာ နမိုးနီးယား အဆုတ်အ အေးပတ်ရောဂါ မဟုတ်ဘူး ဘကြီးရဲ့သိလား။ ဆင်းရဲမွဲတေခြင်းဆိုတဲ့ ကမ္ဘာနာကြီးပဲ၊ ဟဲ ဟဲ ဟဲ ဟဲ"
ကျော်သန်းဝင်းက ခြောက်ကပ်ကပ်ရယ်လေ ကိုအေးသောင် နေမထိထိုင်မသာနှင့် မျက်နှာ မထားတတ်ဖြစ်လေ။
"အဖေသေပြီးနောက် တစ်နှစ်မှာ အမေသေရပြန်တာပဲ" ကိုအေးသောင်မှာ ကျော်သန်းဝင်းကို မျက်နှာချင်း မဆိုင်ဝံ့တော့သလို မျက်နှာကို ရင်ဘတ်နှင့် ထိမတတ် ငုံ့ချလိုက်၏။ ကျော်သန်းဝင်းက ထိုင်လျက် စကားပြောရခြင်းကို အားမရသကဲ့သို့၊ ထိုင်ရာမှ ထကာ ကိုအေးသောင်အနီးမှ လက်ပိုက်၍ လာ ရပ် သည်။
"အဖေကို သတ်တဲ့ တရားခံကလည်း အဖေ့ကို သတ်တဲ့ လူသတ်ကောင်ကြီးပဲ ဘကြီးရဲ့။ ဧရာမ လူသတ်ကောင်ကြီးပေါ့။ အမေက ပန်းနာရင်ကျပ်ရောဂါသည်ဆိုတာ ဘကြီးအသိပဲ။ ဒီရောဂါက ဆေးဝါး မှန်မှန်မှီဝဲနေမယ်ဆိုရင် မပျောက်ကင်းတောင်မှ နေသာထိုင်သာ ရှိတယ်လေ။ အချိန်မတန်ဘဲ မသေ နိုင်ဘူး။ ခုတော့အမေ့မှာလိုအပ်တဲ့ ဆေးကုသမှု မခံယူနိုင်ခဲ့တာနဲ့ပဲ ရေတိမ်နစ်ရရှာတယ်။ လယ်မဲ့ ယာမဲ့ ခိုကိုးရာမဲ့ မုဆိုးမကြီးဘဝနဲ့ပါဗျာ။ ရင်နာစရာပဲနော် ဘကြီး"
"ကံ...ကံ ကံတရားပေါ့ မောင်မောင်ငတွတ်ရာ"
"အဖေတို့ လယ်မဲ့ ယာမဲ့ဘဝမရောက်ခဲ့ရင် အသက်မတိုနိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်တယ် ဘကြီး။ သူတို့အသက်တိုကြရတာဟာ လယ်မဲ့ယာမဲ့ဘဝမှာ ကိုယ်ရောစိတ်ပါ ဒုက္ခဒဏ်ပိပြီး (သေရင်လည်း သေတော့ကွာ) လို့ စိတ်လျှော့လိုက်ကြလို့ သေသွားကြတာ"
"ကံ...ကံ" ဟု ကိုအေးသောင်က ပါးစပ်ဟလိုက်စဉ် ကျော်သန်းဝင်းက ကိုအေးသောင်၏ ပါးစပ်ကို ပြေး ပိတ်တော့ မလို လက်ဟန်ဖြင့် ကမန်းကတန်း တားသည်။
"ဟို-ဟို ဟိုးထား။ ဘကြီးရဲ့ ကံကိုခဏအနားပေးလိုက်ဦးဗျာ၊ ကျွန်တော့်မိန်းမ ပြန်လာပြီ၊ တံခါး သွားဖွင့်ပေးလိုက်ဦးမယ်"
ကျော်သန်းဝင်းက ကပျာကသီ လှမ်းသွားရာသို့ ကိုအေးသောင်လည်တိုင်ကြီး ကွေးလိမ်ပြီး စောင်း ကြည့်သည်။ တိုက်အပြင်မှာ ကားတစ်စီးရပ်ထားကာ ကားပေါ်မှ အမျိုးသမီး တစ်ယောက် ဆင်း လာနေသည်။ ကျော်သန်းဝင်းဖွင့်ပေးသော သံဘာဂျာတံခါးမှ ဝင်လာသောအခါ ရွာကို လာစဉ်က တွေ့ခဲ့ ဖူးသော အသားဝါဝါ၊ ပိန်ကပ်ကပ်နှင့် "မိန်းမကြီး"မှန်း ကိုအေးသောင်မှတ်မိလိုက်၏။ သြော်... စီးပွားရေး ဘုရင်မကြီး သားအ ရွယ်ကို လင်အရာထားပြီး ပေါင်းနိုင်တဲ့ သူကြွယ်မကြီး။
"ဖုန်းထဲမှာ ကျော်ကျော်ပြောတဲ့ စစ်ပင်ချောင်း ရွာက အထူးဧည့်သည်တော်ကြီး ဆိုတာ သူပေါ့ မမရီရဲ့။ ဘကြီးအေးသောင်လေ၊ တစ်ချိန်တုန်းက ရွာမှာနေတစ်ဆူ၊ လတစ်စင်းလို ထင်ရှားခဲ့တဲ့ ပုဂိုလ်ကြီးပေါ့။ အခုလည်း ဖယောင်းတိုင်မီလောက်တော့ လင်းပါသေးရဲ့ ဟီး ဟီး"
ကျော်သန်းဝင်း က မြူးထူးပေါ့ပါးစွာ ဟစ်အော်ကြော်ငြာလိုက်စဉ် အသက် (၄၀)ခန့်ဟု ထင်ရအောင် ပြင်ဆင် ထားသည့် အသက်(၆၀) ရွယ် မိန်းမကြီး က ကိုအေးသောင်ကိုကြည့်သည်။ တိရစ္ဆာန်ရုံ လှောင်ထဲ ရှိ မျောက်ဝံ တစ်ကောင် ကို ကြောက် တတ်သော ကလေးတစ်ယောက် က မဝံ့မရဲ ကြည့်သလို မျိုးပင်ဖြစ်သည်။
"အလုပ်ကိစ္စ အရေးကြီးနေတယ် ကျော်ကျော်၊ ရီရီ ထမင်းစားပြီးပြန်သွားရမှာ" ဟု လေသံသွက်သွက်ဖြင့် ပြောရင်း ဒေါ်ရီရီမြင့် သည် တင်ပါးတုကို လှုပ်ယမ်းကာ အတွင်းဘက်သို့ လှမ်းသွားသည်။ ရေပေါ် ဆီ ဒိတ်ဒိတ်ကြဲ သူဌေးမကြီး၏ မျက်လုံးကို သတိထားလိုက်မိကတည်းက ကိုအေးသောင်မှာ အဖျား ဝင်ချင် သလိုလို၊ ချမ်းစိမ့်စိမ့် ဖြစ်လာတော့၏။
ကိုအေးသောင် အမူအရာ ပျက်နေသည်ကို ကျော်သန်းဝင်းက မသိဟန်ပြုပြီး ကိုအေးသောင်ရှေ့မှာ ပြုံးစပ်စပ်နှင့် လာရပ်သည်။ ကိုအေးသောင် က ကျော်သန်းဝင်းကို မကြည့်ရဲသလို ခေါင်းငုံ့ထား၏။
"ကျွန်တော်က ကံဆိုးပါတယ် ဘကြီးရာ အဖေ ကော အမေ ကော ဆုံးတော့ ကျွန်တော် မြန်မာပြည် မှာ မရှိဘူး သတင်းရပေမယ့် ပြန်မလာနိုင်ခဲ့ဘူး မြင်းမိုရ်တောင်ဦးမက ကျူးအောင် ကျေးဇူးကြီးမားလှတဲ့ မိဘ များရဲ့ အလောင်းတွေကိုတောင် ကန်တော့ခွင့် မရခဲ့တာ ကံဆိုးလို့ပေါ့နော် ၊ ဘကြီး ဟုတ်ပါ တယ်နော်"
ကိုအေးသောင်က ကျော်သန်းဝင်းကို ပြူးပြူးကြီးတစ်ချက် မော့ကြည့်ကာ မျက်လွှာပြန်ချသည်။ ပြောစရာရှားလို့ကွာ။ ဒီအကြောင်းတွေ ဘာကြောင့်ပြောနေရ တာလဲ...ဟုတော့ ကိုအေးသောင် ရင်ထဲ ကနေ ကျိတ်၍ ဟိန်းဟောက်မိ၏။ တစ်ချိန်တည်း၌ သူ့အတွေးကို ကျော်သန်းဝင်း သိသွားမှာ ကြံဖန် ၍ စိုးရိမ် ထိတ်လန့်မိပြန်သည်။
"ကျွန်တော်နိုင်ငံခြားမှာ(၅) ကြာခဲ့တယ်။ ကံကြမ္မာများ ဘယ်လောက်များ ပဉ္စလက်ဆန်လိုက်ပါလိမ့်ဗျာ။ အဖေ တို့ အမေ တို့ သေပြီးကာမှ ကျွန်တော့်အလုပ်က မတရားကောင်းလာတယ်။ လစာတွေ အရမ်း တိုးလာတယ်။ ငွေတွေသိန်းပေါင်းများစွာစုမိ လာတယ်။ ဒါပေမဲ့ ကျွန်တော်မိဘမဲ့ ဖြစ်သွားပြီ။ ရွာမှာလည်း ကျွန်တော် တို့ ပိုင်ခဲ့တဲ့ လယ်မြေကလေး မရှိရှာတော့ဘူး"
ကျော်သန်းဝင်း က ကြေကွဲ ဆို့နင့်ဟန် ပြောနေသော်လည်း သူ့မျက်နှာထားက ပြောင်ချော် ချော် ၀င်းလဲ့ နေသည်။
"ဒီ ... ဒီလိုပါပဲကွာ၊ ငါလည်း ရှိတုန်းက ရှိပြီး သားနဲ့သမက် ဖြုန်းတီးလို့ အခုတော့ ခရုဆံ ကျွတ် ဖြစ် နေပါပြီ" ဟူသော အသံက ကိုအေးသောင်း၏ ခြောက်သွေ့သော လည်ချောင်း ထဲမှ ရုန်းကန် တိုး ထွက် လာ၏။ သူ့မျက်နှာကြီးကတော့ ငုံ့လျက်သား။
"ဘကြီးရဲ့ သားနဲ့သမီး က ဘကြီးမုဆိုးဖို ဘ၀ရောက်သွားတဲ့အခါမှာ ဥပေက္ခာရှုပြီး ရွာက ထွက်သွား ကြတယ် ဆိုတာ ကျွန်တော် ကြားပြီးသားပါ။ သြော် ... ကျွန်တော် တစ်ခု ပြောရဦးမယ်" ဟု ဆိုကာ ကျော်သန်းဝင်း က ကိုအေးသောင်းဘေးမှ ကပ်လျက် ဆိုဖာမှာ ၀င်ထိုင်သည်။ ကိုအေးသောင် ၏ ညာ လက်ကောက်ဝတ် ကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်သော အခါ ကိုအေးသောင်မှာ ရေနွေးပူ အလောင်း ခံ ရသည့် နှယ် အလန့်တကြား ရုန်းဖယ်မိ မတတ် လှုပ်လှုပ်ခါခါ ဖြစ်သွားသည်။ ကျော်သန်းဝင်း က ရိုးရိုး မကိုင်ဘဲ ကိုအေးသောင် လှုပ်မရအောင် ဆုပ်ညှစ်ထားလိုက်၏။
"ဘကြီး ရဲ့ ခြံ နဲ့ အိမ် ကို ဦးဝင်းထိန် တို့ဆီမှာ ပေါင်ထားရတယ် မဟုတ်လားဟင်"
ကိုအေးသောင် နှုတ်မှ မဖြေနိုင်။ ခေါင်းသာညိတ်ပြသည်။
" အတိုးတွေ တက်ပြီး ခြံနဲ့အိမ် ဆုံးတော့မယ်ဆို "
" အေး ...၊ ဆုံး ... ဆုံးဖို့များ များနေပါပြီကွာ "
" ဆုံးသွားရင် ဘကြီးဘယ်မှာသွားနေမလဲ "
" မ - မ မပြောတတ်သေးပါဘူးကွာ၊ ကံ ... ကံတရားပေါ့ "
" ဟာ ဟာ ကံတရား၊ ဟား ... ဟား ... ကံတရား"
ကျော်သန်းဝင်း က ကိုအေးသောင် ၏ လက်ကို လွှတ်ကာ အော်ရယ်နေသည်။
နှစ်မိနစ်ခန့်ကြာမှ အရယ်ရပ်၊ လက်ကိုလွှတ်ပြီး ကျော်သန်းဝင်းက သူ့မျက်နှာကို ကတုန်ကရီ ဖြစ်၍ ဇောချွေး ပျံနေသော ကိုအေးသောင်၏ အဆီပြောင်မျက်နှာဆီကို တိုးကပ်လိုက်ရာ ခေါင်းလိမ်းဆီနံ့၊ ပေါင်ဒါနံ့၊ ရေမွှေးနံ့တွေကြောင့် ကိုအေးသောင် မွန်းကျပ် သွားသည်။
" မပူနဲ့ ဘကြီး၊ မပူနဲ့၊ နိုးဝရီး no worry နိုဝရီး no worry ဘကြီးနေစရာမရှိမှာ မပူနဲ့ ...
ကျော်သန်းဝင်း ညှပ်ပြောသော အင်္ဂလိပ် ဘန်းစကားကို နားမလည်သည့်ပြင် ထိုစကားလုံးက သူ့ကို သွယ်ဝိုက် ၍ ဆဲရေးပြောင်လှောင်သည်ဟုပင် ကိုအေးသောင် ကယောင်ကယင် အထင်ရောက်မိ၏။
" ဒီမယ် ဘကြီး၊ ဘကြီးရဲ့ခြံနဲ့ အိမ်ကို ဦးဝင်းထိန်က နာမည်ခံပြီး အပေါင်ခံထားတာ၊ တကယ်တမ်း ငွေစိုက်ပြီး အပေါင်ခံထားတာက ကျွန်တော်၊ ဒီကိစ္စ ဦးဝင်းထိန်နဲ့ ကျွန်တော်ပဲ သိတာ၊ ဒီတော့ ဘာပဲဖြစ်ဖြစ် ဘကြီး အခု နေတဲ့အိမ်ဟာ ကျွန်တော့်အိမ်ပဲ။ ဘကြီးအခြေအနေအရ ရွေးနိုင်ဖို့ လမ်းလည်း မရှိဘူး။ ဒီတော့ ဘကြီးက ကျွန်တော့်အိမ် ပေါ်မှာ နေရုံပဲ ရှိတော့တယ် မဟုတ်ဘူးလား "
" အင်း ဒါပေါ့ကွာ၊ ငါ့မှာ ပြေးစရာလည်း မြေမရှိ၊ ပေးစရာလည်း ငွေမရှိဖြစ်နေပါပြီ မောင်ငတွတ်ရာ" ဟူသော ကိုအေးသောင်၏ ဆို့နင့်နင့် အသံကြီးမှာ ငိုသံသဲ့သဲ့စွက်လာခဲ့၏။ မျက်လုံးတွေကလည်း အရည် လဲ့ စိုပြောင်လာခဲ့ကြပြီ။
ကျော်သန်းဝင်းက ကိုအေးသောင်၏ လက်ကို ပုတ်ခါချသလို ခပ်ကြမ်းကြမ်းလွှတ်ပစ် လိုက်ပြီး ဆတ်ခနဲ ထ ရယ်သည်။
" ဘကြီး ကြားဖူးမှာပေါ့လေ၊ လောကကြီးမှာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ ဘာမှ မဆန်းပါဘူး။ သြော် ... တစ်ခုတော့ ဘကြီးကို ပြောထားရဦးမယ်၊ အဲဒီ အိမ်နဲ့ ခြံနဲ့က ကျွန်တော် တစ်သက်လုံး ၀ယ်ထား မှာ မဟုတ်ဘူး။ ဈေးကောင်းရရင် ပြန်ရောင်းမှာပဲ။ အဲဒီ တော့ ဘကြီးက အဲဒီ အိမ်မရောင်း ရသေး သရွေ့တော့ ကြိုက်သလောက်နေ၊ ၀ယ်သူလာပြီး ဈေးတည့်သွား ပြီဆိုရင်တော့ ဘကြီး နေရာ ရှာရ လိမ့်မယ်၊ ဟုတ်ပြီနော်"
မိမိ ကိုယ်တိုင် ၀ယ်သူတည်ဆောက်ခဲ့သည့် ခြံနှင့်အိမ်။ နှစ်ကာလများစွာ တောသူဌေးပုံစံ အပြည့်ဖြင့် မိမိ ကြည်နူးကျေနပ်စွာ နေထိုင်ခဲ့ရသော ခြံနှင့် အိမ်။ ဒီခြံနှင့် အိမ်ကို ယခု မိမိ ပိုင်ဆိုင်ခြင်း အလျှင်း မရှိတော့ ဘဲ အချိန်မရွေး အိမ်ပေါ်က ခေါင်းနှင့်ဆင်းကာ လေးဘက် ထောက်၍ ခြံပြင်ထွက်ရတော့မည့် အခြေအနေ ပါကလား။ အိုး ... ကံတရား ... ကံတရား။
ကံသာ အမိ ကံသာ အဖ လို့ ဘုရားဟောရှိတယ်နော် ဘကြီး၊ ဟီးဟီး ကံတရားပေါ့ဗျာ၊ ကံတရားပေါ့ ဟီးဟီး"
မိမိ၏ စိတ်အတွေးကို သိနေသကဲ့သို့ ကျော်သန်းဝင်းက သရော်သံဖြင့် ပြောလိုက်ပြန်စဉ် ကိုအေးသောင် ရင်ထဲ မှာ ပူဆို့လောင်မြိုက်လာသည်။ မျက်လုံးတွေ ပူသည်ထက် ပူလာကြသည်။ ကျော်သန်းဝင်း ထွက်သွား သည်ကိုပင် သတိမထားမိ။ ငါ့မျက်လုံးက ရေတိမ် ကို ခွဲပေးမယ် ကုပေးမယ် ဆိုပြီး ရန်ကုန် ခေါ်လာ တဲ့ ကောင်၊ အခု မျက်စိကိစ္စ ဘာတစ်ခုမှ မပြောပါလား၊ ဘုရား ... ဘုရား ဒီကောင်နဲ့ လိုက်ခဲ့ မိတာ ငါမှားပြီ "
ကိုအေးသောင် ဂနာမငြိမ်နှင့် ဟိုကြည့်သည်ကြည့် ယောင်ကန်းကန်း ဖြစ်နေသည်။ မျက်ရည်များကြောင့် အမြင် အာရုံကလည်း မှုန်ဝါးဝါး။ ကျော်သန်းဝင်း၏ အရိပ် အယောင်ကိုမျှ မတွေ့ရတော့။ တစ်ချက် တစ်ချက် မတော့ အတွင်းခန်းဘက်ဆီမှ ကပြားမ ကြီး၏ အသံဝဲ၀ဲကို ကြားရ၏။ ဘယ်သူနှင့် ဘာပြော နေမှန်း တော့ မသိ။
ဟင်း ... အေးသောင်တဲ့ကွ၊ မွဲပေမယ့် ဒူးမထောက်လက်မြှောက်ဘူး၊ အလံဖြူ မတင်ဘူး။
ရှုပ်ထွေးေ၀၀ါး အသိဖြင့် မိမိ၏ လှုပ်ရှားမှုတွေကို ပြန်လည် သတိမရသေးမီ ကိုအေးသောင်က ကျော်သန်းဝင်းတို့ တိုက်ရှေ့မှ အင်္ဂတေခင်းလမ်းပေါ်သို့ ရောက်နေ သည်။ မွန်းလွဲနေခြည်က သူ၏ ဦးခေါင်း ကို မညှာမတာ လောင်မြိုက်လျက် ရှိ၏။ အပူကို သူ သတိမမူမိ။ အတွင်းပူက နေဆယ်စင်းထက် ပို သယောင်ယောင်ပင်။
" ဘကြီး ... ဘကြီး "
တောက်လက်သော အပြာနုရောင် ကားကြီးက စက်သံမကြားစေရဘဲ ကိုအေးသောင်ဘေးမှာ ဖြည်းဖြည်း ရွေ့ရွေ့ လိမ့်လာသည်။ ကားပြတင်းကနေ ကိုအေးသောင် ၏ ဟောင်းမြင်းမွဲခြောက်သည့် ခရီးဆောင် အိတ် ကလေး ပေါ်ထွက်လာရာ ကလမ်းပေါ်သို့ " ဘုတ်" ခနဲကျသည်။
"ဘကြီးရဲ့ အကောင်းစားအိတ်ကြီး မေ့ကျန်ခဲ့တယ် ဟီးဟီး"
ကျော်သန်းဝင်း ၏ နားကလောစရာ အသံစူးစူး ပေါ်လာရာမှ ကားကြီးသည် ငြိမ့်ခနဲ လျှောထွက် သွား သည်။ ကိုအေးသောင် သည် ပျစ်ပျစ်နှစ်နှစ်ကြီး ဆဲရေးရင်း သူ၏ အိတ် ကို ကန်ထုတ်မိလျက်သား ဖြစ်သွား လေသည်။
စာရေးသူ - ကြူးနစ်
ရုပ်ရှင်တေးကဗျာ အောက်တိုဘာ 2011
.
6 comments:
အော်...
ကိုအေးသောင်ပြောသလိုပြောရရင် ကံတရားပဲလို့ ဆိုရမလားပဲဗျာ။
ဘ၀ကြီးက ကြောက်စရာတယ်ကောင်းပါလား အမရေ။
အော်...
ကံသာအမိကံသာအဖလို့ဘုရားဟောရှိ
တယ်နော်...ဘကြီး
ဖတ်လို့ကောင်းလိုက်တာအမရွှေစင်ရယ်
လာရောက်အားပေးသွားပါ၏
လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး
မမရေ စာကောင်းလေးတွေ အစဉ်မျှဝေပေးလို့ ကျေးဇူး ...ပါလို့..စောင့်မျှော်လျှက်..
အစ်မရွှေစင် မှာ စာကောင်းစာသန့် တွေချည်းပဲ စစ်ထုတ် တဲ့ စက်ရှိပုံရတယ်။
ဖတ်လို့ ကောင်းလိုက်တာ..၊ ဆရာ ကြူးနှစ်ရဲ့ စာတွေ မဖတ်ရတာ ကြာပြီ၊ ကျေးဇူးပါ မရွှေစင်ဦးရေ..။
Post a Comment