Friday, October 7, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂၃)

အာဏာနိုင်ငံရေးကို စက်ဆုပ်သည့် ဗိုလ်ချုပ်
စာရေးဆရာလုပ်လိုသူ

"အောင်ဆန်းတွင် ကိုယ်ကျိုးဆန္ဒလုံးဝမရှိ၊ လွတ်လပ်ရေးရအောင် သက်စွန့်ကြိုးပမ်းဆောင်ရွက်သည် မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လို၍မဟုတ်၊ ကမ္ဘာ့အလယ်တွင် မြန်မာတင့်တင့်တယ်တယ်နေနိုင်စေ ရန်ဖြစ်၏။ သူအဖို့မူကား လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှထွက်ကာ စာအုပ်များရေးလျက် အေးအေး ဆေးဆေး နေရန်ဖြစ်သည်"
ဗိုလ်ချုပ်အစ်ကို ဦးအောင်ဆန်းရေးသော "အောင်ဆန်းမိသားစု"စာအုပ် စာမျက်နှာ ၄၈၉-၄၉၀ တွင် အထက်ပါ အတိုင်း ရေးထားပါသည်။
သတင်းစာ ဆရာကြီး လူထုဦးလှကလည်း ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေး ဆရာ လုပ်မည်ဟု ပြောကြောင်းကို ပြန်လည်ရေးသားခဲ့ဖူးသည်။

"ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရန်ကုန်မြို့ကို ဗြိတိသျှတပ်များသိမ်းထားပြီး နှစ်လလောက် ကြာသောအ ခါ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နှင့် လူထုဦးလှတို့ကို ရန်ကုန်ဆင်းလာရန်ခေါ်သည်။ xxx အစည်းအဝေးပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီး ဦးရာဇတ်တို့ကို တာဝါလိန်းလမ်းရှိ သူ့ အိမ်သို့ ဖိတ်၍ ထမင်းကျွေးသည်။ ထမင်းစားရင်း နိုင်ငံရေးနှင့် စာပေအကြောင်းများ ပြောကြသည်။ ထို စကားဝိုင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီလို့ တိုင်းပြည်မှာ စိတ်ချရရင် သူ စာရေးဆရာလုပ်မယ်လို့ ကျွန်တော်နဲ့ ဆရာကြီးဦးရာဇတ်ကို ပြောပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ အတ္ထုပ္ပတ္တိကိုပြလို့ ဖတ်ကြည့်ရပါသေးတယ်။

ရေးစ ပဲရှိပါ သေးတယ်" (လူထုဦးလှ၊ သတင်းစာများ ပြောပြတဲ့ စစ်တွင်းမြန်မာပြည်)
ဗိုလ်ချုပ်၏ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှခေါ် တက္ကသိုလ်နေဝင်းကလည်း "လွတ်လပ်ရေးရပြီးရင် ငါ တော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးတွေ၊ ရာဇဝင်တွေအပြင် အိမ်ထောင်ရေးနဲ့ သား သမီးစောင့်ရှောက်ပြုပြင်ရေးတွေနဲ့ ပတ်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးမှာပဲ" ဟု ဗိုလ်ချုပ်ကိုယ်တိုင်က ၁၉၄၇ ခု ဧပြီလအတွင်း မေမြို့ (ယခု ပြင်ဦးလွင်)တွင် ပြောဖူးသည်ဟု ပြန် လည်ရေးသားခဲ့ပါသည်။ (မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ စာ၂)

လွတ်လပ်ရေး နောက်ဆုံးတိုက်ပွဲကာလ


ဗိုလ်ချုပ်သည် မြန်မာနိုင်ငံ၏ပြိုင်ဖက်မရှိသော လွတ်လပ်ရေးဗိသုကာကြီးဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားခေါင်းဆောင်ဘဝက စတင်ခဲ့သော သူ၏နိုင်ငံရေးခရီးသည် တစ်မျိုးသားလုံး၏ရင်ထဲ အသည်းထဲမှ အမျိုးသားခေါင်းဆောင်ကြီးဘ၀သို့တိုင် ဆိုက်ရောက်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့ လက် အောက်မှ လုံးဝလွတ်လပ်ရေးရရှိရေးအတွက် နောက်ဆုံးနိုင်ငံရေးတိုက်ပွဲ ဆင်နွှဲခဲ့ရသည့် ၁၉၄၅-၄၇ နှစ်နှစ်တာကာလသည် မြန်မာပြည်နိုင်ငံရေးတွင် အရေးကြီးဆုံးအချိန်ကာလပိုင်း ဖြစ်ခဲ့သည်။ ထိုအချိန် မျိုးတွင် မြန်မာနိုင်ငံ၏ကံကြမ္မာကို အဓိကဖန်တီးမည့် အမျိုးသားခေါင်းဆောင်သည် အသက် ၃၀ ကျော် မျှရှိသေးသည့် ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေသည်။

အာဏာနိုင်ငံရေးနဲ့ ကျွန်တော်နဲ့မဖြစ်ဘူး
ထိုသို့ ရည်ရွက်ချက်ထားရှိခဲ့ခြင်းမှာ အကြောင်းရှိသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက ကျောင်းသား သမဂ္ဂ၏ ကြွေးကြော်သံအာဘော် "အိုးဝေမဂ္ဂဇင်း"၏အယ်ဒီတာလုပ်ခဲ့ခြင်း၊ ကိုယ်တိုင် လည်း ဂန္ထလောက၊ ဒဂုန်မဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်းစသည်တို့တွင် စာပေများရေးသားခဲ့ခြင်း၊  ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိပင် အင်္ဂလိပ်လို စတင်ရေးနေပြီဖြစ်ခြင်းတို့ကြောင့် နိုင်ငံရေးမလုပ်တော့လျှင် စာရေး ဆရာ လုပ်မည်ဟု ဆုံးဖြတ်ထားခြင်းမှာ သဘာဝကျသည်။ ထိုထက်  ပို၍အရေးကြီးသော အကြောင်းမှာ ဗိုလ်ချုပ်သည် အာဏာနိုင်ငံရေးကို ရှောင်ရှားလိုသောကြောင့်ဖြစ်ပေမည်။ ထိုအကြောင်းကို ဗိုလ်ချုပ် အစ်ကို ဦးအောင်သန်း၏ ရေးသားချက်တွင် တစ်စွန်းတစ်စတွေ့ရှိရသည်။

၁၉၄၆ ခုနှစ်တစ်ဝိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချိန်မှန်မစားနိုင်၊ အချိန်မှန် မအိပ်နိုင်ဘဲ ကြီး လေးသော တိုင်းပြည်တာဝန်များကို နေ့မအား ညမအား လုပ်ဆောင်နေသည်ကို မကြည့်ရက်၍ ထိုအ ချိန်တွင် ဗိုလ်ချုပ်နှင့်အတူနေနေသော ဦးအောင်သန်းက ဝေဖန်ပြေိာုသောအခါ ဗိုလ်ချုပ်က နိုင်ငံရေး သမားဆိုတာ ဒီလိုပဲ၊ အစားအသောက် ဂရုစိုက်နေလို့မဖြစ်ဘူးဟု ပြန်ပြောသည်။ ထို့နောက် ကျွန်တော့် ဘာလို့ ဒီလောက်အလုပ်လုပ်နိုင်သလဲသိလား ဟုမေးသည်။ ဆိုစမ်းပါဦးဟု ဦးအောင်သန်းက ပြော သောအခါ ကျွန်တော့်မှာ (ideal) ရည်ရွယ်ချက်ရှိတယ်။ အဲဒီ ideal က လွတ်လပ်ရေးပဲဟုပြောပြီး ခဏဆိုင်းကာ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်တော့မယ်၊ မထွက်လို့လည်းမဖြစ်ဘူး၊ ဘာလို့လဲ ဆိုရင် လွတ်လပ်ရေးရပြီးတော့ (power politics) "အာဏာနိုင်ငံရေး" လာလိမ့်မယ်။ Power politics နဲ့ ကျွန်တော်နဲ့မဖြစ်ဘူးဟု ဆက်ပြောသည်။ ထို့နောက် အနည်းငယ်စဉ်းစားဟန်ပြုပြီး အဲဒီအခါကျရင် သူတို့လုပ်ပုံတွေကိုကြည့်ပြီး ထိုင်ရယ်နေချင်တယ်ဗျာဟု ပြောသည်။

(အောင်ဆန်းမိသားစု၊ စာ ၂၃၂)

ဗိုလ်ချုပ်သည် လွတ်လပ်ရေးရပြီးချိန် ပါတီတိုက်ပွဲတွေဖြစ်ပေါ်လာမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ် သည်မှာ ထင်ရှားသည်။ ထို့ကြောင့်လည်း ဦးအောင်သန်းကို ထိုစကားပြောပြီးနောက် ထိုသဘောထား ကို နှစ်ကြိမ်တိုင်တိုင် လူသိရှင်ကြားထပ်ပြောသည်ကို တွေ့ရသည်။
၁၉၄၇ ခု ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသော တောင်သူလယ်သမားညီလာခံတွင်
"သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနဲ့ ဟိုပြေးသည်လွှားနဲ့ အင်မတန် ခေါင်းကျိန်းတယ်။ ကျုပ်အဖို့ တိုင်းပြည်ခေါင်းဆောင်လုပ်ရတာ ခင်ဗျားတို့က သိပ်ပြီးစည်းစိမ်ရှိတယ် ထင်တယ်။ ကျုပ်အဖို့ ကျားအမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။ သို့သော် လွတ်လပ်ရေးရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက် အနားယူရမလား မပြောတတ်သေးဘူး"

(အောင်ဆန်းမိသားစု၊ စာ ၃၁၀)

၁၉၄၇ ခု မေလ ၃၀ ရက်နေ့တွင် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်း စာဆရာများ အစည်းအဝေးတွင် "လွတ်လပ်ရေးရတဲ့အချိန်အထိတော့ ကျုပ် နိုင်ငံရေးလုပ်ရဦးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး၊ ဘေးဖယ်နေမယ်။ သူများ တွေလုပ်တာထိုင်ကြည့်ပြီး စာအုပ်ရေးမယ်"ဟု ပြောခဲ့လေသည်။
(မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ စာ ၃)

သစ်ပင်မြင့်လေ လေတိုက်ပိုခံရလေ

ဗိုလ်ချုပ်အောင်ဆန်း၏ လက်တွေ့နိုင်ငံရေးသက်တမ်းကို တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေး မှူးအဖြစ် ဆောင်ရွက်သေ  ၁၉၃၇ ကစ၍ ကျဆုံးသည့် ၁၉၄၇ အထိ ရေတွက်လျှင် ၁၀ နှစ်တာမျှရှိ သည်ကို တွေ့ရမည်။ ထိုမျှ တိုတောင်းလှသော ကာလအတွင်း တိုင်းပြည်အတွက် စွမ်းဆောင်ခဲ့သည် များကား အံ့မခန်းဖြစ်သည်။

ဗိုလ်ချုပ်နှင့် ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်များကား သူ့ခေတ်သူ့အခါအလျောက် ဒိတ်ဒိတ်ကြဲများ ချည်းဖြစ်သည်။ ဘကြီးဘဘေကစပြီး ရေတွက်ကြည့်ပါဦး။ ဒေါက်တာဘမော်၊ သခင်ဗစိန်၊ ဂဋ္ဌုန်ဦးစော၊ သခင်ထွန်းအုပ်၊ သခင်မြ၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်းသိန်းဖေ(မြင့်)၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေစသည်တို့သည် နိုင်ငံရေးခံယူချက်အသီးသီးဖြင့် နောက်လိုက် နောက်ပါများဖြင့် ရပ်တည်နေခဲ့ ကြသည်။ ယင်းတို့ကဲ့သို့သော ထိပ်တန်းနိုင်ငံရေးသမားများထဲမှ ချွန်ထွက်လာသော သခင်အောင်ဆန်း သည် ခေါင်းဆောင်မှုနေရာကို ထိုက်ထိုက်တန်တန်ရလာခဲ့ခြင်းဖြစ်သည်။ သို့သော် သစ်ပင်မြင့်လေ လေတိုက်ပိုခံရလေ ဟူသောစကားအတိုင်း ဗိုလ်ချုပ်အောင်ဆန်းသည် ပြင်းထန်သော တိုက်ခိုက်မှုများ ကို ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ချမှတ်ရာတွင် အမြင်တိုသူများ၏အမ နာပပြောဆိုရေးသားမှုများကို ခံခဲ့ရသည်။

အရီးတောင်း ဦးကျော်သိန်းကိုယ်တွေ့

ဗိုလ်ချုပ်အောင်ဆန်းသည် မကျဆုံးမီ၊ ငါးရက်မျှအလို ၁၉၄၇ ဇူလိုင် ၁၃ ရက် (တနင်္ဂနွေနေ့)တွင် ရန်ကုန်မြို့တော်ခန်းမ လေသာဆောင်မှနေ၍ ပြည်သူလူထုအား နောက်ဆုံးမိန့်ခွန်းပြောရာ၌
“ဒိုမီနံယံကိစ္စနဲ့ပတ်သက်လို့ ပြောတဲ့လူတွေ၊ ရေးတဲ့လူတွေဟာ နားလည်လို့ပြောတာ၊ ရေးတာမဟုတ် ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ လုပ်နေပြောနေတာတွေဟာ သူတို့နားမ လည်တာတွေ အများကြီးရှိတယ်။ နားမလည်ဘူးလို့ပြောလိုက်တော့ ခံချင်မှာမဟုတ်ဘူး၊ မခံချင် လောက် အောင် မှန်နေတော့ မခံချင်ဖြစ်နေတာပဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီးပြောလိုက်တယ်။ အဲဒီလို လုပ်နေတဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာဆရာတွေ အများကြီးရှိတယ်” (အောင်ဆန်းမိသားစု၊ စာ ၄၈၄) ဟု ပြောကြားခဲ့ခြင်းမှာ ထိုစဉ်က ငါတကောကောပြီး ဆန့်ကျင်တိုက်ခိုက်နေသူများအား ချက်ကျ ကျ တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

ထိုမိန့်ခွန်းကို ပြန်ဖတ်မိသည့်အခါ မန္တလေးမှ အရီးတောင်း ဦးကျော်သိန်း ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြော ၍ သိခဲ့ရသော သူ၏အတွေ့အကြုံတစ်ခုကို သတိရမိသည်။
“စစ်ပြီးချိန် ဖဆပလအဖွဲ့ချုပ်က လွတ်လပ်ရေးတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ ကျွန်တော့်ဦးလေး ဝမ်းကွဲ တော် တဲ့ သခင်လေးမောင် က လွတ်လပ်ရေးသတင်းစာဆိုတာ ထုတ်တယ်။ ကျွန်တော်က သတင်း ထောက် ဝင်လုပ်ရတာပေါ့၊ ဦးလေးက နိုင်ငံရေး အယူအဆမတူတော့ ဗိုလ်ချုပ်အောင်ဆန်းကို နေ့တိုင်း ဝေဖန် ရှုတ်ချ ရေးတာပေါ့။ တစ်တိုင်းပြည်လုံးက ဗိုလ်ချုပ် ဗိုလ်ချုပ်ဆိုပြီး ခေါင်းပေါ်တင်ထားချိန်မှာ ကျွန် တော့် တို့ သတင်းစာက နေ့တိုင်း ဗိုလ်ချုပ်ကို ရှုတ်ချရေးနေတော့ တစ်နေ့ပြီးတစ်နေ့ စောင်ရေကျကျလာ လိုက်တာ နောက်တော့ အလကားပေးတာတောင် ဖတ်တဲ့လူမရှိတော့လို့ သတင်းစာကို ရပ်လိုက်ရ တယ်။ အဲဒီနောက် ကျွန်တော်လည်း တခြားသတင်းစာတွေ ပြောင်းလုပ်ရတော့တယ်”

ဟု အရီးတောင်း ဦးကျော်သိန်းက လူထုကြည်ညိုလေးစားသော ခေါင်းဆောင်တစ်ဦးအား သွားပုပ်လေ လွင့် ရေးသားလျှင် ရေးသားသော သတင်းစာသာလျှင် ဇာတ်သိမ်းဆိုးခဲ့ရပုံကို သူ့ကိုယ်တွေ့အပေါ် သင်ခန်းစာ ယူ၍ ပြန်လည်ပြောပြခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက သူ၏မှန်ကန်သော လွတ်လပ်ရေးတိုက်ပွဲလုပ်ငန်းစဉ်ကို ကဖျက်ယဖျက်လုပ်၍ ရေးသားနေသော သတင်းစာအချို့တို့အား “ဆိတ်ဝှေးစေ့”နှင့်နှိုင်းကာ ပြောကြားသော နာမည်ကျော် မိန့်ခွန်းတစ်ခုလည်းရှိသည်။ အမှန်အကန်မရေးဘဲ လိုတစ်မျိုး၊ မလိုတစ်မျိုးရေးသော သတင်းစာများ သည် ဆိတ်ဟိုဒင်း လို ဟိုဘက်ကပ်လိုက် သည်ဘက်ကပ်လိုက်ဖြစ်နေသည်ဟု ပြောခဲ့ခြင်းဖြစ်ရာ အဆိုပါ ဆိတ်ဟိုဒင်း သတင်းစာဆရာများသည် ဆတ်ဆတ်ခါကုန်ကြသည်ဟု ကြားဖူးပါသည်။

စည်းမစောင့်သော သတင်းစာများ

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးသမားရင့်မကြီးမဖြစ်သေးမီ ကျောင်းသားခေါင်းဆောင် ဘဝကပင် စည်းမစောင့်သော သတင်းစာများ၏လုပ်ရပ်ကို အတွင်းသိ အစင်းသိဖြစ်ခဲ့ကြောင်း မှတ်တမ်းရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၂၃ နှစ်အရွယ်မှာပင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ရသည်။ ထိုကော်မတီ၏သဘာပတိ မှာ ဟိုက်ကုတ်တရားဝန်ကြီး ဆာမြဘူးဖြစ်သည်။ ၁၉၃၈ သြဂုတ်လတွင် ထိုကော်မတီသည် အတွင်း ဝန်များရုံးတွင် အစည်းအဝေးထိုင်ပြီးနောက် ပြန်လာကြရာ ကျောင်းသားကိုယ်စားလှယ် ကိုအောင်ဆန်း အား ဆာမြဘူးက သူ့ကားနှင့်တင်ခေါ်လာသည်။ သူတို့ကားထဲရောက်သည်နှင့် တစ်ပြိုင်နက် လူတစ် ယောက်က “ကုလားဗမာရိုက်ကုန်ပြီ” ဟု ဆီးပြော၏။ ထိုသတင်းကိုကြားသောအခါ ကိုအောင်ဆန်းက “သတင်းစာတွေ တရားခံပဲ”ဟု မှတ်ချက်ရလိုက်၏။

အမှန်ပင် နောက်ပိုင်းအဓိကရုဏ်း အသွင်ပြောင်းပြီး တစ်ပြည်လုံးပျံနှံ့သွားသော ထိုကုလားဗမာရိုက်ပွဲ မှာ သတင်းစာတွေက လှုံ့ဆော်ပေးမှုကြောင့်ဖြစ်၏။ ရွှေဖီအမည်ခံသူတစ်ယောက်က မော်လဝီနှင့် ယောဂီဟူသောစာအုပ်ကို ရေးသားထုတ်ဝေလိုက်ရာ ထိုစာအုပ်အကြောင်းကို သတင်းစာအချို့က ဖော် ပြပြီး လှုံ့ဆော်ပေးသဖြင့် ဘာသာရေးကိုအခြေခံသော လူမျိုးရေးအဓိကရုဏ်းဖြစ်ကာ သတ်ဖြတ်မှုများ၊ မီးရှို့မှု ဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် ထိုအရွယ်က တည်းက အဓိကနှင့် သာမညကို ခွဲခြားတတ်သူဖြစ်သည။် ပြဿနာတစ်ခုကို စဉ်းစားလိုက်သည်နှင့် ချက်ချင်းပင် ပင်ရင်းအကြောင်းတရားကို ဒက်ခနဲ တွေးခေါ်နိုင်သော စွမ်းရည်ရှိကြောင်း ထိုဖြစ်ရပ်က လေးက ဖော်ပြခဲ့သည်။

၂၃ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက ကုလားဗမာအဓိ ကရုဏ်းဖြစ်ပြီဟူသော သတင်းကိုကြားလိုက်သည်နှင့် ချက်ချင်းပင် “သတင်းစာတွေ တရားခံပဲ”ဟု မှတ်ချက်ချလိုက်ခြင်းကို ထိုစဉ်က အသက်ငါးဆယ်ကျော်ပြီဖြစ်သော တရားဝန်ကြီး ဆာမြဘူး၏စိတ် တွင် “အာဂ ကောင်လေး ပါလား၊ ပြဿနာ၏အရင်းအမြစ်ကို မြင်နိုင်စွမ်းရှိသည်ဟု ထင်မြင်မိကြောင်း” ဆာမြဘူးကိုယ်တိုင်က ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းအား ပြောဖူးသည်။ (အောင်ဆန်းမိသားစု၊ စာ ၁၅၁-၁၅၂) ဆာမြဘူးသည် ကိုအောင်ဆန်းမှ သခင်အောင်ဆန်း၊ သခင်အောင်ဆန်းမှ ဗိုလ်ချုပ်အောင် ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းမှ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းအား အလွန်လေးစားခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက်လည်း ဗိုလ်ချုပ်မိသားစုထံ မကြာခဏသွားရောက်ကာ ခင်မင်နှီးစွာ ဆက်ဆံ နေထိုင်ခဲ့လေသည်။

တစ်မျိုးသားလုံး ဆုံးရှုံးများစွာထဲမှ

ဗိုလ်ချုပ်အောင်ဆန်းသည် အသေမစောခဲ့လျှင် သူအားခဲ့ထားသည့်အတိုင်း လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမှထွက်ကာ စာရေးဆရာလုပ်မည်မှာ သေချာသည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ဗိုလ်ချုပ် သည် အပြောနှင့်အလုပ် ညီညွတ်သူဖြစ်ကြောင်း သူ့ဘဝမှတ်တမ်းက သက်သေပြထားပြီးဖြစ်သည်။ ထွက်မယ်၊ ထွက်မယ်ဟု အော်နေပြီး ဆွဲထားမည့်သူဘက်ကို ကိုယ်ကိုယိုင်ပေးနေသည့် ကာတွန်းတစ် ခု လွတ်လပ်ရေးခေတ် သည်ဘက်ပိုင်းတွင်တွေ့ခဲ့ဖူးသည်။ ဗိုလ်ချုပ်ကား ထိုသို့သော လူစားမျိုးမဟုတ် ကြောင်း တိုင်းပြည်က သိပါသည်။ နိုင်ငံရေးကထွက်ပြီးလျှင် သူ့အတွေ့အကြုံများကို စာအုပ်ရေးမည်၊ မြန်မာနိုင်ငံပြန်ပြီး အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်သတင်း စာတစ်စောင်ထုတ်မည်ဟု ရည်ရွယ်ခဲ့သော ပန်း ကနော် ဦးသန့်ကိုလည်း သတိရမိပါသည်။ သူတို့ အသေစောခြင်းကြောင့် မြန်မာနိုင်ငံအတွက် ကြီးမား လှစွာသော ဆုံးရှုံးမှုများစွာရှိခဲ့သည့်အနက် စာရေးဆရာကောင်း၊ သတင်းစာဆရာကောင်းနှစ်ယောက် ကို ဆုံးရှုံးခဲ့ရခြင်းလည်း ပါဝင်သည်ဟု ကျွန်တော် ယုံကြည်ပါကြောင်း။

မောင်ဝံသ
စာကိုး။


၁။ ဦးအောင်သန်း၊ အောင်ဆန်းမိသားစု
၂။ မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ
၃။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ
၎။ အရီးတောင်း ဦးကျော်သိန်း ပြောပြချက်။

ဆက်ရန်
.

1 comment: