Thursday, October 6, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂၂)

ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိထင်ရှား တစ်ကြိမ်သာ တွေ့မြင်ခဲ့ရပုံ

ကျွန်တော်မွေးဖွားလာသော ၁၉၃၂တွင် ကိုအောင်ဆန်းသည် ဆယ်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ရောက်နေပေပြီ။
၁၉၁၅ ခု၊ ဖေဖော်ဝါရီ ၁၃ (၁၂၇၆ခု၊ တပေါင်းလဆန်း ၁ရက်) ဖွားမြင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ကျွန်တော့်ထက် ၁၇နှစ်ကြီးပါသည်။ ကျွန်တော်တို့ လူမှန်းသိလာသော၊ စာလည်း ဖတ်တတ်စ ပြုလာသော  ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီးများတွင် သခင်အောင် စန်း(ဆန်း)၏ နာမည်ကို ကြားဖူးစပြု လာပါပြီ။ ကျောင်းသားခေါင်းဆောင်၊ ပြီးတော့ ဒို့ဗမာအစည်းအရုံးခေါင်းဆောင် လွတ်လပ်ရေး တိုက်ပွဲ ခေါင်းဆောင်။

မြန်မာနိုင်ငံသို့ စစ်ရောက်လာသော အချိန်တွင်ကား ဗိုလ်အောင်ဆန်း၏ အမည်မှာ နေရောင် လရောင် ကဲ့သို့ လင်းထိန်သွားလေသည်။ မိမိ၏ အသက်နှင့်ဘ၀ကို တိုင်းပြည်လွတ်လပ်ရေးနှင့် ပြည်သူတို့အတွက် ပေးလှူ ၍ သူဆောင်ရွက်ပုံ၊ စစ်ပညာသင်ကြားပုံ၊ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကြီးဖွဲ့၍ နယ်ချဲ့ အင်္ဂလိပ် တို့ကို တော်လှန်တိုက်ခိုက်ပုံ၊ ထို့နောက် ပရိယာယ်ေ၀၀ုစ်များ၍ ကောက်ကျစ်ရက်စက်သော အင်္ဂလိပ် နယ်ချဲ့ကို တွန်းလှန်၍ လွတ်လပ်ရေးအရယူခဲ့ပုံတို့ကို ကျွန်တော်တို့သည် ပုံပြင်သဖွယ် ကြားသိ အားကျ သူ့လမ်းညွှန်ရာ ချီတက်တိုက်ပွဲဝင်လိုစိတ်များ မုန်တိုင်းကျသကဲ့သို့ တက်ကြွပြင်းထန် ခဲ့ကြပါသည်။

ကျွန်တော်တို့သည် သူ့စကားများကို ရေဒီယိုမှတစ်ဆင့် ကြားရပါသည်။ သူ၏ရိုးသားမှုကို ရှင်းရှင်းကြီး မြင်ကြရပါသည်။ သူ၏အမြော်အမြင်နှင့် ဥာဏ်ပညာကိုလည်း ကိုယ်နိုင်သလောက်နှင့် ခံစားခဲ့ရပါသည်။ သူ၏ တက်ကြွရှင်းလင်းသော မိန့်ခွန်းများဖြင့် ကျွန်တော်တို့သည် လွတ်လပ်ရေးတိုက်ပွဲထဲသို့ ၀င်နွှဲရန် အသင့် ဖြစ်ကြရပါသည်။

ထိုစဉ်က ကျွန်တော်တို့မှာ အထက်တန်းကျောင်းသားများဖြစ်၍ ကျောင်းသားသမဂ္ဂများ ဖွဲ့၍ ကျောင်းသား အရေး၊ ပညာရေးတိုးတက်ရေးတို့အပြင် အဓိကအားဖြင့် တိုင်းပြည်လွတ်လပ်ရေးကို နံပါတ် ၁ ဦးစား ပေး၍ ဆောင်ရွက်ကြပါသည်။ မြိုထဲတွင် ချီတက် ဆန္ဒပြပွဲများ အကြိမ်ပေါင်းများစွာ ကျင်းပခြင်း၊ လွတ်လပ်ရေး ဆန္ဒပြ သပိတ်မှောက်ခြင်းတို့အပြင် အနုနည်းနှင့် လွတ်လပ်ရေးရလျှင်ရ မရလျှင် ချမည်ဆိုသော ဗိုလ်ချုပ်၏ အမိန့်အရ စစ်ရေးပြင်ဆင်မှုကြီးတွင် ပါဝင်ရန် ကျောင်းသားတပ်ဦး၊ နောက် ကျောင်းသားရဲခေါင် တပ်ဖွဲ့များ ဖွဲ့၍လည်း အခြေခံစစ်ပညာများ သင်ကြားခြင်းတို့ကို ပြုကြပါသည်။

ဤသို့ ဗိုလ်ချုပ်၏အသံ၊ ဗိုလ်ချုပ်၏အမိန့်များအရ ဆောင်ရွက်နေကြသော်လည်း ထိုဗိုလ်ချုပ်ဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို တစ်ခါမျှ မမြင်မတွေ့ဖူးပါ။ သတင်းစာများထဲတွင်ပါသော သူ့ရုပ်နှင့် ရေဒီယိုမှ ရှားရှား ပါးပါးကြားရသော အသံတို့ကိုသာ မြင်ဖူးကြားဖူးရပါသည်။

သို့သော် ထိုဗိုလ်ချုပ်ကို ၁၉၄၇ ခုနှစ် စောစောပိုင်းတွင် ကျွန်တော်တို့ တွေ့ကြရပါပြီ။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ဇန်န၀ါရီလ၌ အင်္ဂလန်သို့သွား၍ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုပြီး တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပရန် တစ်ပြည်လုံးသို့လှည့်၍ တရားဟော စည်းရုံးနေသော အချိန်ဖြစ်၏။

မုံရွာမြို့သို့ ၁၉၄၇ မတ် ၂၁ရက်နေ့တွင် သူရောက်လာသည် သူစီးလာသည့် စတေရှင်ဝက်ဂွန်ကား အစိမ်းလေး မောင်းလေရာနောက်သို့ ကျောင်းသားကလေးငယ်များ တစ်အုံတစ်တန်းကြီး ပြေးလိုက် ကြသည်။
သူတရားပွဲ ကို မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု မုံရွာအထက-၁)ထဲတွင် ကျင်းပသည်။ ထိုကျောင်းမှာ ကျွန်တော် တို့ကျောင်းဖြစ်သည်။

နံနက်လင်းစမှစ၍ မုံရွာခရိုင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ့ရဲဘော်များက ၀တ်စုံအပြည့်ဝတ်၍ စစ်တပ်ဖွဲ့ များကဲ့သို့ မျိုးချစ် သီချင်းများ သံပြိုင်ဆို၍ ချီတက်လာကြကာ ကျွန်တော်တို့ကျောင်းဝင်းထဲတွင် စနစ်တကျ နေရာယူကြသည်။ အခြားဖဆပလအဖွဲ့ဝင်များ၊ လူငယ်အစည်းရုံးဝင်များ။ မြို့လူထု၊ နယ်လူထု များကလည်း ကျောင်းဝင်းကြီးအပြည့် နေရာယူကြသည်။  ကျောင်းဝင်းကြီးတစ်ခုလုံး စိမ်းသွားသည်။ ကျွန်တော်တို့ကလည်း ကျောင်းသားတပ်ဝတ်စုံများနှင့် ခွပ်ဒေါင်းအလံများ လွှင့်၍ နေရာ ယူကြသည်။ ကျွန်တော်တို့မှာ ကိုယ့်ကျောင်းဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ တရားဟောစင်နှင့် အနီးဆုံး တွင် နေရာယူကြသည်။

ဗိုလ်ချုပ်ဝင်လာသောအခါ ပရိတ်သတ်ကြီး အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်သွားပြီးနောက် ငြိမ်သွားသည်။ ဤမျှလောက် လူထုကြီးများပါလျက် တစ်ခါတည်း ဘာသံမျှမကြားရလောက်အောင် ငြိမ်သွားသည်။
သို့သော် သူ့အသံကား မပျော့။ သူသည် ကျောင်းဝန်းကျယ်ကြီး (ဘောလုံးကွင်းအပါ) တစ်ခုလုံး လျှံနေသော ပရိတ်သတ်ကြီးကို အသံချဲ့စက်မပါဘဲ ပြောရသည်။ အသံချဲ့စက်ရှိသူတို့က အင်္ဂလိပ် နယ်ချဲ့ နှင့် ဖိနှိပ်ရေး ယန္တရားကြီးများ ကို ကြောက်၍ အသံချဲ့စက်များ မငှားကြပါ။ ဖိနှိပ်ရေး ယန္တရားမှာ လူမြင်လျက် လည်းကောင်း၊ မမြင်ရဘဲနှင့်လည်းကောင်း လည်ပတ်အလုပ်လုပ်နေပါသည်။ ပိုက်ဆံရှိတို့မှာ ထိုအုံ ၏ အရိပ်ဝိုင်းထဲတွင် သစ္စရှိရှိနေကြပါသည်။

ဗိုလ်ချုပ်သည် သူ့သဘာဝအသံနှင့်ပင် ဤမြင်မဆုံးသော တုတ်တုတ်မလှုတ်သော ပရိတ်သတ်ကြီးကို ကြားနိုင် သလောက် ကြားကြအောင် အသက်ဇီဝအား စေတနာအားများ အစွမ်းကုန်ထုတ်၍ ပြောကြား သွားသည်။

စိတ်ချရမဲ့အမတ်များလိုတယ်
၁၉၄၇ခုနှစ်၊ မတ်လ ၂၁ရက်နေ့ မုံရွာမြို့တွင်


ကျွန်တော်လာခဲ့တဲ့ အကြောင်းကတော့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး လာခြင်းလာရခြင်းပါပဲ။ လာမဲ့တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဟာ အရင်က ရွေးကောက်ပွဲနှင့် မတူဘူး ဆိုတာ သတိပြုစေချင်ပါတယ်။ အရင်ကလို တရားဟောမဲဆွယ်ပြီး လေသံပျော့နှင့် အော်နေလို့ ဖြစ်မှာမဟုတ်ဘူး၊ အရင်ကခင်ဗျားတို့ တင်မြှောက်လိုက်တဲ့ အမတ်မျိုးတွေကို မလိုချင်ဘူး။

အင်္ဂလိပ်မအုပ်နိုင်

ယခုလွှတ်တော် ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဆုံးဖြတ်မဲ့ လွှတ်တော်စြဖ်ရမယ်။ စစ်ပြီးတဲ့နောက် အင်္ဂလိပ်အစိုးရဟာ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို အုပ်ချုပ်နိုင်တဲ့ အခြေမရှိတော့ဘူး။ အရေးကြီးတဲ့ အချက် တစ်ခုကတော့ စစ်ပြီးတဲ့ ဘယ်အစိုးရမဆို ကမ္ဘာ့မေတ္တာပျက်ကို မခံနိုင်ဘူး။ အင်္ဂလန်ဟာ အမေရိကန်ရဲ့ ငွေနဲ့ လူလုပ်နေရတာ၊ အဲဒါကြောင့် သူဟာ အမေရိကန်ကို မုန်းအောင် မလုပ်ဝံ့ဘူး။

အမေရိကန်ရှိတယ်

အမေရိကန်ဟာလည်း အရှေ့အာရှနဲ့ ပစိဖိတ်မှာရှိတဲ့ ကိစ္စကို အများကြီး ဂရုစိုက်နေတယ်။ ကမ္ဘာမှာ တစ်ခုခု ဖြစ်တယ်ဆိုရင် အမေရိကန်က ကြည့်နေမှာမဟုတ်ဘူး။ အမေရိကန်ဟာ တရုတ်ပြည်ကိုလည်း အေးအေး ဖြစ်စေချင်တယ်။ ဗမာပြည်ကိုလည်းအ တူတူပဲ။ ဒီတော့ အမေရိကန်ဟာ အာရှပစိဖိတ် မှာဖြစ်တဲ့ ကိစ္စတွေကို ဂရုမပြုဘဲမနေနိုင်ဘူး။

အတွင်းကြေ ကြေနေပြီ

အင်္ဂလိပ်ဟာ အတွင်းကြေကြေနေပြီ။ အဲဒါကြောင့်မို့ အခုသူဟာ လူလိမ္မာစကားကို ပြောနေရတယ်။ ကျုပ် တို့ကို လွတ်လပ်ရေးလိုချင်သလား။ မင်းတို့ကိုယ်တိုင် ကြေညာပါလို့ ပြောတယ်။ ဒါပေမယ့် သူတို့ ပေးတဲ့ လွတ်လပ်ရေးမျိုးကို မကြိုက်ဘူး။ အခုကျုပ်တို့ဟာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ထိထိ ရောက်ရောက် ဆောင်ရွက်မဲ့ သူတွေကို လိုချင်တယ်၊ အင်္ဂလိပ်နဲ့စာချုပ်ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ရင် ကျေနပ် မကျေနပ်ရင် ယခုအမတ်တွေဟာ သူပုန်အမတ်ဖြစ်ရမယ်။

သူပုန်လွှတ်တော်ကြီး

လွှတ်တော် ဟာလည်း သူပုန်လွှတ်တော်ကြီး ဖြစ်ရမှာပဲ။ ပြီးတော့ အခုလွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူး ဆိုတာကို ခင်ဗျားတို့ စိတ်ထဲမှာ စွဲထားဖို့လိုပါတယ်။ ကျုပ်တို့မှာ လုပ်ဖို့တာဝန်တွေ အများကြီး ရှိသေတယ်။ အင်္ဂလိပ်ဟာ ကျုပ်တို့ကို လွှတ်လပ်ရေးပေးဖို့အတွက် ကျုပ်တိုသ့မှာ စိတ်ချရမဲ့ အမတ်များများ လိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ ရွေးလိုက်တဲ့ လက်ရွေးစင်အမတ်တွေကို ခင်ဗျားတို့က မဲပေး ဖို့ပဲရှိတယ်။ အဲဒီလို ခင်ဗျားတို့က ၀ိုင်းပြီး ကူညီကြမှ ကျုပ်ပြောတဲ့ တစ်နှစ်အတွင်း လွတ်လပ်ရေး ကြေညာ နိုင်မှာ၊ အဲဒါမှမဟုတ်ရင် ဇာတ်မျောနေအုံးမှာပဲ။ ဒီတော့ ခင်ဗျားတို့သဘောဘဲ။ ပေးချင်ပေး။ မပေးချင်ရတယ်။

စာတတ်တဲ့လူတွေ

ယခုလွှတ်တော်အမတ်တွေဟာ စာတတ်ဖို့မလိုသေးပါဘူး။ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုပဲလိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနဲ့စီမံရမှာပဲ။ အခုစာတတ်တွေ ရွေးလိုက်ရင် စကားများနေကြမှာပဲ။ လွတ်လပ်ရေး စခန်း ကို ရောက်နိုင်မှာ မဟုတ်ဘူး။

ညွှန်း။    ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ
    စာပေဗိမာန်

အံ့မောင်
၆၊ ၁၊ ၂၀၀၉။ ရန်ကုန်
.

No comments: