Thursday, October 6, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး (၂၉)

(၃၉)

စင်တိန်သည် မြင်းကို ဇက်ကြိုးလျှော့ပြီး ခပ်ဖြည်းဖြည်း စီးလာသည်။ ရှာဆာအား ခါးစောင်းတွင် ခါးထစ်ခွင် ပြီး အ၀တ်ဖြင့် သိုင်းစည်းထားသည်။ ရှာဆာသည် မြင်းစီးနေသော စင်တိန်ကိုယ်ပေါ်တွင် ခါးထစ်ခွင် လိုက် ပါလာရင်း အိပ်ပျော်နေသည်။
သဲကန္တာရထဲတွင် လေထန်နေသည်မှာ ငါးရက်ရှိပြီး ဖြစ်သည်။ လေအဆက်မပြတ် တိုက်ခိုက်နေသဖြင့် သဲများ တထောင်းထောင်းထကာ အုံ့ဆိုင်း မှုန်မှိုင်းနေသည်။ စင်တိန်သည်လည်း လည်စည်းအ၀တ်တစ်စ ကို ခေါင်းတွင်အုပ်ပြီး ပေါင်းထားသည်။ စောင်တစ်ထည်ကိုလည်း ပခုံးပေါ်ကအုပ်ပြီး ခြုံထားရာ ရှာဆာ သည် စောင်အောက်တွင် ရှိပြီး သဲမှုန်များဒဏ်မှ လွတ်ကင်းနေသည်။

စင်တိန်သည် မြင်းပေါ်က အောက်သို့ ဆင်းလိုက်သည်။ သူတို့ရှေ့ဘက်ဟိုအဝေးတွင် မတ်စောက်သော ကျောက်တောင်ကြီးကို တွေ့ရသည်။ ဘေးပတ်ဝန်းကျင် ငါးမိုင်လောက်အထိကို အကာအဆီးမရှိ လှမ်းမြင် နိုင်သော နေရာ ဖြစ်သည်။ ထို့ကြောင့်လည်း ဤနေရာကို လိုသာ ဒီလာရေးက တမင်ရွေးထားခြင်း ဖြစ်ရ မည်ဟု စင်တိန် သဘောပေါက်လာသည်။
စင်တိန်က မြင်းပေါ်ပြန်တက်ပြီး အမြန်စီးသည်။ ကျောက်တောင်ကြီကို တဖြည်းဖြည်း ထင်ထင်ရှားရှား မြင်လာရသည်။ မြေပြင်ပေါ်တွင် ပေ ၂၀၀ ခန့်အထိ မြင့်မည်ဟု မှန်းရသည်။
တောင်စောင်း အောက်ခြေဘက်၌ အလင်းရောင်ကို လှမ်းမြင်လာရသည်။ စင်တိန် အသေအချာ စိုက်ကြည့် ပြီး ရှာဆာအား ခပ်တိုးတိုး ပြောလိုက်သည်။

"ရှာဆာ ... သူတို့ဟိုမှာ သူတို့ တို့ကို စောင့်နေကြတယ်"
စင်တိန်က မြင်းကိုပိုပြီး မြန်အောင် စီးလိုက်သည်။
မတ်စောက်မြင့်မားသော ကျောက်တောင်ကြီး၏ အောက်ဘက် အရိပ်ထဲ၌ မော်တော်ကားတစ်စီး ရပ်ထားပြီး ကားဘေးဘက်တွင် အစိမ်းရောင်ရွက်ထည်ဘဲကဘေး တစ်လုံး ထိုးထားသည်ကို တွေ့ရည်။
တဲရှေ့တွင် မီးပုံတစ်ပုံ ဖိုထားသည်။ အပြာရောင် မီးခိုးတန်းကလေးက တလူလူ လွင့်တက်နေသည်။
စင်တိန် သည် ခေါင်း၌ ပေါင်းထားသော ပ၀ါစကို ဆွဲဖြုတ်ပြီး ခေါင်းပေါ်မှ ဝှေ့ယမ်းပြကာ အော်ပြော တော့သည်။

"ဒီမှာ ... ဟဲလိုး ... ကျွန်မတို့ ဒီမှာ လာနေပြီ"
မီးပုံဘေးမှ လူပုံသဏ္ဍာန်နှစ်ခုက ထိုင်ရာမှ ထလိုက်ကြပြီး သူထံ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
စင်တိန်က ဝှေ့ယမ်းပြလျက်ဖြင့် မြင်းကို ကဆုန်စိုင်းစီးသွားသည်။ မီးပုံဘေးမှ လူသဏ္ဍာန်နှစ်ခုအနက် တစ်ခုက သူမဆီသို့ ပြေးလာသည်။ ထိုသဏ္ဍာန်မှာ အမျိုးသမီး ဖြစ်သည်။ စကတ်အရှည်ဝတ်ထားသော အမျိုးသမီး ဖြစ်သည်။ စကတ်ကို ဒူးအထက်အထိ ၀တ်ထားပြီး သဲမြေပျော့ပေါ်တွင် တတ်နိုင်သလောက် မြန်အောင် ပြေးလာနေသည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများက အထင်းသား မြင်ရသည်။

"အန် ... အို အန်ရေ ..."
စင်တိန်က အသံကုန်ကြုံးပြီး အော်ခေါ်သည်။ နီရဲတွတ်နေသော အန်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျ လာသည်။ အန်က ပြေးနေရာမှ ရပ်လိုက်ပြီး လက်နှစ်ဖက်ကမ်းကာ ရင်ဖွင့်ကြိုလိုက်သည်။
"င့ါသမီးလေး" အန်က ပြန်ခေါ်သည်။
စင်တိန်မြင်းပေါ်က ခုန်ဆင်းလိုက်သည်။ ရှာဆာကို လက်တစ်ဖက်ဖြင့် ပွေ့လိုက်ပြီး အန်ဆီသို့ ပြေးသွား သည်။
အန်နှင့် စင်တိန် တို့ အပြန်အလှန်ဖက်ပြီး ငိုနေသည်။ စကားပြော၍ မထွက်နိုင်ဘဲ ဖြစ်နေသည်။ ငိုရာမှ ရယ်ကြ ပြန်သည်။ ရှာဆာက တင်းကျပ်ပြီး မနေတတ်သဖြင့် အော်ဟစ်လိုက်သည်။ အန်က ရှာဆာကို စင်တိန် ဆီမှ လှမ်းယူပြီး ချီလိုက်သည်။

"ယောက်ျားလေးကလေး ... ယောက်ျားကလေးပါလားဟေ့"
"ဟုတ် ... ဟုတ်တယ် ကျွန်မသူ့ကို မိုက်ကယ် ... မိုက်ကယ် ရှာဆာလို့ နာမည်ပေးထားတယ်"
စင်တိန် က သိမ့်သိမ့်ရှိုက်ရင်း ပြောလိုသည်။
အန်က ကလေးကို အငမ်းမရ နမ်းရှုံ့ရင်း ခေါ်လိုက်သ်ည။ နမ်းရှုံ့မှုကို ခံယူသိရှိနေသော ရှာဆာက ၀မ်းသာ အားရ အသံပြုတုံပြန်သည်။
အန်သည် တစ်ဘက်က ရှာဆာကို ချီပြီး တစ်ဘက်က စင်တိန်ကို ဆွဲကာ မီးပုံနှင့် တဲဆီသို့ ခေါ်သွားသည်။
အရပ်ရှည်ရှည် ပခုံးဝိုင်းဝိုင်းလူကြီးတစ်ယောက်က သူတို့ဆီသို့ ထွက်လာသည်။ အညိုရောင်ဆံပင်ခပ်ပါးပါး ကို သူတို့ဆီသို့ ထွက်လာသည်။ အညိုရောင်ဆံပင်ခပ်ပါးပါးကို နောက်လှန်ဖြီးထားရာ မဟာနဖူးက အထင်း သားပေါ်နေပြီး ပညာရှိအသွင် ထင်ရှားနေသည်။ ထိုသူက စတင် ပြောလာသည်။

"ကျွန်တော် မိုက်ကယ့်အဖေပါ"
သူ့ကို မြင်ရသည်မှာ စင်တိန့်အဖို့ မိုက်ကယ့်ဓာတ်ပုံဟောင်းကို မြင်ရသည်နှင့် တူလှသည်။
"ပါပါ"
စင်တိန်က ထိုလူကြီးအား ပြေးဖက်ပြီး အားပါးတရခေါ်လိုက်သည်။ ဂါရီကလည်း ၀မ်းသာလုံးဆို့ပြီး စင်တိန် အား ပြန်ဖက်ထားလိုက်သည်။
"ငါ့ဘ၀မှာ မျှော်လင့်ချက်အားလုံး ဆုံးပြီးထင်တာ၊ အခုတော့ ... အခုတော့ ..."
ဗိုလ်မှူးကြီးကုတ်နေ ၏ လည်ချောင်းထဲ၌ စကားလုံးများ ဆို့နင့်ကာ ဆက်ပြော၍ မရအောင် ဖြစ်သွားသည်။
ဂါရီကုတ်နေ၊ အန်နှင့် စင်တိန်တို့က စောင့်ကြည့်နေစဉ်မှာပင် တိရစ္ဆာန်ဆွဲပေါင်းမိုးလှည်းကြီးများက သူတို့ ဆီသို့ တရွေ့ရွေ့ချင်း ဘီးလိမ့်ရောက်ရှိလာသည်။

"ဒီလူ့ကျေးဇူးကတော့ ဆပ်လို့ကုန်နိုင်မယ် မထင်ပါဘူး"
အန်သည် ဖီးယက်ကားနောက်ခန်းထဲတွင် အသင့်ထိုင်နေရာမှ ပြောလိုက်သည်။ ရှာဆာလေးကို အန်ပေါင် ပေါ်တွင် တင်ထားသည်။
"သူ့ကို ထိုက်ထိုက်တန်တန် ဆုပေးမှာပါ"
ဂါရီ က ဘေးတွင် ရပ်နေရာမှ ပြောလိုက်သည်။ သူ့လက်ထဲတွင် စာရွက်လိပ် တစ်လိပ်ကိုင်ထားသည်။ ထိုစာရွက်လိပ်ကို အ၀တ်ကြိုးစအနီဖြင့် စည်းပတ်ထားသည်။
"ရှင် ဘယ်လောက်ပေးပေး သူ့ကျေးဇူးကတော့ ဆပ်လို့မကုန်အောင် ကြီးပါပေတယ် ရှင်ရယ်" အန်က ပြောလိုက်ပြီး ရှာဆာလေးကို ဖက်လိုက်သည်။
"ပါပါ သူ့ကို ပေးသင့် ပေးထိုက်သလောက် ခပ်များများသာ ပေးလိုက်စမ်းပါ ပါပါရယ်၊ ပြီးယင် သူ့ကို သွားချင်ရာ သွားပါစေတော့၊ ကျွန်မ သူ့မျက်နှာကို ထပ်မမြင်ချင်တော့ဘူး"
စင်တိန် က လေသံယဲ့ယဲ့ဖြင့် ပြောလိုက်သည်။

တိရစ္ဆာန်ဆွဲလှည်းများ သူတို့အနီးသို့ ရောက်လာပြီး ရပ်လိုက်သည်။ ပေါင်းမိုးလှည်းကြီးတစ်စီး၏ နောက်ဘက်မှ နေ၍ လိုသာ ဒီလာရေး ဖြည်းညှင်းလေးကန်စွာ ဆင်းလာသည်။
မြေကြီးပေါ်သို့ ရောက်သောအခါ သူ ခေတ္တရပ်နားလိုက်သည်။ လက်တစ်ဖက်ဖြင့် လှည်းကိုကိုင်ပြီး ကိုယ် ကို မတ်လိုက်သည်။ ကျန်လက်တစ်ဘက်မူ ရင်ဘတ်ရှေ့တွင် ပိုက်ပြီး အ၀တ်စတစ်စဖြင့် သိုင်းချည် ထားသည်။ သူ့မျက်နှာက ဖျော့တော့နေသည်။ အားအင်ကုန်ခန်း နွမ်းနယ်နေပုံရသည်။ မျက်လုံးအရောင် များ မှေးမှိန်ညှိုးရော်နေပြီး ခံစားနေရပုံပေါ်နေသည်။ မုတ်ဆိတ်ပါးသိုင်းမွေးများ မရိတ်ထားသဖြင့် အိုမင်း ရင့်ရော်နေပုံ ပေါ်လွင်နေသည်။

"ဟယ် ... သူ့လက်မှာ ဒဏ်ရာရလာပါကလား၊ သူ ဘာဖြစ်လာလို့လဲဟင်"
အန်က အလန့်တကြား ပြောလိုက်သည်။ သူမဘေးမှ စင်တိန်ကမူ မျက်နှာကို အခြားတစ်ဘက်သို့ လွှဲလိုက် သည်။
လိုသာက ဂါရီဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ လှည်းများနှင့် ဖီးယက်ကားတို့ကြား လမ်းတစ်ဝက် တွင် လိုသာ နှင့် ဂါရီတို့ လက်ဆွဲနှုတ်ဆက်ကြသည်။ လိုသာက ဒဏ်ရာမရသောလက်ကို ကမ်းပြီး နှုတ်ဆက်သည်။

သူတို့စကားပြောသံက တိုးသဖြင့် စင်တိန်ထိုင်နေသော ဖီယက်ကား နောက်ပိုင်းမှနေ၍ မကြားရပေ။ ဂါရီက လိုသာအား စာရွက်လိပ်ကို ကမ်းပေးလိုက်သည်။ လိုသာက ဒဏ်ရာမရသော လက်ဖြင့် လှမ်း ယူသည်။ စက္ကူလိပ်တွင် စည်းထားသော ကြိုးကို ပါးစပ်ဖြင့် ဆွဲဖြေသည်။ စာရွက်ကို လက်တစ်ဖက် တည်းဖြင့် ဖြန့်ပြီး ဖတ်လိုက်သည်။
တစ်မိနစ့် အကြာတွင် စာဖတ်အပြီးတွင် စာရွက်လိပ်ကို ဖြန့်လိပ်လိုက်သည်။ ထို့နောက် လိုသာက ဂါရီကို ခေါင်းညိတ် လိုက်သည်။ စကားတစ်လုံးမှ မပြော။
သူ့မျက်နှာအမူအရာက ကျောက်ရုပ်လိုပင် ခံစားချက်မဲ့ ဖြစ်နေသည်။ အသက်ဝင်လှုပ်ရှားမှု မရှိပါချေ။

လိုသာက ကားနောက်ခုံတွင် ထိုင်နေသော စင်တိန့်ဆီသို့ ငေးကြည့်နေသည်။ ထို့နောက် စင်တိန်ဆီသို့ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်လာသည်။ စင်တိန်သည် အန့်ပေါင်ပေါ်မှာ ရှာဆာအား လှမ်းချီ ကာ ရှေ့ပိုင်းသို့ ရွှေ့ထားလိုက်သည်။ လိုသာနှင့် လက်လှမ်းမမီရာသို့ ပို့ပြီး ကြိုတင် ကာကွယ် ထားလိုက် သည်။
ထိုအချင်းအရာကို မြင်သောအခါ လိုသာ တုံ့ခနဲ ရပ်လိုက်သည်။ လက်တစ်ဖက်ကို မြှောက်ပြီး စင်တိန့်အား တောင်းပန် သည့် အရိပ်လက္ခဏာ ပြလိုက်သည်။ သို့သော် ခက်ထန်တင်းမာသည့် စင်တိန့်အမူအရာက နည်းနည်း မှ ပျော့ပျောင်းမလာသောအခါ လိုသာ လက်ပြန်ချပြီး စိတ်လျှော့လိုက်တော့သည်။
ဂါရီအဖို့ အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်နေသည်။ လိုသာနှင့် စင်တိန်တို့အား အပြန်အလှန် အကဲခတ် ကြည့်နေ မိသည်။

"ကျွန်မတို့ သွားလို့ရပလား ပါပါ"
စင်တိန်က ဂါရီအား ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။
"သွားလို့ရပါပြီ သမီးရယ်"
ဂါရီသည် ဖီးယက်ကား ရှေ့သို့ သွားပြီး စက်ကို ဂေါက်တံဖြင့် လှည့်၍ နှိုးလိုက်သည်။ စက်နိုးသွားသော အခါ ယာဉ်မောင်းနေရာတွင် ပြန်လာထိုင်ပြီး နောက်ဘက်ရှိ စင်တိန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟိုလူ့ ကို သမီးပြောစရာ ဘာမှမရှိတော့ဘူးနော်"
စင်တိန်က ခေါင်းကို ဖြည်းလေးစွာ ယမ်းလိုက်သည်။ ဖီးယက်ကားက ရှေ့သို့ ၀ူးခနဲ မောင်းထွက် သွား သည်။

ကားတစ်မိုင်ခန့် မောင်းလာပြီးမှ စင်တိန် နောက်ဘက်သို့ တစ်ချက်သာ ချာခနဲ လှည့်ကြည့်လိုက်သည်။
လိုသာဒီရေး က ထိုနေရာတွင်ပင် ရပ်လျက် သူမအား လှမ်းကြည့်နေဆဲရှိသည်ကို စင်တိန်မြင်ရသည်။
လိုသာ ကား သဲကန္တာရအလယ်တွင် တစ်ယောက်တည်း ရပ်လျက်။

ဇူးလူးမြေ၏ စိမ်းလန်းသော တောင်တန်း တောင်ကုန်းများသည် စင်တိန် တွေ့ကြုံခဲ့ရသော ကာလာဟာရီ တောနက်ကြီး နှင့်လည်းကောင်း၊ နမစ်သဲကန္တာရကြီးနှင့်လည်းကောင်း လုံးဝခြားနားနေသည်။ အာဖရိက တိုက်ကြီး တစ်တိုက်အတွင်း ဤသို့ "နှစ်မျိုးခြားနားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသော စင်တိန် အဖို့ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
သို့သော် ထိုနှစ်နေရာသည် အာဖရိကတိုက်ကြီး၏ ဤမှာ ဖက်စွန်းနှင့် ဟိုမှာဘက်စွန်း ဘယ်နှစ်ဖက်တွင် ဆန့်ကျင်ပြီး မိုင်ပေါင်းထောင်ချီဝေးသည်ကို စင်တိန် သတိရလာသည်။
အိမ်ကြီးရှေ့တွင် ကားရပ်လိုက်သည်။ နောက်ခန်းမှ အမျိုးသမီးနှစ်ယောက်ကို ဂါရီက ဖေးကူတွဲ၍ အောက် သို့ ချပေးသည်။ စင်တိန့်လက်ထဲမှ ရှာဆာကို လှမ်းယူချီလိုက်ပြီး ဂါရီက ပြောလိုက်သည်။

"ဒီအိမ်ကြီးပေါ့၊ ရှောင်ရယ်၊ မိုက်ကယ်ရယ် တို့သုံးယောက်စလုံး ဒီအိမ်ကြီးမှာ မွေးခဲ့တာ"
အိမ်ကြီးကို တောင်စောင်းတွင် ဆောက်ထားသည်။ ဘေးပတ်ပတ်လည်တွင် ဥယျာဉ်များ ၀န်းရံထားသည်။ သို့သော် ဥယျာဉ်များက ပြုပြင်ထိန်းသိမ်းမည့်သူ မရှိသဖြင့် တောရိုင်းသဖွယ် ဖြစ်နေသည်။
"အို ... သိပ်လှတာပဲ၊ ဟိုမှာ ကြည့်စမ်းပါဦး၊ နှင်းဖတ်တွေ ဆောင်းထားတဲ့ တောင်ထိပ်တွေက ၀န်းရံလို့" စင်တိန်က ၀မ်းသာအားရ ပြောလိုက်သည်။
"အဲဒါ ဒရာတင်စဘတ် တောင်တန်းတွေလေ၊ မိုင်တစ်ရာခန့်တော့ ဝေးမယ်" ဂါရီက ပြောလိုက်သည်။
"အဲဟိုဟာတွေကော ကုတ်နေမိသားစု ပိုင်တာပဲလား"
စင်တိန်က ကုန်းမြင့်အောက်ဘက်ရှိ သကြားစက်နှင့် သစ်စက်များကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

"ဟုတ်တယ်၊ အဲဒါတွေကတော့ ရှောင်ရဲ့သား ဒတ်ကုတ်နေ ဟာတွေလေ၊ ကဲ လာကြ လာကြ၊ အိမ်ထဲ ၀င်ကြရအောင်"
သူတို့ အိမ်ထဲသို့ ၀င်သွားကြရာ ဇူးလူး အိမ်ဖော်များက အသင့် ကြိုဆိုနေကြသည်။
"ရှင့်အိမ်ဝင်းထဲမှာ ဥယျာဉ်ဘယ်နှစ်ခု ရှိသလဲ" အန်က မေးသည်။
"အင်း ... လေးခုထက်မကတော့ ရှိမယ်"
စင်တိန်သည် မြင်းဇောင်းမှ မြင်းများကို မြင်ရသောအခါ ၀မ်းသာပျော်မြူးသွားသည်။
"ဟောဟိုမှာ မြင်းတွေပါလား" စင်တိန်က ပြောလိုက်သည်။

"ဟုတ်တယ်၊ အဲဒီမြင်းတွေကို ထိန်းသိမ်းရမယ့် တာဝန်ဟာ ငါ့သမီးရဲ့ တာဝန်တစ်ခုပဲပေါ့၊ မိုက်ကယ်လေး အတွက် မြင်းပေါက်လေးတစ်ကောင် ရှာရဦးမယ်" ဂါရီက ပြောလိုက်သည်။
"အို ... ငယ်ပါသေးတယ်၊ နှစ်နှစ်တောင် မပြည့်သေးဘူး အန်က ကန့်ကွက်လိုက်သည်။
"လောကက မှာ ငယ်သေးတယ် ဆိုတာရော ကြီးသွားပြီး ဆိုတာရော မရှိပါဘူး အမေကြီးရယ်"
ဂါရီက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ ထို့နောက် သူတို့အား အိမ်ထဲသို့ ခေါ်သွားသည်။ အိမ်ကြီး မဟာထဲမှ အဆောင်ဆောင် အခန်းခန်းတို့သည် ကြီးကျယ်ခမ်းနားသော်လည်း  ရှေးဆန်လွန်းသည်။ ဖုန်အလိမ်းလိမ်း လူးနေသည်။ စင်တိန်က ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်လာသလို ခံစားရမိသည်။
"ကဲ လာကြ၊ မင်းတို့နေမယ့်အခန်းတွေကို ငါလိုက်ပြမယ်" ဂါရီက ပြောလိုက်သည်

ဂါရီသည် သူ့အခန်းကျယ်ကြီးဘေးမှ အခန်းတစ်ခန်းကို အန့်အတွက် ပေးထားသည်။ အန့်အခန်းသည် ဂါရီ ၏ အ၀တ်အစားလဲခန်းနှင့် မလွယ်ပေါက်တံခါးဖြင့် ဆက်ထားသည်ကို စင်တိန် သတိပြုမိသည်။ အန့် မျက်နှာ ၌ ရှက်သွေးရောင် သန်းနေသည်။
"ဒါ မင်းအခန်းပဲ ငါ့သမီး"
ဂါရီက စင်တိန်အား အပေါ်ထပ် အခန်းကျယ်ကြိး တစ်ခန်းကိုပြရင်း ပြောလိုက်သည်။ အခန်း၏ လေသာ ဆောင်ပြတင်းပေါက်များကို ဖွင့်လိုက်သောအခါ အောက်တွင် ဥယျာဉ်များကို လှမ်းမြင်နေရသည်။
"အို ... သိပ်ကောင်းတဲ့အခန်းပဲ၊ မြင်ကွင်းကလဲ သိပ်လှတယ်"
စင်တိန်က ၀မ်းသာအားရ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်သည်။

"အင်းလေ၊ ဒါပေမယ့် ပြန်ပြီး မွမ်းမံ ပြင်ဆင်ပေးရဦးမယ်၊ ကော်ဇောတို့၊ လိုက်ကာတို့၊ ခန်းဆီးတို့အားလုံး ပြန်ပြီး အသစ်လဲရမယ်၊ ငါ့သမီးကြိုက်တဲ့ အသွေးအရောင် အမျိုးအစားတွေ လဲပေါ့ ဟုတ်လား၊ ကဲ လာ ... မိုက်ကယ်လေးအတွက် အခန်းသွားကြည့်ရအောင်"
စင်တိန့်အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကို ဂါရီက ဖွင့်လိုက်သည်။ သူ့အမူအရာ ပြောင်းသွားသည်။ ၀မ်းနည်းရိပ် ဆွေးရိပ်များ မျက်နှာတွင် ပေါ်လာသည်။
"ဒါ ငါ့သားမိုက်ကယ် နေသွားတဲ့အခန်းပဲ၊ ငါ့သား မိုက်ကယ့်အခန်းမှာ ငါ့မြေးလေး မိုက်ကယ် ဆက်နေသင့် တယ်လို့ ထင်တာပဲ၊ တကယ်လို့ ငါ့သမီးမကြိုက်ယင် နောက်ထပ် ရွေးစရာ  အခန်း ၁၅ခန်း ရှိပါသေးတယ်"

ထိုအခန်းထဲမှ နေရာတိုင်းသည် မိုက်ကယ်၏ အငွေ့အသက်များနှင့် ပြည့်လျှမ်းနေသည်။ နံရံပေါ်မှ မိုက်ကယ် ၏ ဓာတ်ပုံက သူတို့အား ပြုံးပြီး ကြည့်နေသည်။ ရပ်တီ ဘောလုံးအသင်းတွင် ပါသော မိုက်ကယ်ပုံ၊ သေနတ်ကိုင်ထားသော မိုက်ကယ်၏ အမဲလိုက်ပုံတို့က စင်တိန်အား ရင်ခုန်လာစေသည်။
"အို ... မိုက်ကယ်လေးအတွက် သူ့အဖေအခန်းမှာ နေရတာ အသင့်လျော်ဆုံးပါပဲ ပါပါ၊ ဒီအခန်းကို ဒီအတိုင်း ခြေရာလက်ရာမပျက်ထားတာ အကောင်းဆုံးပါပဲ"
"င့ါသမီး သဘောကျယင် ဖေဖေ ၀မ်းသာပါတယ်ကွာ"
ထိုစဉ် တယ်လီဖုန်းသံ မြည်လာသဖြင့် ဂါရီ အပြင်ထွက်သွားသည်။ ဂါရီသည် တယ်လီဖုန်းတစ်ခုပြီးတစ်ခု ဆက်ပြောနေသည်။ အတန်ကြာမှ ပြန်လာပြီး ပြောလိုက်သည်။
"အင်း ... တယ်လီဖုန်းတွေကလဲ တစ်လုံးပြီးတစ်လုံး လာနေတာပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ လူတိုင်း က မင်းနဲ့တွေ့ချင်လို့ လာတာ၊ နက်ဖြန် သူတို့အိမ်ကို နေ့လယ်စာ လာစားပြီး သူတို့နဲ့ တစ်နေ့လာနေပါလို့ ဖိတ်တယ်၊ ငါတော့ ငါ့သမီးကိုယ်စား လက်ခံလိုက်မိပြီ၊ ဘယ်လိုလဲ"
"အို ... ပါပါ၊ ဒါတော့ သွားရမှာပေါ့"

ဗိုလ်ချုပ်ကြီးရှောင်ကုတ်နေ အိမ်မှ နေ့လယ်စာစားပွဲသို့ အန်က မလိုက်ဘဲနေခဲ့သည်။
ထို့ကြောင့် ဗိုလ်မှူးကြီး ဂါရီကုတ်နေ၊ စင်တိန်နှင့် ရှာဆာတို့သာ နေ့လယ်စာစားပွဲသို့ သွားကြသည်။ ရှောင့်အိမ်မှာ ဂါရီအိမ်နှင့် သိပ်မဝေးလှပေ။ ဂါရီအိမ်လိုပင် ကြီးကျယ် ခမ်းနားသည်။ သို့သော် ဂါရီ အိမ်ထက် ပိုပြီး ခေတ်မီစွာ မွမ်းမံပြင်ဆင်ထားတာ ပိုပြီး တောက်ပ ပြောင်လက်နေသည်။ ဂါရီက တစ်ကိုယ်တည်း သမားဖြစ်ပြီး ရှောင်က မိသားစုနှင့် နေရခြင်းကြောင့် ခြားနားနေခြင်း ဖြစ်မည်ဟု စင်တိန် တွေးမိသည်။
ရှောင်ကုတ်နေ က အိမ်အ၀င်အ၀မှ ထွက်ကြိုသည်။

"စင်တိန်ရေ ... မင်းကတော့ သေရွာကပြန်လာသူနဲ့ တယ်တူနေတာပဲ"
ရှောင်က စင်တိန်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်နှုတ်ဆက်လိုက်သည်။ ထို့နောက် ဂါရီဘက်သို့ လှည့်လိုက် ပြီး ဂါရီ ပွေ့ချီထားသော ရှာဆာကို လှမ်းယူကာ ချီလိုက်သ်ည။
"ဒါ မိုက်ကယ့်သားလေးဟေ့"
ရှောင်ကုတ်နေ က ၀မ်းသာအားရ ပြောလိုက်ရာ စင်တိန်စိတ်ထဲ၌ ကြည်နူးချမ်းမြေ့သွားသည်။ ထို့နောက် ရှောင်ကုတ်နေက သူ၏ ဇနီးရုသ်ကုတ်နေနှင့် သူ၏သမီး စတွမ်းကုတ်နေကို စင်တိန်နှင့် မိတ်ဆက်ပေး သည်။

"မိုက်ကယ်ဟာ တို့မိသားစု ရဲ့အချစ်တော် တစ်ယောက်ပါ၊ အခုတော့ တို့များ အသည်းထဲက မိုက်ကယ် နေရာ မှာ သမီးရောက်လာပြီပေါ့" ရှောင်ဇနီး က လှိုက်လှဲ့ပျူငှာ ကြိုဆိုသည်။
သမီးဖြစ်သူ စတွမ်းကမူ မာနကြီးပုံ စွာပုံရသည်။ စင်တိန်နှင့် စတွမ်းတို့ ၀တ်ကျေတမ်းကျေသာ နှုတ်ဆက် ကြသည်။ တစ်ယောက်နှင့် တစ်ယောက် သိပ်ဟက်ဟက်ပက်ပက် မရှိပါချေ။
နေ့လယ်စာစားသောက်ပြီး၍ အချိုပွဲတည်းပြီးသောအခါ ရှောင်က စားပွဲမှ ဦးစွာ ထလိုက်ပြီး ပြောသည်။
"ကဲ ... ကျွန်တော်တို့ကို မိနစ် အနည်းငယ်လောက် ခွင့်ပြုကြပါဦး၊ ဂါရီနဲ့ ကျွန်တော်တို့နှစ်ယောက် စင်တိန် နဲ့ ပြောဆိုတိုင်ပင်စရာလေးတွေ ရှိလို့ပါ"
သူတို့သုံးဦး ဗိုလ်ချုပ်ကြီးရှောင်၏ စာကြည့်ခန်းထဲသို့ သွားကြသည်။ မဟော်ဂနီအသားဖြင့် ပြောင်လက် နေ သော စာအုပ်ကြီးများနှင့် စာကြည့်စားပွဲ၊ သားရေဆိုဖာတပ် ကုလားထိုင်၊ အထူးချုပ် အခန့်ချုပ် စာအုပ်များ ဖြင့် စာကြည့်ခန်းမှာ ခမ်းနားထည်ဝါလှပါသည်။ အောက်ဘက်တွင် အရှေ့တိုင်းကော်ဇောများ ခင်းထား သည်။ စင်များပေါ်တွင် အလှအပ အရုပ်ကလေးများ အနုပညာလက်ရာများ တင်ထားသည်။

ပစ်ဂမီ လူပု မုဆိုးရုပ် ပန်းပုလက်ရာကလေးများကို မြင်လိုက်သောအခါ စင်တိန်သည် အိုဝါနှင့် ဟာနီကို သွားသတိရသည်။ ရှောင်က သူ့စားပွဲကြီးနောက်မှ ကုလားထိုင်တွင် ၀င်ထိုင်လိုက်သည်။ စင်တိန်နှင့် ဂါရီ အား စားပွဲရှေ့ ရှိ မျက်နှာချင်းဆိုင်ထိုင်ရာမှ ကုလားထိုင်များတွင် နေရာပေးလိုက်သည်။ အားလုံး ထိုင်ပြီး နေသား ကျသွားသောအခါ ရှောင်က စပြောသည်။ "ဒီကိစ္စ ဂါရီကိုတော့ ငါပြောပြီးပါပြီ၊ လက်ထပ်ပွဲ အခမ်း အနား မစမီလေးမှာ မိုက်ကယ်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို ပြောပြပါပြီ၊ ဖြစ်ရပ်အားလုံး အခြေအနေ အားလုံးကို တို့သိပါတယ်၊ ဒါပေမယ့် ဥပဒေအကြောင်းအရ တရားဝင်ဖို့က ရှိသေးတယ်၊ မိုက်ကယ်ဟာ မင်းရဲ့ ခင်ပွန်း ဖြစ်ခဲ့တယ်၊ မိုက်ကယ်လေးရဲ့ အဖေပဲ၊ ဒါ တို့သိတယ်၊ လက်ခံတယ်၊ ဒါပေမယ့် ဥပဒေ အကြောင်းအရ တရားမ၀င်ဘူး ဖြစ်နေတယ်၊ ဥပေဒရှုထောင့် ကြည့်မယ်ဆိုယင် တရားဝင်သား မဟုတ်ဘူး ဖြစ်နေတယ်"

ရှောင်က စကားတစ်လုံးချင်း ချိန်ချိန်ဆဆ ပြောလိုက်သည်။
စင်တိန်လည်း အခုမှတွေးမိပြီး အံ့အားသင့်သွားသည်။
"ငါ အဲဒီလိုအဖြစ်မခံနိုင်ဘူး၊ သူဟာ ငါ့မြေးကလေး၊ တရားမ၀င်တဲ့ကလေး အဖြစ်မခံနိုင်ဘူး"
ဂါရီက ၀င်ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါလဲ အဲဒီလို အဖြစ်မခံနိုင်ဘူး"
ရှောင်က ၀င်ပြီး ထောက်ခံလိုက်သည်။
ဂါရီက စင်တိန့်ဘက်လှည့်ပြီး ချိုသာအေးမြစွာ ပြောလိမ့်မည်။

"ဒီမှာ သမီးရယ်၊ မင်း သဘောတူမယ်ဆိုယင် ဒီကလေးကို ငါ မွေးစားချင်တယ်၊ တရားဝင်ဖြစ်အောင် ကလေးအတွက် သိက္ခာရှိအောင်လုပ်တဲ့ သဘောပါ၊ ဒါကိုလဲ အထူးလျှို့ဝှက်ပြီး လုပ်မှာပါ၊ ပြီးတော့ မင်းတို့ သားအမိချင်း ဆက်ဆံရေးလဲ ဘယ်လိုမှ မပြောင်းလဲစေရပါဘူး၊ မင်းက ကလေးအမေ အဖြစ် မင်းပဲ ဆက်ရှိနေပြီး စိတ်ကြိုက်ထိန်းသိမ်းစောင့်ရှောက်ပြုစုပါ၊ ငါက ကလေးရဲ့အုပ်ထိန်းသူအဖြစ်ပဲ နေမှာပါ" စင်တိန်က မျက်မှောင်ကုတ်ပြီး တွန့်သွားသည်။

"အခုလို ပြောရတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ သမီးရယ်၊ မပြောမဖြစ်လို့ ပြောရတာပါကွာ၊ ခုန ရှောင်ပြော ခဲ့သလိုပဲ မင်းဟာ မိုက်ကယ့် ရဲ့ ကျန်ရစ်သူ မုဆိုးမအဖြစ် တို့အားလုံး လက်ခံပါတယ်၊ တို့ရဲ့မိသားစု နာမည် ကိုလည်း မင်းဆက်သုံးစေချင်ပါတယ်၊ မိုက်ကယ်မဆုံးခင် လက်ထပ်ပွဲ ကျင်းပသွားတယ်လို့၊ မင်း ကို သဘောထားပါတယ်၊ ဒီအခန်းထဲက တို့သုံးယောက်ရယ်၊ အန်ရယ်က လွဲယင် ဒီအကြောင်းတွေကို ဘယ်သူမှ ဘယ်တော့မှ မသိစေရပါဘူး၊ မင်းသဘောကျသလား၊ ကလေး အကျိုးအတွက်ပေါ့လေ"
ဂါရီက ဆက်လက်ရှင်းပြသည်။

စင်တိန် ထိုင်ရာမှ ထလိုက်ပြီး ဂါရီရှေ့သို့ လျှောက်သွားသည်။ ဂါရီထိုင်နေသော ကုလားထိုင်ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်သည်။ ဂါရီ ဒူးနှစ်လုံးပေါ်သို့ မျက်နှာအပ်ကာ မှောက်ချလိုက်သည်။
"ကျေးဇူးပါပဲရှင်၊ ဖေဖေဟာ ကျွန်မရဲ့ အဖေအရင်းနေရာကို လိုက်ပါပြီ၊ ကျွန်မ တစ်သက်မှာတော့ ဖေဖေ ဟာ သနားအကြင်နာတတ်ဆုံး လူတစ်ယောက်ပါ၊ ဒီအချိန်ကစပြီး ကျွန်မရဲ့ အဖေအရင်းလို့ သတ်မှတ် လိုက်ပါပြီ"

ဆက်ရန်
.

1 comment:

Anonymous said...

လိုသာဒီလာရေးက သူ့အသက်ကို ကယ်ခဲ့တာပဲ။ အမေကြီးဟာနီကို သတ်တယ်ဆိုပေမယ့် သူနဲ့သူ့သားကို အသက်ကယ်ခဲ့တဲ့ ကျေးဇူးရှင်ကို ဒီလိုမလုပ်သင့်ဘူးလားလို့။
အင်း..ဝတ္ထုကို လိုက်ခံစားနေရတာ စိတ်မောရပါလားနော်။