(၃၈)
လိုသာသည် မာနရှိသူတစ်ယောက်ဖြစ်၍ သူ့မာနကို ထိပါးခံမည်မဟုတ်မှန်း စင်တိန် သိလာသည်။ လိုသာ သည် ယုံကြည်ချက်အတွက် ဘ၀တစ်လျှောက်လုံး တိုက်ပွဲဝင်လာသူ မဟုတ်ပါလား။
နောက်တစ်နေ့ တွင် လိုသာက သူ့လုပ်မြဲအလုပ်များကို ထုံးစံအတိုင်း လုပ်သည်။
"အင်း ... လူကိုက အထာကိုင်နေလိုက်တာ မုန့်ဖို့ ကောင်းတယ်၊ အင်း ကြည့်ကြသေးတာပေါ့၊ ဘယ်သူက ဘယ်လောက် ကြာကြာမာနိုင်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့"
စင်တိန်က တယောက်တည်း မကျေမချမ်း ပြောနေမိသည်။ သို့သော် နောက်တစ်နေ့ ရောက်လာသော အခါ တွင်မူ စင်တိန် မနေ့က ခပ်ခွာခွာနေခဲ့သဖြင့် အထီးကျန်ခံစားချက်တို့ ပြန်ပေါ်လာရသည်။ သူ့ အပြုံးလေး ကို မြင်ချင်လာပြန်သည်။ သူ၏ ရယ်မောသံ၊ သီချင်းဆိုသံလေးများကို ကြားချင်လာပြန်သည်။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စကားများ မမောတမ်း မပန်းတမ်း ပြောချင်လာပြန်သည်။
ရှာဆာ က လိုသာအား လက်ဆွဲပြီး တစ်တောက်တောက်နှင့် လျှောက်သွားနသည်ကို မြင်ရသည်။ သူတို့ နှစ်ယောက် ရယ်မောပြောဆိုနေသံများကို ကြားနေရသည်။ ထိုအခါ စင်တိန်မနာလို တိုရှည် ဖြစ်လာပြန် သည်။
"ကျွန်မကလေးကို ကျွန်မပဲ ကျွေးမွေးတော့မယ်၊ ကျွန်မ အလုပ် ကျွန်မ ပြန်လုပ်တော့မယ်၊ ရှင်လုပ်စရာ မလိုတော့ဘူး"
"ကောင်းပါပြီ မစ္စက်ကုတ်နေ"
လိုသာက ထိုသို့ လိုက်လျောသောအခါ စင်တိန် ဟစ်အော်၍သာ ငိုလိုက်ချင်မိတော့သည်။ "ငါမှားတယ် ... ငါမှားတယ်" ဟု စိတ်ထဲက ပြောနေမိသည်။
သူတို့ နှစ်ယောက်ကြားတွင် မာန်မာန တောင်တန်းကြီးက ပိန်းပိတ်အောင် ကာဆီးနေပေသည်။
လိုသာ သည် နံနက်ပိုင်းကပင် မြင်းနှင့် ထွက်သွားသည်။ ထိုနေ့ မွန်းလွဲပိုင်းတစ်ချိန်လုံး လိုသာပြန်လာမည့် မြင်းခွာသံ ကိုသာ စင်တိန် နားစွင့်နေသည်။ အဝေးမှ လွင့်ပျံလာသော ရိုင်ဖယ်သံခပ်သဲ့သဲ့ကိုသာ ကြားရ သည်။
လိုသာပြန်ရောက်လာချိန်တွင် မိုးချုပ်နေချေပြီ။ စင်တိန်နှင့် ရှာဆာတို့ သူတို့တဲထဲမှ အိပ်စင်ပေါ် ရောက် နေ ချေပြီ။ လိုသာ ပစ်လာသော သားကောင်ကို ဖျက်နေသည့် အသံများ ကြားရသည်။ လိုသာ သည် ညဥ့်နက် လုနီးအထိ မီးပုံဘေးတွင် သူ့လူများနှင့်ထိုင်ကာ ရယ်မောပြောဆိုနေသည်။ စင်တိန်သည် မရမက ဇွတ်မှိတ် ပြီး အိပ်ပျော်အောင် ကြိုးစားနေသော်လည်း လိုသာ့ အသံက နားထွဲ၌ စိုးမိုးနေသည်။
နောက်ဆုံး မိမိတဲဘေးရှိ လိုသာ့တဲထဲသို့ လိုသာ ၀င်သွားသံ ကြားရသည်။ တဲထဲ၌ ခြေလက်ဆေးသံ၊ အ၀တ်အစား လဲသံနှင့် အိပ်စင်ပေါ်တက်လိုက်သော အသံများကိုပါ ကြားနေရသည်။
စင်တိန် ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိ။
ရှာဆာငိုသံကြောင့် သူမ အိပ်ရာမှ နိုးလာသည်။ ရှာဆာအသံက ဝေဒနာခံစားရပြီး နာကျင်၍ ငိုသံဖြစ်မှန်း စင်တိန် သိလိုက်ရသည်။ ထိုအချိန်တွင် လိုသာ့တဲဘက်မှ မီးခြစ်သံရှဲခနဲ ပေါ်လာပြီး မှန်အိမ်မီးလင်းလာ သည်။
"တိတ် ... တိတ်ပါ သားလေးရယ်"
စင်တိန်က ကလေးကို ချော့လိုက်ပြီး ရင်ခွင်ထဲသို့ ပွေ့ယူချီလိုက်သည်။ ရှာဆာ တစ်ကိုယ်လုံး ပူနေသဖြင့် စင်တိန် ထိတ်လန့်သွားသစည်။
"ကျွန်တော် ၀င်လာလို့ရမလား"
လိုသာက တဲဝမှ ရပ်ပြီး မေးလာသည်။
"ဟုတ် ... ဟုတ်ကဲ့ ၀င်ခဲ့ပါ"
လိုသာ က ၀င်လာပြီး ခုတင်ဘေးတွင် မှန်အိမ်ကို ချထားလိုက်သည်။
ရှာဆာ ကိုယ်ပူပြီး ဖျားနေတယ်"
လိုသာ က ကလေးကို စင်တိန့်လက်မှ လှမ်းယူပြီး ချီလိုက်သည်။ လိုသာသည် အောက်ခံဘောင်းဘီ အတို ကို သာ ၀တ်ထားရာ သူ့ခြေထောက်မှ အမွေးအမျှင်များက အသည်းယားစရာ ကောင်းနေသည်။
ရှာဆာ့ပါးကလေးကို လိုသာက စမ်းလိုက်သည်။ ထို့နောက် လိုသာက ရှာဆာ့ပါးစပ်ထဲသို့ သူ့လက်ညှိုးကို အသာလေး ထိုးထည့်လိုက်သည်။ ရှာဆာက ဒေါသတကြီးအော်ပြီး လက်ကို ကိုက်သည်။
"နောက်ထပ် သွားတစ်ချောင်း ထပ်ပေါက်နေပြီ၊ မနက်ကတည်းက သွားပေါက်စပြုနေတယ်၊ ကျွန်တော် စမ်းကြည့် ထားလို့ သိနေတယ်၊ အခုတော့ သေချာပြီ"
လိုသာက ကလေးကို စင်တိန့်ထံ ပြန် ကမ်းပေးလိုက်သည်။ ထို့နောက် လိုသာက ကလေးအား ပြောလိုက် သည်။
လိုသာ သည် ဆေးသေတ္တာရှိာရာ လှည်းဆီသို့ သွားပြီး ပစ္စည်းများ မွှေနှောက်ရှာဖွေသံကို စင်တိန် ကြား ရသည်။ သူ ပြန်လာသောအခါ လက်ထဲ၌ ပုလင်းအသေးကလေးတစ်လုံး ပါလာသည်။
ပုလင်းကို ဖွင့်လိုက်သောအခါ လေးညှင်းပွင့်အနံ့ ထွက်လာသဖြင့် စင်တိန် နှာခေါင်းရှုံ့လိုက်သည်။
လိုသာက လက်တွင် လေးညှင်းဆီဆွတ်ပြီး ရှာဆာ့ သွားဖုံးနုနုလေးကို နှိပ်ပေးသည်။ မကြာခင်ပင် ဆာရှာ အိပ်ပျော် သွားရာ သူ့အိပ်စင်ပေါ်သို့ တင်ပေးလိုက်သည်။ သူလုပ်သမျှကို စင်တိန်က ရပ်ကြည့်နေသည်။
လိုသာ က မီးအိမ်ကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။
"ကောင်းသောညပါ မစ္စကုတ်နေ"
လိုသာ တဲဝဆီသို့ လျှောက်သွားသည်။
"လိုသာ ..."
စင်တိန့်နှုတ်ဖျားမှ စကားနှစ်လုံး အလိုအလျောက် ထွက်သွားသဖြင့် စင်တိန်ပင် ပြန်အံ့သြသွားသည်။
"ဒီမှာ ကျွန်မတစ်ကိုယ်တည်းနေခဲ့ရသော ကြာလှပါပြီရှင်၊ ကျွန်မကို ထပ်ပြီး မနှိပ်စက်ချင်ပါနဲ့တော့ ... မရက်စက် ချင်ပါနဲ့တော့" စင်တိန်က လေသံယဲ့ယဲ့လေးဖြင့် ပြောလိုက်သည်။
စင်တိန် က လက်နှစ်ဖက်ဆန့်တန်းပြီး ရင်ဖွင့် ဆီးကြိုလိုက်သည်။ လိုသာက ခြေလှမ်းကျဲကြီးဖြင့် လျှောက် လာသည်။ မှန်အိမ်ကို ချထားလိုက်ပြီး အပြန်အလှန် အားရပါးရ ဖက်လိုက်ကြသည်။
"အို ... လိုသာ ကျွန်မကို ချစ်ပါနော်၊ ချစ်လိုက်စမ်းပါ"
စင်တိန်က လိုသာ့လည်ပင်းကို တစ်အား သိုင်းဖက်ထားသည်။ လိုသာက စင်တိန့်ခါးမှနေ၍ တင်းနေအာင် ပွေ့ဖက်ထားသည်။
"ဟုတ်တယ်၊ ကိုယ် မင်းအပေါ် ရက်စက်ခဲ့မိတယ်၊ ဒါက ဦးနှောက်က အမိန့်ပေးထားလို့ပါ၊ ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းကိုချစ်တဲ့ အချစ်မီးတွေ လောင်မြိုက်လို့ အသည်းတောင် ကျွမ်းနေလုပါပြီ အချစ် ကလေး ရယ်"
"အို ... လိုသာ ဖက်ထားစမ်းပါ၊ ချစ်စမ်းပါ၊ ကျွန်မကို ဘယ်တော့မှ လွတ်ထွက်မသွားအောင် ထာဝရ ဖက် ထားစမ်းပါ မောင်ရယ်"
နောက်နေ့များသည် လိုသာနှင့် စင်တိန်တို့အဖို့ ပျော်စရာ နေ့များချည်း ဖြစ်နေသည်။ သူတို့နှစ်ဦးစလုံးအဖို့ အထီးကျန်နေခဲ့သော ဘ၀များကို နိဂုံးချုပ်ကာ အချစ်ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင် ကူးခတ်ပျော်ပါး မြူးထူး နေကြသည်။
စင်တိန်အဖို့ နေ့စဉ်ကျင်လည်ရသော ဘ၀သစ်တစ်ခုသို့ ရောက်သွားသည်။ နံနက်အာရုဏ်တက်ချိန်တွင် စင်တိန် အိပ်ရာမှ နိုးလေ့ ရှိသည်။ အိပ်ရာမှ နိုးသည်နှင့် တစ်ယောက်အိပ် အိပ်စင်လေးပေါ်၌ နှစ်ယောက် အတူ အိပ်နေရာမှ လိုသာအား စမ်းမိသည်။ လိုသာပျောက်သွားမည်ကို အလွန်ပင် စိုးရိမ်နေမိသည်။ လိုသာ ကို စမ်းသပ်တွေ့ထိမိမှသာ စိတ်အေးရတော့သည်။
လိုသာ အိပ်မောကျနေသောအခါ စင်တိန်က လိုသာ့မျက်ခွံကို သူမလက်ချောင်း သွယ်သွယ်ပျောင်းပျောင်း လေးများဖြင့် ဖြည်းဖြည်းဖြဲ၍ ဖွင့်နှိုးတတ်သည်။
သူတို့၏ အချစ်ကမ္ဘာသည် အိပ်ရာထ မျက်စိနှစ်လုံးဖွင့်ချိန်မှ အိပ်ရာဝင် မျက်စိနှစ်လုံးမှိတ်ချိန်အထိ အစဉ် အသက်ဝင် စိုပြည်နေသည်။ ရှင်သန် လှုပ်ရှားနေသည်။
အေးမြသော နံနက်ခင်းများတွင် စင်တိန်နှင့် လိုသာတို့ မြင်းစီးထွက်ကြသည်။ လိုသာက ရှာဆာအား လွယ်အိတ် ထဲတွင် ထည့်ပြီး သူ့ရင်ဘတ်ရှေ့၌ ထားလွယ်ကာ မြင်းစီးသည်။ ပထမသုံးလေးရက်တွင် မြင်း ကို အသားကျလမ်းလျှောက်ရုံ ဖြည်းဖြည်းသာ စီးပြီး စခန်းအနိးအနားတစ်ဝိုက်သာ သွားသည်။ စင်တိန် ပိုမို ကျန်းမာသန်စွမ်းလာသောအခါ ခပ်ဝေးဝေးအထိ စီးသည်။ အပြန်ခရီး စခန်းနှင့် တစ်မိုင်ခန့်အလို အရောက် တွင် ကဆုန်စိုင်းပြီး စင်တိန်နှင့် လိုသာတို့ မြင်းစီးပြိုင်ကြသည်မှာ ပျော်စရာ ကြည်နူးစရာ တစ်မျိုး ပင် ဖြစ်သည်။
နေ့လယ်နေ့ခင်းချိန်များတွင်မူ သစ်ခက် တဲများထဲ၌သာ အေးရိပ်ခိုနေကြသည်။ စာဖတ်လိုက်၊ စကားပြော လိုက်၊ ကလေးနှင့် ဆော့ကစားလိုက်၊ သီချင်းဆိုလိုက်ဖြင့် အချိန် ဖြုန်းကြသည်။ ညနေခင်း နေအေးသော အခါ တောင်ခြေရင်းအထိ မြင်းစီးထွက်ကြသည်။ လိုသာက ရှာဆာအား ကျောပိုးပြီး အ၀တ်ဖြင့် လွယ်ကာ မြင်းစီး လေ့ ရှိသည်။ တောင်ခြေရင်း၌ ရေပူစမ်းတစ်ခုကို လိုသာ ထပ်ရှာတွေ့ရာ သူတို့ပျော်ပျော်ပါးပါး ရေချိုး ဆော့ကစား ကြသည်။
ညဘက်တွင် စင်တိန်သည် ရှာဆာအား သူမတဲထဲမှ အိပ်စင်တွင် အလျင်သိပ်သည်။ ရှာဆာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျသွားသောအခါ မှန်အိမ်မီးကို မှုတ်ပြီး လိုသာ့တဲဘက်သို့ ကူးသွားတော့သည်။ လိုသာ့ရင်ခွင်၌ မှေးမှိတ်မှီရင်း အချစ်ကမ္ဘာဆီသို့ သူတို့ မမောမပန်း ပြိုင်တူလှမ်းကြသည်။ ဘ၀ရှေ့ရေး အနာဂတ်ရေးများကို ဆွေးနွေးတိုင်ပင်ကြသည်။ အစီအစဉ် ဆွဲကြသည်။
ဤနေ့ ဤရက်များသည် စင်တိန်နှင့် လိုသာအဖို့ ပျော်စရာ ကြည်နူးစရာ ချမ်းမြေ့စရာနေ့ရက်များပင် ဖြစ် တော့သည်။
ချစ်ချစ်တောက်ပူနေသော နေ့တစ်နေ့၏ မွန်းလွဲပိုင်းတွင် မြင်းသည်တော် ဗတ်ဂျန်သည် စခန်းသို့ မြင်းဖြင့် ပြန်ရောက်လာသည်။
လိုသာအဖို့ ဗတ်ဂျန် ခရီးသွားထွက်နေသော ရက်များမှာ ကြာလိုက်သည်ဟု မထင်။ အချစ်ကမ္ဘာလေးထဲ၌ နစ်မွန်း နေသဖြင့် ခဏကလေးဖြင့် ရက်များ ကုန်လွန်သွားသည်ဟု ထင်ရသည်။
စာများ ထည့်ထားသော ပတ္တူအိတ်တစ်လုံး ဗတ်ဂျန်နှင့် ပါလာသည်။ အိတ်ကို ချိတ်ပိတ်ထားသည်။ စာတစ်စောင် မှာ လိုသာအတွက် ဖြစ်သည်။ စာရွက်တစ်ရွက်သာ ပါသည်။ လိုသာက စာကို ဖတ်လိုက် သည်။
ခင်ဗျားအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသော စာတစ်စောင် ကျွန်တော့် လက်ဝယ်၌ အသင့်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ ထိုစာကို ဂွတ်ဟုပ်အငူမှ ရှေ့နေချုပ်နှင့် တောင်အာဖရိက ပြည်ထောင်စု တရားရေးဝန်ကြီးတို့က လက်မှတ်ရေးထိုးပေးထားတယ်။
ခင်ဗျား ရဲ့ လုပ်ငန်းတာဝန်များ အာင်မြင်မှုအတွက် ချီးကျူး ဂုဏ်ပြုပါတယ်။ ချိန်းတဲ့နေရာ ချိန်းတဲ့ အချိန်မှာ တွေ့ဖို့ မျှောာ်လင့်ထားပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရွက်ကို ခင်ဗျားအားပေးရန် အသင့် ရှိပါတယ်။
သင့်ရဲ့
ဂါရီကုတ်နေ
(ဗိုလ်မှူးကြီး)
အခြားစာနှစ်စောင်မှာ စင်တိန်အတွက် ဖြစ်သည်။ တစ်စောင်မှာ ဂါရီကုတ်နေထံမှ ဖြစ်ပြီး စင်တိန်နှင့် ရှာဆာ တို့အား သူ့မိသားစုက လက်ကမ်းကြိုဆိုနေကြောင်း၊ ချမ်းမြေ့အေးချမ်းသော ဘ၀ကို ဖန်တီး ပေးမည် ဖြစ်ကြောင်း ရေးသားထားသည်။
တတိယစာမှာ ပထမနှစ်စောင်ထက် အများကြီး ပိုထူသည်။ အန်စတော့၏ စာမတတ်ပေမတတ် ကြောင်ခြစ် သလို လက်ရေးဖြင့် ရေးထားသော စာဖြစ်သည်။ ထိုစာကို ဖတ်ပြီး စင်တိန်သည် စိတ်လှုပ်ရှား နေသည်။ အချို့နေရာများ၌ ရယ်သည်။ အချို့နေရာ၌ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး မျက်ရည်ဝိုင်း လာသည်။ လုသာ ကြားသိနားလည်စေရန် စင်တိန်က အသံထွက်ဖတ်ပြသည်။ စာဆုံးသွားသောအခါ စင်တိန် က ပြောလိုက်သည်။
"ကျွန်မတော့ သူတို့ကိုလဲ တွေ့ချင်တယ်၊ ပြီးတော့ သာယာချမ်းမြေ့နေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ဘ၀ ကလေးကုန်ဆုံးသွားမှာလဲ စိုးရိမ်နေတယ်၊ ကျွန်မစိတ်ထဲမှာ ဟိုကိုလဲသွားချင်နေတယ်၊ ဒီမှာလဲ နေချင်နေ တယ်၊ ရှင် နဲ့ အတူ တစ်သက်လုံး နေချင်နေတယ်၊ ကျွန်မအဖို့ မိုက်မဲရာများ ကျနေပြိလား"
"ဟား ... ဟား ... မင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေဟာ သဘာဝကျပါတယ်၊ ဒီနေ့ နေ၀င်ချိန်မှာ ငါတို့ ခရီး စထွက်မယ်"
သဲကန္တာရ၏ ချစ်ချစ်တောက် အပူဒဏ်မှ ကင်းလွတ်ရန် ညဘက်တွင် ခရီးထွက်ကြသည်။
မြင်းဆွဲ ပေါင်းမိုးလှည်းကြီးတစ်စီးထဲမျာ အိပ်စင်တွင် ရှာဆာက အိပ်ပျော်ရင်း လိုက်ပါလာသည်။ စင်တိန် နှင့် လိုသာတို့က မြင်းကိုယ်စီဖြင့် ရင်ပေါင်တန်းကာ အသားကျ စီးလာသည်။ လိုသာ၏ ရွှေအိုရောင် ဆံပင် များ က လရောင်တွင် တောက်ပနေရာ စင်တိန်အဖို့ ရှုမ၀အောင် ဖြစ်နေသည်။
တစ်ညလုံး ခရီးသွားပြီး နံနက် အရုဏ်မတတ်မီ စခန်းချ ရပ်နားကြသည်။ မြေအောက်ရေတွင်းများ အနီး၌ ရပ်နားပြီး လှည်းများရှိရာ စည်များတွင် ရေများ ဖြည့်တင်းသည်။ ထို့နောက် လှည်းများ၏ နေရိပ်ရာ ဘက်များတွင် ခိုလှုံနားနေကြသည်။
ညနေခင်းများတွင် အစေခံများက နောက်တစ်ည ခရီးဆက်ရန် သိမ်းဆည်းထုပ်ပိုး ပြင်ဆင်ချိန်များတွင် လိုသာသည် အမဲပစ် ထွက်လေ့ ရှိသည်။ ပထမပိုင်းတွင် စင်တိန်သည် လိုသာနှင့်အတူ အမဲပစ်ထွက်ရာသို့ လိုက်လေ့ရှိသည်။ တစ်ညနေခင်းလောက်ပင် လိုသာနှင့် မခွဲနိုင်ပါ။ ထာဝရ အတူတူ လိုသာအပါး၌သာ နေချင်ပါသည်ဆိုကာ လိုက်သည်။
သို့သော် တစ်နေ့တွင် လိုသာပစ်လိုက်သောအမဲကောင်သည် ဗိုက်တွင်ထိပြီး ဆက်ပြေးသည်။ လိုသာနှင့် စင်တိန်က မြင်းနှင့် ဆက်လိုက်သည်။ သားကောင်သည် နောက်ဆုံး အမောဆို့ပြီး မပြေးနိုင်တော့ဘဲ လဲကျ သွားသည်။ လိုသာအား သနားခံသည့်အသွင်ဖြင့် သားကောင်ကလဲကျသွားရာမှ မော့ကြည့်သည်။ လိုသာ သည် မြင်းပေါ်မှ လွှားခနဲ ခုန်ဆင်းပြီး ခါးမှ အမဲလိုက်ဓားကို ဖြုတ်ကာ သားကောင်အား အချက်များစွာ ထိုးပြီး သတ်လိုက်သည်။ ထို့နောက်ပိုင်းတွင် စင်တိန်အမဲပစ်မလိုက်တော့ပေ။
ယနေ့ညနေ လိုသာ အမဲပစ်ထွက်သွားသောအခါ စင်တိန်တစ်ယောက်တည်း နေရစ်ခဲ့သည်။ ညနေခင်း ရောက်လာသောအခါ ရုတ်တရက် မြောက်လေတိုက်လာသဖြင့် အေးစိမ့်လာသည်။ ထို့ကြောင့် စင်တိန်သည် ရှာဆာအတွက် အနွေးထည်ယူရန် ပစ္စည်းပစ္စယများထားသော သူနေသည့် ပေါင်းမိုးလှည်း ကြီးပေါ် တက်သွားသည်။
အန် ပေးလိုက်သော အ၀တ်အစားအိတ်ကြီးမှာ လှည်းအတွင်းရှိ တစ်ဘက်ထောင့်တွင် ချိတ်ထားသည်။ ထိုအိတ်အောက်ဘက်တွင် လိုသာ၏ စာရေးစားပွဲပုကလေး ရှိသည်။ စင်တိန်အိတ်ဆီသွားရာတွင် လိုသာ့ စားပွဲအံဆွဲ တစ်လက်မခန့် ပွင့်ပြီးဟနေသည်ကို တွေ့ရသည်။
"ဟင် ... လိုသာ သူ့စားပွဲအံဆွဲသော့ပိတ်ဖို့ မေ့သွားပါလား၊ နောက် မမေ့အောင် သတိပေးရဦးမယ်"
စင်တိန်သည ဟနေသော အံဆွဲကို ပိတ်ပေးရန် စားပွဲဆီသို့ သွားလိုက်သည်။ အနားရောက်သွားသောအခါ အံဆွဲထဲ၌ လိုသာ၏ သားရေဖုံး မှတ်တမ်းစာအုပ်ကို လှမ်းမြင်နေရသည်။ စင်တိန်သည် အံဆွဲကို ပိတ်မည် လုပ်ပြီးမှ စာအုပ်ဆီ စိတ်ရောက်သွားသည်။
"သူ ငါ့အကြောင်း စာအုပ်ထဲ ဘာတွေများ ရေးထားပါလိမ့် ..."
သိချင်စိတ်က လွှမ်းမိုးလာသည်။ ထို့ကြောင့် အံဆွဲကို မပိတ်ဘဲ အသာအယာ ဆွဲဖွင့်လိုက်သည်။ သားရေဖုံး စာအုပ်ကြီးကို ငုံ့ကြည့်ပြီး တစ်ကိုယ်တည်း ပြောလိုက်ပြန်သည်။
"ငါတကယ် သိချင်တာမှ ဟုတ်ရဲ့လားလ
စင်တိန်သည် အံဆွဲကို ပိတ်လိုက်တော့မလို ဖြစ်သွားပြီးမှ လက်တုံ့သွားပြန်သည်။ သူတစ်ပါးနေ့စဉ် မှတ်တမ်းစာအုပ်ကို ဖတ်လို့ သင့်မှသင့်ပါ့မလားဟု ချီတုံချတုံ ဖြစ်နေသည်။
"အင်းလေ ငါနဲ့ပတ်သက်တဲ့အကြောင်း၊ ငါ့အကြောင်းရေးထားတာပဲ၊ ငါဖတ်မယ်၊ ငါနဲ့မဆိုင်တာတွေ မဖတ်ပါဘူး"
စင်တိန်သည် လှည်းအ၀င်အ၀သို့ ပြန်ထွက်လာပြီး အပြင်ကို ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်း၌ ဟင်းဒရစ် ကို မြင်သောအခါ လှမ်းမေးလိုက်သည်။
"မင်းသခင် ပြန်ရောက်ပြီလား"
"မရောက်သေးဘူး သခင်မ၊ သေနတ်သံလဲ မကြားရသေးဘူး၊ အမဲမတွေ့သေးဘူး ထင်တယ်၊ ဒီညနေ နောက်ကျ လိမ့်မယ်"
"ဒါဖြင့် သူပြန်လာတာ မြင်မြင်ချင်း ငါ့ကိုလာပြောစမ်း"
စင်တိန်သည် ဟင်းဒရစ်အား အမိန့်ပေးခဲ့ပြီးနောက် စာရေးစားပွဲဆီသို့ ပြန်လျှောက်သွားသည်။ ထို့နောက် စာအုပ်ကို ဆွဲထုတ်ပြီး ပေါင်ပေါ်တင်လှန်လိုက်သည်။ အာဖရိကတိုက်ဖွား လူဖြူများ သုံးသော စာဖြင့် ရေးထား ရာ စင်တိန် ဖတ်တတ်သော စာဖြစ်၍ အဆင်ပြေသွားသည်။ သို့သော် အချို့စာပိုဒ်များကို ဂျာမန် စာဖြင့် ရေးထားသည်။
စင်တိန်သည် နေ့စွဲများကို ကြည့်ပြီး စာရွက်များကို လှန်သွားသည်။ လိုသာက စင်တိန်အား ကယ်ဆယ်ခဲ့ သည့် နေ့စွဲသို့ ရောက်သောအခါ ရပ်လိုက်သည်။ ထိုနေ့စွဲအောက်တွင် ရေးထားသော စာများမှာ လေးမျက်နှာ ရှိသည်။ ထိုစာအုပ်ထဲတွင် တစ်နေ့တည်း စာအများဆုံး ရေးထားသောနေ့ ဖြစ်သည်။
ထိုစာသည် ခြင်္သေ့ကို တိုက်ခိုက်ပုံ၊ ကယ်တင်ပုံ၊ သူမမေ့မြောနေစဉ် သူ့စခန်းသို့ သယ်လာပုံနှင့် ရှာဆာ အကြောင်းတို့ကို ပြည့်ပြည့်စုံစုံ အသေးစိတ် ရေးထာသည်။ စင်တိန် စာဖတ်ရင်း ပြုံးမိသည်။
... အလွန်သန်မာထွားကျိုင်းသော ကလေး ဖြစ်သည်။
ငါ့သားလေးကလေးဖင်းဖရက်ကို ငါနောက်ဆုံး တွေ့ခဲ့ရသော အရွယ်လောက်ပင် ရှိမည်။ ထိုကလေးကို မြင်သောအခါ ငါ့ရင်ထဲ၌ ခံစားမိလာသည်။
စင်တိန် ပြုံးလိုက်ပြီး စာရွက်ကို ဆက်လှန်သည်။ မိမိအကြောင်း ဘယ်လိုများ ရေးထားသလဲဟု ဆက်ရှာ သည်။ စာပိုဒ်တစ်ပိုဒ်သို့ မျက်စိရောက်သွားပြီး ဖတ်လိုက်သည်။
... သူမ အသွင်က ဓာတ်ပုံထဲက နှင့်လည်း မတ၊ ငါရုတ်ခြည်း မြင်လိုက်င်္ပြီး စိတ်ထဲ၌ ထာဝရ စွဲနေသော ပုံနှင့် လည်းမတူ၊ သို့သော် မြင်မြင်ချင်း သူမသည် ငါရှာနေသော အမျိုးသမီးမှန်း သိလိုက်သည်။ သူ့ဆံပင် များက ထူခြားပွယောင်းနေသည်။ သူ့မျက်နှာကလေးက သွယ်ပြီး အညိုရောင် သန်းနေသည်။ မျောက် တစ်ကောင် နှင့် တူနေသည်။
စင်တိန်သည် အနည်းငယ်ဘ၀င်ကျသွားပြီး စာရွက်များကို ဆက်လှန်လိုက်သည်။ လိုသာ့ မြင်းခွာသံကို လည်း တစ်ဘက်မှ နားစွင့်လိုက်သည်။ "လူရိုင်းလူကလေး" ဆိုသော စာလုံးကို မြင်လိုက်သောအခါ စင်တိန် လန့်သွားသည်။ ရင်ထဲ၌ ဒိန်းခနဲ ခုန်သွားပြီး စိတ်ဝင်စားသွားသည်။ သိချင်စိတ်ပြင်းပြလာသည်။
... ပစ်ဂမမီလူပုလေးများ ညဘက်တွင် စခန်းအနီးသို့ ချဉ်းကပ်နှောင့်ယှက်လာသည်။ သူတို့ခြေရာများကို မြင်းများ၊ ကျွဲနွားများအနီး၌ ဟင်းဒရစ်က တွေ့လာခဲ့သည်။ အရုဏ်ဦး အလင်းရောင်လာသည်နှင့် သူတို့ နောက်သို့ ငါတို့လိုက်သည်။ အလွန်ခက်ခဲသော အမဲလိုက်ပွဲပင် ဖြစ်သည်။
"အမဲလိုက်သည်" ဆိုသော စာလုံးကြောင့် စင်တိန် မျက်လုံးပြူးသွားသည်။ ထို့ကြောင့် ကမန်းကတမ်း ဆက်ဖတ်သည်။
... လူရိုင်းလူပုကလေး နှစ်ယောက် နောက်သို့ ငါတို့ လိုက်ကြသည်။ သူတို့က မျောက်ဝံများလိုပင် တောင်စွယ် တောင်စောင်းတစ်လျှောက် တက်ပြေးသည်။ ငါတို့ဆက်မလိုက်နိုင်ဘဲ မျက်ခြေပြတ်သွားတော့ မလိုပင် ဖြစ်သွားတော့သည်။ သို့သော် သူတို့က မျောက်ဝံများလိုပင် စပ်စုသည်။ တစ်ယောက်က တောင်ထိပ် မှ နေ၍ ငါတို့ကို ငုံ့ပြီး ပြူးကြည့်သည်။ အပေါ်တည့်တည့် မတ်စောက်သော နေရာတွင် ရှိပြီး အလှမ်းကွာဝေးသဖြင့် ပစ်ရခက်ခဲသည်။ စင်တိန်မျက်နှာတွင် သွေးမရှိသလို ဖြစ်သွားသည်။ သူဖတ်နေရ သည့် စာများကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူ့ရင်ထဲ၌လည်း တဒိတ်ဒိတ်ခုန်နေသည်။
... ပစ်ရခက်သော်လည်း ထိုလူရိုင်းပုလေးကို ထိမှန်အောင် ငါပစ်လိုက်နိုင်သည်။
ထို့နောက် ထူးခြားသော ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရသည်။ ငါ့အဖို့ နောက်ထပ် တစ်ချက်ထပ်ပစ်ဖို့ပင် မလိုတော့ပေ။ ကျန်လူရိုင်း တစ်ယောက်မှာ တောင်ထိပ်ပေါ်မှ အလိုအလျောက် ပစ်ကျလာသည်။ အောက်က လှမ်းမြင်ရသည်မှာ သူ့အလိုအလျောက် ခုန်ချအသေခံလိုက်ပုံနှင့် တူလှသည်။ သို့သော် အရိုင်းအစိုင်း ဤလို တိရစ္ဆာန်သတ္တ၀ါ များ၌ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဟူ၍ မရှိ။ ခြေချော်ပြီး ကျခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် လူရိုင်း အလောင်းနှစ်လောင်းအား သွားကြည့်ရန် ဆုံးဖြတ် လိုက်သည်။ တောင်စောင်း ကျောက်စွန်းများပေါ်သို့ တက်သွားရသည်မှာ ခက်ခဲပြီး အန္တရာယ် များလှသည်။ သို့သော် စွန့်စားရကျိုးနပ်လောက်အောင်ပင် ဆုလာဘ်ရပါပေသည်။ ပထမတွေ့ခဲ့သော အလောင်းမှာ လူရိုင်းအဘိုးကြီးအလောင်း ဖြစ်သည်။ သူ့ခါးတွင် ချိတ်ထားသော "ဂျိုးဇက်ရောဂျာ" တံဆိပ် နှင့် မောင်းချဓားမှလွဲ၍ အခြားဘာမျှ ထူးထူးခြားခြား မရှိပေ။
စင်တိန် ခေါင်းကို တွင်တွင်ယမ်းလိုက်ပြီး အလန့်တကြား ပြောလိုက်မိသည်။
မဟုတ်ပါစေနဲ့ ... မဟုတ်ပါစေနဲ့"
စင်တိန်သည် စာကို ဆက်ဖတ်လိုက်ပြန်သည်။
... ထိုလူရိုင်းသည် ယင်းမောင်းချဓားကို အခြားခရီးသွားများထံမှ ခိုးယူလာခြင်း ဖြစ်ပုံရသည်။ သူတို့သည် အလားတူ ပစ္စည်းခိုးရန် ငါတို့စခန်းထဲ ၀င်လာခြင်း ဖြစ်ပုံရသည်။
စင်တိန် မျက်စိထဲတွင် အိုဝါကို ပြန်လည် မြင်ယောင်လာသည်။ အိုဝါသည် နေရောင်အောက်တွင် ဆောင့်ကြောင့် ထိုင်ကာ လက်ထဲတွင် မောင်းချဓားကိုကိုင်ပြီး ၀မ်းသာလွန်း၍ မျက်ရည်များ စီးကျ လာနေပုံကို ပြန်လည်ပြီး တရေေးရး မြင်ယောင်နေမိသည်။
စင်တိန်သည် စိတ်ထဲက မဟုတ်ပါစေနဲ့ ... မဟုတ်ပါစေနဲ့ဟု ဆုတောင်းရင်း စာကို ဆက်ဖတ်သည်။
... ဒုတိယအလောင်း က ပို၍ဆုလာဘ်ကောင်း ရရှိခဲ့သည်။ ဒုတိယလူရိုင်းအလောင်းမှာ အဘွားကြီး ဖြစ်သည်။ အဘိုးကြီး ထက် အသက် ပိုကြီးပုံရသည်။ အဘွားကြီး လည်ပင်း၌ အလွန် ထူးခြားလှပသော လည်ဆွဲ တစ်ကုံးကို ဆွဲထားသည်။
စင်တိန့်ပေါင်ပေါ်မှ စာအုပ်အောက်သို့ လျှောကျသွားသည်။ စင်တိန်က မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး အလန့်တကြား ပြောလိုက်သည်။
"အို ... ဟာနီ၊ ကျွန်မအမေကြီး ... ကျွန်မ ချစ်မြတ်နိုးရတဲ့ အမေကြီး ... အမေကြီး ... အမေ ကျွန်မဆီကို လာ တယ်ပေါ့၊ သူက အမေ့ကို ပစ်ချတယ်ပေါ့"
စင်တိန် က ဆန်လူမျိုးတို့၏ စကားဖြင့် ငိုပြီး ပြောနေမိသည်။ ဆန်လူမျိုးတို့၏ ၀မ်းနည်းပုံအတိုင်း လည်ချောင်း ထဲက အစ်အစ်မြည်ကာ ကိုယ်ကို သိမ့်သိမ့်ခါနေသည်။
စင်တိန်သည် စာရေးစားပွဲဘက်သို့ ချာခနဲ လှည့်လိုက်ပြီး အံဆွဲကို ဆွဲဖွင့်လိုက်သည်။ အံဆွဲထဲမှ စာရေး စက္ကူများ၊ ဖောင်တိန်များ၊ ချက်ဖယောင်းအတောင့်များကို အောက်သို့ ချထားလိုက်သည်။
"လည်ဆွဲ ... လည်ဆွဲ ... ငါသေချာအောင် လည်ဆွဲကို ရှာရမယ်"
အံဆွဲထဲမှ ဘူးတစ်ဘူး တွေ့သည်။ ဆွဲထုတ်ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကလေးချီထားသော မိန်းမငယ် တစ်ယောက်၏ဓာတ်ပုံတစ်ပုံ တွေ့ရသည်။ ဓာတ်ပုံကို ဖယ်လိုက်ရာ အောက်ဘက်တွင် မိမိ ကိုယ်တိုင် ပေးထားသော ဟာနီ လည်ဆွဲကို သွားတွေ့သည်။ တုန်ယင်နေသော လက်များဖြင့် လည်ဆွဲ ကို ကောက်ယူလိုက်သည်။
"ဟာနီ ... အို ... အမေကြီး ..."
စင်တိန် ငိုသံပါကြီးဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် လည်ဆွဲကို ရင်မှာ အပ်ပြီး ပြောလိုက်ပြန်သည်။
"သူ အမေ့ကို သတ်ခဲ့တာပဲ"
စင်တိန် က လည်ဆွဲကို အသေအချာ ပြန်ကြည့်လိုက်ရာ ကျောက်တုံးရောင်စုံပေါ်တွင် ခြောက်သွေ့ နေသော သွေးစက်များကို တွေ့ရသည်။
"သူ အမေ့ ကို တိရစ္ဆာန်လို ပစ်ချခဲ့တာပါပဲလား"
စင်တိန်သည် ရင်ဘတ်၌ လည်ဆွဲကို အပ်ပြီး မျက်စိစုံမှိတ်ကာ တသိမ့်သိမ့်ရှိုက်ငိုနေသည်။ လိုသာ ပြန်လာ၍ သူ့လူများက အော်ဟစ်ကြိုဆိုသံကြားရတော့မှ စင်တိန် ထိုင်ငိုနေရာမှ ရုတ်တရက် ထရပ်လိုက် သည်။ ၀မ်းနည်းကြေကွဲရာမှ ဒေါသ ဖြစ်လာသည်။
"ဟေ့ကောင် ဟင်းဒရစ် ဒီမှာ ငါ့မြင်းလာယူ၊ မင်းသခင်မ ဘယ်မှာလဲ"
အပြင်မှ လိုသာ ပြောလိုက်သော စကားသံကို စင်တိန်အတိုင်းသား ကြားလိုက်ရသည်။ စင်တိန့် မျက်ဝန်း တွင် မျက်ရည်စမရှိတော့၊ ဒေါသအခိုးအငွေ့များ လျှံတက်လာသည်။ စင်တိန်သည် အံဆွဲထဲမှ လျူဂါပစ္စတို ကို ကောက်ယူလိုက်ပြီး စကတ်အိတ်ထဲထည့်ကာ လှည်းပေါ်မှ အောက်သို့ ခုန်ဆင်းသွားသည်။ လှည်းနား သို့ရောက်လာသော လိုသာသည် စင်တိန်ကို မြင်လိုက်ရ၍ ပျော်သွားသည်။
"စင်တိန် ..."
လိုသာက လှမ်းခေါ်လိုက်သည်။ သို့သော် စင်တိန်၏ ထူးခြားနေသော အမူအရာကြောင့် လိုသာ တုံ့ခနဲ ရပ်လိုက်သည်။
"စင်တိန် ဘာဖြစ်လို့လဲဟင်၊ တစ်ခုခု ဖြစ်နေသလိုပဲ"
စင်တိန်က ဘယ်ဘက်လက်ဖြင့် ကိုင်ထားသော လည်ဆွဲကို သူမ လက်အောက်ဆန့်တန်ပြီး ပြလိုက်သည်။ သူမ လက်ချောင်းများထဲတွင် လည်ဆွဲက တဖိတ်ဖိတ် အရောင်တောက်နေသည်။ စင်တိန့်အဖို့ စကားလုံး များက လည်ချောင်းထဲ၌ ဆို့နင့်ပြီး အသံမထွက်ဘဲ ဖြစ်နေသည်။
သူမ မျက်နှာက သုန်မှုန်နေသည်။ သူမ မျက်လုံးအစုံက ဒေါသအရောင် တောက်နေသည်။
"မင်း ငါ့စားပွဲအံဆွဲတွေ ဖွင့်ခဲ့တယ်လား"
"ရှင် သူ့ကို သတ်ခဲ့တယ် မဟုတ်လား"
"ဘယ်သူလဲ၊ လူရိုင်းမအဘွားကြီးလား"
လိုသာ က ဘာမှ နားမလည်ဘဲ ဇဝေဇ၀ါဖြင့် မေးလိုက်သည်။
"ဟာနီ လေ"
"ဟင့်အင်း ငါမသိဘူး၊ ဘာမှ နားမလည်ဘူး"
"ကျွန်မရဲ့ အမေကြီးလေ"
"တစ်ခုခုတော့ မှားနေပြီ ထင်တယ်၊ ငါ ရှင်းပြပါမယ်"
လိုသာ အံ့အားသင့်သွားသည်။ လိုသာ စင်တိန့်ဆီသို့ တစ်လှမ်းတိုးသွားသည်။ စင်တိန်က နောက် တစ်လှမ်း ဆုတ်လိုက်ပြီး အော်လိုက်သည်။
"ရှင် ကျွန်မ အနားမကပ်နဲ့၊ ကျွန်မကို မထိနဲ့၊ ကျွန်မကို နောက်ထပ် ဘယ်တော့မှ မထိနဲ့တော့"
စင်တိန်သည် သူစကတ်အိတ်ထဲမှ ပစ္စတိုကို ညာလက်ဖြင့် ဆွဲထုတ်လိုက်သည်။
"စင်တိန် စိတ်အေးအေးထားစမ်းပါကွာ၊ ငါရှင်းပြပါ့မယ်"
လိုသာ သည် စင်တိန့်လက်ထဲ၌ သေနတ်ကို မြင်လိုက်ရသဖြင့် ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သည်။
"မင်း ရူးနေသလား၊ ပေးစမ်း သေနတ်ငါ့ကိုပေးစမ်း"
လိုသာသည် စင်တိန့်ကို တအံ့တသြငေးကြည့်နေရာမှ ရှေ့သို့ တစ်လှမ်း တိုးလာသည်။
"ရှင် လူသတ်သမား၊ သွေးအေးအေးနဲ့ လူသတ်သမား၊ ရှင် ဟာနီကို သတ်တယ်"
စင်တိန် သည် သေနတ်ကို လက်နှစ်ဖြင့် ဆုပ်ကိုင်ပြီး လိုသာအား ချိန်ထားသည်။ လည်ဆွဲက သေနတ် အောက်ဘက်မှ တွဲလောင်းကျနေသည်။ သေနတ်ပြောင်းဝက ဘယ်ညာ လှုပ်ယမ်းနေသည်။
"ရှင် ကျွန်မ ရဲ့ ဟာနီကို သတ်တယ်၊ ဒါကြောင့် ရှင့်ကို ကျွန်မ မုန်းတယ်"
"စင်တိန် ..."
လိုသာက စင်တိန့်လက်ထဲမှ သေနတ်ကို လှမ်းဆွဲလိုက်သည်။ သေနတ်ပြောင်းဝမှ မီးခိုးထွက်သွားပြီး ပြောင်းဝ က အပေါ်ထောင်သွားသည်။ သေနတ်သံ စင်တိန်အဖို့ နားကွဲလုမတတ် ခံစားလိုက်ရသည်။
လိုသာ့ခန္ဓာကိုယ် နောက်သို့ လန်သွားပြီး ခန္ဓာကိုယ်ကြီး တစ်ပတ်လည်ကာ ရှေ့သို့ မှောက်ကျလာသည်။
စင်တိန့် လက်ထဲမှ သေနတ်လည်း လွတ်ကျသွားသည်။ သူမခန္ဓာကိုယ်က လှည်းဘေးတွင် မှီလျက် နောက်ပြန် ဖင်ထိုင်ကျသွားသည်။ ဟင်းဒရစ်က ပြေးလာပြီး စင်တိန့်လက်ထဲမှ သေနတ်ကို ဆွဲယူ လိုက်သည်။
"ကျွန်မ ရှင့်ကို မုန်းတယ်၊ ရှင် သေပါစေ၊ ငရဲလားပါစေ"
ဆက်ရန်
.
1 comment:
ဒီအပိုင်းဖတ်ရတာ ရင်ထဲအထိဆုံးပဲ ...
ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေက လွန်မြောက်ပြီး ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်လေးတွေ ပိုင်ဆိုင်ရတာမှ မကြာသေးခင် ၀မ်းနည်းကြေကွဲစရာတွေနဲ့ ကြုံရပြန်ပြီနော် ... ။
စိတ်မကောင်းလိုက်တာ :(
Post a Comment