စံပြုစာနဲ့ စံပြလူ
ကျန်းမာရေးကြောင့် စာရေးလျှော့ထားတော့ စာဖတ်ချိန်ပိုရလာတယ်။ တစ်နေ့ကလည်း အသစ်ပြန် ထုတ်တဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ဘာသာပြန်စာအုပ် "အိုင်ဗင်ဟို"ကို ပြန်ဖိတ်မိတယ်။ အကြိမ်ပေါင်းများ စွာ ထပ်တလဲလဲ ဖတ်ထားတဲ့စာအုပ်ဖြစ်ပေမယ့် စာအုပ်ဆုံးတဲ့အထိ လက်ကမချနိုင်အောင် "စွဲ"နေ သေးတာပဲ ဖြစ်တယ်။ "အိုင်ဗင်ဟို"ကို ကျောင်းသားဘဝမှာစပြီး သင်ခဲ့ရစဉ်ကတည်းက "စွဲ"ခဲ့တာ ခုထိ လည်း "စွဲ" တုန်းပါပဲ။ စွဲတာမှ တော်ရုံမဟုတ်ဘူး။ စာအုပ်ထဲက ဇာတ်ကောင် "အိုင်ဗင်ဟို"ကို ဘဝတစ် လျှောက်လုံး စံပြုပုဂ္ဂိုလ် အဖြစ်ကို သဘောထားခဲ့တာ။
စိတ်ဓါတ်ဖွံ့ဖြိုးရေးက
"အိုင်ဗင်ဟို"ကို စသင်ရတာ မက်ထရစ်တန်းမှာပါ။ ကျွန်တော်တို့ခေတ်က ခုခေတ်လို ၁၀ တန်းထိမနေ ရပါဘူး။ ၈ တန်းပြီးတာနဲ့ (Matriculation Exam)လို့ခေါ်တဲ့ "တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ" ဖြေရပါတယ်။ ဒါကြောင့် ၈ တန်းပြီးတာနဲ့ "မက်ဒရစ်တန်း"ခေါ် တက္ကသိုလ်ဝင်တန်းကို တက်ရပါတယ်။ အဲဒီ မက်ထ ရစ်တန်းမှာ အိုင်ဗင်ဟိုနဲ့ကြုံရတာဖြစ်တယ်။ အဲဒီခေတ်က အင်္ဂလိပ်စာမှာ စကားပြေက ဂန္ထဝင်စာအုပ် တစ်အုပ်နဲ့ ဂန္ထဝင်ကဗျာတစ်အုပ် သင်ရပါတယ်။ ဂန္ထဝင်စာအုပ်တွေက သုံးလေးနှစ်တစ်ကြိမ်ပြောင်းလေ့ ရှိတယ်။ ကျွန်တော်တို့နှစ်က အိုင်ဗင်ဟိုနဲ့ကြုံတဲ့နှစ်ပါ။
မြန်မာစာမှာလည်း အလားတူပါပဲ။ စကားပြေက ဇာတ်တော်ကြီးဆယ်ဘွဲ့နဲ့ ဦးပုညတို့ ဦးကြင်ဥတို့ရဲ့ ပြဇာတ်တစ်အုပ်သင်ရပြီး "ကဗျာပန်းကုံး"လို ကဗျာစာအုပ်လည်း သင်ရပါတယ်။ အင်္ဂလိပ်ရော မြန်မာစာမှာပါ ရှေးဂန္ထဝင်စာကြီးပေကြီးတွေနဲ့ ဂန္ထဝင် မြောက်ကဗျာတွေ သင်ခဲ့ရလို့ထင်ပါရဲ့ ရှေးခေတ် ကျောင်းသားတွေဟာ ဘာသာစကားနှစ်မျိုးစလုံးကို ပိုကျွမ်းကျင်ကြတာတွေ့ရတယ်။ အိုင်ဗင်ဟို၊ ဆိုင်းလ်မနား၊ ဒေးဗစ်ကော့ပါးဖီး၊ ရှိတ်စပီးယားစတဲ့ အင်္ဂလိပ်စာတွေနဲ့ ဝေသန္တရာ၊ မဟောသဓါ၊ ဇနက၊ တေမိ စတဲ့ ဇာတ်တော်ကြီးတွေနဲ့ ဝိဇယပြဇာတ်၊ ရေ သည်ပြဇာတ်၊ ပါပဟိန် ပြဇာတ်စတဲ့ ပြဇာတ်တွေကို သင်ကြား ကြရတာဟာ ဘာသာစကားသင်ရုံ သက်သက် မဟုတ်ပါဘူး။ လူငယ်တွေကို စိတ်ဓါတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါဝင်ပါတယ်။
"စံ"ပုဂ္ဂိုလ် "စံ"စာအုပ်
အဲဒီရည်ရွယ်ချက်ဟာ အောင်မြင်ပါတယ်။ အိုင်ဗင်ဟိုတို့ ဇနကတို့ဟာ လူငယ်တွေရဲ့ဘဝတစ်သက် တာ "စံပြပုဂ္ဂိုလ်" Idealအဖြစ်ကို သဘောထားခဲ့ကြရတာဖြစ်ပါတယ်။ ကျွန်တော့်အဖို့ဆိုရင် အနိုင်ကျင့် ခံ အားနည်းသူ တွေဘက်က ရပ်တည်ပြီး မတရားမှုပြုသူတွေကို တိုက်ခိုက်တဲ့ အိုင်ဗင်ဟိုဟာ "စံပြု ပုဂ္ဂိုလ်" အဖြစ်သာ မကပါဘူး။ နတ်ဘုရားတစ်ဆူလိုကို သတ်မှတ်ပြီး ကိုးကွယ်ခဲ့တာပါ။

အိုင်ဗင်ဟို ဟာ "Idea"မျှသာမက "idol"လို့ကို သဘောထားခဲ့တာပါ။ ရန်သူနဲ့ သူသေကိုယ်သေ ဓါးချဉ်း ယှဉ် တိုက်ခိုက်နေကြတာတောင် ရန်သူ့လက်က ဓါးလွတ်ကျသွားတဲ့အခါမှာ ဓားကိုပြန်ကောက်ယူစေ ပြီးမှ ဆက်တိုက်ခိုက်တဲ့ (Fairplay) စိတ်ဓါတ်ခေါ် လူကြီးလူကောင်းစိတ်ဓါတ်ကို ဒီနေ့ထိ ကိုးကွယ် ဆည်းကပ်ဆဲ ဖြစ်ပါတယ်။ အိုင်ဗင်ဟိုတို့ ရော်ဘင်ဟုဒ်တို့လို စာအုပ်မျိုးတွေဟာ ကလေးလူငယ်ရဲ့စိတ် ဓါတ်မျိုး ကို အများကြီး ပြုပြင်ပေးနိုင်တဲ့ စာအုပ်မျိုးတွေဖြစ်ပါတယ်။
အိုင်ဗင်ဟိုကို "idol"အဖြစ် သတ်မှတ်ခဲ့သလိုပဲ ဘဝတ်စလျှောက်လုံး ဦးထိပ်ပန်ဆင်ခဲ့တဲ့ ကဗျာတစ်ပုဒ် လည်း ရှိခဲ့ပါတယ်။ ဒီကဗျာက လူတိုင်းရင်းနှီးနေတဲ့ ကဗျာပါ။ ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်လွန်းလို့ ကျောင်းဆောင် အခန်းနံရံမှာတောင် ကပ်ထားခဲ့တယ်ဆိုတဲ့ ကဗျာပါ။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဟာ အဲဒီကဗျာလေးကို စွဲစွဲမြဲမြဲကို နှစ်ခြိုက်ခဲ့ကြတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရယ် လို့ ဖြစ်လာခဲ့ရတာထင်ပါတယ်။ ကဗျာက W.E Henley ရဲ့ Invictus ဆိုတဲ့ ကဗျာဖြစ်ပါတယ်။
* Out of the Night that covers me,
black as the pit from pole to pole,
I think, whatever Gods may be
for My unconquerabel soul.
* In the fell clutch of circumatance,
I have not winced nor cried aloud.
Under the bludgeorinG of chance
My head is bloody, but unbowed.
* It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate.
I am the captain of my soul.
အသူရာတစ်ရာနက်တဲ့ ကျောက်ကမ်းပါးကြီးတစ်ခုသဖွယ် လောကကြီးတစ်ခုလုံး မည်းမှောင်နေတဲ့ ည အမှောင်တိုက်ကြီး ဖုံးအုပ်နေတဲ့ကြားက အနိုင်မခံ အရှုံးမပေးတဲ့ ငါ့ဝိဥာဉ်ကိုပေးသနားတဲ့ မည်သည့် နတ်ဘုရားပဲဖြစ်စေ ငါကျေးဇူးတင်ပါတယ်။
ကုသိုလ်ကံအကျိုးပေး ဆိုးရွားခက်ခဲလှပေမယ့် ငါဟာ နောက်မတွန့်ခဲ့သလို ရှိုက်ငင်ငိုကြွေးမပြုခဲ့ဘူး ကံကြမ္မာရဲ့အထုအထောင်း အရိုက်အပုတ်တွေအောက်မှာ ငါ့ဦးခေါင်းသည် သွေးအချင်းချင်း နီရဲခဲ့ သော်လည်း ဦးမညွှတ်ခဲ့။
ဒဏ်ရာဒဏ်ချက်တွေ မျက်ရည်တွေပြည့်နှက်နေတဲ့ ဒီလောကရဲ့ဟိုမှာ ဘက်မှာလည်း ကြောက်စရာအ ရိပ် အမည်းတွေက ဖုံးလွှမ်းနေပေမယ့် အကြောက်တရားမဲ့တဲ့ ငါ့ကိုသာ အခုလည်းတွေ့ နောင်လည်း တွေ့လိမ့်မယ်။
တမလွန်ကိုသွားရာတံခါးဝဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းနေပါစေ ခွေးရေပုရပိုက်မှာ ဘာတွေပဲရေး ထည့်ထားပါစေ ငါသာလျှင် ငါ့ကြမ္မာရဲ့အရှင် ငါသာလျှင် ငါ့ဝိဥာဉ်ရဲ့သခင်ဖြစ်တယ်။
ကဗျာတစ်ပုဒ်ရဲ့ကျေးဇူး
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းကနေ သခင်အောင်ဆန်းဖြစ်၊ သခင်အောင်ဆန်းကနေ ဗိုလ် ချုပ်အောင်ဆန်းဖြစ်၊ နောက်တော့ သူရဲကောင်း အာဇာနည်ဖြစ်ခဲ့တာဟာ ဒီကဗျာလေးက အစပြုခဲ့တာ လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီကဗျာလေးက ကိုအောင်ဆန်းကို တွန်းအားတွေပေး၊ သတ္တိတွေမွေး ပေးခဲ့တာ၊ ကိုအောင်ဆန်းဟာ ခလေးဘဝက အခြားကလေးများလိုပဲ အမှောင်နဲ့ သူရဲကြောက်တတ်တဲ့ သာမန် ကောင်လေး တစ်ယောက်သာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ဒီကဗျာလေးက သူ့ကို ရဲရဲတောက် တွန်းပို့ လိုက်တာပဲဖြစ်ပါတယ်။
လူငယ်တွေ အတွက် စံထားရတဲ့စာအုပ်၊ စံပြုရတဲ့ပုဂ္ဂိုလ်ဆိုတာမျိုး လိုအပ်ပါ တယ်။ အဲဒီ "စံ"တွေကို အားကျရာကတဆင့် အတုယူချင်စိတ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကျောင်း သားဘဝကတည်းက ဒီလို "စံ"တွေ ရှိခဲ့လို့သာ ကိုအောင်ဆန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလူ ကောင်း အားလုံးလေးစားရတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ရတာလို့ ဆိုနိုင်ပါတယ်။ ကိုအောင် ဆန်းဟာ အသက် ၂၀ အရွယ် လောက်မှာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အသက် ၂၃ နှစ်လောက်မှာ "ဒို့ဗမာအစည်းအရုံး" ခေါင်းဆောင်သခင်အောင်ဆန်း ဖြစ်လာခဲ့ပါတယ်။ ရဲဘော်သုံး ကျိပ်ကို ဦးဆောင်ပြီး ဗိုလ်တေဇ အဖြစ် မြန်မာပြည်ပြန်လာချိန်မှာမှ သူ့အသက် ၂၇ နှစ်ပဲရှိပါသေးတယ်။ အသက် ၃၀ လောက် ကျတော့ "ဗိုလ်ချုပ် ဗိုလ်ချုပ်"နဲ့ နိုင်ငံခေါင်းဆောင်ကြီး ဖြစ်နေပါပြီ။ သူကွယ်လွန် တော့ အသက် ၃၂ နှစ်ပဲ ရှိသေးတာပါ။
စာရေးဆရာဖြစ်ချင်သူများ
သူက စာရေးဝါသနာပါပြီး ကျောင်းသားဘဝကတည်းက မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေရေးခဲ့ပါ တယ်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးလောကထဲရောက်တော့ လည်း ကြိုကြားကြိုကြား စာတွေရေးခဲ့ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်ပြီး စာရေးဆရာ လုပ်မယ်လို့လည်း စိတ်ကူးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ထူးခြားချက်တစ်ခုကတော့ လွတ် လပ်ရေး မရမီ ခေတ်ကရော လွတ်လပ်ရေးပြီးခေတ်မှာပါ တိုင်းပြည်ရဲ့တိုင်းရေး ပြည်ရေး နိုင်ငံရေးကို ဦး ဆောင် ဦးရွက်ပြုခဲ့ကြသူ အားလုံးလောက်နီးပါးဟာ သတင်းစာစာရေးဆရာတွေ ဖြစ်နေကြတာပါပဲ။
လူကြီးတွေထဲက ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဆရာ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးနုတို့ရှိခဲ့ကြပြီး လူငယ်တွေထဲက ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ(မြင့်)၊ ကိုလှရွှေ၊ သခင်သန်း ထွန်း၊ သခင်စိုး၊ သခင်သန်းမြိုင်စသူတွေရှိခဲ့ကြပါတယ်။ ဒီခေါင်းဆောင်တွေအားလုံးဟာ တိုင်းပြည် လွတ်လပ်ရေးရပြီးရင် စာရေးဆရာ လုပ်မယ်လို့ စိတ်ကူးခဲ့ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေ အားလုံးဟာ သမ္မတရာထူး၊ ဝန်ကြီးချုပ်ရာထူး၊ ဝန်ကြီးဝန်ကလေး ရာထူးတွေထက် စာရေးဆရာဘဝကို ပိုပြီးတန်ဖိုး ထားကြ သူတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ ကျောင်းသားဘဝမှာကတည်း က "စံပြုစာအုပ်"တွေ "စံပြုပုဂ္ဂိုလ်"တွေ ရှိခဲ့ကြလို့ဖြစ်ပါတယ်။
အသေစောခဲ့ကြတယ်
လူငယ်ကျောင်းသားဘဝဆိုတော့ သူတို့ "စံပြု"ခဲ့ကြတဲ့ စာအုပ်တွေက စောစောကပြောခဲ့တဲ့ အိုင်ဗင်ဟို လို၊ သူရဲကောင်းသုံးယောက်လို ရှိတ်စပီးယားလို၊ ဇနက္ကလို၊ ဘူရိဒတ်လို၊ ပါပဟိန်လို၊ ဝိဇယလို စာအုပ် တွေဖြစ်ကြပြီး သူတို့ရဲ့"စံပြု"ပုဂ္ဂိုလ်တွေကလည်း အိုင်ဗင်ဟို၊ ရော်ဘင်ဟုဒ်၊ မိုက်ကယ်ကောလင်း၊ ဂျိုဆေးရီဇော်တို့တတွေလို သူရဲကောင်းတွေ ဖြစ်ကြပါတယ်။ အဲဒီ "စံ"စာအုပ်တွေနဲ့ လူပုဂ္ဂိုလ်တွေက မတရားမှုမှန်သမျှ ဆန့်ကျင်ကြပြီး အဖိခံ၊ အနှိမ်ခံ၊ အနိုင်ကျင့်ခံသူတွေဘက်က မားမားမတ်မတ် ရပ် တည်ခဲ့ကြပါတယ်။

အားလုံးဟာ ဖြူစင်သန့်ရှင်းကြတယ်။ ကိုယ်ကျိုးစွန့်ကြတယ်။ ဖြောင့်မတ်မှန်ကန် ကြတယ်။ အဲဒါတွေကို အားကျလို့ သူတို့တတွေကလည်း ဖြူစင်သန့်ရှင်းတဲ့၊ ဖြောင့်မတ်မှန်ကန်တဲ့၊ အဖိခံ အနှိမ်ခံတွေဘက်က ရပ်တည်တဲ့ သူမျိုးတွေဖြစ်ချင်ခဲ့ကြတာပါပဲ။ ဒီအချက်တွေနဲ့ ကိုက်ညီတာ က သတင်းစာဆရာ၊ စာရေးဆရာ အလုပ်ပဲ ဖြစ်တယ်။ နိုင်ငံရေး လောကမှာတော့ ဘယ်နိုင်ငံရေးလော ကပဲဖြစ်ဖြစ် ဒီအချက် တွေနဲ့ ညီဖို့ မလွယ်ဖူးလေ။ ဒါ့ကြောင့် သူတို့အားလုံး သတင်းစာဆရာ၊ စာရေးဆ ရာဖြစ်ချင်ခဲ့ကြတာပါ။ ဝမ်းနည်း စရာကောင်းတာက သူတို့အသေစောခဲ့ကြတယ်လေ။
လူထုစိန်ဝင်း
၁၃-၁-၂၀၀၉
.
လူထုစိန်ဝင်း
၁၃-၁-၂၀၀၉
.
1 comment:
ဆရာလူထုစိန်ဝင်းရဲ့ စာတစ်ချို့ဖတ်ဖူးပေမယ့် ဒီစာကိုတော့ မဖတ်ဖူးသေးဘူး။ ကျေးဇူး အမရေ။
အရင်ခေတ်ကလူတွေ အရမ်းတော်ကြတယ်နော်။
ကျွန်တော်တို့တော့ အင်္ဂလိပ်ဂန္ဓ၀င်စာအုပ်တွေမပြောနဲ့ မြန်မာဂန္ဓ၀င်စာတွေတောင် မဖတ်ဖူးဘူး။ :D
Post a Comment