(၁၈)
ပရိုတီးတက်စယ် သင်္ဘောသည် ယူနီယံကက်စယ်လိုင်း သင်္ဘောကုမ္ပဏီ၏ စာပို့ သင်္ဘော ဖြစ်ခဲ့သည်။ သို့သော် ထိုသုံးထပ်သင်္ဘောကြီးကို ဆေးရုံသင်္ဘောအဖြစ် ပြောင်းလဲအသုံးချခဲ့သည်။ သင်္ဘောဘေး နှစ်ဘက် နှင့် ခေါင်းတိုင်တို့ တွင် ကြက်ခြေနီ တံဆိပ်ကြီးများ ရေးခြယ်ထားသည်။
ယခုအခါ ပြင်သစ်ပြည် ကယ်လစ်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားပြီး တောင်ဘက်သို့ ထွက်မည့် ခရီးအတွက် ခရီးသည် များကို တင်ဆောင်လျက် ရှိသည်။ ယခုခရီးစဉ်တွင် လူနာခရီးသည် ၁၂၀၀ ကျော်ပါလိမ့်မည်။ အပြန် ခရီးတွင်မူ သင်္ဘောကို ဆေးပြန်ပြောင်းသုတ်ကာ ရိုးရိုးစစ်သင်္ဘောအဖြစ်နှင့် လူငယ်တပ်သား သစ် များကို ပြင်သစ်သို့ ပြန်သယ် လာလိမ့်မည်။
သင်္ဘောဆိပ်တွင် ရိုးရွိုက်စ်ကားအနက်ကြီး ရပ်ထားသည်။ ဗိုလ်ချုပ်ကြီး၏ စီစဉ်ပေးချက်အရ သူ၏ ယာဉ်မောင်း ဇူးလူး ရဲဘော်က စင်တိန်တို့အား ဆိပ်ကမ်းသို့ လိုက်ပို့သည်။ စင်တိန်နှင့် အန်သည် သူနာပြုဝတ်စုံ များကို ၀တ်ထားကြ သည်။ စင်တိန်သည် ကားဘေးတွင် ရပ်ပြီး သင်္ဘောပေါ်မှ တက်နေကြ သော လူနာခရိးသည်များကို ငေးကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။ ခြေပြတ်လက်ပြတ်များ၊ မျက်စိမမြင် သူများ၊ ထမ်းစင်ဖြင့် သယ်ယူသူများ စသည်ငြဖ့် ဒဏ်ရာမျိုးစုံရထားသော လူနာတို့၏ မြင်ကွင်းကို လှမ်းမြင်နေရသည်။
"သူနာပြုဆရာမ ... ဒီမှာ ကျွန်တော်တို့ကို လာပြီး ၀ိုင်းကူပါဦး"
လူနာများအား သင်္ဘောပေါ်သို့ တင်ပေးနေသော တာဝန်ကျ တပ်သားတစ်ဦးက စင်တိန်၏ သူနာပြု ၀တ်စုံကို မြင်သွား ပြီး လှမ်းပြောလိုက်သည်။ စင်တိန်လည်း သတိပြန်ဝင်လာသည်။ စင်တိန်က ဇူးလူး ယာဉ်မောင်း ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
"ကျွန်မ ရှင့်အဖေကို တွေ့အောင် ရှာပြီး ရှင်ပေးလိုက်တဲ့ စာကို အရောက်ပေးပေးပါ့မယ် အမ်ဘီဂျိန်း"
"ကျေးဇူး ပါပဲဗျ၊ ခရီးလမ်းဖြောင့်ဖြူးပါစေလို့ ဆုတောင်းပါတယ်"
စင်တိန်သည် ဂျိန်းလက်ထဲမှ သူမ၏ လက်ဆွဲအိတ်ကို လှမ်းယူပြ၊ီး သင်္ဘောဆီသို့ ထွက်သွားသည်။ အန်က သူ့ နောက် မှ လိုက်သွားသည်။
တာဝန်သစ်များကို သူတို့ စတင်ထမ်းရွက်ကြရပါပြီ။ လူနာများကို သင်္ဘောပေါ်သို့ တင်ပေးရသည်မှာ တစ်ညလုံး ကြာသည်။ နံနက် အရုဏ်မတက်မီကလေးတွင်မှ ပြီးစီးသွားသည်။ ထိုအခါကျမှ စင်တိန်သည် သူ့တို့ အတွက် ပေးထား သော သင်္ဘောအခန်းနေရာကို လိုက်ရှာရတော့သည်။ ဆေးဘက် အရာရှိကြီးမှာ မျက်နှာထား တင်းသော ဗိုလ်မှူး တစ်ယောက် ဖြစ်သည်။ သူ့အား အထက်က တိုးတိုးတိတ်တိတ် မှာကြား လိုက်ပုံ ရသည်။
ထိုအရာရှိ၏ အခန်းသို့ သွားပြီး စင်တိန်က သတင်းပို့သောအခါ သူက အပြစ်တင်သလို မေးလိုက်သည်။
"ခင်ဗျား တို့ ဘယ်သွားနေကြလဲ၊ မနေ့က မွန်းလွဲပိုင်းကတည်းက ခင်ဗျားတို့ကို မျှောနေတာ၊ အခုဆို သင်္ဘော ထွက်ဖို့ နှစ်နာရီပဲ လိုတော့တယ်"
"ကျွန်မ မနေ့က မွန်းလွဲပိုင်းတည်းက ရောက်နေတာ၊ အောက်ဘက် တတိယကုန်းပတ်မှာ ဒေါက်တာ ဆော်လမွန် ကို ၀ိုင်းကူလုပ်ပေးနေတာ"
"ခင်ဗျား ကျွန်တော့်ဆီကို အလျင်ဆုံး လာပြီး သတင်းပို့ သင့်တာပေါ့၊ ဗိုလ်ချုပ်ကြီးက ခင်ဗျားကို စောင့်ရှောက် ဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာ၊ ပြီးတော့ တတိယကုန်းပတ်ဆိုတာက အခြားအဆင့် တွေ အတွက်ဗျ"
"ရှင် ... ဘယ်လို"
"အခြားအဆင့်ဆိုတာ အရာရှိ မဟုတ်တဲ့ တပ်သားတွေ၊ အခုအချိန်ကစပြီး ခင်ဗျားအရာရှိတွေအတွက်ပဲ အလုပ် လုပ်ရမယ်၊ အောက်ဘက်က ဒုတိယထပ်နဲ့ တတိယထပ် ကုန်းပတ်တွေဟာ ခင်ဗျားအတွက် သွားခွင့် မရှိတဲ့ နေရာတွေပဲ၊ ကျွန်တော်ပြောတာ ရှင်းရဲ့လား"
"အောက်ထပ်က ရဲဘော်တွေလဲ အရာရှိတွေလိုပဲ ထိခိုက်ဒဏ်ရာ ရလာကြတာပါပဲ၊ အရာရှိတွေ သွေးထွက် ကြသလို သေကြသလို သူတို့လဲ သွေးထွက်ကြ သေကြတာပါပဲ"
စင်တိန့် အဖြေကြောင့် ဗိုလ်မှူး စိတ်ပျက်သွားသည်။
"ဒီသင်္ဘောမှာ မိန်းကလေးတွေကို လုံးဝ ခေါ်မလာချင်ဘူး၊ မတတ်သာလို့ ခေါ်လာရတာ သိလား၊ ကဲ ကျွန်တော် ပြောတာကို ခင်ဗျား နားထောင်၊ ကျွန်တော့်အခန်း မျက်စောင်းထိုးက အခန်းမှာ ခင်ဗျားတို့ နေရမယ်၊ ခင်ဗျား ဒေါက်တာစတီးဝပ်ဆီမှာ သတင်းပို့ပါ၊ သူ့အမိန့်အတိုင်း အလုပ် လုပ်ရမယ်၊ အရာရှိများ စားရိပ်သာ ထဲမှာ ခင်ဗျားတို့ နေရမယ်၊ အောက်ထပ် နှစ်ထပ်ဟာ ခင်ဗျားအတွက် မသွားရမယ့် နေရာတွေ၊ စည်းကမ်းနဲ့အမိန့်ကို ခင်ဗျား လိုက်နာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ခင်ဗျားကို ကျွန်တော် မျက်စိ ဒေါက်ထောက် ကြည့်နေမယ်ဆိုတာ သိထားစမ်းပါ"
စင်တိန်အဖို့ ဘ၀င်မကျစရာနှင့် စတင် မိတ်ဆက်လိုက်ရသော်လည်း သင်္ဘောပေါ်မှာ သူတို့နေရမည့် အခန်း သို့ ရောက်သွားသောအခါ အံ့အားသင့်လောက်အောင်ပင် ၀မ်းသာစရာနှင့် ကြုံရသည်။
ဗိုလ်ချုပ်ကြီးရှောင်ကုတ်နေ၏ အရှိန်အ၀ါကြောင့်ပင် ဖြစ်ရမည်ဟု သိလိုက်သည်။ သူတို့အတွက် ပေးထားသော သင်္ဘောအိပ်ခန်းမှာ စစ်မဖြစ်မီက ဆိုလျှင် ရွှေဒင်္ဂါးအပြား ၂၀၀ပေးရမည့် ပထမတန်းအခန်း ဖြစ်သည်။ အိပ်စင်မဟုတ်ဘဲ နှစ်ယောက်အိပ် ခုတင်ကြီး တစ်လုံး၊ ဆိုဖာပါသော ဧည့်ခန်းငယ် တစ်ခန်း၊ လက်တင် ကုလားထိုင်နှင့် စာရေးစားပွဲတစ်လုံး၊ ရေပန်းဖွားပါသော ရေချိုးခန်းနှင် အိမ်သာတို့ဖြင့် အဆင့်မြင့် လှသည်။
စင်တိန်သည် အိပ်ရာပေါ်တွင် ပစ်လှဲလိုက်ပြီး အနားယူလိုက်သည်။ သူတို့အနားယူ၍မျှ မကြာခင်မှာပင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာ၍ ငေါက်ခနဲ ထလိုက်ကြသည်။ ၀ီဒီမှုတ်သံများ၊ သံပန်းတံခါး များ ပုတ်သံများ ဆက်တိုက် ပေါ်လာသည်။ သင်္ဘောမှာ စက်သံမှန်မှန်ဖြင့် စတင် ခုတ်မောင်း ထွက်ခွာ နေ သည်။
ပထမပိုင်း တွင် သူတို့ ထိတ်လန့်တုန်လှုပ် သွားသော်လည်း နောက်ပိုင်းတွင် အရေးပေါ် အသက်ယ် လေ့ကျင့်ခန်း ပြုလုပ်မှန်း သိလာသည်။ အသက်ကယ်အင်္ကျီများကို အမြန်ယူဝတ်ပြီး အပေါ်ထပ် ကုန်းပတ်ရှိ အသက်ကယ်လှေများ ရှီရာသို့ သွားရောက် နေရာယူကြသည်။
သင်္ဘောသည် ဆိပ်ကမ်းနယ်မြေမှ ကျော်လာပြီး ရေလက်ကြားထဲသို့ ရောက်လာသည်။ နံနက်ခင်းမှာ နှင်းမှုန် များဖြင့်ေ၀၀ါးနေသည်။ သင်္ဘောပထမတန်းစားသောက်ခန်းကို ထနိုင်သွားနိုင်သော အရာရှိများအတွက် စားရိပ်သာ လုပ်ထား သည်။ နံနက်စာစားရန် စင်တိန်နှင့် အန်တို့ ထိုစားရိပ်သာသို့ ရောက်လာသည်။
ငယ်ရွယ်ချောမောသော မိန်းကလေးတစ်ယောက် သင်္ဘောပေါ်၌ ပါလာသည်ကို အရာရှိ အနည်းငယ် ကသာ သိသည်။ ထိုသို့ ပါလာသည့်အတွက် သူတို့ ၀မ်းမြောက်မှုမှာ သိသာ ထင်ရှားသည်။ နံနက်စာ စားရာတွင် စင်တိန်နှင့် နေရာချင်း ကပ်ထိုင်နိုင်ရန် အရာရှိများက ကြိုးစားကြသည်။ သင်္ဘော ကပ္ပတိန် နံနက်စာ စားခန်းသို့ မလာသဖြင့် ပထမအရာရှိက စင်တိန်ဘေးတွင် ထိုင်ပြီး ကျန်အရာရှိများက ဘေးမှ ၀ိုင်းထိုင် ကြသည်။ အထိန်းတော်ကြီးအန်က စင်တိန်နှင့် မျက်နှာ ချင်းဆိုင် ထိုင်ရသည်။
သင်္ဘောအရာရှိ အားလုံးမှာ ဗြိတိန်နိုင်ငံသား အင်္ဂလိပ်လူမျိုးများ ဖြစ်သည်။ ယခုအခေါက် သင်္ဘော ခရီးစဉ်မှာ ဂွတ်ဘိုင် အငိုကု ကွေ့ပတ်ပြီးနောက် အရှေ့ဘက်သို့ သွားမည့်ခရီးဖြစ်၍ ခရီးသည် လူနာ စစ်သည်များမှာ ဗြိတိသျှကိုလိုနီ နယ်မြေသားများ ဖြစ်ကြသည်။
စင်တိန့် ဘေးပတ်လည်၌ ထိုင်ကြသူများမှာ သြစတြေးလျ မြင်းတပ်မှ ဗိုလ်ကြီးတစ်ဦး၊ နယူးဇီလန်သားများ မျက်စိ တစ်ဖက်ကန်း အရာရှိတစ်ဦးနှင့် ခြေတစ်ဖက်ပြတ် ချိုင်းထောက်နှင့် အရာရှိတစ်ဦး၊ ရိုဒီးရှားမှ ဂျိုနာသန်ဘလန်ကင် ဆို သူ အရာရှိတစ်ဦးတို့ ဖြစ်သည်။ အခြား လူငယ်အရာရှိရာများမှလည်း ကိုယ်ခန္ဓာ အစိတ်အပိုင်း များ ထိခိုက်ဒဏ်ရာ ရထားကြသူများချည်း ဖြစ်သည်။
သူတို့က စင်တိန်အား သူ့ထက်ငါ မျက်နှာလို မျက်နှာရ အစားအသောက်များ ထည့်ပေးကြသည်။
"အို ... နေကြပါဦး ... နေကြပါဦး၊ ရှင်တို့ရဲ့ ဒီလောက်များတဲ့ အင်္ဂလိပ်နံနက်စာကို ကျွန်မ ဘယ်လိုလုပ် စားနိုင်မလဲ၊ အဲဒါတွေသာ အကုန်စားရယင် ကျွန်မ ၀က်ကလေး လို ၀တစ်ပြီး အရုပ်ဆိုး အကျည်းတန် သွားတော့မှာပေါ့"
စင်တိန်သည် လူငယ်အရာရှိများ ၀ိုင်းဝိုင်းလည်နေသည်ကို ပျော်သလိုရှိလာသည်။ သူမ ၁၄နှစ် အရွယ်တွင် စစ်ကြီး စတင်ဖြစ်ရာ လူငယ်လူရွယ် ယောက်ျားများ စစ်ထဲပါသွားကြသည်။ ယခု ပထမဆုံးအကြိမ် လူငယ် များ ၀ိုင်းဝိုင်းလည် နေရပြီး သူတို့၏ အချီးအမွမ်း၊ အယုအယ စကားများကို ကြားရသောအခါ သာယာ မိခြင်း ဖြစ်သည်။
ဆေးဘက်အရာရှိက ကပ္ပီတန်စားပွဲမှ နေပြီး မျက်မှောင်ကုတ်ကာ သုန်သုန်မှုန်မှုန် ဖြစ်နေသည်ကို စင်တိန် သတိထား မိသည်။ လူငယ်အရာရှိများနှင့် ရောရောနှောနှော ပြောပြောဆိုဆို လုပ်နေသည်ကို သူ ဘ၀င် ကျပုံ မရပေ။
"ဒါ ငါ့တာဝန်ပဲ၊ သူတို့က ငါ့လူနာတွေပဲ၊ သူနာပြုဆိုတာ ကိုယ့်လူနာတွေအပေါ်မှာ ကောင်းရမှာပဲ"
စင်တိန် စိတ်ထဲက ပြောလိုက်သည်။ ထို့ကြောင့် သူတို့နှင့် ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော နေလိုက်သည်။ သူတို့က လည်း စင်တိန် စိတ်ဝင်စားအောင်ပင် ပြောကြသည်။
"ကျွန်မတို့ ဘာဖြစ်လို့ အစောင့်အရှောက်မပါဘဲ ဒီသင်္ဘောတစ်စင်းတည်း သွားတာလဲဟင်၊ နေ့ခင်း ဘက်ကြီးမှာ ရေလက်ကြားအတိုင်း သွားရတာ အန္တရာယ်မများဘူးလေ၊ ရီဝါသင်္ဘောအကြောင်း ကျွန်မ ကြားဖူး တယ်"
ရီဝါသည် ဗြိတိသျှဆေးရုံသင်္ဘော ဖြစ်သည်။ ထိုနှစ် ဇန်န၀ါရီလ (၄)ရက်၌ လူနာ ၃၀၀တင်ကာ ဘရစ္စတိုရေလက် ကြား၌ ဖြတ်သန်းသွားစဉ် ဂျပန်ရေငုပ်သင်္ဘောက ပစ်ခတ်လိုက်သော တော်ပီဒို ထိမှန်ခံခဲ့ရသည်။ ကံကောင်း ထောက်မသဖြင့် လူသုံးယောက်သာ သေခဲ့သည်။ ကျန်လူများ သင်္ဘောကို အောင်မြင် စွာ စွန့်ခွာနိုင်ခဲ့ကြသည်။
ရီဝါ သင်္ဘောအကြောင်း စင်တိန် မေးလိုက်သော မေးခွန်းသည် နံနက်စာစားပွဲဝိုင်း၌ ဆွေးနွေးစရာ အကြောင်း ဖြစ်လာ သည်။
ရီဝါသင်္ဘော က ညဘက်မှာ တော်ပီဒိုထိမှန်ခံရတာ၊ ဂျာမန်ရေငုပ်သင်္ဘောတပ်မှူးက ရီဝါဆေးရုံသင်္ဘောက ကြက်ခြေနီ အမှတ်အသားကို မမြင်လို့ ပစ်မိတာ ဖြစ်နိုင်တယ်" ဂျိုနာသန်ဘလင်တိုင်က ပြောလိုက်သည်။
"ဟုတ်မယ် မထင်ပါဘူး၊ ဒီဂျာမန်တွေက သူတို့ ယောက္ခမတောင်သူတို့ ပစ်ချင်ပစ်မှာ" တစ်ယောက်က ၀င်ပြောသည်။
သင်္ဘောပထမအရာရှိက စင်တိန်အား မကြောက်ရန် အားပေးလာသည်။
"ကျွန်တော်တို့ သင်္ဘောက တစ်နာရီကို ရေမိုင် ၂၂မိုင် ခုတ်နေတာ၊ ဂျာမန်ရေငုပ်သင်္ဘောက ရေအောက် မှာဆို တစ်နာရီ ခုနစ်မိုင်ပဲ ခုတ်နိုင်တယ်၊ ကျွန်တော်တို့ သင်္ဘောကို လိုက်ပစ်ဖို့ဆိုတာ အပုံတစ်သန်းမှာ တစ်ပုံတောင် မဖြစ် နိုင်ပါဘူး၊ ဘာမှ မစိုးရိမ်ပါနဲ့ဗျာ၊ ဒီခရီးမှာ ပျော်ပျော်ရွှင်ရွှင်သာ လိုက်ခဲ့ပါ"
နံနက်စာ စားပြီးနောက် စင်တိန် စားပွဲဝိုင်းမှ ထလိုက်သောအခါ အရပ်ရှည်ရှည်နှင့် လူငယ်ဆရာဝန်တစ်ဦး စင်တိန့် ရှေ့မှာ လာရပ်သည်။
"ကျွန်တော် ဒေါက်တာ အာချီဘော့စတီးဝပ်ပါ၊ သူနာပြု ဆရာမ ဒီသိရိခင်ဗျာ၊ ဗိုလ်မှူးရိုက်က ခင်ဗျားကို ကျွန်တော် ရဲ့ ကွပ်ကဲမှုအောက်မှာ ထားဖို့ တာဝန်ပေးထားပါတယ်"
မိမိအား သူနာပြုဆရာမဟု အခေါ်ခံရသဖြင့် စင်တိန် ကျေနပ်အားရသွားသည်။
"ခင်ဗျား သူနာပြုသင်တန်းတို့၊ ဆေးသင်တန်းတို့ တက်ဖူးသလား"
စင်တိန်က ခေါင်းယမ်းပြလိုက်သည်။
"ကျွန်တော်လဲ အဲဒီလိုပဲ ထင်ထားပါတယ်၊ ဒါပေမယ့် ဘာမှ မပူပါနဲ့၊ သူနာပြုတစ်ယောက်ရဲ့ အရေး အကြီးဆုံး တာဝန်ကတော့ လူနာ စိတ်ချမ်းသာအောင် ပျော်အောင်ထားဖို့ပါပဲ၊ ကျွန်တော်အခု မြင်ရသလောက် ဆိုယင်တော့ ခင်ဗျား အဲဒီဘက်မှာ အောင်မြင်မှာပါ၊ ခင်ဗျား ပထမတန်းကုန်းပတ်က လူနာ တွေကို ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ပေး ရမယ်၊ ပထမတန်းတစ်ခုပဲနော်၊ ဒုတိယတန်းနဲ့ တတိယတန်း မပါဘူးလို့ ဗိုလ်မှူးက အတိအကျ အမိန့်ပေးထားတယ်"
ဒေါက်တာ အာချီဘောစတီးဝပ် လက်အောက်၌ အလုပ်လုပ်ရသည်မှာ စင်တိန်အဖို့ အဆင်ပြေသည်။ စင်တိန် သည် လူငယ်များကို စုစည်းပြီး ဖြေဖျော်ရေးအဖွဲ့ ဖွဲ့သည်။ စည်ရုံးစုစည်းမှုနှင့် သိမ်းဆည်းမှု တို့တွင် စင်တိန် ကျွမ်းကျင် သည်။ ပရိုတီးယားကက်စယ် သင်္ဘောတွင် စာကြည့်တိုက်ရှိပြီး စာအုပ် ထောင်ပေါင်း များစွာ ပါလာသည်။ စင်တိန် သည် အိပ်ရာပေါ်မှ မထနိုင်သူများအတွက် စာအုပ်များ ဖြန့်ဝေ ပေးမှုနှင့် ပြန်သိမ်းယူမှုများကို သူ့အဖွဲ့သား လုပ်အား ပေးများနှင့် စနစ်တကျ စီစဉ်လုပ်ကိုင်သည်။
အောက်ဘက်ကုန်းပတ်များရှိ မျက်စိပျက်သူ၊ စာမတတ်သူ တပ်သားများအတွက် လုပ်အားပေးများက အလှည့်ကျ စာဖတ်ပြရန် စင်တိန်က ဦးစီးကွပ်ကဲ စီစဉ်ပေးသည်။ အခြားပျော်ရွှင်စရာများ၊ ကစားပွဲများ၊ ဖဲဝိုင်းများကိုလည်း စီစဉ် ပေးသည်။
မော့ဟုမ်းရွာတွင် သူနာပြုကားများ တန်းစီစောင့်ခဲ့ရစဉ်က စင်တိန်တွေ့ခဲ့ဖူးသော မြင်းတပ်မှ ဗိုလ်ကြီးတစ်ဦးအား ယခု သူမ၏ လူနာအဖြစ် မြင်တွေ့ရသည်။ စင်တိန်က စာအုပ်များကို ပိုက်ပြီ ထိုဗိုလ်ကြီးအခန်းသို့ ၀င်သွားသည်နှင့် ဗိုလ်ကြီးက ချက်ချင်းမှတ်မိပြီး ၀မ်းသာအားရခေါ်သည်။
"နတ်မိမယ်လေး၊ နတ်မိမ်ယလေးပါလား"
ထိုနာမည်က လူတိုင်းပါးစပ်ဖျားသို့ ရောက်သွားသည်။ ဆေးဘက်အရာရှိ ဗိုလ်မှူးရိုက်ကပင် "သူနာပြု နတ်မိမယ်လေး" ဟု ခေါ်လာသည်။
စင်တိန်အဖို့ တစ်နေကုန် အလုပ်များနေတတ်သည်။ သို့သော် ညဘက်အိပ်ရာဝင်သောအခါတွင်မူ အိပ်မပျော်ခင် အမှောင်ထုထဲ၌ ပက်လက်လှန်ပြီး မိုက်ကယ့်ကိုသာ တွေးမိသည်။ သူမ စိတ်မျက်စိက မိုက်ကယ် ကိုသာ မြင်ယောင် နေသည်။ ဗိုက်ပေါ်တွင် လက်နှစ်ဖက်ယှက်တင်ပြီး တိုးတိုးရေရွတ်သည်။
"ကျွန်မ တို့ သားလေး၊ မိုက်ကယ် ... ကျွန်မတို့သားလေး"
ရိုဒီးရှာနိုင်ငံဝန်ကြီးချုပ် ဆာရပ်ဖ်ဆယ်လင်တိုင်၏ သားဖြစ်ပြီး မြောက်တစ်သိန်း အမွေဆက်ခံရမည့် ဗိုလ်ကြီးဆင်လင်တိုက် က စင်တိန်အား လက်ထပ်ခွင့် တောင်းလာသောအခါ စင်တိန်က ယဉ်ကျေးစွာ ငြင်းပယ် ခဲ့သည်။ ထို့နောက်တွင် အခြားအရာရှိများကလည်း သူ့ထက်ငါကမ်းလှမ်းလာရာ စင်တိန်က အားလုံး ကိုပင် ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက် သည်။
စင်တိန် သည် နေ့စဉ် အလုပ်များနေသည့်ကြားကပင် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ထဲမှနေ၍ ပထမဆုံးမြင်ရမည့် အာဖရိကကုန်းမြေကို မကြာခဏ ကြည့်မိသည်။ ထိုကုန်းမြေသည် မိမိ၏ ပန်းတိုင် ဖြစ်သည်။ ထိုကုန်းမြေသည် မိမိ ကလေးကို မွေးဖွားမည့် ကုန်းမြေ ဖြစ်သည်။ ထို့ကြောင့် ထိုကုန်းမြေကို မြင်ချင်စိတ် များ ပိုထက်သန်လာသည်။
မွန်းတည့်ချိန်တိုင်းတွင် စင်တိန်သည် သင်္ဘောမောင်းသော အခန်းသို့ သွားရောက်လေ့ရှိသည်။ ယနေ့ လည်း ထုံးစံ အတိုင်း အခန်းဝသို့ ရောက်သွားသည်။
"အခန်းထဲ ၀င်ခွင့်ရှိပါသလားရှင်"
"၀င်ခွင့်ပြုပါတယ်၊ ခင်ဗျား ရောက်လာတာ အချိန်မီရုံကလေးပဲ နတ်မိမယ်လေးရေ လာ ... လာ" သူမအား စောင့်မျှော် နေသော တာဝန်ကျအရာရှိက ပြောလိုက်သည်။
စင်တိန်က အခန်းထဲ ၀င်သွားပြီး ရေကြောင်းလမ်းပြ အရာရှိအား မေးလိုက်သည်။
"ကျွန်မတို့ အခုဘယ်ရောက်နေပြီလဲဟင်"
"တောင်ဘက် ၁၇ဒီဂရီ ၂၃စက္ကန့်မှာပေါ့၊ ကျုနီနီမြစ်ဝရဲ့ အနောက်မြောက်ဘက် ရေမိုင် ၁၆၀ခန့်အကွာမှာ ရောက်နေ တယ်၊ ရာသီဥတုအခြေအနေ ကောင်းပြီး ကံကောင်းထောက်မယင် နောက်လေးရက်ဆိုယင် ကိပ်ဟောင်းမြို့ကို ရောက်မယ်"
"ဒါဖြင့် ကျွန်မတို့ တောင်အာဖရိကရဲ့ ကမ်းလွန်ပင်လယ်ပြင်ကို ရောက်နေပြီပေါ့ ဟုတ်လား" စင်တိန်က မြေပုံကို စိတ်ဝင်တစား စိုက်ကြည့်ပြီး မေးလိုက်သည်။
"မဟုတ်ဘူး၊ အခုရော်ကနေတာက ဂျာမန်တို့ရဲ့ အနောက်အာဖရိကကမ်းလွန် တစ်နေရာမှာ၊ လွန်ခဲ့တဲ့ နှစ်နှစ်က တောင်အာဖရိကနိုင်ငံက ဒီနေရာကို မသိမ်းခင်အထိ ဒီအနောက်အာဖရိကဟာ ကိုင်ဇာရဲ့ ကိုလိုနီ နယ်မြေပေါ့"
"အဲဒီနေရာက ဘယ်လိုနေရာလဲ၊ တောထူထပ်သလား၊ ဒါမှမဟုတ် ဆဗားနားမြက်ခင်းတွေလား"
"ဒါမျိုး မဟုတ်ဘူး နတ်မိမယ်လေး၊ တစ်ကမ္ဘာလုံးမှာ ဘုရားသခင် ရဲ့ အပစ်ပယ်ကို အခံရဆုံးဖြစ်တဲ့ သဲကန္တရကြမ်း ကြီးပေါ့"
ဆက်ရန်
.
1 comment:
သဘောင်္ခရီးက စိတ်ဝင်စားဖို့ကောင်းတယ်.
စင်တိန်အတွက် အပြောင်းအလဲဖြစ်တာပေါ့နော်
Post a Comment