Wednesday, September 14, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၅)

အသန့်နှင့်ပြန်တွေ့ခြင်း

ဒေါ်ကျော့ရင် အနိစ္စရောက်သောလမှာ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလထဲ၌ ဖြစ်ပေရာ ထိုလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလိပ်နန်းရင်းဝန် အက်တလီတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စာချုပ် တစ်ရပ်ကို ဘိလပ်မှာ လက်မှတ်ရေးထိုးကြကြောင်း သတင်းများ ပါ၍လာပေသည်။ ထိုသတင်းများ ကိုဖတ်ရ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မည်ဟု အရိပ်အငွေ့မျှ သိသာလာသောအခါတွင် ဦးဒေါန သည် ကျွန်ုပ် နှင့် မောင်ညိမ်းအောင်တို့အား အတွင်းရေးကို ခေါ်၍ တိုင်ပင်လေတော့သည်။

ကုန်သည်လုပ်ငန်းနှင့် နိုင်ငံရေးသည် ဘာမျှမဆိုင်ဟု ဆိုစမှတ်ရှိသော်လည်း ကျွန်ုပ်တို့ကဲ့သို့ သိန်းနှင့်ချီ၍ အလုပ် လုပ်ကြသော ကုန်သည်ကြီးများအဖို့တွင် နိုင်ငံရေးအပြောင်းအလဲတို့သည် များစွာ အရေးကြီး၏။ စကားတိုတို ဆိုရမည်ဆိုလျှင် ကုန်သွယ်ရေးအတွက်ပင် စစ်တွေတိုက်ကြရသည် မဟုတ်ပါလော။

ဦးဒေါနကား ကုန်သည်လုပ်ငန်းတွင် များစွာ လာဘ်မြင်သူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့အား အတွင်းကြိတ် ခေါ်၍ တိုင်ပင်ရာတွင် ဦးဒေါနက " တို့နိုင်ငံ လွတ်လပ်ရေးရလို့ရှိရင် သွင်းကုန်ထုတ်ကုန်တွေကို နိုင်ငံခြား သား တွေထက် တို့ဗမာတွေက ပိုပြီးတော့ လုပ်ဖို့ကိုင်ဖို့ အခွင့်အရေးတွေ ပိုလာလိမ့်မယ်ထင်တယ်။ အဲဒီ တော့ကာ တို့မှာ လက်ရှိသစ်လုပ်ငန်းနှင့် သတ္တုလုပ်ငန်းက ပိုပြီးနေတဲ့ငွေတွေကို ဘဏ်တိုးချထားတာထက် ရန်ကုန် မှာ အခြေတစ်ခုခု သွားစိုက်ပြီးတော့ အလုပ်လုပ်ရင် ကောင်းလိမ့်မယ်ထင်တယ်။

ပြီးတော့ တစ်ခါ ယခု စစ်ပြီးခေတ် အစိုးရတွေဟာ ဘယ်နိုင်ငံမှာမဆို ဆိုရှယ်လစ်ဆန်တဲ့ အစိုးရတွေ များ နေလေတော့ တို့ နိုင်ငံမှာမဆို ဆိုရှယ်လစ်ဆန်တဲ့ အစိုးရတွေ များနေလေတော့ တို့နိုင်ငံမှာလဲ အနှေးနဲ့ အမြန် ဆိုသလို ဆိုရှယ်လစ်ဆန်တဲ့ စနစ်တွေကို သုံးလာလိမ့်မယ်ထင်တယ်။ ဆိုရှယ်လစ်စနစ်ဆန်ဆန် ဖြစ်လာရင် နိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန်တွေကို အစိုးရက ကြီးကြပ်လာလိမ့်မယ်။ ဒီတော့ကာ နိုင်ငံက အထွက်ဆုံးဖြစ်တဲ့ ဆန်စပါးကို အစိုးရကကိုင်ပြီး လာလိမ့်မယ်။ အစိုးရကကိုင်ရင် တို့က ကိုယ်စားလှယ် လုပ်ရရင် ကောင်းမယ်။ ပြီးတော့လဲ အခုတို့လုပ်နေတဲ့ သတ္တုတွင်းလုပ်ငန်းနဲ့ သစ်လုပ်ငန်းကို ဒီကနေ ပြီးတော့ ရန်ကုန်ကုမ္ပဏီကြီး တွေရဲ့ လက်ဝေစာ ခံနေမဲ့အစား နိုင်ငံခြားနဲ့ တိုက်ရိုက်ဆက်သွယ်အောင် အခု ကတည်းက ရန်ကုန်မှာ တို့ တစ်နေရာအခြေစိုက်ထားရင် ကောင်းမယ်။

နိုင်ငံလွတ်လပ်ရေးရတယ်ဆိုရင် တို့လုပ်ငန်းကို တိုးချဲ့နိုင်တဲ့ အကွက်တွေ ပေါ်လာလိမ့်မယ်။ ဘယ်နှယ့် သဘောရ ကြသတုန်း" ဟု မေး၏။ ကျွန်ုပ်တို့အတွက် ထုတ်နိုင် သောငွေရင်းကိုလည်း စိစစ်ကြည့်ကြ၏။ နောက်ဆုံး ၌ ရန်ကုန်တွင် ကျွန်ုပ်သွားနေ၍ ကုမ္ပဏီလီမိတက်တစ် ခုဖွင့်ကာ အခြေပျိုး၍ထားရန်၊ ဆန်စပါး ကို နိုင်ငံအစိုးရက ကြီးကြပ်လုပ်ကိုင်သော အခါမျိုးပေါ်ပေါက်လာပါ က ကိုယ်စားလှယ်အဖြစ်ကိုရဖို့ ကြိုးစားရန် စသည်တို့ကို အသေးစိတ်စီစဉ်ကာ ကျွန်ုပ်အား ရန်ကုန်သို့ စေလွှတ်လိုက်ပေတော့သည်။

ကျွန်ုပ်၏အဖို့၌ ဤသို့ ဦးလေးဦးဒေါန ကိုယ်တိုင်က ယုံယုံမှတ်မှတ် စေလွှတ်ခြင်းကို ခံရသည်တွင် များစွာ ၀မ်းသာ မိ၏။ သို့ရာတွင် အမှီနှင့်ဝေးကွာသော နေရာသို့ သွားရောက်နေထိုင်ရမည် ဖြစ်သောကြောင့် ၀မ်းသာ သလောက် စိတ်ကမပါ ပေ။ ကျွန်ုပ်ရပ်ဝေးသို့ ရောက်နေခိုက်တွင် အမှီအား အိမ်ထောင်ရက်သား ချထား လိုက်ပါက ကျွန်ုပ်အဖို့တွင် မြှော်လင့်ချက်ကြီးပျက်စီးရဦးမည်ကို စိုးမိ၏။ သို့ရာတွင် ကိုမြဖေ ဆုံးပြီးကတည်းက အမှီခမျာမှာ မိမိအား ကံကြမ္မာ ကရော်လိုက်ပုံကို ရှက်နေဟန်ဖြင့် ရိုးရိုးကုတ်ကုတ် ခပ်မြုပ်မြုပ် ကလေး နေတော့လျက် အသက် အရွယ်မှာလည်း သုံးဆယ်သို့ နီးလေပြီဖြစ်ရာ ဃရာဝါသ အိမ်ထောင် ကိစ္စကို စိတ်မကူးတော့သလိုပင် ရှိနေ သောကြောင့် ကျွန်ုပ်တွင် အနည်းငယ် စိတ်ချရမလိုလို ရှိမိ၏။

ထို့ပြင် ဒေါ်ကျော့ရင် အနိစ္စရောက်သည်မှာ တစ်လမျှပင် မကြာသေးသောကြောင့် ဗြုန်းဗြင်းနောင်ဗြင်း ချက်ခြင်းကြီး မင်္ဂလာကိစ္စကို ဆောင်ရွက်ဖို့ မလွယ်သေးသည်ကိုလည်း သတိထားမိ၏။ တစ်ဖန် ဒေါ်ကျော့ရင် မရှိသည့်နောက် တစ်အိမ်ထောင်လုံးကို အမှီတစ်ယောက်တည်း သိမ်းကျုံး၍ ဦးစီးနေရပေရာ ဦးဒေါန မှာ သမီးအား နေရာချထားလိုက်ပါက အိမ် ထောင်ကြီးတစ်ခုလုံး ဖရိုဖရဲ ကျန်ရစ်မည် စိုးဟန်လည်း ရ၏။ သို့ဖြစ်သဖြင့် ကျွန်ုပ်သည် ရန်ကုန်၌ အခြေစိုက် ၍ လုပ်ငန်းချဲ့ထွင်ရန် ရောက်လာခဲ့ပြန်ပေသည်။

ရန်ကုန်၌ အလုပ်တိုက်ဖွင့်ရန် တိုက်ငှားခြင်း၊ သွင်းကုန်ထုတ်ကုန်များ၏ ကိစ္စကို စူးစမ်းခြင်း စသည်တို့ဖြင့် အလုပ်များ၍ နေရာမှ ကျွန်ုပ်သည် ဆန်စပါးကိစ္စဘက်သို့ ဆက်၍ လိုက်မိသောအခါတွင် ငယ်ချစ်ခင် အသန့်ကို အပြေးအလွှား သတိရမိလေတော့သည်။

အသန့်နှင့် ကျွန်ုပ်တို့ ကွဲကွာခဲ့ရသည်မှာ ဆယ့်သုံးနှစ်ဆယ့်လေးနှစ်မျှ ရှိပေပြီ။ အသန့် မင်္ဂလာမဆောင်မီ ညဦး၌ ကျွန်ုပ်ထံသို့ ရောက်လာ၍ သူ့မေတ္တာကို တစ်စွန်းတစ်စဖွင့်ဟသွားသည့်နောက်၌ အသန့်နှင့် ကျွန်ုပ်တို့မှာ လုံးဝ အဆက်အဆံကင်းပြတ်သွားခဲ့၏။ အသန့်၏ မိဘများဖြစ်ကြသော ကျွန်ုပ်၏ ကျေးဇူးရှင် များထံမှ တစ်ဆင့်သာလျှင် အသန့်ကို ရန်ကုန်၌ မာကြောင်းသာကြောင်းကို ကျွန်ုပ်သိရပေသည်။ ကျွန်ုပ်၏ ကျေးဇူးရှင် အထည်သည် လင်မယားတို့မှာ စစ်ကြီးဖြစ်စကပင် ပြေးရင်းလွှားရင်း ပျက်စီးကြရပေသည်။ ယခင်က စကားစပ်မရှိ၍ မဆိုခဲ့ရ၊ ယခု ဖော်ပြရ၏။ အသန့်ကား ကျွန်ုပ်အား အကြီးအကျယ် စိတ်နာသွား သယောင်ရှိ၏။ သူ့မိဘများမရှိသည့်နောက် ကျွန်ုပ်မှာ အသန့်၏ သတင်းကို လုံးဝမရတော့ဘဲ အဆက်ပြတ် ၍သွား၏။

အသန့်ကို ကျွန်ုပ် အမြဲမဟုတ်သော်လည်း တစ်ခါတစ်ခါ၌ အသန့် မည်ကဲ့သို့ နေပေလိမ့်မည်နည်းဟု တွေး တောကြည့်မိ၏။ သို့သော် မီးဝေးချိပ်မာ ဓမ္မတာအတိုင်း ရပ်ဝေးကမေ့တတ်သည်၊ မတတ်သေးက စေ့စပ် သည်" ဟု ဆိုရိုးရှိပေရာ ကျွန်ုပ်မှာ အသန့်အား တစ်ခါတစ်ခါမျှသာ တွေးမိသည့်အပြင် ကျွန်ုပ်၏ ဘ၀လမ်း စဉ်ကို ခုတ်ထွင်ရှင်းလင်းနေရသေည်လည်း ဖြစ်သောကြောင့် အမေ့မေ့ အလျော့လျော့ပင် ရှိမိပေသည်။ ယခုကဲ့သို့ ရန်ကုန်မြို့တွင် ကျွန်ုပ် ရောက်၍နေကာ ဆန်စပါးကိစ္စကို လိုက်စပြုသောအခါ၌ကား ဆန်စက် သုံးလုံးပိုင်သော အသန့်၏ ယောက္ခမကြီးများအကြောင်းကို သွား၍စဉ်းစားမိကာ အသန့်ကို တွေ့ချင်သော စိတ်များ တဖွားဖွား ပေါ်ပေါက်လာရပြန်ပေသည်။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာပါပေ။

သို့သော် ကျွန်ုပ်မှာ ဖွင့်စအလုပ်တိုက်ကို တစ်ဦးတည်း ဦးစီးနေခိုက် ဖြစ်လေရာ နိုင်ငံခြားကုမ္ပဏီကြီးများနှင့် ဆက်သွယ်ခြင်း၊ ဆန်စပါး ပွဲစားများနှင့် ဆက်သွယ်စေ့စပ်ခြင်း၊ အလုပ်တိုက်အတွက် အသုံးပစ္စည်း ၀ယ် ခြမ်းခြင်း၊ စာရေးစာချီများ ရွေးချယ်ငှားရမ်းခြင်း စသည်တို့ဖြင့် လုံးချာလိုက်နေရသည့်အပြင် ဦးလေး ဦးဒေါန ထံသို့လည်း ခုနစ်ရက် တစ်ပတ်တိုင်း အစီရင်ခံစာများပို့၍ နေရပြန်သောကြောင့် အလုပ်နှင့် ဂျင်ဂျင်လည် လျက် အသန့်တို့၏ သတင်းကိုသာ နာရပြီး အသန့်တိုံထံသို့ကား ကိုယ်တိုင်ကိုယ်ကျ မသွားနိုင် အားပဲ ရှိခဲ့ ပေသည်။

အသန့်၏ ယောက္ခမများသည် စစ်အတွင်းက ဗုံးဒဏ်မိသဖြင့် ပျက်စီးကြရသည်ဟု သိရ၏။ အသန့်နှင့် အသန့်၏ ခင်ပွန်း ဦးစိန်မောင်တို့သည် ခနောင်တိုရှိ မိမိတို့ပိုင် စက်ဝင်းကြီးအတွင်းက တိုက်အိမ်တွင် နေထိုင် လျက် ရှိကြသည်ကိုလည်း သိရ၏။ အသန့်တွင် သားသမီး မထွန်းကားသေးကြောင်းကိုလည်း သိရ ၏။ အသန့်တို့ထံသို့ သွားမည်ဟု အားခဲတိုင်း အလုပ်အမျိုးမျိုး ပေါ်လာသောကြောင့် သွားပဲမသွားဖြစ်နိုင်ခဲ့ အောင်ရှိရ၏။

သို့နေခိုက်တွင် တစ်နေ့၌ ညနေပိုင်း အလုပ်အနည်းငယ်ပါးသဖြင့် အလုပ်တိုက်ပိတ်ချိန်တွင် အသန့်ရှိရာသို့ မသွားဖြစ်လျှင် သွားဖြစ်အောင် သွားတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။ ထို့ကြောင့် အလုပ်တိုက်ကို တိုက် စောင့်ဒရ၀မ်က သော့ခတ်၍ ပိတ်အပြီးတွင် ကျွန်ုပ်လည်း အလုပ်တိုက်အပေါ်ထပ်ရှိ ကျွန်ုပ်နေထိုင်ရာ အခန်း သို့ တက်ကာ အ၀တ်အစား လဲလှယ်ပြီးလျှင် လှေကားမှ ဆင်းလာခဲ့၏။
လှေကားမှဆင်း၍ တိုက်ပြင်ဘက်သို့ ရောက်သည့်အခါ၌ ကျွန်ုပ်၏အလုပ်တိုက်ရှေ့တွင် လံခြားတစ်စင်း ထိုး ၍ဆိုက်ကာ လံခြားပေါ်မှ ပိန်ပိန်ပါးပါး အသားဖြူဖြူ မိန်းမတစ်ယောက် ဇင်းမယ်လုံချည်ကိုဝတ်လျက် ဆင်း လာသည်ကို မြင်ရလေရာ ကျွန်ုပ်လည်း အမှတ်မထင် ကြည့်ပြီးနောက် အသန့်တို့ရှိရာ ခနောင်တို ဘက်သို့ နေမ၀င်ခင် ရောက်လိုသောဇောဖြင့် ခြေလှမ်းပြင်လိုက်ရ၏။ သို့ပြင်၍ ခြေလှမ်း လှမ်းစပြုသည့် အခိုက်အတန့် တွင် "တစ်ဆိတ်ရှင်" ဟု နောက်က ပြောလိုက်သောအသံကို ကြားရသောကြောင့် လှည့်၍ ကြည့်လိုက်ရာ မျက်မှန်နှင့် ပိန်ပိန်ပါးပါးမိန်းမသည် ကျွန်ုပ်ဆီသို့ လျှောက်လာသည်ကို တွေ့ရသဖြင့် ကိုယ် ရှိန်သတ် ၍ ရပ်နေလိုက်ရသည်၌ ထိုမိန်းမက " ရှင် ... ဒီတိုက်မှာ နေပါသလားရှင် ... " ဟု ကျွန်ုပ်အား မေး လိုက်၏။

ကျွန်ုပ်လည်း " ဟုတ်ကဲ့ ... ဘာကိစ္စရှိလို့ပါလဲခင်ဗျာ ... " ဟု ဆိုလိုက်ကာရှိသေး ထိုမိန်းမမှာ တစ်ကိုယ်လုံး သိသိ သာသာ တုန်တုန်ရီရီ ဖြစ်လာပြီးလျှင် "အကိုကံကောင်း အသန့်လေ ... အသန့်ကို မမှတ်မိ တော့ဘူးလား "ဟု ငိုသံပါကြီးနှင့် ပြောလိုက်သဖြင့် ကျွန်ုပ်တွင် "ဟိုက် ... "ခနဲ ပါးစပ်ကယောင်၍ ဆိုမိလျက် မှင်သက်မိသူပမာ အံ့သြခြင်းပြင်းစွာ ဖြစ်၍နေရ၏။

ထို့ကြောင့် ငေးငေးကြီး ကြောင်၍ ကြည့်နေမိ၏။ ထိုအခါတွင် မျက်မှန်နှင့်ထိုမိန်းမက "အစ်ကို ကံကောင်း ကတော့ အသန့်ကို ဘယ်မှာ မှတ်မိတော့မလဲလေ၊ အသန့်ကပြောင်းသွားပြီကိုး၊ အစ်ကိုကံကောင်းလဲ ရုပ်အတော် ပြောင်းသွားတယ်၊ နို့ပေမဲ့ ရွှေသွားကလေးရယ်၊ အသံရယ်ကတော့ မှတ် မိပါသေးရဲ့" ဟု ထပ်၍ဆိုလိုက်မှ ကျွန်ုပ်မှာ သတိပြန်၍လည်လာကာ "ဟာ ... အသန့် အသန့် ... အခုပဲ အကိုကံကောင်း အသန့် တို့ ခနောင်တိုဘက်ကို ကူးလာမလို့ ဆင်းလာတာ၊ ကြည့်စမ်း ... ကြည့်စမ်း ... အသန့် ပိန်သွားလိုက်တာကွယ်၊ မျက်မှန်ကလဲတပ်ထားတော့ မမှတ်မိဘူး ...၊ ဘုရားစူးစေရဲ့၊ အစ်ကိုကံကောင်း မမှတ်မိဘူး" ဟု ဗလုံးဗထွေးပြောမိရင်း အသန့်အား ပြေး၍ဖက်ကာ ငိုလိုက်ချင်သလိုလို ဘာလိုလိုကြီးပင် ဖြစ်မိေ ပတော့သည်။ အသန့်ခမျာ ကိုယ်တိုင်မှာလည်း မျက်ရည်များဝိုင်းလျက် ချင်းခြင်းပင် ငို၍ချလိုက် တော့မည် ပမာ ဖြစ်နေရှာပေသည်။ ပြီးမှ ကျွန်ုပ်က သတိကိုထိန်း၍ " ကိုင်း ... လာ ... လာ အစ် ကိုကံကောင်း ရဲ့ အခန်းကို သွားကြစို့ စကားအေးအေးဆေးဆေး ပြောကြရအောင် "ဟု ဆိုကာ လှေကားမှ ရှေ့ဆောင်၍ တက်ခဲ့ရပေတော့သည်။

ကျွန်ုပ်၏အခန်းတွင် နှစ်ယောက်သား ထိုင်မိကြသည်၌ "ကိုင်း ပြောစမ်းပါဦး အသန့်ရယ် ... ဘယ်လိုက ဘယ်လို" ဟု စကားစ ပေးလိုက်သည်၌ အသန့်လည်း မျက်မှန်ကိုချွတ်၍ မျက်လုံးကို ပွတ်ရာက "မနေ့က  စပါးပွဲစား တွေ စက်ကိုလာကြတော့မှ အစ်ကိုကံကောင်းက အသန့်နဲ့ကိုစိန်မောင်ကို မေးတယ်ဆိုတာကို ပြောပြကြလို့ အစ်ကိုကံကောင်း ရန်ကုန်မှာရောက်နေတယ်ဆိုတာကို သိကြရတယ်။ ရန်ကုန်ကိုရောက်နေ တာ ဒါလောက်ကြာမှဖြင့် လူကိုယ်တိုင်မလာနိုင်တောင် စာကလေးတစ်စောင်တော့ ပေးဖို့သင့်ပါတယ် အစ်ကိုကံကောင်း ရယ် ... " ဟု အသံကလေးမျှင်မျှင်နှင့် အပြစ်တင်သလို စကားဦး ချီလိုက်ပြီးနောက် လွန် ခဲ့သော ဆယ့်သုံးလေးနှစ် အတွင်းတွင် ရန်ကုန်တစ်လှည့် ခနောင်တိုတစ်လှည့် နေထိုင်ခဲ့ရပုံများကို ပြောပြ ရှာပါသည်။ သူ့စကားကို နိဂုံးချုပ်သောအားဖြင့် အသန့်က အစ်ကိုကံကောင်းကို အသန့် အမြဲ သတင်းမေး လျုက် ပါပဲ အစ်ကိုကံကောင်းရယ်၊ စစ်အတွင်း ဗယောက်ဗယက်တွေကြားထဲမှာ မေမေတို့ ဆုံးတုန်းက အသန့် လိုက်သွားတော့လည်း အစ်ကိုကံကောင်းအကြောင်းကို စုံစမ်းပါသေးတယ်။

နို့ပေမဲ့ မော်လမြိုင်မှာ လိုလို ကျိုက်က္ခမီမှာ လိုလိုနဲ့သာ ကြားရပြီး ဘယ်မှာမှန်း အတိအကျ မသိရလို့ အဝေး ကပဲ သတင်းမေးနေ ခဲ့တယ်။ အစ်ကိုကံကောင်းကတော့ ဒီရန်ကုန်ကို တက်လာတာ သုံးလေးလ ရှိပြီဆို အသန့်တို့ဆီ စာတောင် မှမထည့်တာများ အံပါရဲ့ရှင် " ဟု အပြစ်တင်သံနှင့်ပင် အဆုံးသတ်၏။

ဤတွင် ကျွန်ုပ်ကလည်း ကျွန်ုပ်နှင့် ဦးဒေါနတို့ ပြန်၍ ချဉ်းမိကြပုံများကို ပြောပြရာက နောက်ဆုံးတွင် " အသန့် က အစ်ကိုကံကောင်း စာမထည့်တာကိုတော့ ပြောလိုက်တာ။ အစ်ကို ကံကောင်းက အသန့်တို့ ခနောင်တိုမှာ ရှိတယ်ဆိုတာကို အရင် ဆယ့်သုံးလေးရက်ကမှ သိရတယ်၊ သိရလို့ စာထည့်မယ်ကြံပေမဲ့ကာ လူကိုယ်တိုင် သွားမယ်သွားမယ်နဲ့ ချိန်ရင်း အလုပ်တွေက ဖိနေလို့ ဒီကနေ့မှ အားချိန်ကလေးရပြီး ခနောင် တိုကို လာမယ်လို့ အထွက်မှာ အသန့်နဲ့တွေ့ရတာ ... ကိုင်း ... ထားပါတော့၊ စစ်အတွင်းကတော့ ခေတ် ဗယောက်ဗယက်မို့ ထားလိုက်ပါတော့၊ စစ်မဖြစ်ခင် ဆယ်နှစ်လောက်အတွင်းမှာ အသန့်ဆီက အစ်ကို ကံ ကောင်း ဆီကို စာကလေးတစ်ကြောင်း ရေးဖူးရဲ့လား ... ဟင် ပြောစမ်းပါဦး ... အဲဒီအဖြစ်ကို ... " ဟု ပြန် မေးလိုက်ရာ အသန့်သည် ကျွန်ုပ်အား မျက်စောင်းတစ်ချက်ခဲလိုက်ပြီးမှ " တော်ပါအစ်ကိုကံကောင်းရယ် ... ဒါတွေကို အသန့် စမြုံမပြန်ပါရစေနဲ့တော့ ... နို့ ... နေပါဦး သူဌေးကတော်များကော ... ဘယ်မှာလဲ "ဟု စကားလွှဲလိုက်သည်၌ ကျွန်ုပ်လည်း တစ်ချက်ရယ်မိတာ "အစ်ကို ကံကောင်း ခုထက်ထိ အိမ်ထောင် မရှိသေးပါဘူး ... နို့ ... ကိုင်း စက်ပိုင်ကတော်ကြီးကော တစ်ယောက်တည်းလား စက်ပိုင်ရှင်ကြီး ကော မပါလာ ဘူးလား "ဟု ရယ်စရာ လုပ်လိုက်ရ၏။

သို့သော် အသန့်မှာ ကျွန်ုပ် ရယ်စရာ လုပ်လိုက်ကာ မှပင် တစ်ချက်မျှ တွေ၍ မျက်နှာကလေးနှင့် ဖြစ်သွားရာက " ပါတယ်လေ ဒီနေ့ ရန်ကုန်ကိုကူးခဲ့ကြတော့ အတူတူပါပဲ၊ ချာချီလမ်းက အသိတွေအိမ်မှာ ခဏ နေပြီးတော့ ညနေ နေကလေးစောင်းတယ် ဆိုရင်ပဲ အပြင်ခဏနေပြီးတော့ ညနေ နေကလေး စောင်းတယ် ဆိုရင်ပဲ အပြင်ခဏသွားဦးမယ်ဆိုပြီး ထွက်သွား လိုက်တာ ခုနေ ဆိုရင် တာဝှာဟော်တယ်ကို ရောက်နေရောပေါ့၊ ဒီကအပြန်မှပဲ ဟော်တယ်ကို ၀င်ပြီး မေးရတော့မယ်" ဟု စိတ်မချမ်းမြေ့သော အသံဖြင့် ပြောရှာ၏။

ထိုစကားကိုထောက်လျှင် အသန့်၏ခင်ပွန်း ဦးစိန်မောင်မှာ ယစ်ထုတ်ကြီး ဖြစ်နေသည်ကို ကျွန်ုပ် ရိပ်မိရ ပေသည်။ လင်ယောက်ျားက ယစ်ထုတ်ကြီးဖြစ်နေသောကြောင့် ဇနီးဖြစ်သူ အသန့်ခမျာမှာလည်း လင်ဆိုး မယား တဖားဖားဟူသည်နျင့် အညီ အတော်ပင် ကသီလင်တနိုင်၍ နေရရှာသည့်အဖြစ်ကို သတိထား မိ၏။ စိတ်မချမ်းသာ မှုတို့ကြောင့် ယခင်က ၀၀ကစ်ကစ် ချစ်စရာ တစ်ပွေ့တစ်ခဲကြီး ဖြစ်ခဲ့သူ အသန့်မှာ ယခုအခါ တွင် ငါးဖောင်ရိုးခြောက်ပမာ ပိန်ပိန်ပါးပါး အသက်နေ ပါးလျား၍ နေပေပြီ။

သူ့ဖြစ်အင်ကိုကြည့်ရင်း မချမ်းသာသောစိတ်နျင့် ကျွန်ုပ်က "အသန့် ဘယ်တုန်းကများ မျက်စေ့တွေဘာတွေ မှုန်တာလဲ၊ အခု မျက်မှန်များတောင် တပ်ရပြီနော် " ဟု ကြင်နာစွာ မေးလိုက်ရာ အသန့်လည်း မျက်မှန်ကို ချွတ်၍ မျက်လုံးထောင့်များကို ပွတ်ရာက " ဟိုတမြန်နှစ်က ... အသန့် အတော်ကြီးကို မမာ လိုက် သေးတယ်၊ စစ်ကလဲပြီးစ ဆေးဝါးကလဲ ရှားနဲ့ သုံးလေးလ လောက်တောင် ချိသွားသေးတယ် အစ်ကို ကံကောင်း၊ မသေလို့သာ တွေ့ကြရတယ်၊ ဆံပင်တွေကျွတ် ... ဦးရေခွံတွေလည်း အပူတွေ မှုတ် လိုက် တာဟာ နောက်ဆုံးကျတော့ လူက ထူထူ ထောင်ထောင် ဖြစ်လာပေမည့် မျက်စေ့မှုန်တာကြီး အဖတ် တင်ပြီး ကျန်ရစ်ခဲ့ရတယ် " ဟု ဆိုပါသည်။

ကျွန်ုပ်လည်း ကျွန်ုပ်၏ အချစ်ဦး အချစ်ဖူး အဖြစ်ဖြင့် မြတ်နိုးမိခဲ့ဖူးသူ အသန့်၏ ဖြစ်အင်ကို နာကျင်သော စိတ်နှလုံးဖြင့် ကြည့်ကာ ငေး၍ နေမိပေသည်။ နောက်မှ စကားစပ်မိကြရင်း အသန့်က " အသန့် မေးစမ်းပါ ရစေဦး အစ်ကိုကံကောင်းရဲ့ ...၊ အခု အစ်ကိုကံကောင်းရဲ့ ဆွေတွေ မျိုးတွေနဲ့ ပြန်ပြီး နီးနီးစပ်စပ် ရှိကြပြီဆို တော့ ဘယ့်နှယ်လဲ ... တော်တော်ပဲ ခင်ခင် မင်မင် ရှိကြရဲလား ... " ဟု မေးလိုက်ရာ ကျွန်ုပ်က " တော် ကြပါတယ် ... မတော်ရင်လဲ မဖြစ်တော့ဘဲကိုး အသန့်ရဲ့ ... ၊ အစ်ကို ကံကောင်းရဲ့ ကျေးဇူးတွေကလဲ သူတို့ အပေါ်မှာ တစ်ပုံတစ်ပင်ကြီးရှိ ...၊

ပြီးတော့လဲ အရွယ်ကလဲ ငယ်သွေး ငယ်မာန်တွေ ထားသင့်တဲ့ အရွယ်တွေကလည်း ဟုတ်မှ မဟုတ် တော့ဘဲ၊ အစ်ကို ကံကောင်းနဲ့ ရွယ်တူ ဦးဒေါနရဲ့သား မောင်ညိမ်း အောင်ဆိုတာကဖြင့် အခု အိမ်ထောင် တွေ ဘာတွေနဲ့ ဖြစ်နေပြီလေ၊ ဖျာပုံက အရေးပိုင်သမီးနဲ့ လက်ထပ်လိုက်တာ ခြောက်လလောက် ရှိသွားပြီထင်ပါ့ "ဟု ဆိုလိုက်သည်၌ အသန့်လည်း တစ်စုံတစ်ခုကို သတိရဟန်ဖြင့် " နေဦး ... နေဦး၊ ဟာ ... ဟုတ်ပါဘိ ... အရင်နှစ် ဒီဇင်ဘာလထဲက လက်ထပ်ကြတာ မဟုတ်လား၊ ဟာ ... အခုမှ အသန့်သိရတယ်။ အိမ်ကိုတောင် ဖိတ်စာရောက်သေးတယ်...၊ အသန့်က အမှတ်တမဲ့မို့ ကိုစိန်မောင်တောင် ဒီဖိတ်စာထဲက သတို့သမီး၊ တို့နဲ့ ဆွေတစ်စ မျိုးတစ်စ တော်တယ်လို့ တောင်ပြောဖူးသေးတယ်။ အမယ်လေး ... လက်စသတ်တော့ အသန့် နဲ့ အစ်ကို ကံကောင်းနဲ့ ဆွေမျိုး ဆက် မိနေပြန်ပါပကော" ဟု ပြောပြောဆိုဆို ပြုံးရှာပါသည်။

ကျွန်ုပ်လည်း ရောနှော၍ ပြုံးရပြီးလျှင် " ကဲ ... ကြုံ တုန်းကြုံခါကို မဂိုလမ်းမှာ အသန့်ကို ဒံပေါက် ကျွေးလိုက် စမ်းပါရစေ၊ လာ ... အသန့် ဆာလှရော့မယ် သွား ကြစို့၊ ပြီးတော့ အသန့် နဲ့ တူတူ ကိုစိန်မောင် ကိုလဲ လိုက်ပြီး တွေ့ချင်သေးတယ်... "ဟု ဆိုရ၏။ အချိန်မှာ မှောင်စပြုလာပြီဖြစ်ပေသည်။

*

1 comment:

Anonymous said...

အမကြီး....
စာဖတ်ရတာ တစ်ခုခုလိုနေသလိုပဲဗျာ
စောစောက အမကြီးရဲ့ ရွှေစင်ဦးလည်း ဧရာဝတီ ကိုလွမ်းတတ်တယ် ကို
ဖတ်ပြီး ဒီဝတ္ထု ကိုထပ်ဖတ်လိုက်တော့ ၀မ်းနည်စရာတွေကြည့်ဖြစ်နေတယ် ရင်ထဲကိုပါလေးသွားတယ်ဗျာ။