(၂၄)
ပင်လယ်ပြင်ထဲမှ အာဖရိကတိုက်ကြီး ခပ်ရေးရေး ပေါ်ထွက်လာပြီးနောက် ညအမှောင်ထုအောက်တွင် ပြန်လည် ကွယ်ပျောက်သွားပြန်သည်။ အမှောင်ထုအောက်တွင် သစ်သားပြားက တငြိမ့်ငြိမ့်လှုပ်ရှား ရွေ့လျား နေသည်။ အာနီ နှင့် စင်တိန်တို့ကို ညက မအိပ်ကြပေ။
အရှေ့ဘက် မှ ဖျော့တော့သော ရောင်နီဦး ပေါ်လာသည်။ ကောင်းကင်တွင် ကြယ်ကလေးများ ပျောက်ကွယ် သွားကြပြန်သည်။ နမီးဘီးယား သဲကန္တာရပြင်ကျယ်ကြီးထဲမှ သဲတောင်ပူစာများကို ခပ်ရေးရေး လှမ်းမြင်ရသည်။
"အာနီ ကြည့်စမ်း၊ ဘယ်လောက်လှသလဲ"
"အဲဒါ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး ကုန်းမြေပဲပေါ့"
"ဒါပေမယ့် လှတော့လှတာပါပဲ"
မကြာခင်မှာပင် ကုန်းမြေဘက်မှ တိမ်ညိုတိမ်မည်းများ ရောက်လာသည်။ ထိုတိမ်များနှင့်အတူ လေကလည်း ပြင်းထန်လာပြီး ရွက်တိုင်နှင့် ရွက်တို့လဲကျကာ ရေထဲ ကျသွားပြန်သဖြင့် စင်တိန်နှင့် အာနီ တို့ စိတ်ပျက်သွားကြရပြန် သည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အဖို့ ကုန်းမြေ နှင့် အလွန်နီးကပ်လာပြီ ဖြစ်သည်။ သို့သော် ရွက်တိုင်နှင့်ရွက်ကို ပြန်ထူပြီး လေအားနှင့်ပါကူပါမှ အဆင်ပြေ နိုင်သည်။ ရွက်တိုင် ပြန်ထူပြီး ရွက်ပြန်တပ်ဖို့ အရေးအတွက် သူတို့တွင် အားအင်များ မရှိတော့ သလောက်ပင် ဖြစ်နေသည်။
နောက်ဆုံးတွင် အာနီသည် ထိုင်ရာမှ ထလိုက်သည်။ ဘာစကားမှ မပြောတော့ဘဲ ခါးတွင် ပတ်ထားသော မောင်းချ ဓားနှင့် ကြိုးကို ဖြေပြီး စင်တိန်အား လှမ်းပေးလိုက်သည်။ စင်တိန်က သူမခါတွင်း ချည်ထား လိုက်သည်။ အာနီက သစ်သားပြားပေါ်မှလျှောပြီး ရေထဲသို့ ဆင်းသွားသည်။ စင်တိန်က ဒူးထောက် ထိုင် လိုက်ပြီး ရွက်နှင့် ကြိုးစများ ရှုပ်ထွေးနေသည်ကို ဖြေရသည်။ ကြိုးစရှုပ်နေသည်ကို ဖြေပြီး အခွေ ဖြစ်အောင် ခွေနေသည်။
ထိုစဉ် ရေထဲမှ အယနီက လှမ်းမေးသဖြင့် စင်တိန်မော့ကြည့်လိုက်သည်။
"မင်း အဆင်သင့် ဖြစ်ပြီလား"
"ဖြစ်ပြီ အာနီ"
စင်တိန် ထိုင်ရာမျ ထလိုက်သည်။ လက်တစ်ဘက်တွင် ကြိုးခွေကို ကိုင်ထားပြီး လှုပ်ရှားနေသော သစ်သားပြား ပေါ် တွင် သူမကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနေရသည်။ အာနီ ရွက်တိုင်ပြန်ထူရေး လုပ်ငန်း တွင် ကူညီရန် အသင့် ဖြစ်နေသည်။
အာနီ ထံ လှမ်းကြည့်လိုက်ရာ သူ့နောက်ဘက်တွင် လှုပ်ရှားမှု တစ်စုံတစ်ရာကို စင်တိန်မြင်လိုက်ရသလို ရှိသည်။ ပိုမို သေချာစေရန်အတွက် မျက်စိကို နေမထိုးအောင် လက်ဖြင့် ကွယ်ပြီး ကြည့်လိုက်သည်။ ထူးခြားသော ပုံသဏ္ဍာန် ရှိသည့် အရာဝတ္ထုတစ်ခုကို ရေထဲတွင် အသေအချာ တွေ့ရသဖြင့် ဘာများ ပါလိမ့် ဟု စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်သွား သည်။ ထိုအရာသည် ရေပေါ်တွင် လူ့ခါးတစ်ဝက်ခန့်အထိ ပေါ်နေ သည်။
နံနက်ခင်းနေရောင်ကြောင့် ထိုအရာဝတ္ထုက ပြောင်လက်နေသည်။ သတ္ထုပစ္စည်းတစ်ခုဟု ထင် လိုက်သော်လည်း မဟုတ်ဘဲ တောက်ပသောအမည်းရောင် ကော်ဇောနှင့် တူနေသည်။ ပုံသဏ္ဍာန်က ကလေးစီး ရွက်လှေမှ ရွက်နှင့် တူသည်။
"ဘာလဲဟေ့ ... ဘာမြင်လို့လဲ"
မိမိ နောက်ဘက်ရေပြင်ဆီသို့ လှမ်းကြည့်ပြီး မျက်မှောက်ကုတ်ကာ ဇဝေဇ၀ါ ဖြစ်နေပုံရသော စင်တိန် အမူအရာ ကို မြင်သောအခါ အာနီက လှမ်းမေးလိုက်သည်။
"ဘာလဲမသိဘူး တစ်ခုခုပဲ ထူးတော့ထူးခြားတယ်၊ ရေထဲကနေပြီး ကျွန်မတို့ဆီကို လာနေတာ သိပ်မြန် တယ်"
အာနီ က နောက်ဘက်သို့ ခေါင်းငဲ့ပြီး ကြည့်လိုက်သည်။
"ဘယ်မှာလဲ ... ငါလဲ မမြင်ရပါလား"
ထိုအချိန်တွင် ရေလှိုင်းအရှိန်ကြောင့် သစ်သားဖောင်က မြင့်တက်သွားသည်။
"အလိုလေး ... ဘုရားသခင် ကယ်တော်မူပါ"
အာနီ က အလန့်တကြား အော်လိုက်ပြီး ဖောင်ဆီသို့ လက်ပစ်ကူးလာသည်။
"ဘာလဲဟင် ... အာနီဘာလဲ"
"ငါ့ကို ဖောင်ပေါ်ရောက်အောင် ၀ိုင်းဆွဲစမ်းပါဦး၊ မင်းမြင်လိုက်တာဟာ သွေးဆာနေတဲ့ ငါးမန်းကြီးကွ"
ထိုစကားကြားလိုက်ရသဖြင့် စင်တိန် အံ့အားသင့်ပြီး ကြက်သေသေသလို ဖြစ်သွားသည်။ ကြောက်စရာ ရေသတ္တ၀ါ ကြီးကို လှမ်းကြည့်လိုက်သည်။ နေရောင်အောက်တွင် ရေကို ခွဲပြီး ကူးခတ်လာနေသော ငါးမန်းကြီး ကို မြင်လိုက်ရ သောအခါ ကျောထဲက စိမ့်သွားသည်။ ရေထဲတွင် အသက်လုကူးနေရသော အာနီ ဆီသို့ ငါးမန်းကြီးက ဦးတည်လာ နေသည်။
စင်တိန် အလန့်တကြား အော်လိုက်မိပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ ငါးမန်း၏ နှုတ်သီး ချွန်ချွန်ကြီး နှင့် မျက်လုံးပြူးပြူးကြီးများက စင်တိန်ကို ကျောချမ်းယားစေသည်။
"ငါ့ကို ကူပါဦး"
အာနီက ရေထဲမှ လှမ်းအော်သည်။ အာနီသည် သစ်သားပြားအစွန်းဆီသို့ ရောက်လာပြီ ဖြစ်သည်။ သစ်သားပြား ကို လှမ်းဆွဲပြီး အပေါ်သို့ တက်ရန် ကြိုးစားနေသည်။ ခြေထောက်က ရေထဲတွင် ယက်ကန် လှုပ်ရှား နေရာ သစ်သားပြား ပို လှုပ်လာပြီး သူ့ဘက်သို့ စောင်းသွားသည်။
စင်တိန်က ဒူးထောက်ထိုင်ချလိုက်ပြီး အာနီလက်ကောက်ဝတ်ကို ဖမ်းပြီး ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အားကုန်ဆွဲ တင်လိုက်ရာ အာနီခန္ဓာကိုယ်အပေါ်ပိုင်း သစ်သားပြားပေါ် ရောက်လာသော်လည်း အောက်ပိုင်း နှင့် ခြေနှစ်ချောင်းက ရေထဲမှ တွဲလောင်းကျန်နေသေးသည်။
ငါးမန်းကြီး၏ အတောင်ကို ရေပေါ်တွင် မြင်ရသည်မှာ အသည်းယားစရာ ကောင်းလှသည်။ ငါးမန်းကြီးက ပါးစပ်ဟ မြဲလာသည်။ ထိုဟဖြဲလာသော ငါးမန်း ပါးစပ်ကြီးသည် ရေထဲ၌ ယက်ကန်ယက်ကန် ဖြစ်နေသော အာနီ ခြေထောက်များ အနားသို့ ရောက်လာသည်။
စင်တိန်က အာနီကို လက်မှ မြဲမြဲကိုင်ပြီးဆွဲတင်လိုက်ရာ သစ်သားပြားက အာနီဘက်သို့ ပိုစောင်း သွားသည်။ အာနီ ခန္ဓာကိုယ် အနည်းငယ် သစ်သားပြားပေါ် ရွှေ့တက်လာပြီး ခြေထောက်များက ရေထဲ ၌ ပင် လှုပ်ယမ်းရင်း ကျန်နေ သေးသည်။
ထိုအချိန်မှာပင် သစ်ကိုင်းအစိမ်းများကို ချိုးလိုက်သကဲ့သို့ အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် ကျိုးသွာသော အသံကို စင်တိန် ကြားလိုက်ရသည်။ အာနီကိုယ်ခန္ဓာကိုယ်ကြီအား စင်တိန်ဆွဲတင်နေသော အလေးချိန်မှာလည်း သိသိသာသာပင် လျော့သွားသည်။ အာနီဘက်သို့ တစ်ဘက်စောင်းနစ်နေသော သစ်သားပြား မှာလည်း မြောက်တက်လာပြီး ဘယ်ညာ လှုပ်ယမ်းသွားသည်။
အာနီလက်ကို ဆုပ်ကိုင်ကာ ဖောင်ပေါ်ဆွဲတင်နေသော စင်တိန်လည်း ပက်လက်လန် လဲကျသွားသည်။ ရေထဲတွင် တွဲလောင်းဖြစ်နေသော အာနီက ရုန်းကန်လှုပ်ရှားနေဆဲ ဖြစ်သော်လည်း သူ့ခြေထောက် နှစ်ဖက် ကမူ ဒူးအောက် လက်မအနည်းငယ်ခန့် အကွာမှနေ၍ ပြတ်ထွက်သွားကာ ငါးမန်းပါးစပ်ထဲ ပါသွားပြီး ဖြစ်သည်။ ပြတ်ထွက်သွားသည့် နေရာကို ထင်ထင်ရှားရှား မတွေ့ရသေးသော်လည်း ရေထဲတွင် လှုပ်ရှား ရုန်းကန် နေသည့် ဘောင်းဘီအစ၊ အသားအစနှင့် အရေးပြားအစများကို လှမ်းမြင်ရသည်။ အပြာရောင် ရေပြင်တွင် အနီရောင် သွေးကွက်များ တစ်မု ဟုတ်ချင်း ပေါ်လာသည်။
အာနီသည် သစ်သားပြားပေါ်သို့ လူးလှိမ့်တက်လိုက်သည်။ သစ်သားပြားပေါ်တွင် ထိုင်လိုက်ပြီး ဒူးအောက် မှ ပြတ်ထွက်နေသော ခြေထောက်ငုတ်တိုနှစ်ချောင်းကို ကြည့်ကာ အလန့်တကြား အော်လိုက်သည်။
"အံမယ်လေး ... ခြေထောက်မရှိတော့ဘူး ... သေပါပြီ"
ခြေထောက်မှ သွေးများ ပန်းထွက်နေပြီး သစ်သားပြားပေါ်မှ တစ်ဆင့် ရေထဲသို့ စီးဆင်းနေသည်။
"င့ါခြေထောက် ... ငါ့ခြေထောက် မရှိတော့ဘူး၊ ငါ့ခြေထောက်ကို ဟိုသတ္တ၀ါ ကိုက်ဖြတ်သွားပြီး" အာနီက ဆို့နင့် သံကြီးဖြင့် ပြောလိုက်သည်။
ငါးမန်းကြီးက သစ်သားပြားအနီးတွင် ပြန်ပေါ်လာပြီး သူတို့ကို ၀ိုင်းပတ်ကာ စောင့်ကြည့်နေပြန်သည်။
"ငါးမန်းက သွေးနံ့ရသွားပြီ၊ ဒီကောင် လက်လျှော့မှာ မဟုတ်တော့ဘူး၊ တို့ကို အပြတ်တိုက်လိမ့်မယ်၊ တို့တော့ သေလူ ဖြစ်ပြီ"
အာနီက ပြောလိုက်သည်။ ငါးမန်းကြိးက တစ်ဘက်သို့ ထိုးလှည့်ကွ့သွားရာ ကျောကုန်း မည်းမည်းကြီး ကိုသာမက ဗိုက်သားဖြူဖြူကြီးကိုပါ တွေ့လိုက်ရသည်။ ငါးမန်းကြိးက ပါးစပ်ကြီးဖြဲပြီး အမြီးနှစ်ခွကို ဘယ်ညာ လှုပ်ယမ်းကာ ဖောင်ဆီသို့ ပြန်လာသည်။ ကြောက်စရာသွားကြီးများက ပါးစပ်ထဲတွင် အထင်းသား မြင်နေရသည်။ ရေထဲမှ သွေးကွက်များကို ငါးမန်းကြီးက ပါးစပ်နှင့် လိုက်ဟပ်ကာ အရသာခံ မျိုချနေသည်။
လူသွေးနံ့နှင့် လူ့သွေးအရသာကြောင့် ငါးမန်းကြီး ပိုမို သွေးဆာလာပြီး သစ်သားပြားဆီသို့ ဦးတည်လာပြန်သည်။ ဤတစ်ကြိမ်တွင် ငါးမန်းကြီးက သစ်သားပြားအောင်ဝင်ပြီး သစ်သားပြားကို ကျောနှင့် ထမ်းချရာ လှုပ်ခါယမ်းထိုသွား သည်။ စင်တိန်သည် သစ်သားပြားပေါ်တွင် ထိုင်နေရာမှ လဲကျသွားရာ သစ်သားပြားအစွန်းကို လက်ဖြင့် ဆုပ်ကိုင် ထားရသည်။
"တို့ဖောင်ကို မှောက်ချပြီး တို့ကို ရေထဲကျအောင် လုပ်နေတာ" အာနီက စင်တိန်ကို ပြောလိုက်သည်။
အာနီ့ ခြေထောက်အပြတ်မှ သွေးများ ထွက်နေဆဲ ရှိသည်။ စင်တိန့်ဘ၀တွင် ထိုမျှများပြားသော လူ့သွေး များကို တစ်ခါမျှ မမြင်ဖူးပေ။ ငါးမန်းကြီးသည် နောက်တစ်ကြိမ် ပြန်ကျော့လာပြန်ပြီး သစ်သားပြား ကို ပခုံးနှင့် ထမ်းချပြန် သည်။ သစ်သားပြား မြောက်တက်သွားပြီး ရေပေါ် ပြန်ကျရာ မြုပ်ချည် ပေါ်ချည် ဖြစ်နေသည်။
"သူ အခုထက်ထိ လက်မလျှော့သေးဘူး၊ လာပြန်ပြီ" အာနီကို ငိုရှိုက်သံကြီးဖြင့် ပြောလိုက်သည်။
ငါးမန်းကြီး၏ ကြီးမားသော ခေါင်းကြီးက ရေပေါ်တွင် ပေါ်လာသည်။ သစ်သားပြားဘေးမှနေ၍ ပါးစပ် ဖွင့်ချည် ပိတ်ချည် လုပ်နေသည်။ သစ်သားပြးပေါ်၌ ၀မ်းလျားမှောက်ပြီး သစ်သားပြားအစွန်းကို လက်နှင့် ဆုပ်ကိုင်ထားသော စင်တိန်အား ငါးမန်းကြီးက စိုက်ကြည့်နေသလို ရှိသည်။ ထို့နောက် သစ်သားပြား ၏ အခြားတစ်ဘက်ကို ငါးမန်းကြီးက ကိုက်ဆွဲပြီး လှုပ်ရာ စင်တိန်တို့ ရေထဲကျလုနီးပါး ဖြစ်နေသည်။
"အလို ဘုရားရေ၊ တို့ရေထဲမကျမချင်း သူလုပ်တော့မှာပဲ"
စင်တိန်သည် သစ်သားပြားပေါ်တွင် ခုန်ထလိုက်ပြီး ကိုယ်ကို ဟန်ချက်ညီအောင် ကျွမ်းဘားကစားသူကဲ့သို့ ထိန်းပြီး ရပ်လိုက်သည်။ ပဲ့လုပ်သော သစ်သားချောင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး ငါးမန်းကြီးအား လှမ်းရိုက်သည်။ ငါးမန်းကြီးအား ထိသော်လည်း နာကျင်ကြောက်ရွံ့သွားပုံ လုံးဝ မရှိပါချေ။ ငါးမန်းက သစ်သား ပြား ဘေးဘက်မှနေ၍ ၀င်တိုက်ပြန်ရာ ဖောင်လှုပ်ခါ ယိမ်းထိုးသွားပြီး စင်တိန် ဒူးထောက် ကျသွားသည်။
"သူလာပြန်ပြီ၊ သူကတော့ လက်လျှော့မှာ မဟုတ်ဘူး" အာနီက ငိုသံပါကြီးဖြင့် ပြောလိုက်ပြန်သည်။
စင်တိန်သည် မိမိဗိုက်ထဲမှ မိုက်ကယ့်ကလေး အသက်ရှင်ရေးအတွက် တစ်ခုခုကို အပြတ်လုပ်မှ ဖြစ်တော့မည်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်သည်။
အာနီသည် သစ်သားပြား တစ်ဘက်စွန်း၌ ထိုင်နေသည်။ ပြတ်နေသော ခြေထောက်နှစ်ချောင်းကို သူ့ ရှေ့တွင် ခြေဆင်းကာ ထိုင်နေရင်းက ရေထဲသို့ ငုံ့ကြည့်နေရာ စင်တိန်ဘက်သို့ ကျောပေးထားသည်။
"သူလာပြန်ပြီ" အာနီက ရေထဲ လှမ်းကြည့်နေရင်းက ပြောသည်။
ငါးမန်းကြီးက ဖောင်အနားသို့ ပြန်ရောက်လာရာ ငြိမ်နေသော ရေမှာ ဂယက်ထပြီး လှုပ်ရှားလာသည်။ အောက်ဘက် ရေအနက်ထဲမှ အပေါ်သို့ ငါးမန်းကြီး ထောင်တက်လာနေသည်ကို စင်တိန် တွေ့ရသည်။ ရေများ လှုပ်ရှားလာသဖြင့် သစ်သားပြားလည်း ဘောင်ဘင်ခတ်လာရာ စင်တိန်သည် လဲကျလုနီးပါး ယိမ်းထိုးသွားသဖြင့် မလဲအောင် ထိန်းထား လိုက်ရသည်။
"သူ့ကိုယ်သူ သေလူပဲလို့ ပြောထားပြီးပြီပဲ" စင်တိန်က ခပ်တိုးတိုး ရေရွတ်ကာ သူမစိတ်ကို သူမ အားတင်းလိုက် သည်။
စင်တိန်သည် လက်ထဲတွင် ကိုင်ထားသော သစ်သားချောင်းကို အပေါ်သို့ လွှဲမြှောက်လိုက်ပြီး အာနီ၏ နောက်စေ့ တည့်တည့်ကို ချိန်ကာ တအားလွှဲရိုက်ချလိုက်သည်။ ရိုက်ချက်ကြောင့် အာနီ ဦးခေါင်းခွံ ကွဲသွား သည်။
အာနီသည် ရှေ့သို့ ငိုက်ကျသွားပြီး သစ်သားပြားအစွန်းတွင် လဲကျသွားသည်။
"ကျွန်မ ကို ခွင့်လွှတ်ပါ၊ အာနီရယ် ... ဘာပဲဖြစ်ဖြစ် ရှင်က သေရတော့မယ်လူပါ၊ ကျွန်မရဲ့ ကလေးကို ကယ်တင်ဖို့ အတွက် ရှင့်ကို စတေးရမယ့် နည်းလမ်းအပြင် တခြားနည်းလမ်း မရှိတော့လို့ပါ"
စင်တိန် က ငိုရှိုက်သံကြီးဖြင့် ပြောလိုက်သည်။
လဲကျသွားသော အာနီသည် ခေါင်းကို စင်တိန့်ဘက်လှည့်ပြီး ပြူးကျယ်ကာ အံ့အားသင့်နေသော မျက်လုံးဖြင့် စင်တိန်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးက ခံစားမှုကြောင့် မီးတောက်လုနီးပါး ရှိနေသည်။ အာနီက စကားပြော ရန် ကြိုးစားပြီး ပါးစပ်ဖွင့်လိုက်သည်။ သို့သော် ဘာမှ မပြောနိုင်ဘဲ ပါးစပ် ပြန်ပိတ် သွားပြီး မျက်လုံးလည်း မှေးစင်းသွား သည်။
စင်တိန် က သူ့ဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး တရှုံ့ရှုံ့ ငိုကြွေးလေသည်။
"ဘုရားသခင် ခွင့်လွှတ်တော်မူပါ၊ ကျွန်မကလေး အသက်ရှင်ဖို့အတွက် လုပ်ရတာပါ၊ သူကတော့ သေလူပါ"
ငါးမန်းကြီးက သူတို့ဆီသို့ ပြန်လှည့်လာပြန်သည်။ ကြောက်စရာ ငါးမန်းအတောက်ကြီးက ရေထဲတွင် သစ်ဖောင်ထက် ပင် မြင့်မားစွာ ပေါ်နေသည်။ အာနီကိုယ့်ခန္ဓာကိုယ်ကြီးကို စင်တိန်က ရေထဲသို့ တွန်းချလိုက်သည်။
ငါးမန်းကြီးသည် ရေထဲတွင် ချာခနဲ တစ်ဝက်လှည့်လိုက်ပြီး အာနီကိုယ်ကြီးကို ပါးစပ်ကြီးဖြဲပြီး ဟပ် လိုက်သည်။ ရေများ ဂယက်ထ လှုပ်ရှားမှုကြောင့် သစ်သားပြားက အဝေးသို့ မျောပါသွားသည်။ ငါးမန်းကြီး နှင့် အာနီတို့မှာ ရေအောက်သို့ ပျောက်သွားသည်။
စင်တိန်သည် လက်ထဲတွင်ရှိသော သစ်သားချောင်းဖြင့် သစ်ဖောင်ကို ကမ်းခြေဘက်သို့ တအားကြုံးပြီး လှော်သည်။ လှော်နေရင်းက တသိမ့်သိမ့်ရှိုက်ပြီး ငိုနေသည်။ မျက်လုံးအိမ်တွင် မျက်ရည်များကြောင့် မြင်ကွင်း က ၀ါးသွားသည်။ ထိုဝါးနေသော မြင်ကွင်းထဲ၌ပင် ကမ်းစပ်ကို တ၀ုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းခေါင်းဖြူများနှင့် သဲသောင်ပြင် ကမ်းခြေကို လှမ်းမြင်ရသည်။
စင်တိန်သည် ကမ်းစပ်သို့ တအားကြုံးလှော်သည်။ ရေစီးကြောင်းကလည်း သူမကို ထောက်ကူ ပံ့ပိုး ပေး နေသည်။ ကမ်းစပ်နှင့် နီးလာသဖြင့် ရေအောက်မှ သဲပြင်ကိုပင် လှမ်းမြင်လာရသည်။
"ဘုရားသခင် ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ"
စင်တိန်က လှော်ခတ်ရင်းမှ ပြောလိုက်သည်။ သို့သော် ရုတ်တရက် အောက်ဘက်မှ ရေများ လှုပ်ရှားမှုကြောင့် သစ်သားပြား လှုပ်ယမ်းသွားပြန်သည်။ ရေပေါ်မှ သစ်သားပြားနှင့် ရေအောက်သဲပြင်ကြားတွင် ငါးမန်းကြီးကို စင်တိန် မြင်လိုက်ရပြန်သည်။
"အလိုဘုရားရေ ... သူ လာပြန်ပြီ"
ငါးမန်းကြီးသည် အာနီကို မိနစ်ပိုင်းအတွင်းမှာပင် ကိုက်ဖြတ်ဝါးမျို စားသောက်ပစ်လိုက်သည်။ ထို့နောက် သစ်သား ပြားပေါ်တွင် စွန်းနေသော သွေးနံ့ကိုခံကာ စင်တိန့်နောက်သို့ လိုက်လာခြင်း ဖြစ်သည်။ စင်တိန့်နောက်သို့ လိုက်လာ ခြင်း ဖြစ်သည်။ စင်တိန်သစ်သားပြားသည် လူတစ်င်္ရပ်လောက် အနက် ခန့်သာ ရှိသော ကမ်းစပ်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုအထိ ငါးမန်းကြီးက လက် မလျှော့သေး ဘဲလိုက်လာခြင်း ဖြစ်သည်။
ငါးမန်းကြီးသည် ကမ်းစပ်ဘက်က ရေတိမ်သဖြင့် ရေနက်သော ပင်လယ်ပြင်ဘက်မှနေ၍ တိုက်ခိုက်သည်။ ငါးမန်းက ၀င်ဆောင့်သဖြင့် သစ်သားပြားနှင့် စင်တိန်ပါ ကမ်းစပ်ဘက်သို့ လွင့်စဉ်မြောက်တက်သွားသည်။ စင်တိန် ရေထဲပြန်ကျ လာသောအခါ ရေမှာ သူမ ရင်ခေါင်းလောက်သာနက်ပြီး အေးစက်နေသည်။ ငါးမန်းက သူမဆီတိုးလာသည်။ စင်တိန်က လက်ထဲမှ သစ်သားချောင်းဖြင့် ရေထဲသို့ ဝှေ့ယမ်း ရိုက်ပုတ်ရင်းက အားကုန်အော်ဟစ်ကာ ကမ်းစပ်ဘက် သို့ အားယူတက်ပြေးသည်။
"သွား ... သွားစမ်း၊ သွား ..."
ငါးမန်းက နောက်မှလိုက်သည်။ ထိုအချိန်တွင် ကုသိုလ်ကံက စင်တိန့်ဘက်မှ အလေးသာသွားသည်။ ကမ်းခြေ သို့ ရိုက်ခတ်လာသော ရေလှိုင်းလုံးက ပြန်ကျသွားရာ အစောဇောဖြင့် လိုက်လာသော ငါးမန်းကြီး သည် ရေစပ်တွင် သောင်တင်သွားပြီး ရှေ့ဆက်လိုက်မရဘဲ ဖြစ်သွားသည်။
စင်တိန်သည် ဒူးခေါင်းလောက်အနက်သို့ ရောက်အောင် ကျဆင်းသွားသော ရေထဲမှနေ၍ ကမ်းစပ်သဲသောင်ပေါ်သို့ ဒယိမ်းဒယိုင်ဖြင့် တစ်လှမ်းချင်းအားယူကာ တက်သွားသည်။ ရေလှိုင်းလွတ်ရာ ခြောက်သွေ့ သော သဲသောင်ပြင်ပေါ် သို့ ရောက်သောအခါ စင်တိန် ခြေကုန်လက်ပန်းကျပြီး သဲသောင်ပြင် ပေါ်သို့ မှောက်လျက်သား ကျသွားသည်။
စင်တိန်သည် သူမ၏ ခြေသလုံးသားများကို စူးရှသော နေရောင်ထိုးလာသည့်ဒဏ်ကြောင့် နိုးလာရသည်။ သို့သော် မိမိမည်မျှကြာကြာ အိပ်ပျော်သွားသည်ကိုပင် မမှန်းဆနိုင်ပါချေ။ လဲကျနေရာမှ သဲပြင်ပေါ်တွင် တဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ ငါးမန်းကြီးများ ရှိလေဦးမည်လားဟု စိတ်တထင့်ထင့်ဖြင့် ရေစပ်ကို လှမ်းကြည့် လိုက်သည်။ မရှိတော့ ပါချေ။ ဒီရေအတက်တွင် ပြန်မျောကျသွားပုံရသည်။ ထို့ကြောင့် စင်တိန် စိတ်သက်သာ ရာရသွားပြီး အားယူကာ မတ်တတ်ရပ်လိုက်သည်။
သူမတစ်ကိုယ်လုံးမှာ ထုထောင်းခံထားရသလို ကိုက်ခဲနာကျင်ပြီး အားအင်များလည်း ကုန်ခန်းနေသည်။ ခြေမသယ် ချင် လက်မသယ်ချင် ဖြစ်နေသည်။ ငါးမန်းကြီးနှင့် ရုန်းကန် တိုက်ခိုက်လာခဲ့ရခြင်းကြောင့် အ၀တ်အစားများ စုတ်ပြတ် ထွက်ကုန်ကာ ကိုယ်ခန္ဓာမှာ ဗလာကျင်းနေသည်။ ခါးတွင်မူ ကြိုးဖြင့် ချည်ပြီး ချိတ်ထားသော အာနီ၏ မောင်းချ ဓားက တွဲလောင်းလေး ရှိနေသေးသည်။
အာနီ က သတိရလာဖြင့် ပင်လယ်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မနဲ့ ကျွန်မကလေး အသက်ရှင်နေရတာ ရှင့်ကျေးဇူးကြောင့်ပါ အာနီရယ်၊ ရှင်ကျွန်မတို့နဲ့ အတူရှိနေစေချင် ပါတယ်"
စင်တိန် သည် အထီးကျန်ခံစားချက်ကြောင့် မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုလိုက်မိသည်။ နေရောင်ခြည်၏ စူးရှ ပူပြင်းသော ဒဏ်ကို ခံစားလိုက်ရပြန်သည်။ ရေငတ်မှုက ပြန်လည် စိုးမိုး လာပြန်သည်။
"နေပူဒဏ်ကို ခံနိုင်အောင်တော့ လုပ်ရမှာပဲ"
စင်တိန်သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လေ့လာလိုက်သည်။ ကျယ်ပြန့်သော သဲသောင်ပြင်ပေါ်တွင် မိမိ တစ်ဦးတည်း။ မိမိ၏ နောက်ဘက်တွင်မူ သဲတောင်ပူစာများ မရှိ။ သစ်ပင်ပန်းပင်မန်လည်း မရှိ၊ လူလည်း မရှိ၊ ငှက်လည်းမရှိ နေကွယ် လေကွယ်လည်း လုံးဝမရှိပေ။
စင်တိန်သည် မိမိရုန်းကန်တက်လာသော ပင်လယ်ကမ်းစပ်မှ ရေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သစ်သားပြားမှ အကြွင်းအကျန်များ ရေစပ်၌ ပေါလောပေါ်နေသည်။ စင်တိန်သည် ငါးမန်းအား ကြောက်သည့်စိတ်ကို မနည်းမျိုသိပ် ပြီး ဒူးလောက်အထိ နက်သော ရေထဲသို့ ဆင်းကာ ရွက်နှင့်ကြိုးကို ကမ်းပေါ်သို့ ဆွဲတင်လာခဲ့သည်။ ရွက်ကို ဓားတ်ဖြင့် ဖြတ်ပြီး ခါးတွင် စကတ်သဖွယ် တစ်စကို ချည်နှောင် ၀တ်ဆင်လိုက်သည်။ နောက်တစ်ကို နေပူကာရန် အတွက် ခေါင်းနှင့်ပခုံးပေါ်တွင် ခြုံလိုက်သည်။
မိမိအဖို့ တစ်နေရာရာကို ဦးတည်လျှောက်ရုံကလွဲ၍ တခြားလုပ်စရာနည်းလမ်း မရှိတော့ပါချေ။ စင်တိန် တွေးလိုက် သည်။ ကိပ်ဟောင်းမြို့က တောင်ဘက်တွင် ရှိမည်။ ထိုထက် နီးသော နေရာဆိုလျှင် ဂျာမန်မြို့ကလေးနှစ်မြို့ကို တွေ့နိုင်သည်။ သို့သော် အနီးဆုံး မြို့သည်ပင်လျှင် ကီလိုမီတာ ၅၀၀ ခန့် ပေးဝေလိမ့်မည်.
"ဝေးတာကို မတွေးနဲ့၊ တစ်ချိန်မှာ တစ်လှမ်းလှမ်းဖို့သာ တွေးတော့ စင်တိန်" သူမကိုယ်သူမ အားပေး လိုက်သည်။
ပင်လယ်ကမ်းစပ်တစ်လျှောက် တစ်လှမ်းချင်း လှမ်းသွားရာ တစ်ကိုယ်လုံး နာကျင်လာသည်။ အစာ မစား ရသည်မှာ သုံးရက်၊ ရေမသောက်ရသည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း သူမ အားမလျှော့ပေ။ သဲများစူး သဖြင့် ခြေဖ၀ါးများ မထောက်နိုင်လောက်အောင် နာလာသောအခါ တာတပတ်တစ်စဖြင့် ခြေထောက် ကို ဖိနပ်သဖွယ် စီးပတ်ပြီး ဆက်လျှောက်သည်။
စင်တိန် အဖို့ ဤပင်လယ်စပ်တွင် ပင်လယ်ဖျံများ၊ ခွေးအများကို ဆက်လက် တွေ့ကြုံ ရင်ဆိုင်ရပေ ဦးမည် ဖြစ်သည်။
ဆက်ရန်
.
2 comments:
သူ့ကို ကူညီခဲ့တဲ့ သင်္ဘောသားကြီးကို သတ်လိုက်တယ်ပေါ့။
သူ့ကလေး အသက်ရှင်ဖို့အတွက်ဆိုပေမယ့် သူ့အတွက်ပဲ။ ယုတ်မာလိုက်တာ။
ရင်တထိတ်ထိတ်နဲ့ ဖတ်နေမိတာ
စင်တိန်က ရဲရင့်လိုက်တာ
ဒါပေမဲ့ အာနီကို ရိုက်သတ်လိုက်တာတော့ ရင်ထဲမကောင်းဘူး
မလုပ်သင့်ဘူးထင်တာဘဲ
Post a Comment