တသုန်သုန်လေရူး
စာရေးသူ - မကို
"တစ်ခုလပ်"ဆိုသည်မှာ မည်သည့်မြန်မာအမျိုးသမီးမှ မရယူ မပိုင်ဆိုင်ချင်သော ဘ၀ဆိုသော် လည်း မခင်မင်း ကတော့ အဲသည့်တစ်ခုလပ်ဘ၀ ကို ရလိုက်ချိန်မှာ အလွန်နေလို့ ထိုင်လို့ကောင်း သွားတာ အမှန်ပင် ဖြစ်သည်။
စိတ်လက်ကြည့်လင် ပေါ့ပါးလန်းဆန်း စွာ သီချင်းလေးညည်းရင်း အိမ်မှုကိစ္စတွေ၊ ၀န်ထမ်းကိစ္စလုပ် ရင်း ဒီလို စိတ်အနှောင့် အယှက်ကင်းကင်း၊ နေထိုင်ခွင့် ရလိုက်ပြီ ဖြစ်သောဘ၀ကို မက်ရေစက်ရေ ရှိလှသည်။
ဒီလို တစ်ခုလပ်ဘ၀ရဲ့ နောက်ဆက်တွဲ လူမှုရေးတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ အသည်းအသန် စဉ်းစား ပြီးမှ ဆုံးဖြတ်ခဲ့တာမို့ ဒီအတွက်တော့ မခင်မင်း အထူး ကြညံ့ခိုင်ရပေလိမ့်မည်။ နှုတ် ခမ်းနီဆိုး အလှပြင် ပြင်ပြန်ပြီ၊ အ၀တ်အစားသစ် နဲ့ ရှိုးထုတ် ထုတ်ပြန်ပြီ၊ နံနက်စောစောလမ်း ထွက် ထွက်ပြန်ပြီ၊ ညနေအိမ်ပြန် မိုးချုပ် ချုပ်ပြန်ပြီ၊ သူ့မောင်၊ သူ့အစ်ကို၊ သူ့လင် နောက်ဆုံး သူ့အဖေနဲ့စကားပြော ပြော ပြန်ပြီ။ အရာရာ ကို မျက်စိဒေါက်ထောက်လိုက်ကြည့်ကာ ပြောနေ ကြတော့မည်။
မြန်မာ့ဓလေ့ ထုံးတမ်း လူမှုဆက်ဆံရေးမှာ "အပျို"ဆိုသည်ကို ဖော့ပိုက်ကလေးတွေစွပ်ထားသော ဒါမှမဟုတ် ပက်ကင် လုံခြုံစွာရှိသော ပန်းသီးကလေးများဟု မြင်လေ့ ရှိကြပြီး၊ တစ်ခုလပ်ဆိုသည် ကိုတော့ ကွမ်းယာဆိုင် တွင်ချိတ်ထားသော ငှက်ပျောသီးကဲ့သို့ မြင်လေ့ရှိကြသည်။ ကွမ်းယာမှာ ရင်း စောင့်ရင်း ငှက်ပျော်သီး တစ်လုံး ကို ဖြုတ်ယူစားလိုက်နိုင်သလို အလွန်လွယ်ကူလှသူများအ ဖြစ် မြင်လေ့ရှိကြသည်။
အဲသည်လို တစ်ခုလပ်ဘ၀ရဲ့ မလုံခြုံမှုကို ခံစားနားလည်မိသော်ငြား ကိုယ့်အပေါ် ဘယ်တော့ပိ ကျလာမလဲ ထတ်လန့် နေရသည့် အရိပ်အမိုးကြီးအောက်မှာ နေရတာထက်စာလျှင် သည်လိုဟာ လာဟင်းလင်းကမှ မည်သည့် လူမှုရေး၊ အညစ်အကြေးများကိုမဆို ရင်ဆိုင်စေနိုင်လောက်သည့် လွတ်လပ်မှုခွန်အားကို ရရှ်ိစေသည် မဟုတ်လား။
ပြီးတော့ မခင်မင်း ၏ဘ၀ကို အဓိကလုံခြုံစေသော အဖြူအစိမ်းဝတ်စုံ ကလေးအတွက်လည်း ကျောင်းဆရာမ ဘ၀ကိုရောက်စေခဲ့သူ မိဘများကို အထူးကျေးဇူးတင် ရသည်။ ထို့ပြင် မခင်မင်း ၏ ဆုံးဖြတ်ချက် များကို အတည်ပြုပေးမည့် "အချိန်"။
ပြောင်းပြန် ဇောက်ထိုး ပြောင်းလဲလို့ရနိုင်သည် "အချစ်"ဆိုသော အရာကိုမခင်မင်းက လုံးဝအယုံ အကြည် မရှိတော့ပါ။ သိပ်ချစ်တာပဲ ဆိုသည့် ချစ်သူစုံတွဲတွေကို တွေ့ရချိန်မှာ မခင်မင်းက ခပ် လှောင်လှောင် ပြုံး ချင်သည်။ အင်း....ခုတော့ ချစ်ကြဦးပေါ့ဟု ခေါင်းတညိတ်ညိတ်နှင့် ပြုံးမိန့်မိန့် လုပ်ချင်သည်။
သည်လို တစ်ခါတည်းစားရုံနှင့် ချေးမှန်း၊ ငှက်ပျော်မှန်း သိသွားရသူ မခင်မင်းအတွက် "နောက် ထက်"ဆိုတာ ဘယ်တော့မှရှိမှာမဟုတ် ကြောင်း၊ လက်ရှိပေါ့ပါးလွတ် လပ်လှသောဘ၀ကို ဘယ် လိုမှ အဆုံးအရှုံး ခံတော့မှာ မဟုတ်ကြောင်း အချိန်ကစကားပြောသွားလိမ့်မည်။
အိမ်ထောင်ပျက်စီးရခြင်း အကြောင်းကိုတော့ ကိုယ်ပြောလျှင် သူမကောင်းနှင့် သူပြောလျှင် ကိုယ် မကောင်း ဘဲ ဖြစ်မှာမို့ အပြိုင်အဆိုင်မပြောချင်တော့သော်လည်း လူတော်တော်များများက လှပသည်ဟု သတ်မှတ်လေ့ ရှိကြသော မခင်မင်းက အလှအပကို တသသလုပ်ကာ အခွင့်အရေး ယူတာမျိုး ဘယ်တုံး ကမှ မလုပ်ခဲ့။ ထမင်းချက်၊ အ၀တ်လျှော်၊ တိုက် ၃တိုက် (မီး၊ ပူ၊ ကြမ်း၊ အိုး) အိမ်မှုကိစ္စတာဝန် ကျေပွန် ခဲ့သည်။ တစ်ဖက်တစ်လမ်းမှ ၀င်ငွေရှာနိုင်ခဲ့သည်။ နှစ်လုံး၊ သုံးလုံး လောင်းကစားကို အသည်းအသန် မလုပ်ခဲ့။ မည်သည့်ဆန့်ကျင်ဘက်ကိုမှ ပြီတီတီ ရီတီတီမလုပ် ခဲ့သလို နောက်မီးမလင်း၊ လင်ငယ်မနေခဲ့။
ကိုယ့်တာ ကိုယ် လုံခြုံသော မခင်မင်းမှာ ထိုစဉ်ကကြုံ ခဲ့ရသော စိတ်ညစ်ညူးနောက်ကျိရှုပ်ထွေး ဒေါသ များနှင့် အတူ တစ်သက်လုံး ဒီလိုနေသွားရတော့ မှာလားဟု တွေးမိချိန်မျိုးမှာ လူသတ်ချင်တာလိုလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေ ပစ်လိုက်ချင်တာ လိုလို အ၀တ်ဗလာနဲ့ လမ်းပေါ်ပြေးထွက်လိုက်ချင်တာလိုလို ကယောင် ကတမ်း တုန်လှုပ်ချောက် ချားရတတ်လေ့ရှိခဲ့သည်။
ဒါပေမယ့် သည်းခံပါ၊ စဉ်းစားပါဦး၊ ကလေးတွေ မျက်နှာကြည့်ပါဦး၊ ဖျောင်းဖျစကားတွေချည်း ကြား နေရတာမို့ မခင်မင်းရဲ့ အိမ်ထောင်ရေးကို ထဲထဲဝင်ဝင်မဟုတ်သော်လည်း ထိထိမိမိသိ ထား သူငယ်ချင်း တစ်ယောက်ကိုတော့ "နှစ်ထပ်ကိန်းသည်လည်းကောင်း၊ နှစ်ထပ်ကိန်းရင်းသည် လည်းကောင်း ထိုခဏ၌" တစ်ခုလပ် ပဲ လုပ်ပစ်လိုက် ပြီဆိုသည့်အကြောင်း မ၀ံ့မရဲပြောပြမိသည်။
"ကောင်းတာပေါ့၊ ငါကနင်ဒီလောက်ထိပေါင်းနေတာကို အံ့သြနေတာ"
မခင်မင်းဖြင့် အဲဒီသူငယ်ချင်းကို ချစ်လိုက်တာ။ ကဲ...ခုတော့ပြီးပြီလေ။ စားလို့ကောင်း အိပ်လို့ ကောင်းနှင့် ခပ်သေးသေး၊ ခပ်သွယ်သွယ် မခင်မင်းတစ်ယောက် ပြည့်ပြည့်ဖြိုးဖြိုးပင် ဖြစ်လာခဲ့ သည်။ အားလုံး အဆင် ပြေပြေရှိကြသော မခင်မင်းရဲ့ မိဘမောင်နှမအသိုင်း အ၀ိုင်းက ဖေးမကူညီစောင့် ရှောက်ကြတာလည်း ပါသည် ပေါ့။
မူလတန်းလွန်စအရွယ် ကလေးသုံးယောက်ကို ထမင်းချက်၊ အ၀တ်လျှော်၊ ဝေယျာဝစ္စတွေလုပ် ပေးမည်။ အ၀တ်အစား၊ အသုံးအဆောင်လေးတွေ ၀ယ်ပေးမည်။ အတူတူ ခရီးထွက်လျှောက် လည်ကြမည်။ သူတို့ အတွေး နဲ့ ပြောစကားလေးတွေ နားထောင်ရင်း၊ သူတို့ဝါသနာအရ ရေးတတ်ကြ လေ့ရှိသော စာတို ပေစလေးတွေ ဖတ်ရှုရင်း မခင်မင်းရဲ့ အိမ်မှုကိစ္စတွေ ကူညီလုပ် ကိုင်ပေးတာကို ခံယူရင်း ရင်နှင့်မဆံ့ ချစ်မည်၊ ပွေ့ပိုက်ယုယမည်။ သူတို့မဟုတ်တာ လုပ်လျှင်ဆူ မည်၊ အော်မည်၊ ရန်ဖြစ်မည်။ ပြီးတော့ သူတို့က ချော့လိုက်၊ ကိုယ်ကချော့လိုက်ဖြင့် သည်စည်း တစ်ဝိုင်းထဲက ဘယ်မှရွေ့မသွားအောင် တွယ်ငင် စေးကပ်နေကြမည်။
ပျော်ရွှင်နှစ်လိုဖွယ် အိမ်ထောင်ရေးမျိုးရသူများအဖို့ လူစုံစုံမိသားစုဘ၀နှင့် ကြည်နူးနိုင်ကြသလို မခင်မင်း တို့မိသားစုလို လူမစုံမှ ပျော်ရွှင်ရသောဘ၀မျိုးလည်း ဘာလို့မရှိနိုင်ရမှာလဲ။
တကယ်တော့ မခင်မင်းတို့မိဘ မောင်နှမမိသားစုဟာ လိုင်းခန်းတွေထဲမှာ ကြီးပြင်းနေထိုင်ခဲ့တာ မို့ဒီလို အဖြစ်အပျက် ပေါင်းများစွာ မြင်ဖူးသည်ပေါ့။ စပ်စပ်စုစု မခင်မင်းမှာလည်း လင်မရှိသော မယားတို့၏ တင့်တယ်ခြင်း ပေါင်းများစွာ ကိုသိမှတ် ကြုံတွေ့ခဲ့ရသည်ပဲ။ အနုပညာနှင့် သီကုံး တက်လျှင်ဖြင့် ပင်လယ် နှင့် တူသော တစ်ခုလပ်များ လို၊ တစ်ခုလပ်၏နောက်ဆက်တွဲ စာမျက်နှာ များလို ၀တ္ထုရှည်ကြီးများ အပြင်တစ်ခုလပ်လမ်းဆုံ လို ကဗျာရှည်ကြီးရေး နိုင်ရုံသာမက ရာဇ၀င် တွင်မည့်တစ်ခုလပ်ဟု ဇာတ်လမ်းတွဲ ရိုက်လိုက ရိုက်နိုင်သေးသည်။ တကယ်တမ်းတော့.....။
မြန်မာဓလေ့ ထုံးတမ်းယဉ်ကျေးမှုနှင့် လူမှုပတ်ဝန်းကျင်မှာ တစ်ခုလပ်အမျိုးသမီးများ အတွက် "ဖိအား" က များလွန်းလှတာတော့ အမှန်ပင်ဖြစ်သည်။
လင်မရှိမယားမှာ မုဆိုးမနှင့် တစ်ခုလပ်ဟု နှစ်မျိုးရှိသည့်အနက် လင်ယောက်ျားဆုံးပါးသွားရသူ မုဆိုးမ များကို ကရုဏာစွက်နိုင်ကြသော်လည်း ယောက်ျားငုတ်တုတ် နှင့် ကွဲကွာကြရသူ တစ်ခုလပ် များ အပေါ် ဘာ့ကြောင့် ရွံရှာကြောက်ရွံ့ဖွယ် ဆက်ဆံကြရသည်ကို မခင်မင်း နားမလည်ပါ။ ဒါ ကြောင့်လည်း တစ်ခုလပ် ဘ၀ ကို ကြာရှည်ထိန်းသိမ်း ထားနိုင်ခြင်းမရှိဘဲ မကြာခင်မှာ ပင်နောက် အိမ်ထောင်ထူထောင် တက်ကြ လို့ပဲ သည်လို ၀ိုင်းကာဝန်းကာ အထင်သေးကြခြင်းလေလား။ ပေါက်ပင် ဘာ့ကြောင့် ကိုင်း မေးခွန်းမျိုး ပဲ ဖြစ်လိမ့်မည်ဟုတော့ မခင်မင်းမထင်ပါ။
တစ်ခါက မခင်မင်းတို့လိုင်းခန်းတွေထဲမှာ ကလေးပုစုခရုတွေ ဗုံစီသလို နှစ်နှစ် တစ်သား ကျနိုင် အားသော အမျိုးသမီး တစ်ယောက်ဟာ ယောက်ျားရဲ့ဝန်ထမ်းလစာလေးနှင့် မလောက်ရှာတော့ သူ့ခမျာ ဗိုက် အားတုန်း ပန်းရန်ဝင်လုပ်ရင်း တစ်ဖက်တစ်လမ်းရှာပါလျှက်နှင့် တစ်ရက်မှာ ယောက်ျားလုပ်သူက ရုတ်တရက် ထွက်ပြေး ပျောက်ကွယ်သွားခဲ့လေ သည်။ လင်ရှိစဉ်ကပင်တင် ခဲ့သောအကြွေးများနှင့်အတူ တစ်ယောက်တည်း ၏ ပန်းရန်လိုက်ဝင်ငွေကလေးနှင့် သားသမီး တစ်ပြုံကြီးကို ငတ်တစ်လှည့် ပြတ်တစ်လှည့် ရုန်းကန်ရှာဖွေကျွေးမွေးရင်း မကြာခင်မှာပင် "အနံ့"က ထွက်လာခဲ့သည်။
ဆန်တစ်ဘူး၊ ဆီတစ်မှုတ်ကူညီဖို့ စိတ်ကူးမရခဲ့သူ ပတ်ဝန်းကျင်က ထိုအချိန်တွင်မတော့ ကဲ့ရဲ့ ခြင်း၊ မဲ့ရွဲ့ခြင်း၊ ရွံ့ရှာစက်ဆုပ်ခြင်း၊ အော့နှလုံးနာခြင်း တာဝန်ကို ကျေးပွန်စွာ ထမ်းဆောင်ကြလေ သည်။ မခေါ်နိုင် မပြောနိုင်ရုံသာမက မျက်နှာချင်းဆိုင် ဆုံမိကြလျှင်ပင် ချာခနဲ လှည့်ပစ်ခြင်း၊ ခြေဆောင့်ခြင်း၊ ထွီခြင်း၊ ထွမ်ခြင်းများပင် လုပ်ကြသည်တဲ့။ ထိုဒဏ်များကို ဘယ်လိုစိတ်ခွန်အား နဲ့များ သူမ ကြံ့ကြံ့ခံ ခဲ့ပါလိမ့်။ လင်ယောက်ျား၏ ၀န်ထမ်းကိစ္စတွေရှင်းလို့ လိုင်းခန်းမှ ဖယ်ရချိန် ရွာမပြင်ခင်တစ်ရက်ကတော့ အရပ်ရှစ်မျက်နှာ ကြားအောင် အော်ဟစ်ဆဲဆိုသွားခဲ့လေသည်။ ငါ ××××× နဲ့ ငါ ပျက်တာဘာဖြစ်လဲ၊ ဘယ်သူ့××××× မှ ငှားပျက်တာ မဟုတ်ဘူးတဲ့။
မခင်မင်း တို့ အပျိုပေါက်တစ်သိုက် ကြက်သီးအဖီးဖီးထလောက်အောင် နားတွေထူပူရှက်ရွံ့ကြ ချိန်မှာ ခွတီး ခွကျ အပျိုးကြီးတစ်ယောက်က သူပြောတဲ့စကားမှန်သားပဲ မဟုတ်လားဟု ထောက်ခံ နေ၍ ၀ိုင်းထုမိ ကြ သေးသည်။
အဲသည်လို အားကိုးရာ လင်မရှိတော့လို့ အငတ်ဘေးအတွက် ဘ၀ပျက်သူ ရှိသလို လင်ကြီး ငုတ် တုတ် စီးပွားရေး လည်း ပြေပါလျက်နှင့် မျောက်မထားသူမျိုးလည်း တွေ့ဖူးတာပါပဲ။ ညဥ့်သန်း ခေါင် ဗိုက်နာတယ် ဟုဆိုကာ လင်ကြီးကိုနှိုး၊ အိမ်သာ နဲ့ ခပ်လှမ်းလှမ်းထိ လိုက်ပို့စောင့်ခိုင်း၊ အိမ်သာတံခါး အသံပေးပြီး ဟို နောက်ဘက် ချုံထဲမှာ မြွေမကြောက်၊ ကင်းမကြောက် လင်ငယ် နဲ့ တွေ့သည်တဲ့။ ကဲ....ဒီတစ်ခုလပ်၊ ဟိုတစ်ခုမှမလပ် သူက နောက်တစ်ခုထပ်ဖြည့် သွားတော့ ဘယ်သူဘာ ပြောနိုင်ကြသေးသတုန်း။
ရှုမငြီးလှပလွန်းတဲ့ အပျိုမလေး တစ်ယောက်ဆိုလျှင်ကော။ ဆံပင်ရှည်ကြီးကို ဖြန့်ချထားလျှင် တစ်မျိုး၊ ကျစ်ဆံမြီး ရှည်ရှည်ကြီးနဲ့ တစ်သွယ်၊ မျက်နှာသွယ်ရှင်း လေးမှာ ဆံထုံးပုံ့ပုံ့ကြီးနဲ့ တစ်ဖုံ၊ သူမို့လို့ လမ်းထွက် လာရင် ဣနြေ္ဒအရှိန်အ၀ါတွေကြောင့် ရင်သပ်ရှုမောငေးကြည့်ကြရင်း လူသားအားလုံး လေးစား ခံရသူ လေးမှာ မဖုံးနိုင်မဖိနိုင်သော လင်ကောင်က ဖော်လို့မရ။ ခိုးစား နေသော ရည်းစားမက လူဦးရေက တစ်ယောက်တည်း မဟုတ်လို့တဲ့။
သားသမီးရှစ်ယောက် မွေးထားသော မိသားစုမှာ လက်ခစားလက်သမားလုပ်သူ ဖခင်က ယာဉ် မတော်တဆ မှု တစ်ခုနဲ့ သေအသွား ကားသမားကလည်း ကြည်ကြည်ဖြူဖြူ ထောင်ထဲဝင်သွားလို့ လျော်ကြေး တစ်ပြားမှ မရလေတော့ မုဆိုးမပူပူနွေးနွေးကြီးဟာ ဒီကလေးအများကြီးနဲ့ နောက်အိမ် ထောင် ထပ်ပြု လို့မရနိုင်သလို သူတစ်ယောက်တည်းလည်း ရှာမကျွေးနိုင်ပါဟုဆိုကာ မစားရ မသောက်ရ ဗုံးပေါလအော ရနေသော လူအများ၏ ကရုဏာများကို မခံယူနိုင်ရှာတော့ဘဲ ခြောက်လသားအရွယ် အငယ်ဆုံး ကလေးကို ချန်ထားခဲ့ကာ အဆိပ်သောက်သေလိုက်လေသတဲ့။
ကိုးတန်းကျောင်းသူ သမီးအကြီးဆုံးလေးနှင့် ရှစ်တန်း၊ ခြောက်တန်းအရွယ် ယောက်ျားလေးနှစ် ယောက် တို့ ကျောင်းထွက်ကြပြီး ဈေးရောင်းရင်း လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေမှာ ၀င်အလုပ်လုပ်ကြရင်း ကျန် မောင်နှမလေး များကို ရှာဖွေကျွေးမွေးကာ ဘ၀ဆိုးကို ရင်ဆိုင်ကြသတဲ့။ အပြစ်မဲ့ သားသမီးများ ဆိုပေမယ့် ရွေးချယ်ခွင့်မရှိသော မိဘများ၏ ဒုက္ခ၀ဋ်ကြွေးကို ခံယူကြရ ရှာသည်လေ။
မခင်မင်းတို့လို ၀န်ထမ်းများ၏အကြီးအကဲ အမျိုးသမီးကြီးတစ်ယောက်မှာတော့ ငယ်နုစဉ်က ပ၀ါ ပါးကို ကြက်သား ထုပ်မိရာ အိမ်ထောင်သက်ရှစ်လခန့်မှာမှ မယားကြီးရှိကြောင်း သိခဲ့ရရှာသည်။ သိသိချင်းပင် ထိုယောက်ျား ကို ကွာရှင်းပစ်လိုက်ကာ ကပ်ပါလာသော ကိုယ်ဝန်သုံးလကို တစ်ယောက်တည်း စောင့်ရှောက် ရင်း မွေးဖွားလာသော သားလေးတစ်ဦးနှင့်အတူ မွေးဖွားလာ သောသားလေးတစ်ဦးနှင့်အတူ ယခု ပင်စင်ယူပြီးချိန်ထိ အရာအားလုံးကို ရဲရဲရင့်ရင့် ရင်ဆိုင်နေ ထိုင်သွားခဲ့သော်ငြား နောက်အိမ်ထောင် ထပ်မပြုဘဲ သားသမီးများနှင့် သက်ဆုံးတိုင်ရင်အုပ် မကွာ နေထိုင်သွားသူတွေလည်း အများကြီးရှိတာပါပဲ။
အဲသည်တော့ အရှိကိုအရှိအတိုင်း လက်ခံဖို့ကြိုးစားကြရအောင်လား။ အပျိုရယ်၊ အအိုရယ်၊ တစ်ခုလပ် ရယ်၊ မုဆိုးမရယ် မခွဲခြားမနေတော့ဘဲ မကောင်းရင် မကောင်းဘူး၊ ကောင်းရင် ကောင်းတယ်ပေါ့။ မရေမရာ ထင်မြင်ချက်တွေနဲ့...နိုင်တယ်၊ .....တတ်တယ်၊ .....မှာပဲဆိုတာ တွေရပ်လိုက်ကြရအောင်လား။
ဖြစ်နိုင်ရင်တော့ မခင်မင်းက "မြန်မာနိုင်ငံလုံးဆိုင်ရာ တစ်ခုလပ်အမျိုးသမီးများအသင်း"ဟုပင် ထူထောင် လိုက်ချင်သေးကာ ဘ၀တူချင်း စိတ်တူကိုယ်တူ ဖေးမကူညီရိုင်းပင်းကြရင်း မိခင်များဆီ မှာသာ ကျန်ခဲ့သင့်သော သားသမီးများကို လူလားမြောက်အောင် စောင့်ရှောက်ကြမည်။ မကောင်း ဘူးလား။ ထိုအခါ တစ်ခုလပ်ဘ၀နှင့် လောကအလယ် ရပ်တည်ရန်ကြောက်ရွံ့မှုကြောင့် လင်ယောက်ျား၏ ဆိုးမျိုး တစ်သိန်း ကို ကြိတ်မှိတ်မျိုသိပ်ခံယူကာ စိတ်ဒုက္ခ၊ သောကရောက်နေရ သူအမျိုးသမီးများအား လွတ်လပ်ခွင့် ရအောင် ကူညီပေးနိုင်လိမ့်မည်။
တက္ကသိုလ်မှာကတည်းက ခင်ခဲ့သော မခင်မင်းတို့ သူငယ်ချင်းတစ်ယောက်၏ ယောက်ျားမှာ ရူးသွပ်မှု စိတ်ဝေဒနာဖြစ်နေကြောင်း ကြားရတော့အားလုံစိတ် မကောင်းကြ၊ သူငယ်ချင်းတစ်သိုက် အားပေး ရန် ရောက် သွားကြတော့ ကာယကံရှင်သူငယ်ချင်းက ပြောသည်။
"အလကားပါဟာ ချေးကျွေးရင်တော့ စားမှာမဟုတ်ဘူး၊ လူပါးဝကောင်းရုံ၊ သူများကို စော်ကား ကောင်းရုံ ရူး တာပါ"
သေသေချာချာ အကဲခတ်ကြည့်တော့ သွက်သွက်ခါနေတာ မဟုတ်။ ဒါပေမယ့် ပုံမှန်လည်း မဟုတ်၊ ကျောင်းတုန်း က အလွန်လှပခဲ့သော သူမ၏ရုပ်ရည်မှ မထင်မှတ် နိုင် လောက်အောင် ကျဆင်းအိုစာ နေခဲ့တာ မို့ကိုယ့်ရဲ့တစ်ဦးတည်းသော သမီးလေးကို ငဲ့ရန် ဒီလောက်ကြီး ထိ ပစ်စလက်ခတ်မနေဖို့၊ စိတ် အားတင်း ထားဖို့ ၀ိုင်းပြောကြရသည်။
"နင့်ယောက်ျားရူးသွားတာဟာ နင်ကဥမ္မာဒန္တီဝင်စားလို့ သူငယ်ချင်းရဲ့၊ နင့်ရဲ့အလှအပ၊ ဘုန်းကံ ကို မယှဉ်နိုင်လို့ သိဝိမင်းကြီးရူးသလို သူရူးသွားရတာ၊ နင်က ဥမ္မာဒန္တီပါ သူငယ်ချင်းရယ်"
မခင်မင်း ၏ အားပေးစကားကို သူငယ်ချင်းအပေါင်းက သဘောကျ ထောက်ခံကြသည်။
ကျောင်းငယ်လေး တစ်ကျောင်းမှာ ဆုံဖူးသော ဆရာမအငယ်လေးတစ်ယောက်ကတော့ သူမ၏ မိခင်မှာ နစ်ခုလပ်ပြီး သုံးခုမြောက်အိမ်ထောင်ထူထားသူ ဖြစ်၏။ သူမမှာလည်း အရွယ်ငယ်ငယ် နှင့် အိမ်ထောင် ကျပြီး ယောက်ျားက မူးရူးရိုက်နှက်သော်လည်း အိမ်ထောင်ကွဲပြီး (တကယ်လို့) နောက်အိမ်ထောင် ထူဖြစ်ပါက "ဒီအမေရဲ့သမီး၊ ဒီအမေလိုပဲလာမှာပေါ့"ဆိုတာမျိုး အပြောခံရမှာ ကြောက်၍အလွတ်မရုန်းဘဲ ကြိတ်မှိတ် ခံရှာသည်။ တစ်ခါတစ်ရံမှာ ကျောင်းကို အညိုအမည်းဒဏ် ရာဗရပွနှင့် ရောက်လာတတ်သည်။
"ကျွန်မလေ...မိုက်ခနဲ လူကစိုက်ကျပြီး လှေကားထစ်ပေါ်ကနေ အောက်ကို ထိုးကျသွားတာ"
လှေကားထစ် ပေါ်က အောက်ကို ထိုးကျတာဟာ မျက်ကွင်းကြီးညိုနေစရာလား၊ ခေါင်းပေါက်ပါ တော့လား၊ လက်တွေ၊ ခြေထောက်တွေ၊ နံရိုးတွေ ကျိုးပါတော့လား။
"နင်က သူအရက်သောက်တာကိုတားလို့ အဲဒါကိုမကြိုက်လို့ရန်လုပ်တယ်ဆိုရင် မတားနဲ့ပေါ့။ သူ ကြိုက်သလောက် သောက်ပါစေ။ အိမ်မှာအကုန်ပြည့်စုံအောင် လုပ်ထားပေးလိုက် မူးရင်ပြီးရော အရက် အကောင်းစားတွေ လုပ်မနေနဲ့"
အပေါစား အရက်တွေ ကြိုက်သလောက်သောက်ခွင့်ပေးပြီး ခြောက်လလောက်အကြာမှာ သူ့ယောက်ျား ဘ၀ပြောင်းသွားလေသည်။ အကြံကောင်းပေမိသော မခင်မင်းမှာ ရယ်ရခက်၊ ငိုရခက်။ လာဖမ်း မှာ ကြောက်လို့ ဘယ်သူ့မှလည်း မပြောရဲ၊ အဲသည်လိုတွေ။
ရွံရှာစက်ဆုပ် အော့နှလုံးနာပါလျက်နှင့် ပေါင်းနေရသူ အမျိုးသမီးများအတွက် ထိုအသင်း၏ ဆောင်ပုဒ် ကိုပင် "မကောင်း-ဂျောင်း"ဟုပေးကာ တကယ်ပဲ မကောင်းလို့ကတော့ တကယ်ပဲ ဂျောင်းပစ်လိုက် စေချင်သည်။ ကိုယ့်ဘက်က အမှားမရှိဘူးဆိုမှတော့ ခပ်မာမာ၊ ခပ်မော့မော့ပေါ့။ ကိုယ့်ထမင်း ကိုယ်ရှာစားနေတာမို့ ဘယ်သူ့မျက်နှာကြည့်နေရမလဲ။ မခင်မင်းတို့ကတော့ အလှပြင်မပျက်ပေ။
အသားညိုသော မခင်မင်းမှာ မျက်နှာပြောင်နှင့်နေလျှင် တောကမိအေးကမှ ပိုလှဦးမည်ဟု အနည်း ငယ် ကြည့်ကောင်းအောင် မိက်ကပ်ပါးပါးတင်၊ မျက်ခုံး မျက်လုံး နည်းနည်းဖွင့်ပြီး နှုတ်ခမ်း နီလေး စွက် လိုက်ရတတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်းမှန်ကြည့်နေတာမို့ ကိုယ့်အရွယ် ကိုယ်သိပြီးသား၊ ရိုင်းရိုင်း ပြောရလျှင် မီးမထွန်းခြောက်ပြား၊ မီးထွန်းအလကား ဆိုတဲ့ အရွယ် ရောက်နေပြီပဲ။ ငယ်ချင်လို့မဟုတ်ဘဲ အသက်ကြီး သွားပေမယ့် ကျန်သေးသားပဲဟု မြှောက်အ ပြောခံချင်တာရယ်၊ စိတ်လက်ချမ်းသာမှု အရှိန်ရယ် ကြောင့်သာ အလှပြင်ဖြစ်ခြင်းဖြစ်သည်။ ဒါကို တချို့ကနင်တို့အမေ အလှတွေမပြင်စေနဲ့ဟု သားသမီး များကို မြှောက်ပေးတတ်ကြသည်။
သည်တော့ "ဟင်"ဆိုလျှင် လှည့်မကြည့်ချင်သော၊ ရှေ့စကားနှင့်နောက်စကားကို ၉၀%လောက် ကိုက်ညီ ချင်သော မခင်မင်းက ဘုရားစင်ရှေ့မှာ သားသမီးများကို ကတိပေးသစ္စာဆိုကာ ယုံကြည် မှု တည်ဆောက် ထားလိုက်သည်။ ဒါကိုကျောင်းမှာ ပြောပြတော့ ဆရာမတစ်ယောက်က နောက်သည်။
"အဲဒီလို ယတိပြတ်ကြီးတော့ လုပ်မထားနဲ့လေ။ စဉ်းစားစရာလေးတွေရှိရင်လည်း ရှိလာမှာပေါ့၊ ဥပမာ ရွှေတစ်တင်း နဲ့ နေ့ချင်းသေလေး ဆိုရင်ကော ဘယ်လောက်ကောင်းထားလဲ"
အတန်းချိန် အပြောင်း မို့ ဆရာမတွေနားနေခန်းထဲဝင်လာသော နောက်တစ်ယောက်က နားစွန်နား ဖျား ဖြင့် ၀င်ပြောသည်။
"အဲဒါ နောက်လာနေတဲ့ ကိုရီးယားကားလား၊ ရွှေတစ်တင်းနဲ့ နေ့ချင်းသေ ဟုတ်လား၊ ဘယ်လိုင်း မှာ လာတာလဲ ဘယ်အချိန်လာမှာလဲ"
တကယ်ပဲ နေ့မကူးဘူး ဆိုလျှင်တော့ ဘယ်အချိန်လာမှာလဲ ဆိုတာ မခင်မင်း လည်း သိချင်ပါသေး သည်။
စာရေးသူ - မကို
မဟေသီ...2011 စက်တင်ဘာလ
.
8 comments:
It is a really good story. It can describe actual nature of the divorced-woman feeling. From that story, the reders can sympathy to the divorced-woman.
တစ်ခုလပ်မလေးတွေကို သနားမိတယ်။ ဒါဖြင့် သူကြီးမင်း တာဝန်ယူပါတော့လားဆိုရင်တော့.. အမရွှေစင်ရေ... တစ်ခုလပ်မ အိမ်ဆို ဆွမ်းမခံကောင်းဘူးတဲ့ဗျားးးး။ ဟာ ဟ။
ကျန်းမာပျော်ရွှင်ပါစေ။
ခင်မင်လျှက်
တစ်ခုလပ်ဆိုရင် နိမ်ချင်သူကများ
ပြောချင်သူက အများသားနော်
ဒါပေမဲ့ ယောက်ျားက သေလုအောင်နှိပ်စက်
တစ်သက်လုံး စိတ်မချမ်းမသာနဲ့ ဘဝကို ကျော်ဖြတ်ရတာထက်စာရင်
တစ်ခုလပ်ဘဝက ပိုပြီးကောင်းပါတယ်။
အချစ်ဆိုတာကို မခင်မင်းက လှောင်ပြုံးလေးပြုံးလိုက်တာ အဲဒီအပြုံးလေးက လှမယ်လို့ထင်တယ်။
မခင်မင်းကိုထောက်ခံသူ
အင်း ဟုတ်တယ်မမရေ ...မမချောပြောသလိုပဲ ... :):) ညီမလေးလည်း ထောက်ခံပါ၏။ :P
သူကြီးမင်းဆိုတဲ့လူ မရှက်လို့ ဆွမ်းသွားခံရင်လဲ ပါးရိုက်လွှတ်တာပဲ ခံရမှာပဲ။
အင်းဘ၀အထိုထိုရှိကြ တာမို့ မပြောကောင်းဘူးလေ.
သူတို့လဲဘယ်ဖြစ်ချင်ကြပါ့မလဲနော်။။း(
ရေးတတ်လိုက်တာ၊ သိတ်ကြိုက်တယ်။ ကျေးဇူးပါ အမဇင်နဲ့ စစရေ...
ပတ်ဝန်းကျင်ဆိုတာမျိုးက ဒုက္ခရောက်နေရင်သာမကူညီရှိရမယ်။ သူများကိုကဲ့ရဲ့ဖို့၊ အပြစ်ရှာဝေဖန်ဖို့ကျတော့ အားတက်သရောပဲ။ ဘုရားတရားလုပ်ဖို့သာ အချိန်မရှိရင်နေရမယ် သူများဘာလုပ်နေလဲ မျက်စိဒေါက်ထောက်ပြီးစပ်စုဖို့ကျတော့ အားကြသလားမမေးနဲ့....။
ဟုတ်ပါတယ်...နိုင်တယ်၊ .....တတ်တယ်၊ .....မှာပဲဆိုတဲ့မရေမရာ ထင်မြင်ချက်တွေနဲ့ အချိန်တွေကိုအချည်းနှီးကုန်နေစေမယ့် အစား အရှိကိုအရှိအတိုင်း လက်ခံဖို့ကြိုးစားလိုက်တာ အကောင်းဆုံးပါပဲ။
ဖတ်လို့ကောင်းတယ် မမရေ...ကျေးဇူးပဲ။
ချစ်ညီမလေး
Post a Comment