(၂၅)
စင်တိန်အား သဲကန္တရလွင်ပြင်နှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ရှာပုံတော်ဖွင့်ရန် ဂါရီကုတ်နေနှင့် အန်စတော့ တို့ ၀င်းဟုပ်မြို့သို့ ရောက်လာသည်။ ၀င်းဟုပ်မြို့သည် တစ်ချိန်က ဂျာမန်တို့၏ အနောက်တောင် အာဖရိကမှ မြို့တော် ဟောင်း ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ကမှ အင်္ဂလိပ်လက်အောက်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုနယ်မြေ ၏ စစ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး ဂျွန်စစ်ကင်ဟမ်က ဘူတာရုံမှနေ၍ သူတို့အား ပျူပျူငှာငှာ ဆီးကြိုသည်။ ဗိုလ်ချုပ်ကြီး ဂျယ်နီစမတ်နှင့် ၀န်ကြီးချုပ် လူဝစ္စဘိုသာတို့က သူ့ထံ ကြေးနန်းများ ပေးပို့ပြီး ဂါရီကုတ်နေ အား လိုလေ သေးမရှိ ကူညီရန် အကြောင်းကြားပြီး ဖြစ်သည်။
"တွေ့ရတာ ၀မ်းသာပါတယ် ဗိုလ်မှူးကြီး ကုတ်နေခင်ဗျား၊ ဗိုလ်မှူးကြီးရဲ့သား လေကြောင်းတိုက်ပွဲမှာ ကျဆုံး သွားရ တဲ့အတွက် ၀မ်းနည်းကြောင်း ဦးစွာ ပြောပါရစေ" ဗိုလ်မှူးကြီး ဂျွန်စစ်ကင်ဟမ်က လောက၀တ် စကား ပြောလိုက် သည်။
"ကျေးဇူးတင်ပါတယ်ဗျာ၊ ဟောဒီက မစ္စအန်စတောနဲ့ ဦးစွာ မိတ်ဆက်ပေးပါရစေ" ဂါရီက သူ့ဘေးတွင် ရပ် နေသော အန်ဘက်သို့ လှည့်ပြီး စစ်အုပ်ချုပ်ရေးမှူးနှင့် မိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာ ၀မ်းသာပါတယ်ဗျာ" စစ်အုပ်ချုပ်ရေးမှူးက အန်အား လက်ဆွဲ နှုတ်ဆက်သည်။
"အန်က နစ်မြုပ်သွားတဲ့ ပရိုတီကယ်စယ်ပေါ်က ခရီးသည်တစ်ဦးပေါ့၊ အင်ဖလက်ဝီဘယ်သင်္ဘောက ပင်လယ်ပြင် က ကယ်တင်ခဲ့တဲ့ လူတချို့ထဲမှာ အန်လဲပါတယ်လေ" ဂါရီက စစ်အုပ်ချုပ်ရေးမှူးအား ရှင်းပြ သည်။
"တကယ့်ကြီးမားတဲ့ အတွေ့အကြုံပါပဲလားဗျာ၊ ဗိုလ်မှူးကြီးကုတ်နေ ခင်ဗျာ၊ ဗိုလ်မှူးကြီးတို့ လိုအပ်သမျှ အကူအညီ ကို ကျွန်တော်ပေးဖို့ အသင့်ရှိကြောင်း ပြောပါရစေ"
"ကျွန်မ တို့ မော်တော်ကား တော်တော်များများ လိုမယ်၊ ပြီးတော့ ကျွန်မတို့ကို ကူညီဖို့ လူတွေ လိုမယ်၊ အဲဒါ တွေကို အမြန်ဆုံး လိုချင်တယ်" ပြင်သစ်မကြီး အန်က ပိုင်ပိုင်နိုင်နိုင်ကြီးပင် ပြောလိုက်သည်။
သူတို့ လိုအပ်သမျှကို စစ်အုပ်ချုပ်ရေးက ကူညီစီစဉ်ပေးသည်။
တီပုံစံ ဖို့ဒ်ကားအသစ်တစ်စီးကို ဂါရီနှင့် အန်တို့ ရှေ့ဆုံးမှ ဦးဆောင်စီးနင်းသွားရန် စီစဉ်လိုက်သည်။ သဲကန္တာရခရီးနှင့် လိုက်လျောညီတွေ ဖြစ်အောင်လည်း ပြုပြင် မွမ်းမံလိုက်သည်။ လိုအပ်သော ပစ္စည်း ပစ္စယအ၀၀ တင်သွားရန် အော်စတင်လောရီကားလေးစီးလည်း စီစဉ်ပေး သည်။ တစ်စီးလျှင် ကုန်ပစ္စည်း တန်ချိန် တစ်ဝက်ခန့် တင်နိုင်သည်။ နောက်ဆုံးကားတွင် ရေဂါလံ ၅၀၀ ဆန့်သော တိုင်ကီကြီးကို စစ်အင်ဂျင်နီယာ များက မီးရထားအလုပ်ရုံ၌ ပြုပြင်ပြောင်းလဲ တပ်ဆင်ပေးလိုက်သည်။ မော်တော်ယာဉ် တိုင်း တွင် ယာဉ်မောင်း တပ်ကြပ်ကြီးတစ်ဦးနှင့် လက်ထောက်တစ်ဦးစီကို မောင်းနှင်ရန် တာဝန် ပေးလိုက်သည်။
ဂါရီနှင့် အန်တို့ ၀င်းဟုပ်မြို့သို့ ရောက်ပြီးနောက် ၃၆နာရီအကြာတွင် ကန္တရခရီးကြမ်းကို လျှောက်လှမ်းရန် သူတို့ အသင့် ဖြစ်နေကြသည်။ ပရိုတီးကက်စယ် ဆေးရုံသင်္ဘောကြီး ဂျာမန်တိုပီဒိုထိမှန်ခံရပြီးနာက် ၁၄ရက် အကြာ၊ နံနက် ၄နာရီအချိန် တစ်မြို့လုံး အိပ်မောကျနေခိုက်တွင် သူတို့မော်တော်ယာဉ်တန်း ၀င်းဟုပ် မြို့မှ ထွက်လာခဲ့ကြသည်။
အင်ဂျင်နီယာများ၊ စက်ပြင်ဆရာများ၊ စစ်ဘက်ပါရဂူများက လက်တွေ့ဆန်ဆန် ဆန်းစစ်တွက်ချက်ပြပြီး အတန်တန် တားသော်လည်း အန်၏ ခိုင်မာပြတ်သားသော သန္နိဌာန်က ယိမ်းယိုင်ပျက်ပြား မသွားပါချေ။ မြို့ထဲ မှ ထွက်လာပြီး နောက် ကမ်းရိုးန်း နောက်ဘက်တွင် ဖုန်များ တထောင်းထောင်းထပြီး ကျန်ရစ် ခဲ့သည်။
အာဖရိကတောင်ပိုင်း သဲကန္တာရ လွင်ပြင်ကျယ်ကြီး၏ အစပ်တွင် ရှိသော ဆွာကောမန်းမြို့ထဲသို့ သူတို့ယာဉ်တန်း ၀င်သောအခါ အချိန်မှာ နေမွန်းတည့်ချိန်ရောက်ပြီ ဖြစ်သည်။ ဟိုတယ်တစ်ခုရှေ့တွင် ကားတန်ကို ရပ်လိုက်သည်။ နေပူဒဏ်နှင့် ပင်ပန်းမှုဒဏ်ကို ဂျာမန်ဘီယာဖြင့် ဖြေသိမ့်ကြသည်။ ဂါရီက သူ့လူအားလုံးကို ဘီယာနှင့် ဧည့်ဝတ်ပြု သည်။ ပထမတစ်ခွက်စီ သောက်ကြပြီး ဒုတိယတစ်ခွက် စသောက်စ တွင်ပင် အန်ရောက်လာပြီး ဂါရီအား ပြောတော့ သည်။
"ဂါရီ ... ရှင် အချိန်ဖြုန်းနေတာလားဟင်"
"ကဲ ... ရဲဘော်တို့ မြန်မြန်လက်စသတ်လိုက်ကြ၊ လုပ်စရာ အလုပ်တွေ ရှိသေးတယ်၊ သွားကြစို့" ဂါရီက သူ့လူ များကို လောဆော်လိုက်သည်။
ရှာပုံတော်ခရီး အဖွဲ့သားများအဖို့ ဤခရီးတွင် မည်သူက ဦးဆောင်အမိန့်ပေးနေကြောင်း ရိပ်စားမိ သွားကြသည်။ ထို့ကြောင့် လက်ကျန်ဘီယာများကို အမြန်ရှင်းကာ အန်နှင့်မျက်နှာချင်း မဆိုင်မိအောင် ရှောင်ပြီး အလျှိုအလျှို ထွက်သွားကြသည်။ သူ့လူများက ကားဆီဖြည့်၊ သောက်ရေဖြည့် စသည့်ဖြင့် လိုအပ်ချက် များကို ပြုလုပ်နေစဉ်တွင် ဂါရီက ရဲစခန်းကို စုံစမ်းမေးမြန်းပြီး သွားရောက်သည်။
ဂါရီ ရောက်လာမည်ကို ရဲကြပ်ကြီးအား ဆိုင်ရာမှ ကြိုတင် အကြောင်းကြားထားပြီးဖြစ်၍ ပျာပျာသလဲ ကြိုဆို ရှာသည်။
"ဗိုလ်မှူးကြီး သုံးလေးရက်လောက်နေမှ ရောက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတာ၊ လိုအပ်တဲ့ အကူအညီ တွေကို ကျွန်တော်တို့ စီစဉ်ပေးပါမယ်၊ ဒီနေရာ ဒီဒေသ အကြောင်း ကောင်းကောင်းသိတဲ့ လူသိပ် မရှိပါ ဘူး၊ ဒါပေမယ့် ဗိုလ်မှူးကြီးတို့အတွက် လမ်းပြလုပ်ပေးနိုင်မယ့် လူတစ်ယောက် ကျွန်တော်တို့ ဆီမှာ ရှိပါတယ်" ရဲကြပ်ကြီးက ပြောလိုက်သည်။
ထို့နောက် ရဲကြပ်ကြီးသည် နံရံတွင် ချိတ်ထားသော သော့တွဲကို လှမ်းယူလိုက်ပြး ဂါရီအား အချုပ်ခန်း များဘက်သို့ ခေါ်သွားသည်။
"ဟေ့ကောင်ငမည်း ... ထစမ်းကွာ"
ရဲကြပ်ကြီးက အချုပ်ခန်းတံခါးကို ဖွင့်ရင်း ဟောက်လိုက်သည်။ ဂါရီက အချုပ်ခန်းထဲ လှမ်းကြည့်လိုက်ရာ မျက်စိ တစ်ဖက်တွင် သားရေပြားဖြင့် ပိတ်ထားသော လူမိုက်ပုံ အထင်းသားပေါ်နေသည့် လူမည်း ငရမန်ကန်း တစ်ယောက်ကို တွေ့လိုက်ရသည်။
"အခု ဗိုလ်မှူးကြီးတို့ သွားမယ့်နေရာတွေကို ဒီအကောင်နယ်ကျွမ်းတယ်၊ ကြံ့အစွယ်တွေ၊ ဆင်အစွယ် တွေကို အဲဒီ နယ်မြေမှာ ဒီကောင် ခိုးထုတ်နေလို့ ထောင်ငါးနှစ်ကျတာပေါ့၊ ဟုတ်တယ်မဟုတ်လား ကာလီဝိတ်"
ရဲကြပ်ကြီးက ပြောပြလိုက်ရာ ကာလီဝိတ်ဆိုသူ လူဆိုးက မျက်စိပေကလတ် ပေကလတ် လုပ်နေသည်။
"ဗိုလ်မှူးကြီး စိတ်ကျေနပ်အောင် သူ လုပ်ပေးမယ်ဆိုယင် သူ့အတွက် ကျန်တဲ့ထောင်ဒဏ် နှစ်နှစ်သုံးနှစ်ကို လွှတ်ပေး မယ်"
ရဲကြပ်ကြီးက ရှင်းပြလိုက်သည်။
"တကယ်လို့ ကျွန်တော့်အတွက် ကျေနပ်ဖွယ် မရှိယင်ကော"
ဂါရီက မေးလိုက်သည်။
"လွယ်ပါတယ်၊ ဒီအကောင့်ကို ဒီပြန်ခေါ်လာစရာ မလိုတော့ဘူးပေါ့၊ ဘယ်သူ့မှ မတွေ့နိုင်မယ့်နေရာ တစ်နေရာရာ မှာသာ မြှုပ်ပစ်ခဲ့ပါ ဗိုလ်မှူးကြီး"
"သခင်ကြီး ခင်ဗျား၊ ဒီနယ်မြေက သစ်ပင်တိုင်း၊ ကျောက်ဆောင်တိုင်း သဲပွင့်တိုင်းကို ကျွန်တော် ကောင်းကောင်း သိပါ တယ်၊ သခင်ကြီးရဲ့ သစ္စာရှိ ခွေးတစ်ကောင်လို ကျွန်တော် အမှုထမ်းပါ့မယ်"
ကာလီဝိတ်က ၀င်ပြောသည်။
သို့ဖြင့် ဂါရီသည် ကာလီဝိတ်အား လမ်းပြအဖြစ် ခေါ်လာခဲ့သည်။ အန်သည် ကားနောက်ခန်း၌ အသင့် ထိုင် စောင့်နေ ရာက ဂါရီအား လှမ်းပြောလိုက်သည်။
"ဘာလို့ ရှင် ဒီလောက် ကြာနေရတာလဲ၊ ကျွန်မကလေး စင်တိန်ဟာ ဒီသဲန္တာရထဲမှာ တစ်ယောက်တည်း ရောက်နေ မှာ ၁၆ရက်ရှိပြီရှင်"
ဂါရီက ကာလီဝိတ်အား တပ်ကြပ်တစ်ဦးလက်သို့ လွှဲအပ်ပေးလိုက်ရင်း ပြောလိုက်သည်။
"တပ်ကြပ်ကြီး ... ဒီအကောင် ထွက်ပြေးဖို့ ကြိုးစားယင် ပစ်သာ သတ်လိုက်"
ဂါရီနှင့် အန်တို့၏ မော်တော်ကားတန်းကြီး စတင် ထွက်သွားကြသည်။ မြို့မှ ထွက်ပြီး မကြာခင်ပင် လမ်းဟူ၍ မရှိတော့သဖြင့် လမ်းသစ်ထွင်ပြီး လမ်းကြောင်းရှာကာ မောင်းရသည်။ ထို့ကြောင့် နောက်ထပ် မိုင်၄၀ခန့် ခရီး ကို လေးရက်ကြာ မောင်းရသည်။ ရေခန်းခြောက်နေသည်မှာ နှစ်ပေါင်း ရာချီလောက်ပြီဟု ခန့်မှန်းရသော ချောင်းကော ကြီးကို ဖြတ်မောင်းသည်။
မြေများ ပတ်ကြားအက်က အလွန်ကျဉ်းသော လမ်းတွင် ကားတစ်စီး မှောက်သွားသည်။ နောက်ထပ် ကားတစ်စီး နောက်ဘက် အက်ဆယ်ကျိုးသွားသည်။ ထို့ကြောင့် ထိုကားနှင့် ပစ္စည်းတချို့ကို စွန့်ပစ် ထားခဲ့ရသည်။ နေ့လယ်ဘက် နေအလွန်ပူပြင်းချိန်များတွင် မော်တော်ကားရေက မကြာခမဏ ပွက်ပွက် ဆူလာ သဖြင့် အင်ဂျင်စက်အေးအောင် နာရီဝက်တစ်ခါကားရပ်ပြီး နားရသည်။ တစ်နေ့တွင် မော်တော်ကားဘီးကို ၁၅ကြိမ်တိတိ ရပ်ပြီး လဲရသည်။
ပဉ္စမမြောက်နေ့ နံနက်စောစောတွင် လောင်မီးတောင်တန်းကြီးပေါ်မှ ဘရင်းဘတ်တောင်ထိပ်ပေါ်၌ လမ်းပြ ကာလီဝိတ် ပျောက်ဆုံးသွားတော့သည်။ ကာလီဝိတ်သည် ရိုင်ဖယ်တစ်လက်၊ ကျည်ဆန် အတောင့်၅၀၊ စောင်တစ်ထည်၊ ရေပုလင်း ငါးလုံး၊ ရွှေလက်ပက်နာရီတစ်လုံးနှင့် ရွှေဒင်္ဂါးအပြား ၂၀တို့ကို ခိုးယူ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဂါရီက ကားတစ်စီးဖြင့် အနီးတစ်ဝိုက်တွင် တွေ့ရာသင်္ချိုင်းဓားမဆိုင်း လိုက်ရှာသေးသည်။ သို့သော် ကာလီဝိတ် က သူတို့ထက် လည်သည်။ ကားမရောက်နိုင်သော တောင်ကြားလျှိုမြောင်တစ်ခုထဲတွင် ၀င်ပုန်း နေလိုက်သည်။ ဂါရီ လက်လျှော့ပြီး ပြန်လာရသည်။
အန်က စိတ်မရှည်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"သူပြေးတာ ပြေးပါစေ၊ သူမပါယင် ကျွန်မတိုအတွက် ပိုတောင် စိတ်ချလုံခြုံသေးတယ်၊ ကျွန်မ သမီးလေးနဲ့ ခွဲခဲ့ရတာ ရက်၂၀တောင် ရှိလာပြီ၊ ရှေ့ဆက်သွားမယ်၊ ကျွန်မတို့ လမ်းမှာ ဘာမှတားဆီးလို့ မရဘူး"
တစ်နေ့ထက် တစ်နေ့ ခရီးလမ်းက ပိုမို ခက်ခဲလာသည်။ အသွား ပိုနှေးကွေးပြီး ခရီးပိုမတွင်ဘဲ ဖြစ်လာသည်။ နောက်ဆုံးတွင် ကျောက်ဆောင်ကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ ဂါရီအဖို့ ခြေကုန် လက်ပန်းကျသလို ဖြစ်သွားရသည်။
"ဒါကြီးကို ဖြတ်ကျော်ဖို့ဆိုတာ တစ်လလောက် ကြာမယ်၊ ရေထဲကနေ ကမ်းခြေအထိ ရောက်လာ ယင်တောင်မှ ဒီကျောက်ဆောင်ကြီးကို အသက်နဲ့ခန္ဓာမြဲပြီး ဖြတ်ကျော်လာနိုင်မှာ မဟုတ်ဘး"
ဂါရီက ကျောက်ဆောင်ကြီးကို ကြည့်ရင်း ပြောလိုက်သည်။
"အန်"
"ဂါရီ"
အန်က ဂါရီလက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးအား သူမမျက်လုံးအစုံနှင့် စိုက်ကြည့်ကာ တစ်လုံးချင်း ဆက်ပြောသည်။
"ဂါရီ ကျွန်မ ဒီနေရာကနေ ရပ်ကြည့်နရင်း အတွေးတစ်ခု ၀င်လာတယ်၊ ကျွန်မတို့ကို ဒီလောက်ဝေးတဲ့ ဒီနေရာ အထိ ခေါ်လာနိုင်မယ့်လူမျိုး ရှားပါးတယ်၊ ရှင်သာမပါယင် ကျွန်မ ဒီအထိ မရောက်နိုင်ပါဘူး၊ ရှင်ဟာ စာအုပ်တွေ တော်တ်ာများများ ရေးခဲ့တဲ့အတွက် ပညာရှိတစ်ယောက်ဆိုတာ ကျွန်မ သိခဲ့ပါတယ်၊ အခုတော့ ရှင့်ရဲ့ခိုင်မာပြတ်သား တဲ့ ဇွဲလုံ့လကိုပါ ထပ်သိရပါပြီ၊ ရှင်ဟာ ကိုယ်လျှောက်ရမယ့် လမ်းမှာ ဘယ်လို အတားအဆီးမျိုးကိုမဆို ဖယ်ရှားပစ် မယ့် လူစားမျိုးပါ"
အန်က ဂါရီလက်မောင်းကို ဆုပ်ကိုင်ထားသော သူမလက်အား ခပ်တင်းတင်းလေး ညှစ်လိုက်သည်။ နွေးထွေး သန်မာ သော သူမ၏ညှစ်အား အတွေ့အထိကို ဂါရီ သာယာလိုက်မိသည်။ အန်က ဂါရီအား ပြုံးပြ လိုက်ပြီး ဆက်ပြောသည်။
"ဒီကျောက်တောင်ပေါ်ကနေပြီး ကျွန်မ လူတွေကို ကုန်းကြောင်း ခေါ်သွားမယ်၊ ပင်လယ်ကမ်းစပ်မှာ ဆက်ရှာ ရမယ်၊ ရှင်က ကားတွေနဲ့ ယာဉ်မောင်းသမားတွေကို ဦးဆောင်ပြီး ဒီကျောက်တောင်ကို ပတ်မောင်း လို့ရတဲ့ လမ်းရှာပြီး ကမ်းစပ်ကို လိုက်ခဲ့ပေတော့။
ဂါရီသည် လေးမိုင်ခ့်ဆက်မောင်းပြီးမှ ပင်လယ်ကမ်းခြေဘက်သို့ သွားသော တောင်ကြားလမ်းလေးကို တွေ့၏။ ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်၌ ရှေ့မှ မားမားမားမားနှင့် သွားနေသော အန်နှင့်သူ့နောက်မှ လူများကို လှမ်းမြင်လိုက်မှသာ ဂါရီ စိတ်သက်သာရာရသွားသည်။ ဂါရီသည် အန်နှင့် နာရီအနည်းငယ်ကြာ ခွဲခွာခဲ့ရာမှ သူမ အပေါ် မည်မျှ တွယ်တာနေမိသည်ကို သိရတော့သည်။ ထိုနေ့ညနေခင်းတွင် ဂါရီနှင့် အန် သည် သူတို့၏ ဖို့ဒ်မော်တော် ကားကို နှစ်ဦးသားကျောမှီကာ ညစာ အတူတူ စားနေကြသည်။ စည်သွတ်ဘူးထဲမှ အမဲသားနှင့် ဘီစကွတ်ကို ကော်ဖီချိုချိုကျကျဖြင့် မျှောချနေကြသည်။
ဂါရီက အန်အား ရှက်တက်တက်လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့် မိန်းမ နာမည်ကလဲ အန်ပဲ၊ သူသေတာတော့ ကြာလှပါပြီ"
"ဟုတ်ကဲ့၊ ကျွန်မ သိပါတယ်"
"ခင်ဗျား ဘယ်လိုလုပ်သိသလဲ"
"မိုက်ကယ်က စင်တိန်ကို ပြောပြထားတယ်လေ၊ စင်တိန်က ကျွန်မကို ပြန်ပြောပြတာပေါ့"
"မိုက်ကယ့် အကြောင်းတွေ ခင်ဗျား အများကြီး သိထားတယ်ဆိုတာ ကျွန်တော် မေ့သွားတယ်၊ ကျွန်တော် ကတော့ စင်တိန့်အကြောင်း ဘာမှ မသိရသေးဘူး၊ ပြောပြစမ်းပါဦး အန်ရယ်"
"စင်တိန် ဟာ သဘောကောင်းတဲ့ မိန်းကလေးပါ၊ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတယ်၊ ခေါင်းကောင်းတယ်"
အန်က စင်တိန့်အကြောင့် ဆက်ပြောနေသည်။ သူတို့ရှေ့ရှိ ထင်းမီးပုံမှ အလင်းရောင်ဖြင့် ဂါရီက အန်၏ မျက်နှာ ကို ကြည့်ကာ နှစ်သိမ့်ကြည်နူးနေမိသည်။ အန်ပြောသော စကားများက သူ့နားထဲတွင် တဖြည်းဖြည်း ၀ါးသွားသည်။ သူ့စိတ်က အတိတ်တစ်နေရာသို့ ပြန်ရောက်သွားသည်။
ဂါရီ၏ အိမ်ထောင်ရေးဘ၀သည် ကံမကောင်းခဲ့။ မင်္ဂလာဦးညတွင်ပင် သူ၏ ယောက်ျားမပီသသော အားနည်းချက် ကြောင့် ဇနီးသည်နှင့် ဟန်ပြလင်မယားအဖြစ် တစ်သက်လုံး ဆက်ဆံနေခဲ့သည်။ သူ၏ သားသည် တကယ်တော့ သူ့အမြွာညီအစ်ကို၏သား ဖြစ်သည်။ ထိုသား အချစ်ကြောင့်လည်း ယခုချွေးမနှင့် မြေးကလေး ကို မရအရ ရှာဖွေရန် ထွက်လာခဲ့ခြင်း မဟုတ်ပါလား။
အတိတ်က ပုံရိပ်ကို ဖယ်ထုတ်လုက်ပြီး ပစ္စုပ္ပန်သို့ စိတ်ကို ပြန်သယ်လာသောအခါ သူ့ဘေးမှ ပြင်သစ် အမျိုးသမီးကြီး ၏ ကိုယ်သင်းနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ တခြားအမျိုးသမီးများ ကိုယ်မှ ရေမွှေးနံ့၊ ပေါင်ဒါနံ့များကို ဂါရီ ရှူဖူးပါသည်။ ယခု အန့်ကိုယ်နံ့ကမူ ထိုရနံ့မျိုး မဟုတ်၊ ချွေးမနံ့ ရော လာသော သဘာဝကိုယ်သင်းနံ့ ခပ်စူးစူး ဖြစ်သည်။ ထိုရနံ့ကို ဂါရီ ပိုပြီး နှစ်သက်မက်မောမိနေသည်။ ထိုရနံ့ ကို ခံစားရင်း မဖြစ်ပေါ်ဖူးသော မရိုးမရွစိတ်များ ပေါ်ပေါက်လာသည်။ အကြောအခြင်များ တောင့်တင်း လာသလို ဖြစ်လာသည်။
ဂါရီက အန့်မျက်နှာကိုသာ စိုက်ကြည့်နေကာ မိန်းမောနေမိသည်။ အန်က မေးမြန်းလိုက်ချိန်တွင် ငေးမော နေမိသော ဂါရီထံမှ အဖြေစကားပြန်မထွက်လာ။ ထိုအခါ အန်သည် သူမ ရှေ့ရှိ မီးပုံကိုကြည့်နေရာမှ ဂါရီ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ ဂါရီက မိမိအား တောင့်တမိန်းမောနေသော အသွင်ကို မြင်လိုက် ရသည်။
အန်က သူမလက်ဖြင့် ဂါရီ့ပါးကို ညင်သာယုယစွာ ပွတ်သတ်ကာ တိုးညင်းပျော့ပျောင်းစွာ ပြောလိုက် သည်။
"ကဲ ... ဂါရီ အိပ်ချိန် ရောက်ပြီ၊ ကျွန်မလဲ အိပ်တော့မယ်၊ ရှင်လဲ သွားအိပ်တော့၊ ရှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ပါစေ၊ အိပ်မက်လှလှမက်ပါစေလို့ ကျွန်မ ဆုတောင်းပါတယ်"
အန်က ထိုင်ရာမှ ထလိုက်ပြီး ရွက်ဖျင်တဲအတွင်း ၀င်သွားကာ အိပ်ရာပေါ်သို့ တက်သွားသည်။ ဂါရီလည်း သူ့အိပ်ရာ တွင် ၀င်လှဲလိုက်သည်။ အိပ်ရာနှစ်ခုကြားတွင် ကာထားသော ခန်းဆီးမှ တစ်ဆင့် တစ်ခဏ အကြာတွင် ဟောက်သံ သဲ့သဲ့ကို ဂါရီ ကြာလိုက်ရသည်။
"ငါ့ရင်ထဲမှာ အချစ်ဆိုတာ ရှိလာပြီ၊ အနှစ် ၃၀ကျော်အတွင်း ပထမဆုံးအကြိမ် အချစ်ပင်လေး ပေါက် လာတာပဲ ဂါရီက စိတ်ထဲမှ ပြောလိုက်သည်။
သို့သော် နံနက်မိုးလင်းလာသောအခါ ဂါရီအဖို့ ညကမွေးထားသော အချစ်စိတ်များ ပျောက်သွားပြီး ရင်ထဲ၌ ပြန်ငုပ် သွားပြန်သည်။ သို့ရာတွင် အိပ်ရေးဝထားသော မျက်လုံး၊ အညိုရောင်သန်းနေသော ဆံပင်၊ ဖုန် အလူးလူး မျက်နှာနှင့် ပြည့်ဖြိုးတုတ်ခိုင်သော အန်၏ တစ်ပွေ့တစ်ပိုက် သဘာဝအလှကိုမူ ဂါရီက တရှိုက်မက်မက် စိုက်ကြည့်နေမိသည်။
"ဘာလို့ငေးနေတာလဲ၊ မြန်မြန်စားလေ၊ အလင်းရောင်လာတာနဲ့ စထွက်မယ်၊ ဒီနေ့ကံကောင်းမယ်လို့ စိတ်ထဲ က ထင်နေတယ်၊ ကဲ မြန်မြန်စား သွားရအောင်"
သူတို့ကားတန်းကြီး စတင်ထွက်လာကြပြန်သည်။ ဖို့ဒ်ကား၏ နောက်ခန်းတွင် ဂါရီနှင့် အန်စတော့တို့ အတူယှဉ်တွဲ ထိုင်လာသည်။ မော်တော်ကားက မညီညာသော မြေပြင်ပေါ်၌ မောင်းနေရရာ ကားအလွန် ဆောင့်ပြီး လှုပ်ရှားနေ သည်။ ဂါရီ၏ ခြေထောက်တစ်ဖက်က အန်၏ ပေါင်သားအိအိကြီးများနှင့် မကြာခဏ ကားဆောင့်မှုကြောင့် ထိကပ် မိသွားသည်။ ဂါရီက "မတော်လို့နော်" ဟု ခပ်တိုးတိုး တောင်းပန် သော်လည်း အန်က ဘာမှမဖြစ်သလို မသိကျိုးကျွန် လုပ်နေသည်။
မွန်းလွဲပိုင်းရောက်သောအခါ နေ အပူရှိန်က အတော် ပြင်းထွန်လာသည်။ ရေသဖွယ် မြင်နေရသော တံလျှပ်များ သူတို့ ရှေ့မှ ရုတ်တရက် ပျောက်ကွယ် ပွင့်လင်းသွားသောအခါ လွင်တီးခေါင်ခေါင်မှ သဲတောင် များ၏ အစကို လှမ်းမြင်လိုက် ရသည်။ သဲတောင်များရှေ့တွင် ကားတန်းကို ရပ်လိုက်ကြသည်။ လူအားလုံး ကားများပေါ်မှ ဆင်းပြီး သဲတောင်တန်း ကို မယုံကြည်နိုင်အောငေ် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
"သဲတောင်တန်းကြီး ကာဆီးနေပါလား၊ ဒီလို သဲတောင်တန်းမျိုးတွေ တွေ့နိုင်တယ်လို့ တို့ကို ဘယ်သူကမှ သတိ မပေးလိုက်ပါလား ..." ဂါရီက ခပ်တိုးတိုး ညည်းလိုက်သည်။
"ဒီသဲတောင်တန်းကို ဖြတ်ကျော်သွားနိုင်တဲ့ လမ်းတော့ ရှိရမှာပေါ့" အန်က မလျှော့သော လေသံဖြင့် ပြောလိုက် သည်။
"လာပါ၊ ကျွန်မတို့ တောင်ပေါ် တက်ကြည့်ရအောင်"
"အလိုဘုရားရေ ... သဲတွေက သိပ်ပြီး ပျော့အိနေတာ၊ ပြီးတော့ သိပ်လဲ မြင့်တယ်၊ သဲထဲနွံနစ်ပြီး အန္တရာယ် ဖြစ်နိုင် တယ်"
"လာပါ ... တက်ကြည့်တာပေါ့၊ တခြားလူတွေ ဒီအောက်က စောင့်နေလိမ့်မယ်"
အန်က ရှေ့မှ တက်သွားရာ ဂါရီအဖို့ မနေသာတော့ဘဲ နောက်မှ လိုက်တက်သွားရသည်။ အပေါ်မှနေ၍ အောက်ဘက်သို့ ကြည့်လိုက်ရာ မော်တော်ကားများက ကလေးကစားစရာ အရုပ်များသဖွယ် ဖြစ်နေပြီး လူများက ပုရွက်ဆိတ်သဖွယ် ဖြစ်နေသည်။ ဂါရီနှင့် အန်တို့၏ ခြေထောက်များမှာ သဲထဲတွင် ခြေကျင်းဝတ် အထိ မြုပ်နေသည်။
တောင်ထိပ်သို့ ရောက်သွားသောအခါ ဟိုမှာ ဘက်၏ မြစ်ကွင်းကျယ်ကြီးကို သူတို့ မြင်လိုက်ရသည်။
"အလိုဘုရားရေ ... သဲကမ္ဘာကြီးပါလား၊ မျက်စိတစ်ဆုံး ဘယ်ကြည့်ကြည့် သဲပြင်ကြီးပါပဲလား ..." ဂါရီက တအံ့တသြ ပြောလိုက်သည်။
ထိုမြင်ကွင်းကြောင့် အန်၏ ခိုင်မာသော စိတ်ဓာတ်သည်ပင် ယိမ်းယိုင်မလို ဖြစ်သွားရသည်။
"ဒီဧရာမသဲပြင်ကျယ်ကြီးကိုတော့ ဘယ်သူမှ ဖြတ်သန်းကျော်ဖြတ်လာနိုင်မှာ မဟုတ်ပါဘူး" ဂါရီက ထပ်ပြောသည်။
အန်က ဂါရီလက်ကို ဆုပ်ကိုင် ဖျစ်ညှစ်လိုက်ပြီး ပထမဆုံးအကြိမ် ပြောလာသည်။
"စင်တိန် အဲဒီမှာ ရှိတယ်၊ ကျွန်မကို တစ်စာစာ ခေါ်နေတဲ့ သူ့အသံကို ကျွန်မ ကြားနေရသလိုပဲ၊ ကျွန်မတို့ လက်လျှော့ လို့ မဖြစ်ဘူး၊ သူ့ဆီအရောက် ကျွန်မတို့ သွားရမယ်၊ သူနောက်ထပ် ရက်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး ရှင့်"
"အဲဒီသဲကန္တရပြင်ကျယ်ကြီးထဲကို ကုန်းကြောင်း လျှောက်သွားဖို့ ကြိုးစားယင်တော့ သေမှာ ကျိန်းသေပဲ၊ ယောက်ျား တစ်ယောက်တောင် တစ်ရက်ခံမှာ မဟုတ်ဘူး"
"ဒီတောင်တွေကို ကွေ့ပတ်င်္ပြီး သဲကန္တာထဲကို ကားမောင်းဝင်နိုင်တဲ့လမ်းကို ရှာရမှာပေါ့၊ ကဲလာ ... လမ်းရှာရအောင်၊ လုလျှင် ကြံဆနည်းလမ်းရတဲ့"
သူတို့ သဲတောင်ထိပ်မှ ပြန်ဆင်းလာကြသည်။ ဖို့ဒ်ကားက ဦးဆောင်ပြီး တောင်ခြေတစ်လျှောက် မောင်းတာ တောင်ကြား ဖြတ်လမ်း လိုက်ရှာသည်။
ညနေစောင်း နေ၀င်သည်အထိ လမ်းမတွေ့ရသေးသဖြင့် တစ်နေရာတွင် စခန်းချ ရပ်နားလိုက်သည်။ ကောင်းကင် တွင် လထွက်လာသည်။ အေးမြသော လရောင်က ပက်ပျန်းလာသည်။ ညစာ စားသောက်ပြီးနောက် မီးပုံဘေးတွင် ဂါရီ နှင့် အန်တို့ ထိုင်နေကြသည်။
"ဒီသဲတောင်တန်းကြီးကို ပတ်ပြီး ဟိုဘက်ကို ဖြတ်သွားတဲ့ လမ်းရှိပုံ မရဘူး" ဂါရီက ပြောလိုက်သည်။ သူသည် အန်နှင့် မျက်လုံးချင်းဆုံရမည်ကို မ၀ံ့မရဲဖြစ်နေ၍ မီးပုံကို စိုက်ကြည့်နေသည်။
"မနက်ကျယင် ကျွန်မတို့ ကမ်းရိုးတန်းဘက်နောက်ကြောင်း ပြန်လှည့်ကြတာပေါ့" ဂါရီအား မီးပုံဘေးတွင် ထားခဲ့ပြီး အန်က သူ့တဲထဲသို့ ၀င်သွားကာ အိပ်တော့သည်။
နောက်တစ်နေ့တွင် သူတို့သည် မူလလာလမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်လာသည်။ ပင်လယ် ကမ်းစပ် နှင့် သဲတောင်ပူစာများ ဆုံရာနေရာသို့ ရောက်သောအခါ ညနေစောင်းသွားသဖြင့် စခန်းချ ရပ်နားကြရပြန်သည်။
ညစာစားသောက်ပြီးနောက် မီးပုံဘေးတွင် ဂါရီနှင့် အန်တို့ ထိုင်နေကြပြန်သည်။
"လမ်းမရှိတော့ပါဘး" ဂါရီက ပြောလိုက်သည်။
"ကျွန်မတို့ ဒီကစောင့်နေယင် စင်တိန်ဟာ ကျွန်မတို့ဆီ ရောက်ကောင်း ရောက်လာမှာ၊ သူ့အတွက် အသက်ရှင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ တောင်ဘက်ကို သွားဖို့ဆိုတာ သူကောင်းကောင်း သိမှာပါ၊ ကျွန်မတို့က သူ့ဆီ မသွားနိုင်ဘူးဆိုယင် သူ ကျွန်မတို့ဆီ ရောက်လာတဲ့အထိ စောင့်ရမှာပေါ့"
"ကျွန်တော်တို့ မှာ သောက်ရေ တော်တော်နည်းနေပြီ"
"ဘယ်နှစ်ရက်စာ ကျန်ဦးမလဲ"
"သုံးရက် ထက် မပိုနိုင်ဘူး"
"လေးရက်စာ ရှိပါသေးတယ်ရှင့်"
အန်က ဂါရီကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ ဂါရိက အန်ကို လှမ်းဖက်လိုက်သည်။ အန်ကလည်း အလိုက် သင့် ပြန်ဖက်ထားလိုက်သည်။ ဂါရီသည် မီးပုံတစ်ဘက်မ တခြားလူများ မြင်သွားမည်ကို စိုးရိမ်သွားသည်။
အန်က ဂါရီကို အသာဆွဲထူပြီး သူမ၏တဲထဲသို့ ခေါ်သွားသည်။ ကြီးမှ ၀က်သက်ပေါက်သည်ဟုပင် ဆိုရ မလားမသိ။ ဂါရီအဖို့ အန်၏လိုက်လျောမှု၊ ဖေးကူရိုင်းပင်မှု၊ နည်းလမ်းပြ ဦးဆောင်မှုတို့ကြောင့် ရဲဝံ့လာရသည်။ အချစ်၏ ချိုမြိန် သော အရသာကို အသက်ကြီးမှ ပထမဦးဆုံးအကြိမ် တစ်ဝကြီးခံစားရကာ အန်၏ ရင်ခွင်ထဲ၌ ကလေးငယ်သဖွယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
နံနက်အာရုဏ်ဦးတွင် ဂါရီ တဲထဲမှ ထွက်လာသောအခါ အံ့သြစရာ ဖြစ်ရပ်ကို ထပ်မံ တွေ့ရပြန်သည်။ ကမ်းခြေစပ်သို့ ဆင်းသွားသောအခါ သူတို့အတွက် လမ်းပွင့်နေသည်ကို တွေ့ရသည်။ ပင်လယ်ဒီရေ ကျသွားသဖြင့် တောင်ပူစာ ခြေရင်းနှင့် ကမ်းစပ်ကြားတွင် နေရာလပ်အကျယ်ကြီးပေါ်လာကာ လမ်းပွင့် သွားခြင်း ဖြစ်သည်။ ဂါရီသည် သူ့လက်အောက် အရာခံဗိုလ်အား ချက်ချင်းသွားနှိုးပြီး အမိန့်ပေး လိုက်သည်။
"မင်းလူတွေကို ချက်ချင်းနှိုးစမ်း၊ ဖို့ဒ်ကားကို ဓာတ်ဆီဖြည့်၊ လူလေးယောက် သုံးရက်စာအတွက် အစားအစာ နဲ့ သောက်ရေလဲ ကားပေါ် တင်ထား၊ ၁၅မိနစ်အတွင်း ခရီးထွက်ဖို့ အသင့်ပြီးစေချင်တယ်၊ ကြားလား၊ ငါ့ကို ကြောင်ကြည့်မနေနဲ့၊ ငါခိုင်းတာသာ သွားလုပ်တော့"
ဂါရီက အန့်တဲဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ တဲထဲမှ ထွက်လာသော အန်နှင့် အ၀တွင် တွေ့သည်။
"အန် ... ဒီရေကျသွားပြီ၊ ကျွန်တော်တို့ သွားဖို့ လမ်းပေါ်လာပြီ"
"တစ်နည်းနည်းနဲ့ လမ်းတွေ့မှာပဲလို့ ကျွန်မ သိပြီးသားပါ"
"ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ ယာဉ်မောင်းနှစ်ယောက်ရယ်၊ ဖို့ဒ်ကားနဲ့ သွားကြမယ်၊ ဒီရေကျတုန်း အခွင့်ကောင်း ယူပြီး မြန်မြန်သွားမှ"
ဖို့ဒ်ကားဖြင့် သူတို့က ဦးဆောင်ထွက်လာကြသည်။ တစ်နာရီ မိုင် ၄၀နှုန်းဖြင့် အမြန်ဆုံး အပြင်းအထန် မောင်းလာရာ နှစ်နာရီခန့် ကြာလာပြီ ဖြစ်သည်။ သဲသိပ်ပျော့သည့်နေရာတွင် သုံးဦးက ကားပေါ်မှဆင်းပြီး လမ်းလျှောက်သည်။ သဲမာလျှင် တက်စီးကြသည်။
ညနေပိုင်းတွင် ဒီရေပြန်တက်လာသောအခါ ရေလွတ်ရာသဲတောင်ပူစာခြေရင်း၌ ရပ်နားစခန်းချကြသည်။ ယောက်ျား သားသုံးဦးက မော်တော်ကားအရိပ်တွင်ခိုကာ ခြေပစ်လက်ပစ် ထိုင်နေကြသည်။ အန်က သူတို့ကို ထားခဲ့ပြီး ကမ်းခြေ ရေစပ်တစ်လျှောက် ဆက်လက် လျှောက်သွားနေသည်။ ဂါရီသည် သူမအား ချစ်ခင် မက်မောမှုအတိဖြင့် လှမ်းကြည့် ကာ ပီတိဖြာနေသည်။ သူ့စိတ်ထဲမှလည်း ပြောနေမိသည်။
"ငါ့ဘ၀မှာ အသက် ၅၀ကျော်မှ လူငယ်ကလေးလို ပြန်ဖြစ်အောင် သူ လုပ်ပေးခဲ့တာပဲ၊ ငါ့ကိုယ်ငါ ယောက်ျား မပီသ ဘူးလို့ ထင်ခဲ့တာ၊ သူနဲ့တွေ့မှ ယောက်ျားပီသပြီး မေဒင်ပြုတ်တော့တယ်၊ ငါ့ရင်ထဲမှာ မရှိတော့ဘူးလို့ထင်ခဲ့တဲ့ အချစ်ဟာလဲ သူနဲ့ကျမှ ရှင်သန်နိုးထလာရတယ်"
ဂါရီသည် အန်ကို လှမ်းကြည့်နေသည်။ အန်က သဲသောင်ပူစာတစ်ခုသို့ ကွေ့လျှောက်သွားသောအခါ ဂါရီမြင်ကွင်းမှ ပျောက်သွားသည်။ ဂါရီသည် အန်အား မျက်စိအောက်မှ အပျောက်မခံနိုင်သလို ဖြစ် နေသဖြင့် ကမန်းကတန်းထပြီး အန်နောက်သို့ လိုက်သွားသည်။ သဲတောင်ပူစာအကွေ့သို့ ရောက်သောအခါ အန်အား သူ့ရှေ့ မိုင်ဝက်ခန့်ရှိ ပင်လယ် ရေစပ်၌ လှမ်းမြင်ရသည်။
အန်သည် ရေစပ်တွင် တစ်စုံတစ်ခုကို ငုံ့ကြည့်နေသည်။ ထိုသို့ ငုံ့ကြည့်နေရာမှ ခါးမတ်လိုက်သောအခါ ဂါရီကို အန်က တွေ့သွားသည်။ အန်သည် ဂါရီအား လက်ဝှေ့ယမ်းပြပြီး အော်ခေါ်လိုက်သည်။
"ဂါရီ ကျွန်မ တွေ့ထားပြီ"
အန်က ဂါရီဆီသို့ ပြေးလာပြီး လက်ဆွဲခေါ်ကာ အမောတကော ပြောလိုက်သည်။
"ဒီမှာ ကြည့်စမ်း ..."
အန်က သူမတွေ့ထားသည့် အရာဝတ္ထုဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ ထိုအရာဝတ္ထုမှာ သဲထဲတွင် မြုပ်လု နီးပါး ရှိနေသည်။ ဒီရေအတက်တွင် ပါလာပြီး ရေကျသွားသောအခါ သဲထဲ၌ မြုပ်ကျန်နေခြင်း ဖြစ်သည်။
"လှေအပျက်က သစ်သားစ ဖြစ်မယ်"
ဂါရီက ပြောလိုက်ပြီး အန့်ဘေး၌ ၀င်ထိုင်ကာ သဲများကို နှစ်ဦးသား လက်ဖြင့် ရက်ထုတ်ပြီး ဆေးအဖြူရောင် သုတ်ထားသော သစ်သားစကို ဖော်ထုတ်သည်။
"အသက်ကယ်လှေအပျက်က သစ်သားစ ဖြစ်ရမယ်"
နောက်ဆုံးတွင် ထိုသစ်သားစပေါ်၌ "ပရိုတီကတ်စယ်" ဟူသော စာတန်းကို တွေ့မြင်ရရာ အန်တို့သင်္ဘောမှ အသက်ကယ်လှေ၏ အစိတ်အပိုင်းဖြစ်ကြောင်း ထင်ရှားသွားသည်။
"သေချာတယ် ဂါရီ သေချာတယ်၊ ကျွန်မ သမီးလေးစင်တိန်ဟာ ကမ်းခြေပေါ် ရောက်လာပြီး အသက်ရှင် နေသေး တယ်ဆိုတာ သေချာတယ်"
ဂါရီပင် ယုံလာပြီး စိတ်ကူးယဉ်လာမိသည်။ သူ့သား မိုက်ကယ့်နေရာတွင် အစားထိုးရန် မြေးကလေး ရနိုင်ဦးမည်။
"စင်တိန် အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထား ရပြီ၊ ရှင် ယုံရဲ့လး ဂါရီ"
"ဟုတ်ပါတယ်၊ တကယ် မျှော်လင့်စရာအချက်ပါပဲ၊ ကျွန်တော် ယုံချင်လာပါပြီ"
"သူ အသက်ရှင်နေတယ်ဆိုတာ ကျွန်မ သိတယ်၊ ကျွန်မတို့ ဒီမှာ ဘယ်လောက်စောင့်နေလို့ရမလဲ"
"ဒီရေ တစ်ခါတက်တာ ခြောက်နာရီကြာသလို ပြန်ကျသွားယင်လဲ ခြောက်နာရီကြာမယ်၊ ဒီတော့ ဒီမှာ နောက်ထပ် သုံးနာရီလောက် နေလို့ရဦးမယ်" ထိုနေရာတွင် သုံးနာရီ စောင့်ပြီးနောက် ကားဖြင့် ခရီး ဆက်ထွက် ကြပြန်သည်။ နောက်ဆုံး ဓာတ်ဆီနှင့်ရေ အပြန်ခရီးစာသာ ကျန်တော့သည့် အခြေအနေသို့ ရောက်လာသည်။
"ကျွန်မတို့ စင်တိန့်ကို တွေ့ခါနီးနေပြီ၊ ရှေ့တစ်ပြနှစ်ပြလောက် ဆက်သွားယင်တွေ့တော့မှာ၊ ကျွန်မတော့ လက်မလျှော့ နိုင်ဘူး"
"ကျွန်တော်လဲ ဘယ်တော့မှ လက်မလျှော့ပါဘူး၊ ဓာတ်ဆီနဲ့ ရိက္ခာဖြည့်ပြီး ပြန်လာရှာမယ်၊ အခု သဲလွန်စ နေရာ တွေ့ပြီပဲ"
"ရှင် တကယ်ပြောတာနော်"
"တကယ်ပါ အန်"
"အဲဒါဆို ကျွန်မတို့ နောက်ကြောင်းပြန်လှည့်မယ်"
"ဟုတ်တယ်၊ ပြီးတော့ နောက်တစ်ခေါက် ပြန်လာရှာမယ် အန် ..."
ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်။
ဆက်ရန်
.
No comments:
Post a Comment