ဖုံးကွယ်တတ်သောနှင်း
စိုး (နွယ်ပန်းအိမ်)
ခင်သက်နွယ် ယောကျာ်း ဆုံးသွားကြောင်း ဇော်ဝင်းက ပြောသောအခါ ကျွန်တော့်မှာ လောကဝတ်အရ စိတ်မကောင်း သည့်အကြောင်းသာ ပြန်ပြောလိုက်ရသော်လည်း စိတ်ထဲက ကိုယ်နှင့်ဘယ်လိုမှ မသက်ဆိုင် သည့် ပြင်ပသတင်းတစ်ခုလိုပဲ အောက်မေ့နေမိသည်ကတော့ အမှန်ပင်။
တကယ်တော့လည်း သူ့ကို ကျွန်တော်သုံးလေးခါလောက် မြင်ဖူးရုံသာရှိပြီး ရုပ်ရှင်မင်းသားကြီး တစ်ယောက် နှင့်တူကြောင်း သတိထားမိသည်။ ပြီးတော့ မိတ်ဆွေတစ်ယောက် အိမ်မှာ ကြုံသဖြင့်တစ်ခါ စကား ပြောဖူးသည်။ သူနှင့်ဆုံဖူးသမျှမှာ ဒါပဲဖြစ်၏။ သူတို့က သည်ကနေဆယ်မိုင်လောက်ဝေးသော မြို့ကလေး တစ်မြို့မှာ နေကြသည်။
"အဲဒါ ငါတို့ လိုက်ပို့ကြမလို့၊ ငါ့ကားနဲ့သွားကြမှာ။ မင်းလိုက်မှာဆိုရင် ဒီလက်ဖက်ရည်ဆိုင်ကို နေ့ခင်းနှစ်နာရီ ရောက်အောင်လာခဲ့။ဆိုင်ရှင်ကိုစိုးဝင်းလည်း လိုက်လိမ့်မယ်"
"အင်း...လိုက်တော့ပို့ချင်ပါတယ်ကွာ။ ဒါပေမဲ့ ခင်သက်နွယ် က ငါနဲ့မခင်ဘူး။ သူ့ယောကျာ်းနဲ့မှ နှစ်ခါ စကားပြောဖူးသေးတယ်။ သဘောကောင်းပုံရပါတယ်။ အခုဆုံးသွားတဲ့သူပေါ့။"
ကျွန်တော်ပြန်ပြောမိသည်။ ဇော်ဝင်းက စိတ်ပျက်စွာဖြင့် ကျွန်တော့်ကိုကြည့်၏။
"မင်းပြောလိုက်မှဖြင့် အဆန်းချည်းပဲ။ မွေးကတည်းက အတူတူကြီးလာတဲ့ ခင်သက်နွယ်ကျတော့ မခင်ဘူးတဲ့။ ဟိုလူကြီးကဖြင့် သိပ်ဆိုးတာ။ မင်းက မသိလို့"
"ဟုတ်လား၊ မသိပါဘူး။ ငါလည်း ထင်တာပြောရတာ"
"ကဲ...ဒါဖြင့် ငါသွားမယ်။ နေ့လည် နှစ်နာရီနော်"
ဇော်ဝင်း ပြန်သွားပြီးနောက် ဆိုင်ရှင်ကိုစိုးဝင်းက ကျွန်တော်တို့စားပွဲမှာ လာထိုင်ပြီး-
"ကိုစိုးက နွယ်နွယ်နဲ့ တကယ်ကို မခင်ဘူးလား။ သူတို့အိမ်က လူတွေနဲ့တော့ခင်သားပဲ။ ဘာလဲ ငယ်ငယ်တုန်းက သူနဲ့ရန်ဖြစ်ထားလို့လား" ဟုရယ်ရင်းမေးသည်။
"မဟုတ်ပါဘူးဗျာ။ ရန်လည်းမဖြစ်ပါဘူး။ စကားကို တစ်ခွန်းမှမပြောဘူးတာ။ အဲဒီလိုပြောဖို့ အကြောင်း မသင့်ခဲ့ တော့ မခင်ကြဘူးပေါ့။ ကိုးတန်းအောင်ပြီးတာနဲ့ ကျွန်တော် ဒီကနေထွက်သွားတာနဲ့လည်း ပါမယ် ထင်တယ်။ ဆယ်နှစ်လောက်ကြာပြီး ကျွန်တော်ဒီကို ပြန်ရောက်လာတော့ သူကဒီမြို့မှာမရှိတော့ဘူးလေ။ တခါတလေသူ ဒီကိုပြန်လာတာနဲ့ ကြုံပြန်တော့လည်း အရင်ကမှ မခင်ခဲ့တာ။ ဘယ်လိုလုပ် စကားပြော ဖြစ်ကြမှာလဲ။ ဒီတော့ ခုထိ ဒီလိုပဲပေါ့"
"ဒါပေမဲ့ ကိုစိုး အာအိုင်တီတက်နေတုန်း သူရန်ကုန်တက္ကသိုလ် ရောက်တာပဲဗျ။ အဲဒီမှာရော မတွေ့ကြ ဘူးလား။ မြို့နယ်အသင်းတို့ ဘာတို့မှာပေါ့"
သူ့စိတ်ထဲမှာ ထူးဆန်းနေ၍ ဖြစ်မည်ထင်၏။ သူက နှိုက်နှိုက်ချွတ်ချွတ်မေးနေသည်။ "ကျွန်တော်က မြို့နယ် အသင်း လှုပ်ရှားမှုတွေမှာလည်း သိပ်ပါလေ့ မရှိဘူးဗျ။ မှတ်မှတ်ရရ တစ်ခါတော့ တွေ့လိုက် ပါတယ်။ ဒါကလည်း.... "
"ကိုယ့်အိမ်နီးချင်းတွေ တစ်မြို့တစ်ရွာမှာ တွေ့တာပဲဗျာ။ ခေါ်လိုက်ရောပေါ့။ ဘယ်မှာတွေ့တာလဲ။"
"ခေါ်လို့မဖြစ်ဘူး။ အချိန်က ညကြီးမင်းကြီးရယ်၊ အဆောင်က သူ့အိမ်ခန်းတံခါးဝမှာ သူ့ကို ကျွန်တော် လှမ်းတွေ့ လိုက်ရတာပါ။ ကျွန်တော်က သူ့ကိုအဆောင်အပြင်ဘက်ကနေ သီချင်းဆိုနေတာလေ။ သူကတော့ ကျွန်တော်မှန်းတောင်သိမှာ မဟုတ်ပါဘူး"
"ဟော...ဗျာ"
လက်ဖက်ရည်ဆိုင်မှ ပြန်လာရင်း သည်စကားကို ဘာလို့ပြောမိပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင် နေမိသည်။ ခင်သက်နွယ်နှင့် ပတ်သက်၍ ဘယ်သူ့ကိုမှ၊ ဘယ်သူနှင့်မှ စကားစပ်၍ မပြောဘူးခဲ့။ ကုန်ကုန် ပြောရလျှင် ကျွန်တော်တစ်ယောက်တည်း ရှိနေစဉ်ပင် သူ့အကြောင်း အချိန်ကြာကြာတွေး၍ မနေခဲ့ဖူး ဘူးပါ။
အခုတော့ ကျွန်တော်ပြောနေပုံက ဟိုးနှစ်ပေါင်းများစွာက အကြောင်းကိုပြောနေသည်နှင့်မတူ။ မနေ့ တစ်နေ့ ကမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတွေကို ပြန်ပြောနေသည့်အလား စကားလုံးတွေက ချောချော မောမောပင် ထွက်သွားလေသည်။ ဦးနှောက်ထဲမှာ သည်အကြောင်းက ဘယ်အတွက်ကြောင့် များ အမှတ်ထင်ထင် ရှိနေရပါလိမ့်။ သာမန် အသေးအဖွဲ ကိစ္စတစ်ခုလိုပင် မေ့သွားခဲ့ပြီးပြီ မဟုတ်ဘူးလား။
အခုစကားကိုရော ကိုစိုးဝင်းက စကားစပ်မိ၍ အခြားသူတွေကို ပြောမိသွားလျှင် သို့မဟုတ် သူနှင့် ပြောဖြစ် ခဲ့လျှင် ကျွန်တော့်ကို သူ ဘယ်လိုအောက်မေ့သွားမည်နည်း။ ခင်သက်နွယ်က ကိုစိုးဝင်းနှင့် အလွန် ခင်သည်။ ဇော်ဝင်း၊ တင်ဝင်း၊ ဥာဏ်လွင်တို့နှင့်လည်း အလွန်ခင်ပါသည်။ သူကတော့ ကျွန်တော်နှင့် ပတ်သက် နေသူတွေ အကုန်လုံးနှင့် ခင်တာပဲဖြစ်သည်။ ကျွန်တော်ကလွဲ၍ပေါ့။
သည်လိုဆိုလျှင် ကျွန်တော်ကရော။ တကယ်တော့ ကျွန်တော်ကလည်း သူကလွဲ၍ အားလုံးနှင့် ခင်သူပင် ဖြစ်သည်။ကျွန်တော်တို့ချင်းက အိမ်နီးချင်းတွေဖြစ်ရုံသာမက သူ့အစ်မကကျွန်တော်နှင့် တစ်တန်းတည်း သား သူငယ်ချင်း။ သူကတော့ တစ်တန်းငယ်သည်။ သူ့မောင်နှစ်ယောက်က ကျွန်တော့်ညီတွေနှင့် သူငယ်ချင်း မို့ အိမ်ကိုသွားလာဝင်ထွက် နေကြသူများဖြစ်ပြီး သူ့ညီမကလည်း အရွယ်ရောက်လာတော့ ကျွန်တော် တို့ သူငယ်ချင်းများထဲမှ တစ်ဦးနှင့်ပင် အိမ်ထောင်ကျသည်။ သူနှင့် ကျွန်တော်ကသာ စုန်းပြူး။
အမှန်ကတော့ တစ်ယောက်ကိုတစ်ယောက် မျက်နှာကြောမတည့်ခဲ့ကြတာကြောင့်ပဲ ဖြစ်မည်ထင်၏။ သူက တော်တော် လှသည်။ တစ်ကျောင်းလုံးမှာပင် ပေါ်လွင်ထင်ရှားသော အလှပိုင်ရှင်ဖြစ်သည်။ စာကလည်း တော်သည်။ သူ့ဘေးမှာသူနှင့် ခင်မင်လိုသူတွေ၊ သူ့ကိုပိုးပန်းနေသူတွေနှင့် ဝိုင်းဝိုင်းလည် နေသည်။ သို့သော်ထိုအထဲတွင် ကျွန်တော်ကတော့ မပါပါ။
သူတို့အိမ်ကို တစ်ခါတစ်ရံ သွားလည်သည့်အခါကြတော့လည်း ကျွန်တော်သူ့ကို သေသေ ချာချာ မကြည့်။ ယခု ပြန်စဉ်းစားကြည့်လိုက်တော့လည်း ဒါတွေက သူ့အနေအထားကို ကျွန်တော်က အသိအမှတ် မပြုရာ ရောက်နေသည်။ သို့သော်မတတ်နိုင်ပါ။ သူလို လှပလွန်းသော မိန်းကလေးတစ်ဦးကို ကျွန်တော် က သံယောဇဉ် မဖြစ်ချင်ပါ။ သည်တော့လည်း သာမန်လူတစ်ယောက်မျှသာဖြစ်ပြီး သူ့ကိုလည်း စိတ်ဝင်စား ဟန်မပြသော ကျွန်တော့်ကို သူက ဘာမှအရေးမလှပ်သည်မှာ မဆန်းဟုဆိုရမည်။
ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် ရောက်သွားပြီး နောင်တစ်နှစ်ကြာတော့သူလည်း ရန်ကုန် တက္ကသိုလ် ရောက်လာပြီး အင်းလျားဆောင်တွင် နေသည်။ သူ့ကို အသိအမှတ်ပြု လက်ခံရာ အသိုင်း အဝိုင်း က ပို၍ ကျယ်ဝန်းလာပြီး သူ့အလှကို ကိုးကွယ်သူတွေလည်း ပိုများလာသည်။ ကျွန်တော်တို့မြို့က ကျောင်းသား တွေကြားမှာတော့ သူက "သတင်း"ပင်ဖြစ်သည်။ သူတို့နှင့်ဆုံလျှင်တော့ သူ့အကြောင်း ကိုကြားရသည်။ သို့သော် ကျွန်တော်တို့ကျောင်းက ကြို့ကုန်းမှာမို့ သူတို့နှင့်လည်းသိပ်တော့ မဆုံဖြစ်ပါ။ ကြာ တော့လည်း ကိုယ်ဝန်းကျင်နှင့်ကိုယ်မို့ သူ့ကိုမေ့သွားသည်။
အဲသည်ကစ၍ ယခုထိ သူနှင့်ပတ်သက်၍ အမှတ်ရစရာ အဖြစ်အပျက် ဘာတစ်ခုမှ မရှိခဲ့ဟု ကျွန်တော် ထင်နေခဲ့သည်။ ဒါဖြင့် ကိုစိုးဝင်းကို ပြောပြခဲ့သည့် အကြောင်းက ဘယ်ကရောကလာသနည်း။ အဲသည်လို လှမ်းမြင်ရုံလေး မြင်လိုက်ရတာဟာ ပြောပလောက်သော အဖြစ်အပျက်တစ်ခုလား။
အဲသည်တုန်းက သူနှင့် ကျွန်တော်ကလည်း အဝေးကြီးပါ။ ကျွန်တော်တို့ နှစ်ယောက်အကြားမှာ သံကန့်လန့် တွေ ခြားနေသည်။ နှင်းလွှာထုကြီး ရှိနေသည်။ သည်လို နှင်းမှုန်တွေ အကြားမှာ အလင်းထဲမှ သူက အမှောင်ထဲမှ ကျွန်တော့်ကို လှမ်းမြင်နိုင်မှာလည်းမဟုတ်ပါ။ နှင်းဆိုသည်မှာ ပိတ်ဖုံးတတ်သော သဘော ရှိသည်။
လက်ဖက်ရည်ဆိုင်ကို ဇော်ဝင်း ကားလာခေါ်တော့ ကျွန်တော်ရောက်နှင့်နေပြီ။ မိနစ်လေးဆယ် လောက်ပဲ မောင်းရမည်ထင်၏။ ခင်သက်နွယ်တို့ နေထိုင်ရာ စက်ရုံမြို့ကလေးသို့ ရောက်လာသည်။ သန့်ရှင်း ကျယ်ဝန်းသော လမ်းများကို ဖြတ်သန်းရင်း အရာရှိရပ်ကွက်ဆီသို့ ဘယ်သူ့ကိုမှဆင်းမမေးရဘဲ မောင်းလာသော ဇော်ဝင်းကိုကြည့်ကာ သူတို့ကတော့ မကြာခဏ ရောက်ကြမှာဟု အောက်မေ့မိ၏။ တစ်ထပ်တိုက် သီးသန့်လေးတစ်လုံးရှေ့မှာ လူတွေရပ်နေကြသည်။ ကားကို မလှမ်းမကန်းမှာရပ်ပြီး ကျွန်တော်တို့ အဖွဲ့ အိမ်ဝင်းထဲသို့ဝင်၍ ခင်သက်နွယ်ကို တွေ့ဆုံအားပေးစကား ပြောကြသည်။ ကျွန်တော် က ဘေးက ရပ်ရုံသာပါ။
သူကတော့ ဟိုတုန်းက ကိုယ်ဟန်အတိုင်း ခပ်သွယ်သွယ်ပင်။ ငိုထား၍ မျက်နှာတွေ နီနေသည်။ ခုလို တွေ့ ရပြန်တော့ လောကဝတ်အရမျှသာမဟုတ်ဘဲ တကယ်ကို စိတ်မကောင်းကြီးစွာ ဖြစ်မိသည်။ သူ့အမျိုးသား ၏မျက်နှာကိုလည်း မြင်ယောင်နေ၏။
ညနေစောင်း ကိစ္စတွေ အားလုံးပြီး၍ ပြန်ကြရန် နှုတ်ဆက် ရသောအခါ ကျွန်တော်က သူ့ကို "သွားပါဦးမယ်" ဟု ပြောတော့ 'ဟုတ်ကဲ့'ဟု ပြန်ပြောသည်။
အပြန်ကားပေါ်မှာ အခြားသူတွေက ဖောင်လောက်အောင် စကားတွေ ပြောလာကြသော်လည်း ကျွန်တော် ကတော့ ကိုယ့်အတွေးနှင့်ကိုယ် နှုတ်ဆိတ်နေမိသည်။ တစ်ယောက်နှင့်တစ်ယောက် မသိ ကြတာ လည်း မဟုတ်ဘဲနှင့် အနှစ်သုံးဆယ်လောက်အတွင်း တစ်ခါမျှ စကားမပြောခဲ့ကြသူနှစ်ဦး၏ ပထမဆုံး ပြောဖြစ်သောစကားက "သွားပါဦးမယ်" နှင့် "ဟုတ်ကဲ့" တို့ဖြစ်နေသည်မှာ အံ့သြစရာ။
"အရင်က တစ်ခါ စေ့စပ်ဖူးသေးတယ်။ အဲဒီလူနဲ့ မယူဖြစ်ခဲ့ကြတာ..."
"ဟေ့ကောင်...မင်းသိလား။ မင်းက ရန်ကုန်မှာ ကျောင်းတက်ခဲ့တာဆိုတော့.." ကျွန်တော်က နား သိပ်မရှင်းလိုက်။
"ဟေ...ဘာလဲ"
"ခင်သက်နွယ် နဲ့ စေ့စပ်ခဲ့တဲ့ အဆိုတော်ကွာ။ မင်းသူ့ကို သိတယ်ဟုတ်လား" နောက်ဆုံးတော့ ကျွန်တော့် ဘက်လှည့်လာသည်။ ကားပေါ်ပါသူတွေမှာ ကျွန်တော်ကလွဲ၍ အားလုံး မန္တလေးတက္ကသိုလ် ထွက် တွေချည်း။မမျှော်လင့်သော မေးခွန်းကို အမေးခံလိုက်ရ၍ တုန်လှုပ်သွားသော ကျွန်တော့်ကို ဝိုင်းကြည့် နေကြသည်။
"သြော်...အင်း...သိပါတယ်။ သိတယ်ဆိုတာက တအားကြီးခင်တာတော့ မဟုတ်ပါဘူး။ အဆိုတော် မဖြစ်ခင် ကျောင်းသားဘဝတုန်းက စကားတစ်ခါနှစ်ခါ ပြောဖူးတာလောက်ပါပဲ"တော်ပါသေး၏။ ဘာတွေ ပြောကြ တာလဲလို့ ဆက်မမေးလို့။ သည်အကြောင်းနှင့် ပတ်သက်ပြီးသူများကို ကျွန်တော်မပြောချင်။ ကျွုန်တော့် ဘာသာ တစ်ယောက်တည်းတောင်မှ မစဉ်းစားဘဲ နေလာခဲ့တဲ့ဟာ။
ညဥ့်နက်ပြီ။ နှင်းတွေကျနေသည်။ တံခါးကို အသာလေး ပြန်ပိတ်လိုက်ပြီး ကျွန်တော် လမ်းဘက် ထွက် လာခဲ့သည်။ လမ်းပေါ်မှာ လူရှင်းနေ၏။ ခင်သက်နွယ်တို့ အိမ်ဝင်းပေါက် ခေါင်မိုးခုံးပေါ်မှာ ခရမ်းရောင် ပန်းနွယ်တွေ အဆုပ်လိုက် ပွင့်နေကြသည်။ ငယ်ငယ်တုန်းကသာဆို ကျွန်တော် အခုလို ဖြတ်လျှောက် ရဲမှာ မဟုတ်ပေ။ အခုတော့ ပြတင်းပေါက်တစ်ခုပွင့်လာပြီး ခင်သက်နွယ်၏ ကိုယ်ဟန် သွယ်သွယ် များကို တဒင်္ဂလောက် လှမ်းမြင်ခွင့်ရဦးမလားဟုပင် ခဏရပ်မိသေး၏။
ကျွန်တော်ကိုယ့်စိတ်ကို အလိုလိုက်နေခြင်းသာ ဖြစ်ပါသည်။ တကယ်တော့လည်း သူက ဒီမှာ မနေပါ။ သူ ဒီမှာ မရှိမှန်း အသေအချာသိထား၍သာ လိပ်ပြာသန့်သန့်ဖြင့် ကျွန်တော် ဖြတ်လျှောက်နေခြင်း ဖြစ်သည်။ အကယ်၍များခုလို နှင်းတွေကြားမှာ သူက ပြတင်းပေါက်တစ်ချပ်ကို ဖွင့်ပြီး လမ်းပေါ်ကို လှမ်းကြည့်လိုက်ပြီ ဆိုပါတော့။ အဲသည်လိုဆိုရင်ကော ကျွန်တော်က တေးသီချင်းတစ်ပုဒ် ရေးဖွဲ့ သီဆို ဦးမှာလား။
"တော်ပါပြီ"
ကျွန်တော့်နှုတ်မှ အသံတစ်ခု ခပ်တိုးတိုးထွက်သွားသည်။
တစ်ခါတုန်းက ရေးဖွဲ့ခဲ့တယ်လေ။ ဆိုလည်းဆိုခဲ့ပြီးပြီးပဲ။ သူသိခွင့် မရခဲ့တာကတော့ ကံကြမ္မာကိုပဲ ပုံချ ရမလား။ မပြတ်သားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မလား မပြောတတ်တော့ပါ။ တကယ့် အဖြစ်မှန် ကိုတော့ ခုလိုဝေနေတဲ့ နှင်းတွေကသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ကျွန်တော်ထွက်ခွာ လာခဲ့ သည်။
သည်လမ်းအတိုင်း သည်နှင်းတွေထဲ ဆက်လျှောက်သွားလျှင် လမ်းဆုံးတော့ မြစ်ကိုတွေ့လိမ့်မည်။ မြစ်ကိုကျော်၍ တောင်ဆီကို ဆက်သွားလိုက်။ မြေပြင်ခရီးကို သာမက အချိန်တွေ၊ နာရီတွေ၊ ခေတ် တွေကိုပါ ကျော်ဖြတ်လျက် အဝေး...အဝေးကြီးကိုပေါ့။
ခဝဲပန်းနံ့၊ ကြာပန်းရနံ့တွေ သင်းနေလျှင်လည်း မရပ်ပါနှင့်။ ဆက်သာသွား လိုက်ပါဦး။ ရင့်မှည့်စ ကောက်ပင်တွေ နှင်းစိုသော ရနံ့ကိုရလျှင် ရောက်တော့မည်ဖြစ်သည်။ ဒီဇင်ဘာပန်းနံ့တွေ ကြိုင်လှိုင် မွှေးပြီ ဆိုလျှင်တော့ အဲသည်ကိုရောက်ပြီ။ အင်းလျားဆောင်ကိုလေ။ ရန်ကုန်တက္ကသိုလ်ရဲ့ အင်းလျား ဆောင် နံဘေးကိုပါ။
ခင်ကြတာ သုံးရက်ပဲရှိသေးသည့် ခင်မောင်တိုး နှင့် အောင်ကျော် တို့ကသာ မိန်းထဲကို သီချင်း သွား ဆိုဖို့ လာ မခေါ်လျှင် သည်အကြောင်းတွေလည်း ဖြစ်ချင်မှဖြစ်လာမှာဟု တစ်ခါတစ်ရံ အောက်မေ့မိ၏။ သူတို့ က ကျွန်တော်တို့ စက်မှုတက္ကသိုလ် ပိုင် အဆောင်တွေတွင် နေရာမဆံ့သဖြင့် ကပ်လျက်က ပညာရေး တက္ကသိုလ်ပိုင် နတ်မောက်ဆောင်တွင် နေကြသူများဖြစ်သည်။
ထို့ကြောင့်လည်း မနက်က သူတို့အဆောင် သန့်ရှင်းရေးလုပ်တော့ မောင်နှမဆောင်ဖြစ်သော ပညာရေး တက္ကသိုလ် ယုဝတီဆောင်မှ ကျောင်းသူများက လာရောက်ကူညီကြခြင်းဖြစ်သည်။
လုပ်အားပေးနေသူများကို နတ်မောက်ဆောင် အပေါ်ဆုံးထပ်နေ ပညာရေးကျောင်းသားကြီးများနှင့် ကျွန်တော် တို့ စက်မှုကျောင်းသားများက တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ပြီးတော့ အကြော်တွေ၊ ကောက်ညှင်းပေါင်း တွေ တပျော်တပါး လက်ဆုံစားခဲ့ကြ၏။ ကျောင်းသူတွေ ပြန်တော့ ကားတွေမထွက်ခင် ဝရန်တာ ပေါ်မှနေ၍ ခင်မောင်တိုးက "ဆရာမကိုပဲ ချစ်မိသည်" သီချင်းကို ဝိုင်းဆို၍ နှုတ်ဆက်ခဲ့ကြသည်။
ကျွန်တော်ကတော့ သူတို့အကူအညီတောင်း၍ လာတီးပေးခြင်းဖြစ်သောကြောင့် ပွဲပြီးသည်နှင့် ကိုယ့်အဆောင်ကို ကိုယ်ပြန်ခဲ့သည်။ ညဦးပိုင်း ကျွန်တော် တစ်ယောက်တည်း ကင်တင်းမှပြန်အလာ တရုတ် ဆိုင် မှစားစရာသောက်စရာတွေ သွားဝယ်လာကြသော သူတို့နှစ်ယောက်နှင့် သူတို့ အဆောင်ရှေ့တွင် တွေ့ပြန်သည်။
လက်ဖက်ရည်သောက်ခဲ့ပြီးပြီဖြစ်၍ ကျွန်တော် သူတို့နှင့် လိုက်မသွားတော့ပါ။ ညဆယ်နာရီလောက်မှာ သူတို့ ဂစ်တာတစ်လက်ဖြင့် ရောက်လာကြသည်။ တခြားသူငယ်ချင်း နှစ်ယောက်လည်းပါသည်။
"ခင်ဗျား မိန်းကလေးအဆောင်တွေ သီချင်းသွားဆိုဖူးလား"
ဟုခင်မောင်တိုးကမေးတော့....
"တို့ကျောင်းက ဂျီဟောကိုပဲ သွားဆိုဖူးတယ်" ဟု ကျွုန်တော် ပြန်ပြောသည်။
သူက "မိန်းထဲကို သွားဆိုကြရအောင်ဗျာ" ဟု ပြောသဖြင့် ကျွန်တော် ထလိုက်ခဲ့၏။
ကားတွေမရှိတော့သဖြင့် ပြည်လမ်းဘက်ကို ထွက်ကာ လမ်းလျှောက်သွားကြရသည်။ အင်းလျားဆောင် ရောက် တော့ အဝင်ဝတံခါးမကြီးရှေ့တွင် ဘဲလ်အဲယားကားကြီးတစ်စင်း ရပ်ထားပြီး ကားစက်ဖုံးပေါ်တွင် လူတစ်ဦး စောင်းထိုင်တီး နေသည်။ ကားပိုင်ရှင်က ဘေးမှ စီးကရက်သောက်ရင်း ရပ်လျက်။
ကျွန်တော်တို့က သော့ခတ်ထားသော အင်းဝလမ်းထိပ် သံတံခါးဘေး လူတစ်ကိုယ်စာ ဝင်သာသော သံဝင်းထရံ အကြားလေးထဲမှ အင်းလျားဆောင်နောက်ကို လာခဲ့ကြသည်။ လမ်းမီးရောင်အောက်တွင် အသားဖြူဖြူ လူတစ်ယောက် ဂစ်တာကို လွယ်လျက် "မပြီးသေးသော ပန်းချီကား" သီချင်းကို ဆို နေသည်။အဖော်နှစ် ယောက်ကနောက်နားက မှောင်ရိပ်တွင် စောင့်နေကြသည်။
အနားကို ကျွန်တော်တို့ရောက်သွားတော့ ကျွန်တော်တို့ထဲမှ တင့်ဝေ၏ သူငယ်ချင်းတွေ ဖြစ်နေသည်။ တင့်ဝေ က မိတ်ဆက်ပေးသဖြင့် ဂျော့ဘွားက တောင်ငူက၊ ခွန်သာဒွန်းက ရှမ်းပြည်နယ်မှဖြစ်ကြောင်း သိရသည်။ သူတို့က တိရစ္ဆာန်ဆေးကု တက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးကောလိပ်တို့မှ ကျောင်းသား များဖြစ်ပြီး စဥ့်ကူဆောင်တွင် နေကြသည်။ ကျွန်တော်တို့တစ်တွေ အပြန်အလှန် စကားပြောနေစဉ် သီချင်းဆိုသူမှာ ဟာသတွေလုပ်နေကြောင်း သတိထားမိသဖြင့် ကျွန်တော် အံ့သြ သွား၏။ သူက ရယ်စရာတွေကို လက်တန်း သီချင်းလုပ်ဆိုပြီး ဂစ်တာကို တစ်ချက်နှစ်ချက်တီးလိုက်၊ အဆောင်သူ မိန်းကလေးတွေက ရယ်လိုက်ဖြင့် ပွဲကျနေကြသည်။
သူတို့ပြန်သွားကြချိန်အထိ ကျွန်တော်တို့က ဆိုဖို့သီချင်းကို ရွေး၍မရကြသေး။ခင်မောင်တိုး ရတာကို ကျွန်တော် က မရ။ ကျွန်တော်ဆို နိုင်တာကျတော့လည်း သူက မကြားဘူးဖူး ဖြစ်နေကြသည်။ ကျွန်တော် တို့ ခင်လာကြတာလည်း ကြာမှမကြာသေးဘဲ။
နောက်ဆုံးဘာဆိုရမှန်း မသိတော့သဖြင့် ပြန်ကြမယ်ဆိုပြီး အပြန်ခရီးကို စလိုက်တော့မှ ကျွန်တော်က ဝေဆာ နေသော နှင်းတွေကြည့်ကာ သုံးရာသီသီချင်းထဲမှ တစ်ပိုဒ်ကို ဆိုညည်းမိ၏။
"မြူမှုန်မှုန်ချိန်ခါဆို မြောက်ပြန်လေညှင်းငွေနှင်းဖွေးဖွေးစို"
ခင်မောင်တိုး က တုံ့ခနဲ ရပ်လိုက်ကာ...
"ဟာ..ခင်ဗျား အဲဒီသီချင်းကိုရလား၊ ကျွန်တော်လည်းရတယ်။ အဲဒါဆိုရအောင်" ဟု ပြောသဖြင့် ကျွန်တော် တို့ အဆောင်ဘေးကို ပြန်သွားပြီး ဆိုကြသည်။
"မောင်×××မေ့နိုင်ဘူးကွဲ့ ခင့်ကို×××လတွေနှစ်တွေ ပြောင်းလေပို၊ အချစ်ဦးလေး ပျို×××လွမ်းနေတဲ့ရက်ကို မျှော်ယောင်ကာစာဆို×××နေ့စဉ်¬ပဲတမ်းတပို"
ခင်မောင်တိုး ဂစ်တာတီးပုံက ကြိုးခြောက်ချောင်းစလုံးကို လက်ချောင်းအားလုံးဖြင့် တီးခတ်ခြင်းဖြစ်၍ အလွန် အသံသာ သည်။ ကျွန်တော်က ထိုဂစ်တာသံကို သီချင်းသံစဉ်အတိုင်း စီးမျောသီဆိုရုံပင်။
လူရှင်းသွားသော စင်္ကြံပေါ်တွင် မိန်းကလေးတွေ လေးငါးဆယ်ယောက် ပြန်စုလာပြန်သည်။
"နွေဦးကဆို သွန်းလေရူးရမ်းပို×××ဟိုညောင်ပင်ညိုညို××ငှက်ရွှေသြ က ချွဲသကို××ချစ်သူဝေးလို့ အလွမ်းတွေပို"
ထိုစဉ် အပေါ်ထပ်မှ တံခါးတစ်ချပ်ပွင့်လာပြီး သွယ်နွဲ့သော ကိုယ်ဟန်ရှင်တစ်ဦးထွက်လာကာ သံဆန်ခါ နားလာပြီး နားထောင်သည်ကို ကျွန်တော်ငေးကြည့်နေမိသည်။ သီချင်းဆုံးတော့ ဝိုင်း၍ လက်ခုပ် တီးကြပြီး သူက "ဝမ့်စမိုး" ဟုတောင်းဆိုသဖြင့် တစ်ခါထပ်ဆိုရသေးသည်။
ဒုတိယတစ်ခါဆိုပြီးတော့လည်း အားလုံးဝိုင်း၍ တောင်းဆိုနေကြသဖြင့် ကျွန်တော်တို့က "နောက်တစ်ပုဒ် ဖြင့် တင်ဆက်ပါရစေ"ဟုပြောရသည်။
ပြီးတော့ ကျွန်တော် မန္တလေးတွင် နေခဲ့စဉ် မြို့မအဖွဲ့က အမြဲတီး၍ ကျွန်တော်လည်းရနေသော "သစ္စာ" သီချင်း ကို တီးပေးနိုင်မလားဟု ခင်မောင်တိုး ကို နည်းနည်းဆိုပြသည်။ သူကလည်း အရှိန်ရ သွား၍ လား မသိ။
"ကြားတော့ မကြားဖူးဘူးဗျ၊ဒါပေမဲ့ ခင်ဗျားဆိုသာဆိုသွားပါ။ ကျွန်တော်ကြည့်ပြီး တီးပေးမယ်" ဟု ပြောသည်။
ထို့ကြောင့် ကျွန်တော်ကလည်း ရဲရဲတင်းတင်းပင် ဆိုလိုက်သည်။
"လှပမှုတွေ×××ပေါင်းစုံဖွဲ့စည်းကာ×××မောင့်ပတ်ဝန်းကျင်မှာ..."
ထိုသီချင်းကိုလည်း မိန်းကလေးတွေကြိုက်ကြ၍ထပ်ကာ ထပ်ကာဆိုပြရသည်။ ထိုနေရာမှာ အဆောင်ရှေ့ ဆီကို ပြန်ထွက်လာကြပြီး အဝင်ဝတံခါးကြီးရှေ့တွင် ထိုသီချင်းနှစ်ပုဒ်ကို တစ်ခါပြန်ဆိုတော့ နောက်ဘက် တွင် နားထောင်ခဲ့သော ပရိသတ်က အရှေ့ဘက်ကို လိုက်လာကြသည်။
ရှင်းလင်း နေသော ပြည်လမ်းကြီးပေါ်တွင် တိတ်ဆိတ်စွာ လျှောက်လာရင်း ကျွန်တော့်သီချင်းသံကို ကြား၍ ထွက်လာပြီး နားထောင်နေသော ကိုယ်ဟန်သွယ်သွယ်ပိုင်ရှင်ကို မျက်စိထဲတွင် မြင်ယောင် နေသည်။ တစ်နေ့သောအခါတွင် သူနှင့်ကျွန်တော် လူကိုယ်တိုင် ဆုံဖြစ်မည် မဆုံဖြစ်မည် အပထား၍ ယခုအချိန် မှာတော့ စိတ်ကူးယဉ်ချင်စရာ ကြည်နူးမှုလေးတစ်ခုပင်။
သည်အကြောင်းတွေကို ကျွန်တော် တေးတစ်ပုဒ် ရေးဖွဲ့ချင်လှသည်။ သီချင်းတွေအများကြီး တီးခတ် သီဆို လာခဲ့သော်လည်း တစ်ခါမှတော့မရေးဖူးဘူးသေးပေ။ ကြိုးစားကြည့်ရမလား၊ နှင်းတွေ သီချင်း လာဆိုသည့် အကြောင်း ချစ်သူမဟုတ်သော်လည်း သီချင်းဆိုမှတော့ ချစ်သူပေါ့။ ပြီးတော့ အင်းလျားဆောင် စသဖြင့်။ ဒါတွေပြီးအောင်ရေးရမယ်။
ခင်မောင်တိုး တို့အဆောင်တွေရောက်၍ သူတို့ကို နှုတ်ဆက်ပြီး ကျွန်တော်တစ်ယောက်တည်း ပြန် လာခဲ့ သည်။ နှင်းတွေထဲမှာ ကျွန်တော်တစ်ယောက်တည်း လျှောက်လာရင်း စဉ်းစားရသမျှတွေကို ငယ်စဉ်က ကြားဖူးသော တေးသွားတစ်ခု၏ အလိုက်ကိုမှီးကာ စတင်သီဆိုကြည့်ပါသည်။
နှင်း..မှုန်တွေဆိုင်း...မှိုင်းလို့ရီဝေ...အလှသခင်ရေ..မှန်းဆကာလှမ်းခဲ့ရပြီ တစ်နေ့(...)
အစဉ်မမေ့..ယဉ်မဆုံး..အလှဆုံးထိပ်ခေါင် ခင်ပျိုမေ ပုန်းရှောင်ကာ မုန်းမသွားနဲ့...ဆုံးကမ္ဘာတိုင် ချစ် မယ့်သူ ပေ။ အခန်းကိုရောက်တော့ ရပြီးသမျှလေးတွေကို မေ့မသွားခင် စာအုပ်တစ်အုပ် နောက်ကျော တွင် ကပျာကယာ ချရေးပြီး သီချင်းလေးကိုလည်း "ကြိုပါကွယ် အင်းလျားသူ"ဟု အမည်ပေးလိုက်ပါသည်။
သီချင်းတစ်ပိုင်းတစ်စလေးကို ထပ်ကာထပ်ကာ ပြန်ဆိုကြည့်ရင်း ဝမ်းသာကြည်နူးလိုက်ပုံမှာ ပြောစရာပင် မရှိတော့။ တတိယစာကြောင်းမှ ဖြည့်စရာနေရာကို စဉ်းစား၍မရသေး။ နောက်ရက်မှ သည် သီချင်းလေး ကို အချော ပြီးအောင်ရေးရမယ်။ အခုတော့ အိပ်ရာဝင်မှ။ မနက်ဖြန်ကျောင်းတက်ရမှာ။ သြော်...မနက်ဖြန် ဘယ်ဟုတ်ပါ့မလဲ။ သည်နေ့ပေါ့။ အခုတောင် မနက်တစ်နာရီခွဲနေပြီပဲ။
စနေနေ့ည ကျွန်တော်တို့သွားကြသော အင်းလျားဆောင်ရှေ့တွင် လူရှင်းနေ၏။ ခင်မောင်တိုးက သံတံခါးကြီး ၏ ခါးတန်းပေါ် ခြေတစ်ဖက်တင်၍ ဂစ်တာကိုစမ်းလိုက်သည်။
တင့်ဝေက မယ်ဒလင်ဖြင့် အသင့်ဖြစ်တော့ ဟိုတစ်ပတ်ကဆိုခဲ့သည့် "သုံးရာသီ" နှင့် "သစ္စာ" သီချင်းတို့ကို ကျွန်တော်က ဆိုသည်။ သီချင်းဆုံးတော့ သံဝင်းတံခါးကြီး၏ အတွင်းဘက်ကို ကပ်လျက်သား ခဲတစ်လုံး ကျလာသည်။ ကျွန်တော် တော်တော်ရှက်သွားသည်။ နောက်ထပ်တစ်လုံးက ကျောက်လမ်းကိုထိကာ ကွဲကြေ သွားပြီး အပဲ့အရွဲ့များက ကျွန်တော်တို့ကို လာမှန်ကုန်သဖြင့် ကြည့်လိုက်တော့မှ ချိုချဉ် တွေဖြစ်နေ၏။ တတိယအထုပ် ကတော့ မကွဲပေ။ စာရေးစက္ကူတစ်ရွက်ဖြင့် ရစ်ပတ်ထားသည်။ ဖြေကြည့် လိုက်သည်။
ယူတို့က ဘယ်ကလဲ။ ယူတို့ဆိုတဲ့သီချင်းကို ကြိုက်တယ်။
သီချင်းတွေကို Request လုပ်ချင်ရင် Sign ပြလိုက်မယ်။ ပန်းတစ်ပွင့် ထောင်ပြရင်
"တစ်ပွင့်ပန်း သစ္စာ" မိန်းကလေး သုံးယောက်တွဲ မတ်တတ်ရပ်ပြရင် "သုံးရာသီ"
လို့ မှတ်ထားပါ အင်းလျားအဆောင်သူများ။
` ထိုစဉ် အဆောင်ပေါ်တီကိုပေါ်တွင် မီးတရဲရဲဖြင့် စီးကရက်သောက်နေကြသော ကျောင်းသူအချို့ဆီမှ "လှဘာဒဲ မေးရဲ ဆိုပေးဘား" ဟုလှမ်းပြောသဖြင့် ယခုအဆင်မပြေသေး၍ အခြားတစ်ပုဒ်ဖြင့် တင်ဆက် ပါရစေဟု အင်္ဂလိပ်လို ပြန်ပြောရသည်။ နိုင်ငံခြားတိုင်းပြည်များမှ ရန်ကုန်တက္ကသိုလ်ကို လာတက်ကြသော ကျောင်းသူ တွေ ဖြစ်သည်။
ပြီးတော့ တင့်ဝေက Elvis Presely ၏ Home is where the heart is သီချင်းကိုဆိုပေးသည်။ ကျွန်တော်က မယ်ဒလင်ကို တီးပေးရင်း တင့်ဝေ သံတိုင်တွေကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အဆောင်ပေါ်ကို လှမ်းကြည့်ပြီး သနားစရာမျက်နှာဖြင့် ဆိုနေပုံကို နောက်ပြောင်ရန် မှတ်သားနေ၏။
တင့်ဝေ ဆိုမပြီးခင်မှာပင် ဂျော့ဘွားတို့ ရောက်လာကြသည်။ ဟိုနေ့ကလူလည်းပါသည်။ ကျွန်တော်က သူတို့ဘက်ကို "တစ်ပုဒ်လောက် ဆိုလိုက်ဦးမယ်" ဟု ခွင့်တောင်း၍ ကိုယ့်လူတွေကိုလည်း ဟိုနားလေးမှာ လိုက်ဆိုပေးဦးနော်ဟု သတိပေးလိုက်သည်။
"နှင်း..မှုန်တွေဆိုင်း..မှိုင်းလို့ရီဝေ...အလှသခင်ရေ..မှန်းဆကာလှမ်းခဲ့ရပြီ တစ်နေ့"
(ကြိုပါကွယ်အချစ်ရယ် တေးသီလို့ချော့မလေ)
အစဉ်.....မမေ..ယဉ်..မဆုံး...အလှဆုံးထိပ်ခေါင် ခင်ပျိုမေ ပုန်းရှောင်ကာ... မုန်းမသွားနဲ့.. ဆုံးကမ္ဘာတိုင် ချစ် မယ့်သူပေ
ဇာခြည်ငွေနှင်းအကြား...လေပြည်လေညင်း..ကစားကြိုနေပါ အင်းလျားသူရေ၊ ဘယ်လိုပင် ခရီးကြမ်း... တကယ့်ကိုပင် မငြီးတမ်းလှမ်း..လှမ်းပါရစေ သဉ္ဇာ ဆောင်ခန်းဝ..မြင်လာစမ်းပါ့ အလွမ်းပြေကြိုနေပါ ချစ်တဲ့ သူရေ သူတို့အဆောင်ကို သီးသန့်ရေးဖွဲ့ထား၍များ ကြိုက်ကြလေသလား မသိ။ ဝိုင်း၍ တောင်းဆို နေကြသဖြင့် တစ်ခါသီဆိုရပြန်၏။ ပြီးတော့ ဂျော့ဘွားကြီးတို့ကို "သွားတော့မယ်" ဟု နှုတ် ဆက်သည်။
"ကျွန်တော်တို့လည်း ပြန်မှာ ၊ သူလိုက်နေတဲ့ ကောင်မလေးက သူ့အမျိုးတွေဆီ ပြန်အိပ်လို့ ဒီည ဒီမှာ မဆိုတော့ ဘူးတဲ့" ဟု ဂျော့ဘွားက ပြန်ပြောရင်း တစ်ဆက်တည်းမှာပင် ဟိုနေ့ညက သီချင်းဆိုသူကို ကျွန်တော်တို့နှင့် မိတ်ဆက်ပေးသည်။
"ဒါ..ကိုထွန်းနိုင်၊ ကျွန်တော်တို့ အဆောင်ကပဲ"
"ခင်ဗျားသီချင်း ကောင်းတယ်ဗျာ။ ဒီအဆောင်က တစ်ယောက်ယောက်ကို ရည်ရွယ်ပြီးရေးတာလား" ဟု ကျွန်တော် နှင့် လက်ဆွဲနှုတ်ဆက်နေရင်းက လက်ကို မလွှတ်သေးဘဲ သူကမေးသည်။
"မဟုတ်ပါဘူး၊ ဒီလိုအကြောင်းအရာလေးနဲ့ဆိုတော့ သီချင်းလာဆိုလို့ကောင်းတယ်ဆိုပြီး ရေးကြည့် တာပါ"
"ဟာ.. ဒါဆိုရင် ဒီသီချင်းကို ကျွန်တော်ဒီမှာ ခဏဆိုပါရစေဗျာ။ ကျွန်တော်ရည်ရွယ်ထားတဲ့သူ ဒီမှာ ရှိနေလို့ပါ။ ခင်ဗျားက တခြားအဆောင်တွေမှာလည်း ဆိုလို့ ဖြစ်ပါတယ်။ လုပ်ပါဗျာနော်။ ကျွန်တော်တို့ ပြေလည် သွားတဲ့ အချိန်လေးအထိပါပဲ" ကျွန်တော် အခက်တွေ့သွားသည်။ ဘာပြောရမှန်းလဲ မသိ ဖြစ်နေ၏။
"ကျွန်တော်လည်း အခုမှ စဆိုကြည့်တာပါ။ ဘယ်မှာမှတောင် မဆိုရသေးဘူး" ကျွန်တော်က ခပ်ဆဆ ပြန်ပြော မိသည်။ ဒါကို သူက ဘယ်လိုများနားလည်သည်မည်။ "အို..ကျွန်တော်က မှတ်မိလွယ်ပါတယ်။ လာဗျာ လက်ဖက်ရည်ဆိုင်သွားကြရအောင်၊ ဟိုကျမှ စာသား ရေးယူပြီး တစ်ခေါက်နှစ်ခေါက်ဆိုပြ။ ဒါဆို ရပါပြီ"
၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
ကျွန်တော်က အဆောင်မှ အခန်းနီးချင်းတွေနှင့် ကမာရွတ်က ပွဲတွေကို သွားကြည့်ပြီး အဆောင်ကို ပြန်ရောက် ၊ ကိုထွန်းနိုင် နှင့် အဖွဲ့တွေ လင့်ရိုဗာ ကားဖြင့်ရောက်လာကြသည်။ သီချင်းသွားဆို ရအောင် ဟုဆို၍ နတ်မောက်အဆောင်မှ ခင်မောင်တိုးနှင့် တင့်ဝေကိုပါ ဝင်ခေါ်သည်။ သည်အတောအတွင်း ကျွန်တော် တို့ အင်းလျားကို နှစ်ခါရောက်သေးသော်လည်း သူတို့နှင့် တစ်ခါမှမဆုံဖြစ်ခဲ့ပေ။ သူ့ ကြည့်ရတာ အတော့်ကို ပျော်နေပုံရပြီး ကျွန်တော့်ကိုလည်း သူတို့ ပြေလည်သွားပြီ ဖြစ်ကြောင်း၊ ကျေးဇူး လည်း တင်ကြောင်း ပြော၍ အခါခါ လက်ဆွဲနှုတ်ဆက်သည်။
ကျွန်တော်က.. "ကောင်းပါလေရဲ့ဗျာ၊ ဝမ်းသာပါတယ်" ဟု ပြန်ပြော၏။
အင်းလျားဆောင်ရှေ့ သံတံခါးမှ ကိုထွန်းနိုင် "ကြိုပါကွယ် အင်းလျားသူ" သီချင်းကို ဆိုတော့ ကျွန်တော်က ရှေ့မထွက် ဘဲ ကားဘေးနားမှောင်ရိပ်မှာပဲ ရပ်နေသည်။ တေးသွားရော စာသားပါ ကွဲလွဲကုန်ပြီ။
ထိုစဉ် ဂျော့ဘွား က အဆောင်ပေါ်ကို လှမ်းကြည့်ရင်း ကျွန်တော့်ကို လက်ကုတ်သည်။ ကိုထွန်းနိုင်ရဲ့ ကောင်မလေး လာပြီ်ဆိုသည့် သဘော။ သွယ်သွယ် နွဲ့နွဲ့ကိုယ်ဟန်ရှင်က စင်္ကြံမီးလုံးအောက်မှဖြတ်ကာ ဝရန်တာ ဆီသို့ လျှောက်လာသည်။ ကိုထွန်းနိုင်ဆီကို မသိမသာလေး လက်ပြလိုက်သည်။
သူဆိုပြီး၍ ကျွန်တော့်အလှည့်ရောက်တော့ ကျွန်တော်က "တော်ပြီ" ဟုပြောလိုက်သည်။ တင့်ဝေ ကလည်း မဆိုချင်တော့ဟုဆိုသဖြင့် အားလုံး ကမာရွတ်ဝိုင်းက လက်ဖက်ရည်ဆိုင်ကို သွားကြသည်။
"ကောင်မလေးက ဒီသီချင်းကို ကျွန်တော်ရေးတာမှတ်နေတာဗျ။ ကျွန်တော်က ခါတိုင်းလည်း ဘယ် အကြောင်းအရာ မဆို သီချင်းလုပ်ဆိုဆိုနေတော့.." သူကပြောနေသည်။
"ကောင်းတာပေါ့ဗျာ" ဟု ပြန်ပြောလိုက်သော ကျွန်တော့်အသံက ခါးခါးသီးသီး ဖြစ်နေပုံ ရသလား တောင် မပြောတတ်ပါ။
ကျွန်တော့်ကို လိုက်ပို့သောကား ပြန်ထွက်သွားတော့ အဆောင်ထဲကို ကျွန်တော်မဝင်။ ပြည်လမ်းဘက် ထွက်ပြီး အင်းလျားဆောင်အထိ တစ်ယောက်တည်း ပြန်လျှောက်သွားသည်။
ကန်ရေပြင်မှာ ငြိမ်သက်လျက်။ အဆောင်ရှေ့မှာလည်း တိတ်ဆိတ်နေသည်။ နှင်းတွေက ပိန်းပိတ် အောင်ကျနေသည်။ စောစောက ကိုထွန်းနိုင်ဆိုခဲ့သော နေရာတွင်ရပ်၍ သံတိုင်တွေကိုကိုင်ကာ "ကြိုပါကွယ် အင်းလျားသူ" သီချင်းကို ခပ်တိုးတိုး ကျွန်တော်ဆိုပါသည်။ နားထောင်သူကတော့ တစ်ဦးမှ မရှိ။
နှင်း...မှုန်တွေဆိုင်း...မှိုင်းလို့သာရီ..ဝေ..အလှသခင်ရေ..မှန်း..ဆကာ လှမ်းခဲ့ရပြီ တစ်နေ့...အစဉ်မမေ့ ယဉ်မဆုံး အလှဆုံး ထိပ်ခေါင်ခင်ပျိုမေ... ပုန်းရှောင်ကာ...မုန်း..မသွားနဲ့ ဆုံးကမ္ဘာတိုင်ချစ်..မယ့်သူပေ..။
ကျွန်တော့်တစ်ကိုယ်လုံး နှင်းတွေဖြင့် စိုရွှဲအေးစက်နေသည်။ ပတ်ဝန်းကျင်မှာလည်း မြေပြင်ကိုထိလု နီးသည့် တိုင် နှင်းတွေက ပိတ်ဖုံးလျက်။ ကျွန်တော့်ရှေ့မှောက်က ဧရာဝတီမြစ်ပြင်။
သြော်..အင်းလျားရေပြင် မဟုတ်ပါလား။
သူနှင့်ပတ်သက်သမျှကို ပြန်လည်စဉ်းစားမိခြင်းမှာလည်း ဒီတစ်ခါတည်းသာ ဖြစ်ပါ၏။ နောင်လည်း စဉ်းစား ဖို့မသင့်တော့ပေ။
သူ့ကို သံယောဇဉ်ဖြစ် မှာစိုး၍ ၊ တစ်နေ့နေ့တွင် နာကျင်ခံစားရမှာစိုး၍ဟု အကြောင်းပြကာ ငယ်စဉ် ကတည်းက ကျွန်တော်သူနှင့် တမင်ဝေးအောင် နေလာခဲ့ခြင်း၏ အကြောင်းအရင်းသည် ဘာကြောင့်ဟု ရုပ်လုံးပေါ် တော့မလို ဖြစ်လာသည်။ သို့သော် ယခုအချိန်ကျမှတော့ သည်အဖြေကို ကျွန်တော် မသိချင်တော့ပါ။
လက်ခံနိုင်ဖွယ်မရှိအောင် မှန်ကန်သော အရှိတရားတို့ကို အဝိဇ္ဇာမြူနှင်းတို့သည် ပိတ်ဆီး ဖုံးကွယ် ကုန်၏။ နှင်းပွင့်လွှာ ပဝါပါးအောက်တွင် အရာအားလုံးသည် အထိုက်အလျောက်တော့ လှပ နေကြ ပေသည်။
ဒါကြောင့်များ ဤကမ္ဘာမြေပေါ်တွင် နှင်းဆိုတာ ပေါ်ပေါက်လာရလေသလား။
အတွေးစ ကိုဖြတ်၍ ကျွန်တော်ပြန်လာခဲ့သည်။
စိုး (နွယ်ပန်းအိမ်)
ရတီမဂ္ဂဇင်း ဇွန်လ ၂၀၀၉
.
No comments:
Post a Comment