အမြစ်တွေ
ဆောင်းရိပ်ဝေ
ဆောင်းရိပ်ဝေ
မုံရွာ မှ တန့်ဆည်သို့ သွားသောခရီးသည်တင် မှန်လုံကားကြီးသည် တစ်ခါတစ်ရံကျင်းထဲ၊ ချိုင့်ထဲကျ၍ ဂျိမ်း ဂျိမ်းဂျိုင်းဂျိုင်းမြည်ကာ ဘယ်ညာယိမ်းသွားရုံမှ လွဲပြီး မှန်မှန်လေးပြေးဆွဲနေသည်။ ယင်းကားပေါ်မှ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ဖြစ်တတ်သော လူ့ဘောင်လောက၌ နေထိုင်သော ပျိုပျိုအိုအို လူသား တို့သည် ပြဿနာဟု အမည်တပ်ရလောက်အောင် ရှုပ်ထွေးမည် မဟုတ်သော်လည်း အကြောင်း ကိစ္စတစ်ခုခုကြောင့် စီးနင်းလိုက်ပါလာကြတာကတော့ သေချာသည်။ ကားမှန်ပြတင်းကို ခပ်ဟဟဖွင့်၍ ဘေးဘီဝဲယာ ကို ကြည့်ရှု ငေးမောတွေးတောပြီး လိုက်ပါလာသူကား ယဉ်စစသဏ္ဍာန် ယဉ်ယဉ်လေးကြည့် ကောင်းသော မိန်းမပျို၊ သူ့နာမည်က ထွေးငယ်၊ ကားစီးရင်းကိစ္စကား မုံရွာပညာရေးတက္ကသိုလ်၌ နောက်ဆုံး နှစ်ဖြေပြီး ကျောင်းကြီးပိတ်၍ အမိရွာသို့ ပြန်လာခြင်းဖြစ်သည်။
ထွေးငယ် သည် ဘေးဘီဝဲယာကိုငေးရင်း စိတ်သည် တစ်ခါတစ်ရံ အတိတ်သို့လည်းကောင်း၊ တစ်ခါတစ်ရံ အနာဂတ် ဘ၀အရှေ့ရေးငေး၍ လည်းကောင်း၊ တစ်ခါတစ်ရံ ပစ္စက္ခအာရုံပေါ်သို့ လိပ်ပြာလိုဝဲနေပြန်ပေ သည်။ အကိုင်းတို့သည် ကွေ့ကောက် ထွေးယှက်ပြီး အခေါက်မှာဖြူ၍ ရွက်ဟောင်းတို့မှာ ကျဲကျဲညစ်ညစ်နဲ့ ကိုင်းဖျား မှာ နုစပြုနေသော ထနောင်းပင်တို့ကို ကားလမ်းအရိပ်ရ သစ်ပင်အဖြစ် ခပ်စိပ်စခပ်တွေ့ရသည်။ အခုလို ထနောင်းရွက်နုနုလေးတွေ မြင်ရတော့ ထနောင်းရွက်သုပ်စိမ့်စိမ့်လေးကို ကြိုက်သောအမေ့ကို ပို၍ လွမ်းဆွတ်မိသည်။
ပထ၀ီ အနေအထားကို ကြည့်သောအားဖြင့် ဘုတလင်နဲ့အတော်နီးပြီဟု ခန့်မှန်းရသည်။ ဘုတလင် တစ်ဝိုက် ၌ ပထ၀ီအနေအထားသည် ဆင်ခြေလျှောလို ခင်တန်းလိုအနေအထားရှိပြီး မြေသား အရောင်က နီဖန့်ဖန့်ဖြစ်သည်။ ပဲစိမ်းငုံတို့ ပြောင်းတို့ စိုက်ဟန်တူပြီး ဇီးခြံတွေကိုလည်း မကြာခဏတွေ့ရ သည်။ ငှက်ခါး တစ်ကောင် ရုတ်တရက် ပျံသွားတာကို ဘာရယ်မဟုတ် ငေးနေစဉ် ရိုးစပ်က ဥသြသံသဲ့သဲ့ ကြားရသည်။ သြော် မိန်ရာသီ ... မိန်ရာသီ အညာရဲ့ မိန်ရာသီပါပဲ။ အတွေးကွန်ယက်နဲ့ ရှုပ်ယှက်ခပ် နေသော ထွေးငယ် မိန်ရဲ့အလှကို လှပအောင်မြင်ဖို့ မဖြစ်နိုင်၊ အာရုံတစ်ခုအပေါ် တင်ထားလို့ မရအောင် စိတ်ဟာ စုန်ချည်၊ ဆန်ချည်။
ကျောင်းပြီးရင် အိမ်ထောင်ပြုဖို့၊ အလုပ်ရရင် လက်ထပ်ဖို့ဆိုတဲ့ စီမံကိန်းတွေဟာ အမေနဲ့သမီးသာ ရှိတဲ့ ထွေးငယ် ဘ၀မှာ စိတ်အလှည့်မပေးနိုင်ပါ။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ ဆုပ်ကိုင် ထားတဲ့ ခေတ်မှာ တစ်သီး၊ တစ်ကဏ္ဍတစ်ဘာသာ။ ဘ၀ရဲ့ အမောဆိုတာတွေကို တိကျလှပစွာ ဖြေရှင်း ချင်သည်။ ဘ၀ရဲ့ အပျော်ဆိုတာတွေကိုလည်း သိစိတ်ကို လိမ်ညာပြီး မပျော်လို။ အထူးအားဖြင့် ကြီး ကျယ်တဲ့ ဘ၀အိမ်ထောင်ရေး အခန်းကဏ္ဍမှာ ရေသောက်မြစ်လို အရေးကြီးတဲ့ ချစ်မေတ္တာကို ခုတုံး လုပ်ပြီး ရည်းစားဆိုတဲ့ မီးရှူး မီးပန်းအောက်မှာ ထွေးငယ်မကလို ကျော့ကွင်းတွေနဲ့ ကြိုးမခုန်လိုပါ။
လမိုက်ညများပြီး လရောင်စစ်စစ်ရှားတဲ့ ဒီလောက ဒီခေတ်ကြီးမှာ ကိုယ့်ကို မိဝေးဖဝေးမိန်းကလေးရဲ့ ခံတပ်ဟာ အစစအရာရာထိန်းချုပ်ခြင်းနှင့် ဆင်ခြင်တုံတရားရှိရမယ်။
တက္ကသိုလ် ကျောင်းတော်မှာ ထွေးငယ်ဟာ မြန်မာစာ အဓိကကျောင်းသူ၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဘာသာ ကိုယ့်စာ ကို ထွေးငယ်ချစ်သည်။ ချစ်မိတော့ စိတ်ဝင်တစားလေ့လာမှတ်သားရသည်။ အမရပူချိတ်နဲ့ စာအုပ် တွေကို ဖတ်ရင်း တက္ကသိုလ် ကျောင်းသူဘ၀ကို ဖြတ်သန်းခဲ့သည်။ လေးစားလို့ ရင်းနှီးလို့ ချစ်မိတယ် ဆိုစ တမ်းဆိုရင် စာကြည့်တိုက်ကြီးသာ ထွေးငယ်နဲ့ ရည်းစားဖြစ်မှာပဲ၊ အဲသလို ကလေးကလား တွေးရင်း ထွေးငယ်ပြုံးမိသည်။
မိခင်ကိုငဲ့ပြီး ဘ၀ကို နားလည်သော ထွေးငယ်သည် အတတ်နိုင်ဆုံးငွေကို ချွေရသည်။ ငွေကိုရေလိုသုံးနိုင် သော သူတကာကို မြင်ပြီး၊ ကိုယ့်ဘ၀ကို ပြန်ငေး၍ ထွေးငယ်အားမငယ် ၀မ်းမနည်း ရင်မနာပါ။ မျက်နှာ လည်း မငယ်ချင်၊ မငယ်ချင်၍လည်း ကိယ့်အပြုအမူက ကိုယ့်ကို မျက်နှာငယ်စေရမယ့် အမူအရာမျိုး ကိုထွေးငယ် ရှောင်ပါသည်။ ရှိတာလေးနဲ့ပဲ ရနံ့ဆန်ဆန်နေချင်သည်။ ဘုရင်မတစ်ပါးလို စံပယ်ချင်တဲ့ ထွေး ငယ်ရယ်လေ၊ ဒီလိုအနေအထားမျိုးမှာ အပေါင်းအသင်းဆိုတာ လှိုင်နိုင်ပါ့မလား။ လက်ချိုးရေကြည့် သုံးလေး ယောက်၊ ဒီသုံးလေးယောက်က ဘာမှ မျှော်ကိုးစရာမရှိတဲ့ထွေးငယ်ကို ဘာမှမျှော်ကိုးပြီး ခင်ခဲ့ချစ် ခဲ့တာမဟုတ်၊ ခင်လို့ ချစ်လို့ကိုပဲ ခင်ကြ ချစ်ကြတဲ့ သူငယ်ချင်းတွေ။ ကျေနပ်ပါသည်။ ပျော်ရွှင်ကျေနပ်ပါ သည်။ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်နဲ့ပဲ ဒီသူငယ်ချင်းတွေနဲ့ ပညာရေးပန်းတိုင်ကို လျှောက်လှမ်း နိုင် ခဲ့ပါ သည်။
ခက်တော့အခက်သား သွက်လို့၊ ထက်လို့၊ ဆန်းလို့၊ ယဉ်လို့၊ ရိုးလို့၊ အေးလို့ဆိုပြီး အကြောင်းပြချက် အမျိုး မျိုး နဲ့ ယောက်ျားဆိုတဲ့ဟာတွေကလည်း သူတို့ရင်ဘက်ကြီးတွေ ပုတ်ပုတ်ပြီး ချစ်ရေးဆိုတတ်ကြရဲ့၊ အဟက် ရယ်တော့ရယ်ရတယ် ဒီလို စကားတွေ ကြားနစ်ပြီးမြင်လို့မကောင်းတဲ့ သတင်းတွေ ထွေးငယ် မျက်စိ နဲ့ နားနဲ့မို့ မြင်မိ ကြားမိပါရဲ့။ မေတ္တာအစစ်ဆိုတာ ရွှေထက် တန်ဘိုးကြီးပြီး ရွှေထက်ရှားလွန်းလို့၊ ဘယ် အရာမဆို လူကြိုက်များရင် အတုပေါ်စမြဲပဲ ဒီတော့ ထွေးငယ် မယုံချင်ပါ။
တခါတလေတော့လည်း အိမ်ထောင်ပြုခြင်းဆိုတာကြီးကို ဥာဏ်မီသလောက် လေးလေးနက်နက် တွေးကြည့်ဖူးပါရဲ့။ အိမ်ထောင်ပြုတယ်ဆိုတာ အကွေ့အကောက်၊ အတက်အဆင်းများလှတဲ့ လူ့ဘ၀ကို တစ်ယောက်ကို တစ်ယောက် ချွေးသိပ်လျှောက်လှမ်းရင်းနဲ့ မိသားစုအခန်းကဏ္ဍကနေ လောကကို သာယာအောင် ပြုစုခြင်းဖြစ်တယ်လို့ ထွေးငယ်ထင်သည်။ ကိုယ့်မိသားစုလေးကို သပ်သပ်ရပ်ရပ် ပန်းပွင့်လို ရနံ့ လို သန့်သန့်ရှင်းရှင်း လှလှပပ ပွင့်လင်းမွှေးမြအောင် ရုန်းကန်တည်ဆောက်တာကလည်း လောက ဆိုတဲ့ လူ့အသိုင်းအ၀န်း ကို တိုက်ရိုက်မပေးဆပ်နိုင်တောင် သွယ်ဝိုက်နည်းနဲ့ ကျေးဇူးပြုနေတာပဲလို့ ထွေးငယ် တွေးမိသည်။ အိမ်ထောင်ပြုတဲ့ အဓိပ္ပာယ်ပါတဲ့ ကျွန်တော်နှင့် ကျွန်မတို့သည် သီချင်းကို ကြားဖူးပါ ရဲ့၊ စာသားတော့မသိပါ။
အဓိပ္ပာယ်က ကျွန်တော်နှင့် ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက် သစ္စာ ရှိရှိ၊ ရိုးမြေကျ ပေါင်းဖက်ဖို့ လောကကောင်းကျိုးအတွက် သယ်ပိုး ထမ်းရွက်နိုင်တဲ့ သားသမီး ရတနာတွေ မွေးဖွားပေးနိုင်သော ဇနီး မောင်နှံ ဖြစ်ဖို့ နေထိုင်ကြမည်ဖြစ်ကြောင်း ဤမင်္ဂလာပွဲ၌ တက်ရောက်လာသော လူကြီးမိဘများ ရှေ့မှောက် မှာ ကတိသစ္စာပြုပါသည်တဲ့။ ကျန်တာတွေ မမှတ်မိတော့ဘူး။ ရေဒိယိုကနေ ကြားဖူးတာ ကြာပြီ။ သီချင်းရဲ့ အဓိပ္ပာယ်က ရင်ထဲစွဲသွားလို့ ဒါလောက်မှတ်မိတာ။ ဒီလိုဆိုတော့လည်း အိမ်ထောင် ပြုခြင်း ရဲ့ အဓိပ္ပာယ်သဘောသွားကို ထွေးငယ် ချီးမွှမ်းမိသည်။ မချီးမွှမ်းဘဲ မနေနိုင်လို့ကို ထွေး ငယ် ချီးမွှမ်း မိပါသည်။
အဲဒီလို စဉ်းစားမိတော့ အိမ်ထောင်ဆိုတဲ့ ၀န်အတွက် ထွေးငယ်ရဲ့ ပခုံးသည် နုသေးသည်။ အသိသည် မှိန် သေးသည်ဟု ကိုယ့်ဘာသာမြင်မိသည်။
ကိုယ်တိုင် မိဘမဟုတ်ပေမယ့် မိဘတွေရဲ့ မိသားစုအပေါ် ၀န်ဆောင်မှုတွေဟာ ပြောမပြနိုင် လောက် အောင် မြင်တွေ့နေရသည် မဟုတ်ပါလား။ မိဘတွေအပေါ် ထွေးငယ် စိတ်မဆိုးချင်။ ကိုယ့်ကို ချစ်တဲ့ သူတွေ စိတ်ဆင်းရဲအောင် မပြုမူချင်ပါ။ ဘာလုပ်လုပ်တင့်တယ်တဲ့ ဒီအရွယ်မှာ ထွေးငယ် အမေ့ကို ပြုစုချင်ပါသည်။ အဖေမရှိတော့တဲ့ ထွေးငယ် ဒီတစ်ခါတော့ ပြန်လည် မပြုစုလိုက်ရပဲ အမေ့ကို လက်လွတ် မခံနိုင်ပါ။
မိသားစုအတွက် နွားနှင့် ဖက်ရုန်းရင်း အပူအအေးမမျှဖြစ်ပြီး အဖေဆုံးခဲ့သည်။ ဟုတ်ပါသည်။ အဖေဆုံးရခြင်း အကြောင်းကို ထွေးငယ်သိပါသည်။ အဖေလယ်ထွန်နေတုန်းပဲ ဖျစ်ဖျစ်မြည်အောင် ပူလောင်သောကောင်းကင်သည် မျက်လှည့်ပြသလို ရုတ်တရက် အုံ့ဆိုင်းရွာချလိုက်တဲ့ မိုးမိလို့ပဲပေါ့။ အဲဒီ တုန်းက ထွေးငယ် ဆယ့်သုံးနှစ်လောက်ရှိသေးသည်။ အမေသည် လူတွေရှေ့မှာ ဣနြေ္ဒပျက်အောင် မငိုခဲ့ပါ။
အမေဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာ အမေနဲ့ အနီးဆုံးနေရတဲ့ထွေးငယ် အသိဆုံးပါ။ အမေ့ မျက်နှာ ကို တစ်ကမ္ဘာလိုငေးနေရတဲ့ ထွေးငယ် အသိဆုံး အသိဆုံးရယ်ပါ။ မောင်လေးက အိမ်မကပ်ဘဲ ဘယ်ချောင်ထိုးနေမှန်းမသိ။ မောင်လေးဟာ ရှစ်နှစ်အရွယ်ဆိုတော့ တော်တော်တော့ ခံစား တတ်နေပါပြီ။ ရင်ထဲမှာလောင်တဲ့ မီးလို့ သရုပ်သဏ္ဍာန်ပေါ်အောင် ပြောတတ်ချင်မှ ပြောတတ်မယ်။ ဒါပေ မယ့် ဒီ လောက စံပြကွက်မှာ မောင်လေးမျက်ရည်ကျတတ်ခဲ့ပါသည်။ ဟုတ်ပါသည်။ အဖေ့ရဲ့ အလောင်းကို မိသားစု နောက်ဆုံးကန်တော့ကြတော့ မောင်လေးရဲ့ ရှိုက်သံနဲ့ မောင်လေးရဲ့မျက်နှာ ခုထိမြင်ယောင်မိ သည်။ မြင်ယောင်မိတိုင်း ပူလောင်မိပါသည်။ ပူလောင်မှုကို ကျေနပ်ပါသည်။ ချိုမြတဲ့ ဒုက္ခကို ထွေးငယ် နား လည်ခဲ့ပါသည်။
အဖေရှိစဉ်က စုဆောင်းမိတဲ့အရှိန်နဲ့ ထွေးငယ်ဆယ်တန်းတက်ခဲ့သည်။ ဘယ်ဝိုင်းမှ မတက်တဲ့ ထွေးငယ် ဘ၀လှုံ့ဆော်ချက်၊ အသိလှုံဆော်ချက်တွေနဲ့ ကြိုးစားပါသည်။ မိသားစုမှာ ဆုံးရှုံးတဲ့ အင်အား ကုန်ကျတဲ့ ငွေ ကြေး ကို ဆယ်တန်းအောင်တယ်ဆိုတဲ့ ရလာဒ်နဲ့ အမေ့ကိုပျော်ရွှင်စေချင်ပါသည်။ ထွေးငယ် မြန်မာစာ ဂုဏ်ထူးနဲ့ ဆယ်တန်းအောင်ပါသည်။ အမေ့ခင်မှာ ပျော်လိုက်တဲ့ဖြစ်ခြင်း ငါ့သမီး ဘ၀အမော တွေနဲ့ နှလုံးမ ခုန်စေချင် ပညာတတ်ကြီးဖြစ်အောင် ထားမယ်။ အဲသလို အမေဟာ မေတ္တာစိတ်နဲ့ ကြုံးဝါးခဲ့ပါသည်။ ဒါပေ မယ့် အိမ်ရဲ့ အခြေအနေကို ထွေးငယ်သိပါသည်။ ဒါကြောင့်လည်း ပညာရေးကို စိတ်ဝင်စားပေမယ့် အမေ့ အနားမှာ တစ်သွေးတစ်အားအနေနဲ့ ထွေးငယ်နေပါရစေ မောင်လေးကိုသာ ကျောင်းပြီးအောင်ထားဖို့ ပြော ကြည့်သော်လည်း "မသေချာတာကို မပြောစမ်းနဲ့သမီး၊ မင်းမောင်ဆယ်တန်းအောင် မအောင်ဆိုတာ မင်းပြောနိုင်လို့လား အခုသမီးကကျောင်းပြီးဖို့ သေချာနေပြီ၊ သေချာတာကို ရွေးချယ်ရမှာပေါ့" ဆိုတဲ့ အချက်အလက် နဲ့ အမေ သည် လုံးဝ လက်မခံပါချေ။
အမေသည် မိသားစုအတွက် ရှေ့နောက် ထောက်ဆချင့်ချိန် ကိုင်တွယ်မှုမှာ ကျွမ်းကျင်သော်လည်း အရေး ဟယ်အကြောင်း ဟယ်ဆို ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခတ်တတ်တာကိုတော့ မိန်းမသားပီပီ ဖျောက် လို့ မရပါ။ အထူးသဖြင့် သားသမီးတွေအတွက်ဆိုရင်ပေါ့။ မှတ်မှတ်ရရ တစ်ခါမှာ ထေးငယ် အပြင်းဖျားပါတော့သည်။ ဖျားတာက ရိုးရိုးအဖျားဖြစ်ဟန်တူသော်လည်း အဖျားကပြင်းတော့ တစ်ကိုယ်လုံး ပူကျက်ပြီး ထွေးငယ်ငြီးသံပါအောင်ထိ ခံစားရပါသည်။ ဆေးကုသော်လည်း တော်တော်နဲ့ နာလန်မထူနိုင် ချေ။ ဒီတော့ မိဘဆိုတာ မိဘမေတ္တာရဲ့ လှိုင်းခတ်မှုမှာ အမေ့ခင်မှာ ပျာယာခတ်ရပါသည်။
အမေသည် ထွေးငယ်အတွက် ဗေဒင်ဆိုလည်း ယုံလိုက်ပါသည်။ ယတြာဆိုလည်း ချေလိုက်ပါသည်။ နတ် ကတော် ကိုလည်း ဆည်းကပ်ရပါသည်။ နတ်ကတော်က ကြက်တစ်ကောင်အရှင်လတ်လတ်ကို ရင်ခွဲပြီး ရွာ ထိပ်က ဖလံပင်မှာ ခေါစာပစ်ရမည်ဟု ထွက်ဆိုပါသည်။ ရွာထိပ်ကဖလံပင်ဆိုတာ ထွေးငယ်တို့ရွာမှာ သရဲ သဘက် မကောင်းဆိုးဝါးတွေ ရှိတယ်လို့ ပြောကြတဲ့အပင်ပေါ့။ အမေသည် ကြက်တစ်ကောင်ကို အရှင် လတ်လတ် ရင်ခွဲရမယ်ဆိုတော့ မျက်ရည်စမ်းစမ်းနဲ့ ရင်ထဲမီးတောက်နေမှာကို မြင်ယောင်မိပါသည်။ မြင် ယောင်မိတယ် လို့ ပြောရတာက ထွေးငယ်က အိပ်ယာထဲလဲနေတဲ့ လူမမာမို့ အဲဒီကိစ္စ လုံးဝမြင်ရသူ မဟုတ်ပါ။ မောင်လေးက ပြန်ပြောမှ သိရလို့ပါ။
မောင်လေးသည် အမေ့နားမှာ ရှိဟန် တူသည်။ အမေသည် ပက်လက်လှန်ထားတဲ့ဓားပေါ် ကြက်ရင်ဘတ် ကို တည့်လိုက်သည်။ အမေ့လက်များ တုန်ယင်ကာ မျက်ရည်များကျလာသည်။ အမေသည် မလုပ်ရဲ မလုပ်ရက် ဖြစ်နေသည်။ ဒီတော့ အနားရှိတဲ့ မောင်လေးကို သားလုပ်ရဲလားဟု မေးသည်ဟုဆိုသည်။ မောင်လေး က ခေါင်းခါပြီး ငြင်းလိုက်ရသည်ပေါ့။ ဒီတော့ အမေ့ခင်မှာ မျက်လုံးမှိတ်ပြီး သမီးအတွက် ရက်စက် ရသည်။ ရဲရင့်ခဲ့ရသည်။ သမီးအတွက် ကျူးလွန်တဲ့ ဒုစရိုက်ကို အမေခံရအုံးမည်။
ဒါပေမယ့် အမေဆိုတော့ ဒီထိတွေးမှာမဟုတ်။ အများပြောသလို အမေဆိုတာ စုန်ရေပဲလေ။
အမေ သည် မျက်စိမှိတ်ကာ ဓားသွားနဲ့ကြက်ရင်ဘတ်ကို သုံးလေးချက်ခပ်မြန်မြန် ပွတ်ဆွဲလိုက်တော့ အရေ ပြားပြတ်ကာ သွေးထွက်လာသောကြက်ကို ကြိုးနဲ့ချည်ပြီး သရဲသဘက်စာ ကျွေးခဲ့သော်လည်း ထွေးငယ် ရဲ့ အဖျားဟာ ထူးမခြားနားပါပဲ။ အမေသည် မိသားစုအတွက် ကံမြှင့်တဲ့အနေနဲ့ ဆွမ်း၊ ဆီမီး၊ ပန်း ရေချမ်း တို့ကို အခါတိုင်းထက် ပိုဂရုပြုပြီး ဘုရားရှိခိုးလည်းပိုကြာလာသည်ကို ထွေးငယ် သတိထားမိသည်။ အမေဘုရားရှိ ခိုးတာကို အိပ်ရာကနေ ငေးကြည့်နေသော ထွေးငယ် အံ့သြသွားပါသည်။
အကြောင်းက ဒီလိုပါ။ အမေသည် ဘုရားရှိခိုးပြီးနောက် အရပ်မျက်နှာတစ်ဘက်ကိုပါ ပါးစပ်ကရွစိ ရွစိ လှုပ်ပြီး ၀တ်ချနေတာကို တွေ့ရသောကြောင့်ဖြစ်သည်။ ထွေးငယ်အဖျားပျောက်မှ အကြောင်းစုံသိရသည်။ အကြောင်း က ရွာသူကို ၀တ်ချပြီး ထွေးငယ်တို့ မိသားစုကို သနားဖို့ မနှောက်ယှက်ဖို့ အမေက ဦးချတောင်းပန်ခြင်း ဖြစ်နေတော့ သည်။ နတ်ကတော်က ဟောတာတဲ့။ ထွေးငယ်ကို အဲ့ဒီရွာသူက လုပ်တာ တဲ့။ စားဖွယ်သောက်ဖွယ်တွေ တောင်ဆန်ကောထဲထည့်ပြီး ခေါစာပစ်လိုက်ရသေးတယ်ဆိုပဲ။ တစ်ကယ်တော့ မိဘဆိုတာ မိသားစု ပြဿနာကို နည်းပေါင်းစုံဖြင့် ထိုးဖောက်နေတဲ့ သူရဲကောင်း တွေပဲလေ။
တစ်ခါမှာ ထွေးငယ် ရေထမ်းပြန်အလာ အမေ့ကို ခေါ်မရလို့ အိမ်ထဲခေါင်းပြူအကြည့် "အမလေး" တောက်တဲ့ တစ်ကောင် တံခါးဘောင်မှာ ကပ်နေပါလား။ ထွေးငယ်ရဲ့ "အမလေး"ဆိုတဲ့ အလန့်တကြား အော်သံကို အိမ်နောက်ဘက် ရေချိုးတဲ့နေရာက အမေကြားလိုက်ဟန်တူသည်။ "သမီးဘာဖြစ်တာလဲ"ဟု အမေက အသံပြုလိုက်သည်။ " အမေဒီမှာ တောက်တဲ့ကြီး" ဟုအော်ပြောလိုက် တော့ အမေသည် ထမီရင်လျား နဲ့ ရောက်လာတာ တောက်တဲ့ကိုမြင်တော့ အမေ့မျက်နှာသည် ဘာရယ်လို့ ပြောဖို့ ခက်တဲ့ အရောင်ပြောင်းသွားသည်။ အမေသည် အိမ်ထဲဝင်ပြီး လှေကားထောင့်မှာ ထောင်ထားတဲ့ လှံကိုယူကာ တစ်အား ထိုးပစ်လိုက်သည်။ ပထမအချက်မှာ ချော်သွားပြီး သုံးချက်လောက်ထိုးမှ ချက်ကောင်း မိပါသည်။ နောက်ပြီး အမေသည် ထမီရင်လျားနဲ့ပင် ပါးစပ်က တစ်တွတ်တွတ်ရွတ်ကာ တောက်တဲ့လာနိုင်တဲ့ အိမ်နှင့်နီးတဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထစ်နေပါတော့သည်။
ထွေးငယ် တက္ကသိုလ်တက်ရမယ့် နှစ်မှာပဲ မောင်လေး အပြင်းဖျားကာ ဆုံးပါးခဲ့ရပြန်သည်။ တစ်ချို့က အစာအိမ်နာ ဖြစ်တာ၊ တစ်ချို့က အူအတက်ပေါက်တာဟု ပြောကြသည်။ မောင်လေးသည် ဗိုက်ကို နှိပ်နှိပ်ပြီး "အမလေးအောင့်လိုက်တာ၊ အမလေးနာလိုက်တာ" အသက်ကိုထိသော နာကျင်သံဖြင့် အလန့် တထိတ် ထိုးထိုးအော်လိုက်တဲ့အခါ အမေသည် သားခံစားရတာထက် အဆမတန် ကိုယ်တိုင် ခံစား နေရသော အမူအရာဖြင့် နေစရာမရှိ ဆောက်တည်ရာမဲ့ပုံမှာ သိသာလွန်းလှသည်။ တောဆိုရင်ရှင်း၊ တောင် ဆိုရင် ခွင်းပစ်ဖို့ စိတ်ခွန်အားတွေရှိပေမယ့် အခုတော့ မမြင်ရတဲ့ ရောဂါရဲ့ ထိုးနှက်မှုအောက်က သားဖြစ်အင် ကို ကြည့်ပြီး၊ အမေသည် အရူးမီးဝိုင်းကာ အရူးတစ်ပိုင်းဖြစ်နေပါတော့သည်။
မိဘသည် သားသမီးအတွက် ရူး သင့်ရင်လည်း ရူးရတာပါပဲလား၊ အရူးထဲမှာ ယင်းအရူးသည် လောကမှာ အလှဆုံး အဓိပ္ပာယ် အရှိဆုံး ဖြစ် ပေလိမ့်မည်။ မောင်လေးဆုံးတော့ အမေသည် အသည်းအူလန်၊ ဗြောင်းဆန်အောင် ငိုပါတော့သည်။ အမေရဲ့ သောကသည် အမေ့ကို အရှင်လတ်လတ် အမဲဖျက် နေသည် ဟု ထွေးငယ်ထင်သည်။ အမေ့ကို သနားတဲ့စိတ်နဲ့ပိပြီးထွေးငယ်ခင်မှာ မောင်လေးရဲ့ နောက်ဆုံး ခရီးကိုတောင် ဟုတ်တိ ပတ်တိ ငိုချင်းမချ လိုက်ရ။ တစ်ကယ်တွေး ကြည့်တော့လည်း ဝေဒနာ ခံစား ရခိုက်မှာ မောင်လေးအတွက် ဆို့နစ်စရာကောင်း သော်လည်း ယခုလက်ရှိမှာ ခံစားနေရတဲ့ အမေ့ အဖြစ်ဟာ ပိုပြီး ကြေကွဲစရာ မကောင်းပါလား။ ပူပန်စရာဆို တော့လည်း အတွေးမှာပင် ဇောချွေးပြန် ရသည်။
မောင်လေးဆုံးတဲ့နေ့ကစပြီး ထွေးငယ်သည် အမေ့အပေါ် ပို၍ လိမ္မာအောင် ကြိုးစားခဲ့သည်။ အဲဒီနေ့ကပဲ မိဘမေတ္တာ ကို ပိုပြီး သတိထားမိစေခဲ့တာပဲ မဟုတ်လား။ အမေနဲ့သမီးသာရှိတဲ့ မိသားစုဆိုတဲ့ ထွေးငယ်ဘ၀ မှာ အမေသည် လယ်လုပ်ဖို့ မလွယ်၊ ရွာနဲ့ဝေးတဲ့ လယ် အချို့ကို ရောင်းပြီး ထွေးငယ်ကို ကျောင်းပြီးအောင် ထားနိုင်ခဲ့သည်။ အဖေရှိစဉ်က အနိုင်နိုင်သိမ်းကြုံးလုပ်မှ အလျင်မီရုံဖြစ်တဲ့ လယ်တွေ ဟာ အခုတော့ အမေနဲ့ သမီးစားလောက်ရုံသာ ကျန် တော့သည်။ စားလောက်ရုံရှိတော်ရောပေါ့။ ထွေးငယ် ရောင့်ရဲတတ်ပါသည်။ ရိုးရိုးအေးအေး ဖြူဖြူစင်စင် စိတ်ကလေးနဲ့ ထွေးငယ် ဖြူဖြူစင်စင် ဘ၀အေးအေး လေးကိုသာ ပိုင်ဆိုင်ချင်သူရယ်ပါ။ တစ်ခါက ရွာဦး ကျောင်း ဆရာတော်မိန့်ခဲ့တာ အမှတ်ရမိသည်။ ငါ့တပည့် တဲ့ ကလိယုဂ် ခေတ်ကြီးမှာ သံသရာဘေး၊ လောကဘေး၊ လွတ်အောင် နေတတ်မယ်ဆိုရင်ကို တော် လှပါပြီတဲ့။
ဆရာတော် အဆုံးအမဟာ ကျဉ်းသလိုနဲ့ ကျယ်ပြောလှပါသည်။ ပါးလှပ်သလိုနဲ့ လေးနက်လှပါသည်။ စိတ်ခိုင်ခိုင်နဲ့ ဒုက္ခကိုသည်းခံပြီး ဘ၀ကို တည်ဆောက်နိုင်မှ အနာဂတ်သံသရာမှာ အပယ်ဒုဂ္ဂတိဆိုတဲ့ ဘေးသင့်တဲ့ဘ၀ကို မရဘဲ မြင့်မြတ် တဲ့သုဂတိ ဘုံဘ၀ကို ရနိုင်မှာပဲ မဟုတ်လား၊ အဲဒီလိုနေနိုင်ခဲ့ရင် လောကဘေးဆိုတဲ့ အပြစ်ပုဒ်မတွေ အတပ် ခံရဦးပါ့မလား။ လောကဘေးဟာ သံသရာဘေးနဲ့ စာရင် ကျဉ်းပါသည်။ သံသရာဘေးလွတ်အောင် နေနိုင်ရင် လောကဘေးဟာ လွတ်ရမည်ဖြစ်သည်။ မြေကြီးလက်ခတ် မလွဲလို့တော့ ထွေးငယ် မပြောလိုပါ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဆိုတဲ့ စကားပုံဟာ ဒီကာလမှာ မီးကျိုးမောင်းပျက်စက် သေနတ်ဖြစ်ခဲ့ပြီ မဟုတ်ပါလား။
သြော်လောက တာဝန်ဆိုတာ အသက်အရွယ်နဲ့အမျှ သူ့လိုလို ပခုံးပြောင်းရောက်လာတတ်စမြဲဆိုတာ ခုနေခါမှာ ထွေးငယ် ကောင်းကောင်းနားလည်လိုက်ပါပြီ။ ရွာရောက်ရင် အလယ်တန်းဖွင့်မို့ ဆရာ ဆရာမလိုနေတဲ့ ကိုယ့်ရွာကျောင်းကို လုပ်အားပေးအဖြစ် ၀င်သင်မည်။ ကျောင်းပိတ်ရက်ပြန်လာတိုင်း စုဆောင်းခဲ့တဲ့ စာအုပ်အဟောင်းတွေနဲ့ စာအုပ်အငှားဆိုင်ဖွင့်မည်။ ဆိုင်နာမည်ကို အိုအေစစ်လို့ပေးမည်။ ဟုတ်ပါသည်။ စာဆိုရင် ကျောင်းစာလောက်သာ ဖတ်ရတယ်ထင်နေတဲ့ ထွေးငယ်တို့တောမှာ ထွေးငယ်ရဲ့ စာအုပ်အငှားဆိုင်လေးဟာ အိုအေစစ်ပါပဲ။
အခုချိန်ကစပြီး လူ့ဘုံခန်းဝါထဲက လူသားတစ်ယောက်အနေနဲ့ လူ့ဘ၀ရှင်သန်ခြင်းကောက်ကြောင်းတွေကို အမေနဲ့ ခေါင်းချင်းဆိုင်ပြီး ကိုယ်တိုင် ဖြေရှင်းရတော့မှာပါလားဆိုတဲ့ အသိဟာ ထွေးငယ်ရဲ့ အတွေးမှာပေါ လောပေါ်နေတော့သည်။
ထွေးငယ်ကို ရွာဦးကျောင်းဆရာတော်မိန့်ဖူးခဲ့သည်။ " အာဂတော ဘာရော န ဘာယိတဗ္ဗော" တဲ့။ " ရောက်လာတဲ့တာဝန်ကို မတွန့်မဆုတ် ထမ်းရွက်ပါလို့" အဓိပ္ပါယ်ရှိတဲ့ အချက်ပေးမီး ပွိုင့်ပါ။ ငါးဆယ်ကျော်ပြီဖြစ်တဲ့ အမေ့ကို လူ့ဘ၀ပြဿနာတွေနဲ့ မညစ်နွမ်း စေချင်တော့ ဘ၀အပူတွေနဲ့ အသားအသွေးတွေ မခမ်းခြောက်စေချင်တော့။ အမေ့ရဲ့ ကိုယ်နဲ့စိတ်မှာ နိယာမရဲ့ လောကဓံ ထွန်သွား တွေ ထွန်ရေးငင်တာကို ထွေးငယ် မမြင်ချင်တော့ပါ။ အမေရဲ့ စိတ်ဟာ တရားရိပ်မှာ အေးနေရမည်။ ဓမ္မအလင်း ကို သောက်သုံးရလို့ မိုးသောက်ပန်းလို လန်းဆန်းနေရမည်။ အမေကိုယ်စား ကျရာတာဝန်ကို ထမ်းရွက်မည် ဟုဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် ရင်သည် ပေါ့ပါးသွား၍ ကျေနပ်ခြင်းလေအသွေးမှာ ကြည်နူးခြင်း ရနံ့ ကို ရှုရှိုက်လိုက်ရသလို လန်းဆန်းနေတော့သည်။
တကယ်တော့ လူ့လောကဆိုတာ လူတောအုပ်ကြီးလို့ ပြောလည်းမမှားပါဘူး။ တောအုပ်ဟာ အရောင် အသွေး အမျိုးမျိုးအဖူးအပွင့် အသွယ်သွယ်၊ အနံ့ရသာအဆန်းဆန်း ဆေးဖက်ဝင်တာတွေရှိသလို အဆိပ် အတောက်တွေလည်းရှိတာပဲ မဟုတ်လား။ တောအုပ်ကြီး စိမ်းလန်းစိုပြေ၊ ဖူးပွင့်ဝေဆာဖို့ အမြစ်တွေဟာ မြေဆီမြေသြဇာကို ရရှိဖို့ ရှာဖွေရုန်းထွက်ရင်း မြေကြီးထဲ နစ်ဝင်ခဲ့ရတယ်။
အဲဒီလိုပဲ လူတောအုပ်ကြီး စိမ်းလန်းစိုပြေ ဖူးပွင့်ဝေဆာဖို့ မိဘတွေဟာ သားသမီးဆိုတဲ့ အဖူးအပွင့်မှာ အရောင်အသွေးလှပပြီး ဆေးဖက်ဝင်အရသာရှိစေချင်တဲ့ ဆန္ဒကလွဲပြီး သားသမီးတွေ ငှားငှားစွင့်စွင့်နိုင်ဖို့ လိုအပ်တဲ့ အာဟာရတွေ ရရှိအောင် ရှာဖွေရုန်းထွက်ရင်း လောကဓံဝင်္ကပါ ပြဿနာပေါင်း သောင်းခြောက် ထောင်မကတဲ့ ဘ၀ကျက်တီးကုန်းထဲမှာ ကျွံဝင်ခဲ့ရတယ်။ သူတို့ရဲ့ ရင်ဘက်တွေဟာ သားရဲတွင်းက ထွက်လာတဲ့လူထက် စိတ်ဒဏ်ရာတွေ ပေပွနေလိမ့်မယ်။ နာကျင်မှု အဆိပ်မြားတွေ စူးဝင်နေလိမ့်မယ်။
ဒါပေမယ့် အဲဒီဒဏ်ရာတွေဟာ အရောင်တစ်လှပ်လှပ်၊ ဒုက္ခစူးရိုင်းရဲ့ အဆိပ်သင့်ခြင်းမှာ ဂီတသံ ပဲထွက်တယ်။ မိဘတွေရဲ့ သားသမီးပေါ်မှာထားရှိတဲ့ မေတ္တာရဲ့ တွန်းကန်မှုအောက်က လုပ်ဆောင်ချက် တွေဟာ ဦးလည်မသုန်နိုင်လွန်းလှပါတယ်။
ပုဗ္ဗာစရိယ မိနှင့်ဖမို့ လူ့တောအုပ်ရဲ့ အမြစ်တွေဟာ မိဘနှင့် ဆရာဆိုရင် ရေသောက်မြစ်ဟာ မိဘပဲ၊ ကျန်တဲ့သင်ဆရာ၊ မြင်ဆရာ အားလုံးကတော့ အမြစ်အခက်အလက်တွေပေါ့။
ထွေးငယ်လည်း လောကတောအုပ်မှာ ဆေးဖက်ဝင်တဲ့ ရနံ့လို့ ပေါ့ပါးမွှေးမြစွာ နေထိုင်ချင်ပြီး ရေသောက် မြစ်မဟုတ်တောင်မှ အမြစ်အခက်အလက်လေးလိုပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိရှိ ဘ၀ကိုရှင်သန်ချင်ပါသည်။ အဲဒီလို စိတ်အတွေးမှာ တောဆိုတဲ့ ကဗျာဟာ စီးဝင်လာလေသည်။ ဖတ်ခဲ့ဖူးတာကြာပေမယ့် ကြိုက်လည်း ကြိုက် ကဗျာကလည်း တိုတိုဆိုတော့ အလွတ်ရနေပါသည်။ ကဗျာဟာတိုပေမယ့် အဓိပ္ပာယ်ဟာ တွေးသ လောက် ကျယ်ပြန့်လွန်း လို့ အခုလို တိုက်ဆိုင်လို့ပေါ်လာတိုင်း ခပ်ဖွဖွလေးရွတ်ကြည့်မိတတ်စမြဲ ...။
တော
သူ့ပုရစ်ဖူးတွေ သူပြန်မမြင်အောင်ဆာလောင်
အမြစ်တွေ ...
ဆောင်းရိပ်ဝေ
မှတ်ချက်။ "တော ကဗျာဟာ ပိတောက်ပွင့်သစ် မဂ္ဂဇင်းထဲက ကဗျာဆရာ ဒီသစ်ကဗျာဖြစ်သည်။
ဆက်ရန်
.
No comments:
Post a Comment