(၁၇)
စင်တိန်သည် အာရက်စ်မြို့ကို ကောင်းကောင်းသိသည်။ သူမငယ်စဉ်က ထိုမြို့ရှိ သီလရှင်ကျောင်းတွင် နေ ခဲ့ဖူးသည်။ သူတို့မြို့လယ်ကောင်သို့ ဖြတ်သန်းဝင်ရောက်လာချိန်တွင် မှောင်နေပြီ ဖြစ်သည်။ အဆောက် အအုံ များတွင် စောစော ပိုင်းက စစ်ဒဏ်ခံထားရသော လက္ခဏာများ ပေါ်လွင်နေသည်။
ဗိုလ်ချုပ်ကြီးကုတ်နေ၏ ဌာနချုပ်ရှိသော ဘုန်းကြီးကျောင်းကို စင်တိန် မှတ်မိနေသည်။ မိုက်ကယ်နှင့် အလျင် တစ်ခေါက်လာခဲ့စဉ်ကပင် မှတ်ထားခဲ့မိသည်။ သို့သော် ယနေ့ညပိုင်းတွင် စင်တိန်နှင့်အန်တို့ လူမရှိ တော့သည့် အိမ်တစ်လုံး၌ ၀င်အိပ်လိုက်ပြီး နံနက်လင်းမှ ထိုဘုန်းကြီးကျောင်းကို လိုက်ရှာကာ သွား ရောက်သည်။ အဆောက် အအုံ၏ ဂိတ်ဝတွင် အစောင့်စစ်သားတစ်ယောက်ကို တွေ့သည်။
"၀င်ခွင့် မရှိပါဘူးခင်ဗျာ၊ ဒါ စစ်တပ်နယ်မြေပါ၊ အပြင်လူ မ၀င်ရပါဘူး"
အစောင့်က စင်တိန်ကို ပြောသည်။ ထိုစဉ်မှာပင် အမည်းရောင် ရိုးလ်ရွိုက်စ်စကားကြီးမောင်းလာပြီး ဂိတ်ဝ ၌ ရပ်လိုက် သည်။ ကားကြီးတွင် ရွှံ့များ ဖုန်များ ပေကျံနေသည်။ ဂိတ်စောင့် စစ်သားက ဇူးလူး ယာဉ်မောင်း အား လက်ပြပြီး ၀င်ခွင့် ပေးလိုက်သည်။ ယာဉ်မောင်းက ကားကြီးကို ၀ူးခနဲ မောင်းဝင် သွားသည်။
စင်တိန်သည် ကားနောက်မှ ပြေးလိုက်သွားပြီး အော်ခေါ်သည်။ ကားနောက်ခန်းတွင် ပါလာသော လူငယ် အရာရှိကို စင်တိန်က အလျင်တစ်ခေါက်လာစဉ်က တွေ့ခဲ့ဖူးသဖြင့် မှတ်မိနေသည်။
"ဗိုလ်ကြီး ပီရက်စ်"
သူ့နာမည် ကို မှတ်မိနေသဖြင့် စင်တိန်က အော်ခေါ်သည်။ ထိုအရာရှိက သူ့နာမည်ခေါ်သံကြားသဖြင့် နောက်လှည့်ကြည့်လိုက်ရာ စင်တိန်ကို မြင်သွားပြီး မှတ်မိသွားသဖြင့် အံ့အားသင့်သွားသည်။ ထို့ကြောင့် ကား ကို နောက်ပြန် ဆုတ်ခိုင်းလာပြီး ကားပေါ်မှ ခုန်ဆင်းကာ ပြောလိုက်သည်။
"မဒမ်မိုဆယ်ဒီသရီပါလား၊ ကျွန်တော် မျှော်လင့်ထားတဲ့ နောက်ဆုံး လူတစ်ယောက်ပဲ၊ ခင်ဗျား ဒီမှာ ဘာလုပ် နေတာ လဲ"
"ကျွန်မ မိုက်ကယ့်ဦးလေး ဗိုလ်ချုပ်ကြီးကုတ်နေနဲ့ တွေ့ချင်လို့ပါ၊ သိပ်အရေးကြီးတယ်"
"အခု လောလောဆယ်တော့ သူဒီမှာ မရှိဘူး၊ မကြာခင် ပြန်ရောက်လာမှာပါ၊ ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့ ယင် ရပါတယ်၊ ခင်ဗျား အေးအေးဆေးဆေး နားပြီး စောင့်ဖို့ နေရာရယ်၊ စားဖို့ အစားအသောက် ရယ် ကျွန်တော် စီစဉ်ပေးပါ မယ်၊ ခင်ဗျားအတွက် နားဖို့ရောစားဖို့ရော လိုအပ်နေပုံရတယ်"
ဗိုလ်ကလေး က စင်တိန်လက်ထဲမှ လက်ဆွဲအိတ်ကို လှမ်းယူလိုက်ပြီး ဆက်ပြောသည်။
"ကဲ လာလိုက်ခဲ့၊ ဒီအမျိုးသမီးကြီးကရော ခင်ဗျားနဲ့ ပါလာတာလား"
"ကျွန်မရဲ့ အထိန်းတော်ကြီးပါ"
ဗိုလ်ကလေးက စင်တိန်နှင့် အန်အား ကားပေါ်တင်ပြီး ခေါ်လာခဲ့သည်။ ကားပေါ်တွင် ထိုင်ပြီး လိုက်ပါ လာရင်း စင်တိန် က သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ အ၀တ်အစားများက ပေရေညစ်ပတ်ကာ တွန့်ကြေ နေသည်။ လက်များလည်း ပေရေနေသည်။ ဆံပင်များလည်း ပွရောင်းနေမည်ဟု တွေးမိသည်။
စင်တိန် က သူမဆံပင်များကို လက်ဖြင့် သပ်လိုက်သည်။ ဗိုလ်ကလေးက တစ်ဘက်သို့ မျက်နှာလွှဲလိုက်ရင်း စကား စ ပြောသည်။
"ကျွန်တော် ရှေ့တန်းစစ်မျက်နှာက အခုပဲ ပြန်ရောက်တာ၊ ဗိုလ်ချုပ်ကြီးကုတ်နေက ရှေ့တန်းမှ အခြေအနေ ကို ကိုယ်တိုင် အကဲခတ်ကြည့်ခဲ့တယ်လေ၊ ရှေ့တန်းမှာ မော့ဟုမ်းရွာအထိ ကျွန်တော်တို့ ရောက် ခဲ့တယ်"
"အဲဒါ ကျွန်မတို့ ရွာပေါ့"
"အခုတော့ ခင်ဗျားတို့ရွာ မဟုတ်တော့ဘူး၊ အဲဒီမှာ ဂျာမန်တွေ ရောက်နေပြီ၊ ကျွန်တော်တို့ရဲ့ ရှေ့တန်း စစ်ကြောင်း ဟာ အဲဒီရွာမြောက်ဘက်နားကို ရွှေ့လိုက်ရပြီ၊ ရွာလဲ မီးဟုန်းဟုန်း တောက်နေပြီ၊ ခင်ဗျား ရွာကိုမြင်ယင် မှတ်မိမှာ မဟုတ်တော့ဘူး"
"ကျွန်မအိမ် လဲ အမြောက်ဆန်ထိပြီး မီးလောင်သွားပါပြီ" စင်တိန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ကျွန်တော် စိတ်မကောင်းပါဘူးဗျာ"
"အခု ဗိုလ်ချုပ်ကြီး ဘယ်မှာလဲ"
"တပ်မဌာနချုပ်မှာ၊ စစ်ဦးစီးအဖွဲ့ အစည်းအဝေး ထိုင်နေတယ်၊ ညနေပိုင်းလောက် ပြန်ရောက် လာပါ လိမ့်မယ်၊ ကဲ ခင်ဗျားတို့အတွက် ကျွန်တော် နေရာချထားပေးမယ်"
ဗိုလ်ကလေး ဂျွန်ပီးယားစ်က စင်တိန်တို့အား ဘုရားရှိခိုးကျောင်းထဲမှ လွတ်နေသော အခန်းတစ်ခန်း၌ နေရာ ချထား ပေးသည်။ ထို့နောက် တပ်သားတစ်ဦးအား စင်တိန်တို့ထံ အစားအသောက်နှင့် ရေနွေး ထည့်ထားသော လက်ဆွဲပုံး ကြီး နှစ်လုံး ပို့ပေးစေလိုက်သည်။ စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် အန် က စင်တိန့်အ၀တ်အစားများကို ချွတ်ခိုင်း ကာ ရေနွေးနှင့် ရေချိုးပေးသည်။
စင်တိန့် အဖို့ နွေးထွေး လန်းဆန်းသွားသည်။ ရေချိုးပြီးသောအခါ အ၀တ်အစားလဲကာ ခေါင်းဖြီး လိုက်သည်။ အန်ကလည်း ရေမိုးချိုးကာ အ၀တ်အစားသစ်လဲလိုက်သည်။
စင်တိန် က အန်ကို လှမ်းဖက်လိုက်ပြီး ၀မ်းသာအားရ ပြောလိုက်သည်။
"အို ... သိပ်ချစ်ရတဲ့ အန် ရယ်၊ အန် သိပ်အံ့သြသွားမယ့်ကိစ္စ ကျွန်မမှာ ရှိနေတယ်"
"သိပ်ချစ်ရတဲ့ အန် ဟုတ်လား ... အဲဒီလို ခေါ်လိုက်တယ်လား၊ ဒါဆိုယင် သတင်းကောင်းပဲ ဖြစ်ရမယ်"
"အို ... ဟုတ်တယ် ဟုတ်တယ်၊ ကျွန်မမှာ မိုက်ကယ့်ရင်သွေး ကိုယ်ဝန်ရှိနေပြီ"
အန် အံ့အားသင့်ပြီး ကြက်သေသေသွားသည်။ တစ်ကိုယ်လုံး သွေးမရှိတော့သလို ဖြစ်သွားသည်။ ပါးစပ် တွင် အာစေးထည့်ထားသလို ဖြစ်သွားပြီး စင်တိန်အား စိုက်ကြည့်နေမိသည်။
"ယောက်ျား ကလေး ဖြစ်လိမ့်မယ် ထင်တယ်၊ သေချာပါတယ်၊ ကျွန်မကတော့ အဲဒီလိုပဲ စိတ်ထဲက သိ နေတယ်၊ သူက မိုက်ကယ့် လိုပဲ တူမှာ"
"ညည်းက ဘယ်လိုလုပ် သေချာနေရတာတုံး"
"အို ... သေချာပါတယ်၊ ကျွန်မ ခါးကို သေသေချာချာကြည့်စမ်း၊ တုတ်ခိုင်မလားဘူးလားလို့"
စင်တိန် က သူမခါးနှင့် ဗိုက်သားကို လှပ်ပြသည်။
"ကဲ မတွေ့ဘူးလားအန်၊ အမြွာတောင် ဖြစ်နိုင်တယ်၊ မိုက်ကယ့်အဖေနဲ့ ဗိုလ်ချုပ်ကြီးက အမြွာညီအစ်ကို လေ၊ အဲဒီလိုပဲ ဖြစ်လာနိုင်တယ်၊ ဒါဆိုယင် မိုက်ကယ်နဲ့ တူ တဲ့ ကလေး နှစ်ယောက်တောင်ရမှာ"
"မဟုတ်ဘူး မဟုတ်ဘူး၊ ဒါ ညည်းသက်သက် စိတ်ကူးယဉ်နေတာ၊ မင်းနဲ့ ဟိုစစ်သားနဲ့ ဒီအထိ ဖြစ်လိမ့်မယ် လို့ ငါမယုံဘူး"
"မိုက်ကယ် က စစ်သား မဟုတ်ပါဘူး၊ လေသူရဲပါ"
"အို အေ ... ငါ မယုံဘူး"
"ကျွန်မ ညဘက် မိုက်ကယ် နဲ့ သွားပြီး ချိန်းတွေ့တာကို ဖေဖေနဲ့ အန် မိခဲ့တာ မှတ်မိသေးလား"
"အေး သိတယ်၊ အဲဒီမှာ သူအနိုင်ကျင့်ပြီး အခွင့်အရေး ယူတယ်ပေါ့ ဟုတ်လား"
"အဲဒီလို မဟုတ်ပါဘူး အန်ရယ်၊ ကျွန်မတို့ နှစ်ကိုယ်တူ ကြည်ကြည်ဖြူဖြူ ချစ်မိကြရာက အချစ်နယ်လွန် ခဲ့တာပါ"
"ညည်းငါ့ကို နောက်ပြောင်နေတာလားအေ"
"ဟိုတစ်နေ့က ကျွန်မအစောကြီး ပျို့အန်နေတာ အန် သိသားပဲ"
"အဲဒီလောက်နဲ့တော့ မသေချာနိုင်ပါဘူးအေ"
"စစ် ဆရာဝန် ဒေါက်တာဘော်ဘီကလပ်က ကျွန်မကို စစ်ဆေးပြီးပြီ၊ သူကပြောလို့ ကျွန်မ သိတာ"
"ဘုရား ... ဘုရား ... ဒုက္ခပါပဲလား စင်တိန်ရယ်၊ ဒါဆိုယင် တို့ဘာလုပ်ကြမလဲ၊ ကံဆိုးမတွေကို ဘုရားသခင် ကယ် တော်မူပါ"
"ဘာလုပ်မလဲ ဟုတ်လားအန်၊ ကျွန်မကလေးကို မွေးမှာပေါ့၊ ကံကောင်းယင် နှစ်ယောက်တောင် ရမယ်၊ ကျွန်မ အတွက် ဒီကလေးကို ထိန်းသိမ်းပြုစုဖို့ ရှင့်အကူအညီ လိုတယ်၊ ကျွန်မကို ကူညီမယ် မဟုတ်လား အန်၊ ကျွန်မ ကလေးအကြောင်း ဘာမှနားမလည်ဘူး၊ အန်က အားလုံး သိပါတယ်၊ ကျွန်မ ကိုယ်တိုင် အန့် လက်ပေါ် မှာ ကြီးခဲ့ရတာ ပဲ၊ ကူပါနော်"
အဘွားကြီးအန် အဖို့ တကယ့်အဖြစ်မှန်ကို ရင်ဆိုင်ရန် တွေးလာရပါပြီ။ သူ စင်တိန့်ကို ထိန်းသိမ်း ခဲ့ရသည်မှာ ၁၇နှစ် ကျော်ပြီ။ သမီးအရင်းမျှ ချစ်ရသော စင်တိန်၏ ကလေးကို မြေးကလေးသဖွယ် ပြုစု ထိန်းသိမ်း ပေးရန် တရေးရေး မြင်ယောင်လာပါတော့သည်။
ဗိုက်ကလေးပီရက်က စင်တိန်တို့ အခန်းတံခါးကို လာခေါက်သောအခါ မိုးချုပ်နေပြီ ဖြစ်သည်။
"ဗိုလ်ချုပ်ကြီး ပြန်ရောက်လာပြီ၊ ခင်ဗျား ရောက်နေတယ်ဆိုတာ ကျွန်တော် သူ့ကို ပြောပြလိုက်တယ်၊ သူ က အခု ခင်ဗျားနဲ့ ချက်ချင်း စကားပြောချင်တယ်တဲ့"
စင်တိန်က ဗိုလ်ချုပ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ပီရက်စ်နောက်သို့ လိုက်သွားသည်။ တပ်မဌာနချုပ် ၏ စစ်ဆင် ရေး ကွပ်ကွဲမှုခန်းမသို့ ရောက်သွားသည်။ စားပွဲပေါ်ရှိ ကြီးမားသော မြေပုံကြီး တစ်ချပ်ကို စစ်အရာရှိ ခြောက်ဦး ခန့် က ၀ိုင်းဝန်းကြည့်ရှုကာ အလုပ်များနေကြသည်။
စင်တိန် အခန်းထဲ ၀င်သွားသည်။ အခန်း ဟိုဘက်စွန်းတွင် မိမိဘက်သို့ ကျောပေးရပ်ကာ တယ်လီဖုန်း တစ်လုံး ဖြင့် အမိန့်ပေး ပြောကြားနေသော ဗိုလ်ချုပ်ကြီးရှောင်ကို တွေ့ရသည်။ စကားပြောပြီးနောက် တယ်လီဖုန်း ကို ဆောင့်ချကာ ဒီဘက်အလှည့်လိုက်တွင် ရပ်စောင့်နေသော စင်တိန်ကို မြင်သွားသည်။
"စင်တိန် ... ငါ စိတ်ပူလိုက်ရတာ၊ မင်းတို့ စံအိမ်ကြီးလဲ လုံးဝ ပျက်စီးသွားပြီ မဟုတ်လား၊ မင်းအဖေကော ..."
"အဖေ လဲ သေသွားပြီ"
"အို ... ကြားရတာ စိတ်မကောင်းပါဘူးကွာ၊ သူ့ကို ငါ့အခန်းခေါ်သွားကွာ၊ ငါ ငါးမိနစ်အတွင်း လိုက်ခဲ့မယ်" ဗိုလ်ချုပ်ကြီးက သူ့ကိုယ်ရေးအရာရှိအား အမိန့်ပေးလိုက်သည်။
ဗိုလ်ချုပ်ကြီး ၏ အခန်းမှာ ကွပ်ကွဲမှုခန်းမကို လှမ်းမြင်နေရသော အခန်း ဖြစ်သည်။ သူ့အခန်းထဲတွင် ပရိဘောဂ ဟူ၍ သိပ်မရှိ။ ခေါက်ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင် တစ်လုံးနှင့် ခုတင်ခြေရင်း၌ သေတ္တာတ်စလုံးတို့သာ ရှိသည်။
ဗိုလ်ကလေးက နေရာပေးသဖြင့် စင်တိန်သည် ကုလားထိုင်တစ်လုံး၌ ၀င်ထိုင်လိုက်သည်။ ဗိုလ်ချုပ်ကြီး အား စောင့်နေ ရင်း အခန်းကို အကဲခတ်လိုက်သည်။ စားပွဲပေါ်တွင် မှန်ဘောင်သွင်းပြီး ထောင်ထားသော အမျိုးသမီး ဓာတ်ပုံနှစ်ပုံ ကို တွေ့ရသည်။ တစ်ဦးက မိခင်ဖြစ်ပုံရပြီး တစ်ဦးက သမီး ဖြစ်ပုံရသည်။ မိခင်၏ အလှ မှာ တည်ငြိမ်အေးမြပြီး သမီး၏ အလှမှာ မာနထန်နေပုံ ပေါ်နေသည်။
"အဲဒါ ငါ့မိန်းမ နဲ့ သမီးလေ၊ မင်း ညစာစားပြီးပြီလား"
ဗိုလ်ချုပ်ကြီးက အခန်းထဲဝင်လာကာ စင်တိန်နှင့် မျက်နှာချင်းဆိုင် ကုလားထိုင်၌ ၀င်ထိုင်လိုက်ရင်း မေးလိုက်သည်။
"ဟုတ်ကဲ့ စားပြီးပါပြီ၊ ကျေးဇူးပါပဲ"
စင်တိန် က စားပွဲပေါ်မှ မီးခြစ်ကိကု လှမ်းယူပြီး ခြစ်လိုက်ကာ ဗိုလ်ချုပ်ကြီး၏ ဆေးပြင်းလိပ်ကို မီးညှိ ပေးသည်။ ပထမ ဗိုလ်ချုပ်ကြီး အံ့အားသင့်သွားသည်။ ထို့နောက် ဆေးလိပ်ကို မီးညီအောင်ညှိပြီး အားရပါးရ ဖွာရှိုက်ပြီးမှ ပြောလိုက် သည်။
"ငါ့သမီး စတော့မ်ကလဲ ဒီလိုပဲ မီးညှိပေးနေကျပဲ"
"ဗိုလ်ချုပ်ကြီးဇနီးရော သမီးရော ချောတယ်နော်"
"ဟုတ်တယ်" ဗိုလ်ချုပ်ကြီးက ခေါင်းညိတ်ပြပြီး စားပွဲပေါ်မှ ဓာတ်ပုံနှစ်ပုံကို တစ်ချက် လှမ်းကြည့် လိုက် သည်။ ထို့နောက် စင်တိန်သို့ ပြန်ကြည့်ပြီး ပြောလိုက်ပြန်သည်။
"မင်း အဖို့ အားလုံး ဆုံးရှုံးခဲ့ရပြီနော်"
"ကျွန်မ တို့ အိမ်ကော၊ ကျွန်မ အဖေကော ဆုံးရှုံးခဲ့ရပါပြီ" စင်တိန်က တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် ထားပြီး ပြော သည်။
"မင်းမှာ တခြားဆွေမျိုးတွေတော့ ရှိဦးမှာပေါ့နော်"
"ဟုတ်ကဲ့ ရှိပါတယ်၊ ကျွန်မ ဦးလေးတစ်ယောက်က လိုင်ယင်းမြို့မှာ နေပါတယ်၊ အဒေါ်နှစ်ယောက်က ပါရီမြို့ မှာ နေတယ်"
"ဒါဖြင့် မင်းလိုင်ယင်းမြို့ကို သွားဖို့ ငါစီစဉ်ပေးမယ်"
"ဟင့်အင်း ... မသွားဘူး"
"ဘာဖြစ်လို့" စင်တိန်က ချက်ချင်း ငြင်းလိုက်သဖြင့် ဗိုလ်ချုပ်က အံ့အားသင့်သွားသည်။
"ကျွန်မ လိုင်ယင်း လဲ မသွားချင်ဘူး၊ ပါရီလဲ မသွားချင်ဘူး၊ အာဖရိကကို သွားမယ်"
"အာဖရိက ... အလို ဘုရားရေ ... ဘာဖြစ်လို့ အာဖရိက သွားနေရတာလဲ" ဗိုလ်ချုပ်ကြီး အလွန်အမင်း အံ့အား သင့် သွားသည်။
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မိုက်ကယ် ကို ကတိပေးခဲ့တယ်၊ ကျွန်မတို့ အာဖရိက သွားမယ်လို့ တစ်ယောက် နဲ့ တစ်ယောက် ကတိပေးထားကြတယ်"
"ဒါပေမယ့် စင်တိန်ရယ် ... " ဗိုလ်ချုပ်ကြီးက စကားကို ဖြတ်ထားလိုက်သည်။ သူ့မျက်နှာ၌ ၀မ်းနည်း ရိပ် သန်းလာသည်။
"ဒါပေမယ့် မိုက်ကယ် က သေပြီပဲလို့ ဗိုလ်ချုပ်ကြီး ပြောမလို့ မဟုတ်လား"
"ဟုတ်တယ်" ဗိုလ်ချုပ်ကြီးက ခေါင်းညိတ်လိုက်ပြီး လေသံထွက်သည်ဆိုရုံလေး ပြောလိုက်သည်။
"ကျွန်မ မိုက်ကယ် ကို တခြားကတိပေးထားတဲ့ အချက် ရှိသေးတယ်။ သူ့သားလေး ကို အာဖရိကတိုက်ရဲ့ အောက်မှာ မွေးပေးပါမယ်လို့ ပြောထားပါတယ်"
"မိုက်ကယ့်သား ... ဟုတ်လား" ဗိုလ်ချုပ်ကြီးက စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"သူ့သားပါ"
"မိုက်ကယ်ရင်သွေး ကို မင်း ကိုယ်ဝန်ဆောင်နေရတယ်ပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်"
ထိုအခါ ဗိုလ်ချုပ်ကြီး နှုတ်ဖျားသို့ မေးခွန်းများ ရုတ်တရက် ရောက်လာတော့သည်။
"မင်း သေချာရဲ့လား၊ ဘယ်လိုလုပ်ပြီး အသေအချာ ပြောနိုင်မလဲ၊ မိုက်ကယ့်ကလေးပါလို့ ဘယ်လိုလုပ်ပြီး ငါက သိနိုင် မလဲ"
သို့သော် ထိုမေးခွန်းများကို ပါးစပ်မှ ထွက်မသွားအောင် ထိန်းထားလိုက်သည်။ ပေါ်ပေါက်လာသော အခြေအနေ နှင့် ကုသိုလ်ကံအလှည့်အပြောင်းကို ခေါင်းအေးအေး စဉ်းစားဖို့ လိုလာသည်။
"ငါ့ ကို ခဏခွင့်ပြုဦးနော်"
ဗိုလ်ချုပ်ကြီး သည် ထိုင်ရာမှ ထလိုက်ပြီး စင်တိန်ကို ခွင့်ပန်က ကွပ်ကဲရေးရုံးခန်းထဲသို့ ၀င်လာသည်။ ကွပ်ကဲရေး အခန်းထဲမှ အရာရှိများအား စစ်ပွဲအခြေအနေကို မေးမြန်းသည်။ ထို့နောက် ညွှန်ကြားစရာ ရှိသည် များကို ညွှန်ကြား သည်။
ယင်းနောက် ဗိုလ်ချုပ်ကြီးသည် အခန်းထောင့်ရှိ ကုလားထိုင်တစ်လုံး၌ ၀င်ထိုင်ကာ စိတ်ကို ငြိမ်ငြိမ်ထားပြီး ပြန်တွေး ရင်း တစ်ယောက်တည်း အချေအတင် ပြောနေမိသည်။
"အင်း ... ဖြုန်းခနဲ ကြားလိုက်ရတော့ အံ့အားသင့်သွားတာပေါ့၊ မိုက်ကယ်က ငါ့သားအရင်း၊ လူမသိပေမယ့် ငါ့သား ဆိုတာ ငါနဲ့ သူ့အမေ သိတယ်၊ သူ့အမေနဲ့ ငါ့အစ်ကို လက်ထပ်တော့ ငါ့ကိုယ်ဝန်က သူ့အမေဆီမှာ ပါသွား လို့ နှစ်ယောက်ပဲ သိကြတာ၊ အင်း ... အခု ဒီကောင်မလေးလဲ ကိုယ်ဝန်ရှိနေပြီဆိုတာ တကယ် ပဲလား၊ ဒါမဟုတ် တစ်ခုခု တစ်နည်းနည်းနဲ့ အကျပ်ကိုင်ချင်လို့များ လုပ်တာလား"
ထိုသံသယ သည် ဗိုလ်ချုပ်ကြီးအတွက် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။
"ဒီကောင်မလေး အပေါ် ငါတွေးထင် မှန်းဆထားတာတွေတော့ မှားနိုင်မယ် မထင်ပါဘူး။ ကိုယ်ဝန် ရှိနေတာ ကို သူ တကယ်သိနေမှာပါ၊ ဒါ မိုက်ကယ့် ကလေးပဲလား၊ တခြားတစ်ယောက်ရဲ့ကလေးကော မဖြစ်နိုင် ဘူးလား၊ ကောင်မလေးကတော့ မိကောင်း ဖခင် သားသမီး၊ မျိုးကောင်း ရိုးကောင်း ဗိုင်းကောင်း ကျောက်ဖိ ကလေးပဲ၊ အဖေနဲ့ အဘွားကြီးအန်က မျက်စိအောက်ကမှ အပျောက်မခံတာ၊ ဒါဆိုယင်လဲ မိုက်ကယ် နဲ့ ဘယ်လိုလုပ်ပြီး အချစ်နယ်ကျွံ ကြမလဲ၊ အင်းလေ ... လူငယ်တွေရဲ့ အချစ်က အတားအဆီး အပိတ် အဆို့ တွေကို တစ်နည်းနည်း ကျော်လွှားကြမှာ ပေါ့"
"အင်းလေ ... ဘာပဲဖြစ်ဖြစ် ငါလက်ခံတယ်၊ ဒါ မိုက်ကယ်ကလေး၊ မိုက်ကယ့်သား၊ မိုက်ကယ့်မျိုးဆက်၊ ငါ့ မျိုးဆက် တော့ ကျန်ခဲ့သေးတာပဲ၊ ကောင်မလေးက အာဖရိက သွားချင်တာ။ ဒီတော့ ဘယ်လိုလုပ်မလဲ၊ ငါ့အိမ်ပို့ထားလို့လဲ မဖြစ်ဘူး၊ ငါမိန်းမ နဲ့တော့ အဆင်ပြေနိုင်တယ်၊ ငါ့သမီး ဆတ်ဆတ်ကြဲနဲ့တော့ အဆင် ပြေမယ် မထင်ဘူး၊ တစ်ဂူတည်း ခြင်္သေ့နှစ်ကောင်အောင်းသလို ဖြစ်နေလိမ့်မယ်"
ဗိုလ်ချုပ်ကြီး စဉ်းစားလိုက်ပြန်သည်။ သူ၏အမြွာညီအစ်ကို ဂါရိကုတ်နေ ကို သတိရလာသည်။ သူ့အစ်ကိုကို ဂါရီ သူက ချစ်စနိုး ခေါ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက် ငယ်ငယ်က ဇူးလူးတောင်တန်းများ၌ အမဲ လိုက် ခဲ့သော ဖြစ်ရပ်ကို ပြန်သတိရလာသည်။ သူက တောပစ်အလှည့်တွင် ဂါရီက တောချောက်ပေးရသည်။ သူ့လက်ချက်ဖြင့် သားကောင် ရ ခဲ့သလို ဂါရီ၏ ခြေထောက်တစ်ဖက်တွင် ဒူးအောက်ပိုင်း၌ သေနတ် ထိမှန်ကာ ပြတ်သွားခဲ့ရသည်။
"သနားစရာကောင်း တဲ့ ဂါရီပဲ၊ အခုတော့ ခြေတစ်ဖက် ပြတ်နေရှာပြီ၊ မိုက်ကယ်ဟာ ငါ့ရင်သွေးဆိုတာလဲ သူ မသိရှာ ဘူး၊ သူ့မိန်းမကလဲ သေရှာပြီ၊ အခု မိုက်ကယ်လဲ မရှိတော့ဘူး၊ ဒီတော့ စင်တိန် နဲ့ သူ့ဗိုက်ထဲက ရင်သွေးလေး ကို ငါ ဂါရီဆီ ပို့မယ်"
ရှောင်ကုတ်နေအဖို့ အဖြေရှာရသွားသဖြင့် စိတ်သက်သာရာ ရသွားသည်။
"ဂါရီပေါ်မှာ ငါ့ရဲ့ကြွေးတွေကို တစ်စိတ်တစ်ပိုင်း ပေးဆပ်ရာတော့ ရောက်မှာပဲ၊ ငါ့ရဲ့မြေးကလေးကို သူ့ဆီပို့လိုက်မယ်၊ ငါကိုယ်တိုင် ပြုစုစောင့်ရှောက် ချစ်ခင်ယုယသင့်တဲ့ မြေးကလေးကို တွယ်ရာမဲ့ ဖြစ်နေတဲ့ ဂါရီ အတွက် မျှော်လင့်ချက် လင်းရောင်ခြည်လေးအဖြစ် ပို့လိုက်တော့မယ်"
ဗိုလ်ချုပ်ကြီး ကုတ်နေသည် ကွပ်ကွဲမှုအခန်းမှ သူ့အခန်းသို့ ပြန်လာခဲ့သည်။ စင်တိန်က မတ်တတ်ရပ်ပြီး ဆီးကြိုသည်။ ဗိုလ်ချုပ်ကြီး၏ အဆုံးအဖြတ်ကို စောင့်မျှော်နေသော စင်တိန်၏ အောက်နှုတ်ခမ်းလေးက တဆတ်ဆတ် တုန်နေသည်။ ဗိုလ်ချုပ်ကြီးက ပြုံးပြပြီး စင်တိန်အား ကုလားထိုင်၌ ပြန်ထိုင်စေကာ သူလည်း သူ့နေရာ၌ ပြန်ထိုင်လိုက်သည်။
"ကျွန်မ အာဖရိကကို သွားရမှာလား ဟင်"
စင်တိန် က မျှော်လင့်တကြီး မေးလိုက်သည်။ သူမ မျက်လုံးအိမ်ထောင့်တွင် မျက်ရည်ဥကလေးများ တွဲခို နေသည်။
"သွားရမယ်လေ၊ သွားရမှာပေါ့၊ အခုဆိုယင် အာဖရိက ဟာ မင်းရဲ့ အိမ်ဖြစ်လာပါပြီ၊ ငါ့အဖို့တော့ မင်းကို မိုက်ကယ် ရဲ့ ဇနီးအဖြစ် လက်ခံလိုက်ပြီ၊ အာဖရိကဟာ မင်းရဲ့နေရာ ဖြစ်သွားပါပြီ"
"အို ... ကျွန်မ သိပ်ဝမ်းသာတာပဲ ရှင်ရယ်"
စင်တိန် က ခပ်တိုးတိုး ပြောလိုက်သည်။ သို့သော် သူမ အဖို့ စင်တိန် သာမန်ဝမ်းသာမှုထက် ပိုပါသည်။ သူမဘ၀ အတွက် လုံခြုံမှုနှင့် အကာအကွယ်များ ရလိုက်သလို ရှိသွားသည်။ ဗိုလ်ချုပ်ကြီး၏ သြဇာ၊ အာဏာ နှင့် အရှိန်အ၀ါ တို့က မိမိအား အန္တရာယ်အပေါင်းမှ ဆီးတားထားနိုင်မည် မဟုတ်ပါလား"
"မင်းဟာ မိုက်ကယ်ဇနီးပဲ"
စင်တိန် က မိမိကိုယ်မိမိ ခံယူထားသည့်အတိုင်း ဗိုလ်ချုပ်ကြီးက ပြောလိုက်သဖြင့် စင်တိန် ဖိန်းရှန်း သွားရသည်။
"မင်း အာဖရိကသွားဖို့ ငါ စီစဉ်ပေးမယ်၊ ဂျာမန်ရေငုပ်သင်္ဘောတွေကတော့ အန္တရာယ်ပေးနေတာ အမှန်ပဲ၊ ဒါပေမယ့် ကြက်ခြေနီ ဆေးရုံသင်္ဘောတစ်စင်း နဲ့ လိုက်သွားယင်တော့ အန္တရာယ်ကင်းနိုင်တယ်၊ မင်းလိုက်သွား ဖို့ ငါစီစဉ်မယ်"
"အန်ကရော"
"အဘွားကြီး လဲ မင်းနဲ့အတူလိုက်ရအောင် ငါစီစဉ်မှာပါ၊ မင်းတို့နှစ်ယောက်က လုပ်အားပေး သူနာပြု ဆရာမ တွေအဖြစ် လိုက်ကြပေါ့၊ လမ်းမှာတော့ မင်း သူနာပြုအလုပ်တော့ ၀ိုင်းလုပ်ပေးသွားရလိမ့်မယ်"
စင်တိန် က ၀မ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"မိုက်ကယ့်အဖေ ငါ့အမြွာအစ်ကို ဂါရီကုတ်နေကို မင်းသိသလား"
"ဟုတ်ကဲ့ သိပါတယ်၊ မိုက်ကယ် သူ့အကြောင်း ကျွန်မကို ပြောထားပါတယ်၊ သူလဲ သူရဲကောင်း တစ်ယောက်ပဲ၊ ဇူးလူးတွေနဲ့ တိုက်ပွဲမှာ သူရသတ္တိ ပြောင်မြောက်မှုကြောင့် အင်္ဂလိပ်ဘုရင်မကြီး ပစ်တိုးရီးယား ရဲ့ ဆုတံဆိပ်ကို ရထားတယ်လို့ ပြောပါတယ်။ ပြီးတော့ သူက သမိုင်းစာအုပ်တွေ ရေးနေတဲ့ ပညာရှိ တစ်ယောက်လို့လဲ သိရပါတယ်"
"ဟုတ်ပါတယ်၊ ဒါ့အပြင် ဂါရီဟာ သိမ်မွေ့ နူးညံ့ပြီး သနားကြင်နာတတ်တဲ့ လူတစ်ယောက်ပါ၊ မုဆိုးဖို ဖြစ်နေရာ က အခုတော့ တစ်ဦးတည်းသောသားလဲ ဆုံးပါးပြန်ပြီ၊ မိုက်ကယ်ဟာ သူ့ရဲ့ဘ၀ပါ၊ မိုက်ကယ်ကို ဆုံးရှုံးရတဲ့ အတွက် သူဘယ်လို ခံစားရမယ်ဆိုတာ မင်းနဲ့ငါအသိပါ၊ တို့လဲ ခံစားနေရတာပဲ မဟုတ်လား"
စင်တိန်က အောက်နှုတ်ခမ်းကလေးကို ကိုက်ပြီး မျက်ရည်ဝေ့နေသော မျက်လုံးအစုံတွင် မျက်တောင်လေး များ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ခေါင်းညိတ်ပြသည်။
"ငါသူ့ဆီ သံကြိုးရိုက်လိုက်မယ်၊ မင်းတို့သင်္ဘော ကိပ်တောင်း ဆိပ်ကမ်းကပ်တဲ့အချိန်မှာ သူဆီးကြို နေ လိမ့်မယ်၊ မင်း ကို ယူသွားဖို့ စာတစ်စောင်လဲ ငါရေးပေးလိုက်မယ်၊ သူက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုမှာပါ၊ မင်း နဲ့ မိုက်ကယ့် ကလေးကိုလဲ သူစောင့်ရှောက်မှာပါ၊ စိတ်ချသာသွားပါ
"မိုက်ကယ့်ကလေး ... ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မ ဗိုလ်ချုပ်ကြီးနဲ့လဲ တစ်ခါတစ်လေ တွေ့ချင် ပါသေးတယ်"
"မကြာခဏ လာမှာပေါ့၊ စိတ်ချပါ ကလေးရယ်"
ဆက်ရန်
.
1 comment:
ဖတ်ပြီးကြောင်းး)
Post a Comment