ထိုအခိုက်အတန့်ကလေး၌ အိမ်ကြီး၏ ၀င်းပေါက်ဆီမှ တအိုင်အိုင် တဂိန်ဂိန်နှင့် ခွေးအော်သံတစ်ခု စူးစူး ၀ါးဝါး ထွက်ပေါ်လာလေရာ ကျွန်ုပ်လည်း လည်ကိုဆန့်၍ အသံလာရာဆီသို့ ကြည့်လိုက်မိ၏။
မြင်ရသည်မှာကား ရှပ်လက်တို၊ ဘောင်းဘီတို အဖြူများကို ၀တ်ဆင်ထားလျက် ကာယဗလ တောင့်တင်း သော ကိုယ်ဟန်ရှိသူ ကျွန်ုပ် နှင့် ရွယ်တူ လူငယ်တစ်ယောက်သည် အင်းခွေး တစ်ကောင်ကို သံကြိုးနှင့် ဆွဲ လာလျက်၊ ဆွဲ၍လာရင်းလည်း ၀ါးခြမ်းပြား တစ်ခုနှင့် ရိုက်နှက်၍ ခေါ်လာသည်ကို တွေ့ရ၏။
ထိုလူငယ်က တအားလွှဲ၍ လွှဲ၍ ရိုက်လေသောကြောင့် ခွေးမှာ လည်ပင်း အစ်နေအောင် ရုန်းကာ ပြန်ကာ နှင့် တဂိန်ဂိန် အော်လျက် ရှိပေသည်။ သို့သော် လူငယ်က တအားဆောင့်၍ ဆောင့်၍ ဆွဲသဖြင့် ခွေးမှာ တဂိန်ဂိန်အော် ရင်း မြေကြီး၌ ဒရွတ်တိုက်ကာ တိုက်ကာ ပါ၍ ပါ၍လာပေ၏။
ဒေါသကြီးလှသော လူငယ်က ခွေးကို အဆမတန် ရိုက်နှက်ဆွဲခေါ်သည်ကို ကျွန်ုပ်ငေးနေဆဲ၌ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်၊ အသက်အစိတ်အရွယ် မိန်းမပျိုတစ်ယောက်နှင့် ကျွန်ုပ်အား တံခါးဖွင့် ပေးသော ဆယ်နှစ်အရွယ် မိန်းကလေးတို့သည် အိမ်တွင်းခန်းမှ ရုတ်တရက် ပေါ်ထွက်လာကြပြီးလျှင် အိမ်ရှေ့ ကပြင် ကိုဖြတ်၍ အိမ်ဝင်းဝသို့ ရောက်သွားကြပြီးနောက် ဟဲ့ ဟဲ့ မောင်ညိမ်းအောင် ဘယ့်နဲ့လဲ မိနီ ကို ရိုက်လှချည့်ကလား " ဟု ပြာပြာသလဲ ဆိုကြရင်း တံခါးကို ဖွင့်ကြ၏။
မောင်ညိမ်းအောင် အမည်ခံ ဘောင်းဘီ တိုနှင့် လူငယ်လည်း မိနီဟုခေါ်သော ခွေးကို ဒရွတ်တိုက်၍ ကပြင်အတွင်း သို့ ဆွဲသွင်းပြီးလျှင် တိုင်တစ်တိုင်၌ သံကြိုးကို ချည်ပြီးနောက် မိနီအား ဂန်ကနဲနေအောင် တစ်ချက် ကန်လိုက်ပြီးမှ " ဟာ ...မမ ခွေးက သိပ်ကို စည်းကမ်းပျက်နေတာ၊ ကျွန်တော် အခု ကစားရုံက အပြန် ဈေးတန်းထဲမှာ ဈေးခွေးတွေနဲ့ တရုန်းရုနိးဖြစ်နေတာတွေ့လို့ ရိုက်ပြီး ခေါ်လာခဲ့ရတယ် " ဟု ဒေါသအသံဖြင့် ပြော၍ ခွေးမ မိနီကို မျက် စောင်းတစ်ချက်ထိုးလိုက်၏။ ဤတွင်မှ ဆိုဖာစွန်းမှထိုင်ရင်း အကဲခတ် နေသူကျွန်ုပ်မှာ တော်သလင်းလ သဘာဝကို ရိပ်မိရကာ မောင်ညိမ်းအောင်သည် မိမိတို့အိမ်မှ ခွေး ကို ထိန်းသိမ်း၍ ပြန်ခေါ်လာကြောင်း သိရ၏။
ထိုခဏ၌ မောင်ညိမ်းအောင်သည် ခွေးမမိနီကို တစ်ချက်ထပ်၍ ကန်မည်ပြုပြန်၏။ သို့ပြုရန် ဟန်ပြင်လိုက် သည် နှင့် အသက် ၄၀ အရွယ်လူကြီးက " တော် ... တော်၊ သား... ကိုညိမ်းမင်း လွန်မယ် ခွေးကပဲကွာ သူ့ လနဲ့သူ ဒီလိုပဲပေါ့ ဘယ်တတ်နိုင်မလဲ ... ကဲ သမီး မကျော့ရင် မိနီ တစ်ကိုယ်လုံး အရှိုးချည်းပဲကွယ်။ ထုံးန နွင်း လိမ်းပေးလိုက်ပါ။ ကိုညိမ်းက တယ်ပြီး မိုက်သကိုး" ဟု လူငယ်မောင်ညိမ်းအောင်အား ဟန့်တားရာက အသက်အစိတ် အရွယ် မိန်းမပျို မကျော့ရင်ဆိုသူအား ခွေးမ မိနီကို ဆေးလိမ်းပေးရန် ခိုင်းလိုက်၏။ မကျော့ရင် လည်း ခွေးမလေးအား သနားကြင်နာစွာ ကြည့်၍ စိတ်မကောင်းဖြစ်နေဟန်တူ၏။
ထိုအခိုက်တွင် ဆယ်နှစ်အရွယ် ကလေးမလေးက " ဖေဖေ ဧည့်သည်"ဟု စကားစဖော်လိုက်ရာ ဤအခါ တွင် မှ အသက် ၄၀ အရွယ်လူကြီးနှင့် မောင်ညိမ်းအောင်တို့လည်း ကျွန်ုပ်ထိုင်နေရာသို့ လှည့်ကြည့်ကြပြီး လျှင် ကျွန်ုပ်အား မြင်သည်၌ ကျွန်ုပ်ဆီသို့ နှစ်ယောက်သားလျှောက်လာကြ၏။ ကျွန်ုပ်တွင်ကား ထိုင်ရမလို ထရတော့ မလိုနှင့် ရင်တဒိတ်ဒိတ်ခုန်ကာ ပြုံးတော့မလို မျက်နှာပိုးသတ်ရတော့မလိုနှင့် နားထင်ပါးရင်းများ ပင် ပူပူထူထူဖြစ်နေမိ၏။
လူကြီးနှင့် မောင်ညိမ်းအောင်တို့လည်း ကျွန်ုပ်၏ အနီးသို့ ရောက်လာကြပြီးလျှင် လူကြီးသည် ဆိုဖာတစ်လုံး ၌၀င်၍ထိုင်ရင်း " ကိုင်း ... ဆိုစမ်းပါဦး ဘာကိစ္စများလဲ .. ဟု မျက်နှာချိုချိုနှင့် မေးလိုက်၏။ မောင်ညိမ်း အောင်ကမူ မနီးမဝေးမှနေ၍ ကျွန်ုပ်ကတ္တီပါဆိုဖာပေါ်ထိုင်နေသည်ကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့သ ယောင်ပြု၍ တစ်ဖက်သို့ မျက်နှာလွှဲလိုက်လေသည်။
ကျွန်ုပ်လည်း လေးရက်တိုင်တိုင် ကတ္တူပေါ်၌ ဘာကအစ ချီ၍ ဘယ်လိုပြောလိုက်မည်ဟု စီစဉ်လာခဲ့သမျှ တို့မှာ ကြက်ပျောက် ငှက်ပျောက် ဦးနှောက်များပင်ခြောက်လျက်" ဟုတ်ကဲ့ ကျွန်တော်" ဟူသော စကား နှစ်လုံးသာ ပါးစပ်က ထွက်လျက် စကားထစ်အဲ ထစ်အဲ ဖြစ်နေရ၏။ အဘိုးထံ ပြန်ဝင်ချဉ်းကပ်ဖို့ ဇော အဘယ် မျှပင် သန်ကာ ပြန်လာရင်းနှီးလိုခဲ့စေကာမူ ယခုကဲ့သို့ နဖူးတွေ့ ဒူးတွေ့ရောက်နေသောအခါ ၌ကား စကားစဖော်ရန် အတော်ပင် ခဲယဉ်းနေသည်ကို တွေ့ရ၏။
ထိုအခါတွင် ဆိုဖာပေါ်ကလူကြီးက ကျွန်ုပ်အား မျက်မှောင်ချီ၍ ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာ ထားကို ပြင်လိုက်ပြီးလျှင်" ပြောပါလေ ... ဘာကိစ္စလဲ၊ ငွေချေးချင်လို့လား ... ဒါမှမဟုတ် သတ္တုကြော တွေ့ထားတာရှိလို့လား ... ဒါမှမဟုတ် သစ်တောလိုင်စင် ပြန်ရောင်းချင်လို့လား ပြောပါ၊ ပြောပါ အားမနာ ပါနဲ့ မောင်ရင်က လူသစ် ထင်ပါရဲ့။ ကျွန်ုပ်တို့နဲ့ တစ်ခါမှ မဆက်ဆံခဲ့ဖူးသေးဘူးနော် ... ဟုတ်လား ... ငွေ ကိုင် စာရေး စာရင်းကိုင် စာရေးတွေတော့ ပြန်သွားကြပြီ။ ဒါပေမဲ့ ကိစ္စရှိရင် ပြောလေ ဦးဒေါန ဆိုတာ ကျုပ်ပဲ " ဟု တိုက်တိုက် တွန်းတွန်းမေး၏။
ဤ၌ ကျွန်ုပ်လည်း ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင် ထိုင်၍ နေသူမှာ ကျွန်ုပ်၏ ဦးလေးအရင်းခေါက်ခေါက်၊ ကျွန်ုပ် ၏ မိခင် ဒေါ်စောလျ၏ အစ်ကိုကြီး ဦးဒေါနဖြစ်နေကြောင်းကို သိရပေသည်။ ဦးလေး ဦးဒေါနမှာ ကျွန်ုပ်အား လုပ်ငန်းတစ်ခုခုလုပ်ရန် ကိစ္စနှင့် လာရောက်သူ တစ်ဦးဟု အထင်ရောက်နေပုံရ၏။ ထို့ကြောင့် လည်း အလုပ်စခန်းများကိုသာ လမ်းကြောင်းပေးလျက် ကျွန်ုပ်ထံမှ စကားစ ချူလိုက်၏။
ကျွန်ုပ်ကာ်း" ကျွန်တော် ခင်ဗျားတူ မောင်ကံကောာင်းဗျ၊ အဘိုးဆီကို ပြန်ကပ်ချင်လို့လာတာ်" ဟု အဘယ် လို့ ပြောနိုင်ပါမည်နည်း။ ပြောရမည့် စကားမှာ ဤစကားမျှသာဖြစ်၏။ သို့သော် စက်ချုပ်သမားအချင်းချင်း ကတ်ကြေးငှားရာ၌ပင် ကတ်ကြေးပေးစမ်းဟု တဲတိုးဆိုမည့်အစား "ဘယ့်နှယ် ကိုယ့်လူ ကိုယ့်ဆရာ ကတ် ကြေးက စက်ခုံတကာမှာ ဗိုလ်ဆွဲနေတယ်လို့ သတင်းကြားတယ် ... ဘယ့်နှယ် ... စမ်းမကြည့်ရဘူးလား ... "ဟု ဒေးလ်ကာနယ်ဂျီ ၏ နည်းကို သုံးလိုက်လျှင် ကတ်ကြေးငှားရသူကပင် အိမ်တိုင်ရာရောက် လာ၍ ပို့တတ်လေရာ ကျွန်ုပ်မှာ အိမ်ကြီး၏ အရှိန်ဖြင့် နှုတ်ဆွံ့နေသည်လည်း ဖြစ်သောကြောင့် " ငွေချေးဖို့ လာတာ မဟုတ်ပါဘူးခင်ဗျာ ... ကျွန် ... ကျွန်တော် အဲ ... "ဟု စကားအမြီးပြတ်နေရပြန်၏။
ထိုအခါတွင် တစေ့တစောင်းနားထောင်နေသော မောင်ညိမ်းအောင်ကို ဦးဒေါနက တစ်ချက်လှမ်း၍ကြည့် လိုက်၏။ အနား၌ ယောင်လည်လည် လုပ်နေသော မောင်ညိမ်းအောင်လည်း ဤတွင် ကျွန်ုပ်ဘက်သို့ မျက် နှာမူလာကာ " ငွေချေးဖို့လာတာ မဟုတ်ရင် လာတဲ့ကိစ္စကိုပြောလေ မပြောရင် ဘယ်ပီးမတုန်း" ဟု ခပ် ဆတ်ဆတ် ပြောလိုက်၏။ မောင်ညိမ်းအောင် ၏ အသံမှာ ငေါ့်သံ အရိပ်အငွေ့ မကင်းပေ။ ထို့ပြင် နူးညံ့လှ သော အဖိုးတန်ကတ္တီပါပေါ်၌ ပန်ဂျပ်ဘန်ကောက်၊ ပဒုမ္မာရာစေ့ အင်္ကျီဖြူတို့ကို ၀တ်ဆင်လျက် တစ်သက် လုံး နေလာခဲ့ရသော ဘုန်းကြီးကျောင်းမှပါလာသည့် (ဘဂ၀ါ) ကိုယ်ဟန်အမူအရာဖြင့် ထိုင်နေသော ကျွန်ုပ် ၏ သွင်ပြင်ကိုလည်း လူတခြား ဆိုဖာတခြားနေသည်ဟု အတွင်းကြိတ်အမြင်ကပ်နေသော လက္ခဏာ ကိုလည်း မသိမသာ ပြသယောင်ရှိ၏။
မောင်ညိမ်းအောင်၏ စကားနှင့်ဆက်၍ ဦးလေး ဦးဒေါနက " အားနာဖို့ မရှိပါဘူးကွဲ့၊ ပြောစရာရှိတာကိုသာ ပြောပါ။ ဦးတို့ကလည်း ဦးတို့ အဖေကြီး မမာနေတာ ရှိနေလေတော့ အချိန်သိပ်ပြီး မအားလပ်ကြဘူးကွဲ့" ဟု ပြောရင်း ကျွန်ုပ်လာရင်းစွဲ အကြောင်းခံကို မသိသေးသည့်အတိုင်းဆက်၍ အကဲခတ်နေ၏။ ထိုသို့ ဦးဒေါန က ပြောလိုက်သောအခါမှ ကျွန်ုပ်လည်း စကားစရှာ၍ တွေ့တော့ကော တံတွေးတစ်ချက် မျိုချရင်း က ...
" ဟုတ်ကဲ့ ကျွန်တော်လည်း ... ဒီအကြောင်းကို ကြားတာနဲ့ အခုလာတာပါပဲ "ဟု ပြောလိုက်ရ၏။ ထိုအခါ တွင် ဦးဒေါန မှာ ပြုံး၍လာပြန်လျက် " သြ ... မောင်က ဦးတို့ဖခင်ကြီး မမာတာကို အကြောင်းပြုပြီး လာခဲ့ တာကိုး ... အဲ ... အဲ ... မောင်က ဆေးဆရာတော့ မဟုတ်ပါဘူးနော် "ဟု ဆို၏။ ဤသည်ကို ထောက်လျှင် အဘိုး ဦးနကီ မမာနေသည်ကို မျက်နှာကြီး ဖြစ်သဖြင့် ဆေးဆရာပေါင်းများစွာ ဇွတ်ဝင်၍ ကုနေကြ ကြောင်း သိနေပေ၏။
" မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော် ဆေးဆရာမဟုတ်ပါဘူး လာခဲ့တာကတော့ "ဟု စကားအရှိန်ရစပြုသဖြင့် ရှောရှော ရှူရှူ ကျွန်တော် ပြောနေဆဲတွင် ဦးဒေါနက စကားဖြတ်၍ " တော်ပါသေးရဲ့ မောင်ရယ် ... ဆေး ဆရာတွေ လာလွန်းလို့ ဦးတို့ဖြင့် မျက်နှာ သိပ်ပူရတာပဲကွဲ့။ အော် ... လက်စသတ်တော့ မောင်က ဦးတို့ ဖခင်ကြီး မမာတာကို မေးဖို့စမ်းဖို့ မိဘက လွှတ်လိုက်လို့ လာခဲ့တာထင်ပါ့ ... ဟုတ်စ၊ နို့ ... နေပါဦး မောင့် မိဘရဲ့ နာမည်က ဘယ်သူတုန်း ... ဦးတို့နဲ့ အဆက်အဆံရှိတယ် ထင်ပါရဲ့ ဟုတ်လား။ ဦးတို့က ဆက်ဆံ သူတွေ များတော့ အတော်မှတ်မှပဲ မှတ်မိတော့တယ်မောင်ရေ့။ ဒီအိမ်ကို မောင်အရင်က ရောက်ဖူးသလား "ဟု စကားဆက်၍ ပြောနေပြန်၏။
သူ၏စကားကို နားထောင်ရင်း ကျွန်ုပ်မှာ " ကျွန်တော့် အမေက တခြားလူမဟုတ်ဘူးဗျို့။ ခင်ဗျားနှမ အရင်း ခေါက်ခေါက် မစောလှဗျ" အသံကုန်အော်ဟစ်လိုက်ချင်၏။ သွေးရင်းခေါက်ခေါက်ဖြစ်ပါလျက် တစ်စိမ်း ထင်ခြင်းကို ခံ၍ နေရသည်မှာ အတော်ပင် အခံရခက်လှပေသည်။ ထို့ကြောင့် ဦးဒေါန စကားအဆုံး၌ ကျွန်ုပ်က ...
" ကျွန်တော့် အမေနာမည်က ဒေါ်စောလှပါ "ဟု စကားစလိုက်သည်တွင် ဦးဒေါနလည်း တစ်ချက်တွေ၍ သွားရာက " နေပါဦးကွဲ့ ဘယ်က ဒေါ်စောလှပါလိမ့် ... ကျိုက္ခမီက ဒေါ်စောလှလား အို ... မဟုတ်သေးပါ ဘူး။ ကျိုက္ခမီက လွှထောင် က ဒေါ်စောလှကပဲ။ ပြီးတော့ မောင့်အရွယ် သားကြီးရှိမှန်းလည်း မကြားဖူးပါ ဘူး။ ပြောစမ်းပါဦးကွယ် ဦးတို့က ဆက်ဆံရတဲ့ မိတ်ဆွေတွေများလွန်းတော့ နာမည်တွေတောင် မေ့သကွဲ့။ လူကို မြင် လို့ မှတ်မိပေမဲ့ နာမည်ကိုမေ့လို့ တစ်ခါတစ်ခါမှာ အတော်ခွကျရတယ်။
ကဲ ... ဆိုစမ်းပါဦး" ဟု မေး၏။ ဤမေးခွန်းကား ကျွန်ုပ်အတွက် အကွက်ဖော်၍ ပေးလိုက်သော မေးခွန်းပင်ဖြစ်၏။ ထို့ကြောင့် အခွင့် အလမ်းလှစ်ခနဲပေါ်ရာတွင် ဖမ်းဖြစ်အောင် ဖမ်းလိုက်မှ သင့်မည်ဟူသောစိတ်ဖြင့် ဇွတ်မှိတ်ကာ " ကျွန်တော့် မိခင် ဒေါ်စောလှဆိုတာ တခြားလူမဟုတ်ပါဘူးခင်ဗျာ ... ဦးရဲ့ နှမအရင်း ဒေါ်စောလှပါ "ဟု ပြောချလိုက် ရသည်၌ ဦးဒေါနလည်း ရှေးဦးစွာ ပါးစပ်ကြီး ဟောင်းလောင်း ပွင့် လျက် ကြက်သေကြီး သေနေ၏။ ထို့နောက် မျက်နှာကြီး အို၍ သွား၏။ ထို့နောက် တောက်တစ်ချက် ခေါက်၏။ ထို့နောက် ကျွန်ုပ်အား တစ်စုံ တစ်ခုပြောမည်ဟု ဟန်ပြင်သလို နှုတ်ခမ်း တရွရွ ဖြစ်၏။ ထို့နောက် ထိုင်ရာမှ ရုတ်ခနဲထလိုက်၏။ ထို့နောက် ချာခနဲလှည့်၍ အိမ်တွင်းခန်းသို့ ခြေသံ ပြင်းပြင်း နင်းကာ ၀င်၍သွားလေတော့သည်။
ထိုအဖြစ်အပျက်များမှာ ခဏကလေးအတွင်း၌ ဆင့်ကဲ ဆင့်ကဲ လျင်မြန်စွာ ဖြစ်ပျက်သွားကြသဖြင့် ကျွန်ုပ် မှာ ကြောင်၍ ကြည့်ရင်း ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့ရပေသည်။ ဘာမှ ပါးစပ်က မပြောတတ်နိုင်။ အာစေး ထည့်၍ ထားဘိသကဲ့သို့ ရှိ၏။ တစ်ကိုယ်လုံးလည်း ထူပူမွှန်ထွန်၍ သွားရလေတော့သည်။
သို့ဖြစ်သောကြောင့် ကျွန်ုပ်သည် ကြောင်အမ်းအမ်းကြီးခံ၍ ဘာမျှမလုပ်တတ်တိုင်း ငုတ်တုတ်ကြီးထိုင်၍ နေမိ၏။ ကိုယ့်အခြေအနေကို ဘာကစတွေး၍ ဘာကိုတပ်ရမှန်း မသိနိုင်အောင် ဖြစ်နေရပေသည်။ ဤ အခိုက်တွင် "ထွီ"ခနဲ တံတွေးတစ်ချက် ထွေးလိုက်သော အသံက ကျွန်ုပ်အား ကိုင်၍ လှုပ်လိုက်သလို ဖြစ် သွားစေ၏။ ထိုအခါတွင်မှ ကျွန်ုပ်သည် ရှက်ဇောဖြင့် မြော၍ နေရာက ပြန်၍ သတိဝင်လာ၏။ "ထွီ" ခနဲ တံ တွေးထွေးလိုက်သူမှာ မောင်ညိမ်းအောင်ပင်ဖြစ်၏။
မောင်ညိမ်းအောင် အား ကျွန်ုပ် လှမ်း၍ ကြည့်မိ၏။ မောင်ညိမ်းအောင်အား အလွန်တရာ ရွံရှာ စက်ဆုပ်သော မျက်နှာထားဖြင့် ကျွန်ုပ်အာ နှုတ်ခမ်းကိုတွန့်ရွဲ့ကာ ကြည့်နေပြီးလျှင် သူနှင့် နီးစပ်ရာ ကြိမ် ကုလားထိုင် တစ်လုံး၏ နောက်မှီကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။သို့နေရာက ကျွန်ုပ်နှင့် မျက်စေ့ ချင်းအဆုံမိတွင် မောင်ညိမ်းအောင်က လည်ပင်းကို ငဲ့၍ အိမ်တံခါးပေါက်ဆီသို့ ခေါင်းတစ်ချက် ဆတ်၍ ပြ၏။
ကျွန်ုပ်မှာကား သတိပြန်၍ လည်လာသည့်တိုင်အောင် ဦးခေါင်းထဲတွင် သွေးများ ၀ီခေါ်အောင် တပတ်ရိုက် နေကြခဲ့သောကြောင့် ယောင်ကန်းကန်းကြီးပင် ရှိနေဆဲဖြစ်သဖြင့် "ဗျာ " ဟု ယောင်တိယောင်ကန်းဆို လိုက်မိ၏။ ကျွန်တော်၏ ပါးစပ်မှ စကားကလေးထွက်လာခြင်းသည်ပင် မောင်ညိမ်းအောင်အား သေနတ် ကျည်ဆန် ထိမှန်လိုက်သလို လှုပ်လှုပ်ရှားရှားဖြစ်လာစေလျက် ...
" ဘာရမလဲကွ မင်း ကို အိမ်ပေါ်က အဆင်းခိုင်းတာပေါ့ "ဟ ဟု ဒေါသတွေ မိုးအုံ့နေသော အသံဖြင့် မိုးချုန်း သလို ပြောပါသည်။
ဤအခြေအနေမှာကား ကျွန်ုပ်အဖို့၌ ၀င်းထရံပေါ်တွင် ထိုင်၍နေရသော အခြေမျိုးဖြစ်၏။ ဟိုဘက်သို့လည်း ခုန်၍ ချနိုင်၏။ သည်ဘက်သို့လည်း ခုန်၍ချနိုင်၏။ ဦးလေး ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့၏ ရွံရှာစက် ဆုပ် အဖက်မလုပ်ခြင်းကို အသာကလေး ခေါင်းလျှို၍ခံကာ ထွက်၍လည်း လာခဲ့နိုင်၏။ ကျွန်ုပ်၏ ရည်ရွယ် ချက်အတိုင်း ဖြစ်မြောက်စေရန် ဇွတ် ခြေသလုံးကိုဖက်၍ အသနားခံတန်လျှင်လည်း ခံနိုင်၏။ အဘိုး၏ အိမ် ထက်သို့ ကျွန်ုပ် တက်မိ၍ကားနေပေပြီ။ အိမ်ထက်မှ ဒီတစ်ခါ ဆင်းခဲ့လျှင်ကား နောင်တစ်ခါတွင် ယခု ထက်ပြန်၍ အတက်ခက်တော့မည်ကို ကျွန်ုပ် တွေးမိ၏။
ထို့ကြောင့်ပင် မောင်ညိမ်းအောင်အား အသနားခံ သောလေသံ တောင်းပန်သောမျက်နှာထားဖြင့် " စဉ်းစားပါအုံး ကိုညိမ်းရယ် ဘိုးဘိုးမမမာဘူးဆိုတာကို ကြားလို့ ကျွန်တော့်မှာ လမ်းစရိတ်ကလေးတောင် မနည်းကြီး စုဆောင်းရှာဖွေပြီး လာခဲ့ရပါတယ်ဗျ" ဟု စကားအစချီကာရှိသေး မောင်ညိမ်းအောင်မှာ ကျွန်ုပ် ၏ လေသံကိုမျှ နားမခံနိုင်အောင် ရှိသည့်အလား အသားဆတ်ဆတ်တုန်မျှ ဒေါထသောအမူအရာ ဖြင့်
" ဟေ့ကောင် သောက်စကားရှည်မနေနဲ့၊ မင်းကို ဘယ်သူက အလာခိုင်းလို့လဲ။ မင်းဘာသာမင်း ဘာတာ ကို ငါတို့ကပဲ စရိတ် ထောက်ရဦးမည့်ပုံ ပေါ်နေပြီ၊ ဟန်လှသကွ ပြောပုံက ထွီ " ဟုဆိုလိုက်၏။

ကျွန်ုပ်မှာ ကျွန်ုပ်၏ စကားမဆုံးမီ ၀င်၍ ဖြတ်ပြောလိုက်သော မောင်ညိမ်းအောင်၏ သီးနင့်လှသော စကားကြောင့် ရင်ထဲ၌ အသည်းနှလုံးများကို အက်ဆစ်ရေဖြင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားရ၏။ သို့သော် အကျိုးအကြောင်းကို လိတ်ပတ်လည်အောင် ပြောလိုသေးသည်ဖြစ်သောကြောင့် ဒေါသအခိုး အလျှံ ခြောင်း ခြောင်းထနေသူ မောင်ညိမ်းအောင်ကိုပင်။
" မဟုတ်ပါဘူး ကိုညိမ်းရယ် ကျွန်တော် လမ်းစရိတ်တောင်းတာလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ ရပ် ဝေးကလာခဲ့ရတဲ့ ညီတစ်ယောက်ပါဗျ။ အဘိုးနေမကောင်းတာကို မေးချင်မြန်းချင် ပြုစုချင်လို့ လာတဲ့လူပါ။ ဒါလောက် ရက်ရက်စက်စက် မပြောသင့်ပါဘူးဗျာ" ဟု ပြောရင်း အသံတိမ်ဝင်သွား၏။ ကျွန်ုပ်၏ အရှက်ကြီး ရှက်၍ အနာကြီး နာသောစိတ်ကို ကျွန်ုပ် မချုပ်ထိန်းနိုင်တော့ပေ။
ကျွန်ုပ်က ဤသို့အပြောတွင် မောင်ညိမ်းအောင်က ထွီတစ်လုံးခတ်လိုက်ပြန်ပြီးမှ "အံမာ လူပါးဝလိုက်လေ ကွာ မင်းက အဘိုးလေး ဘာလေးနဲ့ ဖက်ခွက်စားသားက ကြီးကြီးကျယ်ကျယ် ဆွေမျိုးများစပ်လို့ ဟစ်လို့၊ တန် တန်ရာရာ သွားကွာသွားတော့ မြန်မြန်သွား ငါ့ဘိုးဘိုးက မင်းအပြုအစုကို ခံဖို့ဝေးလို့ မင်းလက်နဲ့ ထိရုံ နဲ့ တောင် ဒေါသထွက်ပြီး အသက်တို လိမ့်ဦးမယ်။ အမယ်လေး ပြီးတော့ လမ်းစရိတ် မတောင်းပါဘူးတဲ့။
ဟားဟား ငမွဲငတေက မာနကြီးတစ်လုံးနဲ့ အေးကွာ သွားတော့ သွား၊ ဟန်ကျလှသကွာ ဆိုဖာပေါ်များ တောင် တက်ပြီးထိုင်လို့ ရာရာသသ ထွီ ဆိုပါတော့ သနကုန်ပါပြီ " ဟု ပိုးစိုးပက်စက် ဆိုပြန်၏။ ကျွန်ုပ်ကား သူ့စကား များကို နားမထောင်ဝံ့အောင်ပင် ရှက်နာကြီးကျ၍ နေရပေတော့သည်။ သို့တိုင်အောင် မလျှော့ သေး ဘဲ နောက်ဆုံးအသနားခံသည့်အနေဖြင့်
" ကျွန်တော်သွားဆိုရင် သွားပါ့မယ်ကိုညိမ်းရယ်၊ မသွားခင်မှာ ဘိုးဘိုးကိုမြင်ဖူးရုံရှိပါစေတော့။ ဘိုးဘိုးကို ကျွန်တော် ၀င်ပြီး ကန်တော့ပါရစေဗျာ " ဟု ပြောလိုက်မိပြန်၏။
ကျွန်ုပ်၏ စိတ်၌ မောင်ညိမ်းအောင်သည် လူစိတ်ရှိပါ၏ အဘိုးအား ကန်တော့ဝတ်ချရုံမျှကိုဖြင့် ခွင့်ပြု လိမ့်မည်ထင်မိ၏။ အဘိုးနှင့် ဦးလေးတို့ ကျွန်ုပ်၏ မိခင်အပေါ်၌ အရှက်ခွဲရပါမည်လောဟု မဖြေနိုင်သော ဒေါသကို ထားကြရာတွင် မောင်ညိမ်းအောင်တို့ လူငယ်ပိုင်းသို့မူ ထိုဒေါသ မကူးစက်တန်ရာဟု ယူဆမိ၏။ သို့သော် ကျွန်ုပ်၏ မိခင်အပေါ်၌ မည်မျှရက်စက်ကြသည်ဟူမူကား ကျွန်ုပ်အား လူလူချင်း ဆက်ဆံသလို ဆက်ဆံ ဖို့ဝေးစွ။ ခွေးလောက်မျှမထင်သော မောင်ညိမ်းအောင်က ...
" ဟေ့ကောင် သောက်စကားတယ်ရှည်တာကိုးကွ။ မင်းကိုမြင်ရုံနဲ့တောင် ဘိုးဘိုးအသက်တိုလိမ့်မယ်။ သွား ... မျက်နှာမွဲ မျက်နှာပြာနဲ့ အိမ်ပေါ်ကို ဇွတ်တက်လာတာ ကြိုက်လှသကွာ၊ မင်း ပိုက်ဆံလေးဘာလေး တောင်း ရအောင်လာတာကို ငါသိပါတယ်ကွ။
အေး ... ပိုက်ဆံတော့မရဘူးဟေ့ ဟောတာပဲရမယ် ... သွား" ဟု ခါးခါးရင့်ရင့် ရင်နင့်ဖွယ် အမူအရာ ကိုပါပြ၍ ဆိုပြန်လေရာ ကျွန်ုပ်တွင် ဒေါသ ထောင်းခနဲထ၍သွား၏။ ဒေါသ၏ အရိပ်သည် ကျွန်ုပ်၏ မျက်နှာသို့လာ၍ဟပ်၏။ ကျွန်ုပ် စိတ်ထွက်လာသော အမူအရာကို အကဲ ခတ်နေသော မောင်ညိမ်းအောင် ချက်ချင်း သိမြင်ရပေရာ ချက်ချင်းပင် လက်သီးကိုဆုပ်လျက် ကျွန်ုပ်၏ အနီးသို့ ချက်ချင်း အစိမ်းဝါး၍ စား တော့မည့် ပုံပမာ ချဉ်းကပ်၍ လာပြီးလျှင်
" ကိုင်း .. ခွေးမသား အေးအေးနဲ့သွားရင်သွားနော်၊ မသွားရင် ငါဆွဲပြီး ထုတ်ရလိမ့်မယ်။ အနာမခံချင်ပါနဲ့ ကွာ ... သွား အင့် ယူ မင်းသားရေအိတ်" ဟု ဒေါသတကြီးဆိုတာ ကျွန်တော်၏ ဆက်ဆွဲသားရေအိတ် ကလေး ကိုပင် ဆိုဖာဘေး၌ ထောင်ထားသည်ကို ကျွန်တော်ဘက်သို့ ခြေနှင့်ကန်၍ ပို့လိုက်သေး၏။
သားရေအိတ်ကလေးကို ခြေနှင့်ကန်လိုက်သော မောင်ညိမ်းအောင်၏ ခြေထောက်မှာ သားရေအိတ်ကိုသာ ကန်မိသော်လည်း ကျွန်ုပ်အဖို့၌ကား ကျွန်ုပ်၏ အသည်းနှလုံးကို ကန်လိုက်သည်နှင့်မခြား၊ အလားအလာ မရှိအောင် ရှက်နာဝမ်းနည်းကြီး ဖြစ်မိပေသည်။ ယင်းသို့ ရှိသည့်အပေါ်တွင် ကျွန်ုပ်အား " ခွေးမသား" ဟု ဆိုလိုက်ခြင်းသည်ကား ကျွန်ုပ်အဖို့၌ ဦးခေါင်းပြတ်ကျသွားသည်တမျှ ထင်လိုက်မိ၏။ ကျွန်ုပ်အား စော်ကား လိုက စော်ကားပါစေတော့။ အရိုးဆွေးနေရှာပြီဖြစ်သော ကံဆိုးမမိခင်ကြီးအား အရိုးကို ပြန်ဖော်စော်ကား သည့်နည်းတူ ခွေးနှင့် နှိုင်းလိုက်ခြင်းမှာ ကျွန်ုပ်အဖို့တွင် ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်စေတော့ ဟူသော စိတ် ကို ပေါ်လာစေ၏။
ထို့ကြောင့် ပေါက်ကွဲအံ့သော နှလုံးဖြင့် သင်းတို့ အားလုံးကို အမုန်းကြီးမုန်းကာ အံ ကိုကြိတ်၍ လက်သီး ကိုပင် ဆုပ်လိုက်မိ၏။
ကျွန်ုပ် လက်သီးဆုပ်သည်ကို မြင်လိုက်ရသည့်ခဏ၌ မာန်မာနဒေါသအိုး ဆူပွက်နေသော မောင်ညိမ်း အောင် မှာ ပို၍ ဒေါသ ထွက်လာလေတော့ပြီးလျှင် " ကိုင်းကွာ မင်းအမေ ××× တဲ့ အကောင် သွားသွား ... ခုသွား ... ဆင်း ... ဆင်း ... အိမ်ပေါ်က ခုဆင်း ... " ဟု ပါးစပ်ကလည်းပြော ကျွန်ုပ်ကိုလည်း လက်မှဆွဲ၍ မွှေ့ရင်း တွန်းဖယ် လိုက်၏။
အမှုမဲ့ဖြစ်၍ ကျွန်ုပ်မှာ ချာခနဲလည်ကာ ဒယီးဒယိုင် ဖြစ်သွား၏။ ထို့ပြင် ငယ်စဉ်က ထမင်းသိုး ဟင်းသိုးကို စားကာ ကြီးပြင်းလာရလျက် ကြီးပြင်းလာသောအခါ၌လည်း နေ့မအား ညမအား စက်ချုပ် စာရေးလုပ်နျင့် လူပုံ မပျက်ရုံမျှ ရှိသော ကျွန်ုပ်မှာ အရပ်အမောင်းချင်းတူစေကာမူ သူဌေးသားပြီပြီ အစားကောင်း အသောက်ကောင်းကိုစားလျက် ကာယဗလ လိုက်စားထားဟန်လည်းတူသော မောင်ညိမ်းအောင်၏ ဗလ ကို မခံမရပ်နိုင်လေရကား အားခဲ၍ မဟန်လိုက်လျှင် ကြမ်းပေါ်သို့ ဟပ်ထိုးလဲကျသွားဖွယ်ရာသာရှိ၏။
သူက ဤသို့ ကိုယ်ထိလက်ရောက် စော်ကားလာသောအခါ၌ ကျွန်ုပ်မှာ ဘာကိုမျှမစဉ်းစားနိုင်တော့ဘဲ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မောင်ညိမ်းအောင်အား အစိမ်းကျွတ် ကျွတ် ၀ါးစားလိုက်ချင် သောစိတ်ဖြင့် အလဲထိုးချရန် ဟန်အပြင်လိုက်တွင် မောင်ညိမ်းအောင်ကလည်း ဘောက်(က်)ဆင်လက်ဝှေ့ ဟန်ဖြင့် လက်နှစ်ဖက်ကို အသင့်ပြင်လိုက်သည် ခဏကာလကလေး၌ ...
" ဟေ့ ... ကိုညိမ်း ဘာဖြစ်တာလဲ " ဟု မေးသံနှင့်အတူ အိမ်ပေါက်မှဝင်လာသော ခြေသံကို ကြားရသဖြင့် လှည့်၍ ကြည့်လိုက်သည်နှင့် နှစ်လုံးပြူး သေနတ်ကိုကိုင်ကာ ဘောင်းဘီတို၊ စပို့ကုတ်၊ ကက်ဦးထုပ်၊ မွေးပွ သားရေဖိနပ်နှင့် အသက် ၂၀ ခန့် လူရွယ်တစ်ဦးကိုမြင်ရ၏။ ထိုလူရွယ်တွင် ကျွန်ုပ် ရုတ်တရက် သတိထား မိသည်မှာကား လက်ဝဲမျက်ခုံးပေါ်တွင် ဓားမသဏ္ဍာန် အမာရွတ်ကလေး ထင်ရှားစွာ ရှိနေခြင်းပင်ဖြစ်၏။
ထိုသူကို မြင်သောအခါ မောင်ညိမ်းအောင် က " ဟာဗျာ ... ဒီမှာ ... အိမ်ပေါ်ကို ဖွတ်တက်လာလို့ နှင်ချ နေရတယ် ... ဒါတောင် ဒီခွေးမသားက မသွားဘူဗျ" ဟု ထပ်ဆင့်လိုက်သည်၌ ကျွန်ုပ်မှာ မိခင်ကို ထိခိုက် ပြန်သဖြင့် ဒေါသကို မထိန်းချုပ်နိုင်တော့အောင် ဖြစ်သွားလေရကား မောင်ညိမ်းအောင်၏ ပါးချိတ်ကို ကော် ၍ တအားထိုးလိုက်၏။ သို့သော် ကျွန်တော်၏ လက်သီးချက်မှာ ခရီးတစ်ဝက်မျှပင် မရောက်သေး မီပင် ဘောက်(က်)ဆင်သမား မောင်ညိမ်းအောင်သည် သူ့ဘက်တော်သား တစ်ဦးသေနတ်နှင့် ရောက် လာသည့် အရှိန်ဖြင့် အားတက်နေသည်ကလည်း တစ်ကြောင်း ဖြစ်သောကြောင့် ကျွန်ုပ်၏ မျက်လုံးမှာ ရုတ်တရက် မီး ပွင့်သွားလျက် မောင်ညိမ်းအောင်၏ လျင်မြန်လှသော လက်သီးချက်ကသာလျှင် အရင်ဦးစွာ ကျွန်ုပ်၏ ပါးချိတ် ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေတော့သည်။
မိုက်ခနဲဖြစ်သွားရာမှ မနည်းကြီး ကိုယ်ကိုဟန်လိုက်ရပြီး ထုံကျင်နေသောပါးစောင်ကို လက်ဖြင့် စမ်းလိုက် မိ၏။
ပါးစောင်မှ လက်ကို ခွာလိုက်သောအခါ၌ လက်ဖ၀ါးတွင် သွေးစများ ပေကျံကာ ပါ၍လာသည်ကို တွေ့ရပေသည်။ ဒေါသအိုးသည် ထောင်းခနဲထလာ၏။ ထို့ကြောင့် တတ်နိုင်သမျှ ပြန်၍ ထိုးကြိတ်ရန် အား ယူမိစဉ် ဓားမသဏ္ဍာန် အမာရွတ်နှင့် သေနတ်ကိုင်ထားသောလူရွယ်က " ဟေ့ကောင် "ဟု ထန်မာသော အသံဖြင့် ဟန့်ကာ သေနတ်ကို မောင်း ချောက်ခနဲတင်လိုက်၏။ ကျွန်ုပ်ကား သေနတ်ကို ကြည့်ကာ ခေါင်း ငိုက်ဆိုက် ကျရပါလေတော့သည်။
ခေါင်းငိုက်ဆိုက်ကျ၍ လူ့ဘ၀မှ ချက်ချင်း မြေမျိုကာ ပျောက်ကွယ်သွားချင်သလောက် ဖြစ်နေရစဉ်၌ပင် မောင်ညိမ်းအောင် သည် ကျွန်ုပ်အား ခွေးသေကောင် ဠင်းတဆွဲသလိုဆွဲကာ အိမ်ပေါက်ဝအထိ တွန်းထုတ် ၏။ ကျွန်ုပ်၏ ခုခံအား လုံးဝမရှိတော့ဘဲ ဒရွတ်တိုက်၍ ပါသွားရ၏။ မောင်ညိမ်းအောင်သည် ကျွန်ုပ်အား အိမ် ပြင်ဘက်သို့ အရောက်ဆွဲထုတ်ပြီးနောက် ကျွန်ုပ်၏ လက်ဆွဲသေတ္တာကလေးကိုလည်း အိမ်ထဲမှ လွှတ်ပစ်၍ ပေးကာ တံခါးကို ဂျောက်ခနဲမြည်အောင် ပိတ်လိုက်လေသည်။
သေတ္တာကလေးသည် မြေပေါ်သို့အကျတွင် သော့ခလုတ်မခိုင်သောကြောင့် ပွင့်ထွက်သွားပေရာ ကျွန်ုပ်၏ အ၀တ်အစား ပစ္စည်းကလေး များမှာ ပြန့်ကျဲဖြစ်၍ နေကြပါ၏။ ပါးစောင်မှ သွေးတွေယိုလျက်၊ ဖုန်ထဲ၌ ဖုန်အလိပ်လိပ်ဖြစ်နေသော အ၀တ်အစားကလေးများကို ကောက်၍ ပြန်ထည့်နေစဉ် ကျွန်ုပ်မှာ မျက်ရည် များကို မဆည်နိုင်ရှိ၏။ ပူနွေးသောမျက်ရည်ပေါက်တို့သည် ဖုန်အလိပ်လိပ်ပေကျံနေသော အ၀တ်အစား များပေါ်သို့ ကျဆင်းကြလေရာ ဖုန်များမှ မျက်ရည်နှင့် ရောယှက်လျက် အ၀တ်များတွင် အစွန်း အကွက်ကြီး များ ဖြစ်နေကြပေတော့သည်။
ထိုခဏကလေးတွင် အိမ်ဘေးမှ ထွက်လာသော ခြေသံတစ်ခုကို ကြားရ၏။ ကျွန်ုပ်ကား ခြေသံရှင်ကို ဂရု မထားမိ။ မျက်ရည်တတွေတွေကျ၍ နေမိပေသည်။ ထိုအခိုက်တွင် ခြေသံရှင်က " အလိုရှင် ဘယ်လို ဖြစ်ရတာလဲဟင် "ဟု ကြင်နာစွာ ဆိုလိုက်ရှာသောအသံကို ကြားရပါ၏။ လှည့်၍ မကြည့်မိသော်လည်း ထို ကရုဏာာ ပြည့်လျှမ်းနေသော အသံကလေးမှာ ကျွန်ုပ်အား တံခါးဖွင့်ပေး၍ ဧည့်ခံရှာသော သူငယ်မလေး ၏ အသံဖြစ်ကြောင်း အသံကိုကျက်မိ၏။ ထိုအသံကလေး၏ နောက်မှကပ်၍ " ဟဲ့ ... အမီ သွား ... နောက်ဖေးကို" ဟု ကြိမ်းလိုက်သော မောင်ညိမ်းအောင်၏ အသံသည် သံတိုင်ကြားမှပေါ်၍လာ၏။ "ဟုတ်ကဲ့" ဟု ခပ်ရွံ့ ရွံ့ဆိုသံနှင့်အတူ ကလေးမကလေး အိမ်နောက်ဖေးသို့ ပြန်သွားရှာသော ခြေသံသည် တဖြည်းဖြည်း ဝေး၍ ပျောက်ကွယ်သွားလေတော့သည်။
ကိုင်း ... အရှက်တကွဲ အကျိုးနည်းသောအဖြစ်ဆိုးကိုကား ကြုံရပေပြီ။
ကျွန်ုပ်မှာ အ၀တ်အစားကလေးများ ကို လက်ဆွဲ သေတ္တအတွင်းသို့ထည့်ရင်း ယောင်တောင်တောင် ကြောင်တက်တက် မောင်းကျောက်မှန် သည့် ကြက်ကဲ့သို့ဖြစ်နေ၏။ ပါးချိတ်မှ လက်သီးဒဏ်ချက်မှာလည်း သွေးပူထူ နေခိုက်မို့ နာရမှန်းပင်မသိ။ အရှက်ကြီးရှက်၍ ရင်ကွဲနာကျလုခမန်းသာလျှင် ဖြစ်နေရ၏။
ထိုအခိုက် တွင် ကျွန်ုပ်၏ အနီးသို့ ခွေးတစ်ကောင်ရောက်လာကာ အမြီးကိုနှံ့၍ တအွန့်အွန့် ပါးစပ်ကလည်း မြည်ရင်း တစ်စုံတစ်ခုကို ပြောဟန်ပင် ထင်မိ၏။ ကျွန်ုပ်၏ စိတ်များမှာ မြူနှင်းဆိုင်းဝေ၍ နေသလို ဝေတေတေ ၀ါးတားတားကြီးသာဖြစ်၍နေပေသည်။ ထို့ကြောင့် ကျွန်ုပ်၏ အနီးသို့ ရောက်ကာ အမြီးနှံ့၍ ပါး စပ်က အသံပြုနေသော ခွေးကိုပင် ကျွန်ုပ်အား တစ်စုံတစ်ခုကို တိုင်တောနေပေသလောဟု ထင်မိ၏။
သို့ဖြစ်နေရာက သားရေသေတ္တာကလေးကို ပိတ်ကာ မတ်တပ်ရပ်လိုက်ရပြီးနောက် အဘိုး၏အိမ်ကြီးကို နောက်ဆုံးကြည့်ခြင်းအားဖြင့် တစ်ချက်မျှ သမင်လည်ပြန် ကြည့်လိုက်မိ၏။ ပြီးမှ ချာခနဲလှည့်၍ ထွက်ခဲ့မိ ပေသည်။
ဤတွင် ကျွန်ုပ်၏ အနီး၌ ရောက်နေသောခွေးသည် အမြီးနှံ့ကာ ကျွန်ုပ်၏နောက်သို့ ပြေးလိုက်လာ၏။ သို့ ပြေးလိုက်လာ နေစဉ် အိမ်တွင်းမှ မောင်ညိမ်းအောင်၏ အသံက "ဟဲ့ ... မိနီ ... မိနီ ... လာခဲ့ဒီကို ခေါ်နေတာ မကြားဘူးလား ... ဟင် ... သေချင်ပြန်ပြီထင်တယ် ... " ဟု ငေါက်၍ ခေါ်လိုက်သံကို ကြားရ ၏။ ထိုအခါ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ နောက်သို့ ပြေး၍ လိုက်လာသော ခွေးကို ကြည့်လိုက်မိ၏။ ထိုခွေးမှာ စောစောက မောင်ညိမ်းအောင်ဆွဲခေါ်ရိုက်နှက်ခဲ့သော ခွေးမကလေးမိနီပင်ဖြစ်နေ၏။ မိနီကို မြင် လိုက်ရသော ခဏ၌ ကျွန်ုပ်မှာ ရင်ထဲ၌ ဟာခနဲဖြစ်၍ သတိမေ့ကာ လဲပြိုသွားမိမတတ် ဖြစ်ရပေသည်။ အကြောင်း မူကား မိနီမှာ ထုံးနနွင်းများ တစ်ကိုယ်လုံး လူး၍ ထားသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။
ကျွန်ုပ်၏ ရင်ထဲ၌ တစ်ခုခုပေါက်ကွဲ၍ ကျသလို ဘွမ်းခနဲပင် မြည်သွားသည်ထင်မိ၏။ အသည်းနှလုံးကို ဓား ပါးပါးနှင့် မွှန်းလိုက်သည့်ပမာလည်း ခံစားရ၏။ အသေအချာကား မရေးတတ်တော့ပြီ။ ထုံးနနွင်းဝါ၀ါနှင့် ခွေးမကလေး မိနီကို မြင်လိုက်မိသော ကာလအတွင်း လျှပ်တစ်ပြက်ကလေး၌ ကျွန်ုပ်သည် ကျွန်ုပ်၏ နောင်ရေး အတွက် ကြီးမားလှစွာသော ဆုံးဖြတ်ချက်ကြီးကို ချလိုက်၏။ ထိုသို့ဆုံးဖြတ်ချက်ကြီးကို ယတိပြတ်ချလိုက် သောကြောင့်ပင်လည်း ကျွန်ုပ်၏ အဓိက သာမည စိတ္တဇဟူသော ရည်ရွယ်ချက်တို့မှာ ပြောင်းပြန် ဇောက် ထိုးမိုးမျှော်ဖြစ်လျက် စိတ္တဇ သာမည အဓိကဟူ၍ ဖြစ်သွားရပေတော့သည်။
ထုံးနနွင်းလူးထားသော ခွေးမကလေးမိနီကို မြင်လိုက်ရခြင်းသည် ကျွန်ုပ်၏ ဘ၀ကို လမ်းစဉ်ပြောင်းစေမည့် အဖြစ်အပျက်ကြီးတစ်ရပ်ဖြစ်နေ၏။ အကြောင်းကား မောင်ညိမ်းအောင်သည် အိမ်၌ မွေးထားသော ခွေးမ ကလေးကို ဈေးတန်းတွင် ဈေးခွေးများနှင့်အတူ တွေ့ရပါမည်လားဟု မရိုက်ရန်တား၍ ထုံးနနွင်း လိမ်း ပေးရန် ပြောသေး၏။ ခွေးတည်းဟူသော သတ္တ၀ါတော်သလင်း သူ့လမို့ အရွေလိုက်သည်ကိုပင် အိမ်၌ပြန်၍ လက်ခံ ထားပြီးလျှင် အရိုက်ခံရသော အရှိုးများကို ထုံးနနွင်းလိမ်း၍ ယုယနိုင်ကြ၏။ လူသားစင်စစ် သွေးရင်းသား ရင်းလည်းဖြစ်သော ကျွန်ုပ်၏ မိခင်ကိုမူကား အိမ်ကခွေးလောက်မှ ဂရုမစိုက်ဘဲ သေရွာ တံခါးဝ သို့ ဆိုက်နေ စဉ်၌ပင် လုံးဝပစ္စလတ်ခတ် လျစ်လျူရှု၍ ထားရက်နိုင်ခြင်းမှာကား မတရား ... မတရား ... အို ... လုံးဝ မတရား...။
ဘက်ထရီအိုး မှ ဓာတ်အားအဖွင့်လိုက်တွင် ဓာတ်ဆီအမှုန်များကို ကာဘရိုက်တာမှ အလွှတ်နှင့် ဆုံသော အခါ မီးထ၍ပွင့်သလို ခွေးလောက်မှ သွေးရင်းသားရင်းကို မညှာတာတတ်ကြသည့် သဘောယုတ်မာတို့ကို တွေး လိုက်မိသည်နှင့်တစ်ပြိုင်နက် ထိုတွေးလုံးနှင့် ကျွန်ုပ်၏ ရင်ဝယ် ခိုအောင်းနေသော ငုပ်စိတ်ကလေးတို့ အတွေ့လိုက်တွင် ကျွန်ုပ်၏ ဦးနှောက်အတွင်း၌ လျှပ်စီးလက်လိုက်သလို ဖြစ်သွား၏။ ထိုခဏ၌ပင် ရည်ရွယ် ချက်တို့သည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားကြရ၏။ ပညာသင်မည်။ အဘိုးထံမှ ရသင့်ရထိုက်သည့် အခွင့် အရေးများကို ခံစားနိုင်အောင် ကြိုးစားမည်။ လက်စားချေမည်ဟူသော ရည်ရွယ်ချက် သုံးချက်တို့ အနက် မထင်ရေးရေး ခပ်မှေးမှေးမျှသာရှိသော လက်စားချေလိုစိတ် ရည်ရွယ်ချက်စိတ္တဇသည် ပညာသင် လိုသော အဓိကရည်ရွယ်ချက်၏ နေရာသို့ ခုန်၍တက်လျက် ကျွန်ုပ်အဖို့၌ အရေးအကြီးဆုံး ရည်ရွယ် ချက်ကြီး ဖြစ်ခဲ့ ရပေတော့သည်။
ဒဏ်ရာတို့မည်သည်မှာ ရုတ်တရက် ထိခိုက်စတွင် မနာလှ။ သွေးပူဆဲဖြစ်၍ အခံရမဆိုး။ သို့သော် သွေးအေးလာသော အခါ၌ကား အစွမ်းကုန် စူးရှနာကျင်တတ်၏။ မောင်ညိမ်းအောင် ကျွန်ုပ်၏ ပါးချိတ်ကို ထိုးလိုက်သော လက်သီးဒဏ်ချက်မှာ အထိုးခံရကာစ၌ သွေးပူနေသဖြင့် မနာမကျင်လှသေး။ အိမ်ကြီး၏ ၀င်းဝ မှ ထွက်ခဲ့၍ သင်္ဘောဆိပ်သို့ ဆင်းခဲ့သောအခါတွင်မူ သွေးအေး၍လာပြီဖြစ်သောကြောင့် လက်သီး ဒဏ်ချက် ကို ပြည့်ပြည့်၀၀ ခံစားရကာအလွန်တရာ နာကျင်၍ လာပေတော့သည်။ သွားတစ်ချောင်း ပင် နဲ့ ၍ သွား၏။ သို့သော် အထက်ပါ လက်သီးဒဏ်ချက်သည် သွေးအေးကာမှ ပို၍နာကျင်လာသည့် နည်း အတိုင်း စိတ်၏အတွင်းကျေ ဒဏ်ရာမှာကား မိခင်ကြီး အသေဆိုးရစဉ်က ဤမျှမနာကြည်းခဲ့။ ယခုကဲ့သို့ အနာဟောင်းကို ဓားဦးနှင့်ဆွလိုက်သလို ခွေးဝင်စားကို နှင်ထုတ်သည့်ပမာ အရှက်သွေးဖြင့် ပူထူနေဆဲဖြစ် ၍ မနာကြည်းလှသေး။ သွေးအေးအေးဖြင့် တစိမ့်စိမ့်တွေး၍ ဆွေးချင်တိုင်း ဆွေးမိသောအခါတွင်မူကား နာ ကြည်းခြင်း မက နာကျည်း၍လာလေတော့သည်။
မောင်ညိမ်းအောင်နှင့် ဦးဒေါနတို့လူသိုက် အဘယ်ကြောင့် ကျွန်ုပ်အား ရက်စက်နိုင်ကြပါဘိသနည်းဟု လည်း အထပ်ထပ်တွေး၏။ သူတို့တတွေမှာ ကျွန်ုပ်၏ သွေးရင်းသားရင်းတွေ ဖြစ်ကြပါပေသည်။ သို့စဉ်လျက် သူတို့သည် ကျွန်ုပ်အား အိမ်၌ မွေးသည့် ခွေးလောက်မှ မညှာတာကြသည်မှာ ရာဇ၀င်ရိုင်းလေ စွ။ သူတို့၏ အညှာအတာကင်းမဲ့သော စိတ်၏ အခြေခံအကြောင်းအရင်းကို စေ့စေ့တွေး၍ကြည့်၏။ (ဖက်ခွက်စားရဲ့ သားကကွာ) (ငမွဲငတေက လမ်းစရိတ် မတောင်းပါဘူးတဲ့ ဟား ... စား ...) (ဟန်ကျလှသ ကွာ ... ဆိုဖာပေါ်များကိုတောင် တက်ပြီးထိုင်လို့) (ရာရာသသ) (ပိုက်ဆံကိုတော့ မရဘူးဟေ့ ဟောတာ ကိုပဲရမယ်) ဟူသော ရင့်သီးလှသည့် စကားလုံးများသည် တစ်လုံးပြီးတစ်လုံး ဓာတ်ပြားကို ဖွင့်ရ သလို ပီပီသသကြီးပြန်၍ ကြားယောင်နေ၏။ ထိုစကားများအရ မောင်ညိမ်းအောင်တို့ တစ်သိုက်ကား အဘိုး ဦးနကီ၏ ပစ္စည်းများကို ဦးနကီ အနိစ္စရောက်လျှင် လက်ဝါးကြီးအုပ်ချုပ်ပြီး ခံယူလိုက်ရန် လောဘဇော သန်၍ နေကြောင်း ထင်ရှား၏။ ပစ္စည်းဥစ္စာ၏ မာန်မာနတံခွန်ကိုလည်း မိုးစွန်တမွတ်သို့ထိအောင် အထောင်ကြီး ထောင်၍ ကမ်းမမြင် လမ်းမမြင် သွေးနထင်ရောက်၍ နေကြကြောင်းမှာလည်း ပေါ်လွင် နေ၏။
သို့တွေးရင်း ကျွန်ုပ်သည် "ဟက်" ခနဲ ရယ်လိုက်မိ၏။ နှုတ်ဖျားက ထိုရယ်သံမှာ မီးတောင်ဝ အလင်းရောင် ထသည်နှင့် တူလှ၏။ အဘယ်ကြောင့်ဆိုသော် မီးတောင်ဝက အလင်းရောင်လှသော်လည်း မီးတောင်တွင်း ၌ ကမ္ဘာဖျက်မီး တမျှ ပူပြင်းရာမှ ထွက်လာသည့် အလင်းရောင်ဖြစ်သည့်နည်းတူ ကျွန်ုပ်၏ နှုတ်ဖျားသို့ ဗလုံး ထိုးကာ တက်ကြွလာသော ထိုရယ်သံမှာ ကျွန်ုပ်၏ ရင်တွင်း၌ နေဆယ်စင်းပမာပူပြင်းနေသော ဒေါသစိတ် မှ ပွင့်အံကာ တက်လာသော ရယ်သံပင်ဖြစ်နေ၏။ ကျွန်ုပ်၏ ရင်တွင်း၌ တွေးလေတွေးလေ ဆွေးမပြေ ဘဲ နာကြည်း ကြေကွဲ အသည်းနှလုံးတို့ အခိုးအလျံ ထနေသမျှတို့မှာ သွေးအေး၍ လာသော အခါတွင် အဆွေ အလုံးအခိုးအလျှံတို့သည် ရေခိုးမှ ရေခဲဖြစ်သကဲ့သို့ သဏ္ဍာန်ပြောင်းခဲ့ကြပြီးလျှင် မည်သို့မျှ မကျေနိုင်သော အမြုတေခဲကဲ့သို့ လုံးကျစ်တင်းမာ အစိုင်အခဲ အဖြစ်ဖြင့် တည်လာ၏။ ထိုအမြုတေခဲ မှာကား " အေး မိုး ကောင်းလိုက်ကြဦးပေါ့ကွာ။
သွေးရင်းသားရင်း ငါ့အမေကို ခွေးသေသလို အသေဆိုးသေရအောင် လုပ်ခဲ့တဲ့ မင်းတို့တစ်သိုက်လုံး ငါ့အမေ ကို ခွေးနဲ့နှိုင်းပြီး အိမ်ကခွေးလောက်မှ ဂရုမစိုက် ရက်စက်ခဲ့ကြတဲ့ မင်းတို့ တစ်မြုံလုံး ငါ့ကို အရှက်တကွဲ အကျိုးကြီးနည်းအောင် ကိုယ်ထိလက်ရောက် စော်ကားလိုက်ကြတဲ့ မင်းတို့ တစ်အုံလုံး တကယ့်ကို ပြုတ်ပြုတ်ပြုန်းစေမဟေ့၊ မင်းတို့အားလုံး လက်စတုံးလုပ်ရမှ ငါကျေမယ်။ အဲ ... နေနှင့်ကြဦးပေါ့ကွာ။ မင်းတို့ ဂုဏ်ခံပြီး မာနတက်သမျှ ပစ္စည်းတွေကို မင်းတို့အကုန် သေအောင် ငါသတ်ပြီး မှ ငါတစ်ယောက်တည်း ခံစားခဲ့မဟေ့ ...။ အေး ... အလှည့်ကျတော့ မနွဲ့ရဘူးမောင်တို့ရေ ...။ ရေစီးတစ်ခါ ရေသာ တစ်လှည့် တဲ့ကွ။ နေသေးသပချုံထဲက ချိုသွေးသပ တမြမြ။ အလှည့်ကျတော့မှ ငါ့ထက် မင်းတို့ တတွေ အဖြစ်ဆိုးစေမယ်။ သတိသာထားကြပေရော့။ မီးလောင်တိုက် သွင်းတာထက် ဆိုးစေ့မကွနော် " ဟု အတေးကြီး တေး၍ သူတို့ တစ်သိုက်လုံးကို စတေးရန် ဆုံးဖြတ်ချက်တည်းဟူသော အမြုတေခဲကြီးဖြစ် လေတော့သည်။
ဆက်ရန်
.

1 comment:
အမကြီး.....
နှစ်ပိုင်းလုံးကို ဖတ်ခဲ့ပြီနော်
နော်တစ်ပိုင်းကို ဖတ်ရန် စောင့်နေပြန်ပြီ။
Post a Comment