Wednesday, September 7, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၉)

ဘဘနဲ့အမေ
ဥာဏ်ဝင်း (ပိုဝမြောက်ရွာ)

ကျွန်တော်တို့ ငယ်ငယ်က ရွာမှာ အခါကြီးရက်ကြီးတွေဆိုရင် လူကြီးတွေကို လိုက်ပြီး ကန်တော့ရတဲ့ အလေ့ အထ ရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ မုန့်ကလေး ဘာလေးနဲ့ပေါ့။ အဲဒီလို ကန်တော့ကြတဲ့အခါ ကန်တော့ခံ ရတဲ့ လူကြီးတွေက ၀မ်းသာလို့၊ တချို့ဆိုရင် မျက်ရည်များတောင် လည်လာတယ်။ အဲဒီလို ကျွန်တော်တို့ ကန်တော့လို့ ပြီးတဲ့အခါ လူကြီးတွေက ဆုပေးလေ့ရှိကြပါတယ်။ ဒါကတော့ - အေး။ သာဓု - သာဓု - သာဓု။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာကျော်ရှည်ပါစေတဲ့။ ပြီးတော့ ဆက်သေးတယ်။

စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒတစ်လုံးတစ်ဝနဲ့ ပြည့်စုံနိုင်ကြပါစေတဲ့။ လူကြီးတွေပေးတဲ့ ဆုတွေထဲက " အသက်ရာကျော် ရှည်ပါစေ" ဆိုတဲ့ စကားဟာ အမြဲတမ်း ကြားနေရတယ်။ ဒီဆုကို လူတိုင်းလည်း ပေးကြ တယ်။ ဒါပေမယ့် " ရာကျော် "ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်း နားမလည် ခဲ့ဘူး။ မသိဘူး။ မသိလို့ မေးသလားဆိုတော့လည်း ဘယ်သူ့မှ မေးမကြည့်မိဘူး။ တဖြည်းဖြည်းနဲ့ အရွယ်ကလေး ရ လာပြန်တော့လည်း ကိုယ်ကန်တော့ရမယ့် လူကြီးတွေက ဆုံးပါးသွားကြသလို " ရာကျော်" ဆိုတဲ့ စကားလုံးကိုလည်း မေးကြည့်ဖို့ သတိမရခဲ့ပါဘူး။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ဆရာ (ဦးဖုန်းမြင့်အောင် မန္တလေး အမေနေ့ ဥက္ကဋ္ဌ)နဲ့တွေ့တော့ ဆရာက ဒီနှစ် ဘဘဦးသုခ ရာပြည့်ပွဲ ကျင်းပမယ်ဆိုတော့မှ ရာပြည့် ဆိုပါလား။ ရာပြည့်တဲ့။ အနှစ်တစ်ရာပြည့် အထိမ်းအမှတ်ပြုလုပ် ကျင်းပတဲ့ ပွဲ၊ ရာပြည့်ပွဲ။

ဒီနှစ်၊ ၂၀၀၉ ဒီဇင်ဘာ ၃၀ ရက်။ (၁၄)ကြိမ်မြောက် မန္တလေးအမေနေ့ကို သကျသီဟ၀င်းအတွင်းရှိ ဝေဇယန္တာ ဓမ္မာရုံကြီးအတွင်းမှာ ဆက်လက် ကျင်းပကြမှာဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ်မှာ ပိုပြီးထူးခြား တာက ခရစ်နှစ် ၂၀၀၉ ခု၊ တစ်နှစ်အတွင်းမှာ အမေနေ့ကို နှစ်ခါ ကျင်းပခွင့်ရသလို ဘဘဦးသုခ နှစ်တစ်ရာပြည့် " ရာပြည့်"ပွဲနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် " ဘဘနဲ့အမေ"။ အမေနဲ့ ဘဘ၊ ဘယ်လိုမှ ခွဲလို့မရအောင် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ အမြဲတမ်းသတိရနေမှာပါ။

ဘဘရဲ့ " ထိုတစ် နေ့"က ကျွန်တော်တို့ အမေကို ချစ်တတ်အောင် မျိုးစေ့ချပေးတယ်လို့ ဆိုရမလား။ ဘဘရဲ အမျိုးမှန်တဲ့ စေတာက ဒီကနေ့ ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ ရတနာတွေ ဖြစ်နေပါပြီ။ မန္တလေးမှာ ဆိုရင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၀)ရက်နေ့မှာ (၁၄)ကြိမ်မြောက် မန္တလေးအမေနေ့ကျင်းပဖို့ ကြိုးစားနေကြသလို၊ ကျွန်တော်တို့ မတ္တရာမြို့နယ် ပိုဝမြောက်ရွာမှာလည်း (၁၁)ကြိမ်မြောက် ပိုဝမြောက်ရွာ အမေနေ့ကို ဆက်လက် ကျင်းပဖို့ ကြိုးစားနေကြပါတယ်။ ဘဘရေ အမေနေ့အကြောင်းကို ပြောမယ်ဆိုရင် မပြောမပြီး ချန်ထားလို့ မဖြစ်တဲ့ အကြောင်းလေးကို ကျွန်တော် ပြောချင်ပါသေးတယ်။ ၁၉၉၆ ခုနှစ်၊ မန္တလေးကို ဘဘ ရောက်လာတော့၊ ဆရာ (ဖုန်းမြင့်အောင် မန္တလေးအမေနေ့ဥက္ကဋ္ဌ)နဲ့ (အမေကို ချစ်မြတ်နိုးကြတဲ့) အမေနေ့ အဖွဲ့က ဘဘဆီ ကို အပြေးအလွှားနဲ့ ရောက်လာကြတယ်နော်။ အဲဒီမှာ နှစ်ပေါင်း (၃၀)လုံးလုံး ဘဘဟောခဲ့၊ ပြောခဲ့၊ ရိုက်ကူးခဲ့၊ ဖြစ်စေချင်ခဲ့တဲ့ အမေနေ့ဟာ မန္တလေးက သန္ဓေတည်ပြီး ၁၉၉၇ ခုနှစ်မှာ တစ်နိုင်ငံလုံးအနေနဲ့အမေနေ့ကို စတင် ကျင်းပခဲ့ကြတာပဲ မဟုတ်လား။ မန္တလေး အမေနေ့ကျင်းပတော့ ကျွန်တော် မန္တလေးမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် အမေ ကို ဆေးရုံတင်ထားရလို့ ဖြစ်ပါတယ်။

မြို့ထဲကအပြန် အမေနေ့ ဟောပြောပွဲဆိုတဲ့ လမ်းဖြတ်ပိုစတာတစ်ခုကို ဖတ်မိရာကနေ ဆေးရုံပေါ်မှာ အမေ လူမမာ ကို ထားခဲ့ပြီး၊ အမေနေ့ ဟောပြောပွဲရှိရာ ၃၅ လမ်းနဲ့ ၈၅လမ်းထောင့် သာသနာ့ဗိမာန်ကို ကျွန်တော် ရောက်လာခဲ့ပါတယ်။ " အမေ .. အမေ " အောင်ပြီ။ အမေရေ။ အောင်ပြီ အမေရဲ့။ အောင်မြင် တဲ့၊ လွမ်း မောဖွယ်ရာ ကောင်းတဲ့၊ ကြက်သီးတဖြန်းဖြန်းထစေတဲ့၊ ဘဘရဲ့ အသံဟာ ကျွန်တော်တို့ရဲ့ ရင်ကို ထိမှန် စေခဲ့ပါတယ်။ ဘဘလို အသက်အရွယ်ကြီးတဲ့ အမျိုးကောင်းသားကြီးတစ်ဦးက " အမေ "လို့ လှိုက်လှိုက် လှဲလှဲနဲ့ ခေါ်နေသေးရင်၊ ကျွန်တော်တို့ အနေနဲ့ မခေါ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

အမေဆိုတာ ကျွန်တော်တို့ ရင်ထဲက " အမေ "လေ။ အခုတော့ အမေကို ဆေးရုံပေါ်မှာ တစ်ယောက်ထဲ ပစ်ထားခဲ့တယ်။ အမေ ဘယ်လောက်များ အားငယ်နေရှာမလဲလို့ တွေးတွေးပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါတွေဟာ ကျွန်တော်ရဲ့ အပြစ်တွေပါအမေ။ ကျွန်တော့် အပြစ်တွေပါ။ ကျွန်တော့်ကို ခွင့်လွှတ် ပါ အမေ။ ခု အချိန်ကစပြီး အမေနားမှာနေမယ်။ ပြုစုမယ်။ လုပ်ကျွေးမယ်၊ အမေကို စိတ်ချမ်းသာ အောင်ထားမယ်။ ဒီလို အသိမျိုး၊ ဒီလိုအတွေးမျိုး ရဖို့ဆိုတာကလည်း ဒီ " အမေနေ့ ဟောပြောပွဲ"ကို သွားခဲ့ လို့သာ သိရတာပါ။ ဒီလို သိလို့လည်း အမေကို လုပ်ကျွေးချင်တဲ့စိတ်တွေ တဖွားဖွားနဲ့ ပေါ်ပေါက်လာ ခဲ့တာပါ။

ဘဘ ရေ အတိုချုပ်ပြီး ပြောရမယ်ဆိုရင် အမေဆေးရုံပေါ်က ဆင်းပြီး ရွာကို ပြန်ရောက်လို့ ရက်(၂၀) လောက် ကြာတဲ့အခါ အမေဆုံးပါးသွားခဲ့ပါတယ်။ အမေဆုံးတော့မယ်ဆိုတာ သိနေပေမယ့်လည်း၊ အသိ နောက်ကျခဲ့တဲ့ အတွက်၊ ကျေနပ်လောက်တဲ့အထိ မပြုစုလိုက်ရတာကိုပဲ မကျေမနပ်ဖြစ်ခဲ့ရတာပါဘဘ။ ဒါကြောင့် ကျွန်တော်တို့ (ပိုဝမြောက်ရွာ၊ ရွာသူရွာသား)အားလုံး ၂၀၀၀ ခုနှစ်က စပြီး " အမေနေ့ "ကို နှစ်စဉ် မပျက်ဆက်လက်ကျင်းပလာခဲ့တာ (၁၀)ကြိမ်တိတိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။

အခုလည်း (၁၁)ကြိမ် ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ ပိုဝမြောက်ရွာ၊ ရွာသူရွာသား အားလုံး ကြိုးစား နေကြ ပါတယ်ဘဘ။ မန္တလေးမြို့မှာဆိုရင်လည်း (၁၄)ကြိမ်မြောက် " အမေနေ့"ကို ကျင်းပ နိုင်ဖို့အတွက် အားကြိုးမာန်တက်နဲ့ ကြိုးစားနောကပါတယ်။ ဘဘလည်း (၉၆)နှစ်ထဲမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့်၊ ဘဘကို ချစ်ကြတဲ့ (ကျွန်တော် အပါအ၀င် အမေကို ချစ်ကြတဲ့) ဘဘရဲ့ သားသမီးတွေအား လုံးက ဘဘကို ဂုဏ်ပြုတဲ့အနေနဲ့ (နှစ်တစ်ရာပြည့် အထိမ်းအမှတ်) " ရာပြည့်ပွဲ "ကို စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက်နဲ့ ကျင်းပဖို့ ကြိုးစားနေလိုက်ကြတာ၊ အဘဘကို ပြောပြစရာ၊ ကျွန်တော်ဖြင့် စကား လုံးတောင် ရှာမရအောင် ဖြစ်နေပါပြီ။

ဒါကြောင့် ကျွန်တော်ုတို့အရင် အရင့်အရင် ရှေးလူကြီးတွေပြောခဲ့သလို " ဘဘ နဲ့အမေ " " အသက် ရာကျော် ရှည်ပါစေ"၊ " သက်တော် ရာကျော်ရှည်ပါစေ"။

ဆက်ရန်
.

No comments: