အာရုဏ်တက်ချိန်တွင် ဒုတိယည ခရီးကို ရပ်လိုက်သည်။ နေ့ခင်းအပူရှိန်ကို ခံနိုင်ရန်အတွက် သဲတွင်းများ တူး ၍ လဲလျောင်းခိုလှုံနေသည်။ အပူရှိန် အပြင်းထန်ဆုံးအချိန်တွင် စင်တိန်ဗိုက်ထဲက ကလေးက လှုပ်လာ ပြန်သည်။ ယခုတစ်ကြိမ်တွင် ယခင်တစ်ကြိမ်ထက် ပိုလှုပ်သည်။ ဗိုက်ထဲက ကလေးကလည်း အပူရှိန် နှင့် ရေငတ်မှုဒဏ်ကို ခံစား ရုန်းကန်နေရပုံရသည်။
" အို ... သည်းခံနေပါဦး သားလေးရယ်၊ မင်းရဲ့ခွန်အားရှိသမျှလေးကို ခြိုးခြံ ချွေတာထားပါဦး၊ ဒီမြေမှာ ဘယ်လို နေထိုင်စားသောက်ရတယ်ဆိုတာကို ငါတို့ လေ့လာ သင်ကြားထားရမယ်၊ ဒါမျ နောက်တစ်ကြိမ် ကျရင် တို့အခုလို ဒုက္ခမရောက်မှာ စင်တိန်က ဗိုက်ထဲမှကလေးကို ရည်စူးပြီး တတွတ်တွတ်ပြောလိုက် သည်။
ထိုနေ့ညနေပိုင်း သူတို့ သဲတွင်းမှထသောအခါ စင်တိန်သည် ငါးခြောက်အနည်းငယ်ကို စားသောက်လိုက် သည်။ သူမ မစားလိုသော်လည်း ကလေးအသက်ရှင်ရေးအတွက် အာဟာရအလို့ငှာ စားသောက် လိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ စိုးရိမ်ထားသကဲ့သို့ပင် ရေငတ်မှုက မခံသာလောက်အောင် ခံစား ရသော်လည်း ညပိုင်းခရီးထွက်ရာတွင်မူ အားအင်ပိုရှိလာသည်။
စင်တိန်သည် အင်အားမပြုန်းတီးစေရန် စကားကျယ်ကျယ် မပြောပေ။ သူတို့သုံးဦးစလုံးပင် တတိယည ခရီးစဉ် ၌ အားအင်နှင့် ရေခိုးရေငွေ့ဓာတ် အလဟဿ မကုန်စေရန် ခြိုးခြံချွေတာကြသည်။ စင်တိန်သည် မိမိ ပင်လယ်ထဲ မှ ကနုးပေါ်ရောက်ကာ သဲကန္တာရအတွင်း ခရီးထွက်လာသည်မှာ ရက်မည်မျှ ရှိမည်နည်း ဟု ပြန်တွေးကြည့်သည်။ ရေငတ်မှုအပူရှိန်ကြောင့် ခေါင်းခဲမှုများကြောင့် တွေးရသည်မှာ ခပ်ဝါးဝါး ဖြစ်နေ သည်။
" ငါးရက်လား၊ ခြောက်ရက်လား၊ ခုနှစ်ရက်လား၊ အင်း ငှက်ဥရေဘူးအလွတ် တွေနဲ့ တွက်ကြည့်လိုက်ရင် ခြောက်ရက်ဖြစ်ရမယ်၊ ရေဘူးအပြည့်က နှစ်ဘူးပဲကျန်တော့တယ် "
စင်တိန်နှင့် ဟာနီသည် ကျန်ရှိသော ရေဘူးအပြည့် နှစ်လုံးကို တစ်လုံးစီ ခွဲဝေသယ်ဆောင်ကြသည်။ နောက်ဆုံး ကျန်ရှိသော ငါးခြောက် ကလေးကို ဝေမျှ စားသောက်ပြီးနောက်တစ်ညတာ ခရီးထွက်ရန် ပြင် ဆင်ကြသည်။ သို့သော် ချက်ချင်းမထွက်ကြသေးပေ။ အိုဝါက အင်္ဂါကြယ်ကို ပူဇော်ပသပြီးမှ ခရီးထွက်လာ သည်။
ခရီးမှာ ထုံးစံအတိုင်း စိတ်ညည်းညူစရာကောင်းလှသည်။ စင်တိန်သည် ရှေ့မှနှစ်ယောက်ကို မျက်ခြည် မပြတ် အောင် ဂရုစိုက်ပြီး နောက်မှလိုက်နေရသည်။ တစ်ချိန်တွင် ရှေ့မှ နှစ်ယောက်က ရုတ်တရက် ရပ်လိုက် သည်။ စင်တိန်ကဟာနီထံပြေးကပ်သွားသည်။ အိုဝါက မြေကြီးပေါ်တွင် ၀ပ်ချလိုက်ရာ ဟာနီ ကလည်း စင်တိန်လက်ကို လှမ်းဆွဲပြီး နှစ်ယောက်သား ဟာနီဘေးတွင် ၀ပ်ချလိုက်သည်။
" ဘာလဲ "
စင်တိန်ကမေးသည်။ ဟာနီကပါးစပ်ရှေ့တွင် လိုက်ညိုးကပ်ပြီး တိတ်တိတ်နေရန် အချက်ပေးလိုက်သည်။ သူတို့အောက်ဘက် ပေ ၂၀၀ ခန့်ရှိ တောင်ခြေရင်း၌ လွင်ပြင်တစ်ခုကို လရောင်အောက် ၌ တွေ့ရသည်။ ထိုလွင်ပြင် တွင် သစ်ပင်တစ်ချို့ ခပ်ကျဲကျဲပေါက် နေသည်။ သစ်ပင်များကြားတွင် လှုပ်ရှားသွားလာ နေသော အရိပ် တစ်ချို့ကို တွေ့သောအခါ စင်တိန်သည် နာနာဘာဝတွေများဟု တွေးမိပြီး ကြောက်စိတ် ၀င်လာ သည်။ ဟာနီ့အနားသို့ ပိုပြီး တိုးကပ်လိုက်သည်။
အဘိုးကြီးနှင့် အဘွားကြီးကမူ အမဲလိုက်ခွေးများလို သားကောင်နံ့ရပြီး နားရွက်ထောင်လာသည်။ အဘွား ကြီး ကမူ စင်တိန်လက်ကို ကိုင်လှုပ်လိုက်ပြီး အသံမပြုဘဲ လက်ညိုးထိုးပြလိုက်သည်။ စင်တိန် အသေအချာ ကြည့်လိုက်ရာ လှုပ်ရှားနေသော အရာဝတ္ထုငါးခုကို တွေ့ရသည်။
အိုဝါသည် ၀မ်းလျားမှောက်နေရာက တစ်စောင်းလှဲလိုက်ပြီး သူ၏လေးကိုင်းတွင် ကြိုးကို တပ်လိုက်သည်။ ကြိုးတင်း မတင်း စမ်းသပ်လိုက်သည်။ ထို့နောက် သားရေခေါင်းစည်းတွင် စိုက်ထားသော မြားတံများ အနက် မြားနှစ်ချောင်းကို ဖြတ်ယူလိုက်သည်။ ထိုနေရာသို့ မိမိသွားပြီး ပြန်လာမည်ဖြစ်ကြောင်း အိုဝါက ဟာနီ အား ခြေဟန်လက်ဟန်ဖြင့် ပြောသည်။ ယင်းနောက် ခြေသံလုံလုံဖြင့် မှောင်ရိပ်ခိုကာ ထွက်သွား သည်။
စင်တိန်နှင့် ဟာနီက မြေကမူလေးနောက်၌ ၀ပ်ပြီး ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ အရုဏ်ဦး လင်းရောင်ခြည်စင်ပျို့လာသောအခါထိုသတ္တ၀ါများကို စင်တိန် ပိုမိုထင်ရှားစွာတွေ့ရသည်။ ယင်းတို့မှာ အကောင် အရွယ်အစား ကြီးမားသော သမင်တစ်မျိုးနှင့်တူသည်။ အကောင်လေးကောင်က ၀ပ်နေကြပြီး ပိုကြီး ပိုဝ သော တစ်ကောင်က ခပ်လှမ်းလှမ်းရပ်နေသည်။ ထိုအကောင်မှာ တိရစ္ဆာန်အုပ်စုခေါင်းဆောင် နွားသိုးကြီး နှင့် တူသည်။
အိုဝါ သည် နွားသိုးကြီးရပ်နေသောနေရာနှင့် ပေ ၁၅၀ ခန့်အကွာ လေညာဘက်တွင်ရောက်ရှိသွားသည်။ သို့သော် သူ၏ မြားတစ်ကမ်းထက် ဝေးနေသေးသည်။ နွားသိုးကြီးက ရုတ်တရက် ခေါင်းထောင်လိုက်ပြီး နားရွက်ကြီး ကားကာ နားစွင့်လိုက်သည်။ အိုဝါရှိရာဘက်သို့ သံသယအကြည့်ဖြင့် ကြည့်လာသည်။ ထို့ နောက် မှ ခေါင်းပြန်ငုံ့သွားပြီး သစ်မြစ်သစ်ဥများကို မြေကြီးထဲမှ ထိုးဆွကာ စားမြဲစားပြန်သည်။
အိုဝါသည် မြေပေါ်တွင် ပြားပြားဝပ်လျက်က ရှေ့သို့ တရွေ့ရွေ့ ဖြည်းဖြည်းချင်းတိုးကပ်သွားသည်။ နွားသိုးကြီး ကလည်း သတိရှိရှိဖြင့် အစာစားလိုက် ရှေ့တိုးလာလိုက်လုပ်နေရာ အိုဝါ၏ မြာ်းတစ်ကမ်း အတွင်းသို့ ရောက်သည်။ အိုဝါသည် ၀မ်းလျားမှောက်နေရာက ကိုယ်ကို တစ်ဘက်သို့ စောင်းလိုက်သည်။ မြားတံ တပ် ထားသော လေးညို့ကို ဆွဲငင်ပြီး နွားသိုးဆီသို့ ချိန်ကာ ပစ်လွှတ်လိုက်သည်။ မြားတံက လေတွင် ၀ှစ်ခနဲ ဖြစ်ပြီး နွားသိုးကြီး၏ ပါးတွင် ဒုတ်ခနဲသွားစိုက်သည်။
နွားသိုးကြီးသည် မြားမှန်သည့် အရှိန်ကြောင့် နောက်သို့ လန်ကျသွားပြီး ချာခနဲလှည့်ကာ ပြေးတော့သည်။ မြေပေါ်တွင် ၀ပ်ပြီး နားနေကြသော အခြားလေးကောင်လည်း ရုတ်ခြည်းထကာ ကဆုန်စိုင်း ပြေးတော့ သည်။ ရှေ့ဆုံးမှ ပြေးနေသော မြားမှန်ထားသည့် အကောင်ကြီးသည် မြှားတံကျွတ်ကျသွားစေရန် ခေါင်းကို တယမ်းယမ်း လှုပ်ခါနေသည်။
နွားသိုးကြီးသည် သစ်ပင်တစ်ပင်နား အရောက်တွင် မျက်နှာကို ပင်စည်နှင့်ပွတ်ကာ မြားတံကျွတ်အောင် အတင်း ဝှေ့သည်။
အိုဝါသည် ထိုင်ရာမှထပြီး ရေရွတ်လိုက်သည်။
" မြားတံခပ်နက်နက်ဝင်နေပါစေ၊ မကျွတ်ဘဲစိုက်နေပါစေ၊ အဆိပ်တွေ အသည်းအထိ မြန်မြန်ပျံ့သွားပါစေ ... "
ဟန်နှင့်ပန်နှင့်လည်း ၀ပ်နေရာကထလိုက်ပြီး အိုဝါဆီသို့ ဆင်း----။ အိုဝါအား ဟာနီက ချီးကျူးလိုက်သည်။ တိရစ္ဆာန်အုပ်ကြီး ထွက်ပြေးပျောက်ကွယ်သွားသဖြင့် စင်တိန် စိတ်ပျက်သွားရသည်။
" လွတ်သွားပြီလား " စင်တိန်က ဟာနီကို မေးသည်။
" နေဦး ခဏစောင့်ဦး၊ မကြာခင် သူတို့နောက် လိုက်မယ်၊ အိုဝါ အစွမ်းပြလိမ့်မယ်ကြည့်နေ " ဟာနီက ပြန် ဖြေသည်။
အိုဝါက တစ်ခဏစောင့်နေပြီး အနံ့ခံ အကဲခတ်နေသည်။ တစ်အောင့်အကြာတွင်မှ ပြောလိုက်သည်။
" လာ ... မြားမှန်တဲ့အကောင်နောက် လိုက်ဖို့အချိန်တန်ပြီ "
အိုဝါက သားကောင်အုပ်နောက်သို့ ခြေရာခံလိုက်သွားသည်။ ဟာနီနှင့် စင်တိန်က နောက်မှ လိုက် သွားသည်။ အတန်ကြာသွားပြီးသောအခါ သစ်ပင်တစ်ပင် အောက်တွင် မြားတံကို တွေ့ရ သည်။ မြားမှန် သွားသော နွားသိုးက သစ်ပင်နှင့်ပွတ်ပြီး ချွတ်သဖြင့် ကျိုးပဲ့ကျန်ခဲ့ခြင်းဖြစ်မည်။ အိုဝါက မြားတံကို ကောက် ယူပြီး အမျိုးသမီးနှစ်ဦးအား ပြသလိုက်သည်။
" ဒီမှာ မြားတံတွေ့လား၊ မြားထိပ်ဖူးကတော့ စူးဝင်ပါသွားပြီ "
သူတို့ ဆက်လျှောက်လာခဲ့ကြသည်။ ဟာနီက တုတ်ဖြင့် ညွှန်ပြသောနေရာသို့ စင်တိန်က လှမ်းကြည့်လိုက် ရာ မြေတွင် ကပ်ပေါက်နေသော စပျစ်ပင်အချို့ကို တွေ့လိုက်ရသည်။ စင်တိန် ကမ်းခြေမှခွာလာကတည်း က ပထမဦးဆုံးသော သက်ရှိသစ်ပင်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ခြောက်သွေ့သောသဲကန္တာရမြက်ပင် များ ကိုလည်း တွေ့လာရသည်။ သဲတောင်များ သူတို့နောက်ဘက်တွင် ကျန်ရစ်ခဲ့ပြီး သစ်ပင်ပန်းမန် ရှိသော မြေများကို စတင်တွေ့လာရသည်။ သူတို့ခရီး၏ အဆိုးရွားဆုံးအပိုင်းကို ကျော်လွန် လာခဲ့ပြီ ဖြစ်ကြောင်း စင်တိန်မှန်းဆမိသည်။
အတော်အတန် ရောက်လာခဲ့ပြီးနောက်တွင် သူတို့ရှေ့ ခပ်လှမ်းလှမ်း၌ မြေပေါ်၌ လဲကျနေသော သား ကောင် နှင့် အနီးခပ်လှမ်းလှမ်း၌ ၀ိုင်းနေသော နွားလေးကောင်ကို တွေ့ရသည်။ စင်တိန်တို့သုံးယောက် ထိုနွားအုပ် နှင့် မလှမ်းမကမ်းသို့ ရောက်သွားသောအခါ နွားလေးကောင်စလုံး ကဆုန်စိုင်း ပြေးတော့ သည်။
လဲကျနေသော နွားသိုးကြီးမှာ အဆိပ်လူးသော မြားဦးကြောင့် သေလုမျောပါးဖြစ်နေသည်။ အိုဝါက နွားသိုးကြီး ကို သတိရှိရှိဖြင့် တစ်ပတ်လှည့်ကြည့်သည်။ မြားမှန်ထားသော နေရာမှ သွေးများ စီးကျ နေသည်။
*
သူတို့သုံးဦး၏ ရှေ့တွင် ရှိနေသော နွားသိုးအသေကောင်ကို အိုဝါက ပက်လက်လှန်လိုက်သည်။ ထို့နောက် အိုဝါ က သူ၏ မီးခတ်ကျောက်ဓားဖြင့် နွားအသေကို ခွဲစိတ်ဖြတ်တောက်ဖျက်ရန် ပြင်ဆင်လိုက်ရာ စင်တိန် က သူမ၏ မောင်းချဓားကို ဖွင့်ပြီး အိုဝါထံ လက်ကမ်းပေးလိုက်သည်။
အိုဝါ အဖို့ ယူရမှာ လက်တွန့်နေသည်။ ဤမျှလောက် လှပသောလက်နက်မျိုး သူ တစ်ခါမှမထိဖူး၊ မကိုင်ဖူး ခဲ့ချေ။
" ယူပါ အိုဝါ ယူပါ "
အိုဝါ ဓားကို လိုချင်မက်မောနေမှန်း စင်တိန်ရိပ်မိသည်။ ထို့ကြောင့် စင်တိန်က အတင်းပေးရာ အိုဝါက တဖြည်းဖြည်းချင်း လက်ကမ်းပြီး လှမ်းယူလိုက်သည်။
" အား ... ဒါးကလဲ သိပ်ထက်ပါလား၊ ကြည့်စမ်း ဟာနီ ဘယ်လောက်ထက်သလဲဆိုတာ "
အိုဝါသည် ဓားသွားကို လက်မဖြင့် ဖိစမ်းလိုက်ရာ ရှသွားပြီး သွေးစက်ကလေးများ ထွက်လာသည်။ ယင်းကို ပြသရင်း အိုဝါက ဟာနီအား ပြောလိုက်ခြင်းဖြစ်သည်။
အိုဝါက နွားကို စတင်လှီးဖြတ်ဖျက်တော့သည်။ အမျိုးသမီးနှစ်ဦးက ဘေးမှ ၀ိုင်းကူပေးသည်။ အိုဝါသည် နွားဗိုက် ကို ခွဲလိုက်ပြီးနောက် အူစုံအသည်းစုံ ကလီဇာတွဲကို ဖြတ်တောက်ယူလိုက်သည်။ ဟာနီက သဲကန္တာရ ထဲတွင် ပေါက်သော မြက်များကို ယူလာပြီး ဘူးသီးအခြောက်ခွက်ထဲတွင် ခင်းပေးလိုက်သည်။ အိုဝါ သည် အမဲကလီဇာတွဲမှ အဖြူရောင် ချောကျိကျိ အစာအိမ်ကို ဖြတ်ထုတ်ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဘူးသီးခြောက်ခွက်ထဲသို့ ညှစ်ချလိုက်သည်။
ခွက်ထဲသို့ အရည်အပြည့်ရောက်သွားသောအခါ အစာအိမ်ကို ချထားလိုက်သည်။ ထို့နောက် ခွက်ကို လက် နှစ်ဖက်ဖြင့်ကိုင်ပြီး နှုတ်ခမ်းတွင် တေ့ကာမျက်စိစုံမှိတ်ပြီး အားရပါးရသောက်တော့သည်။ ထို့နောက် ရပ် နားလိုက်ပြီး ဟာနီအား ခွက်ကို လှမ်းပေးလိုက်သည်။ ဟာနီကလည်း အလားတူသောက်ပြီး စင်တိန်အား ခွက်ကိုလှမ်းပေးလိုက်ပြန်သည်။
စင်တိန်က အစိမ်းရောင် ပျော့ပျော့အရည်များကို ကြည့်လိုက်ပြီး စိတ်ထဲကပြောလိုက်သည်။ " ဒါဟာ အသီး အရွက်က အရည်တွေပဲ၊ ဒီမှာ နွားတွေဟာ အသီးအရွက်ပဲ စားရတာဆိုတော့ သစ်သီးဖျော်ရည် လို့ပဲ သဘော ထားလိုက်တာပေါ့ " စင်တိန်သည် ထိုအရည်များကို သောက်၍ ၀င်မှဝင်ပါ့မလားဟု စိတ် တထင့်ထင့်ဖြစ်ခဲ့သော်လည်း တကယ်သောက်သောအခါ ရှောရှောရှူရှူ ၀င်သွားသည်။ အနံ့အရသာ မှာ မြက်နှင့် ဆေးဘက်ဝင် ပြုတ်ရည်နှင့်တူလှသည်။
စင်တိန်သောက်ပြီးသောအခါ အိုဝါကို ခွက်ပြန်ပေးလိုက်သည်။ အိုဝါက ခွက်ထဲသို့ အစာအိမ် တွင်ကျန်သော အရည်များကို ထပ်ညှစ်ထည့်သည်။ ထိုစဉ်တွင် စင်တိန်သည် သူတို့ မိသားစုနေခဲ့သော ပြင်သစ် ရှိ မော့ဟုမ်း စံအိမ်တော်ကြီးမှာ ထမင်းစားပွဲရှည်ကြီးနှင့် ငွေဓားငွေဇွန်းများ၊ ကြွေပန်းကန်များ ကြော်လှော် ပြုတ်ကင်ထားသော အသားအမျိုးမျိုးနှင့် ၀ိုင်အရက်တို့ကို ပြန်လည် မြင်ယောင်လာသည်။ လက်ရှိ ဘ၀နှင့် နှိုင်းယှဉ်လိုက်သောအခါ စင်တိန်အော်ရယ်မိတော့သည်။
ရွှေအိမ် ရွှေနန်းနှင့် ရွှေထမင်းရွှေဟင်း စားခဲ့ရသော ဘ၀သည် ဟိုးအဝေးကြီးတွင် မော့ဟုမ်းစံအိမ်တော် နှင့် အတူကျန်ရှိ ပျောက်ကွယ်ခဲ့ပြီကော။ ဘ၀ဟူသည်ကား သမုဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက် ပမာ ပါတကား။
စင်တိန် ဘာ့ကြောင့် ရယ်မှန်း မသိသော်လည်း စင်တိန်ရယ်သည့်အတွက် အိုဝါနှင့် ဟာနီတို့ကလည်း လိုက် ရယ်ကြသည်။ ဟာနီက အိုဝါကို လှမ်းပြောလိုက်သည်။
" ကလေးကို ကြည့်လိုက်စမ်း အိုဝါ၊ သဲပြင်မှာ လာခဲ့တုန်းက သူ့အတွက် သိပ်စိတ်ပူခဲ့ရတာ၊ အခုတော့ မိုး ရေထိ လို့ ပွင့်လာတဲ့ ကန္တာရပန်းကလေးနဲ့တူလာပြီ၊ လန်းဆန်းလာပြီး ကြံ့ခိုင်သန်စွမ်းလာပြီ၊ မကြာခင် သူ သားလေးမွေးလိမ့်မယ်၊ ကျွန်မ ပြောတာ ရှင်ကြားရဲ့လား၊ သားလှသားကောင်းလေး မွေးမှာရှင့် "
ထို့နောက် သူတို့ အမဲကောင်ကို ဆက်ဖျက်ကြသည်။ နံနက်နေ ထန်းတစ်ဖျားခန့်အချိန်တွင် အမဲသားများ ကို အမြှောင်းလိုက် အရှည်လှီးပြီး သစ်ပင်တွင် အများအပြား ဆွဲချိတ်ထားရာ ပြင်းထန်သော အပူရှိန်ကြောင့် မကြာခင်ပင် ခြောက်သွေ့သွားပြီး အနီရောင်မှ အမည်းရောင် ပြောင်းသွားသည်။
ဟာနီနှင့် စင်တိန်တို့က ခြောက်သွေ့နေသော သစ်ကိုင်းများတွင် နွားသားရေ ကို ချိတ်ဆွဲကာ ရွက်ထည်တဲ သဖွယ် အကာအကွယ်လုပ်ပြီး အပူဒဏ်ကို သက်သာအောင် ခိုလှုံကြသည်။ သူတို့၏ ခန္ဓာကိုယ် များကို နွား ဗိုက်ထဲမှ အရည်များ လိမ်းကျံကာ အပူဒဏ်ကို ကာကွယ်သည်။
ညပိုင်းရောက်လာသောအခါ ထုံးစံအတိုင်း မီးဖိုကြသည်။ စင်တိန်က မီးခတ်ကျောက်ကို သူ၏မောင်းချဓား သွားနှင့် ပွတ်ပြီး မီးခတ်မွှေးပြလိုက်ရာ အဘိုးကြီးနှင့် အဘွားကြီးတို့ အံ့အားသင့်သွားသည်။ အမဲဖျက်စဉ် က စင်တိန် ရဲဝံ့ဖျတ်လတ်စွာ ပါဝင်ကူညီခဲ့သဖြင့်လည်း သူတို့ အထင်ကြီးလာခဲ့သည်။
ညရောက် လာသောအခါ အပူဒဏ် သက်သာသွားသည်။ အမျိုးသမီးနှစ်ဦးက မီးပုံတွင် အမဲဝမ်းတွင်းသား များ ကို ကင်ချိန်၌ အိုဝါက နွားစောင့်နတ်အား ပူဇော်သော အကကို ကသည်။ ထို့နောက် တစ်နင့် တစ်ပိုး စား ကြပြီး အစာဆိပ်တက်ကာ အိပ်ပျော်သွားကြသည်။ နောက်နေ့တစ်နေ့လုံးလည်း သူတို့ စားလိုက် အိပ်လိုက် ဖြင့် နားနေကြသည်။
နောက်တစ်နေ့ နေ၀င်ချိန်တွင် ခရီးဆက်ရန် ပြင်ဆင်ကြသည်။ အမဲခြောက်များကို ထုပ်ပိုးသယ်ယူကြ သည်။ လွင်ပြင်ပေါ်သို့ လရောင်ဆမ်းလာချိန်တွင် အိုဝါက ဦးဆောင်ကာ အရှေ့ဘက်သို့ ထွက်လာကြ သည်။ အိုဝါက နွားသားရေကို ခေါက်ပြီးယူလာသည်။
"သူတို့ ဖြတ်သန်းလာသော လွင်ပြင်အနေအထားသည် တဖြည်းဖြည်း ပြောင်းလာသည်။ သဲကန္တာရက မြက်ပင်များ ကြားတွင် စင်တိန် ဒူးလောက်ထက် ပိုမမြင့်သော ချုံဖုတ်ကလေးများကို ရံဖန်ရံခါ တွေ့လာရ သည်။ တစ်ကြိမ်တွင် ခပ်ဝေးဝေး၌ ငှက်ကုလားအုပ်ကြီးတစ်ကောင်၏ အရိပ်ကို မြင်လိုက်ရပြီး ပျောက်ကွယ် သွားသည်။
နံနက်အရုဏ်တက်ချိန်တွင် ခရီးတစ်ထောက် ရပ်နားလိုက်ပြန်သည်။ အိုဝါက နွားသားရေကို အမိုး လုပ်လိုက်ပြီး အရိပ်အောက်၌ တစ်နေ့တာ သူတို့ခိုလှုံကြသည်။ နေ၀င်ချိန်တွင် ငှက်ဥရေဘူးများထဲမှ နောက်ဆုံး ကျန်ရှိသော ရေစက်များကို သူတို့ သောက်လိုက်ကြသည်။ ထို့နောက် ခရီးဆက်ကြသည်။ အိုဝါနှင့် ဟာနီက တိတ်ဆိတ်နေပြီး တစ်စုံတစ်ရာကို အာရုံစိုက်နေပုံ ရသည်။ ရေမရလျှင် နောက်ထပ် နာရီ အနည်းငယ် အတွင်း သူတို့ အသက်နှင့်ကိုယ် အိုးစားကွဲပေတော့မည်။
နံနက်အရုဏ်တက်ချိန်တွင် တစ်ညတာခရီးကို ရပ်နားကြသည်။ အိုဝါသည် စခန်းချရန် မပြင်ဆင် သေးဘဲ အကြာကြီး ရပ်ပြီး ကောင်းကင်ကို ကြည့်ရှုအကဲခတ်နေသည်။ ထို့နောက် အနည်းငယ် ရှေ့သို့ လျှောက်ပြီး ခေါင်း ကို ၀ဲယာလှည့်ကာ လှုပ်ရှားသည်။ နှာခေါင်းကလည်း လေထဲ၌ တရှုံ့ရှုံ့နှင့် အနံ့ခံနေသည်။
"အိုဝါ ဘာလုပ်နေတာလဲဟင်"
စင်တိန်က ဟာနီကို မေလိုက်သည်။
"အနံ့ခံတာ၊ ရေအနံ့ခံတာ"
ဟာနီက နှာခေါင်းကို ပွစိပွစိ လုပ်ပြပြီး ပြောသည်။
"ဘာရေအနံ့မှ မရပါဘူး ဟာနီ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် ခဏလေးစောင့်ကြည့်နေ နမ်ချိုင်း"
အိုဝါသည် စူးစမ်းနေရာမှ ဆုံးဖြတ်ချက် ချလိုက်သည်။ "လာ" ဟု အမျိုးသမီးနှစ်ဦးအား ခေါ်လိုက်ပြီး ရှေ့မှ ထွက်သွားသည်။ ဟာနီနှင့် စင်တိန်က သူတို့အိတ်များကို ယူပြီး နောက်မှ ခပ်သွက်သွက် ကလေး လိုက်သွားသည်။ နာရီဝက်ခန့်အတွင်း စင်တိန် သဘောပေါက်လာသည်။ အကယ်၍ အိုဝါ ရေရှာသည့် နေရာမှားပါက မိမိသေပေလိမ့်မည်။ ရေဘူးများတွင်လည်း ရေကုန်ပြီ။ နေအပူရှိန် ကလည်း သူမ ခန္ဓာကိုယ်အတွင်းရှိ ရေခိုးရေငွေ့များကို စုတ်ယူနေသည်။ ညဥ့်မနက်ခင်ပင် မိမိ သေသွားနိုင်သည်။
အိုဝါက ရှေ့မှ ပြေးသွားသည်။ အမျိုးသမီးနှစ်ယောက်မှာ အထုပ်အပိုးများ၊ ၀န်စည်စလယ်များ ကြောင့် မီအောင်မလိုက်နိုင်ဘဲ နောက်တွင် ကျန်နေသည်။ နောက်တစ်နာရီခန့်ကြာသောအခါ ဟာနီနှင့် စင်တိန်က အိုဝါကို မီလာသည်။ အိုဝါက အားပါးတရပြုံးပြီး သူတို့ကို ဆီးကြိုကာ ဂုဏ်ယူ ၀မ်းမြောက်သည့်လေသံဖြင့် ပြော လိုက်သည်။
"ဆင်တွေ အစွယ်တစ်ချောင်းတည်း နဲ့ ရေစုပ်သောက်တဲ့ ရေစုပ်တွင်းကို အိုဝါက မင်းတို့ကို ဦးဆောင် ခေါ်လာခဲ့တာပဲ"
အိုဝါက အမျိုးသမီးနှစ်ယောက်အား ချောင်းရိုးတစ်ခု အတွင်းသို့ ဆင်းကာ ရှေ့မှ ဦးဆောင်လျက် ခေါ်သွားသည်။ ချောင်းမှာ အတော်ကလေး ကျယ်သော်လည်း ရေလုံးဝ ခန်းခြောက်နေသည်။ စင်တိန် အဖို့ စိတ်ဓာတ်အကျကြီး ကျသွားရပြန်သည်။ ချောင်းထဲတွင် ရေမရှိသော်လည်း ကမ်းနှစ်ဘက်တွင် သစ်ပင်များ၊ ချုံဖုတ်များက ပိုမို ထူထပ်စွာ ပေါက်နေသည်ကို စင်တိန် ဂရုပြုမိ သည်။ အိုဝါနှင့် ဟာနီက တစ်ဦးနှင့်တစ်ဦး ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားတတွတ်တွတ် ပြောနေကြသည်။ ချောင်းအောက်ခြေရှိ သဲချောင်း ထဲသို့ ဟာနီအား အိုဝါက ခေါ်သွားသည်။ စင်တိန်က အပေါ်ဘက် ခပ်လှမ်းလှမ်းတွင် ထိုင်ချ လိုက်ပြီး လှမ်းကြည့်နေသည်။
"ဒီနေရာ ကောင်းတယ်၊ တို့အတွက် ရေစုပ်တွင်း ဒီမှာပဲ တူးမယ်၊ ကလေးကို ခေါ်သွားပြီး တည်းခို စခန်းဆောက်ပုံ ဆောက်နည်းပြလိုက် အမေကြီး"
စင်တိန် ရေအလွန်ငတ်နေကာ အပူရှိန်ကြောင့် ခေါင်းကိုက်လာပြီး နေမကောင်းချင်သလိုပင် ဖြစ်လာ သည်။ သို့သော် အထုပ်အပိုးများကို ချထားပြီး ဟာနီနှင့်အတူ ချောင်းကမ်းပါးပေါ်သို့ ပြန်တက်ကာ သစ်ကိုင်း သစ်ရွက်များကို ခုတ်ယူလာသည်။ ထို့နောက် လေးတိုင်စင်အမိုး မိုးလိုက်သည်။ စင်တိန် သည် ထိုတဲရိပ် အောက်တွင် ထိုင်ပြီး အိုဝါအား ကြည့်နေသည်။
အိုဝါသည် သူ၏မြားတံမှ အဆိပ်လူးထိပ်ဖူးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် အခေါင်းပေါက် ပါရှိသော မြားတံ များကို အပြင်မှမံကာ တစ်ခုနှင့်တစ်ခု ဆက်လိုက်င်္ရာ သူ့အရပ်ထက်ပင်ရှည်သော အခေါင်း ပေါက် ပါသည့် ကျူရိုးပိုက်တံတစ်ခု ဖြစ်သွားသည်။
"ငါ့ကို ၀ိုင်းကူစမ်းပါဦး အမေကြီးရယ်" အိုဝါက ပြောလိုက်သည်။
ထို့နောက် အိုဝါနှင့် ဟာနီသည် အိုဝါ ရွေးချယ်သတ်မှတ်ထားသော နေရာတွင် သဲများကို လက်များဖြင့် ယက်ပြီး စတူးတော့သည်။ သဲများ တွင်းထဲသို့ ပြန်ပြိုမကျစေရန် အ၀တွင် အကျယ်ကြီး တူးပြီး အထဲ၌ တဖြည်းဖြည်း ရှူးဆင်းသွားစေသည်။ အိုဝါ တွင်းထဲသို့ ခေါင်းစိုက်ပြီးတူးရာ ခေါင်းနှင့် ပခုံးပင် တွင်းထဲ၌ ပျောက်ကွယ် ကျဆင်းသွားသည်။ အိုဝါက တွင်းထဲခေါင်းစိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆက်လက်ပြီး သဲကို ယက်ကာ တူးနေရာ တွင်းနက်သွားသည်နှင့်အမျှ ဟာနီက အပေါ်ဘက်မှနေ၍ အိုဝါ၏ ခြေကျင်းဝတ် နှစ်ဖက်ကို ကိုင်ကာ ထိန်းပေးထားရသည်။ နောက်ဆုံးတွင် ထိပ်၌ ဟာနီ ကိုင်ထားသော ခြေကျင်းဝတ် နှစ်ဖက်သာ ပေါ်တော့သည်။
အိုဝါက လှမ်းတောင်းလိုက်ရာ ဟာနီက ကျူရိုးပိုက်တံကို အောက်ဘက်သို့ လှမ်းပေးလိုက်သည်။ အိုဝါသည် ကျင်းထဲ၌ ခေါင်းစိုက်ချထားရင်းက အပေါက်ပါသော ကျူရိုးထိပ်ကို အောက်ဆုံးသဲပြင် တွင် တေ့စိုက်ကာ ဘေးမှသဲများ မပိတ်ဆို့စေရန်အတွက် သစ်ရွက်နုကလေးများဖြင့် ထိပ်တွင်ပိတ်ဆို့ ကာဆီး လိုက်သည်။ ထို့နောက် အမျိုးသမီးနှစ်ယောက်က အိုဝါအား ခြေကျင်းဝတ်မှ ကိုင်ဆွဲကာ အပေါ်သို့ ဆွဲတင် လိုက်သည်။ အိုဝါ တစ်ကိုယ်လုံး ၌ ပေကျံနေသော သဲများကို ဟာနီက ပုတ်ခါ သန့်စင်ပေးလိုက်သည်။
ကျူရိုးပိုက်တံစိုက်ထားသော တွင်းထဲသို့ သဲများကို ဖြည်းဖြည်းချင်း ပြန်ဖို့ရာ ကျင်းပြန်ပြည့်သွားပြီး အပေါ်တွင် ကျူရိုးငုတ်တံကလေး ပေါ်နေသည်။ အိုဝါက သူ့တွင်းကို အပြီးသတ်နေသည်။ ဟာနီက သစ်ကိုင်း တစ်ကိုင်းကို ချိုးပြီး အရွက်နှင့် ဆူးများသင်ကာ ထိပ်က အညွန့်ကလေးသာ ချန်ထားသည်။ ထို့နောက် စင်တိန်အား ၀ိုင်းကူကာ ငှက်ဥရေဘူးများကို အဖုံးများ ဖွင့်လိုက်ပြီး ရေတွင်းဘေးတွင် စီတန်းပြီး ချထားကြသည်။
အိုဝါသည် သဲပြင်ပေါ် တွင် ၀မ်းလျားမှောက်လိုက်ပြီး ကျူရိုး ရေပိုက်ငုတ်ပေါ်တွင် ပါးစပ်ကိုတေ့လိုက် သည်။ ဟာနီက အိုဝါဘေး ဆောင့်ကြောင့်ထိုင်ပြီး လက်ထဲတွင် သစ်ကိုင်းကို ကိုင်ထားသည်။ ရေဘူး များက လက်တစ်ကမ်းတွင် ရှိနေသည်။
"အဆင်သင့်ပဲ"
ဟာနီက အချက်ပေးလိုက်ရာ အိုဝါက ကျူရိုးပိုက်တံကို စတင်စုပ်တော့သည်။ စင်တိန်က လေးတိုင်စင် အမိုး အောက်က လှမ်းကြည့်နေသည်။ အိုဝါက အားယူပြီး စုပ်နေရာ ပါးနှစ်ဖက် ပိန်လိုက် ဖောင်းလိုက်နှင့် အတော် ပင်ပန်းလှသည်ကို တွေ့ရသည်။ နောက်ဆုံး အိုဝါပါးစပ်ထဲတွင် ရေပါလာ သည်။ ပါးစပ်ထဲမှ ရေစက်များ အပြင်သို့ ကျလာသည်ကို ဟာနီက တွေ့ရသည်။
ဟာနီက သစ်ကိုင်းအဖျားမှ အရွက်နုကလေးကို အိုဝါ၏ နှုတ်ခမ်းတစ်ဖက်ထောင့်တွင် ထည့်ပေး လိုက်သည်။ ကျူရိုးပိုက်မှတစ်ဆင့် ပါးစပ်ထဲသို့ စုပ်သွင်းထားသော ရေသည် နှုတ်ခမ်းထောင့် သစ်ရွက်နု ကလေးမှတစ်ဆင့် အပြင်သို့ တစ်စက်စက် ကျဆင်းလာရာ ငှက်ရေဘူးတစ်လုံးကို လှမ်းယူ ပြီး ရေစက်များကို ခံယူလိုက်သည်။
"ရေကောင်း ရေချိုတွေပဲ အိုဝါ" ဟာနီက ၀မ်းသာအားရ ပြောလိုက်သည်။
အိုဝါသည် ရေက ပါးစပ်အပြည့် စုပ်ယူလိုက်ပြီး အသက်ရျူထုတ်လိုက်ချိန်တွင် ရေစက်များက သစ်ရွက်မှတစ်ဆင့် ဘူးထဲသို့ စီးကျလာသည်။ သဲအောက် ခြောက်ပေခန့်အနက်၌ ရှိသော ရေကို စုပ်ယူရသဖြင့် အလွန်ပင် အားစိုက်ရသည်။ ရေဘူးတစ်လုံးပြီး တစ်လုံး သုံးလုံး ဆက်မနားတမ်း စုပ်ယူနေသော အိုဝါကို စင်တိန် မမှိတ်မသုန် စောင့်ကြည့်နေမိသည်။
ဟာနီက ဘေးမှဝိုင်းကူရင်း အားပေးနေသည်။ အိုဝါနှင့် ဟာနီတို့ကို ကြည့်ရင်း စင်တိန်သည် သူတို့ အပေါ် သနားစိတ်၊ ချစ်ခင်စိတ်စသော သံယောဇဉ်များ ၀င်လာသည်။
နောက်ဆုံးတွင် အိုဝါသည် သဲပြင်ပေါ်သို့ ပက်လက်လှန်ချလိုက်သည်။ သူ့ရင်ဘတ်မှာ ဖောင်းလိုက် ပိန်လိုက်ဖြင့် အတော်ပင်ပန်းနေသည်မှာ ထင်ရှားသည်။ ၂၆မိုင် မာရသွန်အပြေးသမားတစ်ဦး ပန်းဝင် လာပြီး အမောဆိုက်နေပုံနှင့် တူလှသည်။
ဟာနီက စင်တိန့်ထံ ရေဘူးတစ်လုံးယူလာပြီး ပြောသည်။
"သောက်လိုက် နမ်ချိုင်း"
အိုဝါ၏ ကြိုးပမ်းအားထုတ် ပင်ပန်းခဲ့ပုံများကို မြင်ရသောအခါ စင်တိန်အဖို့ ရေသောက်ရန်ပင် လက်တွန့် သလို ဖြစ်သွားသည်။ နောက်ဆုံး မခံသာအောင် ရေငတ်နေသဖြင့် ယူသောက်လိုက်သည်။
"ရေကောင်းတယ် ဟာနီ" စင်တိန်က ပြောလိုက်သည်။
ရေထဲတွင် သစ်ရွက်အစများနှင့် အဘိုးကြီး၏တံတွေးများ ရောပါနေသော်လည်း ရေကောင်းဟုပင် ဆို လိုက်သည်။ သဲကန္တာရထဲ၌ အသက်ရှင်ရေးကို ပေးစွမ်းနိုင်သော ရေဟူသမျှသည် ရေကောင်း ဖြစ်ကြောင်း ဆန်လူမျိုးစု တို့ အဓိပ္ပာယ်ဖွင့်ဆိုကြပုံကို စင်တိန်နားလည်လာသည်။
စင်တိန်သည် သူ့ခါးမှ မောင်းချဓားကို ဖြုတ်လိုက်ပြီး လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လာသည်။ ဤဓားသည် သူ့အသက်ကို ကယ်တင်ခဲ့သော ဓား ဖြစ်သည်။ ဤဓား မိမိထံတွင် ဆက်ရှိနေလျှင် တစ်နေ့ အကျဉ်း အကျပ် တွေ့ပါက မိမိအသက်ကို ကယ်တင်ပေးနိုင်ဦးမည်မှာ သေချာသည်။ သို့သော် စင်တိန် ဆုံးဖြတ်ချက် တစ်ခုချပြီး အိုဝါဆီ သွားသည်။
"ဒါကို ယူပါ အိုဝါ၊ အိုဝါအတွက် ဓားပါ" စင်တိန်က လှမ်းပေးလိုက်သည်။
အိုဝါက ဓားကို စိုကကြည့်နေသည်။ သူ့မျက်လုံးတွင် အရောက်တောက်နေသည်။
"ယူပါ ... အိုဝါ" စင်တိန်က ထပ်မံ တိုက်တွန်းလိုက်သည်။
"သိပ်များလွန်းလှပါတယ်" အိုဝါက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဓားကို စိုက်ကြည့်နေသည်။ သူမ လက်ဆောင်က တန်ဖိုးကြီးလွန်းလှသဖြင့် အိုဝါ မယူရက်ပေ။
စင်တိန် က အိုဝါ့လက်ကို လှမ်းဆွဲလိုက်သည်။ လက်ဖ၀ါးကို ဆွဲဖြန့်ပြီး ဓားကို လက်ထဲထည့်ကာ လက်ချောင်းကလေးများကို ပြန်ဆုတ်ပြီး ဓားကို အုပ်ကိုင်ပေးလိုက်သည်။ အိုဝါသည် ဓားကို လက်ထဲ၌ ဆုပ်ထားရင်း ထိုင်နေသည်။ သူ့ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ မျက်လုံး အိမ်ထောင့်၌ မျက်ရည် စို့လာပြီး ပါးပြင်ပေါ်သို့ စီးကျလာသည်။
"ဘာဖြစ်လို့ ရှင် ငိုနေရတာလဲ၊ တယ်မိုက်တဲ့ အဖေကြီးပဲ"
ဟာနီက ပြောလိုက်သည်။
"နမ်ချိုင့်ပေးတဲ့ လက်ဆောင်ကြောင့် ငါ ၀မ်းသာပြီး ငိုမိတာပါကွာ" အိုဝါ့အသံက ဆို့နင့်နေသည်။
"၀မ်းသာတာပဲ ငိုစရာလား အဖေကြီးရယ်"
ဟာနီက ပြောလိုက်သည်။ သို့သော် သူမ၏ ရယ်ချင်ပုံပေါက်နေသော မျက်နှာကို အိုဝါမမြင်အောင် တစ်ဘက် သို့ လှည့်ကာ လက်ဖြင့် ကွယ်ထားလိုက်သည်။
ဆက်ရန်
.

1 comment:
ဓါးလေးတစ်ချောင်းလက်ဆောင်ရတာကို ဝမ်းသာပြီး ငိုတဲ့ အဖိုးကြီးက သနားဖို့ကောင်းလိုက်တာ ဘယ်လောက်များ ခေတ်ကြီးနဲ့ ကင်းကွာနေလိုက်သလဲနော်
Post a Comment