Thursday, September 22, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၇)

(၂၇)

လပြည့်ပြီးသည်မှာ လေးငါးရက်သာရှိသေးသည်။ ထို့ကြောင့် သူတို့ အစာစားပြီးချိန်တွင် သဲတောင်များ အောက် တွင် အလင်းရောင်ရှိနေဆဲဖြစ်သည်။ ဆီးနှင်းများ ဖုံးလွှမ်းခဲ့မှုကြောင့် သူတို့ စိတ်လှုပ်ရှားတက်ကြွ ကာ အိပ်မရခဲ့ပေ။ စင်တိန်သည် အဘိုးကြီး အဘွားကြီး နှစ်ဦးနှင့်အတူ ထိုင်စကားပြောခဲ့သည်။
စင်တိန် သည် အဘွားကြီး ဟာနီနားတွင် ကပ်ထိုင်နေသည်။ ဟာနီ၏ ပါးစပ်လှုပ်ရှားပုံနျင့် လေယူလေသိမ်း ကို ဂရုစိုက်ကြည့်ကာ ပစ်ဂမီစကားကို လေ့လာနေသည်။ ထိုစဉ်မှာပင် စင်တိန်အဖို့ ရုတ်တရက် အံ့အား သင့်စရာ ဖြစ်လာရပြီး မိမိ၏ ၀မ်းဗိုက်ကို မိမိ၏ လက်နှစ်ဖက်နှင့် ပွေ့ပိုက်ကိုင်လိုက်မိသည်။

" ဗိုက်ထဲက လှုပ်တယ်၊ သူ လှုပ်တယ် ... ကလေးလှုပ်တယ် "
စင်တိန် က ဟာနီအား တအံ့တသြပြောပြလိုက်သည်။
ဟာနီ ချက်ချင်းနားလည်သွားသည်။ စင်တိန်နားကပ်လိုက်ပြီး ကင်းဗတ်စကတ်အစကိုလှန်ကာ စင်တိန့်ဗိုက် ကို ပွတ်သပ် ကိုင်တွယ် စမ်းသပ်လိုက်သည်။
" အေး ဟုတ်တယ်၊ ငါစမ်းမိပြီ ကလေးက ကန်တယ်တော့။ မြင်းကျားကလေးကန်တာ ကျနေတာပဲ" ဟာနီ က ပြောလိုက်သည်။

ဟာနီ အဖို့ ၀မ်းသာလုံးဆို့ကာ မျက်ရည်ဥများ စီးကျလာရာ မီးပုံမှမီးရောင်နှင့် လရောင်တွင် အရောင် တောက် နေတော့သည်။
" သိပ်သန်တာပဲ၊ သိပ်ရဲဝံ့တာပဲ၊ အဖေကြီး ဒီမှာ လာကိုင်ကြည့်စမ်း "
ဟာနီ့ ဖိတ်ခေါ်ချက်ကို အိုဝါကလိုက်နာသည်။ အိုဝါသည် စင်တိန့်ဗိုက်ကို စမ်းသပ်ကြည့်ပြီးနောက် ၀မ်းသာ အားရ ပြောလိုက်သည်။
" အေး ဟုတ်တယ်၊ တို့အဖို့ သိပ်ကံကောင်းတာပဲ၊ ဒီကလေးကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အောင်ပွဲခံ အက ငါ က ဖို့ အချိန်တန်ပြီ အမေကြီး "
အိုဝါ ထိုင်ရာမှထလိုက်ပြီး လရောင်အောက်တွင် စင်တိန်၏ မမွေးသေးသော ကလေးအတွက် အောင်ပွဲခံ အက ကတော့သည်။

*
လမင်းကြီးက ပင်လယ်ထဲ ၀င်ရောက် ငုပ်လျှိုးသွားသည်။ သို့သော် နံနက်ခင်းအရုဏ်ဦး၏ လင်းရောင် ခြည် ဖြာ လာသဖြင့် ကုန်းပေါ်တွင် အလင်းရောင်ပျောက်မသွားပေ။ မီးငြိမ်းလုပြီဖြစ်သော မီးပုံဘေးတွင် အဘိုး ကြီးနှင့်အဘွားကြီး နှစ်ဦးစလုံးအိပ်နေဆဲမို့ စင်တိန် အံ့အားသင့်သွားသည်။ နေမထွက်မီ ခရီးထွက် နေကျဖြစ် သော်လည်း ယနေ့ အဘိုးကြီးနှင့် အဘွားကြီးတို့ ငြိမ်ချက်သားကောင်းနေသည်။

စင်တိန်သည် စခန်းချရာနေရာနှင့် ခပ်လှမ်းလှမ်းသို့ သွားကာ သူမ ၀တ်ဆင်ထားသည့် အ၀တ်အစား အစုတ် များကို ချွတ်ပြီး ပင်လယ်ကမ်းစပ်သို့ဆင်းကာ ရေချိုးသည်။ သဲကိုဆပ်ပြာသဖွယ် လုံးကာ ကိုယ် ကို တိုက် ချွတ်သည်။ ရေကအေးလှသည်။ ရေချိုးပြီးသောအခါ အ၀တ်အစားပြန်ဝတ်ပြီး စခန်းသို့ ပြန် တက်လာသည်။ အဘိုးကြီးနှင့် အဘွားကြီးသည် သားရေစ ကိုယ်စီခြုံကာ အိပ်နေဆဲရှိသည်။ ဟာနီက ချောင်းပင် ဆိုးလိုက် သေးသည်။ စင်တိန်သည် မိမိ၏ ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးလိုက်သည်။
စင်တိန် သည် ပစ်ဂမီစကားအားဖြင့် စောင့်ပါဦး၊ နားမယ်၊ အိပ်မယ် ဟူသော စကားလုံးများကို တတ်သိ နေပြီ ဖြစ်သည်။

နေ အနည်းငယ်ထွက်လာသည့် အချိန်တွင် ဟာနီ နိုးလာပြီး မီးပုံဘေးတွင်ထိုင်နေသော စင်တိန့်ဘေး၌ ၀င် ထိုက်လိုက်သည်။
" သွားတော့မလား " စင်တိန်ကမေးသည်။
" မသွားသေးဘူး စောင့်ဦးမယ်၊ ညကျမှ လထွက်တော့မှ ဟိုဘက်ကိုသွားမယ် " ဟာနီက ကုန်းပေါ်ရှိသဲ တောင်များရှိရာဆီသို့ လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
" ကုန်းပိုင်းဘက်ကို သွားမှာလား "
စင်တိန်ကမေးလိုက်ရာ ဟာနီက ခေါင်းညိတ်ပြလိုက်သည်။ နောက်ဆုံးသူတို့ ပင်လယ်ကမ်းခြေမှ ခွာတော့ မည် ဟု စင်တိန်သိလိုက်ရသည်။ အိုဝါလည်း နိုးလာပြီး သူတို့အနားရောက်လာသည်။
" အခုသွားမလား " စင်တိန်ကမေးသည်။

" ဒီနေ့ ငါတို့နားမယ်၊ ညကျမှ ခရီးဆက်မယ်၊ တို့ ခရီးစဉ်ရဲ့ အကြမ်းတမ်းဆုံးအပိုင်းကို ဖြတ်ရမယ်၊ ဒီညသွား မယ်နော်၊ နားလည်တယ်မဟုတ်လားနမ်ချိုင်း၊ ညဘက် လမင်းကြီး ထွက်တဲ့အချိန် နေမင်းကြီး အိပ်တဲ့ အချိန်ကျမှသွားမယ်၊ အခု နေ့ဘက်မှာ နားလည်တယ်မဟုတ်လားနမ်ချိုင်း၊ ညဘက် လမင်းကြီး ထွက်တဲ့အချိန် နေမင်းကြီး အိပ်တဲ့အချိန်ကျမှသွားမယ်၊ အခုနေ့ဘက်မှာ နားနေပေဦး" ဟာနီကပြောသည်။
စင်တိန်က သဘောပေါက် နားလည်သွားပြီး ခေါင်းညိတ်ပြသည်။

စင်တိန်သည် ကမ်းခြေအပေါ်ဘက်ရှိ သဲတောင်တစ်လုံးပေါ်သို့ သွားရောက်ကာ ရှေ့ဆက်မည့် ခရီးကို အတန်ကြာအောင် မျှော်ကြည့် ငေးမောနေခဲ့သည်။ ထို့နောက် စခန်းသို့ ပြန်ရောက်လာသောအခါ အိုဝါက အရိုး ထိပ်ဖူးတပ် မြားဦးများကို ချွန်နေပြီး ဟာနီက ပုတီးစေ့များပြုလုပ် သီကုံးနေသည်ကို တွေ့ရသည်။ ငှက်ကုလားဥ အခွံအကွဲစများ၊ လှပသော ကျောက်တုံးကလေးများ ဖြတ်တောက်အပေါက်ဖောက်ပြီး ပုတီး ကုံးသီနေသည်။

ဟာနီ ပုတီးကုံးသီနေသည်ကို ထိုင်ကြည့်နေရင်းမှ စင်တိန်သည် သူမ၏ အထိန်းတော်ကြီး အန်စတော့ကို ပြန်လည် သတိရမိလာသည်။ ထိုအခါ ထိုင်ကြည့်နေရာမှ ရုတ်ခနဲ ထလိုက်ပြီး စခန်းချရာ နေရာမှ ပြန်ထွက် သွားပြန်သည်။ ဟာနီသည် ပုတီးကုံးသီနေရာမှ စင်တိန်အား မော့ကြည့်လိုက်ပြီးနောက် အိုဝါအား လှမ်းပြောလိုက်သည်။
" နမ်ချိုင်းဟာ စိတ်ချမ်းမြေ့ပုံမရဘူး "
" သူ့ဗိုက်ထဲမှာလဲ အစာတွေရှိတယ်၊ ငှက်ဥရေဘူးထဲမှာလဲ ရေတွေရှိတယ်၊ ဒီတော့ ဘာများစိတ်မချမ်းသာ စရာလိုသေးလဲကွာ "
" သူ့မျိုးတူ လူတွေ၊ မိသားစုတွေကို လွမ်းဆွေးနေပုံရတယ်"

ဟာနီက ခပ်တိုးတိုးညည်းလိုက်ရာ အိုဝါက ဘာမှ ပြန်မပြောတော့ပေ။ သားသမီးမြေးမြစ်များကို စွန့်ပစ် ခွဲခွာ ခဲ့ရသောသူတို့ဘ၀နှင့် နှိုင်းယှသ်ကာ သဘောပေါက်သွားပြီး နှစ်ဦးစလုံး ငြိမ်သက်သွားကြသည်။
စင်တန် သဲတောင်ပေါ်သို့ ပြန်တက်သွားသည်။ ထို့နောက် တစ်ယောက်တည်း တတွတ်တွတ် ပြောနေမိ သည်။
" ငါ အခု ကျန်းမာသန်စွမ်းလာပြီ၊ သဲကန္တာရထဲမှာ အသက်မသေအောင် ဘယ်လို ရှာဖွေ စားသောက် နေထိုင် ရမယ်ဆိုတာလဲတတ်ပြီ၊ ငါ သူတို့နှစ်ယောက်နောက်ကို လိုက်စရာ လဲမလိုတော့ဘူး၊ တောင်ဘက် ကို ငါ ပြန် လှည့်သွားလို့ရပြီ၊ ဒါပေမယ့် ငါ တစ်ယောက်တည်း၊ ငါ့ဘ၀က တစ်ယောက်တည်း၊ တကယ်လို့ အန် အသက်ရှင်ရှိနေသေးတယ်ဆိုရင် သူတစ်နေရာရာမှာ ရှိနေမယ်ဆိုရင် ငါသူ့ကို ကြိုးစားရှာဖွေရမှာပဲ"

စင်တိန်သည် မတ်တတ်ရပ်နေရာမှ ထိုင်ချလိုက်သ
ည်။ ထို့နောက် ဒူးနှစ်လုံးကို လက်နှင့်ဖက်ကာ အောက် ဘက်ရှိ အဘိုးကြီးနှင့် အဘွားကြီးတို့ထံ လှမ်းကြည့်ပြီး စိတ်ကူး တစ်မျိုးပေါက်လာကာ ပြောလိုက်ပြန်သည်။
" ငါ့အတွက် နောက်ကြောင်းပြန်လှည့်စရာ လမ်း မရှိတော့ဘူး၊ ရှေ့ဆက်သွားဖို့ပဲ ရှိတော့တယ်၊ နေ့တိုင်း တိရစ္ဆာန် တစ်ကောင်လိုနေ။ လူရိုင်းတွေနဲ့ လူရိုင်းလိုနေဖို့ပဲ ရှိတော့တယ်" စင်တိန်သည် သူမ၀တ်ထား သော မလုံတလုံ အ၀တ်အစားအစုတ်များကို ငုံ့ကြည့်ပြီး ဆက်ပြောလိုက်ပြန်သည်။

" ငါ သွားမှဖြစ်မယ်၊ ဒါပေမယ့် အခု ငါ ဘယ်ရောက်နေမှန်းလဲမသိဘူး၊ ဒါပေမယ့် ငါ လက်မလျှော့ဘူး၊ ဒီ တစ်ခါ ငါ့ဘ၀ကို ရုန်းကန် လွတ်မြောက်သွားပြီးရင် နောက် ဘယ်တော့မှ အခုလို ၀တ်တော့မှာ မဟုတ်ဘူး၊ အခု လိုလဲ အစုတ်အပြတ်တွေ ၀တ်နေရတော့မှာ မဟုတ်ဘူး၊ ငါနဲ့ ငါ့ကလေးဘ၀အတွက် အဘက်ဘက်က ပြည့်စုံ အောင် ငါ ကြိုးစားရမယ် "

စင်တိန်သည် ညနေခင်းတွင် တောင်အောက်ရှိ သူတို့စခန်းသို့ ပြန်ရောက်လာသည်။ ဟာနီက စင်တိန်အား လှမ်းကြည့်ပြီး နှစ်လိုအားရစွာ ပြုံးပြလိုက်ရာ စင်တိန့်ရင်ထဲ၌ ချစ်ခင်တွယ်တာစိတ်များ ၀င်လာသည်။ ဟာနီ က ထိုင်ရာမှထလိုက်သည်။ သီပြီးသွားသော ပုတီးကုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စင်တိန် အနား သို့ လျှောက်လာသည်။ စင်တိန်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး လက်ထဲမှ ပုတီးကုံးကို စင်တိန့် ခေါင်းမှနေပြီး စွပ်ကာ လည်ပင်း၌ ဆွဲပေးလိုက်သည်။ စင်တိန့် ရင်ဘတ်ပေါ်တွင် တွဲလောင်းလေး ကျနေသော ပုတီးလည် ဆွဲကိုကြည့်ပြီး ဟာနီ့မျက်နှာတွင် ကြည်နူးချမ်းမြေ့သော အပြုံးရောင်များ တောက်ပ လာသည်။

" သိပ်လှတာပဲဟာနီ၊ ကျေးဇူးပဲ၊ သိပ်ကို ကျေးဇူးတင်တာပဲ၊ ကျွန်မ ရှင်တို့ကို စောစောက လူရိုင်းတွေလို့ ခေါ်ခဲ့ မိတယ်၊ ခွင့်လွှတ်ပါဟာနီရယ်၊ ကျွန်မ ဘ၀မှာတော့ အန်နဲ့ရှင်ဟာ ကျွန်မအပေါ် အချစ်ခင် အကြင်နာ ဆုံး လူနှစ်ယောက် ပါပဲ "
စင်တိန်သည် စကားဆုံးသွားသည်နှင့် ဒူးထောက် ထိုင်ချလိုက်ရာ သူ့မျက်နှာနှင့် လူပုအဘွားကြီးမျက်နှာတို့ တစ်တန်း တည်း မျက်နှာချင်းဆိုင် ဖြစ်သွားသည်။ စင်တိန်က ဟာနီကို အားရ ပါးရ ဖက်လိုက်ပြီး သူမ၏ နဖူး ကို ဟာနီ၏ပါးတွင် ကပ်ထားလိုက်သည်။
" ဘာဖြစ်လို့ သူငိုနေတာလဲ " အိုဝါကမေးလိုက်သည်။
" ၀မ်းသာလို့လေ " ဟာနီကဖြေသည်။

" အို ... ၀မ်းသာတာပဲ ငိုရတယ်လို့၊ ခက်လိုက်တဲ့ ကလေးမ "
အိုဝါသည် ထိုင်ရာမှထလိုက်ပြီး နားမလည်သလိုဖြင့် ခေါင်းတဆတ်ဆတ် ယမ်းလိုက်သည်။ ထို့နောက် ခရီးထွက်ရန် အတွက် အပြီးသတ် ပြင်ဆင်စိုင်းပြင်းတော့သည်။
အဘိုးကြီး နှင့် အဘွားကြီးတို့ ထူးထူးခြားခြား တိတ်ဆိတ်တည်ငြိမ်နေသည်ကို စင်တိန်သတိပြုမိသည်။ အိတ်များ၊ ခြုံထည်များကို ထုပ်ပိုးကာ လွယ်နေသည်။ ဟာနီက စင်တိန့်လွယ်အိတ်ကို ခိုင်မြဲအောင် ချည် နှောင် ပေးသည်။ စင်တိန်ခြေထောက်၌ ဖိနပ်အဖြစ် ချည်နှောင်ထားသော ကင်းပတ်စကိုလည်း ပိုမို ခိုင်အောင် ချည်ပေးသည်။

" ဘာဖြစ်လို့လဲဟင် "
သူတို့၏ ထူးခြားနေမှုကြောင့် စင်တိန်က သိလိုဇောဖြင့် မေးသည်။ သူမမေးခွန်းကို ဟာနီ နားလည်သော် လည်း မရှင်းပြတော့ချေ။ စင်တိန်အား လက်ဆွဲခေါ်ပြီး အိုဝါနောက်တွင် နှစ်ယောက်သား ဒူးထောက်ထိုင်ချ လိုက် သည်။
အိုဝါက အသံမြှင့်ပြီး အော်လိုက်သည်။
" အို ... အရှင်လနတ်မင်း၊ ယနေ့ညတွင် အလင်းရောင်ပေးပြီး ကျွန်တော်မျိုးတို့အား လမ်းပြတော်မူပါ၊ အို ... အရှင်နေနတ်မင်း ... ကောင်းစွာ အိပ်စက်တော်မူပါ၊ နက်ဖြန်မနက် အိပ်ရာမှ ထလျှင်လဲ စိတ်ဆိုးတော် မမူ ပါနှင့်၊ အရှင်စိတ်ဆိုးလျှင် အလွန်ပူလောင်ပါသည်။ ဤခရီးကို ဘေးအန္တရာယ်ကင်းစွာကျော်ဖြတ်ပြီး ရေရှိ သည့် နေရာရောက်လျှင် အရှင်အား အကဖြင့် ပူဇော်၍ အဆိုဖြင့် ကျေးဇူးပြုပါမည် "

အိုဝါသည် တစ်ခဏကြာမျှ ကပြကာ ပူဇော်ပြီးနောက် ဟာနီအား လှမ်းပြောလိုက်သည်။
" ကဲလာ ... အမေကြီး သွားကြစို့၊ နမ်ချိုင်းကို နောက်နားက ကပ်လိုက်လာပစေနော်။ နောက်မှာ ပြတ်ကျန် မနေရစ် ခဲ့စေနဲ့၊ နောက်မှာ ကျန်နေရင်တော့ ပြန်ရှာဖို့မလွယ်ဘူး "
အိုဝါ က ရှေ့မှတစိုက်စိုက်လျှောက်သွားရာ ဟာနီနှင့် စင်တိန်တို့က နောက်မှကပ်လိုက်သွားသည်။ လရောင် ကြောင့် လင်းနေသည်။ ကမ်းခြေကို ကျောခိုင်းပြီး တောင်ကြား ကုန်းတွင်းပိုင်းသို့ ဦးတည် လျှောက်ကြသည်။ ညဘက် ခရီးသွားရသည်မှာ တစ်မျိုးထူးခြားသည်။ တောင်ကြားလမ်းအတိုင်း လျှောက် လာကြရာ အချိန်အတန်ငယ်ကြာလာသောအခါ အပူရှိန်က စတင်ပြင်းထန်လာသည်။ ညသန်းခေါင်ယံ ရောက်လာသော အခါ အပူရှိန် ပိုမိုပြင်းထန်လာသည်။

သူတို့ တစ်ကြိမ် ရပ်နားကြသည်။ ငှက်ဥရေဘူးထဲမှ ရေကို သောက်ကာ တစ်ခဏမျှသာ အပန်းဖြေပြီး ခရီး ဆက်ကြ ပြန်သည်။ ကောင်းကင်၌ နံနက်အရုဏ်ဦး ရောင်နီပျို့လာချိန်တွင် အိုဝါသည် တောင်ကြားလမ်း အတိုင်း သွားနေရာမှ တစ်ကြိမ် နှစ်ကြိမ် ရပ်ပြီး စခန်းချရန်နေရာကို စူးစမ်းရှာဖွေသည်။ နေ့ခင်းတစ်နေ့တာ ရပ်နား စောင့်ဆိုင်းရမည့်နေရာကို အိုဝါ စိတ်ကြိုက်တွေ့သောအခါ တစ်ညတာခရီးကို ရပ်နားလိုက်ကြ သည်။ မတ်စောက်သော သဲတောင်နံရံကြီး၏ အောက်ဘက်တစ်နေရာတွင်ဖြစ်သည်။

မီးဖိုစရာ ထင်းမရှိ။ ထို့ကြောင့် ဟာနီက စင်တိန်အား နေလှန်းထားသော ငါးခြောက်အနည်းငယ်ကို ဖဲ့ပေး လိုက်သည်။ စင်တိန်က မစားတော့ပေ။ အလွန်ပင်ပန်းနေသည်က တစ်ကြောင်း၊ နောက်တစ်နေ့တွင် ရေပို ငတ်လာ နိုင်သည်က တစ်ကြောင်းတို့ကြောင့် မစားဘဲနေခြင်းဖြစ်သည်။ မိမိအတွက် ခွဲတမ်းရသောရေကို သာ သောက်လိုက်သည်။ စင်တိန် သည် ဆီးသွားချင်သဖြင့် ခပ်လှမ်းလှမ်းသို့ထသွားပြီး ဆောင့်ကြောင့် ထိုင် လိုက်ချိန်တွင် ဟာနီပြေးလာပြီး တားသည်။ စင်တိန့်အဖို့ ဘာဖြစ်လို့ပါလိမ့်ဟု ထိတ်လန့်သွားသည်။
ဟာနီသည် သူမအိတ်ထဲမှ ဘူးသီးခြောက်ဖြတ်ပိုင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုခွက်ထဲသို့ ဆီးသွားပြ လိုက်သည်။ ထို့နောက် စင်တိန်အား ပြောလိုက်သည်။

" ငါလုပ်သလိုလုပ် "
စင်တိန် အဖို့ အကျပ်ရိုက်နေသည်။ သို့သော် ဟာနီက အတင်းအကျပ်ပြောနေသဖြင့် အကြောင်းတစ်ခုခု တော့ ရှိရမည်ဟုတွေးက ဘူးသီးခြောက် ဆီးခွက်ထဲသို့ ဆီးသွားထည့်လိုက်သည်။ အိုဝါကလည်း အလား တူပင် ဘူးသီးခြောက် ထဲသို့သာ ဆီးသွားသည်။ ဟာနီက သဲကိုလက်ဖြင့် ယက်၍တူးပြီး သဲထဲ၌ လဲလျောင်း ပုံကိုပြသည်။ စင်တိန်က အလားတူ လိုက်လုပ်ပြီး သဲထဲ၌ ကိုယ်ကိုမြှုပ်ကာ လဲလျောင်းနားနေလိုက်သည်။ နေထွက်လာပြီး နောက်တွင် အပူရှိန်ကလည်း တစ်ရိပ်ရိပ် တက်လာသည်။

စင်တိန်သည် အိုဝါနှင့် ဟာနီတို့ လုပ်သည့်အတိုင်း ခေါင်းပေါ်တွင် ကင်းဗတ်စကိုအုပ်ပြီး ငြိမ်ငြိမ်ကလေး လဲ လျောင်းနေသည်။ ပူလွန်းသဖြင့် အိပ်၍မရ။ ခဏမျှသာ မှေးခနဲဖြစ်သွားသည်။ အပူရှိန်က ပိုမိုပြင်းထန်လာ ရာ မခံနိုင်လောက်အောင် ဖြစ်လာသည်။
" ဒီထက် ပိုမပူနိုင်တော့ပါဘူး၊ မကြာခင် အေးလာတော့ မှာပါ "

စင်တိန်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် အားပေးလိုက်သည်။ သို့သော် သူထင်သလို မဟုတ်ဘဲ အပူရှိန်က ပို၍ ပြင်းထန် လာသည်။ အဘွားကြီး၏ လှုပ်ရှားသံကြားသဖြင့် စင်တိန်က ခေါင်းကို မသိမသာထောင်ပြီး ကြည့် လိုက်သည်။ အဘွားကြီးသည် စောစောက သူတို့ပေါက်ထည့်ထားသော ဘူးသီးခြောက် ဆီးခွက်ထဲ သို့ သဲများထည့်ကာ ရောမွှေနေသည်ကို တွေ့ရသည်။ အဘွားကြီးက ဘူးသီးခြောက်ခွက်ကို စင်တိန့်ဆီ ယူလာပြီး စိုစွတ်နေသောသဲများကို ချစ်ချစ်တောက် ပူနေသည့် စင်တိန့်အရေပြားများပေါ်တွင် မံပြီး ကပ်ပေး သည်။

အအေးဓာတ်လေးရသဖြင့် စင်တိန် အနည်းငယ် နေသာသွားသည်။ စိုနေသော သဲများ ခြောက်မသွားမီ စင်တိန် ကိုယ်ပေါ်သို့ ဟာနီက သဲများဖုံးအုပ်ပေးရာ စင်တိန်ခေါင်းသာပေါ်ပြီး တစ်ကိုယ်လုံးသဲထဲ၌ မြှုပ်နေ သလို ဖြစ်သွားသည်။ ခေါင်းပေါ်တွင် တာလပတ်စကို ပြန်အုပ်ပေးခဲ့သည်။
" ကျေးဇူးပဲ ဟာနီ " စင်တိန်က လေသံလေးဖြင့် ပြောလိုက်သည်။ ဟာနီသည် အိုဝါဆီသွားပြီး အလားတူ လုပ်ပေးသည်။

ညနေခင်း နေ၀င်သွားသောအခါ သူတို့လဲလောင်းနေရာမှထပြီး တစ်ကိုယ်လုံးမှ သဲများကို ခါချလိုက်ကြ သည်။ ရေသောက် သော်လည်း စင်တိန်အဖို့ အစာစားမရဘဲ ဖြစ်နေသည်။ တစ်ညတာ ခရီးကို စတင်ခဲ့ကြ ပြန်သည်။ သူတို့ လျှောက်ရသော မြေအနေအထားပြောင်းသွားသည်။ ယခင် သဲမြေပျော့မှ ယခု မြေမာ ဖြစ် လာသည်။
" သဲပြင်ကြီးကလဲ မဆုံးနိုင်တော့ဘူးလား ... သဲတောင်များနဲ့ အတိပြီးတဲ့ အာဖရိကတိုက်ကြီးလား" ဟု စင်တိန် ရေရွတ်မိသည်။
*
ဆက်ရန်
.

No comments: