Wednesday, September 21, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၆)

မွန်းတည့်ချိန် ရောက်သောအခါ သူမရှေ့မှသွားနေသော လူပုလေးနှစ်ဦးကို အစက်ကလေးနှစ်စက်အဖြစ် ပျပျသာမြင်ရသည်။ နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်သွားတော့သည်။ သို့သော် စင်တိန်သည် သဲပြင် ပေါ်၌ ထင်ကျန်ရစ်ခဲ့သော သူတို့၏ ခြေရာသေးသေးလေးများကိုကြည့်ကာ ခြေရာခံပြီး ဆက်လိုက်သွား သည်။ သူတို့ နောက်သို့ အားတင်းပြီး လိုက်သွားရာ အားအင်များ မည်သို့မည်ပုံရောက်လာသည်ပင် မသိရ ချေ။

သို့သော် ညနေခင်းရောက်လာသောအခါ အားများ ပြေလျော့ ပျောက်ကွယ်တော့လုနီးပါး ဖြစ်သွားသည်။ သဲပြင်ပေါ်မှ ခြေရာများကို ကြည့်ပြီး တစ်စိုက်မတ်မတ် လျှောက်လာခဲ့ရာမှ ခေါင်းမော့ပြီး ရှေ့သို့မျှော် ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် ကောင်းကင်သို့ မီးခိုးတလူလူတက်နေသည်ကို မြင်ရသည်။ ရှေ့မှသွား သော လူပုကလေးလင်မယား စခန်းချရပ်နားသည့် နေရာဖြစ်ရမည်ဟု သိရှိသွားပြီး ရှိစုမဲ့စုအားကို ဖြစ်ညှစ် ကာဆက် လျှောက်လှမ်းသွားသည်။

နောက်ဆုံးတွင် စင်တိန်သည် ရှိသမျှအားအင်များ လုံးဝကုန်ခန်းပြီး မီးပုံဘေးတွင် ခြေပစ်လက်ပစ် လဲကျ သွားသည်။ ဟာနီက ပါးစပ်ထဲတွင် ရေငုံကာ စင်တိန်နှင့် နှုတ်ခမ်းချင်းတေ့ပြီး ရေတိုက်သည်။ ငှက်မကြီးက ငှက်ကလေး အား အစာခွံ့သည့်နှယ်ဖြစ်သည်။ ရေမှာပူနွေးနေပြီး ဟာနီ၏တံတွေးများကြောင့် စေးကပ်ကပ် ပျစ်ချွဲချွဲဖြစ်နေသည်။ သို့သော် စင်တိန်အဖို့ တစ်သက်တာတွင် ဤရေတစ်ငုံသည် အရသာ အရှိဆုံး ပင်ဖြစ်သည်။ ဟာနီက စင်တိန်အား ရေကို အတိုင်းအတာဖြင့်သာ တိုက်သည်။ စိတ်ကြိုက် အ၀ မသောက်ရပေ။

စင်တိန်သည် အဘိုးကြီးအား လိုက်ရှာရာ ကမ်းစပ်ရေထဲတွင် မြင်ရသည်။ အဘိုးကြီးက လည်ပင်းနှင့်ခါး တွင် စည်းထားသော ပုတီးကုန်းများမှလွဲ၍ အ၀တ်အစားမရှိပေ။ လက်ထဲတွင် ဟာနီ၏ ချွန်ထက်သော တူး ဆွသည့် တုန်ကိုကိုင်ထားသည်။ အဘိုးကြီးသည် ရေထဲတွင် တစ်စုံတစ်ရာကို တုတ်ဖြင့် လှမ်းထိုး လိုက်သည်။ ရေထဲမှ သတ္တ၀ါ၏ လှုပ်ရှားမှုကြောင့် ရေများဖွားခနဲ တက်လာသည်။ အဘိုးကြီးနှင့် ရေသတ္တ၀ါ တို့ သူတစ်ပြန် ကိုယ်တစ်ပြန် လုံးနေရာက ကုန်းပေါ်မှ ဟာနီက လက်ခုပ်တီးပြီး အားပေးသည်။ နောက်ဆုံး အဘိုးကြီးသည် ရုန်းကန်လှုပ်ရှားနေဆဲ သတ္တ၀ါတစ်ကောင်ကို ကမ်းပေါ်သို့ ဆွဲတင်လာသည်။

စင်တိန်က အားယူပြီး ဒူးထောက်ကာ လှမ်းကြည့်လိုက်ရာ ပုစွန်ထုပ်ကြီးတစ်ကောင်ကိုတွေ့ရသည်။ သူမ ကြိုက်သောအစာပင်ဖြစ်သည်။ သို့သော် ပင်လယ်ပုစွန်ထုပ်ကြီးက အလွန်ကြီးမားရာ အိုဝါတစ်ယောက် တည်း ဆွဲယူ၍ မနိုင်အောင် ဖြစ်နေသည်။ ပုစွန်ထုပ်ကြီး၏ နှုတ်ခမ်းမွေးကြီးများက အိုဝါ့ အရပ်ထက်ပင် ရှည် နေသေးသည်။ အိုဝါသည် သေးငယ်သောသူ၏ လက်နှစ်ဖက်ဖြင့် နှုတ်ခမ်းမွေးတစ်ချောင်းစီကို ဆုပ်ကိုင် ကာ ဆွဲတင်နေသည်။ ဟာနီက သူမခေါင်းလောက်ကြီးသော ကျောက်တုံးတစ်တုံးကို လက်နှစ်ဖက် ဖြင့် ကုန်းကောက်ပြီး ရေစပ်သို့ဆင်းပြေးသည်။ ပုစွန်ထုပ်ကြီးကို နှစ်ယောက်သား ကျောက်တုံး ဖြင့် ထုသတ်ရာ ငြိမ်သွားတော့သည်။

ညမမှောင်မီတွင် အိုဝါသည် နောက်ထပ်ပုစွန်ထုပ်ကြီး နှစ်ကောင်ကို ထပ်ဖမ်းမိသည်။ ထို့နောက် သဲပြင် တွင် မြေကြီးကို လက်ဖြင့်ယက်၍ ကျင်းလုပ်သည်။ အနီးအနားမှ ရသမျှ သစ်ရွက်များကို လိုက်ကောက် သည်။ ကျင်းအောက်တွင် သစ်ရွက်တချို့ခံပြီး ပုစွန်ထုပ်များတင်သည်။ ပုစွန်ထုပ်များပေါ်မှ သစ်ရွက်များ ထပ်ခင်းပြီး သဲပါးပါးဖြူးသည်။ ထိုအပေါ်တွင် မီးပုံမှ မီးကျီခဲများကိုယူပြီး တင်ကာကင်လိုက်သည်။

အိုဝါနှင့် ဟာနီတို့ ထိုသို့ပြုလုပ်ပြီး ပုစွန်ကင်နေစဉ်တွင် အဘိုးကြီးအိုဝါသည် သီချင်းဆိုကာ ပုစွန်ကင်မီးဖို ကို လှည့်ပတ် ကသည်။ အဘွားကြီး ဟာနီက လက်ခုပ်တီးပေးသည်။ အဘိုးကြီးနှင့် အဘွားကြီးသည် သူတို့ ထုံးတမ်း စဉ်လာအရ ပူဇော်ပသခြင်းဖြစ်မည်ဟု စင်တိန်တွေးမိသည်။
ပူဇော်ကပြပြီးသောအခါ ပုစွန်များအပေါ်မှ ပြာများနှင့် သဲများကို ဖယ်လိုက်ပြီး အငွေ့ထောင်းထောင်းထ နေသော ပုစွန်သုံးကောင်ကို ဆယ်ယူလိုက်ကြသည်။ ပုစွန်ထုပ်များကို အမြီးဘက်မှစ၍ အခွံခွာပြီး အသား ကို ထုတ်ယူရာ လက်ပူသဖြင့် အဘိုးကြီးနှင့် အဘွားကြီးတို့ရယ်လိုက်ကြသည်။

အဘိုးကြီး နှင့် အဘွားကြီးက စင်တိန်ဘေးတွင် လာထိုင်ပြီး ပုစွန်ကင်များစားကြသည်။ စင်တိန်အဖို့ သည် တစ်ခါလောက် စားကောင်းသည့်အခါ မရှိတော့ဟုပင် ထင်မိသည်။ ဆီမပါ ဆားမပါသော်လည်း အရသာရှိ လှသည်။ စင်တိန် က သူ့မောင်းချဓားကို ဖွင့်ပြီး ပုစွန်အသားများကို တစ်လုတ်စာစီ တိတိရိရိ တုံးပေးသည်။ ဟာနီက မီးဖိုမှ အလင်းရောင်အောက်တွင် စင်တိန်အား ပြုံးပြလိုက်သည်။ ပါးစပ်ထဲတွင် အစား ပလုတ်ပလောင်းဖြင့်ပင် "နမ်" "နမ်" ဟုရွတ်ပြသည်။
စင်တိန်က ဂရုတစိုက်ထောင်ပြီး ဟာနီ လေသံအတိုင်း လိုက်ရွတ်လိုက်သည်။

" နမ် "
" အဖေကြီး ရှင်ကြားတယ်မဟုတ်လား၊ ကလေးကကောင်းတယ်လို့ပြောနေပြီ" ဟာနီက အိုဝါကို အားရ ၀မ်းသာပြောလိုက်သည်။
အိုဝါ ကမူ စင်တိန်လက်ထဲမှ မောင်းချဓားကိုသာ တမက်မောမောစိုက်ကြည့်နေသည်။ ပုစွန်အသားများကို တစ်လွှာချင်း တိတိရိရိ လှီးချနေသော ဓားသည် ဘယ်လောက်များ ထက်လိုက်မည်နည်းဟု တွေးနေမိ သည်။
ဗိုက်ပြည့် သွားသောအခါ စင်တိန်သည် မီးပုံဘေးတွင် ပက်လက်လှဲအိပ်လိုက်သည်။ ဟာနီက သူ့အနားလာ ပြီး သဲ ကို ယက်၍ ကျင်းတူးကာ တင်ပါးကို သဲထဲတွင် မြှုပ်ထားစေရာ စင်တိန်အဖို့ပို၍ သက်တောင့်သက် သာ ရှိသွားသည်။ ဟာနီက စင်တိန်အား တစ်စုံတစ်ခုကို ထပ်မံပြသရန် ကြိုးစားသည်။

" ခေါင်းကို သဲပြင်ပေါ်မှာတင်မအိပ်နဲ့နမ်ချိုင်း၊ ငါပြသလို ဒီလိုအိပ်" ဟာနီက စင်တိန်အား သူ့ဘာသာစကား ဖြင့် " နမ် ချိုင်း" (ကောင်းသောကလေး)ဟု ခေါ်ကာပြသည်။ ဟာနီ သည် တံတောင်တစ်ဖက်ဖြင့် သဲပေါ် ထောက်ပြီး ခေါင်းကို ပခုံးစွန်းနှင့် လက်ပေါ်တင်ပြီး အိပ်ပြသည်။ ထိုသို့ လိုက်အိပ်ကြည့်ရာ စင်တိန်အဖို့ သက်တောင့် သက်သာ မရှိသဖြင့် သဲပြင်ပေါ်တွင်ပင် ခေါင်းတင်ကာ လှဲအိပ်လိုက်သည်။

" ထားလိုက်စမ်းပါကွာ၊ ညကျလို့ သူ့နားရွက်ထဲ ကင်းမြီးကောက်ဝင်လာမှ သိလိမ့်မယ်" အဘိုးကြီးက၀င် ပြောသည်။
" သူ့ရဲ့လေ့လာသင်ယူမှုက တစ်နေ့စာအတွက် လုံလောက်ပါပြီ အဖေကြီး၊ နမ်လို့ပြောလိုက်တာ ရှင်ကြား တယ်မဟုတ်လား၊ ကျွန်မ သူ့ကို "နမ်ချိုင်း" လို့ နာမည်ပေးလိုက်ပြီ"
အဘိုးကြီး အမှောင်ထုထဲထွက်သွားသည်။ သူ့မိန်းမသည် ကောင်မလေးကို တွယ်တာနေမှန်းသိလာသည်။ ခရီး ကလည်း ကြမ်းသည်။ ကောင်မလေးဆီက ဓားကိုလည်း မက်မောနေပါပြီ။

*
စင်တိန် အိပ်ရာမှလန့်နိုးပြီးအော်လိုက်သည်။
ကြောက်ရွံ့ထိတ်လန့်စရာကောင်းသော အိပ်မက်ကို သူမ မက်ခဲ့ရသည်။ မိုက်ကယ်ကို စင်တိန်ပြန်တွေ့ရ သည်။ မီးဟုနုးဟုန်းတောက်နေသော လေယာဉ်ပျံထဲတွင် တွေ့ရခြင်းမဟုတ်၊ သူမ၏ မြင်းကြီးနာဂီအား စီး လာသည်ကို မြင်ရခြင်းဖြစ်သည်။ မိုက်ကယ့်တစ်ကိုယ်လုံးမှာ မီးလောင်ထားသောကြောင့်မည်းနက်နေပြီး သူ့ဆံပင်များမှာ မီးတောက်နေသည်။ မြင်းကြီး နာဂီမှာလည်း ကျည်ဆန်ရာများ ဗရပွထိမှန်စုတ်ပြတ်ကာ သွေးများတစ်စက်စက် ကျနေသည်။

" ဟိုမှာ ငါ့မွေးနေ့ကြယ် စင်တိန်၊ ဘာကြောင့် မင်း အဲဒီကြယ်နောက် မလိုက်တာလဲ " မိုက်ကယ်က ကောင်း ကင်မှ ကြယ်တစ်လုံးကို လက်ညိုးထိုးပြပြီး အော်ပြောသည်။
" ကျွန်မ လိုက်လို့မရဘူး မိုက်ကယ်၊ လိုက်လို့မရဘူး " ဟင်တိန်က ငိုယိုပြီး ပြန်ပြောသည်။
မိုက်ကယ်က တောင်ဘက်သို့ မြင်းကို ကဆုန်စိုင်းပြီး ထွက်သွားသည်။ နောက်သို့လှည့်မကြည့်တော့။ စင်တိန် က နောက်မှ အတင်းအော်ခေါ်သည်။
" နေဦးမိုက်ကယ်၊ ကျွန်မကို စောင့်ပါဦး "
လက်နှစ်ဖက်ဖြင့် စင်တိန်အား ညင်ညင်သာသာ လာရောက်လှုပ်နှိုးချိန်အထိ စင်တိန် ထိတ်လန့်တကြား အော်နေမိဆဲရှိသည်။

" သတိထားနမ်ချိုင်း ... သတိထား၊ အိပ်ပျော်နေတုန်း နတ်ဆိုးတွေက အိပ်မက်ဆိုးတွေ လာပေးနေတာဖြစ် မယ်၊ အခုသူတို့ မရှိတော့ပါဘူး" ဟာနီက ချော့မော့လိုက်သည်။
အိပ်ရာမှနှိုးပြီး သတိရလာသည့် အချိန်အထိ စင်တိန် တုန်လှုပ်ချောက်ချားနေဆဲရှိသည်။ ဟာနီသည် စင်တိန့် ဘေးတွင် လှဲအိပ်လိုက်ပြီး သားမွေးစကို သူတို့ ကိုယ်နှစ်ခုအပေါ်မှ ခြုံလိုက်သည်။ စင်တိန့်ဆံပင် များကို ဟာနီက လက်ဖြင့် တယုတယ သပ်ပေးသည်။ တစ်ခဏအကြာတွင် စင်တိန် ငြိမ်သက်သွားသည်။ အဘွားကြီး ၏ကိုယ်မှ ထင်းမီးခိုးအနံ့၊ တိရစ္ဆာန် အဆီအနံ့နှင့် ဆေးရွက်ဆေးမြစ်များအနံ့ရသည်။ ထိုအနံ့ များက မခံသာအောင် ပြင်းထန်စူးရှခြင်းမဟုတ်။ သူမ၏ခန္ဓာကိုယ်မှ ပူနွေးသော ကိုယ်ငွေ့က စင်တိန်ကို သက်တောင့် သက်သာရှိစေသည်။ တစ်ခဏအကြာတွင် စင်တိန် အိပ်ပျော်သွားပြန်သည်။ သည် တစ်ကြိမ် တွင် အိပ်မက်ဆိုးများ မမက်တော့ပေ။

စင်တိန်အိပ်ပျော်သွားသော်လည်း ဟာနီကမအိပ်။ လူငယ်များ အိပ်သလောက် လူကြီးများအိပ်စရာမလိုဟု သူမ ခံယူထားသည်။ သူမအဖို့ စင်တိန်နှင့် အသားချင်းထိပြီး ကပ်ထားရသည်မှာ ကြည်နူးချမ်းမြေ့စရာ ကောင်းလှသည်။ အခြားလူသားတစ်ဦးနှင့် အသားချင်းမိထခဲ့ရသည်မှာ သူမအဖို့ လအတော်ကြာခဲ့ပြီဖြစ် သည်။ လူလူချင်း ထိတွေ့ရသည်မှာ အရေးကြီးသော အချက်ဖြစ်ကြောင်း ဟာနီငယ်စဉ်ကပင် သိခဲ့ရသည်။ ဆန် လူမျိုးများသည် ကလေးငယ်များကို ကျောပိုးသိုင်းချီထားလေ့ရှိခြင်းကပင် ကိုယ်ခန္ဓာချင်းထိတွေ့မှုကို ငယ်စဉ်ကပင် စတင်ပေးခဲ့သည်။

အတိတ်ကို ပြန်တွေးလိုက်သောအခါ အဘွားကြီး ၀မ်းနည်းလာရပြန်သည်။ သားသမီးနှင့် မြေးများ ဆုံးရှုံး ခဲ့ရခြင်းသည် သူ့ရင်ထဲ၌ ခဲဆွဲထားရသလို လေးလံနာကျင်နေသည်။ အိုဝါနှင့် ဟာနီတို့၏ မျိုးနွယ်မိသားစု တွင် စုစုပေါင်း လူ ၁၉ ဦးရှိခဲ့သည်။ သားသုံးယောက်၊ ချွေးမသုံးယောက်နှင့် မြေး ၁၁ ယောက်ရှိခဲ့သည်။ သူတို့မိသားစုသို့ အဖျားအနာ ရောဂါဆိုးတစ်မျိုး ၀င်ရောက်လာချိန်၌ ဟာနီ၏ အငယ်ဆုံးမြေးကလေးက နို့ မဖြတ်ရသောအရွယ်ပင်ရှိသေးပြီး အကြီးဆုံးမြေးမကလေးက ရာသီလာစအရွယ်ပင် ရှိသေးသည်။

ထိုအဖျားရောဂါဆိုး ကူးစက်မှုကြောင့် သားသမီးနှင့် မြေးအားလုံးသေကုန်ပြီး သူတို့ လင်မယားနှစ်ယောက် သာ ကျန်ခဲ့သည်။ သူတို့လည်း ရောဂါဆိုးဒဏ်ကို အလူးအလဲခံရရာ မသေရုံတစ်မည်ဖြစ်ခဲ့သည်။ သူတို့ နေ့ပေါင်းညပေါင်းများစွာ ရောဂါဒဏ်ခံစားခဲ့ရပြီး ပြန်လည်နာလန်ထူလာသည်။ ဟာနီသည် သူ့ကလေးများ အတွက် ပူဆွေးလွမ်းဆွတ်သော မျက်ရည် မစဲနိုင်အောင်ရှိခဲ့သည်။ သူ့ဘ၀တွင် ချီပိုးစရာ၊ ပုံပြောချော့မြူ စရာ ကလေးမြေး မရနိုင်ပါတော့ချေ။
ထိုနောက်တွင် ညများ၌ အိုဝါနှင့် ဟာနီတို့သည် မီးပုံဘေး ထိုင်ပြီး ၀မ်းနည်း ကြေကွဲစရာ ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ သည့် အကြောင်းရင်း နှင့် အဓိပ္ပာယ်တို့ကို ဆွေးနွေးခဲ့ကြသည်။ ၀မ်းနည်းကြေကွဲမှုတို့မှာ သူတို့၏ ရင်ထဲ အသည်းထဲ ၌ နက်ရှိုင်းစွာ အမြစ်တွယ်ကျန်ရစ်ခဲ့သည်။

တစ်ညတွင် အိုဝါက ပြောလာသည်။
"တို့နှစ်ယောက် ခရီးသွားဖို့ ကျန်းမာသန်စွမ်းတုန်း အရွယ်မှာ "အားလုံးသော ဘ၀များ၏ နေရာ" ကို ပြန်သွားကြရန်အောင် တို့သီချင်းရဲ့အဓိပ္ပာယ်တွေကို ရှာဖွေသိရှိနိုင်မယ့် နေရာက အဲဒီတစ်နေရာပဲ ရှိတယ်၊ တို့ကိုဒဏ်ခတ်ခဲ့တဲ့ မကောင်းဆိုးရွားတွေရဲ့ ဒေသပြေငြိမ်းအောင် ပြန်လည် တောင်းပန်ပသရလိမ့်မယ်"
သို့ဖြင့် အိုဝါနှင့် ဟာနီတို့ ဤခရီးကို ထွက်လာကြခြင်း ဖြစ်သည်။ ဟာနီအဖို့ တွယ်တာချီပိုး ပြုစုယုယစရာ သားသမီး မြေးငယ် မရှိတော့သည့် ထပ်မရနိုင်တော့သော ဘ၀သည် အထီးကျန် ခြောက်ခန်းသည့်ဘ၀ကြီး ဖြစ်နေသည်။

နံနက်အာရုဏ်တက်ချိန်တွင် သူတို့ အိပ်ရာမှ ထကြသည်။ ဟာနီသည် သူမ၏ ခါးစည်းကြိုးတွင် ချိတ်ထား သော သမင်ချိုဘူးကို ဖြတ်၍ အဖုံးတွင် ဖွင့်ကာ အထဲမှ ပျစ်ချွဲချွဲအဆီကို လက်နှင့် ကော်ယူလိုက်သည်။ စင်တိန်၏ ပါးနှစ်ဘက်၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့မှ နေလောင်ထားသော နေရာများနှင့် ပင်လယ်ထဲ၌ ဒဏ်ရာ ရခဲ့သော ခြေနှင့်လက်တို့မှ ဒဏ်ရာအနာများကို ထိုဆေးအရည်ပျစ်များဖြင့် လိမ်းကျံပေးသည်။ ထို့နောက် စင်တိန်အား ရေအနည်းငယ်ကို အချိုးကျ တိုက်သည်။

ထို့နောက် အိုဝါနှင့် ဟာနီတို့သည် ထိုင်ရာမှ ထလိုက်ပြီး မြောက်အရပ်သို့ မျက်နှာမူကာ ခရီးစထွက်တော့ သည်။ စင်တိန်လည်း သူမ၏ လမ်းလျှောက်တောင်ဝှေးကို သူတို့နောက်မှ လိုက်ပါသွားတော့သည်။ ပထမ တစ်မိုင်ခန့် ခရီးအတွင်းမှာပင် အစားအစာ စားခဲ့ရမှုနှင့် ကောင်းစွာအိပ်စက် နားနေခဲ့ရမှုတို့ကြောင့် မည်မျှ အားရှိလာသည်ကို စင်တိန် တွေ့မြင်သိရှိလာသည်။ ပထမပိုင်းတွင် စင်တိန်သည် ရှေ့မှလူနှစ်ယောက်နှင့် အတော်လှမ်းလှမ်းတွင် ကွာပြီး ကျန်ရစ်ခဲ့သည်။

ဟာနီသည် လမ်းသွားနေရင်းမှ သဲထဲကို တုတ်ဖြင့် စိုက်ကာ ကနုကမာကောင်မျာကို ရှာဖွေဖော်ထုတ်ယူပြီး သူလည်းစားသွားသည်။ အိုဝါကိုလည်း ပေးပြီး ကျွေးသွားသည်။ စင်တိန်က သူ့လမ်းလျှောက်တုတ်ကို ထိပ်ချွန်ပြီး ဟာနီလို လိုက်လုပ်သည်။ သို့သော် ကနုကမာကောင်များ ရှိသည့်နေရာကို သူမရှာတတ်၊ ရှာမရဘဲ ဖြစ်နေသည်။ ဆရာမပြလျှင် ငပိဖုတ်ဘာတောင်နည်းမကျ ဆိုသည်ကို စင်တိန် သဘောပေါက် လာသည်။ နောက်ဆုံးတွင် သဲပြင်ပေါ်၌ ရှေ့မှ ဟာနီက တုတ်ဖြင့် ထောက်ပြီး နေရာပြသွားသော နေရာများ မှ ကနုကမာများကို အလိုက်သင့် ဖော်ယူကာ စားသောက်သွားတော့သည်။

စင်တိန်သည် အကောင်းဆုံး ကြိုးစားပြီး နောက်မှလိုက် လျှောက်လာသော်လည်း သူမခြေလှမ်များက တဖြည်းဖြည်း နှေးလာပြီး ရှေ့မှ နှစ်ဦးနှင့် ပိုဝေးသထက် ဝေးလာသည်။ ထို့နောက်တွင်မူ ရှေ့မှနှစ်ယောက် မှာ စင်တိန့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ နေ့ခင်းပိုင်းတွင်မူ စင်တိန်သည် လျှောက်သည်ဆိုရုံ သာ လျှောက်နိုင်တော့ပြီး ခြေထောက်မှာ တရွတ်ဆွဲလာနေပြီ ဖြစ်သည်။ မိမိအတွက် နားဖို့လိုလာပြီကို သိလာသည်။ စင်တိန် ရှေ့သို့ မျှော်ကြည့်လိုက်ရာ ဟိုအဝေးတွင် ကမ်းစပ်ပေါ်၌ ပင်လယ်ဖျံများ ရှိသော ကျောက်ဆောင် တစ်ခုကို လှမ်းမြင်ရည်။ ထို့ကြောင့် ထိုနေရာသို့ အားခဲပြီး လျှောက်သွားသည်။

ဟာနီသည် စင်တိန်၏ ခံနိုင်ရည်စွမ်းအားကို အလိုအလျောက် ကြိုတင်သိနေပုံရသည်။ သူနှင့် အိုဝါတို့သည် ကျောက်ဆောင် အရိပ်အောက်မှနေ၍ စင်တိန်အား စောင့်နေကြသည်။ စင်တိန်သည် ကျောက်ဆောင် ဂူရှိရာ အမြင့်ပိုင်းသို့ တရွတ်ဆွဲတက်လာသောအခါ ဟာနီက ၀မ်းသာအားရ ပြုံးပြလိုကသည်။ စင်တိန် သည် မီးဖိုးဘေး၌ ခြေပစ်လက်ပစ် လှဲချလိုက်သည်။
ဟာနီကို စင်တိန်က သူ့အတွက် ရေခွဲတမ်းပေးတိုက်သည်။ ထို့နောက် ဟာနီနှင့်အိုဝါတို့ အချေအတင် စကားပြော နေကြသည်ကို စင်တိန်က စိတ်ဝင်စားစွာ လှမ်းကြည့်နေသည်။ စင်တိန်အား ဟာနီက လက်ညှိုး ထိုးထိုးပြပြီး "နမ် ... နမ်" ဟု ရေရွတ်ကာ စောဒကတက်နေသည်။ သူတို့အမူအရာ အပြောအဆို များကို ကြည့်ခြင်းအားဖြင့် အိုဝါက ခရီးဆက်လိုပြီး ဟာနီက စင်တိန် အခြေအနေကြောင့် ခရီးမဆက်ရန် ဟန့်တား နေပုံရကြောင်း စင်တိန်ရိပ်မိလာသည်။

စင်တိန်သည် အဘိုးကြီးအား လက်ညှိုးထိုးပြီး "အိုဝါ" ဟုခေါ်လိုက်ရာ အဘိုးကြီးနှင့် အဘွားကြီးတို့ ငြင်းခုံမှု ရုတ်တရက် ရပ်သွားသည်။
အဘိုးကြီးနှင့် အဘွားကြီးက စင်တိန့်အား တအံ့တသြစိုက် ကြည့်လာသည်။ ထို့နောက် စင်တိန်၏ တတ်မြောက် အောင်မြင်မှုကို အသိအမှတ် ပြုသောအားဖြင့် ၀မ်းသာသည့် အသံဖြင့် အော်လိုက်ကြသည်။
ဟာနီက သူ့ယောက်ျားကို ပုတ်ပြပြီး "အိုဝါ" ဟု ပြောသည်။ အဘိုးကြီးကလည်း သူ့ရင်ဘတ်ကို သူပုတ်ပြ ကာ "အိုဝါ" ဟု ပြောပြန်သည်။ ထို့နောက် ကျေးဇူးတင်သည့် လက္ခဏာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြ သည်။ ထိုခဏတွင်ပင် စင်တိန် မျှော်လင့်ထာသည့်အတိုင်း အဘိုးကြီးနှင့် အဘွားကြီးတို့၏ အငြင်းပွားမှုမှာ ရပ်တန့် ကွယ်ပျောက်သွားသည်။
စင်တိန်က အဘွားကြီးကို လက်ညှိုးထိုးပြသည်။ စင်တိန်၏ စူးစမ်းမေးမြန်းမှုကို အဘွားကြီးက ချက်ချင်း သဘောပေါက်သွားပြီး ပြန်ဖြေသည်။

"ဟာနီ"
"ဟာနီ ... ဟာနီ"
စင်တိန်က လိုက်ရွတ်ပြလိုက်ရာ အဘွားကြီး သဘောကျသွားသည်။ ထို့နောက် စင်တိန်က သူရင်ဘတ်ကို သူပုတ်ပြပြီး "စင်တိန် စင်တိန် ..." ဟု ပြောလိုက်သည်။ ထိုအခါ အဘွားကြီးက ခေါင်းခါပြီး ငြင်းလိုက်သည်။ ထို့နောက် စင်တိန့် ပခုံးအား ပုတ်လိုက်ပြီး "နမ်ချိုင်း ... နမ်ချိုင်း" ဟု ပြောလိုက်သည်။
စင်တိန်သည် မိမိ၏နာမည်သစ် "နမ်ချိုင်း" ကို သဘောတူ လက်ခံလိုက်သည်။ စင်တိန်ဘ၀တွင် သင်္ဘောပေါ်၌ "နတ်မိမယ်" ဟု နာမည်ရခဲ့ပြီး ယခု "နမ်ချိုင်း" (ကောင်းသောကလေး) ဟု နာမည်သစ် တစ်လုံး  ထပ်ရလာခဲ့သည်။

"ကဲ ... ကြည်ညိုလေးစားရတဲ့ အဖေကြီး၊ နမ်ချိုင်းဟာ အကျည်းတန်ကောင်း တန်မယ်၊ ဒါပေမယ့်သူဟာ လေ့လာ ဆည်းပူးတဲ့ နေရာမှာ မြန်တယ်၊ ပြီးတော့ သူ့မှာ ကိုယ်ဝန်ကြီးနဲ့၊ ဒါကြောင့် ကျွန်မတို့ ဒီနေရာမှာ နားပြီး နက်ဖြန်ကျမှ ခရီးဆက်ကြမယ်၊ ကျွန်မတို့ကိစ္စလဲ ပြီးပြီ"
အဘွားကြီးက ယတိပြတ် ပြောလိုက်သောအခါ အဘိုးကြီး လက်လျှော့လိုက်ရသည်။ အဘိုးကြီးသည် ကျောက်ဂူ ထဲမှအပြင်သို့ ထွက်သွားသည်။ ညနေခင်း သူပြန်လာသောအခါ ပင်လယ်ဖျံ အလတ်စား အသေ ကောင် တစ်ကောင်ကို သူ့ပခုံးပေါ်၌ ထမ်းလာသည်။ ဖျံသေကောင်အား မီးကင်ကာ အိုဝါက ပူဇော်ပသ သည့် အက ကသောအခါ စင်တိန်သည် ဟာနီနှင့်အတူ ၀ိုင်းပြီး လက်ခုပ်တီးပေးကာ ဟာနီ အသံထွက်ပြီး ညည်းသလို လိုက်ညည်းကာ တေးဆိုပေးသည်။

ဟာနီ၏ လိမ်းဆေးကြောင့် စင်တိန် ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းလာသည်။ မျက်နှာပေါ်မှ နေလောင် ပြီး ဖူးရောင်နေသည်များလည်း ပျောက်ကင်းသွားသည်။ ဆေးလိမ်းထားသော အသားသည် နေရောင် ကြောင့် ကျွန်းသစ်အရောင်သို့ ပြောင်းသွားသည်။ ဖြူဆွတ်သော အသားက အညိုရောင် သမ်းသွားသည်။ ထူထဲသော ဆံပင်ထဲသို့ လက်ချောင်းများ ထိုးသွင်းပြီး ဘီးသဖွယ် ဖြီးရသည်။ မျက်နှာကို နေ မထိုးအောင် ဆံပင်များနှင့် တတ်နိုင်သမျှ အုပ်ထားရသည်။

ပင်ပင်ပန်းပန်း လမ်းလျှောက်ရခြင်းနှင့် ပရိုတိန်းဓာတ် ကြွယ်ဝသော ပင်လယ်အစားအစာများကို စားသောက် ရခြင်းတို့ကြောင့် စင်တိန်အဖို့ တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာသန်စွမ်းလာသည်။ မကြာခင် မှာ ပင် အိုဝါ ခြေရာများအတိုင်း ခြေလှမ်းများမီအောင် လှမ်းနိုင်လာသည်။ အဘိုးကြီးနှင့် အဘွားကြီးတို့ နောက်ဘက် တွင် ကျန်နေခဲ့ခြင်းလည်း မရှိတော့။ စောစော စခန်းချရပ်နားရန် ပြောဆိုရခြင်းလည်း မဖြစ် တော့။ မိုးလင်းမှ မိုးချုပ်အထိ အဘိုးကြီးအဘွားကြီးတို့နှင့်အတူ တန်းတူရည်တူ လျှောက်လာနိုင်သဖြင့် စင်တိန် ဂုဏ်ယူလာမိသည်။
တစ်နေ့တွင် နံနက်ခင်းခရီး စထွက်တော့မည် အလုပ်၌ စင်တိန်သည် ရေတစ်ဝက်ရှိသော ငှက်ဥရေဘူးကို အဘွားကြီး ဆီမှ ယူကာ သူ့အိတ်ထဲတွင် ထည့်ပြီး၊ အဘွားကြီးကတားသော်လည်း မရအရယူပြီး လွယ်ပေး သည်။

"နမ်ချိုင်းဟာ ကျွန်မတို့ ဆန်လူမျိုး မိန်းမတွေလိုပဲ သူသယ်သင့်တဲ့ ခွဲတမ်းကို ယူသယ်ကာ တွေ့လား အဖေကြီး" အဘွားကြီးက အဘိုးကြီးကို ပြောသည်။ အဘွားကြီးသည် စင်တိန်အား သူတို့၏ ပစ်ဂမီ လူပုလေးများ စကားကိုလည်း သင်ကြားပေး စိတ်ရှည်လက်ရှည် သင်ကြားပေးသည်။ စင်တိန်အဖို့ အသစ်အဆန်း များ တွေ့မြင်ရခြင်း၊ ကျန်းမာသန်စွမ်းလာ၍ ခရီးသွားရသည်မှာ သက်သောင့်သက်သာ ရှိလာခြင်း တို့ကြောင့် စိတ်ပြေလက်ပျောက် ဖြစ်လာသည်။

ပင်ဂွင်းငှက်များ အများအပြားနေသော ပင်လယ်စပ် ကျောက်ဆောင်တန်းဘေးမှ သူတို့ ဖြတ်လာရသော အခါ ကြီးမားသော အစိမ်းရောင် ငှက်ဥကြီးများကို သူတို့အိတ်များနှင့် အပြည့် ကောက်ယူလာကြသည်။ ထိုဥများကို သဲအောက်၌ မြှုပ်ပြီး အပေါ်မှ မီးတင်ကာ မီးကင်စားကြသည်။ အ၀ါရင့်ရောင် အကာရှိသည့် ထိုဥများသည် အီဆိမ့်လှသဖြင့် တစ်ခါလျှင် တစ်လုံးထက် ပိုမစားနိုင်ပေ။ သူတို့ကောက်လာသော ဥများ သည် ရက်အတော်ကြာ စားရသည်။

သဲကမူ များ၊ တောင်ပို့များထဲမှ အိမ်မြှောင်များ၊ မြွေပွေးများကိုလည်း တုတ်ချွန်နှင့် ထိုးဖမ်းပြီး ကင်စားကြ သည်။ စားစတွင် ပျို့ချင်အန်ချင်သလို ဖြစ်လာသော်လည်း နောက်ပိုင်းတွင် အသားကျလာသောအခါ ကြက်သား နှင့်တူသလို ဖြစ်လာသည်။ မြောက်ဘက်သို့ ပိုရောက်လာသည်နှင့်အမျှ သဲတောင်များ ကျဲလာ သည်။ တောင်ကြားများတွင် ကျောက်တုံးနှင့် တူသော အပင်များကို ဟာနီက ပြသပြီး ၎င်းတို့မှ သစ်ဥသစ်ဖု များ တူးဖောက်စားသောက်ရပုံကိုပါ လက်ထပ်သင်ပေးသည်။

စင်တိန် အိပ်ရာမှ နိုးသောအခါ ည အမှောင်ထု ဖုံးနေဆဲသာ ရှိသည်။ သူအိပ်ပျော်နေစဉ် အခြေအနေ ပြောင်း သွားကြောင်း သိလာရသည်။ မီးတောက်နေဆဲရှိသော်လည်း မီးအရှိန်လျော့ပြီး အလင်းရောင်ဖျော့ နေသည်။ ဟာနီနှင့် အိုဝါတို့၏ စိတ်လှုပ်ရှားမြူးထူးနေသော အသံကို ခပ်လှမ်းလှမ်၌ ကြားရသည်။
လေမှာ အေးစိမ့်နေပြီး ရေခိုးရေငွေ့များဖြင့် သိပ်သည်း စိုထိုင်းနေသည်။ ပတ်ဝန်းကျင်တ်စခုလုံးတွင် ထူထဲ သော နှင်းထု ကမ္ဗလာခြုံထားမှန်း စင်တိန် သိလာရသည်။ ညတွင်းချင်းမှာပင် ပင်လယ်ဘက်မှ နှင်းထုများ တက်လာခြင်း ဖြစ်ရမည်။

ဟာနီသည် စိတ်လှုပ်ရှားမြူးထူးစွာ ခုန်ပေါက်နေရင်းက စင်တိန်က လှမ်းခေါ်သည်။
"လာ နမ်ချိုင်း လာမြန်မြန်"
စင်တိန် ပစ်ဂမီလူပုကလေးများ၏ စကားမှ အရေးကြီးသော နေ့စဉ်စကားလုံးတစ်ရာခန့်ကို တတ်မြောက် နေ ပြီ ဖြစ်သည်။ ထို့ကြောင့် စင်တိန်ကလည်း ပြန်လည် အသံပြုလိုက်သည်။ ဟာနီက စင်တိန်အား ငှက်ဥ ရေဘူး များ ထည့်ထားသော တာလပတ်အိတ်ကို လက်ညှိုးထိုးပြပြီး "အဲဒါယူခဲ့" ဟု ပြောလိုက်သည်။ သူကိုယ်တိုင်လည်း မိမိ၏သားရေအိတ်ကို ကုန်းကောက်ပြီး နှင်းထုထဲသို့ ထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တွင် ဖြူဖွေးသော နှင်းထုက ပိန်းပိတ်အောင် ဖုံးနေသဖြင့် စင်တိန်က ဟာနီ ပျောက်ကွယ်မသွား ရန် နောက်မှ ကပ်လိုက်သွားသည်။

သဲသောင်နှစ်ခုအကြား ကွက်လပ်တွင် ဟာနီက ဒူးထောက် ထိုင်ချလိုက်သည်။ ထို့နောက် စင်တိန် လက်နှစ်ဖက် ကို လှမ်းဆွဲပြီး သူမဘေးတွင် အလားတူ ထိုင်ချခိုင်းလိုက်ပြီး ပြောလိုက်သည်။
"ဒီမှာကြည့် ... နမ်ချိုင်း"
မြေကြီးပေါ်တွင် ပြန့်ကားကျနေသော သဲကန္တာရ အပင် တစ်မျိုးကို လက်ညှိုးထိုးပြလိုက်သည်။ ကျောက်တုံး နှင့် တူသော အရွက်များပေါ်တွင် ဖုံးအုပ်နေသော နှင်းပွင့် နှင်းဖတ်များက ဘေး ပတ်ဝန်းကျင်မှ မြေသား အရောင်နှင့် ကွားခြားနေသည်။

"ရေ ... ဟာနီ" စင်တိန်က ၀မ်းသာအားရ ပြောလိုက်သည်။
"ဟုတ်တယ် ရေပဲ နမ်ချိုင်း" ဟာနီက ရယ်မောပြီး ပြန်ပြောသည်။
နှင်းပွင်နှင်းဖတ်များက သစ်ရွက်ပေါ်တွင် ကျပြီး ရေဖြစ်ကာ နိမ့်ရာသို့ စီးဆင်းပြီး မြေကြီးပေါ်သို့ ကျဆင်း သွားနေသည်ကို တွေ့ရသည်။
"မြန်မြန်လုပ် မှ မကြာခင်နေထွက်လာလိမ့်မယ်"

ဟာနီသည် မြေကြီးပေါ်တွင် ထောင်ထားသည့် ငှက်ဥရေဘူး အလွတ်ဘေးတွင် ရပ်ကာ ဘူးဆို့ကို ဖွင့်လိုက် သည်။ ထို့နောက် သားမွေးအပျော့အစ တစ်စကို လုံးပြီး သစ်ရွက်ပေါ်ရှိ နှင်းစက်နှင်းပေါက်များကို သားမွေး စဖြင့် တို့၍ ငှက်ဥရေဘူးထဲသို့ တစ်စက်ချင်း ထည့်လိုက်သည်။ ထိုသို့ လုပ်ပြပြီးနောက် စင်တိန်အား သားမွေးစ တစ်စ လှမ်းပေးကာ "အဲဒီလိုလုပ်" ဟု အမိန့်ပေးလိုက်သည်။ စင်တိန်ကလည်း ဟာနီအတိုင်း အတု ခိုးပြီး လိုက်လုပ်သည်။

"ဒါဟာ တို့ကို ကောင်ချီးပေးတာပဲ၊ နတ်ကောင်းနတ်မြတ်တွေဟာ ပင်လယ်ဘက်နေပြီး တို့ဆီကို ရေခိုး ရေငွေ့ တွေ လွှတ်လိုက်တာပဲ၊ ဒီရေခိုး ရေငွေ့ တွေသာမလာယင် တို့ ဒုက္ခရောက်နိုင်တယ်၊ အခု တို့ရေရ တဲ့အတွက် တို့ရဲ့ခရီးလမ်းဟာ ချောမွေ့သွားပြီး နမ်ချိုင်း၊ မင်းရဲ့ကလေးဟာ တို့တွေအားလုံးသော ဘ၀များ ရဲ့ နေရာကို ရောက်ပြီးမှ မွေးလိမ့်မယ်ထင်တယ်၊ မင်းကလေးရဲ့ ဘ၀တစ်လျှောက်လုံးကို နတ်ဒေ၀ါတွေ စောင့်ရှောာက်မှာပါ၊ သူဟာ အအောင်မြင်ဆုံးသော အမဲလိုက်သမားကြီး၊ အချိုသာ ဆုံးသော တေးသံရှင်နဲ့ အကောင်းဆုံးသော ကချေသည် ဖြစ်လာလိမ့်မယ်  ... ကံအကောင်းဆုံးသော လူသား တစ်ယောက် ဖြစ်လာ လိမ့်" ဟု ဟာနီက တတွတ်တွတ် ပြောနေသည်။

စင်တိန်က အဓိပ္ပာယ် အပြည့်အ၀ နားမလည်သော်လည်း ဟာနီ ပြောစကားကြောင့် အားရပါးရ ရယ်လိုက် သည်။ စင်တိန်လည်း စိတ်ထဲမှ ကြည်နူးပြီး ပျော်လာသည်။ စင်တိန့်ရယ်သံကြောင့် ဟာနီအံ့အားသင့်သွား သည်။ စင်တိန်က ဟာနီအား ပြင်သစ်ကားဖြင့် ပြန်ပြောသည်။
"ရှင်တို့ရဲ့ ကြမ်းတမ်းတဲ့မြေကို ကျွန်မ မုန်းစပြုလာခဲ့တယ်၊ မိုက်ကယ် ကျွန်မကို ပြောပြခဲ့တာတွေ၊ ကျွန်မ စာအုပ် ထဲမှာ ဖတ်ခဲ့ရတာတွေကြောင့် အာဖရိကကို စိတ်ကူးနဲ့ရူးခဲ့ရတယ်၊ လက်တွေ့ ရောက်လာတဲ့အခါ ကျတော့ တခြားစီပဲ၊ ဘယ်လောက်ရက်စက် ကြမ်းတမ်းပြီး ဘယ်လောက်ဒုက္ခရောက်ရသလဲ"
ဟာနီက အလုပ်ကို ရပ်ပြီး စင်တိန်အား စောင့်ကြည့် နားထောင်နေသည်။

"အာဖရိက ကို ရောက်လာကတည်းက အခု ကျွန်မ ပထမဆုံးရယ်သာပဲ"
စင်တိန် က ရယ်လိုက်ပြန်သည်။ ဟာနီလည်း စိတ်သက်သာရာ ရပြီး လိုက်ရယ်ကာ ရေထည့်သော အလုပ်ကို ဆက်လုပ်ရင်း နားထောင်သည်။
"အာဖရိကတိုက်က သူ့ရဲ့ သနားကြင်နာမှုကို ပထမဆုံးအကြိမ် ကျွန်မကို ပြလာတာပဲရှင်၊ ဒီနေ့ကတော့ ထူးခြားတဲ့ နေ့ပဲ ဟာနီ၊ ကျွန်မအတွက်ရော ကျွန်မကလေးအတွက်ရော ထူးခြားတဲ့နေ့ပါပဲ"
စင်တိန်သည် ရေစုပ်သော သားမွေးစကို ပါးစပ်တွင် တေ့ပြီး စုပ်ယူလိုက်သည်။ ငှက်ဥ ရေဘူးများတွင် ရေ ပြည့်သွားသောအခါ အဖုံးများကို ဂရုတစိုက် ပြန်ပိတ်လိုက်သ်ည။ ထို့နောက် သစ်ရွက်များပေါ်မှ နှင်းစက် နှင်းပေါက် များကို သူတို့ တစ်ဝကြီး စုပ်ယူသောက်လိုက်ကြသည်။

နှင်းကွဲသွားပြီးနောက် နေထွက်လာသည်။ မိနစ်ပိုင်းအတွင်းမှာပင် သစ်ရွက်များပေါ်မှ နှင်းရည် နှင်းပေါက် တို့ ခြောက်သွေ့ ပျောက်ကွယ်သွားသည်။ ဟာနီနှင့် စင်တိန်တို့သည် သူတို့၏ အိတ်များကို လွယ် လိုက်ကြ သည်။ ရေဘူးများတွင် ရေပြည့်လာသဖြင့် ပိုလေးလာသည်။ သူတို့သည် သဲတောင်နှစ်လုံးကြားမှ အိမ်မြောက် ၀၀ ကစ်ကစ်ကြီးများကို ဖမ်းပြီး တံစို့ထိုးသီထားသည်။ မီးပုံဘေး ကျောက်တုံးပေါ်တွင်လည်း ဖမ်းမိထားသော သဲကန္တာရ ကြွက်များ ရှိသေးသည်။
အိုဝါ၏ အမဲလိုက်အစာရှာကောင်းမှုကို ဟာနီနှင့် စင်တိန်က ချီးကျူးလိုက်ရာ အိုဝါ ကျေနပ်သွားသည်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကန္တာရခရီးက စိတ်ဝင်စားဖို့ကောင်းတယ်
သတ္တိနဲ့ ဇွဲကိုတော့ ချီးကျူးမိတယ်