Sunday, September 4, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၃၂) (ဇာတ်သိမ်း)

(၃၄)

အမ်စတာဒမ်မြို့။
သြဂုတ် ၂၂ ရက်
သောကြာနေ့
နံနက် ၈ နာရီ
ထရေစီနှင့် ဂျက်တို့၏ ဟိုတယ်အခန်းအပေါ်ထပ်ရှိ စောင့်ပြီး နားထောင်သော အခန်းတွင် တာဝန်ကျသော ဒင်နရယ်ကူးပါး နှင့် စုံထောက် နှစ်ယောက်သည် အောက်ထပ်မှ အသံများကို နားထောင်နေကြသည်။
" ပေါင်မုန့်ယူဦးမလား ဂျက်၊ ကော်ဖီရော ယူပါဦးလား "
" တော်ပါပြီ အချစ်ရယ် ... ကျေးဇူးပဲ "

အပေါ်ထပ်မှ ဒင်နရယ်ကူးပါးသည် အောက်ထပ်မှ ထရေစီနှင့် ဂျက်တို့ နံနက်စာ စားနေသော အသံကို ကြားရသော အခါ ဤနံနက်စာသည် သူတို့နှစ်ယောက်အတွက် နောက်ဆုံးပိတ် နှစ်ပါးကြည် နံနက်စာ ပင်ဖြစ် ပေလိမ့်မယ်ဟု စိတ်ထဲမှ ထင်လိုက်သည်။
" ငါ ဘာကိစ္စအတွက် စိတ်လှုပ်ရှားနေသလဲသိလား၊ လှေအိမ်ကြီးနဲ့ သွားရမယ့်ခရီးအတွက်ပေါ့ကွာ "
" အဲဒါ တကယ့် မေ့မရမယ့် ရက်တွေ ဖြစ်မှာပေါ့၊ ရှင် အဲဒီ ခရီးအတွက် တကယ်ပဲစိတ်လှုပ်ရှားနေသလား၊ ဘာဖြစ်လို့လဲဟင် ... "
" တို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားမှာ သေချာပါတယ်၊ ငါတော့ မင်းကို အရူးအမူး ချစ်နေမိပြီ"
" တကယ်လားမောင်၊ ဒါဖြင့်ရင် အချစ် ကို မွှေးမွှေးပေးပါဦး "
နှစ်ဦးသား ဖက်ယမ်းနမ်းရှုပ်သံများ စပီကာမှ ပေါ်လာသည်။

" ကျွန်မတော့ ဒီက ထွက်သွားရမှာကို ၀မ်းနည်းနေတော့မှာပဲ ဂျက်ရယ် "
" တဖက်က ဒီလိုမြင်ကြည့်ဦးလေ အချစ်ရယ်၊ တို့ဘ၀ တစ်သက်မှာ နောက်ဘယ်တော့မှ ဆင်းရဲတာနဲ့ ကြုံတော့ မှာ မဟုတ်ဘူး "
" ဟုတ်လိုက်တာ မောင်ရယ် "
ထရေစီက အားရပါးရ ရယ်သည်။
နံနက် ၉ နာရီအထိ သူတို့နှစ်ယောက် နံနက်စာဝိုင်း မသိမ်းသေးဘဲ စကားပြောနေဆဲရှိသည်။
သူတို့ အသင့်ပြင်သင့်ပြီ ဟု ကူးပါး တွေးလိုက်သည်။
သူတို့ နောက်ဆုံးအစီအစဉ်ကို လုပ်သင့်ပြီဖြစ်သည်။

မွန်တီကရော ဘယ်မှာလဲ။
သူတို့ မွန်တီ ကို ဘယ်မှာတွေ့မှာလဲ။
ကူးပါး တွေးနေမိသည်။
ဂျက်အသံ ပေါ်လာပြန်သည်။
" အချစ်ရေ ... မောင် အလုပ်များနေဦးမှာမို့ ဟိုတယ်အခန်းခနဲ့ တခြား ကျသင့်ငွေတွေကို ဟိုတယ်စာရေး ခေါ်ပြီး မင်းပဲ ရှင်းလင်းတွက်ချက် ပေးလိုက်ပါကွာ၊ ပြီးတော့ အခန်း ပြန်အပ်လိုက်တော့ပေါ့ "
" ရပါတယ်မောင်၊ အချစ် လုပ်လိုက်ပါ့မယ်  ဒီဟိုတယ်က စာရေးတွေက သဘောကောင်းပါတယ် "
သူတို့နှစ်ယောက် စကားပြောနေသံကြားမှပင် အခြား အမျိုးသမီးအသံတစ်သံက စပီကာမှ ပေါ်လာသည်။

ထိုအသံမှာ ဒတ်ခ်ျစကားဖြင့် ပြောလိုက်သော အသံများဖြစ်သည်။
" အောက်ထပ်မှာ ဘာတွေဖြစ်နေတာလဲ "
ကူးပါး က သူနှင့် အတူရှိနေသော စုံထောက်နှစ်ယောက်ကို မေးလိုက်သည်။
စုံထောက် နှစ်ယောက်လည်း ဦးနှောက်ခြောက်သွားပုံရသည်။
" ကျွန်တော်လဲ မသိဘူး၊ ဟိုတယ်က သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကတော့ သူ့အကြီးအကဲကို တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တာပဲ၊ သူ သန့်ရှင်းရေးလုပ်ဖို့ အခန်းထဲ ၀င်လာတယ်တဲ့၊ သူ နားမလည် တာက အခန်းထဲမှာ လူသံတွေကြားနေရပြီး လူလဲ တစ်ယောက်မှ မရှိဘူးတဲ့ "
စုံထောက် တစ်ယောက်က ပြောပြသည်။

" ဘာ ... "
ကူးပါး ထိုင်နေရာမှ ငေါက်ခနဲ ထ ရပ်လိုက်သည်။ အောက်ထပ်သို့ ပြေးသွားသည်။
လှေကားထစ်များကို ခုန်ကျော်ပြီး ဆင်းသွားသည်။
စုံထောက် နှစ်ယောက်လည်း သူ့နောက်မှ ပြေးလိုက်သွားသည်။
ထရေစီတို့ အခန်းထဲကို သူတို့ပြေးဝင်သွားကြသည်။
စိတ်ရှုပ်နေပုံရသော သန့်ရှင်းရေး အမျိုးသမီးမှ လွဲ၍ အခန်းထဲတွင် မည်သူမျှမရှိ။

ဆိုဖာတစ်လုံးရှေ့ရှိ ကော်ဖီစားပွဲပုလေးပေါ်တွင် တိပ်ရကော်ဒါ တစ်လုံးအား ဖွင့်ထားသည်ကို တွေ့ရသည်။
ထို တိပ်ရကော်ဒါမှ ဂျက်အသံ ထွက်လာပြန်သည်။
" ကော်ဖီက ပူသေးရဲ့လား အချစ် "
" အား ... ဟား ... ဟား "
ထရေစီ၏အသံ။
ကူးပါးနှင့် စုံထောက်နှစ်ယောက်တို့သည် မယုံကြည်နိုင်သော အသွင်များဖြင့် တိပ်ရကော်ဒါကို စိုက်ကြည့် နေကြသည်။
" ကျွန် ... ကျွန်တော်တော့် နားမလည်နိုင်အောင် ဖြစ်နေပြီ "
စုံထောက်တစ်ယောက်က ပြောလိုက်သည်။
" ရဲဘက်က အရေးပေါ် တယ်လီဖုန်းနံပါတ်က ဘယ်လောက်လဲ ကူးပါးက မေးလိုက်သည်။
" နှစ် ခြောက်လုံး "
စုံထောက် တစ်ယောက်က ဖြေသည်။

ကူးပါးက တယ်လီဖုန်းဆီသို့ ကသောကမျောသွားပြီး ထိုနံပါတ်ကိုလှည့်သည်။
ဒတ်ခ်ျတွေရဲ့ကော်ဖီက တို့ အမေရိကန်ကော်ဖီထက် ပိုကောင်းတယ်လို့ ငါတော့ထင်တယ် "
ဂျက် အသံက တိပ်ရကော်ဒါမှ ဆက်ပြီး ထွက်ပေါ်နေသည်။
ဒင်နရယ်ကူးပါးက တယ်လီဖုန်းထဲသို့ အော်ပြောလိုက်သည်။
" အခု ပြောနေတာ ဒင်နရယ်ကူးပါးပါ၊ ရဲမှူးကြီး ဒူရင်းထံ အကြောင်း ကြားလိုက်စမ်းပါ၊ ထရေစီနဲ့ စတီဗင်တို့ ပျောက်သွားပြီလို့ မြန်မြန် ပြောလိုက်စမ်းပါ၊ ဂိုဒေါင်မျာ သူတို့ရဲ့ ထရပ်ကား ရှိသေးသလား သွားပြီလားဆိုတာ စစ်ဆေးခိုင်းစမ်းပါ၊ ကျွန်တော် ဘဏ်ကို လာနေပြီ"
ကူးပါးက တယ်လီဖုန်းကို ဆောင့်ချလိုက်သည်။

ထို့နောက် အခန်းထဲမှ တစ်ဟုန်ထိုး ထွက်သွားတော့သည်။
*
ရဲမှူးကြီး ဗန်ဒူရင်းက ပြောသည်။
" သူတို့ထရပ်ကား ဂိုဒေါင်ကထွက်လာနေပြီ၊ အခု လမ်းခုလတ်မှာရောက်နေပြီ "
အမ်မရိုဘဏ်နှင့် မျက်နှာချင်းဆိုင် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပြားပေါ်တွင် ရဲကွပ်ကဲရေး စခန်း ဖွင့်ထား သည်။
ထိုစခန်းတွင် ရဲမှူးကြီးဒူရင်း၊ ဒင်နရယ်ကူးပါးနှင့် စုံထောက်နှစ်ယောက် ရှိနေသည်။
ရဲမှူးကြီးက ပြောလာသည်။

" သူတို့အခန်းကို အသံဖမ်းမိုက်ခွက်တွေတပ်ပြီး နားထောင်နေမှန်း သိသွားလို့ သူတို့ အစီအစဉ်ကို အချိန်ရှေ့တိုးလိုက်တယ်ထင်တယ်၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ဗျာ ဟိုမှာ ကြည့်လိုက်စမ်းပါ "
ဒူရင်းက ကူးပါးအား ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော အဝေးကြည့် မှန်ပြောင်းကြီးဆီသို့ ညွှန်ပြလိုက်ပြီး ကြည့်ခိုင်းလိုက်သည်။
ကူးပါးက မှန်ပြောင်းဖြင့် အောက်ဖက် လမ်းမကြီးပေါ်သို့ လှမ်းကြည့်လိုက်သည်။
ဘဏ်တံခါးစောင့် ၀တ်စုံကို ၀တ်ဆင်ထားသူ တစ်ဦးသည် အမ်မရိုဘဏ် နာမည်စာတန်းထိုးထားသော ကြေးပြားအား စေ့စေ့စပ်စပ် တိုက်ချွတ်ကာ အချိန်ဖြုန်းနေသည်။
သန့်ရှင်းရေး အလုပ်သမားတစ်ဦးက လမ်းပေါ်တွင် သန့်ရှင်းရေးလုပ်နေသည်။

သတင်းစာ လက်ပွေ့ရောင်းသူ တစ်ဦးက လမ်းထောင့်တစ်ခုတွင် ရပ်နေသည်။
လမ်းပြင်သူ သုံးဦးကလည်း သူ့နေရာနှင့်သူ အလုပ်လုပ်နေကြသည်။
သူတို့အားလုံးတွင် လမ်းလျှောက်စကားပြောစက်အသေးကလေး တစ်လုံးစီရှိကြသည်။
ရဲမှူးကြီး ဒူရင်းက သူ၏ စကားပြောစက်မှ ပြောလိုက်သည်။

" အမှတ် (၁) "
" ကြားရတယ်ဆရာ "
တံခါးစောင့်ဆီမှ ပြန်ဖြေသည်။
" အမှတ် (၂) "
" အသင့်ပဲဆရာ "
သန့်ရှင်းရေးသမားက ပြန်ဖြေသည်။
" အမှတ် (၃) "
သတင်းစာရောင်းသူက သူတို့ အပေါ်ဘက်သို့ မော်ကြည့်လိုက်ပြီး ခေါင်းဆတ်ပြသည်။
" အမှတ် (၄) "
လမ်းပြင်နေသူများက အလုပ်ရပ်လိုက်ပြီး တစ်ယောက်က စကားပြောစက်မှ ပြန်ဖြေလိုက်သည်။
" ဒီမှာ အားလုံး အဆင်သင့်ပါပဲဆရာ "
ရဲမှူးကြီးက ကူးပါးဘက် လှည့်ပြီး ပြောလိုက်သည်။

" စိတ်မပူပါနဲ့ဗျာ၊ ရွှေတွေ ဘဏ်ထဲမှာ လုံလုံခြုံခြုံနဲပ ရှိနေပါတယ်၊ သူတို့အဖို့ ရွှေတွေကိုရယူဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒီဘဏ်ကို လာကို လာရမယ်၊ သူတို့ ဘဏ်ထဲဝင်လာတာနဲ့တစ်ပြိုင် တည်း ဘဏ်ရှေ့က လမ်းကို နှစ်ဖက်ညှပ်ပြီး အခိုင်အမာ ပိတ်ပစ်လိုက်မယ်၊ သူတို့အတွက် လွတ်လမ်းမရှိ ပါဘူးဗျာ "
ဒူရင်းသည် နာရီကို ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
" ထရပ်ကား လာတာကို မြင်ရဖို့ကောင်းပြီ "
*
ဘဏ်ထဲတွင်လည်း တထိတ်ထိတ်နှင့် ဖြစ်နေကြသည်။
သံချပ်ကာ ကားရောက်လာလျှင် ၀ိုင်းကူ သယ်ပေးကြရန် ဘဏ်ဝန်ထမ်းများအား ပြောကြား ထားသကဲ့ သို့ပင် ဘဏ်အစောင့်များအားလည်း အမိန့်ပေးထားသည်။
ဘဏ်ထဲမှ လူတိုင်းက အပြည့်အ၀ ၀ိုင်းဝန်းလုပ်ဆောင်ပေးရန် အသင့်ရှိနေကြသည်။
ရုပ်ဖျက်ထားသော စုံထောက်များကလည်း ဘဏ်အပြင်ဘက်တွင် ဟန်ဆောင်အလုပ်များကို လုပ်နေကြ သည်။
ထိုသို့ လုပ်ရင်းနှင့်ပင် လမ်းထဲ၌ ထရပ်ကားပေါ်လာမည်ကို စိတ်စော ကြည့်ရှုနေသည်။
ခေါင်မိုးပေါ်ရှိ ကွပ်ကဲရေးစခန်းမှနေ၍ စောင့်ကြည့်နေသော ရဲမှူးကြီးဒူရင်းက ဆယ်ကြိမ်မြောက် မေး လိုက်သည်။

" ထရပ်ကားလာတာတွေ့ပြီလား "
" မတွေ့သေးဘူး "
စုံထောက်ဝှစ်ကမ့်က သူ့ လက်ပတ်နာရီကို ကြည့်လိုက်သည်။
" ဆယ့်သုံးမိနစ်တောင် ကျော်သွားပြီ၊ တကယ်လို့ သူတို့ ... "
သူ့စကားမဆုံးမီမှာပင် လမ်းလျှောက်စကားပြောစက်မျ အသံထွက်ပေါ်လာသည်။
" ရဲမှူးကြီးခင်ဗျား၊ ထရပ်ကားလာတာကို မြင်ရပါပြီ၊ ရိုစင်ဂရပ်လမ်းကိုဖြတ်ပြီး ဘဏ်ကို ဦးတည်လာနေပါ ပြီ၊ ရဲမှူးကြီးရှိတဲ့ ခေါင်မိုးပေါ်ကနေ လှမ်းကြည့်လိုက်ရင် မြင်ရလောက်ပါပြီ"
သတင်းပို့ချက် ကို ရပြီးသည်နှင့် တစ်ပြိုင်နက် ရဲမှူးကြီး ဒူရင်းက သူ၏လမ်းလျှောက်စကားပြောစက်မှနေ၍ အမိန့်ပေးလိုက်သည်။

" အဖွဲ့အားလုံးသတိ၊ ပိုက်ထဲကို ငါးဝင်လာပြီ၊ ဆက်ကူးပါစေ "
အညိုရောင် သံချပ်ကာကားသည် ဘဏ်အရှေ့ပေါက်သို့ တရွေ့ရွေ့ မောင်းလာပြီး အပေါက်ဝတည့်တည့် တွင် ရပ်လိုက်သည်။
ကူးပါး နှင့် ဒူရင်းတို့ ခေါင်မိုးပေါ်မှ စောင့်ကြည့်နေစဉ်မှာပင် ယူနီဖောင်းဝတ် လုံခြုံရေးအစောင့် အမျိုးသား နှစ်ဦး က ကားပေါ်မှဆင်းပြီး ဘဏ်ထဲသို့ ၀င်သွားကြသည်။
" ထရေစီ ဘယ်ရောက်နေလဲ "
ဒင်နရယ်ကူးပါးက ခပ်ကျယ်ကျယ်မေးလိုက်သည်။

" ဒါ အကြောင်းမဟုတ်ပါဘူး၊ ခင်ဗျား ထရေစီဟာ ရွှေတွေနဲ့ သိပ်ဝေးဝေးမှာ ရှိမှာမဟုတ်ပါဘူး၊ ရွှေတွေ နားမှာပဲ ရှိမှာပါ "
ထရေစီသည် ရွှေတွေအနီး၌ပင်ရှိစေကာမူ အရေးမကြီးပါ။ တိပ်ခွေများက သူမ အပြစ်ရှိကြောင်း ၀န်ခံသွား ပေလိမ့်မည်
*
စိတ်လှုပ်ရှားနေသော ဘဏ်အမှုထမ်းများက ယူနီဖောင်းဝတ် လူနှစ်ဦးအား ၀ိုင်းဝန်းကူညီပေးသည်။
ရွှေတုံးများကို သေတ္တာထဲမှထုတ်၍ ထလော်လီပေါ်တွင် တင်တွန်းပြီး ထရပ်ကားဆီသို့ ပို့ပေးသည်။
ဒူရင်းနှင့်ကူးပါးက လမ်းတစ်ဖက်ရှိ အဆောက်အအုံအပေါ်ထပ်မှနေ၍ ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။
ရွှေတုံးများကို ထရပ်ကားပေါ်သို့ သယ်တင်သည်မှာ ရှစ်မိနစ်ကြာသည်။

ထရပ်ကား အနောက်ဘက်အပေါက်ကို ပိတ်လိုက်ပြီး အရှေ့ဘက်အပေါက်သို့သွားကာ ကားရှေ့ခန်းသို့ တက်ရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်မှာပင် ရဲမှူးကြီး ဒူရင်းက လမ်းလျှောက်စကားပြောစက်မှနေ၍ အမိန့်ပေးလိုက်သည်။
" အားလုံး ပိတ်ဆို့ ၀ိုင်းပတ်လိုက်ကြ "
ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်ရှားဆူညံသွားသည်။
ကြေးဆိုင်းဘုတ်ကို ပွတ်တိုက်နေသော တံခါးစောင့်၊ သတင်းစာ လက်ပွေ့ရောင်းသူ၊ သန့်ရှင်းရေးလုပ်သား များ၊ လမ်းပြင်နေသူ များနှင့် အခြားသော စုံထောက်များအားလုံး သံချပ်ကာကားဆီသို့ ပြေးလာပြီး ၀ိုင်းထား လိုက်ကြသည်။

သေနတ်များကိုလည်း ထုတ်ပြီး အသင့်ချိန်ထားလိုက်သည်။
လမ်းနှစ်ဖက်ကိုလည်း ပိတ်ထားလိုက်ပြီး အခြားယာဉ်များကို လမ်းလွှဲပေးလိုက်သည်။
ရဲမှူးကြီးဒူရင်း က ဒင်နရယ်ကူးပါးအား ပြုံးပြုံးကြီး ပြောလိုက်သည်။
" ကဲ ... ဒါ ခင်ဗျားအတွက် လက်ပူးလက်ကြပ် ဖမ်းလိုက်တာပဲ မဟုတ်လား၊ လာ သွားကြစို့ "
နောက်ဆုံးတော့ အားလုံး နိဂုံးချုပ်ပေပြီဟု ကူးပါးမှတ်ယူလိုက်သည်။
သူတို့ အောက်ဘက်လမ်းပေါ်သို့ အပြေးအလွှား ဆင်းသွားကြသည်။

ယူနီဖောင်းဝတ်နှစ်ဦးမှာ နံရံတွင် မျက်နှာအပ်ပြီး လက်မြှောက်ထားကြသည်။
လက်နက်ကိုင် စုံထောက်များက သေနတ်များဖြင့် ချိန်ပြီး သူတို့ကို ၀ိုင်းပတ်ထားသည်။
ဒင်နရယ်ကူးပါးနှင့် ဒူရင်းတို့က စုံထောက်များကြား ရှေ့သို့ တိုးထွက်သွားသည်။
ရဲမှူးကြီး ဒူရင်း က အမိန့်ပေးလိုက်သည်။
" မင်းတို့ ဒီဘက်လှည့်လိုက်ကြစမ်း၊ မင်းတို့ကို ဖမ်းလိုက်ပြီ "
အစောင့်နှစ်ယောက်က သူတို့ဘက်သို့ မျက်နှာလှည့်လာကြသည်။

သူတို့ မျက်နှာများတွင် ကြောက်လန့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
ဒင်နရယ်ကူးပါးနှင့် ရဲမှူးကြီး ဒူရင်းတို့သည် သူတို့ကို မြင်လိုက်သည်နှင့် အံ့အားသင့်ပြီး ကြက်သေ သေသွား ကြသည်။
ထို အစောင့်နှစ်ယောက်သည် သူတို့ လုံးလုံး မမြင်ဖူးသော လူစိမ်းများ ဖြစ်နေသည်။
" မင်း ... မင်းတို့ ဘယ်သူတွေလဲ "
ရဲမှူးကြီး ဒူရင်းက မေးသည်။

" ကျွန် ... ကျွန်တော်တို့ လုံခြုံရေးကုမ္ပဏိက အစောင့်တွေပါ၊ မ ... မပစ်လိုက်ပါနဲ့ဗျာ၊ မပစ်လိုက်ပါနဲ့ "
အစောင့်တစ်ယောက်က ကြောက်အား လန့်အားနှင့် ပြောလိုက်သည်။
ရဲမှူးကြီးဒူရင်းက ကူးပါးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
သူတို့ အစီအစဉ်တော့ အောက်သွားပြီ၊ မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီနဲ့တူတယ် "
ဒင်နရယ်ကူးပါး၏ ဦးနှောက်ထဲသို့ အသိဥာဏ်တစ်ခု ဖြတ်သန်း ၀င်ရောက်လာသည်။

ထိုအသိကို ရလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အဖို့ စကားပြော၍ မထွက်လောက်အောင်ပင် ဖြစ်သွား သည်။
နောက်ဆုံး စကားပြောလိုက်သောအခါ အသံက ဆို့နင့်နေသည်။
" မဟုတ်ဘူး၊ သူတို့ အစီအစဉ် ဘာမှ ပြောင်းတာ မဟုတ်ဘူး "
" ခင်ဗျား ဘာကိုဆိုလိုတာလဲ "
ဒူရင်း က မေးသည်။

သူတို့ဘဏ်က ရွှေတွေ ဖြတ်ခုတ်ဖို့ တကယ်လုပ်တာ မဟုတ်ဘး၊ ကျွန်တော်တို့ မျက်စိလည်ပြီး ရေလိုက် လွဲအောင် အကွက်လှည့်လိုက်တာပဲဖြစ်ရမယ် "
" ဟာ ... မဖြစ်နိုင်တာဗျာ၊ ထရပ်ကားတို့၊ ဂိုဒေါင်တို့၊ ယူနီဖောင်းတို့ ဒါတွေအားလုံး ကျွန်တော်တို့ ဓာတ်ပုံ တွေ ရထားတာပဲ "
" ခင်ဗျား ခုထိ သဘောမပေါက်သေးဘူးလား၊ ဒါတွေကို သူတို့က တမင် တကာ လုပ်ပြထားတာ၊ ဒါကြောင့် လဲ ကျွန်တော်တို့ အဲဒီနောက် တစ်ချိန်လုံး လိုက်ခဲ့ကြတာ မဟုတ်လား "
ရဲမှူးကြီး ဒူရင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
" အလိုဘုရားရေ ... ဒါဖြင့် အခု သူတို့ ဘယ်ရောက်နေကြသလဲ "

*
ပေါလပ်စ် ပေါ်တာလမ်းပေါ်တွင်မူ ထရေစီနှင့် ဂျက်တို့သည် နယ်သာလန် စိန်ဖြတ်စိန်သွေးစက်ရုံဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လျှောက်သွားနေသည်။
ဂျက်၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေး ပါးမြိုင်းမွှေးများ ရောက်နေပြီး ပါးရိုးနှစ်ဖက်နှင့် နှာခေါင်းပုံသဏ္ဍာန် တို့ ကလည်း ပြောင်းလဲကာ မို့မောက်ပွရောင်းနေသည်။
အားကစားသမားဝတ်စုံကို ၀တ်ထားပြီး အိတ်တစ်လုံးကို ဆွဲလာသည်။
ထရေစီကလည်း ခေါင်းတွင် အနက်ရောင် ဆံပင်အတုပုံစံကို စွပ်ထားသည်။ ထို့အပြင် ကိုယ်ဝန်ဆောင် အင်္ကျီ ကို ၀တ်ကာ ဗိုက်အတုတပ်ထားသည်။
မျက်နှာတွင်လည်း မိတ်ကပ်များ ထူထူထဲထဲ လိမ်းထားသည်။

ကြီးမားသော သံတမန်သုံး လက်ဆွဲအိတ်ပြားတစ်ခုနှင့် အညိုရောင် စက္ကူဖြင့် ပတ်ထားသော အထုပ် တစ်ထုပ် တို့ကို လက်တစ်ဖက်တစ်ချက်၌ ဆွဲလာသည်။
သူတို့နှစ်ယောက် စိန်စက်ရုံ၏ ဧည့်ခန်းထဲသို့ ၀င်သွားသည်။
ထိုအခန်းထဲတွင် ဘတ်စ်ကား တစ်စီးစာ မဆသော ကမ္ဘာလှည့် ခရီးသည် များသည် ဧည့်ကြို လမ်းပြ၏ ပဏာမ ပြောကြား ရှင်းပြချက်ကို နားထောင်နေရာ သူတို့လည်း ထိုလူအုပ်နှင့် ၀င်ရောလိုက်သည်။
" ကဲ ... ဧည့်သည်များ ခင်ဗျား၊ စိန်ဖြတ် စိန်သွေးလုပ်ငန်းကို ကြည့်ရှုဖို့နဲ့ အရည်အသွေးကောင်း စိန်တွေကို ၀ယ်ချင်ရင် ၀ယ်နိုင်ဖို့အတွက် ကျွန်တော်နဲ့ လိုက်ခဲ့ပါခင်ဗျာ "
လမ်းပြက စက်ရုံထဲသို့ ရှေ့ဆောင် ခေါ်သွားရာ လူအုပ်က နောက်မျ လိုက်ပါသွားသည်။

ထရေစီက လူအုပ် ရှေ့ပိုင်းမှ ရောလိုက်သွားပြီး ဂျက်က လူအုပ်နောက်ဆုံးမှ မှေးလိုက်သွားသည်။
ဂျက် သည် နောက်ဘက်တွင် တဖြည်းဖြည်း ချန်နေခဲ့ရာမှ လူအုပ်က အခန်းတစ်ခန်းထဲသို့ ချိုးဝင်သွားသော အခါ နောက်ကြောင်း ပြန်လှည့်ပြီး အောက်ထပ် မြေအောက် အခန်းထဲသို့ လှေကားမှ ပြေးလွှား ခုန်ကျော် ဆင်းသွားသည်။
အောက်ထပ်ရောက်သောအခါ လက်ထဲမှ အိတ်ကို ဖွင့်လိုက်ပြီး စက်ဆီများ အနည်းငယ် စွန်းထင်းနေသော အလုပ်သမားဝတ်စုံ နှင့် အလုပ်သမား ကိရိယာများ ထည့်သော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

အလုပ်သမား ၀တ်စုံကို ၀တ်လိုက်ပြီး လျှပ်စစ်ဖျူးစ် ကြိုးများရှိသည့် သေတ္တာဆီသို့ လျှောက်သွားပြီး လက် ပတ်နာရီကို ကြည့်လိုက်သည်။
အပေါ်ထပ်တွင်မူ ထရေစီသည် လူအုပ်နှင့်အတူ ရှိနေသည်။
စိန်အရိုင်းတုံးများမှနေ၍ စိန်အချောများ ဖြစ်လာသည်အထိ ဖြတ်တောက်သွားသော လုပ်ငန်း အဆင့်ဆင့်ကို လမ်းပြလုပ်သူက တစ်ခန်းပြီးတစ်ခန်း လိုက်လံပြသရှင်းလင်းပြောကြားသည်ကို လိုက်ပါ ကြည့်ရှုနားထောင်နေကြသည်။
ထရေစီသည်လည်း လက်ပတ်နာရီကို မကြာခဏ ကြည့်နေသည်။

သူတို့အဖွဲ့ လှည့်လည် ကြည့်ရှုရာတွင် သတ်မှတ်ချိန်ထက် ငါးမိနစ် နောက်ကျနေသည်။
ထို့ကြောင့် လမ်းပြအား မြန်မြန် သွားပါတော့ဟု ထရေစီ စိတ်ထဲက ပြောနေသည်။
နောက်ဆုံးတွင် ခရီးစဉ်အဆုံးဖြစ်သော ပြခန်းဆီသို့ ရောက်သွားသည်။
လမ်းပြက အခန်းအလယ်ကောင်တွင် ကြိုးဖြင့် ၀ိုင်းထားသောစင်ဆီသို့ လျှောက်သွားသည်။
စင်ပေါ်ရှိ ဖန်ပေါင်းချောင်ထဲသို့ လက်ညိုးထိုးပြပြီး ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် စတင်ပြောလိုက် သည်။

" အဲဒီ ဖန်ပေါင်းချောင်ထဲမှာ မြင်ရတာကတော့ လူကာလန်စိန်ကြီးပဲဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ တန်ဖိုး အရှိဆုံး စိန်တွေထဲမှာ တစ်လုံးဖြစ်ပါတယ် တစ်ခါတုန်းက နာမည်ကြီး ပြဇာတ်ရုပ်ရှင် မင်းသားတစ်ယောက် ဟာ သူရဲ့ ဇနီး ရုပ်ရှင်မင်းသမီးအတွက် ဒီစိန်ကြီးကို ချစ်သက်လက်ဆောင် ၀ယ်ပေးခဲ့ဖူးပါတယ်၊ ဒီစိန်ကြီး ရဲ့ တန်ဖိုးက ဒေါ်လာဆယ်သန်းရှိပါတယ်၊ ဒီစိန်ကြီးကို ခေတ်အမီဆုံး နည်းစနစ်တွေနဲ့ ကာကွယ် တားဆီး ... "
သူ့စကား မဆုံးမီမှာပင် လျှပ်စစ်မီးများ ငြိမ်းသွားသည်။
တစ်ချိန်တည်းမှာပင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာပြီး ပြတင်းပေါက်များ တံခါးပေါက်များတွင် သံမဏိ တံခါးများ ရုတ်ခြည်း ပိတ်သွားကာ ထွက်ပေါက်အားလုံးကို ပိတ်ထားပြီးဖြစ်နေသည်။
ကမ္ဘာလှည့်ခရီးသည် တချို့က ကြောက်လန့်တကြားအော်ကြသည်။

ထိုအသံများပေါ်ကကျော်ပြီး လမ်းပြက အော်ပြောသည်။
" ကျေးဇူးပြုပြီး ... ငြိမ်ကြပါ့ခင်ဗျား၊ စိုးရိမ်စရာမရှိပါဘူးခင်ဗျား၊ ရိုးရိုး လျှပ်စစ်မီးပျက်တာပါ၊ အခုချက်ချင်း အရေးပေါ် မီးစက် လည်ပါလိမ့်မယ် "
သူ့စကား မဆုံးမီပင် မီးများ ပြန်လင်းလာသည်။
" ကဲ ... ခင်ဗျားတို့ မြင်ပြီမဟုတ်လား၊ ဘာမှ စိုးရိမ်စရာမရှိပါဘူး "
လမ်းပြ က ထပ်ပြီး အာမခံချက်ပေးလိုက်သည်။
ဂျာမန် ကမ္ဘာလှည့်တစ်ဦးက သံမဏိတံခါးများကို လက်ညိုးထိုးပြပြီး မေးသည်။

" အဲဒါ ဘာတွေလဲဗျ "
" လုံခြုံရေးအတွက် ကြိုတင်ပြုလုပ်ထားတဲ့ အစီအမံတွေလေ "
လမ်းပြက သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး နံရံရှိ သော့ပေါက်ထဲသို့ထိုးထည့်ကာ လှည့်လိုက်သည်။
ထိုအခါ ပြတင်းပေါက်များနှင့် တံခါးပေါက်များ အားလုံးတွင် ပိတ်ထားသော သံမဏိတံခါးများ အလို အလျောက် ပြန်ပွင့်သွားသည်။
စားပွဲတစ်လုံး ပေါ်ရှိ တယ်လီဖုန်းက အသံမြည်လာသဖြင့် လမ်းပြက ကောက်ယူ နားထောင်လိုက်သည်။

" ဟင်းဒရစ် ပြောနေပါတယ်၊ ကျေးဇူးပဲ ဗိုလ်ကြီး ဘာမှ မဖြစ်ပါဘူး၊ အားလုံးအဆင်ပြေပါတယ်၊ အချက် ပေး ခေါင်းလောင်းသံ တွေက မတော်တဆ မှားညပီး မြည်သွားတာပါ၊ လျှပ်စစ် ရှော့ဖြစ်သွားတာ ထင်ပါ တယ်၊ ကျွန်တော် အခုချက်ချင်းပဲ ပြန်ပြီး စစ်ဆေးလိုက်ပါမယ်၊ ဟုတ်ကဲ့ ဗိုလ်ကြီး "
လမ်းပြက တယ်လီဖုန်းပြန်ချထားလိုက်ပြီး ပရိသတ်ဘက် လှည့်ကာ ပြောလိုက်ပြန်သည်။
" ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျား၊ ဒီလို သိပ်တန်ဖိုးကြီးတဲ့ ရတနာတွေကျတော့ ကျွန်တော်တို့ သိပ်ဂရုစိုက် ရပါတယ်၊ နည်းနည်းမှ လစ်ကွက် ဟာကွက် မပေးနိုင်ပါဘူး၊ အခု ကျွန်တော်တို့ရဲ့ အရည်အသွေး ကောင်း စိန်တွေကို ခင်ဗျားတို့အထဲက ၀ယ်ချင်တဲ့သူတွေရှိရင် ၀ယ်ရအောင် ... "
လျှပ်စစ်မီး များ ငြိမ်းသွားပြန်သည်။

အချက်ပေး ခေါင်းလောင်းသံများ မြည်လာပြန်သည်။
သံမဏိတံခါးများလည်း အလိုအလျောက် ပိတ်သွားပြန်သည်။
" ဒီနေရာကနေ သွားကြပါစို့ ဟာရီရယ် "
လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က ပြောသည်။
" ပါးစပ်ပိတ်ထားစမ်း ဒိုင်ယာနာ "
သူ့ယောက်ျားက ဟောက်လိုက်သည်။

အောက်ထပ် မြေတိုက်ခန်းထဲတွင် ဂျက်သည် လျှပ်စစ်ဖျူးစ်သေတ္တာရှေ့တွင်ရပ်ကာ အပေါ်ထပ်မှ လူများ၏ အော်ဟစ်သံ များကို နားထောင်နေသည်။
တစ်အောင့်ကြာအောင် နားထောင်ပြီးနောက် ဖျူးစ်ကြိုးပါသော ကြွေသီးကလေးကို သူ့နေရာတွင် ပြန်တပ် လိုက်သည်။
အပေါ်ထပ်တွင် မီးများ ပြန်လင်းသွားသည်။
ကမ္ဘာလှည့် ခရီး သည် လမ်းပြက ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။
" ဧည့်သည်များ ခင်ဗျား၊ လျှပ်စစ်မီး ခဏပျက်သွားတာပါ၊ မစိုးရိမ်ပါနဲ့ "
သော့ ကို ထုတ်ယူလိုက်ပြီး နံရံမှ သော့ပေါက်ထဲသို့ ထိုးထည့်ကာ လှည့်ဖွင့်လိုက်သည်။
သံမဏိတံခါးများလည်း ပြန်ပွင့်သွားပြန်သည်။

တယ်လီဖုန်းသံ မြည်လာပြန်သည်။
လမ်းပြက ပြေးသွားပြီး ကောက်ကိုင်ကာ ပြောလိုက်သည်။
" ဟင်းဒရစ် ပြောနေပါတယ်၊ ဘာမှမဖြစ်ပါဘူး ဗိုလ်ကြီး၊ ဟုတ်ပါတယ်၊ အမြန်ဆုံး ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်လိုက်ပါ့မယ်၊ ကျေးဇူးပါပဲ "
ထိုစဉ် တံခါးတစ်ချပ်ပွင့်သွားပြီး ဂျက်အခန်းတွင်းသို့ ၀င်လာသည်။
ဆီစွန်း နေသော အလုပ်သမားဝတ်စုံကို ၀တ်ကာ လက်နက်ပစ္စည်းသေတ္တာလေးကို ဆွဲလာသည်။
အလုပ်သမားဦးထုပ် ကိုလည်း အပေါ်မှာ ဆောင်းထားသည်။

သူက ကမ္ဘာလှည့်လမ်းပြအား မေးစမ်းလိုက်သည်။
" ဘာဖြစ်လို့ပါလဲခင်ဗျာ၊ လျှပ်စစ်မီး ပျက်ပျက်နေတယ်လို့ ကျွန်တော့်ကို လူတစ်ယောက်က လာပြောလို့ ပါ"
" ဟုတ်ပါတယ်၊ မီးက ငြိမ်းလိုက်လင်းလိုက် ဖြစ်ဖြစ်နေတယ်၊ အဲဒါ ကြည့်ရှုစစ်ဆေးပြီး မြန်မြန်လေး ပြင်ပေး စမ်းပါဗျာ "
လမ်းပြ က ဂျက်အား ပြောလိုက်ပြီးနောက် ပရိသတ်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" ကဲ ... ဧည့်သည်များခင်ဗျား၊ အဲ့ဒီ နံရံကပ်မှန်ဗီရိုတွေထဲမှာ ပြသထားတဲ့စိန်တွေကို ကြည့်ရှုပြီး ကြိုက်ရာ ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်၊ ကြည့်ကြပါခင်ဗျား "
ကမ္ဘာလှည့်ခရီးသည်များသည် စိန်များပြသထားသော မှန်ဗီရိုများဆီသို့ ဦးတည်လိုက်ကြသည်။

ဂျက် သည် မည်သူမျှမရိပ်မိစေဘဲ သူ့အင်္ကျီအိတ်ထဲမှ ရှည်မျောမျော အလုံးကလေးတစ်ခုကို ထုတ်ယူလိုက် ပြီး "ပင်" ကိုဖြုတ်ကာ လူကာလန်စိန်ကြီးတင်ထားသော စင်နောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ထိုအရာဝတ္ထုမှ မီးခိုးများနှင့် မီးပွားများ ထွက်လာသည်။
ဂျက်က လမ်းပြအား လှမ်းပြောလိုက်သည်။
" တွေ့ပြီ ... ဟိုမှာ ... ဟိုမှာ အခင်းအောက်မှာ ၀ါယာကြိုး ရှော့ဖြစ်နေတယ် "
ကမ္ဘာလှည့်အမျိုးသမီးက လန့်ပြီး "မီး ... မီး" ဟုအော်လိုက်သည်။
" ဧည့်သည်များခင်ဗျား၊ အထိတ်တလန့်မဖြစ်ကြပါနဲ့ "
လမ်းပြက ပရိသတ်ကို အော်ပြောလိုက်ပြီးနောက် ဂျက်ဘက်သို့လှည့်ကာ ပြောလိုက်ပြန်သည်။

" မြန်မြန်ပြင်ဗျာ ... မြန်မြန်လုပ် "
" ရပါတယ် ခဏလေးပြီးသွားမှာပါ "
ဂျက်သည် ပြောပြောဆိုဆိုနှင့် စိတ်တင်ထားသောစင်ကို ၀ိုင်းပတ်ထားသော ကတ္တီပါကြိုးဝိုင်းနားသို့ တိုးကပ် သွားသည်။
" ခင်ဗျား အဲဒီနားမသွားရဘူး "
စင်အနား မှ အစောင့်တစ်ယောက်ကပြောသည်။
" ဒါဆိုလဲ ခင်ဗျားပဲ ပြင်လိုက်ပေါ့ဗျာ "
ဂျက် က ပြောပြီး ပခုံးနှစ်ဖက် တွန့်ပြကာ လှည့်ထွက်မည် လုပ်လိုက်သည်။

မီးခိုးများထွက်လာသည်မှာ ပိုများလာပြန်သည်။
လူများ အလန့်တကြား ဖြစ်ကုန်ကြပြန်သည်။
" နေပါဦး ... ခဏနေပါဦး "
လမ်းပြ က ဂျက်ကို တောင်းပန်လိုက်ပြီး တယ်လီဖုန်းဆီသို့ ခပ်သုတ်သုတ်လျှောက်သွားကာ နံပါတ်များကို လှည့်လိုက်သည်။
" ဗိုလ်ကြီးလား ... ဟင်းဒရစ်ပြောနေပါတယ်၊ ဒီမှာ ကျွန်တော်တို့ လျှပ်စစ်ဝါယာကြိုးတွေ ရှော့ဖြစ်နေလို့ ပြင်ချင် လို့ အချက်ပေးခေါင်းလောင်းအားလုံး ခဏရပ်ပေးပါလို့ ပြောချင်လို့ပါ၊ ဟုတ်ပါတယ် "
လမ်းပြ က ဂျက်ကို လှမ်းကြည့်ပြီးမေးလိုက်သည်။

" ခင်ဗျား ပြင်တာ အချိန်ဘယ်လောက်ကြာမလဲ "
" ငါးမိနစ် "
ဂျက်က ဖြေလိုက်သည်။
" ငါးမိနစ် "
လမ်းပြက တယ်လီဖုန်းထဲသို့ လှမ်းပြောလိုက်သည်။
ပြီးနောက် " အင်း ... ကောင်းပါပြီ " ဟုပြောကာ တယ်လီဖုန်းကို ပြန်ချထားလိုက်သည်။
အချက်ပေး ခေါင်းလောင်းတွေ ကို ဆယ်စက္ကန့်ကြာရင် ရပ်ပေးမယ်တဲ့၊ ကဲ မြန်မြန်သာလုပ်ဗျာ၊ " ကျွန်တော် ဒီအချက်ပေးခေါင်းလောင်းတွေကို ဘယ်တုန်းကမှ ရပ်ခဲ့တာမဟုတ်ဘူး "
" ကျွန်တော့် မှာတော့ လက်နှစ်ဖက်ပဲရှိပါတယ် မိတ်ဆွေ "
ဂျက်က ဆယ်စက္ကန့်ကြာအောင် ခေတ္တစောင့်လိုက်သည်။
ထို့နောက် ကြိုးဝိုင်းထဲသို့ ကျော်ဝင်သွားပြီး စိန်ကြီးတင်ထားသော စင်၏အနောက်ဘက်သို့ လျှောက်သွား သည်။
လမ်းပြက လက်နက်ကိုင် အစောင့်အား အချက်ပေးလိုက်သည်။

အစောင့်က ခေါင်းညိတ်ပြပြီး ဂျက်အား မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။
ဂျက်က စင်နောက်တွင် အလုပ်လုပ်နေသည်။
လမ်းပြ ကမ္ဘာလှည့်ခရီးသည်များဘက် လှည့်ပြီး ပြောလိုက်သည်။
" ဧည့်သည်များခင်ဗျား၊ ကျွန်တော် ခုနပြောသလိုပဲ၊ အရောင်ကောင်းတဲ့ စိန်တွေကို ကြည့်ရှုကြပါ၊ ကြိုက်ရာ ရွေးပြီး ဈေးချိုချိုနဲ့ ၀ယ်နိုင်ကြပါတယ်ခင်ဗျား၊ အကြွေးရောင်းကတ်ပြား၊ ခရီးသွားချက်လက်မှတ်၊ ငွေသား ဘာနဲ့မဆို ၀ယ်လို့ရပါတယ် "
ထရေစီသည် ကောင်တာရှေ့တွင် ရပ်နေသည်။

" ရှင်တို့ စိန်ကော ၀ယ်မလား "
ထရေစီက ခပ်ကျယ်ကျယ်အော်မေးလိုက်သည်။
" ဘာ ... "
လမ်းပြက သူမကိုစိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
" ကျွန်မယောက်ျားက သတ္တုရှာဖွေတဲ့လူ၊ တောင်အာဖရိကတိုက်က ပြန်ရောက်တာ မကြာသေးဘုး၊ သူက ကျွန်မ ကို ဒါတွေရောင်းလိုက်စေချင်တယ်တဲ့ "
ထရေစီက ထိုသို့ စကားပြောနေရာကပင် သူ့လက်ထဲ၌ ဆွဲလာသော သံတမန်သုံးအိတ်ပြားကလေးကို ဖွင့် လိုက်သည်။
သို့သော် ထိုအိတ်ကို အပေါ်အောက် ပြောင်းပြန်ကိုင်ထားရာ သေတ္တာပွင့်သွားသည်နှင့်တစ်ပြိုင်နက်တည်း တလက်လက် တောက်နေသော စိန်ပွင့်ကလေးများ ဝေါခနဲ အောက်သို့သွန်ကျကာ ကြမ်းပြင်ပေါ်၌ လိမ်ဆင်းပြန့်ကျဲ သွားတော့သည်။

" ကျွန်မစိန်တွေ ... လုပ်ပါဦး ... ၀ိုင်းကူကြပါဦး "
ထရေစီ က အထိတ်တလန့် အော်လိုက်သည်။
လူအားလုံး အံ့အားသင့်ကာ မှင်သက်မိပြီး တစ်ခဏ ငြိမ်သွားသည်။
ထို့နောက် သတိပြန်ဝင်လာကာ ယဉ်ကျေးသိမ်မွေ့လှသော ထိုလူသားများသည် သူ့ထက်ငါ တိုးဝှေ့ပြီး စိန်များ ကို အလုအယက်ကောက်ယူကြတော့သည်။
တစ်ယောက်နှင့်တစ်ယောက် လုကြယက်ကြ တိုးကြဝှေ့ကြ ကျော်ကြနင်းကြဖြင့် ကမ္ဘာပျက်သည့်အလား လောဘဇောထွက်နေကြသည်။

" ငါ စိန်တွေရထားပြီ "
" လက်တစ်ဆုပ်စာ ရအောင်လု ဂျွန် "
" ဖယ်ဖယ် ... ဒါ ငါရထားတာ ၀င်မလုနဲ့ "
လမ်းပြနှင့်အစောင့်တို့ ဘာပြော၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
တိုးဝှေ့လုယက်နေသော လောဘသားများ၏ အလယ်တွင် ယိမ်းထိုးနေကြသည်။
မိမိကိုယ်ကို မလဲအောင် မနည်းကြိုးစားနေရသည်။
အစောင့်က အော်လိုက်သည်။
" နောက်ဆုတ်ကြပါ ... မလုကြပါနဲ့ "
သို့ရာတွင် လူများ ၀င်တိုးမိသဖြင့် သူလဲ နောက်ပြန်လဲကျသွားသည်။

ထိုအချိန်မှာပင် နောက်ထပ် ကားတစ်စီးစာအပြည့် ကမ္ဘာလှည့်ခရီးသည်များရောက်လာပြီး အဆိုပါပြခန်း ထဲသို့ ၀င်လာကြသည်။
အခန်းထဲမှ ဖြစ်ပုံပျက်ပုံကိုသိသွားသောအခါ သူတို့လည်း ၀င်တိုးဝှေ့ပြီး လုကြတော့သည်။
အစောင့် သည် လဲကျနေရာမှထပြီး အချက်ပေးခေါင်းလောင်း ခလုတ်ကိုနှိပ်ရန် ကြိုးစားသည်။
သို့သော် လူအုတ်ကြီးကြောင့် မည်သို့မျှလုပ်မရဘဲ ဖြစ်နေသည်။
လူများ က လဲကျနေသော အစောင့်ကိုယ်ပေါ်မှနင်းကျော်သွားကြသည်။
ကမ္ဘာပျက်သလိုပင် ဖြစ်နေသည်။

နောက်ဆုံးတွင် အစောင့်သည် မနည်းကြိုးစားရုန်းကန်ပြီး ထလိုက်သည်။
ဆူညံအော်ဟစ်နေသော လူများကြားမှ အတင်းတွန်းထိုးဖယ်ရှားပြီး စိန်ကြီးတင်ထားသော စင်ဆီသို့ ရောက်အောင် သွားသည်။
စင်အနား ရောက်သည်နှင့် ရပ်ပြီး ကြည့်လိုက်ရာ မိမိ မျက်စိကိုပင် မိမိမယုံနိုင်အောင်ဖြစ်သွားသည်။
စင်ပေါ်မှ ဖန်ပေါင်းချောင်ထဲတွင် လူကာလန် စိန်ကြီး မရှိတော့။
ပျောက်ခြင်းမလှ ပျောက်သွားပေပြီ။

ထို့အတူ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် လျှပ်စစ်ဆရာတို့လည်း ခန်းမကြီးထဲ၌ မရှိတော့။
ပျောက်ချင်းမလှ ပျောက်သွားချေပြီ။
*
ထရေစီ သည် စိန်စက်ရုံမှ အလွန်ဝေးသော အော်စတာပန်းခြံသို့ ရောက်နေသည်။
ထိုပန်းခြံထဲမှ အများသုံး အမျိုးသမီးအိမ်သာထဲတွင် မိမိ၏ ရုပ်ဖျက်ထားသော ပစ္စည်းပစ္စယများကို ဖယ်ရှား ကာ သာမန်ပုံသွင်သို့ ပြောင်းလိုက်သည်။
ထို့နောက် စက္ကူအညိုဖြင့် ထုပ်ထားသော ပစ္စည်းကို ဆွဲကာ ပန်းခြံထဲမှ ခုန်တန်းလျားတစ်ခုစီသို့ လျှောက် သွားသည်။
အစီအစဉ် အားလုံး ချောချောမောမော ရှောရှော ရှူရှူဖြင့် ပြီးသွားသည်။

အဖိုးမတန်သော စိန်အတုများကို လူအများအလုအယက်ဖြစ်နေသည်ကို ပြန်တွေးမိပြီး ထရေစီ အသံထွက် အောင်ပင် ရယ်လိုက်မိသည်။
ထရေစီသည် ခုန်တန်းတွင်ထိုင်နေရာမှ ဂျက်လာနေသည်ကို တွေ့ရသည်။
ဂျက်တွင် မုတ်ဆိတ်မွေးပါးမြိုင်းမွှေးများ မရှိတော့။ အနက်ရောင် ၀တ်စုံကို နဂိုပုံဟန်အတိုင်း အကျအနဆင် မြန်းထားသည်။
ထရေစီက ထိုင်ရာမှထပြီး ဂျက်ကို ဆီးကြိုလိုက်သည်။
ဂျက်က နှစ်လိုအားရဖွယ်ပြုံးပြီး သူမဆီရောက်လာသည်။
ထရေစီ၏ ရှေ့တည့်တည့်ရောက်သောအခါ ဂျက်က ပြောလိုက်သည်။

" ထရေစီ မင်းကို ငါ သိပ်ချစ်တာပဲ "
ဂျက်က ထရေစီကို အသာပွေ့ဖက်ပြီး မွှေးမွှေးပေးလိုက်သည်။ ထိုသို့ မွှေးမွှေးပေးရင်းမှာပင် သူ့အင်္ကျီအိတ် ထဲမှ လူကာလန်စိန်ကြီးကို မသိမသာ နှိုက်ယူပြီး ထရေစီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လ မင်း မိတ်ဆွေဆီ ပို့လိုက်ပါဒါလင်၊ နောက်မှ တွေ့မယ်နော် "
ဂျက်က ထိုသို့ ပြောပြီး ထွက်သွားသည်။
ဂျက်က တစ်လှမ်းချင်းလျှောက်ပြီး အဝေးသို့ သွားနေသည်ကို ထရေစီ ရပ်ကြည့်နေမိသည်။
သူမ မျက်လုံးတွင် အရောင်များ တောက်နေသည်။

သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ကာ ဘ၀ချင်း ပေါင်းစပ်နေမိကြပြီမဟုတ်ပါလား။
သူတို့နှစ်ဦး တစ်ယောက် လေယာဉ်တစ်စင်းစီ သီးခြားစီးကာ ဘရာဇီးနိုင်ငံသို့ သွားကြမည်။
ထိုတွင် ပေါင်းဆုံကြမည်။
ထို့နောက်တွင်မူ တစ်သက်မခွဲစတမ်း အမြဲတမ်း ဘ၀ချင်းပေါင်းဆုံမိကြတော့မည် မဟုတ်ပါလား။
ထရေစီသည် ကြားပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မိမိအား မည်သူမျှ စောင့်ကြည့်နေခြင်း မရှိမှန်းသေချာမှ လုပ်ငန်းစတင်သည်။
အညိုရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို အညိုရောင် စက္ကူများ ခွာလိုက်သည်။
စက္ကူများ ခွာလိုက်သည်နှင့် အထဲမှ ငှက်လှောင်အိမ်လေးပေါ်လာသည်။
ထိုအထဲတွင် အညိုရောင် ခိုကလေးတစ်ကောင်ရှိနေသည်။

ထိုခိုလေးသည် လွန်ခဲ့သောသုံးရက်ကပင် အမေရိကန် အိပ်စ်ပရက် အမြန်ပို့ဆောင်ရေးဌာနသို့ ရောက် လာသဖြင့် ထရေစီကိုယ်တိုင် သွားယူခဲ့သည်။
ထို ခိုကလေးကို သူမ၏ ဟိုတယ်အခန်းသို့ ယူသွားပြီးသောအခါ ထရေစီသည် မြို့ထဲမှ သူမ သွားဝယ်ခဲ့ သောခိုကလေး ကို ဟိုတယ်ပြတင်းပေါက်မှ လွှတ်ပေးလိုက်ပြီး ယူလာသော ခိုကလေးကို ငှက်လှောင်အိမ် ထဲ၌ ထည့်ထားလိုက်သည်။
ထရေစီသည် သူမ၏ လက်ပွေ့အိတ်ထဲမှနေ၍ ကတ္တီပါ အိတ်အသေးလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုအိတ်ထဲသို့ လူကာလန်စိန်ကြီးကို ထည့်လိုက်သည်။
ထို့နောက် လှောင်အိမ်ထဲမှ ခိုကလေးကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် ပွေ့ပိုက်ထားကာ ခိုကလေး၏ ခြေ ထောက်တွင် ကတတီပါ အိတ်ကလေးမြဲမြဲချည်နှောင်လိုက်သည်။
" သမီးလေးမာဂို ... အဲဒါကို အိမ်ယူသွားပေတော့ "

ထိုစဉ်မှာပင် ယူနီဖောင်းဝတ် ရဲတစ်ဦး ဘယ်နေရာက ဘယ်လိုရောက်လာမှန်းမသိ။ ထရေစီရှေ့သို့ ရုတ်တ ရက်ရောက်လာသည်။
" ဟေ့ .. ခဏနေဦး၊ မင်း ဘာလုပ်နေတယ်ဆိုတာ မင်း သိရဲ့လား "
ထရေစီ ရင်ထဲက နှလုံးက ဒိုင်းခနဲ ခုန်တက်သွားသည်။
" ဘာ ... ဘာဖြစ်လို့လဲရှင် "
ထရေစီက မေးလိုက်သည်။
ရဲ၏ မျက်လုံးက ငှက်လှောင်အိမ်ပေါ်သို့ ရောက်နေပြီး ဒေါသထွက်နေသည်။

ဘာဖြစ်တယ်ဆိုတာ မင်း မသိဘူးလား၊ ခိုတွေကို အစာကျွေးတာကတော့ ကျွေးလို့ရပါတယ်၊ ဒါပေမယ့် လှောင်အိမ် ထဲ မှာ ထည့်ပြီး လှောင်ထားမယ်ဆိုရင် ဥပဒေက ခွင့်မပြုဘူး၊ ကဲ ဒီတော့ အခု မင်းကို ငါ မဖမ်း ခင် မင်းလက်ထဲ က ခိုကလေးကို ပြန်လွှတ်လိုက်ပေတော့ "
ထရေစီ ယခုမှ သက်ပြင်းချနိုင်တော့သည်။
" ဒါဆိုရင်လဲ ကျွန်မ ပြန်လွှတ်လိုက်ပါ့မယ် "
ထရေစီ သည် ခိုကလေးအား ကိုင်ထားသော သူမလက်နှစ်ဖက်ကို မြှောက်ပြီး ခိုကလေးကို လေထဲသို့ ပစ်တင် လွှတ်ပေးလိုက်တော့သည်။

ခိုကလေးက ကောင်းကင်ပေါ်သို့ မြင့်၍ မြင့်၍ တက်သွားနေသည်ကို ထရေစီ မော်ကြည့်ရင်းက သူ့မျက်နှာ တွင် ပီတိ များ ဝေဆာနေသည်။
ခိုကလေးသည် ကောင်းကင်၌ တစ်ပတ်ဝဲလိုက်ပြီး လန်ဒန်မြို့ဘက်သို့ ဦးတည်ကာ ပျံသန်းသွားတော့ သည်။
လန်ဒန်သည် အနောက်ဘက်မိုင် ၂၃၀ အကွာတွင် ရှိသည်။
ကိုယ့်အိမ်ကိုယ့်ရာ ပြန်လေ့ရှိသော ခိုမျိုးသည် တစ်နာရီ မိုင် ၄၀ ပျမ်းမျှပျံနိုင်သည်ဟု ဂန်သာက ထရေစီ အားပြောထားရာ မာရို သည် လန်ဒန်သို့ ခြောက်နာရီအတွင်း ရောက်သွားပေလိမ့်မည်။
" ဒါမျိုး နောက် ဘယ်တော့မှ မကြိုးစားနဲ့ "
ရဲက ထရေစီအား သတိပေးလိုက်သည်။

" ကျွန်မ ဘယ်တော့မှ ဒါမျိုး မလုပ်တော့ပါဘူးရှင် "
ထရေစီက အလေးအနက် ကတိပေးလိုက်သည်။
ထိုနေ့ ညနေပိုင်းတွင် ထရေစီသည် အမ်စတာဒမ်မြို့ ဘာရှီပိုလေဆိပ်သို့ ရောက်နေသည်။
ဘရာဇီးသို့ ထွက်မည့် လေယာဉ်ပေါ်သို့ တက်ရန်အတွက် လေဆိပ်အထွက်တံခါးဝသို့ တရွေ့ရွေ့သွား နေသည်။
ဒင်နရယ်ကူးပါးသည် လေဆိပ်အခန်းထဲမှ ထောင့်တစ်ထောင့်တွင်ရပ်ပြီး ထရေစီအား ခါးသီးနာကြည်း သော အကည့်ဖြင့် ကြည့်နေသည်။

လူကာလန်စိန်ကြီး ဘယ်နည်းဘယ်ပုံဖြင့် ပျောက်ဆုံးသွားရသည်ဆိုသော သတင်းကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ထရေစီ၏ လက်ချက် ဟု ဒင်နရယ်ကူးပါး အတပ်သိလိုက်သည်။
စိတ်ကူး ကောင်းကောင်းနှင့် ရဲရဲဝံ့ဝံ့ လုပ်တတ်သော ပုံစံမှာ ထရေစီ၏ ပုံစံပင် ဖြစ်သည်။
ရဲမှူးကြီး ဒူရင်းက ထရေစီနှင့် ဂျက်တို့၏ ဓာတ်ပုံများကို စိန်စက်ရုံပြခန်းမှ အစောင့်များအား ပြသည်။
" သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး၊ စိန်သူခိုးက မုတ်ဆိတ်မွေး ပါးမြိုင်းမွေးနဲ့၊ ပြီးတော့ မေးရိုးထောင် ထောင် နှာခေါင်းပွပွ နဲ့၊ စိန်တွေ အောက်ကျတဲ့ အမျိုးသမီးကလဲ ကိုယ်ဝန်ကြီးနဲ့၊ ဆံပင်ကလဲ အနက်ရောင် "
အစောင့်များက ဤသို့ ပြောပြသည်။

သို့သော် စိန်ကြီး၏ ခြေစ လက်နက်ကိုမျှ မတွေ့ရပါချေ။
ဂျက်နှင့် ထရေစီတို့၏ ၀န်စည်စလယ်များကိုလည်း အသေးစိတ် စေ့စေ့စပ်စပ်ရှာပြီးဖြစ်သည်။
မထူး။ ဘာမျှမတွေ့။
" စိန်ကြီးဟာ ဒီအမ်စတာဒမ်မြို့မှာပဲ ရှိနေဦးမှာပဲ၊ ကျွန်တော်တို့ တွေ့အောင်ရှာမယ် "
ရဲမှူးကြီး ဒူရင်းက ကူးပါးကို ပြောသည်။
ဒူရင်း မည်သို့ရှာရှာ တွေ့မည်မဟုတ်မှန်း ကူးပါးအတပ်သိနေပြီ။
ထရေစီသည် ခိုချင်းပြောင်းကာ အိမ်ပြန်တတ်သော ခိုနှင့် စိန်ကြီးကို ဤနိုင်ငံထဲမှ ထုတ်လိုက်မှန်း ကူးပါး ဆက်စပ် တွေးမိလာသည်။

ထရေစီ ထွက်ပေါက်ဝနားသို့ သွားနေသည်ကို ကူးပါး မည်သို့မျှ မတတ်နိုင်ဘဲ ဒီအတိုင်း ရပ်ကြည့်နေရ သည်။
မိမိအား အလဲထိုး အနိုင်ယူနိုင်သူမှာ ထရေစီသည် ပထမဆုံးလူဖြစ်သည်။
ထရေစီ သည် ထွက်ပေါက်ဝသို့ ရောက်သွားသောအခါ တုံ့ဆိုင်းသွားပြီး ကူးပါးဘက်သို့ လှည့်ကြည့်လိုက် သည်။
ကူးပါး ၏ မျက်လုံးဆုံကို စိုက်ကြည့်လိုက်သည်။
ကူးပါးသည် ဥရောပ တစ်ဝန်းလုံး မိမိနောက်သို့ တကောက်ကောက်လိုက်နေမှန်းထရေစီသိနေသည်။
ဝဋ်ရှိ၍ လိုက်နေရသကဲ့သို့ ဖြစ်နေသည်။

ထရေစီ သည် ကူးပါးအတွက် ရင်ထဲက ၀မ်းနည်းသလိုလို ခံစားရသည်။
ကူးပါး အား မသိမသာ လက်ပြနှုတ်ဆက်လိုက်ပြီး ချာခနဲလှည့်ကာ လေယာဉ်ဆီသို့ ထွက်သွားတော့သည်။
ကူးပါးသည် သူ့အင်္ကျီအိတ်ထဲမှ အလုပ်နုတ်ထွက်စာကို စမ်းလိုက်မိသည်။

အမေရိကန် လေကြောင်း ကုမ္ပဏီကြီးမှ ၇၄၇ ဇိမ်ခံ ဂျက်လေယာဉ်ကြီး၏ ပထမတန်း ခုံနံပါတ် ၄(ခ)တွင် ထရေစီ ထိုင်နေသည်။
သူမ စိတ်စောနေမိသည်။
နာရီအနည်းငယ်အတွင်း ဂျက်နှင့်တွေ့ပြီး အတူနေရပေတော့မည်။
မစ္စက်စတီဗင် အဖြစ်နှင့် မိမိဘ၀ကို ---နေတော့မည်။
" ကျေးဇူးပြု၍ နည်းနည်းလောက်ဖယ်ပေးပါ ထရေစီ မောကြည့်လိုက်ရာ အသက် ၅၀ ခန့် လူတစ်ဦးက သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်သည်။
ထိုသူက ထရေစီ၏ ထိုင်ခုံနှင့်လေယာဉ်ပြင်ပဘေးရှိ ကြားမှထိုင်ခုံကို မေးငေါ့ပြပြီး ပြောလိုက်သည်။

" အဲဒါ ကျွန်တော့် ထိုင်ခုံပါခင်ဗျာ "
ထိုသူ ၀င်သာအောင် ထရေစီက ဒူးကို ကျုံ့ပြီး ဖယ်ပေးလိုက်သည်။
သူမ စကတ်က အပေါ်သို့ အနည်းငယ်ရွေ့သွားပြီး ခြေသလုံးလှလှလေးများကို ထိုသူက နှစ်လိုဖွယ် အကြည့်ဖြင့် ကြည့်သွားသည်။
" လေယာဉ်ခရီးကတော့ တကယ်မင်္ဂလာရှိတဲ့ ခရီးပါပဲ ထိုသူက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ထရေစီ က တစ်ဖက်သို့ လှည့်နေလိုက်သည်။

လေယာဉ်ခရီးသွားချင်း စကားစမြည်ပြောခြင်းကို ထရေစီ စိတ်မပါပေ။
သူမတွင် တွေးစရာအများကြီး ရှိနေသည်။ ဘ၀သစ်တစ်ခုကို တည်ဆောက်ရတော့မည်။ တစ်နေရာရာတွင် အခြေချပြီး စံပြ နိုင်ငံသားအဖြစ်နေရမည်။
အကြောင်းကြောင်းကြောင့် မလုပ်ချင်ဘဲ လုပ်ခဲ့ရသော ဤအလုပ်ကို စွန့်လွှတ်ကာ မစ္စတာနှင့် မစ္စက် စတီဗင် လင်မယားအဖြစ် လူရိုသေရှင်ရိုသေနေတော့မည်။
သူမဘေး မှ ခုန ခရီးသွားဖော်က ထရေစီကို တံတောင်နှင့် မသိမသာ တွတ်ပြီး ပြောလိုက်သည်။
တစ်လှေတည်းစီး တစ်ခရီးတည်း သွားချင်းတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်သိကျွမ်းခင်မင်ဖို့ ကောင်းပါတယ်ဗျာ မဟုတ်ဘူးလား၊ ကျွန်တော့် နာမည်က မစ္စတာ လန်ပိုင်ယာပွန့် ပါ "

ဝင်းဖေ၀င်း

ပြီးပါပြီ ...။
.

3 comments:

KMC@ချင်းလေး said...

အရမ်းကောင်းတယ်ဗျာ....အစ်မရေ..ခွင့်ပန်ချင်တာလေးတစ်ခုပြောပါရစေ.။ဒီဇာတ်လမ်းကိုPDFလေးလုပ်ခွင့်ပေးပါလားခင်ဗျာ။ လုပ်ပြီးအမြဲတမ်းဖတ်ချင်လို့ပါ။ ခွင့်ပြုမယ်ဆိုရင်ကျနော်မနက်ဖြန်လှုပ်ရျားလိုက်ပါ့မယ်။
ကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

Thank you so much...

ညီလင်းသစ် said...

ဟူး.. အခုမှပဲ ပြီးတော့တယ်၊ အဆုံးထိကို စိတ်လှုပ်ရှား ရတဲ့ ဝတ္ထုပါပဲ၊ ကျေးဇူး တင်ပါတယ် မရွှေစင်ဦးရေ..။