Sunday, September 18, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၉) (ဇာတ်သိမ်း)

နောက်ဆုံးရယ်သံ

ကျွန်ုပ် ကြိုးစင်ထက်၌ သေရမည့်ရက်ကား နှစ်ရက်သာလိုပေတော့သည်။ နှစ်ရက်ဆိုသော်လည်း ကျွန်ုပ် တွင် စာရေးအားသည့် ရက် ဤယနေ့ တစ်ရက်သာလျှင် ကျန်၏။ နက်ဖြန်ဆိုလျှင် ဘုန်းကြီးနှင့် တရားနာ ခြင်း။ အစားကောင်း အသောက်ကောင်း စားခြင်းစသော ကြိုးပေးခါနီး လူကို ပေးမြဲ အခွင့်အရေးတွေနှင့် ရှုပ် ထွေးနေ၍ ကျွန်ုပ်တွင် စာရေးနိုင်ဖို့ အချိန်ရမည် မဟုတ်။ တွေ့စရာ လူတွေကိုလည်း တစ်ပုံတစ်ခေါင်း တွေ့ ရပေဦးမည်။ ထို့ကြောင့် ယနေ့အချိန်ကလေးရှိခိုက်တွင် ကျွန်ုပ်ဖြစ်စဉ် သမိုင်းနောက်ဆုံးပိုင်းကို အားခဲ၍ ရေး ရပေဦးမည်။ သေဘေးနှင့်နီးကပ်လှပြီဖြစ်သောကြောင့် ယနေ့ လက်ရေးများပင် မမှန်ချင် လှပေ။ သို့သော် ကံတရားကို ပြက်ချော်ချော်နှင့် သရော်ကာ နောက်ဆုံးရယ်သံဖြင့် ရယ်မောခဲ့ရပေဦးမည်။

အချိန်မရတော့ပြီ။ အတိုချုံးကြဦးစိုး။ ကျွန်ုပ် အမှီရှိရာသို့ ပြန်ရောက်သောအခါတွင် ဖခင်နှင့် မောင်အရင်း ရေမြှုပ်ဗုံးထိ၍ မော်တော်ပျက်ကာ သေရပုံကို ကျွန်ုပ်မပြော။ တက်မကိုင်ကြီးကို ပြောစေရ၏။ ကျွန်ုပ် မူကား နှလုံးကွဲအံ့ သကဲ့သို့ ပူပန်သောဟန်ဖြင့် မျက်ရေ တစမ်းစမ်းထုတ်၍ စိတ်မချမ်းသာလွန်းမက မချမ်းသာ သောဟန်ကို ဆောင်ရပေသည်။ သတင်းကြားရစ၌ အမှီခမျာမှာ ငိုဖို့မျှ အချိန်မရ ရင်ဝတွင် အလုံး ဆို့လျက် တစ်မနက်လုံးပင် တက်တစ်ခါ ချက်တစ်ခါနှင့် ရှိလေတော့သည်။ မောင်ညိမ်းအောင် ၏ ဇနီးမှာ လည်း ထို့အတူပင်ဖြစ်၏။ ကျွန်ုပ်မှာ မတော်တဆ အမှီများရင်ကွဲ၍ အသက်ပျောက် သွားရှာ လေမည်လား ဟုပင် စိုးရိမ်မိ၏။

နေ့လယ်ပိုင်းသို့ ရောက်သောအခါမှာမှ အတက်အချက်ရပ်ကာ အိပ်ရာထဲ၌ခွေ၍ မျက် ရည်တွေတွေစီးဖြာ သနားစရာ ဖြစ်နေပေတော့သည်။
ဆယ်သိန်းတန် အမှီအား ၀ိုင်းဝန်းပြုစုကြသော ဆွေမျိုးတွေ တစ်ပုံတစ်ခေါင်းလည်း အိမ်တွင် တရုံးရုံးဖြစ် နေ၏။ ယောက်ဖ၏၊ နှမ၀မ်းကွဲ၏၊ ယောင်းမ၏၊ တူသုံးဝမ်းကွဲ၏၊ မိထွေး၏ စသည်ဖြင့် အဝေးကြီးက ဆွေ မျိုးစပ်ဟပ်ကာ လာရောက်ကြသူတွေကို ကြည့်ကာ ကျွန်ုပ်မှာ ရယ်ချင်လှပေတော့သည်။ သို့သော် ပရိယာယ် မာယာအလုပ်ကို ကမ္မ၀ါထုပ်နှင့် ယပ်တောင်ကိုထမ်းကာ သပိတ်ကိုလွယ်၍ ဖိနပ်တကိုင်ကိုင် လိုက်ခဲ့ရစဉ် ကတည်းက တတ်မြောက်ခဲ့ပြီးဖြစ်သည့်အလျောက် မည်သူ့ကိုမျှ စကားဖွင့်ဟ မပြောဘဲ ချောင် တစ်ချောင် တွင် ခပ်ကုပ်ကုပ်ထိုင်ကာ ပူပုံပန်းရုပ်ကို အတွင်သားထုတ်၍ နေရပေတော့သည်။

ခုနှစ်ရက်လည်သောအခါ ထုံးစံအတိုင်း သပိတ်သွတ်ကြရ၏။ " အလောင်းကိုမှ မမြင်ရပါကလား ဖေဖေတို့ ကိုကိုတို့ရေ" ဟု အသံကုန်ဟစ်ခါ ငိုရင်းတက်သွားသော အမှီ၏ ဒုက္ခကို ကျွန်ုပ်မှာ ပွေ့ပိုက်၍ ချော့မော့ လိုက်ချင် ပါသော်လည်း လူမြင်၍ ကောင်းအောင် ခပ်ဝေးဝေးကပင် မျက်ရည်စကို တွင်တွင်ထုတ် လက်ကိုင် ပ၀ါ နှင့် ဟန်ပါပါသုတ်ခါ ဣနြေ္ဒရရ အပိုးသေသေ နေရပေ၏။ အမှီနှင့် အကြောင်းဆက်၍ ပေါင်းဖက်ရန် မှာ ကား အနည်းဆုံး တစ်လလောက်တော့ စောင့်ရပေဦးမည်။ ကိစ္စမရှိပါ။ စောင့်နိုင်ပါပြီ။

အကယ်တိပင် တစ်လခန့် စောင့်ရ၏။ အမှီကား စိတ်မကောင်းတိုင်း တရားဘာဝနာကိုသာ ကြပ်ကြပ်ကြီး စီးဖြန်းလျက်လူ၏ ကျန်းမာရေးကိုပင် ထိခိုက်စ ပြုလာပေတော့သည်။ ကျွန်ုပ်မှာလည်း ရန်ကုန်သို့ ရုတ်တ ရက် မပြန်ဖြစ်သေးဘဲ ဦးဒေါနတို့ ထားပစ်ခဲ့သော လုပ်ငန်းကြီးများကို လက်ထောက်များ၊ မန်နေဂျာများ၊ ကိုယ်စားလှယ်များ နှင့် စည်းရုံး၍ အလုပ်မဖြစ်သော အလုပ်များကို လုပ်ပေးနေရသေး၏။
ရန်ကုန်ရှိ မန်နေဂျာထံမှ အစီရင်ခံစာများ ရောက်ရာတွင် အစစအရာရာ ချောမောပြီး အဆင်ပြေကြောင်း များသာ ပါသဖြင့် ရန်ကုန်အတွက် အတန်ငယ် စိတ်အေးရပေတော့သည်။
တစ်လခန့်ကြာသောအခါတွင် ကျွန်ုပ်မှာ မပြောမပြီး မတီးမမြည်ဟူသော စကားပုံအတိုင်း အမှီ၏ ယောင်းမ နောက်ဖေးဆောင်၌ ထမင်းချက်ကလေးများကို စီမံနေခိုက်အလစ်တွင် အိမ်ရှေ့၌ ဆွမ်းလောင်းရာ ပြန်ဝင် လာသူ အမှီအား " ညီမလေးခဏ" ဟု ခေါ်လိုက်ရ၏။

အမှီလည်း ယောဂီရောင် တဘက်ကလေးကို လောဘက်ထိုး၍ ညှိုးငယ်သော မျက်နှာနှင့် ကျွန်ုပ်၏ မျက်နှာ ချင်းဆိုင်တွင် ၀င်၍ထိုင်ရှာပေသည်။ ကျွန်ုပ်ကား ယခင်အနှစ် နှစ်ဆယ်ကျော်က ရာရာသသဟူ၍ နှင်အချခံ ရသော ဆိုဖာပေါ်တွင် ဇိမ်ရှိရှိထိုင်ရာက " အစ်ကိုကံကောင်း ရန်ကုန်ပြန်ဦးမှ ဖြစ်မယ်ထင်တယ်အမှီ" ဟု စကားစ လိုက်ရာ အမှီလည်း တွေ၍နေရာက လက်တွင် ကပ်ပါလာသော ဆွမ်းလုံးကလေးများကို ထွေးခံထဲ သို့ချရင်း "ဒီကအလုပ်တွေကလည်း အစ်ကိုကံကောင်းမရှိရင် မဖြစ်တော့၊ အမှီတော့ မတွေးတတ်ဘူး မတွေး တတ်ဘူး" ဟု ညည်းရှာပါသည်။

ဤတွင် ကျွန်ုပ်က " ဒီလိုဆိုရင်လည်း ရန်ကုန်က အလုပ်တွေကိုလက်စဖြုတ်လိုက်မှ ဖြစ်မလားဘဲအမှီ၊ အစ်ကို ကံကောင်းလည်း မတွေးတတ်သလောက်ပဲ၊ ရန်ကုန်က အလုပ်ကလည်း ဆန်စက်တွေ အိမ်တွေ ရှိနေပြန်တော့ ကြိုးကြိုးစားစား ပြုစုပျိုးထောင်လာရတဲ့ အလုပ်မို့ ပြန်ဖျက်ပစ်ရမှာလည်း နှမြောစရာကြီး ဖြစ် နေတယ်အမှီ။ တကယ်လို့ ရန်ကုန်အလုပ်ကို ဦးပြန်ပြီးစီးရပြန်ရင်လည်း ဒီက အလုပ်တွေက တစ်ဘက်ပဲ၊ ရန်ကုန်အလုပ်ကို ဖြုတ်ပစ်ဖို့ကလည်း မလွယ်ဘူးအမှီ" ဟု ပြောရ၏။

နောက်ဆုံးစကားတစ်ခွန်းမှာ အမှီနှင့် ကျွန်ုပ်တို့ မောင်နှမ၀မ်းကွဲ တစ်အိမ်ထဲ အတူတူနေကြခြင်းမှာ လူကြီးမိဘများ မရှိစမို့ တင့်တယ်သော်လည်း ကြာသောအခါတွင် အများ၏ အထင်၌ တစ်မျိုးတစ်ဖုံတွေ ဖြစ်လာမည့် အရေးကို အမှီမြော်တွေးမိစေရန် စကားရိပ်ပေးလိုက်ရခြင်းဖြစ်၏။ ကျွန်ုပ်၏ စိတ်တွင်ကား အများ ထင်သလို လျင်မြန်စွာ ဖြစ်ပါစေဟု ဆုတောင်းနေသူဖြစ်၏။ သို့သော်လည်း အမှီ၏ သဘောထား ကိုကား ဘာမျှ မသိရသေး။ ထို့ကြောင့်ပင် စကား ရိပ်ပေးရ၏။ အမှီက ကျွန်ုပ်အား ကြည်ဖြူသော လက္ခဏာ ရှိပါလျှင် ကျွန်ုပ်သည် အနုနည်းနှင့် တမျှဉ်းမျှဉ်း ဆွဲ၍ ကြံစည်ရန်သာ ကျန်တော့၏။ အကယ်၍ စိတ်မတူပါကလည်း အကြမ်းနည်းနှင့် ကိုင်လျှင် အိမ်တွင်း ပုန်းအပျိုကြီး မမမှီမှာ တစ်ခါတည်း ပျော့ခွေသွားဖို့သာရှိ၏။ ထမင်းလက်သုတ်သယ် ၏ သမီးလို လက်ကို ဆွဲကာမျှဖြင့် ရုပ်ရှင်ဈေးတန်း လူလယ်ခေါင် ၌ " လက်ကို ဆွဲလို့ပါတော်" ဟု မရှက်မကြောက် ခုနစ်သံ ခြောက်ပေါက်နှင့် အော်ဟစ်နိုင်သူ လူတန်းစား မဟုတ်ပါပေ။

အမှီခမှာလည်း အတော်ပင် အစဉ်းစားရကြပ်၍ နေဟန်ဖြင့် " အမှိလည်း အဘက်ဘက်က တွေးတာပါပဲ အစ်ကိုကံကောင်း ရယ်၊ ဘယ်လိုမှ တွေးလိုပမရဘူး။ ဒီက လုပ်ငန်းတွေကိုလည်း မိဘလက်ငုတ်မို့ မဖြုတ် ရက်ဘူး။ ရန်ကုန်က အလုပ်ကိုလည်း အစ်ကိုကံကောင်း တစ်ပင်တစ်ပန်း ကြိုးကုတ်ထားရတဲ့အပြင် ဆန် စက်တွေ အိမ်တွေနဲ့ ကြိုးကုတ်ထားရတဲ့ အလုပ်မို့ အဖြုတ်မခိုင်းရက်ဘူး။ ရန်ကုန်က အလုပ်ကို ဖြုတ်ပြီး ဒီကိုသာ ဂရုစိုက်ရမယ် ဆိုပြန်ရင်လဲ ... အဲ ... ခက်တယ် ... ခက်တယ် အမှီ မတွေးတတ်ဘူး "ဟု ခေါင်း ကိုသာ တွင်တွင်ကုတ်ရှာပေတော့သည်။ ဤမျှဖြင့် အမှီ ကျွန်ုပ်၏ အပေါ်၌ စိတ်ထားမရိုင်းကြောင်းကို သိ သာပေပြီ။ အကယ်၍သာ ကျွန်ုပ်ကို မလိုလားပါက အဝေး၌ နေရန်သာပြောမည် ဖြစ်၏။ ယခုမူကား အမှီမှာ ဖခင် နှင့် အစ်ကိုတို့ အနိစ္စရောက်ပြီးနောက် တစ်လမျှသာ ရှိသေးသဖြင့် ဘာမျှ အတည်တကျ မဆုံးဖြတ်ဝံ့ သလိုသာ စိတ်ဝေ၍ နေရခြင်းဖြစ်ရာ ကျွန်ုပ်လည်း အားတက်သမျှ တက်မိလျက် ...

" အေးလေ ... အစ်ကိုကံကောင်း ရန်ကုန်က အလုပ်ကို အခုလုပ်နေတဲ့ မန်နေဂျာနဲ့ လက်ထောက်တစ် ယောက် ထပ်တိုးပြီး သုံးလလောက် လွှဲထားကြည့်မယ်၊ ဟန်ကျရင်လည်း ကျပေါ့ ဟုတ်လား ... မကျရင် လည်း တဖြည်းဖြည်းဖြုတ်ပြီး ဒီက အလုပ်ကိုပဲ ပြန်လုပ်မယ်၊ မဖြုတ်ခင်တော့ သွားချည်လာလှည့် နေရမှာ ပဲ၊ ဘယ့်နှယ့်လဲ" ဟု စကားတစ်ဆင့်တက်၍ အကြံပေးသလိုလိုနှင့် (အစ်ကိုကံကောင်းဒီမှာ ပြန်နေစေချင် သလား) ဟူသော အဓိပ္ပာယ်ကို ဖော်ကာမေးလိုက်၏။ အမှိလည်း ကျွန်ုပ်အား တစ်ချက်မျှကြည့်ရှာပြီးမှ " အစ်ကိုကံကောင်း သင့်သလိုသာ စီမံပါလေ ... အမှီကတော့ မိန်းမသားဆိုတော့ ဘာမျှ အထူး မပြောတတ် ပါဘူး၊ အစ်ကိုကံကောင်း ပြောတဲ့ သုံးလကုန်တော့မှ တိုင်ပင်ကြသေးတာပေါ့။ ဟော ကိုယ်တော်တွေ ရပ် နေပြန်ပြီ" ဟု ပြောပြောဆိုဆို ဆွမ်းဇလုံကိုပိုက်၍ ဆွမ်းလောင်းရန် ဆင်းသွား၏။ ကျွန်ုပ်ကား သန်းထီ ပေါက် ပေပြီ၊ နောက်သုံးလကြာလျင် အမှီသည် ယခုထက်ပို၍ သွားလေသူတို့အတွက် စိတ်အေးမည်။ ထို အခါကျမှ လေချိုနှင့် နှူးကာ မြူးရမည့် နှစ်ပါးသွားစခန်းကို ဖွင့်ရပေတော့မည်။ အနှစ်နှစ်ဆယ်ကျော် သည်း ခံ ၍ စောင့်ခဲ့ပြီးရာတွင် သုံးလစောင့်ရသည်မှာ ကျွန်ုပ်၌ အသို့လျှင် တာဝန် လေးပါအံ့နည်း ...

သို့သော် ကျွန်ုပ်မှာ သုံးလဝေးစွ တစ်ရက်မျှပင် စောင့်ခွင့်မရတော့ပေ။ အဘယ့်ကြောင့် ဆိုသော် အမှီဆွမ်း လောင်းပြီး၍ ပြန်တက်အလာတွင် သူ့နောက်မှ မြို့ရှိ တိုက်ပိုင်အင်စက်တော်မင်းပါ၍လာ၏။ ရန်ကုန်၌ နေ စဉ်က အာဏာပိုင်သူများကို လက်ပွန်းတတီး ဖော်လံဖားကာ ပေါင်းခဲ့သော ကျွန်ုပ်သည် အင်စပက်တော် မင်း အား " ကြွပါ ... ကြွပါ ... " ဟု လောကွတ်ပျူငှာဆီး၍ ကြိုလိုက်၏။ အင်စပက်တော် မင်းလည်း ကျွန်ုပ်နှင့်ဝင်၍ ထိုင်ရာက " ဦးကံကောင်း အားလပ်ရင် ကျွန်တော့်အိမ်ကို ခေတ္တကြွပါလားခင် ဗျာ၊ ရန်ကုန်က ဧည့်သည်တစ်ယောက်က တွေ့ချင်တယ်ဆိုလို့ ကျွန်တော် လာခဲ့ရပါတယ် ... "ဟု သာယာ ညင်းပျောင်းပြော၏။

ကျွန်ုပ်ကား ဤအင်စပက်တော်သည် ကျွန်ုပ်တို့ထံ၌ မင်းကတော်၏ လက်ကောက်များ ကို လာ၍ ပေါင်နှံ ထားရသူ ဖြစ်သည့်တိုင် သူ့အာဏာကို ကျွန်ုပ်၏ အကျိုးအတွက် လက်ကိုင်တုတ် လုပ် သောအခါတွင် လုပ်ရသောကြောင့် " ... ဟုတ်လား၊ ဒီအိမ်ကိုပဲ ခေါ်ခဲ့ရောပေါ့ ခင်ဗျာ၊ အိမ်ကိုပါ ရောက်ဖူး သွားအောင် ဘယ်သူများပါလိမ့် ... " ဟု ဆိုလိုက်ရ၏။ ထိုအခါ အင်စပက်တော်မင်းက ပြုံး၍ " ဟိုရောက် တော့ တွေ့ပါလိမ့်မည်ဗျာ ...၊ ကိုင်း ... သွားကြရအောင်" ဟု ပြောသဖြင့် ကျွန်ုပ်လည်း အင်စပက်တော် မင်းနှင့် စကားတပြောပြော လိုက်ခဲ့ပြီးလျှင် ရန်ကုန်က ဧည့်သည်ကို တွေ့ရန် ဇောသန်နေမိ၏။

ရန်ကုန်မှလာသော ဧည့်သည်ကလည်း ကျွန်ုပ်အား တွေ့ဆုံရန် အလွန်ဇောသန်၍ နေပေသည်။ အကြောင်း မူကား ထိုဧည့်သည်မှာ ရန်ကုန် စုံထောက်ဌာနမှ ၀န်ထောက်ကလေးတစ်ဦးဖြစ်နေသောကြောင့်တည်း။

ထို့နောက်တွင် ဖြစ်ပျက်သမျှတို့ကား သတင်းစာကြီးများတွင် အကြီးအကျယ် ရေးသားနေကြပြီးဖြစ်၍ အသေးစိတ် မဖော်ပြလိုတော့။ ဖော်ပြရန် အချိန်လည်း မရတော့။ စုံထောက်ဌာနမှ ၀န်ထောက်ကလေးနှင့် အတူ၊ ကျွန်ုပ်ရန်ကုန်သို့ လိုက်ခဲ့ရ၏။ အလုပ်တိုက်သို့ကား မရောက်။ ထောင်ကြီးချုပ်သို့ ရောက်ရပေသည်။ ကျွနုပ်အမှီတို့ထံသို့ ထွက်ခဲ့သည့်နေ့နံနက်က စက်သူဌေး ဦးစိန်မောင်မှာ ဦးခေါင်းတွင် ပုလင်းဖြင့် အရိုက်ခံ ရသော ဒဏ်ရာများဖြင့် သေဆုံးနေ၏။ အလောင်းအနီးတွင် တွေ့ရသော ပုလင်းခွံ၌ လက်ရာများ ထင်၍ ကျန်ရစ်ခဲ့ရာ စုံထောက်ဌာနမှ ဓာတ်ပုံရိုက်၏။ ထို့နောက် စက်ဝင်းစောင့် ဒရ၀မ်ကြီးကို စစ်ဆေးရာ ကျွန်ုပ် တစ်ဦးတည်းသာ ဦးစိန်မောင် သေမည့်ညက လာကြောင်း သက်သေထွက်၏။

ထို့နောက် ကျွန်ုပ်ရှိရာ အမှီ တို့မြို့ရွာ ပုလိပ်ဌာနသို့ လျှို့ဝှက်စာရေးကာ ကျွန်ုပ်၏ လက်မပုံစံကို ဖယောင်းထင်၍ ကျန်ရစ်အောင် ကြံစီ၍ ယူကြ၏။ ထိုဖန်ကွက်ကို ရန်ကုန်သို့ ပို့လိုက်ရာ ဦးစိန်မောင်၏ အလောင်း နား၌ တွေ့ရသော အရက်ပုလင်းခွံမှ လက်ရာများနှင့် တိုက်ကြည့်သည်၌ ထပ်တူ ဖြစ်နေသောကြောင့် ကျွန်ုပ်အား လူသတ်မှု ဖြင့် ဖမ်းဆီးရန် ၀ါးရမ်းကို ကျွန်ုပ်ရှိရာသို့ စုံထောက် ဌာနမှ ၀န်ထောက်ကလေး လိုက်လာခြင်းဖြစ်၏။

ဤမျှ ကြာရှည်စွာ အမှုပိုင်အောင် ပုလိပ်ဘက်မှ စေ့စေ့ စပ်စပ်လိုက်နေရခြင်းကား အခြားမဟုတ်၊ ကျွန်ုပ် တွင် အာဏာပိုင် မိတ်ဆွေများရှိသဖြင့် စုံထောက်ဘက်မှ မသေချာဘဲ မဖမ်းဝံ့ပဲ ရှိခြင်းဖြစ်ပေသည်။
ကျွန်ုပ် အား ရုံးတင်၍ စစ်ပုံကို အနည်းငယ် ဖော်ပြလိုပေသေးသည်။ အစိုးရရှေ့နေကြီးနှင့် ကျွန်ုပ်တို့ ဤသို့ မေးကြဖြေကြ၏။

(အမေး)    ဦးကံကောင်းနဲ့ ဒေါ်သီလစာရီတို့ဟာ ငယ်ငယ်က အတူတူနေခဲ့ကြတာဟာ ဒေါ်သီလစာရီဟာ မသန့်ဘ၀နဲ့ ဦးစိန်မောင်နဲ့ လက်ထပ်တဲ့အထိပဲ မဟုတ်လား။
(အဖြေ)    ဟုတ်ပါတယ်။
(အမေး)    ဘယ်အရွယ်တွေရှိကြပြီလဲ ...
(အဖြေ)    ကျွန်တော်က အသက်အစိတ်၊ အသန့်က ၁၉ နှစ်ပါ။
(အမေး)    ဘယ်လို အငြိအစွန်း ရှိဘူးသလဲ။
(အဖြေ)    မရှိပါဘူး။
(အမေး)    ကောင်းပြီ ရန်ကုန်ကို ဦးကံကောင်းရောက်လာတော့ မသန့်ဟာ ဦးကံကောင်းရဲ့တိုက်ကို လာတတ်သလား...
(အဖြေ)    လာတတ်ပါတယ်။
(အမေး)    အဖော်နဲ့လား၊ တစ်ယောက်တည်းလား။
(အဖြေ)    တစ်ယောက်တည်းပါ။
(အမေး)ဒီတုန်းက ဘာအငြိအစွန်းရှိသလဲ။
(အဖြေ)    မရှိပါဘူး။
(အမေး)    ကောင်းပြီ ... ဒီနေ့ ဒီရက် တုန်းက မသန့်ဟာ ဦးကံကောင်းရဲ့ အခန်းမှာ ဦးကံကောင်းနဲ့အတူတူ ရှိနေတုန်းက တိုက်တံခါး ပိတ်ထားသလား၊ ဖွင့်ထားသလား။
(အဖြေ)ပိတ်ထားပါတယ်။
(အမေး)    ဦးစိန်မောင်လိုက်လာတော့ တံခါးထုသလား၊
(အဖြေ)    ထုပါတယ်။
(အမေး)    ဦးစိန်မောင်နဲ့အသန့်ဟာ တစ်ယောက်တစ်ကွဲစီပြန်သွားကြတဲ့နောက်မှာ ဦးကံကောင်းဟာ ချာချီ လမ်း မသန့်ဆီကို သွားသလား။
(အဖြေ)    သွားပါတယ်။
(အမေး)    သည့်နောက် ချက်ခြင်းပဲ ဦးကံကောင်းဟာ ခနောင်တိုကို လိုက်သွားသလား။
(အဖြေ)    လိုက်သွားပါတယ်။ ဆန်စက်တွေကို မီးရှို့မှာ စိုးလို့ပါ။
(အမေး)    ကောင်းပြီ ... ဟိုရောက်တော့ ဦးစိန်မောင်ကို ဦးကံကောင်းက လက်သီးနဲ့ ထိုးတယ် မဟုတ်လား။
(အဖြေ)    ထိုးမိပါတယ်၊ သည့်အပြင်တော့ ဘာမှမဟုတ်ပါဘူး။
(အမေး)    နောက်တစ်နေ့ မနက်ကျတော့ ဦးစိန်မောင် သေနေတာကို တွေ့ကြရတယ်။ ခေါင်းမှာလည်း တုံး သောလက်နက်နဲ့ ရတဲ့ ဒဏ်ရာတွေရှိတယ်။ အလောင်းနားက ပုလင်းခွံမှာ သွေးစတွေနဲ့ ဦးကံကောင်းရဲ့ လက်ရာနဲ့ တစ်ထပ်တည်းတူနေတဲ့ လက်ရာတွေ တွေ့ရတယ်။ အဲဒါ ဘာပြုလို့ ထင်သလဲ။
(အဖြေ)    ကျွန်တော်သူ့ကို သိပ်တော့ ဇက်ကြီးခေါက်ကွေးနေတာနဲ့ သူ့ပါးသွယ်ကို ကိုင်ပြီး ပြင်ပေးရာမှာ လက်ကို သူ့ပါးက သွေးတွေ ပေပါလိမ့်မယ်။ နောက်ပြီးတော့ စားပွဲခင်းကို ခြုံပေးဖို့ ဖယ်ရာမှာ အရက် ပုလင်း အလွတ်ကို ဖယ်တော့ ကျွန်တော့်လက်ရာတွေဟာ အရက်ပုလင်းမှာ ထင်ကျန်ရစ်ခဲ့တာ ဖြစ်ပါ လိမ့်မယ်။
(အမေး)    ကောင်းပြီ ... အနီထောင်ဒိုင်က ဦးစိန်မောင်ကို အရက်ပုလင်းတစ်လုံး ပေးလိုက်တယ်လို့ သက်သေ ခံတယ်။ အခုသက်သေတင်ထားတဲ့ အရက်ပုလင်းပါပဲလို့လည်း စစ်ခံတယ်၊ ဒါဖြင့် ဒီပုလင်းနဲ့ မရိုက် ဘယ်ပုလင်းနဲ့ ရိုက်မလဲ။
(အဖြေ)    ဦးစိန်မောင် သူ့ဖာသာသူဝယ်ခဲ့တဲ့ အရက်ပုလင်းတစ်လုံး ရှိပါသေးတယ်၊ ဂျင်ပုလင်းပါ၊
(အမေး)    အဲဒီ ပုလင်းကို အလောင်းနားမှာ မတွေ့ပါကလား၊ ဘယ်ရောက်သွားတယ်ထင်သလဲ။
(အဖြေ)    မထင်တတ်ပါဘူး။

ဤမျှဖော်ပြရုံဖြင့်ပင် ကျွန်ုပ်၏ အမှုသွားကို သိလောက်ပေပြီ၊ လူသတ်မှုဖြစ်လျှင် ဘာ့ကြောင့် သတ်သည် ဟူသော စိတ်အရင်းခံအချက်ကို ရှာရလေ့ရှိသည်။ ကျွန်ုပ်နှင့် အသန့်တို့က ဘာပဲထွက်ထွက် ဘေးလူတို့ အမြင်တွင် ကျွန်ုပ်နှင့် အသန့်မှာ ငယ်စဉ်က သမီးရီးစားဖြစ်၊ ဦးစိန်မောင်က ငွေနှင့်ပေါက်၍ ယူသော ကြောင့် ကွဲ၊ ရန်ကုန်၌ ပြန်အတွေ့တွင် အချစ် နလန်ထ၊ ဦးစိန်မောင်က လိုက်ချောင်း၍မိ၊ ဒေါပွ၍ ဦးစိန်မောင် အပြန် တွင် ကျွန်ုပ်က လိုက်၍သတ်သည်ဟု ထင်ကြပေသည်။ ကျွန်ုပ်နှင့် အသန့်တို့၏ ထွက်ချက် များကို မည်သူမျှ မယုံကြ။ ထို့ကြောင့် ကျွန်ုပ်မှာ သဘက်ခါ နံနက်တွင် ကြိုးစင်သို့ တက်ရပေ တော့မည်။

နိဂုံးချုပ်ရပေတော့မည်။ ကျွန်ုပ်၏ ဆန်ခိုးမမိ ဖွဲခိုးမိသောအဖြစ်မှာ ရယ်စရာပင်ကောင်းလှ၏။ လူခုနစ် ယောက်၏ အသက်ကို ကျွန်ုပ်သွေးအေးအေးနှင့် သတ်ခဲ့သမျှတို့မှာ ပိပိရိရိ ရှိလှသဖြင့် တစ်စွန်းတစ်စ သံသယ ပင် အထင်မခံခဲ့ရပေ။ ယခုမူကား ဦးစိန်မောင်သေရသည့်အမှုတွင် ကျွန်ုပ်အား အခြောက်တိုက် အမှု ပတ်ခါ အသနားခံစာပင် ပယ်ချ၍ကြိုးစင် တက်ရတော့မည်မှာ ဆန်းလှ၏။ ရယ်စရာလည်းကောင်း၏။

ဦးစိန်မောင်အား ကျွန်ုပ်သိပ်ထားခဲ့ရာတွင် တစ်ယောက်ယောက်က ၀င်၍ ပုလင်းနှင့် ရိုက်သတ်ခါ ပုလင်းပါ ယူ၍ ခြေရာဖျောက်သွားခြင်းမှာကား ကျွန်ုပ်တစ်ဦးတည်းသာ နားလည်၏။ အခြား မည်သူတို့ကမျှ နားမ လည်ပေ။ ယုံလည်းမယုံကြပေ။ တကယ့် လက်သည် အဘယ်ဆီ၌ ရှိကြသည်ကိုကား ကျွန်ုပ်လည်း မသိ။ မည်သို့ပင် ဖြစ်စေ၊ ကျွန်ုပ်မှာမူ ကြိုးစင်သို့ တက်ရန် တန်း၍နေပေတော့ရာ ကျွန်ုပ်အမှုကို စစ်ဆေးနေစဉ် အတွင်းမှစ၍ အသန့်နှင့်တကွ ရပ်ဝေးမှ လိုက်လာရှာသော အမှီတို့သည် ကျွန်ုပ်အတွက် အထူး ကြိုးပမ်း ကြရှာ၏။ အကောင်းဆုံး ၀တ်လုံများကို ငှားကြ၏။ ထောင်ဝင်စာ ခံ၍ အမှီနှင့်အသန့်တို့ လာ ကြသော အခါမျး၌ တရားအရိပ်ကို ခိုမိပါလျက်နှင့်မှ ကျွန်ုပ်အတွက် အရှက်တကွဲ အကျိုးနဲဖြစ်ကာ စိတ်မချမ်းသာ ရရှာသော အချစ်ဦးအသန့် ကိုလည်းကောင်း၊ ငွေဆယ်သိန်းနှင့်တကွ ကိုယ်ကိုပါ ပုံ၍ အပ်ရန် စဉ်းစား ချင့်ချိန် နေရှာပြီဖြစ်သော ကျွန်ုပ်၏ဇနီးလောင်းအမှီကိုလည်းကောင်း၊ ၀မ်းနည်းပန်းနည်း ကြည့်မိကာ တစ်ခါ တစ်ခါ မျက်ရည်များပင် လည်မိပေသည်။

သို့သော် ဤအချိန်ကား ၀မ်းနည်းရမည့်အချိန်မဟုတ်။ ကျွန်ုပ်အား လူခုနစ်ယောက်၏ အသက်ကို လူမသိ အောင် သတ်ဖြတ်နိုင်စိမ့်သောငှာ အရာရာ၌ ဖေးမကူညီခဲ့သော ကံတရားသည် ထမင်းလုပ်ကြီး ပါးစပ်နား သို့ နီးခါမှ ပုတ်၍ ချလိုက်သလို ... " နက်ဖြန် ရှင်ဘုရင်ဖြစ်မည်၊ ယနေ့ညသေမည်" ဟူသော ဗေဒင်ဆရာ၏ ဟောနည်းအတိုင်း လက်ပေး၍ အသတ်ကြီး သတ်လိုက်ပုံမှာကား တကယ့်တကယ်တွင် ရယ်ဖွယ်လိလိကြီး ဖြစ်လှသောကြောင့် ကြိုးစင်သို့ အတက်တွင်ပင် ကျွန်ုပ်မှာ ကံတရား၏ ကလိထိုးခြင်း ခံရလျက် တက်ရ ပေတော့မည် ဖြစ်ရကား ...
" ဟား ... ဟား ... ဟား ... "
                                               (ပုံ)ကံကောင်း
*
အထက်ပါ ရှည်လျားလှစွာသော အဖြစ်အပျက်ကြီးကို ကျွန်တော် ဖတ်ပြီးသောအခါတွင် ၁၂-နာရီခန့် ရှိနေပေပြီ။ ထို့ကြောင့် အညောင်းဆန့်ကာ အိမ်ပြန်ဖို့ ဟန်ပြင်ရာက " တော်တော်ဆန်းတဲ့ အဖြစ်အပျက်ပဲ" ဟု ဆိုလိုက်သည်၌ ဦးလေးက " ကိုင်း ... ဘယ်နှယ့်လဲ၊ မင်း-ကံကို မယုံတဲ့အကောင်၊ ကံတရား ဆန်းကျယ်တာ ကို ယုံပြီလား" ဟုမေး၏။ ထိုအခါ ကျွန်တော်က ပြုံးရင်း " ကံတရား ဆန်းတယ် ဆိုတာကို တော့ ကျွန်တော် လက်ခံပါတယ်၊

ဒါပေမဲ့ ဦးလေး အခုပေးတဲ့ အဖြစ်အပျက်ဟာ ဟိုတစ်လောက ကြိုးကျသွားတဲ့ သူဌေးဦးကံကောင်း ကိုယ်တိုင်ရေးခဲ့တာသာ အစစ်ဆိုရင် ကျွန်တော်တော့ ကံကို ပိုပြီးတော့ မယုံတော့ဘူး "ဟု ဖြေလိုက်သည်၌ ဦးလေး၏ နှုတ်ခမ်းမွေးမှာ ဘေးသို့ ကော့ထောင်သွားကာ " ဆိုစမ်း ပါဦး...မင်းက ဘာပြုလို့ မယုံတာလဲ" ဟု ဒေါနှင့် မေးလိုက်၏။ ဤတွင် ကျွန်တော်က " ဘယ်မှာ ကံ ကံ၏ အကျိုးကို ယုံစားစရာရှိလို့လဲ ဦးလေးရဲ့ ဦးကံကောင်းဟာ လူခုနစ်ယောက်အသက်ကို သတ်တဲ့အတွက်တော့ မသေရ၊ ဘယ်လူက အချောင်ဝင် သတ်သွားမှန်း မသိတဲ့ ဦးစိန်မောင်အတွက် ကြား က အချောင်ဝင်ပြီး စက်တိုင်တက်ရတာကို ထောက် လိုက်ရင် တရားဥပဒေက ပတ်ဝန်းကျင် အခြေအနေနဲ့ သက်သေထွက်ချက်စကားတွေကို ကိုးကားပြီး ကြိုးဒဏ်ပေးတာကိုသာ အခြောက်တိုက်ကြီး ခံသွားရတာ ကပဲ၊ ဟို ... အသက်ခုနစ်ချောင်းကို သတ်ခဲ့တဲ့ အပြစ်ဒဏ် ကိုမှ မခံရဘဲ ဦးကံကောင်းလုပ်ခဲ့တဲ့ အကုသိုလ် ကံက တိုက်ရိုက်မှ မစူးဘဲ ကပဲဦးလေးရ... " ဟု ငြင်းချက်ထုတ်လိုက်သည်၌ ဦးလေးပြုံးလာ၏။

ပြီးလျှင် ဦးကံကောင်းဟာ သူ့မှတ်တမ်းမှာ ပါတဲ့အတိုင်း စက်တိုင်တက်ရတယ် ထင်သလားကွ" ဟု မေးလိုက်၏။ ကျွန်တော်ကလည်း " စက်တိုင်တက်ရလို့မှ ကြိုးပေးတဲ့ သတင်းကိုတောင် ဖတ်လိုက် ရပါသေးသကော ဦးလေးရဲ့" ဟု ဆိုလိုက်ရာ ဦးလေးက " ဦးကံကောင်းဟာ ဦးစိန်မောင် သတ်တဲ့အမှုနဲ့ စက်တိုင်မတက်ရတဲ့ အပြင် ကွင်းလုံးကျွတ်တောင် လွတ်သွားသေးတယ်၊ မင်းမသိလို့ ဒါက အတွင်းရေးကွ" ဟု ဆို၏။ ကျွန်တော်လည်း ခပ်ဆန်းဆန်း ရှိသည့်အတွက် " ရှင်းပြစမ်းပါဦး ဦးလေးရယ်၊ ကျွန်တော်ဖြင့် နားမလည်ပါ ဘူး" ဟု တောင်းပန်လိုက်ရ၏။

ထိုအခါမှ ဦးလေးက " ဒီလိုလေ ... ဦးကံကောင်း စက်တိုင်ပေါ်ရောက်ပြီး ဒေါက်ဖြုတ်တော့မည့် ဆဲဆဲ ကလေးမှာ ၀န်ကြီးဆီက တယ်လီဖုန်းလာပြီး ကြိုးမပေးဘဲ ရပ်ထားဖို့တားလိုက်တယ်၊ တယ်လီဖုန်းသာ ဆယ်စက္ကန့်လောက် နောက်ကျရင် မင့်ဦးကံကောင်း အသေဘဲ...၊ အဲဒီလို တားလိုက်တာက တခြားမဟုတ် ဘူးကွ...၊ လက်စသတ်တော့ ဒရ၀မ်အဘိုးကြီးရဲ့ သမီးစက်ထဲက ကူလီမလေးကို ဦးစိန်မောင်က အနိုင်ကျင့် နေတော့ ကိုယ်ဝန်ရှိရော ဆိုပါစို့ကွာ...၊ အဲဒါကို ဦးစိန်မောင်က သူ့အပေါ်မှာ တာဝန်မရှိအောင် တစ်ညမှာ ကောင်မလေး ကို ချိန်းပြီး ဆန်စက်မောင်းတဲ့ ကုလားနဲ့ အခန်းပိတ်ပေးသတဲ့၊

အဲဒါကို အဖေ ဒရ၀မ်ကြီးသိ တော့ ဦးကံကောင်း  သွားပြီး ဦးစိန်မောင်ကို ထိုးကြိတ်လုပ်တဲ့၏ညမှာ အဘိုးကြီးက အခွင့်ကောင်း ယူပြီး သတိမေ့နေတဲ့ ဦးစိန်မောင်ကို ပုလင်းနဲ့ အသေရိုက်သတ်၊ ရိုက်တဲ့ ပုလင်းကို မြေကြီးထဲ တူးမြှုပ်ပစ်လိုက် တယ်၊ ဒီအကြောင်းက ဒရ၀မ်အဘိုးကြီးကို မြွေပေါက်ခံရလို့ သေခါနီး ကျမှ ဖွင့်ပြောသွားတာ၊ ကိုင်း ... ဘယ်လောက်ဆန်းသလဲ၊ ဦးကံကောင်းကို တစ်ခါထဲ တရားသေ လွှတ် ရတော့တာပဲဟေ့ "ဟု ရှင်းပြ၏။ သို့တိုင်အောင် ကျွန်ုပ်မှာ နားထွေးထွေးပင် ရှိနေသေး၏။ ဦးကံကောင်း တရားသေလွှတ်သည်ဟုလည်းဆို ၏။ ဦးကံကောင်းအား ကြိုးပေးပြီးသော သတင်းများ မှာလည်း သတင်းစာများ၌ ကျွန်တော် အသေအချာ စာ လုံးမဲကြီးများနှင့် ဖတ်ခဲ့ဖူးသေး၏။ နားမရှင်းနိုင်ပါ။ ထို့ကြောင့် ...
" ဒါဖြင့် ဦးကံကောင်းကို ကြိုးပေးပြီးတဲ့အကြောင်း သတင်းစာတွေမှာ ဘာပြုလို့ ပါလာရတာလဲ ဦးလေး ရယ်၊ ကဲ ... " ဟု မေးလိုက်ရာ ဦးလေးလည်း ၀ါးခနဲတစ်ချက်သန်းကာ နှုတ်ခမ်းမွေးကို တစ်ချက်သလိုက် ပြီးမှ ...

" ဒီလိုလကွာ ... ကြိုးစင်ပေါ်က ဦးကံကောင်းကို ချခဲ့ပြီးတော့ အကျိုးအကြောင်းလည်း ပြောလိုက်ကရော ... ဦးကံကောင်း ဟာ ၀မ်းသာလွန်းလို့ ချက်ခြင်းထပြီး ကတာပဲဟေ့၊ ကသမျ စိန်ကတုံးကကို ကတာ၊ အဲဒီလို ကနေတုန်းမှာ ၀တ်လုံတွေကလည်း ရှန်ပိန်ပုလင်းနဲ့ ဖန်ခွက်နဲ့ ရောက်လာညပီး အောင်ပါစေသော အောင်စေသောဆိုပြီး တပျော်တပါးကြီး အရက်ခွက်ချင်း နခမ်းရိုက်ပြီး သောက်ကြသေးတယ်၊ ပြီး တော့ကာ ထောင် မှူးကြီး ကိုယ်တိုင်လည်း ဦးကံကောင်းတို့ကို သူ့ရုံးခန်းခေါ်သွားပြီး ဦးကံကောင်းကို လွှတ်ဖို့ ချက် ခြင်းစီရင်ရတာပဲစေဟ့..။ နိုင်ငံရေး သမားတွေရဲ့ မိတ်ဆွေရင်း တကယ့်သူဌေးကို မှားပြီး ကြိုးပေး မိမလို့၊ တားတားကလေး လိုတော့တဲ့အဖြစ်မို့ အားလုံး မျက်လုံးပြူးကုန်ကြရတာပေါ့ကွာ ... " ဟု ဆိုကာ စကားကို ရပ်လိုက်၏။

ကျွန်ုပ်လည်း ဦးလေးတမင်စကားရပ်၍ အဖိုးတန်အောင် နားထောင်ချင်စိတ်ဖြင့် မချင့်မရဲဖြစ် အောင် လုပ်နေသည်ကို သိသဖြင့် " ကိုင်း ကျွန်တော် ပြန်တော့မယ်၊ ဦးလေး ပြောချင်လည်းပြော မပြောချင်နေ "ဟု ဇွတ်ကိုင်လိုက်ရ၏။ ဤတွင် ဦးလေးလည်း တစ်ချက်ရယ်ကာ " ခွေးမသား ဒီအရွယ် ရောက်တောင် ခွေးပုရန်လို လုပ်တုန်းပဲကိုး၊ အဲကွာ ... ဦးကံကောင်းကို ချက်ချင်း လွှတ်လိုက်ရတော့ ဦးကံကောင်းဟာ ၀မ်းသာလုံးဆို့ပြီး ကြိုးတိုက်ထဲက သူ့ခေါင်းအုံးအောက်မှာ ဟောဒီမင်းအခုဖတ်ပြီးတဲ့ မှတ်တမ်းကြီးကို ဦးကံကောင်းဟာမေ့ပြီး ထားခဲ့သကွ၊ ကြိုးတိုက်ကို ဗာရာတွေ ရှင်းတော့မှ တွေ့ပြီး တို့ဆီ ကို လာပို့တယ်...၊ ဒီမှတ်တမ်းကြီးထက် လူသတ်မှု ဖြောင့်ဆိုချက်စစ်တာ ဘယ်မှာရှိလိမ့်လဲကွာ...၊ ဒီတော့ မှ ဦးကံကောင်းကို ပြန်ဖမ်းပြီး ထောင်ထဲမှာပင် အမှုစစ်ပြီးတော့ ကြိုးပေးလိုက်ရတာပဲ၊ ကိုင်း ... ပြန် ... ပြန် ... ခွေးမသား" ဟု ဆိုလိုက်ပါသတည်း။

တင့်တယ်

ပြီးပါပြီ
----------------------

3 comments:

kiki said...

ကံ ၊ ကံ၏အကျိုး ဆိုတာ တကယ်မှန်တာပါပဲလား ။
နောက်ဆုံးတော့လည်း ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံကြရတာပဲပေါ့ နော်..

မင်းဧရာ said...

ဖြစ်ရလေဗျာ...
ဆန်းကြယ်လိုက်တဲ့ ကံတရား
ဝတ္ထု ကောင်းကြီးတစ်ပိုဒ် တော့ပြီးသွားပြန်ပြီ အမကြီးရေ
နောက်တစ်ပိုဒ် တင်ပေးပါလို့ သတိပေးပါမဟုတ်ပါဘူး
ဟီးဟီး နှမြောသလိုလို ရှိလို့ပါ။
စာပေကောင်းကောင်း လေးတွေ ဖတ်ရလို့ ကျေးဇူးကြီးလှပါတယ်ဗျာ
အမကြီးရော အမလေးရော ကျန်းမာချမ်းသာကြပါစေ။

Anonymous said...

ိဆရာတင့်တယ်မျှော်လင့်သလို စာပေဆု မရလို့ ဆရာ မကျေမနပ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပါရစေ။

ဆရာက နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းစွဲ စာရေးဆရာတင့်တယ် ဆိုပြီး အဲဒီခေတ်က နာမည်ကြီးပါတယ်။ စာရေးကောင်းပေမယ့် ဘာသာပြန်လက်ရာတွေကလွဲရင် တော်တော်များများက အပျော်ဖတ် အချစ်ဝတ္ထု စာရင်းသွင်းခံရပါတယ်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးတို့၊ ဆရာဆင်ဖြူကျွန်းအောင်သိန်းတို့ စာတွေက ဆရာ့လောက် ဝင်ငွေမကောင်းခဲ့ပေမယ့် ပရိသတ်ရဲ့ စံမှာ ပိုမြင့်မြင့် နေရာထားခံရပါတယ်။ အမှန်က ဆရာ့လက်ရာ ဆရာ့ရေးလက်က ပေါ်ပင်လိုင်းကိုသာ မရွေးခဲ့ရင် စာပေသမိုင်းမှာ ဒီထက် ကျန်ခဲ့မယ့်လက်ပါ။

ကမ္မဖလကို ဆရာက ဘာသာရေးစာပေအဖြစ် မြင်ပေမယ့် ဘာသာရေးတကယ်နှံ့စပ်တဲ့ လူကြီးလူငယ်တွေက ဒီလိုမမြင်ကြပါဘူး။ ဘယ်ဘာသာရဲ့ ဘာသာရေးအတွေးအခေါ် အယူအဆမှ မယ်မယ်ရရ မပါလို့ပါ။ လီယိုတောလ်စတွိုင်းဆို သူ့စာတွေမှာ သူ့ဘာသာရေးအမြင် ဘဝအမြင်တွေ ပါတတ်တယ်။

အဲဒီခေတ်က ဆရာကြီးရွှေဥဒေါင်းရဲ့ ဘာသာပြန်စာပေတွေ ခေတ်စားပါတယ်။ စာပေဗိမာန်ကလဲ အနောက်တိုင်းဝတ္ထုတွေ ပုံမှန်ဘာသာပြန် ထုတ်ဝေတယ်။ ဘာသာပြန် အင်္ဂလိပ်ဝတ္ထုတွေနဲ့ မြန်မာအမှီးဇာတ်လမ်းတွေမှာ စွန့်စွန့်စားစား ဘဝကို အနိုင်ယူတာတို့၊ လက်စားချေတာတို့ ပါတတ်ပေမယ့် ဒီလိုကြီး အပြစ်မဲ့သူတွေကိုပါ မဆီမဆိုင် သတ်ပစ်တဲ့ဇာတ်အိမ်မျိုးတော့ အဲဒီခေတ်က အနောက်တိုင်း စာရေးဆရာတွေ ရှောင်ကြတယ်။ ဥပမာ ဆရာမင်းသိင်္ခ ဝတ္ထုတွေဆိုလဲ ဒီလိုအရိပ်အငွေ့ ပါတတ်တယ်။ မျက်နှာမွဲအစော်ကားခံဇာတ်လိုက်က ရုန်းကန်တယ်၊ အောင်မြင်အောင် ကြိုးစားတယ်။ ပြီးရင် လက်စားချေတယ်။ ဒါပေမယ့် အပြစ်မဲ့သူကို မထိခိုက်အောင်ရှောင်တယ်။ ဥပမာ မြိုင်မဟာမမြလေး။

ဆရာ့ဇာတ်လမ်းထဲမှာ ဇာတ်လိုက်က အမွေလိုချင်ဇောနဲ့ သူ့ကို ဘာမှ မနှိပ်စက်ခဲ့တဲ့ အပြစ်မဲ့သူတွေဖြစ်တဲ့ ကလေးပိစိလေးကို သတ်တာ၊ အမယ်ကြီးကို သတ်တာ၊ သူပုန်ဗိုလ်ကလေးကို သတ်တာ၊ ကျောင်းထိုင်ဆရာတော်ကြီးကို သတ်တာတွေက -- ဒီလိုစာမျိုး ဆုမပေးသင့်ဘူးလို့ မြင်စရာ ဖြစ်သွားတာပါ။

နောက်--ဗုဒ္ဓဘာသာကိုလဲ ပါးပါးနပ်နပ် သရော်သွားတယ်လို့ မြင်စရာလေးတွေ ပါသွားပါတယ်။ ဒေါ်သောင်းရင်ကို အစမှာ ဘာသာရေးကိုင်းရှိုင်းပြီး ဘုရားတရားနဲ့နေတဲ့ အမယ်ကြီးအဖြစ် ဖွဲ့ထားပြီးမှ ဗေဒင်တွေ၊ နတ်တွေ၊ အင်းတွေ ဝါသနာကြီးသူအဖြစ် ပြန်နှိပ်ကွပ်ရေးလိုက်တာမျိုး။ ဆရာတော်ဦးသြဘာကို ဘုရားတရားရိပ်မှာ သူ့ဟာသူ အေးအေးချမ်းချမ်းနေတဲ့ ဆရာတော်ပါလို့ ရှေ့ပိုင်း ရေးပြီးမှ ဆေးဝါသနာအိုးဘုန်းကြီးအဖြစ် နောက်ပိုင်း ပြန်ဖိရေးလိုက်တာမျိုး။ ဇာတ်လိုက်က ဘုန်းကြီးကျောင်းမှာ နေခဲ့ရလို့ ဒီလို မာယာများ ဟန်ဆောင်တတ်ပြီး ကပ်ဖားရပ်ဖားစိတ်တွေ ဝင်ခဲ့ရပါတယ်ဆိုတာကလဲ ဗုဒ္ဓဘာသာကို ပါးပါးနပ်နပ် နှိပ်ကွပ်ထားသလို ဖြစ်နေတယ်။

အဲဒီခေတ်က တိုးတက်တယ်ဆိုတဲ့ လက်ဝဲစာရေးဆရာတွေက ဗုဒ္ဓဘာသာကို တော်တော်လေး နှိမ်ရေးကြတယ်။ မြန်မာပြည်ဆိုတော့ အဓိက နှိမ်စရာကလဲ ဗုဒ္ဓဘာသာပဲ ဖြစ်နေတာကိုး။ လက်ဝဲစာရေးဆရာတွေ ရေးရင် ဘုန်းကြီးတွေ အကျင့်ပျက်ကြောင်း၊ ဘုရားဒကာ မယားငယ်ထားကြောင်း၊ မြန်မာတွေဟာ ဘုရားတည်ကျောင်းဆောက်နေတဲ့ ပိုက်ဆံတွေကို စာသင်ကျောင်းဆောက် လမ်းတွေဖောက်သင့်ကြောင်း ရေးမယ် (သူတို့ပိုက်ဆံတွေကိုတော့ စာသင်ကျောင်းလဲမဆောက်၊ လမ်းလဲမဖောက်ဘူး။ အရက်သောက်ပစ်တယ်)။

အခု ကမ္မဖလမှာက ဒီလို မရေးပေမယ့် သွယ်ဝိုက်များ ရေးထားလေသလားလို့ သံသယရှိစရာတွေ ပါကုန်တယ်။ အကြံသမား လူယုတ်မာက ဘုန်းကြီးကျောင်းမှာ ကြီးခဲ့ရတဲ့ ဘုန်းကြီးကျောင်းထွက် ဖြစ်နေတာ၊ ကျောင်းထိုင်ဆရာတော်ကြီး ဦးသြဘာရော၊ ဘုရားတရားနဲ့နေပါတယ်ဆိုတဲ့ ဒေါ်သောင်းရင်ရောဟာ မဆိုင်တာတွေ ဝါသနာပါနေတာတွေဟာ ဘာသာရေးကို မသိမသာ ဆော်ထားလေသလား။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိခဲ့တဲ့ခေတ်ဆိုတော့ ထုတ်လို့ရပါတယ်။ ဒါပေမယ့် ဆုပေးမိရင်တော့ ပေးပြီးမှ ''ဟဲဟဲ.. ကိုယ့်လူတို့က ဗြောင်ဆဲတာကိုး။ ဒီလိုပိပိရိရိလေး လုပ်ရတယ်ဗျ။ ခု မသိလို့ ဆုတောင်ပေးလိုက်သေး''လို့ အဟားခံရစရာ ဖြစ်သွားခဲ့ရင် မကောင်းဘူးလေ။