Monday, September 12, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၃)

ဤသည်ကား ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဥာတိ ကိုလူကျော်များ ၁၅ နှစ်ကာလ ခြားပြီးမှ ပြန်လည်တွေ့ဆုံကြရပုံ ပင် ဖြစ်၏။ သင်းတို့တစ်တွေနှင့် ကြုံရပြီးသည့်နောက်တွင် ကျွန်ုပ်၌ ခြေလှမ်းကြီးသုံးရပ်ကို လှမ်းရန် အသင့် ပြင်ထားရ၏။ ပထမခြေလှမ်းမှာ သင်းတို့ဆွေမျိုးတစ်စုနှင့် ချစ်ကျွမ်းဝင်၍ အတွင်းရေး အပြင်ရေးတို့ကို အား လုံးသိနိုင်သမျှ သိရဖို့ဖြစ်၏။

ဒုတိယခြေလှမ်းမှာကား အမှီတစ်ယောက်မှအပ အခြားသောသူတို့ကို အဘိုး ဦးနကီ၏ အမွေဟူသမျှ ခံစားရမည့် သူမှန်ပါက လျှို့ဝှက်စွာ ကိစ္စတုံးအဆုံးစီရင် သတ်ဖြတ်ပစ်ရန်ဖြစ်၏။ တတိယ ရည်ရွယ်ချက် မှာကား အမှီကို အနုနည်းဖြင့် မရသော် အကြမ်းနည်းကို သုံးရစေကာမူ မရ အရယူ၍ အဘိုးဦးနကီ၏ ပစ္စည်းပုံပေါ် တွင် သူဌေးကြီးအမည်ခံလျက် ခံစားဖို့ပင် ဖြစ်ပေသည်။ ကျွန်ုပ်အား အကြံပက် စက်သည်ဟု ဆိုချင် က ဆိုကြပေမည်။ သို့သော် ကျွန်ုပ် ခံစားခဲ့ရသော ဒုက္ခတို့၏ အကြော်းကို ပြန်၍ ထောက်လိုက်ပါက ကျွန်ုပ် အား အပြစ်တင်လိုမှ တင်ကြပေမည်။ သဘောအတိုင်းပင် ...။
*
ရန်သူအသစ်တစ်ဦး

ဦးဒေါနတို့ သားအဖအား ကယ်တင်ခဲ့ပြီးသည့်နောက် ကျွန်ုပ်နှင့် ကျွန်ုပ် လက်စားချေရန် တစ်သက်လုံး ကြိုး ပမ်းလာခဲ့သော ဆွေမျိုးတစ်စုတို့ ပြန်ပေါင်းထုပ်မိကြကာ ဖက်လဲနံပါး သင့်ကြပုံများကို အသေးစိတ်ရေးလို၏။ သို့သော် ကျွန်ုပ်တွင် အချိန်မရတော့၊ မကြာမီပင် ကြိုးဒဏ်မှလွှတ်ရန် တင်ထားသော အသနားခံစာ၏ အရှုံးအမြတ်ကို ကြားသိရပေတော့မည်ဖြစ်ရာ အသနားခံစာ တင်ရာတွင် အရာမထင်ဖြစ်ရ ပါက အလွန်ဆုံး ခုနစ်ရက်သာ အသက်တာရှည်တော့မည်ဖြစ်သောကြောင့် ကျွန်ုပ်၏ ဤအဖြစ် စဉ်မှတ်တမ်းကို နေ့မအား ညမအား ရေးရပေတော့မည်။ ဤသို့ နေ့မအား ညမအား ရေးသည့်တိုင်အောင် ရေးစရာတွေ ရှိတိုင်းသာ ရေးရမည်ဆိုပါက အနည်းဆုံး နောက်တစ်လခန့်ကြာအောင် ဆက်၍ ရေးရမည် ဖြစ်သဖြင့် ကျွန်ုပ်၏ ဤအဖြစ်စဉ်သမိုင်းကို ရှေ့ပိုင်းမှာကဲ့သို့ အနုစိတ် မရေးသာတော့ဘဲ အရေးကြီးဆုံး အကွက်များကိုသာ ကောက်၍ ရေးရပေတော့မည်။

ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့၏ အသက်များကို ကယ်ဆယ်လိုက်သည့်အတွက်ကြောင့်ပင် သင်းတို့ တစ်ဆွေ လုံး တစ်မျိုးလုံးပင် ကျွန်ုပ်အား များစွာ ပျူပျူငှာငှာ ရှိကြပေသည်။ သူတို့တည်းခိုသော အိမ်ကို ကျွန်ုပ် ၀င်ထွက်တိုင်းလည်း တကယ့်ဧည့်ကောင်း စောင်ကောင်းပမာ ပြုစုကြ၏။ ယခင်ကနှင့်မကွာပါလား။ ကျွန်ုပ် ကား သူတို့၏ အသက်သခင်ဖြစ်နေ၍ အားလုံးပျူငှာကြသည်မှာ မဆန်းလှ။ မောင်ညိမ်းအောင်သည် လက်ဦးက ကျွန်ုပ်အား ရှေးဖြစ်ကို တွေးမိတိုင်း စကားပြောရမှာပင် ခပ်အမ်းအမ်းရှိ၏။ သို့သော် ဖော်လံဖား အနုပညာ နှင့် မာယာပရိယာယ် အနုပညာတို့ကို ဘ၀ဒုက္ခတို့က သင်တန်းအမျိုးမျိုး ပေးလိုက်သဖြင့် ကျွမ်း ကျင်ပြီးဖြစ်နေသော ကျွန်ုပ်သည် မောင်ညိမ်းအောင်အား အခြားသူများထက်ပင် ပို၍ ရင်းနှီးခင်မင်အောင် ပေါင်းသင်း ဆက်ဆံခဲ့၏။

ထို့ကြောင့် မကြာမီပင် မောင်ညိမ်းအောင် ကိုယ်တိုင်ကပင်လျှင် ကျွန်ုပ်အား " ဟေ့ ကောင်ဟု ယခင်က ခေါ်ခဲ့သည့်နေရာ၌ "ကိုကောင်း" ဟု ပင် ခေါ်ဝေါ်နေပေပြီ။ လက်ဦးက ကျွန်ုပ်အား "ဗိုလ်ကျော်ခေါင်" ဟုခေါ်၏။ ဤတွင် ကျွန်ုပ်က "ညီအစ်ကိုရင်းအချာချင်းကို ဒီလို ဖြစ်ကတတ်ဆန်း ခေါ်ရ တဲ့နာမည်ကြီးနဲ့ မခေါ်ပါနဲ့ဗျာ။ နာမည်ရင်းကိုပဲ ခေါ်ပါ။ ကိုယ့်သွေးရင်းသားရင်းတွေပဲဟာကို ... " ဟု ကျွန်ုပ် က အလွန့် အလွန် ချစ်ဟန်ဖြင့် ပြောလိုက်သည်၌ မောင်ညိမ်းအောင်သည် ကျွန်ုပ်အပေါ်၌ "ဒီလူ မရိုင်းဘူး၊ ငါစော်ကား ထားတာကို အမှတ်မထားဘူး၊ တော်တော် သဘောကောင်းတဲ့လူ" ဟူ၍ တွေးတော ယူဆဟန် ရှိ၏။

ထိုအခါကစ၍ မောင်ညိမ်းအောင် သည် ကျွန်ုပ်အား " ကိုကံကောင်း" ဟုပင်မခေါ်။ " ကိုကောင်း" ဟု ချစ်စနိုး အဖျားဆွတ်၍ ခေါ်သောအခြေသို့ ရောက်ခဲ့၏။ အော် ... မောင်ညိမ်းအောင်ကား မြွေပွေးမြီးတို ကိုမှခါးပိုက် ပိုက်မိရှာပေပြီ။ ကျွန်ုပ်ကား မြွေပွေးမြီးတို မဟုတ်ပါလော။ သူတို့ဝိုင်း၍ ညှင်းထား သဖြင့် အမြီးပြတ် ကာ စိတ်တိုနေသော မြွေပွေးမြီးတိုပင်။ သို့သော် မြွေးပွေးလို စိတ်မဆတ်၊ ငန်းတော်ရေလို စိတ်ရှည် ၏၊ စိတ်ရှည်သလောက် ပေါက်လိုက်သောအခါတွင် တုန်းခနဲ ဆေးမမီဘဲ အကျိုးနည်းကိစ္စချောရ စေမည့် စိတ်ရှည် သော မြွေပွေးမြီးတို ကျွန်ုပ်ကို သင်းတို့ တစ်မြုံလုံးက သွေးရင်းသားရင်းအဖြစ်ဖြင့် အသိ အမှတ် ပြုကြပေပြီ ...။

မောင်ညိမ်းအောင်တို့ သားအဖကို ကျွန်ုပ်ကယ်ဆယ်ခဲ့သောအခါ၌ ၁၉၄၂-ခုနှစ်သို့ပင်ကူးချေပြီ။ ကျွန်ုပ်မှာ အသက် ၃၂ နှစ် ထဲသို့ ၀င်ချိန်ဖြစ်၏။ အသက် ၃၀ ကျော်မှ ကံပေါ်သည်ဟု ဆိုရပေတော့မည်။ ဦးဒေါနတို့ သည် မော်လမြိုင်၌ သုံးလခန့်ကြာ၍ နေ၏။ အကြောင်းမှာကား ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့မှာ ဂျပန် ရိုက်ထား သဖြင့် အတွင်းကြေဒဏ်ရဂာများအပြင် ထိပ်ပေါက် ခေါင်းကွဲ နားရွက်စုတ်သောဒဏ်ရာများကိုပါ ရကြလေရာ မိမိတို့ လူတွင်ကျယ် မျက်နှာဖုံးလုပ်ရာ ဇာတိမြို့သို့ ဒဏ်ရာများနှင့် ပြန်ရမည်မှာ မျက်နှာပန်း မလှသော ကြောင့် ဒဏ်ရာများပျောက်သည်အထိ မော်လမြိုင်တွင် ဆေးကုနေကြခြင်းဖြင့် သုံးလခန့်ကြာ၍ သွားရခြင်းဖြစ်၏။

ဤသုံးလအတွင်း ၌ ကျွန်ုပ်သည် အချိန်အားလပ်တိုင်းပင် ဦးဒေါနတို့၏ တဲခိုအိမ်သို့သာ ရောက်၍နေခဲ့၏။ အသက် ကို ကယ်သောကျေးဇူးရှင်ဖြစ်သဖြင့် သူတို့ကလည်း ထွက်စေ ၀င်စေချင်ကြသည်။ ထို့ပြင် သူတို့ နှစ်ယောက် ဂျပန်လက်မှ လွတ်ခါစ၌ ကျွန်ုပ်အား ငွေငါးထောင်ပုံ၍ ကျေးဇူးဆပ်ကြဘူးလေသေးသည်။ သို့ သော် ကျွန်ုပ်က " ကျွန်တော် စေတနာတွေ အလကားမဖြစ်ပါစေနဲ့ ဦးလေးရယ် မတော်ပါဘူး" ဟုဆိုကာ ဇွတ်ပေးသည် ကိုပင် ငြင်းလိုက်သဖြင့် ကျွန်ုပ်အား ပို၍ အထင်ကြီးကြ၏။ ခင်ကြ၏။ ကျွန်ုပ်၏ ရင်တွင်း ၌ကား "ငွေငါးထောင်ဟာ ခင်ဗျားတို့အဖို့မှာ ရေထဲလွှင့်ပစ်တောင်မဖြုံတဲ့လူတွေကလားဗျာ၊ ကျုပ်က ဒါလောက် ကို မှန်းတာမှ မဟုတ်ဘဲ "ဟု အသဲနှလုံးတို့က တီးတိုး သရော်လိုက်ကြသေးသည်။

ကျေးဇူးရှင် အဖြစ်အပြင် သွေးရင်းသားရင်း အဖြစ်နှင့်လည်း ကျွန်ုပ်မှာ ၀င်ထွက်သွားလာနေသေး၏။ ဦးဒေါန နှင့် မောင်ညိမ်းအောင် တို့၏ ဒဏ်ရာများအတွက် လိုသမျှသော ဆေးဝါးကို ဆေးရှားပါးသော ဂျပန်ခေတ်၌ ပင် မရ ရအောင် ရှာဖွေပေး၏။ အရေးထဲ၌ ဦးဒေါနမျာ ၀မ်းကိုက်ဝမ်းကျ ဖြစ်နေပြန်လေရာ ကျွန်ုပ်ပင်လျှင် ဂျပန်တပ်ဆရာဝန်ကို ပူးပေါင်း၍ ခုခေတ်က ရွှေထက်ရှားသော အင်မယ်တင်လိုရိုက် ဆေးမှုန့် ကို တပ်ဆေးရုံ မှခိုးကာ ဦးဒေါနကို ဆေးထိုးကုသပေးသေး၏။ ကျွန်ုပ်၏ ကျေးဇူးတွေ တစ်ပုံ တစ်ပင်ကြီး နှစ်ထပ်ကြော့ သုံး ထပ်ကြော့ တင်နေသော သင်းတို့တစ်သိုက်သည် ကျွန်ုပ်အား မခင်မင်ဘဲ မနေနိုင်။

ကျေးဇူးရှင် ဘ၀နှင့် သွေးရင်းသားရင်းဘ၀တို့ဖြင့် ပိုမိုခင်မင်စေရန် ကျွန်ုပ် ၀င်ထွက်သွားလာနေသည်ထက် အမှီကလေး အတွက်ကြောင့်လည်း ကျွန်ုပ်သည် အချိန်အားလပ်တိုင်း သူတို့ဆီကို သွားလာနေခြင်းဖြစ်ပြန် ၏။ အမှီကား အတော်ဆန်းသော မိန်းမပျိုဖြစ်၏။ အ၀တ်အစားအလှအပကို နှစ်သက်တတ်သော မိန်းကလေး ရုပ်ရည်အလွန်တရာ ချောမောလှပသော မိန်းကလေး။ ပညာဗဟုသုတလိုက်စားသော မိန်း ကလေး ဟူသမျှတို့မှာ အိမ်ထောင်ကို ထိန်းသည့်ဘက်က ဟာတတ်ပေရာ အမှီမှာမူ အ၀တ်အစားလှလှပပ အချိုး ကျကျ ၀တ်တတ်သဖြင့် နဂိုရှိတိုင်း နဂိုင်းထွက်လျက် ချစ်သထက်သာ ချစ်စဖွယ်ကောင်းနေရာ၌ အိမ်ထောင်ကို ထိန်းသိမ်းစီမံရာတွင် တကယ်တမ်း ကျွမ်းကျင်သည့်အပြင် ကျွမ်းကျင်ရုံသာမက ငါးပိအိုး၊ ဆားအိုး များကိုပင် သီးသန့်၍ ကြွေဇွန်းငယ်များ တပ်ဆင်ထားသည်အထိ သန့်ရှင်းသူ ဖြစ်သဖြင့် ကျွန်ုပ် မှာကား "အမှီနဲ့များ ပေါင်းရမယ်ဆိုရင်တော့လားကွာ" ဟူ၍ အစချီသေး အိပ်မက်ကောင်းများကို မက်၍ ကြည့်ရ သည်မှာ အခါပေါင်းများလှပေတော့သည်။

အမှီနှင့် ဆက်ဆံရာ၌ ကျွန်ုပ်သည် မျက်နှာပိုးသေသေ ဆက်ဆံ၏။ ရင်ထဲက ကြိုက်လိုက်သည်မှာကား အသဲ ရော အူရောတုန်၍ နေပါတော့သည်။ သို့သော် ကျွန်ုပ်၏ သည်းထန်လှသော မေတ္တာစိတ်ကို ကျွန်ုပ် အရိပ်မျှ မပြ။ တကယ့် သမာဓိရှင်ကြီးကဲ့သို့ အမှိအား (အမှီ)ဟုပင် နာမည်ကို မခေါ်။ "ညီမလေး" ဟု လူကြီးသံ အကိုကြီးသံနှင့်ခေါ်၏။ သွေးရင်းသားရင်း တစ်အူတုန်ဆင်းသဘောကို ပေါက်စေလို၍ ခေါ်ခြင်း လည်းဖြစ်၏။ ကျွန်ုပ်၏ စုံစုံမက်မက် ဖြစ်နေသောစိတ်ကို ဖော်ပြသည့် ကနွဲ့ကလျ အမည်ဖြင့် ခေါ်ပါက အမှီ သည် ကျွန်ုပ်အား သူ့ကို ရွယ်သည်ဟု ထိတ်လန့်ကာ ငြင်းဆန်သောစိတ်ဓာတ် ပေါ်မည်ကိုလည်း စိုး သဖြင့် ဖြစ်သည်။ တဖြည်းဖြည်းနှင့် ဆွေမျိုးရင်းချာစိတ်ကို မွေးမြူပြီးမှ ထိုနေရာကတစ်ဆင့် အချစ်စခန်း ဖွင့်ရ သည်အထိ တစ်နေ့တစ်လံ ပုဂံသို့အရောက် ကြံစည်ရခြင်းဖြစ်ပေတော့သည်။

အမှီခမျာလည်း ကျွန်ုပ်အား လက်ဦးတွင် တစ်လခန့်အကဲစမ်းသလို ခပ်ဝေးဝေးမှ လက်တစ်လှမ်းအကွာ ထား၍ ထိုက်သင့်သလို ဆက်ဆံ၏။ မမျှော်လင့်ဘဲ ရုတ်တရက်တွေ့ရသော မောင်နှမ၀မ်းကွဲဖြစ်သော ကြောင့် ခပ်စိမ်းစိမ်းဖြစ်နေ၏။ သို့သော် ဖခင်၏ အသက်ကို ကယ်ဆယ်သူ ကျေးဇူးရှင်အဖြစ်ဖြင့်ကား အသိ အမှတ်ပြုကာ လိုလေသေးမရှိ ပြုစုပါပေသည်။ သူက ပြုစုလေ ကျွန်ုပ်မှာ အတွင်းကြိတ် မေတ္တာပွားလေ ဖြစ် ၏။

သို့ရာတွင် အရိပ်လက္ခဏာမျှပင် မေတ္တာရှိကြောင်းကို မပြ၀ံ့၊ မတော်တဆ လန့်၍ခွာသားပါက ပို၍ အချဉ်းရ ခက်မည်ဖြစ်၏။ အပျုတို့ဓမ္မတာကား လူပျိုက လက်ကို ကိုင်လျှင်ပင် ညအခါ၌ ကိုင်သောအခါ မတွန့်ဘဲ နေ့အခါ၌ကိုင်လျှင် " ငါ့လက်ကို လူပျိုကိုင်ပါကကော"ဟူသော အတွေးစိတ်ဖြင့် ရှက်ရွံ့သလို တွန့် ကာ မူလကျီသွန်ဖြူများတတ်ပေရာ ကျွန်ုပ်မှာ အမှီနှင့် မဝေးလည်း မဝေးအောင်၊ ရွံ့သွားလောက်အောင် လည်း မနီးစေအောင်၊ တစ်ဦးနှင့်တစ်ဦး မျက်ခြည်မပြတ်စေရုံမျှ ကြားချ၍ ဆက်ဆံနေခဲ့၏။ ကျွန်ုပ်၏ လမ်း စဉ်မှာ လမ်းစဉ်မှန် ဖြစ်နေသဖြင့် အမှီသည် ကျွန်ုပ်နှင့် ရယ်စရာ မောစရာလေးများကို ပြောတတ် ဆိုတတ် သည့် အခြေ သို့ပင် ရောက်လာခဲ့ပေသည်။

ဤသို့ ရောက်လာသောအခါမှာမှ ဦးဒေါနတို့ သားအဖမှာလည်း ကျန်းမာကာ နာလန်ထူစ ပြုလာကြပြန် သောကြောင့် သူတို့ တစ်မြုံလုံး သူတို့နေရင်းမြို့သို့ ပြန်ကြတော့မည်ဟု စီမံကြသောအခါသို့ တိုင်ခဲ့ပြန် လေ သည်။
ထို့ကြောင့် တစ်နေ့သောညနေတွင် အမှီတို့အိမ်သို့ ကျွန်ုပ်ရောက်၍ သွားသောအခါ၌ ဦးဒေါနနှင့် မောင်ညိမ်းအောင် တို့ကို မတွေ့ရဘဲ အမှီနှင့် အခြားဆွေမျိုးများကိုသာ တွေ့ရသဖြင့် ဧည့်ခန်းတွင် ထိုင်မိသည် နှင့် တစ်ပြိုင်နက် " ဦးလေးတို့ကော ... ညီမလေး " ဟု မေးလိုက်ရာ အမှီက " ဖေဖေတို့ တနင်္သာရီ ဘက်ကို ပြန်ခါနီး ထမင်းကျွေးပါရစေဆိုပြီး အတင်းလာခေါ်သွားလို့ လိုက်သွားကြရတယ်" ဟု ဖြေသဖြင့် " အော် ... ဟုတ်လား၊ နို့အမှီတို့ ဘယ်တော့လောက်ကို ပြန်ဖြစ်ကြမယ် ထင်သလဲ" ဟု ထပ်၍ မေးလိုက်မိ၏။

အမှီတို့ ပြန်ကြတော့မည်ဟူသော သတင်အစအနကို သိရကတည်းက ကျွန်ုပ်မှာ ဦးနှောက်အလုပ်ပေး၍ နေရ ပြန်ပေသည်။ မပေးလျှင်လည်း မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် အမှီတို့တစ်တွေ သူတို့ဇာတိဌာနေ သို့ ပြန်ကြပါလျှင် ကျွန်ုပ်မှာ မော်လမြိုင်တွင် တစ်ယောက်ထည်းတည်း သောင်တင်ကျန်ရစ်ခဲ့လျက် စာ အဆက်အသွယ်မှတစ်ပါး အမှီတို့နှင့် တစ်ရပ်တစ်မြေခြား၍ နေရပေဦးတော့မည်ဖြစ်ရာ ကျွန်ုပ် ရည်ရွယ်ထားသော ခြေလှမ်းကြီး သုံးလှမ်းတို့မှာ ရှေ့သို့ မလှမ်းသာဘဲ ရပ်တန်းက တန့်နေဦးမည်ကို မြင် သောကြောင့်ဖြစ်၏။ အထူးသဖြင့်ကား အမှီအား ကျွန်ုပ် မခွဲခွာလိုတော့လောက်အောင် စိတ်တွင်း၌ ရွက် အုပ်သီးကြီး ထွား၍ အုံ့ပုန်းပွားများ နေသော အချစ်မှာ ယခုအခါတွင် သံယောဇဉ်ကြီး ဖြစ်မှန်းမသိ ဖြစ်လျက် ခွဲကြရတော့မည်ကိုပင် သိရသောအခါ၌ စိတ်မချမ်းသာမိသောကြောင့် ဖြစ်၏။

သို့ဖြစ်၍လည်း သူတို့ ပြန်ကြတော့မည့်ရက်ကို မေးမိခြင်းဖြစ်ပေရာ အမှီက " ရက်တော့ အတိအကျ မရှိ သေးပါဘူး အစ်ကိုကံကောင်းရယ် ...၊ ဒါပေမဲ့ လဆန်းရက်လောက်မှာ ပြန်မယ်လို့ ဖေဖေက စိတ်ကူးနေ တယ်၊ ပြီးတော့ကိုမြဖေတို့ စက်လှေကြီးကလဲ လဆန်းရက်မှာ မော်လမြိုင်ကို ရောက်မယ်ဆိုလို့ ကိုမြဖေတို့ စက်လှေကြီး နဲ့ပဲ ပစ္စည်းတွေရော ဘာတွေရော တင်ပြီး ပြန်ကြဖို့ စိတ်ကူးပါသတဲ့" ဖြေလိုက်သဖြင့် ကျွန်ုပ် လည်း ကိုမြဖေ ဟူသောအမည်ကို တစ်ခါက ကြားဖူးသလိုလို ရှိသောကြောင့် ခေတ္တမျှ တွေ၍ စဉ်းစားမိ၏။ သို့သော် ဘယ်အခါတုန်းက ထို(ကိုမြဖေ)ဟူသော အမည်ကို ကြားမိသည်ကို စဉ်းစား၍ ချက်ခြင်းမပေါ် သောကြောင့် " ဘယ်က ကိုမြဖေ လဲ အမှီ"ဟု မေးလိုက်မိပြန်၏။

သို့အမေးလိုက်တွင် အမှီ၏ မျက်နှာကလေးမှာ မသိမသာကလေးမျှ ရှက်ပြုံး ပြုံးယောင်သန်းလာသည်ကို ကျွန်ုပ် သတိထားလိုက်မိ၏။ ထို့အပြင် ချက်ခြင်း မျက်နှာပိုးသတ်လိုက်သော အမှီက " အဲ - အဲ - ကိုမြဖေ ဆိုတာ က အမှီတို့နဲ့ ဆွေမျိုးနီးစပ်ဘဲ အစ်ကို ကံကောင်းရဲ့၊ သိပ်ပြီးတော့ သွေးမနီးကြပါဘူး။ ဒါပေမဲ့ သတ္တု လုပ်ငန်းကို တူတူလုပ်နေကျလည်းဖြစ်၊ ပြီးတော့ အိမ်ချင်းကလည်း ဓားလွယ်ခုတ်ဖြစ်နေတော့ သွေးရင်း သားရင်းလိုပဲ ရင်းနှီးကြပါတယ်၊ အခု စစ်ဖြစ်လို့ သတ္တုလုပ်ငန်းတွေ ဆိုင်းနေတုန်းမှာ ကိုမြဖေတို့က စက်လှေကြီး တွေ ၀ယ်ပြီးတော့ ရန်ကုန်ကို ငါးပိ အကြီးအကျယ် တင်နေကြတယ် ...၊ အခုလဲ ကိုမြဖေတို့ ရန်ကုန် က အပြန် မော်လမြိုင်ကို ၀င်လာကြမှာ" ဟု ပြောလိုက်သဖြင့် ကျွန်ုပ်လည်း ထိုသို့ လူစိမ်းတစ်ဦး အမှီ တို့ အသိုက်အ၀န်းတွင် ပါဝင်စွက်ဖက်နေသည်ကို စိတ်က မသိုးမသန့် ဖြစ်သွားရမိပေ၏။

ထို့ကြောင့် " အော် ... ဟုတ်လား၊ နေစမ်းပါဦး ညီမလေးရဲ့၊ ဒီ ... ကိုမြဖေ ဆိုတာဟာ တစ်ခါတုန်းက ... ကော့ဒွတ် မှာ စက်လှေကြီးနဲ့ ငါးပိတွေတင်လို့ အစ်ကို ကံကောင်း မနှစ်က တွေ့ဖူးလိုက်တယ် ထင်ပါရဲ့။ သူ့မိန်းမ က တော်တော် အရုပ်ဆိုးတယ်လေ၊ သားကလေးနှစ်ယောက်လဲ ရှိတယ်" ဟု ဖြန်းလိုက်ရာ အမှီက ခွစ်ခနဲ တစ်ချက်ရယ်၍ " မဟုတ်ပါဘူး အစ်ကိုကံကောင်းရဲ့၊ အစ်ကိုကံကောင်း တွေ့ဖူးတဲ့ ကိုမြဖေက တခြားလူ တစ်ယောက် ဖြစ်ပါလိမ့်မယ်၊ အမှီတို့ ပြောနေတဲ့ ကိုမြဖေဆိုတာက အိမ်ထောင်မရှိပါဘူး၊ မိခင်ကြီးနဲ့ အဒေါ် တစ်ယောက်ကို လုပ်ကျွေးသမှုပြုရင်း အမှီတို့ လုပ်ငန်းတွေမှာ သင့်သလို ဖက်စပ်ပြီး လုပ်ကိုင် နေတဲ့ အဲ ... ဆွေမျိုးနီးစပ် တစ်ယောက်ပါပဲ၊ ကိုင်း - စကားပြောနေတာနဲ့ မေ့ပြီးတော့များပဲ နေပါပြီ ...၊ အစ်ကို ကံကောင်းဖို့ ကော်ဖီတစ်ခွက် ဖျော်ခဲ့ဦးမယ် ဟုတ်လား၊ အချိန်ကတော့ အချိန်ကောင်း မဟုတ် တော့ဘူး၊ နို့မဟုတ်ရင်လဲ ဒီမှာပဲ ထမင်းစားသွားပါလား အစ်ကိုကံကောင်းရယ်" ဟု ကိုမြဖေ အကြောင်းကို ပြောရာက စေတနာစကားတွေ ထွက်၍လာပေသည်။

ကျွန်ုပ်လည်း ကျွန်ုပ်စကားဖြန်း၍ အစ်လိုက်သည်၌ ကိုမြဖေဆိုသူမှာ အမှီနှင့် နီးစပ်သယောင်ရှိနေသော လူပျို တစ်ယောက် ဖြစ်နေသည့်အကြောင်းကို လည်းကောင်း၊ ကိုမြဖေ၏ အကြောင်းကို ကျွန်ုပ် မေးစဉ်၌ အမှီ မျက်နှာထား ခက်သယောင် ရှိသွားပုံကိုလည်းကောင်း ထောက်ချင့်ကာ အမှီအတွက် ရတက်မအေး သလို ရှိလာမိ၏။ အမှီမှာ ကျွန်ုပ်လှမ်းဆွတ်ချူငင်ရန် ရည်မှန်းထားသည့် အာသာဝတီကလေး ဖြစ်ပေရာ ဤသို့ ရန်သူတော်တစ်ဦး ပေါ်သလိုလို ဖြစ်နေသည်ကို ကျွန်ုပ် မည်သို့ ကျေနပ်နိုင်ပါမည်နည်း။

အမှီတို့ ဤသို့ ကိုယ့်မြို့ရွာကို ပြန်ကြံတော့မည့် အခြေအနေမှာ ကျွန်ုပ်အဖို့၌ အထက်က ရေးခဲ့သည့် အတိုင်း အမှီတို့နှင့် စာအဆက်အသွယ်မှ လွဲ၍ မီးဝေးချိပ်ပမာ အကွာကြီး ကွဲကွာနိုင်သော အခြေဖြစ်ပေရာ ကျွနုပ်သည် အမှီတို့နှင့် ကွဲကွာရပါက ကျွန်ုပ်၏ ရည်ရွယ်ချက်များ လွဲချော်ကောင်း လွဲချော်ရမည်ကို ကြိုတင် စိုးရိမ်နေမိ၏။ သို့စိုးရိမ်သဖြင့်လည်း အမှီတို့၏ သိုက်မြုံထဲ၌ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကပ်ရပ်၍ လိုက်ပါသွားလိုစိတ် ရှိနေပေရာ ယခုတစ်ဖန် ကိုမြတ်တည်းဟူသော ရန်မီးတစ်ခု မီးခိုးအူစ ပြု သည်ကို မမျှော်လင့်၏ ကြားသိရသောကြောင့် ကျွန်ုပ်မှာ အမှီနှင့် နီးစပ်ရာ၌ နေရဖို့ကိုသာ စိုင်းပြင်းရန် စိတ်ကူး ရပေတော့သည်။

သို့ဖြစ်သဖြင့် သက်ပြင်းတစ်ချက် ချရင်း နဖးကို လက်ကိုင်ပ၀ါနှင့်သုတ်ရာက "နေပေစေအမှီ ... အစ်ကို ကံကောင်း ထမင်းစားဖို့လဲ အချိန်မရဘူး...၊ ပြီးတော့ ကော်ဖီလဲ မသောက်ချင်ပါဘူး၊ ရေအေးအေး တစ်ခွက် လောက်သာ ပေးပါ ... " ဟု ပြောလိုက်ရ၏။ ဤတွင် အမှီက မျက်ခုံးကလေးတွန့်လျက် " အို ... မဟုတ် တာကလဲ အစ်ကိုကံကောင်းရယ်၊ ဘယ်နှယ် ရေလဲသောက်တာပေါ့ ထမင်းလဲ စားသွားပါဦး" ဟု ဆိုရင်း အိမ်တွင်းခန်း သို့ ရေခပ်ရန် ၀င်၍သွား၏။

တစ်ယောက်တည်း ထိုင်၍ ကျန်ရစ်ရင်း ကျွန်ုပ်သည် ဦးခေါင်း၌ ဥာဏ်နီ အမျိုးမျိုးထုတ်ကာ နေရ၏။ မကြာ မီ အမှီ သည် ကြည်လင်သန့်စင်လှသော ဖန်ခွက်တစ်လုံးဖြင့် ရေအပြည့်ယူလျက် ကျွန်ုပ်ဆီသို့ ရောက်လာ ကာ ထမင်းစားသွားနော် အစ်ကိုကံကောင်း၊ နောက်ဖေးမှာ ချက်လို့ပြုတ်လို့ ပြီးကုန်ကြပြီ ... " ဟု ဆိုပြန် ပါသည်။ ကျွန်ုပ်ကား သန့်စင်သောဖန်ခွက်ထဲမှ ကြည်လင်သောရေပမာ အမှီ၏ သန့်စင်လှသော ရုပ်ရည်ကို ငေး၍ နေမိပြီးကာမှ " နေပေစေ ညီမလေး၊ အစ်ကိုကံကောင်း ဘာမှ စားနိုင်မှာမဟုတ်ဘူး...၊ ရင်ထဲမှာ ပြည့် နေတယ် ...၊ ရေပဲသောက်ပါရစေ ... " ဟု ဆိုကာ ရေကိုယူ၍ သောက်ပြီးနောက် သက်ပြင်းတစ်ချက် ချ၍ ခြေပစ်လက်ပစ် အမူအရာမျိုးကို ထားလိုက်ပေ၏။ ထိုသက်ပြင်းတစ်ချက်၌ တစ်ဝက်မှာ အမှီကို လက် လွှတ်ရမည် စိုးသော စိတ်၏ အငွေ့ဖြစ်လျက် ကျန်တစ်ဝက်မှာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းသော အမူအရာ ပရိယာယ် ဟန်ပန်ပင် ဖြစ်၍နေပေသည်။

ကျွန်ုပ်၏ ပရိယာယ်မှာ စူးရှသွားပုံရ၏။ အဘယ်ကြောင့်ဆိုသော် အမှီသည် ပင်ပန်းနွမ်းနယ်ပုံ ပေါ်နေသော ကျွန်ုပ် အား မျက်မှောင်ကလေးတွန့်ကာ ကြည့်ရင်း ရေခွက်ကို ပြန်ယူကာ "အစ်ကို ကံကောင်းလည်း အလုပ်တွေ များလွန်းလို့ အစားအသောက် ပျက်နေပြီထင်တယ်။ ညကို အိပ်ပျက်ခံအားကြီးလို့ ထင်ပါရဲ့။ ကိုယ့်ကျန်းမာရေး ကိုလည်း ကိုယ်ဂရုစိုက်အုံးလေ။ နိုင်ငံရေး စစ်ရေးကို စိတ်ပါတိုင်းသာ လုပ်နေရင် ကြာ တော့ ကိုယ်ခန္ဓာ က မခံနိုင်ဖြစ်ပြီး လူကမမာလို့ စိတ်သွားတိုင်း ကိုယ်မပါရင် ပိုပြီး ခရီးမတွင်ဘူးပေါ့" ဟု စိုး ရိမ် မကင်းသော အသံကလေးဖြင့် ပြောရှာ၏။

ဤစကား ထွက်လာစေချင်သဖြင့် အကွက်ဆင်လိုက်သည်၌ ဤစကားဖြင့် ထွက်လာသောအခါ ကျွန်ုပ်က "လူပင်ပန်းတာက တော်တော်ပါပဲ အမှီရယ်၊ စိတ်ပင်ပန်းတာကတော့ တစ်ခါတစ်ခါများ ရူးသွားမလား ထင် မိတယ်။ ဂျပန်က တစ်ဖက်၊ ဗမာစစ်သားတွေက တစ်ဖက်၊ မြို့သူမြို့သားတွေက တစ်ဖက်နဲ့ အဖက်ဖက်က ချောမော အောင် စေ့စပ်ရတာဟာ ဂျပန်ကလဲ ဗမာကို နားမလည်၊ ဂျပန်ကို ဗမာက နားမလည်။ အရေးထဲ မှာ ဂျပန်ကိုကပ်ပြီး အခွင့်အရေးတောင်းချင်တဲ့ လူတွေကတစ်မျိုးနဲ့ ကြာရင် ဦးနှောက်ခြောက် သွားမလားဘဲ။ ပိုပြီးဆိုးတာကတော့ ကင်ပေတိုင်နဲ့တွဲပြီး လုပ်ရတဲ့အလုပ်တွေပဲ အမှီ။ တစ်ခါတစ်ခါ ကိုယ်မျက်စေ့ရှေ့မှာ ဗမာကို ဂျပန်က နှိပ်စက်နေတာကို မြင်ရတာဟာ စစ်သွေး စစ်စိတ် ဘယ်လိုပဲ မွေးပေမဲ့ အမျိုးသား စိတ်ဓာတ်နဲ့ သည်အတိုင်း မကြည့်ချင် မနေရ၊ မစစ်ချင် မနေရ ဖြစ်နေလေ တော့ အေးလေ ဖြစ်မိတဲ့ဘ၀မို့သာ ဆက်ပြီး ဒီအလုပ်ကို လုပ်နေတယ်။ စိတ်ကတော့ မချမ်းသာလှဘူး။ အေးအေး ဆေးဆေး နဲ့ သူများတွေလို ကုန်သွယ်လယ်လုပ် လုပ်ချင်တဲ့ စိတ်ပဲ ရှိနေတော့တယ် အမှီ။

အဟုတ်ပဲ၊ တန်ခိုးအာဏာ ပါဝါတွေ လက်ကိုင်ရပေမဲ့ အမြင်တော့ ဗိုလ်ကြီးကျော်ခေါင်၊ ဗိုလ်ကြီးကျော် ခေါင်နဲ့ လူတိုင်း အထင်ကြီးကြတယ်။ နောက်ကွယ်မှာ စိတ်ဆင်းရဂဲရတာတွေကိုတော့ မသိကြဘူးပေါ့။ ကိုင်း ... စကားလဲကောင်းရဲ့ အမှီ။ အစ်ကိုကံကောင်း လမ်းကြုံလို့ ၀င်လာတာ။ ဦးလေးတို့ မရှိရင် ပြန်လိုက် ဦးမယ်၊ ညပိုင်းကျမှ အစ်ကိုကံကောင်း အချိန်ရရင် လာခဲ့ဦးမယ်" ဟု ပြောပြောဆိုဆို ထိုင်ရာမျထကာ စား ပွဲပေါ် ၌ ချွတ်ငတင်ထားသော ဓားရှည်ကို ခါး၌ ပြန်ချိတ်ရ၏။ အမှီလည်း ဖန်ခွက်ကလေးကို ကိုင်ရာက " အို ... ထမင်းစားပြီးမှ ပြန်ပါလား အစ်ကိုကံကောင်းရယ်၊ အခူးအခပ် ခိုင်းလိုက်တော့မလိုဟာ" ဟု ပြာပြာ သလဲ တားရှာ၏။ သို့သော် ကျွန်ုပ်က ဇွတ်ငြင်း၍ အိမ်ပေါ်မှ နှုတ်ဆက်ကာ ဆင်းခဲ့ပေသည်။

သို့ ရုတ်တရက် ဆင်းခဲ့သည်မှာလည်း ပရိယာယ်တစ်ရပ်ပင်ဖြစ်၏။ စစ်ထဲ၌ ကျွန်ုပ် မပျော်ကြောင်းကို အစ ဖော်ပေးပြီး နောက် ဆက်၍ စကားပြောနေပါက အမှီ၏ စိတ်မှာ ဆက်၍ ပြောသောစကားများကိုသာ ရောက်သွားပေမည်။ ယခုမူ စကားတန်းလန်းနှင့် ထမင်းမျှ အချိန်မှန် မစားနိုင်အောင် စိတ်ဒုက္ခ ရောက်ပုံကို တစ်ပိုင်း တစ မျှသာ အသိပေးကာ ထားပစ်ခဲ့သောအခါ အမှီသည် ကျွန်ုပ် အစဖော်ပေးခဲ့သော အတွေးကို ဆက်လက် ၍ တွေးမည်ဖြစ်၏။ ကျွန်ုပ်၏ ပါးစပ်မှ ကျွန်ုပ် စိတ်မချမ်းသာပုံကို စာတစ်အုပ် ဖြစ်လောက်အောင် ချရားစေ့တွင်းကျ ပြောပြသည်ထက် အမှီအား သူ့ဘာသာသူ တွေးယူစေခြင်းက ပို၍ ထိရောက်နိုင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်သည် ရေတစ်ခွက်ကိုသာ သောက်၍ ထွက်ခဲ့ခြင်းဖြစ်၏။ အမှီ ကား ကျွင်္နုပ်၏ အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စိတ်ကူးပေါက်တိုင်း တွေး၍ ကျန်ရစ်ခဲ့ပေတော့မည်။

တုံးတိတိရေးရလျှင် ကျွန်ုပ်သည် အမှီတို့နှင့်အတူ သူတို့ မြို့သို့ လိုက်သွားလို၏။ အမှီ၏ အစ်ကိုကြီးအဖြစ် နှင့် မောင်ညိမ်းအောင် ၏ နည်းတူ စတိုင်ကျကျ နေလို၏။ အဘိုး ဦးနကီ ၏ လုပ်ငန်းကိုလည်း ကိုယ်ထိ လက် ရောက်အတွင်းပိုင်းမှ ၀င်၍ ချယ်လှယ်လို၏။ သို့သော် ထိုအခြေကို ရောက်ချင်ကာမျှဖြင့် ရောက်ပါရစေ ဟု ဆိုလျှင် ဦးဒေါန က လက်ခံမည်မဟုတ်။ သေချာ၏။ အခွင့်အလမ်းဆိုသည်မှာ သူ့ဟာသူ ပေါ်သော အခါ ပေါ် ၏။ အခွင့်အလမ်း ဘာသာအလျောက် မပေါ်သော်လည်း ကိုယ်က မြန်မြန် ပေါ်အောင် လုပ်တတ်ရ၏။

အခွင့်အလမ်းပေါ် အောင် အစဖော်ပေးရသည့် လမ်းခင်းအတတ်ပညာမှာကား အလွန် နုနယ် သိမ်မွေ့ ပေသည်။ ဘုန်းကြီး ကျောင်းမှ ဖော်လံဖားပညာ အခြေခံရခဲ့သောကြောင့် ကျွန်ုပ်သည် အမှီကို စကားရိပ် ပေးခဲ့ခြင်း အားဖြင့် အတွေးစကို ဖော်ပေးခဲ့သည်။ ထိုအတွေးစ၏ အစအတိုင်း မီးခိုးကြွက်လျှောက် လိုက်ပါက အမှီထံမှတစ် ဆင့် ကျွန်ုပ်၏ဆန္ဒသည် ဦးဒေါနထံရောက်လျှင် အသက်သခင် ကျေးဇူးရှင် ဖြစ်နေ သောကြောင့် ဦးဒေါန သည် ကျွန်ုပ်အတွက် တစ်ခုခုကို မစီမံဘဲ မနေနိုင်။ ထို့အပြင် ကျွန်ုပ်၏ ပါးစပ်က ပြောသည် ထက် အမှီ၏ ပါးစပ်က ပြောသည့်စကားမှာ ဦးဒေါနအပေါ်တွင် ပို၍ စူးရှပေမည်ဖြစ်ရာ ဦးဒေါန သည် ကျွန်ုပ်အား ပစ်စ လက်ခတ်လုပ်ရန် ပို၍ ခက်ခဲပေလိမ့်မည်။ ထိုအခါတွင် ကျွန်ုပ်သည် ဦးဒေါနတို့နှင့် တစ်နည်း မဟုတ် တစ်နည်း နီးကပ်နိုင်ကောင်းစရာ ရှိ၏။

ကိုယ့်အခွင့်အလမ်းကို ကိုယ်ဖော်ရာ၌ အတော်စွန့်ရ၏။ ဦးဒေါနတို့ကို ကယ်ဆယ်ခဲ့စဉ်က နောင်အခါ၌ ဆေး ဖော်ကြောဖက်မလုပ်လျှင် တစ်နည်းကြံမည်ဟူ၍ လောလောဆယ် လက်စားချေနိုင်ခွင့်ကို စွန့်ခဲ့၏။ စားလို လျှင် စွန့်ရပေသည်။ မစွန့်က မစားရပေ။ ယခုတစ်ဖန် အမှီကို စကားသွင်းခဲ့ပြီးနောက် အမှီက ဦးဒေါန အား ဘာမှ ပြန်မပြောလျှင် မခက်ပါလောဟူသော သံသယ ပေါ်လာပြန်၏။ သို့သော် မစွန့်စားက မစားရသော ထုံးကြောင့် ယခု ချဉ်းကပ်နိုင်ခွင့် မပေါ်ပါက တစ်နည်းကြံမည်ဟု တွေးကာ စွန့်ရပြန်ပေသည်။

ထို့ပြင် ကျွန်ုပ်မှာ ရိုးရိုးအခြေအနေသာဆိုလဆင် မော်လမြိုင်မြို့ပေါ်တွင် အခြေကျလျက် လူတိုင်း ခံ့ညား နေရသော စစ်ရာထူးကိုစွန့်၍ အမှီတို့နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလိုသောဆန္ဒ ယခုလောက် ပြင်း ထန်ချင်မှ ပြင်းထန်ပေမည်။ ယခုမူကား ကျွန်ုပ် မှန်းမျှော်သော အာသာဝတိကလေး အနီး ၌ တံချူရှင် ကိုမြဖေ ရှိနေသည်ဟု သိရသောအချက်သည် ကျွန်ုပ်အား အမှီတို့နှင့် မြင်နိုင်သမျှ လျင်မြန်စွာ နီးစပ်ချင် အောင် အပြင်းအထန် စေ့ဆော်လျက်ရှိနေ၏။ ထို့ကြောင့်လည်း စွန်ရပေသည်။

အမှီတို့အိမ်သို့ ထိုညက အချိန်ရပါလျက်နှင့် မသွားခဲ့ပေ။ သွားလျှင် ကျွန်ုပ်၏ စနက်တန်ဖိုး လျော့သွား မည်ကိုစိုး၍ ဖြစ်၏။ ကျွန်ုပ်က အင်မတိ အင်မတန် နီးစပ်လိုကြောင်းကို ပြလျှင် သူတို့က နောက်တွန့်သွား ပေမည်။ ဤကား လူ့ဓမ္မတာဖြစ်၏။ တစ်ဖန် ကျွန်ုပ် အမှီစိတ်တွင်း၌ အစပျိုးပေးခဲ့သော တွေးလုံးတောလုံး တို့ကို ဦးဒေါန ၏ စိတ်သို့ ကူးစက်ကာ မီးငွေ့ငွေ့နှင့် ထမင်းအိုးနှပ်သလို နှူးပြီး နှပ်ပြီးလည်း ဖြစ်နေစေ လို၏။ သူတို့စိတ်၌ ကျွန်ုပ်အား ကူညီလိုသောဆန္ဒ နှူးပြီးနှပ်ပြီး ဖြစ်နေလျှင် ချဉ်းကပ်ရန် ပိုမို၍ လွယ်ကူပေမည်။ သို့ဖြစ်လေရာ သုံးလေးရက်မျှ ဆက်၍ပင် အမှီတို့အိမ်သို့ တမင် မသွားဘဲ နေလိုက်၏။ အဝေး ကမူ တစေ့ တစောင်း ချောင်းမြောင်း၍ သူတို့တတွေ ဘယ်နေ့ ဘယ်ရက်တွင် နေရင်း မြို့သို့ ခရီး ထွက်မည် ကို စုံစမ်း နေရသေး၏။

သူတို့ ခရီးထွက်ကြမည့် ရက်သည် နီးကပ်သထက် နီးကပ်လာ၏။ ကျွန်ုပ်ထံသို့ကား ဘာမျှ အကြောင်း မကြားကြပေ။ ထို့ကြောင့် ကျွန်ုပ်၏ ပရိယာယ် မှာ မထိမခိုက် လွဲချော်လေပြီလားဟု တွေးမိ၏။ တွေးမိသော အခါ၌ ရင်ပူမိပြန်ပေသည်။ အမှီတိုပအိမ်သို့ ကျွင်္နုပ်ကပင် မခေါ်ပင့်ချေ ၀င်၍သွားရလျှင် ကောင်း လေမည် လားဟု လောဘဇောတိုက်သော စိတ်ဖြင့် သွားချင်နေ၏။ သို့သော် သူတို့ပြန်မည့်ရက်မှာ ငါးရက် ခန့် လိုသေးသောကြောင့် အောင့်အင်း၍ အခေါ်ကို စောင့်နေရပေသည်။

၂-ရက် လွန်သွားပြန်၏။ ထိုအခါတွင် ကိုမြဖေ ဆိုသူသည် သူ၏စက်လှေကြီးဖြင့် မော်လမြိုင်သို့ တစ်ရက် နှစ် ရက် အတွင်း ရောက်လာတော့မည်ဟူသော သတင်းကိုရ၏။ ထိုအခါ၌ ကျွန်ုပ်မှာ မျက်လုံးမျက်ဆံပြူးစ ပြု လေတော့သည်။ သူတို့အကျိုးကို သယ်ပိုးဆောင်ရွက်မည့်သူ ကိုမြဖေ ရောက်လာပါလျှင် လူတို့၏ ဓမ္မတာ ကား ... လောလောဆယ် ကူညီမည့်သူကို အတိတ်ကာလက ကူညီခဲ့ဖူးသူထက် ပို၍ အရေးပေး တတ်ပေ ရာ ကျွန်ုပ်ထက် ကိုမြဖေကို စိတ်ဝင်စားကြပြီးလျှင် ကျွန်ုပ်အား မေ့ပျောက်၍ ကိုမြဖေနှင့်အတူ ဘာမပြော ညာမပြောနေရင်း မြို့ရွာသို့ ပြန်သွားကြမည့်အန္တရာယ် ပေါ်လာတော့၏။

သို့ဖြစ်သောကြောင့် ကျွန်ုပ်သည် အမှီတို့အိမ်သို့ သွားရလျှင် ကောင်းလေမည်လားဟု တွေးမိ၏။ (မတတ်သေးလျှင် စေ့စပ်၍ အရပ်ဝေးလဆင် မေ့တတ်)ပေရာ ကျွန်ုပ် မသွားမလာဘဲ နေသည့်အတွက် ကျွန်ုပ်ကို အမှတ်မတင် ဖြစ်ကြ ပါက ကျွန်ုပ်၏ ထင်ကြေးမကိုက်ဘဲ ရှိမည်ကို ကြောင့်ကြမိလာ၏။ ပူပန် မိလာ၏။ သူတို့တတွေ ရပ်ရွာသို့ ပြန်ရန် သတ်မှတ်ထားသည့်နေ့သို့ မရောက်မီ တစ်ရက်သို့ ရောက်သော အခါ ကျွန်ုပ်မှာ အခေါ်ကိုစောင့်၍ မနေနိုင်တော့ဘဲ ယခု မချဉ်းကပ်နိုင်သေးလျှင်ပင် နောင်အခါ၌ ၀င်သာ ထွက်သာအောင် အကြောင်းစုံ သိ နိုင်စေရန် အမှီတို့အိမ်သို့ သွားရောက်ရန် ပိုင်းဖြတ် လိုက်ရပေ တော့သည်။ မြစ်လယ် ၌ ထွန်းသော ကျွန်း သောင်ခုံကဲ့သို့ မြစ်ထဲ၌ မျောကြသော ဗေဒါတို့ကို ကြောင်တောင် ငေးကာ ကြည့်နေပါလျှင် ကျွန်ုပ်၌ အကျိုး ထင်မည် မဟုတ်ပေ။

ထို့ကြောင့် နှုတ်ဆက်လာသည်ဟူသော အကြောင်းပြချက်ဖြင့် အမှီတို့ အိမ်သို့ တက်မည်ဟု ကြံစည်ကာ အ၀တ်အစား လဲလှယ်နေစဉ်၌ပင် အိမ်ရှေ့မှ " ကိုကောင်း ... ကိုကောင်း" ဟု ခေါ်၍ တက်လာသော မောင်ညိမ်းအောင် ကို တွေ့ရ၏။ သူ့အား နေရာထိုင်ခင်းပေးသည်နှင့် မောင်ညိမ်းအောင်က " ဖေဖေက ကိုကောင်း ကို တွေ့ချင်တယ်ဆိုလို့ လာပြီးခေါ်ရသဗျ။ ခင်ဗျားကလဲ ပျောက်ချက်သား ကောင်းနေလိုက် တာဗျာ ... မပေါ်လာတာ ဆယ့်ငါးရက်လောက် ရှိပကော "ဟု ရင်းနှီးသော အပြစ်တင်သံနှင့်ဆို၏။ ကျွန်ုပ် ၏ ပရိယာယ်ကား စူးရှပေပြီ။ ကျွန်ုပ် အလိုရှိသည့်အတိုင်း အကြိုထောက်သူပင် ရောက်၍နေပေပြီ။

ကျွန်ုပ် မည်မျှ ၀မ်းသာမိသည်ကား အထူးရေးဖွယ် မလိုပေ။ သို့စဉ်တိုင်အောင် ကျွန်ုပ်က ဣနြေ္ဒ မပျက်စေဘဲ ...၊ " လာချင်ပါရဲ့ ကိုညိမ်းရယ်... ခင်ဗျားလဲ သိတဲ့အတိုင်း၊ အလုပ်တွေက လူနဲ့မဆန့်အောင် ဖြစ်နေရ လို့ ကျောက်စရစ်ကို ပြေးရ၊ ကျိုက်မရောကို သွားရ၊ ကြာအင်းကို ရောက်ရနဲ့ ဒီကနေ့မှ ပြန်ပြီး ရောက်တယ်။ ဦးလေးတို့ကတော့ မလာတာကြာလို့ အပြစ်တင်ခံရတော့မယ်ဆိုတာ သိရလို့ အခုပဲ ခရီးရောက် မဆိုက် လာတော့မည်လို့ဟာ ခင်ဗျား လာတာနဲ့ အဆင်သင့်ဘဲဗျာ၊ ကီမူရာက မုဒုံနဲ့ ပင ကိုတောင်သွားဖို့ ပြောသေး တယ်။ နားရက်မရှိတာနဲ့ဘဲ ဇွတ်ပေပြီး ဒီနေ့တော့ အနားယူရတယ်" ဟု ပေါက်ကရ ရှစ်သောင်း ရှောက်၍ လိမ်လိုက်ရ၏။ ကျွန်ုပ်ကား ကျားနာပမာ မာယာလျှို့ဝှက်မှုများ၌ အလို အလျောက် ပင် ကျွမ်းကျင်နေသော အဖြစ်ကို ရောက်နေ၏။

ဤသမိုင်းအဖြစ်စဉ်ကို ရေးရချိန်ကား တိုသထက်သာတို၍ လာချေပြီ။ ကျွန်ုပ်ရေးချင်သလောက် ရေးဖို့ကား ခက်လှ၏။ ထို့ကြောင့်ပင် အတိုထပ်၍ ချုံ့ရပေဦးမည်။
မောင်ညိမ်းအောင်နှင့်အတူ ကျွန်ုပ်သည် အမှီတို့အိမ်သို့ လိုက်ပါသွား၏။ ဦးလေး ဦးဒေါနက ကျွန်ုပ်အား (မလာတာကြာပကော)ဟူသော စကားဦးချီ၍ အပြစ်တင်၏။ ကျွန်ုပ်လည်း ဦးဒေါနအား မောင်ညိမ်းအောင် ကို ဖြီးသည့်ဖြီးလုံးဖြင့် လှိမ့်ရပြန်ပေသည်။

သို့နှင့် စကားအတန်ကြာ ပြောကြမိပြီးသည့်နောက်တွင် ဦးဒေါနက " ကိုင်း ... စကားဖြတ်ပြီး ... ပြောရဦး မယ်ကွယ် ...၊ ဦးလေးတို့ နက်ဖြန်ကျရင် အိမ်ကို ပြန်ကြတော့မယ်။ အဲဒီတော့ ငါ့တူကြီးကို ဦးလေး ကျေးဇူး ဆပ်ခဲ့ ပါရစေကွယ်။ ဒီတစ်ခါတော့ မငြင်းပါနဲ့တော့။ ဦးလေးကို ခင်မင်ရိုးမှန်ရင် လက်ခံပါ "ဟု ပြောပြော ဆိုဆို ကတ္တီပါအိတ် အနီတစ်လုံးကို ကျွန်ုပ်အား လှမ်းပေး၏။ ကျွန်ုပ်လည်း အံ့အားသင့်ဟန်ဖြင့် လှမ်းယူ လိုက်၏။ စိတ်၌ကား ကျွန်ုပ်အား အံ့အားသင့်ဟန်ဖြင့် လှမ်းယူလိုက်၏။

စိတ်ကား ကျွန်ုပ်အား ကျေးဇူး ဆပ်သည်ကို လက်ခံလိုက်ပါက ကျွန်ုပ်မှာ သူတို့နှင့် ချဉ်းကပ်မိဖို့ရက်တွေ ရှည်လျားစွာ စောင့်ရပေဦးတော့ မည်။ အကယ်၍ လက်မခံပြန်ပါကလည်း ကျွန်ုပ်ကို အချဉ်းအကပ် ခံ မခံကား မသေချာသေး။ ကျွန်ုပ်ကို ဆွေမျိုး သိုက်မြုံထဲသို့ ပြန်၍ အ၀င်ခံပါက တော်သေး၏။ အ၀င်လည်း မခံ၊ ကျေးဇူးဆပ်သည်ကို ကျွန်ုပ် လက်မခံ၍ ပြန်သိမ်းသွားပါလျှင် ကျွန်ုပ်မှာ မြွေပါလည်းဆုံး သားလည်း ဆုံး ဖြစ်ရဦးတော့မည်။ ထို့ကြောင့် စိတ်အဝေခွဲရ ခက်နေခိုက်တွင် စကားပြန်ပေးတတ်သေးသောကြောင့် ကတ္တီပါ အိတ်ကလေးကို ဖွင့်ကြည့် ကာ အချိန်ယူ၍ နေရ၏။ ကတ္တီပါ အိတ်အတွင်း၌ ဝေလခေါင်း ရွှေဒင်္ဂါး အပြား ၅၀ ခန့် ၀င်းခနဲ မြင်ရပေ သည်။

ထိုရွှေဒင်္ဂါး တို့ကို အခြေပြုလျက် ကျွန်ုပ်၌ မည်မျှကြံသော ဖန်သာမည်ကို တွေးရင်း လက်ခံလိုက်ရလျှင် ကောင်းလေမည်လားဟု တွေး၏။ သို့သော် လက်ဦး ငေ်ွ ၅၀၀၀ိ ကျေးဇူးဆပ်စဉ်က လက်မခံ၊ ယခု ရွှေဒင်္ဂါး ပေးသည် ကိုမှ လက်ခံလျှင် ယခင်က အပေးနည်း၍ ချေးထူသည်ဟုထင်ကာ ကျွန်ုပ်အပေါ်၌ စေတနာ လျော့တန်သမျှ လျော့သွားကြဦးမည်ဖြစ်၏။ တစ်ဖန်သူ့ရွှေကို လက်ခံပါက ဆဲတာနှင့် ဆန်ချေးကို ချေ သလို အဆက်အဆံမှ တစ်ဖက်နှင့်တစ်ဖက် အပေးအယူ အရောင်းအ၀ယ်သဘော သက်ရောက်ကာ ကိစ္စတုံးပြီး ငြိမ်းသွားမည်ကိုလည်း စိုး၏။ အဆက်အဆံ ပြီးငြိမ်းသွားပါက ကျွန်ုပ် မည်သို့ သူတို့နှင့် ရင်းနှီး နီးစပ်နိုင် လွယ်ပါအံ့နည်း။ သို့သော် ရွှေဒဂ်ါးများကိုကား လောဘသားဖြစ်၍ မက်မိလေသေးသည်။ ထိုရွှေ ကို အခြေခံ ကုန်သည်လုပ်ကာ အဖိုးထားရစ်ခဲ့သော လုပ်ငန်း၌ တစ်စွန်းတစ်စ ၀င်နိုင်အောင် ကြိုးစားပါက နီးစပ်ရာ နီးစပ်ကြောင်း လမ်းအခွင့်ပင် မဟုတ်ပါလော ...။

သို့လော သို့လောနှင့် တွေးတော နှစ်ခွ စိတ်ဒွိဟ ဖြစ်နေရစဉ်တွင် ကျွန်ုပ်၏ ရဲဘော်ကြီးဖြစ်သော ကိုရွှေကံ တရားသည် ဘယ်ချောင်ကြားကမသိ ငေါက်ခနဲပေါ်လာကာ ကျွန်ုပ်အား စိတ်ဆုံးဖြတ်နိုင်အောင် ဖန်တီး ပေးလိုက်ပြန်၏။ ဖန်တီးပုံမှာကား ...
ရွှေဒင်္ဂါးအိတ်ကို ကိုင်၍ ကျွန်ုပ်ငိုင်၍နေသည့် အခိုက် အတန့်ကလေးတွင် " ကိုညိမ်း ... ဟော ... ဦးလေး ... အမှီ တို့ကော "ဟု လောလောဆယ်ဆယ်ပြောကာ အပြေးကလေး တက်၍ လာသူတစ်ဦးကို တွေ့ရပေရာ ကျွန်ု လည်း သမင်လညပြန် ကြည့်နေမိစဉ်၌ ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့က " ဟော ... ကိုမြဖေ ... လာ ... လာ" ဟု ၀မ်းသာအယ်လဲ ဆီးကြိုလိုက်ကြ၏။ ကိုမြဖေဆိုသူ အိမ်ပေါ်သို့တက်လာ၍ ကျွန်ုပ်အနီး ကုလားထိုင်အလွတ်တွင် ၀င်၍ထိုင်လိုက်သောခဏ၌ မျက်နှာကို စေ့စေ့ကြည့်လိုက်မိပေရာ ကျွန်ုပ်မှာ ကြည့် ရင်း ကပင် ရင်ထဲ၌ ဖိန်းခနဲ နွေး၍သွားပေတော့သည်။

အကြောင်းမူကား ကိုမြဖေ၏ နဖူးလက်ဝဲမျက် ခုံး၏ အပေါ်နားတွင် ဓားမသဏ္ဍာန် အမာရွတ် တစ်ခုကို တွေ့လိုက်ရသောကြောင့်ပင်ဖြစ်၏။ ဤအခါတွင် မှ ကျွန်ုပ်သည် ကိုမြဖေအား ယခင်က တွေ့ခဲ့ဖူးသည့် အဖြစ်အပျက် ကို အမှတ်ရလာ၏။ ကိုမြဖေကား အခြား သူမဟုတ်၊ ကျွန်ုပ် ၁၆ နှစ်သားအရွယ် အဘိုးအိမ်မှ လက်သီး နှင့်ထိုး၍ အနှင်ခံရစဉ်တွင် မောင်ညိမ်းအောင် ၏ ဘက်မှနေ၍ သေနတ်ပြကာ ၀င်ရောက် စွက်ဖက်ခဲ့ သူ မဟုတ်ပါလော။

ထိုအကြောင်းကို သတိပြန်၍ရသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် အခဲမကျေနိုင်အောင် ကျွန်ုပ်၏ သားချင်း တို့က ကျွန်ုပ်အား စော်ကားရာတွင် နိုင်ချင်ကြက်ကဲ့သို့ ကိုမြဖေက ပါဝင်၍ အချောင် စော်ကားခဲ့သေးသည့် အဖြစ်နှင့် အမှီနှင့် ကိုမြဖေတို့ နီးစပ်သယောင်ရှိသည့် အဖြစ်တို့ကို စပ်ဟပ်တွေးဆလိုက်သောအခါ၌ ရင်ထဲ တွင် တင်းတင်းကျပ်ကျပ်ကြီး ဖြစ်လာ၏။ သို့သော် ဟန်ကိုယ့်ဖို့ ... မာန်သူဖို့ ဟူသော စကားအရ ဣနြေ္ဒကို ဆည်ထားရ၏။ သို့တိုင်အောင် ကျွန်ုပ် အမှန်းကြီး မှန်း`၇ွယ်ထားသော အမှီအား ကျွန်ုပ်၏ ရန်သူဟောင်း တစ်ဦးဖြစ်သော ကိုမြဖေ၏လက်သို့ ၀ကွက်၍ အပ်ရန်မှာ မခံမရပ်နိုင်၊ တွေးရုံမျှပင် မတွေးနိုင်အောင် ရှိလေ ရကား ဦးဒေါနတို့နှင့် မီးစပ်လျှင် နီးစပ်အောင် လောလောဆယ်ဆယ် ကြိုးစားရပေတော့မည်ဟု တွေးကာ သူတို့နှင့် အဆက်အဆံ ပြီးငြိမ်းစေမည့် ကျေးဇူးဆပ် ရွှေဒင်္ဂါးတို့ကိုကား လက်မခံ၊ မတွယ်မိလျှင် တွယ်မိ အောင် သူတို့ကို ချိတ်တွယ်ရတော့မည်ဟု ဆုံးဖြတ်လိုက်၏။ ကံတရား ကိုယ်တော်မြတ် ကူလာပြန်ပေ သည်။

သို့ ဆုံးဖြတ်ပြီးသည်၌ " ကျွန်တော် ဒါတွေကို မယူပါရစေနဲ့ ဦးလေးရယ် ... ၊ ကျွန်တော့်စေတနာကို မဖျက် ဆီးကြပါနဲ့ ...၊ ကျွန်တော် ဒီရွှေဒင်္ဂါးတွေကို လက်မခံနိုင်ပါဘူး" ဟု ပြောကာ ရွှေဒင်္ဂါးအိတ်ကို စားပွဲပေါ်၌ တင်လိုက်၏။

ကျွန်ုပ်စကားကို နားမလည်ဘဲ ငေးကြောင်နေသော လူသစ် ကိုမြဖေလည်း ကျွန်တော့်ကို စိုက်၍ ကြည့်နေရာ ဦးဒေါနသည် ကျွန်ုပ်နှင့် ကိုမြဖေကို မိတ်ဆက်ပေးရင်း အကျိုးအကြောင်းစုံကို ပြောပြ သည်သာမက "ခက်တာပဲကွဲ့ မောင်မြဖေရဲ့ ...၊ မောင်ကံကောင်းက ဘာမှလက်မခံတော့ ခက်မနေဘူး လား...ဟင်၊ ဦးလေးရဲ့ တူအရင်းဖြစ်နေတာမို့ သူကလဲ လက်အခံခက်နေတာ ဦးလေးသိတယ်...၊ နို့ပေမဲ့ ကွယ် အသက်ကို ကယ်တဲ့ ကျေးဇူးရှင်အဖြစ်နဲ့ လက်ခံဖို့တော့ ကောင်းတာပါဘဲကွယ်" ဟု နိဂုံးချုပ်၏။ ကိုမြဖေ လည်း တူဝရီးတစ်တွေ ကံဆုံသဖြင့် ပြန်ကြုံရပုံကို ၀မ်းသာစကားပြောကာ ရွှေဒင်္ဂါးများကို လက်ခံ ဖို့ တိုက်တွန်းပါသည်။

သို့သော် ကျွန်ုပ်က ခါးခါးသီးသီး ငြင်းဆန်နေ၍ အားလုံး စကားမဆက်ဘဲ ငြိမ်သက်နေ ကြစဉ် ကိုမြဖေက ထိုင်ရာမှ ထ၍ " အမှီ တစ်ယောက်ကော ... အမှီ စိတ်ပျက်စရာ တစ်ခုတော့ ပြောရဦး မယ်...၊ အမှီဖို့ ကျွန်တော် ရန်ကုန်က ဘန်ကောက်လုံချည်တွေ အုပ်လိုက်ဝယ်လာတာ မနေ့ညက ကလွီမှာ ကျွန်တော်တို့ေ လှဆိုက်ပြီး အိပ်နေတုန်း ကျွန်တော့်လက်စွဲလုပ်နေတဲ့ ကိုယ်တော်မြတ်က ပစ္စည်းတွေခိုးပြီး လှေက ဆင်းပြေးလို့ ဦးလေးရေ ... " ဟု ပြောပြောဆိုဆို အတွင်းခန်းသို့ ၀င်သွား၏။ ကိုမြဖေ အိမ်တွင်းခန်း သို့ ၀င်သွားပုံ ကို ထောက်လျှင် ဦးဒေါနတို့နှင့် ညီမျှ ရင်းနှီးပနံစားသည်ကို သိနိုင်ပေသည်။

ထို့ပြင် ကျွန်ုပ်နှင့် ဦးဒေါနတို့ ကျေးဇူးကိစ္စကို အပြန်အလှန် ပြောနေကြရာ၌ စကားဝင်မစွက်လို၍ အလိုက် တသိ ရှောင်ဖယ် သွားသည်လည်း ဖြစ်၏။ သို့သော် ကိုမြဖေ အဘယ်မျှပင် အလိုက်သိစေကာမူ ကျွန်ုပ်၏ စိတ် တွင်ကား ... သူ့ပါးစပ်ပုပ်မှ (အမှီ)ဟူသော နာမည်ကလေးကို ထည့်၍ ပြောသည်ကိုပင် မျက်မုန်းကြီး ကျိုး၍ အော့နှလုံး နာမိပေသည်။ မောင်ညိမ်းအောင်လည်း အိမ်တွင်းခန်းသို့ လိုက်သွား၏။ ကိုမြဖေနှင့် အထူး ရင်းနှီးကြမည် ကား ပြောဖွယ်မလိုပါပေ။

ကျွန်ုပ်တို့ချည်း ကျန်ရစ်ခဲ့ကြရာ၌ ဦးလေး ဦးဒေါနသည် ရွှေဒင်္ဂါးအိတ်ကို လက်၌ ဆ၍ဆ၍ နေကာ " ဦးလေး စိတ်မကောင်းအောင် မလုပ်နဲ့ မောင်ကံကောင်းရယ် ... ဦးလေး ကျေးဇူးဆပ်တာကို လက်ခံပါ ကွယ်" ဟု ထပ်၍ပြောပြန်၏။ ကျွန်ုပ်ကား ငြင်းလက်စနှင့် ဆက်၍သာ ငြင်းနေ၏။ နောက်ဆုံး၌ ဦးဒေါန သည် တစ်စုံတစ်ခုကို တွေးလိုက်ပြီးနောက် " မောင်ကံကောင်း စစ်ဘက်ကထွက်ပြီးတော့ အလုပ် လုပ်ချင်တယ် လို့ ဦးလေးသိရတယ် ...။ ဒီတော့ကာ ဒီပစ္စည်းတွေကို ထုခွဲပြီးအခြေစိုက်ရင် ဖြစ်နိုင်လောက် ပါတယ် ငါ့တူ၊ လက်ခံပါကွယ်" ဟု တစ်မျိုးလှည့်ကာ တိုက်တွန်းစကား ပြောပြန်၏။ ထိုစကားကို ကြားရ သည်တွင် ကျွန်ုပ်မှာ အတော်ကြီး အားတက်လာ၏။ ကျွန်ုပ်ဆင်၍ ထားသောအကွက်အတိုင်းပင် ဦးဒေါန၏ ခေါင်းထဲ ၌ ကျွန်ုပ်ကုန်သည်လုပ်လိုသော အကြောင်းမှာ ၀င်၍နေပေပြီ။ အမှီ၏ ကျေးဇူးပင်။

" ဦးလေးပြောသလို ကျွန်တော် စစ်ဘက်ကထွက်ပြီး ကုန်သွယ်လယ်လုပ် အေးအေးကုပ်ကုပ် နေချင်တာ ကတော့ ကြာပါပြီ၊ ဒါပေမဲ့ ဦးလေးတို့ ကျေးဇူးဆပ်တာကိုတော့ ကျွန်တော် ဘယ်နည်းနဲ့ လက်ခံရက်ပါ့မလဲ ခင်ဗျာ။ မဖြစ်နိုင်ပါဘူး ကျွန်တော် မယူရက်ပါဘူး။ ကျွန်တော် ဘာကိုမှ မမြော်မြင်ပဲနဲ့ ကိုယ့်သွေးရင်းသား ရင်းမို့ အကြောင်းပေါ်တဲ့အခါမှာ ကူညီတာကို ဦးလေးတို့က ကျေးဇူးဆပ်ဖို့တွေ ဘာတွေ လုပ်ရင် ကျွန်တော့် ကို သူစိမ်းပြင်ပြင် သဘောထားသလို ဖြစ်နေပါလိမ့်မယ် ဦးလေးရယ် "ဟု ကျွန်ုပ်က ခပ်ဆွယ်ဆွယ် မသိ မသာကလေးတို့ပေးလိုက်၏။ ဦးဒေါနလည်း ကတ္တီပါ အိတ်ကလေးကို စားပွဲ၌ အသာအယာ ဆောင့်ကာ ရွှေဒင်္ဂါးသံ တချွင်ချွင်လုပ်ရင်း ကျွန်ုပ်အား ကျေးဇူးဆပ်ရမည့်နည်းလမ်းကို ရှာဖွေ နေဟန်ဖြင့် တွေဝေနေ၏။

ထိုအခိုက်တွင် ကိုမြဖေ အပြင်ခန်းသို့ထွက်လာပြန်လေရာ ဦးဒေါနလည်း ကိုမြဖေ၏ ကုန်ရောင်းကုန်ဝယ် အကြောင်းများ ကို ဆက်လက် မေးမြန်းနေသဖြင့် ကျွန်ုပ်နှင့် စကားစပြတ်သွားပြန်၏။ ကိုမြဖေလည်း ငါပိ ဈေး ရန်ကုန်၌ ဒီရေတက်သလို တက်ပုံများကို ပြောရာက " ဦးလေးတို့ကို ပြန်ပို့ပြီးရင် ကျွန်တော် ရန်ကုန်ကို တစ်ခေါက်ပြန်တက်ဦးမယ်၊ ဦးလေးတို့ လုပ်ငန်းတွေ အခုလောလောဆယ်မှာ ပြန်ပြီး မစနိုင်ခင် မှာကိုညိမ်း ကို စက်လှေတစ်စင်း ၀ယ်ပေးပြီး ကျွန်တော်နဲ့တူတူ ထည့်ပါလား ဦးလေးရဲ့။ လှေတစ်စင်း ငါးပိ ချိန် သုံးသောင်း ဆိုရင် ငွေ သုံသောင်းတော့ တန်းနေတာဘဲ" ဟု စကားစလိုက်၏။ ဤတွင် ဦးဒေါနတွင် " အေးကွယ် ... ငါလည်းပဲ တို့လုပ်ငန်းတွေ အခုလို ဖရိုဖရဲဖြစ်နေတုန်းမှာ တစ်ခုခုလုပ်ဖို့တော့ စိတ်အကူး သား၊ ဒါပေမဲ့ ငါက အသက်ကြီးတော့ တယ်ပြီး စိတ်မသန်တော့ပါဘူးကွယ်" ဟု ပြောလိုက်ရာ ကိုမြဖေက "ဒါဖြင့် ကိုညိမ်းကို ထည့်ပေါ့ ဦးလေးရ ... ကျွန်တော့်မှာ လက်စွဲလုပ်တဲ့လူ ထွက်ပြေးတော့ ကိုညိမ်းနဲ့ဆိုရင် ပိုပြီး စိတ်ချရတာပေါ့။

 ကိုညိမ်းက လှေတစ်စင်း ကျွန်တော်က လှေတစ်စင်းဆိုရင် အံကိုက်ပဲ"ဟု အားတက် သရော ပြောလိုက်၏။ ဦးဒေါနလည်း ခေါင်းကို အသာအယာ ခါရမ်းရင်းက " မဖြစ်ပါဘူးကွယ် ... ငွေလုံး ခနဲမြတ်တယ်ဆိုပေမဲ့ အိမ်မှာ ယောက်ျားမားမားဆိုလို့ ကိုညိမ်းအောင်ပဲရှိတာ၊ သူ့ကိုလွှတ်ထားရမှာက လည်း စိတ်မချပါဘူး" ဟု ဖြည်းလေးစွာပြောရင်းက ဆတ်ခနဲ ခေါင်းကိုထောင်လိုက်ကာ " အဲ ... အဲ ... အဆင်သင့်ပဲ၊ ကိုင်း ငါ့တူ မောင်ကံကောင်း က စစ်ဖက်က ဘယ်လောက်ကြာမှ ထွက်နိုင်မှာလဲ "ဟု ရုတ်တ ရက် ကျွန်ုပ်ဘက်သို့ လျည့်ကာ မေးလိုက်ရာ ကျွန်ုပ်လည်း သိုက်ဆရာ၏ ဆေးကြိမ်လုံးဒဏ်ကို မခံနိုင်၍ သိုက်တ့ခါးကြီး ဗြုန်းခနဲ ပွင့်သလို သူတို့နှင့်နီးစပ်ရန် အခွင့်အလမ်းကြီး ဟာကနဲ ပွင့်လာသည်ကို သတိထား လိုက်မိသည့်အတွက် " ကျွန်တော်က ဂျပန်စစ်ဘက်နဲ့ တွဲနေရတော့ သိပ်ပြီး မခက်လှပါဘူး" ဟု ချက်ခြင်း ဖြေလိုက်၏။

ကျွန်ုပ်၏ အဖြေကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဦးဒေါနမှာ အားရ၀မ်းသာကြီး ဖြစ်သွားကာ " ကိုင်း ကွယ် ငါ့တူက ရွှေနဲ့ငွေနဲ့ ကျေးဇူးဆပ်တာကို လက်မခံလေတော့ ဦးလေးက တစ်နည်းတစ်ဖုံ ကျေးဇူးဆပ် ရဦးမပေါ့ကွယ် ... ကဲ ဦးလေးတို့မြို့ကို ပြန်ရောက်ရင် ဦးလေး စက်လှေကြီးတစ်စင်း ၀ယ်မယ် ... ပြီးတော့ ငါးပိအပြည့် တင်ပေးမယ် ... အဲဒါကို အခြေပြုပြီးတော့ ငါ့တူကြီး လုပ်ချင်တဲ့ ကုန်သည်အလုပ်ကို လုပ်ပေ တော့ ... ဟုတ်လား၊ အလုပ်ကထွက်သမျှ အမြတ်အစွန်းကို ငါ့တူချည်းယူ ... ပြီးတော့ လှေနဲ့ကုန်ဖိုးကို တစ်ဝက်သာ ဦးလေးကိုပြန်ပေး၊ ဒါလဲ ပေးနိုင်မှပေးပါ ဟုတ်လား၊ ဘယ်နှယ်လဲ၊ ဦးလေး ဒီလို ကျေးဇူးဆပ် ရင်ကော ငါတူ လက်ခံနိုင်ပါ့မလား" ဟု စိတ်အားထက်သန်စွာ ပြောလိုက်ပါသည်။
*
ဆက်ရန်
.

1 comment:

မင်းဧရာ said...

အပိုင်း (၁၃)ကိုဖတ်ပြီးသွားပြီး တာကြာပြီ အမကြီး....
ဟင်းချက်နေလို့ ပြီးမှလာမန့်တာ နော်တစ်ပိုင်းကို လည်းမျှော်နေပြီလို့ပြောလို့ ဟီးဟီး အမကြီးရွှေစင်ရော အမကြီး စည်းစိမ်ရော ကျန်မာ ချမ်းသာကြပါစေဗျာ။