Thursday, September 1, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၃)

ဗြဟ္မစိုရ်တရားသုံးပါးနှင့် လူ
ယဉ်ယဉ်နု(မန္တလေး)

" ..... အဲဒီလူက ဗြဟ္မစိုရ် သုံးပါးထဲရှိတဲ့ဟာ "
နားထဲကို တစ်စွန်းတစ်စကြားလိုက်ရတဲ့စကားက ကန့်လန့်ကြီးဝင်သွားတယ်။ သူတို့ ဘာစကားပြောနေကြ တာလဲမသိ၊ ကျွန်မကလည်း သေသေချာချာ အစအဆုံး နားမထောင်မိ၊ စာရေးဆရာ လုပ်ပြီးတော့များ စကားအမှားကြီး ပြောရသလားလို့ ရယ်ချင်ချင်ဖြစ်မိတယ်။ ကြည့်ပါဦး မေတ္တာ၊ ကရုဏာ၊ မေတ္တာ၊ ဥပက္ခာ ဆိုပြီး ဗြဟ္မစိုရ်တရားလေးပါး ရှိတာ ဗုဒ္ဓဘာသာ အခြေခံရှိတဲ့ လူတိုင်းသိတယ်ဆိုတော့ ... အင်း။

စာရေးဆရာ ကိုအောင်ဝင်း(မန်း)ရယ်၊ ကိုအုန်းငွေ၊ ကိုတင်အောင်(မြို့သစ်)ရယ် ၀ါးကနဲ ရယ်ကြတယ်၊ ဥက္ကဋ္ဌဆရာ ဦးဖုန်းမြင့်အောင်၊ ဟိုဘက် ခပ်လှမ်းလှမ်းမှာ စာရင်းတွေစစ်နေတာလား မသိပါဘူး ဘာသာပြန် ဆရာမလေး ခင်လေးငယ်နဲ့ အမေ့ခြေရာခံယူတဲ့အဖွဲ့ဝင် ကလေးမလေးတွေကတော့ ပိတ်စလေး တွေ အဆင်သင့်ဖြစ်အောင် ခေါက်နေကြတယ်။ ကျွန်မက အကြာကြီး ထိုင်ရင် ခြေထောက် အကြော တွေ ဆိုင်း တတ်လို့ အမေ့ခြေရာခံယူတဲ့ ဓမ္မာရုံကြီး အလျားအတိုင်း လမ်းလျှောက်ပြီး မေတ္တာသုတ် ရွတ်နေရာက သူတို့ ပြောတဲ့စကားတစ်စွန်းတစ်စကို အရင်းမရှိ၊ အဖျားမရှိကြားမိတာလေ။ ပရိတ်ရွတ်ရင်း အာရုံတွေ ပျံ့လွင့်ကုန်တာ ဆက်ရွတ်လို့ကို မရတော့ဘူး၊ သမာဓိအားက အဲဒီ လောက် တောင် ကောင်းတာလေ။

ကျွန်မ တို့ မန္တလေးအမေနေ့ ကျင်းပရေး အဖွဲ့က နှစ်စဉ်မပျက် ပြာသိုလပြည့်နေ့တိုင်းမှာ စာရေးဆရာကြီး တွေဖိတ်ပြီး စာပေဟောပြောပွနဲ့ အတူ အမေနေ့အခမ်းအနားကို မပျက်မကွက် ကျင်းပခဲ့တာ အခုဆိုရင် (၉)နှစ်ပြည့်ခဲ့ပြီ။ အမေနေ့ အခမ်းအနား မကျင်းပခင် ပြာသိုလဆန်း(၁၁)ရက်ကနေ (၁၄)ရက်နေ့အထိ (၄)ရက်တိုင်တိုင် မိဘခြေရာခံယူပွဲကို စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေတယ်လေ။ အဲဒီကိုလာကြတဲ့ အမေနေ့ကျင်းပရေးအဖွဲ့ဝင်တွေဟာ အခုမှစုမိကြသလို၊ စကားလက်ဆုံပြောမကုန်ကြဘး။ ကျွန်မလည်း သူတို့ စကားဝိုင်းထဲကထွက်ပြီး လမ်းလျှောက်နေလို့သာ၊ နို့မဟုတ်ရင် ဗြဟ္မစိုရ် တရားသုံးပါးကိစ္စထဲကို ပါနေဦးမှာ။ စိတ်ထဲမှာ အမှားကြီး သူတို့ဘာလို့ပြောပါလိမ့်လို့ မေးမယ်လို့ တွေးမိတယ်။ လမ်းလျှောက်နေရာ ကစကားဝိုင်းနားကို ကပ်လာမိတယ်။

" အန်တီ ဧည့်သည် တွေ လာနေကြပြီ" ကေခိုင်ကျော်က လှမ်းပြောလိုက်လို့ ဓမ္မာရုံအပေါက်ဝကို လှမ်းကြည့် မိတယ်။ အရှေ့မှာ ဆိုက်ကားတစ်စီးရပ်ထားပြီး ဆိုက်ကားပေါ်ကဆင်းလာတဲ့ အမေအို တစ်ယောက် ကို သမီးနဲ့တူတဲ့ အရွယ်လတ် အမျိုးသမီးတစ်ယောက်က တွဲခေါ်လာတာကို တွေ့ရတယ်။ ငြိမ်းငြိမ်းမြ တို့ ထက်ထက် တို့က အမေကြီးကို အပြေးအလွှားသွားပြီး တွဲခေါ်ကြတယ်။ ကလေးမလေးတွေ တွဲခေါ် လာတဲ့ အမေ ကြီးဟာ ဖြည်းဖြည်းလေးလျှောက်လှမ်းလာပြီး ဓမ္မာရုံထဲကို ၀င်လာတယ်။

 အမေကြီးကို အသာအယာခုံပေါ် မှာ ထိုင်စေပြီး ကလေးမလေးတွေက ခြေရင်းမှာ ဒူးတုပ်ထိုင်ပြီး အမေကြီးရဲ့ ခြေအစုံကို စစ်ဆေးကြည့်ကြ တယ်။ ပြာသိုလပြည့်ဆိုတော့ တကယ့်ကို ဆောင်းတွင်း စစ်စစ်ကြီးလေ၊ မန္တလေးဆောင်းကလည်း တုန် နေအောင် ချမ်းတာဆိုတော့ တစ်ချို့အမေတွေ အဖေ တွေက အသက်ကြီးတော့ ခြေမဆေးရုံကြလို့ ခြေထောက်တွေဟာ ညစ်ပတ်နေတတ်တယ်၊ အဲဒါကို ကလေးမလေး တွေက တယုတယကိုင်ပြီး သန့်စင် ပေးကြတယ်။ ပြီးမှ နနွင်းနဲ့ရောထားတဲ့ ခွက်ထဲက အ၀တ်ဖတ် ကလေးနဲ့ယူပြီး ခြေဖ၀ါးကို နှံ့အောင်သုတ်ပေး ကြတယ်။

 " အမေ့ခြေရာခံယူပွဲ" စာတမ်းကလေး ရိုက်ထားတဲ့ တက်ထရွန်စအ၀တ်ပိုင်းကလေးပေါ်ကို ခြေထောက်နဲ့ နင်းခိုင်း တော့ မိဘတွေရဲ့ခြေရာဟာ အ၀တ်ပိုင်းလေးပေါ်မှာ ထင်သွားပြီ ဘောပင်နဲ့ ခြေထောက်အရာ အတိုင်း လိုက်ဆွဲလိုက်ရင် ခြေရာခံယူမှုက ပြီးသွားပြီလေ၊ အဲဒီ ခြေရာအ၀တ်ကလေးတွေကို တန်းပေါ်မှာ လွှားပြီး အခြောက်ခံထားတဲ့အချိန်မှာတော့ အမေ၊ အဖေတွေနဲ့ရော သားသမီးတွေနဲ့ပါ စကားလက်ဆုံ ပြောကြ၊ အမေ့ခြေရာလာပြီး ခံယူကြတဲ့သူတွေ က ကျွန်မတို့ အမေနေ့ကျင်းပရေး ရံပုံငွေ အတွက် လှူဒါန်းကြတဲ့ အချိန်တွေပေါ့၊ အ၀တ်ကလေးတွေ ခြောက်သွားပြီဆိုရင် သေသေချာချာခေါက်ပြီး ကြွက်ကြွပ်အိတ် နဲ့ ကျွန်မတို့က ထည့်ပေးလိုက်တယ်။ အဲဒီ အခါ သားသမီးတွေက အမြတ်တနိုး ရင်ခွင်မှာ ပိုက်ပြီး အမေအဖေတွေကို တွဲခေါ်လို့ အမေတွေအဖေတွေ ကလည်း ကျွန်မတို့အမေ့ခြေရာခံယူတဲ့ အဖွဲ့ဝင် တွေကို သာဓုတွေခေါ် ကျေးဇူးတွေတင်လို့ အလွန်စိတ် ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

" ဟေ့ လာပြီ လာပြီ ထမင်းလာပြီ၊ အလုပ်လုပ်တဲ့ လူတွေလုပ်နေ၊ အားတဲ့လူတွေ ထမင်းလာချ"
ပြောရင်းဆိုရင်း ဒု-ဥက္ကဋ္ဌ ဦးသိန်းအောင်မြင့်နှင့် ဦးမောင်မောင်တို့ ထမင်းပေါင်းအိုးတွေသယ်ပြီး စားကြ တယ်။ သန်းထိုက် ကလည်း အာလူးကြော်နဲ့ အချဉ်ပေါင်းတွေထည့်တဲ့ အိတ်ကို ဆွဲပြီး အောက်က လိုက်လာတယ်။
" ဆရာတို့စားနှင့်ကြ၊ ကျွန်မ တို့ မိန်းကလေးတွေ နောက်မှစားမယ် "
ကျွန်မတို့ မိန်းကလေးတွေ ဆပ်ပြာနဲ့ ဆေးကြတယ်။ နနွင်းနဲ့ဆီနဲ့ကို သေချာပွတ်ပြီး ခဏခဏ ဆေးရပေမယ့် ကလေးတွေ မညည်းညူကြဘူး၊ ဆေးရင်းကြောရင်းက " အန်တီရယ် ကျွန်တော်က အန်တီ မရောက်ခင်လေ၊ ဟိန္ဒူကုလားမကြီးတစ်ယောက်နဲ့ သူ့သားလေး တစ်ယောက် လာယူ ကြတယ် သိလား "

" အေး "
" အဲဒါခြေရာလည်း ခံယူပြီးရော အဲဒီ ကုလားကြီးက သူ့သားကို ဘာလုပ်ခိုင်းတယ်ထင်လဲ အန်တီ"
" ပြောပါဦး "
" အမေ့ရဲ့ ခြေထောက်ကို ဒီမမတွေက ဆုပ်ကိုင်ပြီးပြီ၊ ဒီမမတွေက အမေ့သမီးတွေ ဖြစ်သွားတယ်။ အဲဒီတော့ ငါ့သားရဲ့ အမတွေ ကို ကန်တော့လိုက်ကြလို့ ခိုင်းတယ် အန်တီရဲ့ "
" ဟောတော် "
" အဲ့ဒါ သမီးတို့က အားလည်းနာ၊ ကောင်လေးကလည်း ရွယ်တူလို ဖြစ်နေတော့ ရှက်ကလည်း ရှက်မှာပဲဆို ပြီး အတင်းငြင်းကြတာပေါ့၊ ဒါပေမယ့် ကောင်လေးက တရိုတသေ ကန်တော့သွားတယ် အန်တီရယ်၊ သမီး တို့မှာ ရင်တွေ တသိမ့်သိမ့်တုန်အောင် အံ့သြ ပီတိတွေဖြစ်ပြီး ကျန်နေခဲ့ကြတာပေါ့ "

ကလေးမလေးတွေက အားရပါးရပြောပြနေကြတယ်၊ ကျွန်မလည်း သူတို့နဲ့ ထပ်တူ ရင်တသိမ့်သိမ့်တုန် အောင် ပီတိဖြစ်ရတယ်၊ ကျွန်မတို့ လုပ်တဲ့လုပ်ငန်းမှာ မိဘနဲ့သားသမိး (၅၂၈)သွယ်သော မေတ္တာနှင့်ကူး လူးဆက်ဆံကြပုံ၊ အပြန်အလှန် အားကိုးပြီး အပြန်အလှန် ဆက်သွယ်ကြပုံတွေကို လူတန်းစားအမျိုးမျိုး၊ မြင်တွေ့နေရတာ တစ်ခါတလေ မျက်ရည်စို့မိတဲ့အထိပါပဲ၊ တစ်ခါတုန်းကလည်း အမေနေ့ကျင်းပတဲ့ ပြာသို လပြည့်နေ့ ရောက်ခါမှ ဆွမ်းကပ်ပြီးချိန် အမေ့ဂုဏ်ရည် ဟောပြောပွဲစခါနီး ပရိသတ်တွေတဖွဲဖွဲ ခန်းမထဲ ၀င်နေတဲ့ အချိန်ကျမှ အောက်မှ ဖိနပ်ထည့်ဖို့ အိတ်ဝေတဲ့ကလေးတစ်ယောက်က ကျွန်မကို လာပြောတယ်၊ " အန်တီ အောက်မှာ ဆိုက်ကားကြီးနဲ့ အမေကြီး တစ်ယောက် အမေ့ခြေရာခံချင်လို့တဲ့ "
" ဟောတော် "ဆိုပြီး ကျွန်မတော်တော် စိတ်ရှုပ်သွားတယ်။

" ဒီနေ့ အမေနေ့တောင် ရောက်နေပြီဟယ်၊ ခြေရာခံတာ မနေ့ကနောက်ဆုံးဆိုတာ သားမပြောပြဘူးလား "
" ပြောပြပါတယ်အန်တီ၊ အတူပါလာတဲ့ အမေကြီးရဲ့သားက ဒီနေ့ ဥပုသ်နေ့မှ သူက အလုပ်နားလို့ လာပို့ ရတာပါ။ မြောက်ပြင် အဝေးကြီးက ဆိုက်ကားငှားလာရတာပါလို့ တောင်းပန်တယ်၊ တာဝန်ရှိတဲ့သူ တစ်ယောက်ယောက်ကို ပြောပေးပါလို့ ပြောတာနဲ့
" ဥပုသ်နေ့မှ အားရအောင် သူက ဘာအလုပ် လုပ်တာလဲ "
" ကိုင်းတန်းဈေးက ပွဲရုံမှာ ကုန်ထမ်းတာတဲ့ "

" အို " ကျွန်မရင်ထဲမျာ ကရုဏာ စိတ်တွေ ဖြစ်ထွန်းပြီး မျက်ရည်တွေတောင် လည်လာမိတယ်၊ ကုန်ထမ်း တဲ့ လူက မိခင်ရဲ့ ခြေရာကို အမြတ်တနိုး အထွတ်အမြတ်ထားဖို့ သတိရတယ်၊ ဒါပေမယ့် သူ့အသက်မွေး ခြင်းထက်ပိုပြီး ပေါ့ပါးတဲ့ အသက်မွေးခြင်းရှိတဲ့သူတွေက အမေ့ခြေရာခံယူဖို့ သတိရတာ အလွန်နည်းတဲ့ အရေအတွက်ပါလားလို့ တဆက်တည်း တွေးလိုက်မိတယ်။
အပေါ်ထပ် ၀ရန်တာကနေ လှမ်းကြည့်လိုက်တော့ မနေ့က ကျွန်မတို့ အမေ့ခြေရာခံတဲ့ ဓမ္မာရုံရှေ့မှာ ဆိုက် ကားတစ်စီး ရပ်ထားပြီး ဆိုက်ကားပေါ်မှာ ညိုညိုပိန်ပိန်အမေကြီးတစ်ယောက်ကို ကုပ်ကုပ်ကလေးထိုင်နေ တာတွေ့ရတယ်။ ဆိုက်ကားဘေးမှာ ညိုညိုတုတ်တုတ်ဂင်တိုတိုလူတစ်ယောက် တောင်မျှော်ကြည့်လိုက်၊ မြောက်မျှော်ကြည့်လိုက်နဲ့ စိတ်ပူပန်သောက ရောက်နေတဲ့ပုံကို တွေ့ရတယ်။

ကျွန်မ စဉ်းစားကြည့်မိတယ်၊ ဆနွင်းခွက်တွေ၊ ဆီခွက်တွေကလည်း မနေ့ညနေကတည်းက ဥက္ကဋ္ဌ အိမ်ပို့ ပြီးပြီ၊ ဘယ်လိုလုပ်ရပါ့မလဲ။
" အေး ဟုတ်ပြီ၊ ဒီလိုလုပ်၊ လိပ်စာအတိအကျ သွားတောင်းထားလိုက်၊ ဒီနေ့တော့ တကယ့်ကို မအားလို့ မခံယူ နိုင်ဘူး၊ မနက်ဖြန် အိမ်တိုင်ယာရောက်လာပြီး ခြေရာခံပေးမယ်၊ ဘာမှစိတ်မပူနဲ့၊ အလုပ်လည်းသွား၊ သေသေချာချာ ပြောပြထားလိုက်နော်"
" ဟုတ်ကဲ့အန်တီ" ဆိုပြီး ကလေးက ပြန်ဆင်းသွားတယ်၊ ကျွန်မ စီစဉ်ပေးလိုက်တဲ့ အခြေအနေကို အမေ့ ခြေရာခံယူတဲ့အဖွဲ့ကို ပြောပြတော့ ကလေးမလေးတွေက အားတက်သရော ကူညီကြတာနဲ့ ကုန်ထမ်း အလုပ်သမားလေး ရဲ့ ဆန္ဒပြည့်မြောက်သွားခဲ့ပါတယ်။

" ဟေ့ နောက်ကျတဲ့သူတွေ ၀က်သားဟင်းကုန်ပြီ၊ နင်တို့ လက်ဖက်သုပ်နဲ့ပဲ စားကြတော့ " ဦးသိန်းအောင် မြင့်ရဲ့ အသံကြီးပေါ်လာလို့ ကျွန်မ စဉ်းစားနေရာက အခုအချိန်ကို ပြန်ရောက်လာတယ်၊ အော်တာတခြား သူတို့မျှတစားပြီး ကျွန်မတို့အတွက် ဟင်းအများကြီးချန်ထားမှာကို  သိနေတာနဲ့ ကလေးတွေက ရယ်နေ ကြတယ်၊ အဲဒီလိုနေတုန်း ဗင်ကားတစ်စီး ဆိုက်လာပြန်တယ်၊ ခြေရာခံမယ့်လူ နောက်တသုတ်ရောက်လာ ပြန်တယ်။
" သမီးတို့ စားချင်စားနှင့်လေ၊ အန်တီတို့ လုပ်လိုက်မယ် "
" ဟင့်အင်း အန်တီ၊ သမီးတို့ မဆာသေးဘူး "

" ဒါဆို မြန်မြန်ပြီးအောင် အန်တီတို့လည်းကူမယ်" ကျွန်မတို့ စကားပြောနေတုန်း ကားပေါ်က လူတွေ ဆင်း လာကြပြီ၊ ပိန်ပိန်ပုပု ဖြူဖြူပါးပါး အမေကြီးတစ်ယောက် ညိုညိုတုတ်တုတ် မြင့်မြင့်သားနဲ့တူတဲ့ အရွယ်လတ် ယောက်ျားတစ်ယောက်တွဲလာတယ်။ အမလေး တော်တော်ချမ်းသာတာလား၊ ကြွားချင် တာလား မသိဘူး၊ လည်ပင်းမှာ တစ်ဆယ်သားလောက် ဆွဲကြိုးအပြားကြီးနဲ့၊ လက်မှာလည်း ငါးကျပ်သား လောက် ဟန်းချိန်းကြီးနဲ့ ပိုက်ဆံအိတ်အနက်အကြီးကြီးကိုလည်း ဂျိုင်းကြားမှာညှပ်လို့ ယောက်ျားတန်မယ့် ၀တ်စား ထားလိုက်တာလည်း လွန်ပါရော၊ ညိုညို ထောင်ထောင်မောင်းမောင်း မိန်းမတစ်ယောက်နဲ့ ဖြူဖြူသေးသေး မိန်းမတစ်ယောက်လည်း ပါသေးတယ်၊ အမေကြီးက သူ့ခန္ဓာကိုယ်နဲ့ တော်တော်ပွနေတဲ့ သားမွှေးအနွေး ထည်ကို ၀တ်ထားတော့ ကြည့်ရတာ အရုပ်ကလေးတစ်ရုပ်လို ချစ်စရာ ကောင်းလိုက်တာ၊ ခြေရာခံမယ့် ကလေးမလေးတွေက" ခြေရာဘယ်နှစ်စုံယူမှာလဲရှင်" လို့မေးတော့၊ အမေကြီးဆီက " လေးစုံ" ဆိုတဲ့ အသံနဲ့ညိုညို  တုတ်တုတ် လူဆီက "သုံးစုံ" ဆိုတဲ့ အသံဟာ တစ်ထပ်တည်းထွက်ပေါ်လာတယ်၊ ဘယ်လို ပါလိမ့်လို့ ကျွန်မတို့တွေးဖို့ အချိန်တောင် မရလိုက်ပါဘူး။

" အမေက အိမ်တုန်းကတော့တစ်မျိုး၊ အခု လူတွေရှေ့ကျတော့ တစ်မျိုး၊ ဒါက ဘာလုပ်တာလဲ၊ ကျွန်တော် တို့ကို အရှက်ခွဲတာလား၊ ဒီမှာ ရှင်းရှင်းပဲပြောမယ်၊ ဟိုကောင်မ ကို ကျွန်တော်တို့ ညီအစ်ကို မောင်နှမ စာ ရင်းထဲမှာ မထည့်နိုင်ဘူး၊ အမေမပြတ်နိုင်ရင် အမေဆင်းသွားဗျာ၊ အဲဒိကောင်မက အမေ့ကို ဆီဦး ထောပတ် ကျွေးပါလိမ့်မယ်"
ကျွန်မတို့ အားလုံး ပါးစပ်အဟောင်းသား ဟအောင် အံ့သြသွားကြတယ်၊ ညိုညိုတုတ်တုတ်လူဟာ ဒေါသ မျက်နှာ နဲ့ အမေကြီးကို အော်လိုက်ဟစ်လိုက်၊ ကြိမ်းလိုက်မောင်းလိုက်တာ ကျွန်မတို့ကို အသက်ရှိတယ်လို့ တောင် မထင်ဘူး၊ ဘုရား၊ ဘုရား လူရှေ့၊ သူရှေ့မှာတောင် ဒီလောက်ဆိုရင် အိမ်မှာသာဆို အမေကြီးကို ဘယ်လိုများ သူဆက်ဆံမှာပါလိမ့်ဆိုပြီး ကျွန်မ ရင်လေးလိုက်တာ၊ အဲဒီလိုနေတုန်း ညိုညို မိန်းမကလည်း တစခန်း ထလာပြန်ပါလေရော။

" ဟုတ်သားပဲ အမေကလည်း အငယ်ဆုံးမကို အကုန်လုံးက သေခန်းရှင်ခန်းဖြတ်ထားတာ အမေက အလိုက်ကန်းဆိုး မသိ လေးစုံလို့ ပြောတော့ အကိုကြီးက စိတ်ဆိုးတာပေါ့ အမေနော် အကိုကြီးကောင်းလို့ တိုက်နဲ့ကားနဲ့နေရတာ "
ဘုရား ဘုရား၊ ကျွန်မ ဘုရားပဲ ထပ်တနေတယ်၊ အမေက သားကို အလိုက်ကန်းဆိုးသိသိ ---။ တော်တော် ပစ္စည်း ဂုဏ်မောက်ကြတဲ့ မောင်နှမပါလား၊ အမေကြီးမှာ အိမ်မှာလည်း ဒီလိုမျက်နှာငယ်နဲ့ နေရရှာတာ လား၊ တွေးမိပြီး ကျွန်မ မွန်းကြပ်လာမိတယ်။ အခြေအနေကို ဆရာ ဦးဘုန်းမြင့်က ၀င်ထိန်းလိုက်တယ်။

" ကိုယ့်ညီလေး၊ ဒီဘက်စားပွဲကိုလာပါ။ ဒီမှာ နာယကကြီး အရီးတောင်း ဦးကျော်သိန်း ရှိထားတဲ့ လက်ဖက် ပွဲ တွေရှိတယ်၊ လာစားပါဦး၊ ခြေရာခံတဲ့ကိစ္စ သမီးလေးတွေ လုပ်ပါလိမ့်မယ် "
အဲဒီပုဂ္ဂိုလ်ဟာ မကျေမနပ်ပုံစံနဲ့ ပြန်စောင်းကြည့်ပြီး ဆရာနောက်ကို မလိုက်ချင်လိုက်ချင် လိုက်သွားတယ်။ စားပွဲမှာထိုင်ပြီး မေးတစ်ခွန်း ပြောတစ်ခွန်းနဲ့ ဆရာရဲ့ ကျွမ်းကျင်မှုအောက်မှာ စကားလက်ဆုံကျသွားတော့ တယ်။

ခင်လေးငယ်က ရွှေဂုဏ်မောက်တဲ့ မိန်းမကို အလှူခံစားပွဲကို ခေါ်သွားပြီး ရှင်းပြတော့ တစ်တောင် လောက် ပိုက်ဆံအိတ်ကြီးကို ဖွင့်နေတာ ကျွန်မ လှမ်းမြင်နေရတယ်။ ဒီအချိန်အတွင်းမှာပဲ ကျွန်မနဲ့ အမေ့ ခြေရာခံယူရေး အဖွဲ့ ကလေးမလေးတွေဟာ ကျွန်မတို့ လုပ်နေကျ ကိစ္စလေးတွေကို လျင်လျင်မြန်မြန်ပဲ လုပ်လိုက်ကြတယ်။ နောက်ထပ်ဧည့်သည်တွေလည်း တဖွဲဖွဲ ရောက်လာလို့ ကလေးမလေးတွေ အလုပ်ရှု့် နေကြတယ်။

အမေ့ခြေရာခံယူပြီးတော့ ပိတ်စလေးတွေ ပြန်ပေးတဲ့အခါ ညိုညို အမျိုးသားက ကလေးမ လေးတွေ ကြွပ်ကြွပ်အိတ်ထဲ ထည့်ပေးပြီးသားကို ပြန်ဆွဲထုတ်ပြီးခါကြည့်နေလို့ ကျွန်မက သုံးစုံထဲပါ မောင်လေးရဲ့၊ အလှူရှင် စိတ်တိုင်းကျ အတိုင်း လုပ်ပေးလိုက်ပါတယ်" လို့ ပြောတော့ သူ့မျက်နှာကြီးက မအီ မလည်နဲ့၊ အမေ့ ခမျာ မှာတော့ မျက်လွှာကြီးချပြီး ငြိမ်နေတယ်။ အမေ တို့ အဖွဲ့က ပြီးပြီမို့ ကျွန်မကိုယ်တိုင် အမေ့ လက်ကို တွဲပြီး --- ပေါ်ကို တင်ပေးလိုက်တယ်။ ကားနောက်ခန်း ပြူတင်းဝကနေ ကျွန်မကို အမေက လှမ်းကြည့်ပြီး ပြုံးပြတယ်။

ညာဘက်လက်မောင်းကို ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်ထားပြီး " သာဓုပါ သမီး ရယ်၊ သာဓုပါ အစစအရာရာ စိတ်ချမ်းသာပါစေကွယ်" လို့ တတွတ်တွတ်ဆုပေးရင်း ကားမောင်းထွက်သွား တော့တယ်၊ ကျွန်မရယ်၊ ငြိမ်းငြိမ်းမြ ရယ်၊ မေခိုင်ကျော်ရယ် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မိကြတယ်၊ ကလေးမလေးတွေ ဓမ္မာရုံထဲဝင်သွားတဲ့အထိ ကျွန်မ လိုက်မ၀င်မိဘဲ တည်ပင် အရိပ်ကလေး အောက်မှာ တစ်ယောက်တည်းရပ်ကျန်ခဲ့ပြီး တခုခုကို အပြင်းအထန် တွေးနေမိတယ်။

ဟုတ်တာပေါ့၊ စောစောက ဆရာတွေ ပြောနေတဲ့ ဗြဟ္မစိုရ်တရား သုံးပါးနှင့်လူဆိုတာလေ။ သူတို့က ဘာဆို လိုမှန်း မသိပေမယ့် ယခု လောလောဆယ် ကျွန်မကတော့ ဗြဟ္မစိုရ် တရားသုံးပါးရှိတဲ့ သူကို မျက်ဝါးထင် ထင်တွေ့လိုက်ရပြီ၊ အမေဆိုတာ မေတ္တာထားမယ်၊ ကရုဏာထားမယ်၊ သားတွေ သမီးတွေ အောင်မြင်ရင် ပွားလိုက်ရ တဲ့ မုဒိတာ၊ ဒါပေမယ့် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပစ်ထားစရာ ဖြစ်နေနေ ဥပေက္ခာတ ရားမှ မထားနိုင်ပဲ သူတို့မှာ ဗြဟ္မစိုရ်တရား သုံးပါးတည်းရှိတဲ့ သူတွေပေါ့လို့တွေးရင်း သတိတရပြုံးမိပြန် တယ်။
ဒီအချိန်ဆိုရင် ပွနေတဲ့ သားမွှေးအနွေးထည် ညာဘက်လက်မောင်းထဲကို ကျွန်မ သေသေချာချာ ခေါက် ထည့် ပေးလိုက်တဲ့ အမေ့ခြေရာတစ်စုံကို ကိုင်တွယ်စမ်းသပ်ကြည့်ရင်း အမေလည်း ကျေကျေနပ်နပ်ကြီး ပြုံးနေ မှာ သေချာတာပေါ့။

ဆက်ရန်
.

No comments: