Friday, August 5, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁)

၁။

ထူးဆန်းသောအသံများကို သူ့နားထဲတွင် ကြားနေရသည်ဟု ထင်၏။ အိပ်မက်လားဟု ပြန်တွေးမိ ၏။ အိပ်မက် မဟုတ်၊ သူနိုးနေပြီ၊ နားစွင့်ထား၏။ အသက်ကို မှန်မှန်ရှူနေ၏။
အဖေ၏ဟောက်သံသည် ပိုကျယ်သည်။ အမေ၏အသက်ရှူသံကို သဲ့သဲ့မျှသာ ကြားရ၏။ အမေ၏ အသက်ရှူသံ နှင့်လုံးဝမတူ၊ အဖေ၏ဟောက်သံလောက်လည်း မကျယ်၊ ဘာသံတွေပါလိမ့်ဟု သူ တွေးနေသည်။
ရှဲရှဲ ရှဲရှဲမြည်သံတွေက သူ့နားထဲ ပိုကျယ်လာသည်။ သူ့နားနှင့်အနီးဆုံး ကြမ်းခင်းပြင်မှအသံသည် သူနှင့် ပိုနီးသည်။ နောက် ခေါင်းရင်းက ထရံကိုတွားတက်လာသံ ကြားရသည်။ သက်ရှိသတ္တ၀ါ တစ်ကောင်၏ ခြေသံ ဟု ထင်သည်။ နားကို ပိုစွင့်ထား၏။

ခေါင်မိုးပေါ်ကလည်း ဖြိုးဖြိုးဖြောက်ဖြောက်အသံတွေကို ကြားရပြန်သည်။ အသံကြားရာဆီသို့ လှမ်းကြည့်မိသည်။ အမှောင်ထဲတွင် ဘာမှမမြင်ရ။ ခြေရင်းထရံထောင့်ဆီမှ ကြားပြန်၏။ ပင်လယ်မှ လှိုင်းအူသံများ ပဲ့တင်ပြန်သံလားဟု သူတွေးသည်။ သူ့တစ်သက် ကြားနေကျ ပင်လယ်လှိုင်းအူသံ ကို ခွဲခြားသိနေသည်။ ပင်လယ်ဘက် မှ လည်း ရှဲရှဲ ရှဲရှဲမြည်လာသံကို ကြားနေရသလိုပင်။ အပြင်က အုန်းလက်လေတိုးသံ များ ကိုလည်း ကြားနေရသည်။ သို့သော် အိမ်ထဲက ကြားနေရသောအသံ သည် ဘာသံနှင့်မှမတူ။ လှိုင်းအူသံ မဟုတ်၊ လေတိုးသံမဟုတ်၊ စိတ်ထဲကနေ သင်္ကာယနမကင်းချင် ကျောထဲကလည်း စိမ့်ချင်လာ၏။ မြွေပါးကင်းပါး တက်လာလေသလားဟု စိုးရွံ့လာသည်။
အမှောင်ထဲတွင် လျှောက်စမ်းကြည့်၏။ အဖေ့လက်ကို ဦးစွာစမ်းမိသည်။ အဖေ... အဖေဟု လှုပ်နှိုး ခေါ် လိုက်၏။

"ဟင်... သား၊ အောင်တိုင်"
ဤမျှနှင့် အဖေ့အသံတိတ်သွားသည်။ ပြန်အိပ်ပျော်သွားပုံရသည်။
အဖေ အဖေဟု ထပ်ခေါ်သည်။ လက်ကိုလည်း ခပ်ကြမ်းကြမ်းဆွဲလှုပ်လိုက်မိသည်။ အဖေက သူ့ လက်ကို ရုန်းဖယ်လိုက်၏။ အိပ်ချင်မူးတူးသံပေါ်လာသည်။
"ဘာလဲ ဒီကောင်"
"ဘာလဲ မသိဘူးဗျ၊ အိမ်ထဲမှာ ရှဲရှဲ ရှဲရှဲအသံတွေ ကြားတယ်"
"လေတိုက်နေတာပဲ သားရယ်၊ သဲပွင့်တွေ ခေါင်မိုးပေါ် ကျသံနေမှာပေါ့၊ အိပ် အိပ်"
အမေ ပါ နိုးသွား၍ပြောလာ၏။

ဟုတ်မည်လားဟု ထင်ယောင်လိုက်သည်။ တောင်ပင်လယ်တွင် မုတ်သုံတို့ အ၀င်ကြမ်းနေသည်။ ကပ္ပလီပင်လယ်ပြင်မှ လှိုင်းအူသံတို့ ပိုကျယ်လာ၏။ သို့သော် အိမ်၏နေရာအနှံ့အပြားမှ ရှဲရှဲမြည်သံ တို့ကား ပျောက် မသွား၊ ပို၍သာ ကျယ်လာသည်။
အသက်ကို မှန်မှန်ရှူ၏။ မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။ စောင်ကို လည်ပင်းအထိ ဆွဲခြုံထား လိုက်၏။ နားထဲတွင် ရှဲရှဲမြည်သံတွေ ပျောက်မသွား။
"အမေ့"
ရုတ်တရက် လန့်၍အော်လိုက်မိသည်။ မျက်နှာပေါ် ရွရွတွားတက်လာသော အကောင်ကိုလည်း လက်နှင့်ကမန်းကတန်း ရိုက်ချလိုက်မိသည်။ သူ့လက်သည် အဖေ၏ကိုယ်ကိုပါ ရိုက်မိသွား၏။ လူး လှိမ့်သံများ နှင့် ကြမ်းခင်းတစ်ပြင်လုံး ကျိုးကျိုးကျည်ကျည် မြည်သွားသည်။

"ဘာလဲဟဲ့"
"ဒီကောင်လေးဟာလေ... ကောင်းကောင်းအိပ်တာမဟုတ်ဘူး။ ဘာဖြစ်နေတာလဲ"
"ဘာကောင်မှန်းမသိဘူး အဖေ၊ မျက်နှာပေါ် လာတက်တယ်ဗျ၊ ကိုယ်ပေါ်လည်း စင်္ကြံလာလျှောက် နေတယ်"
"ကြံကြံဖန်ဖန်ကွာ၊ ကဏန်းနေမှာပေါ့"
အဖေက ဤမျှသာပြော၍ ငြိမ်သွား၏။ လှုပ်ရှားသံပင် မကြားရတော့။ အိပ် အိပ်ဟူသော အမေ့ အသံက ပြန်ပေါ် လာသည်။

"မဟုတ်ဘူးဗျ၊ ရွစိရွစိနဲ့"
"အိမ်ပင့်ကူလား... အိမ်မြှောင်လား"
"မဟုတ်ပါဘူးဆို၊ အမေကလည်းဗျာ"
"ပင့်ကူရှပ်ရင် ယားတတ်တယ်၊ ယားလား"
"ဟင့်အင်း၊ မယားဘူး"
"ညကြီးမင်းကြီး စကားရှည်လိုက်တာ"
"မျက်နှာပေါ်လာတက်လို့ဗျ"
"ခေါင်းမြီးခြုံထားကွာ၊ တော်တော့"
အဖေက စိတ်မရှည်သဖြင့် ထအော်လိုက်၏။
အမေလည်း ငြိမ်သွား၏။

ခေါင်းမြီးခြုံ၍ သူ မအိပ်တိတ်၊ ခေါင်းမြီးခြုံထားလျှင် အသက်ရှူမ၀၊ မွန်းကျပ်နေ၏။ ထို့ကြောင့် အိပ် ၍မရ၊ မျက်နှာပေါ် ရွစိရွစိချည်းတွေ့နေရ၏။ ခေါင်းမြီးခြုံလိုက် ပြန်ဖွင့်လိုက်လုပ်နေ၏။ အိမ်နေရာ အနှံ့အပြားက ရှဲရှဲမြည်သံတွေ ပိုကျယ်လာသည်။ အမေအဖေတို့ကတော့ ခေါင်းမြီးခြုံ၍ အိပ်တတ် ကြ၏။ အဖေ၏ ဟောက်သံ ကို ပြန်ကြားရသည်။ အမေ၏အသက်ရှူသံကို ကြားရသည်။ ရှဲရှဲမြည်သံ တွေကိုလည်း ကြားနေ ရသေးသည်။
စောင်ကို ခေါင်းမြီးခြုံလိုက်သည်။ နားနှစ်ဖက်ကို လက်နှင့်ပိတ်ထား၏။ အသက်ကို မှန်မှန်ရှူသွင်း နေသည်။ မကြာခင် မှေးခနဲဖြစ်သွားလေ၏။
ပင်လယ်နားမှ လှိုင်းအူသံ၊ အပြင်က လေတိုးသံနှင့် အိမ်ထဲမှ ရှဲရှဲမြည်သံထက် ပိုကျယ်သော အဖေ ၏ဓာတ်မီးခြစ် ကျောက်ခတ်သံကို ကြားရသည်။

"တောက်... အရေးဆို ဒီဓာတ်မီးခြစ်ကလည်း ထွန်းလို့ကိုမတောက်ဘူး၊ ဟဲ့ အနိုး၊ ယမ်းမီးခြစ်ကော ဟ"
"တော့်ခေါင်းရင်းက ၀ါးလုံးအောက် မတွေ့ဘူးလား"
ခေါင်းမြီးခြုံထဲက အိပ်မှုန်စုံမွှားနှင့် အမေပြော၏။
အောင်တိုင်က အသံမကြားအောင် တစ်ချက်သမ်းလိုက်၏။ ငြိမ်၍နားစွင့်နေသည်။
"စလူဖက်နဲ့ ထုပ်ထားပါပြောတာ၊ ဒီအတိုင်း ထားတယ်၊ မှိုတက်ရင် ထွန်းမရဘူးဟ"
ယမ်းမီးခြစ်ကို စမ်းမိသွားသော အဖေက မြည်တွန်တောက်တီးလုပ်နေသေး၏။

"ဘာဖြစ်နေတာလဲ၊ ဆေးတံ ရှာမတွေ့ပြန်ဘူးလား"
"ဆေးလိပ်သောက်မလို့ မဟုတ်ဘူးဟ"
"ဘာလဲ"
"ဘာကောင်တွေလဲ မသိဘူး၊ ခုလု ခုလုနဲ့ အိပ်ရာပေါ်မှာ"
ရှဲခနဲ မြည်သံနှင့်အတူ ယမ်းညှော်နဲ့သင်းသွားသည်။
"မီးခွက်တွေ့လား"
"အေး... အေး"
မီးလင်းလာ၏။
"ဟ... ငါ့သား ပြောတာဟုတ်တာပ၊ အနိုး ထပါဦး"
"ဘာလဲဟယ်"
"၀င်ကစွပ်တွေဟ"
ခေါင်းမြီးခြုံကို ရုတ်ခနဲဖွင့်၍ အောင်တိုင်က အမေထက် ဦးစွာထထိုင်သည်။

အမေကမူ ခေါင်းထောင်ရုံသာ ရှိသေး၏။
"၀င်ကစွပ်တွေ ဟုတ်လား"
"ဟုတ်ပါတယ်ဆို၊ အားကြီးပဲဟ၊ ဒီကောင်တွေ ဘယ်ကဘယ်ကရောက်လာကြပါလိမ့်"
ရေနံဆီ မီးခွက်ရောင်ကြောင့် ၀င်ကစွတ်ကောင်တွေက ရုတ်ခြည်းငြိမ်ကုပ်သွားကြသည်။ တစ် ကောင်မှ တုတ်တုတ်မလှုပ်ကြ၊ အသေလို ငြိမ်နေကြ၏။
"ဟုတ်ပတော်... ကြည့်စမ်း၊ ကြည့်စမ်း၊ ဒီကောင်ဆို အပေါ်ခွံတောင် မပါဘူး"
အမေက အမွေးစုတ်ဖွားခြေကားယား လက်ကားယားနှင့် ၀င်ကစွပ်တစ်ကောင်ကို သူ့စောင်ပုံထဲက လှမ်းကောက်ကာ ကြမ်းပေါက်မှ အိမ်အောက်သို့ ပစ်ချလိုက်သည်။
သူ့အမေ လှမ်းကောက်ပစ်လိုက်သော ၀င်ကစွပ်ကောင်ကိုကြည့်၍ အောင်တိုင် ကြက်သီးဖြန်းဖြန်း ထသွား ၏။ နည်းနည်းနောနော အကောင်ကြီးမဟုတ်၊ သူ့လက်သီးဆုပ်နီးနီး ရှိ၏။

"စောစောက ကျုပ်သား မျက်နှာပေါ်လာတက်တာ သင်းတို့ကိုး"
သူ့ခေါင်းအုံးကြားထဲ ၀င်ပုန်းနေသော ခရုံခွံဝတ် ၀င်ကစွတ်တစ်ကောင်ကို အမေက ကောက်ပစ် လိုက်ပြန်သည်။
"အဖေ့ကို ကျွန်တော် ပြောသားပဲဗျာ"
အဖေက သူ့မျက်နှာကို လှည့်ကြည့်သည်။
"အေးကွ၊ ငါ့သားပြောတာ ဟုတ်တယ်၊ ဒီကောင်တွေ ဘယ်က ဘယ်လိုရောက်နိုင်လာကြပါလိမ့်"
"ရွာအောက် ဆီးချုံတော၊ စံပန်းတောထဲနေတာ ဘယ့်နှယ် ဘယ့်နှယ် အိမ်ပေါ်ရောက်လာကြပါ လိမ့်"
သူတို့သားအဖနှစ်ယောက်သား စကားပြောနိုင်ကြ၏။ သူ့အမေကမူ စကားပင်မပြောအား၊ ၀င်ကစွပ် ကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် ကောက်၍ ကြမ်းပေါက်ထဲက အိမ်အောက်သို့ပစ်ချနေ၏။ သို့သော် ၀င်ကစွပ်ကောင်တွေမှာ ကောက်ပစ်၍ မကုန်နိုင်လောက်အောင် များနေလေ၏။

ခေါင်းအုံး စောင်ကြားနှင့် ဖျာကြားထဲက ၀င်ကစွပ်အကြီးအသေးတွေကို အောင်တိုင်ကလည်း ရှာ ကောက်၍ ကြမ်းပေါက်က အောက်သို့ ပစ်ချရသည်။
"ဟောဗျာ၊ ကြည့်စမ်းပါဦး၊ အိမ်ခေါင်မိုးအောက်မှာလည်း သင်းတို့က ပြည့်လို့ပါလား"
အဖေက ဆီမီးခွက်မြှောက်ကြည့်၍ စိတ်ပျက်လက်ပျက် ညည်းညူလိုက်၏။
အောင်တိုင်က အပေါ်သို့ မော့ကြည့်သည်။

နံရံတန်းနှင့် ယောက်တန်းယက်မတစ်လျှောက်တွင် ၀င်ကစွပ်တွေက ပြည့်နေ၏။ တချို့အကောင် တွေမှာ ကမန်းကတန်း လာရသလို သူတို့ကိုယ်ပေါ်၌ အ၀တ်အခွံပင် ပါမလာကြ။ ကိုယ်တုံးလုံးနှင့် ယောက်တန်း ယက်မ များကို တအားဖက်တွယ်ထားကြ၏။
မီးရောင်မြင်သဖြင့် လှုပ်တော့ မလှုပ်ရဲကြ။ အသေလို ငြိမ်နေကြ၏။ အခွံအ၀တ်ပါသော အကောင် များကမူ သူတို့၏ခြေလက်ကိုပင် မမြင်ရအောင် အခွံထဲသွင်း၍ ၀ှက်ထားကြ၏။ အကြောင်းမသိသူ များသာဆိုလျှင် ခရုကောင် ပေါင်းကောင် ဟုသာ ထင်လေမည်။
ဤသည်မှာလည်း သူတို့၏သဘာဝပင်ဖြစ်လေသည်။ သူတို့၏မျက်စိသည် အလင်းကိုကြောက်၏။ ထို့ကြောင့် ညကျမှ အစာရှာအ၀တ်အခွံရှာ ထွက်ကြ၏။ ဤသည်ကိုပင် ရှေးလူကြီးတွေက အ၀တ် မရှိသော ၀င်ကစွပ်များ လို နေ့ခင်းမထွက်ရဲ၊ ရှက်၍ပုန်းနေရသည်။ ညမှ ထွက်ရဲသည်ဟု ဆိုကြ သည်။

သူတို့အား အသက်ဇီဝကိုသာ မွေးဖွားပေးလိုက်သော သဘာဝဘုရားသခင်သည် အ၀တ်အဆင်ကို မူ ခြွင်းချန်ခဲ့၏။ အခြားတိရစ္ဆာန်များလို ရာသီဥတုဒဏ်ကို ကာကွယ်ရန် အ၀တ်တန်ဆာတို့ကို ဖန် ဆင်း မပေး လိုက်၊ ပင်လယ်ကမ်းခြေမှ ရရာကြုံရာ ခရုခွံ၊ ပေါင်းခွံ၊ ခုံးခွံစသည့် သက်မဲ့အခွံတစ်ခုခုကို ရမှ ထိုအခွံထဲ ၀င်နေကြရ၏။
နောက်တော့ ထိုအခွံသည် သူတို့၏ကိုယ်ပိုင်အခွံဖြစ်သွား၏။ သို့သော် မကြာပါချေ။ သူတို့ စ၀င်စဉ် က ကိုယ်ခန္ဓာ မှာ တဖြည်းဖြည်း ကြီးထွားလာရာ မူလစ၀င်သော အခွံနှင့် သူတို့ကိုယ်သည် မဆံ့မတန် ဖြစ်လာ ပြန်၏။ ထိုအခါ သူနှင့်သင့်တော်မည့် အ၀တ်အခွံတစ်ခုကို နောက်ထပ်ရှာရပြန်လေ သည်။ သည်လိုနှင့် သူတို့ မှာ တစ်ပတ်တစ်ခါ အ၀တ်အခွံရှာရသော ပြဿနာနှင့် အငှားခန္ဓာပြောင်း နေရကြရလေသည်။

သူတို့သည် တစ်နေ့ခင်းလုံး စံပန်းချုံ ဆီးချုံထဲ ၀င်အောင်းနေကြလေ့ရှိ၏။ လေရသော သစ်ပင်မြင့် ပေါ် သွားတက်ကာ လေခံငိုက်မျဉ်းနေတတ်ကြ၏။ ညကျလျှင် ချုံတောထဲကထွက်ကြ၏။ သဲသောင် ကို အုပ်လိုက်သင်းလိုက် ကျော်ဖြတ်ကာ ရေစပ်နားသို့ဆင်းကြ၏။ ဒီရေကျချိန်တွင် သန္တာကျောက် တန်းပေါ်ရှိ ပေါင်း ခရုစသည့် ရေနေကျောက်တွယ် သတ္တ၀ါများကို လိုက်လံရှာဖွေကြသည်။ ပေါင်း ခရုစသည်တို့မှာ သူတို့ရန်ကိုကြောက်၍ ရေနက်ထဲဆင်းပြေးပုန်းနေကြရ၏။ ရေနက်ထဲ ဆင်းရန် အချိန်မရလိုက်သော ခရုကောင် ပေါင်းကောင်းများမှာ ကျောက်ကြိုကျောက်ကြားထဲဝင်ပုန်းကြရ၏။
ဝင်ကစွပ်အုပ်နှင့် ပက်ပင်းတိုးမိသော ခရုကောင် ပေါင်းကောင်များသည် ပထမဦးဆုံး ကိုက်သတ်ခံ ရ၏။ နောက်ဆုံး အစားခံရမည်။ ဤမျှနှင့် မပြီးသေး၊ သူတို့၏သက်မဲ့ဖြစ်သွားသော အခွံကိုပါ ၀င်က စွပ်အခွံ အဖြစ် ၀င်စွပ်ယူငင်သွားခြင်း ခံကြရပေမည်။

ထို့ကြောင့် သူတစ်ပါး၏အသက်ဇီဝကိုတိုက်ဖျက်ပြီး သူတစ်ပါး၏အခွံထဲ ၀င်နေကြရသော သူတို့မှာ အခွံနှင့် ကိုယ်ထည်သည် အံဝင်ခွင်ကျမရှိတတ်ကြ။ အကောင်က ကြီး၍ အခွံကသေးကာ မလုံမလဲ မတော်တရော် ဖြစ်နေရတတ်သလို အကောင်ကသေးပြီး အခွံကကြီးကာ အခွံကိုကောင်းစွာ မသယ် နိုင် မထမ်းနိုင်နှင့် ကိုးရိုး ကားရား ပုံပျက်ပန်းပျက်လည်း ရှိနေတတ်ကြ၏။
ဤသည်ကိုလည်း ကမ်းရိုးတန်းဒေသ၌ ဆိုရိုးရှိလေသည်။ တစ်စုံတစ်ယောက်၏အ၀တ်အင်္ကျီတို့ မတော် တရော် ဖြစ်နေလျှင် ဖိုးရိုးဖားရား၊ ကိုးရိုးကားရား၊ မတော်တရော် ၀င်ကစွပ်လို ဘယ်လူ့ဟာ ငှားဝတ်တာ ပါလိမ့် ဟု။

မီးရောင်မြင်၍ ၀င်ပုန်းကြသော်လည်း ကိုယ်ထည်ထက် အခွံကြီးနေသော ၀င်ကစွပ်အချို့မှာ မနိုင်မ နင်းဖြစ်ပြီး ယောက်တန်း ယက်မပေါ်က တဖြုတ်ဖြုတ် ပြုတ်ကျနေကြသည်။ အခွံထက် ကိုယ်ကြီး နေသော အကောင် တွေမှာလည်း နောက်ပြန်ဆုတ်၍ ပုန်းစရာရှာနေကြ၏။
"ဒီကောင် တွေ နဲ့တော့ ဒုက္ခပါပဲတော်"
အမေက ညည်းညည်းညူညူနှင့် ၀င်ကစွပ်အကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် ကောက် လွှင့်ပစ် နေ၏။
"အေးကွ၊ ထူးထူးဆန်းဆန်း ဒီကောင်တွေ ဒီနေ့မှ ဘယ်က ဘယ်လိုရောက်လာကြပါလိမ့်"
အဖေက မီးခွက်မြှောက်ပြထား၏။ အမေက တုတ်တစ်ချောင်းနှင့် ယောက်တန်း ယက်မတွေပေါ် တွယ်ကပ်နေကြသော ၀င်ကစွပ်များကို သိမ်းသပ်ချသည်။ အောက်ကျလာသော ၀င်ကစွပ်ကောင် တွေကို အောင်တိုင် က ကောက်ပစ်ရသည်။

တော်တော်နှင့် ကောက်ပစ်၍မကုန်၊ အိမ်၏ကြမ်းခင်းမှသည် တိုင်နံရံထုတ် လျောက်၊ ဒိုင်း မြား ယက်မစသည့်နေရာအနှံ့ တွယ်ကပ်နေကြ၏။ ကောက်ပစ်၍ အိမ်အောက်ရောက်သွားသော အကောင်များသည် တစ်ဖန် ပြန်တက်လာကြပြန်သည်။ ချောင်ကြိုချောင်ကြား မီးရောင်ကွယ်ရာသို့ တွား သွားပြီး အကြိုအကြားထဲ ၀င်ပုန်းနေကြပြန်၏။
အောင်တိုင် တို့ သားအမိ သားအဖသုံးယောက်သည် တစ်ညလုံး ၀င်ကစွပ်ကောင်ကောက်၍ သံသရာ လည်နေကြသည်။
၂။

မိုးလင်းသွား၏။ နေခြည်၏အလင်းရောင်ကြောင့် ၀င်ကစွပ်ကောင်တွေ အသွားအလာစဲသွားကြ၏။ ရောက်ရာနေရာတွင် ငြိမ်ကုပ်နေကြသည်။ အသေလို မလှုပ်မခြောက် လုပ်နေကြ၏။
သားအမိ သားအဖ တွေ အိမ်ပြင်သို့ ထွက်လာကြသည်။

အိမ်ထဲ၌သာ မဟုတ်။ အိမ်ပြင်က ပိုက်တန်း၊ ထင်းပုံ၊ ငါးခြောက်လှမ်းစင်၊ အုန်းပင် သစ်ပင် ချုံပုတ် စသည့် ၀န်းကျင်အနှံ့ ၌ ၀င်ကစွပ်ကောင် အကြီးအသေးအရွယ်စုံတွေကို ဖက်တွယ်၍ တွေ့ကြရလေ ၏။ အိမ်ခေါင်မိုး ပေါ်မှာတော့ ၀င်ကစွပ်တစ်ကောင်တလေကိုမှ မမြင်ကြရ။ တစ်ညလုံး လေနှင့်လွင့် ပါလာသော သဲပွင့်တို့သာထုတက်နေ၏။ အိမ်ခေါင်မိုး တစ်ခုလုံး သဲသောင်လို ဖွေးဖွေးထနေသည်။ လေပြင်း လေပြတ်ကား တစ်ချက်တစ်ချက် တိုက်ဆဲ။ ဝေါခနဲ တိုက်သွားလိုက်၊ မိနစ်ခြား၍ ပျောက် သွားလိုက်၊ ပြန်ပေါ်လာလိုက်နှင့် ပြတ်တောင်းပြတ်တောင်း တိုက်ခိုက်နေ၏။ ဤသည်ကို သူတို့ဆီ က လေခါးပြတ် ဟု ခေါ်သည်။

ပင်လယ် သဲပွင့်ထဲတွင် ဆားငန်ဓာတ်တွေ ပါသဖြင့် ဓနိတွေတော့ ဆွေးကုန်တော့မှာပဲဟု အဖေက ညည်း သည်။
သားမိသားဖ သုံးယောက် အိမ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကြ၏
အိမ်နောက်ဘက်ရှိ လေကာ ကျောက်ဆောင်ကျောက်တုံးကြိးများ အကြိုအကြားတွင် ၀င်ကစွပ် ကောင်တွေ သဲသဲလှုပ်နေကြ၏။ အိမ်ထဲမှာလို ကောက်ပစ်မည့်သူ မရှိသဖြင့် လွတ်လွတ်လပ်လပ် ရွာကြီး မြို့ကြီး တည်နေကြ၏။ အကြိုအကြား လေကွယ်ရာမှန်သမျှ၌ ပြည့်နေကြ၏။ အကောင်ငယ် များသည် ခြေချစရာပင် မရကြသဖြင့် ရွေ့ရွေ့တိုးဝှေ့ကာ နေရာလုနေကြ၏။ အကြီးကောင်များ၏ ကိုယ်ပေါ်ကို အလု အယက် တွယ်ကပ်တက်နေကြ၏။ အိမ်နောက်ဘက် လေကာကျောက်တုံးကြီး များကြား၌သာ မဟုတ်၊ တောင်ဘက်ရှိ ကျောက်တုံးများကြားတွင်လည်း ထိုနည်းလည်းကောင်း။
အိမ်ရှေ့ဘက် ဆီးချုံအစနားတွင် လူရိပ်မြင်သဖြင့် အမေက လှမ်းကြည့်၏။

အဖေက ချက်ချင်း မြင်လိုက်ပုံရ၏။ သြော်... အစ်ကိုကြီး အကိုင်းဟု လှမ်းခေါ်သည်။
ဟေး... ဟု ထူးသံကိုကြားရ၏။ ဆီးချုံကွယ်နေသဖြင့် လူကို မမြင်ရ။
"ညကဗျာ ၀င်ကစွပ် အိမ်ပေါ်လာတက်လို့ တစ်ညလုံး မအိပ်ရဘူး"
"မင်းတို့ တစ်အိမ်တည်းမှ မဟုတ်တာ။ တစ်ရွာလုံးက အိမ်တွေလည်း မင်းတို့လိုပဲ မအိပ်ကြရပါဘူး။ တစ်ရွာ လုံး ၀င်ကစွပ်တွေပြည့်လို့"
ဦးအကိုင်းက လှမ်းအောင်ပြောသွားသည်။ ဦးအကိုင်းမှာ အောင်တိုင်တို့ ဘကြီးတော်ဖြစ်၏။
ဦးအကိုင်း စကားကို သူတို့အံ့အားသင့်သွားကြသည်။
"ဟေး... ဟုတ်လား အစ်ကိုကြီး"ဟု အဖေက မေးသည်ကို ဟုတ်တာပ ဟု ပြောသွား၏။

"ခု ဘယ်သွားမှာလဲ အစ်ကိုကြီး"
"ငါ ရွာဟိုဘက်အပိုင်းသွားမယ်"
အောင်တိုင်တို့သားအဖလည်း အိမ်နီးချင်း ခြံနီးချင်း အိမ်တွေသွားလှည့်ကြည့်ကြ၏။ အိမ်တိုင်း ခြံဝင်းတိုင်းတွင် သုံးယောက်တစ်ခု လေးယောက်တစ်ခု ညက ၀င်ကစွပ်တွေအကြောင်း ပြောနေကြ ၏။ ထမင်းချက်ရင်း ကပင် အိမ်နီးနားအိမ်ရှင်မများ တစ်ယောက်နှင့်တစ်ယောက် လှမ်းပြောနေကြ၏ ၀င်ကစွပ်အကြောင်း။
မိဘများကို လိုက်၍ ကလေးသူငယ်များကလည်း ညက သူတို့မိဘများနှင့်အတူ ၀င်ကစွပ်တွေကို မည်သို့မည်ပုံ ကောက်ပစ်ချကြရသည့်အကြောင်း ဂုဏ်ယူစွာပြောနေကြ၏။ သည်လိုနှင့် တစ်နေ့ ကုန်သွား လေသည်။

၃။

"လူလေး အောင်တိုင်၊ နင် အဲဒီ လေကာကျောက်နား ဘာသွားလုပ်နေလဲဟဲ့၊ လေက တိုက်နဲ့"
သူ့အမေ အသံကို ကြားရသဖြင့် အောင်တိုင်က ပြန်အော်ပြောလိုက်၏။
"မနေ့က တွေ့တဲ့ ၀င်ကစွပ်တွေ သွားကြည့်နေတာ အမေ"
"တွေ့လား"
"တစ်ကောင် မှ မတွေ့တော့ဘူး၊ ဘယ်ပြောင်းသွားကြလဲ မသိဘူး"
သူ့အမေ ၏ နောက်ထပ်အသံကို မကြားရ။

လေကာ ကျောက်တုံးကြီးတွေ အကြိုအကြား မနေ့က မြို့ရွာတည်နေကြသော ၀င်ကစွပ်တွေကို အောင်တိုင် လိုက်ရှာကြည့်နေသည်။ တစ်ကောင်တလေမှ မတွေ့ရ။ ကျောက်တုံးကြားထဲက ဆင်း သွားကြ သော ခြေရာတွေကိုသာ သဲပွင့်တွေပေါ် ရှုပ်ယှက်ခတ်၍တွေ့ရ၏။ ရေတွက်မကုန်နိုင် လောက်အောင် များပြား သော ၀င်ကစွပ်ခြေရာများထဲတွင် အကောင်ကြီးကြီးများ၏ခြေရာတွေကို အောင်တိုက် လိုက်ကြည့် နေသည်။
ကျောက်တုံးပေါ်မှ ညက ဆင်းသွားကြသော ၀င်ကစွပ်အကောင်ကြီးများ၏ခြေရာများသည် သဲပြင် ပေါ်၌ ထင်းထင်း ကျန်နေ၏။ မနိုင်မနင်း သယ်သွားသော သူတို့အခွံကြီးများ၏ ဖင်ရွေ့ရာစွပ် ကြောင်းများသည် သိသိ သာသာဖြူးနေ၏။ စွပ်ကြောင်းအတိုင်း အောင်တိုင် လိုက်ကြည့်နေမိသည်။

အိမ်ဝင်းထဲမှသည် ခြံအစသို့ ထွက်သွားရာတွေ့ရ၏။ ခြံအ၀မှာသည် ရွာလယ်လမ်းကိုဖြတ်၍ ရွာပြင်သို့ ခြေရာထင်နေသည်။ ရွာပြင်မှသည် တောင်ခြေဘက်သို့ ထွက်သွားကြပုံရ၏။ ခြေရာနှင့် ဖင်ရွှေ့သွားရာ စွပ်ကြောင်းတွေကို တွေ့နေရသည်။ ပင်လယ်ကမ်းစပ်ရှိ ဆီးချုံနှင့် စံပန်းတောတွင် နေသော ၀င်ကစွပ်များသည် ပင်လယ်ကမ်းစပ်နား ဆီးတောနှင့် စံပန်းတောသို့ ပြန်လမ်းမတွေ့ရဘဲ တောင်ခြေဘက် သို့ ဘာကြောင့် ထွက်သွားကြပါလိမ့်ဟု အောင်တိုင် တွေးမိနေသည်။ အသိုက် ပြောင်း တောပြောင်း သွားကြတာ လားဟုလည်း တွေးမိ၏။ ၀င်ကစွပ်တွေ၏ခြေရာစွပ်ကြောင်းအ တိုင်း ပြန်လျှောက်၍ သူရွာဘက် သို့ ပြန်လာသည်။

နာမကျန်းဖြစ်နေ၍လား သို့မဟုတ် ကြီးမားသော သူ့ကိုယ်မှအခွံကြီးကို မနိုင်မနင်း သယ်ဆောင်နေ ရ၍လားမသိ။ စီးကြောင်းရေစပ်စပ်ထဲတွင် တရွတ်တိုက် ဆွဲသွားနေသော ၀င်ကစွပ်ကြီးတစ်ကောင် ကို အပြန်၌သူတွေ့ရသည်။ ထိုဝင်ကစွပ်ကြီးသည်လည်း မျှော်ဦးတောင်ခြေဘက်သို့ ဦးတည်နေ၏။
အံ့သြမိသည်။ နေရောင်ခြည်ကို ကြောက်သော၊ နေ့ခင်းနေ့လယ်တွင် ခရီးသွားလာခြင်းမရှိသော ၀င်ကစွပ်ကြီးသည် တစ်နေရာရာ ၀င်ပုန်းမနေဘဲ ဘာကြောင့် အရေးတကြီး နေ့ခင်းကြောင်တောင် ခရီးဆက်   သွားနေပါလိမ့်။

ပေါင်းခွံချွန်ချွန်ကြီးကို သယ်သွားနေသော ၀င်ကစွပ်ကောင်ကို အောင်တိုင် ဆတ်ခနဲကောက်ယူ လိုက်သည်။ ၀င်ကစွပ်ကြီးသည် အောင်တိုင်လက်ထဲရောက်သည်နှင့် သူ၏ခြေလက်များကို ပေါင်းခွံကြီးထဲ သွင်းထားလိုက်၏။ ခရုဂျင်ပိတ်လို ဖြစ်သွား၏။ အောင်တိုင်သည် ၀င်ကစွပ်ကောင်၏ မျက်နှာဝနှင့် သူ့နှုတ်ခမ်းကို တေ့ကာ လေချွန်လိုက်၏။ လေထိ၍ အသံကြားသည်နှင့် ၀င်ကစွပ်ကြီး က အပြင်ဘက် ခေါင်းပြူလာသည်။ အိမ်နားက လေကာ ကျောက်ဆောင်တွင် ထားရန်ဟူသော ရည်ရွယ်ချက်နှင့် အောင်တိုင်သည် ၀င်ကစွပ်ကြီးကို လေချွန်မှုတ်ရင်း အိမ်ဘက်သို့ ပြေးလာသည်။ ပေါင်းခွံထဲမှ ထွက် လာသော ၀င်ကစွပ်ကြီးသည် ရှဲရှဲမြည်၍ပါလာသည်။ နှုတ်ခမ်းနှင့် ၀င်ကစွပ်မျက် နှာ ထိမိသွားသောအခါ ၀င်ကစွပ်ကြီး သည် သူ့နှုတ်ခမ်းကို ညှပ်လေ၏။ အောင်တိုင် လန့်ပြီး လွှတ် ချလိုက်သည်။

သို့သော် ချက်ချင်းပြုတ်ကျမသွား၊ ၀င်ကစွပ်လက်မက အောင်တိုင်နှုတ်ခမ်းကို ကဏန်းညှပ်သလို သဲသဲမဲမဲညှပ်ထား၏။ ထိတ်လန့်ပြီး ဆွဲဖြုတ်လိုက်သည်။ ပြုတ်သွား၏။ နှုတ်ခမ်း အောက်တစ်ခြမ်း ထုံကျဉ်သွားသည်။ ၀င်ကစွပ် ပေါင်းခွံကြီးကို ထိုဆီးချုံထဲ စိတ်ဆိုးဆိုးနှင့် လွှင့် ပေါက်ပစ်လိုက်၏။ သူက နေရာကောင်းကောင်း ထားပေးမည်ဟု ယူလာခါမှ သူ့နှုတ်ခမ်းကို နာနာ ကျင်ကျင် ညှပ်၏။ ကျေးဇူးမသိတတ်သည့် အဟိတ် တိရစ္ဆာန်။
ထုံကျဉ်သွားသော နှုတ်ခမ်းကို လက်ခုံဖြင့် ပွတ်ထိကြည့်သောအခါ သွေးပင်စို့သွားသည်။ ဆီးချုံထဲ ပြန်ဝင်ပြီး ကျောက်နှင့် တင်ထုချင်စိတ် ပေါက်သွား၏။ သို့သော် လေပြင်းတိုက်လာသဖြင့် ၀င်ကစွပ် ကြီးကို မကျေမနပ် နှင့်ပင် အိမ်ဘက်သို့ ပြေးလာရလေသည်။

ဒီလောက် လေပြင်းကျနေတာ ဘယ်တွေလျှောက်သွားနေသလဲဟု အမေက ဆီးဆိုသည်။ အဖေ သိလျှင် ဆူမှာစိုး၍ ၀င်ကစွပ် သူ့နှုတ်ခမ်းကို ညှပ်လွှတ်လိုက်သည့်အကြောင်း လုံးဝမပြော။ တုဏိ ဘောလုပ်ကာ အိမ်ထဲဝင်လာ၏။
မှန်သည်။ လေတိုင် သိပ်ပြင်းနေ၏။ ၀င်းထဲက အုန်းပင်အားလုံး ခါးညွှတ်ခါနေကြသည်။ ပင်လယ် ဘက်မှ လှိုင်းအူသံ ပိုကျယ်လာ၏။
ထမင်းစားမယ်တော်ဟု အမေအော်လိုက်သောအခါ အဖေ အိမ်ထဲဝင်လာသည်။
မနက်စာ စားနေကြသဖြင့် လေကြောင်းပြောင်းသွားသည်ကို သတိမထားမိလိုက်ကြ။ လေကာ ကျောက်တုံး နှစ်လုံးကြားမှဝင်လာသော လေရဟတ်လေပြတ်တစ်လုံးသည် အိမ်ကို ၀င်ဆောင့်သွား ၏။ တစ်အိမ်လုံး သွက်သွက်ခါသွားသည်။ ပါးစပ်နားရောက်နေသော သူ၏ထမင်းလုတ်ပင် သံပန်း ကန်ပြားပေါ် ပြန် လွတ်ကျသွားသည်။ ချမ်းသဖြင့် ကျောထဲကလည်း စိမ့်သွားမိ၏။
"လေပြင်း လိမ့်မယ်ထင်တယ်။ တောင်ပင်လယ်ဘက်ကို လေကြောင်းပြောင်းသွားပြီ"

အဖေက အိမ်ပြင်သို့ တစ်ချက်လှမ်းကြည့်၍ ပြော၏။
သူတို့သားအမိလည်း အပြင်သို့ ငေးလိုက်မိကြသည်။ ကြည့်နေစဉ်မှာပင် နောက်ထပ်လေကြမ်းတစ် လုံး ၀င်လာပြန်၏။ အိမ်ရှေ့က အဖီယပ်လေးပြုတ်ထွက်သွားသည်။ မိုးသီးမိုးပေါက်တွေ ကြွေဆင်း လာ၏။
အဖေ ဦးစွာ ထမင်းဝိုင်းမှ ထသွားသည်။
စောစောက ပြုတ်ထွက်သွားသော အဖီယပ်လေးကို သွားကောက်ထားသည်။ တောင်ပင်လယ် ဘက် ခါးထောက် လှမ်းကြည့်နေ၏။ အဖေ့၏မျက်နှာ ပြန်လှည့်လာသည်။
"စားကြလေ၊ ဘာငေးနေကြတာလဲ"

အဖေ့စကား မဆုံးလိုက်။ အိမ်နောက်ဘက်ရှိ လေခံကျောက်ဆောင်ကြီးနောက်မှ အုန်းပင်လဲကျ သွားသည်။ လဲကျလာသော အုန်းပင်သည် ကျောက်တုံးပေါ်လာတင်၏။ ခါးလယ်ကိုရိုက်ချိုးခံလိုက် ရသလို ဖြောင်းခနဲ ကျိုးသွား၏။ အပေါ်ပိုင်းက အိမ်ခေါင်မိုးပေါ် ၀ုန်းခနဲလာကျသည်။ အမေက လန့် ၍ ထခုန်၏။ အောင်တိုင်က ကြောင်ငေးနေသည်။
အုန်းလက်နှစ်လက်နှင့် အုန်းခိုင်အသီးတစ်ပြွတ်က အိမ်မီးဖိုထဲ ဖောက်ဝင်နေသည်။ အုန်းလက်မတ် မတ်ကြီး ထိုးကျနေရာမှ မိုးရေတွေ တရဟောစီးဝင်လာကြသည်။ ကွမ်းသီးသား အခင်းကြမ်းများ ချက်ချင်း ရွှဲရွှဲစို ကုန်သည်။

သားအမိနှစ်ယောက် ထမင်းပန်းကန်ကို ကမန်းကတန်း လက်စသတ်လိုက်ကြသည်။
ကပ္ပလီပင်လယ်ပြင်မှ လှိုင်းအူသံများက ပိုကျယ်လာသည်။ ခြံဝင်းထဲရှိ အုန်းပင်များအားလုံး ယိမ်း ကနေ ကြသည်။ မိုးသားတိမ်လိမ်တို့က တရိပ်ရိပ်တက်လာသည်။ လေပြင်းတိုက်ခတ်နေသည်။ လေခါးပြတ် တို့ မကြာခင် ရပ်သွားသည်။ ကောင်းကင်လည်း ကြည်လင်သွား၏။ မိုးလည်း စဲသွား သည်။

ဆက်ရန်
.

5 comments:

mstint said...

ဒီတစ်ခေါက်တော့ အပိုင်း ၁ ကစမှီလိုက်လို့ အေးအေးဆေးဆေး ဖတ်လို့ရသွားတယ် ညီမရေ။
'အုန်းလက်နှစ်လက်နှင့် အုန်းခိုင်အသီးတစ်ပြွတ်က အိမ်မီးဖိုထဲ ဖောက်ဝင်နေသည်' ဆိုတဲ့အပိုဒ်ကို ဖတ်မိတော့ နာဂစ်တုန်းက မီးဖိုချောင်ပေါ်ကို ဘယ် ညာမှာ ရှိနေတဲ့ မြကျောက်သရက်ပင်နှစ်ပင် လဲကျပြီး မီးဖိုချောင်ကနေ အပြင်ထွက်မရတာကို ပြန်စဉ်းစားနေမိတယ်း)
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့်ကျော် said...

အင်း တိရစ္ဆာန်တွေက သဘာဝဘေးအန္တရယ်ကို သိတယ်လို့တော့ကြားဖူးတယ်။ အိမ်မှာလည်း မိုးကြီးတော့မယ်ဆိုရင် ပုရွက်ဆိတ်တွေ ခေါင်မိုးမှာကပ်တာတွေ့ဖူးတယ်။ စာလေးက စိတ်ဝင်စားဖို့ကောင်းတော့ နောက်အပိုင်းတွေ ထပ်မျှော်နေပါတယ်ရှင်။

ခင်တဲ့

Angelhlaing(May everybody be happy and healthy! said...

ရှာရျာဖွေဖွေတင်ပေးတဲ့မမရေ ကျေးဇူးပါလို့ ..
စောင့်မျှော်လျှက်...

စော(အဝါရောင်မြေ) said...

နာဂစ်အကြောင်းရေထားတာ ထင်တယ်

ahphyulay said...

အင်း..
အရေးအသား အလွန်ကောင်းသည်။
ဝင်ကစွက်ကောင်အကြောင်း အခုမှ
သိရသည်။ ဖတ်လို့ ကောင်း၍
ငါ့ အစ်မ ကို ကျေးဇူးတင်သည်။

အဖြေးလူ