မေမြို့ချစ်ဆွေ
နကုလပိတာသုတ်နှင့်
ဆရာကြီး ဦးသုခ
နကုလပိတာသုတ်နှင့်
ဆရာကြီး ဦးသုခ
၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့က မန္တလေး အမေနေ့ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဖုန်းမြင့် အောင် (မန္တလေး) တစ်ယောက် ကျွန်တော့်ထံရောက်လာပါတယ်။ သိတဲ့ အတိုင်းပါဘဲ ဆရာ ဖုန်းမြင့်အောင်(မန္တလေး) ဟာ နှစ်စဉ်နှစ်တိုင်း မန္တလေးမြို့မှာ အမေနေ့ ကျင်းပနိုင်ဖို့အတွက် ဆရာကြီး ဦးသုခ၊ အရီးတောင်း ဦးကျော်သိန်း (မော်ကွန်းဝင် ဒုတိယအဆင့်)၊ (နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်) တို့နဲ့ အတူ လုံးပန်းခဲ့တဲ့ပုဂ္ဂိုလ် အမေနေ့သာ မဟုတ်ပါဘူး။ မန္တလေးမှာ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့မှာ အဖေနေ့ ကိုလည်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ကိုယ်ကျိုးစွန့် လူမှုရေးသက်သက် ဆောင်ရွက် တဲ့ ပုဂ္ဂိုလ်ပါ။
သူက အမေနေ့ ဗိသုကာကြီး စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခဟာ (၁၄.၂.၁၉၁၀)မှာ မွေးဖွားခဲ့ပြီး (၇.၁၂.၂၀၀၅)နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၃၇၁ ခုနှစ်၊ တပို့တွဲလဆန်း (၅)ရက်နေ့ဟာ ဘဘကြီး အနှစ် တစ်ရာ ပြည့်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဘဘကြီး ဦးသုခ ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းအတွက် ဆောင်း ပါး တစ်ပုဒ်ဖြစ်ဖြစ် နှစ်ပုဒ်ဖြစ်ဖြစ် ရေးပေးဖို့ ကျွန်တော့်ထံ တောင်းခံလာပါတယ်။
သူ ကျွန်တော့်ထံ ရောက်လာတဲ့နေ့ ညမှာဘဲ၊ ဆရာကြီး ဦးသုခ အကြောင်းရေးဖို့ဆိုတာက စာပေ၊ အနု ပညာ၊ ဘာသာရေး လူမှုရေးလုပ်ငန်း နယ်ပယ်အသီးသီးမှာ သူလုပ်ဆောင်ခဲ့တဲ့ ပမာဏဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် အလွန်ကြီးမားပါတယ်။ အဲဒီ သူလုပ်ဆောင်ခဲ့တဲ့ နယ်ပယ်တွေထဲက ဘယ်ဟာကို ရွေးထုတ် ပြီး ရေးရရင် ကောင်းမလဲဆိုပြီး ကျွန်တော့်ရဲ့ စာရေး စားပွဲမှာ အတော်ကြာ ထိုင်ပြီး စိတ်ကူးနေရာက အရီး တောင်း ဦးကျော်သိန်း ကျွန်တော့်ဆီ သူ့သားထွေး မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး ရေးခဲ့ဖူးတဲ့ စာတစ်စောင်ကို ပြေးပြီး သတိရမိတယ်။ ချက်ချင်းဘဲ ကျွန်တော့်ရဲ့ စာစုဖိုင်တွဲကို စာအုပ်စင်ပေါ်ကယူပြီး လှန်လောကြည့် လိုက်တယ်။
အရီးတောင်း ဦးကျော်သိန်း ကျွန်တော့်ဆီ ရေးခဲ့တဲ့ စာကတော့ -
၉-၁၂-၁၉၉၄
ဆရာဦးချစ်ဆွေ
ခင်ဗျား ကျွန်တော်တို့ သားထွေးလက်ထပ်မင်္ဂလာပွဲနှင့် ဧည့်ခံပွဲတို့၏ ဓါတ်ပုံများ၊ လိုအပ်တဲ့ စာရွက်စာတမ်း များကို ပေးအပ်ပါသည်။
ဆရာတို့ ကိုယ်တိုင် ကြွရောက်ချီးမြှင့်ခြင်းအတွက် ကျွန်တော်တို့ မိသားစု အလွန့်အလွန် ၀မ်းသာပါသည်။ အထူး ကျေးဇူးတင်ပါသည်။ တစ်သက်မမေ့နိုင်အောင် ကျေးဇူးတင်ပါသည်။
ကျွန်တော်တို့ မိသားစုအနေဖြင့် သားသမီး (၅)ဦးစလုံး လက်ထပ်မင်္ဂလာပြုလုပ်ရာတွင် ဆရာကြီး ဦးသုခ ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ညွှန်ကြား၊ စီစဉ်၊ စိတ်တိုင်းကျ လုပ်ဆောင်ခဲ့ပါသည်။
ကျွန်တော် တို့ မိသားစု ခံယူချက်မှာ လက်ထပ်မင်္ဂလာ အခမ်းအနားများကို မြန်မာ့ရိုးရာစစ်စစ်၊ မြန်မာပီပီ မြန်မာ့ ယဉ်ကျေးမှုအပြည့်အ၀ဖြင့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါသည်။
ကြွားခြင်းဝါခြင်းတို့ အလျင်းမဟုတ်ပါ။ သားတွေ သမီးတွေကို မြန်မာ့ရိုးရာအစဉ်အလာ၊ မြန်မာ့ယဉ်ကျေးမှု တွေ ဒီလိုရှိလေရဲ့ ဟု သိစေချင် မြင်စေချင်ပါသည်။ အခြားလူငယ်တွေလည်း မြင်စေ သိစေလိုလို့ ဆရာကြီး ဦးသုခ ကိုယ်တိုင်အမြဲတမ်း အချိန်ယူ (၂)ခေါက် (၃)ခေါက် ကြွလာပြီး အနီးကပ် ဆောင်ရွက် လာခဲ့ခြင်း ဖြစ် ပါသည်။
နှစ်ပွဲစလုံး မှာ ကျွန်တော်တို့ မိသားစုတွေအားလုံး ၀တ်စားဆင်ယင်မှုကို အထူးဂရုစိုက် လုပ်ဆောင်ခဲ့ ပါသည်။ အိမ်ထောင်သည် အမျိုးသမီးများအားလုံး ရှေးမူအတိုင်း ဘီးစပတ်ကြီးများဖြင့် ၀တ် စားဆင်ယင် စေခဲ့ပါသည်။
ကျန်းမာ၍တိုးတက်ကြီးပွားပါစေ
လေးစားစွာဖြင့်
(ကျော်သိန်း) ၉.၁၂.၁၉၉၄
ဦးကျော်သိန်း ကျွန်တော့်ထံ ရေးခဲ့တဲ့စာရဲ့ သက်တမ်းကတော့ ဆရာဖုန်းမြင့်အောင် ကျွန်တော့်ထံစာမူ လာ တောင်းတဲ့ နေ့ဆိုရင် (၁၅)နှစ်တောင် ကြာမြင့်ခဲ့ပါပကော။
ဦးကျော်သိန်း+ဒေါ်ကြွယ်ကြွယ်တို့ရဲ့ သားထွေး မောင်သိန်းကြွယ် (BE, Mechanical) နဲ့ ပြည်မြို့က ငွေဇော်ရေယာဉ် များ ပိုင်ရှင် ဦးလှ+ ဒေါ်ကျင် တို့ရဲ့ သမီးထွေး မခင်တိုးဥမ္မာ First Year (Civil, GTI)တို့ရဲ့ မင်္ဂလာ အခမ်းအနားအစီအစဉ် အစအဆုံးအတွက် ဆရာကြီး ဦးသုခ စီစဉ်ဆောင်ရွက် ပေးခဲ့ ပါတယ်။
မင်္ဂလာ အခမ်းအနားကို စင်မြင့်ရဲ့ နောက်ခံအဖြစ် အလျား ၂၂ ပေ၊ အနံ ၉ ပေရှိ မဟာဗုဒ္ဒ၀င်ဆဋ္ဌမတွဲ ဒုတိယ အုပ် မှာပါရှိတဲ့ နကုလပိတာသုတ်ကို ဖော်ညွှန်းတဲ့ မြတ်စွာဘုရားက ကြင်စဦး နကုလဇနီး မောင်နှံ ကို ဆုံးမသြ၀ါဒကထာ ချီးမြှင့်နေတဲ့ပုံပါ။
အဲဒီ မင်္ဂလာစင်မြင့် နောက်ခံပန်းချီကားချပ်ကြီးနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးသုခက လူထုဒေါ်အမာထံ မင်္ဂလာပွဲ မပြုလုပ်မှီ (၃)လလောက်ကတည်းက စာတစ်စောင်ကို အောက်ဖော်ပြပါအတိုင်း ရေးခဲ့ပါသေး တယ်။
နေ့စွဲ ၂၂.၈.၁၉၉၄
မအမာခင်ဗျား
ကျွန်တော် ပြောခဲ့သော မဟာဗုဒ္ဓ၀င် ဆဋ္ဌမအတွဲ ဒုတိယစာအုပ်တွင် ပါရှိသည့် နကုလပိတာသုတ်ကို ဖော်ညွှန်းရာ (လူတားညှပ်ရှစ်ဆယ်ပေါ်) တေးထပ်စာမူကို ပေးလိုက်ပါသည်။
ထိုတရားတော်ကို အဓိပ္ပါယ်ဆောင်သည့် ပန်းချီကားကြီးရှေ့တွင် မင်္ဂလာမောင်မယ်သတို့သမီး သတို့သား တို့အား ကျွန်တော်က ဟောပြောပြီးသည့်နောက် အဆိုတော်ရီရီသန့်က ဆောင်းတူရိယာဝိုင်းဖြင့် သီဆိုရန် ဖြစ်ပါသည်။
ထို့နောက် ကိုကျော်သိန်းတို့ နှစ်သက်သော ခေတ်ပေါ်တေးသွားဖြင့် ရေးစပ်ရာတွင် တေးထပ်ထဲမှ ကြိုက် နှစ်သက်ရာ စာသားများကို ထုတ်ယူအသုံးပြုရန် သူတို့အားလည်း ထိုစာမူ တစ်စောင်ပေးလိုက်စေလိုပါ သည်။
ထိုပန်းချီကား၊ ထိုစာသားများကို လှပစွာပုံနှိပ်၍ မင်္ဂလာပရိသတ်များအား ဝေငှကမ်းလှမ်းဖို့ အစီအစဉ်ပြုလို ပါက ပြုလုပ်ရန် သူတို့အား ကျွန်တော်က ပြောကြားခဲ့ပါသည်။
ထိုပန်းချီကားကြီးကို ရေးဆွဲရန် ပန်းချီဆရာသုံးဦးတို့၏ ပုံစံငယ်များ ရလောက်ပြီထင်ပါသည်။ မအမာက ရွေးချယ် ဆုံးဖြတ်ပေးရန် ကျွန်တော် တောင်းပန်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူတို့က ကျွန်တော့်ထံ ဖုန်းဆက် အကြောင်းကြားရန် မအမာ က ပြောပေးပါ။
သူတို့၏ လိပ်စာကို အတိအကျမသိရ၍ ဤစာကို မအမာထံ ကျွန်တော်ပို့လိုက်ရပါသည်။ (ခွင့်လွှတ်ပါ)
ကိုယ်ကျန်းမာစိတ်ချမ်းသာရှိပါစေ
(သုခ)
ဦးကျော်သိန်း+ဒေါ်ကြွယ်ကြွယ်တို့ရဲ့သားထွေး မင်္ဂလာအခမ်းအနား စင်မြင့်နောက်ခံပန်းချီကားချပ်ကြီးကို မန္တလေးမြို့ သင်္ဘောတန်းက ပန်းချီဆရာကြီး ဦးမောင်မောင်သန်းက ၆၈လမ်း ၂၇×၂၈လမ်းကြားမှာရှိတဲ့ ဦးကျော်သိန်း+ဒေါ်ကြွယ်ကြွယ်တို့ရဲ့ အိမ်ခြံကြီးအတွင်းမှာ ရေးဆွဲပါတယ်။ ပန်းချီကားချပ်ကြီးကို မင်္ဂလာ အခမ်းအနား မကျင်းပမှီ ၂၄.၁၁.၁၉၉၄ ရက်နေ့မှာ ဆရာကြီး ဦးသုခ၊ လူထုဒေါ်အမာ၊ မေမြို့ချစ်ဆွေတို့က သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ မင်္ဂလာ အခမ်းအနားကို ၂၇.၁၁.၁၉၉၄ ရက်နေ့ မန္တလေးမြို့ တော်ခန်းမ(၁)မှာ ကျင်းပပါတယ်။
မင်္ဂလာအခမ်းအနားမှာ ဆရာကြီး ဦးသုခက သတို့သား သတို့သမီးတို့ကို အောက်ဖော်ပြပါ "လူတားညှပ်၊ ရှစ်ဆယ်ပေါ်" တေးထပ်ဖြင့် ဆုံးမသြ၀ါဒ ပေးပါတယ်။
လူတားညှပ် ရှစ်ဆယ်ပေါ်တေးထပ်
ဆယ်ကျော်သက်ဝယ် ချစ်မူစ၍
အပြစ်မြူမျှ မမြင်တွေ့ပါ
အသစ်ဟူသမျှ ယှဉ်၍ မလာသည်
ကြင်မွေ့စရာ စိတ်ပင်မတွေး
ဤဘ၀သာမက နှစ်ဝမောင်မယ်တွေ
ဘ၀နောင်အသွယ်သွယ် တူတွဲနိုင်ဘို့အရေး။
(လူးတား)။ ။ အတုလဘဂ၀ါ၊ မြတ်စွာသျ၊ ဘဂ္ဂပြည်သာ၊ သုသုမာဂိရ၊ ဘေသကဋ္ဌ၊ ၀နမှီကာ၊ ကြည်သာ လှုံခိုက်၊ ကြုံကြိုက်လေ၊ နကုသဖေ၊ မောင်နှင့်မေတို့၊ နှစ်ထွေမကွဲ၊ အချစ်မြဲလျက်၊ နောင်လဲမကွာ၊ နေလိုပါ ...ဟု၊ လျှောက်ရာကာလ၊ မြတ်ဗုဒ္ဓက၊ ... နကုလပိတာ၊ အို မာတာတို့ သံသရာဘ၀၊ တူလိုကြက၊ သမသဒ္ဓါ၊ သီလ၊ စာဂ၊ ပညာမျှတည့် ဓမ္မလေးဖြာ၊ တူကုနရာဇ်၊ မောင်သာလှူက၊ မယ်ကြည်မြကာ၊ မောင်ကပေးမူ၊ မယ်ကြည်ဖြူလျက်၊ မတူသီလ၊ ပညာမျှ၍ ထိုမှအချင်းချင်း၊ ချစ်စိတ်ရင်းဖြင့် မကင်းတူစုံ၊ ရှုမြင်တံလျက် စိမ့်ထုံမေတ္တာ၊ တူမကွာဘဲ၊ နှစ်ဖြာယှဉ်တွဲ၊ အစဉ်မြဲမည်၊ မကွဲပျက်နိုင်တည့်လေ၊ မြဲခိုင် တည့်နှလုံး၊ ကြည်ကြည်ပြုံး၊ ချစ်ထုံးဘယ်မကွာ၊ သံသရာတည့် နောင်ရေး၊ ရွှင်ရွှင်အေး။
(တေးဆက်)
မောင်နှံ နကုလ ဘုရားသခင်ကို
တကွ မြင်စဉ် "သား" သာထွေး
ဘ၀အခွင် ငါးရာမဝေးဘဲ
သားရတနာသွေး ဖြစ်ခဲ့တယ်
တူရင်းမကွာ ထို့တူဖြစ်၍
သို့မူစနစ် နီးစပ်တူမောင်မယ်၊
ဖူးမြင်ရုံနှင့် သောတာပန်နယ်မှာ
စောစွာ မှန်တကယ် အနာဂါမ်အထိသို့
ခါမှန်ဘိသမို့ တုပနေသင့်ပေ၊
နကုလ ဖေနှင့်မေ
သဒ္ဓါသီလဒါန ပညာတွေမှာ
ကာလယှဉ်ခါမသွေ "တူထားစေလို့" လေး၊
အစုံ နကုလ သူတို့အနေကို
ယူဘို့မသွေ "မူအားချွေစို့" လေး၊
မောင်နှင့်မယ်တို့ သံသရာမှ တူအောင်
စံပမာနမူ " ယူပွားနေဘို့" လေး။
ဆရာကြီး ဦးသုခရဲ့ ဆုံးမသြ၀ါဒအပြီးတွင် အဆိုတော် ရီရီသန့်က ရှစ်ဆယ်ပေါ် တေးထပ်ဖြင့် လည်း ကောင်း၊ အော်ဂင်ဝိဇ္ဇာ အဲလ်ဗစ်စ်ကိုကိုနှင့် အဆိုတော် ခင်မောင်တိုးတို့က ခေတ်ပေါ် တေးဖြင့် လည်းကောင်း ဂုဏ်ပြု သီဆိုသွားကြသည်ကို ပြန်လည်၍ သတိရမိတဲ့အပြင် ဆရာကြီး သီဆိုသွား ကြသည်ကို ပြန်လည်၍ သတိရမိတဲ့အပြင် ဆရာကြီး ဦးသုခကို ဒီဆောင်းပါးနဲ့ဘဲ ပူဇော်ကန်တော့လိုက်ပါ တယ်။ ဆရာကြီး ဦးသုခ ကောင်းရာ သုကတိလားပါစေ။
မေမြို့ချစ်ဆွေ
သုခ(သို့)
အနုပညာဖြင့် သာသနာပြုသူ ဦးစန္ဒိမ (စလင်း)
အနုပညာဖြင့် သာသနာပြုသူ ဦးစန္ဒိမ (စလင်း)
စာရေးသူသည် ရာပြည့်ပွဲများကို နှစ်သက်သည်။ စိတ်ဝင်စားသည်။ တန်ဖိုးထားသည်။ စေ့ငုခံစားသည်။ အားပေးသည်။ စလင်းကန်လည်ဆရာတော်ဘုရားကြီး ရာပြည့်ပွဲကို ကြိုဆိုစည်းရုံးခဲ့သည်။ ထို့အတူ အထိမ်း အမှတ်ပွဲ တစ်ခုဖြစ်မြောက်ခဲ့သည်။ စာအုပ်ကလေးတစ်အုပ်စုပေါင်းထုတ်ဝေနိုင်ခဲ့သည်။ နောက် ပခုက္ကူမြို့ က မဟာဝိသုတာရာမတိုက် နှစ်တစ်ရာပြည့်ပွဲ၊ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ရာပြည့်ပွဲ၊ ပုပ္ပါး ဦးကျော်ရင် --- ပြည့်ပွဲတွေ ရေးသားခဲ့သည်။ စိန်ရတု - ရွှေရတု၊ ငွေရတု အတွက် စာမူလာတောင်းရင် လည်း အပတ်တကုတ် ရေးသားစေလိုက်သည်ချည်း ဖြစ်သည်။ ရာပြည့်ဆိုတာ ကြုံခဲ့သည်မဟုတ်ပါလော။
စိန်ရတု-ရွှေရတု၊ ငွေရတု အထိမ်းအမှတ်ပွဲတွေက စိတ်ကို ဖမ်းစားလှသည်။ တပြန့်တပြောခံစားစေသည်။ ခေတ်၊ ဒေသ၊ ပုဂ္ဂလ၊ မှတ်ကျောက်အက္ခရာများက ဝေဖန်ပိုင်းခြားနိုင်ရန် သင်ခန်းစာများကို အခမဲ့ ဝေငှလျှက် ရှိနေပါသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းတွင် ရွှေကိုင်းတိုင်း ဆရာတော် ရာပြည့်အကြိုပါလာပြီး ရက်ပိုင်းအတွင်း ဆရာ --- မန္တလေးက ဆရာကြီး ဦးသုခ ရာပြည့်စာအုပ် အတွက် အမှု လှမ်းတောင်းလိုက်သည်။ ၃၁-၈-၂၀၀၉ နေ့ အရောက်ပို့ပါရန် စာထဲမှာပါလာသည်။
သူ့ စာအရ အချိန်သိပ်ဆွဲလို့ မဖြစ်တော့။
တကယ်ချရေးမည်ဆိုတော့ ဆရာကြီး ဦးသုခနှင့် စာရေးသူသည် ဝေးသောအကြောင်းမှာရှိပြီး လူချင်း လည်း တစ်ခါမှ တွေ့ဖူးသည်လည်းမဟုတ်ပါ။ သို့သော် စာချင်းနီးပြီး ခင်မင် လေးစားအလေးထားရသော ဆရာကြီး ဖြစ်သည်။ လူထု ဒေါ်အမာ၊ အဆိုကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်တို့က ဆရာကြီး ဦးသုခ အကြောင်း ပြောပြဖူး၍ ဆရာကြီး ဦးသုခစာများမပြတ်ဖတ်ရှုခံစားဖူး နှစ်သက်အားကျဖူး၍ နီးသောကြောင့် ဟု ဆိုလျှင်လည်း မမှားပါ။ အထူးသဖြင့် စိတ်ချင်းနီးနေပါသည်။ လူချင်းနီးဖို့ထက် စိတ်ချင်းနီးဖို့က အဓိက မဟုတ် ပါလား။ ဆရာ မောင်သွေးသစ်ကတော့ ...
" နီးပင်နီးငြား စိတ်ကားဝေး၏။
ဝေးသည့်စိတ်မှာ သစ္စာနည်းစွာ
ဝေးပင်ဝေးငြား စိတ်ကားနီး၏။
နီးသည့်စိတ်မှာ သစ္စာများစွာ" ဟု ဆိုထားလေသည်။
" ကျွန်ုပ်သည် မိုက်မှောင်အတွင်း၌ ကိုယ်တိုင် ရအပ်သောဥာဏ်အလင်းဖြင့် သတ္တ၀ါဝေနေယျတို့အား မဟာကရုဏ တရား ရင်ဝယ်ထားကာ သနားကယ်ချွတ်တော်မူသော ဗုဒ္ဓသခင်အားလည်းကောင်း၊ ထိုဗုဒ္ဓ ၏ ဆုံးမစကား၊ တရားအရပ်ရပ်ကိုလည်းကောင်း၊ ထိုဗုဒ္ဓ၏ တရားအတိုင်း ကိုယ့်ဖို့သူ့ဖို့ ကျင့်ကြံ အားထုတ် တော်မူသော သံဃာများအားလည်းကောင်း ရိုသေမြတ်နိုးရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏။ ဤပဏာမ စေတနာကြောင့် ယခုကျမ်းငယ်သည် ချွတ်ယွင်းမရှိ ပကတိနှစ်လိုဖွယ် ဖြစ်ပါစေသတည်း"။
သုခ (ဓမ္မရသအလှမျိုးစုံ စာမျိုးစုံ)
ဆက်ရန်
.
No comments:
Post a Comment