(၈)
ထောင်ဘာယာ အမျိုးသမီးကြီးက ထရေစီထံသို့လာပြီး ပြောသည်။
" မင်းအတွက် ဧည့်သည်လာနေတယ် ၀ှစ်တနေ "
ထရေစီက အံ့အားတသင့်ဖြင့် ဘာယာကြီးကို မော်ကြည့်လိုက်သည်။
" ဧည့်သည် ... ဟုတ်လား " နှုတ်မှ အလိုလို ထွက်သွားမိသည်။
မိမိထံလာသော ဧည့်သည်ဆိုသူမှာ မည်သူ ဖြစ်နိုင်ပါသနည်း။ သူမ ချက်ချင်းသတိရသွားသည်။ ချားလ်။ နောက်ဆုံးတော့ သူရောက်လာပြီးကိုး။ သို့သော် အလာကောင်းသော်လည်း အခါနှောင်းချေပြီ။ မိမိအဖို့ ချားလ် ကို တကယ် လိုအပ်သောအချိန်တွင် သူရောက်မလာခဲ့။ အခုတော့ မလိုတော့။ နောင်လည်း မလို တော့။ ချားလ်မှမဟုတ် ဘယ်သူ့ကိုမှ မိမိမလိုအပ်တော့။
ထရေစီ ဧည့်ခန်းမသို့ ရောက်လာပြီး အခန်းထဲလှမ်းဝင်လိုက်သည်။ သစ်သားစားပွဲသေးလေး တစ်လုံးတွင် သူ လုံးဝမသိသော သူတစိမ်းတစ်ယောက် ထိုင်နေသည်ကို တွေ့ရသည်။ ထိုသူသည် ထရေစီတွေ့ဖူးသမျှ ယောက်ျားသားများထဲတွင် ဥပဓိရုပ် အခေဆုံးလူဖြစ်သည်။ အရပ်ကပုကွကွ၊ ၀ဖောင်းဖောင်း၊ နှာခေါင်းက ရှည်ရှည်၊ ပါးစပ်ပေါက်က ခပ်ကျဉ်းကျဉ်း၊ နဖူးကမောက်မောက်၊ မျက်မှန်က ခပ်ထူထူ၊ မြင်ရသည့် ရုပ်မှာ မက်စရာ တစ်စက်မှ မရှိပါချေ။
ထိုသူက ထိုင်ရာမှမထဘဲ ထရေစီကို ပြောသည်။
" ကျွန်တော့်နာမည်က ဒင်နီရယ်ကူးပါးပါခင်ဗျားနဲ့ စကားပြောဖို့ ထောင်မှူးက ခွင့်ပြုထားပါတယ်"
" ဘာကိစ္စလဲ" ထရေစီက သံသယဖြင့် မေးလိုက်သည်။
" ကျွန်တော်ကတော့ နိုင်ငံတကာ အာမခံကုမ္ပဏီများ ကာကွယ်ရေးအသင်းက စုံစမ်းထောက်လှမ်းရေးမှူး တစ်ယောက်ပါ၊ ကျွန်တော်တို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှာ အာမခံထားတဲ့ ရေနွား ပန်းချီကား တစ် ချပ် ဟာ မစ္စတာ ဂျိုးဇက်ရိုမာနိုဆီကနေပြီး အခိုးယူခံလိုက်ရပါတယ်"
ထရေစီ သက်ပြင်းတစ်ချက်ချပြီး ပြန်ပြောလိုက်သည်။
" ကျွန်မ ဘာမှကူညီနိုင်မှာ မဟုတ်ဘူး၊ ကျွန်မလဲ အဲဒီပန်းချီကား မခိုးဘူး "
ထရေစီသည် တံခါးဝဘက်သို့ ပြန်လှည့်ထွက်သွားသည်။ သို့သော် ကူးပါးပြောသော နောက်ထပ်စကားလုံး များ ကို ကြားလိုက်ရသောကြောင့် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီး ပြန်လှည့်လာသည်။
" ခင်ဗျား မခိုးဘူးဆိုတာ ကျွန်တော် သိပါတယ် "
ထရေစီက ကူးပါးကို စိုက်ကြည့်လိုက်သည်။ သူမ၏ အသိစိတ်များ နိုးကြားလှုပ်ရှားလာသလို ဖြစ်ရသည်။
" အဲဒီ ပန်းချီကား ကို ခင်ဗျား မခိုးသလို ဘယ်သူမှလဲ မခိုးပါဘူး၊ သူတို့ ဆင်ကွက်ထဲ ခင်ဗျား မိသွားတာပါ မစ္စ၀ှစ်တနေ၊ ခင်ဗျား တပတ်ရိုက်ခံလိုက်ရတာပါ "
*
ရေနွား၏ ပန်းချီကား အခိုးခံရမှုတွင် ဒင်နီရယ် ကူးပါးပါဝင် ပတ်သက်လာမှုမှာ လွန်ခဲ့သော ရက်သတ္တသုံး ပတ်ခန့် က စတင်ခဲ့သည်။ မင်းဟတ်တန်တွင် အခြေစိုက်သော နိုင်ငံတကာ အာမခံ ကုမ္ပဏီများ ကာကွယ် ရေး အသင်း (အိုင်အိုင်ပီအေ)မ--- အကြီးအကဲဖြစ်သူ ဂျေဂျေရေနောက သူ့အားရုံးခန်းသို့ခေါ်ယူတွေ့ဆုံ သည်။
" ကျွန်တော် ခင်ဗျားကို တာဝန်တစ်ခု ပေးစရာရှိတယ်၊ ကိစ္စကို အကျဉ်းချုပ်ပြောပြမယ်" ရေနောက ပြော လိုက်သည်။
ရေနောက ကူးပါးကို အကျဉ်းချုပ် ပြောရန်သာရည်ရွယ်ထားသည်။ ခပ်ရှည်ရှည်မပြောချင်။ ကူးပါးသည် လူ ထူး လူဆန်း တစ်ယောက်ဖြစ်သည်။ အသိရခက်ခဲသူဖြစ်သည်။ လူတိုင်းက သူ့အား လူထူးလူဆန်းအဖြစ် သတ်မှတ် ထားသည်။ သူ ဘယ်မှာနေမှန်းမည်သူမျှမသိ။ သူအိမ်ထောင်ရှိသလား၊ ကလေး ရှိသလား ဆိုသည် ကိုလည်း မသိရပေ။
ကူးပါးသည် မည်သူနှင့်မျှ မရောနှောမပေါင်းသင်း။ အထီးကျန် သီးသန့်နေသည်။ ရုံးမှပြုလုပ်သော ဧည့်ခံပွဲ များ၊ စည်းဝေးပွဲများလည်း ဘယ်သောအခါမှ မတက်။ ရေနောသည် သူနေပုံထိုင်ပုံနှင့် အပြုအမူများကို လုံးဝ မနှစ်မြို့။ သို့သော် ကူးပါး၌ စုံစမ်းထောက်လှမ်းရေးဘက်တွင် ထူးချွန်ထက်မြက်သော အရည်အချင်း ရှိ နေ၍သာ အကြီးအကဲဖြစ်သူ ရေနောက အောင့်အည်းသည်းခံနေခြင်းဖြစ်သည်။ သူသည် အမှုတိုင်းကို မပေါ်မချင်း ကျားကုတ်ကျားခဲ လိုက်တတ်ပြီး ကွန်ပျူတာဦးနှောက်မျိုးရှိသူဖြစ်သည်။
ခိုးယူ ခံရသည့် အာမခံထားသော ပစ္စည်းများ ပြန်လည်ရရှိအောင် စုံစမ်းရှာဖွေဖော်ထုတ်သည့် နေရာတွင် ကူးပါး တစ်ယောက်တည်း ဖော်ထုတ်နိုင်သော အမှုအရေအတွက်က အခြား ထောက်လှမ်းရေးမှူးများ ဖော်ထုတ် နိုင်သော အမှုအားလုံးပေါင်းထက် များနေပေသည်။
ရေနောက အမှုကိစ္စ အကျဉ်းချုပ်ကို ဆက်ပြောသည်။
" ကျွန်တော်တို့ရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခုမှာ အာမခံထားတဲ့ ဒေါ်လာသုံးသိန်း ပန်းချီကားတစ်ချပ် ဟာ ... "
သူ့စကား မဆုံးခင်ပင် ကူးပါးက ၀င်ပြောလိုက်သည်။
" အဲဒါ ရေနွားဆွဲတဲ့ ပန်းချီကား၊ နယူးအော်လင်းမြို့မှာ အခိုးခံရတာ၊ ပိုင်ရှင်က ဂျိုးရိုမာနို၊ ထရေစီဝှစ်တနေ ဆိုတဲ့ အမျိုးသမီးမှာ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် (၁၅)နှစ် အပြစ်ပေးလိုက်တယ်၊ အဲဒီ ပန်းချီကားလဲ ပြန်မရ သေးဘူး၊ အဲဒီကိစ္စပဲ မဟုတ်လား "
ခွေးမသား သောက်ရမ်းတော်တဲ့ အကောင်ဟု ရေနောက စိတ်ထဲမှ ကျိတ်ပြီး ဆဲလိုက်ပြီးမှ နှုတ်မှ ပြောလာ သည်။
" ဟုတ်တယ်၊ အဲဒီအမှုပဲ၊ ၀ှစ်တနေဆိုတဲ့ အမျိုးသမီးက အဲဒီပန်းချီကားကို တစ်နေရာရာမှာ ၀ှက်ထားပုံရ တယ်။ အဲဒါကို ပြန်လိုချင်တယ်၊ ခင်ဗျား အဲဒီကိစ္စလိုက်ပါ"
ကူးပါးက တစ်လုံးမှ ပြန်မပြောတော့ဘဲ ရေနောအခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ သူထွက်သွားသည်ကို ကြည့်နေရင်းက ရေနောသည် စိတ်ထဲမှ ပြောလိုက်သည်။ "တစ်နေ့ မင်းရဲ့ လျှို့ဝှက်ချက်ကို ငါ ဖော်ထုတ် နိုင် မှာပေါ့ကွာ" ဤသို့ စိတ်ထဲမှ ပြောလိုက်ခြင်းသည် ယခု ပထမဆုံးအကြိမ် မဟုတ်တော့ချေ။
ဒယ်နီရယ် ကူးပါး၏ လျှို့ဝှက်သော အထီးကျန်ဘ၀ကို သိရန် လုပ်ဖော်ကိုင်ဖက်များက အမျိုးမျိုး ကြိုးစား သည်။ မရ။ ဧည့်ခံပွဲများ၊ မိတ်ဆက်ပွဲများ၊ ထမင်းစားပွဲများကို ဖိတ်သည်။ ဘယ်တော့မှမလာ။
မိတ်ဆွေဖြစ် တစ်ခွက်တစ်ဖလား သောက်ရန် ခေါ်သည်ကိုပင် ငြင်းဆန်လေ့ရှိသည်။ တစ်ခွက်တစ်ဖလား သောက်ရာ မှ ညစာစားပွဲသို့ ဦးတည်သွားမည်။ ညစာ စားပွဲမှတစ်ဆင့် မိတ်ဆွေ ဖြစ်သွားစေလိမ့်မည်။ ထိုမှ တစ်ဆင့် ယုံကြည်မှုသို့ ဦးတည်သွားပေမည်။ သို့ဆိုလျှင် အန္တရာယ်ကြီးမားလာမည်ဟု ကူးပါးတွက်ပေမည်။
ဒင်နီ ရယ် ကူးပါးသည် တစ်နေ့ ရေသုံးခါထက်မနည်းချိုးသည်။ သို့သော် မည်သည့်အခါမှ သန့်ရှင်း စင်ကြယ် သည်ဟု မထင်။
ကူးပါးသည် နယူးယောက် ရဲတပ်ဖွဲ့သို့ဝင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် သတ်မှတ်ထားသည့် အရပ် ထက် လေးလက်မခန့် နိမ့်နေသဖြင့် ၀င်ခွင့်မရခဲ့ပေ။ သို့ဖြင့် ပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ၏ စုံစမ်း ထောက်လှမ်းရေးမှူး ဖြစ်လာခဲ့ရသည်။
*
ဒင်နီရယ် ကူးပါးသည် ပန်းချီကား ရှာပုံတော် ဖွင့်ရာတွင် နယူးအော်လင်းမြို့သို့ ပထမဆုံး သွားခဲ့သည်။ ထိုမြို့တွင် ငါးရက်ကြာ နေလိုက်သောအခါ ဂျိုးရိုမာနို အန်သိုနီအော်ဆက်တီ၊ ပါရီပုတ်နှင့် တရားသူကြီး ဟင် နရီလောရင့်စ်တို့နှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို အားလုံး သိရတော့သည်။
ထရေစီဝှစ်တနေအမှုမှ ထွက်ချက်များ၊ လျှောက်လဲချက်များနှင့် ပြစ်ဒဏ်စီရင်ချက်တို့ကိုလည်း ကူးပါးဖတ် ခဲ့သည်။ စခန်းမှူး မေလာနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ထရေစီဝှစ်တနေ၏မိခင် ဒေါရစ်ဝှစ်တနေ သူ့ကိုယ်သူ အဆုံး စီရင်သွားသည်ကို သိခဲ့ရသည်။ ဖိုမင်ကြီးအော်တို ရှမစ်နှင့်လည်း အေးအေး လူလူ စကားပြောခဲ့ရာ ၀ှစ်တနေ မိသားစု၏ ကုမ္ပဏီကို လုံးပါးပါးအောင် ညစ်လိုက်ပုံကိုလည်း သိလာရသည်။
ကူးပါး သည် ဤသို့ လိုက်လံတွေ့ဆုံမေးမြန်းရာတွင် လည်းကောင်း၊ တရားရုံးမှတ်တမ်းများကို ဖတ်ရှုရာ တွင် လည်းကောင်း မှတ်စုမှတ်ရာဟူ၍ တစ်လုံး တစ်ပါဒမျှစာနှင့် ရေးသား မှတ်ထားခြင်းမရှိပေ။ သို့သော် အား လုံးကို ခေါင်းထဲ၌ မှတ်မိနေသည်။ ဤမျှ မှတ်ဥာဏ်ကောင်းသူဖြစ်သည်။ ထို အခြေအနေအထိတွင်မူ ထရေစီဝှစ်တနေ ၌ အပြစ်မရှိကြောင်း ၉၉ ရာခိုင်နှုန်းစိတ်ချရသည်ဟု ကူးပါး ယုံကြည်လာသည်။
သို့သော် ပို၍ သေချာစေရန် ထောင့်စုံအောင် ဆက်လိုက်သည်။ ဖီလဒယ်ဖီးယားသို့ လေယာဉ်ဖြင့် ဆက် သွားသည်။ ထရေစီဝှစ်တနေအလုပ်လုပ်ခဲ့သော ဘဏ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကလာရင့်စ်ဒက်စမွန်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ချားလ်စတန်ဟုပ် ကမူ ကူးပါးနှင့် တွေ့ဆုံရန် ငြင်းဆန်လိုက်သည်။
*
ယခုအခါ ဒင်နီရယ်ကူးပါးသည် သူ့ရှေ့တွင် ထိုင်နေသော ထရေစီဝှစ်တနေကို အသေအချာ မြင်လိုက်ရ သောအခါ သူမသည် ပန်းချီကားခိုးယူမှုနှင့် မည်သို့မျှ မသက်ဆိုင် မပတ်သက်ကြောင်း ရာနှုန်းပြည့် သိရှိ လက်ခံ သွားသည်။
" ရိုမာနိုက အကွက်လှည့်ပြီး ခင်ဗျားကို တပတ်ရိုက်လိုက်တာပါ၊ မစ္စ၀ှစ်တနေ၊ ရိုမာနိုဟာ အနှေးနဲ့အမြန် ဆိုသလို ပျောက်သွားတဲ့ ပန်းချီကားအတွက် အာမခံကုမ္ပဏီကနေပြီး လျော်ကြေးတောင်းမှာပဲ၊ သူ့အတွက် အကွက်ဆင် လို့ ရမယ့် အချိန်ကောင်းမှာ ခင်ဗျားက သူ့ဆီရောက်သွားတာကိုး၊ သူက ခဲတစ်လုံးတည်းနဲ့ ငှက် နှစ်ကောင်ပစ်ချလိုက်တာပဲ "
ထရေစီအဖို့ ရင်ခုန်သံတို့ မြန်လာသည်။ မိမိ အပြစ်ကင်းစင်ကြောင်း ဤ လူကောင်းကောင်း သိနေသည်။ မိမိအမှုကိစ္စ၌ အမှန်ကို ဖော်ထုတ်ရန်အတွက် ဤလူတွင် အထောက်အထားများ အလုံအလောက်ရှိကောင်း ရှိနိုင်သည်။ သူသည် ထောင်မှူးကြီးကိုဖြစ်စေ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးကိုဖြစ်စေ အဖြစ်မှန်များကို ထုတ် ပြောကာ မိမိအား ဤငရဲထဲမှ ဆွဲထုတ်ကောင်း ထုတ်နိုင်ပေလိမ့်မည်။ ထရေစီအဖို့ အသက်ရှူပင် မှားမ တတ် ဖြစ်လာသည်။
" ဒါဖြင့် ရှင် ကျွန်မကို ကူညီမှာလား "
" ခင်ဗျားကို ကူညီရမယ် ဟုတ်လား "
" ဟုတ်တယ်လေ၊ ကျွန်မ အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်ရအောင်၊ ဒါမှမဟုတ် ... "
" ဟင့်အင်း ... မကူညီနိုင်ဘူး "
ကူးပါး စကားက ထရေစီကို အရှိုက် ထိုးလိုက်ဘိသကဲ့သို့ရှိသည်။
" မကူညီ နိုင်ဘူး ဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ကျွန်မမှာ အပြစ်မရှိဘူးဆိုတာ ရှင်သိရင် ... "
" ကျွန်တော် လုပ်ရမယ့် လုပ်ငန်းတာဝန်က ပြီးသွားပါပြီ "
*
သူ တည်းခိုသော ဟိုတယ်သို့ ပြန်ရောက်သောအခါ ကူးပါး ပထမဆုံး လုပ်ရသည့် အလုပ်မှာ ရေချိုးခန်းထဲ ၀င်ပြီး ရေချိုးခြင်းပင်ဖြစ်သည်။ နာရီဝက်နီးပါးအားရပါးရ စိမ်ပြေနပြေ ရေချိုးပြီးသောအခါ အ၀တ်အစား သစ် လဲပြီး အစီရင်ခံစာကို စ ရေးတော့သည်။
သို့
ဂျေဂျေရေနော
ဖိုင်နံပါတ်၊ ၀ိုင် ၇၂-၈၃၀-၄၁၂။
မှ
ဒင်နီရယ်ကူးပါး
အကြောင်းအရာ။ ရေနွား ရေးဆွဲသည့် ဆီဆေးပန်းချီကားကိစ္စ။
အထက်ဖော်ပြပါ ပန်းချီကားခိုးယူမှုတွင် ထရေစီဝှစ်တနေနှင့် မည်သို့မျှမပတ်သက်ဟု ကျွန်ုပ် ကောက် ချက် ချသည်။ ဂျိုးရိုမာနို သည် ဤပန်းချီကား အခိုးခံရသည်ဟု အများကထင်မြင်စေရန် အကွက် ဆင် ထားသည်။ သို့ဖြင့် တဘက်တွင် ပန်းချီကားအတွက် လျော်ကြေးငွေကို အာမခံကုမ္ပဏီမှ တောင်းဆို ထုတ်ယူပြီး အခြားတဘက်တွင် ပန်းချီကားကို ပုဂ္ဂလိက တစ်ဦးဦးကို ရောင်းချပေလိမ့်မည်။ ထို့ကြောင့် ယခုအခါ ထိုပန်းချီကားသည် ပြည်ပသို့ ရောက်ကောင်း ရောက်နေနိုင်သည်။ ထိုပန်းချီကားသည် လူသိများ ကျော်ကြားသော ပန်းချီကားတစ်ချပ်ဖြစ်သဖြင့် ထိုကားကို ဆွစ်ဇာလန်ပို့ပြီး ရောင်းလိမ့်မည်ဟု ကျွန်ုပ် မေဆ်ာလင့်ထားသည်။ ဆွစ်ဇာလန်တွင် သဘောရိုးဖြင့် ၀ယ်ယူမှုအတွက် အကာအကွယ်ပေးသော ဥပဒေ ရှိသည်။ ၀ယ်ယူသူတစ်ယောက်က အနုပညာပစ္စည်းတစ်ခုကို သဘောရိုးဖြင့် ယုံကြည်ပြီး ၀ယ်ယူခဲ့လျှင် ခိုးရာပါ ပစ္စည်းပင် ဖြစ်ပါစေ၊ ထိုပစ္စည်းထိုသူ ရယူသိမ်းဆည်းထားရန် ဆွစ်အစိုးရက ထိုသူအား ခွင့်ပြုပေ လိမ့်မည်။
ထောက်ခံတင်ပြချက်။ ။ ဂျိုးရိုမာနို တပတ်ရိုက်ထားသည်ကို လက်ဆုပ်လက်ကိုင် သက်သေပြစရာ အထောက်အထားမရှိသဖြင့် ကျွန်ုပ်တို့၏ လက်အောက်ခံ အာမခံကုမ္ပဏီ စာချုပ်အရ ပေးလျော်ရပေလိမ့် မည်။ ဤပန်းချီကား ပြန်ရရေး၊ သို့မဟုတ် ပျက်စီးမှုအတွက် အလျော်ရရေးအတွက် ထရေစီဝှစ်တနေကို ဖြစ်စေ၊ အခြားတစ်စုံ တစ်ယောက်ကိုဖြစ်စေ အရေးယူ၍လည်း အကြောင်းမထူးနိုင်ပါ။ ထိုပန်းချီကား ရှိမရှိ ကိုပင် ထရေစီ မသိပါ။ ထို့အပြင် ထရေစီသည် လူဝစ်စီယား နားတောင်ပိုင်းရှိ အမျိုးသမီးများ စိတ်ဓာတ်ပြု ပြင်ရေးထောင် ၌ (၁၅)နှစ်လုံးလုံး အပြစ်ကျခံနေရမည်ဖြစ်ပါသည်။
ကူးပါးသည် စာအရေးရပ်လိုက်သည့် အချိန်တွင်ပင် ထရေစီအကြောင်း တွေးမိလာသည်။ သူမ၏ အလှအပ ကို တခြားယောက်ျားသားများက စိတ်ပါဝင်စားပေလိမ့်မည်။ သို့သော် မိမိအနေဖြင့် သူမကို တကယ်တမ်း စိတ်ဝင်စားမှုမရှိသော်လည်း ထောင်ထဲတွင် (၁၅)နှစ်လုံးလုံး နေပြီးသောအခါ မည်သို့ရှိလာမည်ကို စဉ်းစား ကြည့်မိသည်။ ဤသည်မှာ မိမိနှင့် ပသို့မျှ မသက်ဆိုင်ပါချေ။
ဒင်နီရယ်ကူးပါးသည် အစီရင်ခံစာကို လက်မှတ်ထိုးလိုက်သည်။ ထို့နောက် မိမိရေထပ်ချိုးရန် အချိန် ရှိမရှိ စိတ်ထဲ၌ အကြိတ်အနယ် အချေအတင် စစ်ထိုးနေမိသည်။
-----------

(၉)
ထောင်ဘာသာအမျိုးသမီးကြီးအား သံမဏိအဘွားအိုဟု ထောင်ကျများက ကင်ပွန်း တပ်ထားသည်။ ထိုအဘွားကြီး သည် ထရေစီအား ရောက်လာစကပင် မျက်နှာကြော မတည့်ခဲ့ပေ။ ယခု သူက ထရေစီအား အ၀တ်အစား များ လျှော်ဖွပ်ရသော ဒိုဘီ အခန်းတွင် အလုပ်တာဝန် ချထားပေးလိုက်သည်။
ထောင်ကျ အမျိုးသမီးများအတွက် စုစုပေါင်း အလုပ်တာဝန် ၃၅ မျိုးရှိသည့်အနက်တွင် ဒိုဘီတာဝန်သည် အဆိုးဆုံး အပင်ပန်းဆုံး အလုပ်ဖြစ်သည်။ အလွန်ကြီးမား၍ ပူလောင်လျသော အခန်းကြီးထဲတွင် အ၀တ် လျှော်စက်နှင့် မီးပူတိုက်သော စားပွဲများ ပြည့်နေသည်။ လျှော်ဖွပ်ရမည့် အ၀တ်ဟောင်းများကလည်း တစ်နေကုန် မဆုံးနိုင်အောင် ရောက်နေသည်။
ထရေစီ သည် စားဖိုဆောင်သို့ သတင်းသွားပို့သောအခါ ကပ္ပလီမကြီး အာနက်စတိုင်းအား စားဖိုဆောင် တွင် အလုပ်လုပ်နေသည်ကို တွေ့ရသည်။ ထိုသို့ တွေ့ရခြင်းသည် ထရေစီအဖို့ အံ့သြစရာမဟုတ်ပါ၊ ထရေစီ က အာနက်စတိုင်းအနားကပ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
" ကျေးဇူးပါပဲရှင် "
တတ်နိုင်သမျှ ကြိုးစားပြီး ထရေစီသည် ရင်းနှီးချစ်ခင်သံပါအောင် ပြောလိုက်သည်။
အာနက်စတိုင်းက ၀မ်းခေါင်းသံဖြင့် အင်း-လိုက် လိုက်သော်လည်း ဘာမျှမပြောဘဲ နေသည်။
" သံမဏိအဘွားကြီး လက်ထဲမှ လွတ်အောင် ကျွန်မကို ဘယ်လိုလုပ် ဆွဲထုတ်လိုက်လဲဟင်" ထရေစီက မေးသည်။
" သူ တို့ဆီမှာ မရှိတော့ဘူး "
" သူ ဘာဖြစ်သွားလို့လဲဟင် .... "
" တို့ စီစဉ်ထားတဲ့ စနစ်လေးတစ်ခုရှိတယ်၊ အစောင့် တစ်ယောက်ဟာ တို့ကို ဒုက္ခပေးလာပြီဆိုရင် တို့က သူ့ကို ရှင်းပစ်လိုက်တာပဲ "
" ထောင်မှူးကို သွားပြောတာလား "
" ဒီကိစ္စမျိုး မှာ ထောင်မှူးသွားပြောလို့ အလကားပါ "
" ဒါဖြင့် ဘယ်လိုလုပ်တာလဲ "
" လွယ်ပါတယ်။ အစောင့် တစ်ယောက်ကို တို့ဆီမှာ တာဝန်မကျစေချင်တော့ဘူးဆိုရင် ပြဿနာ စ ဖော် လိုက်တာပဲ၊ သူနဲ့ပတ်သက်ပြီး မကျေနပ်ချက် တိုင်တန်းချက်တွေ တစ်ယောက်ပြီး တစ်ယောက် ပို့ကြတာပဲ၊ အဘွားကြီးဟာ မိမိကို လက်ဆော့ပါတယ်လို့ ထောင်ကျ တစ်ယောက်က တိုင်မယ်၊ နောက်နေ့ကျတော့ နောက်တစ်ယောက်က အဘွားကြီး မိမိကို နှိပ်စက် ပါတယ်လို့ ပြောမယ်၊ အဲ ... နောက် တစ်ယောက်က နောက်တစ်နေ့ မှာ သူ့အခန်းက ရေဒီယို ပျောက်သွားတယ်လို့တိုင်မယ်၊ အဲဒီ ရေဒီယိုကို အဘွားကြီး အခန်း မှာ သွားထားမယ်၊ ဒီလောက်ဆို လုံလောက်သွားပြီ၊ အဘွားကြီး တို့ဆီက တခြားလစ် ပေတော့၊ ဒီထောင် ကို အစောင့်တွေက ကိုင်နေတာမဟုတ်ဘူး၊ တို့က ကိုင်နေတာ "
" ဒီထောင် မှာ အစ်မကြီး အာနက်စတိုင်းက ဘာလဲဟင် ... "
ထရေစီကမေးလိုက်သည်။ ကပ္ပလီမကြီးက ဘာမျှမဖြေ။ ထရေစီအတွက် အရေးကြီးသည်မှာ ဤ ယောက်ျား မိန်းမကြီးနှင့် မိတ်ဆွေဖွဲ့ထားဖို့ပင်ဖြစ်သည်။
" ငါ့မှာ ဘာအမှားအယွင်း ဘာအပြစ်မှ မရှိဘူးဆိုတာ မင်းယုံပါ၊ ငါ့အတွက် အလုပ်လုပ်ပေးနေတဲ့ မိန်း ကလေး တွေ အများကြီးရှိတယ် "
ထရေစီက မော့်ကြည့်ပြီး မေးလိုက်သည်။
" အလုပ် လုပ်ပေးတယ်ဆိုတာက မကောင်းတဲ့ ... "
ထရေစီသည် သူ့စကားကို ရှေ့ဆက်ရန်မှာ ပါးစပ်က မထွက်ရဲတော့သဖြင့် ရပ်လိုက်သည်။ ကပ္ပလီမကြီးက ရယ်ပြီး ပြန်ဖြေသည်။
" မကောင်းတဲ့ ပြည့်တန်ဆာအလုပ် မဟုတ်ပါဘူး၊ ငါ့ကောင်မလေးတွေဟာ ချမ်းသာတဲ့ အိမ်ကြီး အိမ်ကောင်း တွေမှာ အိမ်ဖော် ၀င်လုပ်ကြရတယ်၊ အလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီတစ်ခု ငါ ထူထောင် ဖွင့်လျစ်လိုက်တယ်လေ၊ ငါ အလုပ်ရှာပေးတဲ့ ကောင်မလေးတွေ အယောက် (၂၀)မက ရှိတယ်၊ အိမ်ဖော် ကောင်းကောင်းရမယ်လို့ ငါက သတင်းစာတွေမှာ ကြော်ငြာ ကောင်းကောင်းလှလှလေးတွေ ထည့်လိုက် တယ်၊ အိမ်ဖော် လိုချင်တဲ့ အိမ်ကြီးရှင်တွေ ငါ့ဆီ ဆက်သွယ် လာကြတော့တာပဲ၊ အဲဒီ အခါကျတော့ ငါ့ ကောင်မလေးတွေကို အိမ်ဖော် လုပ်ခိုင်းလိုက်တယ်၊ ငါ့ကောင်မလေးတွေက တော်ပါတယ်၊ တစ်အိမ်လုံး သူတို့ အလုပ်ရှင် အလုပ်သွားတဲ့အချိန် ဒါမှမဟုတ် မြို့ပြင် ထွက်တဲ့ အချိန်မျိုး တွေမှာ ပိုင်လောက်ပြီလဲဆို ရော အိမ်မှာရှိတဲ့ ငွေထည်တွေ လက်ဝတ်ရတနာတွေ အဖိုးတန် အ၀တ်အစား တွေ တစ်ခါတည်း သယ် ထုတ်လာတော့တာပဲ၊ အဲဒီလုပ်ငန်းက ဘယ်လောက် ငွေရများတယ်ဆိုတာ ငါပြောရင် မင်း ယုံမှာတောင် မဟုတ်ဘူး "
" ဒါဖြင့် အစ်မကြီးကို နောက်ဆုံး ဘယ်လိုလုပ်ပြီး မိသွားတာတုံး " ထရေစီက မေးလိုက်သည်။
" အင်း ... ကံဆိုးမိုးမျောင် ကျတယ်လို့ပဲ ဆိုရမှာပေါ့၊ တစ်နေ့တော့ မြို့တော်ဝန်ရဲ့ အိမ်မှာ နေလယ်စာ စားပွဲလုပ်တယ်၊ အဲဒီအိမ်မှာ ငါပို့ထားတဲ့ အိမ်ဖော်ကောင်မလေးက ထမင်းစားပွဲမှာ စားပွဲထိုးပေးနေတယ်၊ ကံဆိုးချင်တော့ ထမင်းစားပွဲတက်လာတဲ့ အဘွားကြီး တစ်ယောက်ဟာ အဲဒီကောင်မလေးရဲ့ အလျင် အိမ် ရှင်ဖြစ်ပြီး ကောင်မလေး ပစ္စည်းတွေ သယ်ချလာတာကို ခံခဲ့ရတဲ့သူ ဖြစ်နေတယ်၊ သူက ကောင်မလေးကို မှတ်မိပြီး အစဖော်လိုက်တာ အကုန်လုံး သောက်ကျိုးနည်းတော့တာပဲ၊ ရဲက အဲဒီ ကောင်မလေးကိုဖမ်းပြီး ခပ်စပ်စပ် ကလေး စစ်လိုက်တော့ ကောင်မ ဘယ်တင်းခံနေနိုင်ပါတော့မလဲ၊ အကုန် ဖွင့်ပြောတော့တာ ပေါ့၊ ငါတို့ အထုပ်ကြီးလဲပြေရော ငါဆိုတဲ့ အာနက်စတိုင်း ကပ္ပလီမကြီးလဲ ဒီရောက်လာရော ဆိုပါတော့ ... "
ကပ္ပလီမကြီးက ထရေစီအား ယုံကြည်စိတ်ချစွာ ပြောနေသည်။ သူတို့နှစ်ယောက် မီးဖိုရှေ့တွင်ရပ်ပြီး စကားပြော နေရာမှ ထရေစီက ရုတ်တရက် သူလိုချင်သည်ကို မေးလိုက်သည်။
" ကျွန်မ ဒီနေရာမှာ မနေနိုင်တော့ဘူး၊ အပြင်မှာ အရေးတကြီး လုပ်စရာတွေရှိတယ်၊ ကျွန်မ ထောင်ဖောက် ပြေးဖို့ အစ်မကြီး ကူညီမလားဟင် ...၊ ကျွန်မ ... "
" ကဲ - ဒီကြက်သွန်တွေ ပါးပါးလှီးစမ်း၊ အေး - ညနေ စာ ချက်ရတော့မယ် "
ကပ္ပလီမကြီးက ထိုမျှသာပြောပြီး ထရေစီအနားမှ ထွက်သွားသည်။
*
ထောင်ထဲတွင် အရာရာကို ကြိုသိနေသည့် ထောင်ကျဝါရင့်များရှိသည်။ ထိုဝါရင့်ထောင်ကျများက ထောင် ကို လွှမ်းမိုး ချုပ်ကိုင်ထားသည်။ သူတို့အထဲတွင် ကပ္ပလီမကြီး အာနက်စတိုင်းက ထိပ်ဆုံးမှဖြစ်သည်။ ဤ သည်ကိုလည်း ထရေစီ သိနေသည်။
ထို့ကြောင့် ထရေစီက အာနက်စတိုင်းကို တည့်အောင်ပေါင်းသည်။ ခင်အောင်နေသည်။ သံယောဇဉ်ဖြစ် လာ အောင် ကြိုးစားသည်။
တစ်နေ့တွင် အာနက်စတိုင်းက ထရေစီကို ထုတ်ပြောလာသည်။
" ငါတို့လို ဒီထောင်ထဲမှာ ဗိုလ်ကျနေတဲ့ ယောက်ျား မိန်းမကြီးတွေဟာ မင်းတို့လို ငယ်ငယ်ရွယ်ရွယ် ချောချော လှလှ ကောင်မလေးတွေ ကို သဘာဝနဲ့ ဆန့်ကျင်ပြီး အနိုင်အထက်ပြုကျင့်တာဟာ အဲဒီကိစ္စ တစ်ခု တည်း ကြောင့် မဟုတ်ဘူး၊ ထောင်ကျတွေအပေါ်မှာ ကြီးစိုးလွှမ်းမိုးနိုင်တယ်ဆိုတဲ့ သြဇာ အာဏာ ပြချင်လို့ လဲ လုပ်တာပါကွာ .... "
--------------------------
(၁၀)
မနက်ဖြန်ကျရင်တော့ ငါရဲ့ကလေးထိန်း ရှိတော့မှာမဟုတ်ဘူး "
ထောင်မှူးကြီးဘရန်နင်ဂန်က သူ့ဇနီးကို ပြောလိုက်သည်။ ဇနီးသည် ဆူးအယ်လ်လင်ဘရန်နင်ဂန်က အံ့အားသင့်သွားသည့် အကြည့်ဖြင့် လှမ်းကြည့်ပြီး ပြန်ပြောသည်။
" ဘာဖြစ်လို့လဲ၊ အခု ကလေးထိန်း ဂျူဒီဟာ သမီးအေမီနဲ့ သိပ်အဆင်ပြေနေတာပဲ မောင်ရယ် ... "
" အဲဒါ မောင်လဲ သိပါတယ်၊ ဒါပေမယ့် ဂျူဒီရဲ့ ထောင်ကျခံရမယ့် သက်တမ်းကပြည့်သွားပြီ၊ နက်ဖြန်ဆို သူ လွတ်တော့မယ် "
ထောင်မှူးကြီးက သူ့ဇနိးကို ပြောလိုက်သည်။ သူတို့ ဇနီးမောင်နှံနှစ်ယောက် နံနက်စာစားရင်း မိသားစု ကိစ္စ ပြောဆို နေကြခြင်းဖြစ်သည်။ ထောင်မှူးကြီးတစ်ယောက်တွင် ထမင်းချက်တစ်ဦး၊ အိမ်ဖော်တစ်ဦး၊ ကား မောင်းတစ်ဦးနှင့် ကလေးထိန်းတစ်ဦး အခမဲ့ရရှိသည်။ သူတို့ အားလုံးသည် ထောင်ကျများထဲမှ ယုံကြည် စိတ်ချရသူများကို ခေါ်ခိုင်းထားခွင့်ရခြင်းဖြစ်သည်။
" ကလေးထိန်း ဂျူဒီနေရာမှာ ဘယ်သူ့ ထားမယ်ဆိုတာ ရှင် စီစဉ်ပြီးပြီလား "
" အေး ... တစ်ယောက်တော့ တွေ့ထားပြီ "
ထောင်မှူးကြီးအဖို့ ကလေးထိန်းနေရာ၌ ထားသင့်သောရိုးသားဖြောင့်မတ်သည့် ထောင်ကျလေးငါးဦးကို တွေ့ထားသည်။ သို့သော် ထရေစီဝျစ်တနေကို စိတ်ထဲမှ ချန်ထား၍မရဘဲ ဖြစ်နေသည်။ သူသည် ပြစ်မှု ဆိုင်ရာ ကျွမ်းကျင်သည့် ထောင်ဝန်ထမ်းအဖြစ် အမှုထမ်းလာသည်မှာ ၁၅ နှစ်ရှိပြီ။ ထရေစီသည် အုပ်စုဖွဲ့ အနိုင်ကျင့် ခံလိုက်ရပြီး အပြစ်မရှိဘဲ ထောင်ကျလာသော ရိုးသားသည့် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သူ စိတ်ထဲက သိနေသည်။ ထို့ကြောင့် သမီးအတွက် ကလေးထိန်းအဖြစ် တာဝန်ပေးမည့်သူကို ဆုံးဖြတ် ရွေး ချယ်လိုက်ပြီး ဇနီးအား အဖြေပေးလိုက်ခြင်းဖြစ်သည်။

အကျဉ်းထောင်မီးဖိုခန်းကလေး၏ ထောင့်တွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်လေးလုံးပါသော ထမင်းစားပွဲ တစ်လုံးနှင့် ကုလားထိုင်လေးလုံးပါသော ထမင်းစားပွဲဝိုင်း တစ်ခုရှိသည်။ ထိုနေရာသည် တခြား တစ်နေရာ များ နှင့် စာလျှင် အတော်အတန်ပင် လွတ်လပ်သော သီးသန့်နေရာကလေးဖြစ်သည်။ ထိုနေရာတွင် အာနက် စတိုင်းနှင့် ထရေစီတို့ထိုင်ပြီး အလုပ်နားချိန် (၁၀)မိနစ်အတွင်း ကော်ဖီသောက်နေကြသည်။
" ညည်း ငါ့ကို အကူအညီ ထောင်းခဲ့တဲ့ ထောင်ဖောက်ပြေးဖို့ကိစ္စ အချိန်ကျလာပြီလို့ ငါ ထင်တယ် "
အာနက်စတိုင်းက ပြောလာသည်။ ထရေစီက ချိန်ချိန်ဆဆဖြင့် တုံ့ဆိုင်း နေလိုက်သေးသည်။ အာနက် စတိုင်း ကို တကယ် ယုံကြည်ရပါ့မလား။ သို့သော် မိမိအတွက် ရွေးစရာနည်းလမ်း မရှိတော့ပါချေ။
" ညည်းမှာ ဘယ်လို အရေးတကြီးကိစ္စတွေ ရှိနေတယ်ဆိုတာ ငါ့ကိုပြောမှ ငါ စဉ်းစားချင့်ချိန်နိုင်မှာပေါ့ "
" ကျွန် ... ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မကို မတရား အနိုင်ကျင့်ပြီး ဒုက္ခလှလှပေးလိုက်တဲ့ လူတချို့ ရှိတယ် လေ၊ သင်းတို့ နဲ့ ကျွန်မ ရင်ဆိုင်ပြီး စာရင်းရှင်းစရာတွေရှိနေတယ် "
" သူတို့က ဘယ်လိုလုပ်လိုက်လို့လဲ "
" ကျွန်မ အမေကို သူတို့ သတ်ခဲ့ကြတယ်လေ "
ထရေစီ ပါးစပ်မှ စကားလုံးများ တစ်လုံးချင်း ထွက်လာသည်။ ထို စကားလုံးတိုင်းသည် သူမ အဖို့ အသည်း ဆတ်ဆတ်ခါ နာအောင် ထိခိုက်ခံစားခဲ့ရသည်။
" သူတို့ဆိုတာက ဘယ်သူတွေလဲ "
" နာမည်တွေ ကြားရရုံနဲ့တော့ အဓိပ္ပါယ် သိပ်ရှိမယ် မထင်ဘူး၊ ဒါပေမယ့် ကျွန်မ ပြောပြပါမယ်၊ ဂျိုးရိုမာနို၊ ပါရီပုတ်၊ တရားသူကြီး ဟင်နရီလောရင့်စ်နဲ့ အန်သိုနီအော်ဆက်တီ "
" အလို ... ဘုရားရေ ... ညည်း ငါ့ကို ငရဲသားတွေနဲ့ ထိပ်တိုက်တွေ့ခိုင်းတာပဲကိုး " အာနက်စတိုင်းက ထရေစီကို တအံ့တသြဖြင့် ပါးစပ် အဟောင်းသားနှင့် စိုက်ကြည့်လိုက်ပြီးမှ ပြောသည်။
" သူတို့ နာမည် တွေ ကြားဖူးတယ်လား " ထရေစီကလည်း အံ့အားတသင့် ပြန်မေးလိုက်သည်။
" ကြားဖူးသလား ဟုတ်လား၊ နယူးအော်လင်းမြို့မှာ သူတို့အကြောင်း မကြားဖူးသူရယ်လို့ မရှိသလောက် ပါပဲအေ၊ ဘာမဆို အော်ဆက်တီနဲ့ ရိုမာနိုပြီးမှ ပြီးရတာ၊ တစ်မြို့လုံးကို သူတို့ချုပ်ကိုင်ထားတာ၊ ညည်းသူတို့ ကို အန်တု လို့ မဖြစ်နိုင်ဘူး၊ ညည်းကို သူတို့ အမှုန့်ကြိတ်ပစ် လိုက်လိမ့်မယ် "
" အခုလဲ ကျွန်မဘ၀က စိစိညက်ညက်ကြေနေပါပြီ "
ထရေစီက နာကြည်းစွာဖြင့် ပြောလိုက်သည်။
အာနက်စတိုင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မိမိစကားသံများကို မည်သူမျှ မကြားနိုင်မှန်း သေချာမှ ထပ်ပြောသည်။
" ငါ တွေ့ဖူးသမျှ လူတွေထဲမှာတော့ မင်းဟာ အ အဆုံးလို့ပဲ ပြောရမလား အရူးဆုံး အမိုက်ဆုံးလို့ပဲ ပြောရ မလားပဲ၊ သူတို့အကြောင်း မေ့ပစ်လိုက်ပါအေ။ အမြန်ဆုံးသာ မေ့ပစ်လိုက်တော့ "
" ကျွန်မ ဘယ်လိုမှ မမေ့နိုင်ဘူး၊ ကျွန်မ ဒီက ဖြစ်တဲ့နည်းနဲ့ ထွက်ရမယ်၊ အဲဒါ ဖြစ်နိုင်မလား "
အာနက်စတိုင်း က အတန်ကြာအောင် ဘာမျှမဖြေဘဲ ငြိမ်နေသေးသည်။ ထို့နောက်မှ ပြောလာသည်။
" အပြင်ဘက် ခြံဝင်းထဲ သွားပြောကြရအောင် "
အပြင်ဘက် ခြံဝင်းထဲမှ ထောင့်တစ်ထောင့်တွင် သူတို့နှစ်ယောက်တည်း သီးခြားသွားထိုင်သည်။
" ဒီထောင်ကို ဖောက်ပြေးတာ (၁၂)ကြိမ် (၁၂)ယောက် ရှိခဲ့ဖူးတယ်၊ နှစ်ယောက်ကတော့ ပစ်သတ်ခံရပြီး သေသွားတယ်၊ (၁၀)ယောက်ကတော့ ဖမ်းမိပြီး ပြန်ခေါ်လာခဲ့တယ် "
ထရေစီက ၀င်မပြောဘဲ နားထောင်နေသည်။ အာနက်စတိုင်းက ဆက်ပြောသည်။
" မျှော်စင်တွေပေါ်က အစောင့်တွေက ၂၄-နာရီစလုံး အလှည့်ကျ စောင့်ကြည့်နေတာ၊ စက်သေနတ်တွေလဲ အသင့်ကိုင်ထားတာ၊ ထောင်သားတစ်ယောက်ယောက် ထွက်ပြေးတာ လွတ်လာတာ မြင်တာနဲ့ ပစ်သတ် မှာပဲ၊ ထောင်ပတ်ပတ်လည်မှာလဲ သံဆူးကြိုးတွေကာထားတာ၊ သံဆူးကြိုးအကာရယ်၊ စက်သေနတ်ကိုင် စောင့်နေ တဲ့ မျှော်စင်ပေါ်က အစောင့်တွေရယ်ကို လွတ်အောင် ရှောင်ထွက်နိုင်ရင်တောင် အမဲလိုက် ခွေးတွေ ကို လွတ်အောင်ပြေးဖို့ မလွယ်ဘူး၊ ခြင်တစ်ကောင်တောင် မလွတ်အောင် လိုက်နိုင်တဲ့ ခွေးတွေ၊ နောက်ပြီး ဒီထောင်နဲ့ လေးငါးမိုင်ဝေးတဲ့နေရာမှာ အစောင့်ကင်းစခန်း တစ်ခုရှိတယ်၊ အဲဒီမျာ ရဟတ်ယာဉ်တွေရှိတယ်၊ ဒီက ထောင်ကျတစ်ယောက်ယောက် ထောင်ဖောက်ပြေးတာသိလို့ သူတို့ဆီ အကြောင်း ကြားလိုက်ရင် ရဟန်ယာဉ်တွေနဲ့ အပေါ်က လိုက်ရှာတာပဲ၊ မီးမောင်းတွေနဲ့ အပေါ်ကထိုးပြီး သေနတ်တွေ ချိန်ပြီး လိုက်ရှာတာ၊ အသေဖမ်းလာမလား၊ အရှင်ဖမ်းလာမလားဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ဘူး၊ အသေဖမ်းလာဖို့ကများတယ် ကလေးမ "
" ဒါပေမယ့် ထောင်ဖောက်ပြေးဖို့ ကြိုးစားကြတာပဲ မဟုတ်လား " ထရေစီက မေးလိုက်သည်။
" အပြင်ဘက်က အကူအညီနဲ့ ထွက်ပြေးခဲ့တဲ့ လူတစ်ယောက်တော့ရှိတယ်၊ အပြင်ဘက်က မိတ်ဆွေတွေက သေနတ် တွေရယ်၊ ပိုက်ဆံရယ်၊ အ၀တ်အစားတွေရယ် ခိုးသွင်းပေးတယ်လေ၊ အပြင်ဘက် က အသင့် စောင့်နေတဲ့ ကားလဲရှိတယ်၊ ဒါပေမယ့် ပြန်ဖမ်းမိသွားတာပါပဲ"
" ကျွန်မကိုတော့ မမိနိုင်ပါဘူး " ထရေစီက အပြတ်ပြောလိုက်သည်။
ထိုစဉ် ထောင်ဘာယာတစ်ဦး သူတို့အနား ရောက်လာပြီး ထရေစီအား ပြောလိုက်သည်။
" ထောင်မှူး ဘရန်နင်ဂန်က တွေ့ချင်လို့တဲ့၊ လာ ... လိုက်ခဲ့ "
ထောင်မှူးကြီးရှေ့သို့ ထရေစီ ရောက်သွားသည်။
" ငါ့သမီးလေးကို ထိန်းဖို့ တို့မှာ ကလေးထိန်း တစ်ယောက်လိုနေတယ်၊ မင်း စိတ်ပါလို့ လုပ်ချင်ရင်လဲဖြစ် တယ်၊ စိတ်မပါလို့ မလုပ်ချင်ဘူးဆိုရင်လဲ ရတယ်၊ မင်း လုပ်များလုပ်ချင်မလားလို့ ခေါ်မေးတာ" ထောင်မှူး ကြီး က ပြောသည်။
ထရေစီ စိတ်ထဲမှ အပြေးအလွှားတွက်နေသည်။ မိမိလွတ်မြောက်ရေးအတွက် လွယ်ကူလာစေနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်နိုင်သည်။ ထောင်မှူးအိမ်တွင် အလုပ်လုပ်ရခြင်းဖြင့် ထောင်၏ ဖွဲ့စည်းပုံနှင့် အထာ များကို အတော်များများလို သိလာနိုင်မည်။
" ဟုတ်ကဲ့ ... ကျွန်မ လုပ်ချင်ပါတယ် "
ထောင်မှူးကြီးလည်း ထရေစီ၏ အဖြေကြောင့် ၀မ်းသာသွားသည်။
" ကောင်းတယ်၊ အလုပ်အတွက် လုပ်အားခအဖြစ် တစ်နာရီကို ဆင့် ၆၀ ရမယ်၊ လကုန်ရက်တိုင်းမှာ မင်း လုပ်ခကို မင်း ငွေစာရင်းထဲမှာ ပေါင်းထည့်ပေးထားမယ် "
ထောင်ကျများ ငွေမကိုင်ရပေ။ သူတို့ငွေကို စာရင်းဖွင့် သိမ်းထားပြီး ထောင်မှ လွတ်သည့်နေ့တွင် ထုတ်ပေး သည်။
မိမိအတွက် လုပ်အားခသည် အကြောင်းမဟ်ုတ်။ လကုန်သည်အထိလည်း မိမိဤနေရာတွင်ရှိတော့မည် မဟုတ်ဟု ထရေစီ စိတ်ထဲမှ တွေးကာ ပြောလိုက်သည်။
" ကောင်းပါတယ်ရှင် "
" ကဲ ... ဒါဖြင့် မင်းမနက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့၊ အသေးစိတ်ကိုတော့ ဘာယာက ပြောပြလိမ့်မယ်"
" ကျေးဇူးပါပဲ ထောင်မှူးကြီး "
ထရေစီသည် ထောင်မှူးကြီးဆီက ပြန်လာပြီးနောက်တွင် ကပ္ပလီမကြီးအာနက်စတိုင်းအား ထိုသတင်းကို ပြောပြလိုက်သည်။
" ဒါဆိုရင် မင်းကို သူတို့ ယုံကြည်လို့ အဲဒီ အလုပ်ပေးတာ၊ ထောင်ထဲမှာ သွားလာ လှုပ်ရှားဖို့ ပို လွယ်တာပေါ့၊ မင်းအစီအစဉ်အတွက် ပိုအဆင်ပြေလာနိုင်တယ်" အာနက်စတိုင်းက သူ့အမြင်ကို ပြောပြ သည်။
" အဲဒီကိစ္စ ဘယ်လိုစီစဉ်ကြမလဲ" ထရေစီကမေးလိုက်သည်။
" နည်းသုံးနည်းရှိတယ်၊ ဒါပေမယ့် တစ်နည်းမှမလွတ်ဘူး၊ အန္တရာယ်များတယ်၊ အဲဒီသုံးနည်းစလုံး ကြိုးစား ခဲ့ဖူးပြီ၊ တစ်ယောက်မှ မအောင်မြင်ဘူး၊ သေချာပေါက်အောင်မြင်မယ့် နည်းဆိုတာ မရှိသေးပါဘူးကွယ်၊ ဒါ ကြောင့် လဲ ဒီနေရာက ဘယ်သူမှ လွတ်အောင် မပြေးနိုင်သေးတာပေါ့ "
အာနက်စတိုင်း က ကြိုးစားခဲ့ပုံများနှင့် ပြန်ဖမ်းမိပုံများကို ပြောပြသည်။
ထရေစီကမူ ဖြစ်အောင် ကြိုးစားမည်ဟု စိတ်ထဲက သန္နိဋ္ဌာန်ချလိုက်သည်။
အာနက်စတိုင်းက ထရေစီအား အတော်ပင် ခင်မင်နေသည်။ အခြားထောင်ကျများက ထရေစီကို ယောက်ျားမိန်းမကြီး အာနက်စတိုင်း၏ အချစ်တော်အဖြစ် အသိအမှတ်ပြုကာ မည်သူမှ မစ၀ံ့ကြတော့ပေ။ ထရေစီကလည်း အာနက်စတိုင်းသည်မိမိအား ယောက်ျားဆန်ဆန် ဆက်ဆံ လာလေဦးမည်လော၊ ပထမ ဦးဆုံး ည က အဖြစ်မျိုး ကြုံရလေဦးမည်လောဟု တထိတ်ထိတ်နှင့် နေရသည်။ သို့သော် အာနက်စတိုင်းက ထရေစီအပေါ်တွင် ရိုးသားဖြူစင်စွာဖြင့် ညီမတစ်ဦးသဖွယ်သာ ဆက်ဆံနေပေသည်။
တစ်ညနေတွင် ဆွီဒင် လူထွားမကြီး ဘာသာက ထရေစီအား ခြံဝင်းထဲတွင်တွေ့ရာ မထိတထိစလာသည်။ ဘာသာနှင့် အာနက်စတိုင်းသည် ပြိုင်ဘက်ယောက်ျား-မိန်းမကြီးနှစ်ယောက်ဖြစ်သည်။ ဘာသာ က ထရေစီ ကို စ နေစဉ် အာနက်စတိုင်း ရောက်လာရာ နှစ်ယောက်သား ရန်ပွဲကြီး အကြိတ်အနယ် ဖြစ်ကြ တော့သည်။
အာနက်စတိုင်းနိုင်ပြီး ဘာသာ ရှုံးသွားသည်။
ဘာသာ အဖို့ အာနက်စတိုင်းကို အခဲ မကျေသလို ထရေစီကိုလည်း အခဲမကျေပေ။ တစ်နေ့ ထရေစီ မိမိ လက်ထဲ ရောက်လာရမည်ဟု ကြုံးဝါးထားလိုက်သည်။
*
ထောင်မှူးကြီးအိမ်သို့ ထရေစီ ပထမဆုံး အလုပ်သွားဆင်းသည့်နေ့သည် သူမအဖို့ ထောင်သက် (၁၅)လ ပြည့်သောနေ့ပင် ဖြစ်သည်။
ထရေစီသည် ဤကလေးထိန်းအလုပ်ကို အလွန်ပင် လုပ်ချင်သည်။ မိမိလွတ်မြောက်ရေးအတွက် အဓိက ပံ့ပိုးအားအဖြစ် မှတ်ယူထားသည်။ ထို့ကြောင့် ထောင်မှူး၏ ဇနီးနှင့်သမီးကို တွေ့သောအခါ ထရေစီ စိတ်တုန်လှုပ်ချောက်ချားနေသည်။
ထောင်မှူးကြီးအိမ်မှ ကျယ်ဝန်းသန့်ပြန့်သော မီးဖိုခန်းထဲသို့ ထရေစီ ၀င်သွားသည်။ သူမကိုယ်တွင် ချွေးပင် စို့ နေသည်။ မီးဖိုချောင်ဝတ်စုံကို ၀တ်ထားသော ထောင်မှူးကြီးကတော်အား မီးဖိုဝ၌ တွေ့ရသည်။ ထောင် မှူးကြီးကတော်က စတင်နှုတ်ဆက်သည်။
" ကောင်းသော နံနက်ခင်းပါ "
" ကောင်းသောနံနက်ခင်းပါရှင် " ထရေစီက ပြန်နှုတ်ဆက်သည်။
ထောင်မှူးကတော် ဆူးအယ်လင်သည် ပိန်ပိန်သွယ်သွယ်နှင့် အသက် ၃၀ နီးပါးရှိသည်။ ရွှေရောင် ဆံပင် များ က လှိုင်းတွန့်ထနေသည်။
" ကျွန်မက မစ္စက်ဘရန်နင်ဂန်ပါ၊ သမီး အေမီကတော့ အသက် ငါးနှစ်နီးပါးပဲ ရှိပါသေးတယ်၊ ဒါပေမယ့် သိပ်သွက်တယ်၊ ရှင် တွေ့ရပါလိမ့်မယ်၊ ရှင်တော့ တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေရလိမ့်မယ်ထင်တယ်"
ထောင်မှူးကတော်က စကားရပ်ပြီး ထရေစီ၏ ၀ဲဘက်လက်ချောင်းကလေးများကို မသိမသာ ကြည့်လိုက် သည်။ လက်ထပ်လက်စွပ် မတွေ့ရ၊ သို့သော် ယခုခေတ်တွင် အိမ်ထောင်ရှိသော်လည်း လက်ထပ်လက် စွပ်မ၀တ်သူများရှိကြောင်း၊ အထူးသဖြင့် အောက်တန်းစားများက မ၀တ်ကြကြောင်း ထောင်မှူးကတော် တွေးမိ သဖြင့် ထုတ်မေးလိုက်သည်။
" ရှင့်မှာ ကလေးရှိသလား "
ထရေစီသည် ပျက်ကျသွားသော သန္ဓေသားကို သတိရလိုက်မိသည်။
" ဟင့်အင်း ... မရှိပါဘူး "
" ကဲ ... သမီး အေမီကို သွားခေါ်လိုက်ဦးမယ် "
ထောင်မှူးကတော်က မီးဖိုခန်းထဲမှ ခပ်သွက်သွက် ထွက်သွားသည်။ ထရေစီက အိမ်ကို အကဲခတ်လိုက်သည်။ သေသေသပ်သပ်နှင့် နေချင့်စဖွယ် အိမ်ကလေးဖြစ်သည်။
ထောင်မှူးကတော်သည် သမီးငယ်ကို လက်ကဆွဲပြီးမီးဖိုထဲ ပြန်ဝင်လာသည်။
" အေမီ ... သမီး၊ ဒါက ထရေစီ ၀ှစ်တနေ "
" ဟိုင်း ... "
ထရေစီကို အေမီက လှမ်းနှုတ်ဆက်သည်။ အေမီသည် မိခင်လိုပင် ပိန်ပိန် သွယ်သွယ်ဖြစ်ပြီး မျက်လုံး များ က ထက်မြက်သည့်အသွင်ရှိသည်။ ချောသည်ဟု မဆိုနိုင်သော်လည်း ခင်မင်စရာ ကောင်း အောင် သိုးသိုးသွက်သွက်ရှိမည့်ပုံဖြစ်သည်။
ဤကလေးအပေါ် သံယောဇဉ်တွယ်၍ မဖြစ်ဟု ထရေစီ စိတ်ထဲမှ ပြောနေမိသည်။
" ရှင်က ကျွန်မကို ထိန်းမယ့် ကလေးထိန်း အသစ်လား "
" အေး ... ဟုတ်တယ်၊ မင်းမေမေကို ကူညီပြီး မင်းကို ကြည့်ရှု စောင့်ရှောက်ပေးမယ် "
" ဂျူဒီကတော့ ထောင်က လွတ်သွားပြီ၊ သိတယ်မဟုတ်လား၊ ရှင်ကော ဘယ်တော့ ထောင်ကလွတ် မှာလဲဟင် ... "
" ငါကတော့ မင်းနဲ့ အတော်ကြာကြာ နေရဦးမှာပါ အေမီ "
ထရေစီ နှင့် အေမီတို့ အချီအချ ပြောပြီးသောအခါ ဆူးအယ်လင်က ထရေစီအား လုပ်ရမည့် အလုပ်များကို ရှင်းပြသည်။
" ရှင် ဒီမှာပဲ အေမီနဲ့ အတူတူစားပေါ့၊ အေမီအတွက် နံနက်စာကိုတော့ ရှင်ပဲပြေင်ဆင်ကျွေးမွေးရမယ်၊ မနက်စာ စားပြီးရင် နံနက်ပိုင်းမှာ ကလေးနဲ့ အတူတူ ကစားပေါ့၊ နေ့လယ်စာကိုတော့ ထမင်းချက်က လုပ် ပေးလိမ့်မယ်၊ နေ့လယ်စာ စားပြီးရင် အေမီ တရေးအိပ်ရတယ်၊ ညနေပိုင်းမှာတော့ စိုက်ပျိုးခင်းတွေဘက် လမ်းလျှောက်ရတာ ကလေးက သဘောကျတယ်၊ စိုက်ခင်း ပျိုးခင်းတွေ လျှောက်ကြည့်ရတာ ကောင်းတာ ပေါ့ မဟုတ်ဘူးလား"
" ဟုတ်ပါတယ်၊ ကောင်းပါတယ် "
စိုက်ပျိုးခင်းများသည် ပင်မထောင်ကြီး၏ အခြားတစ်ဘက်တွင်ရှိသည်။ ဧက(၂၀)ကျယ်ပြီး ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံများ စိုပ်ပျိုးသည်။ ထောင်ကျများထဲမှ ယုံကြည်စိတ်ချ ရသူများ ကိုသာ စိုက်ခင်း၌ တာဝန်ပေးသည်။ ကြီးမားသော ရေကန်ကြီးတစ်ကန်လည်းရှိသည်။ ထိုကန်ကြီးမှ ရေများကို ရေသွယ်မြောင်းများဖြင့် သွယ်ကာ စိုက်ခင်းများ သို့ရေလွှတ်ပေးသည်။ ထိုကန်ကြီးကို အုတ်ဘောင် ဖြင့် အခိုင်အမာ ၀ိုင်းပတ်ထားသည်။
*
ကလေးထိန်းဘ၀ ပထမငါးရက်သည် ထရေစီအဖို့ ဘ၀သစ်တစ်ခုကို ရောက်သွားရသလိုနီးပါးပင်ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေတို့က လုံးဝပြောင်းသွားသည်။ မည်းမှောင်နေသော အကျဉ်းထောင် နံရံများကြား မှ ထွက်ခွင့်ရခြင်း၊ စိုက်ခင်းများ၌ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရခြင်းနှင့် လေကောင်းလေသန့်ရှူခွင့် ရခြင်း တို့ကို ၀မ်းမြောက်နေမိသည်။
သို့သော် ထရေစီ၏ စိတ်ထဲ၌ အမြဲတွေးနေသည်က ဤထောင်ကြီးထဲမှ လွတ်မြောက်ထွက်ပြေးရေးပင်ဖြစ် သည်။
ထရေစီ သည် အေမီအား ကလေးထိန်းရသည့် တာဝန်မကျသည့် အချိန်များတွင် ထောင်ထဲပြန်ပြီး သတင်း ပို့ရသည်။ ညဘက်များတွင် ထရေစီသည် ထောင်ထဲမှ အခန်းကျဉ်းကလေးထဲ၌ ပြန်အိပ်ရသည်။ နေ့ဘက် တွင် မူ အေမီလေးနှင့် လွတ်လွတ်လပ်လပ် နေခွင့်ရသည်။
ထရေစီသည် ထောင်ထဲ၌ နံနက်မိုးလင်းစာကို အစောကြီး စားပြီးနောက် ထောင်မှူးအိမ်သို့သွားသည်။ ဦးစွာ အေမီအား နံနက်စာ ပြင်ဆင်ကျွေးမွေးရသည်။ နံနက်စာ စားပြီးသောအခါ အေမီသည် ထရေစီနျင့် ကစား သည့်အခါကစားသည်။ ထရေစီစာဖတ်ပြသည်ကို အေမီက နားထောင်သည့်အခါ နားထောင်သည်။ ထရေစီ သည် အေးမီနှင့် ကစားရာ၌ မရည်ရွယ် မတွေးတောပါဘဲလျက်နှင့်ပင် သူ့မိခင်က သူနှင့် ငယ်ငယ်က ကစား ခဲ့သည့် ကစားနည်းများကို သင်ပေးမိလျက်သား ဖြစ်နေသည်။
အေမီသည် ရုပ်သေးအရုပ်ကလေးများကို ချစ်သည်။ ထရေစီက ထောင်မှူးကြီး၏ ခြေအိတ် အဟောင်း အစုတ် များဖြင့် ရုပ်သေးရုပ်များ လုပ်ပေးကာ ကစားစေသည်။ ထရေစီက ရုပ်သေးရုပ်ကလေး များကို ကိုင်တွယ်ကြိုးဆွဲပြီး အသံအမျိုးမျိုးထွက်ကာ စကားပြောပြသည်။ ပြင်သစ်အသံ၊ အီတလီအသံ၊ ဂျာ မန် အသံတို့ဖြင့် အရုပ်ကလေးများ စကားပြောသည့်အသွင် ပြောပြကစားရာ အေမီအလွန်ပင် သဘောကျ ပျော်မြူး နေသည်။ ထရေစီက သူ ထောင်ကျအခန်းဖော် မက္ကဆီကို အမျိုးသမီး ပေါ်လီတာ၏ လေသံဖြင့် ရုပ် သေးရုပ်များ က စကားပြောသည့်အသွင် ပြောပြခြင်းကို အေမီအလွန်ပင် သဘောကျနေပေသည်။
နေ့ခင်းပိုင်း အေမီ တရေးတမောအိပ်ပြီး နောက်တွင် ထရေစီနှင့် အေမီတို့ အတော်ကြာကြာပင် ခပ်ဝေးဝေး သို့လမ်းလျှောက်ကြသည်။ ထောင်တစ်ဝိုက်မှ နေရာများကို လမ်းလျှောက်ကြခြင်းဖြစ်ရာ ထရေစီ ယခင်က မရောက်ဖူး မမြင်ဖူးသောနေရာများပင်ဖြစ်သည်။ သူတို့ အပြင်ဘက်တွင် ထောင်ဝင်းထရံ အုတ်ရိုးကြီး ကာရံ ထားသည်။ အုတ်ရိုးပေါ်တွင် မျှော်စင်များရှိသည်။ မျှော်စင်ပေါ်မှ အစောင့်များက မြက်ခြည်မပြတ် စောင့်ကြည့် နေပုံနှင့် အစောင့်များ တာဝန်အပြောင်းအလဲလုပ်ချိန်တို့ကို ထရေစီ အထဲမှနေ၍ မသိမသာ အကဲခတ် မှတ်သားထားလိုက်သည်။

အာနက်စတိုင်းနှင့် မိမိ ဆွေးနွေးခဲ့သည့် လွတ်မြောက်ရေး နည်းလမ်းများသည် တစ်ခုမှ အလုပ်မဖြစ်နိုင် ကြောင်းကို ထရေစီ မျက်မြင်သိရှိလာရသည်။
" ထောင်ထဲကို အစားအသောက်တွေ လာပို့တဲ့ ကားတွေထဲမှာ ပုန်းအောင်းပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့သူ ရှိဖူး သလား၊ နို့နဲ့ အစားအသောက်တွေ လာပို့တဲ့ကားကို ကျွန်မ မြင်လိုက်ရတယ် "
ထရေစီ က အာနက်စတိုင်းအား တစ်ကြိမ်က ဤသို့ မေးခဲ့ဖူးသည်။
" အဲဒီအကြံကို မင်း ခေါင်းထဲက ဖျောက်ပစ်လိုက် ထရေစီ၊ အ၀င်အထွက် ကားတွေ အားလုံးကို ဂိတ်ဝ မှာ စေ့စေ့ စပ်စပ် ရှာတာ ကြွက်တစ်ကောင်တောင်ပုန်းပြီး လိုက်သွားဖို့ မလွယ်ဘူး "
အာနက်စတိုင်း က ရှင်းပြသည်။
တစ်မနက်ခင်း တွင် အေမီအား ထရေစီ နံနက်စာ ကျွေးနေသည်။ အေမီသည် ထရေစီကို တစိမ့်စိမ့်ကြည့် နေရင်း မှ ပြောလိုက်သည်။
" အေမီလေ ... ထရေစီကို ချစ်တယ်၊ ထရေစီရယ် ... အေမီ့ အမေလုပ်ပါလားဟင် "
အေမီ၏ စကားကြောင့် ထရေစီအံ့အားသင့် တုန်လှုပ်သွားသည်။ သို့သော် တည်ငြိမ်အောင် စိတ်ထိန်းပြီး ပြန်ပြောလိုက်သည်။
" အမေ တစ်ယောက်ဆို လုံလောက်ပါပြီ အေမီ၊ မင်းအတွက် အမေနှစ်ယောက် မလိုပါဘူး "
အေမီ သူငယ်ချင်း အယ်လီရဲ့ ဖေဖေကလေ နောက်ထပ် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ထားတယ်၊ ဒီတော့ အယ်လီက အမေနှစ်ယောက် ရသွားတာပေါ့ "
" အေမီ ... မင်းက အယ်လီမှ မဟုတ်ဘဲ၊ ကဲ ... အစားကိုသာ ပြီးအောင်စားစမ်း" ထရေစီက ခပ်မာမာလေး ပြော လိုက်သည်။
အေမီ က ထရေစီကို စိုက်ကြည့်လိုက်သည်။ ရင်ထဲ၌ နင့်ခနဲ ခံစားနေရသည့် အကြည့်မျိုးဖြစ်သည်။
" ကျွန်မ ၀ပြီ၊ မစားတော့ဘူး "
" ကောင်းပြီ၊ ဒါဖြင့် စာဖတ်ပြမယ်နော် "
ထရေစီက အေမီကို ပုံပြင်တစ်ပုဒ် ဖတ်ပြနေသည်။ အေမီ၏ နူးညံ့ပျော့ပျောင်းသော လက်ကလေး တစ်ဘက် က မိမိကို မသိမသာ လာကိုင်ထားမှန်းထရေစီသလိုက်ရသည်။ ဘာမျှ မပြော တော့ဘဲ မသိ ချင်ယောင် ဆောင်နေလိုက်သည်။
" ထရေစီ ...၊ အေမီ ထရေစီရဲ့ ပေါင်ပေါ်မှာ ထိုင်ရမလားဟင် "
" ဟင့်အင်း ... မထိုင်ရဘူး "
ထရေစီက ခပ်ပြတ်ပြတ်ပင် ငြင်းလိုက်သည်။ သို့သော် ရင်ထဲကမူ ကရုဏာဖြင့် ပြောလိုက်မိသည်။
" မင်းရဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကို မင်းမိသားစုဆီမှာပဲ ထားပါကလေးရယ် ...၊ ငါ့ဘ၀ထဲ မင်း ၀င် မလာချင် ပါနဲ့၊ အိုလေ ... ငါ့ဘ၀ထဲကို ဘယ်သူမှ ၀င်လာခွင့် မပေးနိုင်တော့ဘူး ကလေးရယ် "
*
ကပ္ပလီ ယောက်ျား-မိန်းမကြီး အာနက်စတိုင်း၏ ပြိုင်ဘက် ဆွီဒင် ယောက်ျား-မိန်းမကြီးဘာသာသည် ထရေစီအား မျက်ခြည်မပြတ်အကဲခတ်နေသည်။ ထရေစီသည် ဘာသာကို ရှောင်မရဘဲ ဖြစ်နေသည်။ ဘာသာက သူ့တပည့်လက်သားများဖြင့် ထရေစီအား မျက်ခြည်မပြတ်စောင့်ကြည့်နေမှန်း သိသာသည်။
ထရေစီ အပန်းဖြေ နားနေခန်းသို့သွားလျှင် သူရောက်ပြီး မကြာခင်မှာပင် ဆွီဒင်မကြီး ရောက် လာ တော့သည်။ အပြင်ဘက် ကွက်လပ်မြက်ခင်းသို့ ထွက်လျှင်လည်း အလားတူပင် လိုက်လာတော့သည်။
တစ်နေ့ တွင် ဘာသာသည် ထရေစီထံသို့ ရောက်လာပြီး ပြောတော့သည်။
"မင်း ဒီနေ့ ပိုလှလာသလိုပဲ ကောင်မကလေး၊ တို့နှစ်ယောက် ပေါင်းရဖို့အတွက် ငါတော့ အချိန်မစောင့် နိုင်အောင် ဖြစ်နေပြီကွယ် "
" ရှင် ကျွန်မ နဲ့ ဝေးဝေးနေစမ်း" ထရေစီက အာနက်စတိုင်း အားကိုးဖြင့် ငေါက်လိုက်သည်။
" နင့်လင် အမည်းမကြီး သွားရတော့မှာပါ၊ မင်းကို ငါ့အခန်းကို ပြောင်းပေးဖို့ ငါစီစဉ်ထားပြီးပါပြီ "
ထရေစီ အံ့အားသင့်ပြီး ဘာသာကို စိုက်ကြည့်လိုက်သည်။ ဘာသာက ခေါင်းတညိတ်ညိတ်ဖြင့် ဆက်ပြော သည်။
" ဒီလောက်တော့ ငါစွမ်းပါသေးတယ် မိန်းကလေးရယ် ...၊ ငါပြောတာကို မင်း ယုံစမ်းပါကွာ "
မိမိ အတွက် အချိန်သိပ်မရှိတော့ကြောင်း ထရေစီသိလိုက်သည်။ အာနက်စတိုင်း ထောင်က မလွတ်ခင် မိမိ အကြံ အထမြောက်မှ ဖြစ်ပေတော့မည်။
ဆက်ရန်
.

No comments:
Post a Comment