Monday, August 29, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၆)

ဂျက်သည် ထရေစီအား ရစ်ဇ်ဟိုတယ်၏ ပင်မစားသောက်ခန်းမကြီး၌ ညစာဖိတ်ကျွေးသည်။
" မင်းကြည့်ရတာ ဒီညနေမှာ ပိုပြီး လှပရွှန်းလက်တောက်ပနေသလိုပဲ "
ဂျက်က ချီးကျူးလိုက်သည်။

" ကျေးဇူးပါပဲရှင်၊ ကျွန်မ စိတ်ချမ်းမြေ့ပျော်ရွှင်နေလို့ပါ "
" အင်း ... ကောင်းပါတယ်။ နောက်အပတ် ကျရင် ကျွန်တော် ဘာစီလိုနာမြို့ကိုသွားမလို့ လိုက်ခဲ့ပါ လား၊ အဲဒီမြို့က သိပ်ပြီး ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာ "
" မလိုက်တော့ပါဘူးဂျက် ... ကျွန်မ စပိန် နိုင်ငံကနေ ပြန်တော့မယ် "
" တကယ်ပဲလား ... ဘယ်တော့ ပြန်မှာလဲ "
ဂျက်အသည်းတွင် ၀မ်းနည်းသံပါနေသည်။

" သုံးလေးရက်အတွင်း ပြန်မှာပဲ "
" အင်း ... ဒါဖြင့် ကျွန်တော် စိတ်ပျက်သွားပြီ "
ထရေစီက ဘာမှ ဆက်မပြော။ သို့သော် သူမ စိတ်ထဲကမူ ကျွန်မ "ပွာတို" ပန်းချီကားကို ရအောင် ခိုးနိုင် တယ်ဆိုတာ သိရရင် ရှင် ပိုပြီးတောင် စိတ်ပျက်ရလိမ့်မယ်" ဟု ပြောနေမိသည်။
လိမ္မာပါးနပ်လှပါသည်ဆိုသော ဂျက်စတီဗင်ကို မိမိတပတ်ရိုက်နိုင်ပြီ။
သို့သော် သူမစိတ်ထဲကမူ ဘာရယ်မှန်းမသိဘဲ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေသည်။

*
ပရာဒိုပြတိုက် ညွှန်ကြားရေးမှူး မာချာဒါသည် သူ၏ ရုံးခန်းထဲ၌ နံနက်ပိုင်းကော်ဖီကို သောက်နေသည်။
ယမန်နေ့က ပြတိုက်သို့ ဧည့်သည်တော် မင်းသားလာရောက် ကြည့်ရှုခဲ့ရာတွင် အောင်အောင် မြင်မြင် ပြသ နိုင် ခဲ့သည်ကို စားမြုံ့ရင်း စိတ်ကြည်နူးနေသည်။
ထိုစဉ်မှာပင် သူ့အတွင်းရေးမှူး ရုံးခန်းထဲသို့ ၀င်လာပြီး ပြောသည်။
" ဆရာနဲ့ တွေ့ချင်လို့ဆိုပြီး လူတစ်ယောက်ရောက်နေပါတယ်၊ ဆရာ့ကိုလဲ ဒီစာပေးလိုက်ပါတဲ့ "
အတွင်းရေးမှူး အမျိုးသမီးက မာချာဒါကို စာတစ်စောင် လှမ်းပေးသည်။

သူက လှမ်းယူပြီး ဖြန့်ကြည့်လိုက်သည်။
ဇူးရစ်မြို့မှ "ကန်သောစ်" ပြတိုက်၏လိပ်စာ ခေါင်းစီးနှင့်အတူ အောက်ပါ စာသားများကို ဖတ်ရသည်။
လေးစားအပ်သော ပြတိုက်မှူးကြီး ခင်ဗျား -
ကျွန်တော်တို့ ပြတိုက်မှ အထက်တန်းပန်းချီပါရဂူ မွန်စီယာဟင်နရီရန်ဒယ်အား ဤစာဖြင့်ပင် မိတ်ဆက် ပေးလိုက် ပါသည်။
မွန်စီယာရန်ဒယ်သည် ကမ္ဘာ့ပြတိုက်များသို့ လှည့်လည် လေ့လာနေသူဖြစ်ပါသည်။ မိတ်ဆွေကြီးတို့ ပြတိုက် ၌ စုဆောင်းထားသော တုနှိုင်းမရသည့် ပန်းချီကားများကိုလည်း ကြည့်ရှုလေ့လာရန် အလွန်အမင်း စိတ်သန် နေသူဖြစ်ပါသည်။

သူ့အတွက် ကြည့်ရှု လေ့လာခွင့်ရအောင် စီစဉ်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။ အထူးကျေးဇူးတင်ပါ သည်။
၎င်းစာကို ဇူးရစ် ပြတိုက်မှူးကြီးက လက်မှတ်ရေးထိုးထားသည်။
" သူ့ကို အခန်းထဲလွှတ်လိုက် "
မာချာဒါက သူ့ အတွင်းရေးမှူးကို အမိန့်ပေးလိုက်သည်။
ဟင်နရီ ရန်ဒယ်သည် အရပ်ရှည်ရှည် နဖူး ပြောင်ပြောင်နှင့် ဥပဓိရုပ်ကောင်းသူဖြစ်သည်။ စကားပြောသံမှာ ဆွစ်အသံ ပါနေသည်။
သူတို့နှစ်ယောက် လက်ဆွဲ နှုတ်ဆက်သောအခါ ရန်ဒယ်၌ ညာဘက်လက်ညိုး မရှိသည်ကို မာချာဒါ သတိ ထားမိသည်။

" ဒီမဒရစ်မြို့ကို ကျွန်တော် အခု ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ၊ ခင်ဗျားတို့ ပြတိုက်မှာရှိတဲ့ ကမ္ဘာကျော် ပန်းချီလက်ရာတွေကို ကြည့်ခွင့်ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ် "
ဟင်နရီရန်ဒယ်က ပြောလိုက်သည်။
" ခင်ဗျား ဆန္ဒ ပြည့်မြောက်မှာပါ မွန်စီယာရန်ဒယ်၊ ကဲ-ကျွန်တော်နဲ့လိုက်ခဲ့၊ ကျွန်တော်ကိုယ်တိုင် လိုက်ပြ မယ်"
ညွှန်ကြားရေးမှူး မာချာဒါက ပြောသည်။

ပြတိုက်ညွှန်ကြားရေးမှူး မာချာဒါသည် ဧည့်သည် ပန်းချီပါရဂူ ရန်ဒယ်အား ပြတိုက်အတွင်းရှိ ပန်းချီ ခန်းဆောင် များကို လှည့်လည်ပြသသည်။
ဗဟို ခန်းမဆောင်ရှိ စပိန် ပန်းချီဆရာကြီးများ၏ လက်ရာများကို ရန်ဒယ်က စေ့စေ့စပ်စပ်ဖြင့် စိတ်ဝင် တစား ကြည့်ရှုလေ့လာသည်။
ထို့အပြင် ပြတိုက် ညွှန်ကြားရေးမှူးနှင့် ပန်းချီရသများကို ဆွေးနွေးညှိနှိုင်းကြသည်။

အပေါ်ထပ် လေ့လာပြီးသောအခါ ညွှန်ကြားရေးမှူးက ရန်ဒယ်အား အောက်ထပ် မြေတိုက်ခန်းထဲသို့ ခေါ် လာသည်။
ဂိုယာ၏ ပန်းချီကားများနှင့် ပြည့်နေသော အခန်းထဲသို့ လှမ်းဝင်လာကြရင်း ပြောလိုက်သည်။
" ဒီပြခန်းကတော့ စပိန်ရဲ့ပန်းချီဂုဏ်သိက္ခာကို လှစ်ပြထားတဲ့ အခန်းပဲပေါ့ဗျာ "
ညွှန်ကြားရေးမှူးက ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြောလိုက်သည်။
" ဒီလောက် လက်ရာကောင်းတာတွေကို ကျွန်တော် တစ်ခါမှ မြေင်ဖူးဘူးဗျာ "
ရန်ဒယ်က အလိုက်သင့် ပြောလိုက်သည်။

ရန်ဒယ်သည် ဖြည်းဖြည်းချင်း လျှောက်ကာ ပြခန်းထဲမှ ပန်းချီကားများကို တစ်ချပ်ချင်း စိတ်ပါဝင်စားစွာ ကြည့်ရှုလာသည်။
ပန်းချီကားတိုင်းကိုလည်း မှတ်ချက်ချ ချီးကျူးလာသည်။
" ဒါက ဂိုယာရဲ့ ကိုယ်တိုင်ဆွဲ ပုံတူပဲ၊ အင်း ... ကောင်းပါ့ဗျာ "
ရန်ဒယ်၏ မှတ်ချက်ကို မာချာဒါက ပြုံးလိုက်သည်။
ရန်ဒယ်သည် "ပွာတို" ပန်းချီကားရှေ့ ရောက်သောအခါ ခေတ္တရပ်ပြီး စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် ...
" သိပ်ကောင်းတဲ့အတုပဲ "
ဟုပြောကာ ဆက်လျှောက်ရန် ခြေလှမ်းလိုက်သည်။

ညွှန်ကြားရေးမှူးမာချာဒါက ရန်ဒယ်၏လက်မောင်းကို လှမ်းဆွဲလိုက်ပြီး မေးလိုက်သည်။
" ဘာ ... ခင်ဗျား ဘာပြောလိုက်တယ် ... ဆီညော် "
" သြော် ... သိပ်ကောင်းတဲ့ ... သိပ်လက်ရာမြောက်တဲ့အတုလို့ ပြောလိုက်တာပါ "
ခင်ဗျား တက်တက်စင်အောင် မှားနေပြီ "
ညွှန်ကြားရေးမှူး မာချာဒါက ဒေါသသံဖြင့် ပြောလိုက်သည်။

" ကျွန်တော် မှားမယ် မထင်ပါဘူး "
" ခင်ဗျား ပါစင်အောင် မှားနေတာပါ၊ ဒီ "ပွာတို" ပန်းချီကားဟာ အစစ်ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံ ရဲပါတယ် "
ဟင်နရီရန်ဒယ်သည် ပန်းချီကားရှေ့သို့ ထပ်မံ တိုးကပ်သွားပြီး အနီးကပ် အသေအချာ ကြည့်ရှုစစ်ဆေးပြန် သည်။
" ဒီပန်းချီကား ထုတ်လုပ်တဲ့ နေရာဌာနကိုက အတုပါ၊ ဒီကားကို ဂိုယာရဲ့ သားတပည့် လူးကပ်စ်က အတု လိုက်ဆွဲ ထားတာပါ၊ ဂိုယာရဲ့ ပန်းချီကားတွေကို လူးကပ်စ်က ရာချီပြီး ပုံတူအတုတွေ ဆွဲခဲ့တယ်ဆိုတာ ခင်ဗျား သိပါတယ်ဗျာ "
" ဒါတော့ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ပြတိုက်မှာ ပြထားတဲ့ ဒီကားက အတုမဟုတ်ပါဘူး"
မာချာဒါက ယတိပြတ် ပြောလိုက်သည်။

" အင်းလေ ... ခင်ဗျား ဆုံးဖြတ်ချက်ကို ကျွန်တော် စောဒက မတက်လိုတော့ပါဘူး "
ရန်ဒယ်က ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး ရှေ့သို့ ဆက်လျှောက်ရန် ဟန်ပြင်လိုက်သည်။
" ဒီပန်းချီကားကို ကျွန်တော် ကိုယ်တိုင် ၀ယ်ခဲ့တာပါ၊ ဆေးသား စမ်းသပ်စစ်ဆေးမှုတို့ ရောင်စဉ် စမ်းသပ် စစ်ဆေးမှုတို့ လုပ်ထားပြီးသားပါ "
" ဒီစမ်းမှုတွေကို ကျော်လွှား အောင်မြင်မှာ သေချာပါတယ်၊ လူးကပ်စ်ဟာ သူရဲ့ပန်းချီကား အတုတွေကို ဂိုယာနဲ့ တစ်ခေတ်တည်း တစ်ချိန်တည်းမှာ ဆွဲခဲ့တယ်၊ ဂိုယာသုံးတဲ့ ပတ္တူ၊ ဆေး၊ စုတ်မျိုးတွေပဲ သုံးခဲ့တာပဲ"
ဟင်နရီရန်ဒယ် သည် ပန်းချီကား အောက်ခြေ၌ ထိုးထားသော လက်မှတ်ကို ငုံ့ကြည့်လိုက်ပြီး ဆက်ပြောပြန် သည်။

" ခင်ဗျား ပိုပြီးသေချာချင်တယ်ဆိုရင်တော့ ခင်ဗျား ပန်းချီကားကို မွမ်းမံထိန်းသိမ်းရေးအခန်းထဲ ပြန်ယူပြီး လက်မှတ်ကို စစ်ဆေးကြည့်ပေါ့ဗျာ၊ လူးကပ်စ်ဟာ သူ့ပန်းချီကားတွေမျာ သူ့နာမည်လက်မှတ် ထိုးချင်တဲ့ ဆန္ဒ တကယ်ရှိတာပါ၊ ဒါကတော့ လူတွေရဲ့ သဘာဝကိုး ဒါပေမယ့် ဂိုယာလက်မှတ်နဲ့ ပန်းချီကားကမှ ငွေ များများရတာ မဟုတ်လား၊ ဒီတော့ သူဆွဲတဲ့ ပန်းချီကားအတုတွေမှာ ပထမသူရဲ့ လူးကပ်စ်လက်မှတ်ထိုး တယ်၊ အဲ့ဒီ အပေါ်ကမှ ဂိုယာရဲ့လက်မှတ် အတုကို ထပ်ထိုးပြီး ဖုံးအုပ်ထားတာ၊ ဒါမှ ငွေများများရမယ် မဟုတ်လား "
ရန်ဒယ်သည် မာချာဒါအား ရှင်းပြနေရာမှ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး ဆက်ပြောသည်။

" ကဲ ... ကျွန်တော့်ကို ခွင့်လွှတ်ပါဦးခင်ဗျား၊ ကျွန်တော် ချိန်းထားတာလေးတစ်ခုရှိလို့ မီအောင် သွားလိုက် ပါရစေဦး၊ ခင်ဗျားတို့ရဲ့ အဖိုးတန် ပန်းချီကားတွေကို အခုလိုလိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
" ကိစ္စ မရှိပါဘူးဗျာ "
မာချာဒါက အေးတိ အေးစက်ပင် တုံ့ပြန်လိုက်သည်။
စိတ်ထဲကမူ ရန်ဒယ်အား အရူးဟု ပြောနေမိသည်။
" ကျွန်တော် ဗေလာမက်ဂနာမှာ တည်းခိုပါတယ်၊ ကျွန်တော် ကူညီနိုင်တာရှိရင် ပြောပါ၊ ကျေးဇူးတင် ကြောင်း ထပ်ပြောပါရစေဦး ဆီညော် "
ဟင်နရီရန်ဒယ်က နှုတ်ဆက်ပြီး ထွက်သွားသည်။

သူထွက်သွားသည်ကို ပရာဒိုပြတိုက် ညွှန်ကြားရေးမှူး မာချာဒါက ရပ်ကြည့်နေသည်။
ဂိုယာ၏ အဖိုးတန် ပန်းချီကားကို ဤလူက ဘယ်လောက်များ နားလည်၍ အတု ဟု ပြောရပါသနည်းဟု စိတ်ထဲ က မကျေမချမ်း မေးနေမိသည်။
မာချဒါသည် ပန်းချိဆရာကြီး ဂိုယာ၏ "ပွာတို" ပန်းချီကားကို တစ်ချက် လှမ်းကြည့်လိုက်ပြန်သည်။
ဂိုယာ၏ လက်မှတ်ကိုလည်း ငုံ့ကြည့်လိုက်ပြန်သည်။ လုံးဝဥဿုံ ပုံမှန်အတိုင်းဖြစ်သည်။
သို့သော် ... ဤကိစ္စမျိုးတွင် သံသယ တစိုးတစိရှိလျှင်ပင် အနေရကျပ်လှသည်။

ဂိုယာ၏ ခေတ်ပြိုင်ပန်းချီဆရာ လူးကပ်စ်သည် ဂိုယာ၏ ပန်းချီကားအတုများကို ရာချီပြီးဆွဲခဲ့သည်မှာ လူတိုင်းသိသည်။ လူးကပ်စ်သည် ပန်းချီအတုဘုရင်အဖြစ် အသက်မွေးခဲ့သူဖြစ်သည်။
ဂိုယာ၏ "ပွာတို" ပန်းချီကားကို ညွှန်ကြားရေးမှူး မာချဒါသည် ဒေါ်လာသုံးသန်းခွဲပေး၍ ၀ယ်ခဲ့ရခြင်းဖြစ် သည်။
အကယ်၍ မိမိ အလိမ်ခံခဲ့ရသည်ဆိုလျှင် မိမိဘ၀၌ တွေးတော၍ မရနိုင်လောက်သော အမည်းစွန်းကြီးတင် လာပေလိမ့်မည်။

ရန်ဒယ်ပြောသကဲ့သို့ လက်မှတ်ကို စစ်ကြည့်လျှင် အကောင်းဆုံး ဖြစ်မည်ဟု မာချာဒါ တွေးမိလာသည်။
ထို့ကြောင့် သူ့လက်ထောက်အား ခေါ်ပြီး "ပွာတို" ပန်းချီကားကို ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး အခန်းသို့ ပြောင်းရွှေ့ ထားလိုက်ရန် အမိန့်ပေးလိုက်တော့သည်။

*
အဖိုးတန် လက်ရာမြောက် ပန်းချီကားတစ်ကားကို စစ်ဆေးရသည်မှာ အလွန်ပင် လက်ဝင်ပြီး အန္တရာယ် များလှသည်။
အဆင်မသင့်၍ ပျက်စီးသွားလျှင် တန်ဖိုးမဲ့ ဖြစ်သွားရပြီး အစားထိုးမရသော အနုပညာ ဆုံးရှုံးမှု တရပ် လည်းဖြစ်ရသည်။
ပရာဒိုပြတိုက်မှ ပန်းချီကား မွမ်းမံ ထိန်းသိမ်းစစ်ဆေးသူ များမှာမူ ပါရဂူမြောက် ကျွမ်းကျင်သူများသာဖြစ် သည်။

ပန်းချီကား မွမ်းမံထိန်းသိမ်းရေး တာဝန်ခံ ယွမ်ဒယ်ဂါရိုသည် "ပွာတို" ပန်းချီကားကို အထူးပြုလုပ်ထားသော သစ်သားစားပွဲပေါ်သို့ ခပ်ဖွဖွလေး တင်လိုက်သည်။
ညွှန်ကြားရေးမှူး မာချာဒါက ဘေးမှ ရပ်ကြည့်နေရာမှ ပြောလိုက်သည်။
" အဲဒီ ပန်းချီကားရဲ့ လက်မှတ်ကို စစ်ဆေးစမ်းပါဗျာ "
ဒယ်ဂါရိုသည် ဂွမ်းစကလေး တစ်စတွင် ဓာတ်ဆေးရည် တစ်မျိုးကိုဆွတ်ပြီး ဘေးဘက်က စားပွဲတစ်လုံး ပေါ်သို့ တင်ထားလိုက်သည်။

ထို့နောက် အခြား ဂွမ်းစကလေးတစ်စတွင် နောက်ထပ် ဓာတ်ဆေးရည် တစ်မျိုးကို ဆွတ်ပြီး အလားတူ တင်ထားလိုက်ပြန်သည်။
" အဆင်သင့်ပဲ ... ဆီညော် "
" ကဲ ... လုပ်ပေတော့၊ ဂရုစိုက်လုပ်နော် "
ဒယ်ဂါရိုက ပထမဂွမ်းစကလေးဖြင့် ဂိုယာလက်မှတ်မှ ဂျီ စာလုံးကို ဖွဖွလေး တို့ထိလိုက်သည်။
ညွှန်ကြားရေးမှူး မာချာဒါမှာ စောင့်ကြည့်နေရင်းမှ အသက်ပင် ရဲရဲမရှူဝံ့အောင် ဖြစ်နေသည်။

ဒယ်ဂါရိုသည် ဒုတိယ ဂွမ်းစလေးကို ကောက်ယူပြီး ပထမတို့သည် နေရာပေါ်တွင် ထပ်ပြီးတို့လိုက်သည်။
နှစ်ယောက်စလုံးပန်းချီကားဖျင်စကို စူးစိုက်ကြည့်လိုက်ကြသည်။
" ဒီထက်ပြင်းတဲ့ ဆေးတစ်မျိုးကိုသုံးမှ သေချာလိမ့်မယ် "
ဒယ်ဂါရိုက မျက်မှောင်ကြုတ် ကြည့်ရင်း ပြောလိုက်သည်။

" လုပ်ဗျာ ... "
ညွှန်ကြားရေးမှူးက အမိန့်ပေးလိုက်သည်။
ဒယ်ဂါရိုသည် နောက်ထပ်ဆေးပုလင်းတစ်လုံးဖွင့်ပြီး ဂွမ်းစအသစ် တစ်စတွင် ဆွတ်လိုက်သည်။
ထိုဂွမ်းစဖြင့် လက်မှတ်၏ ပထမစာလုံးကို တို့လိုက်သည်။
တစ်ဆက်တည်းမျာပင် ဒုတိယ ဂွမ်းစဖြင့် အပေါ်မှ ထပ်၍ တို့လိုက်ပြန်သည်။
ပြင်းထန်သော ဓာတုဆေးနံ့ တစ်မျိုး၏ အနံ့က ထောင်းခနဲ နံလာသည်။

ညွှန်ကြားရေးမှူး မာချာဒါသည် ပန်းချီကားကို စိုက်ကြည့်နေရာမှ မြင်လာရသည့် မြင်ကွင်းကို မယုံကြည် နိုင်အောင် ဖြစ်နေသည်။
ဂိုယာ လက်မှတ်မှ ရှေ့ဆုံးစာလုံး ဂျီ-မှာ တဖြည်းဖြည်း မှိန်သွားသည်။
ထိုနေရာတွင် အယ်လ်-စာလုံးက တဖြည်းဖြည်း ပေါ်လွင်ထင်ရှားလာသည်။
" ကျွန် ... ကျွန်တော် ဆက်လုပ်ရဦးမလား "
ဒယ်ဂါရိုက မျက်နှာဖြူဖပ်ဖြူရော်နှင့် ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။

" လုပ် ... ဆက်သာလုပ် "
မာချာဒါက အက်ကွဲသော အသံကြီးဖြင့် ပြောလိုက်သည်။
ဒယ်ဂါရိုက ဆက်လုပ်သည်။
ဂျီအိုဝိုင်အေ "ဂိုယာ"ဟူသော လက်မှတ်စာလုံးများ တဖြည်းဖြည်းမှိန်ပြီး ပျောက်သွားကာ အယ်လ်ယူစီအေ အက်စ် "လူးကပ်စ်" ဟူသော လက်မှတ်စာလုံးက တစ်စတစ်စ ထင်ရှားပေါ်လွင်လာသည်။
ထိုစာလုံး များ တစ်လုံးပြီး တစ်လုံး ပေါ်လာခြင်းသည် မာချာဒါဗိုက်ကို ဓားဖြင့် တစ်ချက်ပြီး တစ်ချက် ထိုး နေသကဲ့သို့ရှိသည်။

ကမ္ဘာပေါ်တွင် အရေးကြီးဆုံး ပြတိုက်ကြီး တစ်ခုမှ အကြီးဆုံးလူဖြစ်သော မိမိ အလိမ်ခံခဲ့ရချေပြီ။
ဤကိစစကို ပြတိုက်ဘုတ်အဖွဲ့ဝင် လူကြီးများ သိသွားလျှင်၊ စပိန်ဘုရင်သိသွားလျှင်၊ တစ်ကမ္ဘာလုံးက သိသွားလျှင် မိမိဘ၀ ပျက်ပေတော့မည်။
မာချာဒါသည် သူ့ရုံးခန်းသို့ ချက်ချင်း ပြန်ပြီး ဟင်နရီ ရန်ဒယ်ထံ တယ်လီဖုန်း လှမ်းဆက်ပြီး ခေါ်လိုက် သည်။
ဟင်နရီရန်ဒယ် ရောက်လာပြီး သူ့ စားပွဲရှေ့၌ နေသားတကျ ထိုင်မိသည်နျင့် ၀န်ခံလိုက်တော့သည်။

"ခင်ဗျား ပြောသွားတာမှန်တယ်၊ အဲဒီပန်းချီကားက ဂိုယာကားမဟုတ်ဘဲ လူးကပ်စ်ကား ဖြစ်နေတယ်။
ဒီအကြောင်းသာ လူတွေသိသွားရင် ကျွန်တော်တော့ ဟားစရာကောင်း ဖြစ်တော့မှာပဲ "
မာချဒါက သက်ပြင်းမောကြီး ချပြီး ပြောလိုက်သည်။
" လူးကပ်စ်ကတော့ ပန်းချီပါရဂူ အတော်များများကို လိမ်လည်လှည့်ဖြားပြီး ဒုက္ခပေးခဲ့တာပဲဗျ၊ သူ့ အတု တွေကို ဖော်ထုတ်ရတာ ကျွန်တော် ၀ါသနာပါရမီတောင် ဖြစ်နေပြီ "
ရန်ဒယ်က ဖြေသိမ့်စကား ပြောကြားလိုက်သည်။

" အဲဒီ ပန်းချီကားကို ကျွန်တော် ဒေါ်လာသုံးသန်းခွဲပေးပြီး ၀ယ်လာရတာဗျ "
" ခင်ဗျား ပိုက်ဆံတွေ ပြန်ရနိုင်တဲ့လမ်း ရှိသလား "
ရန်ဒယ်က ပခုံးနှစ်ဖက် တွန့်ပြလိုက်ရင်း မေးသည်။
ညွှန်ကြားရေးမှူး မာချာဒါက ခေါင်းခါပြလိုက်ပြီး စိတ်ပျက် အားလျှော့သည့် လေသံဖြင့် ပြောလိုက်သည်။

" ကျွန်တော် အဲဒီ ပန်းချီကားကို မုဆိုးမကြီး တစ်ယောက်ဆီက တိုက်ရိုက် ၀ယ်လာတာဗျ၊ သူက သူ့ ယောက်ျား မိသားစုရဲ့ မျိုးဆက်သုံးဆက်တိုင်တိုင် ထိန်းသိမ်းလာခဲ့တာလို့ ပြောတာ၊ တကယ်လို့ သူ့ကို တရား စွဲရင် ဒီအတုကိစ္စ လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်၊ ဒါဆိုရင် ကျွန်တော်တို့ ပြတိုက်မှာရှိတဲ့ ပန်းချီကား အားလုံးကို လူတွေ သံသယ ၀င်လာလိမ့်မယ် "
" ဒါဖြင့်လဲ ခင်ဗျား အခု ဖြစ်ပျက်ပုံတွေကို ခင်ဗျား အကြီးအကဲတွေကို ပြောပြပြီး အဲဒီလူးကပ်စ် ပန်းချီကား ကို တစ်နည်းနည်း နဲ့ လူမသိအောင် ရှင်းပစ်လိုက်ပေါ့၊ ဆီသီဘီတို့ ခရစ်စတီတို့ အရောင်းဌာနတွေပို့ပြီး လေလံ ပစ်ခိုင်းလိုက်ပေါ့ "
" မဖြစ်ပါဘူး၊ အဲ့ဒီလိုလုပ်ရင်လဲ တစ်ကမ္ဘာလုံးက ဖြစ်ကြောင်းကုန်စင်ကို သိသွားကြဦးမှာပါပဲ "

မာချာဒါက ခေါင်းတွင်တွင်ခါရင်း ပြောလိုက်သည်။
ရန်ဒယ် မျက်နှာဝင်းလက်လာပြီး ပြောလာသည်။
" ခင်ဗျား ကံကောင်းနိုင်သေးတယ်၊ လူးကပ်စ်ပန်းချီကားတွေကိုမှ ၀ယ်ချင်တဲ့ ဖောက်သည် တစ်ယောက် ကျွန်တော့်မှာ ရှိတယ်၊ သူက လူးကပ်စ်ရဲ့ ပန်းချီကားအတုတွေကို စုနေတာ၊ ဒီလူက တကယ်သိုသိပ်တဲ့လူပဲ "

" ဒီပန်းချီကားကို ကျွန်တော့်လက်ထဲက လွတ်သွားရင် တော်ပါပြီဗျာ၊ ကျွန်တော် ဒီကားကို နည်းနည်းမှ မကြည့် ချင်တော့ဘူး၊ ဒီကားဟာ ကျွန်တော့် ပြတိုက်အဖို့တော့ နတ်သုဓာထဲကို မစင်တစ်စက် ကျနေသလို ပါပဲဗျာ ...၊ ကျွန်တော် လက်လွှတ်တော့မယ် "
မာချာဒါ က ခါးသီးခံပြင်းစွာ ပြောလိုက်သည်။

" ကျွန်တော် စီစဉ်ပေးပါ့မယ်၊ ကျွန်တော့် ဖောက်သည်က ဒီကားဆိုရင် အင်း ... ဒေါ်လာ ငါးသောင်းတော့ ပေးတန်ကောင်းပါတယ်၊ ကျွန်တော် သူ့ဆီကို တယ်လီဖုန်းဆက်လိုက်မယ်နော်... "
" ကြည့်သာလုပ်ပါတော့ ... ဆီညော် ရန်ဒယ်ရယ် "

*

ပြတိုက် ဘုတ်အဖွဲ့ဝင် လူကြီးများ၏ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပသည်။
ဂိုယာ ၏ ပန်းချီကားမှ လူးကပ်စ် ပန်းချီကား ဖြစ်နေသည့် ကိစ္စကို သိရသောအခါ လူကြီးမင်း အားလုံး အံ့အားသင့်ပြီး ကြက်သေ သေသွားကြသည်။

ထိုကိစ္စကို ပြတိုက်သိက္ခာမကျစိမ့်သောငှာ လူသိမခံဘဲ ရသမျှနှင့် အမြန်ဆုံး ရောင်းပစ်လိုက်ကြရန် နောက် ဆုံး သဘော တူလိုက်ကြသည်။
လူကြီးမင်းများ အစည်းအဝေးခန်းထဲမှ ပြန်ထွက်သွားကြသောအခါ တံခါးဝ၌ ရပ်နေသော ညွှန်ကြားရေးမှူး မာချာဒါ အား စကားတစ်လုံးတလေမျှပင် ပြောမသွားပါတော့ချေ။
ထိုနေ့ မွန်းလွဲပိုင်းတွင် အရောင်းအ၀ယ် ဖြစ်သွားသည်။

ဟင်နရီရန်ဒယ်သည် စပိန်ဘဏ်သို့သွားပြီး ဒေါ်လာ ငါးသောင်းတန် အာမခံ ချက်လက်မှတ်ကို ယူလာ သည်။
ထိုချက်လက်မှတ်ကို မာချာဒါအား ပေးလိုက်သောအခါ လူးကပ်စ်၏ ပန်းချီကား သူ့လက်ဝယ်သို့ ရောက် လာသည်။
လ ဒီကိစ္စ လူသိရှင်ကြား ဖြစ်ကုန်ရင်တော့ ပြတိုက်ဘုတ်အဖွဲ့ဝင် လူကြီးတွေ စိတ်သိပ်ထိခိုက်ကုန်လိမ့်မယ် ဗျာ၊ ပန်းချီကားဝယ်တဲ့ ခင်ဗျားလူက သိုသိပ်ပါတယ်ဆိုတာ ကျွန်တော် သူတို့ကို အထပ်ထပ် ပြောထား ရတာ "
မာချာဒါက နောက်ဆုံးပြောလိုက်သည်။

" ဒီအတွက် စိတ်ချပါဗျာ၊ ဘယ်သူမှ မသိစေရပါဘူး "
ရန်ဒယ်က ထပ်မံ ကတိပေးလိုက်သည်။
ဟင်နရီရန်ဒယ်သည် ပြတိုက်မှ ထွက်လာပြီးနောက် အငှားကားတစ်စီးဖြင့် မစရစ်မြို့ မြောက်ဘက်အစွန်ရှိ လူနေရပ်ကွက်တစ်ခုသို့ သွားသည်။
ပန်းချီကား ပတ္ထူလိပ်ကိုကိုင်ပြီး သုံးထပ်တိုက်ခန်း တစ်ခန်းသို့ တက်သွားသည်။

ရန်ဒယ်က အခန်းတံခါးကို ခေါက်လိုက်သည်။
ထရေစီက အထဲမှနေ၍ အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
ထရေစီ၏ နောက်ဘက်တွင် ခါးကုန်းကြီးဆီဇာပေါ်ရက်တာက ရပ်နေသည်။
ထရေစီက ရန်ဒယ်ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။

"သူတို့က ဒါကို သူတို့လက်ထဲမှာ မထားချင်တော့ဘူးတဲ့ "
ရန်ဒယ်က ပီတိသံဖြင့် ပြောလိုက်သည်။
" လာ ... အထဲဝင် "
ထရေစီက ရန်ဒယ်ကို လှမ်းဖက်လိုက်သည်။
ပေါ်ရက်တာက ပန်းချီ ကားလိပ်ကို လှမ်းယူပြီး စားပွဲတစ်လုံးပေါ်တွင် ဖြန့်တင်လိုက်သည်။

" ကဲ ... မင်းတို့ အခု ထူးဆန်းအံ့သြတာတွေ တွေ့ရမယ်၊ ဂိုယာကို ငါ အသက်ပြန်သွင်းပြမယ် "
ခါးကုန်းကြီး ပေါ်ရက်တာက ပြောလိုက်သည်။
ပေါ်ရက်တာသည် ဓာတ်ဆေးရည်ပုလင်းတစ်လုံးကို အဖုံး ဖွင့်လိုက်ရာ တစ်ခန်းလုံးကို စူးရှသော အနံ့က ထောင်းခနဲ ပျံ့လွင့်သွားသည်။
ထရေစီနှင့် ရန်ဒယ်တို့ ကြည့်နေစဉ်မှာပင် ပေါ်ရက်တာသည် ဂွမ်းစတစ်စပေါ်သို့ ဆေးရည် အစက်အချို့ လောင်းချလိုက်သည်။

ထို့နောက် ဂွမ်းစဖြင့် ပန်းချီကားပေါ်မှ လူးကပ်စ် လက်မှတ်စာလုံးများကို တစ်လုံးချင်း ညင်ညင်သာသာ လိုက် တို့တော့သည်။
လူးကပ်စ်၏ လက်မှတ် စာလုံးများ တဖြည်းဖြည်းချင်း ပျောက်သွားသည်။
ထိုအောက်မှနေ၍ ဂိုယာ ၏ လက်မှတ် စာလုံးများပေါ်လာတော့သည်။
" အား ... တကယ့်ကို ကျွမ်းကျင် ပြောင်မြောက်ပါပေ့ဗျာ "
ရန်ဒယ်က စိုက်ကြည့်နေရာမှ ချီးကျူးလိုက်သည်။

" ဒါမစ္စ၀ှစ်တနေရဲ့အကြံပဲ၊ သူက ငါ့ကို မေးတယ်လေ ပန်းချီဆရာရဲ့ မူရင်း လက်မှတ်အစစ်ပေါ်မှာ လက်မှတ် အတုတစ်ခု အုပ်မယ်၊ အဲဒီ အပေါ်ကနေပြီး မူရင်း နာမည်နဲ့ လက်မှတ်ထပ်အုပ်မယ်၊ အဲဒီလို လုပ် လို့ရမလားလို့ မေးတယ် "
ခါးကုန်းကြီးက ရှင်းပြသည်။
" တကယ်လက်တွေ့ လုပ်ပြတာက သူပါ "
ထရေစီက ခါးကုန်းကြီးအား မေးငေါ့ကာ ပြုံးပြီး ပြောလိုက်သည်။

" ဒါလုပ်ရတာ လွယ်ပါတယ်၊ နှစ်မိနစ်တောင် မကြာပါဘူး၊ ဒါပေမယ့် တကယ့် လှည့်ကွက်ကတော့ လက်မှတ် တစ်ခုနဲ့ တစ်ခုကြား သုံးရတဲ့ဆေးနဲ့ အပေါ်က လက်မှတ်အတု နှစ်ခုမှာ သုံးတဲ့ဆေးတွေ မှန်ကန် ဖို့ပဲ၊ အပေါ်ဆုံး ကိရိယာ လက်မှတ်အတုကို ဖယ်လိုက်ရင် လူးကပ်စ်လက်မှတ်အတု ပေါ်လာတယ်၊ ဟော ... အခု တစ်ခါ လူးကပ်စ် လက်မှတ်အတုကို ဖယ်လိုက်ပြန်တော့ မူရင်း ဂိုယာလက်မှတ် ပြန်ပေါ် လာတော့တာပေါ့၊ မဟုတ်ဘူးလား "
ခါးကုန်းကြီးက ပြောလိုက်သည်။

ထရေစီသည် ဆီဇာပေါ်ရက်တာနှင့် ဟင်နရီရန်ဒယ်တို့အား ငွေစက္ကူများ ထည့်ထားသော စာအိတ်ထူထူ တစ်လုံးစီ ကို လှမ်းပေးလိုက်သည်။
" ရှင်တို့ နှစ်ယောက်စလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ် "
ထရေစီက ပြောလိုက်သည်။
" ပန်းချီပါရဂူလိုရင်တော့ အချိန်မရွေး ကျွန်တော့်ကို ပြောပါ၊ ကူညီဖို့အသင့်ပါပဲ ဟဲ ဟဲ ... "
ရန်ဒယ်က ပြောသည်။

" ဒီ ပန်းချီကားကို ဒီနိုင်ငံထဲက ဘယ်လိုလုပ် ထုတ်သွားဖို့ စီစဉ်ထားသလဲ "
" ဒီကို လူတစ်ယောက်လာယူဖို့ စီစဉ်ထားတယ်၊ သူလာလိမ့်မယ်၊ စောင့်နေနော် "
ထရေစီက သူတို့ နှစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ပြီး တိုက်ခန်းထဲမှ ထွက်သွားသည်။
ထရေစီသည် သူမ၏ ဟိုတယ်အခန်းသို့ ပြန်ရောက်သောအခါ ပန်းချီကားလာယူမည့်သူကို စောင့်နေ သည်။

စီစဉ်ထားသည့်အတိုင်း ပန်းချီကားယူမည့်သူ ရောက်လာသောအခါ ထရေစီက ခါးကုန်းကြီး ဆီဇာပေါ်ရက် တာ တိုက်ခန်းသို့ တယ်လီဖုန်းလှမ်းဆက်သည်။
" ပန်းချီကားလာယူတဲ့လူ ဒီကို ရောက်နေပြီ၊ ကျွန်မ အခု ရှင့်ဆီ လွှတ်လိုက်မယ်၊ သူ့ကို ... "
ထရေစီ စကားမဆုံးမီမှာပင် တစ်ဖက် တယ်လီဖုန်းထဲမှ ပေါ်ရက်တာက အလန့်တကြား ပြန်အော်သည်။
" ဘာ ... မင်း ဘာတွေ ပြောနေတာလဲ၊ မင်းဆီက လွှတ်လိုက်တဲ့လူ နာရီဝက်လောက်ကပဲ ပန်းချီကားယူ သွားပြီလေ "
*
ဆက်ရန်
.

1 comment:

KMC@ချင်းလေး said...

ဟာ...သွားပြီပေါ့ဗျာ...။