*
တနင်္လာနေ့ မွန်းလွဲပိုင်း။
ထရေစီသည် ငွေကိုင်စာရေး လက်စတာ ချိန်းထားသည့်အတိုင်း ဖတ်စ်မားချင့်ဘဏ်သို့ လူရင်းဟတ်ဖို့ အနေ ဖြင့် ပြန်ရောက်လာသည်။ ထိုအချိန်သည် ဘဏ်၌ လူစည်ကားသော အချိန်ဖြစ်သည်။ လက်စတာ တောရင့်စ် ရှေ့တွင် ရှိသော လူတန်း၌ထရေစီ ၀င်ပြီး တန်းစီလိုက်သည်။
လက်စတာ သည် လူစီအား လှမ်းမြင်သောအခါ ပြုံးပြီး ခေါင်းဆက်ပြလိုက်သည်။ ဒီသူငယ်မ မနေ့ကထက် ပိုလှ လာပါကလားဟုလည်း စိတ်ထဲက ပြောလိုက်မိသည်။ ထရေစီ အလှည့်ကျပြီး သူ့ရှေ့သို့ရောက်လာ သော အခါ လက်စတာက ပြောလိုက်သည်။
" အား ... ခင်ဗျားကိစ္စက မလွယ်ဘူးဗျ။ ဒါပေမယ့် ... ကျွန်တော်ဖြစ်အောင် လုပ်ထားပါတယ် လူရင်း "
ထရေစီ တဖြစ်လဲ လူရင်းဟတ်ဖို့၏ မျက်နှာတွင် ကျေးဇူးတင်သည့် အပြုံးက ယှက်သန်းသွားသည်။
"ရှင် ဟာ တကယ့်ကို တော်တဲ့လူပါပဲရှင်"
" ကဲ ရော့ ဒီမှာ .. "
လက်စတာ သည် စားပွဲအံဆွဲကို ဆွဲထုတ်လိုက်ပြီး သူသပ်သပ်ဖယ်ထားသော ချက်လက်မှတ်များကို ထုတ်ပေး လိုက်သည်။
" အားလုံး ချက်လက်မှတ်အစောင် ၄၀၀ ပါတယ်၊ ကဲ ဒီလောက်ဆို လုံလောက်ပြီလား "
" အို ... လုံလောက်ပါတယ်၊ လိုတာထက်တောင် ပိုနေပါသေးတယ်" သူမသည် လက်စတာအား မျက်လုံး ချင်း ဆုံအောင် ကြည့်လိုက်ပြီးမှ ထပ်ပြောပြန်သည်။
" ရှင် ... ကျွန်မ ဘ၀ကို ကယ်တင်လိုက်တာပါပဲ "
"လူတွေ ဟာ တစ်ယောက်အပေါ် တစ်ယောက် ကောင်းရမယ်လို့ ငါ ယုံကြည်ပြီးသားပါ၊ မဟုတ်ဘူးလား လူရင်း "
" အို ... ရှင်ပြောတာ သိပ်မှန်တာပေါ့ လက်စတာရယ် "
" မင်းရဲ့ ငွေစာရင်းကိုတောင်မှ တို့ရဲ့ဘဏ်မှာ ထားဖို့ကောင်းတယ်၊ ငါ နီးနီးကပ်ကပ် ကူညီပေးနိုင်တာပေါ့"
" ရှင် ကူညီမယ် ဆိုတာ ကျွန်မယုံပြီးသားပါ "
" မင်းနဲ့ငါ တစ်နေရာမှာ ညစာအတူစားရင်း အဲဒီကိစ္စ အေးအေးဆေးဆေး ဆွေးနွေးရင် မကောင်းဘူးလား "
" အို ... သိပ်ကောင်းတာပေါ့ရှင် "
" ဒါဖြင့် မင်း ကို ငါ ဘယ်လို တယ်လီဖုန်း ဆက်ရမလဲ "
" ကျွန်မ ရှင့်ဆီ ကို တစ်ရက် နှစ်ရက်အတွင်း ဆက်သွယ်ပါ့မယ်၊ စိတ်သာချနေ "
သူမ က ဘေးသို့ မသိမသာဖယ်ပြီး ထွက်ပေးလိုက်သည်။
" ခဏနေပါဦး "
လက်စတာ၏ စကားမဆုံးမီမှာပင် ထရေစီနောက်မှ တန်းစီနေသူကလက်စတာရှေ့ ၀င်လာပြီး အပ်မည့်ငွေ များ ကို ကောင်တာပေါ် တင်ပေးလိုက်သည်။ ထရေစီလည်း နောက်သို့ လှည့်ထွက်သွားသည်။
ဘဏ် ၏ အလယ်ကောင်တွင် စားပွဲကြီးလေးလုံးရှိသည်။ ထိုစားပွဲတွင် ငွေထုတ် ချက်လက်မှတ်များနှင့် ငွေ သွင်းလွှာ စာရွက်များ ထည့်သော သေတ္တာများရှိသည်။ ထိုစားပွဲများတွင် ချက်လက်မှတ်ရေးနေသူများ၊ ငွေ သွင်းလွှာ ပုံစံဖြည့် နေသူများဖြင့် ပြည့်နေသည်။
ထရေစီသည် လက်စတာ မမြင်အောင် လူအုပ်ထဲတိုးဝင်ကာ ကိုယ်ရောင် ဖျောက်လိုက်သည်။ စားပွဲတစ်လုံး မှ ပုံစံဖြည့်နေသော လူတစ်ယောက် ထွက်သွားသော အခါ ထိုနေရာတွင် ထရေစီဝင်ပြီး နေရာ ယူလိုက် သည်။ ထရေစီအား လုပ်စတာပေးလိုက်သော ချက်လက်မှတ်များမှာ စာအုပ်ရှစ်အုပ်ဖြစ်သည်။ တကယ် တော့ ထရေစီ လိုချင်သည်မှာ ငွေသွင်း ချက်လက်မှတ်များမဟုတ်၊ ထို ချက်လက်မှတ် စာအုပ်များ ကျောဘက် တွင် အတူပါသော ငွေသွင်းလွှာ စာရွက်များသာ ဖြစ်သည်။
ထရေစီသည် ချက်လက်မှတ်များနောက်မှ ငွေသွင်းလွှာ စာရွက်များကို ဂရုတစိုက် ဖြုတ်ယူလိုက်သည်။ သုံးမိနစ် မပြည့်မီမှာပင် သူမ လက်ထဲသို့ ငွေသွင်းလွှာစာရွက် အရွက်ရှစ်ဆယ် ရောက်သွားသည်။ မိမိအား မည်သူ ကမျှ ဂရုတစိုက် ကြည့်မနေမှန်း သေချာသောအခါ ထရေစီ သည် ထိုငွေသွင်းစာရွက်များထဲမှ ၂၀ ရွက် ကို သေတ္တာထဲသို့ထည့်လိုက်သည်။
နောက်ထပ် စားပွဲတစ်ခုသို့ သွားပြီး ငွေသွင်းစာရွက် ၂၀ ကို ထပ်ထည့်လိုက်ပြန်သည်။ မိနစ်ပိုင်းအတွင်းမှာ ပင် ငွေသွင်းစာရွက် ၈၀ သည် စားပွဲလေးခုရှိသေတ္တာများထဲသို့ ရောက်သွားသည်။ ငွေသွင်းလွှာပုံစံ စာရွက် များတွင် ဘာမျှ ရေးသားထားခြင်းမရှိ။ သို့သော် စာရွက် အောက်ခြေများတွင် အီလက်ထရောနစ် လျှို့ဝှက် သင်္ကေတ အက္ခရာများ ပါရှိသည်။ ထိုသင်္ကေတများအရ ကွန်ပျူတာက အခြားငွေစာရင်းများမှ နေ၍ ငွေများ ပြောင်းလဲ ချေးယူလိမ့်မည်ဖြစ်သည်။
အီထက်ထရောနစ် သင်္ကေတများအရ ကွန်ပျူတာ က အလိုအလျောက် ပြုလုပ်သွားခြင်းဖြစ်သဖြင့် မည်သူ က ငွေသွင်း အပ်နှံသည် ဆိုသည်မှာ အဓိက မဟုတ်တော့။ ဂျိုးရိုမာနို ၏ ငွေစာရင်းထဲသို့ အဆိုပါ ငွေ သွင်းလွှာများ အရ ကွန်ပျူတာက အလိုအလျောက် စာရင်းပြောင်းငွေသွင်းသွားပေလိမ့်မည်။
ထရေစီ သည် ဘဏ်၌ ကွန်ပျူတာ ကျွမ်းကျင်သူအဖြစ် အမှုထမ်းခဲ့ဖူးသဖြင့် ဤကိစ္စမျိုး ကောင်းကောင်း အတွေ့အကြုံ ရှိ နေသည်။ ဤသို့ စာရင်းများ မှားသွင်းမှုမှာ နှစ်ရက်အတွင်း ပြီးစီးသွားလိမ့်မည်။ ထို့နောက် ငါးရက် ကြာမှသာ ထိုသို့ စာရင်းမှားသွင်းသည်ကို ကွန်ပျူတာ၌ ပြန်ပေါ်လာလိမ့်မည်။
ထို ငါးရက် ဆိုသော အချိန်သည် မိမိ အစီအစဉ်အတွက် လိုအပ်သည်ထက်ပင် ပိုနေပါပြီ။
ထရေစီ သည် ဘဏ်မှနေ၍ ဟိုတယ်သို့ အပြန်တွင် လမ်း၌ အမှိုက်ပုံး တစ်ပုံးထဲသို့ ငွေသွင်းချက်လက်မှတ် များ လွှင့်ပစ်ခဲ့သည်။ မစ္စတာဂျိုးရိုမာနို အတွက် ငွေထုတ်ချက်လက်မှတ်များ လိုတော့မည် မဟုတ်ပါ။
ထရေစီ သည် ဒုတိယခြေလှမ်းအဖြစ် နယူးအော်လင်းမြို့ ရက်အားအပျော်ခရီးသွားလုပ်ငန်း အေဂျင်စီသို့ ရောက် သွားသည်။ စားပွဲတစ်လုံးနောက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက ခရီးဦးကြိုပြုသည်။
" ကျွန်မ ဘာအကူအညီပေးရမလဲရှင် "
" ကျွန်မ က ဂျိုးဇက်ရိုမာနို ရဲ့ အတွင်းရေးမှူးပါ၊ မစ္စတာရိုမာနိုဟာ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ကို သွားစရာ ရှိတဲ့အတွက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားချင်လို့ပါ၊ ဒီသောကြာနေ့မှာ သွားချင်တယ် ရှင် ။
" လက်မှတ် က တစ်စောင်ထဲလား၊ ဘယ်နှစောင်လဲ "
" တစ်စောင် ထဲပါ၊ ပထမတန်းက လိုချင်တယ်၊ နောက်ပြီး ဆေးလိပ်သောက်ခွင့်ရှိတဲ့ နေရာကပေါ့၊ ဖြစ်နိုင် ရင် လူသွားလမ်းဘေး ကပ်လျက်နေရာ လိုချင်တယ် "
" အသွားအပြန်အတွက် ယူမှာလား "
" မဟုတ်ပါဘူးရှင်၊ အသွားလက်မှတ်ပဲ ယူမှာပါ "
ခရီးသွားအေဂျင်စီ မှ အမျိုးသမီးသည် သူ့စားပွဲပေါ်ရှိ ကွန်ပျူတာလေးမှ ခလုတ်များကို နှိပ်ကာ နှိပ်ကာ အလုပ် လုပ်လိုက်သည်။
စက္ကန့်ပိုင်း အတွင်းမှာပင် သူမ ခေါင်းမော့လာပြီး ပြန်ဖြေသည်။
" ကျွန်မတို့ အားလုံးစီစဉ်ပေးပါမယ်၊ ပင် အမေရိကန်လေကြောင်းခရီးစဉ် အမှတ်(၇၂၈)မှာ ပထမတန်းတစ် နေရာ ရမယ်၊ သောကြာနေ့ ညနေ ၆ နာရီခွဲမှာ လေယာဉ်ထွက်မယ်၊ မိုင်အာမီလေဆိပ်မှာပဲ ခေတ္တရပ်မယ် "
" အို ... အခုလို အဆင်ပြေတာ ကျွန်မဆရာ သိပ်ဝမ်းသာမှာပါပဲရှင် " ထရေစီက ကျေးဇူးတင် ၀မ်းသာ သည့် အသွင်ဖြင့် ပြောလိုက်သည်။
" လေယာဉ်ခ ဒေါ်လာ ၁၉၂၉ ဒေါ်လာ ကျပါတယ်၊ ငွေနဲ့ရှင်းမလား၊ ချက်လက်မှတ်နဲ့ စာရင်းပြောင်းပေး မလား "
" ကျွန်မ ဆရာက အမြဲတမ်း ငွေနဲ့ရှင်းတာပါ၊ လက်မှတ်လာပို့တော့ ငွေတစ်ခါတည်း ရှင်းလိုက်ပါ့မယ်၊ ကြာသပတေး နေ့ မှာ လက်မှတ်လာပို့နိုင်မလားဟင် ... "
" ရှင်တို့ ကျေနပ်မယ်ဆိုရင် နက်ဖြန်တောင် ပို့ပေးနိုင်ပါတယ် "
" နက်ဖြန်တော့ ကျွန်မဆရာ သူ့ရုံးမှာ ရှိမှာမဟုတ်ဘူး၊ ကြာသပတေးနေ့ မနက် ၁၁ နာရီအရောက် ပို့ပေး နိုင် မလား "
" ပို့ပေးနိုင်ပါတယ်၊ လိပ်စာသာပြောခဲ့ပါ "
" မစ္စတာ ဂျိုးဇက်ရိုမာနို၊ အမှတ် ၂၇၀၊ ပွိုင်းဒရပ်စ်လမ်း၊ အခန်းနံပါတ် ၄၀၈ ပါ "
စာရေးမ ကလေး က မှတ်စုစာအုပ်တွင် အသေအချာ ရေးမှတ်လိုက်သည်။
" ကောင်းပါပြီရှင်၊ ကျွန်မ ကြာသပတေးနေ့ မနက်အရောက် ပို့ပေးလိုက်ပါမယ် "
" ၁၁ နာရီတိတိနော်၊ ကဲ ကျေးဇူးပဲ သွားဦးမယ် "
ထို ခရီးသွားလုပ်ငန်း အေဂျင်စီမှ နှစ်လမ်းကျော် အကွာတွင် ခရီးဆောင် သေတ္တာအမျိုးမျိုး ရောင်းသော အက်ကမီ စတိုးဆိုင်ကြီးရှိသည်။ ထရေစီသည် ဆိုင်ထဲသို့ ၀င်မသွားမီ မှန်ပြတင်းများ၌ အလှပြထားသော သေတ္တာ များကို အသေအချာရပ်ပြီး ကြည့်ရှုခဲ့သေးသည်။
သူမ ဆိုင်ထဲဝင်သွားသောအခါ အရောင်းစာရေးတစ်ယောက် သူမဆီရောက်လာပြီး ခရီးဦးကြိုပြုသည်။
" ကောင်းသော နံနက်ခင်းပါ ခင်ဗျား ...၊ ကျွန်တော် ဘာများ အကူအညီပေးရမလဲ "
" ကျွန်မ ယောက်ျား အတွက် ခရီးဆောင်သေတ္တာ ၀ယ်ချင်လို့ပါ "
" အို ... ဟုတ်ပြီ၊ ခင်ဗျား နေရာမှန်ကို ရောက်လာတာပဲ၊ ကျွန်တော်တို့မှာ ခရီးဆောင်သေတ္တာ ကောင်းကောင်း ရှိပါတယ်၊ ကောင်းလဲကောင်းရမယ်၊ ဈေးလဲ မကြီးရဘူး "
" ဈေး က အကြောင်းမဟုတ်ပါဘူးရှင်၊ ပစ္စည်းကောင်းကောင်းရဖို့သာ အဓိကပါ "
ထရေစီ သည် နံရံကပ်ဗီရိုကြားများထဲတွင် ဒေါင်လိုက်ထည့်ပြီး ပြထားသော "ဗစ်တွန်" ခရီးဆောင်သေတ္တာ များကို သွားကြည့်သည်။
" အဲဒီ သေတ္တာမျိုးထဲက တစ်လုံးလောက်ဆိုရင် ခင်ဗျားခင်ပွန်းသဘောကျမှာပါ၊ အရွယ်သုံးမျိုးရှိတယ်၊ ဘယ်ဟာမျိုး ... "
" သုံးမျိုးစလုံး တစ်မျိုး တစ်လုံးစီ ယူမယ်ရှင် ... "
" အား ... ကောင်းတာပေါ့ဗျာ....၊ ချက်နဲ့ ငွေလွှဲပေးမလား၊ ငွေသားပေးမလား "
" ပစ္စည်းလာပို့တဲ့ အချိန် မှာ ငွေတစ်ခု တည်း ရှင်းပေးလိုက်မယ်၊ ကျွန်မ ယောက်ျားနာမည်က ဂျိုးဇက်ရိုမာနို ကျွန်မယောက်ျားရုံး ကို ကြာသပတေးနေ့ မနက်ပိုင်းမှာ အဲဒီသေတ္တာသုံးလုံးလာပို့ပါ "
" စိတ်ချပါ မစ္စက်ရိုမာနို "
" မနက် ၁၁ နာရီတိတိနော် ... ရှင် "
" ကျွန်တော်ကိုယ်တိုင် မပျက်မကွက် လာပို့ပါမယ် "
" သြော် ... ခဏနေပါဦး၊ သေတ္တာတွေပေါ် မှာလေ ကျွန်မယောက်ျားရဲ့ နာမည် အတိုကောက် " ဂျေအာ" ဆိုတာ ကိုလဲ ရွှေစာလုံးနဲ့ ထိုးပေးပါ "
" အားလုံးစိတ်ချပါ၊ မစ္စက်ရိုမာနို "
ထရေစီက ပြုံးလိုက်ပြီး ဂျိုးရိုမာနို၏ လိပ်စာကို ပေးလိုက်သည်။
ထို့နောက် ထရေစီသည် အနီးအနားရှိ စာတိုက်သို့ သွားပြီး ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ကိုပါကာဘားနား ကမ်းခြေမှ ရီယိုအော်သွန်း နန်းတော်အမည်ရှိ ဇိမ်ခံဟိုတယ်ကြီးသို့ အောက်ပါ ကြေးနန်း ကို ရိုက်လိုက်သည်။
" သင်တို့ဟိုတယ် မှ အကောင်းဆုံး အခန်းကျယ်ကြီးတစ်ခန်း ကို ယခုသောကြာနေ့မှစ၍ တနင်္ဂနွေ နှစ်ပတ် ငှားရမ်း လိုပါသည်။ အခန်းရနိုင် မရနိုင်ကို ဖော်ပြပါ လိပ်စာအတိုင်း အကြောင်းကြားစေလိုပါသည်။ ဂျိုးဇက်ရိုမာနို၊ အမှတ် ၂၁၇၊ ပွိုင်းဒရပ်စ်လမ်း၊ အခန်း ၄၀၉၊ နယူးအော်လင်းမြို့၊ လူဝစ်စီယားနား ပြည်နယ်၊ အမေ ရိကန် ပြည်ထောင်စု။
*
ထို့နောက် သုံးရက်အကြာတွင် ထရေစီသည် ဘဏ်သို့ တယ်လီဖုန်းဆက်ပြီး လက်စတာတော်ရင့်စ်ရှိမရှိမေး သည်။ ထရေစီသည် လက်စတာအသံကြားရသောအခါ ညင်သာပျော့ပျောင်းသော အသံဖြင့် ပြောလိုက် သည်။
" ရှင် ကျွန်မ ကို မမှတ်မိတော့ဘူး ထင်တယ်၊ ကျွန်မ လူရင်းဟတ်ဖို့လေ၊ ဂျိုးရိုမာနို ရဲ့ အတွင်းရေးမှူးလေ"
" ဘာလို့ မမှတ်မိရမှာလဲ၊ မှတ်မိပါတယ် လူရင်းရယ်၊ ကျွန်တော် ... "
" မှတ်မိတယ်လား၊ အံ့သြစရာပဲနော်၊ ရှင် တစ်နေ့ တစ်နေ့ လူတွေ အများကြီး တွေ့နေရတာ "
" အဲဒီ လူတွေထဲမှာ ခင်ဗျားရဲ့ အလှက ထူးခြားပေါ်လွင် နေတယ်မဟုတ်လား၊ ညစာစားဖို့အတွက် ချိန်း မယ် ဆိုတာ ခင်ဗျား မေ့သွားပြီလား "
" မမေ့ပါဘူးရှင်၊ ကျွန်မ အဲဒီအတွက်ပဲ တွေးနေတယ်ဆိုတာ ရှင်မသိလို့ပါ၊ နောက်တစ်ပတ် အင်္ဂါနေ့ ဆိုရင် ရှင့် အတွက် အဆင်ပြေမလား လက်စတာ "
" ပြေတာပေါ့ "
" ကဲ - ဒါဖြင့် အဲဒီနေ့ကို တွေ့ဖို့ သတ်မှတ်လိုက်ကြတာပေါ့၊ ကြည့်စမ်း သူနဲ့ စကားပြောကောင်းနေတာနဲ့ သူ့ဆီ တယ်လီဖုန်း ဆက်တဲ့အကြောင်းရင်းတောင် ပြောဖို့ မေ့နေပြီ၊ မစ္စတာရိုမာနို က သူ့ရဲ့ ငွေစာရင်းမှာ ငွေ ဘယ်လောက်ရှိတယ်ဆိုတာ မေးခိုင်းလို့ ရှင့်ဆီ ဖုန်းဆက်ပြီး မေးတာ၊ တဆိတ် အဲဒါလေး ကြည့် ပေးစမ်း ပါ ရှင် "
" သြော် ... ဒါလား ရပါတယ်၊ ခဏလေးနော် "
*
လုပ်ရိုးလုပ်စဉ်အားဖြင့်ဆိုလျှင် လက်စတာသည် ငွေစာရင်းမေးလာသူ စာရင်းရှင် ၏ မွေးနေ့ သက္ကရာဇ် သို့ မဟုတ် အသိအမှတ်ပြုနိုင်မည့် အချက်အလက် တချို့ကို မေးမြန်းကာ စစ်ဆေးတိုက်ဆိုင်ကြည့်ရသည်။ သို့သော် ဤကိစ္စတွင် မူ သူ့အဖို့ အမျိုးသမီးကို သိနေပြီးဖြစ်၍ မေးမြန်းစစ်ဆေးရန် မလိုတော့ပါချေ။
ထို့ကြောင့် ဖိုင်တွဲအံဆွဲ ကို သွားဖွင့်ပြီး ဂျိုးဇက်ရိုမာနို၏ ငွေစာရင်းကိုကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရိုမာနို၏ ငွေစာရင်းထဲသို့ အပ်ငွေများ အများအပြား ၀င်လာသည်ကို တွေ့ရ သည်။ ရိုမာနို သည် ယခင်က သူ့ ငွေစာရင်းရှင်၌ ဤမျှ ငွေများများ မထားခဲ့ဖူးချေ။ လက်စတာ သည် တယ်လီဖုန်းကို ပြန်ကိုင်ပြီး ပြောသည်။
" ခင်ဗျား ဆရာကတော့ အခုရက်အတွင်း ကျွန်တော်တို့ကို အတော်အလုပ်ပေးတာပဲ၊ သူ့ငွေစာရင်းရှင်မှာ ဒေါ်လာ သုံးသိန်းကျော် ရှိနေတယ် "
" ဟုတ်လား၊ ကျွန်မတို့လဲ အဲဒီလောက် ရှိမယ်လို့ပဲ မှန်းထားတာပဲ "
" စာရင်းရှင် က ငွေတွေကို ရင်းနှီးမြှုပ်နှံတဲ့ ငွေစာရင်းထဲ ပြောင်းပေးစေချင်သလား၊ စာရင်းရှင်မှာဆိုရင် အတိုး မရဘူးမဟုတ်လား၊ ကျွန်တော် ... "
" နေပါစေ မပြောင်းပါနဲ့၊ သူက ဒီအတိုင်းပဲ ရှိစေချင်တယ်တဲ့ "
" ဒါဖြင့်လဲ ကောင်းပြီလေ "
" ကျေးဇူးတင်ပါတယ် လက်စတာ၊ ရှင်ဟာလေ သိပ်ချစ်စရာ ကောင်းတဲ့လူ "
" ခဏနေပါဦး၊ အင်္ဂါနေ့ ညစာစားဖို့ အစီအစဉ်အတွက် ခင်ဗျားရုံးကို ကျွန်တော် တယ်လီဖုန်း ဆက်ရ မလား"
" ကျွန်မ ရှင့်ဆီဆက်ပါမယ်၊ စိတ်သာချနေ "
ထရေစီ က တယ်လီဖုန်းကို ချပစ်လိုက်သည်။
*
အန်တိုနီ အော်ဆက်တီ ပိုင်သော ခေတ်မီ မိုးမျှော်တိုက်ကြီးသည် ပွိုင်းဒရက်စ်လမ်းမကြီးပေါ်တွင်ရှိသည်။ ထိုတိုက်ကြီး ၏ စတုတ္ထထပ် တစ်ထပ်လုံးသည် အော်ဆက်တီ၏ ပစိဖိတ်ပို့ကုန် သွင်းကုန် ကုမ္ပဏီ ရုံးခန်းများ ထားရှိသော အထပ်ဖြစ်သည်။ ခန်းမကျယ်ကြီးတစ်ခု၏ တစ်ဘက်စွန်းတွင် အော်ဆက်တီ၏ ရုံးခန်းများ ရှိ သည်။ အခြားတစ်ဘက်စွန်းတွင် ရိုမာနို ၏ ရုံးခန်းရှိသည်။
သူတို့ရုံးခန်းများ၏ အလယ်ကောင် နေရာလွတ်တွင် ဧည့်ကြိုမယ်လေးဦး၏ အလုပ်စားပွဲများရှိသည်။ ညနေပိုင်း အော်ဆက်တီ၏ ဧည့်သည်များ၊ အလုပ်ကိစ္စနှင့် လာသူများကို ဧည့်ခံကြိုဆိုရသည်။ အော် ဆက်တီ အခန်းရှေ့ တွင် လူထွားကြီးနှစ်ဦး အမြဲထိုင်စောင့်နေသည်။ ထိုနှစ်ဦးသည် အော်ဆက်တီ၏ ကိုယ်ရံ တော်သက်တော်စောင့်ပင်ဖြစ်သည်။ ၄င်းတို့သည် ဆရာကြီးအော်ဆက်တီ၏ ယာဉ်မောင်းအဖြစ် လည်းကောင်း၊ လက်တိုလက်တောင်းအဖြစ် လည်းကောင်း၊ နှိပ်နယ်ပေးရသူအဖြစ်လည်းကောင်း ဆောင်ရွက် ပေးသည်။
ယနေ့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် မာဖီးယားဆရာကြီး အော်ဆက်တီသည် သူ၏ရုံးခန်းထဲ၌ အလုပ် လုပ်နေသည်။ ပစိဖိတ် သွင်းကုန် ထုတ်ကုန် ကုမ္ပဏီဟု အမည်တပ်ထားသော သူ၏ဟန်ပြကုမ္ပဏီကြီးက ကွပ်ကဲ ကြီးကြပ်ထားသည့် လောင်းကစားဝိုင်းများ၊ အပျော်အိမ်များနှင့် အခြားဒုစရိုက်လုပ်ငန်းများမှ နေ့စဉ် ၀င်ငွေများစာရင်းကို ကြည့်ရှုစစ်ဆေးနေသည်။
မာဖီးယားဆရာကြီး အော်ဆက်တီသည် အသက် ၇၀ နီးပါးခန့်ရှိပြီ သူသည် အပေါ်ပိုင်း ကိုယ်လုံး ကိုယ်ထည် ကြီးမား ထွားကိုင်းပြီး အောက်ပိုင်း ခြေထောက်တိုတိုနှင့် ပုကွကွ ပုံသဏ္ဍာန်ရှိသည်။ သူ မတ်တတ်ရပ် နေပုံမှာ ဖားကြီး ထိုင်နေသည်နှင့်ပင် တူလှသည်။ မျက်နှာတွင်လည်း အရေးအကြောင်း များ ပေါ် နေသည်။ ပါးစပ်ကျယ်ကျယ်နှင့် မျက်လုံးက အနက်ရောင်ဖြစ်သည်။
အော်ဆက်တီသည် အသက် ၁၅ နှစ်အရွယ်ကပင် စတင်ပြီး ဆံပင်များ ကျွတ်လာရာ မကြာမီမှာပင် ရွှေ ခေါင်းပြောင် ဖြစ်သွားတော့သည်။ ထိုစဉ်ကပင်စ၍ အနက်ရောင် ဆံပင်အတုပုံစံကို တပ်လာရာ ယခုအထိ ပင်ဖြစ်သည်။ သူ၏ အေးဆက်မာကျောသော မျက်လုံးစအုံက လောင်းကစားသမားများလုံးဖြစ်သည်။ သူ့ မျက်နှာ အမူအရာသည် သူအလွန်ချစ်သော သမီးငါးယောက်နှင့် တွေ့ချိန်၌သာ ခံစားချက်အရိပ်အရောင် ထွက်သည်။ ကျန်အချိန်များတွင်မူ လုံးဝခံစားချက်မရှိ၊ ပကတိ သံမဏိမျက်နှာ။
အော်ဆက်တီ၏ စိတ်လှုပ်ရှားမှုကို သူ့အသံဖြင့် အကဲဖမ်းနိုင်သည်။ သူဝမ်းနည်းကြေကွဲလျှင် အသံက တိုး သွားရာ ကြားအောင်ပင် မနည်း နားထောင်ယူရသည်။
အော်ဆက်တီသည် နယူးအော်လင်းမြို့၏ မြေအောက်မာဖီးယား ဒုစရိုက်လုပ်ငန်းများ၏ ဘုရင်ဖြစ်သည်။ အဂတိမှု၊ အကြပ်ကိုင်မှု၊ လက်နက်ရောင်းဝယ်မှု၊ လောင်းကစားဒိုင်များဖွင့်မှု၊ အပျော်ခန်းများဖွင့်မှု စသော ဥပဒေပြင်ပ မှ ဒုစရိုက်လုပ်ငန်းအားလုံးကို လုပ်သည်၊ ထိုလုပ်ငန်းများဖြင့် အလွန်ပင် ကြီးပွားချမ်းသာနေသူ ဖြစ်သည်။ အမေရိကန်တစ်ဝန်းရှိ အခြားသော မာဖီးယားမိသားစုများကပင် အော်ဆက်တီကို ရိုသေလေး စားကြပြီး သူ့ဆီမှ အကြံဥာဏ်များ တောင်းခံလေ့ရှိသည်။
ယနေ့ နံနက် ရုံးသို့ရောက်လာချိန်တွင် အော်ဆက်တီသည် စိတ်လက်ကြည်လင်ရွှင်ပျနေသည်။ သူ့တွင် လိပ်ဗစ်စတာ ၌လည်း အခန်းအများအပြားရှိသော တိုက်ကြီးတစ်လုံးရှိသည်။ ထိုတိုက်ကြီးမှ အခန်းတစ်ခန်း တွင် သူ၏ အငယ်အနှောင်းတစ်ဦးကို ထားသည်။ ထိုအမျိုးသမီးဆီသို့ တစ်ပတ်လျှင် သုံးခါသွားသည်။ အမျိုးသမီး ကလည်း အပြုအစုအယုအယ အလွန်ကောင်းသည်။ တော်ရုံတန်ရုံ အမျိုးသမီးတို့ မချစ်ရဲသော အချစ် မျိုးဖြင့် ချစ်ပြတတ်သူဖြစ်သည်။ အော်ဆက်တီသည် ညက သူမထံတွင် အိပ်တာ ယနေ့နံနက် သူမ နှင့် အတူတူ ကော်ဖီသောက် မုန့်စားပြီး ရုံးသို့ ရောက်လာသောအခါ အထူးပင် ကြည်လင်ရွှင်ပျ နေပေသည်။
ဆရာကြီး အော်ဆက်တီ၏ လုပ်ငန်းအဖွဲ့အစည်းကြီးသည် အဆင်ပြေချောမွေ့စွာ လည်ပတ်နေသည်။ အဘယ်ကြောင့် ဆိုသော် အခက်အခဲများ ပြဿနာများကို မကြီးထွားလာမီ ဘယ်ပုံဘယ်နည်း ကိုင်တွယ် ဖြေရှင်း ပစ်ရမည်ကို အော်ဆက်တီ ကောင်းကောင်းသိပြီး ကောင်းကောင်း နားလည်နေသောကြောင့်ဖြစ် သည်။
အော်ဆက်တီ သည် သူ၏ဒဿနကို သူ၏ သားတပည့် ညာလက်ရုံးဖြစ်သူ ဂျိုးရိုမာနိုအား တစ်ခါက ဤသို့ ဖွင့်ပြသည်။
" ပြဿနာလေးတစ်ခုကို ပြဿနာကြီးတစ်ခုအဖြစ် ဘယ်တော့မှ ကြီးထွားမခံနဲ့၊ ပြဿနာဆိုတာ သိပ်ကြီး ထွား လွယ်တာမျိုး၊ စ လိုက်မိရင် ဆုံးရခတ်တယ်၊ ဒီတော့ ရောဂါကို နုစဉ်မှာ စကုရသလို ပြဿနာ မှာလည်း ဖြစ်စ ကသာ အပြတ်ကိုင်ပြီး အပြတ်ရှင်းပစ်လိုက် "
ရိုမာနို ကလည်း ဆရာကြီး အော်ဆက်တိ ၏ ဒဿနကို အပြည့်အ၀ လိုက်နာကျင့်သုံးသည်။
အော်ဆက်တီသည် ရိုမာနိုကိုချစ်သည်။ အော်ဆက်တီအဖို့ ရိုမာနို သည် သားသဖွယ်ဖြစ်နေသည်။ ရိုမာနို ငယ်ငယ်ကလေးက လမ်းပေါ်၌ လေလွင့်နေချိန်တွင် အော်ဆက်တီက ကောက်ယူမွေးစားခဲ့သည်။ အော် ဆက်တီကိုယ်တိုင် ရိုမာနိုကို စိတ်ကြိုက်လေ့ကျင့်ပုံသွင်းခဲ့သည်။ ယခုတော့ ရိုမာနိုသည် အော်ဆက်တီ ခြေ ရာကို နင်းနိုင်သော ကိတ္ထိမသား ညာလက်ရုံးဖြစ်နေသည်။
ရိုမာနိုသည် အနေအထိုင် သန့်သည်။ ဟိတ်ဟန်ကောင်းသည်။ သွက်လက်ဖျတ်လတ်သည်။ ဆရာသမား အပေါ် သစ္စာရှိသည်။ ထို့ကြောင့် သူသည် ဆယ်နှစ်အတွင်း အော်ဆက်တီ၏ နံပါတ်-၁ လက်ထောက် ညာ လက်ရုံးဖြစ်လာသည်။ အော်ဆက်တီ မိသားစုလုပ်ငန်းကြီး တစ်ခုလုံးကို ရိုမာနိုက ကြီးကြပ် ကိုင်တွယ်ရပြီး အော်ဆက်တီ နှင့်သာ တိုက်ရိုက်ဆက်ဆံအစီရင်ခံရသည့် အဆင့်သို့ ရောက်လာသည်။
မာဖီးယား ဆရာကြီး အော်ဆက်တိ၏ ကိုယ်ရေးအတွင်းရေးမှူး လူစီသည် အော်ဆက်တိ၏ တံခါးကို ခေါက် ပြီးနောက် အတွင်းသို့ ၀င်လာသည်။ သူမသည် အသက် ၂၄ နှစ်သာရှိပြီး ကောလိပ်မှ ဘွဲ့ရ တစ်ဦး ဖြစ်သည်။ သူမသည် အလှမယ်ရွေးပွဲများတွင် မကြာခဏ ဆုရခဲ့သူဖြစ်ရာ ချောမော လှပသူဟု ပြောစရာ ပင် မလိုတော့ပါချေ။ ဆရာကြီး အော်ဆက်တီသည် အချောအလှကလေးများ ၀ိုင်းဝိုင်းလည်ထား ပြီး နေရသည့် ဘ၀ ကို အလွန်ပင် ကျေနပ်အားရသူဖြစ်သည်။
အော်ဆက်တီ သည် စားပွဲတင်နာရီကို ကြည့်လိုက်သည်။
နံနက် ၁၀ နာရီ ၄၅ မိနစ်ရှိပြီ။
အော်ဆက်တီသည် သူ၏ အတွင်းရေးမှူး လူစီအား မွန်းမတည့်မီအချိန်အတွင်း သူနဲ့အဆက်အသွယ်မလုပ် ရန် ပြောထားသည်။ ယခု သူမ အမိန့်ကို ဖီဆန်ပြီးလာသည်။
ထို့ကြောင့် အော်ဆက်တီ က မကျေမချမ်းအသံကြီးဖြင့် မေးလိုက်သည်။
" ဘာလဲ "
" ကျွန်မ အနှောင့်အယှက်ပေးမိတာ တော်ပါတယ် မစ္စတာအော်ဆက်တီ၊ မစ္စဂျီဂျီဒူးပရက်စ် ရဲ့ အမျိုးသမီး တယ်လီဖုန်းဆက်နေတယ်။ ချောက်ချားပြီး သေရေးရှင်ရေးဖြစ်နေပုံရတယ်၊ ဒါပေမယ့် သူဘာပြောချင်တယ် ဆိုတာကိုတော့ ကျွန်မကို ပြောမပြဘူး၊ သူက ဆရာနဲ့နှစ်ယောက်ထဲ ပြောချင်တယ်လို့သာ အကြောက် အကန် ပြောနေတော့တာပဲ၊ သူပြောချင်တဲ့ ကိစ္စဟာ အရေးကြီးလိမ့်မယ်လို့ ကျွန်မ ထင်တယ် "
အော်ဆက်တီသည် ထိုင်ရာမှ မထဘဲ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ သူ၏ ကွန်ပျူတာ ဦးနှောက်မှ နေ၍ ဂျီဂျီဒူးပရက်စ် ဆိုသော အမျိုးသမီးကို ပြန်စဉ်းစားလိုက်သည်။ သူနှင့် တစ်ခါတစ်ရံ အပျော်တွေ့ဖူး သူ များလား။ မမှတ်မိနိုင်တော့ပါ။
မည်သို့မျှ တွေးမရသဖြင့် စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်လာပြီး တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။ အတွင်း ရေးမှူး ကောင်မလေးကိုလည်း အခန်းထဲမှ ထွက်သွားရန် လက်ပြလိုက်သည်။
" ဟဲလို ... ဘယ်သူပါလဲ " အော်ဆက်တီက မေးလိုက်သည်။
" အခု ပြောတာ မစ္စတာ အန်တိုနီအော်ဆက်တီပါလားရှင် "
သူမ၏ စကားသံမှာ ပြင်သစ်လေသံ ဖြစ်သည်။
------ ပါတော့ "
--- မာစတာ အော်ဆက်တီ၊ ရှင့်နဲ့ တွေ့ရတာ ----
သူမ အသံမှာ အလွန်ပင် တုန်လှုပ်ချောက်ချားနေပြီး သေရေးရှင်ရေးတမျှ ဖြစ်နေသည်။ သို့သော် အော် လိုက်တော့မည့် ဆဲဆဲတွင် သူမအသံ ပေါ်လာသဖြင့် နားမထောင်ချင် ထောင်ချင်နှင့် ဆက် နားထောင် နေရ သည်။
" ရှင် သူ့ကို တားပေးပါဦးရှင့်၊ ကျွန်မ တောင်းပန်ပါတယ် "
" ဒီမှာ အမျိုးသမီး ... ခင်ဗျားဘယ်သူ့ကို ပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး၊ ကျွန်တော် သိပ် အလုပ် များ .... "
" ကျွန်မ ရဲ့ ဂျိုး ...၊ သြော် ... ဂျိုးရိုမာနို ကို ပြောတာပါ၊ သူက ကျွန်မကို သူ့ရဲ့ ဘ၀ခရီးဖော်အဖြစ် ခေါ်သွား မယ်လို့ ပြောပါတယ်၊ အခုတော့ ... "
" ဟေး ... မင်း ဖိတ်စာ မှားနေပြီ၊ မင်း ပြောရမှာက ဂျိုးကွ၊ ငါက သူ့ကို ထိန်းနေတဲ့ ကလေးထိန်းမဟုတ် ဘူး "
" သူ ကျွန်မ ကို တကယ်ပဲ လိမ်တယ်ရှင်၊ အခုတော့ သူ ကျွန်မကို မခေါ်ဘဲ ဘရာဇီး သွားတော့မယ်ဆိုတာ ကျွန်မ သိထားရပြီ၊ သူ ယူသွားမယ့် ငွေ သုံးသိန်းရဲ့ တစ်ဝက်က ကျွန်မ ပိုင်တာပါရှင် "
အော်ဆက်တီ သည် အမျိုးသမီး၏ စကားများကို စောစောက စိတ်မ၀င်စားသော်လည်း ယခု စိတ်ဝင်စား လာပါပြီ
" ဘာ ... မင်းပြောလိုက်တာ ငွေသုံးသိန်းဟုတ်လား "
" ဟုတ်ပါတယ်၊ ဂျိုးက သူ့ရဲ့ ငွေစာရင်းရှင် မှာ မသိမသာထည့်ပြီး အပ်ထားတဲ့ ငွေပါ၊ မသိမသာထည့်ပြီး သယ် ယူထားတဲ့ငွေတွေပါ"
အော်ဆက်တီ အလွန်အမင်း စိတ်ဝင်စားသွားပါပြီ။
" ကျေးဇူးပြုပြီး ဂျိုးကို ပြောပေးပါရှင်၊ သူ ဘရာဇီးသွားရင် ကျွန်မကို ခေါ်သွားပါလို့ ဆက်ဆက်ပြောပေးပါ နော် "
" အင်း ... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ် "
အော်ဆက်တီ က ကတိပြုလိုက်သည်။
ဂျိုးရိုမာနို၏ ရုံးခန်းသည် အလွန်ခေတ်မီသည်။ နယူးအော်လင်းမြို့၌ ဖက်ရှင်အကျဆုံး အဆင်အပြင်နှင့် ပြင် ဆင်ထားသော ရုံးခန်းဖြစ်သည်။ အဖြူနှင့်သတ္ထု စပ်ထားသော အရောင်တစ်ရောင်တည်း သုတ် ထားသည့် နံရံများပေါ်တွင် တန်ဖိုးကြီးသော ပြင်သစ်ပန်းချီကားသုံးကား ချိတ်ထားသည်။
ရိုမာနိုသည် အနုပညာကို ခံစားတတ်သူအဖြစ် သူ့ကိုယ်သူ ဂုဏ်ယူသည်။ ပန်းချီကို အရသာခံစားတတ်သ လို ဂီတ ကိုလည်း နားလည်ခံစားနိုင်သူ ဖြစ်သည်။ သူနှင့်ခေတ်ပြိုင် မာဖီးယားသမားများက ကာယ စွမ်းအား ဖြင့် အောင်မြင်ထွန်းပေါက်လာချိန်တွင် ရိုမာနိုက ဥာဏ်စွမ်းအား (၀ါ) ဦးနှောက်အစွမ်းဖြင့် အောင်မြင် လာ ခဲ့သူဖြစ်သည်။
အော်ဆက်တီ က နယူးအော်လင်း တစ်မြို့လုံးကို လက်ထဲ၌ ဆုပ်ကိုင်ထားနိုင်သည်ဆိုလျှင် ထိုသို့ သူဆုပ် ကိုင် နိုင်အောင် နယူးအော်လင်းမြို့အား သူ့လက်ထဲသို့ ထည့်ပေးသူမှာ ရိုမာနိုပင်ဖြစ်သည်။
ရိုမာနို ၏ အတွင်းရေးမှူးက သူ့အခန်းထဲသို့ ၀င်လာသည်။
" မစ္စတာရိုမာနို၊ ရီယိုဒီဂျနေရိုမြို့ကို သွားမယ့် လေယာဉ်လက်မှတ်တစ်စောင် လာပို့တဲ့လူ ရောက် နေပါတယ်၊ ကျွန်မ ငွေရှင်းမပေးလိုက်ရမလား၊ ပစ္စည်းရရ ငွေပေးမယ်ဆိုတဲ့အမှာနဲ့ မှာထားတာပါ "
ယူနီဖောင်းဝတ် လက်မှတ်လာပို့သူက တံခါးဝ၌ ရပ်နေသည်။
" ရီယိုဒီဂျနေရိုမြို့ဟုတ်လား၊ ဟာ ... မဟုတ်ဘူး မှားနေပြီလို့ လက်မှတ်ပို့လာတဲ့လူကို ပြောလိုက်ပါ "
" ဒီလက်မှတ် ကို ဒီရုံးလိပ်စာမှာရှိတဲ့၊ မစ္စတာဂျိုးဇက်ရိုမာနိုဆီ ပို့ပေးဖို့ ကျွန်တော့် ခရီးသွားအေဂျင်စီက အသေအချာ ခိုင်းလိုက်တာပါ" လက်မှတ်လာပို့သူက ပြောသည်။
" ခင်ဗျားကို မှားပြောတာများ ဖြစ်နေမလား၊ ဒါမှမဟုတ် လေကြောင်းကုမ္ပဏီအသစ်က စတန့်ထွင်တာ များ လားဗျာ ...
" မဟုတ်ပါဘူး၊ ကျွန်တော် ... "
" ပေးစမ်းပါဦး၊ ကျွန်တော် ကြည့်ရအောင် "
ရိုမာနို က လက်မျတ်လာပေးသူထံမှ လက်မှတ်ကို တောင်းယူပြီး ကြည့်လိုက်သည်။
" သောကြာနေ့ ဟုတ်လား၊ ဘာလို့ ငါက သောကြာနေ့မှာ ရီယိုဒီဂျနေရိုမြို့ကို သွားရမှာလဲ "
" အား ... သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ ဘာကိစ္စသွားမှာလဲ ဂျိုး"
လက်မှတ်လာပို့သူနောက်တွင် မည်သည့် အချိန်က ရောက်နေမှန်းမသိသော ဆရာကြီး အော်ဆက်တီက ၀င်မေးလိုက်သည်။
" မှားပြီ လာပို့တာ ဖြစ်မှာပါ တိုနီ "
ရိုမာနို က သူ့ဆရာကြီး အော်ဆက်တီကို ပြောလိုက်သည်။ တစ်ပြိုင်တည်းမှာပင် လေယာဉ်လက်မှတ်ကို လာပို့သူ လက်ထဲ လှမ်းပေးရင်း ဆက်ပြောလိုက်သည်။
" ကဲ ... ခင်ဗျားတို့ လက်မှတ် ကို ခင်ဗျားတို့ လေယာဉ်ရုံးပဲ ပြန်ယူသွားပေတော့၊ ကျွန်တော် ... "
" နေပါဦးလေ၊ ဒီလောက်လဲ မလောစမ်းပါနဲ့ "
ဆရာကြီး အော်ဆက်တီက ရိုမာနို လှမ်းပေးသော လေယာဉ်လက်မှတ်ကို ကြားမှဖြတ်ယူပြီး အသေအချာ ကြည့်လိုက်သည်။
" ပထမတန်း လက်မှတ်ပဲ၊ လူသွားလမ်းဘေးကခုံ။ ဆေးလိပ်သောက်လို့ရတဲ့ နေရာရီယိုဒီဂျနေရိုကို သောကြာနေ့ သွားမယ့် လက်မှတ်၊ အသွားပဲ အပြန်မပါဘူး "
အော်ဆက်တီ က လက်မှတ်ကိုကြည့်ပြီး ပြောသည်။ ဂျိုးရိုမာနိုက ရယ်လိုက်ပြီး ပြန်ပြောသည်။
" တစ်ယောက်ယောက်က မှားပြီး ပို့ခိုင်းတာဖြစ်မှာပေါ့ "
ရိုမာနိုက အော်ဆက်တီအား ပြောနေရာမှ သူ၏ အတွင်းရေးမှူးဘက်လှည့်ပြီး အမိန့်ပေးလိုက်သည်။
" မက်ဂီ ... ခရီးသွားအေဂျင်စီကို လှမ်းပြီး ဖုန်းဆက်စမ်းကွာ၊ သူတို့ ငါ့ဆီလက်မှတ်မှားပြီး ပို့နေတယ်လို့၊ တကယ် သွားမယ့် လေယာဉ်ခရီးသည် အဖို့ အခက်အခဲ တွေ့နေလိမ့်မယ်လို့ ပြောလိုက်စမ်းကွာ "
ထိုအခိုက်မှာပင် ရိုမာနို ၏ လက်ထောက်အတွင်းရေးမှူး ဂျိုးလင်း အခန်းထဲသို့ဝင်လာသည်။
" ခွင့်ပြုပါ မစ္စတာရိုမာနို၊ ခရီးဆောင်သေတ္တာတွေ လာပို့နေပါတယ်၊ လက်မှတ်ထိုးပြီး ယူထားလိုက်ရမ လား"
ဂျိုးရိုမာနိုက သူမကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောသည်။
" ဘာသေတ္တာတွေလဲ၊ ငါဘာသေတ္တာမှ မှာမထားပါဘူး "
" အဲဒီ သေတ္တာတွေ ယူသာထားလိုက် "
ဆရာကြီး အော်ဆက်တီက ကြားမှဝင်ပြီးပြောလိုက်သည်။
" အလို ဘုရားရေ ... အားလုံးတော့ ရူးပြီ ရှုပ်ကုန်ပါပြီ "
ရိုမာနို က ဘုရားတလိုက်သည်။
သေတ္တာလာပို့သူက အခန်းထဲသို့ သေတ္တာများကို ဆွဲပြီး ၀င်လာသည်။
" ဒါဘာတွေ လဲ၊ ငါ ဒါတွေဘယ်တုန်းကမှ မမှာခဲ့ဘူး "
ရိုမာနိုက ပြောသည်။ လာပို့သူက ပစ္စည်းပို့လွှာများကို ကြည့်ပြီး ပြန်ပြောသည်။
" ပစ္စည်းပို့လွှာထဲမှာ ရေးထားတာကတော့ မစ္စတာ ဂျိုးဇက်ရိုမာနို အမှတ်-၂၁၇၊ ပွိုင်းဒရပ်စ်လမ်း၊ အခန်းနံပါတ် ၄၀၈ လို့ ပါပါတယ်ခင်ဗျား "
ဂျိုးရိုမာနို စိတ်မထိန်းနိုင်တော့၊ ဒေါသဖြစ်လာသည်။
" မင်း ... သောက်စာရွက်ထဲမှာ ဘာရေးထားထား ငါဂရုမစိုက်ဘူး၊ ငါလဲ ဒါတွေ မမှာဘူး၊ သွား ... အခုချက် ချင်း ပြန်ယူသွား "
ဆရာကြီး အော်ဆက်တီက ခရီးဆောင်သေတ္တာများကို အသေအချာကြည့်ပြီးပြောသည်။
" ဒီသေတ္တာတွေပေါ် မှာ မင်းနာမည် အတိုကောက်တွေ ပါတယ် ဂျိုး "
" ဘာ ... ခဏနေဦး၊ လက်ဆောင်ပစ္စည်းအဖြစ် ပို့တာ များလား ... "
" ဒီနေ့ မင်းမွေးနေ့မို့လား ... "
" မဟုတ်ဘူး၊ ဒါပေမယ့် တချို့ မိတ်ဆွေတွေက ဒီလိုပဲ လက်ဆောင်ပို့ကြတာပဲ တိုနီ၊ သူတို့ခင်ဗျားဆီလဲ လက် ဆောင်တွေ ပို့နေကျပဲ မဟုတ်လား "
" မင်းမှာ ဘရာဇီးသွားဖို့များ ကိစ္စရှိသလား ဂျိုး " အော်ဆက်တီက တီးခေါက်လိုက်သည်။
" ဘရာဇီး ... ဟုတ်လား၊ တစ်ယောက်ယောက်က နောက်တာ ဖြစ်မှာပါ တိုနီ "
ဆရာကြီး အော်ဆက်တီက လျှို့ဝှက် နက်နဲသော အပြုံးနှင့် ပြုံးလိုက်သည်။ ထို့နောက် အတွင်းရေးမှူးနှစ် ယောက် နှင့် ပစ္စည်းလာပို့သူ နှစ်ယောက်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" သွားကြတော့ ... "
သူတို့ ထွက်သွားပြီးနောက် အခန်းတံခါး ပိတ်သွားသောအခါ ဆရာကြီး အော်ဆက်တီက ဂျိုးရိုမာနိုအား မေး လိုက်သည်။
" မင်း ဘဏ်ငွေစာရင်းမှာ ငွေဘယ်လောက်ရှိသလဲဂျိုး "
ဂျိုးရိုမာနိုက သူ့ဆရာအား ဇဝေဇ၀ါဖြင့် ကြည့်လိုက်သည်။
" ကျွန်တော်မသိဘူး၊ ဒေါ်လာ ၁၅၀၀ လောက်တော့ရှိမယ်၊ အများဆုံး အဲဒီ ဒေါ်လာ ၃၀၀၀ထက် တော့ မပိုနိုင်ဘူး၊ ဘာဖြစ်လို့လဲ "
" သြော် ... ဘာရယ်လို့ မဟုတ်ပါဘူးကွာ၊ ကဲ မင်း ငွေအပ်ထားတဲ့ ဘဏ်ကို လှမ်းမေးလိုက်စမ်းကွာ၊ သိရ တာပေါ့ "
" ဘာကြောင့်လဲ၊ ကျွန်တော် ... "
" မေးဆို လှမ်းပြီးမေးလိုက်ကွာ ဂျိုး "
" ဆရာ မေးစေချင်ရင် မေးပေးပါမယ် "
ရိုမာနိုသည် ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး အပြင်ဘက်ခန်းရှိ သူ၏ အတွင်းရေးမှူးထံသို့ ရုံးတွင်းပြော တယ်လီ ဖုန်းဖြင့် လှမ်းပြောလိုက်သည်။
" ဖတ်စ်မားချင့်ဘဏ်က စာရင်းကိုင်ချုပ်ဆီ ငါ့ကို တယ်လီဖုန်း ခေါ်ပေးစမ်း "
မိနစ်ပိုင်း အတွင်းမှာပင် ဘဏ်နှင့် အဆက်အသွယ်ရသွားသည်။
" ဟဲလို ... စာရင်းကိုင်ချုပ်လား၊ ကျွန်တော် ဂျိုးဇက်ရိုမာနိုပါ၊ ကျွန်တော့် စာရင်းရှင်အပ်ငွေမှာ ငွေ ဘယ် လောက် ရှိတယ်ဆိုတာ သိချင်လို့ပါ၊ ကျွန်တော့်မွေးနေ့က အောက်တိုဘာ ၁၄ ရက်"
ရိုမာနိုပြောနေသည့် တယ်လီဖုန်းနှင့် ပူးတွဲဆက်သွယ်ထားသော အခြား တယ်လီဖုန်းတစ်လုံးကို အော်ဆက်တီက ကောက်ယူလိုက်ပြီး နားထောင်နေသည်။ တစ်ခဏကြာသောအခါ စာရင်းကိုင်ချုပ်က တစ်ဘက်မှ ပြန်ဖြေသည်။
" ခဏစောင့်နေရတာ တောင်းပန်ပါတယ် မစ္စတာ ရိုမာနို၊ ဒီမနက်ပိုင်းအထိရှိတဲ့ လက်ကျန်ငွေ စာရင်း ကတော့ ဒေါ်လာ သုံးသိန်းတစ်သောင်းကိုးရာ ငါးဆယ်နဲ့ သုံးဆယ့်နှစ်ဆင့်ပါပဲ "
ရိုမာနိုမျက်နှာတွင် သွေးမရှိတော့သလို ဖြူဖပ် ဖြူရော် ဖြစ်သွားသည်။
" ဘာ ... ဘယ်လောက် .... "
" ဒေါ်လာ သုံးသိန်းတစ်သောင်းကိုးရာငါးဆယ် နဲ့ ... "
" ဟာ ... မဖြစ်နိုင်ဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ မှားနေပြီ၊ ကျွန်တော့် မန်နေဂျာနဲ့ ပြော .... "
သူ့ စကား မဆုံးမီမှာပင် ဆရာကြီး အော်ဆက်တီက သူ့လက်ထဲမှ တယ်လီဖုန်းကို ဆွဲယူပြီး တယ်လီဖုန်း အိမ်ပေါ် သို့ ပြန်တင်ထားလိုက်သည်။
" ဒီပိုက်ဆံတွေ မင်း ဘယ်ကရသလဲ ဂျိုး "
အော်ဆက်တီ က ကျားဟိန်းသလိုဟိန်းပြီး မေးလိုက်သည်။ ရိုမာနိုမျက်နှာတွင် လုံးဝ ဖြူဖပ်ဖြူရော် ဖြစ်သွား ချေပြီ။
ကျွန်တော် ကျိန်တွယ် ပြောရဲပါတယ် တိုနီရယ်၊ အဲဒီငွေတွေနဲ့ ပတ်သက်လို့ ကျွန်တော် ဘာမှ မသိပါဘူး၊ တကယ် ပါ့ဗျာ "
" မသိဘူး၊ ဟုတ်လား "
" ဟုတ်ပါတယ်၊ ကျွန်တော် ပြောတာယုံပါ၊ ကျွန်တော် ဆရာ့အပေါ် ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ၊ ကျွန်တော် ဘာလုပ်လုပ် ဆရာ သိပါတယ်၊ တစ်ယောက်ယောက်ကတော့ တစ်ခုခု အကွက်ဆင်နေပြီ ထင် တယ် "
" ဟုတ်မှာပေါ့၊ မင်းကိုသိပ်ချစ် တဲ့ လူတစ်ယောက်က ဖြစ်မှာပေါ့၊ သူက မင်းကို တစ်နေရာရာလစ်ဖို့ ဒေါ်လာ သုံးသိန်းတစ်သောင်း ပေးထားတာ နေမှာပေါ့ "
အော်ဆက်တီ သည် စကားကို ရပ်လိုက်ပြီး ဆိုဖာလက်တင် ကုလားထိုင်ကြီးပေါ်တွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် ဂျိုးရိုမာနို အား အတန်ကြာ စိုက်ကြည့်နေပြီးမှ တစ်လုံးချင်း ပြောလိုက်သည်။
" အားလုံးကို ထောင့်စေ့အောင် စီစဉ်ထားတာပါပဲကလား၊ ရီယိုဒီဂျနေရိုသွားဖို့ လေယာဉ်အသွားလက် မှတ် ယူထားတယ်၊ ခရီးဆောင်သေတ္တာ အသစ်တွေ ၀ယ်ထားတယ်၊ မင်း ဘ၀သစ်တစ်ခု တည်ဆောက်ဖို့ အတွက် စီစဉ်ထားတဲ့အတိုင်း ပါပဲကလား "
" မ ... မဟုတ်ပါဘူး "
ရိုမာနိုက အထိတ်တလန့်နှင့် ကပျာကယာပြောလိုက်သည်။ ထို့နောက် တောင်းပန်တိုးလျှိုးသံဖြင့် ဆက် ပြော သည်။
" ကျွန်တော် ခင်ဗျားအပေါ်မှာ မဟုတ်တာ မလုပ်ဘူးဆိုတာ ဘုရားသိပါတယ် တိုနီ၊ ကျွန်တော် ခင်ဗျားကို ဘယ်တော့ မှ မကျောပါဘူး၊ ခင်ဗျားဟာ ကျွန်တော့် အဖေဆို မမှားပါဘူး၊ ကျွန်တော့် စိတ်ထဲမှာ ဒီလိုပဲ ရှိပါ တယ် "
ဂျိုးရိုမာနို ဇောချွေးများပင် ပြန်လာသည်။ ထိုစဉ်တွင် အပြင်မှ တံခါးခေါက်သံသဲ့သဲ့ ပေါ်လာသည်။
ထို့နောက် တံခါးအနည်းငယ် ဟသွားပြီး လက်ထောက် အတွင်းရေးမှူး မက်ဂီ ခေါင်းပြူလာသည်။ သူမ လက်ထဲ၌ စာအိတ်တစ်လုံး ကိုင်ထားသည်။
" ကျွန်မ အနှောင့်အယှက်ပေးသလို ဖြစ်မိတာ ၀မ်းနည်းပါတယ် မစ္စတာရိုမာနို၊ ဒီမှာ ရှင့်အတွက် ကြေးနန်း စာတစ်စောင် ရောက်နေတယ်၊ အဲဒီကြေးနန်းမှာ ရှင်ကိုယ်တိုင် လက်မှတ်ထိုးပြီး အတည်ပြုပေးရလိမ့်မယ်"
ထောင်ချောက်ဆင် ချောင်ပိတ်ခံရသော သတ္တ၀ါတို့၏ တစ်မုဟုတ်ချင်း အသိမျိုးက သူ့ခေါင်းထဲသို့ ချက် ချင်း ၀င်လာသည်။
" အခု မထိုးနိုင်သေးဘူး၊ ဒီမျာ သိပ်အလုပ်များနေတယ် "
" ပေး ... ပေး ... ငါယူမယ် "
ဆရာကြီး အော်ဆက်တီက လှမ်းပြောလိုက်သည်။ အတွင်းရေးမှူးမကလေးဆီသို့ ရုတ်ခနဲ ထသွားပြီး ကြေး နန်းစာအိတ် ကို ဆွဲယူလိုက်သည်။ အထဲမှ ကြေးနန်းစာကို ထုတ်ယူပြီး ဖတ်လိုက်သည်။ ထို့နောက် ဂျိုးရိုမာ နိုကို အတန်ကြာ စိုက်ကြည့်လိုက်သည်။
ဆရာကြီး အော်ဆက်တီသည် ဒေါသဖြစ်လျှင် အသံတိုးသွားလေ့ ရှိသည့်အတိုင်း ယခု သူပြောလိုက်သော စကားကို ရိုမာနို မနည်းကြိုးစားပြီး နားထောင်ယူရသည်။
" မင်းဆီလာတဲ့ ကြေးနန်းကို မင်းကိုယ်စား ငါဖတ်ပြမယ်၊ " ကျွန်တော်တို့ ဟိုတယ်မှ အခန်းကျယ်ကြီး တစ် ခန်း ကို စက်တင်ဘာ ၁ ရက် ယခု သောကြာနေ့ကစပြီး နှစ်လငှားရန် လူကြီးမင်း၏ ကြိုတင် မှာကြားချက် အတိုင်း စီစဉ်ထားပါတယ်၊ ထပ်မံ အတည်ပြုပေးပါ ... လ တဲ့၊ အောက်က လက်မှတ်ထိုးထားတာကတော့ " အက်စ်မွန်တယ်ဘန်း၊ မန်နေဂျာ။ ရီယိုအော်သွန်နန်းတော်ဟိုတယ်၊ ကိုပါကာဘားနားကမ်းခြေ၊ ရီယိုဒီဂျနေ ရိုမြို့၊ ဘရာဇီးနိုင်ငံ ".... တဲ့၊ ဒါ မင်းကြိုတင်မှာထားတဲ့ အခန်းမဟုတ်လားဂျိုး ...၊ ဒီအခန်း မင်းအတွက် မလို တော့ ပါဘူးကွာ .... "
----------------------
ဆက်ရန်
.

3 comments:
ဘာတွေလုပ်နေမှန်းမသိဘူး
အလုပ်တွေတော့ရှုပ်နေတာပဲ...ဒါကြောင့်ဒီနေ့မှ
အပိုင်း ၃ ပိုင်းပေါင်းဖတ်ရတယ်အမရေ.....
စာကြွေးတင်နေလို့.................
လှလိုက်တဲ့အကွက်တွေ........တော်တော်ဥာဏ်ပြေးတဲ့ထရေစီပဲဗျို့......
ဒီလောက် ဥာဏ်ကောင်းတဲ့သူ ဘာလို့  ကမူးရူးထိုး လုပ်ခဲ့သလဲ မသိဘူး။ ခုပုံမှန် ပြန်ဖြစ်သွားပြီထင်တယ်။ အင်းလေ ဝတ္ထူလိုပဲ ဖတ်ပါတော့မယ်။
Post a Comment