ငါတို့က ပင်လယ်နဲ့နီးတော့ ဘာမှ မယူနိုင်ခဲ့ဘူး၊ ကလေးတွေတောင် မနည်းပါအောင် ဆွဲလာရတာ၊ နို့ နင်ကလေး နှစ်ယောက်တောင်လား။
ဒီကလေးမ က ဦးအလျောင်ကလေး အစ်ကိုကြီးရယ်၊ ဦးအလျောင်များ မတွေ့မိဘူးလား။
အလျောင် တော့ မတွေ့မိဘူး၊ အ၀ိန်တို့ မိသားစုတော့ တွေ့တယ်။
အ၀ိန် မှာလည်း တရုတ်ဖြစ်၏။
အဖိတ်အစဉ်တော့ မရှိဘူးမဟုတ်လား။
အဖေက မေး၏။
မရှိပါဘူး၊ ပြည့်စုံပါတယ်။
လဲကျနေသော ပင်လယ်ကဗွီးပင် တစ်ပင်နားက ဖြတ်လျှောက်လာကြသည်။ သဲချောင်းထဲတွင် ဘကြီး အကိုင်း တို့ မိသားစုနှင့် ဆုံမိကြ၏။ အမေ့ကိုမြင်သည်နှင့် ဒေါ်ဟီရန် အော်ငိုတော့၏။ ဘကြီးအကိုင်း ကို မမြင်မိသော အမေက မျက်နှာပျက်သွားသည်။
အစ်ကာအနိုင်း ကော၊ အစ်ကာအနိုင်း ကော။
ဒေါ်ဟီရန် က ခေါင်းခါပြသည်။ ဦးဂျလားက ဆလုံစကားနှင့် ဒေါ်ဟီရန်ကို နှစ်သိမ့်စကားဆိုသည်။
ပြန်လာရင် ပြန်လာဦးမှာပေါ့ ဟီရန်ရယ်...ဧကန်ဧက နင်တို့သိလို့လား။
ဒေါ်ဟီရန် က ခေါင်းခါပြသည်။ အမေက ရုတ်တရက် ငိုင်သွား၍ အားကိုးစရာဆို၍ အမေတို့အမျိုးတွင် ဤဦးကြီးအကိုင်း တစ်ယောက်သာ ရှိတော့၏။ ပင်လယ်ပြင် ထွက်သော ယောက်ျားသားအားလုံးကို ပင်လယ်နတ် က သတ်ပစ်လိုက်ပြီဟု ဆို၏။ ယခု ဘကြီး ကို ရှာမတွေ့သေးဟု ဆိုသောအခါ အောင်တိုင် ပင် မျက်ရည်ဝဲသွား၏။ အဖေ ကတော့ လုံးဝစကား မဟတော့။ ရွာဘက်သို့သာ ငေး၍ ရှေ့ကလျှောက် နေ၏။
သဲချောင်း၏ ရွာဘက်အထွက် သောင်ခုံတွင် အမျိုးသားကြီး သုံးလေးယောက် စုနေကြသည်ကို လှမ်းမြင် ရ၏။ သူတို့ အမူအရာ ကို မြင်ရသည်မှာ ထူးခြားနေ၏။
ဘာလဲဟေ့၊ ဘာထူးလဲ။
အဖေ က လှမ်းအော်မေး၏။
အလောင်းတစ်လောင်း မြုပ်နေတာတွေ့လို့ ဖော်ကြည့်နေကြတာဗျို့။
ဒေါ်ကြီးဟီရန် က အော်ငို၍ ရှေ့ဆုံးက ပြေးသွား၏။ သူ့နောက်ကို အားလုံးပြေးလိုက်ကြသည်။
အလောင်း ကို ဖော်ထားကြပြီး သဲတွေကိုပွတ်၍ မည်သူမည်ဝါမှန်း သိရန်မျက်နှာကို ကြည့်နေကြ၏။ ဒေါ်ကြီးဟီရန် က လူအုပ်ကို ဖောက်ဝင်သွားသည်။ ကိုယ်တုံးလုံးဖြစ်နေသော အလောင်းကောင် ကို မှောက်လှန် ပွတ်သပ်၍ ကြည်၏။ ခေါင်းယမ်းပြသည်။ ဦးကြီးအကိုင်း ၏ အလောင်းမဟုတ်။ မည်သူမှလည်း ဟုတ်တိ ပတ်တိ မသိကြ။ နောက်မှရပ်နေသူ ဦးဂျလားအား မမြင်မိသောလူရွယ် တစ်ယောက်က ဟို ဆလုံကြီး ဗျာ မြစ်နားကမ်းကြီးဘက်က ဦးဂျလား ဟု အတိအကျ သိဟန်နှင့် ဆို၏။
နင့် အမေကလွှား ဟုတ်မယ်၊ ငါက သေပြီး ဖုတ်ဝင်လာရဦးမှာလားဟ။
ဦးဂျလား က ပါးစပ်ထဲရှိ ဆေး.ငုံဖတ် ပလုတ်ပလောင်းနှင့်ပြော၏။
ရယ်စရာ ကောင်းသော်လည်း မည်သမျှ မရမယ်ကြ။ ပြောလိုက်သူ လူရွယ်ကလည်း သြော်ဟုသာ အားနာစွာ ဆိုလေသည်။
"ကဲ ပြန်မြှုပ်ထားကြဦး၊ ငှက်တွေ စိတ်ချရတာ မဟုတ်ဘူး"
ဦးဂျလား က ကောင်းကင်မော့ကြည့်၍ ပြော၏။
အ၀တ်မပါသော အလောင်းကို မည်သူမျှ မရုက်နိုင်ကြ။ အမျိုးသားကြီးတွေက သဲထဲပြန်မြုပ်ကြ၏။ လင်းတရန်ကို ကြောက်၍ ယာယီမြှုပ်ထားကြ ခြင်းဖြစ်သည်။
လင်းတမောက်နီများသည် ကောင်းကင်တွင် လှည့်ပတ်ဝဲနေကြသည်။
နောက်ရှာဖွေ၍ မရသော အလောင်းများကို သဲချောင်းနားတစ်ဝိုက်၊ မျှော်ဦးတောင်ခြေ သစ်တော ချုံဖုတ်များတွင် ဤလင်းတတို့၏ နားရာကျရာကို ခြေရာခံ၍ ရှာကြမည်ဟု သိရသည်။ ယခုတော့ ကာလမကြာသေးသည့်အပြင် သွားရင်းလာရင်း ကြုံ၍ တွေ့ခြင်းသာ။ လူစု၍ ရှာကြရန် ရွာထဲကိုပင် မည်သူမျှ မရောက်ကြသေး။ အလောင်းကို ယာယီမြေမြှုပ်ထားခဲ့ကြ၏။ မြေမြှုပ်ထားသော အလောင်းကို လင်းတများလည်း လောလောဆယ် မသိနိုင်သေးပေ။
ရွာဘက်သို့ ဆက်လာကြ၏။
ရှေ့က သွားနေသော ဦးထော်လ သမီးကြီးနော်ရာက လန့်အော်သည်။
"ဘာလဲဟ၊ ဘာလဲ"
"လူ...လူသေ"
တစ်ယောက် နှင့် တစ်ယောက်မှာ နီးနီးလေး လျှောက်နေကြသဖြင့် ချက်ချက်စု၍ ရောက်သွားကြပြန်၏။
အလောင်း မှာ ဒူးခေါင်းတစ်ဖက်သာ ပေါ်နေသည်။ လှိုင်းရိုက်နှက်ထားခဲ့သဖြင့် သဲထဲမြှုပ်နေ၏။ အမျိုးသားကြီး တွေက တူးယက်ကြပြန်၏။ အောင်တိုက် ကို ချ၍ အဖေပါ ၀င်တူးယက်သည်။ ဦးကြီးအကိုင်း များလား ဟု ထင်ပုံရ၏။
ရွာမှ လူသေသည်ဟု ပြောသံကြားလျှင် ထိုအိမ်နားသို့ တစ်လကိုးသီတင်း မသွားရဲသော အောင်တိုင်မှာ ယခု အခါ လူသေကို မျက်စိရှေ့တွင် မြင်နေရသော်လည်း ကြောက်ရမှန်း လန့်ရမှန်း မသိတော့။ စိတ်ထဲက တစ်မျိုးကြီး ဖြစ်သွားသည်။ တစ်ကိုယ်လုံးလည်း နွမ်းနယ်နေသဖြင့် ကိုယ့်ဒုက္ခနှင့်ကိုယ် ဖြစ်နေကြ၏။
အလောင်းပေါ် လာသော်လည်း မည်သူမှန်း မသိကြ။ ရေ၀၍ အလောင်းမှာ ဖူးရောင်နေသည်။ အရေခွံ တွေ ကလည်း ညိုမည်းနေ၏။ သဲတွေနှင့် ကျီးပေါင်းတက်နေသည်။ ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ညီအစ်ကို မောင်နှမ လင်မယားအမိအဖတို့သာ အမှတ်အသားကို ကြည့်၍ သိနိုင်ကြလိမ့်မည်။ ပထမအလောင်းကိုပင် ယာယီ သဲထဲ ၌ မြှုပ်ထားကြ၏။
ရွာဘက် သို့ လှမ်းတက်လာကြသည်။
ရွာကို လှမ်းကြည့်၍ အားလုံး ရင်ဆို့သွားကြသည်။ သက်ပြင်းရှိုက်သံများ ပဲ့တင်ဟည်းသွားသည် ထင်လိုက် ရ လေ၏။

၇။
ရွာကိုမြင်ရသည်မှာ ကြေကွဲစရာကောင်းလှ၏။ ယခင်က တစ်အိမ်နှင့်တစ်အိမ်ကို ကြည့်မြင်ခဲ့၏။ အိမ်တိုင်း အိမ်တိုင်း ကြားတွင် ပင်လယ်ကဗွီးပင်၊ အုန်းပင်၊ ဆီးချုံ၊ စံပန်းတောတွေ ခံနေသဖြင့် ကြည့်မမြင်ရ။ ယခုတော့ ဟင်းလင်း ပွင့်နေ၏။ ရွာအရှေ့မှ အနောက်တိုင် ဖောက်မြင်နိုင်၏။ သစ်ပင်အုန်းပင်ဆို၍ များများ မမြင်ရတော့။ မလဲနိုင်သော ပင်လယ်ကဗွီးပင်အချို့ကို ခါးတစ်ဝက် မြှုပ်၍ တွေ့ရ၏။ အရွက် ဆို၍ကား တစ်ရွက်မှမရှိ။ လူတစ်ရပ်ခန့်သာ မြင်သောအုန်းပင်ပျိုမှာလည်း လည်ပင်းအထိ သဲဖုံးထား၏။ လေကာကျောက် တွေမှာလည်း တစ်ဝက်ခန့် မြှုပ်နေသည်။ အိမ်များ၏ ပုံသဏ္ဍာန်ကို သူ့အိမ်ကိုယ့်အိမ် မမှတ်မိကြတော့သဖြင့် လေကာလေခံကျောက်တုံးကြီး များကိုအလျင်ရှာ ကြည့်ကြရသည်။ မိမိအိမ်နားက လေခံ ကျောက်တုံးကြီး များကို လူတိုင်း မှတ်မိ ကြသည်။ ဘယ်သူ့အိမ်နားက ဘယ်ကျောက်တုံးနှင့် ခြေလှမ်း ဘယ်လောက်ကွာသည်ကို ပင် မှတ်မိ ကြသည်။
အရေးကြီးဆုံး အဓိကပြဿနာမှာ သောက်သုံးရေပင် ဖြစ်၏။ နေကလည်း ပူလာပြီ။ လောလောဆယ် သောက်ရေ မရှိ၊ ရေတွင်းတွေအားလုံးလည်း သဲဖုံးထားပြီ။ ခြံအစက ရေတွင်းတွေကို ဦးစွာ ရှာကြရမည်ဟု လူကြီးအချို့ က ဆိုသည်။ ဘယ်သူ့အိမ် ဘယ်သူ့ခြံတွင် ရေတွင်းရှိသည်ကို မေးမြန်းတိုင်ပင်ကြသည်။ ရွာမှာလည်း လူမစုံသေး။ မိသားစုမစုံသေး၍ သောကပရိဒေ၀မီး တောက်လောင်နေကြသော မိန်းမများ၏ ငိုယိုသံ များကို ဟိုအိမ်နား သည်အိမ်နားမှ တအီအီ ကြားနေရသည်။
"အောင်သိုက်၊ လောလောဆယ် ခြံထဲက အုန်းပင်တွေကို အလျင် ယက်တူးကြကွာ။ ကလေးတွေ ကို အုန်းရည် တိုက်ပြီး အုန်းဆံကျွေးထား၊ လူကြီးတွေလည်း အုန်းသီးစား၊ အုန်းရည်သောက်နေကြ ရမှာပဲ၊ ငါလည်း ငါ့အိမ်ဘက် သွားကြည့်လိုက်ဦးမယ်"
ဆလုံကြီး ဦးဂျလားက ဤမျှသာ ပြောပြီး သူ့အိမ်ရှိရာ ရွာနောက်ပိုင်းဘက် ထွက်သွားလေသည်။ ဆေးတစ်ငုံေ ပးပါဦး ဟု အမေ့ဆီက တောင်းသွား၏။
ဦးဂျလား သတိပေးသွားမှ အောင်တိုင်က ပို၍ ရေသောက်ချင်လာသည်။ မေသူမှာမူ သူ့အဖေကိုလည်း မတွေ့သေး သဖြင့် အမေချထားသော အိမ်ပျက်ရှေ့မှာပင် ပက်လက်ကလေး လှဲနေ၏။ ယခင်က လူကြီး ခါးစောင်းလောက် မြင့်သော အိမ်ခြေတွေမှာ ယခုအခါ နိမ့်နိမ့်ကလေး ဖြစ်နေ၏။ အမိုး၊ အကာ၊ အခင်း၊ အားလုံးပြိုပျက်နေသည်။
"ဟဲ့သား အောင်တိုင်၊ မေသူ့အနားမှာပဲနေ၊ အားငယ်နေလိမ့်မယ်" ဟု အမေကပြောသည်။
"အမေတို့ ဘယ်သွားဦးမလို့လဲ"
သားတို့စားဖို့ အမေတို့ အုန်းသီးတွေ သွားဖော်ဦးမယ်"
"မြန်မြန်လုပ်ပါ အမေရာ၊ ရေသိပ်ငတ်တယ်ဗျာ၊ ပင်လယ်ထဲက ရေပဲဖြစ်ဖြစ် ခပ်ပေးပါ။ သောက်မယ်"
ရေဟူသော အသံကြားလိုက်သဖြင့် မေသူကလည်း ခေါင်းထောင်ကြည့်၏။ သို့သော် အမိအဖမဟုတ်သဖြင့် သူက အလောသုံးဆယ် မပူဆာရဲ၊ မျက်လုံးအစုံကသာ အရောင်လဲ့လဲ့ တောက်သွား၏။ တစ်ဖက်သို့ လှည့် ၍ ရှိုက်ငိုနေသည်။
"မငိုနဲ့ဟာ၊ အတော်ကြာ ရေသောက်ရတော့မယ်"
အောင်တိုင်က မေသူ၏ အနားတွင် လှဲချလိုက်သည်။ စကားလုံးဝမပြောဘဲ အောင်တိုင်၏ မျက်နှာကို အကြာကြီးကြည့်နေ၏။ အောင်တိုင်ကလည်း သူ့ကိုဘာပြန်ပြောရမှန်းမသိ။ ကြောင်ကြည့်နေ၏။ သူ့ကိုယ်ပေါ် နေပူတစ်ခြမ်းကျလာသဖြင့် မေသူနား တွားတွားလိုက်သည်။ မေသူက သူ့လက်ကို လှမ်းကိုင် သည်။ မေသူ၏ လက်ချေင်းကလေးတွေ ပျော့ဖတ်နေ၏။ ညကလို ပူနွေးမနေတော့။ မေသူ၏ မျက်ခွံပိတ် သွားသည်။
အောင်တိုင်လန့်သွား၏။ ကောင်မလေးတော့ သေပြီဟု ထင်လိုက်သည်။ စောစောက တွေ့ခဲ့ရသော လူသေ ကောင် တွေကို မြင်မိသွားသည်။
"အဖေ....အမေ"
အောင်တိုင် ကုန်းထ၍ လှမ်းအော်၏။
"ဘာလဲ သား"
"တရုတ်သမီး သေသွားပြီဗျ"
မေသူ ဟူသော ကောင်မလေးနာမည်ကို သူစိတ်စွဲမမှတ်မိသေး။ ထိတ်ထိတ်လန့်လန့်နှင့် တရုတ်သမီး ဟုသာ အော်ပြောလိုက်၏။
အုန်းသီးတူးဖော်နေကြရာမှ အဖေရော အမေပါ ပြေးလာကြသည်။
"ငါမသေပါဘူး"
မေသူက မျက်လုံးကို မဖွင့်ချင်ဖွင့်ချင် ဖွင့်ကြည့်၍ ပြော၏။ သူထထိုင်ပြီးကြောက်နေ၏။ သူ့စိတ်သည် အကြီးအကျယ် ချောက်ချားနေ၏။ အဖေအမေတို့နှင့် တွေ့နေရပြီး မိမိရွာ မိမိအိမ်ကို ရောက်နေပြီး ဖြစ်သော်လည်း မိမိအိမ်မိမိရွာဟု သူ့စိတ်ထဲ မထင်မိ။ သူနှင့် လုံးဝမကျွမ်းသော အရပ်တစ်ပါးသို့ ရောက်နေ သလို ခံစားနေရသည်။ မုန်တိုင်းတိုက်သွားသည်မှာလည်း မနေ့က မဟုတ်ဘဲရက်ပေါင်းများစွာ ကြာလေပြီ ဟု ထင်နေသည်။ စိတ်ထဲမှာ ဆောက်တည်ရာမရ ဖြစ်နေ၏။
အိမ်ရှေ့ အဖီပျက်ထဲ ချထားသော မေသူကို အမေနှင့် အဖေက ခါးကုန်း၍ ငုံ့ကြည့်ကြ၏။
"ကျွန်မ မသေသေးပါဘူး ဦးရယ်"
လေသံယဲ့ယဲ့ နှင့် မေသူကပြော၏။
အမေ အဖေတို့ကို မျက်ခွံတစ်ချက် ပွင့်ကြည့်၏။
"မင်းကတော့" ဟုအဖေက ဆို၏။
"သမီးလှဲနေနော်၊ အုန်းသီးရတော့မယ်၊ သမီးတို့ရေသောက်ရတော့မယ်"
မေသူက ခေါင်းညိတ်ပြ၏။ အောင်တိုင်က ယခုထိ မေသူ၏ မျက်နှာကို ကြောင်ကြည့်နေတုန်း။
အမေအဖေ တို့ အုန်းသီးဖော်ရန် ပြန်ထွက်သွားကြ၏။ လှဲနေလေသားဟု အမေက ဆိုထားထဲ့သည်။
မေသူ အနားတွင် လှဲအိပ်ရမှာ သူကြောက်နေသည်။ ဘာကြောင့်ရယ်မသိ။ ငါသူ့အနား လှဲအိပ်နေရင် ကောင်မလေး က ငါ့လက်လာကိုင်တော့မှာပဲ၊ ညကလည်း သူတစ်ညလုံး င့ါလက်ဆွဲထားတယ် ဟု တွေးမိ သွား၏။
မေသူ လက်လှမ်းမမှီရာသို့ ရွေ့၍ လှဲနေလိုက်၏။ မေသူက သူ့ကိုလှမ်းကြည့်သောအခါ ပြန်၍ မကြည့်ဝံ့။ မျက်လုံးကို မှိတ်ထားလိုက်၏။ မေသူ့လက်တစ်ဖက်က သူ့ဆီလှမ်းနေသည်ဟု မြင်ယောင်မိနေသည်။
မေသူကို အမေက ရင်ခွင်ထဲပွေ့ထား၏။ အောင်တိုင်ကို အဖေကပွေ့ထားသည်။ အုနးသီးရည် အနည်းငယ် စီ တိုက်၏။
"ပေးပါဦး အဖေ၊ ကျွန်တော် မ၀သေးဘူး"
"တစ်ခါတည်း အ၀မသောက်ရဘူး သားရယ်၊ အူကျဉ်းနေတယ်၊ နည်းနည်း နည်းနည်းစီပဲ သောက်ရ တယ်နော်"
မကျေမနပ်နှင့် အဖေ့မျက်နှာကို တစ်ချက်မော့ကြည့်၏။
မေသူကတော့ ဘာမှမပူဆာ။ အမေတိုက်သလောက်သာ သောက်၏။ အုန်းရည်အနည်းငယ်စီ သောက်ပြီး ကြ သောအခါ အုန်းဖူးကို ပေါက်ခြမ်းထားသော အုန်းသားတစ်ခြမ်းစီကို ပေး၏။
"၀ါးထားနော် ချက်ချင်းမျိုမချနဲ့၊ ဒါ ၀ါးရင် ရေငတ်ပြေတယ်"
အမေအဖေတို့ ပြောသကဲ့သို့ အုန်းဖူးဖတ်ကို ၀ါးနေကြရသည်။ အုန်းဖူးအဖတ် နုနုကလေးက အလွန် ၀ါးကောင်း ၏။ ချိုဆိမ့်သော အရသာလည်း ပါသဖြင့် အောင်တိုင် မျိုချလိုက်၏။
ပေးပါဦးဟု ထပ်တောင်းသောအခါ ကြည့်စမ်း နင်မျိုလိုက်ပြီမဟုတ်လားဟု အမေက ဆိုသည်။ အဖေ ကတော့ အောင်တိုင့် မျက်နှာ ကို ငုံ့ကြည့်၍ ပြုံးနေ၏။
လက်ညှိုး ချောင်း လောက်ရှိသော အုန်းသီးဆံခြမ်း တစ်ယောက်တစ်ခြမ်းစီ ပေးပြန်၏။ ၀ါးပြီး အရည်ပဲ စုပ်နော်၊ အဖတ်ကို မျိုမချနဲ့ ဟု အဖေကပြောသော်လည်း စိတ်ကို ထိန်းမရသဖြင့် အောင်တိုင်က တစ်ဝက် သာ ထွေးထုပ်ပြီး တစ်ဝက်ကို မျိုချနေမိသည်။
ကလေးတွေကို ကြည့်ထားနှင့်၊ ကျွန်မအိမ်ပေါ် တက်ကြည့်ဦးမယ်ဟု ပြောပြီး အိမ်ပြိုကြီးထဲ အမေ ၀င်သွား၏။ မေသူက အမေကချထားခဲ့သော သဲပေါ် ထိုင်ကာ အုန်းသီးခြမ်း ၀ါးနေ၏။
"ကျုပ်ခုတ်ထားခဲ့တဲ့ အုန်းသီးခိုင်ရှိသေးတယ်တော့၊ အမယ်လေး အစက၀င်မကြည့်မိဘူး၊ အုန်းသီးတစ်လုံး ရဖို့ အရေး ပင်ပန်းလိုက်တာ"
"ဆန်ပုတ်ထဲလည်း သဲတွေပြည့်သွားတာပဲ။ စောစောထုတ်လှမ်းကြမှ ဖြစ်မယ်၊ အကုန်ဆားငန်ရည် တွေ စိုကုန် တာပဲ"
"ဖြည်းဖြည်း လုပ်ကြတာပေါ့ကွာ" ဟုအဖေက လှမ်းပြော၏။ အဖေလည်း အုန်းသီးခြမ်းတွေ ၀ါးစားနေ၏။
အမေပြန်ဆင်းလာသည်။ လက်ထဲမှာ မြေစလောင်းဖုံးတစ်ခု ကိုင်လာ၏။ အောင်တိုင်တို့ရှေ့မှာ ချသည်။ ၀ါထိန်နေသော ဆန်စေ့တွေကို ခုနစ်စေ့ရေ၍ ပါးစပ်ဟ သမီးဟု ပြောကာ မေသူ၏ ပါးစပ်ထဲ ထည့်လိုက်၏။ မေသူမျက်နှာရှုံ့မဲ့သွား၏။ အ၀ါးတော့မပျက်။
"၀ါးပြီး မျိုချလိုက်နော်သမီး"
"ဟုတ်ကဲ့"
အောင်တိုင်ဆီသို့ လက်လှမ်းလာပြန်၏။ ပါးစပ်နား အမေ့လက် ရောက်လာသည်နှင့် နနွင်းနံ့က နှာခေါင်းထဲ ထောင်းခနဲ ၀င်လာ၏။
"ပါးစပ်ဟစမ်း"
"နနွင်းစော် နံတယ်ဗှ"
"နံ နံ ၊ ဟဆို"
"ဟလိုက်လေသား၊ ဒါကဆေးသားရယ်"
အဖေကပါ ပြောသဖြင့် ပါးစပ် ဟပေးလိုက်သည်။ အမေက နနွင်းဆိုးထားသော ဆန်စေ့တွေ ပါးစပ်ထဲ ထည့် လိုက်သည်။
"၀ါးပြီး မျိုချလိုက်"
"ဖြီ....... "
အောင်တိုင်က ချက်ချင်း ထွေးထုတ်ပစ်လိုက်သည်။
မေသူက အောင်တိုင့်ကို အထိတ်တလန့် မျက်လုံးပြူးကြည့်နေ၏။
"အ၀ဇာတသား၊ တွေ့လား ရှင့်သားလုပ်တာ"
အမေက ခေါင်းတစ်ချက် ခေါက်၏။ အဖေကလည်း သူ့ကို စိတ်ဆိုးသွားသည်။ စိန်းစိန်းကြီး ကြည့်နေသည်။
"အလို လိုက်ရင် အမိုက်စော်ကားတယ်၊ ဟစမ်းဟဲ့"
နောက် နနွင်းဆိုးဆန် ခွံရန်ပြုပြင်၏။
"နနွင်းစော်လည်း နံတယ်၊ သလဲတွေလည်း ပါတယ်ဗျ"
"အုန်းသီးခိုင် တွေ့တယ်ဆိုအနိုင်း၊ အုန်းသီးရည်နဲ့ ဆန်ကို စင်အောင်မဆေးခဲ့ဘူးလား"
"ဘာအရေးဖြစ်မယ်မှန်း မသိသေး၊ ချက်ချင်း သုံးပစ်ရမလားတော်..... " ဒီကောင်လေးဟာ ခေါင်းကို မာတယ်။ မေသူဝါးမျိုချလိုက်တာ တွေ့တယ်မဟုတ်လား။ ဘာဖြစ်လဲ ဟစမ်းဆို ပါးစပ်၊ ငါနင့်ပါးစပ်ကို လက် နဲ့ ဖဲ့ပစ့်ရမလား"
အဖေကပါ ဟလိုက်လေသားဟု ဆိုပြန်သဖြင့် ပါးစပ်ဟပေးလိုက်၏။ အုန်းသီးခြမ်းဝါးထားသော အရသာတွေ အကုန်ပျောက်ကုန်၏။ ဆန်စေ့တွေနှင့် ရောနေသော သလဲတွေကို တကျီကျီ ကိုက်မိသည်။ ထွေးမထုတ်ရဲတော့။ သွားကို ဖွဖွလုပ်၍ ၀ါးနေရ၏။ ဆန်စေ့ဝါးရသည်မှာ ဘယ်လိုမှ အရသာမတွေ့မိ၊ နံ၍ခါးနေ၏။
မေသူကို လှမ်းကြည့်သောအခါ မေသူက သူ့ကိုပြန်ကြည့်ပြီး ဆန်စေ့မြုံ့နေ၏။ အမှန်က သူလည်း ခါးသော အရသာ နှင့် နံသော အနံ့အသက်ကို လိုလားမည်မဟုတ်။ သို့သော် သူ့လိုမိရင်းဖရင်း မဟုတ်သဖြင့် သူ့ခမျာ ငြိမ်နေသည်။
"တော်ပြီသမီး မျိုချလိုက်တော့" ဟုပြောပြီး အဖေက မေသူကို အုန်းသီးရည် အနည်းငယ်ထပ်တိုက် ၏။ အုန်းသီးခြမ်းလည်း တစ်ခြမ်းထပ်ပေးသည်။
"ကျွန်တော်လည်း မျိုချလိုက်ပြီအမေ" ဟုပြောသောအခါ အမေက ပြုံးလေသည်။ အဖေက သူ့ကို အုန်းသီးရည်တိုက်၏။ အုန်းသီးခြမ်း တစ်ဖဲ့ထပ်ပေးလေ၏။
"ဟာ ...အစ်ကိုကြီး"
အဖေ ၀မ်းသာအားရ အော်လိုက်၏။
ဦးကြီးရှိန် သည် သူတို့ရှိရာသို့ လာနေ၏။
"ပြည့်ပြည့်စုံစုံပဲ မဟုတ်လား"
ဦးကြီးရှိန်က ခေါင်းယမ်း၏။ မျက်နှာလည်းပို၍ ညှိုးသွား၏။ အနားတွင် မတ်တတ်ရပ်နေသည်။
အမေအဖေတို့မှာ ဆက်မေးရန် ၀န်လေးသွားပုံရ၏။ အဖေက ကိုင်ထားသော အုန်းသီးခြမ်းကို လှမ်းပေးသည်။
"အနိုင်း...မင်းအုန်းခိုင် ရှိတယ်ဆို၊ အစ်ကိုကြီးအတွက် တစ်လုံးဖောက်လိုပါ"
"မရွှေအုပ် တော့ အလောင်းပဲ တွေ့တယ်အောင်သိုက်ရယ်....ကံပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ"
ဒေါ်ရွှေအုပ် မှာ ဦးကြီးရှိန်၏ ဇနီးဖြစ်၏။
"လောလောဆယ် ရေက အရေးကြီးတယ်အောင်သိုက်ရယ်၊ အဲဒါခြံစက ရေတွင်းယက်ဖော်ကြမလို့ လာခေါ်တာ၊ ဦးကံထော်တို့ မိသားစုကလည်း ကလေးနှစ်ယောက် ရှာမတွေ့သေးဘူးတဲ့၊ နို့ဒီကလေးမ ကကော"
"ဦးအလျောင်သမီး လို့ ပြောတယ်၊ ဟုတ်တယ်နော် သမီး"
မေသူက ခေါင်းညိတ်ပြသည်။
"ဒီလောက်ဆိုးတဲ့ အဖြစ်ကျုပ်တစ်သက် တစ်ခါမှမကြုံဖူးပါဘူး အောင်သိုက်ရယ်" ဟုပြောပြီး မြိတ်သားကြီး မျက်ရည် ကျနေ၏။
ငို၍အမျိုးသမီးတစ်ယောက် ၀င်လာပြန်သည်။ သုံးအိမ်ကျော်က အပျိုကြီးအဲဖွား၊ မိဘညီအစ်ကို မောင်နှမ မရှိ၊ ဆွေမျိုးလည်းမရှိ၊ တစ်ယောက်တည်းနေသူ။
ရုတ်တရက် ဘယ်သူမှ မမေးရဲ၊ သူ့မျက်နှာကိုသာ လမ်းကြည့်နေကြသည်။
"ကျုပ်ဘယ်သူ့ အားကိုးရတော့မလဲ အစ်ကိုကြီးရယ် ဟု ဦးကြီးရှိန်ဆီ ပြေးဝင်၍ ငို၏။ သူ့ပုံကို ကြည့်ရသည် မှာ လူဆို၍ တစ်ဦးတစ်ယောက်ကိုမှ မတွေ့မမြင်ရဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ရသည်နှင့်ပင် တူနေ၏။
မြိတ်သားကြီး ဦးရှိန် က အပျိုကြီးကို ပြန်မဖက်ရဲ၊ ကျောက်ရုပ်လိုတည်၍ပြော၏။
"အဲဖွားက ဟိုတုန်းကပင် တစ်ယောက်တည်းနေ.....
"ကျုပ်ခွေးတွေ တစ်ကောင် မှ မရှိတော့ဘူးအစ်ကိုရဲ့"
"အိုဗျာ ခွေးတွေ မသေနိုင်ပါဘူး၊ ပြန်လာကြပါလိမ့်မယ်"
"ကျုပ်အိမ်လည်း ပျက်စီးငါးပါးတိုင်နေပြီးတော့" ဟုအရှက်ပြေပြောကာ တစ်စုံတစ်ခုကို သတိရသလိုနှင့် ငိုပြီး ပြန်ထွက်သွား၏"
ဦးကြီးရှိန် က ပါးစပ်ထဲ သွင်းထားမိသော အုန်းသီးစိတ်ကို ခုမှဆက်ဝါး၏။ အမေပေးသော အုန်းသီးရည်နှင့် မျှောချသည်။ အဖေ့ကို ခေါ်ကာရေတွင်းဖော်ရန် ထွက်သွားကြ၏။
အဖေနှင့် ဦးကြီးရှိန်တို့ ရေတွင်းဖော်ရန် ထွက်သားကြကတည်းကပင် မေသူ မျက်နှာမကောင်း။ ဦးကြီးရှိန်ကမေသူအား ဘယ်သူ့ကလေးလဲဟု မေးတော့မေး၏။ ဦးအလျောင်သမီးဟု ပြောသောအခါ ဦးကြီးရှိန်က ဘာမှဆက်မမေးတော့။ ဒီလောက်ဆိုးတဲ့အဖြစ် ကျုပ်တစ်သက် တစ်ခါမှမကြုံဖူးဘူးဟုသာ ပြောသွား၏။ ဦးအလျောင်သေပြီဆိုသည်ကို သိ၍ လူကြီးတွေက ဆက်မပြောကြခြင်းသာဟု အောင်တိုင် တွေး နေသည်။ အလျင်က အောင်တို့အဖေသည် တွေ့သူ တိုင်းအား ဦးအလျောင်ကို မေးနေကျ မဟုတ်ပါလား။
အောင်တိုင်တွေးမိသလို မေသူလည်း တွေးမိနေပုံရ၏။ အုန်းသီးစား အုန်းရည်သောက်ရသော် လည်း သူ့မျက်နှာ လန်းမလာ၊ အညှိုးကြီး ညှိုးနေ၏။ အောင်တိုင်သည် မေသူကို သနားနေမိသည်။ ပို၍လည်း ဂရုစိုက် မိ၏။ မေသူကမူ စကားဟဟမပြော။ အမေက ကျွေးလျှင်စားသည်။ ဒီမှာနေဟု ဆိုလျှင် နေ၏။ အမေ က အိမ်ပျက်ထဲ ၀င်၍ ရှင်းလင်းနေ၏။
"ဘယ်လဲ မေသူ"
ရုတ်တရက် ထလိုက်သဖြင့် အောင်တိုက်က မေး၏။
မေသူက အောင်တိုင်ကိုပြန်ကြည့်သည်။ နှုတ်တုံ့မပြန်၊ မတ်တတ်ရပ်၍ ဟိုဟိုဒီဒီ မျက်လုံးကစားနေ ၏။ အောင်တိုင် ကလည်း ဆက်မမေးရဲ၊ မေသူ၏အရိပ်အခြည်ကိုသာ ကြည့်နေ၏။
အိမ်နောက်ဘက်ရှိ လေကာကျောက်တုံးကြီးဘက် မေသူထွက်သွားသည်။ အောင်တိုင်လည်း ဆီး သွားချင်စိတ် ပေါက်လာ၏။ စိတ်ထဲ မည်သို့ဖြစ်နေသည်မသိ။ အလေးအပေါ့သွားရန်ကိုပင် တစ်စုံ တစ်ယောက် ပြုလုပ်မှ သတိရတော့သလို ရှိသည်။
အောင်တိုင်က အိမ်ရှေ့ရှိ ပင်လယ်ကဗွီးပင်နား ထွက်လာသည်။ လူကြီးတွေအတွက်တော့ ချေးပါ သေးပေါက် ပင် ခက်လေပြီဟု ထင်၏။ သစ်တောချုံဖုတ်ဟူ၍ ဘာမှမရှိတော့။ ခါးလောက် ပေါင် လောက်မြင့်သည့် ကဗွီးပင်ပျိုတွေနှင့် အုန်းပင်ခေါင်းတုံးတို့သာ ကျိုးတိုးကျဲတဲရှိတော့၏။ သစ်ရွက် ဆိုသည်မှာ မူး၍ပင်ရှူစရာမရှိ၊ အုန်းလက် အကျိုးအကျေများလည်း စုတ်ပြတ်၍ခြောက်သယောင်း လိုက်နေ၏။ ရွာထဲ၌ လူတွေအားလုံး၏သွားလာ လှုပ်ရှားမှုမှန်သမျှကို တစ်နေရာတည်းက ထိုင် ကြည့်ရုံနှင့် မြင်ရ၏။ တစ်ရွာလုံးတွင် အတားအဆီးဆို၍ လေကာကျောက်တုံးကြီးတွေသာ ထီးထီး မားမား ကျန် တော့သည်။
မေသူနှင့် အောင်တိုင်တို့သည် အိမ်ရိပ်ခို၍ သဲထဲတွင်ထိုင်နေကြ၏။ ရွာသူရွာသားတွေ၏သွားလာ မှုကို ငေးကြည့် နေကြသည်။ အလောင်းတစ်လောင်း ရွာထဲကထုတ်သွားကြသည်ကို မြင်လိုက်ရ၏။
နေမွန်းတိမ်းစတွင် ရေတွင်းသွားဖော်ရာမှ အဖေပြန်လာသည်။ အရူးကြီးရွှေဗန်၏အလောင်းကို ရွာ ထိပ် ပုန်းညက်ပင်ကြီး အောက်မှာ သဲဖုံး၍ တွေ့ရသည်ဟုဆိုသည်။ အင်း... ရွာခေါင်းလောင်းကြီး ဆုံးသွားရှာ ပကောဟု အမေက ညည်းတွားသည်။ ထိုနောက် ပျောက်သူ သေသူတွေအနက် အ လောင်းတွေ့သူများကို အဖေ က ဆက်ပြောသည်။ ဆယ်ယောက်ထက် မနည်းဟု သိလိုက်ရ၏။
မိုးချုပ် မှ ထမင်းနည်းနည်းစီ စားကြရသည်။ ထမင်းထဲတွင် သဲတွေပါသည်။ ရေကလည်း ငန်ညစ် ညစ်ဖြစ်နေသဖြင့် အုန်းသီးရည်ကိုသာ သောက်ကြသည်။
အမိုးအကာအားလုံး ကျိုးပေါက်နေသဖြင့် တစ်အိမ်လုံး လသာနေသည်။ အမေ၊ အောင်တိုင်နှင့် မေသူတို့ လရောင်ထဲတွင် ထိုင်နေကြ၏။ အဖေ့ကိုမူ အလောင်းမြှုပ်ရန်နှင့် ရပ်ကိစ္စ ရွာကိစ္စဆောင် ရွက်ရန် လာခေါ် သွားကြသည်။
အမေအဖေ တို့ ကွဲသွားသည်ကစပြီး မေသူနှင့် တွေ့ကြပုံ အမေအဖေ တို့ ပြန်ဆုံမိကြပုံကို အောင်တိုင် က ပြောပြနေသည်။
ဆက်ရန်
.
2 comments:
ဒုက္ခဆိုတာ မဖိတ်ခေါ်ပဲ ရောက်လာတတ်စမြဲပါ။
မိမိဘဝအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်သင့်တယ်ဆိုတဲ့ သံဝေဂယူသွားတယ် ညီမရေ။
ရွှေဗန်လည်းအရူးဆိုသည့်တိုင် ကြောက်လန့်စိုးရွံ့မှုတွေနဲ့ အဆုံးသတ်သွားရှာမှာပဲနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ချို့နေရာလေးတွေ ဖတ်နေရင်း ရင်ထဲမချိလိုက်တာ မမ...ကျေးဇူးပါလို့..
Post a Comment