Saturday, August 27, 2011

ဝင်းဖေ၀င်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၄)

(၂၇)
မဂျော်ကာတွင် သူတို့နှစ်ဦးတွေ့ဆုံရန် ဂန်သာယာတော့အား အကြံပေးခဲ့သူမှာ ထရေစီပင် ဖြစ်သည်။
ထရေစီသည် ပြင်သစ်နိုင်ငံ ဘာရစ်မြို့မှ မဂျော်ကာကျွန်း၏ မြို့တော်ဖြစ်သော ပယ်မာမြို့သို့ လေယာဉ် ဖြင့်သွားသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့က အနီရောင် အဆင့်ဖြင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေ တပ်လှန့်ထားကြောင်း သူမ ပယ်မာ မြို့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အာဏာပိုင်များက သိနေသည်။
ဆွန်ဗီဒါ ဟိုတယ်သို့ သူမသွားရောက်တည်းခိုသည့် အချိန်မှစ၍ သူမအား ၂၄-နာရီစလုံး အဖွဲ့ တစ်ဖွဲ့ဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်ရန် ရဲဘက်မှ စီစဉ်လိုက်သည်။
ပယ်မာမြို့မှ ရဲမှူးကြီး အာနက်စတိုမတ်သည် နိုင်ငံတကာ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီး ထရစ်နန့်အား တယ်လီဖုန်းဖြင့် ဆက်သွယ် အသိပေးလိုက်သည်။

" ထရေစီဝှစ်တနေဟာ ပြစ်မှုတွေကို တစ်ကိုယ်တော် ကျူးလွန်နေတဲ့ အမျိုးသမီးပဲ "
ထရစ်နန့်က ပြောသည်။
" ကျွန်တော်တို့ မဂျော်ကာကျွန်းမှာ သူ ပြစ်မှုကျူးလွန်ရင်တော့ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးဟာ ဘယ် လောက် မြန်တယ်ဆိုတာ သူ သိသွားစေရမယ် "
အာနက်စတိုက ပြန်ပြောသည်။

" မွန်စီယာ ကျွန်တော် ပြောချင်တာ တစ်ခု ရှိသေးတယ် "
" ပြောပါ "
 " ခင်ဗျားဆီကို အမေရိကန် ဧည့်သည် တစ်ယောက် လာလိမ့်မယ်၊ သူ့နာမည်က ဒင်ရနယ်ကူးပါးတဲ့ "
ထရေစီအား နောက်ယောင်ခံလိုက်နေသော စုံထောက်များက သူမ ရှုခင်းများ လျှောက်ကြည့်နေ သည် ကိုသာ တွေ့ရသည်။
သူမသည် နေရာအနှံ့ ရှုခင်းများ၊ ရဲတိုက်များကို လျှောက်ကြည့်သည်။
နွားရိုင်းသတ်ပွဲကြည့်သည်။ ထိပ်တန်းအကောင်းစား စားသောက်ဆိုင်များ၌ ညစာစားသည်။
အမြဲတမ်း သူမတစ်ယောက်တည်းကိုသာ တွေ့ရသည်။

သူမသည် ကမ္ဘာလှည့်ခရီးသည် တစ်ဦး အနေထက် မပိုကြောင်း စုံထောက်များက ရဲမှူးကြီး အာနက် စတို ကို အစီရင်ခံသည်။
" ဆရာနဲ့ တွေ့ချင်လို့တဲ့၊ အမေရိကန်ကလာတဲ့ ဆီညော်ဒယ်နရယ်ကူးပါး ဆိုတာပါပဲ "
ရဲမှူးကြီး၏ အတွင်းရေးမှူးက လူတစ်ဦးကို လာပို့ပေးပြီး ပြန်ထွက်သွားသည်။

ရဲမှူးကြီး အာနက်စတိုသည် အမေရိကန်များကို သဘောကျ နှစ်သက်သည်။ သူ့တွင် အမေရိကန်မိတ်ဆွေ အများအပြားရှိသည်။ သို့သော် ယခု ဒင်နယ်ရယ်ကူးပါးကတော့ တွေ့တွေ့ချင်း ဆောက်နှင့် ထွင်းလေပြီ။
" ခင်ဗျားတို့အားလုံး လူအ လူနတွေပဲ၊ သူ ဒီကို ကမ္ဘာလှည့် ခရီးသည်အဖြစ် လာတာမဟုတ်ဘူး၊ တစ်ခုခု လုပ်စရာရှိလို့သာ ဖြစ်ရမယ် "
အာနက်စတိုက ဒေါသကို ချုပ်တည်းပြီး ပြန်ပြောသည်။

" မစ္စ၀ှစ်တနေဟာ ကြီးကျယ်တဲ့ကိစ္စမျိုးပဲ လုပ်တယ်လို့ ခင်ဗျားပြောတယ်နော် မဖြစ်နိုင်တာမျိုးကိုမှ ဖြစ်အောင် လုပ်တယ်ဆို၊ ကျွန်တော်တို့ မဂျော်ကာ ကျွန်းမှာ သူလုပ်လောက်တဲ့ ကြီးကျယ်တာမျိုး မရှိပါဘူး၊ ကျွန်တော် စစ်ဆေးပြီးပါပြီ "
" သူ ဒီမှာ တစ်ယောက်ယောက်နဲ့ တွေ့သလား၊ စကားပြောသလား "
" ဟင့်အင်း "
" ဒါဖြင့်ရင် တွေ့လိမ့်မယ် "
ကူးပါးက ယတိပြတ်ပြောသည်။

မဂျော်ကာကျွန်းတွင် ဂူပေါင်း ၂၀၀ ကျော်ရှိသည်။
သို့သော် စိတ်ဝင်စားစရာ အကောင်းဆုံး ဂူမှာ "နဂါးဂူ" ဖြစ်သည်။
ပယ်မာမြို့မှနေ၍ ကားဖြင့် တစ်နာရီခန့် သွားရသော ပေါ်တိုခရစ္စတိုမြို့ အနီးတွင် ရှိသည်။
ထိုရှေးဟောင်းဂူသည် မြေအောက်ထဲသို့ နက်ရှိုင်းစွာ ၀င်သွားရသည့် ဥမင် လိုဏ်ခေါင်းများလည်း ပါရှိ သည်။
အထဲတွင် ကြည့်ရှုစရာ လှပ ရှုမောဖွယ်ရာများလည်း ရှိသည်။
မီးတိုင်များ၏ အလင်းရောင်က အထဲတွင် မှုန်ပျပျသာ လင်းသည်။

ထိုဂူများဆီသို့ လူအများဆုံးသွားသော စနေနေ့ကို ထရေစီက ရွေးချယ်လိုက်သည်။
တစ်ကမ္ဘာလုံးမှ ကမ္ဘာလှည့် ခရီးသည်ပေါင်းရာထောင်ချီပြီး လာရောက်ကြချိန်ဖြစ်သည်။
ထရေစီသည် လက်မှတ်တစ်စောင် ၀ယ်ပြီး လူအုပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်။
ဒင်နရယ်ကူးပါးနှင့် ရဲမှူးကြီး အာနက်စတို၏ လူနှစ်ယောက်က သူ့နောက်မှ ကပ်လိုက်သွားသည်။
ခရီးသည် လမ်းပြတစ်ဦးက ရှေ့မှ ဦးဆောင်ပြီး ခေါ်သွားသည်။
ကျဉ်းမြောင်းသော ကျောက်တုံးခင်း လမ်းကလေးတွေပေါ်မှ စိမ့်ကျလာသော ရေစက်များကြောင့် လမ်းမှာ ချော်နေသည်။

ဂူအမိုးပေါ်တွင် ကျောက်ပန်း ကျောက်ခက်များက အောက်ဘက်သို့ တွဲရရွဲ ကျဆင်းနေသည်။
လမ်းတစ်လျှောက်တွင် မီးတိုင်များမှ မှိတ်ပျပျ အလင်းရောင်များ မဆက်မိသော အမှောင်ကွက်များ ဟိုတစ် ကွက် ဒီတစ်ကွက် ရှိနေလေသည်။
ဒင်နရယ်ကူးပါးက ကသောကမျော လိုက်ရှာသည်။
သို့သော် သူမကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
လူအုပ်ကြီးမှာ လှေကားထစ်များ တစ်လျှောက်အောက်သို့သာ ရွေ့လျားဆင်းသက်နေရာ ထရေစီ မည်သည့်နေရာ ရောက်နေသည်ကို တွက်ဆ၍ မရဘဲ ဖြစ်နေသည်။
ထရေစီသည် မိမိရှေ့တွင် ရောက်နေသလား၊ နောက်တွင် ကျန်နေသလား ဆိုသည်ကိုပင် ကူးပါး မသိနိုင် အောင်ဖြစ်နေသည်။

သူမ ဤနေရာတွင် တစ်ခုခု စီစဉ်လိမ့်မည်ဟု ကူးပါးတွေးမိသည်။
သို့သော် မည်သည့်နေရာတွင် မည်သည့်အရာကို မည်သို့ စီစဉ်မှန်း မသိပါချေ။
ဂူကြီး၏ လိုဏ်ခေါင်းတစ်လျှောက် ဆင်းသွားရာတွင် အောက်ဆုံး ခပ်ကျယ်ကျယ်နေရာတွင် ရေကန် တစ်ကန် ရှိနေသည်။

ထိုရေကန်သည် ကပွဲရုံပင်ဖြစ်သည်။
ရေကန်ပတ်လည်တွင် ပွဲကြည့် ပရိသတ်များအတွက် ကျောက်တုံးများဖြင့် လှေကားထစ်သဖွယ် ထိုင်စရာ နေရာများ အဆင့်အဆင့်များ ပြုလုပ်ထားသည်။
ကပွဲမှာ တစ်နာရီ တစ်ခါပြသည်။
ပွဲကြည့်ပရိသတ်များက အမှောင်ဖုံးနေသော လှေကားထစ်များပေါ်မှထိုင်ပြီး စောင့်ကြည့်ရသည်။
ထရေစီသည် လှေကားများအတိုင်း တက်သွားရာ ဆယ်ထစ်မြောက် အဆင့်သို့ ရောက်သွားသည်။
ထိုအဆင့်မှ ထိုင်ခုံနံပါတ် ၂၀ သို့ သွားထိုင်သည်။ သူမဘေးရှိ ထိုင်ခုံနံပါတ် ၂၁ မှ လူက လှည့်ကြည့်ပြီး မေးလိုက်သည်။

" အခက်အခဲ တွေ့သေးသလား "
" ဘာ အခက်အခဲမှ မရှိဘူး ဂန်သာ "
ထိုသူက နှစ်ကိုယ်ကြား ခပ်တိုးတိုးလေးပြောရာ ထရေစီက သူ့ဘက်သို့ ခါးကိုင်းပြီး နားထောင်သည်။
" မင်းကို နောက်ယောင်ခံ လိုက်ချင် လိုက်နေမှာဆိုတော့ တို့နှစ်ယောက်ကို အတူတူ မတွေ့တာ အကောင်း ဆုံးပဲ "

ကြီးမားပြီး လူများ ပြည့်ကျပ်ကာ အမှောင်ဖုံးနေသော ဥမင်လိုဏ်ခေါင်းကြီး၏ ပတ်ပတ်လည်ကို ထရေစီက တစ်ချက်လှမ်းကြည့်လိုက်ပြီး ဂန်သာယာတော့အား ပြန်ကြည့်ကာ ပြောလိုက်သည်။
" ဒီနေရာက စိတ်ချရပါတယ်၊ ရှင်ပြောမယ့် ကိစ္စက အရေးကြီးမယ် ထင်တယ် "
" ဟုတ်တယ်၊ ကျွန်တော်ရဲ့ ချမ်းသာတဲ့ ဖောက်သည်တစ်ယောက်က ပန်းချီကားတစ်ချပ် လိုချင်လို့တဲ့၊ ပန်းချီဆရာကြီး ဂိုယာဆွဲတဲ့ "ပွာတို" လို့ နာမည်ပေးထားတဲ့ကားပဲ၊ အဲဒီကားကို ယူလာနိုင်တဲ့ ဘယ်သူ့ ကို မဆို ဒေါ်လာ ငါးသိန်းပေးမယ်တဲ့၊ အဲဒါ ငါ့အတွက် ကော်မရှင် အလွတ် အသားတင်ရတာ "
ကျွန်မအပြင် ဒိပြင်လူတွေကော အဲဒါရဖို့ ကြိုးစားနေသေးသလား "

" ပွင့်ပွင့်လင်းလင်း ပြောရရင် ကြိုးစားနေကြတယ်၊ ဒါပေမယ့် ငါ့အမြင်ပြောရရင် အောင်မြင်ဖို့လမ်းက နည်း တယ်၊ ငါပြောခဲ့သလိုပေါ့ မင်းအတွက် တကယ် စိတ်ဝင်စားစရာကောင်းမယ့် စိန်ခေါ်မှုဖြစ်မယ် "
" အဲဒီ ပန်းချီကားက ဘယ်မှာ ရှိသလဲ "
" စပိန်နိုင်ငံ မဒရစ်မြို့က ပရာဒို ပြတိုက်မှာ "
" ပရာဒို ... ဟုတ်လား "
ထိုအသံကို ကြားလိုက်ရသောအခါ ထရေစီ စိတ်ထဲ၌ မဖြစ်နိုင်ဟု ထင်လိုက်မိသည်။
ဂန်သာက သူမနားရွက်နားသို့ ပိုကပ်ပြီး တိုးတိုးပြောလာသည်။

" သွက်သွက်လက်လက်နဲ့ ပိပိရိရိ သရုပ်ဆောင်ရမယ့် အမျိုးသမီးတစ်ယောက် လိုနေတယ်၊ ဒါကြောင့် မင်းကို ငါ တွေးမိတာပေါ့ ထရေစီ "
" ကျွန်မ ဘ၀င်မြင့်သွားပြီ ... ဒေါ်လာ ငါးသိန်းနော် "
" ဟုတ်တယ် ... လွယ်လွယ် ရှင်းရှင်းလေးရမယ် "
ကန်ရေပြင်ပေါ်၌ မီးမောင်းအရောင် ဖြာကျလာပြီး ဂီတသံလည်း ပေါ်လာသည်။
ကပွဲ စတင်ပေပြီ။ ကန်ရေပြင်ပေါ်တွင် လှေတစ်စင်းနှင့် သီချင်းသည်တစ်ဦး။

ကန်ပေါ်သို့ မီးမောင်းမှ မီးရောင် ဖြာကြလာသော်လည်း မီးမောင်းကို မမြင်ကြရ၊ အမှောင်ထဲတွင် သက်တန့် ရောင်စုံ ပေါ်လာသည်။
လှေတစ်စင်းနှင့် သီချင်းသည် တေးဆိုရင်း ဂစ်တာကို တီးခတ်နေရာ လှေကလေးက တရွေ့ရွေ့ မျောနေ သည်။
နောက်ဆုံးတွင် လှေကလေးက ကန်ရေပြင်ကို ဖြတ်သန်းလှော်ခတ်ရင်း ပျောက်ကွယ်သွားသည်။ ဂိတသံ လည်း ဆိတ်သုဉ်းသွားတော့သည်။
" တကယ် အံ့သြစရာပဲ၊ ဒီကို ခရီးထွက်ရတာ ဒီပွဲ ကြည့်ရရုံနဲ့တင် ခရီးထွက်လာရကျိုး နပ်တယ် "
ဂန်သာက ပြောသည်။
" ကျွန်မလဲ ခရီးသွားရတာ သဘောကျတယ်၊ အခု ကျွန်မ ဘယ်မြို့ကို သွားချင်နေတယ် ထင်သလဲ ဂန်သာ"
" ပြောပါဦး၊ ထရေစီ "
" စပိန်နိုင်ငံက မဒရစ်မြို့လေ "
ထရေစီ ဂူထဲမှ ပြန်ထွက်လာသောအခါ ဒင်နရယ် ကူးပါးက ဂူဝမှ စောင့်ကြည့်နေသည်။
ထရေစီကတော့ တစ်ယောက်တည်း။

(၂၈)
မဒရစ်မြို့ရှိ ရစ်ဇ်ဟိုတယ်သည် စပိန်နိုင်ငံ၏ ထိပ်တန်း အကောင်းဆုံးဟိုတယ်တစ်ခုဖြစ်သည်။ ဥရောပမှ မင်းမျိုးမင်းနွယ် အကြီးအကဲများ၊ သူဌေးသူကြွယ်များ တည်းခိုရာ ဟိုတယ်ဖြစ်သည်။
ထိုဟိုတယ်၏ တောင်ဘက်ခြမ်းရှိ အခန်းနံပါတ် ၄၁၁-၄၁၂ တွင် ထရေစီ တည်းခိုလိုက်သည်။
အောက်ဘက် လမ်းများပေါ်၌ သွားလာနေသော ကားဟွန်းသံများက ဆူညံလှသော်လည်း ပရာဒိုပြတိုက် ကို အပေါ်မှစီးမိုး မြင်နေရသဖြင့် ဤအခန်းကို ထရေစီ တမင် စိတ်ကြိုက် ရွေးလိုက်ခြင်းပင်ဖြစ်သည်။

မဒရစ်မြို့ရှိ ရဲဌာနချုပ်တွင် နိုင်ငံတကာ ရဲတပ်ဖွဲ့၏ ဆက်သွယ်ရေးရုံးခွဲ ဖွင့်ထားသည်။
မဒရစ်မြို့ရှိ ရဲမင်းကြီး ဆန်တီယာဂိုရာမီရိုထံ နိုင်ငံတကာ ရဲတပ်ဖွဲ့မှ အိပ်စ်-ဒီ အလျင်အမြန် ကြေးနန်းတစ် စောင် ယမန်နေ့က ရောက်ခဲ့သည်။
ထရေစီဝှစ်တနေ မဒရစ်သို့ ရောက်လာလိမ့်မည်ကို တင်ကြို အသိပေးလိုက်သည့် ကြေးနန်းပင်ဖြစ်သည်။
ထိုကြေးနန်းတွင် ဒင်နရယ် ကူးပါးဆိုသော အမေရိကန်တစ်ယောက်လည်း ရောက်လာမည် ဖြစ်ကြောင်း။
ထိုသူသည် မစ္စ၀ှစ်တနေအကြောင်းကောင်းကောင်း သိသူဖြစ်၍ အသုံးဝင်မည်ဖြစ်ကြောင်း။
ကူးပါးအား အပြည့်အ၀ ပူးပေါင်း ကူညီပေးစေလိုကြောင်းပါ ပါရှိသည်။

ရဲမင်းကြီး ရာမီရိုသည် ဒင်နရယ်ကူးပါးကို မြင်မြင်ချင်းပင် အမြင်ကပ်သွားသည်။
ကူးပါးကလည်း ရောက်ရောက်ချင်းပင် ဆောက်နှင့်ထွင်းပြန်သည်။
" ဥရောပတိုက် ခြောက်နိုင်ငံက ရဲတပ်ဖွဲ့တွေကိုတော့ ထရေစီက အရူးလုပ်သွားပြီ၊ ခင်ဗျားတို့ကိုလဲ အဲဒီလိုပဲ လုပ်ကောင်း လုပ်လိမ့်ဦးမယ် "
အခန်းထဲ ၀င်လာလာချင်း ကူးပါးက ထိုသို့ ပြောလိုက်ရာ ရဲမင်းကြီးက အတော်အောင့်အည်းသည်းခံပြီး ပြန်ဖြေသည်။

" ကျွန်တော်တို့ အလုပ်ကို တစ်စုံ တစ်ယောက်က လာ သြဇာပေးစရာမလိုပါဘူး၊ ထရေစီ ဒီနေ့ မနက်လေဆိပ်ကို ရောက်လာချိန်ကစပြီး သူမကို ကျွန်တော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်ထားပြီး၊ တစ် ယောက်ယောက်က လမ်းတစ်လမ်းပေါ်မှာ ပင်အပ်တစ်ချောင်း ချသွားမယ်ဆိုရင် အဲဒီ ပင်အပ်ကို ထရေစီ ကောက်လိုက်တာနဲ့ တစ်ပြိုင်နက် ထောင်ထဲ တန်းဝင်ရမှာပဲ၊ သူ အလျင်က စပိန်ရဲအဖွဲ့ကို ရင်မဆိုင်ခဲ့ရဖူး သေးပါဘူး "

" သူ ဒီကိုလာတာ လမ်းပေါ်က ပင်အပ်ကောက်ဖို့တော့ မဟုတ်ဘူး "
" ဒါဖြင့် ဘာလုပ်မယ်လို့ ခင်ဗျားထင်သလဲ "
" အတိအကျတော့ မသိဘူး၊ ဒါပေမယ့် ကြီးကြီးမားမား တစ်ခုခုတော့ လုပ်လိမ့်မယ်လို့ ပြောနိုင်တယ် "
" ကြီးကြီးလုပ်လေ ပိုကြိုက်လေပဲ၊ သူ့ရဲ့ သွားလာလှုပ်ရှားမှု အားလုံးကို ကျွန်တော် စောင့်ကြော့်နေတာဗျ "
ရဲမင်းကြီးက ကျေနပ်အားရစွာ ပြောလိုက်သည်။
*
နောက်တစ်နေ့နံနက်တွင် ထရေစီ အိပ်ရာမှ နိုးလာသောအခါ နံနက်စာကို အခန်းထဲ၌ပင် မှာစားသည်။
ထို့နောက် ပရာဒိုပြတိုက်အား အပေါ်စီးမှ လှမ်းမြင်နေရသော ပြတင်းပေါက်သို့သွားရပ်ပြီး ပြတိုက်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် ပရာဒိုပြတိုက်အား အပေါ်စီးမှ လှမ်းမြင်နေရသော ပြတင်းပေါက်သို့သွားရပ်ပြီး ပြတိုက်ဆီသို့ လှမ်းကြည့်လိုက်သည်။

ပြတိုက်ကြီးမှာ ကျောက်တုံးများနှင့် အနီရောင် အုတ်များဖြင့် အခိုင်အမာ ဆောက်လုပ်ထားရာ ထည်ဝါ ခံ့ညားလှသော ခံတပ်ကြီးသဖွယ် ဖြစ်နေသည်။
ပြတိုက်ပတ်ပတ်လည်၌ မြက်ခင်းများနှင့် သစ်ပင်များရှိနေသည်။
အရှေ့ဘက် လမ်းဝတွင် ပြတိုက်ဝင်းထဲဝင်သော အပေါက်နှစ်ခုရှိသည်။ ကျောင်းသူကျောင်းသားများနှင့် ကမ္ဘာလှည့်ခရီးသည်များ ပြတိုက်ရှေ့တွင် တန်းစီစောင့်နေကြသည်။

နံနက် ဆယ်နာရီတိတိတွင် အစောင့်များကကြီးမားသော ရှေ့တံခါးကြီးနှစ်ချပ်ကို ဖွင့်ပေးလိုက်သည်။
တယ်လီဖုန်းသံမြည်လာသဖြင့် ထရေစီ အံ့အားသင့်သွားသည်။
မိမိမဒရစ်မြို့သို့ ရောက်နေကြောင်း ဂန်သာဟာတော့မှ လွဲ၍ မည်သူမျှ မသိချေ။
ထရေစီက တယ်လီဖုန်းကို ကောက်ယူပြီး ပြောလိုက်သည်။
" ဟဲလို ... "
" မဒရစ်ကုန်သည်ကြီး အသင်းကနေ ကျွန်တော် ပြောနေတာပါ၊ ကျွန်တော်တို့ မြို့မှာ ခင်ဗျားရောက်နေ တုန်း စိတ်ဝင်စားစရာတွေကို ပြသကူညီပေးဖို့ အသင်းက ကျွန်တော့်ကို ညွှန်ကြားထားပါတယ် "
ထရေစီ ကြားနေကျအသံတစ်သံကို ကြားရသည်။

" ကျွန်မ မဒရစ်ရောက်နေတာ ရှင် ... ဘယ်လိုသိလဲဂျက် ... "
" ကုန်သည်ကြီးများအသင်းက အားလုံးကို သိပါတယ်၊ ခင်ဗျားဒီမြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား ... "
" ဟုတ်တယ် "
" ဒါဖြင့် ခင်ဗျားကို ကျွန်တော် နေရာတချို့ကို လိုက်ပို့ပေးနိုင်မှာပါ၊ ခင်ဗျား ဒီမှာ ဘယ်လောက်နေမယ်လို့ စိတ်ကူးထားသလဲ ထရေစီ "
သူ့မေးခွန်းမှာ နိမိတ်ပြ မေးခွန်းမှန်း သိသဖြင့် ထရေစီက ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

" ဒါတော့ ကျွန်မ မသိသေးဘူး၊ မရောက်ဖူးတဲ့ နေရာတွေ လျှောက်ကြည့်ဖို့နဲ့ ဈေးဝယ်ဖို့လောက်တော့ ကြာမှာပေါ့၊ ရှင်ရော မဒရစ်မှာ ဘာလာလုပ်တာလဲ "
" ခင်ဗျား ပြောသလိုပဲပေါ့၊ လျှောက်ကြည်ဖို့နဲ့ ဈေးဝယ်ဖို့လေ ... "
သူတို့နှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေသည်ကို ထရေစီ မယုံကြည်။
ဂျက်စတီဗင်သည် မိမိလိုပင် ပွာတို ပန်းချီကားကို ခိုးရန် လာခြင်းဖြစ်ရမည်ဟု တွေးမိသည်။

" ညနေစာ ကျွန်တော်နဲ့ အတူတူ စားနိုင်မလား "
" ရပါတယ် "
ထရေစီက ရဲရဲဝံ့ဝံ့ပင် ဆုံးဖြတ်လိုက်သည်။
" ကောင်းတယ်၊ ဂျော်ကီစားသောက် ဆိုင်မှာ သီးသန့်စားပွဲမှာထားမယ် "
ထရေစီသည် တကယ်တော့ ဂျက်ကို စိတ်မ၀င်စားပေ။
သို့သော် ထရေစီသည် ဓာတ်လှေကားထဲမှနေ၍ ဟိုတယ်ခန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ အား အသင့်ရပ်စောင့်နေသော ဂျက်ကို မြင်လိုက်ရသောအခါ စိတ်ထဲက ဘာရယ်လို့မဟုတ်ဘဲ ပျော်သလို လိုဖြစ်သွားသည်။
ဂျက်က သူမ၏ လက်မောင်းကို ဖွဖွလေးကိုင်ပြီး ပြောလိုက်သည်။

မင်း သိပ်လှတာပဲ ထရေစီသည် ၀တ်စုံ၊ ဖိနပ်၊ လက်ကိုင်အိတ်တို့ကို စိတ်တိုင်းကျ ရွေးချယ် ဆင်မြန်း လာ ခြင်းဖြစ်သည်။
ဧည့်ခန်းထောင့်တစ်ခုတွင် ထိုင်နေသော ဒင်နရယ် ကူးပါးက သူတို့ကို လှမ်းမြင်နေရသည်။
ထရေစီ ၀ှစ်တနေအား လက်ရဖမ်းမိရန် ကမ္ဘာပေါ်တွင် မည်သည့်ရဲတပ်ဖွဲ့မှ စွမ်းဆောင်နိုင်မည် မဟုတ်ဟု ကူးပါး ယုံကြည်သည်။
ကူးပါးသည် ထရေစီအား နောက်မှ ကြွက်မြီးတန်းလိုက်နေသည်။

ထိုသို့လိုက်ရင်း ထရေစီ၏ ဓာတ်ပုံများကို အမြဲကြည့်မြင်နေရာ ထရေစီကို ကူးပါး ကျိတ်ပြီး ချစ်နေမိပြီ။
မင်းကို ငါချစ်တယ်၊ မင်းကို ငါလွှတ်မပေးနိုင်ဘူး၊ ဖမ်းရလိမ့်မယ်ဟု ကူးပါးပြောလိုက်သည်။
ကူးပါးသည် ထရေစီကို မကြာခဏ အိပ်မက်မက်ခဲ့ရပါပြီ ...။
ဂျော်ကီ စားသောက်ဆိုင်သည် သေးသေးသွယ်သွယ်နှင့် သပ်သပ်ရပ်ရပ်ဖြစ်သည်။ စားပွဲတွင် သူတို့ ထိုင်လိုက်ကြသည်။

ဂျက်မှာ တကယ်ပင် ချောမောသူဖြစ်မှန်း ထရေစီ တွေးမိသည်။
သို့သော် ဘာပဲဖြစ်ဖြစ် ဂျက်ထက်မိမိကလက်ဦးအောင် ပန်းချီကားကို သုတ်ရပေမည်။
" ထူးဆန်းတဲ့ ကောလာဟလ သတင်းတစ်ခု ထွက်နေတယ် "
ဂျက်က ပြောလိုက်သည်။
" ဘယ်လို ကောလာဟလလဲရှင် "
" ဒင်နရယ်ကူးပါးဆိုတဲ့ လူကို မင်းကြားဖူးသလား၊ အာမခံကုမ္ပဏီက ထောက်လှမ်းရေးမှူးပဲ၊ သိပ်တော် သိပ်ထက်တယ် "
" ဟင်အင်း ... မကြားဖူးဘူး၊ သူက ဘာဖြစ်လို့လဲ "
" သူ့ကို သတိထား အန္တရာယ်ရှိတယ်၊ မင်းမှာ ဘာအန္တရာယ်မှ မဖြစ်စေချင်လို့ပါ "
" မပူပါနဲ့ရှင် "
" အင်းလေ ... ငါကတော့ မင်းအတွက် ပူနေမိလို့ပါ "
" ကျွန်မအတွက်ပူတယ် ... ဟုတ်လား၊ ဘာဖြစ်လို့တုံး "
ထရေစီက ရယ်ရယ်မောမောနှင့် မေးလိုက်သည်။
" မင်းက သိပ်ကိုထူးခြားတယ်၊ မင်းအနားမှာ နေရရင် ဘ၀ဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ် အချစ်ရယ် ... "
ဂျက်က ထရေစီကို လက်တစ်ဖက်ဖြင့် အသာကိုင်လိုက်ရင်း ပြောသည်။
သူ့အကြောင်းသာ အူမချေးခါးမသိရင် သူ့စကားယုံမိမှာပဲဟု ထရေစီ စိတ်ထဲက ပြောမိသည်။
" ကဲ ... ညစာမှာကြစို့ ... ကျွန်မ ဆာပြီ "
*
နောက်နေ့များတွင် ထရေစီနှင့်ဂျက်တို့ မဒရစ်မြို့လုံးပတ်လည် လှည့်လည်ကြည့်ရှုကြသည်။
သူတို့အမြဲနှစ်ယောက်တွဲသွားကြသည်သာ ဖြစ်သည်။
သူတို့ မည်သည့်နေရာသွားသည်ပင်ဖြစ်စေ ရဲမင်းကြီးရာမီရို၏ လူနှစ်ယောက်က ထာဝစဉ် နောက်ယောင်ခံ လိုက်နေသည်။
ထို နောက်ယောင်ခံလိုက်သည့် အဖွဲ့နှင့်အတူ ကူးပါးကိုပါ လိုက်ပါခွင့်ပေးထားသည်။
ကူးပါးကို ထိုသို့ လိုက်ပါခွင့် ပေးလိုက်ခြင်းဖြင့် ရဲမင်းကြီး ရာမီရိုအဖို့ ကူးပါးကို မိမိအနားတွင် မရှိအောင် ပ ထုတ် ထားခြင်းဖြစ်သည်။

ကူးပါးက ထရေစီသည် ရဲများ ရှေ့မှောက်မှာပင် အဖိုးတန် ပစ္စည်း တစ်ခုခုကို မလိမ့်တပတ် ခိုးထုတ်သွား လိမ့်မည်ဟု ယုံကြည်နေသည်။
ဤယုံကြည်ချက်မှာ ရယ်စရာ ကောင်းလှသည်ဟု ရဲမင်းကြီး ထင်နေသည်။
ထရေစီနဲ့ ဂျက်တို့သည် တကယ်ခမ်းနားကြီးကျယ်သော စားသောက်ဆိုင်ကြီးများတွင်သာ ညစာ စားကြ သည်။
ထိုနေရာများသည် သာမန်ကမ္ဘာလှည့်ခရီးသည်များကပ်နိုင်သော နေရာမျိုး မဟုတ်မှန်း ဂျက်သိသည်။
သူတို့ ဘယ်နေရာသို့ သွားသွား ဒင်နရယ် ကူးပါးနှင့် စပိန် စုံထောက်နှစ်ယောက်က သူတို့နောက် မလှမ်း မကမ်း၌ အမြဲ ရှိနေသည်သာ ဖြစ်သည်။
ဂျက်စတီဗင် ပါဝင်လှုပ်ရှားနေသော အခန်းကဏ္ဍ နှင့်ပတ်သက်၍ ကူးပါးစိတ်၌ ဇဝေဇ၀ါ ဖြစ်လာသည်။
သူ ... ဘယ်သူလဲ။ ထရေစီ အမိဖမ်းမည့် ဓားစာခံလား သို့မဟုတ် သူတို့နှစ်ယောက် တစ်ခုခုကို အတတူတူ ကြံစည်နေကြသလား။ ကူးပါးက ထိုကိစ္စကို ရဲမင်းကြီးအား မေးသည်။
" ဂျက် စတီဗင်နဲ့ ပတ်သက်လို့ ဘာသတင်းများရသလဲ "
" ဘာမှ မရဘူး၊ သူ့မှာ ရာဇ၀တ်ပြစ်မှု နောက်ကြောင်း မရှိဘူး ကမ္ဘာလှည့် ခရီးသည်အဖြစ် ရောက်လာတာ ပဲ၊ အမျိုးသမီးက အဖော်အဖြစ် တွဲနေတာလို့ ထင်တယ် "
ကူးပါးကမူ ထိုသို့ မဖြစ်နိုင်ဟု အလိုလို သိနေသည်။ သို့သော် ဂျက်နောက် မိမိလိုက်ခြင်းမဟုတ်။
မိမိနှင့်မဆိုင်။ မိမိနှင့် ဆိုင်သည်က ထရေစီပင် မဟုတ်ပါလား။
ထရေစီနှင့် ဂျက်တို့သည် ပြင်ပ စားသောက်ဆိုင်ကြီး တစ်ဆိုင်တွင် ညစာ စားပြီးနောက် ထရေစီ၏ ရစ်ဇ် ဟိုတယ်သို့ ပြန်ရောက်လာသည်။
ဂျက်က ထရေစီအား သူမ အခန်းတံခါးဝ အထိ လိုက်ပို့သည်။
" အခန်းထဲလိုက်ပြီး မအိပ်ခင် အရက်တစ်ခွက်လောက် သောက်ဖို့ မခေါ်တော့ဘူးလား "
ဂျက်က မေးလိုက်သည်။
ထရေစီအဖို့ လိုက်လျောတော့လုနီးပါး ရှိသွားသည်။
သို့သော် စိတ်ကိုထိန်းလိုက်ပြီး ဂျက်ပါးပြင်ကို ဖွဖွလေး နမ်းကာ ပြောလိုက်သည်။
" ကျွန်မကို ရှင့်ညီမလေးလိုပဲ သဘောထားပါနော် ဂျက် "
" ဒီထက် မပိုရတော့ဘူးလား "
သို့သော် ထရေစီက အခန်းတံခါး ပိတ်သွားချေပြီ။
ထိုညက ထရေစီ တော်တော်နှင့် အိပ်မပျော်။
အိပ်ရာထဲတွင် လူးလွန့်နေမိသည်။ ယောက်ျား တစ်ယောက်အပေါ် စိတ် မလှုပ်ရှားခဲ့မိသည်မှာ ကြာခဲ့ပါပြီ။
ချားလ်ကြောင့် သူမနှလုံးသား နာကျင်ခဲ့သည်။ နောက်တော့ သံမဏိလို မာကျောလာသည်။
နောက်တစ်ကြိမ် အသည်းကွဲ မခံလိုတော့ပါ။
ယခုတော့ ၈ျက်စတီဗင်နှင့် ဆုံရပြန်သည်။
သူသည် စိတ်ချမ်းမြေ့စရာကောင်းသော အဖော်ကောင်းတစ်ဦး ဖြစ်သည်က အမှန်ပင်။
သို့သော် သူ့အား ထိုထက် နေရာပိုပေး၍မဖြစ်နိုင်။
၈ျက်ကို ချစ်မည်ဆိုလျှင် လွယ်ပါသည်။
သို့သော် မိုက်မဲရာကျပေမည်။
*
ဂျက်နှင့် ထရေစီတို့သည် နောက်တစ်နေ့တွင် မဒရစ်မှ အတော်ဝေးသော ဆီဂိုဗီးယားသို့ သွားလည်သည်။
တစ်နေကုန် လျှောက်လည်ရာတွင် ကူးပါးနှင့် စုံထောက်နှစ်ယောက်က နောက်မှ တကောက်ကောက် လိုက် ကြသည်။
သူတို့နှစ်ယောက်ကတော့ အမြဲမခွဲ တတွဲတွဲ။
၈ျက်က ထရေစိ၏ လက်မောင်းလေးကို အမြဲလိုလို ကိုင်ထားသည်။
ထိုမြင်ကွင်းမျိုး မြင်ရတိုင်း ကူးပါး အကြောင်းမဲ့ ဒေါသဖြစ်ရသည်။
စပိန် စုံထောက်တစ်ယောက် ကူးပါးကို ရိတော့သည်။

" သူတို့နှစ်ယောက်ခိုးနေတာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ခိုးနေတာပဲ။ သူတို့နှစ်ယောက် ချစ်ကြိုက်နေကြတာဗျ၊ ခင်ဗျား မမြင်ဘူးလား၊ အမျိုးသမီးက တစ်ခုခု စီစဉ် နေတယ်ဆိုတာ ခင်ဗျား သေချာရဲ့လား "
" သေချာတယ် "
ကူးပါးက ယတိပြတ် ပြောလိုက်သည်။

ထိုညက ဂျက်နှင့် ထရေစီတို့သည် မဒရစ်သို့ ပြန်ရောက်သောအခါ နာမည်ကြီး ဆိုင်ကြီးတစ်ဆိုင်၌ ညစာ စားကြသည်။
ထို့နောက် ညဥ့်နက်ပိုင်းတွင် စပိန် ကပွဲတစ်မျိုးဖြစ်သော "ဖလီမင်ဂို "ကပွဲသို့ သွားကြည့်ကြသည်။
ပထမပိုင်း ကပွဲမှာ ရိုးရိုးလေးနှင့် အနုပညာရသမြောက်စွာ ကပြသွားသည်။
နောက်ပိုင်းတွင် စုံတွဲအကမှာ ကြမ်းလာသည်။
ထရေစီ၏ အိပ်ပျော်နေသော စိတ်များပင် နိုးကြားတက်ကြွလာသည်။
သူမ အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရသည်။
ဂျက်က သူမအား နမ်းလာသည်ကို ထရေစီ လိုလို လားလား လိုက်လျောမိကာ ဂျက်အား တအား ပြန်ဖက် ထားလိုက်မိသည်။
သို့သော် ထိုထက်မပို။
ထရေစီက မနက်ဖြန်တွင် သူမ ဟိုတယ်၌ပင် နားဦးမည်ဟုဆိုကာ လူချင်းခွဲလိုက်သည်။
တကယ်တော့ သူတို့ တစ်ယောက်ကို တစ်ယောက် မယုံကြည်ကြပါချေ။
မြွေမြွေ ချင်း ခြေမြင်ကြသည်သာဖြစ်သည်။

ဆက်ရန်
.

2 comments:

Anonymous said...

ဖတ်ပြီးစ်..း)။ ကျေးဇူးအများကြီး တင်ပါတယ်။
လသာည

KMC said...

အင်းးဘာတွေဘယ်လိုတွေဘတ်တော့မလဲစောင့်ကြည့်ရမှာပေါ့လေ..။ အတော်ဆုံးစုံထောက်ရဲ့မျက်စေ့အောက်မှာဆိုတော့စိတ်ဝင်စားဖွယ် ကစားကွက်လိုမျိုးပါပဲ...မမတို့ရေ.ကျေးဇူးပါပဲဗျာ..:)