"ခင်ဗျားက ဘာကိစ္စ ကျွန်တော်နဲ့ တွေ့ချင်ရတာလဲ မစ္စ ..."
"ထရေစီဝှစ်တနေ၊ ဒေါရစ်ဝှစ်တနေရဲ့ ... သမီး"
ဂျိုးရိုမာနို၏ မျက်နှာတွင် အံ့အားသင့်သည့် အသွင် ရုတ်ခြည်းပေါ်လွင်သွားသည်။ ထို့နောက် သူမအား အသိမှတ်ပြုသည့် အသွင်ဖြင့် ခေါင်းဆိတ်ပြလိုက်ပြီး ပြောသည်။
"အို ... ဟုတ်လား၊ မင်းအမေအကြောင်း ငါလဲ ကြားရတယ်။ တယ်အဖြစ်ဆိုး တာကိုး.. အဖြစ် ဆိုး တယ်တဲ့လား၊ သူ့ကြောင့် မိမိ၏ မိခင်သေဆုံးခဲ့ရသည်။ သူ၏မှတ်ချက်က အဖြစ်ဆိုးတယ်ဆိုရုံပဲ လား။ ထရေစီ စိတ်ထဲက ပြောနေမိသည်။
"ဒီမှာ မစ္စတာရိုမာနို၊ ကျွန်မ အမေဟာ လိမ်လည်မှု ကျူးလွန်ပြီး အပြစ်ရှိနေတယ်လို့ ခရိုင်တရားသူကြီးက ထင်နေတယ်၊ အဲဒါ မမှန်ဘူးဆိုတာ ရှင် သိပါတယ်၊ ကျွန်မအမေ နာမည်မပျက်ဖို့အတွက် ရှင် ကျွန်မကိကု ကူညီစေချင်တယ်"
"အခုလို မာဒီဂရပ်စ်ပွဲတော်ရက်အတွင်းမှာ ကျွန်တော် အလုပ်ကိစ္စ မဆွေးနွေးပါဘူး၊ ဒါကတော့ ကျွန်တော့် ဘာသာရေး အရပါ"
ရိုမာနိုက ပခုံးနှစ်ဘက် တွန့်ပြလိုက်ပြီး ပြောသည်။ ထို့နောက် ဘား ကောင်တာဆီသို့ လျှောက်သွားပြီး အရက် စပ် လိုက်သည်။
"ခင်ဗျား အရက်နည်းနည်းသောက်လိုက်ရင် နေသာထိုင်သာ ရှိသွားမယ် ထင်တယ်"
ရိုမာနိုက ထရေစီအား ရေပိတ်စပါး ပြေလိုက်ချေပြီ။ ထရေစီအဖို့ အခြားရွေးစရာလမ်း မရှိတော့။ ထရေစီ သည် လက်ကိုင်အိတ်ကို ဖွင့်ပြီး ခြောက်လုံးပြူးကို ထုတ်ယူလိုက်သည်။ ရိုမာနိုင်အား ခြောက်လုံးပြူးနှင့် ချိန် လိုက်သည်။
"ကျွန်မအဖို့ နေသာထိုင်သာ ရှိမယ့် ကိစ္စကို ပြောပြမယ်၊ ဒီမှာ မစ္စတာ ရိုမာနို ...၊ ရှင် ကျွန်မအမေ ကို ဘယ်လို ကလိမ်ကကျစ်တွေ လုပ်ခဲ့တယ်ဆိုတာ ၀န်ခံဖြောင့်ဆိုချက် အတိအကျရေးပါ၊ ဒါမှ ကျွန်မ နေသာ ထိုင်သာ ရှိမယ်"
ဂျိုးဇက်ရိုမာနိုသည် ထရေစီဘက်သို့ လှည့်လိုက်ရာ သူ့ကို ချိန်ထားသော သေနတ်ကို မြင်သွားသည်။
"သေနတ်ပြောင်းဝကို တခြားဘက် လှည့်ထားစမ်းပါ၊ မတော်တဆ ကျည်ဆတန်ထွက်သွားပါဦးမယ် မစ္စ ၀ှစ်တနေ"
"ကျွန်မ ပြောသလို ရှင်အတိအကျ လိုက်မလုပ်ရင်တော့ သေနတ်ပြောင်းဝက ကျည်ဆန်ထွက်သွားမှာ သေချာတယ်၊ ကုမ္ပဏီပျက်စီးအောင် လူမွဲစာရင်း ကြေညာခံရအောင်၊ ကျွန်မအမေ သူ့ကိုယ်သူ သတ်သေ အောင် ရှင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ရှင် ဖြောင့်ချက်ရေးပေးရမယ်"
"ဂျိုးရိုမာနို သည် ယခုအခါ ထရေစီအား မျက်ခြည်မပြတ် ကြည့်နေရတော့သည်။
တကယ်လို့ ငါက ဖြောင့်ချက်မပေးဘူးလို့ ငြင်းဆန်ရင်ကော"
ဒါဆိုရင်တော့ ရှင့်ကို ကျွန်မ သတ်ရလိမ့်မယ်"
ပြောသာပြောလိုက်ရသော်လည်း သေနတ်ကိုင်ထားသော ထရေစီ၏ လက်မှာ တဆတ်ဆတ်တုန်နေသည်။
"မင်းဟာ လူသတ်သမားနဲ့ မတူပါဘူး မစ္စ၀ှစ်တနေ"
ဂျိုးရိုမာနိုက ပြောရင်းနှင့် သူမဆီသို့ မသိမသာ လျှောက်လာသည်။ လက်ထဲတွင် အရက်ခွက်ကို ကိုငလာ သည်။ သူ့အသံမှာ ငြင်သာပျော့ပျောင်းလွန်းလှသည်။
"မင်းအမေ သေတာနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။ ယုံပါကွာ ... ငါ ..."
ဂျိုးရိုမာနိုင်သည် လက်ထဲရှိ ဖန်ခွက်ထဲမှ အရက်ဖြင့် ထရေစီမျက်နှာကို ဆတ်ခနဲ လှမ်းပက်ထည့်လိုက် သည်။
ထရေစီ မျက်လုံးထဲတါင် အရက်များကြောင့် ပူစပ်သွားစဉ်မှာပင် သူမလက်ထဲမှ သေနတ်မှာလည်း ရိုက်ချခံ လိုက်ရ သဖြင့် အောက်သို့ လွတ်ကျသွားသည်။
"မင်းအမေက သူ့မှာ သမီးချောချော တစ်ယောက် ရှိတယ်ဆိုတာ ငါ့ကို ပြောပြမသွားဘူးကွာ"
ရိုမာနိုက ထရေစီအား လက်နှစ်ဘက်မှ နေပြီး ချုပ်ကိုင်ထားလိုက်သည်။ ထရေစီမှာ မျက်လုံးများ ပြာဝေ ကျိန်းစပ် နေပြီး အလွန်အမင်း တုန်လှုပ် ချောက်ချားလာသည်။ ရိုမာနိုလက်ထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစား သည်။ သို့သော် ရိုမာနိုက ထရေစီအား နံရံတွင် ကျောနှင့်ကပ်ပြီး သူက ရှေ့ဘက်မှ ဖိညှပ်ထား သည်။ ဂျိုးရိုမာနို ၏ ရင်ဘတ်နှင့် နံရံကြားတွင် ထရေစီမှာ ပိတ်မိနေသည်။ ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ရိုမာနို ၏ လက်နှစ်ဘက်ထဲမှ ရုန်းထွက်မရဘဲ ရှိသည်။
"မင်းတော်တော် ခံနိုင်ရည် ရှိသားပဲ၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ အခုငါ့အလှည့်ပေါ့ကွာ၊ ဟဲ ... ဟဲ ... မင်းက စိတ်လှုပ်ရှားချင်လို့ ဒီကိုလာတာ မဟုတ်လား၊ ကောင်းပြီလေ၊ ဂျိုးက မင်းကို စိတ်လှုပ်ရှားမှု လေးတွေ ပေးရ မှာပေါ့"
တအားကျုံးအော်ရန် ထရေစီ ကြိုးစားသော်လည်း အော်မရဘဲ ဖြစ်နေသည်။
"လွှတ် ... လွှတ် ... ရှင်ကျွန်မကို လွှတ်"
ဂျိုးရိုမာနိုက မလွှတ်။ ထရေစီက အားကုန်ရုန်းနေဆဲ။
"မင်းကို ငါချစ်တယ် ထရေစီ"
"လွှတ်ပါ ... လွှတ်ဆိုလွှတ်နော်"
ဂျိုးက ထရေစီအား ကြမ်းပေါ်သို့ ဆွဲလှဲချလိုက်ပြီး အတင်း အဓမ္မ ဗလက္ကာရပြုရန် ကြိုးစားသည်။ ထရေစီက လက်နှစ်ဘက်ဖြင့် ဟိုတွန်းသည်ဖယ် လုပ်နေရာမှ သူ့ညာဘက်လက်က ကြမ်းပြင်ပေါ်တွင် ကျနေသော ခြောက်လုံးပြူးကို သွားထိသည်။
ထရေစီသည် ခြောက်လုံးပြူးကို လှမ်းယူဆုပ်ကိုင် လိုက်ပြီး တစ်မဟုတ်ချင်းမှာပင် သေနတ်သံတစ်ချက် မြည်ဟိန်း သွားသည်။
"အလို ... ဘုရားရေ"
ရိုမာနိုက အော်လိုက်သည်။ ထရေစီကို ချုပ်ကိုင်ထားသော သူ့လက်များက ပြေလျော့သွားသည်။ သူ့ခန္ဓာ ကိုယ်ကြီးက ဘေးသို့ လည်ကျသွာသည်။ ထရေစီက ကြောက်ကြောက်လန့်လန့်နှင့်ပင် ကြည့်နေမိသည်။
"မင်း ငါ့ ကို ပစ်တယ် ... ငါကို ပစ်တယ်၊ မင်းမိန်းမယုတ်"
ထရေစီသည် လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေသည်။ အဖျားတက်သလို ဖြစ်နေသည်။ မျက်လုံးကလည်း ကျိန်းစပ် နေသည်။ နောက်ဆုံး အားယူပြီး မတ်တတ်ရပ်လိုက်သည်။
မတ်တတ်ရပ်၍ ရသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ဘက်စွန်းရှိ တံခါးပေါက်ဆီသို့ ပြေးသည်။ တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခန်းမှာ ရေချိုးခန်း ဖြစ်နေသည်။ မျက်နှာသစ်သော ကြွေခွက်ဆီသို့ ဒရီးဒယိုင်နှင့် လျှောက် သွားသည်။ ကြွေခွက်ထဲသို့ ရေအေးများ ဖြည့်လိုက်သည်။ မျက်နှာကို ရေနှင့်သစ်ကာ မျက်လုံး အစုံ ကို ရေဖြင့် ဆေးကြောသန့်စင်လိုက်သည်။ မျက်လုံးမှ ကျိန်းစပ်မှုမှာ တဖြည်းဖြည်း လျော့သွားပြီး မျက်စိ အမြင်လည်း ပြန်လည် ကြည်လင်လာသည်။
နံရံကပ်မှန်ထဲသို့ ကြည့်လိုက်သည်။ သူမ မျက်လုံးမှာ နီရဲနေသည်။ အလို ... ဘုရားရေ ငါလူတစ်ယောက် ကို သတ်ခဲ့မိပြီ။ ထရေစီသည် ဧည့်ခန်းထဲသို့ ပြန်ပြေးလာသည်။
ဧည့်ခန်းကြမ်းပြင်ပေါ် တွင် ဂျိုးရိုမာနိုတစ်ယောက် လဲကျနေသည်။ အဖြူရောင် ကြမ်းခင်း ကော်ဇောပေါ် တွင် သွေးများ စွန်းထင်နေသည်။ ထရေစီသည် မျက်နှာ ဖြူဖပ် ဖြူလျော်နှင့် ရပ်ကြည့်နေမသိည်။
"ကျွန်မ စိတ်မကောင်းပါဘူး၊ ကျွန်မ ဒီလိုလုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး" ထရေစီ တစ်ယောက်တည်း ပြောလိုက် မိသည်။
လူနာတင် သူနာပြုကားကို ချက်ချင်း သတိရသွားသည်။ တယ်လီဖုန်းဆီသို့ ကသောကမျောသွားပြီး အော်ပရေတာ ၏ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။ တယ်လီဖုန်းဖြင့် ပြောသော သူမအသံက ဆို့နစ် နေသည်။
"အော်ပရေတာ လူနာတင် ကားတစ်စီး ချက်ချင်း လွှတ်လိုက်ပါ။ လိပ်စာကတော့ အမှတ် ၄၂၁၊ ဂျက်ဆန် ရပ်ကွက် ပါ ၊ လူတစ်ယောက် သေနတ်ပစ်ခံရလို့ပါ"
ထရေစီသည် တယ်လီဖုန်းကို ပြန်ချ ထားလိုက်ပြီး ဂျိုးရိုမာနိုအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘုရား သခင် ထံ ဆုတောင်းလိုက်သည်။
"အို ... အဘဘုရားသခင်၊ သူ့ကို မသေပါစေနဲ့ အဖေဘုရားသခင်ရယ်၊ ကျွန်မ သူ့ကို သေစေရန် ရည်ရွယ် ချက် နဲ့ လုပ်တာ မဟုတ်ဘူးဆိုတာ အဖ ဘုရားသခင် သိတော်မူပါတယ်"
ထရေစီသည် ဂျိုးရိုမာနို၏ ဘေးတွင် ကြမ်းပေါ်၌ ဒူးထောက် ထိုင်ချလိုက်သည်။ ဂျိုးရိုမာနို အသက်ရှိမရှိ စူးစမ်းလိုက်သည်။ ဂျိုး၏မျက်လုံးများက မှိတ်နေသည်။ သို့သော သူ အသက်ရှူနေသည်။
"လူနာတင်ယာဉ် လာနေပါပြီ" ထရေစီက တိုးတိုးလေး ပြောလိုက်သည်.
ထို့နောက် သူမ ထွက်သွားတော့သည်။
ထရေစီသည် ဒရောသောပါး ပြေးသွားခြင်း မဟုတ်။ ပြေးသွားလျှင် မြင်သူများက သံသယ ဖြစ်မည်။ ထို့ကြောင့် ခပ်မှန်မှန် ခပ်သုတ်သုတ်သာ သွားသည်။
ထိုသို့ သွားရာတွင် အပေါ်ဝတ် ဂျာကင်အင်္ကျီကို ရင်ပတ်နှစ်ဘက်၌ စေ့ပြီး ကိုင်ထားသည်။ ဘလောက်စ် အင်္ကျီ စုတ်နေသဖြင့် လူမမြင်စေရန် ဂျာကင်အင်္ကျီနှင့် ဖုံးထားခြင်း ဖြစ်သည်။ ဂျိုးရိုမာနိုအိမ်နှင့် လေးလမ်းခန့် အရောက်တွင် အငှားကားများကို လက်ပြတားခိုင်းသည်။ ပထမကားလေးစီးမှာ အငှားသမား များ ပါလာ သဖြင့် ခေါ်၍ မရပေ။
ခပ်လှမ်းလှမ်းမှနေ၍ မော်တော်ကား ဥသြဆွဲသံ ကြားရသည်။ ထို့နောက် သူမရှေ့မှ ဖြတ်ပြီး လူနာတင် ယာဉ်တစ်စီး ဂျိုးရိုမာနို အိမ်ဘက်သို့ မောင်းသွားသည်ကို မြင်ရသည်။ ဒီနေရာတစ်ဝိုက်မှ မြန်မြန် ဖြေးတော့ မှ ဖြစ်မည်ဟု သိလာသည်။ သူမရှေ့ မလှမ်း ထိုးရပ်လိုက်ပြီး ခရီးသည်များ ကားပေါ်မှ ဆင်း သွားသည်။ ထရေစီသည် ထိုကားဆီသို့ အပြေးအလွှား သွားသည်။
"ကားအားသလားရှင်း" ထရေစီက ယာဉ်မောင်းကို မေးသည်။
"အားပါတယ်၊ ဘယ်သွားချင်လို့လဲ"
"လေဆိပ်ကို ပို့ပေးပါ"
"ကဲ ... တက်"
အငှားကားဖြင့် လေဆိပ်သို့ ထွက်လာရာတွင် ထရေစီသည် လူနာတင် ကားဆီသို့ စိတ်ရောက်သွားပြန် သည်။ လူနာတင်ကား အရောက်နောက်ကျလျှင် ဂျိုးရိုမာနို သေနိုင်သည်။ အကယ်၍ ဂျိုးသေသွားလျှင် မိမိ လူသတ် သမား ဖြစ်သွားမည်။ ခြောက်လုံးပြူးမှာ ရိုမာနို အိမ်တွင် ကျန်ရစ်ခဲ့သည့် လက်ဗွေရာများ ထင်ကျန် ရစ်ခဲ့မည်မှာ သေချာသည်။
ရိုမာနိုက မိမိကို ဗလက္ကာရပြုရန် ကြံစည်သဖြင့် မိမိက ဟန့်တားရာတွင် မတော်တဆကျည်ဆန် ထွက်သွား ခြင်း ဖြစ်ကြောင်း ရဲများအား မိမိ ရှင်းပြနိုင်ပေသည်။ သို့သော် ရဲများက ယုံမည် မထင်။ မိမိ ၀ယ်ယူခဲ့သော သေနတ်မှာ ဂျိုးရိုမာနိုဘေးတွ ကျန်ရစ်ခဲ့ပြီ။ အခု အချိန်မည်မျှ ကြာသွားပြီနည်း။ နာရီဝက်လား တစ်နာရီ လား။ မိမိ ဤနယူးအော်လင်းမြို့မှ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရပေမည်။
ဂျိုးရိုမာနိုထံမှ ဖြောင့်ချင်ရရန် ကြိုးစားခဲ့ခြင်းသည် မိမိ အမှားဖြစ်မှန်း သိလာသည်။ အားလုံး ဆက်တိုက် မှားခဲ့ပြီ၊ ဖြစ်ခဲ့ပျက်ခဲ့သမျှကို ချားလ်အား မိမိ မည်သို့ ပြောပြမည်နည်း။ ဖြစ်ကြောင်း ကုန်စင်ကို သိလျှင် ချားလ် အံ့သြသွားမည်။ သို့သော် မိမိ ရေရေလည်လည် ရှင်းပြလိုက်လျှင် သူ သဘောပေါက် နားလည် သွားပေ လိမ့်မည်။ ဘာဆက်လုပ်ရမည်ကို ချားလ် သိပေလိမ့်မည်။.
နယူးအော်လင်း နိုင်ငံတကာ လေဆိပ်သို့ ရောက်သောအခါ ထရေစီ အံ့အားသင့်သွားသည်။ မနက်ကပင် မိမိ ဤလေဆိပ် အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ ယခု ဤနေရာသို့ ပြန်ရောက်နေချေပြီ။ သူမအဖို့ တစ်နေ့တာအတွင်း တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များက ထိတ်လန့် တုန်လှုပ်စရာချည်း ဖြစ်သည်။
ထရေစီသည် လေဆိပ်အဆောက်အအုံထဲသို့ ၀င်လာခဲ့သည်။ လူတိုင်းက မိမိအား သံသယအကြည့်ဖြင့် ကြည့်နေသည်ဟု ထင်မိသည်။ တကယ်တော့ ထရေစီအဖို့ ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ဖြစ်နေခြင်းသာ ဖြစ် သည်။ ဂျိုးရိုမာနို အခြေအနေကိုလည်း သူမသိချင်သေးသည်။ သို့သော် မည်သည့်ဆေးရုံ သို့မဟုတ် မည်သူမည်ဝါထံ ဆက်သွယ်မေးမြန်းရမည်ကို မသိနိုင်ပဲ ဖြစ်နေသည်။
ချားလ်နှင့် မိမိသည် မိခင်ဈာပနာအတွက် ပြန်လာမည်။ ဂျိုးရိုမာနိုလည်း နေသာထိုင်သာ ရှိသွား လိမ့်မည် ဟု ထရေစီစိတ်ထဲမှ သွေးများ စီးကျနေသာ ရိုမာနို၏ မြင်ကွင်းကို စိတ်ထဲမှ အတင်း မောင်းထုတ် လိုက်သည်။ ချားလ်ထံ မြန်မြန်ရောက်အောင် သွားရပေမည်။
"ဖီလဒယ်ဖီးယားမြို့ကို ထွက်မယ့် လေယာဉ်လက်မှတ်တစ်စောင် လိုချင်လို့ပါ၊ ကမ္ဘာလှည့် ခရီးသည်ပါ"
ထရေစီ လက်မှတ်ရောင်းစာရေးကို ပြောလိုက်သည်။ စာရေးက ကွန်ပျူတာခလုတ်များကို နှိပ်ပြီး စစ်ဆေး ရှာဖွေပြီးနောက် ပြန်ပြောသည်။
"လေယာဉ်ခရီးစဉ် အမှတ်စဉ်၃၀၄ ထွက်လိမ့်မယ်၊ ခင်ဗျား ကံကောင်းတယ်၊ လက်မှတ် တစ်စောင်ပဲ ကျန် တော့တယ်"
"ဘယ်အချိန် ထွက်မှာလဲရှင် ..."
"နောက်ထပ် မိနစ်(၂၀)ကြာရင် ထွက်တော့မယ်၊ ခင်ဗျား လေယာဉ်ပေါ် ရောက်မှာနဲ့ အချိန်ကိုက်လောက်ပဲ နေမှာပါ "
ထရေစီ လက်ကိုင်အိတ်ကို ဖွင့်လိုက်ချိန်တွင် သူမ၏ ဘေးနှစ်ဘက်၌ ယူနီဖောင်းဝတ် ရဲအရာရှိ တစ်ဦးစီ ရောက်လာ သည်ကို သိလိုက်င်္ရသည်။ အရာရှိတစ်ဦးက မေးလာသည်။
"ခင်ဗျား ထရေစီဝှစ်တနေလား"
ထရေစီအဖို့ ချက်ချင်းပင် နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရသည်။ ထရေစီ မဟုတ်ပါဟု ငြင်းလျှင် မိုက်မဲ ရာသာ ကျပေမည်။ ထို့ကြောင့် အမှန်အတိုင်း ပြောလိုက်သ်ည။
"ဟုတ်ပါတယ် ..."
ထရေစီ ကို လက်ထိပ် ခတ်လိုက်သည်။ သူမ လက်ကောက်ဝတ်တွင် လက်ထိပ်သံမဏိ၏ မာကျော အေးစက် သော အထိအတွေ့ကို ခံစားလိုက်ရသည်။
နယူးအော်လင်းမြို့ အနောက်ဘက်ကမ်းရှိ အယ်ဂျီးယားစ် ရပ်ကွက်မှ ရဲစခန်းသို့ ထရေစီအား ခေါ်လာ သည်။ ရဲစခန်းအလယ်ကောင် ခန်းမထဲတွင် ပြည့်တန်ဆာများ၊ ခေါင်းများ၊ လုယက်သူများ၊ ခါးပိုက်နှိုက် များ စသည့် ဒုစရိုက်သမားဖြင့် ပြည့်နှက်နေသည်။
ထရေစီအား ဂါတ်စာရေး ရဲကြပ်ကြီး စားပွဲဆီသို့ ခေါ်သွားသည်။ သူမအား ဖမ်းလာသော ရဲအရာရှိ တစ်ဦး က ပြောသည်။
"အဲဒါ ၀ှစ်တနေဆိုတဲ့ အမျိုးသမီးရဲကြပ်ကြီး၊ ကျွန်တော်တို့ သူ့ကို ထွက်ပြေးတော့မယ်ဆဲဆဲ လေဆိပ်က ဖမ်း လာတာ"
"အို ... မဟုတ်ပါဘူးရှင်"
"လက်ထိပ်တွေ ဖြုတ်လိုက်"
ထရေစီလက်မှ လက်ထိပ်ကို ဖြုတ်လိုက်သည်။ ထရေစီသည် အသံထွက်အောင် မနည်းကြိုးစားပြီး ပြော လိုက်သည်။
"မတော်တဆ ဖြစ်သွားတာပါရှင်၊ ကျွန်မ သူ့ကို သတ်ဖို့ မကြံရွယ်ပါဘူး၊ သူက ကျွန်မက ဘလက်ကာယပြု ဖို့ ကြိုးစားတယ်၊ ပြီးတော့ ..."
"ခင်ဗျား ထရေစီဝှစ်တနေ မဟုတ်လား"
ရဲကြပ်ကြီး ခပ်ပြတ်ပြတ်ပင် ဖြတ်မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်မ ..."
"သူ့ကို ချုပ်ထားလိုက်"
"အို ... မဟုတ်ဘူး၊ နေ ... နေပါဦးရှင်၊ ကျွန်မ လူတစ်ယောက်ဆီ တယ်လီဖုန်း ဆက်ပါရေစ၊ ကျွန်မမှာ တယ်လီဖုန်း ဆက်ခွင့် ရှိပါတယ်"
"သြော် ... ခင်ဗျားက လုပ်ထုံး လုပ်နည်းတွေတောင် အတော်ကျွမ်းနေပြီပဲ၊ ခင်ဗျား အချုပ်ခန်းထဲ ရောက် တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ"
"တစ်ကြိမ်မှ မရောက်ဖူး ပါဘူး ... အခု"
"ခင်ဗျားကို တယ်လီဖုန်း တစ်ကြိမ် ပြောခွင့်ပြုမယ် သုံးမိနစ် ခွင့်ပေးမယ်၊ ကဲ ... ခင်ဗျား ဆက်သွယ်ချင်တဲ့ နံပါတ် ကိုပြော" ရဲစာရေးကြီးက ပြောလိုက်သည်။
ထရေစီသည် အလွန်အမင်း တုန်လှုပ်ချောက်ချားနေသဖြင့် ချားလ်၏ တယ်လီဖုန်းနံပါတ်ကို မမှတ်မိဘဲ ဖြစ် နေသည်။ ဖီလဒယ်ဖီးယားမြို့၏ ဒေသဆိုင်ရာ နံပါတ်ကိုပင် မမှတ်မိအောင် ဖြစ်နေသည်။ နှစ် တစ် ငါးများ လား၊ မဟုတ်လား၊ ထရေစီ ပိုပြီး တုန်လှုပ်လာသည်။
"ကဲ ... နံပါတ်ပြောလေ၊ တစ်ညလုံး စောင့်မနေနိုင်ဘူး"
ထရေစီ အခုမှ အသိရလာသည်။
"နှစ် ... တစ် ... ငါး ... ငါး ... ငါး ... ကိုး ... သုံး ... သုည ... တစ်"
ရဲကြပ်ကြီးက တယ်လီဖုန်းကို လှည့်လိုက်ပြီး ထရေစီကို တယ်လီဖုန်းခွက် လှမ်းပေးလိုက်သည်။ တယ်လီဖုန်းထံမှ ခေါ်သံဖြစ်သည်ကို ထရေစီ ကြားလိုက်သည်။ သို့သော် တစ်ဘက်မှ တယ်လီဖုန်းမကိုင်။ ချားလ်သည် ရုံးမှအိမ်သို့ ပြန်သွားပြီ ဖြစ်ရမည်။
"ကဲ ... အချိန်စေ့သွားပြီး"
ရဲကြပ်ကြီးက ပြောလိုက်ပြီး ထရေစီလက်ထဲမှ တယ်လီဖုန်းကို ပြန်ယူရန် ဟန်ပြင်လိုက်သည်။"
"ခဏလေး နေပါဦးရှင်"
ထရေစီက ကပျာကယာ တောင်းပန်လိုက်သည်။ သို့သော် ချားလ်သည် ညပိုင်းတွင် တယ်လီဖုန်းကို အသံ မမြည်အောင် ပိတ်ထားတတ်မှန်း ထရေစီ သတိရလာသည်။ ထို့ကြောင့် ခေါ်၍မရမှန်း သိလာသည်။ တယ်လီဖုန်း ထဲမှ အသံက မြည်နေဆဲ။ သို့ရာတွင် ချားလ်ကို မိမိ မည်သို့မျှ လက်လှမ်းမမှီနိုင်ပါချေ။
"ကဲ ... ခင်ဗျား လက်လျှော့ပြီလား" ရဲကြပ်ကြီးက မေးသည်။
"ဟုတ်ကဲ့၊ လက်လျှော့ပါပြီ" ထရေစီက တယ်လီဖုန်းခွက်ကို လှမ်းပေးလိုက်သည်။
ရဲသားတစ်ယောက် ထရေစီအား အခန်းတစ်ခန်းထဲသို့ ခေါ်သွားသည်။ ထိုအခန်းထဲတွင် လက်ဗွေရာများ ယူပြီး မှတ်တမ်း အချက်အလက်များ စာရင်းသွင်းသည်။ ထို့နောက် စင်္ကြံလမ်းအတိုင်း ခေါ်လာပြီး အချုပ်ခန်း ကျဉ်းကျဉ်းလေးတစ်ခုထဲ၌ ထည့်သွင်း ချုပ်နှောင်ထားလိုက်သည်။
"နက်ဖြန်မနက်ကျရင် ခင်ဗျားကို တရားရုံးပို့မယ်"
ရဲသားက ထိုမျှသာ ပြောပြီး ထွက်သွားသည်။ အချုပ်ခန်း ကျဉ်းကျဉ်းလေးထဲ၌ ထရေစီ တစ်ယောက်တည်း ကျန်ခဲ့သည်။
မိမိ ကြုံတွေ့နေရသော ဖြစ်ရပ်များသည် တကယ်ပင်လား အိပ်မက်များလား။ တကယ် မဟုတ်ပါစေနှင့်ဟု စိတ်ထဲက ဆုတောင်းလိုက်မိသည်။
သို့သော် အချုပခန်းထဲ ရောက်နေသည်က တကယ်ပင်။ အခန်းထဲ၌ အိပ်စင်လေးတစ်လုံးက တကယ်ပင် ရှိနေသည်။ ထောင့်တစ်ထောင့်တွင် ထိုင်ခုံကြွေခွက် မပါသော အိမ်သာက တကယ် ရှိနေသည်။ မျက်နှာစာ ဘက်တွက် အချုပ်ခန်း သံတိုင်းများကလည်း တကယ်ပင် ရှိနေသည်။
ထရေစီအဖို့ အချုပ်ခန်းထဲ၌ နေရသော ညမှာ ညတာ အရှည်ဆုံးမှ တစ်ညပင် ဖြစ်သည်။ ချားလ်အား ဆက်သွယ်ခေါ်ယူ၍ ရမှသာ ဖြစ်ပေတော့သည်။ မိမိအတွက် ချားလ်ကို အလိုလား အတောင့်တဆုံးအချိန် သို့ ရောက်လာသည်။
နံနက်(၆)နာရီတွင် ညစောင့်တစ်င်္ဦးက ထရေစီထံ နံနက်စာ လာပို့သည်။ နံနက်စာမှာ မြင်းစား ဂျုံပြုတ် တစ်ပန်ကန်နှင့် ခပ်နွေးနွေးကော်ဖီတစ်ခွက်သာ ဖြစ်သည်။ ထရေစီသည် ထိုနံနက်စာကို လက်ဖြင့်ပင် မတို့ ပေ။
နံနက်(၉)နာရီတွင် ရဲမေ အမျိုးသမီးကြီးတစ်ဦး ရောက်လာသည်။
"ကဲ ... လာ ကလေးမ၊ သွားကြမယ်"
"ကျွန်မ တယ်လီဖုန်း ဆက်ချင်သေးတယ်၊ သိပ်ပြီး ...
"နောက်မှ ဆက်လေတော့ ... တရားသူကြီးကိုတော့ စောင့်ခိုင်းထားလို့ ရမှာ မဟုတ်ဘူး"
အမျိုးသမီးကြီးက ထရေစီအား အချုပ်ခန်းထဲမှ ထုတ်ပြီး စင်္ကြံလမ်းအတိုင်း ခေါ်သွားသည်။ ထို့နောက် တံခါး တစ်ခု ကို တွန်းဖွင့်ပြီး ၀င်သွားရာ တရားရုံးခန်း တစ်ခန်းထဲသို့ ရောက်သွားသည်။
အသက်ကြီးကြီး တရားသူကြီးတစ်ဦးက စားပွဲတွင် ထိုင်ပြီး အမှုတွဲများဖြင့် အလုပ်များနေသည်။ သူ့ရှေ့တွင် ခရိုင်အစိုးရရှေ့နေ အက်တော်ပါ မတ်တပ်ရပ်နေသည်။ အသက်(၄၀)ကျော်ခန့်ရှိပြီး ပိန်ပိန် ပါးပါး ဖြစ်သည်။
ထရေစီအား တရားခွင်ရှေ့ရှိ တရားခံ ထိုင်ရမည့် နေရာတွင် ထိုင်စေသည်။ တအောင့်အကြာတွင် ဘိလစ် စာရေးကြီး က အမှုကို စခေါ်သည်။
"ပြည်သူနှင့် ထရေစီဝှစ်တနေအမှု"
ထရေစီအား တရားသူကြီးရှေ့သို့ သွားစေသည်။ တရားသူကြီးသည် သူ့ရှေ့မှ စာရွက် တစ်ရွက်ကို ဖတ်နေ ပြီး တစ်ခါတစ်ခါတွင် ထရေစီကို မော့်ကြည့်သည်။
ထရေစီ၏ စိတ်ထဲတွင် အဖြစ်မှန်များကို အာဏာပိုင်တို့အား ထုတ်ဖော် ပြောကြားရန် အချိန်တန်လာပြီဟု စွဲမှတ်လိုက်သည်။ တဆတ်ဆတ် တုန်နေသော လက်နှစ်ဘက်ကို တည်ငြိမ်စေရန် စားပွဲစွန်းတွင် ကိုင်ထား လိုက်ပြီး စပြောတော့သည်။
"တရားသူကြီးမင်းရှင့် - အခုကိစ္စက လူသတ်မှု မဟုတ်ပါဘူး၊ ကျွန်မ သူ့ကို သေနတ်နဲ့ ပစ်တာက ကျည်ဆန် မတော်တဆ ထွက်သွားတာပါ၊ ကျွန်မ သူ့ကို ကြောက်လန့်အာင် ခြိမ်းခြောက်ဖို့ပဲ ရည်ရွယ်ပါ တယ်၊ သူက ကျွန်မ ကို ဗလက္ကာယပြုဖို့ ကြိုးစားပါတယ်၊ နောက်ပြီးတော့ ..."
ထရေစီ စကားမဆုံးမီမှာပင် ခရိုင်အစိုးရရှေ့နေပက ဖြတ်ပြောသည်။
"တရားသူကြီးမင်းခင်ဗျား ...၊ ရုံးတော်အဖို့ အချိန်ကုန်ဖို့ အကြောင်း မရှိဘူးလို့ မြင်ပါတယ်၊ ဒီအမျိုးသမီး ဟာ မစ္စတာရိုမာနိုအိမ်ထဲကို ကျူးကျော် ၀င်ရောက်ခဲ့ပါတယ်၊ ၃၂ဗို့ ခြောက်လုံးပြူးကိုလဲ ကိုင်ဆာင် လာပါတယ်၊ အမျိုးသမီးဟာ ကမ္ဘာကျော် ပန်းချီဆရာကြီး ရေနွာ ရေးဆွဲခဲ့တဲ့ ဒေါ်လာ ငါးသိန်းတန် ပန်းချီကား တစ်ချပ် ကို မစ္စတာရိုမာနိုအိမ်ကနေ ခိုးယူပါတယ်။ သူ အဲဒီလို ခိုးနေတာကို မစ္စတာရိုမာနိုက လက်ပူး လက်ကြပ် မိပါတယ်။ ဒီတော့ အမျိုးသမီးဟာ မစ္စတာ ရိုမာနိုကို သေနတ်နဲ့ ပစ်ခတ်ပြီး ထားခဲ့ ပါတယ်၊ သွေးအေးအေးနဲ့ ထားခဲ့တာပါ၊ သေရင် သေသွားပါစေ ဆိုတာမျိုးပါ"
ထရေစီမျက်နှာတွင် သွေးလုံးဝ မရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"ဘာ ... ဘာ ... ရှင် ဘာတွေ ပြောနေတာလဲ"
သူ့စကားကို မည်သူမျှ အလေးမထား၊ အစိုးရ ရှေ့နေက ဆက်ပြောပြန်သည်။
"မစ္စတာရိုမာနိုကို ဒီအမျိုးသမီးက ဒဏ်ရာရစေခဲ့တဲ့ သေနတ်ကို ကျွန်တော်တို့ သက်သေခံပစ္စည်းအဖြစ် ရထား ပါပြီ၊ အမျိုးသမီးရဲ့ လက်ဗွေရာတွေလဲ အဲဒီသေနတ်ပေါ်မှာ ရှိပါတယ်"
ဒဏ်ရာရစေခဲ့တယ်၊ ဒါဖြင့် ဂျိုးရိုမာနို မသေဘူးပေါ့၊ မိမိလူသတ်သမား မဖြစ်တော့ဘူးပေါ့ဟု ထရေစီ စိတ်ထဲ မှ ပြောနေမိသည်။ ရိုမာနို အသက်ရှင်နေဆဲဟု သိလိုက်ရသဖြင့် တစ်မျိုး စိတ်သက်သာရာ ရသွား သည်။ အစိုးရရှေ့နေက ဆက်ပြောနေသည်။
"တရားသူကြီးမင်းခင်ဗျား၊ ဒီအမျိုးသမီးဟာ ပန်းချီကားနဲ့အတူ ထွက်ပြေး လွတ်မြောက် သွားပါတယ်၊ အခု ဆိုရင် ဒီပန်းချီကားဟာ သူမရဲ့ အဆက်အသွယ် တစ်ယောက်ယောက်ဆီမှာ ရောက်ကောင်း ရောက်နေပါ လိမ့်မယ်၊ ဒါကြောင့် ထရေစီဝှစ်တနေကို လူသတ်ရန် ကြိုးပမ်းမှုနဲ့ လက်နက်ကိုင် ခိုးယူမှုတို့အတွက် ဖမ်းဆီး ချုပ်နှောင် ထားပါရန် အစိုးရဘက်မှ မေတ္တာရပ်ခံပါတယ်၊ အကယ်၍ အားမခံတောင်းဆိုရင် ဒေါ်လာ ငါးသိန်း နှင့်မှ အာမခံပေးပါရန် တောင်းဆိုပါတယ်"
တရားသူကြီးက ထရေစီဘက်သို့ လှည့်ကြည့်လိုက်သည်။ ထရေစီမှာ အံ့သြပြီး ကြက်သေသေသလို ဖြစ် နေသည်။
"မင်းမှာ ရှေ့နေ ရှိသလား" တရားသူကြီးက မေးသည်။
"မရှိပါဘး၊ ဟို ... ဟိုလူ ပြောသွားတာတွေ တစ်ခုမှ မမှန်ဘူး၊ ကျွန်မ ဘယ်တုန်းကမှ ..."
"ရှေ့နေငှားဖို့ကော မင်းမှာ ပိုက်ဆံ ရှိသလား"
တရားသူကြီးက ထရေစီ စကားကိုဆုံးအောင် နားမထောင်ဘဲ ထပ်မံမေးလိုက်သည်။
ထရေစီ၏ ဘဏ်တွင် သူမ၏ ၀နထမ်းစုဆောင်းငွေများ ရှိသည်။ သို့သော် ထိုငွေနှင့် ငှားလျှင် ချားလ် သိလိမ့်မည်။
"မရှိပါဘူး၊ ဒါပေမယ့် တရားသူကြီးမင်းရှင့်၊ ကျွန်မ နားမလည်တာက ..."
"တရားရုံးကနေ မင်းအတွက်ရှေ့နေတစ်ယောက် ငှားပေးမယ့်၊ အခု လောလောဆယ်မှာ မင်းကို ထောင်ကြီး ချုပ်ကို ပို့ထားမယ်၊ ဒေါ်လာငါးသိန်းတန် အာမခံတဲ့လူ ရှိလာရင် အာမခံပေးမယ်၊ ကဲ ... နောက် တစ်မှုတင်"
"ခဏနေပါဦး၊ အားလုံး အမှားတွေချည်းပဲ၊ ကျွန်မ ..."
ထို့နောက်ပိုင်းတွင် သူမအား တရားရုံးထဲမှ မည်သို့ ခေါ်ထုတ်သွားသည်ကိုပင် ထရေစီ ပြန်သတိမရတော့ ပါ။
ထရေစီအတွက် ရုံးတော်က ငှားပေးသော ရှေ့နေအမည်မှာ ပါရီပုတ် ဖြစ်သည်။ အသက်(၄၀)ခန့် ရှိသည်။ ထက်ထက်မြက်မြက် ရှိပုံရသည်။ အပြာရောင် မျက်လုံးအစုံက သနားကရုဏာရှိပုံ ပေါ်စေသည်။ ထရေစီသည် သူ့ရှေ့အား မြင်မြင်ချင်းပင် နှစ်သက်သွားသည်။
ထရေစီနေသော အချုပ်ခန်းထဲသို့ ပါရီပုတ် ရောက်လာပြီး အိပ်စင်ပေါ်တွင် ထိုက်လိုက်သည်။ ထို့နောက် စတင်ပြောသည်။
"အင်း ... မင်းကတော့ ဒီမြို့ကို ရောက်လာတဲ့ (၂၄)နာရီအတွင်းမှာပဲ အုတ်အော် သောင်းတင်း ဖြစ်အောင် လုပ်လိုက်တာကို၊ ဒါပေမယ့် မင်းကံကောင်းတယ်၊ မင်းပစ်လိုက်တဲ့ ကျည်ဆန်က ရိုမာနိုကို အသားပေါ်က ရှပ် ထိပြီး ဒဏ်ရာရရုံလေးပဲ ရှိတယ်၊ သူ မသေပါဘူး"
ပါရီပုတ် စကားကို ရပ်လိုက်ပြီး ဆေးတံကို ထုတ်ယူလိုက်သည်။
"ငါ ဆေးတံသောက်လို့ ရမလား"
"ရပါတယ်၊ သောက်ပါရှင်"
ပါရီပုတ်သည် ဆေးတံထဲတွင် ဆေးဖြည့်ပြီး မီးညှိလိုက်သည်။ ထို့နောက် ထရေစီကိကု စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ပြီး ပြောပြန်သည်။
မင်းကြည့်ရာတာ သက်သက်မဲ့ ရာဇ၀တ်မှု ကျူးလွန်မယ့် ပုံစံမျိုး မဟုတ်ဘူး မစ္စ၀ှစ်တနေ"
"မဟုတ်ပါဘူး၊ ကျွန်မ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူးဆိုတာ ကျိန်တွယ် ပြောရဲပါတယ်"
"ကျွန်တော် သဘောပေါက်လက်ခံပါတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြစမ်းပါ၊ အစက နေ စပြီး အချိန်ယူရှင်းပြစမ်းပါ"
ထရေစီက ပါရီပုတ်အား ဖြစ်ကြောင်းကုန်စင်ကို တစ်လုံးမကျန် ရှင်းပြသည်။ ပါရီပုတ်က ငြိမ်ငြိမ်လေး ထိုင်ပြီး နားထောင်နေသည်။ ထရေစီ စကားမဆုံးမချင်း တစ်လုံးမျှ ၀င်မပြောချေ။ ထရေစီ စကားဆုံးသွား သော အခါ ပါရီပုတ်သည် အချုပ်ခန်း နံရံကို ကျောနှင့်မှီလိုက်သည်။ သူ့မျက်နှာက တင်းမာလာသည်။
"ခွေးမသား" ပါရီပုတ်က ဆဲလိုက်သည်။
"သူတို့ ဘာတွေ ပြောနေတယ်ဆိုတာ ကျွန်မတော့ လုံးလုံး နားမလည်ဘူး၊ သူတို့ပြောတဲ့ ပန်းချီကားဆိုတာ လဲ ကျွန်မ မသိဘူး"
"ဒါ ရှင်းရှင်း ရိုးရိုးလေးပါ၊ ဂျိုးရိုမာနိုက မင်းအမေကို ဓားစားခံအဖြစ် အသုံးချခဲ့တဲ့ နည်းအတိုင်း မင်းကိုလဲ ဓားစာခံ လုပ်လိုက်တာပဲ၊ သူဆင်ထားတဲ့ အကွက်ထဲ မင်းက ၀င်တိုးတာကိုး"
"ကျွန်မတော့ အခုထက်ထိ နားမလည်သေးပါဘူးရှင်"
"ကဲ ... ဒါဖြင့် ငါ ရှင်းပြမယ်၊ ရိုမာနိုက ရေနွေး ရေဆွဲထားတဲ့ အဲဒီ ပန်ချီကားကို ဒေါ်လာ ငါးသိန်းနဲ့ အာမခံ ထားလိမ့်မယ်၊ အဲဒီပန်းချီကားကို မင်းခိုးသွားပါတယ်ဆိုပြီး သူက အာမခံကုမ္ပဏီမှာ လျော်ကြေးတောင်း မယ်၊ တကယ်တော့ ဒီပန်းချီကားကို သူတစ်နေရာရာမှာ ၀ှက်ထားမှာပဲ၊ အာမခံကုမ္ပဏီက မင်းနောက်ပဲ လိုက်မှာပဲ၊ သူ့နောက်လိုက်မှာ မဟုတ်ဘူး၊ ဒီတော့ ကုမ္ပဏီရဲ့ လျော်ကြေးငွေ ငါးသိန်းကို ယူရမယ်၊ နောက် အားလုံး အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်ကျရင် သူက တစ်ဦးချင်း သီးသန့်လျှို့ဝှက်ပြီး ပန်းချီကား ၀ယ်မယ့် သူမျိုးကို ဒေါ်လာငါးသိန်းနဲ့ အဲဒီကားကို ရောင်းလိမ့်မယ်၊ ဒီတော့ သူ့အဖို့ ဒေါ်လာတစ်သန်း တွက်ခြေ ကိုက်သွားတာပေါ့၊ သေနတ်နဲ့ချိန် ယူရတဲ့ ဖြောင့်ချက်ဟာ တန်ဖိုးမရှိဘူး အသုံးမ၀င်ဘူးဆိုတာ မင်း မသိဘူးလား"
"ကျွန် ... ကျွန်တော်လဲ ဒီလိုပဲ ထင်ပါတယ်၊ တကယ်လို့ ကျွန်မ သူ့ဆီက အမှန်အတိုင်း သိရရင်၊ တစ် ယောက် ယောက် က သူ့ကို စုံစမ်းစစ်ဆေးမှု စလုပ်နိုင်လိမ့်မယ်လို့ တွေးမိလို့ပါ"
ပါရီပုတ်၏ ဆေးတံတွင် မီးသေသွားသည်။ သူက မီးထပ်ညှိလိုက်ပြီးမှ ဆက်ပြောသည်။
"သူ့အိမ်ထဲကို မင်းဘယ်လိုလုပု ၀င်သွားတာလဲ"
"ကျွန်မ အိမ်ရှေ့တံခါးကနေ လူခေါ် ခေါင်းလောင်း နှိပ်တယ်၊ မစ္စတာရိုမာနိုက တံခါးဖွင့်ပေးပြီး ကျွန်မကို အိမ်ထဲ ၀င်ခွင့်ပြုတာပါ"
"သူတို့ တိုင်ချက်ဖွင့်ထားတဲ့ ဇာတ်လမ်းက အဲဒီလို မဟုတ်ဘူး၊ အိမ်နောက်ဘက်က ပြတင်းပေါက်ကို ချိုးဖျက် ဖောက်ထွင်းပြီး မင်းဝင်လာတယ်တဲ့၊ ရေနွားရဲ့ ပန်းချီကားကို ခိုးပြီး မင်းပြန်အထွက်မှာ သူက မင်းကို တွေ့တယ်တဲ့၊ သူက မင်းကို တားဆီးဖို့ ကြိုးစားတော့ မင်းက သူ့ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေး တယ်တဲ့"
"ဒါ သက်သက်လိမ်တာ၊ ကျွန်မ ..."
"သူလိမ်တာတော့ ဟုတ်မှာပေါ့၊ ဒါပေမယ့် အခင်းဖြစ်တာက သူ့အိမ်မှာ၊ ပြီးတော့ မင်းသေနတ်က ကျန်ခဲ့ တာ၊ မင်း ဘယ်လိုလူစားမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မင်းကိုယ်မင်း သိရဲ့လား"
ထရေစီက ခေါင်းယမ်းပြလိုက်သည်။
"ကဲ ... ဒါဖြင့် မင်ကို ငါပြောပြမယ်၊ ဒီတစ်မြို့လုံးကို အော်ဆက်တီမိသားစုက ချုပ်ကိုင်ထားတာ၊ အန်ပိုနီ အော်ဆက်တီ က သဘောတူခွင့်မပြုရင် ဒီမှာ ဘာမှ လုပ်လို့ မဖြစ်ဘူး၊ မင်း ဒီမြို့မှာ အဆောက်အအုံ ဆောက်ချင်သလား၊ အဝေးပြေးလမ်းမကြီး ခင်းချင်သလား၊ မိန်းကလေးတွေ မွေးပြီး ဒုစရိုက်လုပ်ငန်း လုပ်ချင်သလား၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး အရောင်းအ၀ယ် လုပ်ချင်သလား၊ မင်းဘာပဲလုပ်ချင်လုပ်ချင် အော်ဆက်တီ နဲ့ တွေ့ရမှာပဲ၊ ဂျိုးရိုမာနိုဟာ အစကတော့ အော်ဆက်တီအတွက် လူမိုက် လုပ်ပေးနေတဲ့လူ၊ အခုတော့ အော်ဆက်တီရဲ့ ညာလက်ရုံး ဖြစ်နေပြီး၊ အော်ဆက်တီရဲ့ မာဖီးယားဂိုဏ်းမှာ ထိပ်ဆုံးကလူ ညာလက်ရုံး ဖြစ်နေပြီ"
ထရေစီသည် စိတ်ပျက်အားငယ်စွာဖြင့် ထိုင်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး အားအင်များ ကုန်ခန်းနေသည်။ ခြေကုန်လက်ပန်း ကျနေသည်။
"ကျွန်မပြောပြတဲ့ ဖြစ်ရပ်တွေကို ရှင်ယုံရဲ့လား"
"မင်းပြောတာ အမှန်တွေ ဖြစ်မှာပါ၊ ဒါပေမယ့် အဲဒီ အမှန်တရားကို ဖော်ထုတ်ဖို့ အတွက်ကျတော့ မင်း မစွမ်း နိုင် ပါဘူး" ပါရီပုတ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
"ဒါဖြင့် ရှင် ကျွန်မကို ကူညီမလား"
"ငါ ကြိုးစားပါမယ်၊ သူတို့အားလုံးကို ထောင်ထဲ ထည့်ဖို့ ငါ အမျိုးမျိုး လုပ်ခဲ့တာပဲ၊ သူတို့က ဒီမြို့ကို အပိုင်စီး ထားပြီး တရားသူကြီး အများစုက သူတို့ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေတာ၊ တကယ်လို့ မင်းက ဂျူရီလူကြီး တွေပါတဲ့ ခုံရုံးနဲပ စစ်ဆေးခံချင်တယ်ဆိုရင် မင်းဘ၀ကို နစ်မွှန်းသွားလိမ့်မယ်၊ မင်းဘယ်တော့မှ နေရောင် ကို မြင်ရတော့မှာ မဟုတ်ဘူး" ရှေ့နေ ပါရီပုတ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ထရေစီ က နားမလည်သဖြင့် သူ့အား မော်ကြည့်ပြီး မေးလိုက်သည်။
"တကယ်လို့ ကျွန်မက ခုံရုံးနဲ့ အစစ်ခံမယ်ဆိုရင် ဟုတ်လား"
ပါရီပုတ်သည် အိပ်စင်ပေါ်တွင် တင်ပါးလွှဲထိုင်နေရာက အောက်သို့ ဆင်းပြီး ခေါက်တုံ့ခေါက်ပြန် လျှောက် လိုက်သည်။ ထိုသို့ လမ်းလျှောက်ရင်းမှ ပြောသည်။
"မင်းကို ငါ ဂျူရီလူကြီးတွေ ရှေ့မှာ အစစ်မခံစေချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဂျူရီလူကြီးတွေက သူ့ လူတွေ ဖြစ်နေလိမ့်မယ်၊ ငါပြောတာ ယုံပါ၊ အော်ဆက်တီ ဘယ်လိုမှ ၀ယ်လို့မရတဲ့ တရားသူကြီး တစ်ယောက် ပဲ ရှိတယ်၊ သူ့နာမည်က ဟင်နရီလောရင့်စ်တဲ့၊ မင်းအမှုကို သူ့ရုံးရောက်အောင် ငါစီစဉ်နိုင်ရင် မင်းအတွက် အခြေအနေ ကောင်းနိုင်တယ်၊ သူနဲ့ အဆက်အသွယ် စီစဉ်ရမှာကလဲ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် သိက္ခာနဲ့တော့ မညီဘူးပေါ့၊ ဒါပေမယ့် ငါသူ့ကို ပုဂ္ဂိုလ်ရေးအရ သွားတွေ့ပြီး ပြောမယ်၊ အဲဒီ တရားသူကြီး ဟာ အော်ဆက်တီနဲ့ ရိုမာနိုကို ငါမုန်းသလိုကို မုန်းတာ၊ အခု ငါတို့လုပ်ရမှာကတော့ တရားသူကြီး လောရင့်စ်ကို ရဖို့ပဲ"
ရှေ့နေပါရီပုတ်က ထရေစီအား ချားလ်ဆီ တယ်လီဖုန်း ဆက်ခွင့်ရအောင် စီစဉ်ပေးသည်။ ထရေစီ ကြားနေကျ ဖြစ်သော ချားလ်၏ အတွင်းရေးမှူး အသံကို တယ်လီဖုန်းထဲမှ ကြားရသည်။
"မစ္စတာ စတန်ဟုပ် ရဲ့ ရုံးကပါရှင်"
"ဟာရီပတ် ကျွန်မ ထရေစီပါ၊ သူ ..."
"အို ... ထရေစီ၊ သူ မင်းနဲ့ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ၊ ဒါပေမယ့် တို့ဆီမှာက မင်းတယ်လီဖုန်းနံပါတ်က မရှိဘူး မဟုတ်လား၊ မင်းနဲ့ ဆွေးနွေးရအောင် လာဆော်နေပြီ၊ မင်း ဖြစ်နိုင်သမျှ အမြန်ဆုံး သူ့ဆီ ဖုန်း ဆက်လိုက်ပါ"
"ဟာရီပတ် ... ကျွန်မ ချားလ်နဲ့ စကားပြောချင်လို့ပါ"
"သူ့ အစည်းအဝေးတစ်ခုတက်ဖို့ ဟူစတန်မြို့ကို သွားတယ် မစ္စ၀ှစ်တနေ၊ ဒီတော့ မင်းတယ်လီဖုန်းနံပါတ် ပေထားပါ၊ သူ မင်းဆီတတ်နိုင်သမျှ အမြန်ဆုံး တယ်လီဖုန်းပြန်ဆက်နိုင်အောင် အကြောင်း ကြားပေးလိုက် ပါမယ်"
ချားလ်အဖို့ ထရေစီအား ထောင်သို့ တယ်လီဖုန်း ဆက်သွယ်ရန် နည်းလမ်းမရှိနိုင်ပေ။ မိမိက ချားလ်အား အကြောင်းစုံ ကို အရင်ရှင်းပြနိုင်မှသာ ဖြစ်မည်။ သို့မဟုတ်က ချားလ် အထင်လွဲသွားနိုင်သည်။
"ကျွန် ... ကျွန်မ ချားလ်ဆီကို တယ်လီဖုန်း ပြန်ဆက်ပါမယ်"
ထရေစီက ထိုမျှသာ ပြောပြီး တယ်လီဖုန်းခွက်ကို ဖြည်းလေးစွာ ပြန်ချထားလိုက်သည်။
မနက်ဖြန် ... ထရေစီ စိုးရိမ်ပူပန်စွာဖြင့် တွေးလိုက်မိသည်။ ဖြစ်ကြောင်းကုန်စင်ကို ချားလ်အား မနက်ဖြန် ကျ မှ လိပ်ပတ်လည်အောင် ရှင်းပြရပေတော့မည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ထရေစီအား မူလအခန်းထက် ပို၍ ကျယ်သော အချုပ်ခန်းသို့ ရွှေ့ပြောင်း ပေးကြသည်။ ပူနွေးသော ညစာကိုလည်း စားရသည်။ ညစာစားပြီး မကြာခင်မှာပင် ထရေစီထံ လန်းဆန်း သော ပန်းတစ်စည်းနှင့် စာတစ်စောင် ရောက်လာသည်။ စာအိတ်ကို ဖောက်ပြီး အထဲမှ ကတ်ပြားကို ထုတ်ယူ ကာ ရေးထားသော စာကို ဖတ်လိုက်သည်။
"စိတ်မပျက် အားမငယ်ပါနှင့်၊ ခွေးမသားတွေကို တို့ ဆုံးမရမယ်" ပါရီပုတ်။
နောက်တစ်နေ့ မနက်တွင် ထရေစီ၏ အချုပ်ခန်းထဲသို့ ရှေ့နေ ပါရီပုတ် ရောက်လာပြန်သည်။ သူ့မျက်နှာ ပေါ်တွင် အပြုံးရိပ်ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် သတင်းကောင်း ကြားရလိမ့်မည်ဟု ထရေစီ သိ လိုက်သည်။
"ငါတို့ ကံကောင်းတယ်၊ ငါ အခုပဲ တရားသူကြီး လောရင့်စ်နဲ့ ခရိုင်အစိုးရရှေ့နေ တော်ပါတို့ဆီက ပြန်လာ တာ၊ တော်ပါကတော့ အကြောက်အကန် ကန့်ကွက်တာပဲ၊ ဒါပေမယ့် တို့ အပေးအယူ လုပ်လို့ရမယ်၊ အခြေအနေ တော့ ရှိတယ်"
"အပေးအယူ ဟုတ်လား" ထရေစီ နားမလည်သဖြင့် မေးလိုက်သည်။
"မင်းရဲ့အဖြစ်အပျက်ကို အစကအဆု့းအထိ ငါ တရားသူကြီး လောရင့်စ်ကို ပြောပြလိုက်တယ်၊ မင်းဆီက အပြစ် ကျူးလွန်ကြောင်း အသနားခံချက်ကို လက်ခံဖို့ တရားသူကြီးက သဘောတူတယ်"
ထရေစီ က ပါရီပုတ်အား အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။
"အပြစ် ကျူးလွန်ကြောင်း ၀န်ခံရမယ် ဟုတ်လား၊ ဒါပေမယ့် ကျွန်မမှ အပြစ်မကျူးလွန်ဘဲ"
"ရှင်းပြတာ နားထောင်ပါဦး၊ မင်းက အပြစ်ရှိကြောင်း ၀န်ခံလိုက်ရင် ခုံရုံးနဲပ စစ်ဆေးရမယ့် စရိတ်စက အကုန်အကျသက်သာအောင် မင်းက လုပ်ပေး လိုက်သလို ဖြစ်သွားမယ်၊ ပန်းချီကားကို မင်းမခိုးဘူးဆိုတာ တရားသူကြီးကို ငါ ဖျေားဖျ ပြောထားပြီးသားပါ၊ ဂျိုးရိုမာနိုအကြောင်းကို သူ ကောင်းကောင်း သိပါ တယ်၊ ငါ့ ကို သူ ယုံပါတယ်"
"ဒါပေမယ့် ကျွန်မက အပြစ်ရှိကြောင်း ၀န်ခံလိုက်ရင် သူတို့က ကျွန်မကို ဘာလုပ်မလဲ" ထရေစီက တွေးတွေး ဆဆ မေးလိုက်သည်။
"တရားသူကြီး လောရင့်စ်က မင်းကို ထောင်သုံးလပြစ်ဒဏ် ..."
"ထောင်ချမယ် ဟုတ်လား"
"ခဏနေပါဦး၊ ဆုံးအောင် နားထောင်စမ်းပါဦး၊ ထောင်သုံးလ အပြစ်ပေးပေမယ့် မင်းအဖို့ ထောင်ကျမခံ ရသေးဘဲ အပြစ်ဒဏ် ကို တရားသူကြီးက ဆိုင်းငံ့ထားမှာပါ၊ မင်းက ထောင်အပြင်မှာ ကောင်းကောင်း မွန်မွန် နေပြသွားရင် ပြီးတာပါပဲ"
"ဒါပေမယ့် ကျွန်မမှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ မှတ်တမ်း ၀င်သွားမှာပေါ့"
ပါရီပုတ်က သက်ပြင်းချလိုက်ပြီး ပြောပြန်သည်။
"လက်နက်ကိုင် ခိုးယူမှုနဲ့ လူသတ်ရန် ကြံစည်မှု စွဲချက်နဲ့သာ မင်းကို ပြစ်မှုကြီး ကော်မရှင် ရဲ့ ဂျူရီခုံရုံး ရှေ့မှာ အမှုတင်လိုက်ရင် ထောင်ဒဏ်ဆယ်နှစ် အထိ မင်း အပြစ်ဒဏ် ခံရနိုင်တယ်"
ထောင်ဆယ်နှစ်ဟု ထရေစီစိတ်ထဲက အထိတ်တလန့် ရွတ်ဆိုလိုက်မိသည်။ ပါရီပုတ်က ထရေစီအား စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့် အကဲခတ်နေသည်။
"အဓိက ဆုံးဖြတ်ရမှာတော့ မင်းပဲ၊ ငါကတော့ အကောင်းဆုံး အကြံဥာဏ်ပေးနိုင်တာပဲ ရှိတယ်၊ သူတို့ အုခ အဖြေလိုချင်တယ်၊ ငါကလဲ မင်းအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးတာပဲ၊ ငါပြောသလို အပေးအယူ မလုပ်နိုင်ရင်တော့ မင်း တခြား ရှေ့နေတစ်ယောက် ရှာပေတော့"
"အို ... ဒီလို မဟုတ်ပါဘူးရှင်"
ဤရှေ့နေသည် ရိုးသားဖြောင့်မတ်သူအဖြစ် ထရေစီ ယုံသည်။ မိမိရူးရူးမိုက်မိုက်ဖြင့် ပြုလုပ်ခဲ့မှုများ အပေါ် တွင် လက်ရှိအနေအထားအရ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည်ဟု မြင်လာသည်။ ချားလ်နှင့် စကားပြောခွင့် ရလျှင် ပိုကောင်းလာမည်။ ပြစ်ဒဏ်သုံးလကို ဆိုင်းငံ့ပေးထားမည်ဆို၍ မိမိအဖို့ ကံကောင်း ပေမည်။
"ကျွန်မ ... ကျွန်မ အပေးအယူ လုပ်ပါမယ်"
ထရေစီ ပြောလိုက်သည်။ သို့သော် ထိုစကားလုံးများ ပါးစပ်မှ ထွက်လာအောင် မနည်းအားယူပြီး ဖျစ်ညှစ် ပြောလိုက်ရခြင်း ဖြစ်သည်။
ရှေ့နေ ပါရီပုတ်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"မင်း အမြော်အမြင် ရှိတဲ့ ကလေးမဘဲ"
ထရေစီအား တရားခွင်သို့ ပြန်ခေါ်လာသည်။ ထိုသို့ မခေါ်လာမီအချိန်အတွင်း သူမအား တယ်လီဖုန်း ဆက်ခွင့် မပေးချေ။ ထရေစီ၏ ဘေးတစ်ဘက်တစ်ချက်တွင် အစိုးရ ရှေ့နေ အက်တော်ပါးနှင့် သူမ၏ ရှေ့နေ ပါရီပုတ်တို့ ရပ်နေကြသည်။ သူတို့ ရှေ့တည့်တည့်၌ ထိုင်နေသော တရားသူကြီးသည် အသက်(၅၀) ကျော် (၆၀)တွင်းခန့် ရှိသည်။ ဥပဓိ ရုပ်ကောင်းသည်။ မျက်နှာတွင် အရေးအကြောင်းများပင် မထင်သေးဘဲ ချောမွေ့နေသည်။ ထူထဲသော ဆံပင်ကို ပုံကျပန်းကျ ဖြီးထားသည်။
တရားသူကြီး ဟင်နရီလောရင့်စ်က ထရေစီကို မေးသည်။
တရားခံဟာ အပြစ် မရှိပါဘူးလို့ ထွက်ဆိုထားရာက နေပြီး အပြစ် ရှိပါတယ်လို့ ၀န်ခံ ထွက်ဆိုချက် ကြောင်း ရုံးတော် သို့ တင်ပြလာပါတယ်၊ ဒီ တင်ပြချက် မှန်ပါသလား"
"ဟုတ်ကဲ့ ... မှန်ပါတယ် ... တရားသူကြီးမင်း"
ထရေစီ ဖြေလိုက်သည်။
"နှစ်ဘက် အကျိုးဆောင်များကရော သဘောတူပါသလား"
ဟုတ်ကဲ့ တူပါတယ် ... တရားသူကြီးမင်း"
ပါရီပုတ်က ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။
"အစိုးရဘက်ကလဲ သဘောတူပါတယ် တရားသူကြီးမင်း ..."
ခရိုင်အစိုးရ ရှေ့နေကလည်း ဖြေသည်။
တရားသူကြီး လောရင့်စ်က ထရေစီကို စိုက်ကြည့်ပြီးနောက် စီရင်ချက် ချတော့သည်။
"ကျွန်ုပ်တို့၏ ဤနိုင်ငံကြီးတွင် ထိုကဲ့သို့ မနှစ်မြို့ စဖွယ်အမှုကိစ္စများ ဖြစ်နေရသော အကြောင်းရင်း တစ်ရပ်မှာ လမ်းများပေါ်တွင် အန္တရာယ်ပြု ဖျက်ဆီးတတ်သော သတ္တ၀ါများ လှုပ်ရှားသွားလာနေခြင်း ကြောင့် ဖြစ်သည်။ ထိုပြစ်မှု ကျူးလွန်တတ်သူများသည် ယင်းတို့ စိတ်ကြိုက် ပြုမူ၍ ရနေသည်ဟု ထင်နေ ကြသည်။ ထို့ကြောင့် အချို့သော သူများက ဥပဒေကိုပင် ပြက်ရယ်ပြုလာကြသည်။ ဤနိုင်ငံရှိ အချို့သော တရားစီရင်ရေး စနစ်များသည် ပြစ်မှု ကျူးလွန်သူများအား မျက်နှာသာပေးသလို ဖြစ်နေသည်။ မိမိတို့ လူဝစ် စီယားနား ပြည်နယ်သည် ထိုသို့ မျက်နှာသာပေးမှုမျိုးကို လက်မခံပေ။ ပြစ်မှုကြီးဆိုင်ရာ ပြစ်ဒဏ်အရ ဆိုလျှင် သွေးအေးအေးနှင့် သတ်ရန် ကြိုးပမ်းသူအား ထိုက်တန်သော ပြစ်ဒဏ် ချမှတ် သင့် သည် ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
ထရေစီအဖို့ ထိတ်လန့်စပြုလာပြီး ကျောထဲက စိမ့်တက်လာသည်။ ရှေ့နေ ပါရီပုတ်ဘက်သို့ သူမ လှည့်ကြည့်လိုက်သည်။ ပါရီပုတ်က တရားသူကြီးကိုသာ စိုက်ကြည့်နေသည်။
"ဤမြို့မှ ထင်ရှားသော နိုင်ငံသားတစ်ဦး ဖြစ်ပြီး လှူဒါန်းပေးကမ်း ဒါနပြုမှုနှင့် အလုပ်ကောင်းများကို လုပ်ဆောင်မှု တို့ကြောင့် လူသိများ ထင်ရှားသူ တစ်ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း တရားခံက ၀န်ခံ ပေသည်။ ဒေါ်လာ ငါးသိန်းတန် ပန်းချီကား တစ်ချပ်ကို ခိုးယူရင်း တရားခံသည် အဆိုပါပုဂ္ဂိုလ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ခိုးယူသွားသော ပန်းချီကားမှ ရရှိမည့်ငွေဖြင့် ပျော်ရွှင်နေမည့် အဖြစ်မျိုးကို ဤ ရုံးတော် က အနည်းဆုံး (၁၅)နှစ်အထိ ခွင့်ပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တရားခံအား လူဝစ် စီယားနား တောင်ပိုင်းရှိ အကျင့်စာရိတ္တ ပြုပြင်ရေးဆိုင်ရာ အမျိုးသမီးထောင်တွင် (၁၅)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ဆက်ရန်
.

2 comments:
တခုခုတော့ အကြီးအကျယ်ကို မှားယွင်းနေပြီ၊ ဆက်ရန် ကိုပဲ စောင့်ရတော့မှာပဲ...။
အမှန်တရားကလဲဖော်ထုတ်ခွင့်မရတော့
သူဘာဆက်ဖြစ်မလဲ......
အစကတဲကသူ့ဟာသူနေတာကောင်းရဲ့
သေနတ်ဝယ်လိုက်မှပဲ....
Post a Comment