ဆရာကြီးဦးသုခအား
အသက်ဆက်ပေးလိုက်သည့်
သုတ္တန်တရားတော်
ဝဏ္ဏသိရိ
အသက်ဆက်ပေးလိုက်သည့်
သုတ္တန်တရားတော်
ဝဏ္ဏသိရိ
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်တုန်းက ဒီဃာဝုသတို့ သားကလေးရှိရာသို့ နောက်ပါသံဃာတော်များ နှင့် တကွ ကြွရောက်တော်မူ၍ တရားဟောတော်မူခဲ့၏။ မကြာခင်သေရတော့မည့် ကံဇာတာပါလာခဲ့သည့် ဒီဃာဝု သတိုးသားကလေးသည် ဘုရားရှင်နှင့်တကွ သံဃာတော်များကို ဖူးမြင်ရခြင်း၊ တရားတော်ကို နာ ကြားရခြင်း တို့ကြောင့် သေမည့်ဘေးမှ လွတ်မြောက်ကာ အသက်ရာကျော် နေသွားခဲ့ဖူးပေသည်။
သာသနာတော်နှစ် နှစ်ထောင့်ငါးရာ၏ ဤဘက်တွင်လည်း ဤသို့သော ဇာတ်လမ်းတစ်ခု ပေါ်ပေါက် လာပါပြီ၊ နိုင်ငံကျော်စာရေးဆရာကြီး အကယ်ဒမီ ခြောက်ဆုရရုပ်ရှင် ဒါရိုက်တာကြီး၊ ဂုဏ်ထူးဆောင် စာပေ ပညာရှင် ကြီး၊ စွယ်စုံအနုပညာရှင်ကြီးဖြစ်သော ဆရာကြီး ဦးသုခမှာလည်း ဘုရားရှင့်တပည့်အား ဆရာတော်ကြီး တစ်ပါး၏ တရားဒေသနာတော်ကို ကြားနာလိုက်ရသဖြင့် သေဖို့ရန် ဟန်ပြင် နေရသည့် အဖြစ်က လွတ်မြောက် သွားခဲ့ရပါပြီ။
ဆရာကြီး ဦးသုခရှေ့မှောက်သို့ မရောက်ခင်တုန်းကတော့ ကျွန်တော် ဤအဖြစ်ကို မသိရသေးပါ။ ကျွန်တော် သိထားသည်မှာ (၄.၇.၂၀၀၀)ရက်ထုတ် ပေါ်ပြူလာဂျာနယ်ထဲက "ရာမ၏ သင်္ကန်းလွှမ်းပေးပါ" ဟူသော ဆောင်းပါးအတိုင်းသာဖြစ်၏။ ဆောင်းပါးအစမှာ ယခင်အပတ်မှအဆက်ဟု ဖော်ပြထားဖြင့် ယခင် က တစ်ပတ်ပါခဲ့သလား၊ နှစ်ပတ်ပါခဲ့သလားမသိပါ။
ထိုဆောင်းပါး တွင် ဆရာကြီး ဦးသုခက "ငါသေချင်လာပြီ ရာမရယ်"ဟူ၍ပြောသော စာကြောင်းကို ဖတ်လိုက် ရသည်ကား တုန်လှုပ်သွားရပါတော့သည်။ ထိတ်လန့်တကြား ဖြစ်သွားရပါတော့ သည်။
ဆရာကြီး ဦးသုခကို ကြည်ညိုသူတိုင်း ဤစကားသံတို့ကို မိမိတို့ နားနှင့်ဆတ်ဆတ် ကြားလိုက်ရသကဲ့သို့ ခံစားကြ ပါလိမ့်မည်။ ဆရာကြီး၏ စေတနာ မွန်မြတ်ပုံကို သဘောပေါက်သူတိုင်း စုတ်တသပ်သပ် ဖြစ်သွားကြ ပါလိမ့်မည်။ ဆရာကြီး၏ အနုပညာစွမ်းအားကို လေးစားသူတိုင်း ၀မ်းနည်းပက်လက်ဖြစ် သွားကြ ပါလိမ့်မည်။
၁၉၉၄ ခုနှစ်လောက် ထင်ပါသည်။ ဆရာကြီး၏ တပည့်ရင်းဖြစ်သူ ရတနာပုံ ထီဆိုင်ပိုင်ရှင် ဦးသန်းဆွေက ချင်းတွင်းမြစ် အနောက်ဘက် သူ့ဇာတိရပ်ရွာမှာ အလှူကြီးပေးသဖြင့် ဆရာကြီးသည် ထိုရွာသို့လိုက်ပါ၍ ချီးမြှင့်ခဲ့၏။ စာပေမိခင်ကြီး လူထုဒေါ်အမာလည်း ဆရာကြီးနှင့် အဖော်ရအောင် လိုက်ပါလာ၏။ အနောက် ဘက်အလှူကအပြန်တွင် ဆရာကြီးတို့ အဖွဲ့သည် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီးတို့ အဖွဲ့သည် မုံရွာ မြို့ ဆုတောင်းပြည့်ဘုရားကြီးသို့ ၀င်ရောက်ဖူးမြော်ကြ၏။ ထိုနေရာတွင် အသင့်စောင့်နေကြသော မုံရွာ ကလောင်ရှင် ကြီးငယ်အပေါင်းက ဆရာကြီးနှင့် ဆရာမကြီးတို့ကို ရိုသေလေးမြတ်စွာ ဦးခိုက်ခဲ့ကြရ၏။ သည် တုန်းက ဆရာကြီးနှင့်အတူ အကန်တော့ခ့ရသည့် ဆရာမကြီးက " ဘုန်းကြီးနောက်က ကပ္ပိယပါလာ သလို ဖြစ်နေပြီ "ဟု ရယ်ရယ်မောမော ပြောသွားခဲ့ပါသေးသည်။
ဖြစ်များ ဖြစ်နိုင်မည်ဆိုပါက ဤလိုပွဲမျိုးတွေ နောက်ထပ် နွှဲလိုက်ချင်ပါသေးသည်။ နွှဲခွင့်တွေ ရနေချင်ပါ သေး သည်။ ဟိုမှာ ဘက်သို့ ကိုင်းညွှတ်နေသည့် ဆရာကြီး၏ စိတ်ဓာတ်ကို ဤမှာဘက်သို့ ဆွဲယူပေးလိုက် ချင် စမ်းပါဘိ။
သို့သော် ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးကို ဖြိုချင်သည့်ဆန္ဒမျိုးပါ။ အသက်က ကိုးဆယ်ကျော်၊ မျက်စိ အမြင်က မှုန်ဝါးဝါး၊ သည်ကြားထဲ အိုနာ အိုရောဂါက တစ်မျိုးပြီးတစ်မျိုး၊ သည်လို အိုမင်းမစွမ်း အဖြစ်မျိုး စုံဝိုင်းအုံလာသဖြင့် အလုပ်ချင်ဆုံး လုပ်ငန်းတစ်ရပ်ကို လက်လွှတ်လိုက်ရ၏။ ကိုယ်ပေါင်ကိုယ် ချိုး ၍ ၀ိပဿ နာရှုခဲ့သည့် တိဿမထေရ်ကြီး ဇာတ်လမ်း ရိုက်ကူးရေးကို လက်လျှော့ထားလိုက်ရ၏။
ဆရာကြီး ဦးသုခသည် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးအရှင် ဇနကာဘိဝံသကို ကြည်ညို ဆည်းကပ် သူဖြစ်ရာ ဆရာတော်ကြီး၏ စိတ်ဓာတ်က သူ့အပေါ် လွှမ်းမိုးလာခဲ့ဟန်တူပါသည်။ ဆရာတော်ကြီး သည် သာသနာတော်အတွက် အလုပ်အကျွေးပြုနိုင်ဖို့သာ အသက်ရှင်နေလို၏။ သာသနာတော်ကြီး အတွက် အလုပ်အကျွေးမပြုနိုင်တော့ဘူးဆိုပါက အသက်ရှင်နေရန် မလိုတော့ပြီ။ ----- ဇာတ်လမ်း တွေကို စိတ်ရှိလက်ရှိ ကိုင်တွယ်၍ စေ့စေ့စပ်စပ်ညွှန်ကြားပြသပြီး မရိုက်ကူးနိုင်တော့သဖြင့် စိတ်လျှော့ချ လိုက်ဟန်တူပါသည်။ ဤကဲ့သို့ သုညအမှတ်သို့ ရောက်လုနီးပါးကျဆင်းနေသည့် စိတ်ဓာတ် ကို မည်သည့်စွမ်းအားက မြှင့်တင်ပေးပါသနည်း။
ဘုရားလက်ထက်တော်တုန်းက ဗောဇ္ဈင်သုတ် စသော တရားတော်များကြားနာရသဖြင့် နာလန်ထသွား သည့် ၀တ္ထုသာဓကတွေရှိခဲ့ပါသည်။ သို့ရာတွင် ဆရာကြီးလည်း ဤသာဓကများကို သတိမပြုမိဘဲ နေမည် မဟုတ်ပါ။ သည်တော့ ပြောနေကျ ဟောနေကျ ကြားနေကျ နာနေကျတရားမျိုးဖြင့် ဆရာကြီး၏ စိတ်ကို ဆွဲ ဆောင်ယူဖို့ ဖြစ်မည်မဟုတ်ပါ။ ဆရာကြီး၏ လက်ရှိအခြေအနေနှင့် အလွန့်အလွန် တိုက်ဆိုင်နေသည့် တရားဒေသနာ တစ်ခုခုနှင့်သာ ရနိုင်ပါလိမ့်မည်။
ဤသို့ ဒေသနာတော်ကို ရှာရင်းဖွေရင်း နိုင်ငံတော်က ဆရာကြီးအား ဂုဏ်ထူးဆောင်စာပေပါရဂူ (ဒီလစ်) ဘွဲ့အပ်နှင်းသည့် သတင်းကိုဖတ်ခဲ့ရသည်။ ဆရာကြီးကိုယ်တိုင် တက်ရောက်၍ ဘွဲ့လက်ခံယူသည်ကို လည်း ဓာတ်ပုံ နှင့် တကွတွေ့လိုက်၏။ တစ်ဆက်တည်းမှာပင် ဆရာကြီးကို ကြည်ညိုလေးမြတ်သူများက စာပေပါရဂူ ဘွဲ့ရရှိသည့်အတွက် ဂုဏ်ပြုပူဇော်ပွဲကျင်းပရာသို့လည်း ဆရာကြီး ကိုယ်တိုင် တက်ရောက်နိုင် သည်ကို တွေ့ရပြန်၏။ အိပ်ရာထက်ပက်လက်အနေအထားဖြင့် သေမင်းအခေါ်ကို စောင့်နေခဲ့ရာမှ ဘယ်လို စွမ်းအားကြောင့် ထူထူထောင်ထောင် ဖြစ်လာရပါလိမ့်။
အကြောင်းရင်း မှန်ကို မသိနိုင်သေးသော်ငြားလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရ၏။ ဆရာကြီး၏ စိတ်ဓာတ် ကို ကိုယ့်ဘက်ပါအောင် ဆွဲယူနိုင်ဖို့ ကြံစည်နေခိုက်တွင် ဆရာကြီးဘက်က ထူနိုင်ထနိုင် ဖြစ်နေသဖြင့် အား တက်လာမိ၏။ ကာရန်သင့်ချင်တော့ ဤနှစ်ပိုင်း ဇန်န၀ါရီလထဲတွင် ရန်ကုန်သို့ ရောက်ခိုက်တွင် ပြာသိုလ ပြည့်နေ့ နှင့်လည်း ကြုံကြိုက်နေသဖြင့် အမျိုးသားဇာတ်ရုံတွင် ကျင်းပထိုင်၍ အဖွင့်သြ၀ါဒစကားများ မြွတ်ကြားနိုင်ခဲ့ပါပေသည်။
ဤသို့ ဆရာဘက်က အားတက်စရာ အခြေအနေတွေ ပေါ်ပေါက်နေချိန်တွင် ဆရာကြီးအတွက် ပေးအပ်ရန် ဓမ္မလက်ဆောင်မွန်ကလည်း အရံသင့်ရှိနေပါပြီ။ ထို့ကြောင့် ဆရာကြီးအိမ်သို့ ရောက်ဖြစ် ခဲ့ပါသည်။ တကယ် ဆိုတော့ နံနက်ခင်းမှာ ဧည့်သည်များ မလာသင့်ပါ။ ဆရာကြီးမှာ ညအချိန်တွင် တော်တော် နှင့် မအိပ်တတ် သဖြင့် နံနက်ခင်းကျမှ အိပ်ရေးဝအောင် အိပ်ရ၏။ ညနေဘက်ကျတော့လည်း ဘုရားရှိခိုး၊ မေတ္တာပို့၍ ပရိတ်တော်ရွတ်ဖတ် သရဇ္ဈာယ်နေကျဖြစ်၏။ ထို့ကြောင့် နေ့လယ်ခင်းမှာ လာဖို့ အကောင်းဆုံး ဖြစ်ပါသည်။
ဒေါ်ကြင်မေကခွင့်ပြုသဖြင့် ကျွန်တော်သည် ဆရာကြီး၏ အိပ်ခန်းအတွင်းထိ ၀င်ရောက်၍ ရိုသေစွာ ဦးချ ကန်တော့ခဲ့ရပါ၏။ ဆရာကြီးကို အိပ်ရာထက်တွင် ပက်လက်အနေအထားဖြင့် တွေ့ရပါသည်။ နှစ်အတန် ကြာတုန်းကလည်း ဆရာကြီးထံရောက်၍ စကားစမြည်ပြောခဲ့ဖူးပါသည်။ ထို့ပြင် ဆရာကြီးနှင့် ပက်သက်၍ " "စေတနာမြတ်ဖြင့် အပြတတ်သူ" ဟူသော ဆောင်းပါးကို ရေးခဲ့ဖူးသဖြင့် ဆရာကြီးက ကျွန်တော့်ကို ကောင်းကောင်း မှတ်မိနေပါသည်။ ဘာသာရေးစာပေရေးသားနေသူဖြစ်၍လည်း ပို၍ အာရုံစူးစိုက်မိဟန်တူ ပါသည်။
" စေတနာမြတ်ဖြင့် အပြတတ်သူ " ဆောင်းပါးမှာ ဆရာကြီးရေးသားခဲ့သည့် "မသိ၍ ငိုချင်သည်" ၀တ္ထု အကြောင်း ဖြစ်ပါသည်။ တကယ်တော့ ဤ၀တ္ထုပါ အကြောင်းအရာဟာ အလွန်တရာ ရုပ်ဆိုးလှပါသည်။ မကြားကောင်း မနာသာထဲက ဖြစ်ပါသည်။ ထိုမျှလောက် အရုပ်ဆိုးလှသည့် အကြောင်း အရာကိုပင် ဆရာကြီးဟာ ဓမ္မသံဝေဂဖြင့် လွှမ်းခြုံ၍ ရေးသားထားသဖြင့် နှစ်သက်ဖွယ် ၀တ္ထုတိုတစ်ပုဒ် ဖြစ်လာ ခဲ့ရပါသည်။
၁၉၉၁ ခုနှစ်၊ မေလထုတ် မြတ်မွန်ရတနာ မဂ္ဂဇင်းတွင် ဤဆောင်းပါး ပါလာခဲ့သော်လည်း ဆရာကြီး မမေ့ သေးပါ။ ထိုဆောင်းပါးအတွက် ကျေးဇူးတင်ကြောင်း စိတ်ပါလက်ပါ ပြောပြပါသည်။ ကျန်းမာရေး အခြေအနေကြောင့် လူကသာ အိပ်ရာထက်မှာ ပက်လက်နေရသည်။ အသံကတော့ တကယ့် စတိတ်ခုံ ပေါ်မှ ဟောပြောနေရသည့် အတိုင်းပါ။ ကြုံတုန်းကြုံခိုက် စပ်မိစပ်ရာ ပြောမိကြသည့်အထဲက ဆရာကြီး အနှစ်ခြိုက်ဆုံးမှာ ငယ်စဉ်တုန်းက အသိပညာဆည်းပူးခဲ့ရပုံများ ဖြစ်ပါသည်။ ကျိုက်လက်မှာဆို လျှင် ဆရာကြီး ၏ ဖခင်မှာ ပွဲစားကြီးဖြစ်၍ မြို့မျက်နှာဖုံးထဲဖြစ်၏။ သို့ရာတွင် ပွဲစားကြီး၏သား မောင်သိန်း မောင်ကလေး ကား ပညာကိုသာလိုလား၏။ အသိပညာရရှိရေးအတွက် လူပျံတော်ပညာရှိထံ ချဉ်းကပ် ခဲ့၏။ ငရုတ်သီးထောင်းတာက အစ အိမ်မှုကိစ္စများဝင်လုပ်ပေးရင်း အသိပညာများဆည်းပူးလာခဲ့၏။
မိမိ တစ်သက်တာတွင် အားရကျေနပ်မှု အရှိဆုံး အကြောင်းအရာများဖြစ်နေ၍ ဆရာကြီးမှာ ပြော၍ မ၀နိုင် အောင်ဖြစ် နေ၏။ ကျွန်တော်ဘက်ကတော့ အားရတာကတစ်ဖက်၊ စိုးရိမ်မိတာကတစ်ဖက်၊ ရာမ၏ ဆောင်းပါး တစ်ပုဒ်ထဲမှာ စကားများများ ပြောပြီးလျှင် အမောဆိုက်၍ ဆရာကြီးမှာ ပက်လက် ဖြစ်သွား ကြောင်း ဓာတ် ပုံများနှင့်တကွ ဖတ်ရှုထား၍ ဖြစ်ပါသည်။
သို့သော် ဆရာကြီး ကိုယ်တိုင်က မိမိ၏ ဇရာဒုက္ခကို ခေတ္တမေ့ထားကာ စိတ်ပါလက်ပါပြောပြနေသည်မို့ ကျွန်တော် အဟန့်အတားမပြုရက်ပါ။ နောက်ပြီးတော့ သည်အကြောင်းအရာများကိုက ကျွန်တော်တို့ အတွက် အဖိုးထိုက်တန်သည့် စံနမူနာ ကောင်းများလည်း ဖြစ်နေပါသည်။ ထို့ကြောင့်လည်း အတိုင် အဖောက် ညီညီနှင့် ပွဲစည်၍နေခဲ့ကြပါသည်။
ဤသို့ အားရပါးရပြောပြီးကာမှ ဆရာကြီးက ခွင့်ပန်၍ လာခဲ့ရင်းအကြောင်းကို ပြောပြလိုက်ရပါသည်။ "ဆရာကြီး ခင်ဗျား ခုလို ကြုံတုန်းကြုံခိုက်မှာ ဆရာကြီးရဲ့ လက်ရှိအခြေအနေမှာ အင်မတန် ကိုက်ညီနေတဲ့ သုတ္တန်ဒေသနာတော်တစ်ခုကို ပြောပြလိုပါတယ်၊ အဲဒီသုတ္တန်ဒေသနာတော်ကတော့ ပါယာသိသုတ်လို့ ခေါ်ပါတယ်။ ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိတော်ထဲက နောက်ဆုံးသုတ္တန်ဖြစ်ပါတယ် "
ဘုရားသံ တရားသံ ကြားလိုက်ရသည်နှင့် တပြိုင်နက် ဆရာကြီးက ရင်ဘတ်ပေါ်မှာ လက်အုပ်ချီထားပြီး ဖြစ်နေပါပြီ၊ မျက်စိအစုံကို မှိတ်ထားကာ နားစွင့်လျက်ရှိနေပါပြီ။
" ပါယာသိသုတ္တန်လို့ခေါ်တဲ့အတိုင်း ပါယာသိ အမည်ရှိတဲ့ မြို့စားမင်းကို ဟောထားခဲ့တာပါ။ ဟောကြားတဲ့ ပုဂ္ဂိုလ် ကတော့ ဆန်းကြယ်တဲ့ တရားစကား ဟောကြားတဲ့အရာမှာ ဧတဒဂ်ရတဲ့ အရှင်ကုမာရကဿပ ဖြစ်ပါတယ် "
" အခုခေတ်အနေနဲ့ဆိုရင်တော့ ပါယာသိမြို့စားဟာ ရုပ်ဝါဒသမားလို့ ဆိုရမယ်ထင်ပါတယ်။ သူဟာ မျက်မြင် ကိုယ်တွေ့ ဒီလောကကြီးကလွဲလို့ အခြားလောကကို လက်မခံပါဘူး။ နတ်တွေ ဗြဟ္မာတွေ ဆိုတဲ့ ဥပပတ် ပဋိသန္ဓေနေသူတွေလဲ မရှိဘူး။ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားများလဲမရှိဘူး။ ဒီလို မိစ္ဆာအယူ ကို စွဲယူထားသူဖြစ်ပါတယ် " ။
" ပါယာသိမြို့စားမင်းက ဒီလိုဆိုပါတယ်။ လောကမှာ ကိုယ်ကျင့်သီလပြည့်ဝဖြူစင်တဲ့ ရဟန်းပုဏ္ဏားတွေရှိ ကြပါတယ်။ တကယ်လို့ သူတို့တစ်တွေ ဒီဘ၀ကကွယ်လွန်ပြီးတဲ့အခါ ဒီထက် ကောင်းရာမွန်ရာကို ရောက် မယ်ဆိုရင် သေချိန်မကျခင်ကတည်းက ကိုယ့်ကိုယ်ကို သက်သေသွားကြပါလိမ့်မယ်။ အခုတော့ သေချိန် မကျခင် က ကြိုတင်ပြီး သတ်သွားတဲ့ သူတော်စင်ရယ်လို့ မရှိပါဘူး။ သေရမယ့်အချိန်ကို စောင့်ပြီး သေသွား ကြသူတွေသာ တွေ့နေရပါတယ်။ ဒါကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ ကောင်းကျိုး ဆိုးပြစ် ရယ်လို့ မရှိပါဘူးလို့ အဆိုပြုပါတယ်။
" ဒီတော့ အရှင်ကုမာရကဿပကလဲ ဥပမာနဲ့ပဲ တုံ့ပြန်တော်မူပါတယ်။ ပုဏ္ဏားတစ်ယောက်မှာ မယားနှစ် ယောက်ရှိတဲ့အနက် မယားကြီးမှာ ဆယ်နှစ်အရွယ်လောက် သားတစ်ယောက်ရှိတယ်။ မယားအငယ်မှာ တော့ မွေးခါနီးဖွားခါနီး ကိုယ်ဝန်ရှိနေတယ်။ အဲဒီအချိန်မှာ ပုဏ္ဏားက ရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက် ကျန်ရစ်တဲ့သားသူငယ်က ဖခင်ရဲ့ အမွေပစ္စည်းမှန်သမျှ သူ့ဟာချည်း ဖြစ်တယ် လို့ အရေးဆို လာတယ်။
မိထွေးဖြစ်သူက သူငယ်ကို ဖျောင်းဖျပါတယ်။ " အမောင်ရယ် မကြာခင်မှာ ဖွားတော့မှာပါ။ ခဏလေးစောင့် ပါဦး။ တကယ်လို့ သားယောက်ျားလေး ဖွားမြင်လာတယ်ဆိုရင် ဖခင်ရဲ့ အမွေကို ခွဲယူကြတာပေါ့။ တကယ် လို့ သမီးမိန်းကလေးဖွားလာမယ်ဆိုရင်တော့ အမွေခွဲနေဖို့ မလိုတော့ပါဘူး။ အမောင့်အလုပ် အကျွေးမဖြစ်ရမှာပေါ့" လို့ ဖျောင်းဖျပါတယ်။ ဒါပေမယ့် သူငယ်လေးက ခေါင်းမာပါ တယ်။ ချက်ချင်းလက်ငင်း ဖခင်ရဲ့ဥစ္စာမှန်သမျှကို အမွေခံဖို့သာဇွတ်ပြောနေပါတယ်။ နားပူလွန်းမက နားပူ လာတဲ့အခါမှာ မိထွေးဖြစ်သူဟာ ၀မ်းထဲက ကလေးကိုသားလေးလား၊ သမီးလေးလား ချက်ချင်းသိရအောင် ကြိုးစားပါတော့တယ်။ အိပ်ခန်းထဲကိုဝင်ပြီး ၀မ်းဗိုက် ကို ဓားနဲ့ခွဲလိုက်တဲ့အတွက် သားအမိ နှစ်ယောက်လုံး ကိုယ်ကျိုးနည်းသွားကြရပါတော့တယ်။ ခံစားခွင့်ရမယ့် အမွေပစ္စည်းများလဲ လက်လွတ် သွားကြရပါတော့ တယ်။
" အကျင့်သီလ ပြည့်ဝဖြူစင်တဲ့ သူတော်သူမြတ်များကတော့ ဒီလိုမိုက်မဲတဲ့အလုပ်မျိုး မလုပ်ကြပါဘူး။ သက် တမ်းမကုန်သေးတာကို ကိုယ့်ဘာသာကုန်အောင် လုပ်မပစ်ကြပါဘူး။ တကယ့်တကယ် သေချိန် ရောက်မှ သေရအောင် စောင့်ဆိုင်းကြပါတယ်။ တကယ်တော့ဖြင့် သူတော်သူမြတ်ကြီးတွေ အသက် ရှည်ရှည် နေပေး ကြတာကိုက လူများစုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေကြတာပါ။ လူများစု ချမ်းသာအောင် ဆောင် ရွက်ပေးနေကြတာပါ။ လူများစုကို အစဉ်သနားသောအားဖြင့် စောင့်ရှောက် နေကြတာပါ။ အခုပြောပြခဲ့တာ တွေထဲမှာ အခုအချက်က အဓိကကျဆုံးဖြစ်ပါတယ်။
" ဒါကြောင့် ဆရာကြီးခင်ဗျား၊ ဆရာကြီးမှာလဲ ကြည်ညိုလေးစားတဲ့ တပည့်တကပန်းတွေရှိနေကြပါတယ်။ ဆရာကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ကြည်ညိုလေးစားကြပါတယ်။ နိုင်ငံနဲ့ အ၀န်းဆိုရ လောက်အောင် ကြည်ညိုလေးစားသူတွေရှိနေကြပါတယ်။ ဆရာကြီး သက်ရှိထင်ရှားရှိနေတာနဲ့အမျှ သူတို့ အဖို့ ကုသိုလ်ကောင်းမှု တွေ တိုးပွားနေကြမှာပါ။
ဆရာကြီး သက်ရှိထင်ရှားရှိနေတာနဲ့အမျှ သူတို့အဖို့ ကုသိုလ်ကောင်းမှုတွေ တိုးပွားနေကြမှာပါ။ ဆရာကြီး သက်ရှိထင်ရှား ရှိနေသေးတာကိုက သူတို့အတွက် အားတစ်မျိုးဖြစ်နေပါတယ်။ ဒါကြောင့် တပည့်တပန်းတွေ ကြည်ညို လေးစားသူတွေကို ငဲ့ကွက်ကပြီးတော့ ဇရာဒုက္ခကို သည်းခံပေးဖို့ တောင်းပန် ပါတယ်။ အသက်ရှင်နေခွင့် ရသလောက် နေပေးဖို့ ဖြစ်ပါတယ် ခင်ဗျား"
ဆရာကြီးရှေ့မှောက်မျာ ပြောစဉ်တုန်းက သည်လောက် ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မည်။ သည်လောက် အစီအစဉ် ကျချင်မှ ကျပါလိမ့်မည်။ ယခုဆောင်းပါးရေးရာတွင်မူ ကျမ်းဂန်နှင့်ညီညွတ်စေရန် တာဝန်ရှိနေ သဖြင့် ကျမ်း နှင့် ညှိ၍ ရေးလိုက်ရပါသည်။
ပက်လက်အနေအထားဖြင့် ရင်ဘတ်ပေါ်တွင် လက်အုပ်ချီလျက် ငြိမ်သက်စွာ နားစိုက်နေသော ဆရာကြီး ဦးသုခ သည် ကျွန်တော် စကားဆုံးသွားသော်လည်း အနေအထားမပျက်ရှိနေပါသည်။ အတန်ကြာငြိမ်သက် နေပြီးမှ ကျွန်တော့်ဘက်သို့ စောင်းငဲ့လာပြီးလျှင် -
" ဆရာ ဒီစကားကို ဘာ့ကြောင့် ပြောရတာတုန်း "
ကျွန်တော် အလန့်ဆုံး ခေါင်းနပန်းအကြီးဆုံး အခေါ်အဝေါ်ဖြင့် မေးခွန်းထုတ်လိုက်ပါသည်။ ကျွန်တော်တို့ တစ်တွေက ၀ါရင့်သမ္ဘာရင့် ရှေ့သွားခေါင်းဆောင်ဆရာကြီးတစ်ဆူ အဖြစ်လေးစားကြသကဲ့သို့ ဆရာကြီး ဘက် ကလည်း ကလောင်ကိုင်နေသည့် စာရေးဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုထားသည်ဟု သဘော ထားပါသည်။
ဆရာကြီး၏ အမေး သည် ကျွန်တော် ဖြေချင်တာနှင့် အံကိုက်ဖြစ်သွားပါသည်။
" ခုလို ပြောရတာက ပေါ်ပြူလာဂျာနယ်ထဲက ရာမရဲ့ ဆောင်းပါးကြောင့်ပါ။ သင်္ကန်းဆည်းပေးပါလို့ခေါင်း စည်းတပ်ထားတဲ့ ဆောင်းပါးပါ။ အဲဒီအထဲက "ငါသေချင်ပါပြီ ရာမရယ် " ဆိုတဲ့အသံဟာ စိတ်အထိခိုက်ရ ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် သေစကားတွေ ရပ်တန်းကရပ်ပြီးတော့ နေခွင့်ရသလောက် နေသွားမယ်ဟေ့ ဆို တဲ့စိတ်ဓာတ်မွေးပေးဖို့ဖြစ်ပါတယ်။ တပည့်တပမ်းအားလုံးရဲ့ ကိုယ်စား ကျွန်တော်က တောင်းပန် ရတာပါ ဆရာကြီးခင်ဗျား"
" အဲဗျာ၊ ဒီစကားကြားရတာ ၀မ်းသာပါတယ်။ အံ့သြစရာလည်းကောင်းပါတယ်။ အံ့သြလောက်အောင်ပဲ တိုက်ဆိုင် နေပါတယ် "
" ခင်ဗျာ --- ဘယ်လို "
" ဒီလိုဆရာရဲ့၊ အခုဆရာပြောပြခဲ့တဲ့ သုတ္တန်တရားတော်ကို ရွှေဥမင်ဆရာတော်ကြီးကလဲ ဟောခဲ့ဖူးတယ်။ ဆရာတော်ကြီးဟောခဲ့တာက ဒကာကြီးမှာ ကုက္ကုစ္စတွေဖြစ်နေပြီတဲ့၊ ငါ ဘာမှ မလုပ်နိုင်တော့ဘူး၊ ငါ သေတာပဲ ကောင်းတယ်ဆိုတဲ့ စိတ်တွေဝင်နေတယ်၊ အဲဒီစိတ်တွေကို ဖျောက်ဖျက်ပစ်ရမယ်ဆိုပြီး ဒီသုတ္တန် တရားတော်ကို ဟောတော်မူခဲ့တယ် "
ဆရာကြီး ၀မ်းသာသကဲ့သို့ ကျွန်တော်လည်း ၀မ်းသာပါတယ်။ ဆရာကြီး အံ့သြမိသကဲ့သို့ ကျွန်တော်လည်း အံ့သြမိ ပါသည်။ ကျွန်တော် သိပ်ကံကောင်းသွားပါသည်။ ကံကောင်းထောက်မလွန်း ၍ပင် ရွှေဥမင်ဆရာ တော်ကြီး ဟောထားခဲ့သည့် သုတ္တန်တရားတော်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်ပြောဖြစ်သွားပါသည်။ သည်တော့ မှ ဆရာကြီး ထူထူ ထောင်ထောင်ြ ပန်ဖြစ်လာသည့် အကြောင်းရင်းကို သဘောပေါက်လာပါ တော့သည်။ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များသည် ဆရာကြီးဦးသုခဆီမှာ ထင်ရှား ပြနေ ကြပါပြီကော။
မြတ်စွာဘုရား အလိုကျအတိုင်း အရှင်ကုမာရ ကဿပ ဟောကြားခဲ့သည့် ပါယာသိသုတ္တန် တရားတော်။ ထိုတရားတော်ကို အချက်ကျကျ ဟောပြတော်မူခဲ့သည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေဥမင် ဆရာတော်ဘုရားကြီး။ ထိုရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များက ဆရာကြီး ဦးသုခ၏ ကျ ဆင်းနေသည့် စိတ်ဓာတ်ကို ဆွဲတင်၍ ပေးလိုက်ကြပါချေပြီ။
ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာမည့် သုခရာပြည့်ပွဲတော်ကြီးကို မျှော်မှန်းရင်း ကျွန်တော်သည် ဆရာကြီးဦးသုခ၏ ခြေသုတ်ဖုံ၌ ဦးခိုက်၍ ပြန်လာခဲ့ပါ၏။
ဝဏ္ဏသီရိ
(အသစ်ပြန်ထုတ်သော မြတ်ဆုမွန်မဂ္ဂဇင်း ၂၀၀၁ ခု၊ အောက်တိုဘာလ၊ အမှတ်(၁)မဂ္ဂဇင်း၌ ရေးသားခဲ့သော ဆောင်းပါးကို ဆရာကြီး ဦးသုခအား အမှတ်ရခြင်းအထိမ်းအမှတ်ဖြင့် ပြန်လည်ဖော်ပြပါ သည်။)
--------------------------------------
ပကိဏ္ဏကနမက္ကာရဘုရားရှိခိုး
ဘဘ ဦးသုခ နှင့် ကျွန်တော်
ဒေါက်တာ အုန်းသွင်
ကျွန်တော်သည် စာရေးဆရာတစ်ဦးမဟုတ်ပါ။ စာပေ ရေးသားလေ့ရှိသူ တစ်ဦးလည်း မဟုတ်ပါ။ သို့သော် တနေ့ က မန္တလေးရတနာပုံ သတင်းစာထဲ၌ စာရေးဆရာ ဒါရိုက်တာ စွယ်စုံပညာရှင်ကြီး ဘဘ ဦးသုခ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းစာစောင် ထုတ်ဝေမည့်အကြောင်းကို ဖတ်လိုက်ရပါသည်။ ထိုအခါ ဆရာကြီး ဘဘဦးသုခ၏ ပညာဂုဏ်ကျေးဇူးကို ခံစားခဲ့ဖူးသော ကျွန်တော်အနေနှင့် စာတစ်ပုဒ်လောက် ရေးလိုသော ဆန္ဒရှိ၍ ဤဆောင်းပါးကို ရေးမိပါသည်။
တချိန်က ဆရာကြီး ဦးသုခသည် ရဟန်းစားရသော ဆွမ်းတစ်နပ်ဟူသော ဇာတ်ကားတစ်ကား ရိုက်ခဲ့ ဖူးသည်။ ထိုကားကို မြန်မာ့ရုပ်သံမှ ကျွန်တော် ကြည့်မိသောအခါ ဆရာကြီး၏ အတွေ့အကြုံ ပညာဥာဏ်ဖြင့် မြတ်စွာဘုရား၏ သားတော်များဖြစ်ကြသော ရဟန်းတော်များသည် အလှူရှင်တို့ထံမှ ရအပ်သော ဆွမ်းတစ်နပ် ကို မည်သို့ ခဲခဲယဉ်းယဉ်းအလှူခံ၍ စားခဲ့ရသည်ကို ပညာသား ပါပါ ရိုက်ကူး ပြသခဲ့ ၍ ကြည့်ခဲ့ရပါသည်။ ထိုအခါ ကျွန်တော်သည် မြတ်စွာဘုရား၏ သားတော်များ ဖြစ်ကြ သော ရဟန်းတော်များ ကို ယခင်ကထက် ပို၍ ကြည်ညိုလာပြီးလျှင် အလွန် လှူလို၊ တန်းလိုစိတ်များ တဖွား ဖွားပေါက်ဖွား လာခဲ့ပါသည်။ ထိုကြောင့် ဆရာကြီး ဘဘ ဦးသုခအား အထူး ကျေးဇူးတင်မိပြီး ဆရာကြီး အား လည်း ဂုဏ်ပြုပူဇော်လိုသည့် အတွက် ရန်ကုန်မြို့ရှိ သူငယ်ချင်း အကယ်ဒမီဒါရိုက်တာ ကြည်စိုးထွန်း မှ တဆင့် အလှူငွေ (၁၀၀၀ိ/)ကို ဆရာကြီးထံ သွားရောက်၍ ပေးလှူရန် အကူအညီတောင်းလှူခဲ့ပါသည်။
ထို့နောက် တဖန် ဆရာကြီးက ရဟန်းမစားရသော ဆွမ်းတစ်နပ် ရုပ်သံကားတစ်ကား ထပ်ရိုက်ပါသည်။ ထိုကားတွင်လည်း ဆရာကြီးသည် မြတ်စွာဘုရားသားတော်များ ဖြစ်ကြသော ရဟန်းတော်များသည် ဆွမ်း တစ်နပ်အတွက် အသက်နှင့်လဲ၍ သိက္ခာပုဒ်တော် ထိန်းသိမ်းခဲ့ပုံကို ကြည့်ရသူအပေါင်း ဖြေမဆည်နိုင် အောင် ရိုက်ကူးပြသခဲ့ပါသည်။ ထိုဇာတ်လမ်းကို ကြည့်၍ ကျွန်တော့်မှာလည်း ရဟန်းတော်များကို ပိုမို ကြည်ညို လာပြန်သည်။ ဤသို့ ဖြစ်လာရသည်မှာလည်း ဆရာကြီး၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။ ထို့ ကြောင့်ပင် ကျွန်တော် ရန်ကုန်ကို ရောက်သည့်အခိုက်တွင် သူငယ်ချင်း ဒါရိုက်တာ ကြည်စိုးထါန်းကို အကူ အညီတောင်း၍ ဆရာကြီး နေထိုင်ရာ ပါရမီလမ်းရှိ နေအိမ်သို့ သွားရောက်ကာ ဆရာကြီးအား ငွေ (၁၀၀၀ိ) သွားရောက် ကန်တော့ခဲ့ပါသည်။ ဆရာကြီးကလည်း ဤကန်တော့ငွေကို သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ သာသနာပြုရာတွင် ထည့်သုံးပါမည်ဟု ပြောပါသည်။
ထိုမျှမက ဆရာကြီးက ဤသို့ ကန်တော့သည်ကို အသိအမှတ်ပြု၍ နောက်တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်နေထိုင်ရာ မန္တလေးရှိ နေအိမ်သို့ ဆရာကြီး၏ မန္တလေးရှိတပည့်တစ်ဦးမျတဆင့် ရွှေတောင်မြို့ ကျည်းသဲလေးထပ်ဆရာတော်ကြီး ရေးသားခဲ့ ပြီး၊ ဆရာကြီး ဦးသုခမှထပ်ဆင့် ကူးယူပွားများခဲ့သော ပကိဏ္ဍက နမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာ အုပ်ကို ဓမ္မဒါနအဖြစ် လက်ဆောင်ပေးခဲ့ပါသည်။ ကျွန်တော်လည်း ဆရာကြီး မှာကြားသည့်အတိုင်း ကြိုးစားပြီး ရွတ်ဖတ်ခဲ့ပါသေးသည်။ သို့သော် ပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးမှာ ရှည်လျားပြီး အချိန်လည်းပေးရသဖြင့် နောင်တွင် မရှိခိုးဖြစ်တော့ပါ။
တစ်ချိန်တွင် ကျွန်တော်၏ မိတ်ဆွေတစ်ဦးဖြစ်သူ (ယခု ဘဘ ဦးသုခ၏ နှစ် ၁၀၀ ပြည့်စာအုပ်ထုတ်ဝေရန် ဦးစီး ဆောင်ရွက် နေသူ) ဦးဖုန်းမြင့်အောင်နှင့် တွေ့သောအခါ သူ့ကိုလည်း ဘဘက ပကိဏ္ဏက နမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို လက်ဆောင်ပေးခဲ့ဖူးကြောင်း နေ့စဉ်ရွတ်ဖတ်ရန် လည်း တိုက်တွန်းခဲ့ ကြောင်း ပြောပြပါသည်။ ထိုအခါ ကျွန်တော်သည် ကျွန်တော့်ကိုလည်း ဘဘက ဤစာ အုပ်ကို လက်ဆောင် ပေး၍ နေ့စဉ် ရွတ်ဖတ်ရန် ပြောခဲ့ဖူးကြောင်း ကျွန်တော့်မှာ ယခုအခါ ဆက်လက် မရွတ်ဖတ် ကြောင်း ပြောသောအခါ ဦးဖုန်းမြင့်အောင်က ကြိုးစားပြီး နေ့စဉ်ရွတ်ပါ။ အလွန်အကျိုးများပါ သည်ဟု ပြောပါ သည်။ ထို့နောက် ကျွန်တော်လည်း ကျွန်တော် ဆေးခန်းဖွင့်ရာသို့ ထိုပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကိုယူသွား၍ လူနာရှင်းနေသည့်အခါ စာအုပ်ကိုကြည့်၍ တစ်နေ့တစ်ခေါက် နေ့စဉ်ရွတ်ဖတ်ပါသည်။ တစ်လခန့်ကြာသောအခါ ကျွန်တော်သည် အလွတ် ရွတ်နိုင်သည် အထိ ဖြစ်လာ၍ ထိုနေ့မှစပြီး ယနေ့တိုင် တစ်ရက်မပြတ် ရွတ်ဆိုပါသည်။ ထိုသို့ နေ့စဉ် တစ်ရက် မပြတ် ရွတ်ဆိုမိသည့် နေ့မှ စ၍ ကျွန်တော် အိမ်တွင်ရှိကြသော ကျွန်တော့်ဇနီး အပါအ၀င် သားသမီး၊ အိမ်သူအိမ်သားများကိုလည်း ထိုပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးကို နေ့စဉ် ရွတ်ဖတ်ရန် တိုက်တွန်းခဲ့ပါသည်။
ဤပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို ဆရာကြီး ဘဘဦးသုခသည် စာအုပ်ရေ သိန်း ပေါင်းများစွာကို ဓမ္မဒါန အဖြစ်ကူး၍ လှူဒါန်းခဲ့ပါသည်။ ရွတ်ဖတ်ပူဇော်ခဲ့ကြသော ရဟန်းရှင် လူပုဂ္ဂိုလ် တို့ မှာလည်း များစွာ ကုသိုလ်ရ၍ အကျိုးကျေးဇူးများကြပါသည်။ ယင်းဘုရားရှိခိုးစာအုပ်တွင်လည်း ဆရာကြီး ဦးသော်ဇင်၊ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်တို့၏ အမှာစာတို့နှင့် ညွှန်းဆိုချက်တို့မှာလည်း အထူးပြည့်စုံလှပါ သည်။ ထို့အပြင် ကျွန်တော်တို့ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အမြတ်တနိုး ကိုးကွယ်ရာ ဖြစ်တော် မူသော ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဆရာတော်ကြီး အရှင်ဦးဝိစိတ္တသာရာ ဘိဝံသ ကိုယ်တော် တိုင် က ဤပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို တွေ့ရှိကြည်ညိုရပါသဖြင့် အမှတ်တရ အမြတ်တနိုး အရကျက်၍ ဘုရားရှိခိုးမှု ပြုလိုသော စိတ်များ တဖွားဖွား ဖြစ်ပွားမိသဖြင့် ထိုစာအုပ်ရှိပါသေး လျှင် ဘုန်းကြီးအားလည်း ဓမ္မဒါန (နိဗ္ဗုတ) လက်ဆောင် ဖြန့်ချိပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟူ၍ ဆရာကြီး ဦးသုခထံ စာရေးတောင်းဆိုခဲ့ဖူးပါသည်။
ဤပကိဏ္ဏနမက္ကာရ အစိန္တေယျကြီး ဘုရားရှိုးကို ရွတ်ဖတ်ပူဇော်ရင်း မြတ်စွာဘုရားသခင်၏ ဂုဏ်တော်များ ဘုန်းတော်များ၊ ကျေးဇူးတော်များ၊ တန်ခိုးတော်များ၊ ပါရမီတော်များပါမကျန် ဘုရားသခင်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သော အကြောင်းအရာများပါ သိရှိရပါသဖြင့် အလွန်အကျိုး များ ပါသည်။
ဤပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးကို ရွတ်ဖတ်ပူဇော်ရင်း မြတ်စွာဘုရားသခင်၏ ဂုဏ်တော် များ ဘုန်းတော်များ၊ ကျေးဇူးတော်များ၊ တန်ခိုးတော်များ၊ ပါရမီတော်များပါမကျန် ဘုရားသခင် နှင့် ပတ်သက် ၍ ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သော အကြောင်းအရာများပါ သိရှိရပါသဖြင့် အလွန် အကျိုးများ ပါသည်။
ဤပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို ကိုယ်တိုင်လည်း စာအုပ်ရေပေါင်း (သိန်းပေါင်း များစွာ) ဓမ္မဒါန ရိုက်ကူးလှူဒါန်း၍ ကျွန်တော့်အား စာအုပ်လက်ဆောင်ပေးခဲ့သော ဆရာကြီး ဦးသုခအား အထူးကျေးဇူးတင် ဂုဏ်ပြုလိုသောကြောင့် ဤစာမူကို ရေးရခြင်းဖြစ်ပါသည်။ ထို့ပြင် ကျွန်တော် ရွတ်ဖတ် ရန် မေ့နေစဉ် နေ့စဉ်ရွတ်ဖတ်ရန် သတိပေးနှိုးဆော်ခဲ့သော မိတ်ဆွေကြီး ဦးဖုန်းမြင့်အောင်အားလည်း အထူး ကျေးဇူးတင်မိပါသည်။
ကျွန်တော် ကိုယ်တိုင်လည်း နေ့စဉ်ရွတ်ဆိုပြီး အခြားဘာသာရေး စိတ်ဝင်စားကြသော မိတ်ဆွေများ ကိုလည်း ရွတ်ဖတ်နိုင်ရန် ရည်ရွယ်၍ ဆရာကြီး ဘဘ ဦးသုခကဲ့သို့ပင် ဤပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို ကူးယူပွားများကာ ဓမ္မဒါနလက်ဆောင် ပေးဝေနေပါသည်။ ဘာသာရေး ကို အမှန်တကယ် စိတ်ဝင်စား၍ ဤပကိဏ္ဏက နမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို ရွတ်ဖတ် ပူဇော်လိုသူ မည်သူမဆို ကျွန်တော့်ထံမှ လာရောက်အလှူခံနိုင်ကြောင်း အသိပေးအပ်ပါသည်။
ဒေါက်တာ အုန်းသွင်
.
No comments:
Post a Comment