Sunday, August 28, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၅)

(၂၉)

နောက်တစ်နေ့နံနက် ၁၀-နာရီတွင် ထရေစီသည် ပရာဒိုပြတိုက်၏ အ၀င်ဝ တန်းကြီးထဲ၌ ရောက်နှင့် နေသည်။
အစောင့်က တံခါးကို ဖွင့်ပေးလိုက်ပြီးနောက် လူဝင်ဒလက်မှနေ၍ တစ်ဦးချင်း ၀င်စေသည်။
ထရေစီ သည် လက်မှတ်ဝယ်ပြီးနောက် လူတန်းနှင့်အတူ လိုက်ပါသွားသည်။
ဒင်နရယ်ကူးပါးနှင့် စပိန်စုံထောက် တစ်ယောက်က သူမနောက် ခပ်လှမ်းလှမ်းမှ မျက်ခြည်မပြတ် လိုက်ပါ လာသည်။
ကူးပါး စိတ် လှုပ်ရှားတက်ကြွလာသည်။

ထရေစီသည် ဤနေရာသို့ သာမန် လေ့လာသူအဖြစ် ရောက်လာခြင်းလုံးဝမဖြစ်နိုင်။
အကြံအစည် တစ်ခုခုကို အစပျိုးရန် ရောက်လာခြင်းသာ ဖြစ်နိုင်သည်။
ထရေစီသည် ကမ္ဘာကျော် ပန်းချီ ဆရာကြီးများ ရေးဆွဲထားသော ပန်းချီကားများ ချိတ်ဆွဲပြသထားသည့် အခန်းများ ကို တစ်ခန်းပြီးတစ်ခန်း အေးအေး လူလူ လျှောက်ကြည့်သည်။
ပန်းချီဆရာကြီး ဂိုယာ၏ အထူးပြခန်းမှာ အောက်ထပ် မြေတိုက်ထဲတွင် ရှိနေသည်။
ယူနီဖောင်းဝတ် အစောင့်များက အခန်းအ၀င်ဝတိုင်းတွင် ရှိနေသည်။

သူတို့၏ တံတောင်ဆစ်တွင် အချက်ပြ ခလုတ်အနီကလေးများရှိသည်။
အချက်ပြ လျှပ်စစ်ဓါတ်လောင်းသံ မြည်သွားသည်နှင့် တစ်ပြိုင်နက် ပြတိုက်၏ ၀င်ပေါက်အားလုံး အလို အလျောက် ပိတ်သွားမည်။
အထဲ က သူခိုးအဖို့ လွတ်လမ်း လုံးဝ မရှိနိုင်ပါချေ။

ညဘက်တွင်လည်း အနီရောင် ရောင်ခြည်တန်းများ လွှတ်ထားရာ သူခိုးများအဖို့ မလွယ်ပါချေ။
ပြခန်း အသီးသီးတွင် ပန်းချီပညာရှင်များနှင့် ၀ါသနာရှင်များက သုံးချောင်းထောက်ခုံတွင် ပတ္တူစများ၊ ကတ်ထူ စက္ကူများနှင့် ပန်းချီကျော်များ၏ လက်ရာကို ပုံတူဆွဲကာ ဇွဲနဘဲဖြင့် လေ့ကျင့်နေကြသည်။
ထိုသို့ ပုံတူကူးဆွဲ လေ့ကျင့်ခြင်းကို ပြတိုက်က ခွင့်ပြုထားသည်။

သို့သော် အစောင့်များက ထိုပုံတူရေးဆွဲလေ့ကျင့်နေသူများအား မျက်ခြည်မပြတ် စောင့်ကြည့်နေမှန်း ထရေစီ အကဲခတ်မိသည်။
ထရေစီသည် အပေါ်ထပ်၌ လှည့်ပတ် ကြည့်ရှုပြီးနောက် အောက်ထပ် မြေတိုက်ထဲရှိ ဂိုယာ၏ ပြခန်းသို့ ဆက်ဆင်းလာသည်။
စုံထောက် ပီရီရာက ကူးပါးကို နောက်ဘက် ခပ်လှမ်းလှမ်းမှ လိုက်လာရာမှ ပြောလိုက်သည်။

" အမျိုးသမီးက ပန်းချီကားတွေကို လျှောက်ကြည့်ရုံက လွဲပြီး ဘာမှ မလုပ်ပါဘူးဗျ၊ ခင်ဗျား အမြင်ပဲ "
" ခင်ဗျား အတွေးအခေါ် မှားနေပြီ "
ကူးပါးက အောက်ထပ် မြေတိုက်ခန်းထဲသို့ ဆင်းလိုက်သွားသည်။
ဂိုယာ၏ ပန်းချီကားများကို ပြထားသော ပြခန်းတွင် အခြားပြခန်းများထက် အစောင့်အကြပ်ပိုများသည်ဟု ထရေစီထင်မိသည်။
ပြခန်း နံရံများတွင် ဂိုယာ၏ အဖိုးတန် လက်ရာကောင်း ပန်းချီကားများချည်း ချိတ်ဆွဲထားသည်။

ထရေစီသည် ပန်းချီကား တစ်ကားပြီး တစ်ကား တဖြည်းဖြည်းချင်း လျှောက်ကြည့်သည်။
ပထမဆုံး ဂိုယာ၏ ကိုယ်တိုင်ရေးပုံတူ။ ထို့နောက် စတုတ္ထမြောက် ချားလ် ဘုရင်မိသားစု။ ၄င်းနောက် သုံးကားကျော်တွင် "ပွာတို" ပန်းချီကားကို တွေ့ရသည်။
ထရေစီသည် "ပွာတို" ပန်းချီကားရှေ့တွင် ရပ်ပြီး စိုက်ကြည့်နေမိသည်။

သူ့နှလုံးက အခုန်မြန်လာသည်။
ဤပန်းချီကားသည် မိမိ၏ပစ်မှတ်။
ဒေါ်လာ ငါးသိန်း။
ထရေစီက ဘေးပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။

အခန်း အ၀င်ဝတွင် အစောင့်တစ်ယောက် ရပ်နေသည်။ စင်္ကြံလမ်းတစ်လျှောက် အခြားအခန်း အ၀င်ဝများ တွင်လည်း အစောင့်များ အလားတူရှိနေသည်။
ထရေစီသည် အချိန် အတော်ကြာအောင် ရပ်ပြီး "ပွာတို " ပန်းချီကားကို လေ့လာကြည့်ရှုနေမိသည်။
သူမ ထိုနေရာမှ ထွက်သွားချိန်တွင် ကမ္ဘာလှည့်ခရီးသည်တစ်စု အပေါ်ထပ် လှေကားမှနေ၍ အောက်သို့ ဆင်းလာသည်ကို တွေ့ရသည်။
ထိုလူအုပ်အလယ်တွင် ဂျက်စတီဗင်ကို သူမမြင်လိုက်ရသည်။

ထရေစီသည် မျက်နှာလွှဲလိုက်ပြီး ဂျက်က သူမကို မမြင်ခင် တစ်ဖက်သို့ ရှောင်ထွက်သွားသည်။
ရှင်နဲ့ ကျွန်မ အပြိုင်ပြေးရမှာပဲ မစ္စတာစတီဗင်၊ ဒါပေမယ့် ကျွန်မ နိုင်မှာပါ၊ ထရေစီစိတ်ထဲက ပြောလိုက် သည်။
*
" ပရာဒိုပြတိုက် က ပန်းချီကားကို ခိုးဖို့ ထရေစီ ကြံစည်နေတာဗျ "
ဒင်နရယ်ကူးပါး၏ စကားကို ကြားသောအခါ ရဲမင်းကြီးရာမီရို မော်ကြည့်လိုက်သည်။
" ပရာဒိုပြတိုက်က ပန်းချီကားကို ဘယ်သူမှ ခိုးလို့ မရနိုင်ဘူးဗျ "
ရဲမင်းကြီးက အပြတ်ပြောလိုက်သည်။

" သူ တစ်မနက်လုံး အဲဒီပြတိုက်မှာ ရှိနေတာဗျ "
" အဲဒီ ပြတိုက်မှာ တစ်ခါမှ သူခိုး ခိုးမခံခဲ့ရဘူး၊ နောက်လဲ ဘယ်တော့မှ ခိုးခံရမှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲ သိလား၊ ဘယ်လိုမှ ခိုးလို့ မရနိုင်လို့ဗျ "
" ထရေစီက ရိုးရိုးနည်းတွေနဲ့ ခိုးမှာ မဟုတ်ဘူး၊ ဓာတ်ငွေ့နဲ့လုပ်ချင်လုပ်မှာ၊ ဒီတော့ လေ၀င်ပေါက်ရှိအောင် ပိတ်ထားရမယ်၊ အစောင့်ွေ အလုပ်ချိန်မှာ ကော်ဖီသောက်ရင်လဲ အဲဒီ ကော်ဖိ ဘယ်ကရတယ်ဆိုတာ စစ်ဆေးရမယ်၊ မတော်ဆေးခတ်ချင် ခတ်လိုက်နိုင်တယ်၊ သောက်ရေတွေလဲ စစ်ဆေးဦး"
ကူးပါ၏ စကားကို ရဲမင်းကြီးသည် မခံနိုင်တော့ပါချေ။

"ကျွန်တော့်အမြင် ပြောရရင် ထရေစီဟာ မဒရစ်ကို အပန်းဖြေခရီး လာတာဗျ၊ သူ့ကို နောက်ယောင်ခံ စောင့်ကြည့်နေတဲ့ အဖွဲ့ကိုလဲ ကျွန်တော်ပြန်ရုတ်သိမ်းလိုက်ပြီ"
"ခင်ဗျား ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ ထရေစီဝှစ်တနေဟာ....
"ကျွန်တော် ဘာလုပ်ရမယ်၊ ဆိုတာဟာ ခင်ဗျားပြောစရာမရှိတော့ဘူး မဟုတ်လား ကျွန်တော့်မှာ အလုပ်တွေ အများကြီးရှိသေးတယ်"
"ဒါဖြင့် ကျွန်တော် တစ်ယောက်တည်း ဆက်လုပ်မယ်"
"ခင်ဗျားသဘောပဲ၊ ကျွန်တော်တို့ ညဘက် အိပ်ရေးဝဝအိပ်ရပြီပေါ့။
(၃၀)

ထရေစီသည် နောက်တစ်နေနံနက်တွင် ပရာဒိုပြတိုက်သို့ ပြန်သွားသည်။
ထိုပြတိုက်ကို ညဘက်တွင် ညဘက်တွင် ဖောက်ထွင်း ၀င်ရောက်ရန် ဆိုသည်မှာလည်း မည်သို့မျှ မဖြစ်နိုင် ချေ။
ယနေ့နံနက် ပြတိုက်သို့ သူမ ရောက်လာသောအခါ အားလုံး ယမန်နေ့က အတိုင်းပင်ဖြစ်သည်။
ပြတိုက် လာကြည့်သော လူများမှလွဲ၍ အခြားဘာမျှ အပြောင်းအလဲ မရှိပေ။
သူမသည် ဂျက်ကိုသာ အခြောက်တိုက် ဒေါပွနေမိသည်။

ထို့နောက် ဒေါသကို ချိုးနှိမ်ကာ ခေါင်းအေးအေးထားပြီး ဂိုယာ၏ ပန်းချီပြခန်းသို့ တစ်ခေါက် ထပ်သွားပြန် သည်။
ထရေစီသည် "ပွာတို" ပန်းချီကား ချိတ်ထားရာဆီသို့ လျှောက်သွားရင်း ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက် သည်။
ပန်းချီကား အသီးသီးရှေ့တွင် သုံးချောင်းထောက် စင်များဖြင့် ပုံတူ ပန်းချီကား ကူးရေးနေသူများကို ထပ် တွေ့ရ ပြန်သည်။
တစ်ချိန်တည်း မှာပင် လူထု ပရိသတ်ကလည်း အခန်းထဲသို့ ၀င်သူက၀င် ထွက်သူကထွက်နှင့် ရှုပ်ယှက်ခတ် နေသည်။
ရုတ်တရက် ထရေစီ နှလုံးက အခုန်မြန်လာသည်။

မည်သို့ မည်ပုံ လုပ်ရမည်ကို ထရေစီ ချက်ချင်း အကြံရသွားသည်။
ထရေစီသည် လမ်းပေါ်ရှိ အများသုံးတယ်လီဖုန်းရုံကလေး တစ်ရုံထဲမှနေ၍ တယ်လီဖုန်း ဆက်နေသည်။
ဤသည်ကို ဒင်နရယ်ကူးပါးက ခပ်လှမ်းလှမ်းရှိ ကော်ဖီဆိုင် တစ်ဆိုင်ထဲမှနေ၍ စောင့်ကြည့်နေသည်။
သူမ ပြောနေသည်မှာ ကြာသဖြင့် နိုင်ငံခြားသို့ လှမ်းပြောခြင်းဖြစ်မည်ဟု တွက်ဆရသည်။
သို့သော် မည်သူ့ထံ ပြောသည်ကို သိရန်ကား မလွယ်ပါချေ။
ကူးပါး ဒေါသထွက်လာသည်။

ထရေစီက တယ်လီဖုန်း ပြောနေသော စကားကို အဆုံးသတ် နိဂုံးချုပ်လိုက်သည်။
" မြန်ဖို့ သေချာပါစေနော် ... ဂန်သာ၊ အချိန် နှစ်မိနစ်လောက်ပံရမယ်၊ ကိစ္စ အောင်မြင်ဖို့က မြန်ဖို့ အပေါ်မှာ မူတည်နေတယ် "
ထို့နောက် နှစ်ရက်အကြာတွင် ထရေစီသည် မဒရစ်မြို့လယ်ရှိ ရီတီယို ပန်းခြံထဲမှ ခုံတန်း တစ်ခုပေါ်တွင် ထိုင်ကာ ခိုများကို အစာကျွေးနေသည်။
အသက်ကြီးပြီး ခါးအနည်းကုန်းသော ဆံပင် အညိုရောင်ရှိသော ဆီဇာပေါ်ရက်တာဆိုသူ အဘိုးကြီးသည် ထိုပန်းခြံထဲမှ လမ်းအတိုင်း လျှောက်လာသည်။
ထရေစီ ထိုင်နေသော ခုံတန်းအနား ရောက်သောအခါ သူမဘေး၌ ၀င်ထိုင်လိုက်သည်။

သူ့လက်ထဲက စက္ကူအိတ်ကလေးကိုဖွင့်ကာ ပေါင်မုန့် အစအနလေးများကို နှိုက်ယူပြီး ခိုများကို ကျွေးလိုက် သည်။
" အခက်အခဲများ ကြုံခဲ့ရသေးလား "
ထရေစီ က မေးလိုက်သည်။
" ဟင့်အင်း ... ကျွန်တော် သိချင်တာက နေ့ရက်နဲ့ အချိန်ပဲ "
ခါးကုန်းကုန်းအဘိုးကြီးက ထရေစီကို လှည့်မကြည့်ဘဲ ပြောသည်။
" အတိအကျတော့မရှိသေးဘူး၊ ဒါပေမယ့် မကြာခင်ပဲ "
" အင်း ... ရဲတွေတော့ ရူးလိမ့်မယ်၊ ဒါမျိုး အလျင်က ဘယ်သူမှ မကြံဖူးသေးဘူး "
" ဒါကြောင့် အလုပ်ဖြစ်နိုင်တာပေါ့၊ အချိန်နဲ့ နေ့ရက်ကို အကြောင်းကြားမယ်လေ "
ထရေစီသည် ပေါင်မုန့် အစအနများ အားလုံးကို ခိုများထံ ပစ်ကျွေးလိုက်ပြီး နေရာမှထကာ ထွက်သွားတော့ သည်။

ထရေစီသည် ပန်းခြံထဲ၌ ဆီဇာ ပေါ်ရက်တာနှင့် သွားရောက် တွေ့ဆုံနေစဉ်မှာပင် ဒင်နရယ်ကူးပါးသည် ထရေစီ၏ ဟိုတယ်၌ သူမ၏အခန်းကို သွားရောက်မွှေနှောက် ရှာဖွေနေသည်။
ထရေစီ ဟိုတယ်မှ ထွက်သွားသည်ကို ကူးပါးသည် အောက်ထပ် ဧည့်ခန်းထဲမှ စောင့်ကြည့်နေသည်။
သူမသည် ပန်းခြံဘက်သို့ သွားသည်ကို မြင်ရသောအခါ နံနက်စာ သွားစားခြင်းပင် ဖြစ်ရမည်ဟု ကူးပါး ဆုံး ဖြတ်လိုက်သည်။
ကူးပါး သည် ထရေစီ၏ အခန်းသို့ နာရီဝက်ဝင်ရောက်ရှာဖွေရန် သန္နဌာန်ချလိုက်သည်။

ထို့နောက် ဟိုတယ်အထပ်လိုက် တာဝန်ကျဝန်ထမ်းများ မတွေ့အောင်ရှောင်ပြီး ထရေစီ၏ အခန်းအား သူ ၏ သော့ဝိဇ္ဇာနှင့်ဖွင့်ကာ ၀င်ခဲ့သည်။
ကူးပါး ထရေစီ၏အခန်းသို့ လာရှာသည်မှာ ပုံတူ ပန်းချီကားချပ်ဖြစ်သည်။
ထရေစီသည် ပြတိုက်မှ ပန်းချီကားကို ခိုးထုတ်လျှင် ပုံတူ ပန်းချီကားချပ် အတုနှင့် အစားထိုးပြီး အစစ်ကို ခိုးထုတ်နိုင်သည်ဟု ကူးပါးတွက်ထားသည်။ သို့သော် သူမ မည်သို့ အစားထိုး လဲလှယ်ရန် စီစဉ် ထားသည် ကိုမူ ကူးပါး တွေးမရပေ။
ကူးပါးသည် ထရေစီ၏ ဧည့်ခန်းနှင့် အိပ်ခန်းကို စေ့စေ့စပ်စပ် မြန်မြန်ဆန်ဆန်နှင့် ကျွမ်းကျွမ်း ကျင်ကျင်ဖြင့် နေရာလွတ်မကျန်အောင် ရှာဖွေသည်။
ဗီရိုထဲ၌ ချိတ်ထားသော ၀တ်စုံများ၊ အ၀တ်အစားများကိုလည်း ရှာသည်။

ထို့နောက် အလှပြင် မှန်တင်ခုံကို ရှာသည်။ ဘာမျှ မတွေ့။ နောက်ဆုံးရေချိုးခန်းပါမကျန် ရှာသည်။ သူ ထင်ထားသော ပုံတူပန်းချီကား လုံးဝမတွေ့ပါချေ။
နောက်ဆုံး ကူးပါးထရေစီ၏ အခန်းမှ လက်လျှော့ပြီး ပြန်လာခဲ့သည်။
နောက် တစ်နေ့နံနက်တွင် ထရေစီသည် သူမ၏ ဟိုတယ်မှ ထွက်သွားရာ ဒင်နရယ် ကူးပါးက နောက်ယောင်ခံ လိုက်သွားသည်။
ထရေစီက ဂရန်းဖိုင်ယာ လမ်းမကြီးတစ်လျှောက်ဆိုင်များကို တဖြည်းဖြည်း ကြည့်ရှုသွားသည်။
ထို့နောက် ကုန်တိုက်ကြီးတစ်တိုက်ထဲသို့ ၀င်သွားရာ ကူးပါးကလည်း နောက်မှ လိုက်သွားသည်။
ထရေစီသည် အရောင်းစာရေးတစ်ယောက်နှင့် စကားပြောလိုက်ပြီးနောက် အမျိုးသမီး အိမ်သာခန်းထဲသို့ ၀င်သွားသည်။

ထိုနေရာသို့ကား ကူးပါး ၀င်လိုက်သွား၍မရတော့ပေ။ အပေါက်ဝ ခပ်လှမ်းလှမ်းတွင်ပင် ဒေါပွပြီး ကျန်ခဲ့ သည်။
အကယ်၍ ကူးပါး အထဲ ၀င်လိုက်သွား၍ ရမည်ဆိုလျှင် ခပ်၀၀ မိန်းမကြီးတစ်ယောက်နှင့် ထရေစီ စကား ပြောနေသည်ကို တွေ့ရပေမည်။
ထရေစီ သည် မှန်ရှေ့တွင်ရပ်ကာ နှုတ်ခမ်းကို ထပ်မံခြယ်သရင်း ထိုအမျိုးသမီးကို ဟန်မပျက်ပြောလိုက် သည်။

" မာနာမာ ... နက်ဖြန်မနက် ဆယ့်တစ်နာရီ "
" ဟင့်အင်း ... ဆီညှော်ရီတာ။ အဲဒီအချိန်ကို သူကြိုက်မှာ မဟုတ်ဘူး၊ လူဇင်းဘတ်ကမင်းသားတစ်ပါး နက်ဖြန် ကျရင် ဒီကို အစိုးရ ဧည့်သည် အဖြစ် လာလိမ့်မယ်၊ ပရာဒို ပြတိုက်ကိုလဲ သွားကြည့်မယ်လို့ သတင်းစာမှာ ရေးထားတယ်၊ အဲဒီလို ရက်ကျပ်ကြီးမျိုးကို မရွေးသင့်ဘူး၊ နက်ဖြန်ဆိုရင် ပြတိုက်မှာ လုံခြုံရေး အစောင့်တွေရော ရဲတွေရော ပိုများနေလိမ့်မယ် "
" ပိုများလေ ပိုကောင်းလေပဲ၊ နက်ဖြန်ပဲ ဆက်ဆက် "
ထရေစီက လှည့်ထွက်သွားသည်။ အမျိုးသမီးကြီးက သူမ ကျောပြင်ကို ကြည့်ရင်း တတွတ်တွတ် မြည်တွန် တောက်တီးကာ ကျန်ရစ်ခဲ့သည်။

*
တော်ဝင်လေ့လာရေးအဖွဲ့သည် ပရာဒို ပြတိုက်သို့ နံနက် ၁၁ နာရီတိတိတွင် ရောက်ရှိလာရန် စီစဉ်ထား သည်။
ပြတိုက် ၏ ဘေးပတ်ပတ်လည် လမ်းများတွင် လုံခြုံရေး အစောင့်များ ချထားသည်။
စပိန် သမ္မတအိမ်တော်၌ ကျင်းပသည့် အခမ်းအနားမှာ နောက်ကျနေသဖြင့် မင်းသားနှင့်အဖွဲ့သည် မွန်းတည့်လုနီးပါးအထိ ပြတိုက်သို့ ရောက်မလာသေးပေ။
ထိုတစ်ခဏအတွင်းမှာပင် ရဲမော်တော်ဆိုင်ကယ်များ၏ ဥသြသံများ ပေါ်လာသည်။
ကားအနက်ကြီး ခြောက်စီးသည် ရဲမော်တော်ဆိုင်ကယ်များက ရှေ့နောက် ၀ဲယာ ခြံရံကာ ပရာဒို ပြတိုက် အ၀င် လှေကားထစ်များရှေ့သို့ ဆိုက်ရောက်လာသည်။
ပြတိုက် အ၀င်ဝတွင် ပြတိုက် ညွှန်ကြားရေးမှူး မာချာဒါသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် စောင့်ကြိုနေ သည်။

သူသည် နံနက်ခင်းကပင် ပြတိုက် တစ်ခုလုံး အစီအစဉ်တကျ စနစ်တကျ ရှိမရှိ လှည့်လည် စစ်ဆေးခဲ့သေး သည်။
အစောင့်များကိုလည်း အထူး သတိဝီရိယ ရှိနေရန် အထပ်ထပ်မှာကြားထားသည်။ ညွှန်ကြားရေးမှူးသည် သူ့ပြတိုက် အတွက် အမြဲတမ်း ဂုဏ်ယူနေသူဖြစ်သည်။
မာချာဒါအတွက် အံဝင်မကျဖြစ်နေရသော အချက်တစ်ချက်သာရှိသည်။
ထိုအချက်မှာ ကမ္ဘာလှည့်ခရီးသည်များ ပြတိုက်သို့ ထိုနေ့တွင် ထုံးစံအတိုင်း လှည့်လည်ကြည့်ရှုနေခြင်းအား မတားဆီး နိုင်သည့် အချက်ပင်ဖြစ်သည်။
သို့ရာတွင် မင်းသား၏ ကိုယ်ရံတော်များနှင့် ပြတိုက်လုံခြုံရေး အစောင့်များက မင်းသားကို ကာကွယ်ပေး ထားနိုင်မည်သာဖြစ်သည်။

အားလုံးသည် အဆင်သင့်ပင် ဖြစ်နေသည်။
တော်ဝင်အဖွဲ့၏ လေ့လာကြည့်ရှုမှုကို အပေါ်ထပ်တွင် စတင်သည်။ ပြတိုက် ညွှန်ကြားရေးမှူးကိုယ်တိုင် မင်းသား ကို ဆီးကြိုပြီး လိုက်လံပြသည်။
သူတို့ နောက်မှ လက်နက်ကိုင် အစောင့်များ လိုက်ပါလာသည်။ ၁၆ ရာစု စပိန်ပန်းချီပညာရှင်များ၏ ပန်းချီ ကားများ ပြသထားသော အခန်းများကို တစ်ခန်းပြီးတစ်ခန်း လိုက်ကြည့်ကြသည်။
အပေါ်ထပ် အခန်းများကို လှည့်လည်ပြသပြီးသော အခါ ညွှန်ကြားရေးမှူးက မင်းသားအား ပြောလိုက် သည်။
" မင်းသားခင်ဗျား ... အခု အပေါ်ထပ်က အခန်းတွေ ကြည့်ပြီးပါပြီ၊ အောက်ထပ်မှာရှိတဲ့ ပန်းချီဆရာကြီး ဂိုယာ ရဲ့ အထူးပြခန်းကို လိုက်ပြပါရစေခင်ဗျား "
*
ထရေစီသည် တစ်မနက်လုံး စိတ်မောနေရသည်။ သတ်မှတ်ထားသည့်အချိန် နံနက် ၁၁ နာရီ တိတိတွင် ပရာဒိုပြတိုက်သို့ မင်းသားရောက်မလာသောအခါ သူမကယောင်ချောက်ချားဖြစ်သွားသည်။
သူမအဖို့ အချိန်ကာလကို နာရီမိနစ်နှင့်တကွ ကြိုတင်ပြသထားရာ ထိုအစီအစဉ် အောင်မြင်ရေးမှာ ပြတိုက် မင်းသားလာကြည့်မှသာ ရုပ်လုံးပေါ်မည် ဖြစ်သည်။
ထရေစီသည် တစ်ခန်းမှတစ်ခန်း လျှောက်သွားပြီး လူထုပရိသတ်နှင့် ရောနှောကာ ကိုယ်ရောင်ဖျောက် နေ သည်။
နံနက် ၁၁ နာရီတွင် မင်းသား ရောက်မလာသောအခါ သူ့အစီအစဉ်ကို ဖျက်သိမ်းရတော့လုနီးပါး ဖြစ်သွား သည်။

ထိုစဉ်မှာပင် ရဲကားများ၏ ဥသြသံကို ကြားလိုက်ရသဖြင့် မင်းသားလာပြီမှန်း သိရကာ အစီအစဉ်ကို မဖျက် သိမ်းတော့ဘဲ ထားလိုက်သည်။
ထရေစီ အား သူမ၏နောက် ခပ်လှမ်းလှမ်းမှ နောက်ယောင်ခံ လိုက်နေသော စုံထောက် ဒင်နရယ်ကူးပါးက လည်း သူမနည်းတူပင် ရဲကားများ၏ ဥသြသံကို ကြားလိုက်ရသည်။
ဤပြတိုက်မှ ပန်းချီကား ခိုးထုတ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်မှန်း ကူးပါးလက်ခံသည်။
သို့သော် ထရေစီက တစ်နည်းနည်းဖြင့် ကြံစည် ကြိုးစားလိမ့်မည်ဟု သူ့စိတ်ထဲ၌ အလိုလိုသိနေသည်။
ကူးပါးသည် လူအုပ်ကို အကာအကွယ်ယူပြီး ထရေစီနောက် ခပ်လှမ်းလှမ်းမှ မျက်ခြည်မပြတ် လိုက်နေ သည်။

ပန်းချီဆရာကြီး ဂိုယာ၏ "ပွာတို" ပန်းချီကား ပြသထားသော အထူးပြခန်းနှင့် ကပ်လျက် အခန်းတွင် ထရေစီ ရောက်နေသည်။
သူမ ရောက်နေသည့်အခန်းမှ လှမ်းကြည့်လိုက်လျှင် ဂိုယာပြခန်းထဲ၌ "ပွာတို" ပန်းချီကားနှင့်ကပ်လျက်ရှိ သော မာဂျာ ပန်းချီကားရှေ့တွင် သုံးချောင်းထောက် ပန်းချီဆွဲစင်ဖြင့် မာဂျာပန်းချီကားကို ပုံတူ ကူးဆွဲနေ သော ခါးကုန်းကြီး ဆီဇာ ပေါ်ရက်တာအား အတိုင်းသားမြင်နေရသည်။

ထရေစီ ရှိနေသော ပြခန်းထဲတွင်လည်း အမျိုးသမီးတစ်ဦးသည် သုံးချောင်းထောက်ပန်းချီဆွဲစင်ဖြင့် ပန်းချီ ကားတစ်ချပ် ကို စိတ်ပါလက်ပါ ပုံတူကူး ရေးဆွဲနေသည်။
ထိုစဉ်မှာပင် ဂျပန် ကမ္ဘာလှည့်ခရီးသည်တစ်စုသည် အချင်းချင်း ရယ်မောပြောဆိုကာ အခန်းထဲသို့ တသော သောဖြင့် ၀င်လာသည်။
အချိန်ကျပြီ။
ထရေစီ မျှော်လင့် စောင့်စားနေသော အချိန်ကို ရောက်လာပြီ။ သူမ နှလုံးက တဒိုင်းဒိုင်းနှင့် အခုန်မြန်လာ သည်။
ဂျပန်အုပ်စု ၀င်လာသောအခါ ထရေစီက နောက်သို့ တစ်လှမ်းချင်းဆုတ်ပြီး နေရာဖယ်ပေးသည်။

သူမ နောက်ဆုတ် ဖယ်ပေးသည်မှာ ပန်းချီပုံတူ ဆွဲနေသော အမျိုးသမီးနားအထိ ကပ်လျက် ရောက်သွား သည်။
ဂျပန် အမျိုးသား တစ်ယောက်က ထရေစီ ရှေ့မှ ဖြတ်လေဆာက်သွားစဉ်မှာပင် ထရေစီနောက်ပြန်လန်ပြီး ကျသွားသည်။ ရှေ့မှ ဂျပန်က သူမအား တိုက်မိသွားသည့်ပုံပင်ဖြစ်သည်။
ထရေစီ နောက်ပြန် လဲကျသွားသောအခါ သူမနောက်၌ ပန်းချီပုံတူဆွဲနေသော အမျိုးသမီး ၏ သုံးချောင်း ထောက်စင်နှင့်အတူ ဆေးဘူးများ၊ စုတ်များကို တိုက်မိပြီး အကုန်လုံး ၀ရုန်းသုန်းကား လွင့်စဉ်သွားတော့ သည်။ ပန်းချီဆေးများက သမံတလင်းပေါ်သို့ ပေကျံကုန်သည်။

" အို ... ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မ ရှင့်ကို ကူပြီး သိမ်းပေးပါ့မယ် "
ထရေစီက ပန်းချီ ဆွဲနေသော အမျိုးသမီးအား ပျာပျာသလဲ တောင်းပန်သည်။
အံ့အားသင့်နေသော ပန်းချီဆရာမအား ကူညီ သိမ်းဆည်းပေးနေသော ထရေစီ၏ ဒေါက်မြင့်ဖိနပ် ခွာနှစ် ဖက်သည် သမံတလင်းပေါ်မှ ဆေးကွက်များကို နင်းမိကာ ဆေးစက်ရာများ ပိုမို ပျံ့နှံ့သွားတော့သည်။
ထိုဖြစ်ရပ်အားလုံးကို မြင်နေသော စုံထောက်ကူးပါးသည် ရှေ့သို့ တိုးကပ်လာသည်။
ထရေစီ ပထမအဆင့် စတင် လှုပ်ရှားပြီဟု သူသိလိုက်သည်။

အစောင့်ရဲဘော်များလည်း အပြေးအလွှား ရောက်လာကြသည်။
ပန်းချီကား လာကြည့်သူများလည်း ၀ိုင်းလာကြသည်။
တမံတလင်းပေါ်တွင် ဆေးဘူးများ၊ ဆေးကွက်များ၊ စုတ်များ ပြန့်ကျဲရှုပ်ပွနေသည်။
အစောင့်များက တစ်ယောက်နှင့် တစ်ယောက် လှမ်းခေါ်ကြသည်။
" ပွာတို" ပန်းချီကားရှိသော ဟိုဘက်အခန်းမှ အစောင့်က ၀ရုန်းသုန်းကား ဖြစ်နေသော ထရေစီတို့ အခန်းသို့ ပြေးလာသည်။

ဟိုဘက်အခန်းတွင် "ပွာတို" ပန်းချီကားနှင့်အတူ ခါးကုန်းကြီး ဆီဇာပေါ်ရက်တာ တစ်ဦးတည်း ကျန်ရစ်ခဲ့ သည်ကို ထရေစီ မြင်ရသည်။
ဒီဘက်အခန်းမှ လူအုပ် အလယ်တွင် ထရေစီ ရောက်နေသည်။
အစောင့်နှစ်ယောက်က ဆေးကွက်များ စွန်းထင်းပေကျံနေသော နေရာတွင် ၀ိုင်းနေသည့် လူများအား ဖယ်ထုတ်ရန် ကြိုးစားနေသည်။
" ညွှန်ကြားရေးမှူးကို သွားခေါ် "
ဟိုဘက်အခန်းမှ ရောက်လာသော အစောင့်က ပြောလိုက်သည်။

ဒီဘက် အခန်းမှ အစောင့်က အပေါ်ထပ်သို့ ပြေးတက်သွားသည်။
နှစ်မိနစ်ခန့်အကြာတွင် ညွှန်ကြားရေးမှူး မာချာဒါ ရောက်လာသည်။
သမံတလင်းပေါ်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး တစ်ဆက်တည်း အော်ဟစ် အမိန့် ပေးလိုက်သည်။
" သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတွေကို သွားခေါ်စမ်း မြန်မြန်သွားခေါ်၊ အ၀တ်စတို့ တံမြက်စည်းတို့ တာပင်တိုင် ဆီတို့ ယူခဲ့စမ်း "
အလုပ်သမား ကလေးတစ်ယောက် ပြေးထွက်သွားသည်။

ညွှန်ကြားရေးမှူး မာချာဒါက ဟိုဘက်အခန်းမှနေ၍ ဒီဘက်အခန်းသို့ ရောက်နေသော အစောင့်ကို ပြော လိုက်သည်။
" ဆာဂီယို ... မင်းအခန်း မင်းပြန်သွားပြီး စောင့်နေစမ်း "
" ဟုတ်ကဲ့ ... ဆရာ "
ဆာဂီယိုဆိုသူ အစောင့်သည် လူအုပ်ထဲမှ တိုးထွက်ကာ ဆီဇာပေါ်ရက်တာ အလုပ် လုပ်နေသော ဟိုဘက် အခန်းသို့ ပြန်သွားသည်ကို ထရေစီ မြင်ရသည်။
စုံထောက်ကူးပါးက ထရေစီကိုသာ မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။
သူမ နောက်ထပ် လှုပ်ရှားမည့် အကွက်ကိုသာ စောင့်ကြည့်နေသည်။
သို့သော် ထရေစီက ဘာမျှ ဆက်မလုပ်။ မည်သည့် ပန်းချီကား အနားသို့မှ သူမ မကပ်။

ကြံဖော် ကြံဖက် တစ်ယောက်ယောက် နှင့်လည်း ဆက်သွယ်ခြင်း အလျင်းမရှိ။
သူမသည် ပန်းချီဆွဲသည့် ပစ္စည်း ကိရိယာပေါ်သို့ ပက်လက်လန်ကျသွားပြီး သမံတလင်းပေါ်သို့ ဆေးများ စီးကျ ပေကျံသွားအောင်သာ လုပ်ခဲ့သည်။
ယင်းဖြစ်ရပ်မှာ မတော်တဆ မဟုတ်ဘဲ သူမတမင် သက်သက် လုပ်မှန်း ကူးပါးယုံကြည်သည်။
နံရံများကို ကူးပါး ကြည့်လိုက်သည်။ ပန်းချီကား တစ်ချပ်မှ မပျောက်။

အားလုံး သူ့နေရာနှင့်သူ ရှိနေသည်။
ကူးပါး ဟိုဘက်အခန်းကို ခပ်မြန်မြန် သွားကြည့်ပြန်သည်။
အစောင့်တစ်ဦးနှင့် ပုံတူ ကူးနေသူ ခါးကုန်းကြီးမှ တစ်ပါး မည်သူမျှ မရှိ။
ပန်းချီကား အားလုံး သူ့နေရာနှင့်သူ ရှိနေသည်။
သို့သော် တစ်စုံတစ်ခုတော့ မှားယွင်းချွတ်ချော်နေပြီဟု ကူးပါး အသိစိတ်က သိနေသည်။
ကူးပါး သည် ညွှန်ကြားမှူးရေးထံ ပြန်ပြေးလာပြီး ပြောသည်။

သူသည် ညွှန်ကြားရေးမှူးနှင့် ယမန်နေ့က တွေ့ခဲ့ဖူးပြီးဖြစ်သည်။
" ဒီမှာ ... ညွှန်ကြားရေးမှူးကြီး၊ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ဒီက ပန်းချီကားတစ်ချပ် အခိုးခံလိုက်ရပြီလို့ ကျွန်တော်တော့ ယုံကြည်တယ် "
" ခင်ဗျား ဘာတွေလာပြောနေတာလဲ၊ ခင်ဗျားပြောသလို အခိုးခံရရင် အစောင့်တွေက အချက်ပေးလျှပ်စစ် ခေါင်းလောင်းတွေ တီးပြီး အချက်ပေးမှာပေါ့ဗျာ "
" ပန်းချီကားအစစ်တစ်ချပ်ကို အတုတစ်ချပ်နဲ့ အစားထိုး လဲလှယ်သွားပြီလို့ ကျွန်တော်တော့ ထင်တယ်"
" ခင်ဗျား အတွေးခေါင်နေပြီဗျ၊ ပန်းချီကားအချပ် တိုင်းရဲ့နောက်မှာ လျှပ်စစ် စီးကြောင်းတွေ လွှတ်ထား တယ်၊ ပန်းချီကား တစ်ချပ် ကို နံရံက မ ဖြုတ်လိုက်တာနဲ့ တစ်ချက်တည်း လျှပ်စစ်ခေါင်းလောင်းတွေ အသံ မြည်သွားအောင် လုပ်ထားတယ်ဗျ။

" အဲဒီ လျှပ်စစ် စီးကြောင်းတွေကို ကြားက၀င်ပြီး အဆက်အသွယ်ဖြတ်ထားရင်ကောဗျာ "
" အဲဒီလို အဆက်အသွယ် ၀င်ဖြတ်တာနဲ့ တစ်ပြိုင်နက် အချက်ပေး ခေါင်းလောင်းတွေ မြည်အောင်လဲ လုပ်ထားသေးတယ်ဗျ၊ ဒီ ပြတိုက်က ပန်းချီကားတွေကို ဘယ်လိုမှ ခိုးမရအောင် လုံခြုံရေး အစီအစဉ်တွေ အဘက်ဘက်မှ လုပ်ထားပြီးသားပါဗျာ "
ကူးပါးအဖို့ မကျေမနပ်ဖြင့်ပင် ကျန်ခဲ့ရသည်။
တကယ်တော့လည်း ပြတိုက်မှာ ပန်းချီကားတစ်ချပ်မှ မပျောက်ဆုံးသည်ကို ထိုနေ့ ညနေပိုင်းတွင် စစ်ဆေး ကြည့်သောအခါ သိလာရသည်။

ထိုအကြောင်းကိုလည်း ညွှန်ကြားရေးမှူးက ကူးပါးထံ ညဘက်တွင် တယ်လီဖုန်းဆက်၍ အကြောင်းကြား လိုက်သေးသည်။
ကူးပါးအဖို့ အတွေးရ ကျပ်နေသည်။ ပန်းချီကားကလည်း တစ်ချပ်မှ မပျောက်။
ထရေစီဝှစ်တနေကလည်း ဆေးစက်များစီးကျပေကျံကုန်အောင် တမင်သက်သက် လုပ်ခဲ့သည်။
တစ်ခုခု တော့ ချွတ်ချော်လွဲမှားနေပြီဟုသာ ကူးပါးထင်နေသည်။
*
ဆက်ရန်
.

2 comments:

KMC@ချင်းလေး said...

ပိုင်ချက်ကတော့လန်ထွက်နေတယ်ဗျို့...ကောင်းလိုက်တာဖတ်လို့....ကျေးဇူးတင်ပါတယ်မမတို့အဖွဲ့သားတွေရေ.။ အစ်မရွှေစင်လည်းကျန်းမာချမ်းသာပါစေဗျာ..။

Anonymous said...

thanks alot, ma shwezin!