Sunday, August 28, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၉)

မွေးမေ့မေတ္တာ
မခင်စော (မြန်မာစာပါမောက္ခ)

မနုသတ္တဘာဝ ဒုလ္လဘ လူ့အဖြစ်လူ့ဘ၀ကို ရခဲသည်ဟု မြတ်စွာဘုရားသခင်က ဟောကြားတော်မူခဲ့ပါ သည်။ ထိုရရန်ခဲယဉ်းသော လူ့ဘ၀ကိုရသည့်အခိုက် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ကြီးပြင်း လာအောင် ပြုစုပေးသူမှာ မိခင် ဖြစ်ပါသည်။ မိခင်တိုင်းသည် ပဋိသန္ဓေရှိသည့် အချိန်ကစ၍ အစစ အရာရာ ဆင်ခြင်ရသည်။ မိမိအလိုကိုချုပ်တည်း၍ ကလေးအကျိုးရှိမည့် အစားအစာကိုသာစားရသည်။

ကလေးကို ထိခိုက်စေမည့် ကိုယ်လက်လှုပ်ရှားမှုမှန်သမျှကို ရှောင်ကြဉ်ရသည်။ အင်္ဂါ စုံစုံလင်လင်နဲ့ ကျန်း မာ သန်စွမ်း ရောဂါကင်းသော ကလေးကိုမွေးပါစေကြောင်း နေ့စဉ်ဘုရား၌ဆုတောင်းရသည်။ မွေးဖွားစဉ် အပြင်းအထန် နာကျင်သော ဝေဒနာကို ခံစားရသည်။ မွေးဖွားပြီးသော အခါ၌လည်း နေ့စဉ်အချိန်ပြည့် ပြုစု ရသည်။ ဖခင်မှာ မိသားစု စားဝတ်နေရေးအတွက် တနေကုန်အလုပ်လုပ်ရသဖြင့် မိခင်ကဲ့သို့ အချိန်ပြည့် မစောင့်ရှောက်နိုင်ပါ။ " လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ" ဟူသော ဆိုရိုးစကား နှင့် အညီ ကလေးကို အသိဥာဏ်တိုးပွား၍ လိမ္မာရေးခြားရှိအောင် ဆုံးမရန်မှာ၊ မိဘတိုင်း၏ တာဝန် ဖြစ်ပါသည်။

သို့ ရာတွင် ဖခင်မှာ ကြိုးကြား ကြိုးကြား အားလပ်ချိန်တွင်သာ ကလေးကို အနီးကပ်သွန်သင်နိုင်ပါသည်။ ကလေး နှင့် လက်ပွန်းတတီး နေထိုင်၍ နာရီမလပ် နားဝင်အောင် ပြောနိုင် ဆိုနိုင်သူမှာ မိခင်သာဖြစ်ပါ သည်။ မိခင်တိုင်းသည် သားသမီးတို့အား မြင့်မြတ်သော စိတ်ထားကောင်းမွန်သော အကျင့်စာရိတ္တ နှင့် ထက်မြက် သော အသိဥာဏ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြသည်။ လောကအလယ်တွင် တင့်တင့် တယ်တယ် ထည် ထည်ဝါ၀ါ ရပ်တည်နေနိုင်အောင် နည်းပေးလမ်းပြညွှန်ကြားကြသည်။ သားသမီး ကောင်းစားရေး အတွက် ကိုယ်ကျိုးမငဲ့ဘဲ စွန့်စွန့်စားစား လုပ်ဆောင်ပေးကြသည်။

ဖတဆိုး သားကလေးအား တက္ကသိုလ်၌ ပညာဆည်းပူးစေလိုသောကြောင့် အငယ်အနှောင်း အဖြစ်ကို ခံယူ သည့် အမျိုးကောင်းသမီးတစ်ယောက် အကြောင်းကို ငယ်စဉ်က ကြားခဲ့ဖူးပါသည်။ သားငယ်မှာ မိခင် အနစ်နာခံမှုကြောင့် ပညာတတ် အရာရှိကြီး တစ်ဦး ဖြစ်သွားကြောင်း သိရပါသည်။ သားသမီးကိုငဲ့၍ နောက် အိမ်ထောင်မပြုဘဲ အပင်ပန်းအဆင်းရဲခံကာ သားသမီးများ လူလားမြောက်သည်အထိ လုပ်ကိုင် ကျွေးမွေး သော မုဆိုးမ မိခင်များလည်းရှိပါသည်။

ထို့ပြင် မိခင်၏မေတ္တာကို အလေးအနက် ဖော်ထုတ်ပြသသော ဘုရားဟော ဇာတ်ဝတ္ထုများအနက်၊ ဝေဿန္တရာ ဇာတ်တော် ကို တင်ပြလိုပါသည်။ ဝေဿန္တရာမင်းကြီး၏ အလှူပေးခြင်း၌ ရဲရင့်ပုံ၊ ဇူဇကာ ပုဏ္ဏား ၏ ရက်စက်ကြမ်းကြုတ်မှု၊ ဖာလိမင်းသားနှင့် ကဏှာဇိန် မင်းသမီးတို့၏ ချစ်ဖွယ်၊ သနားဖွယ် အမူအရာ တို့ သည် စာရေးသူ၏ စိတ်အာရုံဝယ် စွဲထင် ကျန်ရစ်ခဲ့ပါသည်။ ဆရာတော် ဦးသြဘာသ၏ အရေးအသား ပြောင်မြောက်မှုကြောင့်လည်း အံ့သြဖွယ်၊ ထိတ်လန့်ဖွယ်၊ ရွံ့ရှာမုန်းတီးဖွယ်နှင့် သနား ကရုဏာ သက်ဖွယ်ရသတို့ ပေါ်လွင်လှပါသည်။ သို့ရာတွင် ထိုဇာတ်တော်ကို ယခုတစ်ဖန်ပြန်လည် ဖတ်ရှုသည့် အခါ၌ကား မဒ္ဒီ မိဖုရား၏ သားသမီးအပေါ်ထားရှိသော မေတ္တာစေတနာ၊ မိခင်ကောင်း ပီသ သည့် စိတ်ဓာတ်နှင့် အပြုအမူတို့က အခြားအကြောင်းခြင်းရာများထက် ပုမို၍ စာရေးသူကို ဆွဲဆောင် ပြန်ပါသည်။

မဒ္ဒိမိဖုရားသည် ဖုဿတီမိဖုရားကြီး၏ မောင်တော် မဒ္ဒရာမင်း၏သမီးတော် ဖြစ်သည်။ ငယ်စဉ်က အထိန်း တော်၊ အချီတော်၊ အယတော်တို့၏ အချီအပိုးအယူအယကို ခံယူကာ နန်းတွင်း၌ ကြီးပြင်းလာရသူဖြစ်၏။ ဝေဿန္တရာ မင်းကြီး နှင့် ထိမ်းမြားပြီးသောအခါတွင် တစ်သောင်းခြောက်ထောင်သော မောင်းမတို့ ခြံရံလျက် မိဖုရားခေါင်ဘကီး၏ စည်းစိမ်ကို အပြည့်အ၀ခံစားခဲ့ရ၏။ ၀င်္ကပါတောင်သို့ မင်းကြီးနှင့် အတူ လိုက်ပါသွား သောအခါ၌ကား၊ ရတနာထမ်းစင်၊ ရွှေယာဉ်၊ ရွှေဝေါတို့ဖြင့် သွားလာလေ့ရှိသော မိဖုရားသည် ခြေလျင်ခရီး ကို ယာဉ်ထီးမပါဘဲ ကြွလှမ်းခဲ့ရရှာသည်။

သမီးငယ်ကဏှာဇိန် ဆင်းရဲပင်ပန်းမည်ကို စိုးရိမ်သဖြင့် မြေပေါ် တါင်မချရက်ဘဲ၊ လမ်းတစ်လျှောက်လုံး ပွေ့ချီ ခေါ်ယူခဲ့ရ၏။ နန်းတွင်းနန်းပြင်၎ အခြွေအရံတို့၏ ဖေးမခြင်း ကိုခံယူကာ သွားလာလေ့ရှိသော မိဖုရားသည် သမီးငယ်ကို ပိုက်ချီလျက်၊ ခရီးကြမ်းဝယ် တစ်ကိုယ်တည်း လျှောက်လှမ်းရရှာသည်။ မဒ္ဒီဒေ၀ီ သည် ၀င်္ကပါတောင်သို့ရောက်သည့် အခါ၌လည်း ကျောင်းသင်္ခမ်းကို ကိုယ်တိုင်သန့်ရှင်းသည်။ သောက်ရေသုံးရေတို့ကို ကိုယ်တိုင်ခပ်သည်။ သားငယ် သမီးငယ်တို့အတွက် ဆောင်ရွက်ဖွယ် ကိစ္စပြီးမှ တစ်ယောက်တည်း တောသို့ဝင်၍ သစ်သီးဝလံတို့ကို ရှာဖွေသည်။ နန်းတွင်း၌ နေစဉ် စိတ်ထားနူးညံ့၍ ကြောက်ရွံ့ထိတ်လန့်တတ်သော မိဖုရားသည် သားသမီးတို့ကို ကျွေးချင်ဇော ကြောင့် တောတိရစ္ဆာန် များ ဖြစ်သော ကျား၊ ခြင်္သေ့၊ မြေခွေးတို့၏ ဟိန်းသံ၊ ဟောက်သံ၊ အော်သံတို့ကိုလည်း မမှုနိုင်တော့ချေ။ သစ်သီး သစ်ဥ အမြန်ရရန်သာအားထုတ်တော့သည်။

ကျောင်းသင်္ခမ်းသို့ ပြန်ရောက်ရှိသောအခါတွင်လည်း အနားမယူနိုင်ရှာပါ။ သားငယ် သမီးငယ်တို့ကို ရေချိုး ပေးခြင်း၊ နံ့သာလိမ်းကျံပေးခြင်း၊ သစ်သီးသစ်ဥကျွေးမွေးခြင်း စသည့်အမူတို့ကို ဆောင်ရွက်သည်။ နန်းထက် တွင် မွေး၍ နန်းတွင်း၌ ကြီးပြင်းခဲ့ရသော မိဖုရားသည် ထိုတာဝန်ကို မညည်းမညူထမ်းဆောင် သည်။ သားသမီးတို့၏ အပေါ်၌ထားရှိသော မိခင်၏ မေတ္တာတရားကား ကြီးမားလှပေစွ။

ဘိုးတော်သိဉ္စည်း မင်းကြီးက မြေးတော် ဇာလီမင်းသားအား ခမည်းတော်မယ်တော်ကြီး၏ အကြောင်းကို မေးမြန်း ရာတွင် ဇာလိမင်းသားက
" ကျွန်ုပ်တို့ မိခင်သည် နေ့တိုင်းနံနက်စောစောကပင်လဆင် နေရာကျောင်းသင်္ခမ်း၌ပြုရာဆောင်ရာသည့် ၀တ် ကိုပြုခဲ့ပြီးလျှင် တံချူ၊ တူရွင်း၊ ခြင်တောင် လက်စွဲလျှက် တောအရပ်၌ မျောက်ဥ၊ သင်းတောက်ဥ၊ ပိန်းဥ၊ သွေးဥတို့ကို တူး၍ ဆီးသီး၊ ဥသျှစ်သီးအစရှိသော သစ်သီးတို့ကို ဆွတ်ချူပြီးသော် ခြင်းတောင်းဖြင့် လွယ် လျက် ညချမ်းသောအခါမှသာလျှင် ကျောင်းသင်္ခမ်းသို့ပြန်၍ အကျွန်ုပ်တို့အား ကျွေးမွေးပေ၏။

ထိုသို့ မိခင်တောအရပ်က ပြန်ရောက်လာ၍ ညမိုးချုပ်မှသာလျှင် အကျွန်ုပ်တို့သားအမိတစ်စုတို့သည် အညီ အညွတ် သစ်သီး သစ်မြစ်တို့ကို စားရကုန်၏။ နေ့အခါ၌မူကား မစားရကုန် အကျွန်ုပ်တို့မိခင်သည်လည်း သစ်သီး သစ်မြစ် ဆောင်ယူရှာမိရဖန်များဖြင့် ပင်ပန်းသည်ဖြစ်၍ ကျုံ့သော ကိုယ်၏ ချမ်းသာလှစွာသော မင်းသမီး ဖြစ်လျက် နေမူတံလှပ်တို့ ခတ်ခြင်းကြောင့် လက်ဖြင့် ဆုပ်နယ်အပ်သော ကြာညိုပွင့်ကဲ့သို့ ညိုး သမ်းသော ကိုယ်ရှိ သစ်၊ ကျား၊ ခြင်္သေ့၊ ၀ံ၊ အောင်း၊ ကြံ့၊ ပြောင်အစရှိသော သားရဲတို့ဖြင့်ပြွမ်းလျက် တော နက်ကြီး ၌ ချုံအောက်သစ်ပင်၊ သစ်ခတ်ကြားတို့၌လျှို့သွားရသဖြင့် သစ်ခတ်၊ ချုံနွယ်ငြိ၍ မိခင်၏ ဆံပင်တို့ သည်လည်း ကျွတ်ပြတ်ခြင်းကြောင့် နည်းပါးကုန်၏။ ရင်၊ လက်ရုံး၊ လက်ကတီး။ လည်ကုပ်၊ မျက်နှာတို့၌ လည်း မြေမှုန့် အလိမ်းလိမ်းကပ်ကုန်၏။ ဆံကျစ်ထုံးလျက် သစ်နက်ရေကိုတင်၍ မြေ၌သာလျှင် အိပ်ရ၏။

ဤသို့ ငြိုငြင်ဆင်းရဲလှစွာသော အစာရှာ၍ မွေးကျွေးပေးသော မိခင်အား အကျွန်ုပ်ရှိခိုးပါ၏။"
ဟူ၍ မိခင်၏ ကျေးဇူးဂုဏ်ကို ချီးကျူးလျှောက်ထားပါသည်။ စာရေးသူသည် ထိုစာပုဒ်ကို ဖတ်နေစဉ် ခြင်း တောင်းကို လွယ်၍ တံချူကို ကိုင်စွဲပြီးလျှင်၊ သားရဲတိရစ္ဆာန်တို့ ခိုအောင်းရာ တောနက်ကြီးထဲ၌ တစ်ချုံဝင် တစ်ချုံထွက် သစ်သီးဝလံ ရှာဖွေနေသော မဒ္ဒီဒေ၀ီ၏ ရုပ်သွင်ကို မြင်ယောင်မိပါသည်။ မဒ္ဒီမိဖုရားကား အံ့သြချီးမွမ်းလောက်သည့် စံပြမိခင်တစ်ပါးပါပေ။

တိရစ္ဆာန်လောကတွင်လည်း လူသားများနည်းတူ မိခင်တို့သည် ရင်သွေးငယ်ကို အစာရှာဖွေ၍ ကျွေးမွေး ကြသည်။ ကြီးပြင်းသည့်တိုင်အောင် ပြုစုစောင့်ရှောက်ကြသည်။ အရေးကြုံလျှင် အသက်ပေး၍ ကာကွယ် ကြသည်။ သားသမီးများအား စွန်ရဲ၏ ဘေးမှကာကွယ်ရင်း၊ မိမိအသက်ကို စွန့်လွှတ်သွားသော ကြက်မတစ် ကောင် ကို တွေ့ဖူးပါသည်။ ကြက်မသည် ကောင်းကင်၌ ပျံဝဲနေသော စွန်ရဲကို မြင်သည်နှင့် တစ်ပြိုင်နက် အော်၍ အချက်ပေးလိုက်သည်။ ကြက်ကလေးများသည် အစာရှာဖွေ စားသောက်နေရာမှ အမြန်ပြေးလာ ကာ၊ မိခင်၏ တောင်ပံအောက်တွင် ခိုလှုံကြသည်။ ကြက်မသည် ကောင်းကင်သို့ မော့ကြည့်သည်။ စွန်ရဲ ကား အဝေးသို့ ထွက်ခွာမသွားဘဲ ကောင်းကင်၌ ၀ဲပျံလျက်ပင်ရှိသေးသည်။ ကြက်မသည် ကိုယ်လွတ်ရုန်း မပြေးဘဲ၊ ကြက်ကလေးများကို တောင်ပံဖြင့် အုပ်ထားသည်။ စွန်ရဲသည် အချိန်အတန်ကြာ ၀ဲပျံနေရာမှ ကြက်မကို သုတ်ချီသွားပါတော့သည်။

ထို့ပြင် ရင်သွေးအတွက် အသက်စွန့်သော ကျားမတစ်ကောင်၏ အကြောင်းကိုလည်း ကြားဖူးပါသည်။ ထို ကျားမ သည် တောအုပ်တစ်ခုရှိ ချုံတစ်ချုံအောက်တွင် ကျားငယ်နှစ်ကောင်ကို ထားကာ အစာ ရှာထွက် သည်။ ထိုတောအုပ်အနီးရှိ ရွာတစ်ရွာမှ သစ်ခုတ်သမားတစ်ယောက်သည် ကျားငယ်တို့ကို တွေ့ရှိ၍ ရွာသို့ ယူ ဆောင်ခဲ့သည်။ ကျားမပြန်လာသောအခါ သားငယ်တို့ကို မတွေ့သဖြင့် အနံ့ခံ၍ လိုက်လံ ရှာဖွေသည်။ သားငယ်များ ရှိရာရွာသို့ ရောက်လာရာ၊ ရွာသားများက ခြောက်လှန့် မောင်းထုတ်ကြသည်။ သို့ရာတွင် ကျားမသည် အဝေးသို့ ထွက်မပြေးဘဲ ရွာအနီးတွင် လှည့်ပတ်သွားလာနေသည်။ ညတစ်ညတွင် ရွာထဲသို့ ၀င်ရန် ကြိုးစားရာ ရွာသားတို့ လက်ချက်ဖြင့် သေဆုံးသွားရှာသည်။

အထက်ပါတင်ပြချက်တို့ကို အဖန်တလဲလဲ ဆင်ခြင်သုံးသပ်ပြီးလျှင် မိမိအပေါ် တင်ခဲ့ဖူးသည့် မွေးမိခင်၏ ကျေးဇူး ကို တတ်အားသမျှ ပေးဆပ်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမတော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ခဲယင်းသဖြင့် နှိမ်နင်းအပ်သော ဖြစ်မှု ပျက်မှု လျင်မြန်မှုရှိသော
အမှတ်မထား တပါးပါးသောအာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည်ကောင်း၏
ဆုံးမအပ်သော ယဉ်ကျေးသောစိတ်သည် မဂ် ဖိုလ် နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ဆောင်နိုင်၏။ ဟူသော ဂါထာတော် စကားတော်ကို မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး ဆောက်လုပ် လှူဒါန်း အပ်သော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစ် မထင်မရှား ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောကြားတော်မူသည်။

ကောသလမင်း၏ နိုင်ငံတော်အတွင်း၌ ပါဝင်သော ဟိမစန္တာတောင်ခြေ၌ မာတိကရွာရှိသည်။ တစ်နေ့သော် အပါး(၆၀) ရှိသော ရဟန်းတော်တို့သည် မြတ်စွာဘုရားအထံတော်၌ အရအတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်း ပွားများ အားထုတ်ပုံပွားများ အားထုတ်နည်းကို နာယူမျတ်သားပြီး မာတိကရွာသို့ ကြည်ညိုဖွယ်ရာ စီတန်းကာ ဆွမ်းခံကြွတော်မူကြသည်။ မာတိကရွာ၏ ရွာလူကြီး၏အမေသည် ရဟန်းတော် များကို ခရီးဦးကြို အရိုအသေပြု နေရာထိုင်ခင်းပေး၍ အမျိုးမျိုးသော အရသာရှိသော မွန်မြတ် လှစွာသော ယာဂု ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီးသော် အရှင်ဘုရားတို့ ဘယ်အရပ် ကြွကြ မှာလဲ ဘုရားဟု လျှောက်ထား သည်။

ရဟန်းတော်များက ချမ်းသာတဲ့နေရာ ကြွကြမလို့ပါ ဒကာမကြီးဟု ပြန်လည်မိန့်ကြားသော် အရှင်တို့ သည် ၀ါဆိုဖို့ နေရာရှာနေကြသည်ဟုသိ၍ ရဟန်းတော်တို့၏ ခြေတော်ရင်း၌ ၀ပ်စင်းကာ " အရှင်ဘုရားတို့ ဤ မာတိက ရွာ၌ ၀ါတွင်းသုံးလပတ်လုံး သီတင်းသုံးနေထိုင်ကြပါလျှင် တပည့်တော်မသည် သရဏဂုံသုံးပါး နှင့်တကွ ငါးပါးသီလတို့ကို ခံယူဆောက်တည်ပါမည်၊ ဥပုသ်စောင့်ပါမည်" ဟု တောင်းပန်လျှောက်ထား သည်။

ရန်းတော်တို့သည် " ငါတို့သည် ဤဒါယိကာမကြီးကို အမှီပြု၍ ဆွမ်းဖြင့် မပင်ပန်းကြပဲဘ၀မှ လွတ်မြောက် ရာကို အားထုတ်ဖို့ အဆင်ပြေမည်" ဟု ကြံတွေးကာ မာတိကရွာမှာ ၀င်နေဖို့ လက်ခံလိုက်ကြသည်။

ကတိက၀တ်ပြုကြ

မာတိကအမေသည် ရဟန်းတော်များ သီတင်းသုံးရန် ကျောင်းကိုပြင်ဆင် ရှင်းလင်းပေးသည်။ ရဟန်းတော် များသည် မာတိကရွာကျောင်း၌ပင် သီတင်းသုံးနေထိုင်လျက် စုဝေးကာ အချင်းချင်း ဆုံးမသြ၀ါဒ ပေးကြ သည်။ ကတိက၀တ်ပြုကြသည်မှာ ငါ့ရှင်တို့ ငါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေဖိုပမသင့်တော် ပါ။ ငါတို့၏ နေရာအိမ်ကဲ့သို့ ငရဲကြီးရှစ်ထပ်တို့သည် အမြဲတံခါးပွင့်နေသည်သာ၊ သက်တော် ထင်ရှား မြတ်စွာဘုရား ၏ အထံတော် မှ ကမ္မဋ္ဌာန်းကိုယူ၍ လာကြပါ၏။

ဘုရားရှင်တို့သည် ဖ၀ါးခြေထက်ချပ်မကွာ လိုက်ပါ ၍ နေပါသော်လည်း စဉ်းလဲကောက်ကျစ်သဖြင့် နှစ်သက် စေရန် မစွမ်းနိုင်ပါ၊ မမေ့မလျော့နေကြပါ။ တစ်နေရာ တည်း၌ နှစ်ပါး မနေရ မထိုငရပါ။ ညနေချမ်း အခါ မထေရ်ကြီးထံ ဆည်းကပ်ရာနှင့် နံနက်ပိုင်း ဆွမ်းခံချိန်၌ သာ စုဝေးကြပါမည်။ ကြွင်းသော အချိန်၌ နှစ်ပါးအတူမနေရပါ။ ချွင်းချက်အနေဖြင့် မကျန်းမာသော ရဟန်း သည် ကျောင်းတိုက် အလယ်ရှိ ထိုးစည် ခေါင်းလောင်း ကို ထိုးလျှင် သံဃာတော်များလာ၍ မကျန်းမာသော ရဟန်းအား ဆေးတိုက်ကြ ပါမည်ဟု အချင်းချင်း ဆုံးမကြသည်။ ကတိက၀တ်ပြုကြသည်။

နေရာအသီးသီးမှကြွလာကြ

တစ်နေ့သောအချိန်၌ မာတိကအမေသည် အလုပ်သမားတို့နှင့် ထောပတ် ပျားရည် ဆီ တင်လဲ စသော လှူ ဘွယ်တို့ကိုယူ၍ ကျောင်းသို့အလာ ကျောင်းတိုက်အလယ်၌ ရဟန်းတော်များကို မတွေ့ရ မမြင်ရ၍ "အရှင် ဘုရား တို့ ဘယ်ကြွကြပါသလဲ" ဟု မေးသော် မိမိ မိမိတို့၏ညဥ့်နေရာ နေ့နေရာတို့၌ နေကြပါသည် အရှင် မဟုပြောပြကြသည်။ အမေထိုးစည် ခေါင်းလောင်းထိုးလျှင် ရဟန်းတော်များ ကြွလာကြပါသည်ဟုလည်း ပြောပြကြသည်။ မာတိကအမေသည် ထိုးစည်ခေါင်းလောင်း ထိုးခိုင်းလိုက်သည်။ ရဟန်းတော်များသည် ရဟန်းတစ်ပါး မကျန်းမာလို့ ဖြစ်လိမ့်မည်ဟုယူဆ၍ မိမိ မိမိတို့၏သီတင်းသုံးရာ နေရာမှ ထွက်လာကြ၍ ကျောင်းတိုက်အလယ်၌ စုဝေးကြသည်။ ရဟန်းနှစ်ပါး တစ်လမ်းတည်းမှ လာသည်ကို မတွေ့ရပေ၊ မမြင်ရ ပေ။

သာမဏဓမ္မအားထုတ်ကြ

မာတိကအမေသည် နေရာအသီးသီးမှ ကြွလာကြသော ရဟန်းများကို တွေ့ရသော် ငါရဲ့သားတော်တို့သည် အချင်းချင်း ခိုက်ရန် ဖြစ်ထားကြသည်လား မသိဟု ကြံတွေး၍ ရှိခိုးဦးချပြီးလဆင် ...
" အရှင်ဘုရားများ ရန်ဖြစ်ထားကြပါသလား ဟုပင် မေးလျှောက်မိတော့သည် "
" ဒါယိကာမကြီး ဦးပဉ္စင်းတို့ ရန်မဖြစ်ကြပါ "
" အရှင်ဘုရားတို့ရန်မဖြစ်လျှင် တပည့်တော်တို့ အိမ်သို့ စီတန်း ဆွမ်းခံကြွလာကြသလို မလာကြပဲ ဘယ့် ကြောင့် တစ်နေရာ တစ်နေရာဆီမှ တစ်ပါးချင်း တစ်ပါးချင်း ကြွလာကြပါသလဲဘုရားဟု လျှောက်ထား သည်။"

" ဒါယိကာမကြီး တစ်နေရာစီ၌ ထိုင်၍ သာမဏဓမ္မ ရဟန်းတရားအားထုတ်နေကြပါသည်။"
" အရှင်ဘုရားတို့ သာမဏဓမ္မ ရဟန်းတရားဆိုတာ ဘာပါလဲဘုရားဟုမေးလျှောက်သော်"
" ဒါယိကာမကြီး ကေသာ လောမာ နခါ ဒန္တာ တစော ၃၂ ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရွတ်ဆိုကြပါ၏။ ခန္ဓာကိုယ် ဘော၌ ဖြစ်ခြင်းပျက်ခြင်းကို ရှုမှတ်ကြပါ၏ဟု ဖြေပြကြသည်။"
" အရှင်ဘုရားတို့ ကေသာ လောမာ နခါ ဒန္တာ တစောတေ ၃၂ ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရွတ်ဆိုခြင်း ခန္ဓာ ကိုယ်တော် ၌ ဖြစ်ခြင်း ပျက်ခြင်းကို ရှုမှတ်ခြင်းသည် အရှင်ဘုရား ဘာပြလုပ်သင့်ပါသလော၊ သို့မဟုတ် တပည့်တော်မ တို့လည်း ပြုလုပ်သင့်ပါသလော ဟုမေးလျှောက်သည်။"

" ဒါယိကာမကြီး ရဟန်းရှင်လူ မည်သူမဆို ပြုလုပ်ကောင်းပါ၏ဟု ပြန်ပြောပြကြသည်။"
" ဒီလိုဆိုလျှင် တပည့်တော်မလည်း ၃၂-ကောဋ္ဌာသကမ္မကို ပေးတော်မူကြပါဟု တောင်းပန်လျှောက်ထား သည်"
" ဒါယိကာမကြီး ဒီလိုဆိုလျှင် သင်ယူပါဟုပြော၍ ၃၂-အဋ္ဌာသကမ္မဋ္ဌာန်း ရွတ်ဆိုပုံရွတ်ဆိုနည်း ဖြစ်ပျက် ရှုမှတ်နည်း တို့ သင်ပေးကြသည်။

အဟာရသပ္ပါယအဓိက

မာတိကအမေသည် ထိုနေ့မှစ၍ ၃၂-ကောဋ္ဌာသကမ္မကို ရွတ်ဆိုပွားများသည်။ ခန္ဓာကိုယ်၌ဖြစ်ပျက်ကို ရှု မျတ်တော့သည်။ ရဟန်းတော် (၆၀)ပါးတို့၏ အရင်ဆုံးပင် အဦး သောတာပတ္တိမဂ်သကဒါဂါမိမဂ် အနာဂါမိမဂ် သောတာ ဖိုလ် သကဒါဂါဖိဖိုလ် အနာဂါမိဖိုလ်ရ၍ အနာဂါမ်အရိယာတော်စင်ဒါယိကာမကြီး ဖြစ်သွား တော့သည်။ ပဋိသမ္ဘိဒါလေးနှင့် လောကီအဘိညာဏ်တို့ကိုလည်း ရရှိသည်။ မာတိက အမေသည် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ မှ ထ၍ ဒိဗ္ဗက္ခုအဘိညာဏ်ဖြင့် " ငါံရဲ့သာတော်တို့သည် ဘယ်အချိန်က ဤတရား ထူးတရားမြတ်ကို ရရှိကြသလဲဟု ကြည့်ရှုဆင်ခြင်သော် ငါ့ရဲ့သားတော် အားလုံးတို့သည် ရာဂ ဒေါသ မောဟ အပြည့်ရှိကြ၏။

နိဗ္ဗန်တရား ၀ိပဿနာတရားမျှပင် အသိပညာမရှိကြသေးဟု မြင်ရသော် ငါ့ရဲ့ သားတော်တို့အား ရဟန္တာဖြစ်ဖို့ရာ အရဟတ္တ၏ အားကြီးသော မှီရာရှိသလော၊ မရှိသလောဟု ဆင်လက် ဆင်ခြင်သောအခါရှိဟု ဆင်ခြင်သိမြင်၍ သေနာသနသပ္ပါယ ကျောင်းအိပ်ရာနေရာ၏ လျောက်ပတ်ခြင်း၊ ပုဂ္ဂလသပ္ပါယ ၏ လျောက်ပတ်ခြင်းရှိ၊ မရှိ ရှိကြောင်းသိရသည်။ အဟာရ အစာအဟာရ၏ လျောက်ပတ်ခြင်း ရှိ မရှိ ဆင်ခြင်သော် တာကိုသိရ၍ ထိုနေ့မှစ၍ အမျိုးမျိုးသော ချို ချဉ် စပ် ဖန် ခါး ဟူသော အရသာခြောက် ပါးပါဝင်သော ဘောဇဉ် ခဲဖွယ်အသွယ်သွယ်တို့ကို စီမံ၍ ဆွမ်းခံကြွလာသော ရဟန်းတော် များအား " အရှင် ဘုရားများ နှစ်သက်ရာ သဘောကျရာ ယူ၍ ဘုန်းပေးတော် မူကြပါဘုရား"ဟု လျှောက်၍ ဆက်ကပ်သည်။ ရဟန်းတော်များသည် မိမိတို့ ကြိုက်ရာယူ၍ ဘုန်းပေး ကြသည်။ အချဉ်ကြိုက်သော ရဟန်းက အချဉ်၊ အစပ်ကြိုက်သောရဟန်းက အစပ်၊ အချိုကြိုက်သော ရဟန်း က အချို စသည်ကို ယူ၍ကြိုက်ရာ နှစ်သက် ရာကို ဘုန်းပေးကြရသော် အဟာရသပ္ပါယ်ဖြစ်၍ စိတ်တည်ကြည် တော့သည်။

မာတိက အမေ၏ အာဟာရသပ္ပါယဖြစ်အောင် စီမံဆက်ကပ်မှုကြောင့် ရဟန်းတော်များသည် တည်ကြည် သော စိတ်ဖြင့် ၀ိပဿနာတရားရှုမှတ်ပွားများအားထုတ်သောအခါ မကြာမီပင် ပဋိသမ္ဘိဒါလေးပါး တို့နှင့် တကွ အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်သွားကြပါတော့သည်။ ရဟန်းတော်များသည် ဒါယိကာမကြီး သည် ငါတို့၏ တည်ရာမှီရာ အားကိုးရာ ကျေးဇူးရှင်ဖြစ်၏။ ငါတို့သည် သင့်တော် လျောက်ပတ် သော အာဟာရကို မရလျှင် မဂ် ဖိုလ်ကို ထိုးထွင်း၍ သိကြမည်မဟုတ်ပါ။ ရဟန္တာ ဖြစ်ကြမည် မဟုတ်ပါ။ ၀ါကျွတ် လျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွားကြမည်ဟု ကြံစည်မိကြတော့သည်။

မာတိကအမေ၏ ကျေးဇူးများလျှောက်ထား

သီတင်းဝါလကျွတ်သော် ရဟန်းတော်များသည် ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင်ကို ဖူးမြင်လိုကြပါ၏ဟု မာတိက အမေအား ပန်ကြားကြသည်။ မာတိကအမေသည် ကောင်းပါပြီ အရှင်ဘုရားတို့ဟုလျှောက်ပြီး ရဟန်းတော် များ ကို လမ်းခုလပ်အထိ လိုက်ပို့သည်။ အရှင်ဘုရားတို့ တပည့်တော်မတို့ကိုလည်း ပစ်မထား ကြပါနဲ့ ဟု ချစ်ဖွယ်ရာစကားတို့ကို ပြောဆို လျှောက်ထား၍ မာတိကရွာပြန်လာသည်။
ထို ရဟန်းတော် တို့သည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော် မြတ်စွာဘုရားအထံတော်သို့ ရောက်၍ မြတ် စွာဘုရား အား ရှိခိုးဦးချပြီး ထိုင်နေကြသောအခါ မြတ်စွာဘုရားက အရင်ဆုံးပင် " ချစ်သားတို့ ကျန်းမာကြ ပါရဲ့လား ဣရိယာပထ မျှတကြပါရဲ့လား ဆွမ်းဖြင့် မပင်ပန်းပဲ ရှိကြပါရဲ့လားဟု မေးမြန်းတော်မူသည်။ နှုတ်ခွန်းဆက်တော်မူသည်၊ ပဋိသန္ထာရစကား မိန့်ကြားတော်မူသည်၊ ရဟန်းတော်များက " မြတ်စွာဘုရား အ မည်သောမာတိကရွာမှ မာတိက ဒါယိကာမကြီး တစ်ယောက်သည် တပည့်တော်တို့၏ စိတ်အကြံကို သိ၍ " တပည့်တော်တို့အား ဤမည်သော အာဟာရကို စီစဉ်ပေးပါ၏။ ချက်ပြုတ်ပေးပါ၏။

ဆက်ကပ်ပေးပါ၏။ မာတိက အမေသည် တပည့်တော်တို့၏ တည်ရာမှီရာ အားကိုးရာဖြစ်ပါ၏။ တပည့်တော် တို့အား အလွန်ကျေးဇူးများပါ၏။ ကျေးဇူးတရားကြီးမားလှပါ၏။ မာတိကအမေ၏ အလွန့် အလွန် ဂရုတစိုက်ပြုစု စောင့်ရှောက်မှုကြောင့် တပည့်တော်တို့သည် အာသဝေါကင်းစွာ ရဟန္တာဖြစ် ကြရပါ၏။" ဟု စသည်ဖြင့် မာတိကအမေ၏ များပြားလှစွာသော ဂုဏ်ကျေးဇူးတို့ကို မြတ်စွာဘုရားအား ၀မ်းမြောက် ၀မ်းသာ လျှောက်ထားကြပါတော့သည်။

ဂုဏ်ကိုထုတ်ဖော်ကာ တိုက်ရိုက်မပြောပါ

ရဟန်းတစ်ပါးသည် မာတိကအမေ၏ ဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ကြားရ၍ မြတ်စွာဘုရားထံတော် မှကမ္မဋ္ဌာန်းကောင်း၍ မာတိကရွာသို့ ကြွသွားသည်။ ရွာရောက်သည့်နေ့မှာပင် ငါခရီးပင်ပန်းနေ၏။ ကျောင်းအိပ်ယာနေရာ ရှင်းမည့်သူ စေလွှတ်လဆင် ကောင်းမည်၊ ဖျော်ရည်ပို့လျှင် ကောင်းမည်ဟု ကြံစည် သော် မာတိကအမေက ရဟန်းကြံစည်သည့်အတိုင်း စီစဉ်ပေးသည်။ ပို့ပေးသည်၊ နောက်နေ့မနက် အရုဏ် တက်ချိန်၌ အသားသုပ်နှင့် ယာဂုပို့လျှင် ကောင်းမည်။ မုန့်ခဲဖွယ်ပို့လျှင် ကောင်းမည်ဟု ကြံစည်သည့် အတိုင်း ပို့ပေးသည် ဆက်လက်၍ မာတိကအမေသည် ငါကြံစည်တိုင်း ကြံစည်တိုင်း ပို့ပေး၏။ မာတိက အမေ ကို ငါတွေ့လို၏။

မာတိကအမေသည် အမျိုးမျိုး သော အရသာရှိသော ဘောဇဉ်တို့ကိုယူ၍ ကိုယ်တိုင်လာလျှင် ကောင်းမည်ဟု ကြံစည်သောအခါ မာတိကအမေသည် ကိုယ်တိုင်လာပို့သည်။ ဆွမ်းစား ပြီးသော် ရဟန်းက မာတိကအမေဆိုတာ ဒါယိကာမကြီးလား၊ သူတစ်ပါးစိတ်ကို သိပါသလားစသည်ဖြင့် မေးသော် မာတိက အမေ က တိုက်ရိုက် ၀န်မခံပဲ သူတစ်ပါး၏စိတ်ကို သိသောသူတို့သည် ဤသို့ပြုကြပါ၏ ဟု လျှောက် ထားသည်။

မြတ်ဗုဒ္ဓသြ၀ါဒပေး

ရဟန်းသည် ဤအမှုသည် ၀န်လေးဖွယ်အမှုပင်၊ ပုထုတို့မည်သည် ကောင်းသည်/မကောင်းသည်ကို ကြံစည် ကြသည်။ ငါမကောင်းတာကို ကြံမိလျှင် ခိုးထုတ်ခိုးထည်နှင့်အတူ--ကို ဖမ်းသလို ငါဖောက်ဖောက် ပြန်ရောက်တော့မည်။ မာတိကရွာမှ ပြေးမှဖြစ်တော့မည်ဟု ကြံတွေး၍ မာတိကက အတန်တန်တားပေ မည့် သာဝတ္တိမြို့ မြတ်စွာဘုရားတော်သို့သာ ပြန်သွားတော့သည်။ မြတ်စွာဘုရားထံသို့ ရောက်သော် အကျိုး အကြောင်း လျှောက်ထားသည့်အခါ မြတ်ဘုရားက ရဟန်းသင်သည် မာတိကရွာ၌သာ နေသင့်၏။ ---ကိုသာ စောင့်ရှောက်ပါ။ စိတ်ဆိုသည်မှာ စောင့်ရှောက်ရန်ခဲယဉ်း၏။ စိတ်ကိုသာ နှိမ်နင်းပါ။ အခြား ဘာကိုမျှ မကြံ၊ စိတ်သည် နှိမ်နင်းနိုင်ခဲ၏ဟု သြ၀ါဒပေးတော်မူ၍ ရဟန်း မာတိကရွာသို့သာ သွားနေ ပါဟု မိန့်တော်မူ လေသည်။

၉၉-ခုမြောက်ဘဝ

ရဟန်းသည် မြတ်စွာဘုရားအထံတော်မှ သြ၀ါဒကို နာယူ၍ မာတိကရွာပြန်လာ၍ အခြားဘာကိုမျှ မကြံစည်ပဲ ကိုယ့်တရားနှင့်သာ နေတော့သည်။ မာတိက အမေသည် ယခုအခါ ငါ၏သားတော်သည် သြ၀ါဒ ပေးတော်မူသော ဆရာဘုရားထံတော်မှ ပြန်လာပြီဟု ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့် သိမြင်၍ သင့်တင်လျှောက် ပတ်သော အာဟာရကို စီစဉ်၍ ဆက်ကပ်သည်။ ရဟန်းသည် ဘောဇနာသပ္ပါယမျှတ၍ သုံးရက်မျှဖြင့်ပင် ရဟန္တာဖြစ်သွားတော့သည် " ဤမာတိကအမေသည် ငါ၏တည်ရာ မှီရာအားကိုးရာ ဖြစ်ပါ ပေ၏။

ဤမာတိ ကအမေကို အမှီပြု၍ ဘ၀မွှတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ရပေပြီ" ဟုကြံစည်စဉ်းစားပြီးလျှင် ဤမာတိက အမေသည် ရှေးရှေးဘ၀တို့၌လည်း ငါ၏ တည်ရာမှီရာ အားကိုးရာ ဖြစ်ပါသေးသလားဟု ဆင်ခြင်သော် ၉၉-ခုမြောက်ဘ၀၌ သူ၏ဇနီးဖြစ်ခဲ့ပုံတို့ကို ဆင်ခြင်မိသောအခါ အော်ဤ ဒါယိကာမသည် ၀န်လေး ဖွယ်သော အမှု့ကို ပြုခဲ့ပြီဟု ကြံစည်မိသည်။

ကျေးဇူးတရားလွန်ကြီးမား
မာတိကအမေသည်လည်း အိမ်၌ ထိုင်နေရင်းပင် သားရဟန်း၏ ရဟန္တာဖြစ်သွားပုံ အထက်ပါအတိုင်း ဆင် ခြင်ကြံစည်ပုံတို့ကို သိမြင်ရ၍ သံသရာထဲ ကျင်လည်ခဲ့ရာဝယ် သားရဟန်းအပေါ် ပြုခဲ့ဘူးသော ကျေးဇူး ရှိ မရှိ ဆင်ခြင်သော် တစ်ရာမြောက်သောဘ၀၌ ရဟန်း၏ဇနီးဖြစ်ခဲ့၍ မိမိအမျိုးသား အသက်အန္တရာယ် ကြုံတွေ့ ရာ၌ အသက်စွန့်ပေးလှူခဲ့ပုံကို မြင်ရသည့်အခါ အိမ်၌ ထိုင်နေရင်းပင် ချစ်သား အထက်ကို အထူးပြု ဆင်ခြင်ပါဦးဟု လျှောက်လိုက်သည်။ ရဟန်းသည် ဒိဗ္ဗသောတအသိဥာဏ်ဖြင့် ကြားရ၍ ဆက်လက် ဆင်ခြင်သော် တစ်ရမြောက်သောဘ၀၌ မိမိအား အသက်စွန့်ပေးလှူခဲ့ပုံကို မြင်ရသည်။ အော် အံ့သြဖွယ်ကောင်းပေစွ၊ မာတိက အမေသည် ငါ့အား များစွာသော ကျေးဇူးကိုပြုပါပေ၏။ ကျေးဇူး များပါပေ၏ ဟု ၀မ်းမြောက်ဝမ်းသာဖြစ်၍ မာတိကအမေနှင့် မဂ်လေးပါး ဖိုလ်လေးပါးတို့၌ အမေး-အဖြေ ပြုပြီးလျှင် ပရိနိဗ္ဗာန်ဝင် စံသွးပါတော့သည်။

စွယ်စုံ အနုပညာရှင်စာရေးဆရာ ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင် မြန်မာ့ဂန္ထ၀င်တေးနှင့် ဓမ္မတေးအဆိုတော် ဆရာကြီး ဦးသုခ၏ အသက်(၁၀၀)နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့် အနေဖြင့် မြတ်စွာဘုရား သာသနာတော် ၌ အမေတမျှ အားကိုးရသော အမေပမာ အားကိုးရပါသော ရဟန်း သာမဏေတို့အား အလွန် ကျေးဇူးကြီးကြသော ၀ိသာခါ မလ္လိကာ သုပ္ပ၀ါသာ မာတိက မာတာအစရှိသော ဥပါသိကာမ ဒါယိကာမတို့တွင် မာတိက အမေ၏ ကျေးဇူးတရားကြီးမားပုံ တစ်စိတ်တစ်ဒေသကို ရေးသား တင်ပြ လိုက်ပါသည်။
               
ကျေးဇူးကြီးလှ၊ မာတိကအမေ၊               
ရဟန်းတော်များ၊ စဉ်းစားတိုင်းပေ။
ဆွမ်းအာဟာရ၊ မျှတအောင်လေ၊
စီစဉ်ပေး၊ မနှေးအမြဲပေ။

အရှင်ဣဒ္ဓိကာဘိဝံသ

.

No comments: