အခန်း (၂၉)
"ရေး.. ဖြစ်ရမယ်လို့ အရမ်းကြီးလဲ ထင်မထားနဲ့အုံးနော်" ဂျိုနသန်က သတိပေးသည်။
ရေးက မကြားချင်ယောင်ဆောင်နေသည်။ နှင်းများ ခဲ့နေသည့် ပြတင်းပေါက်မှန်ကို ကျော်ပြီး ရဲစခန်းဆီသို့ လှမ်းကြည့် နေသည်။ ရဲစခန်းထဲမှာ ဓာတ်ငွေ့မီးအိမ်များ၏ အရောင်ကို မြင်နေရ သည်။ ရာစုနှုစ် တစ်ခေတ်လောက် နောက်ပြန်ဆုတ်သွားသည်ဟု ထင်ရသည်။
ရေးက မော်တော်ကားရပ်ရမည့်နေရာတွင် ကမန်ကတန်းရပ်ပြီး တံခါးဖွင့်သည်။ ပြီးတော့ ကျောက် ခင်းလမ်း ကို ကျော်ကာ ရဲစခန်းအတွင်းသို့ ဝင်ပြေးတော့သည်။
ဂျိုနသန်က အသက်ပြင်းပြင်း ရှူပြီးနောက်မှ ပြေးလိုက်လာသံကိုလည်း သူ ကြားနေရသည်။
သူတို့ကိုမြင်တော့ ရဲစာရေးကြီးက အံ့အားသင့်သွာသည်။
"ဟင် ခင်ဗျားကို ဒီနေ့ည ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး မစ္စတာ အဲလ်ဒရက်ခ်ျ၊ ကလေး တွေ ပျောက်နေတဲ့ အတွက် ကျွန်တော် ဝမ်းနည်း.. "
ရေး က စိတ်မရှည်သလို ခေါင်းညိတ်ပြသည်။
"ရော့လဂ္ဂလာကို ဘယ်မှာ စစ်နေသလဲ"
ရေး၏ မေးခွန်းကြောင့် ရဲစာရေးကြီး လန့်သွားသည်။
"ခင်ဗျား ရောလဂ္ဂလာနဲ့လုပ်စရာ အလုပ် ဘာမှမရှိဘူးလေ"ဟု ပြန်ပြောသည်။
"သွားစမ်းပါဗျာ ကျွန်တော် သူနဲ့ တွေ့စရာ ရှိနေတယ်လို့ ခရိုင်ရဲအရာရှိကြီကို သွားပြောစမ်းပါ။"
ရဲစာရေးကြီး၏ ကန့်ကွက်ချက်များသည် သူ့နှုတ်ခမ်းပေါ်မှာပင် ပျောက်ကွယ်သွားတော့သည်။ စင်္ကြန် အတိုင်း လျှောက်လာနေသည့် ရဲသားတစ်ယောက်ဘက်သို့ သူလှည့်သွားသည်။
"ဆရာကြီး ကို ပြောလိုက်စမ်းဟေ့ ရေးအဲလ်ဒရက်ခ်ျက ရောလဂ္ဂလာကို တွေ့ချင်လို့တဲ့"
ရဲစားရေးကြီး က ခပ်ဆတ်ဆတ် လှမ်းပြောလိုက်သည်။
ရေးက ဂျိုနသန်ကို လှမ်းကြည့်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးကလေးတစ်ခု ခပ်ရေးရေး ရှိနေသည်။
"အေးဗျာ ကျွန်တော့်စိတ်ချက်ချင်းပြောင်းလာတယ်၊ ကျွန်တော်တို့ စိတ်ကူးကြီးဟာ ရူးကြောင်ကြောင် စိတ်ကူးကြီး လည်း ဖြစ်နိုင်တာပဲ" ဟုပြောသည်။
"မကြောင်ပါဘူး"
ဂျိုနသန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
ရေးက အခန်းထဲကို လှည့်ကြည့်သည်။ သည်တော့မှ အပေါက်ဝနားရှိ ခုံတန်းလျားပေါ်တွင် သူနှင့် နန်စီတို့ အရွယ် ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထိုင်နေကြသည်ကို တွေ့ရ လေသည်။ ရုပ်ရည် သနားကမား ရှိပါသည်။
ရာသီဥတု ဆိုးရွားသည့် ညအချိန်မတော်ကြီးမှာ ဘာလာလုပ်နေကြပါလိမ့်ဟု သူ တွေးကြည့်နေမိ သည်။
ယောက်ျား လုပ်သူက ရှိုးတိုးရှန့်တန့် ဖြစ်နေသည်။
မိန်းမ ကတော့ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် မျက်နှာတင်းတင်းထားသည်။
သူတို့နှစ်ယောက် ရန်ဖြစ်လာကြသလား။ ကွာရှင်းပြတ်သားရအောင် ရဲစခန်းကို လာကြခြင်းလား၊။
အတော် ရယ်စရာကောင်းသော အတွေးဖြစ်သည်။ရဲစခန်းသို့လာတိုင်း ကွာရှင်းပြတ်စဲဖို့ ဖြစ်နိုင်ပါမည် လား။
လောကတွင် လူအမျိုးမျိုးရှိကြသည်။ ယခုလိုရာသီဥတု ဆိုးရွားပြီး လျှပ်စစ်မီးများပါ ပြတ်နေသည့် အချိန်၌ လူအများ သည် ကိုယ့်အိမ်ထဲမှာ ကိုယ်ကုပ်နေကြသည်။
ညစာကို ဖယောင်းတိုင် ထွန်းပြီး ဓာတ်ငွေ့ဖြင့် ချက်နေကြသည်။ မှောင်တာကို မကြောက်ဖို့ ကလေးများ ကို ပြောနေကြမည်။
ရန်ဖြစ်သည့် လင်မယားလည်း ရှိနိုင်သည်ပေါ့။
အမျိုးသမီးက သူ့ကို စိုက်ကြည့်နေကြောင်း ရေး သတိထားမိသည်။ ပြီးတော့ ထိုင်ရာမှ ထဖို့ပြင် သည်။ သို့သော်လည်း သူ့ယောက်ျား ပြန်ဆွဲချပြီး ထိုင်ခိုင်းထားလိုက်သည်။
ရေးက ကမန်းကတန်း သူတို့ကို ကျောခိုင်းလိုက်ရသည်။ ယခုလို အချိန်မျိုးတွင် စိတ်မကောင်း ပါဘူးဟု ပြောသော စကားမျိုးကို သူ မကြားချင်ဆုံး ဖြစ်လေသည်။
စင်္ကြန်အတိုင်း ခပ်မြန်မြန်လျှောက်လာသော ခြေသံများကို ကြားရသည်.။ သူတို့ ရှိနေသည့် အခန်းထဲသို့ ဂျက်ကောဖင် ဒရောသောပါးဝင်လာသည်။
"အကြောင်းထူးလို့လား ရေး၊ မောင်ရင် ဘာကြားလာသလဲ"မဆိုင်းမတွ မေးသည်။
ဂျိုးနသန် က ရေး အစားဝင်ဖြေပေးသည်။
"ရော့လဂ္ဂလာ ဒီမှာရှိနေသလား"
"ရှိတယ် ကျွန်တော်တို့ စစ်နေကြတယ်၊ ဒေါက်တာမိုင်းလ်စ် လဲ ကျွန်တော်နဲ့ အတူတူရှိနေတယ်၊ ဒါပေမယ့် ငတိ က ဘာမေးမေး မဖြေဘူးဗျ"
"ကျွန်တော်လဲ အဒီအတိုင်း ထွက်ကြည့်ထားတယ်၊ ဒါကြောင့် ကျွန်တော်တို့ လိုက်လာကြတာ"
ထိုနောက် ဂျိုးနသန်က ဘေးလူများမမြင်အောင် လေသံ တိုးတိုးဖြင့် သူ့စိတ်ကူး အစီအစဉ်ကို ရှင်းပြသည်။
ဂျက်ကောဖင် က ခေါင်းယမ်းသည်။
"အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ဒီငတိက အရမ်းသွေးအေးတယ်၊ ဒီနေ့မနက်က အဲလ်ဒရက်ခ်ျ တို့ အိမ်နား တစ်ဝိုက် မှာ သူရှိနေတယ်ဆိုတာလောကိုတောင် အပြောမခံဘူး"
"ကောင်းပြီလေ၊ ကျုပ်တို့ ကြိုးစားကြည့်ကြတာပေါ့ အချိန်က သိပ်အရေးကြီး မဟုတ်လား၊ သူ့မှာ ကြံရာပါ တစ်ယောက်ရှိတယ်ဆိုရင် အဲဒီကြံရာပါရဲ့ လက်ထဲမှာ ကလေးတွေ ရှိနေမယ်ဆိုရင် အဲဒီ ကြံရာပါ အကြီး အကျယ် ချောက်ချားနေရောပေါ့၊သူ ဘာလုပ်မယ်ဆိုတာ ဘုရားသခင်မှပဲ သိတော့ မှာပဲ"
"သဘောပဲလေ စမ်းကြည့်ချင်လဲ ကြည့်ပေါ့၊ လာ အထဲလိုက်ခဲ့ သူနဲ့ စကား ပြောကြည့်ပါ၊ ဒါပေမယ့် ဖြစ်မယ် လို့တော့ ယုံမထားနဲ့"
စင်္ကြံအတိုင်း လျှောက်သွားနေကြသည်ကို လှမ်းကြည့်နေလိုက်သည်။
အယ်လင် မကျေမနပ် ဖြစ်သွားသည်ကို ရဲစာရေးကြီးက အကဲခတ်လိုက်မိသည်။
"ကျွန်တော်နဲ့ တင် မပြီးနိုင်ဘူးဆိုတာ သေချာရဲ့လားဗျာ" ဟု အမျိုးသမီးကို လှမ်းမေးသည်။
သို့သော်လည်း ရဲစာရေးကြီး ကို အယ်လင်က မယုံကြည်ပါ။
သူနှင့်ပက် ရောက်လာစတုန်းက အဲလ်ဒရက်ခ်ျ အမှုနှင့် ပတ်သက်၍ သူတို့သားလေး နေးလ်က တစ်စုံ တစ်ရာ သိနေသည် ထင်ကြောင်း ရှင်းပြဖို့ ကြိုးစားသည်။
သို့သော်လည်း ရဲစာရေးကြီးက စကားကို ဆုံးအောင်တောင် နားမထောင်တော့ပဲ--
"ဒီမှာ သူငယ်မ ကျုပ်တို့ဒီနေ့ တယ်လီဖုန်း တွေ ဘယ်နှစ်ကြိမ်လောက် ပြန်ဖြေနေရတယ်ထင် သလဲ၊ တယ်လီဖုန်း ဝိုင်ယာကြိုးတွေ မီးထတောက်တော့မယ်၊ ဒါပေမယ့် ဘာတန်ဖိုးရှိတဲ့သတင်းမှ မဟုတ်ဘူး၊ တပ်စကန်မြို့ က အရူးတစ်ယောက် ကဆိုရင် ပျောက်သွားတဲ့ ကလေးနှစ်ယောက် သူ့အိမ်ရှေ့က ပန်းခြံထဲ မှာ မနက်တုန်းက ကစားနေတာ တွေ့တယ်လို့ ပြောတယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အသံထက် ဆယ်ဆမြန်တဲ့ လေယာဉ်ပျံ နဲ့ သွားရင်တောင် သူ့မြို့ကို မရောက်နိုင်ဘူး။
ဆရာကြီးအားတဲ့ အခါ ခင်ဗျားကို လက်ခံစကား ပြောပါလိမ့်မယ်" ဟု အပြတ်ပြောခဲပြီး ဖြစ်သည်။
"အယ်လင် … အိမ်ပြန်ကြရင်ကောင်းမယ်ထင်တယ်၊ ဒီကိုလာပြီး တို့က အလကားသက်သက် ရှုပ်သလို ဖြစ်နေပြီ"
ပက်က သူ့မိန်းမ ကို ကပ်ပြောသည်။
သူ့အိတ်ဆောင်စာအုပ်ကလေးကိုဖွင့်သည်။
နေးလ်ကို သူစိမ်း ပေးလိုက်သည့် စာတိုကလေးကို ထုတ်သည်။
စာတိုက် တွင်ပြပြီး စာရွေးယူရန် ရေးထားသည့် စာတိုဖြစ်သည်။
ထိုစာတိုကလေးနှင့် မှတ်စုများကိုလည်းတွဲထားသည်။ အမှန်တော့ မှတ်စုများမဟုတ်ပါ။
နေးလ် ပြန်ပြောပြသည်များကို သူသဘောပေါက်သလို ပြန်ရေးထားသည့် အစစ်ခံချက်သဘောမျိုး မှတ်တမ်း များ ဖြစ်ပါသည်။
နေးလ် စာသွာရွေးယူပေးရသည့် အချိန်အထိ အကျကိုလည်း သူသိသည်။
နေးလ် ပြန်ပြောသည့် အတိုင်းထိလူ၏ ပုံပန်းသဏ္ဍာန်ကိုလည်း ရနိုင်သမျှ အသေးစိတ် ရေးချထား သည်။
ထိုသူသည် ယနေ့ သတင်းစာမှပါသည့် နန်စီဟာမွန်၏ ယောက်ျား ပါမောက္ခ ကားလ်ဟာမွန်နှင့် ချွတ်စွတ်တူသူ ပါသည် ဟု နေးလ် ပြောည့်အကြောင်းများလည်း ပါသည်။
ထိုလူကြီး မောင်းသည့် ကားသည် စတေရှင်ဝက်ဂွန်းအဟောင်းကြီး ဖြစ်ကြောင်း ၊ အေဒမ်ပို့တွင် ငါးမျှားခွင့် ရထား သည့် လိုင်စင်စာရွက်ကိုလည်း ထိုကား၏ လေကာမှန်တွင် ကပ်ထားသည်ကို လည်း တွေ့ရကြောင်း ဖြင့် နေးလ် က ပြောသည်။
ထိုအကြောင်းများလည်း အကုန်ပါသည်။
မိမိသိထားသည့် ဇာတ်လမ်းကို ပြောပြခွင့် ရသည့်အချိန်အထိ ရဲစခန်းမှာ ထိုင်စောင့်နေဖို့ အယ်လင်က အခိုင် အမာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ပက် ကတော့ အတော်စိတ်ပျက်နေပုံရသည်။
အယ်လင် က ပက်၏ လက်ကို အသာလှမ်းပုတ်သည်။
"စိတ်ရှည်ရှည်ထားစမ်းပါမောင်ရာ၊ စိတ်ရှည်ရှည် ထားစမ်းပါ ၊ ဒီအကြောင်း ကျွန်မပြောရမှ ဖြစ်မှာ ၊ မပြောဘဲ ပြန်သွားရင် နေလို့ထိုင်လို့ရမှာ မဟုတ်ဘူး၊ ရဲဝန်ကြီးက သူအားရင် စကားပြောပါ့မယ်လို့ ပြော သွားတယ် မဟုတ်လား"
အယ်လင် က လေသံကလေးဖြင့် သူ့ယောက်ျားကို အားပေးနေသည်။
ရဲစခန်းတံခါးပွင့်သွားပြန်သည်။
လူလတ်ပိုင်း အရွယ်လင်မယားတစ်စုံ ၀င်လာသည်။
ယောက်ျား ၏ အမူအရာက အတော်စိတ် အနှောင့်အယှက် ဖြစ်နေပုံရသည်။
မိန်းမ ကလည်း စိတ်ဂနာမငြိမ် ဖြစ်နေသည်။
ဟန်မဆောင်နိုင်လောက်အောင် ဖြစ်နေသည်။
ရဲစာရေးကြီး က သူတို့ကို ၀မ်းသာအားရ လှမ်းနှုတ်ဆက်သည်။
"ဟိုင်း- မစ္စတာဝစ်ဂင်၊ မစ္စက်ဝစဂင် ဘာဖြစ်လာကြတာလဲဗျို့ "
"ပြောရင် ခင်ဗျားကတော့ ယုံမှာမဟုတ်ဘူး၊ ဒီနေ့မနက်တုန်းကဆိုင်မှာ ဘေဘီပေါင်ဒါဘူးကြီး တစ်ဘူး ပျောက်သွားတာကို ဒါလောက်ရာသီဥတု ဆိုးရွားနေတဲ့ ညမျိုးကြီးမှာ ကျွန်တော့် မိန်းမက ရဲစခန်း ကို မရောက် ရောက်အောင်လာပြီး တိုင်ချက်ဖွင့်ချင်လို့တဲ့ဗျာ"
မစ္စတာဝစ်ဂင်က ခပ်ဆတ်ဆတ်ပြောသည်။
"ဘေဘီပေါင်ဒါ-"
ရဲစာရေးကြီး ၏ အသံကလည်း အကျယ်ကြီး ဖြစ်သွားသည်။
သူလည်းအကြီးအကျယ် အံ့အားသင့်သွားပုံရသည်။
မစ္စက်ဝစ်ဂင်မှာ ပို၍ မနေတတ်မထိုင်တတ် ဖြစ်လာသည်။
"အိုး….ဒီလို လာတိုင်တာ ဘယ်လောက် မိုက်မဲတယ်ပဲ ပြောပြော ကျွန်မကတော့ ဂရုမစိုက်နိုင်ဘူး၊ ရဲဝန်ကြီး နဲ့ တွေ့ချင်တယ်"
"ခဏနေရင် ထွက်လာပါလိမ့်မယ်ဗျာ ထွက်လာပါလိမ့်မယ်၊ ဟောဟိုက ပုဂ္ဂိုလ်တွေလဲ ဆရာကြီးနဲ့ တွေ့ဖို့ စောင့်နေကြ တာပါပဲ ထိုင်ပါ- ထိုင်ပါ"
ပက်နှင့် အယ်လင်တို့ ထိုင်နေသည့် ခုံတန်းဘေးမှ လွတ်နေသည့် နေရာမှာ ၀င်ထိုင်ကြသည်။ ယောက်ျား လုပ်သူ ကတော့ စိတ်ဆိုးမာန်ဆိုးဖြင့် ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်။
"ဘာမဟုတ်တဲ့ကစ္စလေးနဲ့ ဒီလိုအချိန်ကြီးမှာ ရဲစခန်းအထိလာရတယ်လို့ကွာ"
အသနားလွယ်သော အယ်လင်သည် ၀စ်ဂင်တို့လင်မယားကို မြင်ရုံနှင့် သနားလိုက်ပြီးဖြစ်လေ သည်။ နောက်ပြီးတော့ ယခုလို အချန်မျိုးတွင် အခြားတစ်ယောက်ယောက်နှင့် စကားပြောနေခြင်း အားဖြင့် စိတ်လှုပ်ရှားမှု ကို သက်သာစေမည်ဟု လည်းကောင်း စကားပြောဖော်အခြား အမျိုးသမီး သည်လည်း စိတ်ချောက်ချားမှု သက်သာရာရကောင်း ရလိမ့်မည်ဟု လည်းကောင်း အယ်လင် ထင်လေသည်။
"ကျွန်မတို့လဲ ဒီကိုဘာကြောင့် ရောက်လာရတယ်ဆိုတာ မပြောတတ်အောင် ဖြစ်နေမိတယ်ရှင်၊ ဒါပေမယ့် ပျောက်နေ တဲ့ ကလေးတွေနဲ့ ပတ်သက်လို့-"
သတို့နှင့် ပေငါးဆယ်လောက် ကွာဝေးသည့် ရုံးခန်းတစ်ခုထဲမှာတော့ ရော့လဂ္ဂလာနှင့် ရေးအဲလ်ဒ ရက်ခ်ျ တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရေးက လဂ္ဂလာကို စားတော့ ၀ါးတော့ မတတ် စိုက်ကြည့် နေသည်။
လဂ္ဂလာကလည်း ရေးကို ပြန်စိုက်ကြည့်နေသည်။ ရေး သည် အဆင့်အတန်းရှိသူ တစ်ယောက် ဖြစ်ကြောင်း လဂ္ဂလာ က စိတ်ထဲမှာ မှတ်ချက်ချနေမိသည်။
သည် တစ်ခါတော့ နန်စီ လူရွေးမှန်သွားပြီဟု ဆိုရပေမည်။
ကားလ်ဟာမွန် နှင့် တော့ ဘာမျှမဆိုင်။
ကားလ်ဟာမွန် သည် အရူးတစ်ယောက်သာ ဖြစ်ချေသည်။
ရော့လဂ္ဂလာ ၏ ရင်ထဲမှာကြောက်စိတ်တွေ ကြီးစိုးလာသည်။
အဲလ်ဒရက်ခ်ျ ၏ ကလေးများကို ပြန်မတွေ့လျှင် ဟူသော အတွေးကြီးဝင်လာသည်။
ပြန်မတွေ့လျှင် မြှားဦးက မိမိဘက်သို့ လှည့်လာတော့မည်မှာ သေချာသည်။
ယခင် ဟာမွန်၏ ကလေးများ အမှုတုန်းကလည်း သူပါဝင် ပတ်သက်ခဲ့ဖူးသည်။
နောက်ပြီးတော့ နန်စီတို့ အိမ်အနီးတစ်ဝိုက် သို့လည်း သူရောက်သွားမိသည်။
သို့သော် ငါ့ကိုတစ်ယောက်မှ မြင်မသွားပါဘူးဟု ရော့ စိတ်ဖြေသည်။
ထိုကြားထဲကပင် နန်စီတို့ အိမ်နောက်တွင် သူနှင့် ဆုံလိုက်သည့်စတေရှင် ၀က်ဂွန်းကား အကြောင်း ကခေါင်းထဲသို့ ရောက်လာပြန်သည်။
ထိုသူသည် နွားနို့ပို့သူမဟုတ်ဘဲ ရိုးရိုးလူတစ်ယောက် ဖြစ်ခဲ့သော်….
ရော့လဂ္ဂလာ ကို နန်စီတို့အိမ်နောက်နားတွင် တွေ့ခဲ့ကြောင်း ရဲကို ထိုသူက အကြောင်းကြားခဲ့သော်.
ဘယ်လို ဖြေရှင်းရပါမည်နည်းဟု ရော့ က တွေးသည်။
နန်စီကို ရိုးရိုးသားသားတွေ့ဆုံ နှုတ်ဆက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအတွင်းသို့ တိတ်တ ဆိတ်ခိုးဝင်လာပါသည်ဟုပြောလျှင် အရူးကတောင် ယုံမည်မဟုတ်သည်ကိုလည်း သူသဘော ပေါက် ထားပြီး ဖြစ်ပါသည်။ဇာတ်လမ်းတစ်ခု ကို အမြန်စဉ်းစားသည်။
သို့သော် ဘယ်လိုမှ ယုတ္တိရှိနိုင်မည်မဟုတ်သောကြောင့် ဇာတ်လမ်းဖန်တီးရေး အကြံအစည်ကို ချက်ချင်း စွန့်လွှတ် လိုက်သည်။
မိမိဘက်မှ လိုက်ပါဆောင်ရွက်ပေးအည့် ဥပဒေ အကျိုးဆောင်တစ်ယောက် မရမချင်း ဘူးတစ်လုံး ဆောင် ကာ ရေငုံ့နှုတ်ပိတ်နေခြင်းက ကောင်းသည်ဟု သူဆုံးဖြတ်လိုက်လေသည်။
ဥပဒေ အကျိုးဆောင်ရပြီးသည့် တိုင်အောင် လိုအပ်ပါက ဆက်ပြီးနှုတ်ပိတ်တန် ပိတ်နေရပေမည်။
အသက်ခပ်ကြီးကြီးလူက သူ့ကို စကားပြောနေသည်။
"မင်းရဲ့အခြေအနေဟာ အရမ်းကာရောကိုဆိုးနေပြီ၊ ဒါကိုတော့ မင်းသဘောပေါက်မှာပေါ့"
ဂျိုနသန် က ရော့လဂ္ဂလာကို ပြောသည်။
"မင်းဟာ တပ်ပြေးတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့် တပ်ပြေးမှုနဲ့ မင်းကိုအခုဖမ်းထားတယ် တပ်ပြေးမှုဟာ ဘယ်လို ပြစ်ဒဏ်တွေကို ခံရနိုင်တယ်ဆိုတာ မင်းကိုငါပြောပြရမလား၊ တရားဥပဒေကို ရင်မဆိုင်ချင်လို့ တိုင်းပြည်ထဲက ထွက်ပြေးတဲ့ လူတစ်ယောက် အမှုမျိုးထက် မင်းအမှုက ပိုပြီးကြီးလေးနေတယ်၊ မင်းဟာ လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်၊ အဲလ်ဒရက်ခ်ျရဲ့ ကလေးတွေ ပျောက်တဲ့ အမှုမှာ မင်းပါဝင် ပတ်သက်သည်ဖြစ်စေ၊ ကင်းရှင်းသည် ဖြစ်စေ မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုတည်းနဲ့တင် မင်းဟာ ထောင်ထဲ မှာ ဆယ်နှစ်သော်လည်း ကောင်း၊ နှစ်နှစ်ဆယ်သော် လည်းကောင်း အချိန်ဖြုန်းဖို့ လုံလောက် သွားပြီ"
"ကြည့်သေးတာပေါ့ဗျာ"
ရော့က ဗလုံးဗထွေးပြန်ပြောသည်။ သို့သော်လည်း ဂျိုနသန်ပြောသည်မှာ မှန်ကြောင်း သူသိနေ သည်။
ဘုရားသခင်….
"ဒါပေမယ့် တပ်ပြေးမှုဟာ လူသတ်မှုလောက်တော့ အပြစ်မကြီးလေးပြန်ဘူးပေါ့ကွာ"
"ကျွန်တော် ဘယ်သူ့ ကိုမှ မသတ်ဖူးဘူးဗျ"
ရော့ က ခပ်ထန်ထန်ပြန်အော်ရင်း ထိုင်ရာမှ ၀ုန်ခနဲထသည်။
"ဟေ့ကောင်…..ပြန်ထိုင်"
ဂျက်ကော်ဖင် က လှမ်းငေါက်သည်။
ရေးက ထိုင်ရာမှထသည်။ စားပွဲပေါ်မှ ခါးကိုင်းသည်။ ရော့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့် သည်။
"မင်း ကို အစီအစဉ်တစ်ခု ငါပြောပြမယ်"
ပုံမှန်လေသံဖြင့် သူပြောသည်။
"မင်းဟာ မိမစစ် ဘမစစ်တဲ့အကောင်လို့ ငါထင်တယ်၊ မင်းကိုငါကိုယ်တိုင် အမှုန့်ချေပြီး သတ်ပစ် ချင်တယ် မင်းရဲ့ သက်သေခံချက်ကြောင့် လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ငါ့မိန်းမဟာ အဆိပ်ဓာတ်ငွေ့ ခန်းထဲသွင်းပြီး အသတ် ခံရမယ့် အခြေအနေမျိုးအထိ ဆိုက်ရောက်ခဲ့တယ်။"
"အခုအခါမှာလဲ အချိန်သိပ်နောက်မကျသေးခင်မှာငါ့ကလေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ မင်းတစ်ခုခုသိနေတဲ့ အခြေအနေမျိုးကို ရောက်နေပြန်တယ်။"
"ဒီမှာခွေးမသား၊ သေသေချာချာ နားထောင်၊ ငါ့ကလေးတွေ နာအောင်ကျင်အောင် မင်းလုပ်မှာ မဟုတ်ဘူး လို့ ငါ့မိန်းမ က ယုံကြည်နေတယ်၊ သူ့ရဲ့ ယုံကြည်ချက်ကို ငါလေးစားတယ်၊ တန်ဖိုး ထားတယ်၊ ဒါပေမယ့် ငါ့မိန်းမ က မင်းကိုဒီနေ့မနက် မြင်လိုက်ရတယ်၊ ဒါကြောင့် ငါ့ကလေးတွေ ဘာဖြစ်နေတယ်ဆိုတာ မင်း သိရမယ်၊ မင်းငြင်း လို့မရဘူး"
ရော့လဂ္ဂလာက တုတ်တုတ်မှ မလှုဘဲ ငြိမ်ပြီးနားထောင်နေသည်။
ရေး က ဆက်ပြောပြန်သည်။
"မင်းရေငုံနေချင်လို့မရဘူး၊ ဒီနေ့မနက် တို့အိမ်နားကို မင်းရောက်လာတာနဲ့ ပတ်သက်ပြီးငြင်းချင်လို့ မရဘူး၊ တို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေပြီ၊ ဒါပေမယ့် တို့ပြောစကားကို မင်းနားထောင်မယ် ဆိုရင် တို့မလေးတွေကို ပြန်ရမယ်ဆိုရင် မင်းကို ပြန်ပေးမှု နဲ့ တို့တရားမစွဲ ဘူး"
ရေးက ဂျိုန်သန်နိုးလ်စ် ဘက်သို့ မေးငေါ့ ပြပြီးဆက်ပြောသည်။
"သူက မစ္စတာနိုးလ်စ်၊ ဒီတိုင်းပြည်ရဲ့ အတော်ဆုံးရှေ့နေ တွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်တယ်၊ တပ်ပြေးမှု က မင်းလွတ်အောင် ဆောင်ရွက်ပေးဖို့ မင်းရဲ့ ဥပဒေ အကျိုးဆောင်ဖြစ်လာ နိုင်တယ်၊ တပ်ပြေးမှု ပေါင်း မြောက်မြားစွာကို လွတ်အောင် သူဆောင်ဗရွက်ပေးနိုင်ခဲ့တယ်၊ တို့ကို မကူညီရင် တပ်ပြေးမှု နဲ့ မင်းထောင်ကျမယ်၊ အဲဒီတော့ ခွေးမသား၊ မျိုးမစစ်တဲ့အကောင်၊ အဲဒီနှစ် လမ်းအနက် ဘယ်လမ်း ကို ရွေးမလဲ"
ရေးအဲဒရက်ခ်ျ၏ နဖူးပေါ်တွင် အကြောကြီးများ ထောင်ထနေသည်။ ရော့၏မျက်နှာနှင့် လက်မ အနည်းငယ် ကွာသည် အထိ ရှေ့သို့သူတိုးလာသည်။
"ငါ့ကလေးတွေနဲ့ ပတ်သက်ပြီးတော့လဲ မင်းတစ်ခုခုသိနေတယ်ဆိုရင် နောက်ပြီးတော့ ငါ့တို့ကိုလဲ မကူညီဘူး ဆိုရင် မင်းကို တပ်ပြေးမှုနဲ့ ဘယ်ထောင်ထဲမှာ ပဲ ထည့်ထားထည့်ထား မရရအောင် လိုက်ပြီး မင်း ကို ငါကိုယ်တိုင်သတ်မယ်၊ ငါ့စကားကို မြဲမြဲမှတ်ထားခွေးမသား"
ဂျိုနသန် က ဟန့်ရင်း သူ့နောက်ဘက်သို့ ခပ်ကြမ်းကြမ်း ပြန်ဆွဲထားလိုက်သည်။
ရော့လဂ္ဂလာ က တစ်မျက်နှာပြီး တစ်မျက်နှာ လိုက်ကြည့်နေသည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်။
ဆရာဝန်ဒေါက်တာ လင်ဒန်မိုင်းလ်စ်။
ရေးအဲလ်ဒရက်ခ်ျဆိုတဲ့ငတိ။
ရှေ့နေ လျိုနသန်နိုးလ်စ်။
အဲလ်ဒရက်ခ်ျတို့ အိမ်အနီးသို့ မိမိရောက်ခဲ့ကြောင်း ၀န်ခံလိုက်ရမည်လားဟု တွေးသည်။
ဝန်မခံ လို့ရော ဘာအကြောင်းထူးတော့မည်နည်း။ သူတို့ဘက်မှာ ခိုင်လုံသော သက်သေရှိနေပြီ။
တစ်ဘက်မှ ကမ်းလှမ်းလာချက်ကို လက်ခံသင့်ကြောင်း သူ၏ဇာတိစိတ်က သူ့ကို တိုက်တွန်းနေ သည်။
နောက်ပြီးတော့ သူ့မှာ ၀ှက်ဖဲလည်း မရှိတော့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသည်။ စိတ်ထဲမှာ အလိုလို ခံစားလာရသည်။
သူတို့ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းအားဖြင့် တပ်ပြေးမှုတော့ အထိုက်အလျောက် သက်သာရာ ရမည်ကိုပါ နားလည်လာသည်။
သူပခုံးတွန့်ပြီး ဂျိုနသန် ကို လှမ်းကြည့်သည်။
"ကျွန်တော့် ဘက်က ကာကွယ်ပေးမလား"
အားကိုးတကြီး သူမေးသည်။
"ပေးမယ်"
"ပြန်ပေးမှု ကျွန်တော့်ကို ဆွဲသွင်းတာမျိုးတော့ ကျွန်တော် အဖြစ်ခံမှာ မဟုတ်ဘူးနော်"
"မင်း မကျူးလွန်ရင် မင်းကိုဘယ်သူကမှ ဆွဲမထည့် ဘူး၊ တို့အမှန်တရားကိုပဲ လိုချင်တယ်၊ ရိုးရိုး သားသားနဲ့ အမှန်အတိုင်း ပြောတာကိုပဲ ကြားချင်တယ် မင်းသိတဲ့အတိုင်းပဲလေ၊ တို့ဘက်က ကမ်းလှမ်းတာကို မင်းရိုးရိုး သားသား မတုံ့ပြန်ရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ"
ဂျိုနသန်က ရှင်းပြနေသည်။
ရော့က ကိုယ်ကို နောက်သို့ လှန့်လိုက်သည်။ ရေးနှင့် မျက်လုံးချင်း မဆိုင်မိအောင် သူသတိထား ပြီး ရှောင်တိမ်း နေသည်။
"ဒီဇာတ်လမ်းစခဲ့တာက ဒီလိုပါခင်ဗျာ၊ ကျွန်တော် ကနေဒါနိုင်ငံထဲမှာသွားပြီး ရှောင်တိမ်းနေတုန်း. "
ရော့လဂ္ဂလာက ဇာတ်ကြောင်းပြန်ပြသည်။
သူဇာတ်ကြောင်းပြန်သည်ကို သူတို့အားလုံး အထုးအာရုံစိုက်ပြီးနားထောင်ကြသည်။
ဂျက်ကော်ဖင် နှင့် ဂျိုနသန် တို့ နှစ်ယောက်ကသာ တစ်ခါတစ်ရံ မေးခွန်းများ ၀င်မေးသည်။
ကျန်လူများက တိတ်ဆိတ်စွာ နားထောင်ကြသည်။
နန်စီထံမှာ ငွေညှစ်ဖို့သူလာခဲ့ခြင်း ဖြစ်ကြောင်း ပြောသည့်အခါတွင် ရော့ က စကားမမှားအောင် စကားလုံး များ ကို သတိနှင့် ရွေးချယ်ပြောဆိုသည်။
ဆုတ်သာတက်သာ စကားလုံးများကို သူရွေးချယ်သုံးသည်။
"ကဲ ကျွန်တော်ရှင်းပြတာ အားလုံးကြားကြတဲ့အတိုင်းပဲ၊ ဟာမွန်ရဲ့ကလေးတွေနဲ့ ပတ်သက်ပြီး နန်စီမှာ အပြစ် ရှိတယ်လို့ ကျွတ်တော် လုံးဝမယုံကြည်ခဲ့ပါဘူး၊ နန်စီဟာ အဲဒီလို စိတ်ကြမ်း ကိုယ်ကြမ်းထဲက မဟုတ် ပါဘူး၊ လူသတ်မယ့် အမျိုးသမီး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ဟာ အပျပ်ကိုင်ခံခဲ့ရတယ်၊ ကျုံး အသွင်း ခံခဲ့ရတယ်၊ သူတို့ပြောစေချင်တာ တွေကို ရုံးတော်မှာပြောပေးခဲ့ရတယ်၊ သူတို့ ထွက်ဆိုချင် တာတွေကို စစ်ဆေးတဲ့အခါမှာ ထွက်ဆိုပေးခဲ့ရ တယ်၊ သူတို့သင်ပေးတဲ့အတိုင်း ကျွန်တော့်ထင်မြင်ချက်ကို ပြောခဲ့ ရတယ် နန်စီဟာ အကွက်အဆင်ခံလိုက်ရတာပါ၊ ထောင်ချောက်ထဲ အသွင်းခံလိုက်ရတာပါ၊ ကျွန်တော် လည်း အဲဒီအတိုင်း ခံလိုက်ရတာပါ"
ရှည်လျားစွာ ဇာတ်ကြောင်းပြန်ပြီးသော အခါ ရော့ကထင်မြင်ချက်နှင့် အဆုံးသတ်လိုက်လေသည်။
"ငါ့မိန်းမ ဒီလိုထောင်ချောက်ထဲ အသွင်းခံရတာဟာ မင်းမှာ တိုက်ရိုက် တာဝန်ရှိတာပေါ့ကွ"
ရေး က ဒေါသတကြီးပြောသည်။
"ရေး တိတ်စမ်း"
ဂျက်ကော်ဖင်က လှမ်းမာန်သည်။ ပြီးတောိ့ရော့ကို လှည့်ကြည့်ပြီး အမိန့်ပေးသည်။
"ဒီနေ့မနက်အကြောင်းပြောစမ်း၊ အဲလ်ဒရက်ခ်ျတို့ အိမ်ကို မင်းဘယ်အချိန်လောက် ရောက်သွားသ လဲ"
"ဆယ်းနာရီ ထိုးဖို့ နှစ်မိနစ်အလို လောက်မှာဖြစ်ပါတယ်၊ ကျွန်တော်မော်တော်ကားကို ဖြည်းဖြည်း လေး မောင်း လာပါတယ်၊ ကျွန်တော့်သူငယ်ချင်း ဆွဲပေးလိုက်တဲ့မြေပုံထဲက မြေလမ်းကလေး ကိုရှာပါတယ်။ အဲဒီလို ရှာနေရင်းနဲ့ ကျွန်တော်လမ်းပျောက်နေပြီဆိုတာ ရိပ်မိလာပါတယ်၊ ချက်ချင်း ပဲ အဲဒီ မြေလမ်း ကလေး ကို ကျွန်တော် မျက်စိလျှမ်းသွားတာ သိလိုက်ပါတယ်။"
"မျက်စိလျှမ်းတာ ဘယ်လိုလုပ်သိသလဲ"
"ဒီလိုပါ၊ တခြားကားတစ်စီးကြောင့်ပါ၊ ကျွန်တော် တစ်ဘီးချင်းလှိမ့်ပြီး မောင်းနေတုန်း တခြားကား တစ်စီး က မြေလမ်းမလေးထဲက ထွက်လာပါတယ်၊ ဒါကြောင့် ကျွန်တော့်ကားကို ဘေးကပ်ပေး လိုက်ပါတယ်"
တခြားကား တစ်စီးလား၊ ဘာတခြားကားလဲ"
ရေးကမေးသည်။ ဖြုန်ခနဲလည်းထရပ်နေသည်။
တစ်ချန်တည်မှာပင် သူတို့အခန်းတံခါး ၀ုန်ခနဲ ပွင့်သွားသည်။ ရဲတပ်ကြပ်ကြီး အပြေးအလွှားဝင် လာသည်။
"ဆရာကြီး ၀စ်ဂင် တို့ လင်မယားနဲ့ ဟိုလင်မယားရဲ့ အတွေ့အကြုံဟာ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်၊ ဆရာကြီးကိုယ်တိုင်နားထောင်ကြည့်ပါ၊ သူတို့မှာ သိပ်အရေးကြီးတဲံ အချက်တွေ ဆရာကြီးကို ပြောပြ ဖို့ ရှိနေပါတယ်။"
ဆက်ရန်
.
1 comment:
အားလည်းနာတယ် ခင်လည်းခင်တယ်ပေါ့နော်း)
ဆက်ရန်လေးကို အားမနာတမ်းမျှော်နေမယ်။ ကျေးဇူးပါ။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment