သစ်ဆွေးအိမ်
ညိုခက်ကျော်
မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချား နေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ၀င်ရောက် လာသည်။ ဒါ... အဲဒီအသံ။ ဘုရား ဘုရား... လူ့ဘ၀မှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအ သံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတစ်ဦးတစ်ယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အချိန်မှာ အဲဒီသတ္တ၀ါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေ မျိုးစုံ အော်ဟစ်ပြပြီး ပော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသား လည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။
ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ လှလှပပလေး မသိမသာကလေး ဖြန့်ဝေပေးနိုင်စွမ်းလည်း ရှိကြသေးသည်။ သူတစ်ပါး ပင်ပန်းကြီးစွာ ချက်ပြုတ်ထား သော အစားအစာပေါင်းများစွာကို ခိုးယူတစ်မျိုး၊ ပြောင်တစ်မျိုးနှင့် မြိန်ရေရှက်ရေ တစ်ဝတစ်ပြဲ စား သောက်ပြီးနောက် အဲဒီပန်းကန်အိုးခွက်ထဲမှာပဲ မစင်စွန့်ခဲ့ကြ၊ ဥတွေ ဥချခဲ့တတ်ကြတဲ့ သူတို့ဟာ ဟော ဒီ လောကကြီးထဲက ၃၁ ဘုံ သတ္တ၀ါတွေထဲ စာရင်းရှိနေဖို့ မကောင်းပါ။ "သားရေပေါ်အိပ် သားရေနား စား"ဆိုတဲ့ စကားပုံဟာ သူတို့တွေအတွက် အထိုက်တန်းဆုံး ဆုလာဘ်တစ်ခုဖြစ်မည်။
ဟော... ကြည့်။ ကျွန်မရဲ့ခြင်ထောင် ထောင့်စွန်းနားဆီ သူတို့ဝဲပျံလာကြပြီ။ ကျွန်မ ကြားဖူးတဲ့စကားပုံ တစ်ခုရှိတယ်။ Fight or Fly တဲ့။ ရယ်စရာကောင်းလိုက်တာ။ ကျွန်မမှာ တွန်းလှန်ရန် ကျွန်မရဲ့လက် တွေက လှုပ်မရအောင် နာကျင်ကိုက်ခဲနေပါတယ်။ ပြေးရန် ခြေထောက်တွေကလည်း မွေးစကလို မသန်စွန်းတော့ပါ။
အို... ပြေးတယ်ဆိုတာ ကျွန်မရာဇ၀င်မှာ ဘယ်တုန်းကများ ရှိခဲ့လို့တုန်း၊ ဘယ်တော့ မှ မပြေးဘူး။ လေးဘက်နာဒဏ်ရာနှင့် တီဘီအဆုတ်ရောဂါဒဏ်တို့ ပေါင်းစည်းခံနေရသော မိန်းမတစ် ယောက်အတွက် ထွက်ပေါက်အားလုံးသည် နံရံထူထူ ပိတ်ပိတ်ကြီးတွေသာ ဖြစ်လိမ့်မည်။ အမှန်စင်စစ် သူတို့သည် ဗီဇအားဖြင့် ပျံသန်းသော သဘာဝအစဉ်မရှိကြပါ။ သူတို့နှင့် အမြင့်ပေါ်ဝေ့၀ဲနေ ပျံသန်းနေ ခြင်းတို့ တစ်စက်ကလေးမှ လိုက်ဖက်ညီမျှခြင်း မရှိကြပါ။ သို့သော် မိတ်လိုက်ပျော်မြူးကြသောအခါများ နှင့် ရာသီဥတု ဆိုးရွားသောအခါများတွင်တော့ အရှိန်ခပ်ပြင်းပြင်းနှင့် ဟိုဒီပျံသန်းကြပါသည်။ နောက်ပြီး သူတို့မှာ ကျွန်မချစ်သော ငှက်ကလေးတွေလို လှပနူးညံ့စွာ၊ ကျွမ်းကျင်စွာ ပျံသန်းနိုင်စွမ်းလည်းမရှိကြ ပါ။ တစ်စုံတစ်ရာကို ကြောက်ရွံ့ထိတ်လန့်သဖြင့် ကမူးရှူးထိုးပျံသန်းခြင်းမျိုး သို့မဟုတ် ရန်သူကို မာန်ဖီ ပြီး ဒေါသအာဃတတွေနဲ့ တိုက်ခိုက်မယ့် ပျံသန်းပုံမျိုး။ သူတို့ကိုယ်သူတို့တော့ အင်မတန်မြင့်မြတ် ဂုဏ် ယူစရာကောင်းတဲ့ သတ္တ၀ါတွေလို့ ထင်ချင်ထင်နေမှာ။ နောက်ပြီး လေထဲမှာ စက္ကန့်ပိုင်းလေးလောက်ပဲ ဟန်ရေးပြ ပျံသန်းပြီး တွေ့ရာအရာဝတ္ထုတွေပေါ် ဘုတ်ခနဲပြုတ်ကျလိုက်။
စတိုင်ကျကျ နားနေလိုက်၊ နောက်မှ အရှိန်ယူပြီး ထပ်ပျံလိုက်နဲ့ ဆတ်တောက် ဆတ်တောက် နိုင်တာမျိုးကိုလည်း သူတို့မေ့ချင် ယောင်ဆောင်ထားကြမှာပါပဲ။ ဟော... လွန်လာပြန်ပြီ။ သူတို့ရဲ့ နံစော်ဆိုးရွားလှတဲ့ အနံ့အသက်တွေ ပျံ့လွင့်လာပြီ။
ကျွန်မ အသက်ငယ်ငယ်က အကြောက်ဆုံးသတ္တ၀ါမှာ တီကောင်ဖြစ်သည်။ သို့သော် လူတွေ ဆားနှင့် ပက်လျှင်တောင် ဘာတစ်ခုမှရန်မူခြင်းမပြုဘဲ တွန့်လိမ်ကွေးကောက်ကာ သေဆုံးသွားရရှာသော တီ ကောင်သည် ကျွန်မအတွက် ရန်သူမဟုတ်မှန်း တဖြည်းဖြည်းချင်း သိလာခဲ့သည်။ ကျွန်မကို အမြဲတစေ ရန်လိုနေသော သတ္တ၀ါတို့သည် ညိုညစ်ညစ်အဆင်းရှိကြ၏။ ရန်သူဖြစ်စေ၊ အစာဖြစ်စေ ဦးစွာထိုးထွင်း သိရှိနိုင်သော ဦးမှင်တစ်စုံလည်း ပိုင်ဆိုင်ကြ၏။ မျက်စိနှင့်ဆက်လျက် ဦးခေါင်းကို သူတစ်ပါးရန်မှ ကာ ကွယ်နိုင်စွမ်းသော အကြေးခွံလိုမျိုး ခပ်မာမာအခွံတစ်ခုလည်း ရှိ၏။
သူတို့၏အမွေးအမှင်တွေ တွယ် ကပ်နေသော ခြေခြောက်ချောင်းသည် ပတ်ဝန်းကျင် အခြေအနေ ကို လိုက်ပြီး နှေးနှေးတစ်ဖုံ၊ မြန်မြန်တစ် မျိုး ပြုမူလှုပ်ရှားတတ်ကြ၏။ နောက်ပြီး လူ့လောက တစ်ခုလုံး အတွက် ကြောက်လန့်စရာကောင်းလှ သည့် ရောဂါပိုးပေါင်းမြောက်မြားစွာကိုလည်း သူတို့လည်ပင်းထဲရှိ တံတွေးအိတ် ထဲတွင် တစ်နင့်တစ်ပိုး ကြီး ပြွတ်သိပ်စွာ သိုလှောင်ထားကြသည်။
သူ တို့ကို "ပိုးဟပ်"ဟု ခပ်တိုတိုခေါ်ဆိုကြသော်လည်း ကမ္ဘာ့ဇီဝဗေဒပညာရှင်ကြီးက Periplaneta Americana ဟု ရှည်လျားစွာ အမည်ပေးသတ်မှတ်ထား၏။ နောက်ပြီး သူတို့၏မျိုးပေါင်းစုနှင့် မျိုးပေါင်း တို့ကို Arthropoda နှင့် Insecta ဟု တခမ်းတနား သတ်မှတ်ပေးထားပြန်၏။ သိပ္ပံပညာရှင်ကြီးတွေကို သူတို့ အကျိုးပြု မပြုတော့ ကျွန်မ မသိပါ။ သူတို့ကျင်လည်စားသောက်နေသော ကျွန်မတို့၏သစ်သား အိမ်ကလေး ကတော့ သူတို့ရဲ့ဒဏ်တွေကို တစိမ့်စိမ့် ခံစားနေရဆဲ။ အိမ်ထောင်ဦးစီးလည်း ဖြစ်၊ တစ် အိမ်လုံး မှာ အသက်အကြီးဆုံးလည်းဖြစ်သော ကျွန်မ၏ကြီးတော်သည် သူ နေထိုင်ရာ အိပ်ခန်းနှင့် အိမ် ရှေ့ဧည့်ခန်း ကိုသာ လှသည်ထက်လှအောင် တခမ်းတနားပြင်ဆင်ပြီး အိမ်နောက်ဖေး မီးဖိုချောင်နှင့် ကျွန်မ အခန်းကျဉ်းလေးထဲရှိ သတ္တ၀ါတွေကို တစ်ချက်မှ လှည့်မကြည့်ဘဲ မသိချင်ယောင်ဆောင်နိုင် လွန်း တာ ကတော့ ၀မ်းနည်းစရာကောင်းလှပါသည်။
ကျွန်မ ဖေဖေနှင့် မေမေ အသက်ရှင်စဉ်က ကျွန်မတို့၏အိမ်ကလေးသည် ထိုသတ္တ၀ါများ တစ်ကောင်မျှ ပင် မရှိဘဲနှင့် သပ်ရပ်သန့်ရှင်း လှပခဲ့ပါသည်။ ဖေဖေ၊ မေမေ၊ အစ်ကိုကြီး၊ ကျွန်မ၊ မောင်လေး မိသားစု ငါးယောက် သာနေထိုင်သော အိမ်ကလေးသည် နောင်နှစ်ပေါင်းများစွာကြာသောအခါ ခုလို ရှုပ်ပွပျက်စီး လာလိမ့်မည် ဟု ဖေဖေနှင့် မေမေ တွေးကြည့်ခဲ့ဖူးပါသလား။ နောက်ပြီး ကျွန်မတို့ပိုင်ဆိုင်သော ခြံဝင်း ကြီးသည် ကြီးတော် ဖဲ့ဖဲ့ရောင်းစားခဲ့သော ခေါင်းရင်းမှ မြေကွက် သုံးကွက်၊ ခြေရင်း မြေတစ်ကွက်၊ အိမ် နောက်ဖေးစက်ရုံ မြေတစ်ကွက် တို့ အပါအ၀င် ကျယ်ပြန့်သာယာခဲ့ပါသည်။
ကျွန်မ မိဘများ ကွယ်လွန်ပြီး ချိန်၌ ကျွန်မ တစ်သက်လုံးမျှော်လင့်မထားခဲ့သော မိစ္ဆာသတ္တ၀ါများသည် မည်သည့်နေရာဒေသကို အမှီသဟဲပြုပြီး ရှင်သန်ပေါက်ပွားခဲ့ကြပါသလဲ၊ နောက်ပြီး သူတို့ကို တစ်ချက် ကလေး မှ အနှောင့်အ ယှက်မပြုခဲ့သော အိမ်ကလေးကို အဘယ့်ကြောင့် အမျက်ရန်ငြိုး ကြီးမားစွာဖြင့် ညစ်ထေး အကျည်း တန်စေခဲ့ရပါသလဲ။ အချို့သော သဘာဝတရား ပြောင်းလဲမှုများသည် သက်ရှိ သတ္တ၀ါပေါင်း များစွာကို ဖန်တီးပေါက်ပွားပေးနိုင်ကြောင်းတော့ ကျွန်မ ကြားဖူးသည်။ ဥပမာ- သစ်သား တွေ ရေစိုဆွေးမြည့်လျှင် ခြကောင်တွေ ပေါက်လာတာမျိုး၊ သို့သော သဘာဝတရားသည် ဤမျှ နှောင့်ယှက် ရန်မူ တတ်သော အကောင်ဗလာင်တွေကို ကမ္ဘာမြေကြီးအတွက် ဆု တစ်ဆုအဖြစ် မပေးအပ်နိုင် ဟု တော့ ယုံကြည်ရာ၏။ ဒါဆို အပြစ်တစ်ခုအဖြစ်လား။
သူတို့ ကျွန်မထံသို့ စတင်ဝင်ရောက်ချဉ်းကပ်ပုံက ဘယ်လိုမှ မရိပ်မိနိုင်အောင် လိမ္မာပိရိကြ၏။ ကျွန်မ စ တွေ့စက တစ်ကောင်တည်း။ တကယ့်ကို တစ်ကောင်တည်းမှ တစ်ကောင်တည်း။ တစ်သက်လုံး ဥပုသ်စောင့် သတ်သတ်လွတ်စားထားတဲ့ သတ္တ၀ါတစ်ကောင်လို။ နောက်ပြီး သူတို့ရဲ့ပျံသန်းနိုင်တဲ့ စွမ်း ရည်တွေ ကို ခြေသံလုံလုံနဲ့ အတောင်ပံတွေအောက်မှာ တိတ်တိတ်ကလေး သိုဝှက်လို့။ တွေ့စက ခုလို မီးဖိုချောင် ဟင်းအိုးတွေနား၊ ကြောင်အိမ်ထဲ၊ ထမင်းစားပွဲ၊ ကျွန်မ၏အိပ်ခန်းတွေထဲမှာ မဟုတ်။ နောက် ဖေးစတိုခန်းထဲက မီးသွေးခြင်းတွေကြားမှာ။ မောင်လေးက မီးသွေးယူရင်း "မမရေ... ဒီမှာ လာကြည့် စမ်း" ထိတ်လန့်တကြား အော်သံကြောင့် အိမ်ရှေ့ပန်းပင်စိုက်နေတဲ့ ကျွန်မ အပြေးအလွှား သွားကြည့် တော့ မီးသွေးခြင်းတွေကြားမှာ ပိုးဟပ်တစ်ကောင်။
သိပ်ပြီး မထူးဆန်းလှပေမယ့် အကောင်ဗလောင် တွေ ကင်းမဲ့တဲ့ ကျွန်မတို့အိမ်က မောင်နှမ တွေ အတွက်တော့ နည်းနည်းအံ့သြစရာပေါ့နော်။ အံမယ်... ကိုယ်တော်ချောက ခပ်တည်တည်။ တစ်ချက်မှ မလှုပ်။ မောင်လေးက "လွှတ်ပစ်လိုက်မယ်နော်"ဆို သူ့ ဦးမှင်က ဆွဲလိုက်တော့တောင် ကျွန်မက စေတနာဗရပွ နဲ့ "မောင်မျိုးရယ်... သူ့ဟာသူ နေပါစေ၊ သေ သွားဦးမယ်၊ ငါတို့ကို ဒုက္ခပေးတာမှ မဟုတ်တာ"ဆိုပြီး တားမြစ်ခဲ့သေး။ အဲဒါပြောတာပေါ့၊ ခြေနှစ် ချောင်းလည်း မကယ်ကောင်းဘူးတဲ့၊ ခုတော့ ခြေခြောက်ချောင်း ကယ်မိတဲ့ ကျွန်မ ခံပေရော့ပဲ။ ဒီလိုနဲ့ သိပ်မကြာလိုက်ပါဘူး။ နောက်သုံးလေးလ လည်း ကြာရော ခြေခြောက်ချောင်းကနေ ခြေအချောင်း ခြောက်ဆယ်ဖြစ်လာ၊ နောက်ကျ အချောင်းခြောက်ရာ နား ကပ်လာပါလေရော။ ကျွန်မတို့မောင်နှမတွေ ဘယ်လောက် နုံအ သနားတတ်သလဲဆိုရင် ရေချိုးခန်း အတွက် ရေမြောင်းထဲမှာ မျောပါသွားတဲ့အကောင် တစ်ကောင်ကိုတောင် ကမန်းကတန်း လိုက်ဆယ် မိပေးသေး ရဲ့။ နောက် ခြောက်လကြာလို့ ကျွန်မ သိလိုက်ရတာကတော့ လောကမှာ ကြောင်တွေတင် မဟုတ်ပါဘူး လက်သည်းဝှက်တတ်တဲ့ တခြားသတ္တ၀ါတွေလည်း အများအပြား ရှိနေပါသေးလား ဆိုတာ ပါပဲ။
သူတို့သည် နေ့ဘက်မှာထက် ညဘက်မှာ ပို၍သွက်လက်စွာ လှုပ်ရှားတတ်၏။ ဒါလည်း လောကနိယာ မတစ်ခုပါပဲ။ အမှောင်ဆိုတာ ဘယ်သူ့ကိုမဆို လုပ်ချင်ရာ လုပ်ခွင့်ပေးထားတာပါပဲ။ သူတို့ဟာ မှောင်ရိပ်ခိုကြရုံတင် အားမရလှဘဲ လောကတစ်ခုလုံးကို မှောင်ရိပ်ချပစ်ချင်တဲ့ သတ္တ၀ါတွေလေ၊ တကယ် ပြောတာပါ။ သူတို့တွေ တစ်စုတစ်ဝေးနဲ့ တဖျတ်ဖျတ် ပျံသန်းကြပြီဆို ကျွန်မတို့ရဲ့မီးဖိုတစ်ခန်း လုံး မှောင်ခနဲ မည်းသွားတာပဲ။ အစက သူတို့လူပါးမ၀ခင် (ပိုးဟပ်ပါး မ၀ခင်ဆိုပါစို့)က ကြီးမေ ကြော်ပြီး ပစ်စလက်ခတ် ပစ်သွားတဲ့ ကြက်ဥခွံတွေထဲ ခေါင်းကလေး အသာထိုးပြီး ကြည်ဥရည် အကျန်အကြွင်း တွေကို ဟိုကြည့် ဒီကြည့်နဲ့ တစိမ့်စိမ့်စုပ်ယူကြတယ်။ အဲ... လူလာပြီဆိုရင်တော့ မသိမသာလေးနဲ့ ဘာ မှမဟုတ်ခဲ့သလို ချောင်တစ်ချောင်ထဲ ပြေးဝင်ပုန်းခိုလိုက်ကြတယ်။ နောက် လူလစ်တာနဲ့ ဗြုန်းခနဲပြန် ထွက်လာကြပြီး ပြန်စားသောက်ကြမယ်။
ဒါနဲ့ ကျွန်မတို့ကလည်း အမှတ်တမဲ့ပေါ့။ လူ အသုံးမလိုတဲ့ အ မှိုက်တွေ စားချင်စားကြပါစေပေါ့လေ။ နောက်တစ်ပတ်လည်းကြာရော မီးဖိုချောင်မှာ ကြောင်လေးတွေ ကျွေးဖို့ ပုစွန်ခြောက်နဲ့နယ်ထားတဲ့ ထမင်းတွေကို ခိုးစားကြပြန်တယ်။ ကြောင်တွေလာပြီဆိုရင်တော့ ပြေးတတ်လိုက်ကြတာ ကမ္ဘာ့မာရသွန်သမား ဖိုင်ဒစ်အီဒစ်ကတောင် ထိုင်ငိုရလောက်တယ်။ ဒီလိုနဲ့ပဲ သူတို့က ခိုးစားလိုက် ပြေးလိုက် သံသရာလည်နေတယ်ပေါ့လေ။ သနားတော့ သနားစရာပါပဲ။ သူတို့ အနေနဲ့လည်း ပိုင်ရှင် မသိအောင် ခိုးရပြေးရနဲ့ မောချင်မောမယ်ပေါ့။ ပျင်းစရာလည်း ကောင်းချင် ကောင်း လာမယ်ပေါ့လေ။ ကျွန်မ သနားလို့ပဲ မဆုံးချင်သေးဘူး။ သူတို့က နောက်ထပ်ပြဇာတ်အသစ်တစ်ပုဒ် ကကြပြန်ပြီလေ။
ညလယ်လောက် နောက်ဖေးအိမ်သာထအသွား ဟင်းအိုးတွေတင်ထားတဲ့ စင်ပေါ်မှာ အား လား လား... မြင်ရက်စရာမရှိလောက်အောင် အိုးအဖုံးက တစ်ဝက်ပွင့်နေပြီ။ သူတို့စုစုပေါင်း ငါးကောင်က ဟင်းအိုး နှုတ်ခမ်း အတွင်းပိုင်း ပတ်ပတ်လည်မှာ။ ဘယ်လောက် ညစ်ပတ်စုတ်ပြတ်လိုက်ပါ လိမ့်။ သူများတွေ နောက်နေ့ ထမင်းဘူးထည့်ဖို့ ဒီနေ့မစားရက်ဘဲ ချန်ထားတဲ့ဟင်းတွေ။ မနက် အစော ကြီးတည်းက ထချက် ထားရတာ။ လက်နှစ်ဖက်က တပင်တပန်း ချက်ရပြီး ပါးစပ်ပေါက်များစွာက အမြိန့်သား ထိုင်စားနေတာ ဘယ်လောက်တရားမျှတမှု ကင်းမဲ့လိုက်လဲ။ ကြီးမေလား၊ အစ်ကိုကြီးလား၊ မောင်လေးလား... မဖြစ်နိုင်။ သူတို့က ညဘက်အိမ်သာ ထမသွားတတ်။ ဘုရား ဘုရား... ကြည့်စမ်းပါ ဦး၊ နောက်ထပ် ပိုးဟပ်ခြောက်ကောင်က ထမင်းစားပွဲပေါ်က အုပ်ဆောင်းကိုချီမနေပုံများ။ ဘုရားသခင် သည် အညွှန့် ခူးစား တတ်သော သတ္တ၀ါတွေကို ဘာကြောင့် ဒီလိုစွမ်းရည်ထူးတွေ ပိုင်ဆိုင်စေခဲ့ရပါ သလဲ။
ကျွန်မက မနက်မိုးလင်းလို့ ကြီးမေကိုပြောပြတော့ ကြီးမေမျက်လုံးတွေ ဆန်ကောလောက် ပြူးထွက်ပြီး "ညည်းနှယ်အေ... ဗီဒီယို သိပ္ပံခွေတွေကြည့်ပြီး ကယောင်ကတမ်းနဲ့၊ မဖြစ်နိုင်တာ... " ကျွန်မလည်း ဘာရမလဲ ညဘက် ကြီးမေကိုနှိုးပြီး မီးဖိုချောင်ထဲလည်း ခေါ်သွားရော သတ္တ၀ါကောင်တွေ ပွဲတော်ကြီး ကျင်းပနေလိုက်ကြပုံများ။ အဲဒီနေ့က ဟင်းအိုးတွေ ကြောင်အိမ်ထဲသွင်းပြီးထားတော့ သူတို့ထမင်းစား စားပွဲပေါ်နဲ့ နံရံတွေပေါ်မှာ ရှစ်ကောင်ကိုးကောက်လောက် ပြေးလွှားဆော့ကစားနေကြတာပေါ့။
ကြီးမေ ကတော့ ဧည့်ခန်းနဲ့ သူ့အကြွေးစာရင်းတွေကလွဲပြီး ဘာမှခေါင်းထဲမထည့်သူပီပီ "ဟဲ့... မီးဖိုထဲ ပိုးဟပ် ကြည့်တာ ဘာဆန်းလဲ မိတူးရဲ့၊ အလား အိပ်ရေးပျက်တယ်"။ "မနက်ဖြန် ဈေးသွားရင် အဆိပ်မြေဖြူ တွေ ၀ယ်လာပြီး ကျွေးရင်ကောင်းမယ်နော် ကြီးမေ"။ "အို... ညည်းမို့ သူများအသက်ကို ကြံကြံဖန်ဖန် အေ၊ အကုသိုလ်ဆိုတာ သေရာပါတတ်တယ်ကွဲ့၊ ငါတို့အမျိုးတွေ ငါးပါးသီလ ဘယ်လောက်လုံကြ တယ်ဆိုတာ ညည်းအသိပဲ" ကြီးမေ၏ဆုံးမစကားနှင့် ကျွန်မ၏ သနားလွယ်မှု တို့ကြောင့် ကျွန်မ၏အကြံ အစည်မှာ စက္ကန့်ပိုင်းလောက်မှာတင် လေထဲ လွင့်ပါသွားသည်။ ဒါပေမဲ့ သူတို့ တွေရဲ့ ကွေ့ပတ်လိမ် ကောက်မှုတွေကတော့ တစ်စထက်တစ်စ ပိုမို သိပ်သည်းလာခဲ့တယ်။
ကျွန်မ ပထမနှစ်သင်တန်းတုန်းက သူတို့ရဲ့ပြင်ပလက္ခဏာ၊ အစာချေအဖွဲ့အစည်း၊ မျိုးပွားအင်္ဂါစုတွေကို လက်တွေ့ လေ့လာဖြေဆိုခဲ့ရဖူးတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ သူတို့ရဲ့အကျင့်ဗီဇနဲ့ တစ်စက်မှမတူဘူး။ ကိုင်လိုက် ရင် အဆီတစ်မျိုးနဲ့ ချောမွေ့နေပြီး ပျော့စိစိနဲ့။ နူးညံ့သယောင်ယောင်ပေါ့။ အဲဒီတုန်းက မေ့ ဆေး ပေးထားတဲ့ အကောင်တွေရဲ့ဦးမှင်နှစ်ချောင်းကို ဘယ်ဘက် လက်ညှိုးနဲ့ လက်ခလယ်ကြားညှပ် ကိုင်၊ ညာလက်က ကတ်ကြေးနဲ့ သူတို့အတောင်ပံတွေ ညှပ်ပစ်ရတာ ကျွန်မဖြင့် သနားလွန်းလို့ မျက် ရည်တောင် ကျမိ ပါသေးတယ်။ အရေခွံလည်း ခွာလိုက်ရော အမယ်လေး ဘယ်လောက်များ သူများ မသဒ္ဓါရေစာတွေ မျိုဆို့ ထားကြတယ် မသိဘူး။
အဖြူရောင် စနိုးလို အဆီတွေကပြည့်လို့။ အဲဒါတွေကို ဇာဂနာနဲ့ ဆွဲဖယ်ရတာကလည်း အသည်းယားစရာ ကောင်း ပါတယ်။ အင်မတန်လည်း ခေါင်းမာတဲ့ သတ္တ၀ါတွေ၊ ဦးနှောက်သာမရှိပေလို့၊ ဦးခေါင်းကို ကားထားတဲ့ အခွံကလည်း ဆွဲခွာရ ခက်လုက်သည့် ဖြစ်ခြင်း။ မေးရိုး၊ အောက်နှုတ်ခမ်းတွေ ခွာရတာ လွယ်သလောက် အပေါ်နှုတ်ခမ်းက မာလိုက်တာ တ အားပဲ။ စကားများ မများတော့ မသိဘူး။ လျှာက ဆွဲထုတ် လိုက်ရင် အရှည်ကြီးပါလာတယ်။ ကျွန်မက တော့ သူတို့အကြောင်းမသိခင် သနားစရာကောင်းလိုက်တဲ့ သတ္တ၀ါတွေ ကောင်းရာမွန်ရာရောက်ပါစေ လို့ ဘုရားရှိခိုးတိုင်း ဆုတောင်း မိပါသေးရဲ့။ သူတို့ကတော့ ကျွန်မရဲ့သနားကြင်နာမှုတွေကို သူတို့ခိုးယူ စားသောက်နေကြသော ထမင်း တစ်စေ့ လောက်မှာ အရေးတယူ မရှိကြပါ။
ထိုသတ္တ၀ါတွေ သုံးလေးရက်လောက် ပျောက်ကွယ်သွားတော့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်။ မေတ္တာရောင်ပြန်ဟပ်လို့ သူတို့အိမ်ကနေပြီး တိတ်တဆိတ်များ ထွက်ခွာသွားကြလား ဘာလားပေါ့။ အမှန် ကတော့ ကျွန်မ မမြင်နိုင်တဲ့ နေရာတစ်နေရာကနေ ၀ုန်းခနဲ တိုက်ခိုက်ဖို့ချောင်းနေတာ။ အဲဒါနဲ့ ညနေ ဟင်းအိုးနွှေး ဖို့ ကြောင်အိမ်လည်းဖွင့်ရော ကျွန်မမှာ အသက်ရှူရပ်သွားမလား အောက်မေ့ရ တယ်။ ပိုးဟပ်တပ်ဖွဲ့ကြီးက ကြောင်အိမ်အပေါ်ထပ် အောက်ထပ်မှာ အကောင် ၃၀ လောက်က တစ် စည်းတစ်လုံးကြီး။ သတ္တ၀ါတစ်ကောက်ရဲ့မျိုးပွားနှုန်းဟာ ဘာကြောင့် ဒီလောက်မြန်ဆန်နေရပါလိမ့်။ ကမ္ဘာမှာ အင်မတန်ရှားပါးနေတဲ့ ပန်ဒါဝက်ဝံလေးတွေက မျိုးသုဉ်းလုနီးပါးရှိပြီး ဒီဆန်ကုန်မြေလေး သတ္တ၀ါတွေ ကျ များသထက် များလာတာ။ အဲဒါပြောတာပေါ့။ လောကကြီးရဲ့ချိန်ခွင်လျှာဟာ ကိုးဆယ် ဒီဂရီ ဘယ်တော့မှမရှိဘူးလို့။
ဒီလိုနဲ့ ဒီလိုနဲ့ပဲ... အဲဒီသတ္တ၀ါတွေဟာ မသိမသာ ဆိုးရွားလှစွာပဲ နောက်ဖေးမီးဖိုချောင်ကနေကပ်လျက် ကျွန်မအခန်းဆီ တဖြည်းဖြည်းချင်း ချီတက်လာပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် စားရဖန်မျာ လာတော့ နေ့ကိုလည်း မကြောက်ကြတော့ဘူး။ အလင်းရောင်ဆိုတာလည်း သူတို့အတွက် လက်နက် တစ်ခုမဟုတ်မှန်း သိသွားကြပြန်ရော။ ပြောင်ပြောင်တင်းတင်းမှ တကယ့်ပြောင်ပြောင်တင်းတင်းပါပဲ။ အကြွင်းအကျန်မဟတ်ုဘဲ ပြင်ဆင်ထားတဲ့ ထမင်းဟင်းတွေဆို စားလိုက်တာမှပြိုက်ခနဲပဲ။ တစ်ခုတော့ ရှိတယ်။ ပူလောင်တဲ့စားအစာတွေဆို အသာကလေးတို့ကြည့်ပြီး နောက်ဆုတ်သွားကြပြန်ရော။ ကိုယ့် အသက်ကျ ကိုယ် နှမြောတတ်ကြသားနော်။
ပူအိုက်တဲ့ရာသီတွေဆို သောက်ရေအိုးနှုတ်ခမ်းသားနား မှာတောင် လာအအေးခိုကြသေးရဲ့။ အံမယ်... သူများအစားအစာကို ခိုးယူတစ်မျိုး၊ ပြောင်တစ်မျိုး အပြင် လုပြီး တိုက်ပြီးတောင် ပါးစပ်ထဲ ထည့်ကြသေး။ နံရံက ပုရွက်ဆိတ်မည်းမည်းတွေ အသားစတွေ ဘာတွေ ချီလာပြီဆို ဘေးကနေ ဖျတ်ခနဲလုပြီး အတင်းပဲမျိုချကြသေးရှင့်။ ပုရွက်ဆိတ်ကလေးတွေက တော့ သဘာဝကပေးတဲ့ စွမ်းရည်လောက်သာ ပိုင်ဆိုင်ကြတာမိ့ အားမတန်မို့ မာန်သာလျှော့လိုက်ရ တာပေါ့။ ပုရွက်ဆိတ်လေးတွေ တစ်စည်းတစ်လုံးနဲ့ အတန်းလိုက် သွားနေတာမြင်ရင် မာန်ဖီနေလိုက် ကြတာများ ဘာပြောကောင်းမလဲ။ သူတို့အဖို့ကျ သိတတ်လိုက်တာ မပြောပါနဲ့။ အိမ်မြှောင်တွေနဲ့ ပုရွက်ပျံအနီတွေဆိုရင်တော့ အနားတောင် မသီဝံ့ဘဲ ကုပ်နေလိုက်ကြတာ။ အသက်ကလည်း သိပ်ပြင်း ဆိုပဲ။ ခေါင်းပြတ်နေတဲ့ ပိုးဟပ်တစ်ကောင်ဟာ တစ်ပတ်လောက် ထိ အသက်ရှင်နိုင်တယ်တဲ့။
ကျွန်မဟာ သူတို့သယ်ဆောင်ဖြန့်ဝေခဲ့တဲ့ ရောဂါဒဏ်ကို တလူးလူးတလှိမ့်လှိမ့် ခုခံနိုင်စွမ်းမရှိဘဲ နေဆဲ မှာ သူတို့စကားသံတွေကို တဖြည်းဖြည်း နားလည်လာနိုင်ခဲ့ပါတယ်။ ဟိုးတစ်နေ့က ပိုးဟပ်အမ(သူ့စအို ၀နားမှာ အတံလေးခုပါတယ်။ အထီးဆို နှစ်ခုပဲရှိတာ)က သူ့ယောက်ျားကို ပူဆာနေတာ ကြားလိုက်ရ တယ်။ "... ကို ရှော့ပင်းထွက်ချင်လို့တဲ့" ကျွန်မရဲ့အစ်ကိုကြီးကတော့ သိပ်ပြီးအားကိုးရတဲ့ သူရဲကောင်း ပါပဲ။ ကျွန်မ အဲဒီအကြောင်းတွေ ပြောပြတိုင်း ၀တ်ကျေတမ်းကျေ နားထောင်ပြီး သူ့အခန်းထဲက ကက် ဆတ်ကိုဖွင့်ပြီး ငြိမ့်နေတာပဲ။ သူက ဒုက္ခဆိုတာကို မြင်မှမမြင်ဖူးတာ။ အိမ်ကိုပြုပြင်ဖို့လည်း စိတ်မကူး၊ သန့်ရှင်း ဖို့လည်း စိတ်မကူး။
အိမ်ပြိုကျရင်တောင် အမြီးသပ်ပြီး လွတ်ရာကျွတ်ရာဦးဆုံး ထွက်ပြေးမယ့် လူမျိုး။ ကြီးမေကတော့ အိမ်ရှေ့ခန်းကို ၀ါ၊ စိမ်း၊ နီ၊ ပြာ အမျိုးမျိုးခြယ်သ၊ ပန်းတွေ ဝေနေအောင် ထိုး၊ ကော်ဇောတွေ တစ်မျိုးပြီး တစ်မျိုး ၀ယ်၊ သူမျာ ပြန်ဆပ်တဲ့အတိုးတွေ အရင်းတွေ၊ အပေါင်ခံပစ္စည်းတွေ နဲ့ တပြုံးပြုံး။ ငွေစက္ကူ သာရှိရင် သူ့ဘ၀ဟာ အားလုံးပြည့်စုံပြီ။ တခြားကိစ္စတွေ သူနဲ့မဆိုင်။ ပြီးတော့ "တို့များတော့ သူများအသက်ကို စိတ်နဲ့တောင် မပြစ်မှားသေးဘူး"ဟု မရေမနား ရေရွတ်ဆဲ။ ကျွန်မက တော့ စိုးရွံ့ ထိတ်လန့် တဲ့ မျက်လုံးတွေ၊ အကြိမ်ကြိမ် မျိုချပစ်ရတဲ့ စကားလုံးတွေ၊ တရွေ့ရွေ့အတိုက် စားခံရတဲ့ အားမာန် တွေ၊ အငွေ့ပျံသွားတဲ့ အိပ်မက်တွေ၊ အရည်ပျော်သွားတဲ့ မျှော်လင့်ချက်တွေ၊ တိမ် တွေလို အလွယ် တကူ လွင့်မျောသွားတဲ့ ရည်မှန်းချက်တွေကို ပြန်စုစည်းလိုက်၊ အတင်း ဆွဲထားလိုက်နဲ့ ရုန်းရင်း ကန်ရင်း အသက်ရှင်နေရတုန်းပါပဲ။ ခြေတွေ လက်တွေလှုပ်မရတာကတော့ ဆိုးရွားလွန်းလှ ချည့်။ မောင်လေး ကတော့ ကျွန်မရဲ့ခြေတွေ လက်တွေ ဆုပ်ကိုင်ပြီး တဖွဖွ အားပေးရှာပါရဲ့။ ဒါပေမဲ့ သူ လည်း ဘာများ တတ်နိုင်မှာ မို့လဲ။ အားဆေးတစ်ခွက်တော့ ဖြစ်ခဲ့ပါရဲ့။
တစ်နေ့ မောင်လေးဟာ စူးစူးဝါးဝါးကြီးအော်ပြီး ကျွန်မဆီပြေးလာတယ်။ သူ့မျက်နှာမှာ ချွေးတွေပြန်နေ တယ်။ ဆံပင် တွေလည်း ထေင်နေတယ်။ မျက်လုံးတွေကလည်း မီးဝင်းဝင်းတောက်။ ကျွန်မအိပ်ရာပေါ် က လူးလဲ ထလိုက်တယ်။ "မောင်မျိုး ဘာဖြစ်လဲ"၊ "မမ လိုက်ခဲ့စမ်း" ကျွန်မကို ကူညီထူမပြီး သူ့အခန်း ထဲ ခေါ်သွားတယ်။ "ဟိုမှာ ကြည့်စမ်း" ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ မြင်ကွင်း။
"ဟိုမှာ ကြည့်စမ်း" ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့မြင်ကွင်း။ ကျွန်မ နှလုံးသွေးတွေ အပြင်းဆုံးအရှိန် နှင့် ပွက်ပွက်ဆူအောင် ခုန်နေကြပြီ။ ဘယ်လောက် ယုတ်မာလွန်းလှပါလိမ့်။ ဖေဖေ မသေခင် တစ်လ က စိုက်ခဲ့တဲ့ ယုဇနပင်ရဲ့ကိုင်းတွေပေါ်မှာ သူတို့က ပျံဝဲလိုက် နားနေလိုက်နဲ့။ မစင်တွေ စွန့်ထားတာ များလည်း မြင်မကောင်း။ ကြည့်ရတာ သစ်ကိုင်းတွေ၊ အရွက်တွေ၊ အပွင့်တွေကို ကိုက်ဖြတ်ဝါးမျိုးလို့ မရလို့ ဆင်ကြံကြံခဲ့တာပဲ။ ပြတင်းပေါက်ကနေ အိမ်ခန်းပြတင်းပေါ် တင်နေတဲ့ သစ်ကိုင်းတစ်ခုလုံးက လည်း မစင်တွေ၊ ဥတွေနဲ့ ရုပ်ပျက်ဆင်းပျက်။ ကျွန်မ ဘာကိုမှမကြောက်တော့။ "မောင်မျိုးရေ... မနက် ဖြန် ဈေးရောက် ရင် ဆေးဘူးတွေဝယ်ခဲ့တော့" မောင်လေးက တက်ကြွရွှင်လန်းစွာနဲ့ ကျွန်မကို ကြည့်ပြီး "မမ... ငါတို့ လက်ပိုက်ကြည့်မနေကြတော့ဘူးနော်"တဲ့။
ကျွန်မလည်း မရေရာတဲ့မနက်ဖြန်တွေကို လည်ပင်းရှည်အောင် တမျှော်လင့်လင့်နဲ့ပေါ့။ ဒီကြားထဲ မောင်လေးက စာမေးပွဲဖြေနေတော့မတွေ့ဖြစ်။ ကျွန်မနားထဲမှာတော့ သူတို့ပျံဝဲသံတွေက မကြားသလို ကြားသလိုနဲ့။ အိပ်မက်ထဲမှာလည်း သူတို့ပိုးဟပ်ဘုရင်ကြီးက တဟားဟား ရယ်မောရင်း ကျွန်မကို လာ ပြောသတဲ့။ "နင်တို့အကြံ ဒါအကုန်ပဲလား"တဲ့။ ကျွန်မမှာ ရင်ခုန်မျှော်လင့်နေရတဲ့ နာရီသံတွေကို ဖြတ် သန်းရင်း ဖြတ်သန်းရင်း...။
စားမေးပွဲပြီးတဲ့နေ့မှာ မောင်လေးက ထိတ်လန့်တကြား ကျွန်မကို လာခေါ်ပြန်တယ်။ ဒီတစ်ခါ သူ့မျက် နှာ ဟာ အလွန်အမင်း အံ့သြစရာကောင်းတဲ့ စေတန်ဂြိုလ်သားကို ကမ္ဘာပေါ်မှာတွေ့လိုက်ရတဲ့ မျက်နှာ မျိုး။ "မောင်မျိုးရေ... အခြေအနေ ဘယ့်နှယ်လဲဟင်" မောင်လေးဟာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း "နင့်ကို ငါ အဲဒါပြောမလို့ မမ၊ ငါလေ နံရံတွေရော ကြောင်အိမ်တွေမှာရော မြေဖြူတွေလျှောက်ခြစ်ထား တယ်၊ အို... ငါ အဆိပ်မြေဖြူဖိုး ၈၀ တောင် ကုန်တယ်"။ "အဲဒီတော့... "။ အဲဒီတော့ မမ... နင်လိုက် ကြည့်ဟာ" မီးဖိုထဲလည်းရောက်ရော ကျွန်မ မျက်လုံးတွေ ကျွန်မမယုံနိုင်စရာ။
အို... ဘုရား ဘုရား...။ ခန္ဓာကိုယ်တွေက နဂိုထက် ပိုမိုကြီးမားလာသယောင်၊ တချို့က ပျံဝဲလို့၊ တချို့ က သွက်သွက်လက်လက်၊ တချို့က ဘာမထီဟန်နဲ့ အစာတွေခဲလို့။ နံရံပေါ်က မြေဖြူဆိပ်ကွက်တွေ ပေါ်မှာ သွားလာနေလိုက်ကြပုံများ၊ ပြီးတာ့ ဘယ်လိုမှ လက်ခံနိုင်စရာမကောင်းတဲ့မြင်ကွင်း။ မီးဖိုချောင် ဘေးက သစ်သားနံရံမှာ လက်ညှိုးတစ်ချောင်းဝင်စာအပေါက်ကြီးနဲ့ ဘေးပတ်လည်မှာ ဆွေးမြည့်လို့။ ဘယ်သူ့ လက်ချက်လဲလို့ သေချာမပြောနိုင်ပေမယ့် အဲဒီအပေါက်ထဲက မြူးထူးစွာ ထွက်လာကြတာက သူတို့တွေ...။
အဆိပ်တွေကို မြိန်ရေရှက်ရေ သုံးဆောင်နေကြသော သူတို့ကိုကြည့်ရင်း ကျွန်မရင်ထဲတွင် နေ အစင်း ပေါင်းများစွာ လောင်ကျွမ်းလာကြသည်။ သူတို့အချင်းချင်းလည်း ပြောနေကြသေး၏။ "ဂုဏ်သရေအရှိ ဆုံး ညစာစားပွဲတဲ့"။ သက်ဆိုးရှည်တယ်ဆိုတာ အဲဒါကိုခေါ်တာများလား။ ကျွန်မ သွေးရူးသွေးတန်းနှင့် အကျယ်လောင်ဆုံး အော်ပစ်လိုက်တယ်။ "မစားနဲ့၊ အဲဒါ အဆိပ်တွေ"။ မမှု။ မကြားတာလား မကြားချင် ယောင် ဆောင်တာပဲလား မသိ။ ဘာကိုမှ ဂရုမမူဘဲ စားကြသောက်ကြမြဲ။ သေချာတယ်။ ကမ္ဘာလောက ကြီး မှာ တစ်ခုခုတော့ လွဲချော်နေပြီ။
မောင်လေး ၀ယ်ခဲ့သောအဆိပ် က အတုမို့လား။ သူတို့မှာပဲ အဆိပ်ပြီးတဲ့ စွမ်းရည်တွေ ရှိနေကြလို့လား။ ဒါမှမဟုတ် အချိန်ကာလကပဲ အဆုံးအဖြတ်ပေးမှာမို့လား။
ဘာပဲဖြစ်ဖြစ် ကျွန်မနှင့် မောင်လေးကတော့ ဆွေးမြည့်စပြုနေပြီဖြစ်သည့် ကျွန်မတို့၏ချစ်လှစွာသော အိမ်ကလေး ဘယ်တော့ ပြိုကျသွားလေမလဲဆိုတာ တထိတ်ထိတ် စိုးရွံ့နေရင်းနဲ့ ဒီသတ္တ၀ါတွေ မျိုးပြုန်း ဆိတ်သုဉ်း သွားမယ့် အချိန်တစ်ချိန်ကို စောင့်ဆိုင်းနေဆဲပါပဲလေ။
(မြားနတ်မောင် မဂ္ဂဇင်း၊ ၁၉၉၇ သြဂုတ်လ)
.
4 comments:
သိပ်တော်တဲ့ စာရေဆရာပဲဗျ...ဒီလိုဝတ္ထုမျိုးကို ဆင်ဆာ
လွတ်အောင်ရေးသွားနိုင်တာ....:)၊အင်း..မြေတွေဖဲ့ရောင်း
တဲ့၊သူနေတဲ့အိမ်ဦးခန်းလေးကိုပဲအလှဆင်နေတဲ့ ငွေမက်
သူကြီးတော်ကြီးကဘယ်သူပါလိမ့်....၊ပိုးဟပ်တွေက ဘယ်
သူပါလိမ့်မလဲနော်....:))) ၁၉၉၇ခုနှစ်က ဝတ္ထုလေးဆိုတော့
အင်း....ခုနေဖြင့် သစ်ဆွေးအိမ်လေး ကုန်လုနီးထင်ရဲ့ :(
ပိုးဟပ်တွေရဲ့ ဒုက္ခက တကယ်ခံရဖူးရင် သိပ်ဆိုးမှန်း ကိုယ်ချင်းစာနိုင်တယ်
ပိုးဟပ်စားသွားတဲ့ ဟင်းတွေကို လွှင့်ပစ်ရခက် ပြန်စားရခက်နဲ့ နှမြောစိတ်တွေ ဖြစ်ရသေးတယ်
ဝတ္ထုလေးက ပိုးဟပ်တွေပေးတဲ့ ဒုက္ခကို ပီပီပြင်ပြင် မြင်ယောင်စေတယ်နော်
ဖတ်လို့ တော်တော်ကောင်းတယ်
ကျေးဇူး မရွှေစင်နဲ့ စစရေ..
နေကောင်းကျန်းမာပါစေနော်..
သတိတရရှိတဲ့အတွက်လည်း တကယ်ကျေးဇူးပါ
ပိုးဟပ်ဆိုတဲ့ သတ္တဝါကို အရွံဆုံး အမုန်းဆုံးပဲ..၊ စာအုပ်တွေ ကိုက် စားစရာ တွေ နှိုက်နဲ့.. နံ လည်း နံ သေးတယ်.။
ဟုတ်ပါရဲ့.. လူ့ လောကကြီးကို အကျိုးမပြုသူတွေ သက်ဆိုးရှည်လိုက်ကြတာ..သူတို့ကိုယ်ခန္ဒာ ထဲမှာ သွေးနီဥ ဆိုတာ မရှိ လို့  အကယ်၍ ကမ္ဘာကြီး မှာ အနူုမြူဗုံးဒါဏ်ကြောင့် ရှိရှိသမျှ သက်ရှိ သတ္တဝါတွေ သေကုန်ကြရင်တောင် ဒီပိုးဟပ်ဆိုတဲ့ အကောင်တွေ မသေပဲ ကျန်နေရစ်မှာ တဲ့လေ..
မျှဝေ ဖတ်ခွင့် ပေးတာ ကျေးဇူးပါ မရွှေစင်နဲ့စစ ။။
ပင်ဒါလေးတွေလို ချစ်စရာ ရှားပါးကောင်လေးတွေ အကြောင်းလည်း ဖတ်ချင်ပါသေးတယ်..
ခင်တဲ့
မကိ..
ပိုးဟတ်ကိုမုန်းလဲမုန်းတယ်
ကြောက်လဲကြောက်တယ်....
ကျေးဇူးပါအမရွှေစင်ရေ..
အရမ်းကိုဖတ်ကောင်းခဲ့ပါတယ်...
ချမ်းမြေ့ပါစေရှင်။
Post a Comment