Tuesday, August 9, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၄၁)

ရာပြည့်အနုပညာရှင်ကြီးနှင့်
စာကောင်းပေမွန်
ဘိုးရွှေသာ(အရှင်သာသန မန္တလေးမဟာမြိုင်)

စာရေးသူက အနုပညာသဘင် ရုပ်ရှင်လောကသား မဟုတ်ပါ။ ဆရာကြီး ဦးသုခနဲ့လည်း နှစ်ခါမျှသာ ဆုံ ဖူးပါတယ်။ ကျေးဇူးရှင် တောင်မြို့၊ မဟာဂန္ဓာရုံ ဆရာတော် ဘုရားဈာပနနဲ့၊ ပထမအကြိမ် (မန္တလေး) အမေ နေ့ ဟောပြောပွဲမှာပါ။ ဆရာကြီးနဲ့ အမေချစ်သူချင်းတူညီကြလို့ ဓာတ်သဘောချင်းကတော့ ရောနှော ပေါင်းဆုံခဲ့ကြပါတယ်။ စတုတ္ထအကြိမ် (မန္တလေး)အမေနေ့ တက်ရောက် ဟောပြောခွင့် ရတဲ့အတွက် (၄၅)မိနစ်တာမျှ ဟောပြောရတာကို ဆရာကြီးကြားသိရတော့ ချီးမွမ်းတဲ့အကြောင်း နောင်တော်ကြီး ဦးဖုန်းမြင့်အောင်မှ တဆင့် ကြားခဲ့ရပါတယ်။ အမေကို ပြုစုလို့လည်း ဆရာကြီးက လေးလေး နက်နက် သာဓု ခေါ်ရပါကြောင်း ထပ်လောင်း ကြားသိရပြန်ပါတယ်။ အမေ့ကျေးဇူးတွေက ဒီလောက် အထိ ကျေးဇူးရှိတယ် ဆိုတာ စာရှုသူများ သတိထားစေချင်လို့ပါ။
ဆရာကြီး ဟာ ဆောင်းပါးပေါင်း (၃၀၀)ကျော်၊ ၀တ္ထုစာအုပ်ပေါင်း (၅၀)ကျော် ရုပ်ရှင်ကားပေါင်း (၃၀)ကျော် နဲ့ အမျိုးဘာသာ သာသနာတော်အတွက် ဆောင်ရွက် ကျေးဇူးပြုခဲ့တာကို ဖတ်မှတ်ဖူးပါတယ်။ ဒီမျှမက ဆရာကြီး ရဲ့ စာကောင်းပေမွန် အလွန်မြတ်နိုးတန်ဖိုးထား၊ အသုံးချသွားပုံများကို စာရေးသူ လက်လှမ်းမီ သရွေ့ တစ်စေ့တစ်စောင်း တင်ပြလိုက်ပါတယ်။

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ အစိန္တေယျကြီး ဘုရားရှိခိုးကို ဆရာကြီး အင်မတန် မြတ်နိုးဟန် တူပါတယ်။ ကိုယ်တိုင်လည်း နှုတ်တက်ကျေအောင် အာဂုံဆောင် ဘုရားရှိခိုးလေ့ရှိပြီး အခါသင့်၊ အခွင့် သာ သလို ထည့်ပြီးတော့လည်း ဟောပြောရေးသားလေ့ရှိပါတယ်။ အများသူငါ ကျက်မှတ်ရှိခိုးဖို့ရာလည်း သောင်း နှင့်သိန်းချီပြီး ရိုက်နှိပ်ဖြန့်ဝေ၊ တရားအလှူ နိဗ္ဗာန်အလှူ အမြတ်ဆုံး အလှူအဖြစ် စနစ်ကျစွာ လှူ ဒါန်း သွားခဲ့ပါတယ်။

ဘာသာ သာသနာ ယုံကြည်လွန်းသူ တစ်ချို့ကဆိုရင် ဆရာကြီး အကယ်ဒမီ(၆)ဆုရတာ ဒီဘုရားရှိခိုး ကြောင့်ပဲလို့တောင် ဆိုခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးကလည်း ပိုဒ်ရေအနေနဲ့ (၁၁)ပိုဒ်ပဲ ရှိပေမယ့် ပဋကတ်သုံးပုံ အကျဉ်းငုံပြီး စုံချောနေအောင် ရေးသားတော်မူတတ်ပါပေတယ်။ စာရှုသူ မကြည်ညိုဖူးသေးဘူး ဆိုရင်လည်း မြည်းစမ်းကြည့်ပါဦး "အမျိုးဖြင့် မြတ်သောသူ ဘုန်းဖြင့် မြတ်သောသူ ဂုဏ်ဖြင့် မြတ်သော သူတို့သည် မာန်မူဖက်ပြိုင်ခြင်းငှာ မထိုက်မကိုဋ်မင်္ဂဠာ ဤကမ္ဘာ၌ ပထမာဒိက ဘူမိပါလ၊ အာဒိစ္စဂိုဏ်း တိုင်းပြု ပြည်ပြု သမ္မုတိ ဒေ၀ရာဇ် နေနွယ်ဖြစ်၍ စင်စစ် ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုည ဟေတ္တဂုဏ် သုံးဘုံရပ်လုံး ညွှတ်ရုံးကော်ရော် ပူဇော်ဦးညွတ်ရာဖြစ်၍ စင်စစ် ဘုန်းတော် အားဖြင့် မြတ် သော ပုညမဟတ္တဂုဏ် ၀သုန်သေလာ အဏ္ဏ၀ါကို မြူလွှာပြုလျက် နှိုင်းတုစက် လည်း ကျေးဇူးနက်တိုင် မကုန်နိုင်သည်ဖြစ်၍ စင်စစ်ဂုဏ်တော်အားဖြင့် မြတ်သောဂုဏ် မဟတ္တဂုဏ် ဤ သုံးစုံကြောင့် လူ့ဘုံနတ်ထံ ပြိုင်ခံယှဉ်ဖော် မပေးမပြူတစ်ဆူတည်းသော အပ္ပဋိ ပုဂ္ဂိုလ်ဖြစ်တော်မူသော"  ဇာတိ ပုည ဂုဏ်မာနနဲ့ ပြိုင်ဆိုင်နေကြတဲ့ ကမ္ဘာလောကကြီးမှာ ပြိုင်ဘက် ကင်းတော်မူတဲ့ တရားမင်း ဘုရားမြတ်စွာတစ်ဆူ တည်းသာ ရှိတော်မူပါတယ်လို့ မဟတ္တ(ကြီးမြတ်သူ)သုံးပါးကို ထင်ရှား ပေါ်လွင်အောင် ရေး တော်မူထားတဲ့ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးရဲ့ ဒီလိုစာကောင်းပေမွန်မျိုးကို ဆရာကြီး ဟာ မလွတ် တမ်းကျက်မှတ် ရွတ်ဖတ်ပူဇော်တတ်ပြီး ဟောပြောရေးသားရာတိုင်းမှာလည်း အခွင့်သာ အခါသင့် သလို ထည့်ပြလေ့ရှိပါသည်။

အများဆုံး သုံးလေ့ရှိတာကတော့ မန်လည်ဆရာတော် ဘုရားရဲ့ မဃဒေ၀လင်္ကာများပါပဲ "အသောင်း အသိန်း၊ ကိန်းအကုဋေ မရေတွက်အား ရွှေငွေများနှင့် ပတ္တမြား၊ ကျောက်စိန် တောက်ထိန် စိုးဝင်း၊ မြေပြည့် လင်းအောင်၊ ဆင်မြင်းသားကြီး နန်းနှင့်ထီးက သမိးကညာ ရတနာဖြင့်၊ ပဏ္ဏာဆက်နှင်း တံစိုးသွင်း၍ ငြင်းသော် လည်းကောင်း" " ကမ္ဘာမြေကြီးနဲ့ အပြည့် ရွှေငွေကျောက်သံ ပတ္တမြားတွေ ကုဋေ ကုဋာ ချီခင်း ပေးပေး ဆင်ကောင်း မြင်းကောင်းတွေပဲ ပေးပေး ဒီထက်မက အချစ်ရဆုံးဖြစ်တဲ့ သမီး မျက်ရှု သားရွှေဥ ရတနာ ရင်သွေးတွေပဲပေးပေး အဆင့်အမြင့်ဆုံး ကိုယ်စိုး ကိုယ်ပိုင်ပါတယ်ဆိုတဲ့ ရွှေနန်းတော်ကြီး နဲ့ တစ်တိုင်းပြည်လုံး ကိုပဲ လက်ဆောင်တံစိုး ပဏ္ဏာထိုးပြီး မသေပါရစေနဲ့လို့ ငြင်းရင်လဲ မရစကောင်း မဖြစ် ကောင်းပါဘူး"တဲ့

" အသေသတ် လက်မရွံ့ကို အသက်ခွန် ပဏ္ဏာသွင်းရန်ဘို့ ထမင်းအစာစုံနှင့် ခန္ဓာရုံမြုံပြတီးဆီက အငြီးဖြေ ကာ စောင့်ရှာကြ စိုးနှောင့်သင်္ချေ" မန်လည်နဲ့အတူ နေလိုလလို ထင်ပေါ်ကျော်ကြားတော်မူတဲ့ လယ်တီ ဆရာတော်ဘုရားရဲ့ "မိုက်မလင်းနိုင်လို့ချီ" သံဝေဂလင်္ကာကြီးများကိုလည်း မကြာမကြာ သုံးစွဲတော်မူလေ့ရှိ ပါတယ်။ ဆိုလိုရင်းကတော့ " အများသူငါ သတ္တ၀ါအားလုံးဟာ သေမင်းလာခေါ်ရင် လိုက်ဖို့ရာ ထမင်းကောင်း ဟင်းကောင်းလေးတွေကို ကြံဖန် လုပ်ကိုင်စားသောက်ရင်း အိမ်ပြတင်းပေါက်က အသင့် စောင့်မျှော် နေကြရပါတယ်" လို့ သေမင်းအလှည့်မကျလို့ စောင့်နေရပုံတွေကိုလည်း ရေးသား ဟောပြောရာ တွင် ထည့်လေ့ရှိပါတယ်။

ဒါဟာ စာရေးသူ လက်လှမ်းမီသမျှ ဆရာကြီးရဲ့ စာကောင်းပေမွန် အလွန်မြတ်နိုး တန်ဖိုးထားသုံးစွဲသွားပုံ များကို တင်ပြလိုက်ရခြင်းပါ။ ဆရာကြီးဟာ အရေးအသားကောင်းလို့ကတော့ ကြီးကြီးငယ်ငယ် ဂုဏ်ရွယ် မရွေး ဖော်ပြပေးလေ့ရှိတာကို တွေ့နိုင်ပါတယ်။ စာကောင်းပေမွန် မှီခိုတယ်ဆိုတာ "ပဏ္ဍိတာနဉ္စသေ၀နာ" "ပညာရှိ ကို မှီဝဲပေါင်းသင်းပါ" ဆိုတဲ့ မင်္ဂလာစကားနဲ့ လိုက်လျောညီထွေ ရှိလှပါ တယ်" "ပညာရှိ စကားအပ်ဖျား ရေစက်၊ အနက်ပင်လယ်" ဆိုတာလို အဓိပ္ပါယ်လေးနက် အသိခက်လှပါတယ် စာရှုသူများ လည်း ဆရာကြီးအလား၊ စာကောင်းပေမွန်များကို စုဆောင်းရေးသား ကျက်မှတ်ထားနိုင်ပြီး ဆရာကြီး အသွင် စွယ်စုံအနုပညာရှင် ဖြစ်ကြပါစေကြောင်း၊ မေတ္တာလောင်း၍ ဆုတောင်းလိုက်ရပါတယ်။
                                       
ဘိုးရွှေသာ

သုခ၏
သားနှင့်လင်
မြေနီသစ္စာ
ဆရာသုခ၏၀တ္ထုတိုကို ဖတ်ရှုခံစားခြင်း

မိမိကြောင့်သာလျှင် ချစ်လင်အောင်မင်း အရက်သောက်နေမှန်းလှသွယ်သိသည်။
စင်စစ် လှသွယ် နှင့် အောင်မင်းတို့ အကြောင်းပါခဲ့သည်မှာ (၁၅)နှစ်ခန့်ရှိပြီ။ အတွင်းဝန်ဦးဘရွှေ၏ ကုက္ကိုင်း ရိပ်သာစံအိမ်ကြီး တွင် ဖူးစာဆုံခဲ့ကြခြင်းပင်။
သည်တုန်းက လှသွယ်က ကုက္ကိုင်း ရိပ်သာစံအိမ်မှာ လက်တိုလက်တောင်း အခိုင်းအစေအိမ်ဖော်။ အောင် မင်း က အတွင်းဝန် ဦးဘရွှေ၏ ဒရိုင်ဘာ၊ အိမ်ဖော်ဆိုသော်လည်း လှသွယ်က တစ်တစ်ရစ်ရစ် ချစ်ချင် စဖွယ် နှင့် အရွယ်ကော ရုပ်ပါ လှပပြေပြစ်သူပင်။

လှသွယ် ၏ အဆင်အပြင်မှာ အောင်မင်း တိမ်းညွတ်သည်။ ရစ်ဝဲသည်။ အောင်မင်းက သီချင်းသံပေး၍ လှသွယ် ကို စောင်းချိတ်ဆွဲငင်သည်။ စကားလုံး ကလေးတွေနှင့် ရစ်ပတ်နှောင်ဖွဲ့သည်။
သို့သော် လှသွေယ်က အောင်မင်းအပေါ် မတိမ်းမညွတ် မပျောင်းမနွဲ့ပါ။ အောင်မင်းကို သူ့စာရင်းမှာပင် မထည့် မသွင်းပါ။

ဘယ်သွင်းမှာလဲ။ လှသွယ်က သူ့ မမလေးနှင့် ကိုကိုလေး အတွင်းဝန်သမီး ခင်မကြီးနှင့် သားခင်မောင် လတ်တို့၏ အရိပ်မှာ သာယာနေသည်။ သူတို့က အရေးပးထား၍ လှသွယ် မြောက်နေသည်။
အောင်မင်း နှင့် လှသွယ်တို့က အတွင်းဝန်မိသားစု၏ အခိုင်းခံချင်းတူသည့်တိုင် (အိမ်တွင်းလူ) လှသွယ်နှင့် (အိမ်ပြင်လူ) အောင်မင်းတို့ အနေအထားကလည်း ကွဲပြားခြားနားသေးသည်။
ထိုအတွင်း ထမင်းချက် ဖိုးစံက "အလှသွယ်နဲ့ အစ်ကိုလေးခင်မောင်လတ်တို့ကို မိလို့တဲ့" ဟု အောင်မင်းကို ပြောလာသည်။ အောင်မင်းရင်ထိတ်ရသည်။ " မိတယ် ဘယ်လို မိတာလဲ" ဟု အောင်မင်းမေး သည်။ " မိတယ် ဆိုရင်တော့ စကားပြောတုန်းမိမှာပေါ့။ ဒါမှမဟုတ်ရင်လည်း ဟဲဟဲ" ဟုဖိုးစံအပြောမှာ အောင်မင်း ရင်မော ရပြန်သည်။

လှသွယ်ခမျာ မျက်နှာမကောင်းပါ။ သိမ်ငယ်ဆုတ်ယုတ်နေသည်။ မပြေးသော်လည်း ကန်ရာရှိနေသည်။
ယင်း နောက်တော့ အောင်မင်းနှင့် လှသွယ်တို့ မေတ္တာရှိလျှင်ပေးစားမည်ဟု အတွင်းဝန်ကတော်ကြီး မေမေကြီး က ကြေညာလိုက်သည်။ လှသွယ်မငြင်းသာပါ။ တိမ်းညွတ်သူအောင်မင်းနှင့် လည်စင်းခံရသူ လှသွယ် တို့ မေမေကြီး၏ ထိမ်းမြားမှုဖြင့် ဖူးစာဆုံကြသည်။
လှသွယ် အတွက် မေမေကြီးက လက်ဖွဲ့အဖြစ်နှင့် ရွှေလက်ကောက်တစ်ရံနှင့် ငွေတစ်ရာကို ချီးမြှင့်မစ သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် လှသွယ်ကတော့ ကုက္ကိုင်းရိပ်သာနှင့် မပတ်သက်လိုတော့ပါ။ ယင်းကြောင့် အောင်မင်း ကို အလုပ်ထွက်ခိုင်းသည်။ လှသွယ်ဆန္ဒကို အောင်မင်း လိုက်လျောသည်။ ယင်းမှာ တစ်ရပ်တစ်ကျေးသို့ လှသွယ်၊ အောင်မင်းတို့ ရောက်သွားရာ ကုက္ကိုင်းရိပ်သာနှင့် ဝေးကြရသည်။
လှသွယ် က မယားဝတ္တရား ကျေပွန်စွာ အောင်မင်းကို ပြုစုသည်။ သို့သော် ဇနီးမယားတို့၏ ကျေနပ်မှု အရိပ် အရောင်ကတော့ လှသွယ်မှာ ...
ရှစ်လခန့် ကြာတော့၊ သားလေး မြသွေးကို မွေးသည်။ (၇)လနှင့်လည်း မွေးတတ်၍ အောင်မင်းဘက်က ဘာသံသယ မျှ မရှိ။

သို့သော် ရက်၊ လနှစ်တွေသာ ကြာလာ၏။ လှသွယ်ကတော့ အောင်မင်းအပေါ်မှာ နှစ်နှစ်ကာကာ ချစ်လာဟန် မျှပင် မပြပါ။ လင်နှင့်မယားတို့၏ သာမန် ဆက်ဆံမှုအဆင့်မှာသာ ရှိနေ၍ အောင်မင်းအားမလို အားမရ ဖြစ်ရသည်။ တစ်နေ့နေ့ တုန့်ပြန်နိုးနှင့် အောင်မင်းစောင့်လင့်၏။ အချိန်တွေသာကုန်သွား၏။
ကြာတော့ အောင်မင်းအဖော်ရှာသည်။ သောက်လျှင်မူးသည့် အရက်ဆိုသော ယမကာကိုသွားတွေ့သည်။ ယင်းသို့ဖြင့် အရက်သောက်ကျင့်ကို အောင်မင်းရလာသည်။ သူအရက်စွဲလာသလိုပင် လှသွယ်ကျတော့ မပစ်နိုင်၊ မခွာနိုင်၊ မကွာနိုင်ပါ။

ယခု သားကလေးမြသွေးက (၁၅)နှစ်အရွယ်၊ လှသွယ်ပင်လျှင် အသက်သုံးဆယ်ကျော်ပြီ၊ အောင်မင်းက တော့ (ပမအ၀)နှင့် (လက်ရုံး)လိုင်းကားတွေမှာ ကြုံရာ နေ့စားမောင်းသည်။ သားမြသွေးက မော်တော် ယာဉ် ကားဝပ်ရှော့ မှာ နေ့စားလပေးပညာသင်။
ခါတိုင်း နေစောင်းလျှင်ပြန်လာနေကျ သား မြသွေးပြန်မလာသေး၍ သည်ညနေမှာတော့ လှသွယ်မျှော်နေ မိသည်။
မိုးရွာထား၍ ပေါက်ပြဲစိုရွှဲနေသော လှသွယ်တို့ တဲအိမ်ကလေးမှာတော့ ရေနံဆီမှန်အိမ်မီးရောင်က မှိုင်းမှိုင်း ပျပျ။
ယင်းအခိုက် တပွမ်ပွမ်နှင့် ကားသံကြားလာရသည်။ လှသွယ်တို့ တဲအိမ်ရှေ့မှာ အဖိုးတန်ကားကြီးတစ်စီး ထိုးဆိုက် လာသည်။
လှသွယ် ထကြည့်သည်။

သားနားသော လူကြီးတစ်ဦးသည် မြသွေးကိုတွဲ၍ ခံ့ညားသောကားကြီးထဲက ထွက်လာသည်။ တစ်ခုခုဖြစ် လာမှန်း အတပ်သိလိုက်သလိုပင် လှသွယ် ထိတ်ပြာသွားသည်။
မျက်စိအောက် မှာပင် ဧည့်သည်နှင့် မြသွေးတို့ အိမ်ထဲရောက်လာကြသည်။
မှုန်မွှားမွှားမီးရောင်အောက်မှာ အမြဲလိုပင် လှသွယ်မြင်ယောင်နေမိခဲ့သည့် မျက်နှာတစ်ခု။ ယင်းတဒင်္ဂ မှာပင် လှသွယ်မျက်နှာပေါ်မှာ ခံစားမှု ဝေဒနာတို့ ရောင်စုံယှက်ဖြာသွားသည်။
ယင်း ဧည့်သည် မျက်နှာနှင့် ခြေတစ်လှမ်းနောက်ဆုတ်သွားသော လှသွယ်မျက်နှာပေါ်က အကြည့်တို့သည် တစ်ခဏ ကလေး ဆုံတွေ့ခိုက်မှာ "ဟင် လှသွယ်ဒါနှင့်သားလား " ဟူသော မေးသံပေါ်လာ၏။
မျက်ရည်ဆို့ နေသော လှသွယ်က ခေါင်းညိမ့်ပြရုံမျှသာ အဖြေပေးနိုင်၏။ မိမိ၏ မိခင်သည် ဤလူကြီးလူ ကောင်း နှင့် သိကျွမ်းနေပါကလားဟု စက္ကန့်ပိုင်းမျှ ကလေးမှာပင် ဂုဏ်ယူဝင့်ကြွားစိတ်က မြသွေးမျက်ဝန်း မှာ ထုဆစ်ဖော်ပြလာ၏။

ဖြစ်စဉ်က အလျင်အမြန်ပင်။ လူကြီးလူကောင်းသည် ရာတန်တစ်ရွက်ကို ထုတ်ပြီးသော် မြသွေးလက်ထဲသို့ သွက်လက်စွာ ထည့်၏။ လှသွယ် ကိုတော့ တိုတောင်းစွာ နှုတ်ဆက်လျက် သွက်လက်စွာပင် ထွက်ခွာ သွား သည်။

" အမေ ဒါအတွင်းဝန် ဦးခင်မောင်လတ် လေ၊ အမေနဲ့ ဘယ်တုန်းက သိတာလဲဟင်၊ သားကလမ်းမှာ သူ့ ကားပျက်တာ တွေ့လို့ ကူပြင်ပေးရင်း ဘက်ပြန်ရိုက်ပြီး လက်မောင်းအဆစ်လွဲသွားတော့ သနားတယ်ဆိုပြီး အိမ် လိုက်ပို့တာ။ ဒီကျတော့ ငွေတစ်ရာတောင်ပေးသွားတာ၊ သိပ်သဘောကောင်းတဲ့ လူကြီးပဲနော် " ဆိုကာ မြသွေးက ကျေးဇူးအနန္တတင်ရှာသည်။
လှသွယ် က သား မြသွေးကို ကြင်နာစွာကြည့်သည်။ တစ်ချိန်တည်းမှာပင် မသိနားမလည်သော သားကို ကရုဏာ ဒေါသောဖြင့် " ငွေ တစ်ရာကလေး ပေးသွားတာနဲ့ တစ်သက်လုံး ပစ်ထားခဲ့တဲ့ မင်းအဖေကို ကျေးဇူး မတင်ချင်စမ်းပါနဲ့သားရယ် " ဟု စိတ်ထဲတွင် ပြောနေမိလေသည်။

စင်စစ် လူတန်းစား ခွဲခြားမှုကား စက်ဆုပ်စရာ၊ ရွံ့ရှာစရာဟု လှသွယ်နေရာကနေ၍ စာရေးဆရာက တည့်တိုး ပြောပြလိုက်ခြင်းပင်။
ဂုဏ်ဓန ငွေကြေး ကြွယ်ဝချမ်းသာသူတို့က မတူမတန်သဘောနှင့် ဆင်းရဲသား နင်းပြားတို့အပေါ် အထင်သေး ၏။ အနိုင်ကျင့်၏။ ခွဲခြားဆက်ဆံ၏။ ယင်းသည် အကာပြဲ့ပြဲ့ အနှစ်မဲ့သူတို့၏ သဘော သဘာဝ သရုပ်သကန် ပင်ဟုလည်း စာရေးဆရာက ဖွဲ့သီပြ၏။
သုခ ၏ သားနှင့်လင်သည် ယင်းကို ပီပြင်အောင် ခြယ်ရေးဖွဲ့သီထားသည်။

" ၀တ္ထုတိုသည် စကားပြေနှင့် ရေးထားသော ကဗျာတစ်ပုဒ်"ဟု ၀တ္ထုတို ဆရာကြီး မောင်ထင်က သုံးသပ် ထားဖူးသည်။ ယင်းသုံးသပ်ချက်သည် လျော်ကန်သင့်မြတ်သည်။ ၀တ္ထုတိုဆရာသုခသည် သားနှင့်လင်ကို ထိရှခံစားရသော ကဗျာတစ်ပုဒ်သဖွယ် သီကုံးထားသောကြောင့်ပင်။
ဇာတ်အိမ် တည်ဆောက်ထားပုံမှာ ဖြစ်တတ်သည့် သဘာဝကို အခြေခံထားသည်။ ရိုးရိုးရှင်းရှင်း ထင်သာ မြင်သာရှိသည်။ သို့သော် ဇာတ်ကြောစီးမျောရာတွင် အလင်းနှင့်အမှောင် ပွင့်လင်းမှုနှင့် လျှို့ဝှက်ချက်တို့ကို ထိကာတို့ကာ ဝေ့ကာ ၀ှိုက်ကာဖြင့် စာပန်းချီခြယ်ရေးထားသည်မှာ ဖတ်သူကို ပွေ့ပိုက်ခေါ်ဆောင်၏။ မချင့်မရဲ ဖြစ်စေ၏။

ဇာတ်ကောင်စရိုက်တွင် လှသွယ်သည် အားကောင်းသည်။ ပီပြင်သည်။ အကြောင်းမှာ သားနှင့်လင်သည် လှသွယ်ကို ဗဟိုပြုလျှက် ရေးဖွဲကထားသည့် ဇာတ်လမ်းဖြစ်သောကြောင့်ပင်။
ဝတ္ထုတို ဆရာသုခသည် (လှသွယ်လင်) အောင်မင်းနှင့် သား မြသွေးတို့ကိုတော့ ဇာတ်ကြောထဲမှာ လိုသ လောက် သာလျှင် စီးမျောခွင့်ပေးသည်။ သူတို့ စရိုက်တွေ ထင်သာမြင်သာ သိပ်ပီပြင်သွားပါက လှသွယ့် စရိုက် ကို လာပြိုင်ကြပေတော့မည်။
အအုပ်နှင့် အခံပိုင်းနှစ်ပိုင်းတွင် လှသွယ်က အခံဘက်က။ ပိုပြားငြိမ်ဝပ်နေသော လှသွယ်သည် သည်းခံတတ် သည်။ မျိုသိပ်တတ်သည်။ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံပြုမူတတ် သည်။

ဝတ္ထုတိုဆရာသည် ဖိနှိပ် အနိုင်ကျင့်စော်ကားခံရသူ လှသွယ်စရိုက်ကို ဓမ္မနှင့် အဓမ္မအားပြိုင်စေခြင်းဖြင့် ဖိနှိပ်သူ နှင့် အဖိနှိပ်ခံတို့၏ ပဋိပက္ခကို သိမ်မွေ့ညင်သာစွာ မီးမောင်းထိုးပြသည်။ အထူးသဖြင့် တငွေ့ငွေ့ လောင်မြိုက်နေသော လှသွယ်၏ စိတ်ပုံရိပ် မသိမသာ သယ်ပြထားသည်။
သေသပ် လှပ နေသည်။ ၀တ္ထုတို ဆရာ၏ လေးစားဖွယ်ရာတင်ပြတတ်မှုပင်။
သား နှင့် လင်ကို စာရေးဆရာသည် လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်က ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေး ဆရာ အသက် လေးဆယ်အရွယ်က ရေးဖွဲ့ခံစားခဲ့သည့် သားနှင့်လင်သည် ထိုခေတ် ထိုစနစ်ကို အရိပ် ထင်ဟပ်လျက်ရှိသည်။

သားနှင့်လင်သည် မတရားမှုအပေါ် မခံချင်သည့် စာရေးဆရာ၏ ဆန္ဒနှင့်စေတနာကို ရှင်းလင်းပြတ်သားစွာ သီကုံးဖော်ပြထားသည်။ မဆီမလျော် ကမောက်ကမဖြစ်နေသော လောကဖြစ်စဉ် လူ့ဖြစ်စဉ်တို့အပေါ်တွင် စာရေးဆရာက လှောင်ပြသည်။ ပြောင်ပြသည်။ ရွဲ့ပြသည်။ ခနဲ့ပြသည်။ မဲ့ပြသည်။
" မင်းကတော်ကြီး၏ အသံနှင့် မျက်နှာမှာ တကယ့်အကျိုးလိုလားနေသော သူတော်ကောင်းမကြီးလို သိမ်မွေ့ယဉ်ကျေးလှပါဘိသည်" ဟု အော့နှလုံးနာစရာကောင်းမှုအပေါ် ပြောင်လှောင်သရော် မဲ့ရွဲ့ခနဲ့၍ အငေါ့တူးထားသည်မှာ သုခ၏ စူးရှချွန်မြသော မဲ့ရွဲ့စောင်းချိတ်တတ်မှုပင်။

ဝတ္ထုတိုဆရာသုခသည် (ဆရာဇော်ဂျီစကားနှင့် ဆိုရပါလျှင်) သားနှင့်လင်မှာ လူ့အကြောင်း၊ လောကအကြောင်းကို အချက်ပိုင်ပိုင် ဖွဲ့နိုင်သည်။ လိုရင်းတိုရှင်းနည်းဖြင့် လူ့သဘောဝအဖွဲ့ လောကသဘာဝအဖွဲ့ကို ထင်သာမြင်သာအောင်လည်း စီခြယ်ကုံးသီသည်။ ထိုကာလမှာ တွေ့ရမြင်ရ ကြားနေရသော ပတ်ဝန်းကျင်နှင့် ဖြစ်စဉ်ကိုလည်း ရှု့မြင်တတ်သော ဝေဖန်ထောက်ရှု့တတ်သော သဘောဖြင့် ဆင်ခြင်သုံးသပ်ပြသည်။

ဝတ္ထုသည် လောကအသိ ဘ၀အသိအတွက် ဆင်ခြင်သုံးသပ်မှုကိုပေးသော စာဟုဆိုရပါလျှင် ညို့ယူဖမ်း စားနိုင်သော သားနှင့်လင်ကြောင့် ၀တ္ထုတို ဆရာသုခကို ကမ္ဘာကျော် ၀တ္ထုတိုရေး ဆရာကြီး အိုဟင်နရီနှင့် နှိုင်းယှဉ်တင်စား ဂုဏ်ပြုခြင်းဖြစ်ပေလိမ့်မည်။

မြေနီသစ္စာ
(မြန်မာ့အလင်းအောင်သန်း)

No comments: