ရထားမှာ တစ်ခါဆုံတယ်
ဇော်-ဘဇော်
ဇော်-ဘဇော်
အချိန်အတန်ကြာခဲ့ပြီ။ လွန်ခဲ့သော (၂၅)နှစ်ခန့်က ဖြစ်၏။ ဆရာကြီးနှင့် အမှတ်မထင်၊ နဖူးတွေ့၊ ဒူးတွေ့ တွေ့တော့မှ၊ သာမညပုဂ္ဂိုလ်မဟုတ်သော ဆရာကြီးဖြစ်ကြောင်း မျက်စိသိပ်မကောင်းတော့သော်လည်း လွန်စွာ အလုပ်လုပ်နိုင်ကြောင်းသိရသည်။
အစိုးရတာဝန်တစ်ခိုဖြင့် ခရီးသွားခိုက် ဆရာကြီးကို မီးရထားပေါ်တွင် တွေ့ခဲ့ရခြင်းဖြစ်၏။ ထိုင်ခုံများနှင့် တွဲ လျက် စားပွဲခုံပါသော အထက်တန်းတွဲဖြစ်၍ စကားဝိုင်းဖွဲ့ပြောရန် အဆင်ပြေလှသည်။ ဆရာကြီးနှင့်အတူ အဖော်တစ်ဦး ပါသည်။ လူလတ်ပိုင်းဖြစ်၍ ရှေ့နေတစ်ဦးလည်းဖြစ်ကြောင်း မိတ်ဆက်ပေးသည်။ အဆိုပါ ရှေ့နေမှာ အိန္ဒိယနွယ်ဖွားလိုလို၊ ညိုတိုတိုနှင့် ခန့်ခန့်ယဉ်ယဉ်ကြီးဖြစ်သည်။ သူ့အကြောင်း ချန်ထားလို့ မဖြစ်သည့် အကြောင်း က ရှိ၏။ ဆရာကြီး၏ ဖော်ရွေမှု အားပေးမှုတို့ကြောင့် ကျွန်တော် ပြောမိသွားသော စကားတစ်ခွန်း သည် ဆရာကြီးကို ပိဿာလေးနှင့် ဘေးပစ်သလိုဖြစ်ကာ၊ အမှတ်မထင် အံ့သြသွားချိန်တွင် အဆိုပါ ရှေ့နေ "လူညိုယဉ်"က ကယ်တင်ပေးလိုက်သောကြောင့်တည်း။
မိမိ ။ ဆရာကြီးကို ကျွန်တော် နှုတ်ဆက် ဂါရ၀ပြုတာပါ။ ဆရာကြီးကတော့ ကျွန်တော့်ကို သိမှာ မဟုတ် ပါဘူး။
ဆရာကြီး ။ အေးဗျာ၊ ၀မ်းသာတယ် ကျုပ်ကလည်း လူတွေနဲ့ စကားသိပ်ပြောချင်နေတာ။ မီးရထားနှင့် ခရီး သွားရင်း အပျင်းလဲပြေပေါ့။ ဒါပေမယ့် လူတွေက ခင်ဗျားလို မဟုတ်ဘူး။ ကျုပ်ကို မသိသလို ဘာသိ ဘာသာ နေကြတယ်။
မိမိ ။ ဒါကတော့ ကျွန်တော် ဒီလိုထင်ပါတယ်။ နာမည်ကြီးတဲ့ တချို့ပုဂ္ဂိုလ်တွေဟာ လူတွေနဲ့ အရောတ၀င် မနေ ပဲ ရှောင်နေတတ်ကြတာလဲ ရှိတော့ နှုတ်မဆက် ၀ံ့ကြတာ ဖြစ်မှာပါ။
ရှေ့နေ ။ ဆရာကြီးကတော့ ဒီလိုမဟုတ်ဘူးဗျ။ စောစောက ပြောခဲ့သလို တရားသဘောတွေ အပြု သဘော တွေနဲ့ ပတ်သက်ပြီး စကားသိပ်ပြောချင်တာ။
မိမိ ။ ဟုတ်ကဲ့။ ကျွန်တော် သိပါတယ်။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် ဆရာကြီးနဲ့ သိပ်မစိမ်းဘူး။ အထက်တန်းကျောင်းသားတုန်းက ရန်ကုန်ကျောက်မြောင်း "ရာမ"ကွင်းက တာမွေ အ.ထ.က(၂)မှာ နေခဲ့တာ။ ဆရာကြီးတို့နဲ့ ရပ်ကွက် တစ်ခုတည်းပေါ့။
ဆရာကြီး ။ ဟုတ်တယ်ဗျ။ အဲ့ဒီတုန်းကတည်းက ကျောက်မြောင်းရပ်ကွက်မှာ အနုပညာသမားတွေနေကြ တာ တော်တော်ကို များတာ။ ဒါနဲ့ ခင်ဗျားကကော အနုပညာသမားပဲလား။
မိမိ ။ မဟုတ်ပါဘူးဆရာကြီး၊ အင်ဂျင်နီယာတစ်ယောက်ပါ။
ရှေ့နေ ။ ဟန်ကျတာပဲဗျို့၊ သိပ္ပံသမားနဲ့ အနုပညာသမားတွေ့ဆုံပွဲပေါ့။
ဆရာကြီး။ အေးဗျာ၊ ကျုပ်စကားပြောချင်တယ်ဆိုတာ အခု ရှေ့နေပြောတဲ့ သိပ္ပံဆိုတာက "စ" ပြောရ တော့မှာပေါ့။ သိပ္ပံဆိုတာ အင်ဂျင်နီယာ ပညာတတ်မှ သိပ္ပံလို့ ပြောလို့ရတာမဟုတ်ဘူးဗျ။ ဘာပညာ တတ်တတ် ပညာတတ်တာဟာ သိပ္ပံပဲ။
ရှေ့နေ ။ ဟုတ်ရဲ့လား ဆရာကြီးရာ။
ဆရာကြီး ။ "အဋ္ဌာရဿ၊ သိပ္ပံအတတ် ၁၈ ရပ်ဟု" ဆိုတဲ့ စကား ခင်ဗျားကြားဖူးမှာပေါ့။ အဲဒီပညာရပ် (၁၈)မျိုးလုံး ဟာ သိပ္ပံပညာတွေလို့ ဆိုလိုတာ မဟုတ်လား။ ကဲ ... အင်ဂျင်နီယာကြီးကရောနှုတ်ဆိတ်နေ လိုက်တာ ကျုပ်ပြောတာတွေ မဟုတ်လို့လား။
မိမိ ။ ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းပါ ဆရာကြီး။
ဆရာကြီး ။ ခင်ဗျားကလည်း အလာကြီးပါလား။ မဟုတ်ဘူး ဟုတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောစမ်း ပါဗျ။ အားမနာပါနဲ့ ဒါမှ ကျုပ်တို့ စကားဝိုင်းကောင်းတော့မှာပေါ့။
မိမိ ။ ဟုတ်ပါတယ် ဆရာကြီး၊ သိပ္ပံဆိုတာ အလွန် ကျယ်ပြန့်ပါတယ်။ သဘာဝသိပ္ပံ၊ ရုပ်ဝတ္ထုသိပ္ပံ၊ အသုံး ချသိပ္ပံ၊ လူမှုရေး၊ နိုင်ငံရေး၊ အိမ်တွင်းမှု "စ"တာတွေလဲ အားလုံးသိပ္ပံတွေ ချည်းပါပဲ။ အရင်ခေတ်က ဘာသာ ရပ်ပေါင်းစုံ သင်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေရဲ့ နာမည်တွေကို ပြန်ကြည့်မယ်ဆိုရင် "ရန်ကုန်ကောလိပ် သိပ္ပံကျောင်း" "ရန်ကုန်ယူနီဘာစီတိ ကောလိပ်သိပ္ပံကျောင်း" စသည် ခေါ်ခဲ့ကြတယ်။ ရှေးဟောင်း ကျောက်စာ ရာဇ၀င်တွေ ခေတ်စမ်းမြန်မာစာတွေရေးတဲ့ စာရေးဆရာကြီး "သိပ္ပံမောင်ဝ" တောင်မှ၊ အဲဒီကျောင်းတွေမှာ ပညာသင်လာလို့ ကလောင်နာမည် "သိပ္ပံမောင်ဝ" ဖြစ်သွားပုံရတယ်၊ အခု ခေတ်တော့ "Scientist" လို့ ထင်စရာပေါ့။
ဆရာကြီး ။ အေးဗျ ကျုပ်တို့ငယ်စဉ်ကတော့ အဲဒီ "Science" ဆိုတာကို "လောကဓာတ်"လို့ သုံးလိုက်ကြ သေးတယ်။ အဲဒီလောကဓာတ်၊ ခုတော့ ဘယ်ရောက်သွားတယ်မသိဘူး။ ကဲ ... ရှေ့နေကြီးကရော ငြိမ် ချက်သား ကောင်းနေလိုက်တာ။ လုပ်စမ်းပါဦး။
ရှေ့နေ ။ လုပ်ရတော့မှာပေါ့ ဆရာကြိးရာ။ ကျွန်တော့်မှာလဲ၊ မြန်မာစကားပုံတစ်ခုနဲ့ ပတ်သက်ပြီး ၀မ်းထဲ ကျလိ၊ ကျလိ ဖြစ်နေတာကြာပေါ့။
ဆရာကြီး ။ ဟုတ်လား၊ ပြောစမ်းပါဗျ။ မြန်မြန်၊ ဘယ်စကားပုံလဲ။
ရှေ့နေ ။ ကာလကြာတော့ စကားလုံးတစ်လုံးကျန်ခဲ့တာဗျ၊ " အချိန်တန်၊ နွားပိန်ကန် ... လိမ့်မည်" ဆိုတာ ပေါ့။ အမှန်ကတော့ အချိန်တန်၊ နွားပိန် ကန်ရောက်လိမ့်မည်" ဆိုမှ သူ့မူရင်း အဓိပ္ပါယ်က မှန်တာဗျ၊ နေမွန်း တည့်ချိန်လောက်မှာ ခြံကနွားတွေကို စားကျက်ထဲလွှတ်လိုက်တယ်။ ညနေပိုင်းရောက်တော့ အဲဒီနွားတွေ ဟာ ရေသောက်ဖို့ ရေကန်ရှိရာကို ရောက်လာကြတယ်။ နွားရှင်က သူ့နွားတွေကို ရေကန်မှာသွားပြီး ရှာရ မယ်လို့ ဆိုတဲ့စကားပုံဖြစ်တယ်ဗျ။
ဆရာကြီး ။ သြော် ... ဟုတ်ပေသားပဲ။ နွားပိန်ကန်လိမ့်မယ်ဆိုတော့ ရေကန် ကို ပြောမှန်း ဘယ်သိကြ တော့ မလဲ။ အခုခင်ဗျားပြောမှ သိတော့တယ်။ ရှေ့နေဆိုတာ အဲဒီလို အကျ၊ အန ကောက်တတ် ထောက်တတ် မှလဲ ရှေ့နေပီသတာပေါ့ဗျာ။ ဒီနေ့ ခင်ဗျားတို့နဲ့ စကားပြောရတာ အသိပညာလဲတိုး၊ အကျိုးလဲရှိပေါ့၊ ရန် ကုန်ရောက်ရင် လာခဲ့ကြပါအုံး။ အင်ဂျင်နီယာကြီးနဲ့လဲ စကားပြောချင်ပါသေးတယ်။ အဲ ... ဒါပေမယ့် ကျုပ် က ခင်ဗျားသိတဲ့ ကျောက်မြောင်းက အိမ်မှာမဟုတ်တော့ဘူး။ အခုပါရမီမှာ နေတယ်။ ရော့ လိပ်စာကဒ်ပြား။
မိမိ ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော်တို့ ရုံးကလည်း ကံပဲ၊ ရန်ကင်းမှာဆိုတော့ လမ်းကြောလဲသင့်ပါ တယ်။ ပါရမီ အိမ်ကိုလာခဲ့ပါမယ်။ ဒါပေမယ့် အဲဒီအိမ်ကို ဆရာကြီး မပိုင်ဘူးနော်။
ဆရာကြီး ။ "ဟာ " ခင်ဗှား ဘယ်လိုလုပ်သိလဲ။
ရှေ့နေ ။ အင်ဂျင်နီယာပြောတာ မှန်တယ်လေ ဆရာကြီး။ ကျွန်တော်တို့ လောကီရေးတွေ ပြောပြီးတော့ အခု လောကုတ္တရာပိုင်း ရောက်သွားပြီ။ သူက တရားသဘောနဲ့ ပြောလိုက်တာ။
ဆရာကြီး ။ ဟား ... ဟား ကောင်းတယ်။ ကောင်းတယ်။ သိပ်ကောင်းတယ်။ ရုတ်တရက်ဆိုတော့ ကျုပ်က အံ့သြသွားတာဗျို့။ အမတ်ကြီး ဦးပေါ်ဦး သေတမ်းစာမှာလို ကျုပ်လဲ လက်ဝါးဖြန့်ပြသွားရမှာပေါ့။
ကျွန်တော်ဒီလို ပြောမိသွားတာကတော့ ပါရမီမှာ အိမ်ဝယ်ပြီး ကျောက်မြောင်းက ပြောင်းသွားတာလို့ ထင် လိုက်တယ်။ ပါရမီရပ်ကွက်ဆိုတာကလဲ အိမ်ကြီးအိမ်ကောင်းတွေပါတဲ့ နာမည်ကြီးရပ်ကွက်ဆိုတော့ ၀မ်း သာပီတိဖြစ်ပြီး မုဒိတာပွားမိတာပေါ့။ ဒါပေမဲ့ အဖြစ်ကတော့ ဟစ်လို့သာ ငိုလိုက်ချင်ဆိုတာလို ကျွန်တော် ကိုယ်တိုင် လည်း အံ့သြသွားမိတယ်။ ဆရာကြီးကတော့ တရားစာတွေ ရေးနေချိန်၊ ကျွန်တော်တို့ကိုလဲ စကားတွေ ပြောအောင်တိုက်တွန်း၊ အားပေးနေချိန်မှာ ကိုယ့်ကိုယ်ယုံကြည်မှုတွေရှိလာပြီး တရားစကား လေး တစ်ခွန်းပြောကြည့်မိကာမှ အမယ်မင်း ရှေ့နေကယ်ပေလို့သာပါလား။
" ဟာ " ဆိုပြီး ဆရာကြီး အံ့သြသွားတဲ့ပုံရိပ်ကို ယခုရာပြည့် အထိမ်းအမှန်နေ့ ရောက်သည့်တိုင်အောင် အမှတ် ထင်ထင်၊ မြင်ယောင်၊ ကြားယောင်ဆဲ ဖြစ်ပါကြောင်း ဂါရ၀ပြုအပ်ပါတယ် ဆရာကြီး ဦးသုခ ခင်ဗျား။
ဇော် - ဘဇော်
ရွှေတောင်ကြီးကွယ်သည့်နှယ်
ဌေးမောင်
ဌေးမောင်
ဆရာကြီး (ဦး)သုခ၏ "မဟုတ်ဘဲနဲ့" ဟူသော ၀တ္ထုကို ကျွန်တော် မှတ်မိပါသည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက ၀တ္ထု ပါ။
မြစ်ကမ်းနားတွင် လက်ထိပ်ခတ်ထားသော လူငယ်တစ်ယောက်နှင့် ပုလိပ်သားနှစ်ယောက်၊ သင်္ဘောအလာ ကို စောင့်နေကြ သည်။ အခြားလူငယ်တစ်ယောက်က ပုလိပ်ထံခွင့်တောင်းပြီး လက်ထိပ်ခတ်ထားသည့် လူငယ် ကို အကျိုးအကြောင်း မေးမြန်းကြည့်သည်။ အဖြစ်ကသည်သို့ ရွာမှာ ကွမ်းတောင်ကိုင် မိန်းမလှ ကလေး တစ်ယောက်ရှိသည်။ ထိုမိန်းမပျိုက ယခုတရားခံဖြစ်နေသည့် လူငယ်နှင့် မေတ္တာမျှသည်။ သူကြီးသား လူမိုက် က မိန်းမပျို၏ အချစ်ကို ရအောင် အဓမ္မ ကြံစည်နေသည်။ သို့ဖြင့် မိန်းမပျို၏ ရည်းစား ကို ရှင်းပစ်ရန် ဆုံးဖြတ်ပြီး လူငယ်ကို ဓားမြှောင်ဖြင့်ထိုးသည်။ လူငယ်က ကာကွယ်သည်။ ဆွဲလားရုန်းလား ဖြစ်ရာ မှ သူကြီးသား ချော်လဲပြီး သူ့ဓားကသူ့ကို ပြန်ထိုးမိကာ သေဆုံးသွားသည်။ ထို့အတွက် လူငယ်မှာ အပြစ်မရှိ ပါဘဲလျက် လူသတ်တရားခံဖြစ်ရရှာတေ့သည်။
ဝတ္ထုက ကရုဏာရသကို ခံစားရသည်။ မမျှမတ လူ့ဘ၀ကိုလည်း မြင်ရသည်။ စစ် ကြိုခေတ် ဒဂုန်မဂ္ဂဇင်းမှ ဆရာသုခ ၏ ၀တ္ထုများကိုလည်း အမြဲမပြတ်ဖတ်ရသည်။ အများအားဖြင့် ဆရာသုခ သည် မေတ္တာဘွဲ့ အိမ်ထောင်ရေး များကို ၀တ္ထုအရေးများသည်။
၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ ကမ္ဘာကျော်ဖြစ်ရပ်ဆိုတော့ ယခုကြားဖူးသူတွေရှိပါသည်။ မှီလိုက်သူ တွေတော့ အလွန်နည်းလှပါသည်။ ထိုအရေးတော်ပုံက တပြည်လုံးကို နိုးကြားစေသည်။ ထိုအခါ မှာ ဆရာသုခက "ဗမာ့ရန်သူ" အမည်ဖြင့် လုံးချင်းဝတ္ထုရေးသားခဲ့သည်။ တစ်ကိုယ်တော် မျိုးချစ်သမားက မသမာ သူတွေကို ဆုံးမသည်။ မသမာသူဆိုသူမှာ မြန်မာနိုင်ငံတွင်းသို့ နည်းမျိုးစုံနှင့်ဝင်လာရသည့် နည်းဖြင့် ငွေရှာ၊ ချမ်းသာကြွယ်ဝလာတော့ မြန်မာမကလေးများကို ဖျက်ဆီးသည့် နိုင်ငံခြားသား အချို့ ဖြစ်သည်။ ၀တ္ထုထဲမှ မှတ်မိသမျှကလေးဖော်ပြလိုက်ပါဦးမည်။
မစ္စတာချက်တာဂျီ ခင်ဗျားလုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်ပါ။ ရှေ့ဆက်ကျူးလွန်နေလျှင် ဆုံးမ ရပါလိမ့်မည်။ ဖဲချပ်တစ်ချပ်ကို ကိုက်နှစ်ဆယ်အကွာမှာ ဒေါင်လိုက်ထောင်ထားပါ။ ကျုပ်ကမလွဲတမ်း သေနတ် ဖြင့် ပစ်နိုင်ပါတယ်။
ဆရာကြီး သုခသည် အမျိုးသားရေးကို အလေးထားပါသည်။
ကျွန်တော် မြ၀တီမဂ္ဂဇင်း၌ အယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်တော့ ဆရာကြီး သုခနှင့် ဆက်ဆံမှုများ လာပါသည်။ အလွန်ခင်မင်ရင်းနှီးလာပါသည်။ စာဆိုတော် အချိန်ကာလဆိုလဆင် အနယ်နယ်အရပ်ရပ်သို့ စာပေ ဟောပြောပွဲ ခရီးထွက်ကြရပါသည်။ ဆရာကြီးသုခ၏ စာပေဟောပြောပွဲ ပင်တိုင်အဖွဲ့မှာ ဆရာမကြီး စောမုံညင်း၊ ဆရာမြတ်ထန်၊ ဆရာကြပ်ကလေးတို့ ဖြစ်ပါသည်။ အခါအားလျော်စွာ ကျွန်တော်လည်း ရော၍ ပါတတ်သည်။ ဆရာကြီးပွဲမှာ ကျွန်တော် အနည်းဆုံးအကြိမ်သုံးဆယ်ထက် မနည်း ပါခဲ့ပါသည်။ ကျိုက်လတ်မြို့ ဟောပြောပွဲတွင် ဆရာဘိုကလေးတင့်အောင်နှင့် ဂီတလုလင်မောင်ကိုကိုတို့ အဖွဲ့လည်း ပါဝင်သည်။
" သက်တံပေါ်မှာ ကစားမယ် " သီချင်းရေးသားခဲ့သူ မောင်ဥက္ကာမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က တွံတေးမြို့တွင် ပါတီဥက္ကဌဖြစ်ပါသည်။ သူကဖိတ်ကြားသော စာပေဟောပြောပွဲတွင် ဆရာကြီး သုခ ဦးဆောင်သောအဖွဲ့တွင် ကျွန်တော်လည်းပါသည်။ ထိုပွဲမှာ မြန်မာဆိုင်းဝိုင်းကြီးပါသည်။ ဆရာကြီး ဦးသုခ သီဆိုရာ ကြားရသူတိုင်း ကြက်သီးမွေးညင်းထရပါသည်။ ထို့အပြင် ပန်းရည်ဘဏ်တိုက် သီချင်းကို ဘာသာရေး အမြင်ဖြင့် ဖွင့်ဆိုပြပါသည်။ သီချင်းစာသားတစ်ပိုင်းတစ်စမှာ "ချီလေတဲ့ ချီလေ-ဤမြေမှ ဟို တောင်တန်း ပျံသန်းလို့သာချီပါလေ-မိုးလေသာခိုက် သယ်ယူလိုက်ပါ့" စသည်ဖြစ်ပါသည်။ ဆရာကြီး သုခသည် အမျိုးသားရေးကို အလေးထားပါသည်။
ကျွန်တော် မြ၀တီမဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်တော့ ဆရာကြီး သုခနှင့်ဆက်ဆံမငများ လာပါသည်။ အလွန်ခင်မင်ရင်းနှီးလာပါသည်။ စာဆိုတော် အချိန်ကာလဆိုလျှင် အနယ်နယ်အရပ်ရပ်သို့ စာပေ ဟောပြောပွဲ ခရီးထွက်ကြရပါသည်။ ဆရာကြိး သုခ၏ စာပေဟောပြောပွဲ ပင်တိုင်အဖွဲ့မှာ ဆရာမကြီး စောမုံညင်း၊ ဆရာမြတ်ထန်၊ ဆရာကြပ်ကလေးတို့ဖြစ်ပါသည်။ အခါအားလျော်စွာ ကျွန်တော်လည်းရော၍ ပါတတ်သည်။ ဆရာကြီးပွဲမှာ ကျွန်တော် အနည်းဆုံး အကြိမ်သုံးဆယ်ထက် မနည်းပါခဲ့ပါသည်။ ကျိုက်လက် မြို့ဟောပြောပွဲတွင် ဆရာဘိုကလေးတင့်အောင်နှင့် ဂီတလုလင် မောင်ကိုကို တို့ အဖွဲ့လည်းပါ ၀င်သည်။
"သက်တံပေါ်မှာ ကစားမယ်" သီချင်းရေးသားခဲ့သူ မောင်ဥက္ကာမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် က တွံ့တေးမြို့တွင် ပါတီဥက္ကဌဖြစ်ပါသည်။ သူကဖိတ်ကားသော စာပေဟောပြောပွဲတွင် ဆရာကြီး သုခ ဦးဆောင်သော အဖွဲ့တွင် ကျွန်တော်လည်းပါသည်။ ထိုပွဲမှာ မြန်မာဆိုင်းဝိုင်းကြီးပါသည်။ ဆရာကြီး ဦးသုခ ဟောပြောရာတွင် ဘ၀သံသရာသီချင်းကို ဆိုင်းဝိုင်းကြီးဖြင့် သီဆိုရာ ကြားရသူတိုင်း ကြက်သီးမွေးညင်းထ ရပါသည်။ ထို့အပြင် ပန်းရည်ဘဏ်တိုက် သီချင်းကို ဘာသာရေးအမြင်ဖြင့် ဖွင့်ဆိုပြပါသည်။ သီချင်းစာ သား တစ်ပိုင်းတစ်စမှာ "ချီလေတဲ့ချီလေ-ဤမြေမှ ဟိုတောင်တန်း ပျံသန်းလို့သာချီပါလေ-မိုးလေသာခိုက် သယ်ယူလိုက်ပါ့" စသည်ဖြစ်ပါသည်။
မေတ္တာ စေတနာ ပညာနှင့်ပြည့်စုံသူ ဆရာကြီး သုခ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုပင်အောင်မြင်၍ ၀င်ငွေကောင်းသည်။ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ သရုပ်ဆောင်ဆု အများအပြားလည်းရရှိပါသည်။ အကယ်ဒမီရသော "ဘယ်သူပြိုင်လို့လှပါတော့နိုင်" ဇာတ်ကားမှာ မင်းကျော်၏ ၀တ္ထုဖြစ်ပါသည်။ "ရွှေခြည် ငွေခြည်တန်းပါလို့" ဇာတ်ကားမှာ ခင်လှမြင့်၏ ၀တ္ထုဖြစ်ပါသည်။ " စကားပြောသော အသည်းနှလုံး" ဇာတ် ကားတွင် ကျွန်တော်၏ ပုံပြင်ပါဝင်သည်။
၁၉၆၅ ခုနှစ်အတွက် အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ကျွန်တော်၏ "တိုက်ပွဲခေါ်သံ" ၀တ္ထုပထမရရှိရာ ဆရာကြီး သုခက ၀မ်းပန်တသာ ဖုန်းဆက်၍ စကားပြောပါသည်။ "ခင်ဗျားဝတ္ထုထဲက ဂျပန်ကင်ပေတိုင် အုအေနော ကို ခွင့်လွှတ်လိုက်တဲ့ အခန်းကို တော်တော်စဉ်းစားကြည့်တယ်။ ငါဆိုရင် ဒီလိုခွင့်လွှတ်နိုင်ပါ့ မလားဆိုတာပဲ "
ဝတ္ထုက ဖက်ဆစ်ဂျပန်တော်လှန်ရေးကြောရိုးပါ။ အုအေနောက တော်လှန်ရေးသမားများကို ရက်ရက်စက် စက် ချေမငန်းသည်။ တော်လှန်ရေးသမား ရွှေမောင်နှင့် ညီဖြစ်သူ ရွှေဆောင်ကို ဖမ်းမိထားသည်။ ရွှေ မောင်၏ မျက်စိရှေ့မှာပင် ရွှေဆောင်ကို ရက်ရက်စက်စက်သတ်ပြသည်။ ဂျပန်စစ်ရေး နိမ့်လာသည်။ တော်လှန်ရေး အရှိန်အဟုန် ကြီးမားလာသည်။ အင်္ဂလိပ်စစ်တပ်ထိုး စစ်ဆင်လာသည်။ ဂျပန်တို့ ဖရိုဖရဲ ဆုတ်ခွာရာတွင် တော်လှန်ရေးသမားတို့က အုအေနောကို ဖမ်းမိသည်။ အုအေနောမှာ ရွှေမောင်လက်ထဲ ရောက်လာသည်။ အထက်စီးရတုန်းက လုပ်ခဲ့တာတွေ သတိရတော့ အကြောက်လွန်ပြီး ရှုးသွားသည်။ အုအေနော တကယ်စိတ်ဖောက်ပြန်သွားမှန်းသိတော့ ရွှေမောင်လက်ဖျားနှင့် မတို့တော့ဘဲ အချုပ်အနှောင် မှ လွှတ်ပစ် လိုက်သည်။ ဤအကွက်ကို ကျွန်တော်က စိတ်ဓာတ်ရေးရာ မြင့်မားစေရေး ဦးတည်၍ ဖော်ကျူး ခဲ့ပါသည်။
ရုပ်ရှင်အလုပ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းလှပါသည်။ ရုပ်ရှင်ရိုက်ရာမှာ မီးချိန်။ မှန်ထိုး၊ ဖိုးကပ်လုပ်ရသည်။ ကားကူး ကားဆေး ကားဆက်ရသည်။ မျက်စိပင်ပန်းလှသည်။ အသံ တိတ်ခေတ်တုန်းက ကျွန်တော့် ၀တ္ထုကို "သူပုန်အချစ်" အမည်ဖြင့် ရွှေကို၊ ရဲမြင့်၊ ပဲခူးမယ်မြင့်တို့နှင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ မြတ်လေးအကယ်ဒမီရသော " အမုန်း၏နောက်ဝယ်" ဇာတ်ကားတွင် ကျွန်တော် မြတ်လေးနှင့်တွဲ၍ တစ် ကွက်ပါသည်။ ကျွန်တော့် ၀တ္ထု မြိုင်မာလာကို မောင်သင်၊ ဖျာပုံမယ်တင်တင်အေး၊ ခင်သန်းနုတို့နှင့် ရိုက်ကူး ရာတွင် ကျွန်တော် မောင်သင်နှင့် တွဲ၍ပါခဲ့သည်။ ၁၉၉၅ ခုနှစ်က အကယ်ဒမီငါးဆုရသော "တိုက်ပွဲခေါ်သံ" ဇာတ်ကားတွင် သီဟတင်စိုးနှင့်တွဲ၍ ပါခဲ့သည်။ ရုပ်ရှင်ကို မြည်းစမ်းသည့်သဘောပင်။
ဆရာကြီးသုခ၏ ရုပ်ရှင်သက်တမ်းနှစ် ၅၀ လောက်တွင် ကိုယ်ရောစိတ်ပါ မည်မျှပင်ပန်းလေမည်နည်း။ အကယ်ဒမီခြောက်ကြိမ်ရသည့်တိုင်အောင် ကျေးဇူးရှိသူကို မမေ့မလျော့ အေ၀မ်း ဦးတင်မောင် ကို အကြိမ် ပေါင်းများစွာ ကန်တော့ခဲ့သည်။ ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ ကိုးကွယ်ဆည်းကပ်သည်။ အမျိုးသား ယဉ်ကျေးမှု ကို အလွန်နှစ်သက်ခုံမင်သည်။
ဆရာကြီး ဦးသုခကိုယ်တိုင် စာမရေးနိုင်တော့ ဆရာကြီးက နှုတ်မှရွတ်ပြီး အခြားသူက လိုက်ရေးရသည်။ လိုက်ရေးသူ ရွေးချယ်ရပုံကို ဆရာကြီး ဦးသုခက ကျွန်တော့်ကို ပြောပြသည်။ ဆရာတော်ကြီးတစ်ပါး အိုမင်းသည့်အခါ ကိုယ်တိုင် စာမရေးနိုင်တော့၊ နှုတ်တိုက်ချပေးသည်ကို လိုက်ရေးရန် ကျောင်းစာရေးခန့် ထားရန် လူရွေးချယ်သည်။ လျှောက်ထားလာသည့်အခါ ဆရာတော်ကြီး က ရေးတော့အမှန် ဖတ်တော့ အသံ မူအရ ကျောင်းစရေးဟုမခေါ်ဘဲ " ကျောင်းစာရေး "ဟု ရရောက်ကို လျှာလိပ်သံဖြင့် ခေါ်သည်။ အလုပ် လာလျှောက်သူ က "ဖယား" ဟု ထူးလျှင် ထိုသူကို ပယ်သည်။ နောက်ဆုံးတစ်ယောက်က ရေးထားသည့် အတိုင်း "ဘုရား" လျှာလိပ်သံနှင့်ထူး မှ ထိုသူကိုအလုပ်ခန့်သည်။
ဆရာကြီး ကိုယ်တိုင် စာမရေးနိုင်လေတော့ ကျွန်တော် သွား၍ ရေးပေးလိုသည့် ဆန္ဒရှိပါသည်။ အလုပ်တာ ၀န်၊ မိသားစုတာဝန်၊ အဖွဲ့အစည်း တာဝန်များကြောင့် စိတ်သွားတိုင်းကိုယ်ပါမဖြစ်နိုင်ခဲ့ပါ။
ဆရာ့ထံတစ်ကြိမ်ရောက်လျှင် စကားပြောချိန် အနည်းဆုံး နှစ်နာရီကြာပါသည်။ စာပေ၊ ရုပ်ရှင်၊ အနုပညာ အကြောင်း ပြောမကုန်နိုင်ပါ။ ဆရာက " ကိုဌေးမောင် မကြာခဏလာဗျာ၊ ခင်ဗျားနဲ့ စကားပြောရတာ ကျုပ် စိတ်ထဲမှာ အသက်ငယ်သွားသလို ခံစားရတယ်" ဟု ပြောပါသည်။ ကျွန်တော်က " စကားပြောရရင် ဆရာ ပင်ပန်းမှာ စိုးရိမ်ပါတယ်" ဟု ပြောမိပါသည်။ ဆရာက ရွှင်လန်းစွာ ပြုံးပါသည်။
ဆရာ့ထံမှ မှတ်သားဖွယ်စကားကို သတိရမိပြန်ပါသည်။
အလွန်ညံ့သော နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတစ်ကားကို ဆရာကြည့်သဖြင့် ကျွန်တော်က " ဆရာ အဲဒီကား က သိပ်ညံ့တာပဲ၊ ဘာဖြစ်လို့ ကြည့်တာလဲဆရာ"ဟု မေးကြည့်ရာ ဆရာက "သူ ဘယ်လိုညံ့တယ်ဆိုတာ သိမှ ကိုယ်ကအဲဒီလို မညံ့အောင်ရှောင်နိုင်မှာကိုးဗျ"ဟု ဆိုပါသည်။ ကျွန်တော့်စိတ်ထဲမှ မှန်လိုက်လေဟု ရွတ်ဆိုမိသည်။
ရုပ်ရှင်သင်တန်းဖွင့်လှစ်ရာတွင် ဦးညီပု၊ အေ၀မ်းဦးတင်မောင်၊ ဦးချင်းစိန် (ရွှေညာမောင်)၊ ရွှေဒုံးဘီအောင် နှင့် ဆရာကြီး သုခတို့ ပို့ချခဲ့ကြရာမှ ဆရာကြီး၏ အဆိုအမိန့်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
" အတတ်ပညာဟူသည်မှာ အတတ်သည် လုပ်ပုံလုပ်နည်း၊ ပညာဟူသည်လုပ်ပုံ လုပ်နည်းကိုယူ၍ ကြံဆယူ ရခြင်းဖြစ်တယ်။ အတတ်ကို သင်ယူလို့ရပေမယ့် ပညာကတော့ ကိုယ်ဟာကိုယ် ကြံဆယူရမယ်၊ ကိုယ့် ခေါင်းထဲမှာ ရှိတာမျိုး၊ မြန်မာဇာတ်ကား တစ်ခုဖြစ်လာအောင် မြန်မာလိုပီပီ ပြင်ပြင်ဖြစ်အောင် ရိုက်နိုင်ရမယ်"
" ဒါရိုက်တာဟာ မြန်မာဝေါဟာရတွေ အများကြီးကြွယ်ဝဖို့လိုတယ်။ ဥပမာ၊ ဥပစာတွေ သိထားရမယ်၊ စကားကို အတိုဆုံးနဲ့ အဓိပ္ပါယ်အများကြီးပါနိုင်တာမျိုး ဖြစ်ရမယ် "
" မြန်ကောင်းသက်သာဆိုတဲ့စကား ... မြန်ရင်မကောင်းဘူး၊ ကောင်းရင် မသက်သာဘူး "
" မိမိစေတနာ ပညာနဲ့ ကိုယ်တိုင် ပြန်ပြချင်တာတွေ ပြတတ်ရမယ် "
ကောင်းရာသုဂတိမှ ဆရာကြီး (ဦး)သုခကို အနူးအညွတ် ဦးခိုက်ပါသည်။
ဌေးမောင်
.
1 comment:
တန်ဖိုးရှိသောစာလေးအတွက် ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါမမရေ..
Post a Comment