အခန်း (၆)
ဂျိုနသန် သည် နံနက်စာ စားပြီးသွားသည့် သူ၏ပန်းကန်များကို အထူဂရုစိုက်ပြီး သပ်ရပ်သန့်ရှင်းစွာ ဆေးကြော သုတ်သင်သည်။ ကြက်ဥကြော်သည့် ဒယ်အိုးကို တိုက်ချွတ်ဆေးကြောသည်။
ပြီးတော့ မီးဖိုချောင် ကြမ်းပြင်ကို တံမြက်စည်းလှည်းသည်။
အယ်မလီ သည် သူ့ပင်ကို စရိုက်ကိုက အလွန်သပ်ရပ် သန့်ရှင်းသည်။ ထိုသို့ သပ်ရပ် သန့်ရှင်း အောင် လည်း တမင်အားစိုက်ပြီး လုပ်နေသည့်ပုံမျိုး မဟုတ်။ အလိုလိုပင် သပ်ရပ် သန့်ရှင်းအောင် ပြုလုပ်နေထိုင် သွားသည့် သဘောမျိုးဖြစ်လေသည်။
အယ်မလီ နှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းနေထိုင်ခဲ့ရသောကြောင့် ဂျိုနသန်သည်လည်း သပ်ရပ် သန့်ရှင်း စွာ နေထိုင်သည့်အကျင့် အရိုးစွဲနေလေတော့သည်။
အ၀တ်အစားများကို ဗီရိုထဲမှာ ချိတ်ဆွဲထားတတ်သည်။ လျှော်ပြီးအ၀တ်များကို ကောင်းစွာခြောက် သွေ့ စေသည်။
အဖော်မပါ တစ်ယောက်တည်း စားသောက်ပြီးသောအခါတိုင်းတွင်လည်း ပန်းကန် ခွက်ယောက် များကို သန့်ရှင်း သပ်ရပ်စွာ ဆေးကြောကာ ပြောင်လက်နေအောင် တိုက်ချွတ်ထားတတ်မြဲဖြစ်ပါ သည်။
ဗုဒ္ဓဟူး နေ့တိုင်း အိမ်သန့်ရှင်းရေးလာလုပ်ပေးသည့် အမျိုးသမီးတစ်ယောက်ကို ငှားထားသည်။ ထို အလုပ်သမား ၏ မသေသပ်မှုများလည်း အသေးစိတ် သူ မြင်တတ်သည်။
သန့်ရှင်းရေးအလုပ်သမား ပြန်သွားသောအခါ မသပ်မရပ်ဖြစ်ကျန်နေသည်များကို သူကိုယ်တိုင် စိတ်ရှည် လက်ရှည် သန့်ရှင်းရေး လုပ်တတ်လေသည်။
ထို့ကြောင့်လည်း သူ့တစ်အိမ်လုံးမှာ သန့်ရှင်း သပ်ရပ်ကာ ဖိတ်ဖိတ်တောက် နေခြင်းဖြစ်သည်။
သူနှင့် အယ်မလီ သည် နယူးယောက်မြို့မှာ နေခဲ့ကြသည်။ အလုပ်မှ ပင်စင်ယူပြီးသောအခါ သူတို့ လင်မယား ကိပ်ကော့မှာ သွားရောက်နေထိုင်ကြရန်လည်း တိုင်ပင်သဘောတူထားခဲ့ကြပြီး ဖြစ် သည်။ အိတ်တစ်လုံး ကို ပင် အဆင်သင့် ၀ယ်ယူထားပြီးဖြစ်လေသည်။
ကိပ်ကော့သို့ ရောက်ပြီးအခြေချနေထိုင်သောအခါတွင် ဘယ်လိုနေမည်။ ဘာတွေလုပ်မည်ကအစ သူတို့ လင်မယား အသေးစိတ် တိုင်ပင်ထားခဲ့ကြသည်။
"ကိပ်ကော့ ကို ရောက်ရင် ဘာသာ ကို နေ့တိုင်းသန့်ရှင်းရေး လုပ်ခိုင်းလို့တော့ ရမှာမဟုတ်ဘူး"ဟု ဂျိုနသန် က ပြောသည်။
"ကျွန်မတို့ ဟိုပြောင်းတဲ့အခါမှာ ဘာသာလဲ အနားယူလောက်ပါပြီရှင်၊ ဒါကြောင့် ရှင့်ကိုပဲ ကျွန်မရဲ့ သန့်ရှင်းရေး လက်ထောင် တာဝန်တွေကို ပေးရတော့မယ်။ သန့်ရှင်းရေးလုပ်ဖို့ လူငှားကို တစ်ပတ် မှာ တစ်ရက်လောက် ငှားရင် လုံလောက်ပါပြီ"
"ဟိုရောက်ရင် ဘိုင်စကယ်တစ်စီးလောက် ၀ယ်ရမယ်၊ ဘိုင်စကယ်နဲ့ ရုံးတက်တာကိုသိရင် ကိုယ့် အမှုသည် တွေ ကတော့ ရယ်ကြမှာပဲ"
"ကိပ်ကော့ကိုရောက်ရင် ရှင် စာရေးဖို့ ကောင်းတယ်၊ ပင်စင်ယူပြီး ဘာမှမလုပ်ရင် အချိန်တွေ အလကား ပို နေမယ်လေ"
ထိုအကြောင်းများကို ပန်းကန်ဆေးရင်း၊ သန့်ရှင်းရေးလုပ်ရင်း ဂျိုနသန်ပြန်လည်သတိရကာ ပြောဆို ခဲ့ကြသည့် စကားများကိုပါ ကြားယောင်နေမိသည်။
ဂျိုနသန် က သက်ပြင်းရှည်ကြီးချရင်း ပန်းကန်မှ ရေများသုတ်နေသည့်အ၀တ်ကို စင်ပေါ်သို့ လှမ်း တင်ထား လိုက်သည်။
မနက်တုန်းက နန်စီနှင့် သူ့ကလေးများကို ပြတင်းပေါက်မှ တဆင့် လှမ်းမြင်ခဲ့ရသည့်အတွက် သူ့ စိတ်ထဲမှာ စနိုးစနောက်ကြီး ဖြစ်နေသည်။ ဘာကြောင့်မှန်းလည်း မသိ။
ရာသီဥတု ဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်။ ရှည်လျားသည့် ဆောင်းရာသီအစပျိုးပြီဖြစ်သောကြောင့် စိတ် တွေ ကယောက်ကယက်ဖြစ်တာမျိုးဟု ဆိုနိုင်မည်လားမသိ။
မည်သို့ဆိုစေ၊ စိတ်ထဲမှာတော့ ထင့်တင့်တင့် ဖြစ်နေသည်။
သူ စိတ်အေးသက်သာ မနေနိုင်။ စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေသည်။ တစ်စုံတစ်ခုက ဒုက္ခ ပေးသလို ဖြစ်နေသည်။
စိတ်ကို အတတ်နိုင်ဆုံးထိန်းပြီး စာရေးစားပွဲမှာသွားထိုင်သည်။ ဟာမွန် ၏ အမှုအကြောင်း အခန်း သစ်ကို သူ အရမ်းရေးချင်နေပြီ။
သုံးလေးနှစ်လောက်စောပြီး ငါ ပင်စင်ယူခဲ့မိရင် ကောင်းမှာပဲဟု တွေးလိုက်မိသည်။
ယခုတော့ အယ်မလီ နှင့် သည်အရပ်မှာ အတူမနေလိုက်ရ။
သူ ပင်စင်မယူမီမှာပင် အယ်မလီ ဆုံးသွားသည်။ ထို့ကြောင့် သူ ပင်စင်တင်သည်။ နယူးယောက် က အိပ်ခန်း ကို ရောင်းသည်။ အိမ်သန့်ရှင်းရေး အလုပ်သမ ဘာသာကိုလည်း အနားယူခိုင်းလိုက် သည်။
ပြီးတော့ မူလစီစဉ်ထားသည့်အတိုင်း ကိပ်ကော့သို့ပြောင်းလာခဲ့သည်။ အယ်မလီ ကို တော်တော်နှင့် အလွမ်း မပြေနိုင်။ တစ်ယောက်တည်း တော်တော်နှင့် နေသားမကျနိုင်။
ယခုမှ အထိုက်အလျောက် နေသာထိုင်သာရှိသည်ဟု ဆိုနိုင်ရုံပင်။
ယခုတော့ သူ စာအုပ် တစ်အုပ်ရေးနေပြီ။ သူ့အတွေ့အကြုံများအကြောင်းကို ရေးခြင်းဖြစ်သည်။
ထိုစိတ်ကူးရစတုန်းက သူ့သူငယ်ချင်း ကေဗင်ပတ်ကို သူ့ဆီသို့ ရုံးပိတ်ရက် လာရောက်အနားယူ ရန် ဖိတ် သည်။
ကေဗင်ပတ်သည် သုတေသနသမားတစ်ယောက်ဖြစ်သည်။ ဘာကိုမဆို အလွန်တရာလည်း တိကျ သေချာ သူဖြစ်သည်။
ဂျိုနသန် က သူ စာအုပ်တစ်အုပ်ရေးလိုကြောင်းနှင့် ရေးမည့်အကြောင်းအရာကို ပြောပြတိုင်ပင် သည်။
အငြင်းပွား ခဲ့ရသော ရာဇ၀တ်မှု ဆယ်မှုအကြောင်းကို ရေးသားရန် သူ ရွေးချယ်ထားလေသည်။
ထို ရာဇ၀တ်မှု များနှင့်ပတ်သက်၍ လိုအပ်သည့် သုတေသနအမှုများကို သူ့စာအုပ်အတွက် ပြုလုပ် ပေးရန်လည်း ဂျိုနသန်က ပြောသည်။
ဂျိုနသန်ရေးမည့် ရာဇ၀တ်မှုဆယ်မှုနှင့် ပတ်သက်၍ ရနိုင်သမျှသော အထောက်အထားများ၊ တရား ရုံးတော်၏ စစ်ဆေးချက်များ၊ စီရင်ချက်များ၊ သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည့် သတင်းများ၊ ဓာတ်ပုံများ ထိုအမှုများနှင့်ပတ်သက်၍ စိတ်ဝင်စားသူတို့၏ ထင်မြင်ချက်များ၊ ပြောဆိုချက်များကို သုတေသန ပြုလုပ်ပေးရန် ဖြစ်သည်။
ထိုသို့ ရရှိလာသည့်အချက်အလက်များကို ဂျိုနသ်က အသေိးစတ် စေ့စေ့စပ်စပ် လေ့လာဖို့၊ နောက် ပြီးတော့ ရေးသားမည့် ပုံသဏ္ဍာန်ကို ရွေးချယ်ဖို့၊ အမှုနှင့် ပတ်သက်၍ ရုံးတော်က တစ်မျိုးတစ်ဖုံ စီ ရင်ချက် ချမှတ် ထားမည်မှာ မှန်သော်လည်း သူ၏ကိုယ်ပိုင် သုံးသပ်ချက်များကို ထည့်သွင်းရေးသား ဖို့ အသေးစိတ် အစီအစဉ် များ ချထားလေသည်။
စာအုပ်အမည် ကို "သံသယပြွမ်းသော စီရင်ချက်များ"ဟု ပေးထားသည်။
သူ၏ကမ်းလှမ်းချက်ကို ကေဗင်ပတ်က လက်ခံသွားသည်။
ယခု ထိုစာအုပ်ကို သူ ရေးနေသည်မှာ အခန်း သုံးခန်းပင် ပြီးဆုံးသွားပြီဖြစ်သည်။
ပထမဆုံးအခန်းသည် "ဆမ်ရှက်ပတ်အမှု"ဖြစ်သည်။ သူ၏ထင်မြင်ချက်သည် ဆမ်တွင် အပြစ်မရှိ ချေ။ ထိုအတိုင်း လည်း ပွင့်ပွင့်လင်းလင်း ရေးသည်။ ပြီးတော့ သူ၏ရှုမြင် သုံးသပ်ချက်ကို အသေး စိတ် ဖော်ပြ ထားသည်။
ဆမ်ရှက်ပတ်ကို ရုံးတော်က လူသတ်မှုနှင့် စီရင်ချက်ချသော်လည်း ဟာကွက်ပေါင်းများစွာကို ဂျိုနသန်က ထောက်ပြ သည်။ ဆမ်သည် လူသတ်မှုကျူးလွန်ခြင်းမရှိ။ လင်ရှိမယားနှင့် ဖောက်ပြား ခြင်းသာ ဖြစ်သည် ဟုလည်း သူ၏ကောက်ချက်ကို အတည့်အလင်း ဖော်ပြသည်။
အခြားအမှုများတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ တရားရုံးတော်နှင့် သူ၏အယူအဆကွဲလွဲချက် များကို အကျိုး အကြောင်း ပြည့်စုံစွာ ဖော်ပြကာ ရေးသားခြင်း ဖြစ်လေသည်။
ယခု ဧရာမစားပွဲကြီးမှာ သူထိုင်သည်။ စားပွဲပေါ်မှာ စာရွက်စာတမ်းများ၊ ဖိုင်တွဲများကို လိုအပ်သည် ထက် သပ်ရပ်စွာ ထားသည်။ ဖိုင်တွဲတိုင်းတွင် သက်ဆိုင်ရာ အမှုတွဲအမည်များ ရေးထိုးထားသည်။
အဆင့်သင့် ထုတ်ထားသည့် ဖိုင်တွဲပေါ်တွင် "ဟာမွန်အမှု"ဟု စာတန်းရေးထိုးထားသည်။
ယမန်နေ့ကမှ စာတိုက်က ပို့ပေးသွားသော စာအိတ်တစ်အိတ်လည်းရှိသည်။ ကေဗင်ထံမှ ပေးပို့ လိုက်သော စာဖြစ်သည်။ ထိုစာတွင်-
ဂျိုနသန် ဒီအမှု ကိုတော့ မင်း အင်မတန် သဘောကျမှ ငါ သေသေချာချာ သိနေတယ်။ တရားခံဟာ တရားလို ဘက်က ထင်တိုင်းပစ်ခတ် တိုက်ခိုက်လို့ရတဲံ အနေအထားမှာ ရှိ နေခဲ့တယ်။ နားနေတဲ့ ဘဲတစ်ကောင် လို ပစ်မလွဲကြီးဘဲ။ သူ့ယောက်ျားကိုယ်တိုင်က လည်း ဂျူရီလူကြီးတွေရှေ့မှာ သူ့ကို အပြစ်ဖို့ ခဲ့တယ်။
အခုတော့ အရေးကြီးတဲ့ အဓိက သက်သေပျောက်နေတယ်။ သက်သေပြန်ပေါ်လာလို့ ဒီ အမှုကို ပြန် စစ်မယ် ဆိုရင် တရားခံအမျိုးသမီးအနေနဲ့ ကျကျနန ပြန်လည်ခုခံနိုင်ကောင်း ပါရဲ့။
တရားခံ အမျိုးသမီး ဘယ်ရောက်နေတယ်ဆိုတာ ခရိုင်ရှေ့နေရုံးကတော့ သိကြတယ်။ ဒါ ပေမယ့် ဘယ်မှာ နေကြောင်း သူတို့ဆီက နည်းနည်းလေးမှ အစ်လို့ အောက်လို့မရဘူး။
ငါ သိရသလောက်တော့ အရှေ့ဘက်ပိုင်းမှာ အဲဒီအမျိုးသမီးရှိနေတယ်ဆိုတာပါပဲ။
ဂျိုနသန်သည် အထူးစိတ်လှုပ်ရှားစွာဖြင့် ဖိုင်တွဲကိုလှန်လိုက်သည်။ သူ အထူးတလည် စိတ်ဝင်စား သည့် အမှု တစ်မှုကို ကိုင်တွယ်တိုင်း ထိုအတိုင်း စိတ်လှုပ်ရှားမြဲဖြစ်သည်။
ကေဗင်ထံမှ သုတေသနပြုချက်များ ရောက်မလာသေးဘဲ မည်သည့်အမှု့ကိုမှ သူ ကြိုတင် အကဲ ဖြတ်လေ့ မရှိချေ။
သို့သော်လည်း ဟာမွန်အမှုနှင့် ပတ်သက်၍ကား ထိုသို့ မဟုတ်တော့ပြီ။
လွန်ခဲ့သည့် ခြောက်နှစ်ခွဲ၊ ခုနစ်နှစ်ောက်က ထိုအမှုကို ဟိုးလေးတကြော် စစ်ဆေးခဲ့ကြသည်။ ထိုစဉ် ကတည်းက သူ အထူး စိတ်ဝင်စားခဲ့သည်။
အမှုအကြောင်း သတင်းစာများထဲတွင် ဖတ်ခဲ့ရသည်။ ထိုစဉ်ကတည်းက လွတ်ကွက်၊ ဟာကွက် ပေါင်း များစွာကို သူ သတိထားမိခဲ့သည်။ သူ့ခေါင်းထဲမှာလည်း အမှုနှင့်ပတ်သက်သည့် မေးခွန်း ပေါင်းများစွာ ပေါ်ခဲ့သည်။
ထိုစဉ်တုန်းက ပေါ်ခဲ့ဖူးသည့် မေးခွန်းများ၊ သံသယများကိုပင် ယခုလည်း အခြေခံရပေမည်။
သူ မှတ်မိသမျှ ပြန်စဉ်းစားသည်။
နန်စီဟာမွန် သည် ကလေးများ ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ လုံးဝထုတ်ဖော်အစစ်ခံခြင်း မရှိသည် ကို သူ မှတ်မိနေသည်။
ဟာမွန်အမှု ဖိုင်တွဲကို ယူပြီး ဖွင့်ကြည့်သည်။
အမှုစစ်ဆေးစဉ်အချိန်အတွင်း ရိုက်ယူထားသည့် နန်စီဟာမွန်၏ဓာတ်ပုံများလည်းပါသည်။
နန်စီဟာမွန် သည် ကိုယ်လုံးကိုယ်ထည် သေးသေးသွယ်သွယ်နှင့် အလွန်တရာချောမောလှပသည့် မိန်းကလေး ဖြစ်သည်။ ဆံပင်က ခါးကို ဖုံးလောက်အောင် ရှည်လျားသည်။
လူသတ်မှု များကို သူ ကျူးလွန်ချိန်က သူ့အသက် ၂၅ နှစ်ရှိပြီဟု သတင်းစာများက ရေးကြသည်။ သို့သော်လည်း သူ့ကိုကြည့်ရသည်မှာ ထိုထက်ပိုပြီး အများကြီးငယ်သည်ဟု ထင်ရသည်။ ဆယ် ကျော်သက် အရွယ်လောက်ပဲ မှတ်ထင်ရသည်။
သူ ၀တ်စားဆင်ယင်ပုံမှာလည်း နုပျိုလွန်းလှသည်။ ကလေးလေးတစ်ယောက်နှင့် အရမ်းပိုတူနေ သည်။ ကလေး အလွန်ဆန်သည်။ နဂိုက ကလေးနှင့် တူရသည့်ကြားတွင် အ၀တ်အစားကြောင့် ပိုပြီး နုပျို သွားပြန်သည်။
ထိုသို့ ကလေးလေးနှင့်တူနိုင်သမျှ တူအောင်ဝတ်ဆင်ဖို့ သူ့ရှေ့နေက အကြံပေးကောင်း ပေးထား လိမ့်မည် ဟု ဂျိုနသန် ထင်သည်။
ရယ်စရာ တော့လည်း ကောင်းသည်။
ထိုအမှု ကို ရေးဖို့ စိတ်ကူးရသည့်အချိန်မှစ၍ နန်စီဟာမွန်ကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု သူ့ စိတ်ထဲ မှာ ခံစားနေရသည်။
သူ့ရှေ့စားပွဲပေါ်တွင် ဖြန့်ချထားသည့် ဓာတ်ပုံများကို သူ စိုက်ကြည့်နေသည်။
မှန်ပါသည်။
နန်စီဟာမွန် ပျိုမျစ်နုနယ်ပုံမှာ ရေးအဲလ်ဒရက်ခ်ျ ၏ ဇနီးသည်နှင့် တူလွန်းလှသည်။
ထို့ကြောင့်လည်း တစ်နေရာရာမှာ သူ မြင်ဖူးသည်ဟု ထင်မိနေခြင်းဖြစ်နိုင်သည်။
ပုံသဏ္ဍာန်ချင်းကတော့ တခြားစီဖြစ်ပါသည်။ သို့သော်လည်း ကမ္ဘာလောကကြီးသည် ကျဉ်းကျဉ်း ကလေး ဖြစ်ရာ လူသတ်မှုနှင့် တရားစွဲခံရသူ နန်စီဟာမွန်နှင့် ရေးအဲလ်ဒရက်ခ်ျ၏ဇနီးသည်တို့သည် ဆွေမျိုး များလည်း ဖြစ်ချင်ဖြစ်နေနိုင်သည်။
ဖိုင်တွဲထဲရှိ ပထမဆုံးစာမျက်နှာပေါ်သို့ သူ့မျက်လုံးများ ပြန်ရောက်သွားသည်။ နန်စီဟာမွန်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို ရေးသားပေးထားသည်။
နန်စီဟာမွန် ကို ကာလီဖိုးနီးယားပြည်နယ်တွင် မွေးဖွားပြီး အိုဟိုင်းယိုးတွင် ကြီးပြင်းကြောင်း ဖော်ပြ ထားသည်။
ဒါဆိုလျှင်တော့ တခြားစီဖြစ်သွားသည်။ ဘယ်နည်းနှင့်မှ ဆွေမျိုးမတော်နိုင်။
ရေးအဲလ်ဒရက်ခ်ျ ၏ ဇနီးသည် ဗာဂျီးနီးယားပြည်နယ်မှဖြစ်သည်။ သူတို့မိသားစုနှင့် ဒေါ်ရော်သီတို့မှာ အိမ်နီးနားချင်း များဖြစ်သည်ဟု ဆိုသည်။
ဒေါ်ရော်သီ သည် ရေးအဲလ်ဒရက်ခ်ျ၏ရုံးမှာ အလုပ်လုပ်နေသော အမျိုးသမီးကြီးဖြစ်သည်။ ရုပ်ရည် ချောမော သည်။
ဂျိုနသန်က သူတို့ရုံးသို့ မကြာခဏ၀င်သွားတတ်သည်။ များသောအားဖြင့် ဘော့စတွန်မြို့ထုတ် ညနေ သတင်းစာ သွားယူရန် ညနေ ငါးနာရီလောက်တွင် ရောက်သွားတတ်သည်။
ရေးက မြေနှင့်အိမ်များ ၀ယ်ယူရင်းနှီးရန် အကြံပေးလေ့ရှိသည်။ သူ ပေးသည့်အကြံများသည် အလွန်တရာ လျော်ကန် သင့်မြတ်ကြောင်း ဂျိုနသန် သိပါသည်။
နောက်ပြီးတော့ မြို့ရေးရွာရေးများတွင် ဂျိုနသန်ပါဝင်ဆောင်ရွက်လာစေရန်လည်း ရေးက စည်းရုံး တတ် သည်။
ထိုကစပြီး သူတို့ချင်း အလွန်ရင်းနှီးသွားကြတော့သည်။ ဂျိုနသန်သည် ရေးတို့၏ရုံးသို့ လိုအပ်သည် ထက် ပင် ပို၍ အရောက်အပေါက်များနေပြီဖြစ်ကြောင်း သူ့ကိုယ်သူလည်း သတိထားမိလေသည်။
ထိုသို့ ရောက်သွားသည့်အခါတိုင်း၊
"အတော်ပဲဗျာ၊ ကျွန်တော်တို့ရုံးဆင်းခါနီး သောက်တဲ့ လက်ဖက်ရည်ပွဲနဲ့ လာတိုးနေတယ်"ဟု ရေး က ပြောစမြဲ ဖြစ်သည်။
ပြီးတော့ ဒေါ်ရော်သီကိုပါခေါ်ပြီး၊ သူတို့သုံးယောက် လက်ဖက်ရည်သောက်ကြမြဲဖြစ်လေသည်။
ဂျိုနသန် ကြိုက်တတ်သည့်အစားအစာများ ရေး၏ရုံးမှာ အမြဲတမ်း ရှိနေတတ်သည်။
ထို့ကြောင့်လည်း သူတို့အကြိုက်ချင်း တူနေကြရာ သုံးယောက်သား စကားတပြောပြောနှင့် စားကြ သောက်ကြရာ နာရီဝက်လောက်တော့ ကြာမြင့်တတ်သည်။
ဒေါ်ရော်သီ က ရယ်စရာ မောစရာများ ပြောတတ်သည်။
သူ့မိသားစု သည် ပြဇာတ်ထဲက ဖြစ်သည်။ သူကိုယ်တိုင်လည်း ပြဇာတ်ထဲမှာ ၀င်ကဖူးသည်။ အနယ်နယ် အရပ်ရပ် သို့ ဇာတ်အဖွဲ့နှင့် ရောက်ဖူးသည်။
သူ့ရည်ရွယ်ချက်မှာ ပြဇာတ်မင်းသမီးလုပ်ရန်ဖြစ်သည်။
သို့သော်လည်း အိမ်ထောင်ကျသောအခါ ပြဇာတ်ဆက်မကဖြစ်တော့။
ဗာဂျီးနီးယားပြည်နယ်မှာ အခြေချခဲ့သည်။
သူ့ယောက်ျား ကွယ်လွန်သွားတော့ ကိပ်ကော့သို့ ပြောင်းရွှေ့လာသည်။
မူလရည်ရွယ်ချက်က ကိပ်ကော့မှာ အိမ်တွင်းအလှပြင်သည့် လုပ်ငန်းလုပ်ဖို့ဖြစ်သည်။
ရေးနှင့် တွေ့သောအခါ ကိုရည်ရွယ်ချက်လည်း ပျက်ပြားရပြန်လေသည်။ ရေးနှင့်အတူ အိမ်ပွဲစား၊ မြေပွဲစား အလုပ် ထဲမှာ နစ်မြုပ်နေတော့သည်။
"အိမ်နဲ့ မြေပွဲစားအလုပ်မှာတော့ ဒေါ်ရော်သီ သိပ်တော်တယ်"ဟု ရေးက ပြောဖူးသည်။
အိမ်မြေလိုချင်သူများ အိမ်မြေရအောင်၊ အိမ်မြေရောင်းချင်သူများ အလွယ်တကူ ရောင်းထွက် အောင် အလွန် ကျွမ်းကျင် လိမ္မာစွာ စွမ်းဆောင်နိုင်သူဖြစ်လေသည်။
ပို၍ပို၍ ရင်းနှီးလာသောအခါ ဒေါ်ရော်သီကို ညစာဖိတ်ကျွေးဖို့ ဂျိုနသန် စဉ်းစားမိတော့သည်။
သူလည်း မုဆိုးမ၊ ကိုယ်လည်း မုဆိုးဖိုဆိုတော့အကြောင်းသင့်လျှင်လည်း ဘ၀ခရီးဖော် ဖြစ်သွားနိုင် သည်။
တနင်္ဂနွေ နေ့ များသည် ရှည်လျားလွန်းလှသည်ဟု ထင်မှုတ်ရသည်။ ဂျိုနသန်လို အထီးကျန်ဖြစ်သူ အဖို့ ပိုဆိုးသည်။
ထို့ကြောင့် တနင်္ဂနွေနှစ်ရက်လောက် ဒေါ်ရော်သီကို ဖုန်းဆက်ဖို့ သူ စိတ်ကူးဖူးသည်။ ဖုန်းကို ကောက်ကိုင် သည် အထိ ဖြစ်ခဲ့သည်။ သို့သော်လည်း သူ့စိတ်ကို သူထိန်းခဲ့သည်။
သိပ်ပြီး အလျင်မလိုချင်သေး။
နောက်တစ်ကြောင်းက သူတို့နှစ်ယောက် စိတ်သဘောထားချင်း တိုက်ဆိုင်ပါ့မလားဆိုသည်ကို စဉ်းစားရ သေးသည်။
ဂျိုနသန်သည် အယ်မလီနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းနေထိုင်ခဲ့သူဖြစ်လေရာ တော်ရုံမိန်းမတစ် ယောက် နှင့် အထာကျချင်မှ ကျပေမည်။
အယ်မလီ သည် အလွန်မိန်းမဆန်သည့် မိန်းမဖြစ်လေရာ သူ ပုံသွင်းပေးလိုက်သော ဂျိုနသန်သည် တော်ရုံ မိန်းမ နှင့် အချိုးပြေချင်မှ ပြေပေလိမ့်မည်။
ဂျိုနသန် က သူ့စိတ်ကို သူပြန်ထိန်းလိုက်သည်။
ယနေ့ တစ်မနက်လုံး သူ့စိတ်တွေ ပြန့်လွင့်နေသည်။
ဘာကြောင့်များ ဒါလောက်တောင် ပြန့်လွင့်နေပါလိမ့်ဟု ဆင်ခြင်ကြည့်သည်။
ဟာမွန်အမှုကို စိတ်မရောက်နိုင်ဘဲ ဘာကြောင့် အခြားအကြောင်းများဆီသို့ စိတ်လွင့်နေရသလဲ။
ဆေးတံ ထဲ ဆေးထည့်ပြီး မီးညှိသည်။ ဖိုင်တွဲကို ကောက်ကိုင်သည်။
ကုလားထိုင် နောက်မှီပေါ်သို့ မှီချသည်။ ပထမဆုံး စာမျက်နှာများကို လှန်လိုက်သည်။
တစ်နာရီ နှင့် ဆယ့်ငါးမိနစ်ကြာသွားသည်။
တိုင်ကပ် နာရီ မှ စက်သံနှင့် ပြတင်းပေါက်ကလေးများထဲမှ လေတိုးဝင်နေသည့်အသံမှတစ်ပါး အခန်းထဲမှာ တိတ်ဆိတ် နေသည်။
ဂျိုနသန်သည် အမှုတွဲကို ဖတ်ကြည့်နေရင်း မကြာခဏဆိုသလို မယုံကြည်နိုင်ဘဲ နှာခေါင်းရှုံ့မိ သည်။
နောက်ဆုံးမှာတော့ မျက်မှောင်ကြီးကုပ်ပြီး စဉ်းစားနေသည်။
စာရွက်စာတမ်းများကို စားပွဲပေါ်မှာ ပြန်ချသည်။ ထိုင်နေရာမှထပြီး မီးဖိုချောင်ဆီသို့ ကော်ဖီဖျော် ရန် ခပ်ဖြည်းဖြည်း လျှောက်သွားသည်။
ဟာမွန်အမှုထဲမှာ မသင်္ကာစရာအချက်အလက်တွေအများကြီး တွေ့နေရသည်။
သူ့စိတ်ထဲ မှာ စနိုးစနောင့်ဖြစ်စရာတွေ ပိုများလာသည်။
ယခုဖတ်ရှုပြီးစီးသမျှထဲတွင် မြှုပ်ကွက်တစ်ခုခု ရှိနေသည်ဟု ထင်ရသည်။
အမှုသွား အမှုလာသည် ရိုးရိုးတော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။
အမှိုက်သရိုက် တစ်စက်မရှိ ဘဲ အလွန်သန့်ရှင်းသပ်ရပ်နေသည့် မီးဖိုချောင်ထဲသို့ ရောက်လာသည်။ ရေနွေးအိုး ထဲသို့ ရေတစ်ဝက်ထည့်ပြီး တည်သည်။
ရေနွေး အဆူစောင့်ရင်း အိမ်ရှေ့သို့ ထွက်ခဲ့သည်။
"ကိပ်ကော့ ကွန်မြူနီတီ သတင်းစာ"ရောက်နေသည်ကို တွေ့ရသည်။
သတင်းစာယူပြီး ချိုင်းကြားညှပ်ကာ မီးဖိုချောင်ထဲသို့ ပြန်လာသည်။
ရေနွေး ဆူနေပြီ။ ကော်ဖီဖျော်သည်။ ကော်ဖီကို တစ်ကျိုက်ချင်း သောက်ရင်း သတင်းစာကို တစ် ရွက်ချင်း လှန်သည်။
ကော်ဖီကုန်ခါနီးတွင် သတင်းစာ၏ဒုတိယကဏ္ဍကို လှန်မိလျက်သား ဖြစ်နေသည်။
ပါးစပ် ဆီသို့ မြှောက်ယူလိုက်သည့် ကော်ဖီပန်းကန်မှာ လမ်းခုလတ်တွင် ရပ်သွားသည်။
ရေးအဲလ်ဒရက် ၏မိန်းမဓာတ်ပုံကို ကြည့်ရင်း မှင်တက်မိသွားလေ။
သူ သဘောပေါက်သွားသည်။
နောက်ပြီးတော့ အချက်နှစ်ချက်ကိုလည်း သူ ၀မ်းနည်းစွာဖြင့် လက်ခံလိုက်ရတော့သည်။
ပထမအချက် မှာ နန်စီ ကို ကလေးဘ၀ကတည်းက ဗားဂျီးနီးယားပြည်နယ်တွင် သိကျွမ်းခဲ့ပါသည် ဟု ဒေါ်ရော်သီ ပြောခြင်းသည် လိမ်ညာပြောခြင်း ဖြစ်ကြောင်းနှင့်…
ဒုတိယအချက်မှာ တရားဥပဒေကြောင်းနှင့် ပတ်သက်၍ နန်စီအဲလ်ဒရက်ခ်ျဘက်မှ သူ အစွမ်းရှိသမျှ လိုက်ပါ ဆောင်ရွက်ပေးရတော့မည်ဖြစ်ကြောင်း အလိုလို ဆုံးဖြတ်လိုက်မိခြင်း ဖြစ်လေသည်။
နန်စီအ်ဲလဒရက်ခ်ျ နှင့် နန်စီဟာမွန်တို့သည် တစ်ယောက်တည်းများ ဖြစ်လေမလားဟု တစ်ချိန်လုံး သူ သံသယ ဖြစ်နေခဲ့ရသည်မှာ ယခုတော့ လုံးဝ ရှင်းလင်းသွားချေပြီ။
အခန်း (၇) ဆက်ရန်
.
1 comment:
နန်စီအ်ဲလဒရက်ခ်ျ နဲ့ နန်စီဟာမွန် တစ်ယောက်ထဲ ဖြစ်နေပြီ ထင်တယ်.. သိချင်လှပြီမမ..:)
မမရေ ကျေးဇူးပါလို့ မြန်မြန် တင်ပေးလို့..:)
Post a Comment