ဖန်ဆင်းရှင် ဘဘဦးသုခ
နွယ် (မြန်မာစာ)
နွယ် (မြန်မာစာ)
"ဂျူတီချိန် အချိန်မီမရောက်လို့ မရောက်ဘူးလို့ပြောတာ ငါမှားသလားဟာ ပြီးတော့ သူ့ကို အပြစ်ရအောင် ပြောတယ်တဲ့ သက်သက်ယုတ်မာတာတဲ့၊ နင်တို့ပဲ စဉ်းစားကြည့် ဆရာကြီးကမေးလို့ ငါက အမှန်အတိုင်း ပြောတာ၊ သူ့ကို အပြစ်ရပါစေဆိုတဲ့ စိတ်ဆန္ဒမျိုး ငါ့မှာ လုံးဝ မရှိဘူး။ အဲဒါကြောင့် ငါယုတ်မာတာ မဟုတ်ဘူး၊ မရောက်ဘဲနဲ့တော့ ရောက်တယ်လို့ ငါလိမ်မပြောနိုင်ဘူး၊ ငါ မုသာဝါဒါ မကျူးလွန်နိုင်ဘူး"
ဒေါသတကြီး ဖြေရှင်းနေသော ဒေါ်ခတ္တာဝင့် ခေါ် ခတ္တာကို ကြည့်ရင်း အညိုခေါင်းကို အသာအယာ ရမ်းနေ မိသည်။
"အေးပါ နင်ကံငါးပါးလုံအောင် ထိမ်းတယ်ဆိုတာ ငါ လက်ခံပါတယ်။ ဒေါ်နီနီမာ့ အပေါ် မယုတ်မာဘူးဆို တာလဲ ငါ ယုံတယ်။ ဒါပေမဲ့ ဆရာကြီး က ဒေါ်နီနီမာ ဂျူတီအချိန်မီ မရောက်ဘူးလားလို့ ပြောတဲ့ နမိတ်ပြ မေးခွန်း က နင့်ကို မေးတာမှ မဟုတ်ဘဲ နင်အသာလေး ငြိမ်နေလိုက်ရင် ပြီးတာပဲ၊ နင် ငြိမ်နေရင် နင်တို့ သုံးယောက် ဒေါ်နီနီမာ ရယ်၊ ဒေါ်ခင်လေး ရယ် နင်ရယ် ထဲက ဒေါ်နီနီမာ ကိုယ်တိုင် ၀န်ခံရင်လဲ ပြဿနာ မဖြစ်ဘူး၊ ဒေါ်ခင်လေး က ၀င်ဖြေရင်လဲ နင်နဲ့ ပြဿနာဖြစ်စရာ မရှိဘူး၊ သူ့အပေါ် စေတနာဆိုး မရှိတာ မှန်ပေမဲ့ နင်အနေမတတ်ဘူးလို့ ငါတော့ထင်တာပဲ"
ဆွေဆွေ က ချက်ကျလက်ကျ ၀င်ဖြေရှင်းတော့ ခတ္တာက မျက်လုံးပြူးကြည့်နေသည်။
"ငါက ဘာအနေ မတတ်တာလဲ ဘယ်လိုအနေတတ်ရမှာလဲ"
"မိခတ္တာ ငါ့ကို မျက်လုံးပြူးပြီး မကြည့်နဲ့၊ နင်နဲ့ငါနဲ့ သူငယ်ချင်းအရင်းကြီး နင့်အတွက်ငါပြောတာ၊ နင့်ကို မမေးရင်း နင် မဖြေနဲ့ပေါ့ဟ ခုတော့ ခတ္တာလာရင် ပြဿနာပါတယ် ဖြစ်ရော"
"မိဆွေဆွေ နော် ငါ့ကို အဲဒီလို မပြောနဲ"
"မဟုတ်ဘူးလား၊ ကဲ နင်ရောက်တဲ့ အရပ်မှာ အမြဲတမ်း ပြဿနာချည်းပဲ"
"ကဲကဲ ဒါဆိုရင် ငါ့နေရာမှာ နင်ဆိုရင်ရော ဘယ်လို ဖြေရှင်းမလဲ မေတ္တာရှင်မကြီးရယ် ပြောပါအုံး"
"မငေါ့ပါနဲ့ ခတ္တာရယ် ငါတို့ (၃)ယောက်ထဲမှာ အညိုက စာသမား၊ နင်က ဘုရား၊ တရားသမား ငါက နင့်အခေါ်အရ ဘာသာမဲ့ပဲဆိုပါတော့။ ငါတို့(၃)ယောက်ထဲက နင်က(၈)ရက်ရော၊ လပြည့်လကွယ်ရော ကျောင်းဖွင့်တာတောင် ဥပုသ်ရအောင် စောင့်တဲ့သူ၊ ညရော မနက်ရော ပရိတ်ကြီး(၁၁)သုတ် ကုန်အောင် ရွတ်တဲ့သူ၊ မေတ္တာပို့ဆိုရင်လဲ အညိုလို တိုတိုရှင်းရှင်း မဟုတ်ဘူး၊ ချောင်ကြိုချောင်ကြားမကျန် မေတ္တာပို့တဲ့ သူ ငါမလုပ်နိုင်တာကို နင်လုပ်နိုင်လို့ ငါတကယ် ချီးကျူးပါတယ်။ ဒါပေမဲ့ဟာ နင့်အတွေးအခေါ်တွေက တစ်ခါတစ်ခါ အစွန်းရောက်တယ် ထင်တာပဲ။ အခုဒီကိစ္စမှာ ငါသာဆိုရင် ဘာမှ မပြောဘဲ နေလိုက်မယ်။ တကယ်လို့ ငါ့ကို ဆရာကြီးက တည့်တည့်မေးရင်း ကျွန်မ မသိပါဘူးလို့ ဖြေလိုက်မယ်။ ငါလိမ်ညာပေးတာ မှန်ပေမဲ့ စေတနာဆိုး မပါလို့ အပြစ်ရရင်တောင် အပြစ်မကြီးနိုင်ဘူး။ ငါအပြစ် နဲနဲရတာနဲ့စာရင် ဒေါ်နီနီမာ အပြစ်တင် မခံရဘူး။ နို့တစ်စာအုပ်မှာ လက်မှတ် မထိုးရဘူး။ သူစိတ်ချမ်းသာမယ်ဆိုရင် ငါအပြစ်ခံရတာ တန်တယ်လို့ ငါတွေးတယ်"
"နင်က သံသရာမကြောက်တဲ့ လူဘဲ။ လိမ်ရဲမှာပေါ့။ ငါတော့ မလိမ်ရဲဘူး။ သူများအတွက် ပစ္စုပ္ပန်င့ါသီလကို အကျိုးမခံနိုင်ဘူး။ သံသရာမှာလဲ ငရဲမခံနိုင်ဘူး။ အမှန်ကို အမှန်အတိုင်းပဲ။ အဲဒါကို သစ္စာလို့ ခေါ်တယ်"
"အဲဒါ သစ္စာဆိုရင် အတ္တသစ္စာကြီးပါဟာ၊ နင့်သစ္စာကို ငါအထင်မကြီးပါဘူး။
"မကြီးချင်ရင်လဲ နေလေ၊ ငါကလဲ ဂရုမစိုက်ပါဘူး"
ပြောရင်း တင်းမာလာသော သူတို့နှစ်ယောက်၏ အခြေအနေကြောင့် အညိုက ဆွေဆွေ့လက်ကို အသာ ဆုပ်၍ သတိပေးလိုက်ရသည်။
"နင်က နင့်အတွက်ပဲ ကြည့်တတ်တဲ့သူ ငါကငါ့ကိုယ်ထက် အများအတွက် ကြည့်တဲ့သူ နင်က နိဗ္ဗာန်ရောက် အောင် တစ်ယောက်ထဲ ကြိတ်ပြီးအားထုတ်တဲ့ ရဟန်းမျိုး။ ငါက သတ္တ၀ါအများကို ကယ်ချွတ်မဲ့ ဘုရားလောင်းတော်လို စိတ်မျိုး။ နင်နဲ့ငါ ဘယ်သူပိုမြတ်မလဲ ကဲ"
"အံမာ ဘိနပ်ကြားက နတ်စကားထွက်၊ တန်ရာတန်ရာ ပြောစမ်းပါဟာ"
ရှုံ့မဲ့ပြီး ပြောနေသော ခတ္တာကို ကြည့်ပြီး ဆွေဆွေက ခွက်ထိုးခွက်လန် ရယ်သည်။ အညိုကတော့ ပြုံးနေ သည်။
ဒေါ်ညိုညိုဝင်းခေါ် အညို၊ ဒေါ်ဆွေဆွေမာခေါ် ဒေါ်ဆွေဆွေ၊ ခေါ်ခတ္တာဝင့်ခေါ် ခတ္တာတို့မှာ ရေစက်ကြီး လွန်းကြသူများ ဖြစ်သည်။ ငယ်စဉ်ကလေးဘ၀မှစ၍ ဖခင်အမှုထမ်းရာ တပ်မတော်တွင် အိမ်ချင်းကပ်လျှက် နေခဲ့ကြသည်။ မူလတန်းကျောင်းသူဘ၀တွင် ရန်ကုန်-မင်္ဂလာဒုံတွင် အတူနေခဲ့ကြည်။ ရာထူးတိုး၍ ဖခင်များ ပြောင်းရွှေ့ရသောအခါ မန္တလေးနန်းတွင်းထဲတါင် အိမ်ချင်းကပ်လျှက် နေခဲ့ကြရပြနသည်။ နန်းတွင်း အ.ထ.က(၁၈)မှ တက္ကသိုလ်ဝင်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်တက်တော့လဲ အတူတူပင်။ ဘွဲ့ရဆွဲခန့် ဆရာမများအဖြစ် မိုးကုတ်တွင်(၃)နှစ် တာဝန်ထမ်းရတော့လဲအတူတူ။ အလယ်တန်းပြအဖြစ် ပြင်ဦးလွင်ရောက်တော့လည်း အတူတူ။
ခတ္တာက စာအုပ်ကြီးသမား ဖြစ်သည်။ စစ်သား သားသမီး ပီပီနေရာတကာ တိကျသည်။ ငယ်စဉ်ကလေး ဘ၀မှ ကစားရာတွင် ခတ္တာပါလာလျှင် ပြဿနာနှင့် အဆုံးသတ်ရသည်။ ဘရားတရား ကိုင်းရှိုင်းသော အဘွားဖြစ်သူနှင့် အနေနီးသောကြောင့် အညိုတို့ဆွေဆွေတို့ထက် ဘုရားအကြောင်း၊ တရားအကြောင်း ပိုပြောတတ်သည်။ အရွယ်နှင့်မလိုက်အောင် သိတတ်သော ခတ္တာကြောင့် လူကြီးစကားဝိုင်းဝင်ထိုင်လျှင် ခတ္တာအပြောကြောင့် ပြဿနာ ဖြစ်ရတော့သည်။ ရွယ်တူချင်းကစားနေလျှင်လည်း အမှားမခံတတ်သော ခတ္တာကြောင့် ပြဿနာနှင့် အဆုံးသတ်ရလေ့ရှိသည်။ ထို့ကြောင့် ရွယ်တူများက ခတ္တာလာလျှင် ပြဿနာ ပါသည်ဟုပြောတော့ ခတ္တာမှာ ဆွေ့ဆွေ့ခုန်အောင် နာတတ်သည်။ ဆွေဆွေနှင့် အညိုတို့ကတော့ အပြော မတတ်သော်လည်း စိတ်ဖြောင့်သော ခတ္တာကို ချစ်လည်းချစ်သည်။ နားလဲ နားလည်သည်။ မျိုးချစ်စိတ် ပြင်းထန်သော ခတ္တာသည် မြန်မာစာနှင့် ရေးသားထားသော စာရွက်ကို ခြေနှင့် လုံးဝမနင်း။ အိမ်သာတက် အပြီး သုံးသော စာရွက်တွင် အင်္ဂလိပ်စာ၊ ယိုးဒယားစာ၊ တရုတ်စာရေးထားလျှင် သုံးသည်။ မြန်မာစာ ရေးထားလျှင် ကိုယ်တိုင်လဲ မသုံး၊ သူတပါး သုံးလျှင်လည်း မကြိုက်။
"စာတစ်လုံး ဘုရားတစ်ဆူတဲ့ စာရေးစက္ကူကို ယုတ်ညံ့တဲ့နေရာမှာ မသုံးတာ ကောင်းပါတယ်။ မြန်မာစာ ရော၊ အင်္ဂလိပ်စာရော ဘာစာဖြစ်ဖြစ်ပေါ့ဟာ စာဆိုရင်အတူတူပါပဲ" ဟူသော အညို့အပြောကို
"အိုး မြန်မာစာတော့ ရှောင်မယ်။ တခြားစာတော့ ဘာရေးမှန်း နားလဲမလည်ဘူး၊ ရှောင်လဲမရှောင်နိုင်ဘူး" ဟု ဆိုသည်။
မိုးလင်းလျှင် ဘုရာစင်ရှေ့ထိုင်၍ အသံကျယ်ကျယ်နှင့် ပရိတ်ကြီး(၁၁)သုတ် အကုန်ရွတ်သည်။ အုတ်နံရံ တစ်ချပ်သာ ခြားပြီး အပေါ်မျက်နှာကျက်မရှိသည့် တစ်ဖက်ခန်းမှ ကလေးသည် အချိန်ကိုက်ပင် အော်ငို တတ်သည်။ ထိုအခါ ခတ္တာ တို့ ပွစိပွစိ ပြောတော့သည်။
"ကောင်းတာ လုပ်နေတယ်ဟေ့။ ကောင်းတာကို နားမထောင်ချင်ကြတိုင်း ကလေးကို မငို ငိုအောင် ဆွပေး နေကြတယ်။ ငါအနှောင့်အယှက်ဖြစ်တာထက် နင်တို့ အကုသိုလ်ရကြမှာ။ လုပ်ကြ။ လုပ်ကြ။ အကုသိုလ်ပျိုးခင်း ကို တယုတယ ပျိုးနေတဲ့ ဥယျာဉ်မှူးကြီးတွေ။ ကျမ်းမာကြပါစေ။ ချမ်းသာ ကြပါစေ။ ဒီထက်ဒီ နှောင့်ယှက်နိုင်ကြပါစေ"
တစ်ဖက်ခန်းက မကြား၍လော။ သည်းခံ၍လော မပြောတတ်၊ တော်တော်ပါသေးသည်။
ဆွေဆွေက "နင်ကလဲ မေတ္တာတော့ ပို့နေပြီး ကလေးငိုသံကို စိတ်ဆိုးရသလား။ အဲဒီကလေးကို နင်ပဲ ချမ်းသာ ကိုယ်စိတ်မြဲပါစေလို့ မေတ္တာပို့နေတာလေ။ နင်မေတ္တာပို့သလို ချမ်းသာကိုယ်စိတ်မြဲလို့ ငိုနိုင်တာပဲ ဟာ ပြောမနေနဲ့လေ"
သူတို့(၃)ယောက်ထဲတွင် စကားအနည်းဆုံး အညိုကတော့ မပီတပီ ပြုံးနေသည်။
ခတ္တာ၏ စိတ်သည် ထိရှလါယ်သည်ဟု ထင်ပါသည်။ အတော်အတန် အမှားမျိုးကိုလည်း သည်းမခံတတ်။ မိမိနှင့် ဆိုင်သည်ဖြစ်စေ။ မဆိုင်သည်ဖြစ်စေ မှန်သည်ထင်လျှင် ၀င်ပြောတတ်သည်။ သူကမှန်၍ တစ်ဖက် လူမှာ အလွန်ရင်အောင့်ရသည်။
" ငါ့စိတ်က ဖြူစင်လွန်းလို့ ဘယ်လိုအရောင်မှ အစွန်းအထင်းမခံနိုင်တာ။ အမှန်တရားကလွဲရင် ဘာကိုမှ လက်မခံနိုင်ဘူး" ဟုပြောတတ်သည်။
"မဟုတ်ဘူး အဲဒါနုတာ ဘူးသီးအခွံနုနုလေးလိုပေါ့၊ နုလွန်းတော့ လက်သည်းနဲ့ဆိတ်လဲ အရာထင်။ ဓားနဲ့လှီးလဲ အရာထင်ဖြစ်နေ အထိမခံ ရွှေပန်းကန်လေ" ဟုဆွေဆွေက ပြန်ချေတတ်သည်။
ကျောင်းကထိန်တွင် အတန်းပိုင်များက ကထိန်ကြေး ကောက်၍ ရုံးခန်းသို့ ညှပ်မကြီးအတွက် ကျသင့်ငွေကို ထည့်ရသည်။ ကျန်သောငွေကို အတန်းပဒေသာပင် သီးကြသည်။ ထိုအခါမျိုးတွင် အတန်းပိုင်များက ပဒေသာပင်ကို အပြိုင်အဆိုင်သီးကြသောအခါတွင် ဒေါ်ခတ္တာက သူ့အတန်းကို လျှော့ကောက်သည်။ "ကလေးကို လည်ပင်းညစ်ပြီး ငွေတောင်းသည်" ဟုပြောတတ်သေးသည်။ "အဲဒါ ဒါနအတုကြီးပါဟာ" ဟု ဆိုတတ်သေးသည်။
ထိုပဒေသာပင်သီးသောနေ့တွင် ကျောင်းသူကျောင်းသားအချို့ကို အလုပ်ကူခိုင်းကြသည်။ ထို့ကြောင့် ထိုနေ့တွင် ကျောင်းမှ ကျောင်းသားများအတွက် ကောက်ညှင်းပေါင်းစမူဆာများ ဝေသည်။ အတန်းမှူး အသီးသီက သက်ဆိုင်ရာ အတန်းအသီးသီးအတွက် စု၍သယ်လာပြီး အတန်းပိုင်များကို ဝေပေးသည်။ အချို့ကျောင်းသား က လာသည်။ အချို့က မလာ။ ထိုအခါ ပေးသော အထုပ်ပိုနေတတ် သည်။ ဆွေဆွေ တို့က ပေးသလောက်ယူထားလိုက်သည်။ ပိုနေလျှင် အစားကြီးသော ကျောင်းသားများကို (၂) ထုပ် (၃)ထုပ် ပိုပေးလိုက်သည်။ ဒေါ်ခတ္တာက ထိုသို့မဟုတ်။ သူ့အနားတွင်ရှိသော အရေအတွက် အတိအကျယူထားသည်။ ခဏနေ နောက်နှစ်ယောက်ထပ်ရောက်လာလျှင် နှစ်ထုပ်သွာတောင်းခိုင်းသည်။ အတန်းမှူး က စာရင်းရှုပ်သောကြောင့် ယူထားလိုက်ပါဟု ဆိုလျှင်
"မယူဘူး မယူဘူး ကျောင်းသားအတွက်ပေးတာ။ ကျောင်းသားမရှိဘဲ ယူထားရင် ညာယူထားတယ် ဖြစ်မယ်။ အဖြစ်မခံနိုင်ဘူး" ဟု ဆိုသေးသည်။ ဆွေဆွေတို့ကဲ့သို့ ယူထားသော အခြားအတန်းပိုင်များမှာ မျက်နှာထား တင်းသွားကြရသည်။ သဘောကောင်းသော အတန်းမှူး ဒေါ်တင်တင်ဝင်းကတော့ အကြောင်း သိ မို့ ရယ်နေသည်။
"လုပ်ထားဇောက်ထိုးရေနောက်နှစ်နင့်ကို အတန်းမှူးခန့်မယ်။ အဲဒီကျမှ ငါလဲ နင့်ကို ပြန်ဂျီကျမယ် သိလား"
အတန်းမှူးက ရယ်ရယ်မောမော ပြောနေသော်လည်း အခြားအတန်းပိုင်များက စိတ်ထဲတွင် သိပ်အစာ မကြေ တော့ပါ။ သူငယ်ချင်းအကြောင်းကို အတွင်းသိဖြစ်၍ ဆွေဆွေမှာ ကြားယင်ရပါတော့သည်။
"မိခေတ္တာ ပြဿနာ နင်ပြောပုံကြီးကလည်း မမိုက်ပါဘူးဟာ ငါတို့ ယူထားတာ ငါတို့ စားဖို့ လိမ်ယူ ထားတာ မဟုတ်ဘူး။ ကောက်ညှင်းတစ်ထုပ်လောက်တော့ လူတိုင်းတတ်နိုင်တယ်။ ပိုနေရင် ရှိတဲ့ ကျောင်းသား တွေ ပိုစားရတယ်။ ကျောင်းသားတွေ အတွက် ယူတာပါဟ။ ဘယ်ဆရာမကမှ ညာယူ မထားပါဘူး။"
"အို ငါက နင်တို့ကို မပြောပါဘူး ငါ့ဟာငါပြောတာပါ"
"ဒါပေမဲ့ နားထောင်ရတဲ့သူက နားဝင်မချောဘူးလေ၊ ဒေါ်ခေတ္တာရဲ့ တစ်ယောက်စကား တစ်ယောက်နား မှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေတဲ့ ပျားသကာလို ချိုအောင် ပြောရင် မကောင်းဘူးလား"
"အမလေး ဆရာမရယ် ကျွန်မက ဆုံးမစာလောက်ကို မပြောနဲ့ ပရိတ်ကြီး (၁၁)သုတ်ကိုတောင် တစ်နေ့ နှစ်ခေါက် ရွတ်တာ၊ ဆုံးမစာလောက်တော့ စာလို့ကို မထင်ဘူး၊ ကျွန်မသီလကို ကျွန်မအသိဆုံး၊ ဦးပုည စကားလုံးကို ယူသုံးပြီးပြောရရင် မေတ္တာသုတ်တစ်ခုလုံးကို ပုဒ်မပါကြုံးပြီးပို့ဆိုသလိုပဲ ပရိတ်ကြီ(၁၁) သုတ်ကို ကြောင်ပုစွန်စား သလိုကို ကြေညက်နေတာပါ ကျွန်မအကုန်သိပါတယ်။"
"ဒါဆို ဆရာမက သိတော့သိပြီး တရားမရှိလို့ပေါ့နော်" ယခုနှစ်မှ ရောက်လာသော ဆရာမအသစ်ကလေး က တစ်ခွန်း ဝင်ထေ့သည်။ ဒေါ်ခေတ္တာတို့ မီးဟုန်းဟုန်းတောက်တော့မည်။"
"ခတ္တာတော်ပြီ။ ငါ့စကားကို နားထောင် လာလာ ငါနဲ့ လိုက်ခဲ့" စကားနည်းသော်လည်း ပြောပြီဆိုလျှင် ချက်ကျကျ ပြောတတ်ကာ လုပ်ပြီဆိုလျှင်လည်း ပြတ်သားတတ်သော အညိုကိုတော့ ခေတ္တာလန့်ပါသည်။ အညိုဆွဲခေါ်ရာသို့ ပါသွားသည်။
"ငါက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မပြောချင်လို့ သူတို့လေ ကထိန်ကြေးတွေကောက်ပြီး အကုန်လုံး မလုပ်ဘဲနဲ့ တစ်ချို့ကို သုံးထားတာ ငါ သိတယ် အညို"
"တော်ပြီ ခတ္တာ အဲဒါတွေထာလိုက်တော့ အခုငါပြောမှာက ငါတို့အကြောင်းကိုပဲ ပြောမယ်။ အခုငါပြောတဲ့ စကားတွေဟာ နင်အကျိုးအတွက် ပြောတယ်ဆိုတာကို ယုံပါ။ တခြား ဘာအကြောင်းနဲ့မှ မပတ်သက် ဘူး။ မေတ္တာစေတနာ သန့်သန့်လေးနဲ့ ပြောမှာ။ အဲလေ ပြောမှာထက် ပြမှာ။ နင် ဆရာကြီးဦးသုခကို သိတယ်နော်။ တို့မြန်မာအနုပညာလောကမှာ ပညာရှင် အဆန်ဆုံးအတော်ဆုံး ဆရာကြီးပဲ။ ငါလဲ နင့်လိုပဲ မင်္ဂလသုတ် မေတ္တာသုတ်ကို ငယ်ငယ်လေးထဲက အလွတ်ကျက်ပြီး အမြဲတမ်းရွတ်ခဲ့တာပါပဲ။ ပါဠိလိုဆိုရ တော့ ငါတို့နားမလည်ခဲ့ကြဘူး။ ကောင်းတယ်လို့ သိပေမယ့် ဘယ်လိုကောင်းတယ် ဘယ်လောက်ကောင်း တယ်လို့ ငါတို့နားမလည်ခဲ့ကြဘူး။
အခု ငါ ဆရာကြီးဦးသုခရေးတဲ့ မင်္ဂလသုတ်နဲ့ မေတ္တသုတ်ကို ဖတ်မိတော့မှပဲ အရင်က သိခဲ့တာတွေက လင်းတယ်ဆိုပေမဲ့ မရှင်းခဲ့ဘူး။ ဥပမာ လရောင်ဖြာကျနေတဲ့ လမ်းမကြီးဟာ လင်းတော့နေပါတယ်။ ဒါပေမဲ့ မီးမောင်းထိုးကြည့်လိုက်တော့ ပိုမရှင်းသွားဘူးလား။ အဲဒီလိုပဲ အရင်က ဝိုးတဝါးအလင်းကလေးက ဆရာကြီးရဲ့စာကို ဖတ်တော့မှ မီးမောင်းထိုးသလိုပဲ အမြင်ရှင်းသွားတော့တယ်။ နင်က ငါ့ထက် သမာဓိပိုကောင်းတော့ ငါရှင်းသွားတဲ့အရာလေးကို နင်က အစိတ်တိုင်းအပိုင်းတိုင်းကို ပိုသိမှာပါ။ နင် ဒီစာအုပ်ကို ဖတ်ကြည်စမ်းပါဟယ်" အညိုက သပ်သပ်ယပ်ယပ် ဖုံးထားသော စာအုပ်ကလေးကို ပေးသည်။
"သူငယ်ချင်းနှစ်ဦး ဆွေးနွေးတဲ့ပုံစံနဲ့ ရေးထားတော့ဖတ်ရတာ ပျင်းစရာမကောင်းဘူး။ စိတ်ဝင်စားဖို့ သိပကောင်းတယ်။ ပါဠိကို သူနားလည်သလို ရှင်းပြတာ တအားကောင်းတာပဲဟာ ပြီးတော့ ငါတို့လို ဘုမသိ ဘမသိ အရိုးစွဲနေတဲ့ အမှားတွေကိုလဲ ထောက်ပြထားတယ်"
"ဟင် အညိုရယ် ငါလဲ သိရအောင် နင်ကဖတ်ပြီးပြောပြပေးလေဟာ" စာဖတ်ပျင်းသော သင်္ချာဆရာမ ဆွေဆွေက ဝင်၍ တောင်းဆိုလိုက်သည်။
"ကိုယ်အားကိုယ်ကိုးပြီး ဖတ်ပါလား နင်ဟာလေပျုင်းတယ်ဆိုတာများ ဂုဏ်ယူစရာမှတ်နေသလား။ ဘုရားရှိခိုးလဲ ပျင်းတာပဲ"
"အံမယ် မိခတ္တာရ့ယ် ငါကဘုရားကို အကြာကြီး မရှိခိုးပေမဲ့ ဘယ်သူ့အပေါ်မှ မကောင်းမမြင်တတ်ဘူး။ တစ်နည်းအားဖြင့် ဘယ်သူ့အပေါ်မှ မေတ္တာမပျက်တတ်ဘူး။ မပျက်တော့ ထပ်ဆက်စရာ မလိုဘူးလေဟာ နင်သာ မေတ္တာပို့လိုက် မေတ္တာပျက်လိုက် ပြန်ဆက်လိုက်နဲ့"
"မိဆွေနော် ငါ ထ လုပ်လိုက်မယ်"
"ကဲပါဟာ ဆွေဆွေရော ခတ္တာရော ကောင်းကောင်း နားထောင် ငါဖတ်ပြီးပြောမယ်" အညိုက အကျအန ထိုင်လိုက်သည်။ ဆွေဆွေရော ခတ္တာရော စိတ်ဝင်စားစွာ နားထောင်မိသည်။
"မေတ္တာသုတ်ဟာ အရံအတားအတွက်ရော ကမ္မဌာန်းအတွက်ရော ရတယ်တဲ့။ ဘုရားရှင်လက်ထက်က ရဟန်း(၅၀၀)ဟာ မေတ္တသုတ်ကို ရွတ်ဆိုပြီး မေတ္တာဘာဝနာပွားများကြလို့ ရဟန်းကို ရောက်တယ်တဲ့ အဲဒီ မှာ ငါတို့အရင်က သိခဲ့သလို ရွတ်ရုံတင် မကဘူး။ ကျင့်ကြံအားထုတ်ဖို့လဲ လိုတယ်တဲ့။ မဟာစည် ဆရာတော်ကြိးရဲ့ တရားတစ်ခုမှာ ငါနာဖူးတယ်။ "မေတ္တသုတ်ကို ရွတ်ရုံနဲ့ မပြည့်စုံ အားထုတ်ဖို့လည်းလဲလို တယ်" လို့ ပြောဖူးတယ်။ ဟုတ်တယ်ဟ၊ မင်္ဂလသုတ်ကို ကြည့်ပါလား ရွတ်ဖို့ မဟုတ်ဘူး။ လိုက်နာကျင့်ကြံ ဖို့ပဲ။ မင်္ဂလသုတ်က နည်းနည်းလေးဆိုတော့ ငါတို့ မြန်မာပြန်ပါ ကျက်မိတယ်လေ။ စဉ်းစားကြည့် လူမိုက်ကို မပေါင်းနဲ့ ပညာရှိကို ဆည်းကပ်ဆိုတာလေ"
"အေးနော် ဟုတ်တယ်။ ရွတ်နေရုံနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။ လိုက်နာကျင့်ကြံမှ အကျိုးရှိမှာဟ" ခတ္တာ၏ အပြောကို ဆွေဆွေက ပြုံးမဲ့မဲ့ကြည့်သည်။"
"နင်က အခုမှသဘောပေါက်ပေမဲ့ နင်ကံလေးက ကောင်းတော့ ငါတို့လို ပညာရှိတွေနဲ နီးနီးကပ်ကပ် နေရ ပါပေ တယ် ကံကောင်းပါပေတယ်" ဟု စသည်။
"မဆွေ စိန်ကောင်းကျောက်ကောင်း ရောင်းနေတယ်နော်။ ဆေးရိုးသည် က ကန့်လန့်ကန့်လန့်မလုပ်နဲ့ " ဟု ခတ္တာ က မျက်စောင်းနှင့် ပြောသည်။
"ကဲ ကဲ ဆက်မယ်"
"ကရဏီ မတ္ထ ကုသလေန ဆိုတဲ့ အပိုဒ်က မေတ္တာဘာဝနာပွားများသူဟာ နဗ္ဗာန်ကို တကယ် မျက်မှောက် ပြုလိုသူ သမထ ဘာဝနာ အလုပ်ကို ကျွမ်းကျင်တဲ့သူ သီလ သမာဓိ ပညာ သက္ခာသုံးပါးနဲ့ ပြည့်စံသူ သက္ကောစ စွမ်းနိုင်သူ ဖြစ်ရမယ်တဲ့။ အဲဒါကို ဆရာကြီးက ထပ်ရှင်းပြထားတယ်။ မိမိအလုပ်ကို ယုံကြည်ချက် အပြည့်အဝ ရှိထားခြင်း၊ ကျန်းမာခြင်း၊ မပျင်းရိခြင်း၊ ဥာဏ်ရှိခြင်း အဲဒါတွေနဲ့ ပြည့်စုံရမယ်။ မပြည်စုံ သေးရင် ပြည့်စုံအောင်ကြိုးစား၇မယ်တဲ့။"
ခတ္တာ၏ မျက်နှာတွင် မိမိကိုယ်ကို ယုံကြည်ကျေနပ်မှုက အထင်းသား၊ ဆွေဆွေကတော့ မျက်လုံးကလယ် ကလယ် နှင့် နားထောင်နေသည်။
"နောက် ဥဇုစ ကိုရှင်းထားတယ်။ ဥဇုစဆိုတာ ဖြောင့်မတ်ရမယ်တဲ့။ ဖြောင့်မတ်တယ်ဆိုတာ သူများကို မလိမ်တာ။. ကိုယ်ကိုလဲ မလိမ်တာတဲ့။ မရှိတဲ့ဂုဏ်တွေကို ရသလိုလို ဟန်ဆောင်တာ၊ ရှိတဲ့ အပြစ်တွေ ချွတ်ယွင်းချက် တွေကို ဖုံးထားတာမျိုးကို ရှောင်ရမယ်။ အရှိကို အရှိအတိုင်းနေရမယ်ပေါ့ဟာ။ သူတပါးက မိမိ ကို ကြည်ညိုခံနိုင်ဖို့ထက် မိမိကိုယ်ကို ကြည်ညိုနိုင်အောင် သိက္ခာရှိရမယ်။ ဖြောင့်မတ်ရမယ်။ သူတပါး ကို လဲ ကိုယ်ကမလိမ်နဲ့။ ကိုယ်ကိုယ်လဲ ပြန်မလိမ်နဲ့။"
ဆွေဆွေရော၊ ခတ္တာရော ငြိမ်နေကြသည်။ အညိုက ချောင်းတစ်ချက်ဟန့်၍ ဆက်ဖတ်သည်။
"သုဝစော စဿ မုဒု အနတိမာနိ" ကို ဆက်ရှင်းပြထားတယ်။ သုဝစောစဆို ဆုံးမရလွယ်ကူသူလည်း အဿဖြစ်ရ၏တဲ့။ ဆရာကြီးက အဲဒါကို ဒီလို အကျယ်ချဲ့ပြောထားတယ်။ ဆုံးမဝေဖန် အကြံပေးရန် လွယ်ကူသူ ဖြစ်ရမယ်တဲ့။ သက်တူရွယ်တူက ပြောတာကို ဝေဖန်တယ်။ ကိုယ့်ထက် ငယ်သူ နိမ့်သူက ပြောတာကို အကြံပေးတယ်လို့ ယူရမယ်တဲ့။"
"ဟင် ကိုယ်ထက်မြင့်သူက ထားပါတော့။ ရွယ်တူနဲ့ နိမ့်သူက ပြောတာဆုံးမတာကို နာခံရမယ်ဆိုတော့…."
ခတ္တာက စဉ်းစဉ်းစားစားပြောနေသည်။
"ဟုတ်တယ် မှန်ကန်တဲ့စကား အကျိုးရှိမဲ့စကားဆိုရင် ဘယ်သူပြောပြော ဆုံးမ ဆုံးမ နှစ်လိုစွာ နာခံရမယ် တဲ့။ ဥပမာ အဖြစ် ရှင်သာရိပုတ္တရာကိုယ်တော်ကြီးကို သာမစေလေးက သင်္ကန်းရုံတဲ့အကြောင်းကို ပြောတော့ မထေရ်ကြီးက နှစ်လိုစွာ လက်ခံတယ်ဆိုတာကို ပြောထားတယ်"
"အေး အညို ငါဖတ်ဖူးတယ်။ မြတ်မင်္ဂလာ စာအုပ်ထဲမှာလား။ရုပ်ပြကာတွန့်မှာလား မသိဘူး" ဆွေဆွေက အားရပါးရ ထောက်ခံလိုက်သည်။
"ဟဲ့ မိဆွေ နင့်ရဲ့ အရည်မရအဖတ်မရ ရုပ်ပြကာတွန်းမှာ ပါပါ့မလားဟယ်"
"မဟုတ်ဘူးခတ္တာရဲ့ ရုပ်ပြကာတွန်းတိုင်းလည်း မဟုတ်ဘူး၊ အခုနိပါတ်တော်တွေကို ကလေးတွေ စိတ်ဝင်းစားအောင် ရုပ်ပြအနေနဲ့ ထုတ်ကြတယ်။ ရုပ်ပုံအနေနဲ့ ကလေး စိတ်ဝင်စားတာပေါ့" အညိုက လေးအေးအေးနှင့် ဝင်ရှင်းပြတော့ ဆွေဆွေက ယုံပြီလားဟူသော အကြည့်နှင့် ကြည့်သည်။
"အေးလေ ငါ့သူငယ်ချင်းဆွေဆွေကဲ့သို့ ကလေးလိုလိုခွေးလိုလို သူငယ်မတွေ ဖတ်ဖို့ပေါ့"
"မိခတ္တာရေ ဘာနဲ့ သယ်သယ် ရေပါဖို့ လိုရင်းဟေ့"
စစ်သားသားသမီး ဖြစ်သော ဆွေဆွေက ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်သည် ဆိုသေ စစ်သုံးစကားကို ကိုးကား၍ ပြောနေသည်။
"ကဲပါ ငါဆက်ပြောတော့မယ်၊ နားထောင် မုဒုဆိုတာ နူးညံ့သိမ်မွေခြင်းတဲ့၊ မိမိတို့ဆိုင်ရာ ကျင့်ဝတ်ပဋိပတ် ၌ လည်းကောင်း၊ ဘုရား၏ အဆုံးအမတော်၌ လည်းကောင်း၊ ခက်မာခြင်းကင်း၍ နူးညံ့စွာ လိုက်ပါခြင်းကို ခေါ်တယ်တဲ့။ ပစ္စုပ္ပန်တမလွန်ရှိ မည်သည့် အမှုကိစ္စမဆို နှိမ့်ချတတ်ဖော်ရွေခြင်းကို ခေါ်တယ်လို့ ရှင်းပြထားတယ်။"
ခတ္တာမျက်နှာပေါ်တွင် အရိပ်မျိုးဆုံတို့ ပြေးနေသည်။ ဆွေဆွေက အဝေးကိုခပ်ငေးငေးကြည့်နေသည်။
"နေအုံး၊ အညို နင့်ဆီမှာ အဲဒီစာအုပ် ရှိနေမှတော့ ငါ အစအဆုံးဖတ်ကြည့်မယ်။ ပြီးတော့ နင်နဲ့ငါ အမြင်ချင်း ဖလှယ်ကြတာပေါ့"
"အဲဒါ အကောင်းဆုံးပဲ ခတ္တာငါကပြောသာပြောနေတာ သိပ်ပြောတတ်တာ မဟုတ်ဘူး။ ဆရာကြီး ဦးသုခရဲ့အရေးအသားကို ကိုယ်တိုင်ဖတ်ကြည့်တော့ အရသာပိုရှိတာပေါ့ ရွှေတွေအပြည့်ပေးနေမှတော့ ရွှေကိုပဲယူမှာပေါ့။ငွေယူပြီးမှ ရွှေပြန်ဝယ်နေရတာ ကြာပါတယ်။ လမ်းလဲထောင့်တယ်။ ရော့ နင်ဖတ်ကြည့် နင့်အတွက်အကျိုးရှိကို ရှိစေရမယ်။ ငါအာမခံတယ်"
မိုးကုန်ခဲ့ပြီ။ နှင်းတို့က ဖွေးဖွေးလှုပ်နေသည်။ မြေပြင်တွင် နှင်းတို့ကြောင့်မြေကသိပ်သိပ်သည်းသည်း ဖြစ်နေသည်။ ခြေခင်းလက်ခင်းလည်း သာနေသည်။မုတ်သုန်လေကဲ့သို့ မကြမ်းရမ်းသော မြောက်ပြန်လေ က သာသာညင်းညင်းတိုက်ခတ်နေသည်။
နှင်းမှုံတို့ အကြားမှ လရောင်က ထိုးဖောက်ဝင်ရောက်လာသည်။ ခတ္တာ၏မျက်နှာပေါ်တွင် ကြည်လင်ခြင်း တစ်မျိုး ဖြင့် အရောင်လက်နေသည်။
"အညိုရေ ငါလေ နင့်ကို သိပ်ကျေးဇူးတင်တယ်။ ဆရာကြီးဦးသုခကို သိပ်လေးစားတယ်။ ငါ့ကို ဘ၀ တစ်ဆစ်ချိုး ပြောင်းပေးလိုက်တာပါပဲ။ ဆရာကြီး ရှင်းပြတာတွေ ဖတ်ပြီး လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ အရင် က ဘုမသိ ဘမသိနဲ့ ရွတ်ခဲ့သမျှ အခုအစစ်မှန်ဆုံး မေတ္တာပွားနိုင်အောင် ကြိုးစားတော့မှာပါ။ ပြီတော့လေ ငါဝန်ခ့ရအုံးမယ်။မုဒုကို ရှင်းတဲ့အပိုင်းမှာ ကာယကံ ၀စီကံက မုဒုဖြစ်ပြီး မနောကံ က မုဒု မဖြစ်ရင် ကျန်တဲ့ (၂)ပါးကအယောင်ဆောင်တာတဲ့။
လူ့သဘာဝ နဲ့ အရမ်းကို ထိတာပဲနော်။ အဲဒါကိုဖတ်ပြီး ငါ့ကိုယ်ငါ ပြန်မြင်လာတယ်။ ဒေါ်နီနီမာ ဂျူတီချိန် နောက်ကျတာကို ငါပြော တာဟာ သူ့ကို အပြစ်တင်ခံရတာ မခံရတာထက် ငါက မလိမ်ဘူးလို့ မာန တက်ချင် တာပဲ။ ငါမယုတ်မာဘူး လို့ ဘယ်လိုပဲပြောပြော ကာယကံမြောက် ၀စီကံမြောက် ပြီး နေပြီလေ။ အဲဒါမှတော့ မနောကံက ဘယ်နေပါတော့မလဲ။ ငါလေ ငါ့ရှေ့မှာ မှန်ကြီးလာချထား သလိုကို ငါ့ကိုယ်ငါမြင်မြင်လာတယ်။ ပြီးတော့ မာနကိုဖတ်ပြီး ငါ့မာနကို ငါပိုပြီး သိလာတယ်။ မာနမှာ ရှိတဲ့မာန၊ မရှိတဲ့ မာနတဲ့။ ငါက မရှိတာကို ရှိတယ်လို့ ထင်ပြီး ရှိမာနရော၊ မရှိမာနရော ရှိချင်ယောင်ဆောင်တဲ့ မာနရော …။ ငါတော်တော်ဆိုးတာပဲနော်။ ငါနဲ့ယှဉ် ရင် ဆွေဆွေက တော်သေးတယ်။ နင်ကတော့ အတော်ဆုံး ပါ။ ဆွေဆွေ က ယောနီသော မနုသီကာရ မှန်တယ်လို့ ပြောရမယ်။ နှလုံးသွင်း မှန်တယ်။ အကောင်း မြင်တတ်တယ်။ စိတ်ကြည်လင်တယ်။ ဒါကြောင့်လဲ သူ့စိတ်က သူ့မျက်နှာမှာ လာဟပ်ပြီး အကြည်ဓာတ် တွေ ထင်းနေတယ်။ နင်ကတော့ အပြည့်ဝ ဆုံးပေါ့ဟာ"
"ဟာမလုပ်ပါနဲ့ ခတ္တာရယ်။ ငါက ကြိုးစားဆဲပါ" အညို၏ ရယ်ရယ်မောမောစကားကို ဆွေဆွေက ၀င်နှောက် သည်။
"ကဲ အညိုရေ ငါကလဲ ငါ့စကားကို ပြင်တော့မယ်။ နောက်ဆိုရင် ခတ္တာလာရင် ပြဿနာပါမယ်လို့ မပြော တော့ဘူး။ ခတ္တာ လာရင် မေတ္တာပါမယ်လို့ပဲ ပြောတေယ်မယ်နော်။ နော် မိပြဿနာရေ အဲလေ မှားလို့ မိခတ္တာ ရေ"
"ကောင်မ အစုတ်ပလုပ်မ မိဆွေဆွေ"
"ဟာ အညိုရေ မေတ္တာတွေ ဆက်နေပြန်ပြီဟ လုပ်ကြပါအုံး"
အညိုရော ခတ္တာပါ ဆွေဆွေ၏ နောက်တောက်တောက် အပြောကို သဘောကျစွာ ၀ိုင်းရယ်လိုက်ကြ သည်။ စိတ်ကြည်လင်ခြင်းက မျက်နှာတွင် ထင်ဟပ်နေသော ခတ္တာ၏ မျက်နှာကလေးမှာ တိမ်ဖုံးအုပ်ခြင်းမှ လွတ်လာခါစ လမင်းနှင့်အပြိုင် ၀င်းပကြည်လင်နေသည်။ ရွှန်းမြသော လရောင်ဖြာကျနေသည့် ပတ်ဝန်းကျင် မှာလည်း ဆွတ်ပျံ့ကြည်နူးဖွယ်အိ။
နွယ်(မြန်မာစာ)
.
No comments:
Post a Comment