အခန်း (၉)
ကြေးနန်းသတင်းများ သည် နေ့လယ်ပိုင်းတွင် အနယ်နယ်အရပ်ရပ်သို့ ပြန့်နှံ့ထွက်သွားသည်။
အသံလွှင့်ဌာန များ နှင့် ရုပ်မြင်သံကြားဌာနများ၏ နေ့ခင်းပိုင်းသတင်းချိန်ကို ကောင်းကောင်းမီလေ ရာ အားလုံး က တစ်ပြည်လုံးသို့ အသံလွှင့်ကြေညာပေးလိုက်သည်။
သတင်း ဆိုလျှင် အငမ်းမရ ဖြစ်လေ့ရှိသော သတင်းသမားများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန် သည်။
နန်စီဟာမွန် ၏ လူသတ်မှု စစ်ဆေးချက်များကို သုတေသနသမားများအား ချက်ချင်းပြန်ရှာခိုင်း သည်။ ဓာတ်ပုံ များကို ပြန်လည်စုဆောင်းသူက စုဆောင်းသည်။
သတင်းနှင့်ပတ်သက်လာလျှင် ပိုပြီးလောဘကြီးတတ်ကြသော အယ်ဒီတာများနှင့် ထုတ်ဝေသူများ က လေယာဉ်ပျံ တွေ စင်းလုံးငှားကာ အတော်ဆုံး ရာဇ၀တ်မှု သတင်းထောက်များကို တင်ပြီး ကော့ကိပ်သို့ အလျင်အမြန် စေလွှတ်ကြသည်။
စန်ဖရန်စစ္စကိုမြို့မှာရှိသော လက်ထောက်ခရိုင် ရှေ့နေနှစ်ယောက်တို့လည်လည်း သတင်းကြေ ညာချက် များကို အများနည်းတူ ထိုင်နားထောင်နေကြသည်။
သတင်းဆုံးသွားသောအခါ တစ်ယောက်က ပြောသည်။
"ဒီခွေးသူခိုးမ မှာ တကယ်အပြစ်ရှိနေတယ်၊ ကလေးနှစ်ယောက်ကို သူသတ်တာ ကျွန်တော် ကိုယ် တိုင်မြင်တွေ့ ရသလို ခံစားနေရပါတယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့တယ်မဟုတ်လား၊ ခင်ဗျား မှတ်မိတယ် မဟုတ်လား၊ မှတ်မိတယ်ဆိုရင် ကျွန်တော့်ကို ကူညီပါဗျာ၊ ဒီတစ်ခါ လူသတ်မှုမှာတော့ ဒီကောင်မ အပြစ်ရအောင် ဆုတောင်းကြပါ၊ ဒီအမှုမှာပါ ခွေးသူခိုးမ လွတ်သွားဦးမယ်ဆိုရင် ပျောက် သွား တဲ့ အရင် အမှုတုန်းက သက်သေ ရော့လဂ္ဂလာ ဆိုတဲ့ အကောင်ကို မတွေ့တွေ့အောင် ကျွန် တော် ရှာမယ်။ အလုပ်က လစာမဲ့ခွင့်ယူပြီးတော့ကို တစ်ကမ္ဘာလုံးမှာ မြေလှန်ရှာမယ်။ အရင် ကလေးနှစ်ယောက် ကို ဒီကောင်မ သတ်ပါတယ် ဆိုတာ ပြန်လာပြီး သက်သေခံခိုင်းမယ်"
ဘော့စတွန်မြို့မှာ ရှိသော ဒေါက်တာ လင်ဒန်မိုင်းလ်စ်သည် စိတ်ချမ်းသာစွာဖြင့် သူ၏နေ့လယ်စာ ကို စတင် စားသောက်သည်။
မှန်ပါသည်။ သူ ကုနေသည့် လူနာအခြေအနေ ချက်ချင်း တိုးတက်ကောင်းမွန်လာသောကြောင့် သူ အကြီး အကျယ် စိတ်ချမ်းသာသွားသည်။
ဒေါက်တာ လင်ဒန်မိုင်းလ်စ်သည် စိတ်ရောဂါအထူးကု ဆရာဝန်ကြီးဖြစ်သည်။ သူ့လုပ်ငန်းကို သူ အလွန် မြတ်နိုးသည်။ တကယ်လည်း စိတ်ပါဝင်စားသည်။ လူတို့၏စိတ်ကို လေ့လာ၍ သူမတင်း တိမ်နိုင်ပါ။
စိတ်ရောဂါ ခံစားနေရသည့် လူနာများသည် အမျိုးမျိုးဖြစ်သည်။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ လူနာရှိ သလို ကြမ်းကြမ်း တမ်းတမ်းထဲကလည်း ရှိသည်။
နေ့လယ်စာ စားပြီး သူ စစ်ဆေးကြည့်ရှုရမည့် စိတ်ရောဂါရှင်သည် အကြမ်းစားထဲက ဖြစ်သည်။
နေ့လယ်ပိုင်း သတင်းလာချိန်ဖြစ်သောကြောင့် စားပွဲဘေးရှိ ရေဒီယိုကို သူ လှမ်းဖွင့်သည်။
သတင်းဆိုးကြီး ကို အစအဆုံး သူ ကြားလိုက်ရသည်။
ဝေဒနာဟောင်း ၏ နာကျင်မှု အရိပ်အရောင်တစ်ခု သူ့မျက်နှာပေါ်မှာ ဖြတ်သန်းသွားလေသည်။
နန်စီဟာမွန်...
ပရစ်စီလာ ၏ သမီး နန်စီဟာမွန်...
အချိန်ကာလအားဖြင့် ဆယ့်လေးနှစ်ကြီးများတောင် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပရစ်စီလာ၏ရုပ်ကို သူ သဲသဲကွဲကွဲ ထင်ထင်ရှားရှား ကြည်ကြည်လင်လင်ကြီး မြင်တွေ့နေရသေးသည်။
ကိုယ်လုံးသွယ်သွယ်၊ ကြော့ရှင်းသည့် ကိုယ်ဟန်၊ ခေါင်းကလေးကို ငဲ့လိုက်ပုံ၊ ရွှန်းလက်တောက်ပ သော အပြုံးကလေး ကို ပြုံးလိုက်ပုံ...
အားလုံး ကို ထင်ထင်ရှားရှားကြီး မြင်ယောင်နေပါသေးသည်။
ပရစ်စီလာ သည် သူ့ယောက်ျားကွယ်လွန်ပြီးနောက် ဒေါက်တာ လင်ဒန်မိုင်းလ်စ်ဆီမှာ အလုပ်လာ လုပ်သည်။ ထိုစဉ်က ပရစ်စီလာ၏အသက်မှာ သုံးဆယ့်ရှစ်နှစ်ရှိပြီ၊ သူ့ထက် နှစ်နှစ်ငယ်သည်။
သူ့ ဆီမှာ အလုပ်လုပ်ပြီး သိပ်မကြာမြင့်မီမှာပင် အလုပ်များပြီး အိမ်ပြန်နောက်ကျသည့်အခါများ၌ ပရစ်စီလာ ကို ညစာလိုက်ကျွေးလေ့ရှိလာသည်။
နောက်ပြီးတော့ လက်ထပ်ခြင်းဆိုသည်မှာ လူ့ဘ၀မှာ လိုအပ်သောအရာဖြစ်သလို ပြုကျင့်အပ် သည့် တရား တစ်ခု လည်းဖြစ်ကြောင်း သူ့တစ်သက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် သဘောပေါက် နားလည် လာလေသည်။
ပရစ်စီလာ နှင့် မတွေ့မီတုန်းကတော့ အလုပ်ထဲမှာ နစ်မြုပ်နေလိုက်၊ ပညာတွေ ဆည်းပူးလိုက်၊ အပေါင်း အသင်း များနှင့် သွားလိုက် လာလိုက်၊ စားလိုက် သောက်လိုက် လွတ်လပ်စွာနေထိုင်ရခြင်း သည် လူ့ဘ၀ အဖို့ ကုံလုံပြည့်စုံနေပြီဟု သူ ထင်မှတ်နေခဲ့သည်။
မှန်ပါသည်။
သူ၏ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေ ကပြောင်းကပြန်ဖြစ်ကုန်အောင် လုပ်နိုင်စွမ်း သူကို ဘယ်တုန်း ကမှ သူ မတွေ့ခဲ့ဖူးပါ။
ထိုအစွမ်း ရှိသော ပရစ်စီလာ ကို ယခု သူတွေ့နေရချေပြီ။
ပရစ်စီလာ က သူ့အကြောင်းများကို အိတ်သွန်ဖာမှောက် ပြောပြသည်။
တက္ကသိုလ် တွင် ပထမနှစ်အောင်ပြီးသည်နှင့် လေယာဉ်မှူးတစ်ယောက်နှင့် လက်ထပ်ခဲ့ကြောင်း၊ ကလေး တစ်ယောက် ရကြောင်း၊ သမီးလေးဖြစ်ကြောင်း၊ သူတို့အိမ်ထောင်ရေး သာယာကြောင်း၊ ပျော်ရွှင်ချမ်းမြေ့စွာ နေရကြောင်း၊ အိန္ဒိယပြည်သို့ လေယာဉ်မောင်းနှင်ပျံသန်းပြီး ပြန်လာသော သူ့ ယောက်ျား မှာ အဆုတ်အအေးမိသည့် ရောဂါပါလာကြောင်း၊ အိမ်ပြန်ရောက်ပြီး ၂၄ နာရီအတွင်း ထို ရောဂါဖြင့် ကွယ်လွန်သွားကြောင်း။
"ဘယ်လိုလုပ်ပြီး ယုံရမှာလဲရှင်၊ ကျွန်မတော့ ဘယ်လိုမှကို ယုံလို့မရခဲ့ဘူး၊ ဒေးဗစ် ဟာ မိုင်တစ်သန်း ကျော် လေယာဉ်ပျံ မောင်းပြီးပြီ၊ အခက်အခဲမျိုးစုံကြားကနေပြီး ဂျက်လေယာဉ်ပျံကြီးတွေ မြေပြင်ကို ချောချော မောမော ဆင်းနိုင်အောင် ထိန်းသိမ်းခဲ့တာလဲ အကြိမ်ကြိမ်ရှိပြီ၊ အဲဒီလိုလူမျိုးဟာ ဘာမ ဟုတ်တဲ့ အဆုတ် အအေးမိ တဲ့ ရောဂါနဲ့ ချက်ချင်းသေရသတဲ့၊ ပြီးတော့ ဘယ်လိုမှ မျှော်လင့်ထားတာ လဲမဟုတ်ဘူးလေ"
ပရစ်စီလာက သူ့ယောက်ျား သေဆုံးသွားရပုံနှင့် ပတ်သက်၍ လင်ဒန် ကို ပြောပြသည်။
ပရစ်စီလာ ၏ သမီး ကို သူ လုံးဝမတွေ့ဖူးခဲ့ပါ။
သူ့ဆီသို့ ပရစ်စီလာ အလုပ်လာလုပ်ပြီး မကြာမီမှာပင် နန်စီသည် ကျောင်းတက်ဖို့ စန်ဖရန်စစ္စကို မြို့သို့ ထွက်သွား လေသည်။
သမီး ကို သူနှင့်ခွဲပြီး ရပ်ဝေးသို့ပို့ရခြင်းနှင့် ပတ်သက်၍ ပရစ်စီလာသည် ဒေါက်တာမိုင်းလ်စ်ကို ရှင်း ပြဖူးလေသည်။
"သမီး က ကျွန်မအပေါ် သံယောဇဉ် သိပ်ကြီးနေပြီ၊ လိုအပ်တာထက်ပိုပြီး တွယ်တာလွန်းနေတယ်"
ထိုစကား ကို ပရစ်စီလာက စိုးရိမ်ကြီးစွာပြောသည်။
"အဖေ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့လဲ သူ အရမ်းခံစားနေရှာတယ်၊ မဖြေသာနိုင် အောင်ကို ဖြစ်နေတယ်။ သူ့ကိုပျော်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ် အဟောင်းတွေ အသစ် ပြန်ဖြစ်နိုင်တဲ့ နေရာမျိုး မှာ မနေစေချင်ဘူး၊ ဒါကြောင့်မို့လို့ သူ တစ်ယောက်တည်း လွတ်လွတ်လပ် လပ် နေနိုင်ဖို့ရယ်၊ ပတ်ဝန်းကျင် သစ်မှာ စိတ်သစ်လူသစ်ဖြစ်သွားဖို့ရယ် ရည်ရွယ်ပြီး စန်ဖရန်စစ္စကိုကျောင်း ကို ကျွန်မ ပို့လိုက် တာပါ"
နိုဝင်ဘာလ ထဲရောက်တော့ စန်ဖရန်စစ္စကို ကောလိပ်ကျောင်းမှာ နန်စီနှင့်သွားတွေ့ရန် ပရစ်စီလာ ခွင့်နှစ်ရက် ယူသည်။
လင်ဒန် က သူ့ကို လေဆိပ်သို့ ကားမောင်းပို့ပေးသည်။
လေယာဉ်ပေါ်တက်ဖို့ ခရီးသည်များကို မခေါ်မီ လေဆိပ်ထဲတွင် သူတို့နှစ်ယောက် အတူရပ်နေခဲ့ ကြသည်။
"ဒီနှစ်ရက် အတွင်း မင်းကိုတော့ ကိုယ်လွမ်းနေမှာပဲ"ဟု လင်ဒန် က ပြောသည်။
ပရစ်စီလာသည် အညိုရင့်ရောင်ဝတ်စုံကလေးကို ၀တ်ဆင်ထားရာ သူ၏ရွှေရောင်အလှသည် ရွှန်းပ ချင်တိုင်း ရွှန်းပ၍နေလေသည်။
"ကျွန်မ နားလည်ပါတယ်"
ထိုသို့ ပြန်ပြောရင်း ပရစ်စီလာ၏ မျက်လုံးများထဲမှာ မျက်ရည်များ ဝေ့လာလေသည်။
"အခုတလော ရေးလိုက်တဲ့ နန်စီ ရဲ့ စာတွေဟာ အရမ်းစိတ်ဓာတ်ကျနေသလိုပဲ၊ ကျွန်မ အရမ်းစိတ်ပူ နေတယ်၊ နောက်ပြီးတော့ အရမ်းလဲကြောက်တယ်၊ စိတ်ထဲမှာလဲ ထင့်နေတယ်၊ အန္တရာယ်တစ်ခုခု ကျရောက် တော့မှာပဲလို့ စိတ်ထဲမှာ ခံစားနေရတယ်၊ အဲဒီလိုမျိုး ခံစားရဖူးသလားဟင်"
ပရစ်စီလာ က လင်ဒန်ကို ရှင်းပြပြီး ပြန်မေးသည်။
လင်ဒန်က သူ့မျက်နှာကို စိုက်ကြည့်နေသည်။
ခဏကြာတော့ သူတို့နှစ်ယောက် ပြိုင်တူ ရယ်မောကြလေသည်။
"ဒီအကြောင်း ရှင့်ကို ကျွန်မ ဘာကြောင့် ပြောမပြခဲ့တာလဲဆိုတာ သဘောပေါက်တယ်မဟုတ်လား၊ ကျွန်မ ကို အရူးထင်မှာစိုးလို့ မပြောတာ"
ပရစ်စီလာ က သူ့ကို မော့ကြည့်ရင်း ပြောသည်။
"မဟုတ်တာပဲကွာ၊ ဘယ်လိုလုပ်ပြီး အရူးလို့ထင်စရာ အကြောင်းရှိမှာလဲ။ ကိုယ်ဟာ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး လေ၊ စိတ်အမျိုးမျိုးကို လေ့လာနေတာ မဟုတ်လား၊ ဒီလိုလေ့လာရင်း စိတ် ထင့်ရင် တစ်ခုခု ဖြစ်တတ်တယ်ဆိုတဲ့ အတွေ့အကြုံတစ်ခုကိုလဲ ကိုယ် ရလာခဲ့တယ်၊ စိတ်ရဲ့သတ္တိ ထူးတစ်ခုခုက အလိုလို သိခြင်း ဆိုပါတော့၊ ဒါမျိုးရှိတာပဲ၊ မင်း သောကရောက်နေတာကို စောစော ကတည်းက အမှန်အတိုင်း ဖွင့်ပြောပြဖို့ ကောင်းတာပေါ့၊ ဒီလိုဆိုရင် ကိုယ်ပါ မင်းနဲ့အတူတူလိုက်ရမ လား၊ ကိုယ်ကလဲ နန်စီနဲ့ တွေ့ချင်နေတာ၊ စန်စရန်စစ္စကို ကို မသွားခင်ကတည်းက တွေ့ချင်နေတာ အခွင့်မသာခဲ့ဘူး"
လင်ဒန် ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"မဟုတ်တာဘဲ၊ ကျွန်မနောက်ကို ရှင် လိုက်လာရင် အလုပ်တွေ ပျက်ကုန်တော့မှာပေါ့၊ ကျွန်မ ပြန် လာတော့ နန်စီ ဘာဖြစ်တယ်ဆိုတာ အသေးစိတ် ပြန်ပြောပြမယ်နော်"
ထို့နောက် သူတို့ လက်ချင်းချိတ်ထားကြသည်။
"စိတ်အေးအေးထားပါကွာ၊ ဒါလောက်လဲ သောကရောက်မနေပါနဲ့၊ ကလေးတွေဟာ သူတို့ဘာသာ သူတို့အဆင်ပြေသွားကြမှာပါ၊ တကယ်ပဲ ပြဿနာတစ်ခုခုနဲ့ ကြုံနေရတယ်ဆိုရင် ဖုန်းပြန်ဆက် လိုက်၊ ကိုယ် လိုက်လာစေချင်တယ်ဆိုရင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ လိုက်လာခဲ့မယ်"
"ရှင့် ကို ဒုက္ခမပေးချင်ပါဘူးရှင်"
ခံစားချက်ကင်းမဲ့သော အသံတစ်ခု အသံချဲ့စက်မှတစ်ဆင့် ပေါ်ထွက်လာလေသည်။
"စန်ဖရန်စစ္စကိုမြို့ကို လိုက်ပါမယ့် ခရီးသည်များ ခရီးစဉ်အမှတ် ငါးခြောက်ကိုး…"
"ပရစ်စီလာ ဘာဖြစ်လို့ ဒီစကားမျိုး ပြောရတာလဲ၊ မင်းကို ကိုယ် ဘယ်လောက်ချစ်တယ်ဆိုတာ အခုအချိန် အထိ မင်း သဘောမပေါက်သေးဘူးလား"
"၀မ်းသာပါတယ် မောင်ရယ်၊ ကျွန်မထင်တယ်လေ ဟိုဒင်း ကျွန်မလဲ သိတယ်လေ၊ ကျွန်မလဲ ရှင့်ကို ချစ်တာပဲ"
သူတို့နှစ်ယောက် နောက်ဆုံးအတူနေခဲ့ကြရသော အချိန်ကလေးဖြစ်ပါသည်။
ပြီးတော့ တစ်ယောက်ကို တစ်ယောက်ချစ်ကြောင်း အပွင့်လင်းဆုံး ပြောခဲ့ကြသည့်အချိန်လည်း ဖြစ် ပါသည်။
နောက်နေ့ညတွင် ပရစ်စီလာက ဖုန်းပြန်ဆက်သည်။
လင်ဒန် အတွက် စိတ်ပူကြောင်း၊ စကားလည်း ပြောချင်လို့ ဆက်ခြင်းဖြစ်ကြောင်း၊ နန်စီ နှင့် အတူတူ ညစာ စား နေကြောင်း၊ ညစာစားနေရာမှထပြီး ဆက်ခြင်းဖြစ်ကြောင်း၊ တည်းနေသည့် ဟိုတယ်ပြန် ရောက်ချင်း တစ်ခါ ဆက်ဦးမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် လင်ဒန် အိမ်ပြန်ရောက်နေမည်လား။
ပရစ်စီလာ၏တယ်လီဖုန်းကို သူ တစ်ညလုံး စောင့်ပါသည်။
သို့သော် တယ်လီဖုန်း လုံးဝမလာတော့။
ပရစ်စီလာ သည်လည်း သူတည်းနေသည့် ဟိုတယ်သို့ လုံးဝပြန်ရောက်မလာတော့။
ထိခိုက်မှုကြီး ကို နောက်နေ့တွင် သူ ကြားသိရလေတော့သည်။
ညစာစားပြီးသောအခါ ပရစ်စီလာ သည် သူ ငှားထားသည့် ကားကိုမောင်းပြီး တည်းခိုရာဟိုတယ်သို့ ပြန် လာသည်။
သို့သော် လမ်းမှာပင် မော်တော်ကားဘီးထိန်း လက်ကိုင် ချွတ်ယွင်းပြီး လမ်းဘေးရှိ ရေမြောင်းထဲသို့ ကား ထိုးကျ သွားတော့သည်။
ပရစ်စီလာ ပွဲချင်းပြီး ကွယ်လွန်ရှာသည်။
လင်ဒန် အနေဖြင့် နန်စီ ဆီသို့ ချက်ချင်း လိုက်သွားဖို့ပဲဖြစ်သည်။
သို့သော်လည်း ကြိုးစား၍ အဆက်အသွယ်လုပ်ရင်း နောက်ဆုံး နန်စီ ရှိနေသည့်နေရာနှင့် အဆက် အသွယ် ရသည်။
နန်စီနှင့် စကားမပြောရ။
ကားလ်ဟာမွန်ဆိုသူနှင့် စကားပြောရသည်။
ကားလ်ဟာမွန် သည် ပါမောက္ခကြီး တစ်ဦးဖြစ်သည်။
နန်စီ နှင့် လက်ထပ်ဖို့ စီစဉ်ထားပြီးသူဖြစ်ကြောင်း လင်ဒန်ကို ရှင်းပြသည်။
သူ ရှင်းပြပုံ၊ ပြောပုံ ဆိုပုံတို့မှာ ပိုင်စိုးပိုင်နင်း ရှိလှလေသည်။
နောက်ပြီးတော့ သူတို့ကိစ္စများလည်း အားလုံး ပြီးဆုံးသလောက်ရှိနေကြောင်းပါ ပြောပြသည်။
မိခင် ကွယ်လွန်သွားသော်လည်း နန်စီ သည် အိုဟိုင်းယိုးသို့ ပြန်တော့မည်မဟုတ်ကြောင်း၊ မိမိတို့နှစ် ယောက် လက်ထပ်ကြတော့မည့် အစီအစဉ်များကို ညစာအတူစားရင်း ပရစ်စီလာ ကို မိမိတို့ ပြောပြ လိုက်ပြီး ဖြစ်ကြောင်း…
နန်စီ အသက်ငယ်လွန်းသေးသဖြင့် လက်ထပ်မည်ဆိုတော့ ပရစ်စီလာက သိပ်သဘောမတူချင် ကြောင်း၊ သို့သော်လည်း သဘာဝဖြစ်သောကြောင့် သူလည်း မလွန်ဆန်နိုင်ကြောင်း…
ပရစ်စီလာ ကို သူ့အရပ်သို့ပို့ပြီး သူ့ယောက်ျား၏အုပ်ဂူဘေးမှာ မြှုပ်နှံသဂြုင်္ိဟ်မည်ဖြစ်ကြောင်း၊ ထို ကိစ္စအားလုံး ကိုလည်း သူပဲ တာဝန်ယူလိုက်မည်ဖြစ်ကြောင်း၊ အားလုံးချောချော မောမောဖြစ်သွား မှာ သေချာ ကြောင်း၊
သူတို့နှစ်ယောက် အမြန်ဆုံး လက်ထပ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ထင်ကြောင်း။
ယခုအချိန်တွင် နန်စီနှင့် စကားမပြောစေချင်ကြောင်း၊ နန်စီကို အနှောင့်အယှက်ပေးရာကျမည် စိုးရိမ် ကြောင်း။
ပါမောက္ခ ကားဟာမွန် က လင်ဒန်ကို အသေးစိတ်ရှင်းပြသည်။
လင်ဒန် အနေဖြင့် ဘာမှလုပ်စရာမရှိတော့ပါ။
သူ လုပ်နိုင်တာရော ဘာရှိပါသေးသနည်း။
မိမိနှင့် နန်စီ၏အမေ ပရစ်စီလာတို့ မေတ္တာမျှနေကြသည့်အကြောင်း နန်စီကိုပြောဖို့ လိုပါဦးမည် လား။
ပြောလို့ရော ဘာအကြောင်းထူးမည်နည်း။
သူ့ကို နှောင့်ယှက်ရပါမည်လားဆိုကာ နန်စီ၏ဒေါသူပုန်ထခြင်းကိုသာ ခံရဖို့ရှိလေသည်။
ပါမောက္ခကြီး ပြောပြနေပုံမှာ ပိုင်ပိုင်နိုင်နိုင်ရှိသည်။
ပြီးတော့ မှန်လည်းမှန်သည်။
နန်စီ၏ အသက်မှာ ဆယ့်ရှစ်နှစ်ပင် မပြည့်သေးလေတော့ ပရစ်စီလာ စိတ်ပူမည်ဆိုကလည်း ပူလောက် ပါသည်။
သည်အရွယ် နှင့် လက်ထပ်မည်ဆိုခြင်းမှာ စောလွန်းလှသည်။
သို့သော်လည်း ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒေါက်တာ လင်ဒန်မိုင်းလ်စ်အနေဖြင့် ဘယ်လိုမှ ကြားဝင် စွက်ဖက်နိုင်ခြင်း မရှိပါ။
စွက်ဖက်ခွင့်လည်း မရှိပါ။
ထို့နောက် လန်ဒန်တက္ကသိုလ်တွင် စာသင်ဖို့ သူ့ကို ကမ်းလှမ်းသည်။
သူကလည်း ကျောင်းဆရာအလုပ်ကို ၀မ်းသာအားရလက်ခံလိုက်လေသည်။
ထိုအချိန်က စပြီး တိုင်းပြည်အပြင်သို့ သူ ရောက်သွားသည်။
ဟာမွန်လူသတ်မှုကြီးအကြောင်းကို ဘာမှမသိတော့။
အမှုစစ်ဆေးပြီးစီးသွားတော့မှသာ နားစွန်းနားဖျားကြားလေသည်။
လန်ဒန် တက္ကသိုလ် မှာပင် အယ်လစ်ဆင်နှင့် သူ တွေ့ခဲ့ခြင်းဖြစ်သည်။
အယ်လစ်ဆင် သည် လန်ဒန်တက္ကသိုလ်မှ ဆရာမတစ်ဦး ဖြစ်လေသည်။
လောကကြီးတွင် တစ်ယောက်တည်းနေခြင်းသည် မသင့်လျော်ကြောင်း ပရစ်စီလာက သူ့ကို သင်ကြား ပေးခဲ့ သလို ဖြစ်နေသည်။
သည်လိုဖြင့်ပင် အယ်လစ်ဆင်နှင့် သူ လက်ထပ်ဖြစ်သွားသည်။
လုံးဝ ပျောက်ကွယ်သွားသော နန်စီဟာမွန် မည်သည့်အရပ်သို့ ရောက်နေလေသနည်းဟု တစ်ခါ တစ်ရံ တော့ သူ စဉ်းစားကြည့်မိတတ်ပါသည်။
ဘော့စ်တွန်မြို့ သို့ သူ လာရောက်နေထိုင်သည်မှာ နှစ်နှစ်ခန့်ရှိပေပြီ။
ကိပ်ကော့ တွင် နန်စီဟာမွန် ရှိနေသည်ကို သူမသိ။
သူ နေနေသည့်အရပ်နှင့် နန်စီ ရှိနေသည့် ကိပ်ကော့သည် တစ်နာရီခွဲလောက် ကားမောင်းသွား လျှင် ရောက်နိုင်သော အရပ် ဖြစ်ချေသည်။
သည်တစ်ခါတော့ နန်စီထံသို့ သူ အရောက်သွားရပေတော့မည်။
ပရစ်စီလာ ကွယ်လွန်တုန်းက သွားရန် ပျက်ကွက်ခဲ့ဖူးလေရာ သည်တစ်ခါတော့ ထိုကြွေးကို ပြန် ဆပ်ရပေ တော့မည်။
တယ်လီဖုန်းခေါင်းလောင်းမည်သည်။
ချက်ချင်း ဆိုသလိုပင် အင်တာကွမ်းအချက်ပြမီးပါ လင်းလာသည်။
အင်တာကွမ်း ကို သူ ကောက်ကိုင်သည်။
"မစ္စက်မိုင်းလ်စ် ဖုန်းဆက်နေပါတယ် ဒေါက်တာ"
သူ၏အတွင်းရေးမှူးက အကြောင်းကြားခြင်းဖြစ်သည်။
ထို့ကြောင့် တယ်လီဖုန်းကို ပြောင်းကိုင်သည်။
အယ်လစ်ဆင် ၏ စိတ်ထိခိုက်သောလေသံကို ကြားရသည်။
"ဒါလင်၊ နန်စီဆိုတဲ့ ကလေးမလေး သတင်းဆိုးကြီးကို ကြားလိုက်သလားဟင်"
"ကြားတယ်၊ ကြားလိုက်တယ်"
သူက ပြန်ဖြေသည်။
ပရစ်စီလာ နှင့် သူ့အကြောင်း အယ်လစ်ဆင်ကို သူ ပြောပြဖူးသည်။
ထို့ကြောင့် ဇာတ်လမ်းအားလုံး အယ်လစ်ဆင် သိနေသည်။
"ဒီလိုဆိုရင် ဒါလင် ဘာလုပ်မလဲဟင်"
အယ်လစ်ဆင်က မေးသည်။
သူ၏ ဇာတိစိတ်က ချမှတ်ထားသည့် ဆုံးဖြတ်ချက်သည် အယ်လစ်ဆင်၏မေးခွန်းကြောင့် အတည် ဖြစ်သွား လေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကိုယ် လုပ်သင့်ခဲ့တဲ့ အလုပ်တစ်ခုကို အခုလုပ်ရတော့မှာ ပေါ့ကွယ်၊ ကလေးမလေး ကို ကိုယ်တတ်နိုင်သမျှ အကူအညီပေးရတော့မယ်၊ မင်းဆီကို ဖုန်းဆက်ဖို့ အခွင့်အရေး ရတာနဲ့ တစ်ပြိုင်တည်း ကိုယ် ပြန်ဆက်လိုက်ပါ့မယ်"
ဖုန်းကိုချသည်။
အင်တာကွမ်းကို ပြန်ကောက်ကိုင်သည်။
သူ၏အတွင်းရေးမှူးကို လိုရင်းပြောပြလိုက်သည်။
"နေ့ခင်းပိုင်း ငါကြည့်ရမယ့်လူနာတွေကို ငါ့ကိုယ်စားကြည့်ပေးဖို့ ဒေါက်တာမားကပ်စ်ကို ကျေးဇူးပြု ပြီး ပြောပေးပါနော်၊ သိပ်အရေးကြီးတဲ့ အရေးပေါ်ကိစ္စ ပေါ်လာတဲ့အကြောင်း ပြောပြပေးပါ၊ နောက် ပြီးတော့ ဒီနေ့ညနေ လေးနာရီမှာ ငါ ၀င်ရမယ့် သင်တန်းကိုလဲ ဖျက်လိုက်ပါ၊ ကိပ်ကော့ကို အခု ချက်ချင်း မော်တော်ကား နဲ့ သွားစရာအကြောင်း ရုတ်တရက် ပေါ်လာလို့"
အခန်း (၁ဝ) ဆက်ရန်
.
2 comments:
ဒီဇာတ်လမ်းလေး ကြိုက်တယ်မရွှေစင်ရေ.. သေချာစောင့်ဖတ်နေတာ။ တင်ပေးတာကျေးဇူးပါရှင်။
ဖတ်သွားပြီ ညီမရေ။
အခန်းဆက်ကို စောင့်မျှော်နေတယ်နော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment