Tuesday, July 19, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂၁)

လွမ်းလိုက်လေ ဆရာရယ်
စောမုံညှင်း

ဤစာကို ဆရာဖြစ်ရာ ဘ၀ မှာ ဖတ်သိနိုင်ပါစေဆိုပြီး အိပ်ယာထဲမှ မထနိုင်သူ ကျွန်မက မြေးကို ကိုယ်စား ရေးခိုင်း ရပါသည်။ ဆရာဟာ ဘ၀တစ်ပါးမပြောင်းသေး အသက်ရှိနေဆဲ သုခရိပ်သာမှာ ရှိနေဆဲဟု ထင်မိ ပါသည်။ ကျွန်မတို့အဖွဲ့ဝင် လေးဦး မှာ သုခ၊ မြတ်ထိန်၊ သိပ္ပံမှူးတင် နှင့် စောမုံညှင်း တို့ကို ဇာတ်ဆရာ အဖြစ် ဦးဆောင်စေသူမှာ ဆရာပဲ ဖြစ်ပါတယ်။

ဆရာ က လက်ခံလိုက်လျှင် အားလုံး သဘောတူပါတယ်။ ပြည်မြို့၊ ကျိုက်လတ်မြို့များကို ဟောပြောပွဲ သွားဖို့ ဆရာက တာဝန်ယူပြီး လက်ခံလိုက်ပါတယ်။ ကျိုက်လတ်ဆိုသည်မှာ ဆရာ၏မြို့ မဟာဂီတ ဦးပြုံးချို၊ ကျိုက်လတ်ဆရာချစ်တို့ ထင်ရှားခဲ့သည့် မြို့ဖြစ်သည့်အလျှောက် ဟောပြောပွဲများမှာ ကြီးကျယ် ခမ်းနား ခဲ့ပါသည်။ မုံရွာလယ်တီပူဇော်ပွဲသို့လည်း ဒဂုံဦးစန်းငွေ၊ ဦးကြည်ခင်၊ ဦးမြင့်စိုး၊ လယ်တီဦးလှပိုင် တို့ နှင့် တက်ရောက်ခဲ့ပါတယ်။

ရထားပေါ်မှာ ဆရာက ဦးလှပိုင်နှင့် ဦးစန်းငွေတို့ကို ရတု၊ တေးထပ်ပူဇော်ဖို့ မှာကြားလိုက်ရာ ဆယ်မိနစ်ခန့် အကြာ တွင် ဦးစန်းငွေက "ရပြီဆရာ" ဟု ပြောပါသည်။ "မြိုင်နန်းရဂုံ၊ စုံအဂဏ်နှင့် မငုံတစ်ငုံ၊ ငုံတစ်ငုံ၊ လယ်တီ ဥယျာဉ်၊ ပန်းတစ်ခိုင်မှာ၊ ရနံ့ကြိုင်လှိုင်၊ ဂုဏ်သတင်းတွေကမြူး" ဟု အစချီ၍ ရှစ်ဆယ်ပေါ် တေးထပ် ကို စောမုံညင်းက စိန်ညှာမြိုင်အဖွဲ့နှင့် သီဆိုကျူးရင့်ရပါတယ်။ မုံရွာပရိသတ် ရဟန်း ရှင်လူ များဖြင့် ၀က်ဝက်ကွဲ စည်ကားခဲ့ပါတယ်။ လန်ဒန်တွင် ဘုရင်ခံကတော်လေဒီကြီးများက မြန်မာ့ ကိုယ်စားလှယ် လူငယ် ကျွန်မ ကို ကင်းထောက် ကိုယ်စားလှယ်အဖြစ် ဂုဏ်ပြု၍ "လေဒီမုံညှင်း" ဟု နာမည် ခေါ်လေ့ ရှိရာ ယခုလယ်တီရောက်တော့ လယ်တီမုံညှင်းဖြစ်ချင်သဖြင့် ဆရာတော် ဦးကေလာသက လယ်တီ အပြန်တွင် လယ်တီမုံညှင်းဖြစ်စေသတည်းဟု နာမည်ပေးခဲ့ပါသည်။

ဆရာကြီးသုခ က ဆရာတော် ဘုရား၏ ကျမ်းပေါင်းစုံကို ရွတ်ပြသည်။ လယ်တီဆရာတော်ဘုရားသည် ရထားဘီး များကို ကြည့်၍ ဘ၀ သံသရာသီချင်းကို ရေးစပ်ခဲ့ရာ ဘ၀သံသရာနှင့် ဦးသုခသည် ခွဲ၍ မရနိုင်ပါ။ တီးမှုတ်သီဆိုကြပါသည်။ လယ်တီဆရာတော်ဘုရား၏ "နွားမေတ္တာစာ" ကိုလည်း ဆရာကြီးဦးသုခ က ရွတ်ပြခဲ့ဖူးသည်။ ဘ၀သံသရာ သီချင်း မဆိုဘဲ မပြီးပါ။
"ရှည်လျားထွေပြား … မနေမနား … တသွားထဲသွားကြတာ … ခရီးပန်းတိုင် … မရောက်မချင်း … တစ်ယောက်ဆင်း … တစ်ယောက်တက် … ဆက်လက်ထွက်ခွာ … လောဘရယ် … ဒေါသရယ် … မောဟ ရယ် … အ၀ိဇ္ဇာ ပစ္စယာ … သင်္ခါရာတဲ့ … ငိုလိုက် ရယ်လိုက် … ပျော်ကာရွှင်ကာ … ဘယ်ဟာမတည်မြဲ … ဖောက်လွဲဖောက်ပြန် … အကြောင်းကံ ကမ္မသကာ" စသည်ဖြင့် မီးရထားဘီးများကို ကြည့်၍ ရေးခဲ့ပါသည်။

"ဖြစ်ချင်တာလည်း မဖြစ်ရပါ … မဖြစ်ချင်တာလည်း ဖြစ်ရတာ … သုံးဆယ်တစ်ဘုံ ၀ဋ်အတွင်းရောက်၍ … ကရွတ်ကင်း လျှောက် လို့ တေးဘုမ္မာ … အဲဒါ … အဲဒါ … အဲဒါ ဘ၀သံသရာ" ဆရာကြီး မဟာဂီတ ဦးပြုံးချို ၏ တေးဘုမ္မာကိုလည်းကောင်း၊ ကျက်သရေရှိစွာ ရွတ်ဆို သွားခဲ့ပါသည်။ ဦးပြုံးချို၏ ကြေးရုပ်ကို ဖွင့်ဖြစ်အောင် ဆရာကြိုးစားခဲ့ပါသည်။ ဆရာဦးသုခက လယ်တီဆရာတော်ဘုရား၏ ဂုဏ်ကျေးဇူးများကို ဖော်ထုတ်ရင်း၊ ဆရာမြတ်ထန်က ဂျပန်ခေတ် တပ်မတော်သားဘ၀အကြောင်း၊ ဆရာမှူးတင်က လူငယ်များ၊ အရက်၊ ဆေးလိပ်၊ ရှောင်ကြဉ်ရေးနှင့် စောမုံညှင်းက ယဉ်ကျေးသော အမျိုးသမီးများ အကြောင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲပြီးသော နာရီပြန်နှစ်ချက် တွင် မအိပ်ကြဘဲ ပူပူနွေးနွေး မုန့်ဟင်းခါး ကို စားပြီး အသင့်စောင့်နေသည့် မော်တော်ပေါ်သို့ တက်ကာ ရန်ကုန်သို့ ပြန်ခဲ့ကြပါသည်။

ဆရာသည် အနုပညာရှင် တက္ကသိုလ်တင်မာင်ထွေး လှူဒါန်းသော ရွှေစောင်းဆုကိုလည်း ဦးစွာရခဲ့သည်။ နိုင်ငံတော် က ချီးမြှင့်သော အလင်္ကာကျော်စွာဘွဲ့ကို ဦးစွာ ရရှိခဲ့သော်လည်း ကြွားဝါခြင်း မပြုခဲ့ပါ။ ဆရာ့အိမ် က ဘုရားစင်သည် ကြည်ညိုစရာ အလွန်ကောင်းသည်။ ကျေးလက်ဟောပြောပွဲများ ရောက်လျှင် ဟောမည့်စင်မြင့်သို့ အရင်ဆုံး ပို့ခိုင်းသည်။ ဘယ်မီးက ဘယ်လိုထားသလဲဟု လိုက်ကြည့်ပြီး "ငါ့မင်းသမီး အရုပ်ဆိုးသွားမှာ စိုးတယ်" ဟု ပြောကာ ပထမဆုံးစင်မြင့် ကို လေ့လာပါသည်။ ဆရာသည် ဤမျှလောက် ကရုဏာရှိသူ ဖြစ်ပါသည်။ ခေါ်လိုက်လျှင် ရင်ရင်ရေတဲ့။ ကျွန်မတို့ ဟောပြောပွဲများ၌ ကဗျာ၊ လင်္ကာ တွေ ရွတ်ဆိုခြင်းပြုသဖြင့် "လူကြိုက်မှာပေါ့ သီချင်းတွေ ဆိုတာကိုး" ဟု ဝေဖန်ကြသည်။

လင်္ကာနှင့် သီချင်းကို ခွဲခြားပြီး မသိကြ။ "စောမုံညှင်း က အရွတ်ကြိုက်တယ်၊ ကျွန်တော်တို့က အသားမှ ကြိုက်တယ်" ဟု လှောင် ကြသည်။ ဘာပဲဖြစ်ဖြစ် စာရေးသူအဖို့ ဆရာဦးသုခအရိပ် ကို မှီခိုရခြင်းကား စိတ်ချမ်းမြေ့ ပါသည်။ ဆရာ့ အဆိုမှာ စောမုံညှင်းသည် မြီးကောင်ပေါက် ကလေးများ ကို လှပစွာ ကဲ့ရဲ့ တတ်သူ ဖြစ်သည်ဟု ဆိုခဲ့သည်။ သိပ္ပံမှူးတင်က လာ၍ မိမိ၏ ကျန်းမာရေးကို မေးရင်း "ဆရာမ အားတင်း ထားပါ အခုနှစ်ယောက်တည်း ကျန်တော့တယ်" ဟု ပြောပါသည်။ ယခုဆရာက နှစ်တစ်ရာပြည့်ပြီ။ သက်ရှိ ထင်ရှား မရှိတော့ဟု မပြောရက်ပါ။ ဇနီးဒေါ်ကြင်မေ နှင့် သား ကိုရဲတော့ဖြင့် သုခရိပ်မြုံ၌ နေမြဲတိုင်း ရှိနေမည်ဟု ထင်မိပါသည်။ ဆရာ့ စေတနာ၊ မေတ္တာဖြင့် ပညာဂုဏ်ကို အမီလိုက်နိုင်သူ မရှိသေးပါ။ ဤဆောင်းပါးလေးကို ဆရာဖြစ်ရာ ဘ၀မှာ ဖတ်ရပါစေဟု ဆုတောင်းမိပါသည်။

စောမုံညှင်း
၁၀.၈.၂၀၀၉
စွယ်စုံပညာရှင်ကြီးနှင့် ရာပြည့်အလွမ်း
ဒေါက်တာလှဖေ

"စွယ်စုံပညာရှင်ကြီး" မှာ အခြားသူမဟုတ်နိုင်ပါ။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်၊ ဘာသာရေး နယ်ပယ်စုံတွင် သူများ နှင့် မတူအောင် တံခွန်စိုက်ထူခဲ့သော "ဆရာကြီးဦးသုခ" ပင်ဖြစ်ပါသည်။ တစ်ခေတ်တွင် တစ်ယောက်ဟု ဆိုနိုင်လောက်သူ ဆရာကြီး ဦးသုခ ကို အမွှန်းတင်ရေးသားရလျှင် "အကယ်ဒမီ ရုပ်ရှင်ဆုရှင် ဒေါက်တာဦးသုခ"ဟု ရေသားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးဦးသုခ၏ အနုပညာ ပါရမီ ထူးချွန်မှုကြောင့် နိုင်ငံတော်အစိုးရကပင် "ပါရဂူဒေါက်တာ" ဘွဲ့ကို ချီးမြှင့်သောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေသော "အမေနေ့"၏ ကနဦး ဗိသုကာရှင်ကြီးလည်း ဖြစ်ပါ သည်။ နာယကကြီးလည်း ဖြစ်ပေသည်။ ဤဆောင်းပါးမှာ ဆရာကြီး အတွက် "ရာပြည့်အလွမ်းစာ" ဖြစ်ပါသည်။

အပြင်တွင် ဆရာကြီးကို စာရေးသူတစ်ကြိမ်သာ တွေ့ဖူးပါသည်။ စာအုပ်၊ စာနယ်ဇင်များ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား များတွင်တော့ ဆရာကြီးကို မကြာခဏတွေ့ဖူးခဲ့သည်။ ဆရာကြီးကျင်လည်ခဲ့သော အနုပညာ နယ်ပယ် များအနက် စာရေးသူ အထိအတွေ့အများဆုံး နယ်ပယ်မှာ ရုပ်ရှင် (ရုပ်မြင်သံ ကြား ဇာတ်လမ်း များလည်းပါသည်)နှင့် စာပေနယ်ပယ်များပင် ဖြစ်ပေသည်။

ရုပ်ရှင်နယ်ပယ်

ဆရာကြီးဦးသုခ၏ ရုပ်ရှင်အနုပညာစွမ်းရည်ကို စာရေးသူငယ်စဉ်ကပင် စတင်တွေ့ထိသိရှိခဲ့ပါ သည်။ စာရေးသူ ခုနှစ်နှစ်သား ရှစ်နှစ်သားအရွယ် ၁၉၅၅-၅၆ခုနှစ်လောက်က ပြသခဲ့သော ရုပ်ရှင်ကြည့် ပရိသတ်များ တိုးမပေါက်အောင်ကြည့်ခဲ့ကြသော နာမည်ကြီး 'ဘ၀သံသရာ'ဇာတ်ကားကို စာရေးသူ ကြည့် ခဲ့ရသည်။ စာရေးသူ၏မွေးဖွားရာမြို့ဖြစ်သော မန္တလေးမြို့မှ "မန္တလေးရုပ်ရှင်"၏ ပထမဆုံးရုပ်ရှင်ကားကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း၊ မြန်မာနိုင်ငံ၏ဒေသ ရှုခင်းလှလှ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ထိပ်တန်း သရုပ်ဆောင်ချက် များကြောင့် ရုပ်ရှင်ချစ်ပြည်သူများ တစ်ခဲ နက် အားပေးနှစ်ခြိုက်ခဲ့သော ရုပ်ရှင်ကား အဖြစ် ဖန်တီးခဲ့ပါသည်။

 ရုပ်ရှင်ထူးချွန် ဆုပေးပွဲ တွင် "ဘ၀သံသရာ"ဇာတ်ကားကြီးမှာ အကောင်းဆုံး ရုပ်ရှင် ထူးချွန်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုများကို ရရှိခဲ့သည်။ ဆရာကြီး ဦးသုခ ကိုယ်တိုင် ဒါရိုက်တာ ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည်။ စာရေးသူသည် ကလေးဘ၀က ကြည့်ခဲ့ရသော "ဘ၀သံသရာ" ဇာတ်ကား ကို သိပ်မမှတ်မိသော်လည်း အလုပ်သင်ဆရာဝန်အဖြစ် အမှုထမ်းနေစဉ် ပြင်ဦးလွင်မြို့ ၌ ကြည့်ခဲ့ရသည့် "ဘ၀သံသရာ"ဇာတ်ကားကို အတော်မှတ်မိသည်။ ၁၉၇၅ခုနှစ်က ဖြစ် ပါသည်။

ထို့နောက် ဆရာကြီး ဒါရိုက်တာအဖြစ် ရိုက်ခဲ့သော ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခဲ့ရာ အလွန် ကြိုက် နှစ်သက် ခဲ့ပါသည်။ စကားပြောသော အသည်းနှလုံး ဇာတ်ကားတွင် ဒေါ်ကြည်ကြည်ဌေး၊ ဦး သိန်းမောင် တို့၏ သရုပ်ဆောင်မှုများမှာ အလွန်ကောင်းပါသည်။ ဦးသိန်းမောင်သည် ထိုရုပ်ရှင်တွင် ရုပ်ရှင်ထူးချွန်ဆု ကို ရခဲ့သည်။ စာမတတ်သူပပျောက်ရေးကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီးရိုက်ခဲ့ သော "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားတွင် ထန်းသမားကိုချစ်စရာအဖြစ် သရုပ်ဆောင် ခဲ့သော အံ့ကျော်သည် ရုပ်ရှင်ထူးချွန်ဆု ရခဲ့သည်။ ဆရာကြီးဒါရိုက်တာအဖြစ် ရိုက်ခဲ့သော "ရွှေခြည် ငွေခြည်တန်းပါလို့" ရုပ်ရှင် ဇာတ်ကား သည် ကားကောင်းတစ်ကားအဖြစ် ထိုရုပ်ရှင်တွင် ဒေါ်မေနွဲ့ သည် ရုပ်ရှင်ထူးချွန်ဆု ရခဲ့သည်။

"အကာကအချစ် အနှစ်ကမေတ္တာ"ဇာတ်ကားတွင် ကောလိပ်ဂျင် နေ၀င်း၊ ကျော်ဟိန်း၊ ဆွေဇင်ထိုက်တို့ ပါဝင်ရာ နာမည်ကြီးသော ဇာတ်ကားဖြစ်ခဲ့ပါ၏။ ထိုရုပ်ရှင် ကားတွင် ဒေါ်စိန်ခင် သည် ရုပ်ရှင်ထူးချွန်ဆုကို ရခဲ့ပါ၏။ ဆရာကြီးဒါရိုက်တာအဖြစ် ရိုက်ခဲ့သော ဇာတ်ကားများမှာ အဆင့်အတန်းမြင့်မားသော ရုပ်ရှင် ကားကြီး များဖြစ်၍ ရုပ်ရှင်ကြည့်သူများ ရုံပြည့် ရုံလျှံ ကြည့်ခဲ့ကြသောကားများ ဖြစ်ကြပါသည်။ ဆရာကြီး သည် ရုပ်ရှင်ထူးချွန်ဆု(ဒါရိုက်တာ)ကို ခြောက်ကြိမ်တိတိ ရရှိခဲ့သော ထိပ်တန်းမြန်မာ့ရုပ်ရှင်ဒါရိုက်တာကြီး ဖြစ်ပါသည်။ မျက်မှောက် ကာလ မြန်မာနိုင်ငံတွင် ဆရာကြီးကဲ့သို့ ထူးချွန်ဖြစ်မြောက်သော ရုပ်ရှင် ဒါရိုက်တာကြီး များ၏ ရုပ်ရှင်ဇာတ်ကား ကောင်းများ ကို ထပ်မံကြည့်ရှုလိုပါသေးသည်။

ဆရာကြီးဦးသုခသည် ရုပ်ရှင်ဇာတ်ကားကောင်း များကို ဒါရိုက်တာအဖြစ် ရိုက်ခဲ့သည် သာမက 'ရုပ်မြင်သံကြား ဇာတ်ကားကောင်း' များကိုလည်း ရိုက်ခဲ့ရာ ရုပ်မြင်သံကြား ကြည့်သူများ၏ သည်းခြေကြိုက် ဇာတ်လမ်းကောင်းများ ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းအဖြစ် 'ရဟန်းစား ရသော ဆွမ်းတစ်နပ်' 'တစ်ပါးသီလ' စသော ဇာတ်လမ်းကောင်းများကို ရိုက်ခဲ့ရာ ဗုဒ္ဓဘာသာဝင်တိုင်း ကြည့်ရှု သင့်သော ဇာတ်လမ်းကောင်းများ ဖြစ်ခဲ့ပါသည်။ မြန်မာ့ရုပ်မြင်သံကြားဌာန၊ မြ၀တီ ရုပ်မြင်သံကြား ဌာနတို့ကလည်း ဘာသာရေးအခါကြီး၊ ရက်ကြီးနေ့များတွင် မကြာခဏ ထုတ်လွှင့် ပေးနေ ဆဲ ဖြစ်ပါသည်။ ထို့အပြင် ဆရာကြီး ဒါရိုက်အဖြစ် ရိုက်ကူးခဲ့သော 'အဖေနှင့်သား' ရုပ်မြင်သံကြား ဇာတ်လမ်းတွင် အရက်သမားအဖြစ် သရုပ်ဆောင်ခဲ့သော ဇော်လင်း၊ ဆရာဝန်အဖြစ်သရုပ်ဆောင်ခဲ့သော ရဲအောင်၊ ဇော်လင်း၏ ဇနီး အဖြစ် သရုပ်ဆောင်ခဲ့သော ချိုပြုံးတို့က ထူးထူးချွန်ချွန် သရုပ်ဆောင် ခဲ့ကြသည်။ ရုပ်မြင်သံကြားကြည့် ပရိတ်သတ်များ နှစ်ခြိုက်အားပေးခဲ့ကြသည်။

ဆရာကြီး ရိုက်ကူး ခဲ့သော အခြားရုပ်မြင်သံကြား ဇာတ်လမ်းတစ်ပုဒ်မှာ ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော ဇော်လင်း၊ ဇော်ဝမ်း၊ တင်တင်နွဲ့ပါဝင်သော 'လင်နှင့်မယား' ဟူသော ဇာတ်လမ်း ဖြစ်သည်။ နှစ်ပေါင်း အတော်ကြာပြီဖြစ်၍ ဇာတ်လမ်းအမည်နှင့်ဇာတ်ကောင်အမည် ကွဲလွဲမှုရှိနိုင်ပါ၏။ ဇာတ်လမ်း တွင် အမျိုးသား သရုပ်ဆောင် နှင့် အမျိုးသမီးသရုပ်ဆောင်တို့မှာ လင်မယားဖြစ် ကြ၏။ အမျိုးသား သရုပ်ဆောင် က အပြင်တွင် အမျိုးသမီးတစ်ဦးနှင့်ရှုပ်နေသူ ဖြစ်သည်။ ဇော်ဝမ်းမှာ ထိုဇာတ်လမ်းတွင် သူခိုး အဖြစ် သရုပ်ဆောင်ထားပြီး သူ့လက်ထဲတွင် လွန်ပူတစ်လက်ပါ၏။ ဇော်ဝမ်းသည် ဇော်လင်း နှင့် တင်တင်နွှဲ့ တို့ တိုက်ထဲသို့ဝင်၍ ခိုးနေစဉ် တင်တင်နွှဲ့ကဇော်ဝမ်းကို ဖမ်းမိသွားသည်။ ဇော်လင်းက အိမ်ပြန် အလာ ယောက်ျားတစ်ယောက် ကို ရိပ်ခနဲမြင်လိုက်ရသော အခါ ဇော်လင်းက တင်တင်နွှဲ့ကို ထိုယောက်ျား နှင့် စွပ်စွဲတော့သည်။

တင်တင်နွဲ့ က ဇော်လင်းစွပ်စွဲသလို သူမနှင့် ဖောက်ပြန်နေသော ယောက်ျား မဟုတ်ကြောင်း၊ ၎င်းယောက်ျား မှာ သူခိုးဖြစ်ကြောင်း၊ သူခိုး ကျန်ရစ်သော လွန်ပူ ကို ပြနိုင်ကြောင်း ရှင်းပြတော့သည်။ ထိုသို့ အချီအချ လင်မယားရန်ဖြစ်သံကို ကြားလိုက်သော ဇော်ဝမ်း က ဇာတ်သိမ်းပိုင်းတွင် ပြောကြားသော စကားမှာ "အော်သူ ရဲ့ လင်အပူကိစ္စကို ငါရဲ့လွန်ပူ နဲ့ ဖြေရှင်းတာပါလား" ဟူ၏။

စာပေနယ်ပယ်

ဆရာကြီး၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ်၊ မင်္ဂလသုတ်၊ မေတ္တသုတ်တို့ကို စာရေးသူ ဖတ်ရှုဖူးပါသည်။ ယခု အချိန်ထိ ဆရာကြီး၏ "သုခမှတ်စု" ကို မဖတ်ဖူးသေးပါ။
ဆရာကြီး သည် ၁၉၂၉ခုနှစ်တွင် စိန်သိန်းတန်ကလောင်အမည်နှင့် စံပယ်ပွင့်ဝတ္ထုကို ရေးသားပေးပို့ခဲ့ရာ က၀ိမျက်မှန်မဂ္ဂဇင်း တွင် ဖော်ပြခြင်းခံရသည်။ ၁၉၃၀ပြည့်နှစ်တွင် ရွှင်ပျော်ပျော်တိုက်၌ မောင်သိန်းမောင် အမည်ဖြင့် မိန်းမသား ၀တ္ထု ကို ရေးသားသည် ၁၉၃၄ခုနှစ်တွင် ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်သည့် "သုခ" ဟူသော ကလောင်အမည်ကို ခံယူခဲ့သည်။ သုခ၀တ္ထုတိုပေါင်းချုပ် ကို ငါးကြိမ်ထုတ်ဝေခဲ့သည်။

ကျောင်းနေစဉ် ကာလ ဖတ်မှတ်လေ့လာခဲ့ရသည့် မဟာဇနက၊ မဟောသဓာ၊ ဝေဿန္တရာ ဇာတ်တော်ကြီး များမှ ကိုယ်ပိုင် မှတ်စုများ ထုတ်ခဲ့ရာမှ အစပြု၍ နောင်တွင် "သုခမှတ်စု" စာအုပ်တစ်အုပ် ဖြစ်ပေါ် လာသည်။ ပရိယတ္တိစာပေကို ဆရာများနှင့် စနစ်တကျ မသင်ခဲ့ရသော်လည်း ဗုဒ္ဓစာပေကျမ်းဂန် ၂၀၀ကျော် ကို ကိုယ်ပိုင် ဖတ်ရှု့ လေ့လာခဲ့သဖြင့် ဓမ္မရသစာပေများကို နိုင်နင်းစွာ ရေးနိုင်ခဲ့သည်။ လုံးချင်းဝတ္ထု (၁၀၀)ကျော်၊ ၀တ္ထုတိုပေါင်း(၂၀၀)ကျော်နှင့် ကျမ်းစာအုပ်ပေါင်း(၁၂)အုပ်တို့ကို ရေးသား နိုင်ခဲ့သည်။ ရာမခရစ်ရှနာသုတ္တန်ပုံပြင်များ၊ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတနာ့သုတ်၊ လောကနီတိ၊ စိတ်ဆိုသောစိတ် နှင့် ၀ဉ္စနာဒီပနီ၊ ဓမ္မရသအလှမျိုးစုံ၊ စာမျိုးစုံ၊ သုတရသ ဓမ္မစာစုံ စာအုပ် တို့မှာ ဘာသာရေးစာအုပ်များ ဖြစ်သည်။

ဂီတနှင့်ပြဇာတ်

ဆရာကြီးဦးသုခ၏ ဘ၀သံသရာသီချင်း နှင့် ဂုဏ်သီချင်း တို့မှာ ကျော်ကြားသော သီချင်းများ ဖြစ်သည်။ "ဘ၀သံသရာ" ရုပ်ရှင်ကားတွင် ဆရာကြီးကိုယ်တိုင် သီဆိုခဲ့သော ဘ၀သံသရာသီချင်းမှာ တရားဓမ္မကို အခြေခံ ထား၍ တစ်နိုင်ငံလုံး ထင်ရှားကျော်ကြားခဲ့ပါသည်။ ဆရာကြီးသည် ဂျပန်ခေတ်တွင် ပြဇာတ်များ ရေးသား ကပြခဲ့သည်။ စာဆိုတော်နေ့များ၏ အစောပိုင်းကာလများတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ရန်ပုံငွေအတွက် ၀ိဇယ၊ ဦးပေါ်ဦးပြဇာတ်များ ဒါရိုက်တာလုပ်ကာ ကိုယ်တိုင်ကပြခဲ့သည်။ "မောင်ဖေငယ်" ပြဇာတ် တွင် မောင်ဖေငယ်အဖြစ် သရုပ်ဆောင်ခဲ့သည်။

နိုင်ငံခြားလေ့လာရေးခရီး

၁၉၆၈ခုနှစ်တွင် ဆိုဗီယက်ယူနီယံ (ယခုရုရှားနိုင်ငံ)၊ ဂျာမနီနိုင်ငံ၊ ကိုးရီးယားနိုင်ငံများသို့ (၃)လကြာ ရုပ်ရှင် လေ့လာရေး ထွက်ခဲ့သည်။ ၁၉၈၃ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာရုပ်ရှင်ပွဲတော်သို့ (၃)ပတ်ကြာ တက်ရောက် ခဲ့သည်။ ထိုရုပ်ရှင်ပွဲတော်တွင် ဆရာကြီးဦးသုခ ရိုက်ကူးခဲ့သည့် ချစ်အမျှနှင့် ရွှေခြည်ငွေခြည် တန်းပါ လို့ ရုပ်ရှင်ဇာတ်ကားများကို ပြသခဲ့ရသည်။

မိခင်နေ့နှင့်ဆရာကြီး

ဆရာကြီးသည် သားဖြစ်သူအလုပ်လုပ်ရာ ဂျပန်နိုင်ငံသို့ ခေတ္တသွားရောက် လည်ပတ်ခဲ့ရာမှ ဂျပန်လူမျိုးများ မေလ (၁၀)ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော "မိခင်နေ့" (Mother's Day) ပူဇော်ပွဲ ကို နှစ်ခြိုက် သဘောကျခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်ရာတွင် ဟောပြောပွဲများတွင်လည်းကောင်း၊ စာပေရေးရာ များ တွင်လည်းကောင်း၊ မိခင်နေ့၏ကျေးဇူးဂုဏ်ကို ဖော်ကျူးရေးသားဟောပြောလျက် ပြာသိုလပြည့် နေ့ကို မိခင် နေ့အဖြစ် သတ်မှတ်ပူဇော်နိုင်ရန် ကြိုးပမ်းလှုံ့ဆော်ခဲ့သည်။ ဆရာကြီး၏ ဆန္ဒ မှာ အမေတစ်ဦးတစ်ယောက် ၏ မွေးနေ့မဟုတ်၊ ပုဂ္ဂလဓိဌာန်တစ်ဦးတစ်ယောက်၏ မိခင်တစ်ဦးဦးကိုသာ ပူဇော်ခြင်းမျိုး မဟုတ်၊ အသိအမှတ်ပြုခြင်းမျိုး မဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး သားသမီး တို့၏ မိခင်တစ်ဦးစီ ကို သားသမီးအသီးသီးက ပူဇော်ကန်တော့ခြင်းမျိုး ဖြစ်စေလိုခဲ့သည်။

ထို့အပြင် အမေဟူရာ၌ ဥစ္စာဓနပေါ များခြင်း၊ ဆင်းရဲခြင်း၊ ဂုဏ်ရှိခြင်း၊ ဂုဏ်မဲ့ခြင်း၊ အမျိုးမြတ်ခြင်း၊ အမျိုးနိမ့်ခြင်း၊ ပညာရှိခြင်း၊ ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ မတင့်တယ်ခြင်း၊ ကိုယ့်ကျင့်တရား ပြည့်ဝခြင်း၊ ကိုယ့်ကျင့်တရား ချို့ငဲ့ခြင်း၊ ကျန်းမာ ခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏ ၀တ္တရားကျေပွန်ခြင်း၊ မိခင် တို့၏ ၀တ္တရားပျက်ကွက်ခြင်း၊ စသည်တို့ကို ပဓာနမထား၊ "အမေသည် အမေသာ ဖြစ်သည်" ဟူသော အနှစ်သာရ ကို ကြည်ညိုခြင်းမျိုး ဖြစ်စေလိုခဲ့ပေ သည်။ ၁၉၉၇ုနှစ်၊ ဇန်န၀ါရီလ ၂၃ရက်၊ မြန်မာသက္ကရာဇ် ၁၃၅၈ခုနှစ် ပြာသိုလပြည်နေ့တွင် မန္တလေးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ပထမဆုံး "အမေနေ့" ကို စတင်ပြုလုပ် နိုင်ခဲ့ပါသည်။ ဆရာကြီးကိုယ်တိုင် မန္တလေး "အမေနေ့"တွင် အားရပါးရ ဟောပြောခဲ့ပါသည်။ ဆရာကြီး ကို အမေနေ့ ကျင်းပရေးကော်မတီက နာယကကြီးအဖြစ် နှစ်စဉ်ဂုဏ်ပြုပေးခဲ့သည်။

ရရှိသောဆုများ

၁၉၆၀ - သူရဿတီဆု
၁၉၉၄ - ပခုက္ကူဦးအုံးဖေ တစ်သက်တာဆု
၁၉၉၇ - အာဆီယံယဉ်ကျေးမှုဆု
၂၀၀၂ - ၀ိဇ္ဇာပညာထူးချွန်ဆု (ပထမအဆင့်)
ရုပ်ရှင်ထူးချွန်ဆုများ (အကယ်ဒမီ)

ဆရာကြီးသုခသည် ၁၉၃၈ခုနှစ်တွင် ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်။ ၁၉၄၈ခုနှစ်တွင် ချစ်အဏုမြူဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့သည်။ ထိုကားအတွက် စာရေးဆရာအသင်းက ချီးမြှင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ရရှိခဲ့သည်။ ရုပ်ရှင် ရိုက်ကူးခဲ့သော ဇာတ်ကားပေါင်း (၃၅)ကားအနက် ဒါရိုက်တာအကယ်ဒမီဆုကို (၆)ကြိမ် ရရှိခဲ့သည်။ သြော်မိန်းမ (၁၉၅၄)၊ ဘ၀သံသရာ (၁၉၅၇)၊ စကားပြောသောအသည်းနှလုံး (၁၉၆၈)၊ ကျွန်မမှာမိန်းမသား (၁၉၇၀)၊ ဘယ်သူပြိုင်လို့လှပါတော့နိုင်(၁၉၇၃)၊ ရွှေခြည်ငွေခြည်တန်းပါလို့ (၁၉၇၅)တို့ ဖြစ်ကြသည်။

အခြားဂုဏ်ထူးဘွဲ့ထူးများ

၁၉၅၇ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ ၁၉၉၄ခုနှစ် ဇနန်ဝါရီလ (၄)ရက် လွတ်လပ်ရေး နေ့တွင် မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၁ခုနှစ် အောက်တိုဘာ လ (၂၆)ရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ အပ်နှင်းခြင်း ခံခဲ့လေသည်။

နာယကအဖြစ်ဆောင်ရွက်ခြင်း

ဆရာကြီးဦးသုခသည် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (၀ိုင်အမ်ဘီအေ)၏ နာယက၊ စေတီယင်္ဂဏ အသင်း နာယက၊ တိပိဋကနိကာယ သာသနာပြုဥပဌာပကအဖွဲ့၏ ဂုဏ်ထူးဆောင်နာယက တာဝန်များကို ဆောင်ရွက် ခဲ့သည်။ တိ-နိစာအုပ် အနုပညာမော်ကွန်းအဖွဲ့၏ နာယကအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ နာယကကြီးအဖြစ် လည်းကောင်း၊ အမေနေ့ကျင်းပရေးကော်မတီ၏ နာယက အဖြစ် လည်းကောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ နာယကကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ ပါသည်။

သုခိအတ္တာနံ ပရိဟရန္တု

ဆရာကြီးသုခသည် မိမိရေးသားသော စာများတွင် ဖြစ်စေ၊ ဟောပြောပို့ချပွဲများတွင်ဖြစ်စေ "သုခအတ္တာနံ ပရိဟရန္တု" ဟူသော စာကြောင်းဖြင့် နိဂုံးအဆုံးသတ်၍ မိမိ ပရိသတ်ကို ဆုတောင်းပို့သမြဲ ဖြစ်သည်။ တောင့်တတိုင်း အလိုပြည့်သည့် အတုအယောင်စိတ်ချမ်းသာမှုမျိုးသာ မဟုတ်ဘဲလောဘ၊ ဒေါသ၊ မောဟ ကင်းသော ပီတိသုခ ဓမ္မချမ်းသာစွာဖြင့် မိမိကိုယ်တိုင် သဘောပေါက် ဆောင်ရွက်ခံစားနိုင်ကြပါစေဟု လေးနက်စွာ မေတ္တာပို့သခြင်းဖြစ်ကြောင်း" ဆရာကြီးကိုယ်တိုင် ရေးသားဖော်ပြခဲ့သည်။

ကိုယ်ရေးအကျဉ်း

အမည်ရင်းမောင်သိန်း ဖြစ်သည်။ အဘ သူကြီးဦးစံနိုင်၊ အမိဒေါ်မျှင်တို့က ၁၉၁၀ပြည့်နှစ် ဇန်န၀ါရီလ(၁၄) ရက်နေ့ တွင် ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် စာဖြူစုကျေးရွာတွင် မွေးဖွားခဲ့သည်။ ကျိုက်လတ် အမျိုးသားကျောင်း တွင် ၁၉၂၆ အထိ ကျောင်းနေခဲ့ပြီး ဖျာပုံမြို့သို့ ပြောင်းရွှေ့ပညာသင်ခဲ့ရာ ၁၉၂၈ ခုနှစ် တွင် ကျောင်းထွက်ခဲ့သည်။
ဆရာကြီးဦးသုခသည် ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက် ဗုဒ္ဓဟူးနေ့နံနက် (၁၁)နာရီတွင် ကွယ်လွန်သည်။ အသက် အားဖြင့် (၉၆)နှစ် ရှိပြီး ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ကျင်မေ၊ သားသမီး(၄)ယောက်၊ မြေး(၁၈) ယောက် တို့ ကျန်ရစ်သည်။

ရုပ်မြင်သံကြားနှင့် တွေ့ဆုံခန်း
ဆရာကြီး နှင့် မြန်မာရုပ်မြင်သံကြားမှ ပုဂ္ဂိုလ်တစ်ဦးတို့၏ တွေ့ဆုံခန်းကို စာရေးသူ ကြည့်ခဲ့ဖူးသည်။ ဆရာ ဦးသုခ ၏ ကျင်လည်ခဲ့သော ဘ၀အချိုးအကွေ့များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ အတွေ့အကြုံများကို အမေးအဖြေ ပြုလုပ်ကြရာ ပရိသတ်များ အဖို့ ဗဟုသုတများစွာ ရရှိခဲ့ပေသည်။ ဆရာကြီး ရေးသားခဲ့သော စာအုပ်များ၊ ဒါရိုက်တာအဖြစ် ရိုက်ခဲ့သော ဇာတ်ကားများ အကြောင်းကို တစ်ပွေ့တစ်ပိုက်ကြီး မှတ်သား ခဲ့ရသည်။ ရုပ်ရှင်ထူးချွန်ဆု ရခဲ့သူများအကြောင်းကိုပါ ပြောကြားခဲ့ရာတွင် ရုပ်ရှင်ဇာတ်လမ်းအကွက်များကို ကြည့်ခဲ့ရ သည်။ ရုပ်ရှင်သရုပ်ဆာင်များ ဖြစ်သော ဦးသိန်းမောင်၊ ဒေါ်မေနွဲ့၊ ဒေါ်စိန်ခင် (ဦး) အံ့ကျော်တို့၏ အကယ်ဒမီ ရသော သရုပ်ဆောင်ချက်များကို ပြသခဲ့ရာ စာရေးသူ ယနေ့တိုင် သတိရနေသည်။

ဆရာကြီး ဖြတ်သန်းခဲ့သော ဘ၀ခရီးမှာ ခက်ခဲပင်ပန်းခဲ့သည်။ တွေ့ဆုံခန်းတွင် မေးမြန်းသူက …
"ဆရာကြီး … "သုခ" ဆိုတဲ့အမည် ဘယ်လိုရလာတာလဲ ဆရာကြီး" ဟု မေးမြန်းစဉ် ဆရာကြီးက ဖြေကြား လိုက်ပုံမှာ …
"ဘ၀ ရဲ့ ဒုက္ခတွေ ကို နောင်ဂျိန်ပလေးပြီးမှ သုခဖြစ်လာတာပါဗျာ" ဟူ၍ ဖြစ်၏။

တွေ့ဆုံခန်းတစ်ခန်းတွင် "ရဟန်းစားရသော ဆွမ်းတစ်နပ်"နှင့် "တစ်းပါးသီလ" တို့ အကြောင်းကို အကျယ် တ၀င့် ရှင်းပြခဲ့ပါသည်။ အလွန်မှတ်သားစရာကောင်းသော ဆရာကြီး၏ ဘာသာရေး ခံယူချက်၊ အမြင် တို့ကို ပါ သိခွင့်ရခဲ့သည်။

ဆရာကြီးအပေါ်အခြားစာရေးဆရာများ၏အမြင်

တစ်နေ့ စာရေးသူအား ဆရာဦးမြဝေ (ယောမင်းကြီး)က ဦးသုခနှင့် ပတ်သက်သော စာအုပ်ငယ်နှစ်အုပ်ကို လေ့လာဖတ်ရှုနိုင်ရန် ငှားရမ်းပေးပါသည်။ ဆရာဦးမြဝေကို ကျေးဇူးတင်ပါသည်။ ဒသမအကြိမ် အမေနေ့ (၁၃.၁.၂၀၀၆) အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော "ဆရာကြီးသုခ" စာအုပ်ငယ်တွင် ရဟန်းတော်များ၊ စာရေးဆရာများက ဆရာကြီးအပေါ် ရှု့မြင်သော "အမြင်"များကို ဖော်ပြထားပါသည်။
"ကျွန်ုပ်သည် ဆရာဦးသုခကို မတွေ့ဖူး၊ မသိဖူးသေးသော်လည်း ဆရာဦးသုခရေးသည့် ၀တ္ထုများ၊ ဆောင်းပါးများကို ဖတ်ဖူးနေပြီ ဖြစ်သည်။ ဆရာဦးသုခရိုက်သော ရုပ်ရှင်ကိုလည်း အတော်အသင့်ကြည့်ဖူး သည်။ ဆရာဦးသုခ၏ စာကို ဖတ်ရတိုင်း လိုလိုပင် နှစ်သက်သည်။ ဆရာဦးသုခ၏ ရုပ်ရှင်ကိုလည်း သဘော ကျခဲ့သည်။ 

ဆရာဦးသုခ၏ စာပေနှင့် ရုပ်ရှင်ထဲ၌ စာပေကျမ်းဂန်ထဲတွင် တွေ့ရတတ်သည့် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ တို့၏ အယူအဆ၊ မြန်မာ့ဓလေ့ထုံးတမ်းနှင့် ဘာသာရေးမှလာသော ယဉ်ကျေးမှုအပြု အမူများ၊ စိတ်သဘောထား များ ပါတတ်သည်။ သို့ဖြစ်၍ ဆရာဦးသုခလို မြန်မာမှုကို လေးစားသော မြန်မာမှု ကို ရိုသေ ထိန်းသိမ်း သော၊ အခွင့်ရတိုင်းလည်း အဆင်ပြေအောင် ထုတ်ဖော်အသုံးပြုသော အလွန်မြန်မာ ဆန် သော စာရေးဆရာ၊ ဒါရိုက်တာ တစ်ယောက် ဖြစ်သည်ဟု မှတ်ယူထားသည်။
(ဒဂုန်ဦးထွန်းမြင့်)

"ဆရာဦးသုခသည် ကမ္မဇိဒ္ဓိတန်ခိုးရှင်တစ်ဦး ဖြစ်သည်။ ဆရာကြီး ၀ရရုဓိထက်သာသည်။ ဆရာကြီး ၀ရရုဓိ သည် အရသာ မခံစားတတ်သော လူတစ်စုအား အရသာစကား ပြောရန် ကြောက်ရှာလွန်း၍ ဗြဟ္မာမင်းထံ မှာပင် ဆုပန်သည်။ ဆရာသုခကား သူ၏ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် အရသာမခံစားတတ်သော သူများကိုပင် အရသာ ခံစားတတ်အောင် ဦးစွာ ဖန်တီးယူသည်။
အနည်းအများပါဠိကို သို့မဟုတ် သြ၀ါဒကို သရဲတစ္ဆေတမျှ ကြောက်ရှာကြသော ခမျာများကြားသို့ မေတ္တာသုတ်၊ မင်္ဂလသုတ်များကို ချပေးလိုက်သည်။ "မေတ္တာသုတ်၊ မင်္ဂလသုတ် ပါဠိ၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော် တွေကို မဆိုးဘူး၊ တော်တော် မွှေးသားပဲ၊ ဤသို့အားဖြင့် ပါဠိအရသာကို ခံစားချင်လာအောင် ဆရာဦးသုခ ဖန်တီးယူသည်"
ဆန်းထွန်း (မန်း တက္ကသိုလ်)

"ရာမာခရစ်ရှာနာ၏ ပုံပြင်များမှာ မဟာက၀ိတဂိုး၏ ကဗျာများနှင့် ဆင်တူသည်ကို တွေ့ရသည်။ တဂိုး၏ ကဗျာတစ်ချို့မှာ အပေါ်ယံ အကြမ်းဖျင်းအားဖြင့် ကြည့်လိုက်လျှင် အချစ်အကြောင်းကို ဖွဲ့နွဲ့ထားသည်ဟု ထင်ရသော်လည်း ဓမ္မအဓိပ္ပာယ်လည်း တစ်စွန်းထွက်နေသည်ကို တွေ့ရသည်။ ရာမာခရစ်ရှနာ၏ ပုံပြင် အချို့မှာ ရိုးရိုးဥပဒေသပေးသည့် ပုံပြင်များဟု ထင်ရသော်လည်း အတွင်းနှိုက်ကြည့်လျှင် ဓမ္မအဓိပ္ပာယ်ဖြင့် အပြည့်အ၀ရှိနေသည်ကို တွေ့ရသည်။ ထိုဓမ္မအဓိပ္ပာယ်ကို ဆရာသုခက နှိုက်၍ ပြထားသည်။ အချို့ပုံပြင် များမှာ ဓမ္မကို အဓိကထားသော်လည်း ခေတ်အတွေး၊ ခေတ်အမြင်ဖြင့်လည်း အံဝင်ခွင်ကျ ဖြစ်နေကြသည်။ ဥပမာအားဖြင့် "လှေနံဓားထစ်" ဟူသော ပုံပြင်မှာ တရားသေစာအုပ်ကြီးသမားများအား သတိပေး နေသည်။
ဆရာသုခက ရာမာခရစ်ရှနာ၏ ပုံပြင်များကို ဇာတ်နိပါတ်များဖြင့်လည်းကောင်း၊ ပိဋကတ်တော်လာ တရား ဥပဒေများဖြင့်လည်းကောင်း၊ မြန်မာ့သာသနာဝင်အဖြစ်အပျက်များနှင့်လည်းကောင်း ရှင်းလင်းဖြည့်စွက် အမွှန်းတင်ပြထား၏။"
ပါရဂူ(စာရေးဆရာ)

"စကားပြောသောအသည်းနှလုံး" သည် အဓိပ္ပာယ် နက်နဲလှပေ၏။ ဆရာသုခ၏ လက်ရာများအနက် အကောင်းဆုံး သာမက မြန်မာ့ရုပ်ရှင်သမိုင်းတွင် အပြောင်မြောက်ဆုံး အနုပညာဟု ဆိုချင်သည်။"
တက်တိုး(စာရေးဆရာ)

"ဆရာကြီးဦးသုခသည် ၂၀၁၀ ဇန်န၀ါရီလ (၁၄)ရက်နေ့တွင် နှစ်တစ်ရာပြည့်တော့မည်ဖြစ်ပေရာ ဆရာကြီး ၏ အနုပညာမှတ်တိုင်များကို စာရေးဆရာများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ဂီတအနုပညာရှင်များက အမွှန်းတင်ဂုဏ်ပြုကြပေမည်။ ဤဆောင်းပါးသည် ဆရာကြီးရာပြည့် အထိမ်းအမှတ်အတွက် "အလွမ်းစာ" ပင် ဖြစ်ပါတော့သည်။
ဒေါက်တာလှဖေ
 .

No comments: