Monday, July 11, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂)

အခန်း (၁)

ရေးသည် လည်စည်းကိုတင်းအောင်ချည်ရင်း လှေကားအတိုင်းဆင်းလာသည်။
    စားပွဲဘေးမှာ နန်စီထိုင်နေသည်။
    နန်စီ ၏ ပေါင်ပေါ်မှာ မစ်စီရှိသည်။ မစ်စီသည် ငိုက်နေဆဲရှိသေးသည်။
    မိုက်ကယ် ကမူ သူ့ထုံးစံအတိုင်း ဟန်နှင့်ပန်နှင့် ထိုင်ကာနံနက်စာကို စားနေသည်။
    ရေး က မိုက်ကယ်၏ ဆံပင်များကိုဖွကစားလိုက်ပြီး မစ်စီကိုနမ်းရန့် ခါးကုန်းလိုက် သည်။ နန်စီက သူ့ကို ပြုံးပြီး မော့်ကြည့်သည်။
    နန်စီ အရမ်းလှနေသည်။ အပြာရောင်မျက်လုံးများပတ်လည်တွင် အရေအကြောင်း များရှိသည်။ သို့သော်လည်း လှပသောအရေးအကြောင်းများဖြစ်ပြီး သူ့အသက် ၃၂နှစ် ရှိပြီဟု မည်သူမှ မထင်မှတ် နိုင် ချေ။

ရေးက သူ့ထက်အနည်းငယ်ပဲ ပိုကြီးသည်။ သို့သော်လည်း နန်စီကနုပျိုလွန်းသဖြင့် အသက်ချင်း သိပ်ကွာ နေ သည် ဟုခံစားရသည်။
နန်စီ၏ ဆံပင်ရင်းတွင် အနီရောင်များကို သတိပြုမိသည်။ ပင်ကို ဆံပင်ရွှေ ရောင်များကို သူ့အတိုင်း အရှည် ထားရန် ပြောဖို့ လွန်ခဲ့သည့် နှစ်ကတည်းက အကြိမ်ပေါင်း တစ်ဒါဇင်လောက် ရေး စဉ်းစားဖူးသည်။
သို့သော် သူမပြောရဲ။
ပျော်စရာ ကောင်းတဲ့ မွေးနေ့ပါအချစ်ရေ
ရေးသည် ညင်သာစွာပြောသည်။
သူကြည့်နေဆဲမှာပင် နန်စီ ၏ မျက်နှာပေါ်မှာ သွေးရောင်ပျောက်ကွယ်သွား လေသည်။
မိုက်ကယ် အံ့အားသင့်သွားသည်။

ဒီနေ့ဟာ မာမီ့မွေးနေ့လားဟင်၊ မာမီဘာမှမပြောပါလား
မစ်စီ က နန်စီ၏ပေါင်ပေါ်မှာ ကိုယ်ကိုမတ်မတ်ထိုင်သည်။
မာမီမွေးနေ့ လားဟင် သူ့အသံကတော့ ကျေနပ်သည့်အသံဖြစ်သည်။ ဟုတ်ပါ တယ်ကွယ်
ရေုး က သားနှင့်သမီးကိုပြောသည်။ နန်စီက စားပွဲကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ဒီနေ့ည ဒက်ဒီ တို့ မွေးနေ့ပွဲ အခမ်းအနားလေး ကျင်းပကြမယ်၊ မွေးနေ့ကိတ်မုန့်အကြီးကြီးနဲ့ လက်ဆောင် ဒီနေ့ည ဒက်ဒီယူခဲ့မယ်၊ နောက်ပြီးတော့ အန်တီဒေါ်ရော်သီ လဲ ညစာလာစားလိမ့်မယ်၊ ဟုတ်တယ်နော် မာမီ။

ရေး မလုပ်ပါနဲ့
နန်စီ၏ အသံက တိုးတိတ်လွန်းလှပြီး တောင်းပန်သံလည်းပေါက်နေသည်။ လုပ်ရမယ်လေ၊ ဒီနှစ်မှာ မွေးနေ့ ပွဲ လေး လုပ်ပါ့မယ်လို့ မနှစ်တုန်းက မင်းကတိပေးထား ခဲ့တာပဲ
မွေးနေ့ပွဲ အခမ်းအနားဟူသော စကားလုံးကို သုံး၍မဖြစ်။ ပုံစံက တစ်မျိုးဖြစ်နေ ကြောင်း ရေးသိသည်။
နန်စီ၏ မွေးနေ့များကို ပုံစံပြောင်းပစ်ရပေမည်။ တစ်နေ့နေ့တွင် ပြောင်းဖြစ်အောင် ပြောင်းပစ်ရချေမည်။
အစပိုင်း တုန်း က နန်စီသည် သူ့မွေးနေ့ အကြောင်းကို အပြောမခံ။ ပြောမိတိုင်း ရေး အနားမှ ထွက်ခွာ သွားပြီး အိမ်ထဲ တစ်နေရာရာ မှာသော်လည်ကောင်း၊ ပင်လယ်ကမ်းခြေ သဲသောင်ပြင် ပေါ်မှာသော် လည်းကောင်း သွားနေတတ်သည်။

သောင်ပြင်ပေါ် မှာ အသိစိတ်ဓာတ် ကင်းမဲ့နေသူလို လျှောက်နေတတ်သည်။ သို့တည်းမဟုတ် အိမ်တွင်း တစ်နေရာရာ မှာ ငူငူငိုင်ငိုင် ထိုင်နေတတ်သည်။
သို့သော်လည်း မနှစ်တုန်းကတော့ ကလေးများအကြောင်းကို သူထုတ်ပြောလာသည်။ တစ်ခြား ကလေး နှစ်ယောက် အကြောင်းဖြစ်သည်။
သူတို့သာ အသက်ရှင်နေဦးမယ်ဆိုရင် ကြီးလှရော့မယ်၊ အခုဆိုရင် ဆယ်နှစ် ဆယ်တစ်နှစ် ရှိရောပေါ့၊ အခုလောက် အရွယ် မှာ သူတို့ရုပ်ရည် ဘယ်လိုများရှိမလဲလို့ ကျွန်မစိတ်ကူးကြည့်ဖူးတယ်။ ဒါပေမယ့် ပုံဖော်ကြည့်လို့မရဘူး။ အကုန်လုံးဝါးနေတယ် အိပ်မက်လိုပဲ။ နန်စီက ရေးကိုရှင်းပြခဲ့သည်။

အိမ်မက် လိုပဲ ဖြစ်ရမှာပေါ့ကွယ်၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတော့၊ ဘာတွေဖြစ်ခဲ့ဖူးတယ် ဆိုတာ ကို တောင် မစဉ်းစားနဲ့တော့။
မနှစ်တုန်း က နန်စီ ကို ရေးပြောခဲ့ဖူးသည်။ ထိုအကြောင်းပြန်သတိရသောအခါ သူပိုပြီးစိတ်အား တက်ကြွလာသည်။ သူ့ဆုံးဖြတ်ချက်ကို ခိုင်မာစေလိုက်သည်။
နန်စီ၏ ဆံပင်များကို သူသပ်ပေးနေသည်။ နန်စီလုံခြုံမှု ရရှိစေရန် ကာကွယ်စောင့်ရှောက်နေသည့် ပုံစံမျိုးလည်း ဖြစ်သည်။
နန်စီ က သူ့ကိုမော့ကြည့်သည်။ နန်စီ၏ မျက်နှာပေါ်မှ တောင်းပန်သည့် အမူအရာသည် မရေရာသည့် အမူအရာ သို့ ပြောင်းလဲသွားသည်။ ကျွန်မစိတ်ကူး က သို့သော်သူစကား မဆုံးပါ။ မိုက်ကယ်က ဖြတ် မေးသည်။ မာမီအသက် ဘယ်လောက် ရှိပြီလဲဟင်။ မိုက်ကယ်က လက်တွေ့ကျကျ မေးခြင်းဖြစ်သည်။

နန်စီက ပြုံးသည်။ စိတ်ပါလက်ပါပြုံးလိုက်သော အပြုံးဖြစ်လေရာ သူတို့ကြားထဲမှ တင်းမာနေမှုကလေးမှာ ထို အပြုံးကြောင့် လျော့ပြေသွားတော့သည်။
သားအလုပ် မဟုတ်ပါဘူးကွယ် နန်စီ က မိုက်ကယ်ကို ပြုံးကြည့်ရင်း ပြန်ဖြေသည်။ ရေးက ကော်ဖီကို ကမန်းကတန်း သောက်သည်။
သားဒက်ဒီပြောတာ နားထောင်စမ်း၊ နေ့ခင်းကျရင်သားကို ဒက်ဒီကျောင်းလာကြို မယ်။ ပြီးရင်မာမီ့အတွက် မွေးနေ့ လက်ဆောင် သွားဝယ်မယ်၊ ကဲရုံးကို မြန်မြန်ပြေးမှ ဖြစ်တော့မယ်၊ ဟန့်ရဲ့အိမ်ကြီးကို ကြည့်ဖို့ လူတစ်ယောက် လာစရာရှိတယ်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အဆင်သင့်လုပ်ထားရမယ်။

အဲဒီအိမ်ကြီး မှာ လူငှားရှိတယ်မဟုတ်လား နန်စီကမေးသည်။
ရှိတယ်၊ ပါးရစ် ဆိုတဲ့ငတိ၊ အပေါ်ဆုံးထပ်ကို ခဏငှားလိုက်ပြန်အပ်လိုက်၊ ခဏပြန်ငှားလိုက် လုပ်နေတဲ့ လူပါ၊ ဒါပေမဲ့ ၀ယ်မယ့်လူလာရင် အိမ်ကိုအချိန်မရွေး လိုက်ပြခွင့် ကိုယ်တို့မှာရှိတယ်လေ၊ စားသောက်ဆိုင် ဖွင့်ဖို့ သိပ်ကောင်းတဲ့ နေရာ၊ သိပ်ပြီးကြီးကြီးကျယ်ကျယ်လဲ ပြင်စရာမလိုဘူး၊ ဒီအိမ်ကြီး ရောင်းလိုက်ရရင် ပွဲခ လေး မြိုးမြိုးမြက်မြက်ရမှာသေချာတယ်။
နန်စီသည် ပေါင်ပေါ် မှ မစ်စီကိုအောက်သို့ချပေးပြီး ရေးနှင့်အတူ အိမ်ပေါက်ဝသို့ လျှောက်လိုက် သွား သည်။

ရေးက သူ့နှုတ်ခမ်းကို ဖွဖွလေးနမ်းသည်။ နန်စီ၏ နှုတ်ခမ်းများ တုန်ယင်နေ ကြောင်း ရေး သတိထား မိသည်။ မွေးနေ့အကြောင်း ပြောမိသောကြောင့် နန်စီမှာ အဘယ်မျှ စိတ်လှုပ်ရှားသွားသနည်း။ ရေး၏ စိတ်ထဲမှာ မူ ညအထိစောင့်မနေတော့ပါဘူးကွယ်၊ အိမ်မှာပဲ ကိုယ်နေပါတော့မယ်၊ ပြီးရင် ကလေး တွေပါ ခေါ်ပြီး ဘော်စဘွန်မြို့ ကို သွားရအောင် ဒီနေ့ ဟိုမှာပဲ အချိန်ဖြုန်းလိုက် ကြတာပေါ့ဟူသောစကားကို ပြောချင် နေသည်။

ထိုစကားကို ဘာကြောင့်ပြောချင်မှန်း ရေးကိုယ်တိုင်မသိ။ တစ်စုံတစ်ရာက လှုံ့ဆော်နေသလို ဖြစ်နေသည်။ သို့သော် သူ မပြောဖြစ်လိုက်ပါ။
ဘာမှ မပြောဖြစ်ဘဲ ကားပေါ်တက်သည်။ လက်ပြသည် ပြီးတော့နောက်ပြန်ဆုတ်ပြီး မြေလမ်းကျဉ်း ကလေး အတိုင်း တောအုပ်ကလေးဆီသို့ ဦးတည်မောင်းထွက်တော့သည်။
နန်စီ သည် စားပွဲဆီသို့ ပြန်လျှောက်လာရင်း ရေးပြောတာမှန်တယ်ဟု တွေးလာ သည်။

အတိတ်က အကြောင်းဆိုသည်မှာ မေ့တန်လျှင်မေ့ရမည်။ ကုန်ဆုံးလွန်မြောက်ခဲ့ပြီ ဖြစ်သော အတိတ်ကို မေ့ပျောက်ကာ အနာဂတ်ကို ဦးတည်ရမည်။ ကုန်လွန်ခဲ့သည့် အတိတ်ကြောင်းများကို ပြန်ပြောင်း သတိရနေ၍မဖြစ်။
သူ့ဘ၀ တစ်စိတ်တစ်ပိုင်းသည် ယခုထက်တိုင်အောင် ရှင်သန်လျက်ရှိနေသေး သည်။ ထိုအကြောင်း ကိုလည်း သူသိနေသည် နာကြည်းဖွယ်ရာ အမှတ်သညာများကို ကန့်လန့်ကာချပြီးမေ့ ပျောက်ပစ် ဖို့ လိုသည် ကိုလည်း သူသိသည်။

သို့သော် ဖြစ်သန်းလာခဲ့ရသည်များကို မေ့ပျောက်ပစ်ဖို့ဆိုသည်မှာ လွယ်သည် တော့မဟုတ်။
ကားလ်နှင့်အတူ နေခဲ့သည့် ဘ၀တစ်စိတ်တစ်ပိုင်းသည် ၀ိုးတ၀ါးဖြစ်နေသည်မှာ မှန်သည်။ တက္ကသိုလ် ပရိဝုဏ် အတွင်း မှ ဌာနပိုင်နေအိမ်သို့ ပြန်အမှတ်ရဖို့ မလွယ်တော့ သည်မှာမှန်သည်။ ကားလ်၏ အသံကို ပြန်လည် ကြားယောင် ဖို့ ခက်ခဲသည် မှာမှန်သည်။
ပီတာနှင့် လီဇာ

သူတို့ရုပ်ရည်သည် မည်သို့ရှိခဲ့သနည်း။
ဆံပင်များက နက်မှောင်သည်။ ကားလ် နှင့် တူသောကြောင့်ဖြစ်သည်။စကားနည်း သည်။ ပြန်ပြော တော့လည်း တိုးတိုး ကလေး ပြောသည်။
ထို့နောက် ပီတာနှင့်လီဇာ နှစ်ယောက်စလုံးကို ဆုံးရှုံးလိုက်ရသည်။ နှစ်ယောက် စလုံးမရှိတော့ပြီ။ မာမီ ဘာဖြစ်လို့ ဝမ်းနည်း နေတာလဲဟင် မိုက်ကယ်သည် အဖေတူသား ဖြစ်သည်။ ထို့ကြောင့် သူသိချင်သည်ကို ပွင့်ပွင့် လင်းလင်းပင် တဲ့တိုး မေး သည်။ ခုနစ်နှစ် ခုနစ်နှစ်ကြာခဲ့ပြီ။ နန်စီတွေးကြည့်နေသည်။

ခုနစ်နှစ်တည်း ဟူသော ဘဝသည်ချားရဟတ်ပမာ လည်ပတ်ခဲ့ပြီ။ ခန္ဓာကိုယ် တစ်ခုလုံးသည် ထိုမျှသော အချိန် အတွင်း ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ကားလ် က ပြောလေ့ ရှိသည်။
ခန္ဓာကိုယ် ထဲမှာ ရှိသော ကလာပ်စည်းများသည် အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ပြီး ဖြစ်ကြပြီ၊ အတိတ် ကို မေ့ပြီး အနာဂတ်ကို ဦးတည်ဖို့ နန်စီအဖို့ တကယ်ပဲ အချန်တန်ပါပြီ။
ကျယ်လွင့်ပြီး သပ်ရပ်လှပ သန့်ရှင်းသော မီးဖိုချောင်ကို လှည့်ကြည့်မိသည်။ ပြတင်းပေါက်၏ အပြင် သို့လည်း လှမ်းကြည့်မိသည်။ ပြီးတော့ မိုက်ကယ်နှင့် မစ်စီကိုကြည့်သည်။
မာမီ ဝမ်းနည်းမနေပါဘူး သားရယ် တကယ်ပဲဝမ်းနည်းမနေပါဘူး နန်စီက ပြောသည်။ပြီးတော့ မစ်စီ ကို ကောက်ချီ လိုက်သည်။ မစ်စီ ၏ ကိုယ်လုံးကလေးမှာ နွေးနေသည်။

သမီးကမာမီ့ကို မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားနေတာဟု မစ်စီကပြောသည်။ မစ်စီ၏ လိမ်ကောက် နေသော စထရော်ဘယ်ရီရောင် ဆံပင်ကလေးများသည် နဖူး နှင့် နားနှစ်ဘက်ပေါ်မှာ ဝဲကျနေသည်။ လှပသော ဆံပင်ကို မြင်တော့ ဘယ်သူ့ဆီက အမွေရတာလဲဟု အချို့ကမေးသည်။
အဖေ ရော အမေပါဆံပင်နက်ကြသည့်ကြားမှ သမီးလေးက ရွှေရောင်ဆံပင် ရှိနေသောကြောင့် ထူးဆန်း သည် ထင်ကြသည်။
သိပ်ကောင်းတာပေါ့ သမီးလေးရယ်၊ ဒါပေမယ့် အိမ်ပြင်ကိုထွက်ပြီး စဉ်းစားနော်၊ လေကောင်း လေသန့် ရှူဖို့ လိုတယ်၊ မကြာခင် မိုးရွာပြီး အရမ်းအေးလာတော့မယ်။ နန်စီ က မစ်စီကို ကြင်နာစွာမေးသည်။
သားနှင့် သမီး ကို အနွေးထည်များ သပ်ရပ်စွာ ဝတ်ဆင်ပေးသည်။ ဦးထုပ်များ ဆောင်းပေးသည်။ဟောဒီမှာ သား ပိုက်ဆံ တစ်ဒေါ်လာ မိုက်ကယ် က သူ၏ ဂျာကင် အကျီင်္အိတ်ထဲ နှိုက်ကြည့်ပြီးကျေနပ် အားရသော လေသံဖြင့် ပြောသည်။

ဒီအိတ်ထဲမှာ ထည့်ထားတာ သားမှတ်မိနေတယ်၊ မာမီအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးမယ်နော်။ သမီး မှာလည်း ပိုက်ဆံရှိတယ် မစ်စီကလည်း အားကျမခံ သူ့မှာရှိသော ပိုက်ဆံအကြွေကလေးများကို မြှောက်ပြ သည်။
သားတို့ သမီးတို့ ပိုက်ဆံတွေအပြင်ယူမသွားရဘူးနော် တော်တော်ကြာ ကျပျောက်သွားမယ်၊ မာမီ့ကိုပေးခဲ့၊ မာမီ သိမ်းထားပေးမယ်။ နန်စီ က ပြောသည်။ မိုက်ကယ်က ခေါင်းခါသည်။ မာမီ့ကိုပေးထားရင် ဒက်ဒီနဲ့ ဈေးသွားတဲ့ အခါ မေ့သွားမှာပေါ့။ မမေ့စေရပါဘူးကွယ် မာမီ သတိပေးပါ့မယ်။

သားအကျီင်္အိတ် မှာ ဇစ်ရှိတယ် မာမီ၊ ဟောဒီမှာကြည့်၊ ဒီထဲထည့်ပြီး ဇစ်ပိတ်ထား မယ်၊ မစ်စီရဲ့ ပိုက်ဆံ ကိုလဲ သားသိမ်းထားပေးမယ်နော်။ ကဲ သဘော သဘော
နန်စီက ပခုံးတွန့်ပြီး အလျှော့ပေးလိုက်သည်။ မိုက်ကယ်ပိုက်ဆံ မပျောက်မှာကို လည်း သူသေချာပေါက် သိ နေသည်။ မိုက်ကယ် သည် ရေးကဲ့သို့ပင် အလွန်တိကျသည်။ ဘာမဆိုသေချာသည်။
ကဲ သားမာမီ အလုပ်ရှိသေးတယ်၊ ညီမလေးကို ကြည့်ထိန်းထားနော် စိတ်ချပါမာမီ၊ လာဟေ့မစ်စီ ဒန်းကို ငါမြန်မြန်ကြီး လွှဲပေးမယ်။ မိုက်ကယ်က ဝမ်းသာအားရပြောလိုက် သည်။
ကလေးများ အတွက် ရေးက ဒန်းဆင်ပေးထားသည်။ အိမ်နောက်ဘက်ရှိ ဝက်သစ်ချပင်မှ ကိုင်းတစ်ကိုင်း တွင် ဆွဲချိတ်ဆင်ပေးထားခြင်းဖြစ်သည်။

နန်စီ က မစ်စီ၏လက်နှစ်ဖက်ကို လက်အိတ်များ စွတ်ပေးသည်။ လက်အိတ်များမှာ အနီရဲရဲကြီးဖြစ်သည်။ လက်ခုံ ပေါ်တွင် ပြုံးနေသည့် ကြောင်ရုပ်ကလေးထိုးထားသည်။
လက်အိတ် ကို ချွတ်မပစ်လိုက်နဲ့နော်၊ သမီးလက်တွေအေးကုန်မယ်၊ ရာသီဥတုက အရမ်းကြမ်းနေတယ်၊ အမှန် တော့ သမီးကို အပြင်ထွက် ဆော့ခွင့်ပေးဖို့တောင် မကောင်းဘူး
အို သွားပါရစေ မာမီ မစ်စီ၏ နှုတ်ခမ်းများ မဲ့သွားလေသည်။ ကောင်းပြီ ကောင်းပြီ ငိုတော့မငိုလိုက်ပါနဲ့၊ ဒါပေမယ့် နာရီဝက်ထက် ပိုမကစားရဘူးနော်။ မစ်စီမငိုမီ နန်စီက ကမန်းကတန်းပြန်ပြောသည်။
အမ်နောက်ဖေး တံခါးကို ဖွင့်ပေးပြီး သားနှင့်သမီးကို အပြင်သို့ ထွက်စေသည်။ တံခါးဖွင့်လိုက်သည်တွင် ရေခဲ တမျှသော လေအေးက သူ့ကိုယ်လုံးကို ဆီးကြိုပွေ့ဖက် လိုက်လေသည်။ ထို့ကြောင့် တံခါးကို မြန်မြန် ပိတ် လိုက်ရသည်။

အပေါ်ထပ်တက်သည့် လှေကားဆီသို့ သူလျှောက်လာသည်။ ပြီးတော့အပေါ် တက်သည်။ သူတို့အိမ်မှာ ရှေးအိမ် ပုံစံဖြစ်သဖြင့် လှေကား က မတ်စောက်လွန်းသည်။
ရှေးက လူကြီးတွေဟာ တောင်ဆိတ် လို သန်မာပုံရတယ်၊ ဒါကြောင့် သူတို့လှေကား တွေအားလုံး မတ်မတ်ကြီး တွေကြီး ပဲ ဟု ရေးက ပြောဖူးသည်။
သို့သော်လည်း နန်စီကတော့ သည်အိမ်နှင့် ပတ်သက်၍ အားလုံးကိုနှစ်သက် သဘောကျပါသည်။ သည်အိမ် ကို စတင်မြင်တွေ့ရစဉ်က သူစိတ်ချမ်းသာသွားသည့် အကြောင်းကို ယခုတိုင် မှတ်မိ နေသေးသည်။

ဆက်ရန်
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ... စောင့်မျှော်အားပေး လျှက်ပါလို့...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

mstint said...

နန်စီရဲ့ အတိတ်ကလေးကို သိချင်နေတယ် ညီမရေ။
ဖတ်ရတာ အရှိန်လေးရရင် 'ဆက်ရန်'လေးက ပေါ်ပေါ်လာတယ်း)
မျှဝေခံစားခွင့်ရလို့ ကျေးဇူးပါကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားတယ် အစ်မရေ
ဆက်ရန်တွေကို မျှော်ရင်း မျှော်ရင်း စောင့်နေပါတယ်