Tuesday, July 12, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၁၄)

"သဒ္ဒါမသင် စာမမြင်သော်
    တောဝင်ဆင်ကန်း တစမ်းစမ်းနှင့်
    စခန်းမ၀င် လမ်းမတွင်သို့
    သုံးအင်ပဋကတ် ကျမ်းစာမြတ်၌
    ပုဒ်ပါဌ်မသိ ပကတိပစ္စယာ
    စိပ်ဖြာခွဲခြမ်း ဥာဏ်စွမ်းမရှိ။"

အကြော်ပင်အုပ်အုပ် ၀ိုင်းလေးတွေ အောက်က အမှောင်ထုကို ထိုးဖောက်လျှံတက်သော အသံ ဖြစ်လေ သည်။ အကြော်ပွင့်ဖြူဖြူလေးတွေက မြောက်ပြန်လေအလှုပ်မှာ တဖြုတ်ဖြုတ် တကြွေသက်၍ နေပေ သည်။
အကြော်ပန်းလေးတွေ မြေပေါ် သက်ဆင်းပုံမှာ စက္ကူစွန်လေးတွေလို ၀ဲကာဝဲကာ ကျနေပုံ ကလည်း အလွန် ကြည့်မောဖွယ် ကောင်းပါ၏။ အကြော်ပန်းလေးတွေ ခရာလေးတွေလို အရင်းချွန် ပြီး အဖျားကား ပွင့် နေတော့ လေ မှာ ချာလည်ချာလည် ကြွေသက်နေရှာ၏။ ဤသည်ပင် ကြည့်မော ဖွယ် ဖြစ်ရ၏။

ငယ်ရွယ်တက်ကြွသော စာသင်သားတို့၏ ကစ္စည်းသဒ္ဒါ ရုပ်မတွက်မှီ သဒ္ဒါသင်ရခြင်း အကျိုးကဗျာကို  သံပြိုင်သီကျူးလိုက်သော အသံသည် ပိဋကတ်တိုက် (စာကြည့်တိုက်) ရှေ့ အကြော်ပင် ၀ိုင်းလေးအောက်မှ ပေါ်ထွက် လာသော အသံပါတည်း။ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်မှ မြင်ကွင်းနဲ့ သဒ္ဒါရုံရုပ်ပုံလွှာ ကားချပ် ပါတည်း။
စာသင်သားငယ် တို့သည် ဘ၀အတွေ့အကြုံ နုနယ်ကြသေးသည့်အလျောက် တခါတရံတက်ကြွ၏။ တခါတရံ စိတ်ဓာတ်ထိုင်းမှိုင်းကြ၏။ ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ၁၀နှစ် ၁၁နှစ်အရွယ် ဘ၀ နုနယ်နယ် မှာပင် မိဝေးဖဝေး ညီအစ်ကိုမောင်နှမဝေး ဆရာသမားဝေး တရပ်တကျေးသို့ ရောက်ရှိ နေကြ သည် မဟုတ်တုံလော။

နောင်တော် စာသင်သားရဟန်းသာမဏေတို့၏ အောင်ပွဲရ  အပျော်တို့ကို မြင်သည့်အခါ တက်ကြွ၏။ စိတ်ပြင်းထန် ၏။ သူတို့လို အကျော်ဖြစ်လို၏။ တာရှည် စာပေထဲနှစ်မြှုပ်ရသည့်အခါ ငြီးငွေ့၏။ စိတ်ဓာတ် ခြောက်သွေ့ လာ၏။ တောင်တောင် အီအီတွေးတောဆင်ခြင်၏။ အနာဂတ်ကို လှမ်းမျှော်ရှု့မိသည့်အခါ ရှည်ဝေးသော စာသင်ကြားမှုအပေါ် စိုးနှောင့်ဗျာပွေလာ၏။ "ငါတို့၏ ပရိယတ္တိ သင်ကြားမှုသည် အဘယ် အခါ ဆုံးခန်းတိုင်ပါမည်နည်း" သံသယအပူသည် စိတ်ကို ယူငင်၍ သွားပြန်၏။
ထိုသို့ စိတ်မငြိမ်းချမ်းသည့်အခါ လူငယ်စာသင်သားသည် မိမိကျက်မှတ်နေရသော သုဗောဓက၊ သဒ္ဒါ စာအုပ်ကို မြီးပြန် ခေါင်းပြန်လှန်လှောမိ၏။ ကျက်မှတ်ရသည့် စာပေသုတ်နက် တို့နှင့် မဆိုင်သော ကြော်ငြာ များကို ဖတ်ရှု့နေမိ၏။ ဤသည်ကလည်း စိတ်အနားပေးမှု တစ်မျိုးပါပေ။

ထိုသို့ လှန်လှောရင်း တနေရာတွင် "သဒ္ဒါတတ်ချင်လျှင် ရုပ်တွက်ရ၏။ ရုပ်တွက်နည်းကို စနစ်တကျ ပြထားသော အရှင်နာရဒ ၏ သုဗောဓက သဒ္ဒါရုပ်တွက်ပုံ ဆက်လက်ထွက်မည်။ ကြော်ငြာကို ဖတ်မိ၏။ ပို၍ စိတ်ခြောက်သွေ့ သွား၏။ ယခုလည်း မိမိရုပ်တွက်နေရသည်ပဲ၊ ဘယ်မှာ သဒ္ဒါတက်သေးလို့လဲ" သံသယ ဖြင့် ကိုယ့်စိတ်ကိုယ်ငုံ့ကြည့် ဖြစ်၏။
စစ်ကိုင်းတောင်၏ သစ်ရိပ် ၀ါးရိပ်သည် အေးမြပါ၏။ ကျောင်းတိုက်ကြီးတို့သည်လည်း ဆိတ်ငြိမ် အေးချမ်း လှပါ၏။ သို့သော် လူငယ် ၏ စိတ်သည် ထိုသည်ပင် ငြီးငွေ့စရာတွန်းပို့၍ နေပါ၏။
လူငယ် သည် ဆက်လက်လှန်လှော၏။ ကြော်ငြာတို့ကို တွေ့၏။ "၀စနတ္ထကောသ" မိမိ နားမလည်သော မသိသေးသော ဘာသာရပ် စိတ်ဝင်စား၍မရ၊ ထိုအခါ သုဗောဓက သဒ္ဒါစာအုပ် အစ အရှင်နန္ဒမာလာ ဘိဝံသ ၏ အမှာစာ ကို အပျင်းပြေ လျှောက်ဖတ်၏။ အရေးအသား ချောမွတ် ၏။ ဖတ်၍ ကောင်းသည်။ ခြောက်သွေ့ နေသော စိတ်တို့ တစိမ့်စိမ့် စိုပြေ၍ စိုပြေ၍ လာ၏။ နုရွသော အရေးအသားသစ်သည် စိတ်ခွန်အား ကို ပေးစွမ်းပါတကား စာကို ကျက်မှတ်ပြန်၏။ နောင်တော့် နောင်တော်များကဲ့သို့ သာမဏေ ကျော်ကြီး ဖြစ်ချင်၏။ သူ့စိတ်သည်။ အစွန်းနှစ်ဖက်ဆီ သို့ ပူးတုံခွာတုံ ပျံသန်း၍ နေပေသည်။

စိတ်ထက်သန်ခြင်းနဲ့ ပျင်းရိခြင်း အောင်မြင်လိုခြင်းနှင့် လက်နက်ချလိုခြင်း အစွန်းနှစ်ဖက် ကြား လူးလာ တုန့်ဆတ် ပျံသန်းရင် အချိန်ကာလသည် ရွေ့လျား၍ ရွေ့လျား၍ လာ၏။
နေရာသစ်၊ ပတ်ဝန်းကျင်သစ်နှင့်လည်း တဖြေးဖြေး အသားကျ၍ သွား၏။ ထိုသို့ဖြင့် မိမိဆရာရင်း ဖြစ်လာသည့် အရှင်နန္ဒမာလာဘိဝံသ ပြုစုသည့် ရွှေဟင်္သာဆရာတော်ကြီး၏ ဘ၀နှင့်စာပေအထွေထွေ အထ္ထုပတ္တိ စာအုပ်ကြီကို ဖတ်ရ၏။ သမိဒ္ဓေါဒချောင်ဆရာကြီး၏ အတ္ထုပတ္တိစာအုပ်ကို တွေ့၏။ ဖတ်ရှုရန် အလွန် ၀တ္ထုဆန်သော စကားပြေတို့ဖြင့် တန်းဆာဆင်ထား ရာ များစွာမှ ဖတ်၍ ကောင်းကြောင်း တွေ့ရ၏။ သို့ဖြင့် ဆရာတော်အရှင်နန္ဒမာလာဘိဝံသ ပြုစုသည့် "ဗုဒ္ဓ၏ ချစ်သမီးများ" ကို မျှော်ပါ။ ထို ကြော်ငြာ ကိုတွေ့ စိတ်ထဲ လန်းသွား၏။

ဘိက္ခုနီမ ကလေးများ၏ စိတ်ဝင်စားဖွယ် အတ္ထုပတ္တိကို ရေးဖွဲ့ထားသည်ဆိုသော ထပ်ဆင့် ဖွင့်ဆိုကြော်ငြာ ကို ဖတ်ရပြန်သည့်အခါ ပို၍ စိတ်ဝင်စားမိ၏။ ဖတ်လိုစိတ်သည် တဖွားဖွား ထိုအချိန် အဖိတ်၊ ဥပုသ်၊ သြ၀ါဒ တရား ဒေသနာ နာကြားနေရပြီဖြစ်လို့ တချို့အကြောင်းအရာတို့နှင့် ရင်းနှင်းပြီး ဖြစ်၏။ ဆရာတော့် အရေးအသား နှင့်ဆိုလျှင် ပို၍ ဖတ်ကောင်းမည်။ မျှော်လင့်၍ နေမိပေသည်။
နွေ၊ မိုး၊ ဆောင်းရာသီ စက်ဝန်းသည် စစ်ကိုင်းဆောင်ရိုးပေါ်သို့ အလီလီ ဖြတ်သန်း၍ သွားကြ၏။ လူငယ် ဦးခေါင်း ထက်တွင် တိမ်တို့သည် တရွေ့ရွေ့လွင့်ဝဲ ရွေ့လျားနေကြပေသည်။
လူငယ် သည် စာပေကျန်းစာတို့ကို ကျက်မှတ်သင်အံရင်း မိုးကို မျှော်၏။ နွေကို ခေါ်၏။ ဆောင်းကို တမ်းတ ၏။ ထို့ထက်တွင် အမျှော်ဆုံးကး အရှင်နန္ဒမာလာဘိဝံသ၏ ဗုဒ္ဓ၏ ချစ်သမီး များပါတည်း။

စာမူရေးပြီးဖြစ်ကြောင်းကို သိပြီး ဖြစ်၏။ သုဗောဓက သဒ္ဒါရိုက်သော သုခ၀တီပုံနှိပ်တိုက် မှာ ရိုက်နှိပ် နေကြောင်း ကြားရ၏။ ဖတ်ရန်နီးစပ်လာပြီဖြစ်၍ ၀မ်းသာစိတ်စောနေပေပြီ။
နောက်ထပ် ရာသီတွေ ကုန်ပြန်၏။ စာအုပ်ကားထွက်မလာ။ လူငယ်မနေနိုင်တော့၊ မိမိထက်ကြီးသူ စာဖတ် ၀ါသနာ တို့ကို မေးရ၏။ စနည်းနာရ၏။ သို့သော် မရေရာ ...
တနေ့ ကိုရင်ကြီးတစ်ပါးနှင့် ဆုံ၏။  ဖတ်ချင်ရင်ရှိတော့ ရှိတယ်။ ဒါပေမယ့် ဒို့ဆရာတော် ပြုစုတာ မဟုတ်ဘူး။ စာရေးဆရာတစ်ယောက် ရေးတာ။ ခုတလော နာမည်လည်း တအားကြီးနေ တယ်။ ကောင်းလည်း တော်တော်ကောင်းတယ်။ ငါဝယ်ထားတာ၊ မင်းဖတ်ချင် ခဏငှားမယ်။ လူငယ်သည် စိတ်ဓာတ် အနည်းငယ် ကျသွားမယ်။ သို့သော် အာသာပြေ ခဏတော့ ဖတ်မည်ဟု ဆုံးဖြတ်လိုက်၏။ သစ် မရခင် ၀ါး နဲ့ ပေါင်းကွပ် ရမှာ စိတ်ထဲမှ တေးလိုက်၏။

စကားဝါပန်းလေးက အောင်မဲညိုပွင့်ကလေးဖြစ်သွားတာ မြင်ဖူးကြရဲ့လား ရှင်တို့ရယ် ...
မနေ့တနေ့ က ကျွန်မရဲ့သားကလေးဟာ စကားဝါအသွေးလို လန်းဆန်းဝင်းဝါစိုစိုပြေပြေ အရေးအရောင် ရှိခဲ့တာ အမှန်ပါပဲရှင်၊ ဟော ... ဒီနေ့ ဒီအချိန် ဒီအခိုက်အတန့်မှာတော့ သားကလေးရဲ့ တစ်ကိုယ်လုံးဟာ အောင်မဲညို ပွင့် ကလေး လို ညိုညစ်ညစ်ပြာနှမ်းနှမ်း ဖြစ်နေရှာပါ ပကော ...
ဒီလို စာသားလေးတွေနဲ့ ဆွဲခေါ်သွားလိုက်တာ လူငယ်လက်က မချနိုင်တော့ပြီကော ...
တပုဒ်ပြီးတစ်ပုဒ် ဖတ်၏။ တရားပြသည်တို့ကပင် လူငယ်ရင်ထဲ တရားဟု မထင်တော့ အတွေးအခေါ် ဒဿန တွေပါလား၊ အလွတ်ရွတ်မိ၏။ တခါတရံ အကြောင်းတိုက်ဆိုင်တိုင်း နှုတ်က အလိုလို ထွက် ထွက် သွားမိ၏။

မသိ၍လိုချင်သည်။ လိုချင်၍ စွဲလန်းသည်။ စွဲလန်းတော့ ပြုလုပ်သည်။ ပြုလုပ်တော့ ရသည်။ ရသည့် အရာ က ချမ်းသာခြင်း မဟုတ်၊ ပကတိ ဆင်းရဲခြင်း၊ ဆင်းရဲခြင်း။
လူငယ်နှုတ်မှ အမှတ်တမဲ့ ပြောမိသောအခါ နောင်တော်ကြီးများက ပြုံးစိစိ ကြည့်ကြသည်။ သက်တူ ရွယ်တူ များက အရူးဟု စကြ ပြောင်ကြသည်။ သို့သော် လူငယ်က စွဲလန်းမြဲ။
တခါတရံ အကြိုက်တူ လူငယ်ခြင်း တွေ့သည့်အခါ စာအုပ်ထဲမှ နူးအိသော အရေးအသား ပြောင်မြောက် သော ခံစားချက် တမူခြားနားသော စကားလုံး တင်ဆက်မှုတို့ကို ဆွေးနွေး ဖြစ်ကြ သည်။ ရေပက်မ၀င်။
ပြည်သူတို့ နှလုံးကို ဆွဲငင်နိုင်အား ရှိသည်ဟု ကျွန်မအလှမှာ မြင်သူကို ရာဂဆူပွက် မီးလျှံ တွေတက် စေသော အလှမျှသာ ဖြစ်ပါသည်။

ဗုဒ္ဓ၏အဆင်းတော်ကတော့ ဆူပွက်သော မီးလျှံမီးတောက်ကို ပျောက်စေ ကွယ်စေ ငြိမ်းစေအေးစေသော ရေကြည် ချမ်းမြ အလှမျိုးပါတကား။
ဒီလို သီရိမာပြည်တန်ဆာမ ၏ နန္ဒမာတာထေရီမကို ပြန်ပြောတဲ့အခန်းတွေမှာ စာရေးဆရာရဲ့ အရေးရဲ၊ အတွေးရဲ ပုံ မိန်းမစရိုက်ပီပြင်အောင် ဖွဲ့တတ်ပုံ၊ မိန်းမတွေဟာ အလှအပနဲ့ ပတ်သက်ရင် မြတ်ဗုဒ္ဓကိုပင် ၀န်တို မနာလို ဖြစ်တတ်ပုံတို့ကို ဆွေးနွေးရသည်မှာ ပါးစပ်ကပင် အမြှုပ်တစီစီ ...
ဒီလို ဆွေးနွေးနေကြသည်မှာ အခြားမဟုတ် စာရေးဆရာသုခ ၏ "အကျော်ဒေးယျ ဗုဒ္ဓ သမီးတော်များ" စာအုပ်ထဲ မှ အကြောင်းအရာ ဇာတ်ကောင်စရိုက် တင်ဆက်ပုံတို့ကို ဆွေးနွေးရ ခြင်း ဖြစ်ပေသည်။
အော် ... တတ်လည်းတတ်နိုင်တဲ့ ဆရာသုခ ပေတကား ...
တနေ့ စာအုပ်ငှားဖတ်သူ ကိုရင်ကြီးနှင့်ပြန်ဆုံ၍ စာအုပ်ပေးရင်း မေးဖြစ်၏။ ဒီစာအုပ် ကတော့ တော်တော် ကောင်းပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါနဲ့ စကားမစပ် ကျွန်တော်တို့ ဆရာတော် ကြော်ငြာထားတဲ့ "ဗုဒ္ဓ၏ ချစ်သမီးများ" စာအုပ်က ဘယ်တော့ထွက်မှာလဲဗျ။
အင်း အဲဒါ ပြောမလို့ပဲဗျ ဒီဆရာသုခစာအုပ်က အရင်လဲ ထွက်သွားတယ်။ ကောင်းလည်း တော်တော် ကောင်းတယ်။ အပြင်မှာလည်း ဂရက်က အတော်ထနေတယ်။ မောင်ရင်ရဲ့ အဲတော့ ဆရာတော်က သူ့ စာအုပ် မထွက်တော့ဘူးလို့ ပြောတာပဲ။

"မဟုတ်တာပဲ တမျိုးစီပဲဗျာ ကိုယ့်စာအုပ်လဲ ကိုယ်က ထုတ်ရမှာပေါ့ ဒါမှ ကျနော်တို့လည်း မျိုးစုံအောင် ဖတ်နိုင် မှာ မဟုတ်ဘူးလား" လူငယ်က မချင့်မရဲ ပြန်ပြောရော
"မသိသေး ပါဘူးကွာ ဆရာတော်ကတော့ သိပ်ထုတ်ချင်ဟန်မတူဘူး၊ တလောက ပြောတယ်။ အခန်း ဖွဲ့စည်း ပုံ နာမည်ပေးပုံတွေကအစ ပရိသတ်ကို ဖမ်းစားနိုင်တယ်။ အထူးသဖြင့် လူငယ်ပရိသတ်ကိုပေါ့။ ဥပမာ ပဋာစာရီအတ္ထုပ္ပတ္တိကို တဏှာရူးမလေးလို့ ပေးလိုက်တာဟာ လူငယ်ထုရဲ့ ရင်ထဲကို ခါသွားစေ တယ်။ တစ်ချက်ထဲ ဖတ်ချင်စိတ်ကို ဆွပေးတယ်လို့ ပြောတယ်။ ခေမာမိဖုရားကိုကျတော့ "လှဧကရီ" တဲ့ ဣသိဒါယီ ထေရီကျတော့ "လင်များ၍ တရားရသည်" တဲ့ ကဲ ပရိသတ်ကို ဘယ်လောက် ဆွဲခါပြစ် လိုက်သလဲ ... ညီမောင်ရေ စဉ်းတော့ စဉ်းစားစရာပဲ ဒီလို ရဲတင်းတဲ့ ခေါင်းစည်းမျိုးတွေ ဒို့ဆရာတော် ရေးထွက် ပါ့မလား"
ဒီအချိန်မှာ လူငယ်ခမျာ သံသယ ကျည်းပေါင်းတက်နေတဲ့ စိတ်တွေ မရွံမရဲနှင့်   နင်းထား သည့် မြေကြီးကို စိုက်ကြည့် နေလေသည်။

မောင်ရင်လည်း ဖတ်ပြီးပြီပဲ ပုဏ္ဍရိကထေရိလိုကျတော့ "ဖအေကို အမွေပေးတဲ့ သမီး" တဲ့၊ ဘယ့် ကလောက် လူတွေလန့်သွားအောင် ထိုးနှက်လိုက်တဲ့ ခေါင်းစဉ်တွေလည်း ကိသာဂေါတမီ ကိုလည်း ကြည့်ဦးလေ၊ "ငါးဖောင်ရိုးမကလေး" တဲ့ ကိသာပါဠိကို ပိန်တာ ကြုံလှီတာ လောက်ပဲ ဒိုတော့ သုံးတတ် မှာပေါ့။ သူသုံးပံက အရပ်သုံးစကားလည်းဖြစ် လူတွေနားမှာ ဒိုင်းကနဲ ၀င်သွားတဲ့ ဗန်းစကားနဲ့ ပြန်ချ လိုက်တာ ငါးဖောင်ရိုးမကလေး တဲ့ ...။ ကရုဏာသံကလည်း ပါသေး ကြားရသူစွဲကို သွားတာပဲ" ကိုရင်ကြီး ကတော့ ပြောရင်း လှည့်ထွက်၍ သွားပေပြီ။ လူငယ်လေး ခမျာ ကိုရင်ကြီးနောက်ကျောကို ငေးရင်း "အော် ... သုခ... သုခ.... သုခ....  ဟု တဖွဖွရွတ်ရင်း ကျန်ခဲ့ပါ သတည်း။

ဤသို့ဖြင့် လူငယ်သည် လူကြီးဖြစ် ဘ၀တွေ အလီလီပြောင်းခဲ့ ရာသီပြောင်းသည်ကို မှတ်မှတ်သားသား မရှိတော့။ သို့သော် သူဖတ်ချင်ရှာသော အရှင်နန္ဒ မာလာဘိဝံသ၏ ဗုဒ္ဓ၏ ချစ်သမီးများဆိုသော ဘိက္ခုနီ မကလေး များ ရဲ့ စိတ်ဝင်စားဖွယ် အတ္ထုပ္ပတ္တိကတော့ ယနေ့တိုင် ...။

ဥက္ကာကျော်

၁။    သုခ၏ ငါးဖောင်ရိုးမကလေးဝတ္ထုမှ စကားလုံးများ
၂။    သုခ၏ ဥပ္ပလ၀ဏ်အတ္ထုပ္ပတ္တိ မသိ၍ လိုချင်မှ
၃။    သုခ၏ နန္ဒာမာတာထေရီ၊ သီရိမှာ ပြည့်တန်ဆာမ၀တ္ထုမှ ၀တ္ထုတွင်းပါ စကားလုံးများ
၎။    အရှင်နန္ဒမာလာ ဘိဝံသမှာ ယခုအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ်တို့၏ ပါမောက္ခချုပ် စစ်ကိုင်း မဟာသုဗောဓိရုံတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တနန္ဒ မာလာဘိဝံသ ဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------
 
နီးလျက်မဆုံဖြစ်သူ
တက္ကသိုလ်တေဇာလင်း

"အလိမ္မာစာမှာရှိ
ဆိုဘိစကား။
ကိုယ့်ဥာဏ်မှာ ပညာမြောက်အောင်
ထွန်းတောက်စေသား" 
 
ဟူသော ဒွေးချိုးကဗျာ ကို ဆရာကြီးသုခ၏ စိတ်ဆိုသောစိတ် စာအုပ်ဖတ်မိစဉ်ကပင် သဘောကျ နှစ်ခြိုက် ခဲ့သည်။ ယင်းကဗျာသည် ဆရာကြီးဦးသုခ၏ ကိုယ်တိုင်ရေးကဗျာဖြစ်သည်ဟု ယူဆရသည်။

စာထဲမှာရှိနေသော အလိမ္မာများကို စာထဲမှာ မထားခဲ့ဘဲ မိမိဥာဏ်မှာ ပညာမြောက်အောင် ထွန်းတောက် ၍ လိမ္မာယဉ်ကျေး ကာ အတ္တပရညီမျှစွာ ဆောင်ရွက်တတ်သူ ဖြစ်စေလိုကြောင်း ဆရာကြီး၏ ရည်ရွယ်ချက် ပေါ်လွင်လှသည်။
စာရေးသူ သည် ဆရာကြီးဦးသုခ၏ စာအုပ်များစွာကို ဖတ်ဖူးသည်။ ၀တ္ထုများကို တရှိုက် မတ်မတ် ဖတ်စဉ် က "စွဲမိ ပြီဆိုမှဖြင့်" စသော ၀တ္ထုများပါသည့် "သုခ၀တ္ထုတိုများ" စာအုပ်ကြီးကို ဖတ်ဖြစ်သည်။ ပဋာစာရီ ၏ အကြောင်း ကို ရေးထားသည့် "တဏှာရူးမလေး" ၀တ္ထုကို ကြိုက်သော ကြောင့် ဘာသာရေး နောက်ခံဝတ္ထု ဖြစ်သည့် "အကျော်ဒေယျ ဗုဒ္ဓသမီးတော်များ" စာအုပ်ကို ဖတ် ဖြစ်သည်။ အစက "တဏှာရူးမလေး"ဟု စာအုပ် ပါးပါးလေး ထွက်လာသည်။ နောက်မှ ပေါင်းချုပ် ဖြစ်သွားသည်။

သားသမီး မြေးမြစ်များရှေ့တွင် "အဖေကြီး အမေကြီး" ဟု ဟန်လုပ်ခေါ်ရသော်လည်း နှစ်ယောက်တည်း ရှိနေစဉ် "ကိုကို မြမြ" ချစ်ရည်လူးသော သဘောများဖြင့် ခေါ်လေ့ရှိကြောင်း ဖော်ပြထားသည့် "ဦးချမ်းသာ ဒေါ်မြမေ တို့ကို ဇာတ်ကောင် ထားကာ ရေးဖွဲ့ထားသော "ချယ်ရီအလှ စာအလှ" စာအုပ်ကိုလည်း ဖတ်ဖြစ် ပါသည်။
သုခ မှတ်စု၊ လောကနီတိ၊ စိတ်ဆိုသောစိတ်၊ ၀ဉ္ဇနာဒီပနီ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတန သုတ်၊ ဓမ္မကထာ၊ ဓမ္မရသစာမျိုးစုံ၊ ရာမာကရစ်သျှနန် သုတ္တန်ပုံပြင်များ စသော စာအုပ်များကို လည်း တစိုက် မတ်မတ် စူးစူးနစ်နစ် ဖတ်ဖြစ်သည်။

စာပေမှတဆင့် ဆရာကြီးဦးသုခကို ခင်မင်လေးစားနေခဲ့သည်။ လူကိုယ်တိုင် စကား လက်ဆုံကျအောင် မရင်း ဖြစ်ခဲ့ပါ။ ခပ်ဝေးဝေးကသာ ရင်းနှီးမြတ်နိုးနေခဲ့သည်။ လူချင်းနီးစပ်ခွင့် မရသော်လည်း စာချင်းနီးစပ် နေသောကြောင့် ကျေနပ်နေမိသည်။

တေဘုမ္မာသီချင်းနှင့် ဇေယျတုသဗ္ဗမင်္ဂလံသီချင်းတို့သည် ဦးပြုံးချို၏ သီချင်းကောင်းများ ဖြစ်သည်။ နာမည်ကြီးလှသော မိုးနတ်ဒေ၀ီ ဘောလယ်သီချင်းသည်လည်း ဦးပြုံးချို၏ သီချင်းပင် ဖြစ်သည်။ စာရေးသူ သည်  ဦးပြုံးချို ၏ သီချင်းများအနက် တေဘုမ္မာနှင့် ဇေယျတုသဗ္ဗမင်္ဂလာ သီချင်းနှစ်ပုဒ်ကို ဆရာကြီး ဦးသုခ ရေးသော ၀တ္ထုဟန်ဆောင်းပါးဖြစ်သည့် "ဘုန်းကြီး ဆိုသော သီချင်း" နှင့် ၀တ္ထုဟန် အတ္ထုပ္ပတ္တိ ဖြစ်သော နှလုံးသွေးပျက်သော တေးတစ်ပုဒ်ကို ဖတ်ရှုစဉ်ကပင် စွဲမက်ခဲ့သည်။ ထို့ကြောင့် ဆရာကြီးဦးသုခ ဖွင့်ဆို ဟောပြောသော "တေဘုမ္မာ အဖွင့်နှင့် ဇေယျတုသဗ္ဗမင်္ဂလံ အဖွင့်များကို မြန်မာ့အသံမှ လွှင့်စဉ် ကလည်း ကြည့်ရှုနားထောင် ဖြစ်သည်။ စာအုပ်ထွက်လာသောအခါ၌လည်း ၀ယ်ဖတ်ဖြစ်သည်။

စာရေးသူသည် စာပေအနုပညာ တရှိုက်မတ်မတ် စွဲလမ်းနှစ်သက်သကဲ့သို့ ရုပ်ရှင်အနု ပညာကို မြတ်နိုး ခုံမင် ပါသည်။ အလျဉ်းသင့်သလို ကြည့်ရှု ဖြစ်သည်။ ဆရာကြီးဦးသုခသည် ရုပ်ရှင် ဇာတ်ကားပေါင်း (၃၃)ကား ရိုက်ကူးခဲ့၍ ဒါရိုက်တာဆု (၆)ဆု ရခဲ့သည်ဟုလည်း သိရသည်။
စာရေးသူ သည် ဆရာကြီးဦးသုခ၏ ရုပ်ရှင်ဇာတ်ကားများအနက် "ဘ၀သံသရာ"၊ စကားပြောသော အသည်းနှလုံး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ ရွှေခြည်ငွေခြည်တန်းပါလို့၊ တစ်ဦး ကမေတ္တာ တစ်ဦးက စေတနာ၊ အကာကအချစ် အနှစ်ကမေတ္တာ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှု့ ဖြစ်သည်။ ရုပ်မြင်သံကြား ဇာတ်လမ်းများ အနက် "ရဟန်းမစားရသော ဆွမ်းတစ်နပ်"နှင့် "တစ်ပါးသီလ" ဇာတ်ကားများကိုလည်း ကြည့်ခွင့် ရခဲ့သည်။
    နဂါးလိမ် ချော်ဆစ်က
    စကားဝါ တောင်တော်ပန်းကလှိုင်
    လှမ်းဆွတ်ပါ့မေရယ်
    ပန်းချက်က ဝေတယ်၊
    ဘယ်သူပြိုင်လို့ လှပါတော့နိုင်
    လွမ်းဆွတ်လှည့် ညိုနွဲ့ကေခိုင်
    တောင်တော်ပန်းမို့ မွှေးရနံကြူသင်းကြိုင်

"ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဟုဆိုသည်နှင့် ရုပ်ရှင်ဝါသနာရှင်များက ၁၉၇၃ခုနှစ်၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အကယ်ဒမီဆုရသည့် ကိုအံကျော် ကို ထန်းတက်သမား မိဘမဲ့ စာမတတ်သူ ကိုချစ်စရာ အဖြစ် မြင်ယောင်လာကြပေလိမ့်မည်။
အကယ်ဒမီအံ့ကျော် သည် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားသည် ပြည်သူများ ကောင်းကျိုး ဖြစ်ထွန်းမှုကို ပြည်သူများအတွက်ပါ ရည်ညွှန်းဖော် ဆောင်ထားသော ဇာတ်ကား ဖြစ်သည်။

ဒါရိုက်တာ ဦးသုခသည်လည်း ရိုးစင်းလှသော ဇာတ်လမ်းကို အနုပညာစွမ်းအား စေတနာ အပြည့်အ၀ဖြင့် မွမ်းမံခြယ်သ၍ ပရိသတ်ရှေ့မှောက်သို့ ပို့ဆောင်လိုက်သောအခါ အံ့သြစရာ ကောင်းလောက်အောင် ထူးခြား ပြောင်မြောက်သည့်အတွက် အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ကားဆုများကို ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားဖြင့်ပင် ဆွတ်ခူးနိုင်ခဲ့သည်။

စာရေးသူသည် "ပန်းရည်ဘဏ်တိုက် ဖန်တီးရှင်၏ သူ့ဘ၀သူ့ပတ်ဝန်းကျင်နှင့် သူ့အနုပညာ" စာအုပ်ကို ရေးရန် ကန်မြဲအေးကျော် ရေးသော "တောင်တော်ရွှေပုပ္ပါးခေါ် ဘယ်သူပြိုင်လို့ လှပါတော့နိုင်" သီချင်း ကိုလည်း လေ့လာဖြစ်သည်။ ယင်းသီချင်းနှင့် ပတ်သက်၍ ဆရာကြီးဦးသုခ၏ အနုပညာသည်တို့အပေါ် ထားရှိသော စိတ်နေသဘောထားကိုလည်း တွေ့ရ သည်။ ဆရာမင်းကျော် ရေးသော "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ၀တ္ထု ဒုတိယအကြိမ်ရိုက် အမှာစာတွင် ဖော်ပြထားသည်ကို တင်ပြ လိုပါ သည်။

စာပေကို တန်ဖိုးထားသော အနုပညာကို ချစ်မြတ်နိုးသော အနုပညာရှင်ကို ချီးမြှောက် တတ်သော ဆရာကြီးဦးသုခ က ကန်မြဲအေးကျော်၏ တောင်တော် ရွှေပုပ္ပါးသီချင်းထဲက ထိုခေတ်က စကားလုံး အသစ်ဖြစ်သော ဘယ်သူပြိုင်လို့လှပါတော့နိုင်" စကားလုံးကို သုံးပြီး ရုပ်ရှင်ရိုက်သည့် အတွက် ဥာဏ်ပူဇော်ခ အဖြစ် ငွေ(၂၀၀) ကို ချီးမြှင့်နိုင်ရန် ရန်ကုန်သို့ ဖိတ်ခေါ်သော်လည်း ဂီတ စာဆို ကိုအေးကျော် မှာ ကျန်းမာရေးချိုတဲ့သဖြင့် ကိုယ်စား တတ်ရောက်ယူစေခဲ့သည်။

ဆရာသုခ နှင့် ပတ်သက်၍ ဆရာသုခ၏ အနုပညာစွမ်းရည်၊ ရုပ်ရှင် အတတ်ပညာတို့ကို ကျွန်တော် ဋီကာချဲ့စရာ လိုမည် မထင်ပါ။ သို့သော် ကျွန်တော်တို့ အနုပညာလောကတွင် အနုပညာ သည်ချင်း နားလည်မှု အချင်းချင်း အပြန်အလှန် လေးစားမှု အကြောင်းကိုကား အခါသင့် အခွင့်ကြုံ သဖြင့် ဖော်ပြ လိုက်ပါသည်။
ဤသည်မှာ ကျွန်တော်ဝတ္ထုနှင့် ပတ်သက်၍ ကျွန်တော်သည် ဤ၀တ္ထုကို ရေးမည် စိတ်ကူး စဉ်က ကန်မြဲအေးကျော် ရေးစပ်ပြီး မြင်းခြံကိုဘသောင်းဆိုသော တောင်တော်ရွှေပုပ္ပါး သီချင်းကို သတိရ လာခဲ့ပါသည်။ ဤသီချင်းထဲမှာ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" စာရှစ်လုံးသည် ကျွန်တော့် ၀တ္ထုအတွက် အသင့်ဆုံး အမည်ဖြစ်ပြီဟု ယူဆခဲ့ပါသည်။

ထို့ကြောင့် ကိုအေးကျော်ထံ ခွင့်တောင်းပြီး ဤစာရှစ်လုံးကို ၀တ္ထုအမည် အသုံးပြုခဲ့ပါ သည်။ ယခုဤ ၀တ္ထုကို ရုပ်ရှင် ရိုက်ကူးသောအခါတွင်လည်း ဆရာသုခ က ကန်မြဲဆရာ ကိုအေးကျော်အား စာရှစ်လုံး အတွက် အသိအမှတ်ပြု ချီးမြှင့်ခဲ့လေသည်။
ယနေ့ ကျွန်တော်တို့ အနုပညာလောကတွင် အနုပညာသည် အချင်းချင်း အနိုင်ကျင့်မှုများ ကို မကြာမကြာ တွေ့နေကြရ လေသည်။ ကဗျာကို သီချင်းသွင်းကြသည်။ မူလကဗျာ ရေးသူ ကို ဖျောက်ထား လိုက်ကြ သည်။ ၀တ္ထုထဲက စကားလုံးကို ရုပ်ရှငထဲ ထည့်ရိုက်ကြသည်။ ၀တ္ထုရေးသူကို လုံးဝ အသိမပေးကြ။

ဤသို့သော အခြေအနေမျိုးတွင် ဆရာသည် အနုပညာသည်အချင်းချင်း အပြန်အလှန် လေးစားမှုကို ဖော်ထုတ်ပြခဲ့သည်။ သို့ဖြင့် ကျွန်တော့်အဖို့ ဆရာ့အမည်ကိုသာမက ဆရာ့ပညာ စေတနာကို လေးစား ရလေတော့သည် ဟု အနုပညာသည် အချင်းချင်း အပြန်အလှန်လေးစားမှု နားလည်မှုနှင့် အသိအမှတ်ပြု ချီးမြှင့်မှု အကြောင်းများကို ဘယ်သူပြိုင်လို့ လှပါတော့နိုင် ၀တ္ထု ဒုတိယအကြိမ်ထုတ်အမှာစာတွင် ဆရာမင်းကျော် က ရိုးသားစွာ ၀န်ခံ ရေးဖွဲ့ခဲ့ပါသည်။

ဆရာကြီးဦးသုခသည် အနုပညာသည်အချင်းချင်း စာနာမြတ်နိုးသကဲ့သို့ ဆရာကိုလည်း လေးစားတန်ဖိုး ထားတတ်သူ ဖြစ်ကြောင်း သိရသည်။ ဆရာကြီးဦးသုခသည် အေ၀မ်း ဦးတင်မောင် ထံတွင် ရုပ်ရှင်ပညာ၊ ဒါရိုက်တာ ပညာ များ ကို သင်ယူခဲ့သူ ဖြစ်သည်။ ဆရာ့ကျေးဇူးကို အထူး သိတတ်ခဲ့သည်။

၁၉၅၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် "သြော် မိန်းမ" ရုပ်ရှင်ကားအတွက် ဒါရိုက်တာထူးချွန်ဆုရ ဆရာသုခ က "ကျွန်တော့်ဆရာ အေ၀မ်းဦးတင်မောင်ကို ဦးထိပ်ထားပြီး ဒီဆုကို လက်ခံရယူပါတယ်" ဟု ပရိသတ်ကြီး ကို ပြောပြရာ လက်ခုပ်သြဘာသံများ ဆူညံသွားခဲ့ သည်။ ၁၉၅၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် "သြော် မိန်းမ" ရုပ်ရှင်ကားဖြင့် ဒါရိုက်တာ ထူးချွန်ဆုရ ဆရာသုခသည် ၁၉၅၅ ခုနှစ်၊ မေလ(၂၉)ရက် နေ့တွင် ဆန်ကဖေး၌ ဆရာရင်း ဒါရိုက်တာ အေ၀မ်း ဦးတင်မောင်အား ဂုဏ်ပြုပွဲ ကျင်းပ ပေးသည်။ ယင်းဂုဏ်ပြုပွဲသို့ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး ဥက္ကဋ္ဌ မောင်ထင်၊ ပန်းချီ ပန်းပုကျောင်းအုပ် ဦးခင်မောင်နှင့် ဖိတ်ကြားသည့် ဆရာသုခ၏ မိတ်သင်္ဂဟများတက်ရောက် ချီးမြှင့်ခဲ့ သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ဆရာသုခက ဆရာရင်း ဒါရိုက်တာ အေ၀မ်း ဦးတင်မောင် အား တောင်ရှည်ပုဆိုး တစ်ထည် အင်္ကျီစ များဖြင့် ထိုက်ထိုက်တန်တန် ကန်တော့သည်။ အသက်အရွယ်အားဖြင့် ဒါရိုက်တာ အေ၀မ်း ဦးတင်မောင်သည် ဆရာသုခထက် တစ်နှစ်သာကြီးသည်။  ဆရာသုခသည် ပူဇော်ထိုက်သော ဆရာ သမား ဦးတင်မောင်ကို ပူဇော်ကန်တော့ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက် ခြင်းဖြစ်သည် ဟု ကျော်သန်းမြင့် (ဗန်းမော်)က "မြန်မာ့ရုပ်ရှင် ငွေကြယ်ပွင့်တို့ ရုပ်ပုံလွှာများ" စာအုပ်တွင် မှတ်တမ်း ပြုထားသည် ကို တွေ့ရပါသည်။

ကျေးဇူးရှင်ကို ကျေးဇူးသိတတ်၍ စွမ်းနိုင်သလောက် ကျေးဇူးတုံ့ဆပ်သူသည် အောင်မြင် ကြီးပွားကြောင်း ဖြစ်သည်။ ဆရာကြီးဦးသုခသည် ယင်းဂုဏ်ရည်နှင့် ပြည့်စုံသည်။ ထို့ကြောင့် အသက်ရှည်၍ ဂုဏ်သီတင်း ရနံ့သင်းပျံ့ မွှေးကြိုင် ကာ ထင်ရှားကျော်ကြားခဲ့သည်။ အလင်္ကာ ကျော်စွာဘွဲ့ စာပေပါရဂူဘွဲ့စသော ဘွဲ့တံဆိပ် အလီလီ ရရှိခဲ့သည်။
စာရေးသူသည် ဆရာကြီးဦးသုကို တီဗွီဖန်သားပြင်ပေါ်နှင့် မဂ္ဂဇင်းအသီးသီး၌ပါသော ဓာတ်ပုံများကိုသာ မြင်ခဲ့ရသည်။ မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ အသင်းဦးလှသိန်း သာသနာ့ဗိမာန်၌ "အမေနေ့" စတင် ကျင်းပသော အခါ ဆရာကြီးဦးသုခ ကိုယ်တိုင်လာရောက် ဟောပြောသောကြောင့် ဆရာကြီးကို အပြင်မှာ စတင် မြင်ဖူးခြင်း ဖြစ်သည်။ ဟောပြောသည်ကို သာ နားထောင်ခဲ့ရသည်။ မိတ်ဆက်ကာ စကား မပြောဖြစ်ခဲ့ပါ။ မြင်ရကြားရရုံဖြင့်ပင် ကျေနပ် ကြည်နူးဝမ်းမြောက် နေမိပါသည်။

ဆုံခြင်းမဆုံခြင်းထက် နီးခြင်းမနီးခြင်းက ပို၍အရေးကြီးပါသည်။ "အနီးအဝေး" သည် နေရာဌာနနှင့် မဆိုင်ပါ။ စိတ်ခံစားမှုနှင့်သာ ဆိုင်ပါသည်။ ဆရာကြီးဦးသုခ၏ စာပေနှင့် ရုပ်ရှင် အနုပညာများကို မြတ်နိုး ခုံမင် နှစ်ခြိုက်နေသမျှ နီးမြဲနီးလျှက် ရှိနေသည်ကို ခံစားယုံကြည်မိပါသည်။ ထို့ကြောင့် စာရေးသူသည် ဆရာကြီးဦးသုခ နှင့် နီးလျက် မဆုံဖြစ်ခဲ့ပါ။ စာရေးသူတို့သည် နီးလျက် မဆုံသူများ ဖြစ်နေကြပါသည်။

တက္ကသိုလ်တေဇာလင်း
 .

No comments: